The Messenger News Journal နှင့် ELEVEN Media တို့မှ The Voice ဂျာနယ်နှင့်အတူ ရပ်တည် ရင်ဆိုင်သွားမည်ဟု ထုတ်ပြန်
The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းပါရေးသားချက်များနှင့် ပတ်သက်ပြီး မက်ဆေ့ဂျာ ဂျာနယ်နှင့် အလဲဗင်းမီဒီယာတို့က အပြင်းအထန်ကန့်ကွက်ပြီး ဗွိုက်ဂျာနယ်ဖက်မှ ရပ်တည်ဖြစ်ဖြစ်ကြောင်း သဘောထားများထုတ်ပြန်လိုက်သည်။
ကျွန် တော်တို့က လာဘ်ပေး၊ လာဘ်ယူမှု တွေ ဒီဝန်ကြီးဌာနမှာ ရှိလောက် တယ်လို့ ရေးတယ်။ ဒါကို မမှန်မကန် စွပ်စွဲတယ်။ ကျင့်ဝတ်နဲ့မညီဘူး။ အပြုသဘော မဆောင်ဘူးလို့ စွပ်စွဲလို့ မရဘူး။ ကျွန်တော်တို့ သတင်းမီဒီယာဆိုတာ ရဲမဟုတ်ဘူး။ သက်သေ အတိအကျ မရနိုင်ဘူး။ ကျွန်တော်တို့ ရေးတဲ့ သတင်းအပေါ် မှာ အငြင်းပွားရင် ရဲတို့၊ စသုံးလုံး တို့က စစ်ဆေး၊ အများသူငါ ထင်သာ မြင်သာအောင် သတင်းထုတ် ပြန်ပေါ့။ အခုကိစ္စမှာလည်း အငြင်းပွားဖွယ်ရှိရင် ပြည်ထောင်စုလွှတ်တော်၊ စာရင်းစစ်ချုပ်၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့က ၀င်စစ်ဆေးပေါ့ဗျာ။ ကျွန်တော်တို့ သတင်းမီဒီယာ မှာ ထောက်ပြစရာတွေ ထပ်ရှိသေး ရင်လည်း ထောက်ပြမှာပေါ့။ ကျွန်တော်တို့ဆီမှာ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကို တင်ပြထားတဲ့ အစီရင်ခံစာလည်း ရှိပါ တယ်။
ဒီကိစ္စမှာ The Voice ရဲ့ သတင်း ဖော်ပြချက်တွေဟာ ကျင့်ဝတ် နဲ့အညီ ဖော်ပြခဲ့တာဖြစ်တယ်။ ဒါကြောင့် Eleven Media Group အနေနဲ့ The Voice ဂျာနယ်ဘက်က ရပ်တည်သွားမယ်”ဟု ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။ The Messenger News Journal ၁၄ .၃.၂၀၁၂ နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၁၀) ပါ "The Voice ဂျာနယ်တွင် ရေးသားထားသော သတ္တုတွင်းဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ စာစောင်ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် " သတင်းနှင့်ပတ်သက်၍ The Messenger ဂျာနယ်၏သဘောထားထုတ်ပြန်ချက် ကြေးမုံသတင်းစာ၏ အဆိုပါသတင်းဖေါ်ပြချက်သည်
(၁) စတုတ္ထမဏ္ဍိုင်အား တစ်ဖက်သက်ခြိမ်းခြောက်သည့် အသွင်ဆောင်နေခြင်း။ (၂) သတင်းအင်္ဂါရပ်နှင့် မညီညွှတ်သည့်အပြင် ပြည်တွင်းထုတ် သတင်းဂျာနယ်များအား ဂုဏ်သိက္ခာ ညှိုးနွမ်းစေလိုသည့် ရည်ရွယ်ချက် ပါရှိနေခြင်း။ (၃) နိုင်ငံတော်သမ္မတကြီး၏ စတုတ္ထမဏ္ဍိုင်အပေါ် အလေးအနက်ပြုမှုအပေါ် အသိအမှတ်မပြုရာ ရောက်ခြင်း။ စသည့်အချက်များ ပါဝင်နေခြင်းကြောင့် The Messenger News Journal မှပြင်းထန်စွာ ကန့်ကွက်လိုက်သည်။ ထို့အပြင်The Voice ဂျာနယ်၏ " ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေး တွေ့ရှိ " သတင်းဖေါ်ပြချက်နှင့်ပတ်သက်၍ ကြုံတွေ့လာနိုင်သည့် အခြေအနေအားလုံးကို The Voice ဂျာနယ်နှင့်အတူ ရပ်တည် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း စာဖတ်ပရိသတ်များအား လေးနက်စွာ အသိပေးအပ်ပါသည်။



လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား
ReplyDeleteစာတည်းတစ်ဦး
မတ်လ ၁၆၊ ၂၀၁၂
The Voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက ဥပဒေကြောင်းအရ ဆောင်ရွက်သွားမယ်လို့ တရားဝင်သတင်း ထုတ်ပြန်လိုက်တဲ့အချိန်မှာ မြန်မာမီဒီယာလောကတစ်ခုလုံး လှုပ်သွားခဲ့ပါတယ်။ ဒီဘက်ခေတ်မှာ ဝန်ကြီးဌာန တစ်ခုက စာနယ်ဇင်းတစ်ခုကို အခုလိုအတိအလင်းကြေညာပြီး ဥပဒေကြောင်းနဲ့အညီ အရေးယူဖို့လုပ်တယ်ဆိုတာ ဒါပထမဆုံးပဲထင်ပါတယ်။
တကယ်တော့ The Voice ဂျာနယ်ရဲ့ ရေးသားမှုကလည်း ထောက်ပြသင့်တဲ့ အပိုင်းတွေ ရှိပါတယ်။ သတင်းကို ''ဝန်ကြီးဌာန အချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ'' ဆိုတဲ့ ခေါင်းတပ် တာမျိုး၊ ''ပြန်ကြားရေး ဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနများ၏ ကျပ်သိန်းပေါင်း ထောင်ချီသော ငွေကြေး အလွဲသုံးစား ပြုလုပ်မှုများနဲ့ ငွေစာရင်း မမှန်မကန် ဖော်ပြမှုများကို ပြည်ထောင်စု စာရင်း စစ်ချုပ်ရုံးက စစ်ဆေး တွေ့ရှိခဲ့ကြောင်း'' ဆိုတဲ့ အရေးအသားမျိုးကိုက မီဒီယာတစ်ခုရဲ့ ဖြောင့်မတ် မှန်ကန်မှု အားနည်းနေတာကို တွေ့ရှိနိုင်ပါတယ်။ တကယ်တော့ ဝန်ကြီး ဌာနတွေက အလွဲသုံးစားမှု လုပ်တာ မဟုတ်ပါဘူး။ ဝန်ကြီးဌာနမှာ ရှိတဲ့ အချို့သော လက်ချိုး ရေတွက်လို့ ရတဲ့ မသမာသူ ဝန်ထမ်း တစ်စုက အလွဲသုံးစား ပြုလုပ်ခြင်းသာ ဖြစ်ပါတယ်။ အခုတော့ ဝန်ကြီးဌာန ကိုယ်တိုင်က တစ်နည်းအားဖြင့် ဝန်ကြီးတွေ ကိုယ်တိုင်၊ ဌာန အကြီးအကဲတွေ ကိုယ်တိုင်က အလွဲသုံးစား လုပ်သယောင် ထင်ယောင် ထင်မှား ဖြစ်စေတဲ့ အသုံးအနှုန်း မျိုးတွေ သုံးနှုန်းခဲ့ပါတယ်။
နောက်တစ်ချက်က ဝန်ကြီးဌာန (၆)ခုဖြင့် (၆)ခု၊ (၇)ခုဖြင့်(၇)ခု ဘက်မလိုက်ဘဲ မျှမျှတတ ဖော်ပြ ရမယ့်အစား ပြန်ကြားရေး ဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနများ ဆိုပြီး ဖော်ပြလိုက် တာကိုက ပြန်ကြားရေး ဝန်ကြီးဌာန အပေါ်မှာ နစ်နာစေလိုမှု ပါဝင်နေတာကို အထင်အရှား တွေ့နိုင်ပါတယ်။ တကယ်တော့ ပြန်ကြားရေး ဝန်ကြီးဌာန ဆိုတာ The Voice ဂျာနယ် အပါအဝင် မြန်မာနိုင်ငံရဲ့ မီဒီယာ အားလုံးကို မူဘောင်နဲ့ အညီ ထိန်းသိမ်း ကာကွယ် စောင့်ရှောက် လာခဲ့တဲ့ ဝန်ကြီးဌာန ဖြစ်ပါတယ်။ အခု မီဒီယာသမားများ ရရှိခံစားနေကြတဲ့၊ ပြည်တွင်းကရော နိုင်ငံတကာကပါ တခုတ်တရ အသိအမှတ်ပြုရ လောက်အောင် ဖြေလျှော့ ပေးထားတဲ့ မီဒီယာဆိုင်ရာ ဖြေလျှော့မှုများ အားလုံးကို ခွင့်ပြု ဖြေလျော့ပေးပြီး အနာဂတ်မှာ မီဒီယာ ပွင့်လင်းမှုကို အပြည့်အဝ ရရှိလာအောင် တစ်ဆင့်ပြီး တစ်ဆင့် ဖော်ဆောင် ပေးနေတဲ့ မီဒီယာ ဝန်ကြီးဌာန ဖြစ်ပါတယ်။ ကိုယ်နဲ့ တိုက်ရိုက် သက်ဆိုင် ပတ်သက်ပြီး ကိုယ့်ကို အကျိုး ကျေးဇူးပြုနေတဲ့ ဌာနအပေါ်မှာ ဒီလို Intension ထားပြီး ရေးတာကို ကြည့်ရင် လွဲတော့ လွဲနေပြီ ဆိုတာကို သိနိုင်ပါတယ်။ တကယ်တော့ လူတွေရှိရင် ပြဿနာတွေ ရှိနေမှာပါပဲ။ ဝန်ကြီး ဌာနတွေဆိုတာလည်း ဝန်ထမ်းပေါင်း သောင်းနဲ့ချီပြီး ပါဝင် ဖွဲ့စည်းထားတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းကြီးတွေ ဖြစ်ပါတယ်။ ဒီသောင်းဂဏန်း ကျော်တဲ့ ဝန်ထမ်းတွေထဲမှာ ခုဂဏန်း၊ ဆယ်ဂဏန်း စုန်းပြူးတွေ ပါတတ်တာ သဘာဝပါပဲ။ ဘယ်လူ့အဖွဲ့ အစည်းမှာမှ ဒီလို စုန်းပြူးတွေ မကင်းနိုင်ပါဘူး။ ဒါကြောင့် ဝန်ကြီး ဌာနတွေမှာ ဒီလို ပြဿနာတွေ ရှိတတ် တာကို ရိုးမယ်ဖွဲ့ အပြစ်မြင်နေစရာ အကြောင်း မရှိပါဘူး။ မသမာမှုတွေ ဖြစ်တယ်၊ အလွဲ သုံးစားမှုတွေ ဖြစ်တယ်၊ ဒါကို စစ်ဆေး တွေ့ရှိတဲ့အခါမှာ လုပ်ထုံး လုပ်နည်း အရ အရေးယူမယ်၊ ထောင်ချသင့်ရင် ထောင်ချမယ်၊ နောင်ဒါမျိုး ထပ်မဖြစ်အောင် ထိန်းမယ်။ ဒါဆိုရင် ပြီးပြီ မဟုတ်လား။ ဒီလို အခြေအနေ ဖြစ်ရပ်မျိုးကို ဌာန၊ အဖွဲ့အစည်းတိုင်း တစ်ချိန်မဟုတ် တစ်ချိန် ကြုံရ ဆုံရနိုင်တာ သဘာဝပါပဲ။
တကယ်တော့ ဒီဖြစ်စဉ်ဟာ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ဌာနကြီး (၅)ခုအနက်က သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း လက်အောက်မှာ ရှိတဲ့ သတင်းစာတိုက် (၁)ခုရဲ့ ငွေအလွဲ သုံးစားမှုသာ ဖြစ်ပါတယ်။ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း လက်အောက်မှာ ရုံးချုပ်နဲ့ မြန်မာ့အလင်း၊ ကြေးမုံ၊ The New Light of Myanmar ဆိုတဲ့ သတင်းစာတိုက် (၃)တိုက်နဲ့ မြန်မာ့ သတင်းစဉ်တို့ ပါဝင်ပြီး အဲဒီ(၅)ခုလုံးဟာ ဖွဲ့စည်းပုံအရ သီးခြား ဘတ်ဂျက်နဲ့ ရပ်တည် လုပ်ကိုင် ဆောင်ရွက် နေကြတဲ့ ဌာနတွေ ဖြစ်ပါတယ်။
သတင်းစာတိုက်များမှာ စာတည်းပိုင်းနဲ့ အုပ်ချုပ်မှုပိုင်း ဆိုပြီး နှစ်ပိုင်း ရှိပါတယ်။ စာတည်းပိုင်းမှာ စာတည်းမှူးချုပ်၊ ဒုတိယ စာတည်းမှူးချုပ်နဲ့ စာတည်းများက သတင်းစာ ထုတ်ဝေရေး ကိစ္စများကို စာဖောင် အတည်ပြုပြီးသည် အထိ ဆောင်ရွက်ရပါတယ်။ အုပ်ချုပ်မှု အပိုင်းမှာတော့ မန်နေဂျာ (၁)ဦးနဲ့ လက်ထောက် မန်နေဂျာ(၄)ဦး ဦးစီးပြီး သတင်းစာ အတည်ပြု စာဖောင် ရရှိတာကစပြီး ပုံနှိပ်ခြင်း၊ ဖြန့်ဝေ ရောင်းချခြင်း၊ ငွေစာရင်း ထိန်းသိမ်းခြင်း၊ ကြော်ငြာ လက်ခံခြင်း အပါအဝင် အုပ်ချုပ်မှု ကိစ္စများ အားလုံးကို တာဝန်ယူ ဆောင်ရွက ရပါတယ်။ အခု မြန်မာ့အလင်း သတင်းစာတိုက်မှာ ဖြစ်ပွားခဲ့တဲ့ ငွေကြေး အလွဲ သုံးစားမှုများဟာ အုပ်ချုပ်မှု အပိုင်း တာဝန်ခံ ဆောင်ရွက်တဲ့ မန်နေဂျာနဲ့ လက်ထောက် မန်နေဂျာ အချို့ရဲ့ မသမာမှုများကြောင့် ဖြစ်ပွား ပေါ်ပေါက် ခဲ့ရခြင်းသာ ဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ လိုအပ်ချက်နဲ့ အညီ ပင်မ သတင်းစာ တိုက်များနဲ့ မြန်မာ့ သတင်းစဉ်တို့ကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရာမှာ မြန်မာ့အလင်း သတင်းစာတိုက်ဟာ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလမှာ နေပြည်တော်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပြောင်းရွှေ့ရာမှာ သတင်းစာတိုက်များရဲ့ စာတည်းမှူးချုပ်များ၊ ဒုတိယ စာတည်းမှူးချုပ်နဲ့ စာတည်းများ ပါဝင်တဲ့ သတင်းစာ ထုတ်လုပ်ရေး စာတည်း အပိုင်းသာ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး သတင်းစာတိုက်ရဲ့ အုပ်ချုပ်မှု အပိုင်းဟာ နေ့စဉ်ဖြန့်ချိနေတဲ့ သတင်းစာ စောင်ရေရဲ့ ၇ဝ% ကျော် ဖြန့်ချိ ပေးနေရတဲ့ ရန်ကုန်မှာ အများစု ကျန်ရစ်ခဲ့ပါတယ်။ စာတည်းမှူးချုပ်နဲ့ စာတည်းအဖွဲ့က နေပြည်တော်မှာ သတင်းစာ ထုတ်လုပ်ရေး လုပ်ငန်းများကို အဓိကထား လုပ်ဆောင်ပြီး ရန်ကုန်မှာ ကျန်ခဲ့တဲ့ မူလ သတင်းစာတိုက်ကြီးများကို ရန်ကုန် တိုက်ခွဲများ အဖြစ် ပြောင်းလဲ သတ်မှတ်ပြီး မန်နေဂျာ ဦးစီးတဲ့ လက်ထောက် မန်နေဂျာများနဲ့ ငွေစာရင်း၊ ဖြန့်ချိရေး၊ ကြော်ငြာနဲ့ ပုံနှိပ်ဆိုင်ရာ ကိစ္စများကို ဆက်လက် ဆောင်ရွက်စေခဲ့ပါတယ်။
ReplyDeleteအဲဒီလို ရန်ကုန်၊ နေပြည်တော် လုပ်ငန်း တာဝန် ခွဲခြား လုပ်ကိုင်ရင်း မြန်မာ့အလင်း သတင်းစာတိုက်ရဲ့ ၂ဝ၁ဝ- ၂ဝ၁၁ ခုနှစ် နှစ်ချုပ် လုပ်ငန်းနဲ့ စာရင်းများကို ပုံမှန် စစ်ဆေးနေကျ အတိုင်း ရန်ကုန် တိုင်းဒေသကြီး စာရင်းစစ်ရုံးက ၂ဝ၁၁ ခုနှစ် သြဂုတ်လမှာ ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။ အဲဒီလို ဝင်ရောက် စစ်ဆေးခဲ့ရာမှာ နယ်သတင်းစာ ကိုယ်စားလှယ်များက မြန်မာ့စီးပွားရေး ဘဏ်ခွဲ အသီးသီးကနေ ရန်ကုန်မြို့ မြန်မာ့ စီးပွားရေး ဘဏ်ခွဲ(၃)ကို ပေးပို့တဲ့ သတင်းစာဖိုး ငွေများဟာ ဘဏ်များကို ဝင်ရောက်ခြင်း မရှိဘဲ ငွေကျပ် သိန်းပေါင်းများစွာ ကွာခြားနေကြောင်း စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။ အဲဒီလို ကွာခြားနေတဲ့ အတွက် နိုင်ငံတော်က ရသင့်တဲ့ ငွေကြေးများကို အမြန်ဆုံး ပြန်လည် ပေးသွင်းရန် စာရင်းစစ်အဖွဲ့ရဲ့ တိုက်တွန်းချက် အရ အုပ်ချုပ်မှု ကိစ္စရပ်များကို အနီးကပ် ကြီးကြပ် တာဝန်ယူ နေရတဲ့ မန်နေဂျာ ဖြစ်သူက ကွာခြားငွေရဲ့ အချို့အဝက်ကို ပြန်လည် ပေးသွင်းပြီး စာရင်းစစ် ကန့်ကွက်ချက်ကို ပယ်ဖျက်နိုင်ဖို့ ကြိုးစားခဲ့ကြောင်း တွေ့ရှိရပါတယ်။
ဒါပေမယ့် ဒီလို ငွေကြေး ကွာခြားမှု ပမာဏ ကြီးမားတဲ့ အခြေအနေကို သင်္ကာမကင်း ဖြစ်တဲ့အတွက် စာရင်းစစ် အဖွဲ့အနေနဲ့ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်ရဲ့ ပထမ(၄)လဖြစ်တဲ့ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်လများရဲ့ စာရင်းများကို ဆက်လက် စစ်ဆေးခဲ့ရာမှာ ငွေကြေး ကွာခြားချက်တွေကို ထပ်မံတွေ့ရှိခဲ့ရပါတယ်။ အဲဒီ ကွာခြားငွေတွေကို ကာယကံရှင်များက ပြန်လည် ပေးသွင်းခြင်း၊ ကြိုတင်စာရင်းမှ ခုနှိမ်ခြင်း၊ အဲဒီဘဏ္ဍာနှစ် အတွင်း ရရန်ကျန်ငွေများ ဧပြီလတွင် ဘဏ်သို့ ဝင်လာခြင်းများ ရှိခဲ့သည့်တိုင် တာဝန်ရှိသူ မန်နေဂျာများ အနေနဲ့ နိုင်ငံတော်သို့ ပေးသွင်းရန် ကျပ်သိန်းထောင်ချီ ကျန်ရှိနေတာကို တွေ့ရှိရပါတယ်။
အဲဒီလို ငွေကွာခြားမှုများနဲ့ ပတ်သက်ပြီး စိစစ်ခဲ့ရာမှာ မန်နေဂျာနဲ့ လက်ထောက် မန်နေဂျာ (ဖြန့်ချိရေး)တို့ဟာ နယ်သတင်းစာ ကိုယ်စားလှယ်များရဲ့ ပေးသွင်းငွေများကို သတင်းစာ တိုက်ပိုင်ငွေစာရင်း အမှတ်သို့ တိုက်ရိုက် ပေးသွင်းခြင်း မပြုစေဘဲ သူတို့ဆီကို သီးခြား ငွေလွှဲစေပြီး ချလံအတုများနဲ့ စာရင်းသွင်းခြင်း၊ ရန်ကုန် ကိုယ်စားလှယ်များရဲ့ သတင်းစာဖိုး ပေးသွင်းငွေများကို တရားမဝင် တိုက်ရိုက် လက်ခံ ရယူပြီး ချလံအတု၊ ပြေစာအတုများနဲ့ ငွေပေးသွင်းပြီးကြောင်း လိမ်လည် စာရင်း အစစ်ခံခဲ့ခြင်းများ ဆောင်ရွက် ခဲ့ပါတယ်။ အလားတူ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် အရ ဌာနတွင်း အလွဲသုံးစားမှုတွေ မဖြစ်ရအောင် သတင်းစာတိုက် အချင်းချင်း ဌာနတွင်း အပြန်အလှန် စာရင်း စစ်ဆေးမှုတွေ ဆောင်ရွက်ရာမှာလည်း၊ ဒီလို ချလံအတု၊ ပြေစာ အတုတွေနဲ့ လိမ်လည်ပြီး ကျော်လွှားခဲ့ပါတယ်။ ဒီလိုနည်းနဲ့ သက်ဆိုင်ရာ ဘဏ်ကို ဝင်ရမယ့် ငွေတွေကို သူတို့လက်ထဲ အရောက် တိုက်ရိုက် လက်ခံပြီး ကိုယ်ကျိုး အတွက် အလွဲသုံးစား ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီလို ငွေစာရင်း ကွာခြားမှုများ ဖြစ်ပွား ပေါ်ပေါက်ခဲ့တဲ့ အတွက် ၉-၉-၂ဝ၁၁ ရက်နေ့ မှာ မြန်မာ့အလင်း မန်နေဂျာ၊ လက်ထောက် မန်နေဂျာ (ငွေစာရင်း)နဲ့ လက်ထောက် မန်နေဂျာ (ဖြန့်ချိရေး) တို့ကို တာဝန်က ရပ်စဲပြီး အခြား မန်နေဂျာ တစ်ဦးနဲ့ လက်ထောက် မန်နေဂျာ(၂)ဦးတို့ကို တာဝန် လွှဲပြောင်း ထမ်းဆောင် စေခဲ့ပါတယ်။ အဲဒီလို တာဝန် လွှဲပြောင်း လက်ခံ ဆောင်ရွက်ရာမှာ မန်နေဂျာ (အဟောင်း)နဲ့ လက်ထောက် မန်နေဂျာ (ငွေစာရင်း) (အဟောင်း)တို့ (၂)ဦး ပူးပေါင်းပြီး မြန်မာ့အလင်း သတင်းစာတိုက်ရဲ့ ငွေထုတ် ချက်လက်မှတ်များနဲ့ နိုင်ငံပိုင်ငွေများကို အလွဲသုံးစားပြု ထုတ်ယူ သုံးစွဲထားကြောင်း ထပ်မံစိစစ် ဖော်ထုတ် တွေ့ရှိခဲ့ရပါတယ်။
ReplyDeleteသတင်းစာ တိုက်များဟာ ကိုယ်ပိုင် ဘတ်ဂျက်နဲ့ သီးခြား ရပ်တည် ဆောင်ရွက်နေတာ ဖြစ်ပြီး ဘတ်ဂျက်ထဲမှ ငွေထုတ်ယူခွင့်ကို စာတည်းမှူးချုပ်၊ မန်နေဂျာ၊ လက်ထောက် မန်နေဂျာ (ငွေစာရင်း)တို့ (၃)ဦး အနက် (၂)ဦးက လက်မှတ် ရေးထိုးပြီး ထုတ်ယူရတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ ယခုကိစ္စမှာ မြန်မာ့အလင်း မန်နေဂျာနဲ့ လက်ထောက် မန်နေဂျာ (ငွေစာရင်း)တို့ဟာ ဦးဆောင် ညွှန်ကြားရေးမှူး ထံကရော စာတည်းမှူးချုပ်ထံကပါ ခွင့်ပြုချက် ရယူခြင်း မရှိဘဲ ၎င်းတို့ (၂)ဦး ပူးပေါင်းပြီး ချက်လက်မှတ်များ ရေးထိုး အသုံးပြုကာ မိမိသဘော အလျောက် လိမ်လည် ထုတ်ယူ သုံးစွဲသွားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ဖော်ပြပါ ငွေကြေး ကွာဟမှုတွေ၊ အလွဲသုံးစားမှုတွေ၊ ငွေကြေး လိမ်လည် ထုတ်ယူမှုတွေနဲ့ စပ်လျဉ်းပြီး တာဝန်ရှိသူ မန်နေဂျာ (အဟောင်း)နဲ့ လက်ထောက် မန်နေဂျာ (အဟောင်း) (၂)ဦး ပေါင်း (၃)ဦးတို့ကို စာတည်းမှူးချုပ်က တရားလို ပြုလုပ်ပြီး ၁ဝ-၉-၂ဝ၁၁ ရက်နေ့မှာ အမှုဖွင့် အရေးယူ ဆောင်ရွက် ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်စေရန်နဲ့ တာဝန် ရှိသူများကို စစ်ဆေး ဖော်ထုတ် နိုင်စေရန် အတွက် ၁၁-၉-၂ဝ၁၁ ရက်နေ့မှာ ဦးဆောင် ညွှန်ကြားရေးမှူး(၁)ဦး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်အဖြစ် ညွှန်ကြားရေးမှူး (၃)ဦးပါဝင်တဲ့ ဌာနဆိုင်ရာ စစ်ဆေးရေး အဖွဲ့ကိုလည်း ဖွဲ့စည်း စစ်ဆေးစေခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ဌာနဆိုင်ရာ စစ်ဆေးရေး အဖွဲ့အနေနဲ့ သက်သေ (၂၇)ဦးကို ခေါ်ယူ စစ်ဆေးခဲ့ပြီး သတင်းစာဖိုး ရငွေများ ကွာခြားမှု၊ ဌာနပိုင်ငွေများကို ဘဏ္ဍာရေး စည်းမျဉ်းနဲ့ မညီဘဲ ထုတ်ယူမှုများမှာ မန်နေဂျာ၊ လက်ထောက် မန်နေဂျာ (ဖြန့်ချိရေး)နဲ့ လက်ထောက် မန်နေဂျာ (ငွေစာရင်း) တို့ (၃)ဦးမှာ တာဝန် ရှိကြောင်း စစ်ဆေး ဖော်ထုတ် တင်ပြခဲ့ကြပါတယ်။ စာတည်းမှူးချုပ်ရဲ့ အနီးကပ် အုပ်ချုပ်မှု ကင်းကွာနေတဲ့ အချိန်မှာ ၎င်းတို့ (၃)ဦး ပူးပေါင်းပြီး နိုင်ငံပိုင် ငွေများကို ရည်ရွယ်ချက် ရှိရှိ အကွက်ချပြီး လိမ်လည်ရယူ အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
အဲဒီ ပြစ်မှု ကျူးလွန်သူ (၃)ဦးကို ဗဟန်းမြို့နယ် ရဲစခန်းမှာ ပြစ်မှုပုဒ်မ (၄ဝ၉/၄၂ဝ/၄၆၈)တို့နဲ့ ဦးစွာ အမှု ဖွင့်ခဲ့ပြီးနောက် အများနှင့် သက်ဆိုင်သော ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၃)နဲ့ ပြောင်းလဲ တရား စွဲဆိုခဲ့ပါတယ်။ ရန်ကုန် တိုင်းဒေသကြီး အနောက်ပိုင်း ခရိုင် တရားရုံးကနေ ပြစ်ကြီး (၇၇/ ၇၈/၇၉/၈ဝ-၂ဝ၁၁)ဖြင့် တရားစွဲဆိုပြီး အမှုဖွင့် စစ်ဆေး အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။ ပထမဆုံး ရုံးချိန်းကို (၁၂-၁-၂ဝ၁၂)ရက်နေ့မှာ စတင် စစ်ဆေးခဲ့ပြီး ယခုအထိ သက်သေ (၃)ဦး စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။
ဒါတွေဟာ ပြန်ကြားရေး ဝန်ကြီးဌာန ဆိုပြီး The Voice ဂျာနယ်က ခေါင်းတပ် ရေးသားခဲ့တဲ့ မြန်မာ့ အလင်း သတင်းစာတိုက်ရဲ့ ဖြစ်စဉ် အမှန်များပဲ ဖြစ်ပါတယ်။ ဝန်ကြီးဌာန အနေနဲ့ ဌာနကြီး အားလုံးမှာ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်း စည်းကမ်းတွေ တိတိကျကျ သတ်မှတ် ထားရှိပြီး တစ်ဖက်ကလည်း စစ်ဆေး ကြပ်မတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ငွေကြေးနဲ့ အုပ်ချုပ်မှု ကိစ္စ အားလုံးကို တာဝန်ယူရတဲ့၊ စစ်ဆေး ကြပ်မတ်ဖို့ တာဝန်ရှိတဲ့ သတင်းစာတိုက် မန်နေဂျာ၊ လက်ထောက် မန်နေဂျာ အဆင့်များ ကိုယ်တိုင်က သူတော်ချင်းချင်း သတင်း လွေ့လွေ့ ပေါင်းဖက်တွေ့ပြီး မသမာမှုတွေကို ပိပိရိရိ ပူးပေါင်း ကြံစည် လုပ်ဆောင် သွားခြင်းသာ ဖြစ်ပါတယ်။
သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း အနေနဲ့လည်း သတင်းစာတိုက်များရဲ့ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများ၊ ဖြန့်ချိရေး လုပ်ထုံး လုပ်နည်းများ အသေးစိတ် သတ်မှတ် ညွှန်ကြား ဆောင်ရွက် ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ပြစ်မှု ကျူးလွန်သူများ အနေနဲ့ မသမာသူ အချင်းချင်း ပူးပေါင်းမိပြီး အဲဒီ သတ်မှတ်ချက် စည်းမျဉ်း စည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ စာရင်းဇယားများ ယေဘုယျ ကိုက်ညီအောင် ဖုံးကွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ အကွက်စေ့စေ့ လိမ်လည်ထားတဲ့ အတွက် ဒီအားနည်းချက်ကို မဖော်ထုတ်နိုင်ဘဲ ဒီလောက်အထိ ကာလ ကြာမြင့်စွာ အမြစ်တွယ် လှိုက်စားနေရခြင်း ဖြစ်ပါတယ်။
ReplyDeleteသို့သော် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း လက်အောက်မှာ ရှိတဲ့ ရုံးချုပ် အပါအဝင် အခြား ကြေးမုံ၊ The New Light of Myanmar နဲ့ သတင်းစဉ်တို့မှာ သီးခြား ဘတ်ဂျက်ဖြင့် လုပ်ထုံး လုပ်နည်း အတူတူပင် ဆောင်ရွက်ကြခြင်း ဖြစ်သော်လည်း ငွေကြေးနဲ့ ပတ်သက်လို့ မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ မရှိခဲ့တာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် မြန်မာ့အလင်း သတင်းစာတိုက်ရဲ့ ဖြစ်စဉ်ဟာ ကြီးကြပ် ကွပ်ကဲမှုနဲ့ လုပ်ထုံး လုပ်နည်းရဲ့ အားနည်းချက်ကြောင့် ဆိုတာထက် ရန်ကုန်မှာ သီးခြား လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ရရှိနေတဲ့ မသမာသူ ဝန်ထမ်း တစ်စုရဲ့ ပူးပေါင်း ကြံစည် လုပ်ဆောင်ချက်ကြောင့်သာ ဖြစ်ကြောင်း သုံးသပ်တွေ့ရှိနိုင် ပါတယ်။ အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေး အတွက် ယခုအခါ စစ်ဆေး ကြပ်မတ် ကွပ်ကဲမှုတွေကို အရင်ကထက် အများကြီး ပိုပြီး ဆင့်ကဲဆင့်ကဲ အလေးထား ဆောင်ရွက်လျက် ရှိပါတယ်။
ဒီလို စုန်းပြူး ဝန်ထမ်း (၃)ယောက် ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ပြန်ကြားရေး ဝန်ကြီးဌာန တစ်ခုလုံး သိမ်းကြုံးပြီး ရေးသား ဖော်ပြခဲ့တာဟာ စာနယ်ဇင်း ကျင့်ဝတ်အရ ဆိုရင်တော့ သတင်းထောက်နှင့် အယ်ဒီတာက စာဖတ်သူကို Misleading တလွဲ လမ်းကြောင်း ပေးရာ ရောက်စေတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်တော့ မီဒီယာဆိုတာ ဘက်မလိုက်ဘဲ ဖြောင့်မတ် မှန်ကန်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အကြောင်းအရာ တစ်ရပ်ကို ဖော်ပြရာမှာ ရေးသားသူရဲ့ ဆန္ဒစွဲကိုလိုက်ပြီး ရှုထောင့်တစ်ခုတည်းကနေ မကြည့်ဘဲ ဘက်စုံ ထောင့်စုံကနေ ကြည့်ပြီး ရေးသားဖို့ လိုပါတယ်။ ဒီနေ့အခါလို လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံ တရားကို ယှဉ်တွဲ ကျင့်သုံးကြဖို့ လိုအပ်နေဆဲ အခြေအနေမှာ လွတ်လပ်မှုကိုသာ ရယူလိုပြီး တာဝန်ယူမှုကို မျက်နှာ လွှဲနေမယ် ဆိုရင် အမှားကြီး မှားပါလိမ့်မယ်။
The Voice ဂျာနယ်ရဲ့ အဲဒီသတင်းကို စာပေစိစစ်က ခိုင်မာတဲ့ အထောက် အထား ပြန်တင်ပြပေးဖို့ အတွက် ခေတ္တ ဆိုင်းငံ့ဖို့ အကြောင်း ကြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် The Voice ဂျာနယ်က သူ့သဘော သူဆောင်ပြီး ဒီသတင်းကို ဆက်ပြီး ထည့်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါသည်ပင်လျှင် ထုတ်/တင် စနစ်ကို ကျင့်သုံးနေရဆဲ သတင်း ဂျာနယ်တစ်စောင် အတွက် စည်းကမ်း ဖောက်ဖျက်မှု မြောက်ပါတယ်။
ချုပ်ပြီးပြောရရင် ဒီလို မသမာသူ စုန်းပြူး ဝန်ထမ်းတစ်စုရဲ့ အလွဲ သုံးစားမှုတွေဟာ ဌာနတိုင်း၊ အဖွဲ့စည်းတိုင်းမှာ ဖြစ်တတ်၊ ရှိတတ်ပါတယ်။ ဘယ်လောက်ပဲ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းတွေနဲ့ တင်းတင်း ကြပ်ကြပ် ကိုင်တွယ် ထိန်းချုပ် ထားစေကာမူ ဂယ်ပေါက် ဆိုတာ၊ အားနည်းချက် လစ်ဟာမှု ဆိုတာ ရှိတတ်စမြဲပါပဲ။ ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ ဖြစ်လာတဲ့ ပြဿနာအပေါ် မှန်မှန် ကန်ကန် ဖြေရှင်း ဆောင်ရွက်တယ်၊ အထက် အဆင့်ဆင့်ကိုလည်း တရားဝင် သတင်းပို့ပြီး လူသိရှင်ကြား တရားရုံးမှာ အမှုဖွင့် တရားစွဲဆို ဆောင်ရွက်နေတယ်၊ နောင်မဖြစ်အောင်လည်း လိုအပ်တဲ့ ထိန်းသိမ်း ကွပ်ကဲ ကြပ်မတ်မှုတွေကို ဆင့်ကဲဆင့်ကဲ အလေးထား ဆောင်ရွက် နေတယ်။ ဒါကို မီဒီယာတွေ အနေနဲ့ အကြောင်းနဲ့ အကျိုးနဲ့ မျှမျှတတ မြင်တတ်ဖို့၊ တင်ပြတတ်ဖို့ လိုပါတယ်။ The Voice ဂျာနယ် အပါအဝင် မြန်မာ စာနယ်ဇင်း အားလုံး အနေနဲ့ စတုတ္ထမဏ္ဍိုင် အဖြစ် ပြည်သူက အားကိုး အားထား ပြုထိုက်တဲ့ မီဒီယာ ကောင်းတွေ၊ မီဒီယာ ကျင့်ဝတ်နဲ့ ညီညွတ်ပြီး လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတ ရားကို မျှမျှတတ ယှဉ်တွဲ ကျင့်သုံးတတ်တဲ့ မီဒီယာကောင်းတွေ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
စာတည်းတစ်ဦး
ဟုတ်ပါတယ်
ReplyDeleteကျွန်တော် ကျော်ဆန်းနဲ့ အောင်သောင်းလက်ချက်ပါ
အလွှဲသုံးစားပြုမိပါတယ်
သတိလက်ယာ ပညာလက်ဝဲ ယှဉ်မြဲသင့်စွာ မီဒီယာ
ReplyDeleteသပြေ
မတ်လ ၁၉၊ ၂၀၁၂
________________________________________
________________________________________
ဗုဒ္ဓမြတ်စွာဘုရားရဲ့ အာဠာဝကသုတ္တာန်မှာ မဟုတ်မမှန် အကျိုးမရှိတဲ့စကား၊ ဟုတ်မှန်သော်လည်း အကျိုး မရှိတဲ့ စကားတွေကိုမဆိုရာဘဲ ဟုတ်မှန်ပြီး အကျိုးရှိတဲ့စကားကိုသာ ဆိုရာ၏လို့ တွေ့ရှိမှတ်သားရပါတယ်။
လောကမှာ အကောင်းနဲ့အဆိုး၊ အပူနဲ့အအေး၊ အဖြူနဲ့အမည်း၊ အမှန်နဲ့အမှား၊ သုခနဲ့ဒုက္ခ၊ ဖြစ်-ပျက်ဆိုတဲ့ လောကနိယာမတွေ ယှဉ်တွဲရှိနေတာကို အကောင်းမြင်ဝါဒနဲ့ ရှုမြင်မှသာ ဖြေသိမ့်နိုင်မှုနဲ့အတူ အေးချမ်းမှု ရရှိနိုင်မှာ ဖြစ်ပါတယ်။ အကောင်းမမြင်ပါက လောဘ၊ဒေါသ၊မောဟစိတ်ဆိုတဲ့ အပူမီးတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆရာတော်ကြီး များရဲ့ ညွှန်ပြမှုတွေဟာလည်း ဘ၀မှာနေတတ်ထိုင်တတ် လုပ်တတ်ကိုင်တတ်ဖို့ နည်းလမ်းတွေပဲလို့ မြင်မိတယ်။
ဒါ့အပြင် အမြင်ကောင်းမှ စေတနာကောင်းပြီး အလုပ်ကောင်းမယ်၊ ကောင်းတာလုပ်ရင် ကောင်းတာခံရ မယ်ဆိုတဲ့ အဆုံးအမတွေကြောင့် ယုံကြည်ချက်၊ ခံယူချက်တွေ ပိုမိုခိုင်မြဲစေတာဖြစ်ပါတယ်၊ အဲဒီ လူမှုဘ၀၀န်းကျင် မှာ စကားပြောခြင်းဟာ ပေါင်းကူးတံတားဖြစ်တာကြောင့် မှန်သော ကောင်းသောစကား ပြောတတ်ဆိုတတ်ရန်နဲ့ စကားအရာမှာ အမှားမပါဖို့ “သတိလက်ယာ၊ ပညာလက်ဝဲ ယှဉ်အမြဲနှင့်” ဆောင်ပုဒ်ကို လက်ကိုင်ထားကြရတာ မဟုတ်ဘူးလား။
“နှုတ်တစ်ရာစာတစ်လုံး၊ စာတစ်ထောင်ဓါတ်ပုံတစ်ပုံ” ဆိုတာကြောင့် ယနေ့လူထုဆက်သွယ်ရေးယန္တရား ဖြစ်တဲ့ မီဒီယာရဲ့အရေးပါမှုနဲ့ အကျိုး/အပြစ်တွေဟာလည်း မီဒီယာကိုင်တွယ်ဖန်တီးသူများအပေါ်မှာ တည်မှီနေတာ ဖြစ်ပါတယ်၊ ဟုတ်မှန်သော်လည်း အကျိုးရှိစေမယ့်စကား၊ မှန်သောကောင်းသောစကား၊ အကောင်းမြင်ဝါဒ၊ စေတနာနဲ့အလုပ်၊ သတိနဲ့ပညာဆိုတဲ့ အရာတွေဟာ ဒီကနေ့ စတုတ္ထမဏ္ဍိုင်ဖန်တီးသူ မီဒီယာသမားတွေလက်ကိုင် ထားရမယ့် “လွတ်လပ်မှု၊ တာဝန်ယူမှုနဲ့ ဆင်ခြင်တုံတရား”တွေပဲ ဖြစ်ပါတယ်။
၂၀၁၁ စက်တင်ဘာလ ၉ရက်က ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှာရှိတဲ့ မြန်မာ့အလင်းသတင်းစာတိုက်မှာ မန်နေဂျာနဲ့ ၀န်ထမ်း(၂)ဦးပေါင်းပြီး ချလံအတု၊ ပြေစာအတုတွေနဲ့ အကွက်ကျကျ ငွေကြေးမသမာမှုပြုလုပ်တဲ့ အဂတိလိုက်စားမှုကို စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် နိုင်ငံတော်ပိုင်ငွေတွေပြန်ရအောင် အချိန်မီဖမ်းဆီး ထိန်းသိမ်းပြီး တရားစွဲဆိုအရေးယူခဲ့တယ်။ တာဝန်ရှိသူတွေက “ဆွမ်းဆန်ထဲ ကြွက်ချေးရော” နေတာသိလျှင်သိချင်း လက်မခံဘဲ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုပ်ရအောင်” ထိရောက်စွာ အရေးယူ နိုင်ဖို့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့တာလို့ သိရတယ်။
အဲဒီလို နိုင်ငံတော်ပိုင်ငွေကြေးအပေါ် အလွဲသုံးစားလုပ်ရပ်မျိုးကို ပြန်ကြားရေးဝန်ကြီးဌာနအပါအ၀င် နိုင်ငံ တော်အစိုးရအဖွဲ့အစည်းရဲ့ ဘယ်ဝန်ကြီးဌာနမဆို ပူးပေါင်းပါဝင်ဖေးမမှု ပြုလုပ်မှာမဟုတ်ဘဲ လေးလေးနက်နက် သဘောထားမှုနဲ့အတူ တာဝန်ရှိသူတွေကို စိစစ်ဖော်ထုတ်ပြီး တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေကြ ချိန်မှာ တချို့မီဒီယာတွေက ခြေခြေမြစ်မြစ်မလေ့လာဘဲ “သွားပုပ်လေလွင့်”၊ “၀ါးလုံးရှည်နဲ့ရမ်း”နေတဲ့ သတင်းတွေ ဖော်ပြခဲ့တယ်၊ “အပြောမတတ်တော့ အပတ်မပြေ”၊ “ကျမ်းကျွံသော်နုတ်ရ စကားကျွံသော်နုတ်မရ”၊ “နှုတ်တစ်ရာ စာတစ်လုံး”ဆိုတော့ မီဒီယာတွေအတွက် ဆင်ခြင်တုံတရားဆိုတာ မလိုအပ်ဘူးလား။
မတ်လ ၁၄ရက်က နိုင်ငံတကာသတင်းတွေထဲမှာ အမေရိကန်တပ်ကြပ်ကြီးတစ်ဦးကြောင့် အာဖဂန်နစ္စတန် နိုင်ငံမှာ အရပ်သား(၁၆)ဦး သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး သမ္မတအိုဘားမားက အရပ်သားတွေကို သတ်ဖြတ်တာ ဟာ ရက်စက်ရမ်းကားတာဖြစ်လို့ လက်ခံနိုင်စရာမရှိဘူး၊ “ဒါဟာ အမေရိကန်နိုင်ငံ (ဒါမှမဟုတ်) အမေရိကန်စစ်တပ်ရဲ့ လုပ်ရပ်မျိုးမဟုတ်ဘူး၊” လေးလေးနက်နက်သဘောထားပြီး တာဝန်ရှိသူကို ထိရောက်စွာအရေးယူမယ်လို့ ပြောကြား သွားပါတယ်။
အခုအချိန်မှာ နိုင်ငံတကာအစိုးရတွေနဲ့ လူထုအဖွဲ့အစည်းတွေထဲမှာ ဆန့်ကျင်နှောက်ယှက် မုန်းတီးလိုသူ တွေ၊ အမြတ်ထုတ်လိုသူတွေ၊ အခွင့်အရေးရယူလိုသူတွေ ပါဝင်နေတာကြောင့် စည်းလုံးညီညွတ်ရေးကိုဦးတည်ပြီး သတိကြီးစွာနဲ့ ဖော်ထုတ်သန့်စင်နေရတာ၊ ရှေးရှုလမ်းကြောင်းကို မဖဲ့စကောင်း မတိမ်းစောင်းစေဖို့ ၀ိုင်းဝန်း လုပ်ဆောင်ကြတာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ယနေ့ဒီမိုကရေစီနိုင်ငံတွေမှာ မီဒီယာတွေကို ထစ်ကနဲဆိုရင် တရားစွဲပြီးလက်တုန့်ပြန်ကြတာ၊ မဟုတ်မမှန် လို့၊ နစ်နာလို့၊ တရားစွဲသင့်စွဲထိုက်လို့ တရားစွဲခံရတာကစပြီး ချောင်းမြောင်းလုပ်ကြံတာ၊ အန္တရာယ်ပေး ရန်ပြုတာ တွေအထိ မြင်နေ၊ သိနေ၊ ကြားနေရတယ်၊ ဒါ့အပြင် မီဒီယာအရေခြုံ ခုတုံးလုပ်သူတွေ၊ မီဒီယာကို အမြတ်ထုတ် အသုံးချခံနေရတာတွေ ကြားသိနေရတာကြောင့် ခေတ်သစ်စနစ်သစ်နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းနေချိန်မှာ “သတိမမူ ဂူမမြင်” ဆိုသလို မဖြစ်သင့်မဖြစ်ထိုက်တာ မဖြစ်ပွားစေရေး အထူးဂရုပြု လုပ်ဆောင်ကြရမှာဖြစ်တယ် လို့ပဲ ကောက်ချက်ချမိပါတယ်။
မိမိလက်အောက်ငယ်သား
ReplyDeleteအလွဲသုံးစားလုပ်တာဟာ
တာဝန်အရှိဆုံးဟာ
သက်ဆိုင်ရာဝန်ကြီးဋ္ဌာနရဲ့အကြီးအကဲရဲ့။
တာဝန်မကြေလို့ဖြစ်တယ်။