Pages

Monday, February 6, 2012

ဒလမြို့ တော်ကြီး စီမံကိန်း နိဂုံးပိုင်း (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ဒလမြို့ တော်ကြီး စီမံကိန်း နိဂုံးပိုင်း
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ဒလအကြောင်း ရေးစရာတွေ အများကြီး ရှိနေပါတယ်။ အထူးသဖြင့်ပေါ့ မြို့တော်တည်ထောင်ထာ မြန်မာနိုင်ငံရဲ့ အကြီိးဆုံးနဲ့ စီးပွားရေးအရ အရေးအပါဆုံး မြို့တော်ကြီးကို ကျနော်တို့ မြန်မာတွေ ကိုယ်တိုင် စိတ်ထိုင်းကျကျ တည်ဆောက်နိုင် တည်ဆောက်တဲ့ မြို့တော်ကြီးအဖြစ် သမိုင်းမှတ်တမ်း ထိုးနိုင်မယ့် မြို့တော်ကြီးဘဲ ဖြစ်ပါတယ်။ တနည်းလဲ ဒီလိုစီးပွားရေးအရ အလွန်အချက်အခြာ ကျပြီး အလွန်ကြီးမားလာမဲ့ မြို့တော်ကြီးကို စစ်အစိုးရ အဆက်ဆက် မတည်ဆောက်နိုင်ခဲ့ဘူး ဆိုတာလဲ သမိုင်းမှာ မှတ်တမ်းတင် ကျန်ခဲ့ပါပြီ။

INFRASTRUCTURE အခြေခံ အဆောက်အဥိး တည်ဆောက်တာ စံနစ်ကျဖို့က စီမံကိန်းဌာန အရေးပါသလို နိုင်ငံတော် လူကြီးတွေကလည်း အမျှော်အမြင်ကြီးမားဖို့ အထူးလိုအပ်နေပါတယ်။ ရောက်လေရာ လက်ညိုးထိုးတဲ့ အာဏာရှင် ဘ၀င်စိတ်နဲ့ မြို့တော်ကြီး တည်ဆောက်လို့ မရပါဘူး။  အာဏာရှင်စိတ်ဓါတ်နဲ့ တည်ဆောက်လို့ နည်းပညာ တတ်သူတွေ ရှိရင်တောင် မြောက်ကိုးရီးယားလိုဘဲ ဖြစ်နေပါမယ်။ မြို့တော်ကြီးကို နိုင်ငံတကာက ပညာရှင်တွေ ဆီက အကြံဥာဏ်တွေ အများကြီး ရယူရပါမယ်။ ယခင်ကလို အိမ်ရှိမယ်၊ လမ်းရှိမယ်၊ သောက်ရေ ရှိမယ်ဆိုတာလောက်နဲ့ ဒီဘက်ခေတ်မှာ မလုံလောက်တော့ပါဘူး။ မီးပွုင့်တွေ လမ်းတွေကိုက နည်းပညာ ယူစရာတွေ တပုံတပင်ကြီး လိုအပ်နေပါတယ်။ ဥကမာ တိုးတက်နေတယ် အမေရိကန်နဲ့ ကပ်လျှက်ရှိနေတဲ့ မက္ကစီကိုနိုင်ငံမြို တော်အတွက် လမ်းမီးပွုင့်တွေကို ဆစ်ဒနီက နည်းပညာကိုရယူထားပါတယ် ။

ဒီလိုဘဲ တရုတ်ပြည်ကမြို့ တခုအတွက်လဲ ဆစ်ဒနီက မီးပွုင့်နဲ့  လမ်းတွေကို နမူနာယူပါတယ်  ကျနော်တို့က ဒါလေးလောက်များ အလွယ်လေးပါလို့  မထင်မိဖို့ လိုပါတယ်ခင်ဗျာ။ နည်းပညာတွေအများကြိး သူများဆီက ၀ယ်ယူတန် ၀ယ်ယူတာ လုပ်ရပါမယ်။

နောက်ဒလ မြို့တော်မှာ ငွေအကုန်အကျ ခံနိုင်မယ်ဆိုရင်ပေါ့ မြေအောက်ရထားလမ်း လုပ်သင့်ပါတယ်။ တချိန်မှာ လူဦးရေ တိုးတက်လာမယ် စက်မှုလုပ်ငန်းတွေ တိုးတက်လာရင် မြို့နေလူထုအတွက် အကောင်းဆုံးသော ပို့ဆောင်ရေး စံနစ်ကတော့ မြေအောက်ရထားသာလျှင် ဖြစ်ပါတယ်ခင်ဗျာ။ မြေပေါ် မိုးပျံလမ်းတွေက တကယ် လူဦးရေးတိုးတက်လာရင် သိပ်မနိုင်လှပါဘူး။ အထူးသဖြင့် ရုံးဆင်း ရုံးတက်ချိန် (Rush hours) ပေါ့လေ မှာ မိုးပျံရထားဆိုတာ တွဲနည်းနည်းလေး။ ရထားလမ်းက နှစ်ခုလေးနဲ့ ဘာမှ သိပ်မနိုင်ပါဘူး။ မြေအောက် ရထားကတော့ တွဲများများ နှစ်ထပ် ရထားစတာတွေနဲ့ လူများများ သယ်နိုင်ပါတယ်။

ဒလမြို့တော်မှာ ၉၄-ခုနှစ်က လာတဲ့ သူတွေ ရေးဆွဲထားသလို မိလ္လာပိုက်တွေကို အဆင်ဆင့် နေရာ-၃ / ၄ နေရာမှာ မိလ္လာကိုပြန်လည် ခွဲထုတ် ရေကို စိုက်ပျိုးရေး သန့်စင်ရေးတွေအတွက် ပြန်လည်အသုံးပြုပြီး မိလ္လာကို မီသိန်းဓါတ်ငွေ့ထုတ်။ စွမ်းအင်ထုတ် အသုံးပြု ကျန်တဲ့မိလ္လာကို မြေသြဇာ လုပ်တဲ အဆင့်မျိုးအထိ ချိန်ဆထားရပါမယ်။ လက်ရှိ ရန်ကုန်စည်ပင်က လုပ်နေသလို မိလ္လာကို ကားနဲ့ စုပ်ထုတ် ရန်ကုန်မြစ်ထဲ (ပုဇွန်တောင်ချောင်းထဲ ဖေါက်ချတာကတော့ မလုပ်သင့်တော့ပါဘူး။ လုပ်နေသေးတုံးဆိုရင် ဗွီဒီယိုမှတ်တမ်းတွေ လုပ် ကမ္ဘာကိုသိအောင် ဖေါ်ထုတ်တာ လုပ်ပေးရပါမယ်)။

ယခင်က ရေးခဲ့သလိုပါဘဲ ဥပမာ ဆစ်ဒနီမြို့ တော်မှာ မြို့တခုလုံး ကစားကွင်းတွေ ကလေးကစားကွင်းတွေ ပန်းခြံတွေ အများကြီး လုပ်ထားပါတယ်။ မြို့နယ်တခုနဲ့ တခု ကြားမှာလဲ တောအုပ်ကြီးတွေ ချန်ထားပါတယ်။  ကားမောင်းသွားရင် မေမြို့တောင်တက် လမ်းလေးတွေကို ဖြတ်သန်းနေရသလို ရှူခင်းလှလှ လေးတွေ ရှိနေပါတယ်။ ပြည်သူတွေ အေးအေးလူလူ အနားလွယ်လွယ် ကူကူယူလို့ ရအောင် စီမံထားတာပါ။ ပြည်သူတွေ စိတ်စွမ်းအား ကောင်းမွန်နေစေဖို့ အမြော်အမြင် ရှိရှိ လုပ်ထားတာပါ။ ပြည်သူပြည်သားတွေ စိတ်ရွှင်လန်းဆန်း နေခြင်းဟာ တီထွင်မှု ကုန်ထုတ်လုပ်မှု တွေနဲ့ဆက်စပ်နေတော့ ပြည်သူတွေ စိတ်အပန်းဖြေချင်ရင် လွယ်လွယ်ကူကူ အပန်းဖြေစရာ နေရာတွေ အများကြီိး ဖန်တီး ပေးထားတာပါ ။

အခုဒလ မြို့တော်ကြီးမှာ ယခင်က ရေးထားသလို အင်းယားကန်ထက် နှစ်ဆ သုံးဆ ကြီးတဲ့ ရေကန်ကြီးတွေ ၃/၄ ခုလောက် လုပ်ထားမယ်ဆိုရင် ရေကန်၊ ရေပြင်အကျယ်နဲ့ ရေထုအားကြောင့် ရာသီဥတု မျှတတာလဲ ရမယ်။ အင်းယားကန် ဘေးမှာ ထိုင်ကြည့်ရင် လေအေးအေးလေး တိုက်ခတ်နေတာ အလွန်ထူးခြား အေးဆေး နေစေပါတယ်။ ဒီနိုင်ငံတွေမှာ ရေပြင်နဲ့ နီးတဲ့အိမ်တွေ ဈေးကောင်းရနေတာ အိမ်ကြော်ငြာရင် ရေပြင်နဲ့ နီးတာ ကြော်ငြာနေကြတာ ဒါပါဘဲ။

ပြည်သူလူထု စိတ်အနား ယူစရာနေရာလဲ ဖြစ်ပါမယ်။ ကန်တွေ လုပ်လို့ တူးထုတ်လိုက်တဲ့ မြေသားတွေဟာ ဒလဘက် မြေနိမ့်နေမှုကို ဖို့ပေးရာမှာလဲ သုံးလို့ရပါမယ်။ ပြည်သူလူထု အတွက် ရေကန်နဲ့ နီးစပ်မှုဟာ အပန်းဖြေမှု တခုပါဘဲ။ ဘေးပတ်လည်မှာ ကလေးကစားဖို့ ကွင်းတွေပါ ဖြည့်စွက်ထားမယ်ဆိုရင် အလုပ်အကိုင်သစ်တွေပါ ပေါ်လာပါမယ်။ ပြည်သူတွေ ကိုယ်ကျန်းမာရေး အတွက် အကျိုးရှိစေသလို စိတ်ကျန်းမာရေးက ကိုယ်ကျန်းမာရေးထက်ကို အရေးကြီးပါတယ်။

တခုတော့ ရှိတယ်။ နိုင်ငံတော်ရဲ့ မြို့ တော်ကို ကြပ်ပြေးကို ပြောင်းထားတာက ၂၀၀၆- နှစ်အစက ဆိုတော့ အခု ဒလဘက်ကို ပြောင်းရပြန်တော့ ဆယ်နှစ်အတွင်းမှာ မြို့တော်ပြောင်းရတာ နှစ်ခါဖြစ်နေတော့ တိုင်းပြည်ဟာ နှစ်ခါပန်းနေပါပြီ။ မတတ်သာဘူး။ တိုးတက်ဖို့အတွက် ဦးစားပေး၊ စဉ်းစားပြီ ဆိုရင် ပန်းတာ ခနဖယ်ထား။ လှမ်းစရာရှိတာ လှမ်းရပါတော့မယ်။ ကမ္ဘာကြီးမှာ စီးပွားရေးချိန်ခွင် လျှာပြောင်းနေချိန် ကိုယ်က ပိုအမြင်ကျယ်ကျယ် လှမ်းထားရပါမယ်။ ခေါင်းဆောင် တစ်ဦးရဲ့ အမျှော်အမြင်ပေါ် ကျနော်တို့နိုင်ငံ ခြေလှမ်းဘယ်လောက် ရောက်တယ် ဆိုတာ သမိုင်းက မှတ်တမ်း ထိုးပေးလာပါမယ်။

သမ္မတကြီးဦးသိန်းစိန် ရဲ့ အမျှော်အမြင်အား ဘယ်လောက်ဆိုတာ သမိုင်းက မှတ်တမ်းထိုးမှာပါ။  ငါလုပ်တာ မှန်တယ်ဆိုပေမဲ့ ဥပမာ စာမေးပွဲတော့ အောင်တယ်။ အမှတ်ဘယ်လောက် ရသလဲကလည်း အရေးကြီးသေးတယ်လေ။ အခုဘဲ အမေရိကန် ကိုကြည့်ပါ။ ကျနော်ကတော့ ၂၀၀၀-နှစ်သမတ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက အယ်ဂိုးလ်ကို အကြိုက်ဆုံးပေါ့။ ဘွတ်တို့က ညစ်လိုက်တယ်လို့ ပြသနာရှိခဲ့တယ်။

ဒီဘွတ် ဆိုသူကို ကျနော်က တစက်လေးမှ မကြိုက်ဖူး။ သမ္မတကလင်တန် မိန့်ခွန်းတွေဆို ကျနော်သိပ်ကြိုက်လို့ တကူးတက ကူးထား နားထောင်တယ်။ ဘွတ်ဆိုရင် သူ့အသံကိုက သမ္မတ လေသံနဲ့မတူဘူး။ သမ္မတလေသံ မဟုတ်တော့ နဲနဲလေးမှ နားထောင်မရဘူး။ သူ့လက်ထက် အမေရိကန်ကြီး စီးပွားပျက်တော့တာပါဘဲ။ ဘယ်လောက်ညံ့တဲ့ သူလဲဆိုရင် စီးပွားပျက်စ ပြုနေတာတောင် မသိ သတိမထားမိသူပါ။ ဘာကြောင့် ပျက်ရတယ်ဆိုတာကို သိဖို့ကတော့ ဝေလာဝေးပေါ့။

အခု အိုဘားမား တက်လာတယ်။ စီးပွားရေးကို အတက်ဘက် ပြန်လှဲ့အောင် လုပ်နိုင်ခဲ့ပါပြီ။ တနေ့က နှစ်သစ်မိန့်ခွန်းပေါ့ Speech of the Union Address မှာ သူ့ရဲ့ အမျှော်အမြင်တွေကို လှစ်ဟ ပြလိုက်ပါတယ်။ ခက်တာကတော့ လွှတ်တော်နှစ်ရပ်လုံးမှာ အတိုက်အခံ ရီပတ်ပလစ်ကန်တွေ စီးထားတာပါဘဲ။ အများစုဖြစ်နေတော့ စိတ်ထင်တိုင်းလုပ်လို့မရ ဖြစ်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အမျှော်အမြင်ကိုတော့ သိခွင့်ရလိုက်ပါတယ်။

ဒီလိုဘဲ ကျနော်တို့ နိုင်ငံတော်ကြီးဟာ အနုတ်လက္ခဏာ ကနေ အပေါင်းဘက် ပြန်ပြလာအောင် သမ္မတကြီး ဘယ်လောက် အမျှော်အမြင်ရှိတယ် ဆိုတာထက် ဘယ်လောက် လုပ်ပိုင်ခွင့်ရှိတယ် ကလည်း စကားပြောနေရပါတယ်။ ခက်တာက နေပြည်တော် စီမံကိန်းကြီးဟာ နိုင်ငံတကာနဲ့ စီးပွားရေး ယှဉ်ပြိုင်တဲ့ အခါမှာ အနုတ်လက္ခဏာဆိုတာကို ထုတ်ဖေါ်ပြောဆိုဖို့  ဘယ်သမ္မတ မှ ပါးစပ်မဟရဲကြပါဘူး။

ဒလမြို့တော်ကြီးကို တံတားလေးထိုး ဟိုနားတစ်ကွက် ဒီနားတကွက်တိုးချဲ့ နေလို့မရပါဘူး။ တောမြို့လေးသာသာ ဖြစ်သွားပါမယ်။ နိုင်ငံတော်ကနေ စီမံကိန်းကို စံနစ်တကျ ရေးဆွဲပြီး ခေတ်မှီပညာရှင်တွေရဲ့ အကြံဥာဏ်တွေ ရယူပြီး ဖေါ်ဆောင်မယ်ဆိုရင် ကျနော်တို့ဟာ အာရှမှာ တခြားအာဆီယံ နိုင်ငံမြို့တော်တွေထက် အဘက်ဘက်က သာလွန်တဲ့ မြို့တော်လည်း ရှိလာမယ် ပြည်သူလူထု ကလည်း ကမ္ဘာကကြိုက်ရတဲ့ လူစားမျိုးတွေ ဖြစ်နေတယ်။ သယံဇာတကလည်း ပေါကြွယ်တယ်။ ရေအား အရင်းအမြစ်ကလဲ ကောင်းမွန်တယ်ဆိုတော့ မကြာခင် အချိန်တိုအတွင်းမှာကို အာရှရဲ့  ကျားဆိုတာထက် ဆင်ကြီးဖြစ်လာစေရပါမယ်။

အချုပ်အားဖြင့်တော့ ဒလ မြို့ တော်ကြီးကို တည်ဆောက်တာဟာ နိုင်ငံတကာကို ယှဉ်ပြိုင်ရေးမှာ မဖြစ်မနေ လှမ်းရမဲ့ ခြေလှမ်းဖြစ်တယ်ဆိုတာကို နိုင်ငံတော်အကြီးအကဲများ Forum တခုလုပ်ဆွေးနွေး စကားဝိုင်းတခု လုပ်သင့်တယ်လို့ဘဲ တင်ပြလိုပါတယ်။ Forum သာလုပ်လိုက်ရင် စီမံကိန်းဆွဲတာရဲ့ ခြေလှမ်းအစ ပါလှမ်းမိသား ဖြစ်သွားပါပြီ။ သမ္မတကြီး တစ်ဦးတည်း အနေနဲ့လဲ နေပြည်တော်ကြီး ကနေ ပြန်ပြောင်းတယ်ဆိုတဲ့ ခေါင်းပေါ် အလွန်ကြီးလေးတဲ့ တာဝန်ကြီး မကျနိုင်တော့ပါဘူး။ ဒီကိစ္စဟာ ပေါ့သေးသေးကိစ္စ မဟုတ်ပါဘူး။ အားလုံးမှာ Team Work အသင်းလိုက် တာဝန်ယူ သလိုလည်း ဖြစ်သွားစေပါမယ်။

တိုင်းပြည်တိုးတက်ရေး တံခါးတွေ ဖွင့်ပေးလာလေ ဘယ်မလဲ ခေတ်မှီလေယာဉ်ကွင်း ဘယ်မလဲ ဆိပ်ကမ်းတွေ။ ဘယ်မလဲ နိုင်ငံခြားသားတွေ ဈေးသင့်တင့်တဲ့ အိမ်ငှားစရာ ရင်နှီးလုပ်ကိုင်စရာ မြေ(ဈေးသင့်တင့်တဲ့မြေ)။ ဇန္န၀ါရီလထုတ် ဂျာနယ်တခုမှာ ရန်ကုန်မြေဈေးတွေဟာ ရင်းနှီးမြုပ်နှံ မှုတွေကို ကန်ထုတ်နေတယ်လို့ ပညာရှင်တစ်ဦးက သုံးသပ်ထားပါတယ်။ အဓိပါယ် မရှိဖြစ်နေပါမယ်။ ဖွင့်ကားဖွင့်၏ တံခါးကတော့ဖွင့်ပါရဲ့ အထဲမှာ မွန်းကြပ်သိပ်နေတော့ ၀င်လို့မရတဲ့ အခန်းတခုနဲ့ တူနေတာလေးကို စဉ်းစားကြပါလို့ တာဝန်ရှိ လူကြီးမင်းများကို တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို လေးစားလျှက်နှင့်  ခြေလျှမ်းသွက်သွက် လှမ်းကြဖို့ ဒလစီမံကိန်းကြီးကို နားစွင့်ထားကြပါလို့


အားလုံးကို လေးစားလျှက်
လှိုင်မြင့်

ဒလမြို့ တော်ကြီး စီမံကိန်း အပိုင်းလေး ပြန်ဖတ်လိုလျှင်
http://www.demowaiyan.org/2012/01/blog-post_7171.html

3 comments:

  1. Dr. Hlaing Myint, Greeting.
    Do you have any feasibility-study on Dala development plan? Underground tunnelling, water-supply and transportation to and fro Rangoon have been done by various governmental departments. That's why all Burmese governments gave up to develop that place and rather than Dala, eastern portions of Rangoon had been choosen to develop.
    To me, all of your writings on that Dala developmental plan seems your wish without any consideration on feasibility facts and figures. However, everything can be possible under the Sun. One important thing is whether there're any project-sponsor. Otherwise, it will only be day-dream.
    Thanks. (Htun, 06 February, 2012).

    ReplyDelete
  2. Dear Ko Htun

    Thanks , for your techinical and analytical positive comment. The Dala project was nearly finalised in 2010 and some cronies were after that. I am not sure why it was not approved by gov;.

    Feaeasibilty was done, to my surprise by Singapore,Australia and Japanese companies and had submitted to Gen;Khin Nyunt in 1994. And as for the sponsors, there are some , waiting for the approval of the project.

    Hlaing Myint

    ReplyDelete
  3. ဟုတ်ပါတယ်။ ဆရာ့ဆောင်းပါးတွေ ဖတ်ရတာ သိပ်ကို အားရ၊ အားတက်မိပါတယ်။
    တစ်ခု စဉ်းစားစရာကောင်းတာက ဒလရဲ့ မြေအောက်အခြေအနေက မြို့တည်ဖို့ လက်ခံနိုင်တဲ့ အနေအထား ရှိပါ့မလား။ နှစ်ပေါင်း ထောင်သောင်းချီပြီး နှုန်းအနယ်အနှစ်တွေ ပို့ချပြီး ဖြစ်ပေါ်လာရတဲ့မြေနေရာတွေမို့ မြေအောက်ကြမ်းပြင်က ခိုင်ခန့်မှုရှိပါ့မလား၊ ခိုင်ခန့်မှု မရှိရင် မြို့တော်ကြီးအဖြစ် ရေရှည်ရပ်တည်ဖို့ ဖြစ်နိုင်ပါ့မလား။ ပြီးတော့ စစ်ကိုင်းပြတ်ရွေ့ကြီးက ဒီနေရာတည့်တည့်က ပင်လယ်ထဲဖြတ်ဝင်သွားတာပါ။ ဂူးဂဲအပ်က ကြည့်ရင်တောင် အတိုင်းသား မြင်နေရတာပါ။ ခေတ်မီနည်းပညာတွေ အသုံးပြုပြီး တည်ဆောက်မယ်ဆိုရင် ဖြစ်နိုင်ပေမယ့် ကုန်ကျစရိတ်က ပုံမှန်ထက် အဆပေါင်းများစွာ ကုန်ကျနိုင်ပါတယ်။ ဒါတွေက အဖျက်သဘော ဖြစ်လာနိုင်ခြေတွေကို စဉ်းစားကြည့်တာပါ။
    မည်သို့ဆိုစေ ဒလစီမံကိန်းကြီးကတော့ နိုင်ငံတကာအမြင်နဲ့ ကြည့်ရင် ဖြစ်ကိုဖြစ်သင့်တယ်လို့ မြင်ပါတယ်။ ဆရာရဲ့ စိတ်ကူးအကြံအဥာဏ်တွေကို သိပ်ကို သဘောကျမိပါတယ်။
    နောက်တစ်ခုက ဆရာက ၈၆လောက်က ရေသန့်ထုတ်လုပ်ရေးတွေ အကြံပြုခဲ့သလို နောင်နှစ်၅၀လောက် အတွင်းမှာလည်း ကမ္ဘာမှာ ရေချိုရှားပါးမှု ပြဿနာ အကြီးအကျယ် တက်လာနိုင်ဖွယ်ရှိတယ်လို့ ပညာရှင်တွေ ခန့်မှန်းကြတယ်။ အဲဒီခေတ်ကိုများ ရောက်လာခဲ့ရင် မြန်မာနိုင်ငံက ရေချိုတွေကို နိုင်ငံတကာကို တင်ပို့ပြီး ကမ္ဘာမှာ အချမ်းသာဆုံးနိုင်ငံများ ဖြစ်လာမလားလို့ စိတ်ကူးယဉ်မိပါသေးတယ်။ ကမ္ဘာမှာ တတိယကမ္ဘာစစ်ဖြစ်ရင် ရေနံအတွက် အကြောင်းမပြုပဲ ရေချိုရရှိမှုကို အကြောင်းပြုပြီး စစ်တွေ ဖြစ်ကြလိမ့်မယ်။ အဲဒီအခါ စွက်ဆက်ပြီး သောက်တလွဲတွေ လုပ်ထားတဲ့ မြန်မာပြည်အနှံအပြားက သုံးစားလို့မရတဲ့ ရေကာတာတွေ၊ ဆည်တွေက နိုင်ငံတကာက သွားရေတမြားမြားကျရတဲ့ ရေရတနာသိုက်တွေလို ဖြစ်လာမလားလို့ စိတ်ကူးယဉ်မိပါသေးတယ်။
    ခန့်မှား ၁၉၈၃-၈၄ ၀န်းကျင်ချင်းတွင်းမြစ် အထက်ပိုင်းမှာ မော်တော်တွေမှောက်တော့ လူတွေက ကယ်မလိုလိုနဲ့ ရွှေတွေချွတ်ယူပြီး လူကိုတော့ ၀ါးချွန်နဲ့ ထိုးပြီးမြစ်ထဲ ပြန်မျှောပစ်လိုက်တဲ့ စိတ်ထားမျိုးတွေကြောင့် ဒီနေ့အထိ တိုင်းပြည်မတိုးတက်တာပါပဲ။ ဒီလိုနဲ့ ညစ်ပတ်တဲ့ ပြည်သူတွေ များလာတော့ ညစ်ပတ်တဲ့ အစိုးရ တက်လာတော့တာပါပဲ။
    တိုင်းပြည်လူထုနဲ့ ထိုက်တန်တဲ့ အစိုးရတစ်ခုရဖို့ တိုင်းပြည်က လူထုကို အသိဥာဏ်နဲ့ အတွေးအခေါ် ပညာရည်တွေ မြှင့်တင်ပေးဖို့ ပထမဆုံး အရေးတကြီး လုပ်ရဦးမယ်လို့ ထင်ပါတယ်။ ပြည်သူတွေ အဖက်ဖက်မှာ အဆင့်နိမ့်နေရင် နိုင်ငံတော်ကြီး တိုးတက်ဖို့ဆိုတာ အိပ်မက်ပမာပဲ ရှိနေမှာပါ။ ပြည်သူတွေရဲ့ စိတ်တွေနဲ့ပဲ တိုင်းပြည်ကြီး ထူထောင်ရမှာပါ။
    ဆရာ့ဆောင်းပါးတွေအတွက် ကျေးဇူးများစွာ တင်မိပါတယ်။
    လေးစားလျက်-
    ငဘ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။