(ကဗျာရှင် နေရဲနီ)
ကျွန်တော်တို့ရွာ
မိုးအခါရေမြုပ်တယ်
လှေမရှိရင် ခြေကျိုးနေတာနဲ့ အတူတူဘဲ။
တရွာလုံးရေမြုပ်တယ်ဆိုတော့
တွင်းအိုင်မှန်သမျှ ရေအပြည့်နဲ့
အဲဒီထဲမှာ မစင်တွင်းလို့ခေါ်တဲ့
အိမ်သာတွင်းတွေလည်းပါတယ်
ရေကျသွားတဲ့အခါ
တွင်းတွေထဲမှာ ငါးတွေကျန်နေခဲ့တယ်။
မိုးအခါ မစင်တွေစားရင်း
တသက်လုံး စားနေရမယ်အထင်နဲ့ ပျော်နေကြတာ
ရေကျတာကို မသိလိုက်ကြဘူး။
ရေများချိန်မှာ
စားကြသောက်ကြ ပျော်ကြရွှင်ကြ
ကကြခုန်ကြ ကူးကြလူးကြနဲ့
လောကကြီးကို မေ့နေကြတာ
မစင်တွင်းကြီးဟာ သူတို့အတွက်
တသက်တာပျော်ရွှင်ဖွယ်ရာ ထာဝရကမ္ဘာပေါ့။
မစင်အိုင်မှာ အပျော်ကြူးနေကြတဲ့ငါးတွေ
သူတို့တွေရဲ့ဘဝအစ မေ့နေကြတာ
ချောင်းကြိုချောင်းကြား မြောင်းကြိုမြောင်းကြား
ဗေဒါပင်နဲ့ ရေညှိရေမှော်ပင်တွေရဲ့အကြောင်း
ယောင်လို့တောင်မှ ပါးစပ်မဟကြ။
မစင်တွင်းမှာ ဆုံမိကြတဲ့ငါးတွေ
တသက်မခွဲကြေး
ခမည်းခမက်လည်းတော်
သွေးသောက် ညီအကိုတွေဖွဲ့ပြီး
ရာသက်ပန်မိတ်ဆွေတွေ။
မစင်အိုင်မှာပျော်နေကြတဲ့ငါးတွေ
မိုးလလွန်လို့ ဆောင်းလအဝင်
တဖြည်းဖြည်း ရေခန်းလာတာကို သတိထားမိတဲ့အချိန်မှာ
သူတို့အတွက် ပြန်လမ်းဆိုတာ မရှိတော့ဘူး။
မစင်အိုင်ပျက်မှာ
အစားအသောက်မက်ပြီး
ပိတ်မိနေတဲ့ ငါးတွေ
အသက်ဘေးအတွက် လွတ်လမ်းကိုရှာရင်း
တကောင်နဲ့တကောင်တိုးဝှေ့နေကြတာ
ကမ္ဘာပျက်နေသလားထင်ရတယ်။
အဲဒီအချိန်မှာ သူတို့တွေဟာ
ကိုယ်လွတ်ရုန်းဘို့အတွက်
ဇာတ်တူသားစားဘို့လည်း ဝန်မလေးကြတော့ဘူး။
ရာသက်ပန် မိတ်ဆွေဖွဲ့ခဲ့ကြတဲ့ သွေးသောက်ညီအကိုတွေအပေါ်
သစ္စာဖောက်ဖို့လည်း ဝန်မလေးကြတော့ဘူး။
သူတပါးအသက်
သနားတတ်တဲ့ သူတွေ
ကယ်ချင်ပေမဲ့ မစင်တွင်းဆိုတော့
ဘယ်သူမှ မဆင်းချင်ကြတော့ဘူး။
ဘယ်သူမှလည်း အရေးမလုပ်ကြတော့ဘူး။
အနားရောက်လာသူ မှန်သမျှ
နှာခေါင်းပိတ်ပြီး လှည့်ပြန်သွားကြတယ်။
နောက်ဆုံးမှာ အဲဒီငါးတွေ
မစင်တွင်းထဲမှာဘဲ နိဂုံးချုပ်သွားကြရရှာတယ်။
ကာလဟူသည် ထာဝရမတည်
လကွယ်ည၏ သန်းခေါင်ယံအမှောင်ထုသည်လည်း
တဖြည်းဖြည်းနှင့် ရောင်နီပျို့ခဲ့လေပြီ။
အာဏာရှင်ခေတ်
ခေတ်ပျက်ချိန် အမှောင်ထု၌
ရာဇပလ္လင်သည်
ငါ၏တင်ပါး၌ သံသရာအဆက်ဆက်
သာစဉ်မြေးဆက် မြဲပေလိမ့်မည်ဟု
အထင်ရောက်ကာ
မစင်ဘင်ပုပ် အပင်းအဆို့
အဆိပ်နှင့်တူသော ပြည်သူ့ဘဏ္ဍာကို
မတော်မတရား စားထားသောသူတို့
ဒီမိုကရေစီရောင်နီပျို့ချိန်၌
မစင်အိုင်ပျက်မှ ရေနည်းငါးများပမာ
ဆောက်တည်ရာမရ ဖြစ်ကြကုန်လျှက်
သူ့ငါလက်ညှိုးထိုး ငါ့သူလက်ညှိုးထိုးနှင့်
အစားလွန်၍ အံဖက်ဆို့ကြကာ
တစတစနှင့် ဆူဆူညံညံကြားရလေတော့သတည်း။
နေရဲနီ




လင်းယုန်မောင်မောင် ရေးတဲ့ နုရင်ဘတ်ခုံရုံးစာအုပ်ထဲကလို ဖြစ်နေပြီ။ လူသားတွေရဲ့အသက် သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ နာဇီတွေ စစ်ခုံရုံးရောက်တော့ တစ်ဦး အပေါ် တစ်ဦး လက်ညှိုးထိုး အပြစ်တွေပုံချနေကြပုံသတဲ့။
ReplyDelete၀န်ကြီးဌာနတွေလဲ လွှတ်တော်က စစ်ဆေးလို့ သူခိုးဇာတ်လမ်းတွေ ဗူးပေါ်သလိုပေါ်လာတော့ တရားခံရှာနေကြပြီ။ ဦးကျော်ဆန်းကလဲ သတင်းစာကနေ မီဒီယာတွေကို ချောက်လုံး လှန့်လုံးတွေ ကြေညာနေပြီ၊
မီဒီယာသမားတွေက အစိုးရသတင်းစာလို ဖောက်ပြန်ရေး ဆိတ်လစေ့သတင်းစာတွေ မဟုတ်ဘူး။
ပြည်သူ့ဘက်က ရပ်ပြီး မတရားမှု လိမ်လည်မှုတွေကို ဖွင့်ချသွားမှာဘဲ။
အကြောက်တရားနဲ့ဗိုလ်လုပ်တဲ့ခေတ်က ကုန်သွားပြီး ဦးဆော်ကြမ်းရေ့။
ဆရာရေ. ဆရာ့ရဲ့ကဗျာပေါင်းချုပ်ကို. စာအုပ်ထုတ်
ReplyDeleteပါရစေလား
I also agree with above comment.
ReplyDeleteကောင်းလိုက်တဲ့ ကဗျာလေး။ အတွေးအခေါ်ရော အရေးအသားရော ထိမိတယ်ဗျာ၊
ReplyDeleteမစင်စား ငါးတစ်သိုက်တော့ ခံလိုက်ကြပေအုံး သံသရာ မဆုံးသည့်တိုင်ပေါ့၊
တစ်ဘ၀စာ ကောင်းစားဖို့အတွက် သံသရာမကြောက်တဲ့ အာဏာရှင် တစ်သိုက်
မစင် နဲ့တူတဲ့ မတရားရယူထားတဲ့ နိုင်ငံ့ဘဏ္ဍာတွေ ကို မျိုရင်း ဆို့ရင်း သေခါနီးမှာ
သွေးမလန့်ဘဲ ဘယ်လိုဖြောင့်ဖြောင့်သေရမလဲ ဆိုတာ ဒင်းတို့အတွက် လမ်းစ မရှိပါ။
ဆရာနေရဲနီ ကဗျာပေါင်းချုပ်အား အများဖတ်ရှုနိုင်ရန် PDF ဖိုင်ဖြင့်
ReplyDeleteတင်ပေးပါမည်...
လေးစားလျှက်
ဒီမိုဝေယံ
မသန့်တာစားပြီးး
ReplyDeleteဘဝမှာအပျော်ကြီးပျော်နေတော့
ရေကျတာတောင်သတိမပြုမိလေတော့
မစင်နဲ့ဘဲဘဝဆုံးတဲ့ငါးတွေလိုဘဲ
ခံကြပေအုံးပေါ့။