Pages

Tuesday, December 17, 2013

အင်ဒိုနီးရှားကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး အိမ်ရှင်မြန်မာအသင်း အုပ်စုမှ ထွက်ရ နည်းပြပတ်ဆောင်ဟွာ၏ မြန်မာအသင်း လူထုတ်ပုံ၊ လူစားလဲပုံများနှင့် ပတ်သက်၍ ပရိသတ်များ မကျေနပ်..

အင်ဒိုနီးရှားကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး အိမ်ရှင်မြန်မာအသင်း အုပ်စုမှ ထွက်ရ
နည်းပြပတ်ဆောင်ဟွာ၏ မြန်မာအသင်း လူထုတ်ပုံ၊ လူစားလဲပုံများနှင့် ပတ်သက်၍ ပရိသတ်များ  မကျေနပ်

ရန်ကုန်မြို့သုဝဏကွင်းတွင် ကစားနေသော အုပ်စု(ခ) နောက်ဆုံးပွဲစဉ်တွင် မြန်မာယူ-၂၃ အသင်မှာ အင်ဒိုနီးရှား ယူ-၂၃ အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှပင် ထွက်ခဲ့ရပြီဖြစ်သည်။ မြန်မာအသင်းမှာ ပထမပိုင်းတွင် ပွဲထွက်စာရင်း၌ ကြည်လင်းကို ဒဏ်ရာကြောင့် အသုံးမပြုနိုင်ခဲ့ဘဲ မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာသည် ကောင်းစည်သူကို အထောင်တိုက်စစ်မှူးအဖြစ်ထားကာ ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်ခဲ့သည်။ 


ပထမပိုင်းတစ်ပိုင်းလုံး မြန်မာအသင်းမှာ ကစားကွက်မမိခဲ့ဘဲ တိုက်စစ်မှာလည်း တစ်ဖက်အသင်းကို လုံးဝခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိပေ။ မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာသည် ဒုတိယပိုင်းရောက်မှသာ ကျော်ကိုကို ကို လူစားလဲထည့်သွင်းခဲ့ပြီး အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းနှင့် လဲလှယ်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင်လည်း တိုက်စစ်တွင် အားထားရခြင်းမရှိသည့် ကောင်းစည်သူကို လူစားမလဲခဲ့ဘဲ မြန်မာအသင်းမှာ ပထမပိုင်း ၃၆ မိနစ်တွင် ပေးခဲ့ရသည့် တစ်လုံးတည်းသော ပင်နယ်တီဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ယင်းပွဲတွင် မြန်မာအသင်း၏ လူထုတ်ပုံ၊ လူစားလဲပုံများနှင့် ပတ်သက်ပြီး ပရိသတ်များမှာ မကျေမနပ်ဖြစ်နေကြကြောင်းလည်း သိရှိရသည်။

`` First Lineup ထုတ်ကတည်းက ဘာဖြစ်လို့ ကျော်ကိုကို ကို မထည့်ခဲ့တာလဲ၊ ကြည်လင်းမကစားနိုင်တာကို သိပါတယ်။ ကြည်လင်းမကစားနိုင်လည်း ကျော်ကိုကိုနဲ့ ကျော်ဇေယျာဝင်း တွဲထုတ်လို့ ရတာပဲ။ အဓိကမြန်မာအသင်း ရှုံးရတာ လူထုတ်ပုံညံ့ဖျင်းလို့ပဲ။ ဒီလောက်အရေးကြီးတဲ့ပွဲမျိုးမှာ ဘာစိတ်ကူးနဲ့ ဒီလို လုပ်ရသလဲလို့ နည်းပြပတ်ဆောင်ဟွာကို မေးချင်တယ်။ မြန်မာတစ်နိုင်ငံလုံးရဲ့ မျှော်လင့်ချက်တွေ ဆုံးရှုံးရတာ သူ့အပေါ်မှာ လုံးလုံးတာဝန်ရှိတယ်´´ ဟု သုဝဏကွင်းအတွင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် ပရိသတ်တစ်ဦးဖြစ်သူ ကိုတင်အောင်မိုးက ပြောကြားခဲ့သည်။


EMG

ဒီကနေ့ အရေးကြီးတဲ့ ကိစ္စတခုတောင် မသွားဖြစ် မြန်မာပွဲကို မျိုးချစ်စိတ် အပြည့်ဖြစ် ကြည့်ရှုမိတယ်..။

၁.မကြည့်မဖြစ် ကြည့်ဖြစ်အောင် တိုက်ရိုက် ရုပ်သံလွှင့်သူ Sky Net.

၂.သန်း(၆၀) မြန်မာပြည်သူ၊ ပြည်သားများ ရင်ဝကို စောင့်ကန်သူ မြန်မာဘောလုံးအသင်း၊

၃.ခေါင်းကိုက်ခံ နှလုံးတုန် ရင်ခုန် ယခင် မြန်မာဘောလုံးအသင်း သမိုင်းများရှိသော်လည်း မနာမမှတ် အားပေးဖြစ်အောင် အားပေးသူ ကျွန်တော်မျိုး.. ငမိုက်သား

ဤ ၃ဦး ၃ဖလှယ်တွင် မျှော်လင့်ချက် ထားမိသူ ကျွန်ုပ်သာလျှင် အပြစ်ရှိပါကြောင်း..


သို့ပေတည့် မြန်မာဘောလုံး အရေးကြီးတဲ့ နိုင်ငံ့ကိုယ်စားပြု ကန်တဲ့ပွဲတိုင်းမှာ မြန်မာနိုင်ငံသား တဦးအနေနဲ့ ဆက်လက်အားပေး နေဦးမှာပါ..။

ဒီမိုဝေယံ 

4 comments:

  1. တပ်မတော်မှာလည်း အပြစ်ရှိတယ်။

    ReplyDelete
  2. တစ်ဦးတစ်ယောက်ကိုပဲ အပြစ်တွေ ပုံချနေမယ့်အစား တာဝန်ယူတက်တဲ့ စိတ်ကလေးနဲ့ တာဝန်ရှိသူတွေ ပြည်သူကိုတောင်းပန်သင့်တယ်။ နည်းပြမှာတင် အပြစ်ရှိတာမဟုတ်ဘူး။ဘောလုံးသမားတွေမှာလည်းအပြစ်ရှိတယ်။အနိုင်ရလိုစိတ် မတွေ့ရဘူးလို့မြင်တယ်။နည်းပြကို head to head ကိစ္စ ဘယ်သူမှရေရေရာရာ မပြောတဲ့ တာဝန်ရှိသူတွေလည်း လိုတယ်။အဲ့ဒီနေ့ က ပရိတ်သတ်တွေစိတ်ဆိုးတာ နည်းပြတစ်ဦးတည်းကို မဟုတ်ဘူး အားလုံးကိုစိတ်ဆိုးတာ။ နည်းပြ ဟာ အကြိမ်ကြိမ် မှားခဲ့ဖူးတယ်လို့လဲပြောတယ် ဒါဆိုရင် ဒီလောက်အရေးကြီးနေတဲ့ ပွဲစဉ်တွေကို သူ့ကိုဘာလို့ ကိုင်တွယ်ခိုင်းရတာလဲ။ဒီ lineup နဲ့ ပွဲထွက်လာတာကို ဘာလို့ ကျန်နည်းပြတွေ သွားဖြဲကြီးတွေနဲ့ လုပ်နေတာလဲ။ဘောလုံးသမားရော နည်းပြရော တာဝန်ရှိသူတွေရော ကိုယ့်အမှားကိုယ်ဝန်ခံပါ။ဦးဇော်ဇော် နဲ့ ပတ်ဆောင်ဟွာ က အရင်က လင်မယားလို နေတာပါ။ ကိုရီးယားသားတောင်ကိုယ့်အမှားကိုယ်ဝန်ခံရဲတယ်။မြန်မာနိုင်ငံသားတွေ ဘာလို့ ဝန်မခံရဲတာလဲ။သူများကို ဘာလို့လက်ညိုးထိုးနေတာလဲ။

    ReplyDelete
  3. ပြည်သူတွေ အသည်းပေါက်သွားရတာ အားလုံးကြောင့်ပဲ

    ReplyDelete

  4. မြန်မာအသင်း၏ အမှားများ


    တာဝန်ရှိသူ နည်းပြ အပါအဝင် မည်သူတွေ ဘာပြောပြော တာဝန်အရှိဆုံးမှာ မြန်မာအသင်း ဘောလုံး ကစားသမားများ ကိုယ်တိုင် ဖြစ်ပါသည်။

    ကစားပုံ ကြည့်ယုံဖြင့် လေ့ကျင့်မှု မလုံလောက်သော တလွဲတချော်လုပ်ရပ်များက သီးမခံနိုင်လောက်အောင် များပြားနေပါသည်။

    အနီကဒ်ပြ ထုတ်ခံရလောက်သည့် စိတ်ဓါတ်ပိုင်း ညံ့မှုမျိုးလည်း တွေ့ရသေးသည်။

    အင်ဒိုနီးရှားအသင်းမှာ လေဖြတ်လူနာများဖြင့် ဖွဲ့ထားသော မြန်မာအသင်းနှင့် ကစားခဲ့ရ သဖြင့် ထိုက်ထိုက်တန်တန် နိုင်သွားခြင်း ဖြစ်ပါသည်။ အင်ဒိုနီးရှား နိုင်သင့်သဖြင့် နိုင်သွားခြင်း ဖြစ်ပါသည်။


    မြန်မာအသင်း၏ ညံ့ဖျင်းမှုများမှာ -

    (1) တစ်ဦးချင်း အလိမ်အကောက် လွတ်အောင် မလိမ်နိုင်ခြင်း

    (2) ခေါင်းယှဉ်တိုက်လျှင် ဘယ်တော့မှ မရခြင်း

    (3) ဘောလုံးကျလာသော နေရာတွင် အင်ဒိုအသင်းသား တစ်ယောက် အမြဲ ရှိနေ၍ ဘောလုံး ရယူသွားခြင်း (မြန်မာ ကစားသမား ဘယ်တော့မှ မရှိခြင်း)

    (4) ဘောလုံးရလျှင် နှေးနေ၊ စဉ်းစားနေ၍ တဖက်အသင်းမှ အဖျက်ခံရခြင်း၊ လုယူခံရခြင်း

    (5) တဖက် အင်ဒိုနီးရှားအသင်းသားထံမှ ဘောလုံးကို နောက်ဖက်မှချည်း လုသဖြင့် ပြစ်ဒဏ် မကြာခဏ ပေးခံရခြင်း၊ အဝါကဒ် ထိခြင်း

    (6) မြန်မာ ကစားသမားများ တကိုယ်ကောင်းဆန်ခြင်း၊ လူပေး မကစားခြင်း (မိမိကိုယ်တိုင် ကန်သွင်းလျှင် ဂိုးရနိုင်ခြေ အလွန် နည်းသော်လည်း မိမိထက် ဂိုးရနိုင်ခြေ ပိုများသည့် ကစားဖော် တစ်ဦးဦးကို မကန်သွင်းစေဘဲ ကိုယ်တိုင်သာ ဂိုးသွင်းသူ ဖြစ်လိုခြင်း)

    .......... အစရှိသည့် ပြောမဆုံး နိုင်သော အမှားများစွာကြောင့်၊ ညံ့ဖျင်းမှုများစွာကြောင့် မြန်မာအသင်း အနေဖြင့် အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။


    မြန်မာအသင်းသည် အဆိုပါ ပြောမကုန်နိုင်သော အမှားများ ကြောင့် အရှုံးနှင့်သာ ထိုက်တန်သည်ကို သတိ ပြုမိကြသူ နည်းနေပါသည်။

    မြန်မာဘက်က ပင်နယ်တီဧရိယာအတွင်း ပြစ်မှု ကျူးလွန်သဖြင့် ပင်နယ်တီ အပေးခံရသည်ကို "ဒိုင်လူကြီးက လာဘ်စားထားသဖြင့် အင်ဒိုနီးရှားအတွက် ပင်နယ်တီ မပေးသင့်ဘဲ ပေးခြင်းဖြစ်ကြောင်း" အခြေအမြစ်မရှိ ပြောဆိုနေကြသည်။

    အမှန်မှာ မြန်မာဘက်သို့ ပင်နယ်တီ ပေးထိုက်သဖြင့် ပေးခြင်း ဖြစ်သည်ကို ဘောလုံးနည်းဥပဒေ ကျွမ်းကျင်သူများ တညီတညွတ်တည်း လက်ခံသည်။ မြန်မာအသင်း တာဝန်ရှိသူများ ကိုယ်တိုင် ပင်နယ်တီ အပေးခံရသည်ကို အငြင်းမပွားပါ။

    မြန်မာ ရှုံးသင့်သဖြင့်ရှုံးသည်ကို လက်မခံဘဲ ဒိုင်လူကြီးကိုဆဲဆိုခြင်း၊ နည်းပြဆရာကိုဆဲဆိုခြင်း၊ ထိုင်ခုံ ဖျက်ဆီးပစ်ပေါက်ခြင်း၊ မြန်မာအသင်းအကျီ မီးရှို့ခြင်း များမှာ နိုင်ငံနှင့်လူမျိုး ဂုဏ်ပျက်ရုံသာ ရှိသည်။


    ခြုံကြည့်လျှင် မြန်မာ ညံ့၍ရှုံးသည်၊ ဒိုင်က မတရား ပင်နယ်တီပေး၍ ရှုံးခြင်းမဟုတ်၊ မြန်မာ တော်အောင် နည်းမှန်လမ်းမှန် ကြိုးစားရမည်၊ ဒိုင်နှင့်နည်းပြကို ဆဲခြင်း၊ ဖျက်ဆီးမီးရှို့ခြင်းသည် မြန်မာ့သိက္ခာပိုကျစေသည်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။