ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label ခရီသွားမှတ်တမ်း. Show all posts
Showing posts with label ခရီသွားမှတ်တမ်း. Show all posts

ခရီးသွားမှတ်တမ်း(၂) ဟိုပုံး ထမ်းဆမ်းဂူ..

ခရီးသွားမှတ်တမ်း(၂) ဟိုပုံး ထမ်းဆမ်းဂူ.. 

 ဒီတခေါက်မြန်မာပြန်ခရီး ထွက်စဉ် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နဲ့ ၂၅မိုင်ခန့်ဝေးတဲ့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ တည်ရှိတဲ့ ထမ်းဆမ်းဂူကို ရောက်ရှိခဲ့တဲ့ အကြောင်းလေးပါ..။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ အလှကို မနက်စောစော ရွှေဘုန်းပွင့် စေတီပေါ်က ကြည့်ရှုခဲ့ရပြီး သကာလ.. တောင်ကြီးက မိတ်ဆွေရဲ့ ကောင်းမှုနဲ့ ရင်သပ်ရှုမောဖွယ် ထမ်းဆမ်းထုံးကျောက် လှိုဏ်ဂူကို ရောက်ခဲ့ပါတယ်..။ တောင်ကြီးက ဟိုပုန်းထိ ၁၂မိုင်၊ ဟိုပုန်းကနေ ၁၄မိုင်လောက် ထပ်သွားရင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ တည်ရှိတဲ့ ထမ်းဆမ်းဂူကို ရောက်ပါတယ်...။ လမ်းတွေကလည်း ယခင်နဲ့မတူ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့် ပေးထားတဲ့ အတွက်ဖြောင့်ဖြူးသာယာနေလို့ ၁နာရီကျော်ကျော် လောက်အတွင်းမှာ ရောက်ရှိသွားပါတယ်...။ 

လမ်းခရီးမှာတော့ ၂၀၁၁ခုနှစ်က ကျွန်တော့်ဆီ တိုင်စာတွေ ရောက်လာဘူးတဲ့ ပင်းပက်သံမဏိစီမံကိန်းကို တွေ့ခဲ့ရလို့ ပြုံးမိပါသေးတယ်..။ တောင်ကြီး ဟိုပုန်းလမ်းဟာ အင်မတန်မှာ သာယာလှပတဲ့ မြင်ကွင်းတွေနဲ့ ပြည့်နှက်နေလို့ ကင်မရာကို အလွတ်မပေးနိုင်ပဲ မှတ်တမ်းတွေ တပွေ့တပိုက်နဲ့ပေါ့။ တုခတော့ ပြောချင်သည် ကျွန်တော်တို့ နိုင်ငံမှာ ဆိုင်းဘုတ်တွေမှာ ဆောင်ပုဒ်တွေ လုပ်ဆောင်ချက်တွေကတော့ ပျံလန်ထွက်နေတာပါပဲ..။ ဥပမာ အနေနှင့် ဥတုရာသီ တောကိုမှီတို့ သစ်ပင်ခုတ်က ထောင်ဒဏ်(၃)နှစ်တို့ ဘာတို့ စသည့် ဆိုင်းဘုတ်များ တောင်ပေါ်မြို့များရဲ့ မြို့အဝင် မြို့အထွက်များမှာ အစီအရီမြင်နေရပါတယ်..။ 

ထို့ကြောင့်လားမသိ မြို့အဝင် မြို့အထွက် လူမြင်ကွင်းများတွင် သစ်ပင်များ စိမ်းစိမ်းစိုစို စိုစိုပြေပြေမြင် တွေ့နေရသော်လည်း မြို့နဲ့ ဝေးတဲ့ နေရာများမှာတော့ တောင်ကတုံးများ နေရာအနှံ့ပေါ့..။ နီးရာလူမြင်ရာ သစ်ပင်များ စိုက်နေကြသလားလို့ပါ..။ ဓာတ်ပုံရိုက်လိုက် ပြင်ပ ရှုခင်းတွေ ကြည့်လိုက်နဲ့ ရောက်လို့ ရောက်မှန်းမသိ ၁နာရီကျော်ကျော်လေးမှာ ရောက်ရှိခဲ့ပါတယ်..။ 
ရင်သပ်ရှုမောဘွယ်ရာ ထမ်းဆမ်းထုံးကျောက်ဂူဟာ ရှေးယခင်ကတည်းက ဟိုပုံး၊ လွိုင်လင်လမ်းဘေးမှာ ရှိပေမယ့် မည်သူမျှ မသိရှိခဲ့ပါဘူး။ လိုက်ပို့တဲ့ ဒေသခံရဲ့ ပြောပြချက်အရ ၂၀၀၉ခန့်က ဟိုပုံးကိုရင်လေး(ရှင်ပေါရိသ)ရဲ့ အိပ်မက်အရနဲ့ နွားကျောင်းသားလေးတဦးမှ တွေ့ရှိခဲ့ပြီး ယခုကဲ့သို့ လူအများကြည့်ရှုနိုင်အောင် (ဟိုပုံးကိုရင်လေး)နဲ့ ဒေသံခံတွေရဲ့ ကြိုးစားမှုနဲ့ ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်..။

 ထမ်းဆမ်းဂူရဲ့ ထူးခြားချက်ကတော့ ကျွန်တော် ရောက်ရှိခဲ့တဲ့ မေမြို့ပိတ်ချင်းမြှောင်တို့၊ ပင်းတယဂူတို့နဲ့ မတူပဲ အထဲမှာ ရင်သပ်ရှူမောဖွယ်ရာ ကျောက်စက်ပန်းဆွဲများနဲ့ အင်မတန်မှ လှပကျယ်ဝန်းလှတဲ့ သက်တမ်းရင့် ဂူတခုဖြစ်တာပါပဲ..။ ကျောက်စက်ပန်းဆွဲတို့ရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်နေတဲ့ မြင်ကွင်းအလှကတော့ စာဖွဲ့မပြတတ်အောင်ပါပဲ။ ဂူထဲမှာတော့ မိုးတွင်းကာလဖြစ်တဲ့ အတွက် ရေထွက်ပေါက်မှ ရေးများတဝေါဝေါ ထွက်လာတဲ့ အသံကတော့ ဂူထဲမှာ ပဲ့တင်သံထွက်နေပြီး ဂူထဲမှ ကြီးမားတဲ့ ရေထွက်ပေါက်ကလည်း အံ့သြစရာပါ..။

 ယခင်ကနိုင်ငံခြားသားများ လာရောက်ခွင့် မရခဲ့ပေမယ့် မကြာမှီကမှ နိုင်ငံခြားသားတွေ အတွက် ဖွင့်ပေးထားပုံရပါတယ်..။ နိုင်ငံခြားသားတွေ ဒီထက်ပိုမို သိရှိပြီး ထမ်းဆမ်းဂူကို လာရောက်လေ့လာခွင့် ရမယ်ဆိုရင် ဒေသဖွံ့ဖြိုးရေးအတွက် သာမက ကမ္ဘာကပါ သိရှိခွင့်ရကြမှာပါ..။ ကြီးမားပြီး သက်တမ်းရင် ထုံးကျောက်ဂူ ဖြစ်တဲ့ အတွက် နိုင်ငံခြားသားများနဲ့ ပြည်ပ ဘူမိဗေဒပညာရှင်များ အတွက် အင်မတန်မှ စိတ်ဝင်စားမှုကို ပေးနိုင်မှာ ဖြစ်ပါတယ်..။ ထို့အတွက်ကြောင့်လည်း ထမ်းဆမ်းဂူကို ထိန်းသိမ်းရာမှာ ဘာသာသာသနာ အတွက် စေတီတော်တွေ တည်ထား ကိုးကွယ် ထိန်းသိမ်းမှုအပြင်.. (ပညာရှင်များရဲ့ အကူအညီနဲ့ သဘာဝကျောက်စက်တွေရဲ့ အလှ အပတွေပါ မကွယ်ပျောက်ရအောင် ထိန်းသိမ်းသင့်တယ်လို့ ယူဆမိပါတယ်..)။ ဘူမိဗေဒပညာရှင်တွေ အတွက် အင်မတန်မှ အဖိုးထိုက်တန်လှတဲ့ သက်တမ်းရင့် ဂူတခု ဖြစ်နေလို့ပါပဲ..။

 ဒီလိုကြီးမားပြီး သက်တမ်းရင့် လှတဲ့သဘာဝဂူမျိုးသာ အိမ်နီးချင်းနိုင်ငံတွေမှာ ရှိရင် နိုင်ငံခြားသားတွေနဲ့ သဘာဝပတ်ဝန်းကျင် မြတ်နိုးသူတွေ ခြေချင်းလိမ်နေကြမှာပါ..။ ကျွန်တော်တို့ နိုင်ငံဟာ ဒီလို အဖိုးတန် သဘာဝအလှတွေ အများအပြားပိုင်ဆိုင်ထားပြီး အရှေ့တောင်အာရှမှာ သဘာဝအလှတွေ အများအပြား မပျောက်ပျက် တည်ရှိနေသေးတဲ့ နိုင်ငံတခုအဖြစ် တည်ရှိနေသေးတာပါ..။ နိုင်ငံတော်အနေနဲ့ အဆိုပါဒေသကို နိုင်ငံခြားသားများ လွယ်ကူစွာ လာရောက်နိုင်ဖို့နဲ့ ထမ်းဆမ်းဂူ အကြောင်းကို ပြည်တွင်းပြည်ပသိအောင် လုပ်ဆောင်မှုနဲ့အတူ အဖိုးတန်သဘာဝကျောက်စက်တွေရဲ့ အလှကို ဒေသခံတွေနဲ့အတူ ထိန်းသိမ်း စောင့်ရှောက်ဖို့ ရိုးသားစွာ အကြံပြုအပ် ပါတယ်..။

 ဂူတွင်းမှာ ဓာတ်ပုံပေါင်းများစွာ မှတ်တမ်းတင် ရိုက်ကူးပြီး ပြန်ထွက်လာချိန်မှာတော့ တမူးရလို့ တပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ယိုးလားလို့ ဆိုသလို ရှမ်း ပအိုဝ်းတွေရဲ့ အလှူဒါနပြုနေကြတဲ့ မြင်ကွင်း၊ ရိုးရာဝတ်စုံ ဆင်မြန်းထားတဲ့ ရိုးသားတဲ့ ပအိုဝ်းအမျိုးသမီးတွေနဲ့ သဘာဝကျောက်ဆောင်၊ ဂူပတ်ဝန်းကျင် ရေထွက်ပေါက်က အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတဲ့ ချောင်းငယ်လေးအပြင် အေးမြကြည်လင်တဲ့ ရာသီဥတု အလှတို့ဟာ ပန်းချီကား တချပ်လိုပါပဲ...။ စာဖတ်သူများ အနေနဲ့လည်း ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်ထဲက ကျောက်စက် အလှတွေ ပြည့်နေတဲ့ သဘာဝထုံးကျောက်လှိုဏ်ဂူဖြစ်တဲ့ သက်တမ်းရင့် ထမ်းဆမ်းလှိုဏ်ဂူကြီးကို တခါတခေါက် အရောက်သွားပြီး တို့ပြည်တို့မြေက မိမိနိုင်ငံရဲ့ သဘာဝအလှတွေကို ခံစားမှတ်တမ်းတင်ကြဖို့ အကြံပြုရင်း... 
 ဒီမိုဝေယံ
 ဓာတ်ပုံ ဒီမိုဝေယံ

အဝေးကျောင်းက ခေါင်းလောင်းသံ


အဝေးကျောင်းက ခေါင်းလောင်းသံ
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုင်ခေါင်စံပြကျေးရွာရှိ ရတနာအောင်ဆု (ပရိတ) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလည်တခေါက် ရောက်ရှိခဲ့ပါတယ်...။

ဆိုင်ခေါင်စံပြကျေးရွာဟာ တောင်ကြီးမှ ၄၇မိုင်အကွာအဝေးမှာ ရှိပြီး မွေတော်ကက္ကူဘုရားမှ နောက်ထပ် ၁၅မိုင်အကွာမှာ တည်ရှိပါတယ်..။
ရွာအဝင် ရတနာအောင်ဆု (ပရိတ) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား တောင်ကြီးမဟာစည် သာသနာ့ရိပ်သာဆရာတော် ဦးတေဇဝန္တမှ ဦးစီးဆောင်ရွက်နေတာ ဖြစ်ပါတယ်..။

ဆီဆိုင်မြို့နယ်နဲ့ အနီးအနားရွာများမှ ရှမ်း၊ ဓနု၊ ပအိုဝ်းတိုင်းရင်းသား ဆင်းရဲနွမ်းပါးတဲ့ ကိုရင်ငယ်လေးပေါင်း ၈၁ပါးအား သံဃာတော်(၆)ပါးနဲ့ ဆရာမ(၂)ဦးမှ စာသင်ကြား ပြသပေးနေပါတယ်..။ ကိုရင်ငယ်လေးများဟာ အသက်အရွယ်အားဖြင့် ၅နှစ်အထက်မှ ၁၄နှစ်အထိ ရှိပြီးအများဖြင့် ၅နှစ်၊ ၆နှစ်၊ ရနှစ်ခန့် ကိုရင်ငယ်များအများဆုံး ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ၇လပိုင်းက စတင်ဖွင့်လှစ်ခဲ့တဲ့ အဆိုပါ ဆီဆိုင်မြို့နယ် ဆိုင်ခေါင်စံပြကျေးရွာ ရတနာအောင်ဆု (ပရိတ)ကျောင်းမှာ မြန်မာစကား ပြောတတ်သူ ကိုရင်အနည်းငယ်သာ ရှိပြီးယခုအချိန်မှာတော့ သူငယ်တန်းမှ (၄)တန်းအထိ ဆရာမ(၂)ဦးအား တလ(၅)သောင်းကျပ်ဖြင့် ငှားရမ်းပြီး ပညာသင်ကြားပေးနေပါတယ်..။

တောင်ကြီးမဟာစည် သာသနာ့ရိပ်သာ ကျောင်းထိုင်ဆရာတော် ဦးတေဇဝန္တမှ အဆိုပါ ဆင်းရဲနွမ်းပါးတဲ့ ကလေးများကို ပညာတတ်မြောက်အောင် ပြုစုပျိုးထောင် ပညာသင်ကြားပေးပြီး ဗုဒ္ဓဘာသာ အခြေခံသဘော တရားများအား နားလည်တတ်မြောက်အောင် ယခုကဲ့သို့ ပြုစုပျိုးထောင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်..။

ကျောင်းဆောင် အဆောက်အအုံ တချို့ကိုတော့ ရန်ကုန်မြို့မှ စေတနာရှင်များမှ လှူဒါန်းထားပြီး ရေအတွက်ကိုတော့ အနီးအနားရေထွက်မှ ရေပိုက်ဖြင့် သွယ်တန်းရရှိပေမယ့်လည်း လျှပ်စစ်မီးအတွက်ကတော့ ဆိုင်ခေါင်ရွာနဲ့ တမိုင်ကျော်ခန့် ဝေးသော်ကြောင့် ရွာမှလျှပ်စစ်မီးသွယ်တန်းဖို့ အတွက် ထရန်စဖော်မာ လိုအပ်တယ်လို့ ဆိုပါတယ်..။ ယခုအချိန်မှာတော့ ကိုရင်တွေ အတွက် စာသင်ဆောင် ၂ဆောင်နဲ့ အိပ်ဆောင် ၁ဆောင်ခန့်လိုအပ်နေပါတယ်..။

ရိုးသားလှတဲ့ ချစ်စရာ ကိုရင်ငယ်လေးများဟာ ကျွန်တော်ရောက်ရှိစဉ်မှာတော့ နံနက် အာရုဏ်ဆွမ်းအတွက် ကိုယ်တိုင်ချက်ပြုတ်ဖို့ ပြင်ဆင်နေကြလေရဲ့..။ မြန်မာစကား သိပ်မတတ်လှပေမယ့် ရိုးသားမှုနဲ့ အေးချမ်းလှတဲ့ မြင်ကွင်းကတော့ ကြည်နှုးစရာပါ..။ ကျွန်တော်တို့ သားအရွယ် တူအရွယ် ကိုရင်ကလေးများဟာ တကယ်တော့ မိဘရင်ခွင်ကနေ စာသင်ကျောင်းတော်ကြီးပေါ်မှာ တက်ရောက် သင်ကြားနေရမယ့် အရွယ်ပါ..။ မိဘများက ဆင်းရဲနွမ်းပါးတဲ့ အတွက် ကလေးသူငယ်များ လမ်းမှားမရောက်စေဖို့နဲ့ ဘာသာအယူဝါဒ မလွဲမှားစေဖို့ အဆိုပါ ဒေသမှာ တောင်ကြီးမဟာစည် ဆရာတော်မှ သွားရောက် ပြုစုပျိုးထောင် ပေးနေတာပါ..။

ကျွန်တော်တို့ တောင်ပေါ် တိုင်းရင်းသားဒေသက ဆင်းရဲနွမ်းပါးတဲ့ ဒေသခံ ရင်သွေးငယ်တွေရဲ့ ဆည်းလည်းသံ၊ ခေါင်းလောင်းသံနဲ့အတူ ညီညီညာညာ သံပြိုင်စာဖတ်သံတွေကို အမြဲ ကြားနိုင်ဖို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ရင်း အဝေးကျောင်းက ခေါင်းလောင်းသံအတွက် ဒါနမျိုးစေ့ စိုက်ပျိုးကြရအောင်လားဗျာ...

ဒီမိုဝေယံ

လှူဒါန်းရန် လိပ်စာ.. ဖုန်းနံပါတ်
တောင်ကြီးမဟာစည် သာသနာ့ရိပ်သာ ကျောင်းထိုင်ဆရာတော် ဦးတေဇဝန္တ (တောင်ကြီးမြို့)
Phone 09-4935-8779, 09-3616-5469

(ခရီးသွား မှတ်တမ်း) (စစ်ကိုင်းကောင်းမှုတော်)






(ခရီးသွား မှတ်တမ်း) (စစ်ကိုင်းကောင်းမှုတော်)

မြန်မာပြည်ခရီး ခရီးသွားမှတ်တမ်းတွေ ရေးမယ် ရေးမယ်နဲ့ ဘယ်ကစရေးရမှန်း မသိလို့ ဒီနေ့ တော်သလင်းလပြည့်နေ့ မှာတော့ စစ်ကိုင်းကောင်းမှုတော်စေတီ ရောက်ရှိစဉ်က မြင်ကွင်းလေးတခုကို ကြားဖြတ်ရေးသားလိုက်ပါတယ်..။

မန္တလေးက ထွက်လာတော့ မိုးအုံ့အုံ့ မပူမအေး ရာသီဥတုအောက်မှာ စစ်ကိုင်းဘက်ကို ကားလေးက တရိပ်ရိပ် ဦးတည်မောင်းနေလေရဲ့။ လမ်းဘေးမှာတော့ မိုးရာသီအလျှောက် ဧရာဝတီမြစ်ရေ တိုးနေတဲ့လို့ ရေတဖွေးဖွေးပေါ့။ ရတနာပုံတံတားသစ်ကြီးကို ကျော်ဖြတ်လာစဉ်မှာတော့ ဧရာဝတီမြစ်အတွင်း သစ်လုံးတင် သဘောင်္တွေ အပြည့်။ ဒီနှစ်ကုန်အထိသ သစ်တွေ အလုံးလိုက် ပို့ခွင့် ပြုတော့မယ်ဆိုလို့ ရှိသမျှသစ်တွေ နောက်ဆုံးပိတ် အိတ်နဲ့လွယ်နေတာလို့ လိုက်ပို့တဲ့ မန္တလေးမြို့ခံက ဆိုလေရဲ့။ တို့မြန်မာတွေ အခွင့်အရေးဆိုတာ တကြိမ်သာ ရသည်ဆိုတဲ့ ဆိုရိုးစကားကို အပြည့်အဝ အသုံးချနေကြလေသလားပဲ။

ရတနာပုံ တံတားကို ဖြတ်ကျော်ပြီးချိန်မှာတော့ ဇေယျာမြေစစ်ကိုင်းမြို့ကို ရောက်ရှိခဲ့ပါပြီ...။ ရသမျှ အချိန်လေးအတွင်း အင်မတန်ရောက်ဖူးချင်လှတဲ့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီကို အပြေးသွားဖူးခွင့် ရရှိခဲ့ပါတယ်..။

ငယ်စဉ်တောင်ကျေး ကလေးဘဝ နွေရာသီဘုရားဖူး ရောက်ခဲ့စဉ် မြင်ကွင်းကတော့ နေပူပူမှာ ထုံးသင်္ကန်းအဖြူနဲ့ ရင်ကိုအေးစေတဲ့ မြင်ရတဲ့ မြင်ကွင်းကို ယနေ့အထိ မမေ့နိုင်ခဲ့ပေါ့...။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီး ယခုတဖန် ပြန်လည်ရောက်ရှိချိန်မှာတော့ ရွှေသင်္ကန်းနဲ့ မြင်ကွင်းတွေ ပြောင်းလဲသွားခဲ့လေပြီ..။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ထုံးသင်္ကန်းအရောင် စေတီတော်ရဲ့ မြင်ကွင်းဓာတ်ပုံကိုတော့ ရှင်မတောင် သနပ်ခါး ရောင်းတဲ့ဆိုင်မှာ အမှတ်တရ ကြည့်ခဲ့ရလေရဲ့..။ တကယ်တော့ လူပေါင်း ၂၀၀၀ကျော်နဲ့ ၁၂နှစ်ကျော်တည်ခဲ့ရတဲ့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီ ဆိုတာ သီရိလင်္ကာနိုင်ငံက ပင့်ဆောင်ဋ္ဌာပနာထားတဲ့ မြတ်စွာဘုရားရှင်ရဲ့ စွတ်စွတ်ဖြူတဲ့ မြတ်စွယ်တော်ပွားကို ကိုရည်စူးပြီး ထုံးသင်္ကန်း ဖွေးဖွေးကိုသာ ခေတ်အဆက်ဆက် ကပ်လှူခဲ့ကြတာပါ..။ ......

စေတီတော်အတွင်း လှည့်ပတ်ဖူးမျှော်တော့ မြင်ရတဲ့ မြင်ကွင်းက စိတ်ထဲ မသက်သာလှ စာကလေး၊ ဇီးကွက်၊ ချိုးငှက်၊ ဗျိုင်းကအစ လှောင်ချိုင့်ထဲမှာ လွှတ်ပေးမယ့်သူကို စောင့်မျှော်နေလေရဲ့..။

ဇီးကွက်တကောင် လွှတ်မယ်လုပ်ပြီး ဘယ်လောက်လဲဆိုတော့ ၃၀၀၀တဲ့ .. ဘေးက ဘုရားဖူးခရီးသည်တွေ ဝင်ပြောပေးတော့ ၂၅၀၀တဲ့။ ဈေးသည် အမျိုးသမီးက ကျွန်မတို့က ဇီးကွက်တကောင် ဝယ်ဈေး ၂၀၀၀ပေးရလို့ပါတဲ့...။ သြော်လို့ အာမေဋိတ်တမိတယ့် ဘုရားစေတီတော် အတွင်းက ဈေးကွက် စီးပွားရေးစံနစ် တခုပေါ့...။ ကုသိုလ် ပြုလိုသူတွေအတွက် အကုသိုလ်ပြုပြီး ရောင်းဝယ်ဖောက်ကား နေကြတာလေ.။
စာကလေးက ၃ကောင် ၁ထောင်ဆိုလား..။ စာကလေးလွှတ်ပြီး ဇီးကွက်လွှတ်ပေါ့ ဇီးကွက်လွှတ်ပြီးတော့။ တကောင်တည်း လှောင့်ချိုင့်ထဲက ဗျိုင်းပါ ဈေးဆစ်ပြီးကျပ်၂၅၀၀နဲ့ ဝယ်လွှတ်ပေါ့...

တွေးမိတာလေးပါ..။ အေးချမ်းတဲ့ ဘုရားရင်ပြင်တော်ဝင်းထဲ လှောင့်ချိုင့်ထဲက ညှိုးငယ်နေတဲ့ ငှက်သတ္တဝါတွေရဲ့ မြင်ကွင်း..။ ဘယ်လိုမှ မအပ်စပ်လှ..။ ကုသိုလ်ပြုလိုသူတွေ အတွက် ငှက်ဖမ်းပြီး ဘုရားရင်ပြင်တော်ပေါ်မှာ ဝမ်းရေးအတွက် အကုသိုလ်ယူ လုပ်ကိုင် စားသောက်နေရသူတွေရဲ့ လှောင်ချိုင့်ထဲက သတ္တဝါတွေ၊ အေးချမ်းတဲ့ ရင်ပြင်တော်ပေါ်က ဆန့်ကျင်ဖက်မြင်ကွင်း တွေပေါ့။ ကုသိုလ်ရေးထက် ဝမ်းရေးက ခက်နေလေသလား။ ကုသိုလ်ပြုပြီး ငှက်လွှတ်သူတွေအတွက် ဝမ်းရေးအတွက် အကုသိုလ်ပြုပြီး ငှက်ဖမ်းရောင်းဝယ်သူတွေ ရှိနေတာလား။ ငှက်ဖမ်းရောင်းဝယ်သူတွေရဲ့ လှောင့်ချိုင့်ထဲက ငှက်တွေရှိနေလို့ ငှက်လွှတ်ပြီး ကုသိုလ်ပြုနေကြရတာလား မုန့်လုံးစက္ကူကပ် မဆုံးနိုင်တဲ့ အတွေးတွေပေါ့။

သေချာတာကတော့ ကျွန်တော် စာကလေးလွှတ်၊ ဇီးကွက်လွှတ်၊ ဗျိုင်းလွှတ်ပြီး ကုသိုလ်ယူခဲ့ပါတယ်...။ ဤသို့ လှောင်ချိုင့်အတွင်းက ငှက်သတ္တဝါငယ်လေး များအား လွတ်လပ်စွာ ပျံသန်းခွင့်ရအောင် လွှတ်ပေးရတဲ့ အကျိုးအားကြောင့် ပြီးခဲ့တဲ့ အမှောင်ခေတ် မြန်ပြည်တဝှမ်း မတရားဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား စစ်စစ်တွေ (အမိန့်ပေး ဖမ်းတုန်းက ဖမ်းခိုင်းပြီး ယခုမှ ပန်းချီရောင်း ကော်ဖီဆိုင်ဖွင့်သူမပါ) နောင်အစိုးရဆက်ဆက် ဖမ်းလိုက်၊ ပြန်လွှတ်လိုက်၊ ဈေးဆစ်လိုက်၊ ပြန်ဖမ်းလိုက်၊ နိုင်ငံ့ခေါင်းဆောင်ဆိုသူရဲ့
စေတနာဆိုပြီး ကုသိုလ်ယူလိုက်၊ ကျွန်မတို့က ဝယ်ဈေး ၂၀၀၀ရှိပါတယ်လို့ ဆိုပြီးအကုသိုလ်ယူနေရတဲ့ ငှက်ရောင်းတဲ့ ဈေးသည်အမျိုးသမီးလို
နိုင်ငံရေးအကျဉ်းသား ပြန်ပေးဆွဲ နိုင်ငံတကာမှာ မျက်နှာရဖို့အတွက် နိုင်ငံရေး အကျဉ်းသားများ အရောင်းအဝယ်လုပ်သော အစိုးရများ အုပ်ချုပ်ခြင်းမှ အမြဲကင်းဝေးကြပါစေ..။

ဒီမိုဝေယံ

ကိုယ်တိုင်ရိုက်ကူး ဓာတ်ပုံများအား မျှဝေပါသည်..။
ခရီးသွားမှတ်တမ်းလို့ ဆိုပေမယ့် ဆားမပါတဲ့ဟင်း အရသာမရှိသလို ကိုယ်သန်ရာသန်ရာ ဆားဖြူးထားတာလေးကို နားလည်ပေးကြပါ။

ဆက်လက်ရေးသားပါမည်...
(8 photos)

မြန်မာပြည်ရဲ့ တောင်ဘက်အစွန်းက ကော့သောင်းမြို့မြင်ကွင်း ဓာတ်ပုံများ..

ဓာတ်ပုံများ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါသည်...။

အလောင်းတော်ကဿပသွား တောလား (အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ၊ ခရီးသွားဆောင်းပါး)

ဒီနေ့ တပေါင်းလပြည့် အခါသမယမှာ  မြန်မာပြည်သူ ပြည်သားတွေ  ကြည်ညို သဒ္ဓါပွားများနိုင်ဖို့ ပေးပို့လာတဲ့ အလောင်းတော်ကဿပ ခရီးသွား ဆောင်းပါးနဲ့ ဓာတ်ပုံတွေကို လိုအပ်တာ ပြန်လည် ပြင်ဆင်ပြီး အမိမြန်မာပြည် အမှတ်တရ အနေနဲ့ တင်ပြပေးလိုက်ပါတယ်..။ ရောက်ဖူးသူတွေလည်း ယခုလက်ရှိ အနေအထားကို သိရှိနိုင်ဖို့နဲ့ မရောက်ဖူးသေးတဲ့ သူတွေအတွက်လည်း အမိမြန်မာပြည်က လက်ရှိမြင်ကွင်းတွေကို သိမြင်ခံစားနိုင်စေဖို့ အလောင်းတော်ကဿပ သွားတောလားပေါ့ဗျာ..။   

အလောင်းတော်ကဿပ လှိုဏ်ဂူရှိရာ ကနီမြို့နယ်ကို မုံရွာတစ်ဘက်ကမ်း ညောင်ပင်ကြီးဆိပ်ကနေ မိုင် (၈ဝ) ကျော် ခရီးလောက်သွားရပါတယ်. ။ ရန်ကုန်ကနေ ဘုရားဖူးကားစီးသွား၊ မုံရွာမြို့ရောက်ရင် မောင်းထောင်ကျောင်းတိုက် ၀င်းထဲမှာရှိတဲ့ (ဦးညိုဝင်းနှင့် ရောင်းရင်းများ) Mini Bus တွေနဲ့ အလောင်းတော်ကဿပ တောထဲကို ဆက်သွားရပါတယ်။ ကားခကတော့ တစ်ယောက်ကို အသွားအပြန် (၁၂၀၀၀ကျပ်)ပေးရပါတယ်..။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကားခပါ။ မုံရွာကနေ အလောင်းတော်အထိကို မိုင်(၈၀)ကျော်ရှိပါတယ်။ ဟိုးယခင် အခါတွေကတော့ နွားလည်း သို့မဟုတ် ဆင်တွေနဲ့ တောလမ်းခရီးကို စွန့်စွန့်စားစား သွားရပါတယ်..။ ခုခါမှာတော့ နိုင်ငံတော်အစိုးရရဲ့ စေတနာကြောင့် ... ချောမွေ့နေပြီလို့ ဆိုရမှာပေါ့ဗျာ..။ တောင်တက်လမ်း ဖြစ်တဲ့အပြင်၊ မြေသားလမ်း ဖြစ်တာကြောင့် လမ်းခရီး အတော် ကြမ်းတမ်းပါတယ်။ ဘုရားဖူးလာ ဗုဒ္ဓဘာသာဝင်များကတော့ စေတနာဇော နဲ့လာရောက် ဖူးမြှော်တာ ဖြစ်တဲ့အတွက် လမ်းခရီးမှာ အဆင်မချောမွေ့တဲ့ မည်သည့်ကိစ္စကိုမဆို အင်မတန် သည်းခံကြတာကို တွေ့ရပါတယ်..။ (ဒါကလည်းနိုင်ငံတော် အစိုးရက အနှစ်(၂၀)ကျော် လေ့ကျင့်ပေးထားတာပါ.. ဒီလိုပဲ ကျေးဇူးဆိုတာ ရှာကြံတင်ရတယ်လေ)။

အလောင်းတော် ကဿပ ခရီးတ၀က်ဖြစ်တဲ့ (ကပိုင်ရွာ)မှာ ခရီးတစ်ထောက်နားကြပြီး အမောပြေကြံရည်၊ လက်ဖက်ရည်၊ အဆာပြေ ထမင်းကြော်တွေ ဝယ်စားပေါ့..။ စားသောက်ကြပြီး ခရီးဆက်သွားရင်တော့ (ကပိုင်ရွာ)ကနေ အလောင်းတော်ကို ၂၇မိုင်ကျော်ဆို ရောက်ပြီလေ..။ ဒါပေမဲ့ အလောင်းတော် ကဿပ ဘေးမဲ့ကြိုးဝိုင်း နီးလာလေ တောင်တက်လမ်းများက ကြမ်းတမ်း မတ်စောက်လာလေပါပဲ။ 
 အလောင်းတော်ကဿပ ဘေးမဲ့ကြိုးဝိုင်းအနီး ရောက်လာတဲ့ အခါမှာတော့ တောပိုင်၊ တောင်ပိုင် နတ်ကွန်းလို့ ဒေသခံတွေက ပြောကြပေမယ့် ဗုဒ္ဒဘုရားရှင် ဆင်းတုတော်(၃)ဆူ ကိုသာတွေ့ရပြီး၊ ကားဒရိုင်ဘာနှင့် ကားစပါယ်ယာတို့က ကားပေါ်မှဆင်းကာ အမွှေးနံ့သာတိုင်နှင့်၊ ဆီမီးအလင်းတိုင်တွေ ထွန်းညှိ ပူဇော်လှုဒါန်းကြပေါ့..။ ဘေးအန္တရာယ် ကင်းရှင်းပါစေကြောင်း ဆုတောင်းကြတာတွေ လုပ်ပေါ့။ ကားဒရိုင်ဘာနှင့် စပါယ်ယာတို့မှ ကားပေါ် စီးနင်းလိုက်ပါလာတဲ့ ဘုရားဖူးဓမ္မ မိတ်ဆွေများကို ဤနေရာမှ စပြီးကားပေါ်မှ တံတွေးထွေးချခြင်း၊ ညစ်ညမ်းသော စကားများပြောဆိုခြင်း၊ နောက်ပြောင် ပြောဆိုခြင်း၊ မဆင်မခြင်အပေါ့၊ အလေးသွားခြင်းတို့ကို လုံးဝမပြုလုပ်ကြပါရန် အနူးအညွတ် တောင်းပန်ကြပေါ့ ။ သူ့ရပ်ရွာ စည်းကမ်းတွေကိုတော့ လိုက်နာကြရတယ်လေ..။ အဲ့ဒီကနေနောက်ထပ် တစ်နာရီလောက် ကြာအောင်ကားကို မောင်းနှင်ပြီးရင်တော့ အလောင်းတော်ကဿပ ကိုယ်တော်မြတ်ကြီး သီတင်းသုံးရာ နယ်နိမိတ်အတွင်းသို့ ရောက်ပါပြီ.။

 ဆင်အရောင်မဲ့နဲ့ အကျိုးပြုဆင် ကွာတယ်နော်...
 အသုံးဝင်တဲ့ ဆင်တွေက ဒီမှာလေ.. အသုံးမဝင်တဲ့ ဆင်အရောင်မဲ့ တွေကတော့ နေပြည်တော်မှာဆိုလားပဲ.. ဒါတောင် အဲ့ဒီ့အရောင်မဲ့ ဆင်ကိုရှိခိုး အားကိုးနေတဲ့ လူတွေရှိတယ် ဆိုပဲ.. ကြားမိတာပါ..
အလောင်းတော် သီတင်းသုံးရာ နေရာကို အဲ့ဒီကနေ နောက်ထပ် ၇ဖာလုံ(တစ်မိုင်ခန့်) ထပ်သွားရပါတယ်။ ခြေလျှင် လျှောက်သူများကလည်း ခြေလျှင်ခရီး၊ တချို့သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များ၊ ကျန်းမာရေးမကောင်းသူများကတော့ ဆင်စီးပြီး ခရီးဆက်ကြပါတယ်။ ခရီးသည်တင် ဆင်တွေကတော့ အစိုးရ သစ်တောဌာနမှ ဆင်များဖြစ်သလို၊ ကိုယ်ပိုင်ပုဂ္ဂလိက ဆင်များလည်းရှိပါတယ်။ အလောင်းတော်ကဿပ အ၀င် ဆိုင်းဘုတ်နေရာမှ အလောင်းတော် သီတင်းသုံးရာ ဂူအနားထိ ဆင်စီးခ လူတစ်ယောက်ကို(၂၀၀၀ကျပ်)ပေးရပြီး၊ ဆင်တကောင် အပေါ်မှာ လူ(၄)ယောက်သာ လိုက်ပါ စီးနင်းခွင့်ရှိပါတယ်။ အလောင်းတော် ကဿပကိုယ်တော်မြတ်ကြီး၏ ရုပ်တုတော် သီတင်းသုံးရာ စံကျောင်းတော်တွင်းကို ဘုရားဖူးတွေ ၀င်ရောက် ရှိခိုးပူဇော်ကြပြီး၊ အလောင်းတော် ရုပ်တုတော်မြတ်ကြီးအား ရွှေသင်္ကန်း ကပ်လှုပူဇော်ကြပါတယ်။ ရုပ်တုတော် သီတင်းသုံးရာ စံကျောင်းတော် ပတ်ဝန်းကျင် အနီးအနားမှာတော့ အလောင်းတော်ကဿပ သမိုင်းစာအုပ်၊ ပုံတော်၊ VCD များအပြင် ဆင်ပြီးလက်စွပ်၊ တောထွက်ဘယဆေးများ၊ မုန့်ဟင်းခါး၊ အသုပ်စုံ၊ ကော်ဖီ၊ လက်ဖက်ရည်ဆိုင်တွေလည်း ခင်းကျင်း ရောင်းချနေကြရပါတယ်။ 
 အဲ့ဒီနောက်မှာတော့ အလောင်းတော်ကဿပ ကိုယ်တော်မြတ်ကြီး နောက်ဆုံးပရိနိဗာန်ပြု အဓိဌာန်ခဲ့တဲ့ ဂူပေါက်ဝကို သွားရောက် ပူဇော်ဖို့အတွက် စတီးလှေကား နဲ့ဂူအောက် တောင်ကြားသို့ ဆင်းကြရပါတယ်။ အလောင်းတော် ကိုယ်တော်မြတ်ကြီး အဓိဌာန် ပရိနိဗာန်ပြုခဲ့တဲ့ ဂူပေါက်ဝကို ရောက်တဲ့အခါမှာ ဦးခိုက်ရှိခိုးကန်တော့ကြပြီး၊ အလောင်းတော်ကြီး သီတင်းသုံးရာ ဂူပေါက်ဝနံရံကို ရွှေသင်္ကန်းများနဲ့ ကပ်လှုပူဇော် ဆုတောင်း အဓိဌာန်ပြုကြပါတယ်။
 ဗုဒ္ဒဘာသာဝင်တွေရဲ့ စေတနာသဒ္ဒါတရား ထက်သန်မှုကို ဒီခရီးစဉ်မှာ ထင်ရှားစွာမျက်မြင် တွေ့ရှိရပါတယ်။ မြန်မာပြည်က ပြည်သူပြည်သား ဗုဒ္ဒဘာသာဝင်တွေဟာ ဘုရားဖူးရာသီ ရောက်တာနဲ့ မိမိတို့တစ်နှစ်တာ ရှာဖွေ စုဆောင်းထားတဲ့ ငွေလေးများနှင့် ကုသိုလ်ထူးရအောင် ဘုရားဖူးခရီးကို ကြိုးစားထွက်ကြရပါတယ်။ သို့ပေမဲ့ (နိုင်ငံတော် အစိုးရရဲ့ စေတနာနဲ့) ပြည်တွင်း  စီးပွါးရေး ကြပ်တည်းမှုကြောင့် အများစုဟာ ဘုရားဖူးခရီးမထွက်နိုင်ကြပဲ၊ စိတ်ရည်မှန်းကာပဲ မြန်မာပြည်တွင်းရှိ တန်ခိုးကြီးဘုရား အဆူဆူတို့ကို ဖူးမြော်ပူဇော်ကြရပါတယ်။ ဤဆောင်းပါးကို ရေးသားလိုက်ရခြင်း စေတနာကြောင့် မြန်မာပြည်သူလူထုကြီး စိတ်၏ဆောင်ရာ၊ ကိုယ်၏လွတ်မြောက်ရာ တရားဒေသနာတွေကို လွယ်ကူ လျှင်မြန်စွာ ရရှိပါစေကြောင်း ဆုတောင်းပတ္ထနာ ပြုလိုက်မိပါတော့သည်။
ပေးပို့လာသူအား ကျေးဇူးတင်ပါသည်...။

ဒီခရီးသွားဆောင်းပါး ရေးသားနေတဲ့ ညနေ၆နာရီ၅၆မိနစ်မှာပဲ ဂျပန်မှာ မဂ္ဂနီကျူ ၆.၁ ပြင်းအား အသင့်တင့်ရှိတဲ့ ငလျင် လှုပ်ခတ်သွားခဲ့ပါတယ်..။ တိုကျိုလည်း အပါအဝင်ပေါ့.. နေတာက(၆)ထပ်ဆိုတော့ စာရေးနေရင်း ထပြေးဖို့ လုပ်ရပါသေးတယ်..။ လောလောဆယ် အားလုံးအတွက် သတင်းတွေ တင်ပေးနေပါဦးမယ်..။ ဖြစ်ခါမှ ဖြစ်ပေါ့....

ယခုလို တပေါင်းလပြည့်နေ့ အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာ့နိုင်ငံသူ နိုင်ငံသားများနဲ့ လက်ရှိ သဘာဝဘေးအန္တရာယ်တွေ ခံစားနေရတဲ့ ဂျပန်ပြည်သူ.. ပြည်သားအပေါင်း ဘေးဘယာကင်းကွာ ကျန်းမာ၊ ချမ်းသာကြပါစေ..

ဒီမိုဝေယံ...

ဥက္ကဋ္ဌကြီးဦးတေဇ၏ ကျွန်ုပ်နှင့် (၇၅နာရီကြာ) မဒွယ်ရေခဲတောင်မှ စွန့်စားခန်းများ (ရဟတ်ယာဉ်ပျက်ကျတဲ့ မှတ်တမ်း၊ ဓာတ်ပုံများ-၃)

နောက်ဆုံးရက် ကယ်ဆယ်ရေးရဟတ်ယာဉ် တက်လာပြီဟု သိရပြီး ရဟတ်ယာဉ်မှ မြင်နိုင်သည့် နေရာတွင် မိမိတို့ စုထိုင်ကာ ရဟတ်ယာဉ် စောင့်နေကြပုံ..

ကယ်ဆယ်ရေး ရဟတ်ယာဉ်နှင့် ပါလာပြီး ရဟတ်ယာဉ်ပေါ်မှ ခုန်ချကာ မိမိတို့နှင့် အတူပူးပေါင်း ကူညီကယ်ဆယ်ခဲ့သော ညီငယ် ခွန်နောင်မြင့်ဝေ..
ကျန်းမာရေးချိုတဲ့နေသည့် ဒုက္ခသည် ၂ဦးဖြစ်သည့် Capt. စည်သူချိမ့်နှင့် Grace တို့ကို ရဟတ်ယာဉ်ပေါ် တင်အပြီး " သူတို့၂ဦး အသက်တော့ ကယ်နိုင်ပြီဟု ကြွေးကြော်ကာ ကျန်ရှိသော မိမိတို့ အဖွဲ ပျော်ရွှင်စွာ မှတ်တမ်းတင်နေပုံ "
မဒွယ်ကို နောက်တစ်ခေါက် ခြေလျင်ပြန်တက်လာမည်ဟု ကြွေးကြော်နေပုံကို ဦးသက်ထွန်းမှ မှတ်တမ်းတင်ထားစဉ်... (ရဟတ်ယာဉ်မှ မရှိတော့တာ.. ဒီတစ်ခါဆိုရင် ဇာတ်သိမ်းခန်းပေါ့)
နောက်ဆုံးနေ့ ရဟတ်ယာဉ်ပေါ်မှ ရသည့်စောင်နှင့် Snow Travel Coat ကို ဝတ်ဆင်ကာ အရမ်းပူနွေးတာပဲဟု ဥက္ကဋ္ဌမှနောက်နေစဉ် မှတ်တမ်းတင်ထားပုံ.... (ရီလိုက်ရတာ...)
နေရောင်နှင့် ရေခဲပြင်၏ ရောင်ပြန်ဟပ်မှုကြောင့် ငိုထားသကဲသို့ ဖြစ်ပြီး မျက်စိနာနေကြသော ဥက္ကဋ္ဌနှင့် ကိုဇေယျာတို့အား မှတ်တမ်းတင်ထားပုံ....
ရဟတ်ယာဉ် ပျက်ကျရာနေရာနှင့် စခန်းချရာနေရာများ..
ဥက္ကဋ္ဌနှင့် အဖွဲ့အား သယ်ဆောင်သည့် ရဟတ်ယာဉ် ရောက်ရှိလာစဉ် (ဗီယက်နမ် စစ်ကားတွေထဲကလို ဘာလိုလို Rambo ပြန်လာပြီ.. အဲ Ramtay  ရမ်တေ ပေါ့ဗျာ)
ပူတာအိုသို့ ရောက်ရှိပြီး ဆေးစစ်မှု့ခံယူနေသော ဥက္ကဋ္ဌအား ဒုဥက္ကဋ္ဌမှ အားပေးနေစဉ် (ဗီယက်နမ် စစ်ပြန်လိုလို ဘာလိုလို လက်စက်သတ်တော့ ချိတ်ထမီဝတ် တပ်ချုပ်ကြီးနဲ့ အပေါင်းအပါတွေအတွက် နတ်ရေကန် သနပ်ခါးနဲ့ မိတ်ကပ် သွားရှာတာကိုး.. )
ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီး ဒုက္ခသည်အားလုံးကို ပန်းလှိုင်ဆေးရုံတွင် ဆေးစစ်ကြည့်ရာ အားလုံးတို့မှာ Toxic များ၊ မကောင်းသည့် (အင်ဇိုင်း)များ အလွန်များနေ၍ စင်္ကာပူသို့ အမြန်ပို့ပြီး Singapore Raffles Hospital တွင် ဆေးကုသမှု ခံယူနေစဉ်..

ဥက္ကဋ္ဌကြီးဦးတေဇ၏ ကျွန်ုပ်နှင့် (၇၅နာရီကြာ) မဒွယ်ရေခဲတောင်မှ စွန့်စားခန်းများ (မှတ်တမ်း)  ဤမှာတွင် ပြီးဆုံးပါပြီ.. ဇာတ်သိမ်းမှာတော့ မြိုင်ရာဇာတေဇရဲ့ နတ်ရေကန် ရှာပုံတော်ကတော့ နောက်ဆုံး ဒီနေ့တေဇတို့ ကံမကောင်းပါလား ဆိုသလို ရဟတ်ယာဉ်လည်းဆုံး၊ နတ်ရေကန်ထဲလည်းမဆင်းရ၊ သေကံမရောက် သက်မပျောက်ပဲ စင်ကာပူဆေးရုံရောက်ပြီး ဇာတ်သိမ်းလိုက်ပါကြောင်း..


မဒွယ်ရေခဲတောင်မှ နတ်ရေကန်ရှာပုံတော် အပိုင်း(၁) ပြန်ဖတ်ချင်ရင် http://www.demowaiyan.co.cc/2011/03/blog-post_13.html
မဒွယ်ရေခဲတောင်မှ နတ်ရေကန်ရှာပုံတော် အပိုင်း(၂) ပြန်ဖတ်ချင်ရင် http://www.demowaiyan.co.cc/2011/03/blog-post_9566.html