Mail ထဲကိုပေးပို့လာတဲ့ ဒီမိုကရေစီ ဘက်တော်သား ရန်ကုန်မြို့ခံ တဦးရဲ့ အကြံပြုစာကို ဖော်ပြပေးလိုက်ပါတယ်။
အများသိကြပြီးသည့် အတိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုစီရင်ချက်ကို လာမည့် သောကြာနေ့မှာ အမိန့်ချမှတ်တော့မှာ ဖြစ်ပါတယ်။ အမှုစတင်သည်မှစ၍ ဆုံးခန်းတိုင်သည့်တိုင် ဥပဒေ အခင်းအကျင်းတွေဟာ တဘက်စောင်းနင်း ဖြစ်နေခဲ့ပါတယ်။
ဒီအမှုရဲ့ ဆုံးဖြတ်ချက်ဟာ အစကတည်းက ရှိနေပြီးသားလို့ ယူဆရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အဆိုးဆုံး အတွက်ပြင်ဆင်ပြီးသားလို့ ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။ စစ်အစိုးရကလည်း ကမ္ဘာနဲ့မြန်မာ ပြည်သူပြည်သားတွေကို စိန်ခေါ်လိုက်ပါပြီ။ ဘယ်သူမှ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံချိုးပါတော့မယ်။ ကုလသမဂ္ဂနဲ့နိုင်ငံတကာ ကိုလည်း ပြောင်ပြောင်တင်းတင်း ဝေဖန်နေပါပြီ။ ကုလသမဂ္ဂရဲ့ အသံသာရှိပြီး အဆန်မရှိတဲ့ သင်္ကြန်အမြောက်ကို ဂရုမစိုက်တော့ပါ။
သရဲကြီးတော့ တစ္ဆေ၊တစ္ဆေကြီးတော့ သဘက်ဖြစ်နေပါပြီ။ စစ်အစိုးရကလည်း အရာရာကို ကြိုတင်ပြင်ဆင် ပြီးလောက်ပါပြီ။ နောက်တချက်ကတော့ ဒေါ်စုကို အမိန့်ချပြီးရင် အယူခံဆိုတာကြီးနဲ့ ဆွဲခေါ်သွားပြီး သွေးအေးသွားအောင် အချိန်ဆွဲနိုင်ပါတယ်။
၃၁ရက်နေ့မှာ ပြည်သူလူထု အနေနဲ့ မိမိတို့တတ်နိုင်သလောက် အရင်းအနှီး နည်းနည်း အဆုံးအရှုံး နည်းနိုင်သမျှ နည်းတဲ့နည်းတွေနဲ့ မတရားမှုကို ထုတ်ဖော်ပြသကြပါ။ ဥပမာ အခုလို ဝက်တုတ်ကွေး ဖြစ်နေတဲ့ အချိန်မှာ ပါးစပ်ကို အကာအကွယ် သဘောမျိုး Mask တပ်ဆင် ထားပြီး လုပ်ရှားဆောင်ရွက်ခြင်း အားဖြင့် အန္တရာယ် ကင်းနိုင်သလို၊ စစ်အစိုးရ လက်အောက်မှာ ပြည်သူတွေ ပါးစပ်ပိတ် ခံထားနေရတယ် ဆိုတဲ့ သဘောကိုဆောင်စေပါတယ်။
နောက်တခုက နိုင်ငံခြား သတင်းဋ္ဌာနတွေက သတင်းထုတ်လွှင့်နေတဲ့ မနက်၊ည အချိန်တွေမှာ ပုံမှန်နားထောင် နေကျအသံထက် အနည်းငယ် အသံချဲ့နားထောင်ခြင်းများ ပြုလုပ်ခြင်းများဖြင့် ဆန့်ကျင်စေချင်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းမှ အသံချဲ့၍ နားထောင်ခြင်းဖြင့် စစ်အစိုးရ၏ သတင်းများကို အယုံအကြည် မရှိကြောင်း ပြသနိုင်ပါသည်။
ယခုရက်ပိုင်း အတွင်း တက်နိုင်လျှင် အဖြူရောင် အဝတ်အစားများ ဝတ်ဆင်ခြင်းဖြင့် ဒေါ်စုကိုထောက်ခံကြောင်း ပြသကြပါ။ အမျိုးသမီးများ ပန်းများပန်ဆင်ခြင်းဖြင့် ဆန္ဒဖော်ထုတ်ပေးကြပါ။
၃၁ရက်နေ့မှာ တတ်နိုင်လျှင် အင်းစိန်ထောင်ဝန်းကျင် သွားပြီးစည်းရုံးညီညွတ်မှုကို ပြသပေးကြပါ။ မသွားရောက် နိုင်တဲ့သူတွေက ရန်ကုန်မြို့ထဲနဲ့ လုံခြုံရေး လျော့ရဲတဲ့နေရာတွေမှာ အထက်ပါ အတိုင်း မိမိတို့ အုပ်စုအလိုက် ဝတ်စားဆင်ယင်ပြီး သွားလာလှုပ်ရှားပေးခြင်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပေးကြပါ။
ပြည်ပမီဒီယာတွေနဲ့ အင်တာနက် သတင်းတွေမှာလည်း ပြည်သူလုထုကို ၃၁ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ပေးဖို့အတွက် အထက်ပါ ကျွန်တော့ အကြံပြုချက်တွေကို ပြန်လည်ဖြန့်ဝေ ပေးဖို့ တိုက်တွန်းရင်း စစ်အာဏာရှင်တွေကို တိုက်ပွဲခေါ်သံ ပေးလိုက်ပါတယ်။
ရန်ကုန်သား။...။

No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။