Pages

Monday, January 13, 2014

ဦးအောင်သောင်းက ၎င်း၏ချမ်းသာမှုသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားဝင်ချမ်းသာခြင်းသာ ဖြစ်သည်ဟု ဦးအောင်သောင်းက The Messenger ၌ ပြောကြားသည်။

ဦးအောင်သောင်းက ၎င်း၏ချမ်းသာမှုသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားဝင်ချမ်းသာခြင်းသာ ဖြစ်သည်ဟု ဦးအောင်သောင်းက The Messenger ၌ ပြောကြားသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်ပြီး ယခင် စက်မှု (၁) ၀န်ကြီးဟောင်းဖြစ်သော ဦးအောင်သောင်း၏ ပြောကြားချက်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ သဘာပတိအဖွဲ့ဝင် ဟံသာဝတီဦးဝင်းတင်က မေးခွန်းထုတ်ပြီး စိန်ခေါ်ခဲ့သည်။

ဇန်န၀ါရီ ၃ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ-၂၊ အမှတ်-၄၃ တွင် ဖော်ပြခဲ့သော အင်တာဗျူး၌ ဦးအောင်သောင်းက NLD ပါတီဝင်များကို ဝေဖန်ပြောကြားခဲ့သည့် စကားကို ဟံသာဝတီဦးဝင်းတင်က ဇန်န၀ါရီ ၁၀ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ-၂၊ အမှတ်-၄၄ တွင် ဖော်ပြသော အင်တာဗျူးမှတစ်ဆင့် မေးခွန်းထုတ် စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

ဇန်န၀ါရီ ၃ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဦးအောင်သောင်းက “တကယ်တော့ လက်ရှိနိုင်ငံရေး အနေအထားအရ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက အင်အားနည်းနည်းတောင့်တင်းတဲ့ သဘောရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲရှိတယ်။ နောက်လိုက်သိပ်မရှိဘူး။ အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကို ဖော်ဆောင်နေတဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီးဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့်အရေးများ ရမလားဆိုပြီးတော့ ၀င်လာတဲ့နိုင်ငံရေးသမား ဖြစ်နေတယ်။ တကယ့်နိုင်ငံရေးကို နားလည်ယုံကြည်ပြီးတော့ NLD ရဲ့ လမ်းစဉ်မူဝါဒတွေ ကောင်းတယ်။ အဲဒါတွေသာ တိုင်းပြည်ကြီး တည်ဆောက်လို့ရတယ်။ အလွန်ကောင်းမှာပဲ။ ချမ်းသာသွားမှာပဲ။ အောင်မြင်သွားမှာပဲ။ ကမ္ဘာကလည်း လက်ခံမှာပဲဆိုတဲ့ ဒီလိုအမြင်နဲ့ကနည်းတယ်” ဟု ပြောကြားခဲ့သည်။

ဦးအောင်သောင်း၏ ပြောကြားချက်ကို ဟံသာဝတီဦးဝင်းတင်က ပြန်လည်တုံ့ပြန်ရာ၌ “ဒီတော့ ဘယ်လိုလူမျိုးကို နိုင်ငံရေးသမား ခေါ်တာလဲ။ ဦးအောင်သောင်းဆိုရင် အရင်တုန်းက သူဘာလုပ်လဲ။ ကျောင်းဆရာလုပ်တယ်။ နောက်စစ်တပ်ထဲဝင်တယ်။ အာဏာသိမ်းတယ်။ ဒါကို အမျိုးသားနိုင်ငံရေးလို့ ခေါ်သလား။ သူ့ကိုယ်သူ အမျိုးသားနိုင်ငံရေးလုပ်တယ်။ နိုင်ငံရေးသမားလို့ ပြောလို့ရလား။ နိုင်ငံရေးသမားဆိုလည်း သူတို့ဟာ ကိုယ်ကျိုးရှာဖို့အတွက် လောဘဇောတိုက်ပြီးတော့ နိုင်ငံရေး လုပ်ကြတာဆိုရင် ဘယ်လိုဖြေမလဲ” ဟု ပြောကြားခဲ့သည်ကို မြန်မာသံတော်ဆင့်တွင် ဖော်ပြထားချက်အရ သိရသည်။

“ဒီတော့ ခင်ဗျားတို့ရော ဘယ်လိုလုပ်ခဲ့သလဲ။ တိုင်းပြည်က ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် ခိုးဖို့၊ ၀ှက်ဖို့လုပ်၊ သိုလှောင်ထားပြီး ချမ်းသာနေတာ မဟုတ်လား။ ခင်ဗျားတို့ ပိုင်ဆိုင်မှုတွေ ထုတ်ပြနိုင်သလား။ အဲသလိုယှဉ်ပြီးမေးရင် သူတို့ဘယ်လိုဖြေမလဲ” ဟု ဦးဝင်းတင်က ဆက်လက်ပြောကြားသည်။

ဦးဝင်းတင်က ထိုသို့တုံ့ပြန် ပြောကြားခဲ့ပြီးနောက် နှစ်ရက်အကြာ ထွက်ရှိခဲ့သည့် The Messenger သတင်းဂျာနယ်၌  ဦးအောင်သောင်း၏ အင်တာဗျူး ထပ်မံပါဝင်လာခဲ့ပြီး ထိုအင်တာဗျူး၌ ၎င်း၏ပြောစကားများနှင့် ပတ်သက်ပြီး “အဲဒါ သံတော်ဆင့်ကလူတွေရေးတာ မှားသွားတာ ဖြစ်ပါတယ်” ဟု ဦးအောင်သောင်းက ထည့်သွင်းပြောကြားခဲ့သည်။

“အခု ဦးဝင်းတင်က ပြောတာရှိပါတယ်။ အဲဒါ သံတော်ဆင့်ကလူတွေရေးတာ မှားသွားတာဖြစ်ပါတယ်။ ကျွန်တော် အဲဒီလိုပြောတာလည်း မဟုတ်ဘူး။ ဆွေးနွေးခန်းလည်း မဟုတ်ဘူး။ အာလာပ သလ္လာပအနေနဲ့ ပြောတာပါ။ ကျွန်တော့်ပါတီကိုလည်း ပြောတာပဲ။ NLD ပါတီတစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ပါတီမှာလည်း ရာထူးရရှိမှု၊ အခွင့်အရေး ရလိုမှုတွေ ပါတယ်ဆိုတာကို သူက NLD လို့ပဲ သွားရေးလိုက်တာ။ ကျွန်တော့် ပါတီကို မထည့်ဘူး။ အမှန်တော့ ကျွန်တော့်ပါတီကိုလည်း ပြောတာပဲ” ဟု ဦးအောင်သောင်းက ဇန်န၀ါရီ ၁၂ ရက်ထုတ် The Messenger သတင်းဂျာနယ် အတွဲ-၄၊ အမှတ်- ၃၄ တွင် ပြောကြားခဲ့သည်။

ဦးအောင်သောင်းက ၎င်း၏ချမ်းသာမှုသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားဝင်ချမ်းသာခြင်းသာ ဖြစ်သည်ဟု ဦးအောင်သောင်းက The Messenger ၌ ပြောကြားသည်။

“ဦးဝင်းတင်ကလည်း Messenger ထဲမှာလည်းပါတယ်။ သူတို့ချမ်းသာနေတဲ့ဟာ ဘာလို့ချမ်းသာနေရသလဲ။ ဘာကြောင့်ချမ်းသာနေရသလဲနဲ့ ပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တရားဝင် ကိုယ့်ဟာကိုယ် ချမ်းသာတာပါ။ ကျွန်တော်တို့မှာ အဲလောက်ကြီးလည်း မရှိပါဘူး။ အထိုက်အလျောက်ပဲ ရှိတာပါ။ ကျွန်တော့်သားက အောင်မြင်တာပေါ့။ စီးပွားရေးမှာ အောင်မြင်တာပေါ့။ တရားဝင်ကိုပဲ အောင်မြင်တာပါ။ သားကအောင်မြင်တော့လည်း ကျွန်တော်ကမိဘပဲ။ ကျွန်တော်တို့လည်း ဆင်းဆင်းရဲရဲနဲ့ ကြိုးစားပြီး ရုန်းကန်ခဲ့ကြရတာပဲ။ ဘ၀ကတော့ကျေတယ် ကျွန်တော်က။ ဒီလို တက်လာတယ် ဆိုတာက သားရဲ့အောင်မြင်မှု အရိပ်အရသာကို ကျွန်တော်တို့က ခံရတာပေါ့” ဟု ဦးအောင်သောင်းကဆိုသည်။

၎င်းတို့အနေဖြင့် (၁၉၈၈ ခုနှစ်၌) အာဏာသိမ်းခြင်းမရှိဘဲ ထိုအချိန်တွင် မည်သည့်အစိုးရမှ မရှိခြင်းကြောင့် အာဏာထိန်းပြီးမှသာ အစိုးရလုပ်ခြင်းဖြစ်ကြောင်း The Messenger သတင်းဂျာနယ်တွင် ဦးအောင်သောင်းကဆိုသည်။

ဦးအောင်သောင်းနှင့် The Messenger သတင်းဂျာနယ် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်၊ စွမ်းအားရှင် အဖွဲ့အစည်းအကြောင်း၊ ဦးအောင်သောင်း တာဝန်ယူခဲ့ဖူးသော စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်မှု၊ သူရဦးရွှေမန်းနှင့် သမ္မတဖြစ်ခွင့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပေါ်အမြင်၊ (ဗိုလ်ချုပ်မှူးကြီး) ဦးသန်းရွှေနှင့် ဆက်ဆံရေး အစရှိသည်တို့လည်း ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်အတွက် အရေးပါသော ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန်မှာ ခက်ခဲမည်ဟု ဦးအောင်သောင်းက The Messenger ၌ ပြောကြားသည်။

“...ပြင်မယ်ဆိုရင်လည်း လွှတ်တော်ထဲမှာ အောင်မြင်ဖို့ အတော်ခဲယဉ်းမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ကြိုးစားလိုတဲ့ဆန္ဒတော့ရှိတယ်။ အောင်မြင်မှုတော့ ရလောက်မှာမဟုတ်ဘူး” ဟု ဦးအောင်သောင်းကဆိုသည်။

၎င်းသည် စွမ်းအားရှင်အဖွဲ့၏ ပဲ့ကိုင်ရှင်မဟုတ်ကြောင်းနှင့် စွမ်းအားရှင်သည် မည်သည့်အဖွဲ့အစည်း ဖြစ်သည်ဆိုခြင်းကို မပြောလိုကြောင်း ဦးအောင်သောင်းက ပြောကြားသည်။

“...ကျွန်တော် သိလည်းမသိဘူး။ ကိုင်လည်းမကိုင်ခဲ့ဖူးဘူး။ ကျွန်တော်လည်းမဟုတ်ဘူး။ အဲဒါ အခြားအဖွဲ့အစည်းတွေပါ။ ရှိတော့ရှိတယ်။ အခြားအဖွဲ့အစည်းတွေ လုပ်နေတာတော့သိတယ်။ အုပ်ချုပ်ခဲ့တာလည်း မရှိခဲ့ဘူး။ ကျွန်တော်စုဆောင်း ပေးခဲ့တာလည်း မရှိခဲ့ဘူး။ မသိခဲ့တာ ကျွန်တော်လုပ်ပိုင်ခွင့်လည်း မရှိခဲ့ဘူး။ အဲဒီအထဲ ကျွန်တော်ဝင်ပါခွင့်လည်း မရှိခဲ့ဘူး။ အဲဒီတော့ ဒါလည်းပဲ ဘယ်အဖွဲ့အစည်းလို့လည်း ကျွန်တော်မပြောလိုတော့ဘူး။ ကျွန်တော်မပါဘူး။ နည်းနည်းမှမပါခဲ့ဘူး” ဟု ဦးအောင်သောင်းက ပြောကြားသည်။

ထို့ပြင် ၎င်းတာဝန်ယူခဲ့စဉ်က စီမံကိန်း ကိစ္စရပ်များတွင် မှားယွင်းမှုများ ရှိနိုင်ကြောင်းနှင့် ထိုမှားယွင်းမှုများကို သက်ဆိုင်ရာ စီမံကိန်းမန်နေဂျာများက ဖြေရှင်းရသည်ဟု ဦးအောင်သောင်းကဆိုသည်။

“...ကျွန်တော်တို့ အပေါ်ပိုင်းကြောင့် မှားယွင်းပြီးဖြစ်တဲ့ဟာ တစ်ခုမှမရှိပါဘူး။ စီမံကိန်းအားလုံးဟာ ဒီအတိုင်းပဲ စနစ်ကျပါတယ်” ဟု ဦးအောင်သောင်းက ပြောကြားသည်။

မိမိအပါအ၀င် အဖွဲ့အားလုံး၏ ဗဟုသုတ၊ အတတ်ပညာ၊ အမြင်နည်းပါးမှုကြောင့် အားနည်းမှုများ ရှိကောင်းရှိနိုင်သော်လည်း (စီမံကိန်းများနှင့် ပတ်သက်၍) မည်သူကမျှ မသမာမှု ပြုလုပ်ခြင်းမရှိကြောင်း ဦးအောင်သောင်းက အခိုင်အမာ ပြောဆိုသည်။

ယခင်အစိုးရ လက်ထက်တွင် စီမံကိန်းတာဝန်ယူခဲ့ပြီး လက်ရှိအချိန်တွင် လွှတ်တော်ထဲ ရောက်နေသူများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ဝေဖန်ပြောကြားချက်များကိုလည်း ဦးအောင်သောင်းက The Messenger မှတစ်ဆင့် တုံ့ပြန်ခဲ့သည်။

“....ဦးရဲထွဋ်ဆိုရင်လည်း ကိုယ့်ဆီကလူပါပဲ။ ပါတီကအနိုင်ရလို့ ဒုဝန်ကြီးအဖြစ် ပါလာတဲ့လူပဲ။ သူတောင်ကျွန်တော်တို့ကို အထင်လွဲတဲ့သဘောရှိတယ်။ ဒါတွေကတော့ သူပြောထားတာတွေ ကျွန်တော်ဖတ်ရတယ်။ ဖတ်ရတော့ သြော်သူက ပြောရေးဆိုခွင့် ရှိတယ်ဆိုပေမယ့် စည်းကျော်ပြီး ပြောတယ်လို့ ယူဆပါတယ်။ သူ့သဘောနဲ့သူ ပြောတာလားတော့ ကျွန်တော်မသိဘူး။ သူကတော့ ဒီလိုပြောတဲ့ လူစားမျိုးတော့ မဟုတ်ဘူး။ တစ်ယောက်ယောက်ရဲ့ တိုက်တွန်းချက်ကြောင့်၊ သူ့ထက်ကြီးတဲ့သူ တစ်ယောက်ယောက်ရဲ့ တိုက်တွန်းချက်ကြောင့် ပြောသလားဆိုတာတော့ သံသယရှိတယ်။ သို့သော် ကျွန်တော်ဘာမှမပြောပါဘူး။ စမ်းကြည့်လို့ ရပါတယ်။ အားလုံးက သူပြောသလိုလည်း မဟုတ်ပါဘူး။ သို့သော် နာမည်ပျက်စေချင်လို့ ပြောတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဦးအောင်သောင်းကဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် သူရဦးရွှေမန်းကို သမ္မတတင်မည်ဟု ဦးအောင်သောင်းက ပြောကြားသည်။

“...ကျွန်တော်တို့ သူရဦးရွှေမန်းကိုပဲ တင်မှာပါ။ ကျွန်တော်တို့ပါတီက တင်မှာပါ။ ပါတီတစ်ခုမှာတော့ များသောအားဖြင့် ဥက္ကဋ္ဌလုပ်နေတဲ့သူကိုပဲ တင်တာများပါတယ်။ သူကလည်းပဲ လုပ်နိုင်တဲ့စွမ်းရည် ရှိပါတယ်။ အရည်အချင်း ရှိပါတယ်။ လုပ်နိုင်တဲ့စွမ်းရည် ရှိသလို အသက်လည်း အနည်းငယ်ရပါတယ်။ သက်တမ်းတစ်ခုအတွက်တော့ လုံလောက်ပါတယ်။ ပါတီကတော့ သူ့ကိုပဲတင်မှာပါ” ဟု ဦးအောင်သောင်းက The Messenger တွင် ပြောကြားခဲ့ပါသည်။


Written by:
နေထွန်းနိုင်

EMG..


ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုအကြောင်း  ပြန်ဖတ်ချင်ရင်..
http://www.demowaiyan.org/2012/03/blog-post_9385.html  (၂၀၁၂ခုနှစ် ဒီမိုဝေယံမှာ တင်ထားတဲ့ပို့စ်)

ဦးအောင်သောင်းရဲ့  စံအိမ်တော်အကြောင်း
http://www.demowaiyan.org/2010/07/generals-and-their-relatives-watchers.html (၂၀၁၀ခုနှစ် ဒီမိုဝေယံမှာ တင်ထားတဲ့ပို့စ်)

7 comments:

  1. ဦးအောင်သောင်းက သူ့ သားက ရိုးသားစွာချမ်းသာလာတပါဆိုလျင် အချိန်တိုအတွင်း ဘီလျံနာဖြစ်လာတဲ့နည်းဗျူဟာကို မြန်မာနဲ့ ကမ္ဘာသိအောင် စာအုပ်ရေးသင့်ပါတယ် ။ အနောက်နိုင်ငံကြီးတွေမှာ ဒီလိုပုဂ္ဂိုလ်တွေက ကမဘာပတ်ပြီးတက္ကသိုလ်ကြီးတွေ လူမှုရေးအဖွဲ့ ကြီးတွေမှာ မိန့် ခွန်းပြောကြ လူငယ်တွေကိုနည်းလမ်းပြလုပ်ကြပါတယ် ။

    နောက် သူတို့ဒီလောက်ချမ်းသာတာကိုအခွန်ဘယ်လောက်ဆောင်ထားပါသလဲ ။ အနောက်တိုင်ငံကြီးတွေမှာ အခွန်ရှောင်သူကို နိုင်ငံတော်သစ္စာမဲ့မှုနဲ့ တရားစွဲပါတယ် ။ ဧည့်နိုင်ငံသား(အခြေချရွှေ့ ပြောင်းလာသူ )ဆိုလျင် နိုင်ငံသားကဒ်ပြန်ရုတ်သိမ်းတဲ့အထိအရေးယူပါတယ် ။

    အီတလီဝန်ကြီးချုပ် ဘာလူစကိုနီ မိန်းမရှုပ်တာ ၊ လတ်စားတာတွေ လွှတ်တော်၏အကာအကွယ်ခံစားခွင့်ကြောင့် တရားစွဲခွင့်မရှိပါ ။ ယခုအခွန်ရှောင်တာမိလို့  လွှတ်တော်က အကာအကွယ်မပေးနိုင်တော့ဘူး ။ ထောင်ကျမည် ။ ရွေးကောက်ပွဲဝင်ခွင့် ၅-နစ်အပိတ်ခံရမည် ။ ထောင်ကျလျင် လတ်စားမှု ။ မိန်းမအမှု တွေပါတရားစွဲတာခံရတော့မည် ။

    အခွန်ရှောင်တာ နိုင်ငံတော်အပေါ်သစ္စာမဲ့မှု ။ အခွန်ရှောင်သူကို ကူညီသူပါ သစ္စာမဲ့သူအဖြစ်အရေးယူပါတယ် ။ မြန်မာပြည်မှာ အခွန်ရှောင်နေသူတွေက တခြားသူကို သစ္စာရှိမရှိလာတိုင်းနေပါသေးတယ် ။ သူခိုးတွေက လူဟစ်နေပါသေးတယ် ။ အဲဒီလို ပြောင်းပြန်မလုပ်နိုင်အောင် လွှတ်တော်မှာ အခွန်ကိစ္စအနောက်နိုင်ငံကြီးတွေ စံနမူနာကိုယူသင့်ပါပြီ ။

    လွှတ်တ်ာမှာ အခွန်ရှောင်သူကို နိုင်ငံတော်အပေါ်သစ္စာဖေါက်သူ အဖြစ်သတ်မှတ်တဲ့ ဥပဒေပြဒါန်ဒသင့်ပါပြီ ။ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်တဲ့အထိ မလုပ်ရဲသူတွေဟာ အခွန်ရှောင်ထားသူတွေဆိုတာ ရှင်းနေတာဘဲ ။

    နိုင်ငံတော်အပေါ်သစ္စာမဲ့သူတွေ အုပ်ချုပ်နေသမျှ မြန်မာပြည်ကြီး ကံဆိုးနေပါဥိးမည် ။

    ReplyDelete
  2. သူ့သား စီးပွါးရေး အောင်မြင်တယ်ဆိုရင် သူသားကိုပဲ နိုင်ငံ စီးပါါးရေး ကိုင်ခိုင်းလိုက်ပေါ့ဗျာ ။ ဘာခက်လဲ ။

    ReplyDelete
  3. တော်တော်ဆိုးတဲ့လူကြီးဗျာ
    ဗြောင်လိမ် ဗြောင်ပြော ဗြောင်စား
    ရှက်ကြောပြတ်နေတဲ့သူ
    သည်လို လူမျိုးတွေ အုပ်ချုပ်ခဲ့/ အုပ်ချပ်ဆဲ ဆိုရင်တော့ တိုင်းပြည် ဖွတ်ဖြစ်တာ ဆန်းလားဗျာ

    ReplyDelete
  4. no wonder , Thugs,Thieves & Crooks are richest in Burma , because they , all are above the law.
    Rules,Laws,Regulations & Constitution in Burma are implemented & approved by those Thugs,Thieves & Crooks,led by cunning shit than shwe.And ARMY is protecting those Thugs,Thieves & Crooks because our Army is led by Thugs,Thieves & Crooks.
    Our people , innocence & victims since 1962, are down graded from poor to poorest.There is no law or Constitution for them.Nobody protects for them.

    ReplyDelete
  5. sus.

    ဦးအောင်သောင်း သူခိုးဆိုတာ လူအများသိပြီးမို့ ဒါကိုလိုက်ဖုံးနေရင် တရှက်ကနေ နှစ်ရှက် ဖြစ်ယုံသာ ရှိတော့ပေမပေါ့။
    ဦးအောင်သောင်း နဝတ ခေတ် တာဝန်အသစ် ထမ်းဘို့ ရန်ကုန်ကို စရောက်တော့ နေစရာ အိမ်ခမ်းတောင် မရှိဘူး ဆိုတာ မန္တလေး ဘီယာ ဒေါ်ဝင်းဝင်းနု နှင့် အောင်သောင်း- သန်းရွှေ(ဗိုလ်ချုပ်မှူးကြီး) အမှု တွဲ မှာ ဒေါ်ဝင်းဝင်းနု ဖွင့်ချ ထားခဲ့တာ ရှိပါတယ်။
    လူသားတွေနေတဲ့ လူ့လောကမှာ ကိုယ်က လောဘကြီးလို့ ခိုးခဲ့ရင် သူခိုး ဆိုတာ သူခိုးလိုဘဲ နေထိုရပါတယ်။ ခိုးလဲ ခိုးသေး အရှက်မရှိ လူတွင်ကျယ်လုပ်နေရင် တော့ လူ့ချင်ဘတ် သူခိုး ဖြစ်ရတော့ တာ ပေါ့။ မရှက်ဘူးလား...

    ReplyDelete
  6. အလကားသူခိုးနှာဗူးကြီးပါ။

    ReplyDelete
  7. .

    ခေါင်းစဉ်ကို နှိပ်ပြီး တုန်လှုပ်ခြောက်ခြားဘွယ်ရာ ဓါတ်ပုံတွေကို ကြည့်နိုင်ပါတယ်။

    (နှလုံးရောဂါ ရှိသူများ၊ သွေးလန့်တတ်သူများ အနေနဲ့ ခေါင်းစဉ်ကို နှိပ်ပြီး အဲဒီ လင့် ကို ဖွင့်မကြည့်ပါရန် ကြိုတင် သတိပေးပါတယ်။)


    စစ်တပ်ရဲ့ လူမဆန်စွာ အသတ်ခံထားရတဲ့ ပြည်သူတွေရဲ့ ရုပ်ကလပ် ဓါတ်ပုံတွေကို နိုင်ငံတကာက စာဖတ်ပရိသတ် အများစုကတော့ ကြည့်ပြီးပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းက ဝင်ကြည့်တဲ့ စာဖတ်ပရိသတ် အသစ် အများစုက မကြည့်ရသေးတဲ့အတွက် ပြည်တွင်းပရိသတ်အတွက် အဲဒီ ဓါတ်ပုံတွေကို ပို့စ်အဖြစ် တင်ထားတဲ့ လင့် ကို ထပ်တင်ပေးလိုက်ပါတယ်။


    ခေါင်းစဉ်ကို နှိပ်ပြီး လက်နက်မဲ့၊ အပြစ်မဲ့ ရွာသားတွေကို စစ်အုပ်စု အာဏာတည်မြဲရေးအတွက် စစ်အုပ်စုခေါင်းဆောင် လူသတ်ကောင်၊ စစ်ရာဇဝတ်ကောင်၊ သူခိုးကြီးတွေရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ့ မြန်မာစစ်တပ်က ရက်ရက်စက်စက် ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်း ဓါတ်ပုံတွေကို ကြည့်နိုင်ပါတယ်။


    မြန်မာစစ်တပ် ရဲ့ လုပ်ရပ်တွေဟာ လူစိတ်မရှိတဲ့ စစ်ခွေးစစ်စစ်တွေသာ လုပ်လေ့ရှိတဲ့ (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေ) ဖြစ်ပါတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။