Pages

Wednesday, September 7, 2011

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တဲ့လား... ဆောင်းပါးရှင် (အောင်မျိုးထွန်း)

 အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တဲ့လား...
ဆောင်းပါးရှင် (အောင်မျိုးထွန်း)
“အင်တာနေရှင်နယ်ဒေး အော့ဖ် ဒီမိုကရေစီ” ကို နေပြည်တော်မှာ ကျင်းပမယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌက အိုဟေးကင်တားနားကို သတင်းပါးလိုက်ပြီးတဲ့နောက်မှာ ကြံ့ဖွံ့အစိုးရရဲ့ “ဒီမိုကရေစီနေ့”ဆိုတာ ဘယ်လိုဟာ မျိုးပါလိမ့်လို့ တွေးနေမိပါရဲ့ ။

ကျွန်တော်တို့ဆီမှာ ကမ္ဘာကျော် ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာဘဲ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက သူ့အဖွဲ့ဝင်နိုင်ငံများမှာ ဒီမိုကရေစီစနစ်ထွန်းကားလာရေးကို ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆိုတာကို ဆုံးဖြတ်သတ်မှတ်ခဲ့တာပါ။ ၁၅ ရက်၊ စက်တင်ဘာလဟာ သံဃာတော်တွေ ဦးဆောင်မှုနဲ့ လူထုတစ်ရပ်လုံးပါဝင်ခဲ့တဲ့ ရွှေဝါရောင်လှုပ်ရှားမှုကြီး လှိုင်းတံပိုး ပြင်းထန်ခဲ့တဲ့ ရက်တွေမို့ တိုက်ဆိုင်လွန်းလှ ပါတယ်။

နေပြည်တော် ပြည်ထောင်စုလွှတ်တော်က ကြီးမှူးကျင်းပမယ့် ဒီမိုကရေစီနေ့အတွက် အမတ်မင်းတွေ၊ ၂၀၁၀ရွေးကောက်ပွဲဝင် ပါတီတွေ၊ ပြည်တွင်းမီဒီယာတွေနဲ့ ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းဌာနတွေအပြင် ထင်ရှားတဲ့ မြန်မာ့နိုင်ငံရေးသမားများကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ နိုင်ငံရေးပါတီတွေဘက်က အဲဒီအခမ်းအနားထံ ဒီမိုကရေစီသ၀ဏ်လွှာများကို ပေးပို့ ဖတ်ကြားဖို့  ဟန်ရေးတပြင်ပြင် ဖြစ်နေပါတယ်။

အာဏာရှင်ဦးနေ၀င်းရဲ့ တစ်ပါတီစနစ်အောက်မှာ “ဒီမိုကရေစီရရှိရေး ဒို့အရေး”၊ “တစ်ပါတီစနစ်ဖြုတ်ချရေး ဒို့အရေး”၊ “အရေးတော်ပုံ အောင်ရမည်” ဆိုပြီး ချွေးသံတရွှဲရွှဲ သွေးသံတရဲရဲနဲ့ အကြောက်တရားမဲ့ စွန့်စားခြင်းကြီးမားစွာ အာခံပုန်ကန်ခဲ့တဲ့ တကယ့်ဒီမိုကရေစီသမားတွေ ပါဝင်ပတ်သက်နိုင်ခြင်းမရှိတဲ့ နေပြည်တော်က ဒီမိုကရေစီနေ့ကို ကျွန်တော်တို့ တတွေ ဘယ်လိုလုပ်ပြီး ခံစားပေးရမှာလဲ။

မြန်မာနိုင်ငံအနှံ့ အပြားက အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင်ခံထားရတဲ့ ဒီမိုကရေစီယုံကြည်သူများကို
ဆေးဖော်ကြောဖက် မလုပ်နိုင်တဲ့၊ ဥပေက္ခာပြု ကျောခိုင်းထားပြီး နိုင်ငံရေးသမားအမတ်မင်းများ စုံစုံညီညီ ကျင်းပကြလေသော ဘယ်လို ဒီမိုကရေစီနေ့ မျိုးကိုမဆို ကျွန်တော် စိတ်မ၀င်စားပါ။ ထောင်ထဲကသူတွေ မပါတဲ့ ဒီမိုကရေစီနေ့ ဆိုတာ ဆားမပါတဲ့ဟင်းလိုပါဘဲ။

အောင်မျိုးထွန်း

၆- ၉- ၂၀၁၁

5 comments:

  1. "အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကို နေပြည်တော်မှာ ကျင်းပမယ်" လို့ အမျိုးသားလွှတ်တော်ဥက္ကဌက ပြောတယ် ဆိုတာက ခွေးပါးစပ်က နတ်စကား ထွက်နေသလို ဖြစ်နေတယ်။

    နှစ် ၅ဝ လုံးလုံး လိမ်လာတဲ့ အစိုးရအမည်ခံ စစ်အုပ်စုခေါင်းဆောင် တွေဟာ ကလိမ်ကကျစ်ကောင်တွေ၊ သူခိုးတွေ၊ လူသတ်ကောင်တွေ၊ စစ်ရာဇဝတ်ကောင်တွေ ဆိုတာကို ပြည်သူတွေ သိပြီးသား ဖြစ်ပါတယ်။

    အစိုးရ အမည်ခံထားတဲ့ လူလိမ်တွေရဲ့ စကားကို မယုံသင့်တာကို သက်သေပြနေတဲ့ သတင်း နောက်တပုဒ်ကတော့ အောက်မှာ မြင်ရတဲ့အတိုင်းပါပဲ။



    မြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးစစ်ဆေး

    Tuesday, 06 September 2011 16:38


    လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

    “မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။

    ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏ အောင်သပြေ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

    ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။

    ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။

    သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူမည်ဆိုလျှင် သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

    ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။

    ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။


    (ရန်ပိုင်၊ ဧရာဝတီ)



    http://www.bur.irrawaddy.org/index.php/news/7235-2011-09-06-09-41-23

    ReplyDelete
  2. ဒီပွဲကိုတက်ရောက်ကြမဲ့ကောင်တွေကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲ
    ဒီနိုင်ငံရေးသမားအမည်ခံတွေဟာစစ်အစိုးရကိုတည်မြဲစေတဲ့တရားခံတွေဘဲ။

    ReplyDelete
  3. စိန်သီးရေ ---- ဂေါ်ဇီလာရေ

    ပြန်မယ့်သူတွေ သတိထားနော်

    မန်းငြိမ်းမောင်နဲ့ ဦးစိန်ကျော်လှိုင်ကို စစ်ကြောရေးမှာ ထုထောင်းနေပြီတဲ့။

    ReplyDelete
  4. မီဒီယာလွတ်လပ်ခွင့် မပေးနိုင်ဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ပြော

    08 September 2011 15:03


    ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ယမန်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့် မီဒီယာလွတ်လပ်ခွင့် ရရှိရေး အဆိုကို ဖြေကြားရာတွင် ဘုရားအလောင်း ဆန္ဒန်ဆင်မင်း ဇာတ်ထုပ်ကို နာရီဝက်ကျော် ပြောဆို၍ မီဒီယာလွတ်လပ်ခွင့် မပေးနိုင်ကြောင်း သွယ်ဝိုက် ငြင်းဆိုသွားသည်။

    “ဆန္ဒန်ဆင်မင်းက သူရဲ့ မိဖုရားစူဠသုဘဒ္ဒါပေါ်ကို အင်ကြင်းပန်းတွေ ကျစေချင်လို့ လုပ်ခဲ့ပေမယ့် ခါချဉ်ကောင်တွေ ကျပြီး ခါချဉ်ကိုက်လို့ စူဠသုဘဒ္ဒါက ဆန္ဒန်ဆင်မင်းအပေါ်ကို ရန်ငြိုးဖွဲ့တယ်ဆိုတဲ့အကြောင်း၊ မီဒီယာ လွတ်လပ်ခွင့်ဆိုတဲ့ အင်ကြင်းပန်းကို ပေးချင်ပေမယ့် ခါချဉ်တွေကျလာရင် စေတနာက ဝေဒနာဖြစ်မယ် ဆိုတဲ့သဘော ပြောသွားတယ်” ဟု လွှတ်တော် တက်ရောက်နေသည့် ကိုယ်စားလှယ်က ပြောသည်။

    ဝန်ကြီးဦးကျော်ဆန်းက မီဒီယာလွတ်လပ်ခွင့်ကို ပေးချင်သော်လည်း ဝေဒနာဖြစ်မည်စိုးသောကြောင့် မပေးနိုင်သေးကြောင်းကို နာရီဝက်ကျော်ကြာအောင် သွယ်ဝိုက်ပြောဆိုသွားခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

    ထို့အပြင် ၀န်ကြီးဦးကျော်ဆန်းက စာပေလွတ်လပ်ခွင့်ကို အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော ရေစီးကြောင်းနှင့် နှိုင်းယှဉ်တင်ပြလိုက်ပြီး အရှိန်နှင့် စီးဆင်းနေသော မြစ်ရေချောင်းရေသည် မြစ်ချောင်းများ အတွင်း စီးဆင်းသွားပါက အကျိုးများမည် ဖြစ်သော်လည်း မြစ်ဘောင်ချောင်းဘောင်အတွင်း ရှိမနေဘဲ စည်းကမ်းမဲ့စွာ ပျံ့နှံ့စီးဆင်းသွားမည်ဆိုပါက လူသားတို့အတွက် အပြစ်ဆိုးကျိုးက ပိုမိုများပြားစေမည်ဟု ပြောသည်။

    (ဧရာဝတီ)


    http://www.bur.irrawaddy.org/index.php/news/7256-2011-09-08-08-07-30

    ReplyDelete
  5. ကရင်လေးSeptember 9, 2011 at 1:38 AM

    ကမ္ဘာမှာ အရှက် လုံးဝမရှိပဲ လိမ်ပြီးရင်း လိမ်နေတဲ့ ဒီလူယုတ်မာ အစိုးရကို ချေမှုန်းကြပါစို့

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။