Pages

Saturday, June 4, 2011

နှလုံးသားတွင် ဘုရားတည်...

နှလုံးသားတွင် ဘုရားတည်

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကျွန်တော် မဖူးမြှော်ရသည်မှာ လေးနှစ်တာ ကာလအတွင်းသို့ ရောက်ခဲ့ပြီဖြစ်သည်။

ကုန်လွန်ခဲ့ပြီးသောကာလ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမတိုင်မီ အချိန်များတွင် ကျွန်တော် သည် တစ်ပါတ်လျှင် တစ်ကြိမ်အနည်းဆုံး ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်သို့ တက်ရောက် ဖူးမြှော်ခဲ့ဖူးပါသည်။ ထို့အပြင် တက်ရောက်ကြည်ညို ဖူးမြှော်ခွင့်ရခဲလှသော ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ အထွဋ်အထိပ်တွင် တည်ရှိနေသော စိန်ဖူးတော်ကြီးအားလည်း ကျွန်တော်နှင့် ကျွန်တော်၏သား ပြည်သိမ်းကျော်တို့ တက်ရောက် ဖူးမြှော်ခဲ့ဘူးပါသည်။

ရွှေတိဂုံ စေတီတော်မြတ်ကြီးသည် မြန်မာပြည်သူလူထုတင်မက ကမ္ဘာ့နိုင်ငံအသီးသီးမှ ဘာသာခြားများနှင့်ပါ မစိမ်းပါ။ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး လွတ်လပ်စွာတက်ရောက် ဖူးမြှော် ခွင့်ရရှိသည့် တန်ခိုးကြီးမားလှသည့် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာတည်း ဟူသော ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်များကိန်းဝပ်ရာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများအား (အခမဲ့) ဖေးမကူညီပေးနေသော ကျွန်တော်တက်ရောက် ဖူးမြှော်ရာတွင် လွတ်လပ်မှုများ ဆုံးရှုံးခဲ့တော့သည်။

ကျွန်တော်သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား တက်ရောက် ဖူးမြှော်မည်ဆိုပါက အာဇာနည်ကုန်း မြောက်ဘက်မုဒ်မှ ဓါတ်လှေခါးနှင့်တက်ကာ ရင်ပြင်ပေါ်ရောက်သည်နှင့် မေတ္တာပို့သမှုကို မြောက်ဘက်မုဒ်တွင်ရှိသော ၀ိဇ္ဖာတန်ဆောင်းရောက်သည်အထိ ပို့သကာ ၀ိဇ္ဇာတန်ဆောင်းတွင် သမထ္ထ၊ ၀ိပဿနာကျင့်စဉ်တို့ကို ကျင့်ကြံအားထုတ်ပြီး တနင်္လာဒေါင့်တွင် စေတီတော်မြတ်ကြီးအား မြတ်ဗုဒ္ဓ၏ ဆံတော်များကို မျှော်မှန်းကြည်ညိုသဒ္ဓါပွားကာ ဦးချပြီးနောက် စေတီတော်မြတ်အား လင်္ကျာရစ်တစ်ပါတ် ပါတ်ကာ အောင်မြေတွင်ဦးချ၍ မြောက်ဘက်မုဒ်မှ ပြန်လည်၍ ဆင်းလေ့ရှိသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလကုန်မှစ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြှော်၍ အဓိဋ္ဌာန်ကျင့်စဉ်များ၊ မေတ္တာပွားများမှုများကို သွားရောက်ကျင့်ကြံအားထုတ်ရာတွင် . . . ကျွန်တော်၏ နောက်မှ မယောင်မလည်နှင့် ပါလာသော လူတစ်ချို့၊ ၀ိဇ္ဇာတန်ဆောင်းထဲသို့ဝင်ရောက်ရာ၌ မြတ်စွာဘုရားရှင်အား တစ်စုံတစ်ဦးမှ ဆက်ကပ်ထားသော စားဖွယ်သောက်ဖွယ် သစ်သီးဝလံများအား လျင်မြန်စွာ သိမ်းကြုံး၍ ယူငင်သွားခြင်း၊ အဓိဋ္ဌာန်ကျင့်စဉ် ကျင့်ကြံရာ၌ ပွားများသော မြတ်စွာဘုရား၏ ဂုဏ်တော်များ ရွတ်ဖတ်ပူဇော်ရာ၌ မည်သည့်ဆုများ တောင်းနေသနည်း။ မည်သည့်ဂုဏ်တော်များ အား ရွတ်ဖတ်နေသနည်း ဟူ၍ ကျွန်တော်၏အနားတွင် ကပ်၍နားထောင်နေသော သူတစ်ချို့၊ အဓိဋ္ဌာန်စ၍ (၁၀) မိနစ် (၁၅) မိနစ်ခန့်တွင် “ဆရာကြီး ဆရာကြီး နေရာကဖယ်ပေးပါတော့။ (အဘ) ဧည့်သည်တော်လာနေပြီ” ဟူ၍ တစ်မျိုး၊ ကျွန်တော့်အား ဓါတ်ပုံခိုးရိုက်ကြသော လုံခြုံရေးများက တစ်ဖန်၊ အချို့သော ဘုရားဖူးများက ကျွန်တော်၏ အဓိဋ္ဌာန်ပြီးစီး၍ မြတ်စွာဘုရားရှင်အား ရှစ်ခိုးကန်တော့အပြီးတွင် ကျွန်တော်၏ ဘေးမှ၎င်း၊ ရှေ့မှ၎င်း လာရောက်၍ ကျွန်တော့်အား လက်အုပ်ချီမိုးနေကြခြင်း စသည်စသည်တို့ကြောင့် ကျွန်တော်သည် ယနေ့တိုင် ရွှေတိဂုံစေတီတော် မြတ်ကြီးနှင့် ဝေးကွာခဲ့ရပါတော့သည်။ ကုသိုလ်ယူ မေတ္တာပွားလို၍ သွားကာမှ အကုသိုလ်တွေသာ ရခြင်းသည် မဖြစ်သင့်တော့ချေ။ ထို့ကြောင့် ကျွန်တော်သည် ရန်ကုန်မြို့ မြို့လည်ခေါင်သို့ သွားရောက်သည့် အချိန်ကာလများတွင်သာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အဝေးမှ ဖူးမြှော်ကန် တော်ခွင့်ရခဲ့တော့သည်။

လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသော ကျွန်တော်တို့၏ မြတ်ဗုဒ္ဓရွှေတိဂုံစေတီတော်မြတ်အား မလွတ်လပ်စွာဖြင့် မဖူးမြှော်လိုတော့ပါ။ ထို့ကြောင့် ကျွန်တော်၏နေအိမ်ရှိ ဘုရားခန်းထဲမှ မြတ်ဗုဒ္ဓ ဆင်းတုတော်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဘုရားခန်းတွင်းမှ ဗုဒ္ဓဆင်းတုတော်များ ရှေ့မှောက်တွင်သာ မိမိမေတ္တာပွားများမှုနှင့် သမထ္တ ၀ိပဿနာကျင့်စဉ်များကို ကျင့်ကြံအားထုတ်ခဲ့ ရပါတော့သည်။

၂.၆.၂၀၁၁ ခုနှစ် ကြာသပတေးနေ့သည် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်တော့သည်။ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာ မြောက်ဒဂုံမြို့နယ်သို့ နံနက် (၁၁း၀၀) နာရီ အချိန်တွင် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့်အဖွဲ့ လာရောက်တွေ့ဆုံ လေ့လာ စကားပြောမည့် နေ့ဖြစ်သည်။ ထို့ကြောင့် နံနက် မိုးလင်းလင်းခြင်း နာရေးကူညီမှုအသင်း သန့်ရှင်းမှု၊ လုံခြုံမှု စသည့်ကိစ္စရပ်များအား ညွန်ကြားနေစဉ် Townace Pick-up ကားအဖြူတစ်စီး ၀င်လာသည်။ လူ (၅) ယောက်ခန့်ပါလာသည်။ သစ်သားဘောင် ၅ ပေ x ၄ ပေအရွယ်ကြီးတစ်ခုပါ ကားပေါ်မှ ချကာ လူတစ်ဦးက ကျွန်တော့်အား ၀မ်းသာဖက်လှဲနှင့် “ဦးကျော်သူရေ … အခုမှပဲ ကျွန်တော်ရဲ့ဆန္ဒ ပြီးမြောက်တော့တယ်” ဟု ပြောကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

ထိုသူ၏ အမည်ကား “ဦးဝင်းတင်”။ ပန်းချီဆရာကြီး “ကျိုက်လတ်ဝင်းမောင်” ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို စတင်ဖွဲ့စည်းကတည်းက ကျွန်တော့်အား ဂုဏ်ပြုလိုသည်မှာ ယခုမှ နာရေးကူညီမှုအသင်း(ရန်ကန်)မှ အသင်းသားတစ်ဦးဖြစ်သူ ပန်းချီဆရာ ဦးတင်ဦး အဆက်အသွယ် နှင့်ပြီးမြောက်သွားခြင်း ဖြစ်သည်ဟု ပြောကြားကာ ပန်းချီဆရာကြီး ကျိုက်လတ်ဝင်းမောင်မှ သူရေးဆွဲ ထားသော ဆီဆေးပန်းချီကားကြီးအား ကျွန်တော့်အား ဂုဏ်ပြုလက်ဆောင်အဖြစ် ချီးမြှင့်သွား တော့သည်။ ထိုအချိန်ကာလ အပိုင်းအခြားအထိ ကျွန်တော်သည် အသင်းတွင် အလုပ်အလွန်များ နေ၍၄င်း၊ ဧည့်သည်တော် ဂျွန်မက်ကိန်းနှင့် တွေ့ဆုံနေမှုကြောင့်၎င်း၊ လက်ဆောင်ပေးအပ်ခဲ့သော ပန်းချီကားကြီးအား သေချာတိကျစွာ မလေ့လာ၊ မခံစားဖြစ်ခဲ့ပေ။ ဂျွန်မက်ကိန်း ပြန်သွားပြီး သည့်နောက် ပင်ပန်းမှုများအား အနားပေး၍ စိတ်ကိုလျော့ချလိုက်ကာ ကျွန်တော်၏ အခန်းတွင်းရှိ ကျွန်တော်၏ အလုပ်စားပွဲနံရံပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားကြီးအား အသေးစိတ် ကြည့်ရှုနစ် မျှောသွားစဉ် ကျွန်တော်တို့၏ အသင်းသားတစ်ဦးဖြစ်သူ ကိုဝံသ (ပန်းချီဆရာကြီး ဦးသန်းအောင်၏ သား) ဖြစ်သူ၏ စကားသံကို ကြားလိုက်မိသည်။ “ပန်းချီလောကမှာ ပန်းချီကျိုက်လတ်ဝင်းမောင်ကို ရွှေတိဂုံဝင်းမောင်လို့ ခေါ်ကြတယ်။ ဒီဆရာက မျက်စိမှိတ်ပြီး ရွှေတိဂုံစေတီတော်ကို မကြည့်ဘဲ အလွတ် ရေးဆွဲနိုင်လောက်အောင်ကို တော်တယ်ဗျ” တဲ့။ ဟုတ်ပါသည်။ ဆရာကြီး ရွှေတိဂုံဝင်းမောင် (ခ) ပန်းချီကျိုက်လတ်ဝင်းမောင်၏ ဆီဆေးလက်ရာ ပန်းချီကားမှာ အသက်ဝင်လှသည်။ ကျွန်တော်၏ အလုပ်ခန်း ကြမ်းပြင်ပေါ်တွင် ခင်းထားသောကြွေပြားအခင်းပေါ်တွင်ထိုင်၍ ဖူးမြှော်ကြည်ညိုမိပါက တကယ့်ကို ရွှေတိဂုံ စေတီတော်မြတ် ရင်ပြင်တော်ပေါ်မှ ဖူးမြှော်ရသလို ခံစားရပါတော့သည်။

ကိုဝံသပြောသွားသောစကားအရ “ဒီဆရာက ရွှေတိဂုံစေတီတော်မြတ်ကို မကြည့်ပဲ အလွတ် ဆွဲနိုင်တယ်” ဟူသော စကားရပ်မှာ ကျွန်တော့်အတွက်များစွာတာသွားတော့သည်။ ဆရာတော် ဘုရားကြီးများ၏ ဆုံးမသြ၀ါဒများတွင်ပါရှိသော “နှလုံးသားမှာ ဘုရားတည်ဖို့ အရေးကြီးတယ်” ဟု ပဲ့တင်သံများထပ်သွားပါတော့သည်။ ဟုတ်ပါသည်။ ဆရာကြီးကျိုက်လတ်ဝင်းမောင်မှာ နှလုံးသားတွင် ဘုရားတည်၍ ရေးဆွဲထားခြင်းဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်မည်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်အား ဂုဏ်ပြုချီးမြှင့်လက်ဆောင်ပေးခဲ့သော ရွှေတိဂုံစေတီတော်မြတ် ဆီဆေးပန်းချီကား၏ မြင်ကွင်းသည်ကား ကျွန်တော်ရွှေတိဂုံစေတီတော်မြတ်ပေါ်သို့ စတင်တက်ရောက်ရာလမ်း၊ ရွှေတိဂုံ စေတီတော်မြတ်မှ ရောင်ခြည်တော်များ ကွန့်မြူးခြင်းကို ကျွန်တော်ဖူးတွေ့မိသည့် ကျွန်တော်၏ အောင်မြေနေရာ၊ ကျွန်တော်အဓိဋ္ဌာန်ဝင်သည့် ၀ိဇ္ဇာတန်ဆောင်း စသည့် (၃) ဋ္ဌာနဆုံဆည်းရာ အောင်မြေများပါရှိရာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်သော ပန်းချီကားချပ်ကြီးပင်ဖြစ်တော့သည်။
လူသားအားလုံး နှလုံးသားတွင် ဘုရားတည်နိုင်ကြပါစေသတည်း။
ကျော်သူ

6 comments:

  1. ကိုကျော်သူ၏ နှလုံးသားတွင် ဘုရားတည်နိုင်သော အချိန်တွင် ကိုကျော်သူ တစ်ယောက် မိမိမေတ္တာပွားများမှုနှင့် သမထ္တ ၀ိပဿနာ ကျင့်စဉ်များကို ကျင့်ကြံ အားထုတ် နေမည် ဖြစ်ပါသောကြောင့် ယခုလို ကိုကျော်သူ၏ ခံစားချက်ကို အင်တာနက် စာမျက်နှာပေါ်တွင် ဖတ်ရှုရတော့မည် မဟုတ်ပါ။

    ReplyDelete
  2. အပေါ်ကလူက အဆိုးမြင်တာလား၊ မရှင်းမရှင်းရေးတာလား။ ဘာသဘောလဲ။ ကိုယ်ကပဲဥာဏ်မမှီတာလား?????

    ReplyDelete
  3. ဟုတ်တယ်ခင်ဗျ ခုတလော ဘလော့(ဂ်)မှာ တင်သမျှ အဖျက်သဘော ဆောင်တာတွေ တောက်လျှောက် လာရေးနေကြတာကတော့ တိုက်ဆိုင်တာ မဟုတ်ပဲ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတယ်လို့ မြင်မိပါတယ်... ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားတွေ လူလည်းလူအလုပ် လုပ်နေသလို ဖွတ်လည်း ဖွတ်အလုပ်လုပ်နေတယ်လို့ သဘောထားပါတယ်.. ဒီထက် ဖွတ်တွေ ကြံ့တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ် ... ပြည်သူထောက်ခံတယ် ယုံကြည်မှု ရှတယ်ဆိုရင် မိမိတို့ အီးမေးလ်အကောင့်များနဲ့ ဝင်ပြီး ရေးကြဆွေးနွေးကြဖို့ တိုက်တွန်းလိုပါတယ်.. နောက်ပိုင်း Anonymous ဖြင့် အဖျက်သဘော လာရောက်ရေးသားနေမှုအား ခွင့်ပြုသင့်မသင့် စဉ်းစားပါမည်... အပြုသဘော ဆွေးနွေးမှုများအား လက်ခံကြိုဆိုပါမည်...

    ReplyDelete
  4. သမထ္တ ၀ိပဿနာ ကျင့်စဉ်များကို အမှန်တစ်ကယ် အားထုတ်နိုင်သူများ အနေဖြင့် နှလုံးသားတွင် မြတ်စွာဘုရား၏ အဆုံးအမများသာ ရှိတော့သောကြောင့် မည်သည့်အနှောင့်အယှက် မှန်သမျှကို အလေး မထားတော့ဘဲ မေတ္တာတရားသာ ပွားများနေပါလိမ့်မည်။ မိမိ ဘာလုပ်နေတယ် ဆိုတာလဲ ဘလော့အပေါ် တင်မှာမဟုတ်တော့ပါ။

    ReplyDelete
  5. ဟုတ်ပါတယ်။ ဒီပန်းချီကားချပ်ကို စပြီးမြင်လိုက်ကတည်းက အသက်ဝင် လွန်း လို့  ရွှေတိဂုံ ကုန်းတော်ပေါ်၊ ဘုရားပေါ် ကိုယ်တိုင် ရောက်သွား တယ် လို့  ခံစားမိ လိုက်ပါတယ်။ နှလုံးသားမှာ ဘုရားတည်တဲ့ သူတွေဟာ လူအများ ကောင်းရာ ကောင်းကျိုး ကို ထမ်းဆောင်လို့ လူ/နတ် တကာက ချစ်ခင်မြတ်နိုးပြီး သာဓု ခေါ်ကြပါတယ်။ ဘုရားသားတော် ရဟန်း သံဃာ တော် တွေကို သတ်ဖြတ် ရိုက်နှက် အကျဉ်းချပြီး အာဏာရယူထားသူ တွေနဲ့ ထိုသူတို့ ကို မိမိအကျိုး ကြောင့် ထောက်ခံအားပေး နေကြသူ တွေ ကတော့ နှလုံးသားမှာ ဘုရား တည်တယ် ဆိုတဲ့ စကားကို နားမလည်ကြတာ မဆန်း ပါဘူး။

    ReplyDelete
  6. ဒီကောင်တွေက အသဲကြားမှာ ဖွတ် တည်နေတာလေ

    သူ့ အမေလင်ငယ်သန်းရွှေ ဘုရင်ရူးရူးပြီး ဘုရားတွေလျှောက်ဖျက်နေတာ
    ကိုတာ့မပြောပါလာ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။