၂၇ရက်နေ့ နေ့လည်ပိုင်းက တောင်ဥက္ကလာပမြို့နယ် အမှတ် ၄ ရပ်ကွက်၊ ကေတုမာလာအိမ်ယာတွင် နေထိုင်တဲ့ ၂၀၁၀ခုနှစ် မေလ (၂၀)ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဘဘသခင်စိုးမြင့်၏ ဇနီးဖြစ်သူ ဒေါ်အေးကြွယ်အား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက် ဂါရဝပြု ကန်တော့ခဲ့ပါတယ်.။
ဓာတ်ပုံများအတွက် ပေးပို့လာတဲ့ ညီမငယ်အား ကျေးဇူးတင်ပါသည်..။
ဒီမိုဝေယံ
ဦးစိုးမြင့် (ခ) သခင်စိုးမြင့် ၏ ကိုယ်ရေးအကျဉ်း
တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။
၁၉၂၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် မွေးဖွားသည်။ အဖ ဦးရှိန်ဖြစ်သည်။ မြောင်းမြမြို့၌ အင်္ဂလိပ်-မြန်မာ ၆ တန်းအထိ ပညာသင်ကြားခဲ့သည်။ မြောင်းမြမြို့နယ် ဒို့ဗမာအစည်းအရုံး အတွင်းရေးမှူး၊ နယ်ချဲ့နှင့် ဖက်ဆစ် တော်လှန်ရေး မြေအောက်ခေါင်းဆောင်၊ ဗမာ့ကာကွယ်ရေးတပ်မတော် - BDA တပ်ရင်းမှူး၊ ပုသိမ်ခရိုင် မြစ်ဝကျွန်းပေါ် တိုင်းစစ်ကော်မတီဝင်၊ ပြည်သူ့ အရေးတော်ပုံပါတီ တည်ထောင်ရာ၌ ပါဝင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ ၌ မြောင်းမြခရိုင် ဥက္ကဋ္ဌနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်ခဲ့သည်။ ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင်၊ ဗတလစ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဆိုရှယ်နီ ဗဟိုကော်မတီဝင်၊ ပြည်သူ့လူငယ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ ၁၉၅၃ ခုနှစ် ဗီယင်နာ ကမ္ဘာ့လူငယ်ညီလာခံ ကိုယ်စားလှယ်ဖြစ်ပြီး လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ရခဲ့သည်။
အယ်ဒီတာ၊ စာပြု၊ ၁၇ လိုင်း အုပ်ချုပ်ရေးမှူး စသဖြင့် ဘဝများစွာ ကျင်လည်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုလယ်သမားများအဖွဲ့ ခေါင်းဆောင်၊ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဂန္ဓီခန်းမ ဆုံးဖြတ်ချက်အတိုင်း နဝတ က လွှတ်တော်ခေါ်ယူခွင့်မပေးလျှင် လုပ်ဆောင်သင့်သည့် နည်းလမ်းသုံးသွယ် စာတမ်းကို ရေးသားပြုစုရာတွင် ပါဝင်ခဲ့သဖြင့် ခေတ္တ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၌ အဖွဲ့ဝင်အဖြစ် တိုးမြှင့် တာဝန်ပေးအပ်ခံခဲ့ရသည်။ ၁၉၉၈ ခုနှစ် စက်တင်္ဘာ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၌ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ဖြစ်ပွားသော ဒီပဲယင်း သွေးချောင်းစီး လုပ်ကြံမှုကြီးဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရာမှ ၂ဝဝ၃ ခုနှစ်၊ နိုဝင်္ဘာ ၂၃ ရက်နေ့တွင် ပြန်လွတ်သည်။
ဇနီးမှာ ဒေါ်အေးကြွယ်ဖြစ်ပြီး သားသမီးများမှာ ဒေါ်ဆွေဆွေမြင့်၊ ဦးမောင်မောင်မြင့်၊ ဒေါ်သစ်သစ်မြင့်၊ ဒေါ်ချိုချိုမြင့်နှင့် ဒေါ်သင်းသင်းမြင့်တို့ ဖြစ်ကြသည်။ (ကိုယ်ရေးအကျဉ်း ဘီဘီစီ)
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။