Pages

Tuesday, January 10, 2012

ဝေဿန္တရာ၊ ဒီမိုကရေစီနှင့် ဆင်ဖြူတော် (ကဗျာရှင် နေရဲနီ)

ဝေဿန္တရာ၊ ဒီမိုကရေစီနှင့် ဆင်ဖြူတော်
အပိုင်း(၁)
ဝေဿန္တရာနှင့် ဒီမိုကရေစီ
(ကဗျာရှင် နေရဲနီ)

သံဃာအားကို ဘုရားသော်မှ မဆန်သာချေ။
ပြည်သူ့ဆန္ဒကိုလည်း တိုင်းပြည်အုပ်ချုပ်သော မင်းအစိုးရတို့
အလေး ဂရုပြုရပေမည်။

ငါးရာ့ငါးဆယ် နိပါတ်တော်လာ
ဝေဿန္တရာ ဇာတ်တော်သည်
သံသရာ၌ ကျင်လည်ရသော ဘုရားအလောင်းတော်၏
ပါရမီဆယ်ပါးအား ဖြည့်ဆည်းရာတွင်
နောက်ဆုံးဘ၀ ဖြစ်တော်မူ၏။
ဗုဒ္ဓဘာသာတွင် ဒီမိုကရေစီကို ရှာသော်
ဝေဿန္တရာဇာတ်တော်တွင် အထင်အရှားတွေ့နိုင်ပါ၏။

စေတုတ္တရာပြည်သည်
တရားနှင့်အညီ အုပ်ချုပ်သော သိဉ္စည်းမင်းကြီးကြောင့်
အစိုးရဟူသည် ရှိ၍ရှိမှန်း မသိရလောက်အောင်ပင်
အေးချမ်းသာယာဝပြော၏။
ကိုယ်ဝန်အရင့်အမာရှိသော ဖုဿတီမိဖုရားကြီးသည်
ပြည်သူ၊ ပြည်သားတို့အပေါ် စိုးရိမ်ကြောင့်ကြရှိလွန်း၍
တိုင်းခမ်းလှည့်လည်ရင်းပင်
ကုန်သည်တို့ သွားရာခရီးလမ်းမ၌
ဝေဿန္တရာမည်သော သားတော်ကို ဖွားမြင်သောည၌ပင်
ကောင်းကင်ယံ၌ ကျက်စားလေ့ရှိသော ဆင်ပျံတစ်ကောင်သည်
ပွတ်သစ်စခရုသင်း အဆင်းနှင့်တူသော ဆင်ဖြူတစ်ကောင်ကို
ဘုရင့်ဆင်တင်းကုပ်၌ ချထားခဲ့လေ၏။

မည်းနက်သောအလေ့ရှိသည့် ဆင်အား
ဖြူဝင်းသောအဆင်းနှင့် မြင်ရသောပြည်သူတို့သည်
ပစ္စယ ဟူ၍အမည်ပေးကာ တန်ဘိုးထား၏။
ဝေဿန္တရာမင်းသား အရွယ်ရောက်သော်
မဒ္ဒီဒေ၀ီနှင့် လက်ထပ်စေပြီး
သက်ဦးဆံပိုင် ပဒေသရာဇ်မင်းတို့၏
အစဉ်အလာအတိုင်း ထီးနန်းကိုလွှဲအပ်၏။
လောကအကျိုးကို ဆောင်ရွက်လိုသောကြောင့် လည်းကောင်း
သတ္တ၀ါတို့အားလည်း သံသရာ၌ ကျင်လည်ရသည်ကို
ကယ်တင်လိုသောကြောင့် လည်းကောင်း
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်တော်မူခဲ့သော
ဝေဿန္တရာမင်း၏ ဘုန်းတေဇာကြောင့်
တိုင်းပြည်သည် တိုး၍သာယာဝပြောသည်ကို
ပြည်သူတို့၏စိတ်တွင် ပစ္စယဆင်ဖြူ၏
တန်ခိုးကြောင့်ဟု ထင်မှတ်ကြလေ၏။

နိဗ္ဗာန်သို့သွားလိုသော်
သုမေဓာရသေ့ဘ၀မှာပင် ရောက်နိုင်သော်လည်း
သတ္တ၀ါတို့၏ အကျိုးစီးပွားကို ဆောင်လိုသောကြောင့်
ဘုရားအဖြစ်ကို ဆုပန်ခဲ့သော ဝေဿန္တရာမင်းသည်
အမျိုးမျိုးသော အလှူဒါနတို့ကိုပြု၏။

ကလိင်္ဂတိုင်း၌ မိုးခေါင်သောကြောင့်
ပြည်သူတို့ တန်ဘိုးထားသော ဆင်ဖြူအား အလှူခံခြင်းကို
သတ္တ၀ါတို့၏ အကျိုးစီးပွားကိုရှေးရှု၍
ပြည်သူ့ဆန္ဒမပါဘဲ မိမိသဘောဖြင့် လှူဒါန်းလေ၏။
တိုင်းသူပြည်သားတို့သည် ဆင်ဖြူလှူကြောင်း သိလေသော်
မင်းရင်ပြင်၌စုဝေးကာ သဘောတူညီမှု မရှိကြောင်း
မိမိတို့၏ဆန္ဒကို အကြမ်းမဖက်သောနည်းဖြင့်
လွတ်လပ်စွာ ထုတ်ဖေါ်ပြကြလေသည်။

ပြည်သူ့ဆန္ဒကို လေးစားမြတ်နိုး တန်ဘိုးထားသော
ပြည်သူတို့၏ စားဝတ်နေရေးကို
အမြဲစိုးရိမ်ကြောင့်ကြ အလေးဂရုထားတော်မူသော
မင်းကျင့်တရား ဆယ်ပါးကိုလေးစားလိုက်နာသော
နိုင်ငံဥသျှောင်ဖြစ်သော ခမည်းတော် သိဉ္စည်းမင်းကြီးသည်
ပြဿနာ၏ အကြောင်းချင်းရာကို
သေချာစွာလေ့လာစုံစမ်း စူးစမ်းထောက်လှမ်း မေးမြန်းပြီးသော်
ဥပဒေအထက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ 
မရှိစေလိုသောအားဖြင့်
ပြည်သူတို့၏ ဆန္ဒသဘောထားအတိုင်း
သားတော် ဝေဿန္တရာမင်းအား
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဖြင့်
ဟိမ၀န္တာဝင်္ကပါတောင် တောအရပ်သို့ ပြည်နှင်ဒဏ်ပေးလေ၏။

တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေသော
အာဏာရ ဘုရင်တပါးဖြစ်သည့် ဝေဿန္တရာမင်းသည်
မိမိကိုယ်တိုင်ကပင်လျှင် တရားဥပဒေစိုးမိုးရေးကို အလိုရှိရကား
ပြည်သူတို့အားလည်း မိမိကိုစံပြု၍ နမူနာ ယူစေလိုသောကြောင့်
ပြည်သူတို့၏ ဆန္ဒအတိုင်း မိမိအပေါ်၌ အရေးယူချမှတ်ထားသော
ခမည်းတော်၏ အမိန့်အာဏာကို
တစုံတရာ ဆန့်ကျင်ကန့်ကွက်ခြင်း
ကျိုးကြောင်းပြ၍ စောဒကတက်ခြင်း
အသနားခံစာတင်ခြင်း
လျှောက်လဲချက် ပေးခြင်းတို့ကို မပြုတော့ဘဲ
မိမိကိုယ်တိုင် တရားဥပဒေကို လေးစားလိုက်နာသောအားဖြင့်
ဇနီးမယား သမီးသားတို့နှင့်အတူ
ဟိမ၀န္တာဝင်္ကပါ တောအရပ်သို့ ထွက်တော်မူ လေတော့သည်။

နေရဲနီ
အပိုင်း(၂) ဆင်ဖြူတော် ဆက်လက် ဖော်ပြပေးပါမည်..

5 comments:

  1. ကိုရွှေတောသားJanuary 10, 2012 at 10:08 PM

    ဆင်ဖြူအကြောင်းဖတ်ရင်းနဲ့ သူတို့ကိုသတိရမိတယ် ။
    ၁ ။ တစ်စီးရှင်သီဟသူ တဲ့
    ၂ ။ ငါးစီးရှင်ကျော်စွာ တဲ့
    ၃ ။ ဆင်ဖြူမ ရှင် တဲ့
    ပြီးတော့ .........
    ၄ ။ ရှစ်စီးရှင်သိန်းစိန် ပေါ့ဗျာ ။

    ReplyDelete
  2. ဘကြီးမှုံ(နေပြည်တော်)January 11, 2012 at 12:13 AM

    အရင်ခေတ်ကသာယာဝပြောတဲ့တိုင်းပြည်ကမိုးခေါင်ရေရှားတဲ့တခြားတိုင်းပြည်
    ကို ဆင်ဖြူတော်လှူတာတွေရှိခဲ့ပေမဲ့ အခုခေတ်မှာက ဆင်ဝါကြန့်ကြန့်တော်
    တွေအများကြီးရှိတဲ့တိုင်းပြည်ဟာဆင်းရဲမွဲတေကြွေးထူနေပါရောလား၊

    ReplyDelete
  3. ကောင်းတယ်
    ဦးနေ ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete
  4. ဒီလိုတွေရေးပြနေလဲ.ဒီစစ်အုပ်စုသူခိုးများကဂရုစိုက်မှာမဟုတ်ပါဘူး.
    ဘယ်သူသေသေငတေမာရင်ပီးရောဆိုတဲ့လူ့.အတ္တတွေ.ပြည်သူ့ဆန္ဒကိုလေးစားဖို့ဝေးသေး.
    အကုန်လုံးငတ်သေအေးရော.တို့စစ်အုပ်စု.စစ်ဗိုလ်တွေပဲ.နေချင်သလိုနေ.စားချင်သလိုစားမယ်
    ဆိုတဲ့လူစားမျိုးတွေ.ကျွှဲပါးစောင်းတီးဆိုတဲ့စကားက.အဲ့ဒီသူခိုးစစ်ဗိုလ်တွေအတွက်ပဲ.
    ခုလဲတစ်ကျော့ပြန်အာဏာသိမ်းဦးမယ်ဆိုပဲ.တစ်ကဲ့ကိုပဲလူမဆန်တဲ့စစ်ဗိုလ်တွေပဲ.
    ငတက်ပြားနဲ့လူသတ်သမားဗိုလ်သင်တန်းကျောင်းကိုပိတ်ထားလိုက်တာ.အကောင်ဆုံးပဲ.
    တစ်နေ့တစ်ခြား.ပိုပိုဆိုးလာတယ်.ငတက်ပြားနဲ့လူသတ်သမားပိုတိုးလာတာပဲရှိတယ်.
    လူထုကတော့မွဲပီးရင်းမွဲရင်းပဲ.

    ReplyDelete
  5. White elephant!. Go and ask the children they will innocently answer you, what colour it is.
    Colour blinds govern Burma.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။