Pages

Thursday, July 21, 2011

“အောင်ဆန်းက ကျွန်တော့်ကို ငုံ့ကြည့်နေတယ်” (ကဗျာရှင် နေဘုန်းလတ်) (၆၄) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (ဘားအံ အကျဉ်းထောင်မှ ဂုဏ်ပြုဖွဲ့ဆိုပါသည်)

“အောင်ဆန်းက ကျွန်တော့်ကို ငုံ့ကြည့်နေတယ်”

သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ မာန်မာနတွေ သိမ်ဖျော့မှေးမှိန်သွား
ကြီးမြတ်သော ပေးဆပ်စွန့်လွှတ်ခြင်းမှာ
လုပ်မြဲအလုပ်တစ်ခုလို သူရိုးရှင်းတည်ငြိမ်ခဲ့ပုံက
အသံကျယ်တဲ့ သင်္ကြန်အမြောက်တွေကို အရှက်ရစေခဲ့
သူ့မျက်နှာက ခက်ထန်မာကြောသယောင်ယောင်
ဒါပေမယ့် … သူ့ရဲ့ အားပြင်းတဲ့ စိတ်အလင်းရောင်မှာ
သူ့ရဲ့ တည်ကြည်လေးနက်ခြင်းက မဲညစ်ပိတ်မှောင်မနေခဲ့

တိုင်းပြည်နဲ့လူမျိုးကို ချစ်ခြင်း
လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးခြင်း
သူ့နှလုံးသားက အဲဒီအားနှစ်ခုတည်းနဲ့ ထိန်ထိန်လင်းတယ်
အဲဒီအလင်းကို ကျွန်တော့်ရင်ဘတ်ဆီ နှလုံးသားချင်း ချိတ်ဆက်စီးကူး
ကျွန်တော့်ရင်ခုန်သံတွေ ပူနွေးပြင်းရှမှုတစ်ခုနဲ့ တက်ကြွတောက်မြူးခဲ့ … ။

သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ သိမ်ငယ်စိုးထိတ်မှုတွေ အားပျော့ကင်းစင်သွား
သူ့ရုပ်သွင်ရဲ့ သတ္တိရသက
ကျွန်တော့်စိတ်ဓါတ်ကို ဆွဲယူထူမတယ်…
သူ့သွေးတွေရဲ့ လတ်ဆတ်ပူနွေးမှုက
ကျွန်တော့်သွေးကြောတွေထဲ ဖောက်ဝင်စီးဆင်းတယ်…
ကျွန်တော့်အခန်းကျဉ်းလေးရဲ့ တိတ်ဆိတ်မှုထဲမှာ
သူ့စကားသံတွေ အသံမဲ့ပဲ့တင်ထပ်

တစ်သားတည်းကျသွားတဲ့ စိတ်ဓါတ်ခွန်အားနဲ့
သူမက်ခဲ့တဲ့ အိပ်မက် ကျွန်တော် ဆက်မက်တယ်
တစ်ထပ်တည်းကျသွားတဲ့ ရင်ခုန်သံစည်းချက်နဲ့
သူပျိုးခဲ့တဲ့ တစ်ပွင့်ပန်း ကျွန်တော် ဆက် လက်ဆင့်ကမ်းမယ်
သူချစ်ခဲ့သော တိုင်းပြည် သူမျှော်လင့်တဲ့အတိုင်း တည်စေဖို့
နီစွေးပြတ်သားသော ရဲရင့်ခြင်းနဲ့
ကျွန်တော် ရှေ့ဆက်ချီတက် ထမ်းရွက်မယ် …။

ကျွန်တော်တို့လမ်းရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ
သူလျှောက်ခဲ့ရတဲ့လမ်းလောက် ဆိုးဝါးပြင်းထန်ခဲ့သလား
ကျွန်တော်တို့ခရီးရဲ့ ရှုပ်ထွေးခဲယဉ်းမှုတွေ
သူနှင်ခဲ့ရတဲ့ခရီးလောက် ပွေလီကျပ်တည်းခဲ့သလား
ဦးနှောက်တွေ ဆူဝေပေါက်ကွဲလုမတတ်
သူတွေးခေါ်တွက်ချက်ခဲ့သလောက်
ကျွန်တော်တို့တွေ ဘယ်နှစ်ယောက်များ အားထုတ်ခဲ့ကြဖူးသလဲ
အိပ်လဲ ဒီစိတ် စားလဲ ဒီစိတ် သွားလဲ ဒီစိတ်နဲ့
သူ စွဲစွဲလမ်းလမ်း တောင့်တရယူပေးခဲ့တဲ့ လွတ်လပ်ရေး

အဲဒီ… လွတ်လပ်ရေးဆိုတာအတွက်
ကျွန်တော်တို့ သူ့လောက် ရူးသွပ်ပေးဆပ်ခဲ့ကြရဲ့လား
မေးခွန်းတွေများစွာက
ကျွန်တော့်ရင်ကို တွန်းထိုးတူးဆွကြ
သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ကိုယ်ကျွန်တော် အားမလို အားမရ ဖြစ်မိတုန်းပဲ …. ။

နေဘုန်းလတ်

ဇူလိုင်လ (၂၀) ရက်နေ့ ၊ ၂၀၁၁ ခုနှစ်၊ နံနက် ၁၀ နာရီ ၉ မိနစ်။

(၆၄) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်
(ဘားအံ အကျဉ်းထောင်မှ ဂုဏ်ပြုဖွဲ့ဆိုပါသည်)...

5 comments:

  1. ကို နေဖုန်းလတ် နှင့် တကွ နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန် လွတ်မြောက် ပါစေသား။

    ReplyDelete
  2. Hi MY best fri,i hope you will be released and get freedom in soon.

    ReplyDelete
  3. နေဘုန်းလတ် ကား ဘ၀တစ်ခုလုံး ဆုံးရှုံး၏။ နေဘုန်းလတ် အား မြှောက်ပေးပြီး အသုံးချခဲ့သူများသည် ထောင်ထဲတွင် မရှိဘဲ အပြင်တွင် အေးအေးဆေးဆေး ခေါင်ေးဆာင်ကြီးများ အဖြစ် နေလျက် ရှိကြ၏။

    ReplyDelete
  4. ကောင်ကြီးရေ ဆက်လုပ်မိုက်တယ်

    ReplyDelete
  5. နိုင်ငံရေး အကျဉ်းသားတွေ အားလုးံလွတ်မြောက်ပါစေ..
    စက်တင်ဘာဦးနေမိန္ဒ ( အမှန်တရားကို ဘယ်သူအနိုင်ရဖူးလဲ)

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။