(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)
မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်
မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက်ပိုင်းတွင် သေဆုံးသူ (၅) ဦး
ထပ်မံ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာ ရရှိသူ အရေ အတွက်မှာလည်း စုစုပေါင်း(၄၅)
ဦးအထိ ရှိလာကြောင်း မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ အမည်မဖော်လိုသူ
တာဝန်ရှိသူ တစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။
နိုင်ငံပိုင် မီဒီယာများမှ
ယမန်နေ့က ထုတ်ပြန်ခဲ့သော စာရင်းများအရ မတ်လ ၂၁ ရက်နေ့တွင် သေဆုံးသူ (၅)
ဦးရှိခဲ့သဖြင့် မတ်လ ၂၀ ရက်နေ့မှ ယခု အချိန်အထိ ဖြစ်ပွား နေသော မိထ္ထီလာ
ပဋိပက္ခတွင် သေဆုံးသူ (၁၀) ဦးရှိလာခဲ့ကြောင်း ယနေ့ မွန်းလွဲပိုင်အချိန်အထိ
တရားဝင် ရရှိသော သတင်းများအရ သိရပါသည်။
"လက်ရှိအချိန်အထိ
စုစုပေါင်း သေဆုံးသူ (၁၀) ဦး ရှိပါပြီ။ ဒဏ်ရာရသူက (၄၅) ဦးပါ။ အများစုက
မီးလောင် ဒဏ်ရာ၊ ပြတ်ရှ ဒဏ်ရာ၊ တုတ်နဲ့ ရိုက်ခံရတဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။
ဒီစာရင်းတွေက
ဆေးရုံကို ရောက်လာတဲ့ စာရင်း ဖြစ်ပါတယ်။ ဆေးရုံအနေနဲ့
ရောက်ရှိလာတဲ့ လူနာတွေကို ထိရောက်စွာ ကုသနိုင်ဖို့ ၀န်ထမ်း အင်အား၊ အရေးပေါ်
နေရာတွေ တိုးချဲ့ပြီး ဆောင်ရွက်နေပါတယ်”ဟု မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ
တာဝန်ရှိသူက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)
မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်
မိထ္ထီလာမြို့၏ လက်ရှိ အခြေအနေသည် မီးရှို့ဖျက်ဆီးမှု အခြေအနေမှ ဖောက်ထွင်း
လုယက်မှုများ လုပ်ဆောင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း မိထ္ထီလာမြို့ရှိ
အမည်မဖော်လိုသူ လုံခြုံရေး အရာရှိ တစ်ဦးက Eleven Media Group သို့ အတည်ပြု
ပြောကြားခဲ့ပါသည်။
ထို့အတွက်ကြောင့် မိထ္ထီလာ မြို့တွင်း၌ တုတ်၊ ဓားကိုင်ဆောင်ပြီး
သွားလာနေသူများကို ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး ဖောက်ထွင်း လုယက် ပစ္စည်း
သယ်ဆောင်လာသူများကိုလည်း ဓာတ်ပုံရိုက်၊ မှတ်တမ်းယူပြီး ပစ္စည်းကို ပြန်လည်
သိမ်းဆည်းခြင်းများ လုပ်ဆောင်နေသည်ဟု မိထ္ထီလာမြို့သို့ ရောက်ရှိနေသည့်
Eleven Media Group သတင်းထောက်က ပြောပါသည်။
ထို့အပြင် အခြေအနေ
အရပ်ရပ်ကို ထိန်းသိမ်းနိုင်ရန် အတွက် လုံခြုံရေး တာဝန် ယူထားသူများ
အနေဖြင့် အင်အား မလုံလောက်မှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။
(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)
မတ်လ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ
မိထ္ထီလာ-ကျောက်ပန်းတောင်းလမ်း ကျောင်းပန်းတောင်ဘက်က ၀င်လာသူများ
အားလုံးကို ရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးလျက်ရှိပြီး တုတ်၊ ဓားလက်နက်
ကိုင်ဆောင် လာသူမှန်သမျှကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ထို့အပြင် သဲတော - ၀မ်းတွင်း ဘက်တွင်လည်း လမ်းပေါ်တွင် သွားလာ လှုပ်ရှားနေသူ
အားလုံးမှာ တုတ်၊ ဓားလက်နက် ကိုင်ဆောင်ပြီး သွားလာနေကြောင်း
မိထ္ထီလာမြို့သို့ ထပ်မံ ရောက်ရှိသွားသော Eleven Media Group သတင်းထောက်က
ပြောပါသည်။
လက်ရှိအချိန်တွင် ပဋိပက္ခဖြစ်ပွားမှုနှင့် လူသေဆုံးမှုများအတွက် တရားခံ
တစ်ဦးကိုမျှ ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့်အတွက် ဖမ်းဆီးနိုင်ရေး
ကိစ္စရပ်များကို ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရပါသည်။



No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။