Pages

Saturday, November 30, 2013

အာဏာသင်္ခါရ (ကဗျာရှင် နေရဲနီ)

အာဏာသင်္ခါရ
(ကဗျာရှင် နေရဲနီ)

ငါ၏အာဏာမြဲစိမ့်ငှာဟု
အာဏာမှုန်ယို အရွယ်စိုက
များရှင်ပြည်သူ လန့်ကြောက်မူ၍
နှိပ်စက်ကလူငါလျှင်ပြုခဲ့
၅(ည)ဟူသည်ငါ့လက်နက်။

စိုးစဉ်းအာဏာ ရှိပိမ့်ငါသည်
မာန်လည်းတင်းတင်း စိတ်ဟင်းလင်းနှင့်
အကြံဆိုးယုတ် တွေးကာထုတ်၍
ငါသာငါထက် မာန်ကိုတက်ကာ
အထက်နေမင်း ရာဟုနင်းသို့
အချိန်မတော် အိမ်ပေါက်ကျော်ချင်း
အတင်းဝင်ရောက် တောင်သူယာတဲ
ကျားယုတ်ဆွဲသို့ ထိတ်ထိတ်ပြာပြာ
ရှင်လူတကာ ကြောက်စိမ့်ငှာဟု
အာဏာအလွဲ ငါသုံးစားခဲ့။


တိမ်ညိုမိလ္လာ တိမ်စူကာနှင့်
တိမ်ပြာရောယှက် မရမ်းဖက်၍
တိမ်သက်တန့်ရောင် အဝါပေါင်ဝယ်
ညိုခဲ့တလီ ရီခဲ့တဖုန်
မှုန်ခဲ့တချက် ယုဂန်ထက်ဝယ်
လေးဖက်လုံးခြုံ တိမ်ဂဠုန်လည်း
နဂါးရုံကြွေ့ ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင် ဂုဏ်ချင်းဆိုင်သို့
ဆရာနှင့်ပင် အာဏာပြိုင်ခဲ့။



ငါနှင့်ငါ့ဆရာ အာဏာမြဲရေး
ရှင်လူတကာ ဘဝအဖုံဖုံ
ပျက်ခဲ့တုံလည်း
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
ငါ့အာဏာကား မကြာချက်ချင်း
ပြိုပျက်ယွင်းခဲ့။


ငါ၏အာဏာမြဲစိမ့်ငှာဟု
အာဏာမှုန်ယို ဟိုတချိန်က
ငါသာငါထက် မာန်ကိုတက်၍
 နှိပ်စက်ကလူ ငါပြုခဲ့သမျှ
လက်အုပ်ချီမိုး မာန်ကိုချိုး၍
တိုးလျှိုးဝပ်စင်း တောင်းပန်နှင်းသည်
ရှင်လူတကာ သည်းခံပါလော့။

အာဏာကိုလိုသူက တပည့်တော်၏ဆရာ
လမ်းညွှန်အမိန့်ပေးသူက ဘုရားတပည့်တော်
 အထက်အမိန့်အရဟူ၍ ထင်တိုင်းကြဲကာ
ပြည်သူကို နှိပ်စက်ခဲ့ကြသူများက
တပည့်တော်၏ နောက်လိုက်နောက်ပါများ
ကြံဖော်ကြံဖက် ဤသုံးဦးစနက်တွင်
ဘုရားတပည့်တော်နှင့်တကွ
 နောက်လိုက် နောက်ပါ အဖွဲ့သားများလည်း
ထောင်နန်းစံ၍ ဘဝတွေလည်းပျက်ခဲ့ပြီးပါပြီ။


ဗိမ္မိသာရကိုသတ်သူက အာဏာပါးကွက်သားများ
အမိန့်ပေးစေခိုင်းသူက သားတော်အဇာတသတ်
နောက်ကွယ်က ကြိုးကိုင်သူက ရှင်ဒေဝဒတ်
ကြံဖော်ကြံဖက် ဤသုံးဦးစနက်တွင်လည်း
ဒေဝဒတ်နှင့် အဇာတသတ် ဆရာနှင့်တပည့်သည်လည်း
လောဟကုမ္ဘိငရဲမှ ပြေး၍မလွတ်ပါဘုရား။
တနေကွယ် သေနယ်သို့တချိန်ကူး
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အကြိမ်များရင်ဖြင့်
သေနယ်ရွာ တချိန်သွားရမယ်
တားမရဘူး။


နတ်ပြည်တဝင်းဝင်း
ဝက်စားကျင်းတရှုပ်ရှုပ်
ယမပြည် တိုးမပေါက်အောင် စည်သော်ငြားလည်း
မြို့နန်းတည် ဘုရားဒါယကာမင်းတရားသော်မှ
အကုသိုလ်များခဲ့လျှင်
သစ်ကြမ်းပြင် သံမှိုရိုက်သွင်းသကဲ့သို့
ယမမင်းခေါ်သံကြားရင်ဖြင့်
ငရဲသို့လားရမည်
မုချမလွဲ။


နေရဲနီ

1 comment:



  1. (ဒီ comment ရဲ့ ခေါင်းစဉ် "ဦးခင်ညွန့် ခံစား သိမြင် နိုင်ပါစေ"
    ကို နှိပ်ပြီး ဖတ်ရှု နားဆင် ကြည့်ရှု နိုင်ပါတယ်။ )



    ဗိုလ်ချုပ်ခင်ညွန့် လက်ထက် ထောက်လှမ်းရေးတွေ ညဖက် အိမ်မှာလာဖမ်းပြီး ခေါ်ဆောင်သွားတာကို ခံရသူတွေအကြောင်းကို သီဆိုထားတဲ့ ကိုမွန်းအောင်ရဲ့ "ဧည့်ဆိုး" သီချင်း နားထောင်ရင်း ဦးခင်ညွန့်လဲ ဒီလိုပဲ မိုးဖွဲဖွဲလေးတွေ ကျနေတဲ့ ညတညမှာ ရဲချုပ်ခင်ရီတို့က တံခါးခေါက်ပြီး လာခေါ်သွားခံရဖူးတာကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။


    အဲဒီ "ဦးခင်ညွန့် ခံစား သိမြင် နိုင်ပါစေ" စာညွန့် post ရဲ့ အောက်မှာ -
    (1) "ဧည့်ဆိုး" သီချင်း၊
    (2) "ဦးခင်ညွန့် ဗွီဒီယို"
    (3) ဦးခင်ညွန့်ထံ အိတ်ဖွင့်ပေးစာ
    (4) ဦးခင်ညွန့် အပေါ် ပြည်သူတွေရဲ့ အမြင်

    ..... စသည်ဖြင့် စုံစုံလင်လင် ရှိနေလို့ တနေရာထဲမှာ တထိုင်ထဲ အားပါးတရ လေ့လာ ဖတ်ရှု နားဆင် ကြည့်ရှုခဲ့ပါကြောင်း သတင်းပါးရင်း

    ဘော်ဘော်တို့ကိုလဲ -

    " ဦးခင်ညွန့် သိမြင်ပါစေ "

    စာညွန့် link ကို ဝေမျှလိုက်ပါတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။