ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများ.....

တစ်ချက်ခုတ် သုံးချက်ပြတ် ကုသိုလ်

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့အဖွဲ့သည် ပြည်မြို့ ရွှေပေါက်ပင်ဆရာတော်ကြီးအား ၀ါတွင်းဆွမ်းကပ်ရန် ၂၈.၇.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် ပြည်မြို့သို့ သွားခဲ့ရာ နေ့လည် (၂း၀၀) နာရီခန့်တွင် ပြည်မြို့သို့ ရောက်ရှိခဲ့သည်။ ပြည်မြို့ ရွှေပေါက်ပင် ကျောင်းသို့ ရောက်ရောက်ခြင်း ဆရာတော်ကြီးအား ဦးတိုက်ကာ ရွှေပေါက်ပင် ကျောင်းဝင်းအတွင်းရှိ အများပြည်သူ လှူဒါန်းထားသော အများပြည်သူအတွက် အုတ်ရေကန်နှင့် အ၀ီစိရေတွင်း အခြေအနေ ကို ကြည့်ရှုကြပြီး ၃၀.၇.၂၀၁၀ (သောကြာ) နေ့ နံနက်တွင် ရွှေပေါက်ပင်ဆရာတော်ကြီးအား ဆွမ်းလောင်းလှူမည့် အစီအစဉ်ကို ဆရာတော်ကြီး၏ တပည့်များနှင့် တိုင်ပင်ဆွေးနွေးကြသည်။
နေ့လည် (၃း၀၀) နာရီခန့်တွင် ပြည်မြို့ ပရဟိတလူငယ်အဖွဲ့ ခေါင်းဆောင် ကိုညီညီအောင်၊ ကိုမိုးကြီး တို့အဖွဲ့နှင့် တွေ့ဆုံကြစဉ် အောင်လံမြို့နယ် မကွေးတိုင်း ငပျင်းကျေးရွာရှိ ကိုထွန်းမင်းနိုင် (၃၂) နှစ်သည် ပဲတီစိမ်းခြွေနေစဉ် ခြွေလှည့်စက်အတွင်းသို့ ညာဘက် ခြေထောက် ထိခိုက်မိသည့် အတွက် ဒူးခေါင်းအောက်ပိုင်း ဖြတ်ပစ်ခဲ့ရပြီး ယခု ဒုတိယအကြိမ် ပေါင်ရင်းမှထပ်မံ၍ ဖြတ်တောက် ရမည် ဖြစ်သည့်အတွက် ကိုထွန်းမင်းနိုင်၏ ခွဲစိတ်ကုသမှုအတွက် သွေးလိုအပ်နေကြောင်း သိရှိရသည်။ လိုအပ်သော သွေးအမျိုးအစားမှာ B (ဘီ) သွေးအမျိုးအစားဖြစ်ကြောင်း သိရှိရသည့် အတွက် ဥက္ကဌ ဦးကျော်သူမှ လှူဒါန်းမည်ဟု ပြောဆိုကာ ပြည်မြို့ ဆေးရုံကြီးသို့ သွားရောက်ကာ လူနာအား အားပေး စကားပြောကြား၍ လိုအပ်သော သွေးအား လှူဒါန်းခဲ့သည်။

ယင်းနေ့ ၂၈.၇.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ည (၇း၀၀) နာရီတွင် ရွှေပေါက်ပင်ဆရာတော် ဘုရားကြီး ၏ ဆရာရင်းဖြစ်သော ဘ၀နတ်ထံပျံလွန် သွားတော်မူပြီးဖြစ်သော ကမ္ဘာ့ရွှေရင်အေး ဆရာတော် (ရွှေဗျိုင်းနားဆရာတော်ကြီး) ၏ သက်တော် (၁၀၅) နှစ်ပြည့် ပူဇော်ပွဲ အခမ်းအနားကို သံဃာတော် များ၊ သီလရှင်များ၊ တပည့်ဒါယကာ ဒါယကာမများနှင့် ရတနာမာန်အောင်ကျောင်းတွင် ကျင်းပရာသို့ ရွှေပေါက်ပင်ဆရာတော် ဘုရားကြီးနှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့အဖွဲ့သည် သွားရောက်ပူဇော်ကန်တော့ ခဲ့ပါသည်။

၂၉.၇.၂၀၁၀ (ကြာသပတေး) နေ့တွင် ရတနာမာန်အောင် ကျောင်းဝင်းအတွင်းရှိ ရွှေဗျိုင်းနား ဆရာတော်ဘုရားကြီး၊ ယက်ကန်းစဉ်တောင် ဆရာတော်ဘုရားကြီး၊ တစ်သုံးလုံး ဆရာတော် ဘုရားကြီး တို့၏ ရုပ်ထုတော်များ ထားရှိရာ အဆောင်အတွင်းသို့ ရွှေပေါက်ပင်ဆရာတော် ဘုရားနှင့် အတူ သွားရောက်၍ သင်္ကန်းများ ဆပ်ကပ်လှူဒါန်း ပူဇော်ခဲ့ကြသည်။ နေ့လည် (၂း၀၀) နာရီခန့်တွင် ပြည်မြို့ ပရဟိတလူငယ်အဖွဲ့မှ တယ်လီဖုန်းဆက်သွယ်ကာ O (အို) သွေးအမျိုးအစား တစ်လုံး လိုအပ် ကြောင်း ပြောကြားသည့်အတွက် ဦးသန်းစိန်မှ သွားရောက်ပြီး လှူဒါန်းခဲ့သည်။ လူနာ၏ အမည်မှာ ဦးလေးကြည် (၆၆) နှစ် ၀က်တောရွာ၊ ပေါက်ခေါင်းမြို့နယ်မှ ဖြစ်ပြီး အစာအိမ် သွေးကြောပေါက်၍ ခွဲစိတ်ရမည့် လူနာဖြစ်သည်။ ဦးသန်းစိန်နှင့်အတူ ပြည်မြို့ ပရဟိတလူငယ်အဖွဲ့မှ ကိုဇော်လတ်အောင် သည်လည်း ကိုဘိုစန်း (၃၃) နှစ် ကိုင်းစုရွာ၊ ရွှေပန်းတောအခြေစိုက်၊ အောင်လံမြို့သည် ၀မ်းဗိုက်တွင် ဓါးထိုးခံရ၍ ခွဲစိတ်ကုသရန် သွေးလိုအပ်ပါ၍ သွားရောက်လှူဒါန်းခဲ့သည်။

၃၀.၇.၂၀၁၀ (သောကြာ) နေ့နံနက်တွင် ဗုဒ္ဓဆင်းတုများအား ရေချမ်းသပ္ပါယ်ခြင်း၊ သစ်သီး ဆွမ်းကပ်လှူခြင်း၊ ဗုဒ္ဓစွယ်တော်အား ပူဇော်ကန်တော့ခြင်း၊ သံဃာတော်များအား အာရုံဆွမ်း ဆက်ကပ်ခြင်း၊ ရွှေပေါက်ပင်ဆရာတော် ဘုရားကြီးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်း ချ အမျှဝေခြင်းများ ပြုလုပ်ကာ ရန်ကုန်မြို့သို့ နေ့လည် (၁၂း၀၀) နာရီတွင် ပြန်လည်ထွက်ခွာခဲ့သည်။

ထို့ကြောင့် မိမိတို့ ခရီးစဉ်ရည်ရွယ်ချက်သည် ရွှေပေါက်ပင်ဆရာတော်ကြီးအား ၀ါတွင်း ဆွမ်းကပ်ရန် ဖြစ်သော်လည်း ရွှေဗျိုင်းနား ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၅) နှစ် ပူဇော်ပွဲနှင့် ကြုံကြိုက်ခြင်း၊ အရေးပေါ် ခွဲစိတ်ကုသရန် သွေးလိုအပ်သော လူနာများအား တိုက်ရိုက် သွေးလှူဒါန်းခွင့် ရရှိခဲ့ခြင်း တို့ကြောင့် တစ်ချက်ခုတ် သုံးချက်ပြတ် ဒါနကုသိုလ် ခရီးစဉ်ဟု သတ်မှတ်နိုင်ပါတော့သည်။

မျိုးဆက်သစ်တို့၏ ပြိုင်ပွဲ

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များ၏ ပန်းချီသင်တန်းကို ယနေ့ ၃၁.၇.၂၀၁၀ (စနေ) နေ့တွင် သက်ငြိမ် ပန်းချီပြိုင်ပွဲကို ပန်းချီဆရာ ဦးဝင်းကြည်မှ ကျင်းပခဲ့သည်။ သက်ငြိမ် ပန်းချီပြိုင်ပွဲတွင် ငှက်ပျောသီး၊ သရက်သီး၊ ပန်းသီး၊ မင်းကွတ်သီး၊ စပျစ်သီး စသည်တို့ကို ရေဆေးဖြင့် ရေးဆွဲပုံဖော်ကာ ပြိုင်ပွဲတစ်ရပ်အား ကျင်းပပေးခဲ့သည်။
ပြိုင်ပွဲ ကျင်းပပေးခြင်း ရည်ရွယ်ချက်မှာ သင်တန်းကာလ (၂) လပြီးဆုံးပြီဖြစ်၍ မျိုးဆက်သစ် တို့၏ ပန်းချီပညာ အရည်အသွေးကို စစ်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး လူငယ်ပီပီ အားကျမခံ စစ်မှန်သော ပြိုင်ဆိုင်မှုကို ဖော်ထုတ်ပေးခြင်း၊ ပညာရပ်တစ်ခုကို ထိရောက်စွာ တတ်ကျွမ်းမှုရှိရေး၊ ပန်းချီပညာရပ်သည် လူသားတို့၏ စိတ်ထား နူးညံ့မှုရှိခြင်း၊ မျိုးဆက်သစ်လူငယ်များအား အမှန်တရား ကို ဖော်ထုတ်ပေးသော ပန်းချီပညာရပ်ကို ကျွမ်းကျင်မှုရှိရေး၊ လောကအလှကို ဖော်ထုတ်ပေးသော ပန်းချီပညာရပ်အား စိတ်ဝင်စားမှုရှိစေရေး ဟူသော ရည်ရွယ်ချက်များ ဖြစ်ပါသည်။
ဆုပေးပွဲအား သင်တန်းဆင်းမည့် နေ့ရက်တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု ဟူ၍ ပန်းချီပညာရှင်ကြီးများမှ မျိုးဆက်သစ်ကလေးငယ်တို့ ရေးဆွဲထားသည့် ရေဆေးပန်းချီ ကားချပ်များအား ရွေးချယ်သတ်မှတ်ကာ ချီးမြှင့်ဂုဏ်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

အာဏာရှင်ကြီး ဗိုလ်ချုပ်သန်းရွှေ၏ အိန္ဒိယနိုင်ငံ ခရီးစဉ် (CNN ရုပ်သံ)

India Than Shwe
ပုံကတော့ တစ်ခုခုထူးခြားနေသလိုလို မသွားခင် နှုတ်ဆက်နေလေသလားပဲ...(CNN)
(မသွားမှီက ရောက်နှင့်သည်)
ဗိုလ်ချုပ်သန်းရွှေ သတင်းထက် နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ပုံလေးတွေ့ရတာကိုပဲ ကျေနပ်ပါတယ်။

ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇနီးမောင်နှံ....



“Merry Christmas” ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့ မှာမပျော်ရွှင်နိုင်ဘဲ မိမိတို့ ကျုးလွန်ခဲ့သော အကုသိုလ် အပြစ်များကြောင့် ၁၉၈၉ ခုနှစ်မှာ လင်မယား နှစ်ယောက်စလုံး သေဒဏ် စီရင်ခြင်းခံခဲ့ရသူတွေကတော့ ရိုမေးနီးယား အာဏာရှင်ကြီး ချောင်ဆက်စကူး (Nicolas Ceausescu) နဲ့ ဇနီးဖြစ်သူ အဲလ်လီနာ (Elena) တို့ဘဲ ဖြစ်ပါတယ်။

အာဏာရှင်ကြီး ချောင်ဆက်စကူး ဆိုသူဟာ ဘယ်သူလဲ။ သူဘာတွေ လုပ်ခဲ့သလဲ။ ပြည်သူက သူ့ကိုဘာကြောင့် ရွံ့ရှာမုန်းတီး နာကျည်းကြတာလဲ။ အထူးသဖြင့် အာဏာရှင်စနစ်ကို ရက်ပိုင်းအတွင်းဖြုတ်ချပြီး ဒီမိုကရေစီစနစ် ကိုပြောင်းလဲ ကျင့်သုံးနိုင်ခဲ့သော ရိုမေးနီးယားနိုင်ငံရေး ဖြစ်စဉ်တစ်ခုကို တင်ပြလိုခြင်း ဖြစ်ပါတယ်။

နံမည်ဆိုးနဲ့ ကျော်ကြားခဲ့သော နီကိုလပ် ချောင်ဆက်စကူး (Nicolas Ceausescu) ကို ရိုမေနီးယားနိုင်ငံ (Romania) တွင် ဆင်းရဲသော လယ်သမား မိဘများက ၁၉၁၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်တွင် မွေးဖွားခဲ့သည်။ ရိုမေနီးယား နိုင်ငံ ကို အာဏာရှင်စနစ်ဖြင့် နှစ်ပေါင်း ၃၀ နီးပါး ရက်ရက်စက်စက် ချုပ်ကိုင်ခဲံ့သော ချောင်ဆက်စကူး သည် သူ ချစ်ခင် အားကိုးရသော ဇနီးဖြစ်သူ အဲလ်လီနာ (Elena) နဲ့အတူ ၁၉၈၉ ခုနှစ် ခရစ္စမတ်နေ့ တွင် သေနတ်ဖြင့်ပစ်ပြီး သေဒဏ် စီရင်ပေးခြင်း ခံခဲ့ရသည်။

ဆင်းရဲတဲ့ လယ်သမားမိယားစုက ပေါက်ဖွားခဲ့ရတဲ့ ချောင်ဆက်စကူး မှာမွေးချင်း ၉ ယောက်ရှိပြီး မီးမရှိတဲ့ အိမ်လေးထဲမှာ ကြပ်ြကပ်တည်းတည်း နေခဲ့ရတာပါ။ အခုတော့ သူနေခဲ့ရတဲ့ Scomicesti ရွာလေးက အိမ်လေးကို အများပြည်သူ ကြည့်နိုင်အောင် ပြထားပါတယ်။ သူ့ရဲ့နောက်ခံ သမိုင်းကိုလည်း လေ့လာဆန်းစစ် နိုင်အောင်လည်းဖြစ်မှာပါ။

နောက်တော့ Bucharest မြို့ကလေးကို ပြောင်းလာပြီး အလုပ်သင် ဖိနပ်ချုပ်သမားလေး (Cobbler) အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

သူ့ဘဝက ဒီလိုဆိုးခဲ့ပေမယ့် သူဟာ ခမ်းနားကြီးကျယ်တဲ့ စစ်ရေးပြပွဲကြီးတွေကို ကြီးကြပ် စီမံခန့်ခွဲရသူ တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ အခမ်းအနားတခုမှာဆို ဘုရင်မကြီးရဲ့ ဖိတ်ကြားမှုကို ခံခဲ့ရသူပါ။

အာဏာရှင်ပီပီ ကြီးကျယ်ခန်းနားမှု နဲ့ကျော်ကြားမှုကို လိုလားခဲ့တဲ့ ချောင်ဆက်စကူးဟာ အလွန်ခမ်းနားကြီးကျယ်တဲ့ ပြည်သူ့လွှတ်တော် (House of the People) အဆောက်အဦးကြီးကို ဆောက်လုပ်စေခဲ့ပါတယ်။ တိုင်းပြည်မှာ စီးပွားရေးကျပြီး၊ ပြည်သူတွေ စားနပ်ရိက္ခာ ရှားပါးတာကို ဂရုမစိုက်ဘဲ ဒိအဆောက်အဥိးကြီးကို လူအား၊ ငွေအား အမြောက်အများ အကုန်ကျခံ ဆောက်စေခဲ့တာပါ။

အမေရိကန်နိုင်ငံက ပင်တဂွန် (Pentagon) စစ်ဋ္ဌာနချုပ်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး အဆောက်အဥိး အဖြစ်ခေါ်ကြသည်။ အဆောက်အဦးကြီး မပြီးသေးခင်မှာဘဲ သူသေဒဏ် စီရင်ခံခဲ့ရတာပါ။ အခုတော့ ရိုမေးနီးယားရဲ့ ပါလီမန် အဆောက်အဦး ဖြစ်ပါတယ်။

အသက် ၁၅ နှစ်အရွယ်ကတည်းက ကွန်မြူနစ်ပါတီဝင်ဖြစ်ပြီး မြေအောက်လှုပ်ရှားမှု တွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူပါ။ ဒုတိယကမ္ဘာစစ်အပြီး (၁၉၄၅) နောက်ပိုင်းမှာတော့ ရာထူး အဆင့် မြန်မြန်တိုးပေးခြင်း ခံခဲ့ရသူပါ။

သူဟာ ရိုမေးနီးယား ကွန်မြူနစ် ခေါင်းဆောင်ကြီး Gheorghe Gheorghiu Dej ရဲ့ အရိပ်တစ်ခုလို အနီးကပ်နေခဲ့ရသည်မှာ Dej ကွယ်လွန်ခဲ့သော ၁၉၆၅ ခုနှစ် အထိဖြစ်ပါတယ်။ အဲဒီနောက် သူဟာ ဗဟိုကော်မတီ (Central Committee) ရဲ့ အထွေထွေ အတွင်းရေးမှုး အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

နောက်နှစ်နှစ်အကြာမှာ သူဟာ နိုင်ငံတော်ကောင်စီ (the Council of State) ရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှာတော့ သမ္မတ အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

မောင်တော်နှင့် ထပ်ချက်မကွာ

နီကိုလပ် ချောင်ဆက်စကူး (Nicolas Ceausescu) ရဲ့ ဘဝတလျှောက် အရေးပါဆုံး တစ်ယောက်ကတော့ သူ့ဇနီး အဲလ်လီနာ (Elena) ပါဘဲ။ သူမကို သူစတွေ့ခဲ့တာကတော့ ၁၉၃၉ ခုနှစ်၇ဲ့ တစ်ခုသော စစ်ရေးပြပွဲမှာပါ။ သူမကို တိုင်းပြည်ရဲ့ နံပါတ် နှစ် (the regime’s number two) အဖြစ် နိုင်ငံရေး သုတေသီတွေက ညွှန်းခဲ့ကြပါတယ်။

သူမ ကို ၁၉၁၉ ဇန်နဝါလ ၇ ရက်နေ့မှာ လယ်သမားမိဘတွေက မွေးဖွားခဲ့တာပါ။ ကွန်မြူနစ်ပါတီကို မဝင်ခင် သူမဟာ အထည်ချုပ်စက်ရုံတရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။

သူမဟာ သူ့ခင်ပွန်း နီကိုလပ် ချောင်ဆက်စကူး (Nicolas Ceausescu) ကို စက်ရုံတွေ (သို့) စံပြလယ်ယာ (Model farm) တွေကို သွားရောက် လည်ပတ်ကြည့်ရှု တဲ့အခါမှာ ဟောင်းနွမ်း ပြီး ဆွေးမြေ့နေတဲ့ ကုတ်အင်္ကျီ ကိုဝတ်ဆင်ဖို့ အကြံပေးခဲ့သူပါ။ ဒီလို ဝတ်ဆင်ပြခြင်းဖြင့် သူဟာ “ပြည်သူ့ဘက်သား” (A man of people) အဖြစ် သက်သေပြနိုင်တယ်လို့ ယုံကြည်နေပုံရပါတယ်။

အာဏာရှင်ရဲ့ နိုင်ငံရေး ဗျူဟာ


မကြာသေးသော ကာလတွေကဘဲ နီကိုလပ် ချောင်ဆက်စကူး (Nicolas Ceausescu) နဲ့ အမေရိကန် သမ္မတကြီး Richard Nixon၊ ပြင်သစ်သမ္မတကြီး ဒီဂေါလ် (Charles de Gaulle) တို့ အေးအေးဆေးဆေး ပြုံးပြုံးပျော်ပျော် တွေ့ဆုံခဲ့တဲ့ မှတ်တမ်းတွေကို မီဒီယာတွေက ဖော်ပြခဲ့ကြပါသေးတယ်။ အလားတူ ပျော်စရာ ခရီးစဉ်မျိုး မြောက်ကိုရီးယား နဲ့ ဟောလီးဝုဒ် (Hollywood) သွားတုန်းကလည်း သူရခဲ့ပါသေးတယ်။

အနောက်ဒီမိုကရေစီ နိုင်ငံတွေနဲ့ အဆင်ပြေရတဲ့အကြောင်းရင်း တွေကတော့ သူ့ရဲ့ ဆိုဗီယက် သြဇာကို စိန်ခေါ်ခဲ့တဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေး မှုဝါဒကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူဟာ ဆိုဗီယက် ဦးဆောင်ခဲ့တဲ့ ဝါဆော စစ်မဟာမိတ် စာချုပ် (Warsaw Pact) ကနေ ၁၉၆၅ နောက်ပိုင်းကာလ ကစပြီး သွေဖည်ခဲ့ပါတယ်။ ကွန်မြူနစ်ဝါဒီ ဖြစ်ပေမယ့် အနောက်ဂျာမနီ (West Germany) ကိုအသိအမှတ်ပြုခဲ့တဲ့ ပထမဆုံး ကွန်မြူနစ် နိုင်ငံဖြစ်သလို အမေရိကန် သမ္မတ နတ်ဆင် (Richard Nixon) ကို ပထမဆုံး လက်ခံခဲ့သူလည်းဖြစ်ပါတယ်။ ကမ္ဘာ့ ငွေကြေးရံပုံငွေ အဖွဲ့ကြီး (International Monetary Fund) ကို ပထမဆုံး ပူးပေါင်းခဲ့ပါတယ်။ ဥရောပ စီးပွားရေး အဖွဲ့ကြီး ဖြစ်တဲ့ (European Economy Community) တွင် ပါဝင်တဲ့ အရှေ့ဥရောပ နိုင်ငံများအဖြစ် ယူဂိုဆလားဗီးယား နိုင်ငံ နှင့် ရိုမေးနီးယား နိုင်ငံသာရှိသည်ဟု ပြောဆိုခြင်းခံခဲ့ရသည်။

သူဟာ ၁၉၆၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ “ပရက်စ် ခါနွေဦး” (Prague Spring) လို့လူသိများတဲ့ “ချက်ကိုစလို ဗက်ကီးယား တော်လှန်ရေး” (Czechoslovakia’s revolutionary” ကို ပြစ်တင်ရှုတ်ချ ခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်အနည်းငယ် ထဲကတစ်ယောက်လည်းဖြစ်ပါတယ်။

၁၉၇၁ တွင် သူ၏ နိုင်ငံရေး သဘောထားများကို ထင်ဟပ်စေသော “July Theses” မိန့်ခွန်းကြီးကို တင်ပြခဲ့သည်။ ယင်းစာတမ်းတွင် အချက် ၁၇ ချက်ပါဝင်ပြီး ရိုမေးနီးယားနိုင်ငံ၏ အသေးစား ယဉ်ကျေးမှု တော်လှန်ရေး (Mini Cultural revolution) အဖြစ် သတ်မှတ် ခဲ့ကြသည်။

ထောက်လှမ်းရေး အကြီးအကဲကြီး ဘက်ပြောင်းသွားခြင်း (Pacepa Defection)

အာဏာရှင်ကြီး ချောင်ဆက်စကူး အာဏာအားပျော့သွားပြီး နောက်ဆုံးပြုတ်ကျသွားရတဲ့ အကြောင်းတွေထဲမှာ အီယွန် မီဟိုင်း ပါစီပါ (Ion Mihai Pacepa) ဆိုသော ရိုမေးနီးယားနိုင်ငံရဲ့ ထောက်လှမ်းရေး အကြီးအကဲ တစ်ဦး ဘက်ပြောင်းသွားပြီး အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရခဲ့ခြင်းကြောင့်လည်း ဖြစ်ပါတယ်။

ပါစီပါဟာ “Securitatae” လို့ခေါ်တဲ့ ရိုမေနီးယားနိုင်ငံ ထောက်လှမ်းရေး အဖွဲ့ကြီးရဲ့ ကြယ်နှစ်ပွင့်ရ ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သလို အာဏာရှင်ကြီး ချောင်ဆက်စကူး ရဲ့ အကြံပေး ပုဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။

၁၉၇၈ ဇူလိုင်လမှာ သူဟာ အမေရိကန်သမ္မတကြီး ဂျင်မီကာတာက သူ့ နိုင်ငံရေး ခိုလှုံခွင့် (Political Asylum) လျှောက်ထားချက် ကိုလက်ခံခဲ့လို့ ဂျာမဏီ နိုင်ငံ ဘွန်းမြို့ (Bon) ရှိ အမေရိကန် သံရုံးမှာ ခိုလှုံခွင့်ယူခဲ့ပါတယ်။

သူဟာ အမေရိကန်နိုင်ငံရဲ့ အရှေ့အုပ်စု (Eastern Bloc) ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အမေရိကန် ထောက်လှမ်းရေး တွေနဲ့အတူ လုပ်ကိုင်ခဲ့ပါတယ်။ စီအိုင်အေ (Central Intelligence Agency (CIA) ဆို ပါစီပါကို “အမေရိကန်နိုင်ငံအတွက် အရေးပါဆုံး နှင့် ပြိုင်ဆိုင်ရှားသော ပူးပေါင်းသူ” (An important and unique contribution) အဖြစ် တင်စားခဲ့သည်။

၁၉၇၈ စက်တင်ဘာမှာ ရိုမေးနီးယားနိုင်ငံက သေဒဏ်ထုတ်ပြီး အာဏာရှင်ကြီး ချောင်ဆက်စကူး ကလည်း ပါစီပါကို အမေရိကန် ဒေါ်လာ နှစ်သန်း ဆုငွေထုတ်ခဲ့ပါတယ်။ ပါလက်စတိုင်း ခေါင်းဆောင် ယာဇာ အာရာဖတ် (Yasser Arafat) နှင့် လစ်ဗျားခေါင်းဆောင် ကဒါဖီ (Mummar al- Gaddafi) တို့ကလည်း ဒေါ်လာ တစ်သန်းစီ ပေးမည်ဟု ကြေငြာခဲ့ကြသည်။

၁၉၈၀ မှာရိုမေးနီးယားနိုင်ငံ စစ်ထောက်လှမ်းရေးတွေက Carols the Jackal ခေါ်သော နံမည်ကျော် လူဆိုးကို ငွေပေးပြီး ပါစီပါ ကိုလုပ်ကြံခိုင်းခဲ့ကြသည်။

၁၉၈၆ တွင် ပါစိပါ သည် “အနီရောင် မိုးကုတ်စက်ဝိုင်းများ (သို့) ကွန်မြူနစ် စပိုင်အကြီးအကဲ တစ်ဦး၏ ရက်စွဲမှတ်တမ်း” (Red Horizons: Chronicles of a Communist Spy Chief) စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းစာအုပ်တွင် အာဏာရှင်ကြီး ချောင်ဆက်စကူး ၏ အုပ်ချုပ်ရေးစနစ် နှင့် နိုင်ငံခြားရေး ဗျုဟာများ စသော အကြောင်းများကို အသေးစိတ် ဖော်ထုတ်တင်ပြထားသည်။

သူ ဘက်ပြောင်းသွားခြင်း (Defection) နောက်ပိုင်း ရိုမေနီးယားနိုင်ငံ ဟာပိုပြီး အထီးကျန်ဆန် (Isolated) ဖြစ်ပြီး စီးပွားရေးလည်း သိသိသာသာ ယိမ်းယိုင်ခဲ့ရသည်။

အာဏာရှင်ကြီး ချောင်ဆက်စကူး ၏ ထောက်လှမ်းရေး အဖွဲ့ကြီး အတွင်းသို့လည်း နိုင်ငံခြား သူလျှိုများ စိမ့်ဝင်လာပြီး တိုင်းပြည်ကိုလည်း ထိန်းချုပ်ရတာ ခက်လာတော့သည်။ အာဏာရှင်ကြီး ချောင်ဆက်စကူး ဟာ ပါစီပါ ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းများ ကိုလည်း သုတ်သင်ရှင်းလင်းပြီး ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစာခဲ့ပေမယ့် မအောင်မြင်ခဲ့ပေ။

တဇွတ်ထိုးစိတ်နဲ့ စီးပွားရေး ချွတ်ခြုံကျမှု

File:Palace of the Parliament, Casa Poporului.jpg

အာဏာရှင်ကြီး ချောင်ဆက်စကူး ဟာတပါတီစနစ် (Totalitarian) ကျင့်သုံးခဲ့ပေမယ့် ဆိုဗီယက် ယူနီယံ (Soviet Union) ကနေ သီးခြားနိုင်ငံရေး စနစ်ကျင့်သုံးခဲ့ခြင်းကြောင့် လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် ချက်ကိုစလိုဗက်ကီးယား တော်လှန်ရေးကို ဆန့်ကျင်ခဲ့ခြင်း တို့ကြောင့် အနောက် အင်အားကြီးနိုင်ငံများ၏ ထောက်ပံ့မှုကို ရရှိခဲ့သည်။

၁၉၇၂ ခုနှစ်လောက်ကစပြီး သူရဲ့ “စနစ်တကျဖော်ဆောင်ခြင်း” (Systematization) ဆိုတဲ့ စီမံကိန်း တစ်ခုကိုရေးဆွဲပြီး “ဆိုရှယ်လစ်လူ့ဘောင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး” (Multilaterally developed socialist society) တည်ဆောက်ရေး အတွက် လုပ်ဆောင် ခဲ့သည်။ အဆိုးဆုံးတစ်ခုမှာ မြို့တော်များ ပြန်လည်တည်ဆောက်ရေး အတွက် နိုင်ငံတွင်း နေရာအနှံ့အပြားတွင် အဆောက်အအုံများ၊ နေအိမ်များ နှင့် ဘုရားရှိခိုးကျောင်း များကို ဖြိုဖျက် ခဲ့ခြင်း၊ ပြန်လည်နေရာ ချထားခြင်း နှင့် တည်ဆောက်ခြင်းကို သူ့စိတ်တိုင်းကျသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၈၅ လောက်တွင် သမိုင်းဝင်အဆောက်အဦးများ နှင့် ဘုရားရှိခိုးကျောင်း (Churches) အပါအဝင် Bucharest မြို့ရှိ ၅ ပုံ၁ ပုံ ကျော် ဖြိုဖျက်ခံခဲ့ရသည်။

“မြို့ပြနိုင်ငံ တည်ထောင်ခြင်း” (Urbanization) နှင့် “စက်မှုနိုင်ငံ တည်ဆောက်ခြင်း” (Industrialization) စီမံကိန်းအရ ရွာပေါင်းများစွာ ကိုအတင်းအဓမ္မ ဖျက်စီးခဲ့ပြီး လယ်သမားများစွာကို တိုက်ခန်းများသို့ ရွှေ့ပြောင်းစေခဲ့သည်။

၁၉၆၀ နောက်ပိုင်းတွင် လူဦးရေတိုးပွားအောင် အတင်းကြိုးစားခဲ့၍ မိဘကလေး (Orphans) နှင့် ခိုကိုးရာမဲ့များ အဆမတန် တိုးပွားခဲ့သည်။ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်း၍ HIV/ AIDS ကဲ့သို့ ကူးစက်ရောဂါများ ပျံ့နှံ့ခဲ့ရသည်။

ဘဏာရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံခြားမှ ဒေါ်လာ ၁၃ ဘီလီယံ ငွေကြေးယူခဲ့သည်။ သည်ချေးငွေများကြောင့်ဘဲ တိုင်းပြည်စီးပွားရေး ထိခိုက်ခဲ့ရသည်။

တိုင်းပြည်၏ နိုင်ငံခြားကြွေးမြီ များကိုပြန်ဆပ်ရန် ကြိုးစားမှု တရပ်အနေနဲ့ ၁၉၈၀ နောက်ပိုင်းတွင် ပြည်ပတင်ပို့ခြင်း (Export) ကို ဥိးစားပေးဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ပြည်တွင်းတွင် ရှားပါးမှုများဖြစ်လာခဲ့ပြီး လူနေမှု အဆင့်အတန်း နိမ့်ကျလာခဲ့သည်။

အဓိက စားသောက်ကုန်များဖြစ်သော နွားနို့၊ သကြား၊ ဥ နှင့် ထောပတ် တို့ကို ခွဲတမ်းဖြင့်သာ ရခဲ့ကြသည်။ ငှက်ပျောသီး တစ်လုံးစားရခြင်းသည် ထူးကဲသော ဇိမ်ခံခြင်း (Eating a banana was a rare luxury) အဖြစ်ဆိုရမလောက်ပင် ဖြစ်သည်ဟု ဆိုကြသည်။

ကြွေးမြီကိစ္စ နှင့် အခြားဥပဒေ ပြင်ဆင်မှုများအတွက် လူထုဆန္ဒခံယူပွဲ (Referendum) ကျင်းပခြင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (Constitution) ပြင်ဆင်ရေးသားခြင်းများ ပြုလုပ်ခဲ့သည်။ ဥပဒေ အသစ်အရ ရိုမေးနီးယားနိုင်ငံ သည် နိုင်ငံခြားတိုင်းပြည်များမှ နောက်နောင် ငွေချေးယူခြင်း မပြုရ ဟု ပါဝင်သည်။

အာဏာရှင်ကြီး ၏ နေဝင်ချိန်များ

၁၉၈၉ ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သော Timisoara နှင့် Bucharest မြို့များတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆန်ကျင်ရေး အဖြစ်အပျက်များကြောင့် အာဏာရှင်ကြီး ချောင်ဆက်စကူး ၏ နှစ် ၃၀ နီးပါး သက်တမ်းရှိ အစိုးရ ပြုတ်ကျခဲ့ရသည်။

၁၉၈၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် ရိုမေးနီးယား ကွန်မြူနစ် ပါတီကွန်ကရက် (Congress of the Romanian communist Party (PCR) မှ အသက် ရ၁ နှစ် ရှိပြီဖြစ်သော ချောင်ဆက်စကူး ကို ပါတီ ခေါင်းဆောင်ကြီး အဖြစ် နောက်ငါးနှစ် သက်တမ်း အတွက် ရွေးချယ်ခဲ့ကြသည်။

Timisoara မြို့တွင်ရှိ ဆန္ဒပြပွဲများသည် အစိုးရက ဟန်ဂေရီ လူမျိုး ခရစ်ယာန် သင်းအုပ်ဆရာ လာစလို တိုခဲလ် (Laszlo Tokes) ကို လူမျိုးရေး မုန်းတီးမှု (Ethnic hatred) ဖြစ်အောင် လုပ်သည် ဟူသော စွပ်စွဲချက်ဖြင့် နယ်မြေထဲမှ ထွက်သွားစေခဲ့ခြင်း မှစတင်ခဲ့သည်။ ထိုအချိန်က သူ့ဇနီး အဲဒစ် (Edict) သည်လည်း ကိုယ်ဝန်ကြီးနှင့် ဖျားနာနေသော အချိန် လည်းဖြစ်သည်။

၁၉၈၉ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် သင်းအုပ်ဆရာကို ထောက်ခံသော ခရစ်ယာန် ပရိသတ်များသည် သူ့နေထိုင်ရာ အဆောက်အအုံ ကိုဝန်းရံပေးခဲ့ကြသည်။ မြို့တော်ဝန် နှင့် အာဏာပိုင်များက လူစုခွဲရန်ကြိုးစားခဲ့သည်။ မိးသတ်ပိုက်များဖြင့် ထိုးခဲ့သည်။ သို့သော် လူအုပ်ကြီင်္းက နောက်မဆုတ်ခဲ့ပေ။ နောက်ပိုင်း ဟန်ဂေရီ လူမျိုး ခရစ်ယာန် ဘာသာဝင်များ နှင့် ရိုမေးနီးယား စက်မှုကျောင်းသားများ၊ တက္ကသိုလ် ကျောင်းသားများ ပူးပေါင်းခဲ့ကြသည်။ အစပိုင်းတွင် လူအုပ်ကြီးသည် ဓမ္မသီချင်း (Hymn) ကိုရွတ်ဆိုခဲ့ကြပြီး ည ၇ နာရီ ခွဲ လောက်မှ စတင်ကာ အမျိုးသားရေး တေးသီချင်းဖြစ်သော “ထလော့, အို….ရိုမေးနီးယားပြည်သူတို့! (Wake up, O , Romanian!) Deşteaptă-te, române! သိချင်းကို သီဆိုခဲ့ကြသည်။

ယင်းသီချင်းသည် ရိုမေးနီးယားနိုင်ငံ၏ သမိုင်းဝင် နိုင်ငံတော် သီချင်းဖြစ်သည်။ သို့သော် ကွန်မြူနစ် ပါတီ အာဏာရပြီး ၁၉၄၇ ဒီဇင်ဘာလမှ စတင်ကာ “ထလော့, အို….ရိုမေးနီးယားပြည်သူတို့! (Wake up, O , Romanian!) သီချင်းအပါအဝင် အခြား တော်လှန်ရေး သီချင်းများကို ပိတ်ပင် တားမြစ်ခဲ့သည်။ သို့သော် ၁၉၈၇ ခုနှစ်က ဘရာဆော့ဗ် (Brasov) မြို့တွင် ဖြစ်ပွားခဲ့သော Brasov ဆန္ဒပြပွဲတွင်လည်း ယင်းသီချင်း ကိုသိဆိုခဲ့ကြသေးသည်။

ဒီဇင်ဘာ ၁၇ ရက်တွင် စစ်တပ်မှ ပစ်ခတ်နှိမ်နင်းခဲ့၍ လူအများ သေဆုံးခဲ့သည်။ ချောင်ဆက်စကူး ၏ ဇနီး အဲလ်လီနာ (Elena) ၏အမိန့်ဖြင့် လူသေအလောင်း ၄၀ လောက်ကို ထရပ်ကားများဖြင့် Bucharest မြို့သို့ သယ်ဆောင်သွားပြီး ခြေရာဖျောက်ရန် သဂြိုလ် ခဲ့သည်ဟု မှတ်တမ်းများတွင်တွေ့ရသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့တွင် Timisoara မြို့ရှိ ထောင်ပေါင်းများစွာသော စက်မှု အလုပ်သမား များပါ ဆန္ဒပြပွဲ သို့ ငြိမ်းချမ်းစွာ ပါဝင်ခဲ့သည်။ အခြား မြို့ကြီးများသို့လည်း ဆန္ဒပြပွဲများ ကူးစက်ခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်နေ့မှာပင် အာဏာရှင်ကြီး ချောင်ရှက်စကူး သည် အီရန်ကို အလည်အပတ် သွားရောက်ခဲ့သေးသည်။ ဆန္ဒပြပွဲများကို နှိမ်နှင်းရန် သူ့ဇနီး အဲလ်လီနာ (Elena) နှင့် လက်ဝေခံများကို ထားခဲ့သည်။

ဒီဇင်ဘာလ ညနေတွင် အီရန်မှပြန်ရောက်လာပြီး ဗဟိုကော်မတီ အဆောက်အဦး ရှိ TV Studio ခန်းမှ မိန့်ခွန်းပေးခဲ့သည်။ Timisoara အရေးအခင်းနျင့် ပတ်သတ်၍ ပြောကြားရာတွင် အာဏာရှင်ကြီး ချောင်ရှက်စကူး က “ရိုမေးနီးယားနိုင်ငံ၏ ပြည်တွင်းရေးကို နိုင်ငံခြားမှ အင်အားစုများမှ ဝင်ရောက်စွက်ဖက်ခြင်း” (Interference of foreign forces in Romania’s international affairs) နှင့် “ရိုမေးနီးယား အချုပ်အခြာနယ်မြေ သို့ပြည်ပမှ ကျူးကျော် ဝင်ရောက်ခြင်း” (External aggression on Romania sovereignty) ဟူသော အသုံးအနှုန်း များကို ပြောခဲ့သည်။

Timisoara အရေးအခင်းနှင့် ပတ်သတ်၍ အစိုးရသတင်းဋ္ဌာန များမှ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။ VOA, RFE (Radio Free Europe) ကဲ့သို့သော နိုင်ငံခြား ရေဒီယို သတင်းဋ္ဌာနများ နှင့် လူအများပြောကြ၍သာ သိခဲ့ကြရခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၁ ရက်နေ့တွင် လူထု အစည်းအဝေးကြီး (Mass meeting) တစ်ခု ကျင်းပခဲ့သည်။ အစိုးရပိုင် သတင်းဋ္ဌာနတွေက “ချောင်ဆက်စကူးကို ထောက်ခံသော အလိုအလျှောက် လှုပ်ရှားမှုကြီး” (Spontaneous movement of support for Ceausescu) အဖြစ် လိမ်လည် တင်ပြခဲ့ကြသေးသည်။

ယခု တော်လှန်ရေးရင်ပြင် (Revolution Square) ဟုခေါ်သော နေရာတွင် ကျင်းပခဲ့သော ယင်းလူထုအစည်းအဝေးကြီး ကိုစစ်တပ်နှင့် ရဲမှ အကြမ်းဖက် နှိမ်နှင်းခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် အဓိကမြို့ကြီးများတွင် ဆန္ဒပြပွဲကြီးများ ပေါ်ပေါက်ခဲ့သည်။ ထိုပြင် ကာကွယ်ရေး ဝန်ကြီး Vasila Milea သေဆုံးမှု သတင်းကိုလည်း မီဒီယာမှ ထုတ်ပြန်ခဲ့သည်။

အာဏာရှင်ကြီး ချောင်ဆက်စကူး လည်း ချက်ချင်းဆိုသလို အမှုဆောင်ကော်မတီ (Political Executive Committee) ကိုကျင်းပပြီး စစ်တပ်ရဲ့ အကြီးအကဲ အဖြစ်ခံယူခဲ့သည်။ သူဟာ ဗဟိုကော်မတီ (Central Committee) အဆောက်အဦးရှေ့ ကလူအုပ်ကြီးကို လူစုခွဲရန် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှင် ရဲ့ စစ်ဖိနပ်အောက် မှာနာကျည်းစွာ ခံစားခဲ့ကြတဲ့ ပြည်သုတွဟာ ရဲရဲဝံ့ဝံ့ ရင်ဆိုင် အာခံ ခဲ့လို့ ၂၂ ရက်နေ့မှာဘဲ ဟယ်လီကော်ပရာ (Helicopter) နဲ့ထွက်ပြေးခဲ့ပါတော့တယ်။

အာဏာရှင်ကြီး ချောင်ဆက်စကူးနဲ့ ဇနီးတို့ကို ရဲကဖမ်းထားပြီး နောက် စစ်တပ်လက်သို့ အပ်လိုက်ပါတော့တယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မှာတော့ အာဏာရှင်ကြီး ချောင်ရှက်စကူး နဲ့ သူ့ဇနီး တို့ကို တရားမဝင်နည်းများဖြင့် ငွေကြေးဥစ္စာ စုဆောင်ခြင်း မှသည် အစုလိုက်အပြုံလိုက် လူသတ်ဖြတ်ခြင်း စသော ပြစ်မှုများစွာဖြင့် စစ်ခုံရုံးမှာ တရားစွဲပြီး Târgovişte မြို့မှာ ပစ်သတ်ပြီး စီရင်ပေးခဲ့ပါတယ်။

အာဏာရှင်ကြီး ချောင်ဆက်စကူး နဲ့ ဇနီးတို့ကို ပစ်သတ်စီရင်ခဲ့သော Video သတင်းမှတ်တမ်း ကို အနောက်နိုင်ငံအများစုမှာ ထုတ်လွှတ်ပြသခဲ့ပါတယ်။ နောက်တနေ့တွင် ရိုမေနီးယားနိုင်ငံ ရုပ်မြင်သံကြား မှလည်း ထုတ်လွှတ်ခဲ့ပါတယ်။

ရိုမေနီးယားနိုင်ငံတွင် ၁၉၉၀ ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ သေဒဏ်စီရင်မှုပေးခြင်း (capital punishment) ကိုဖျက်သိမ်းခဲ့၍ အာဏာရှင်ကြီး ချောင်ဆက်စကူး နဲ့ ဇနီးတို့သည် ရိုမေနီးယားနိုင်ငံ၏ နောက်ဆုံး သေဒဏ် ပေးခြင်းခံရသူများ ဖြစ်ခဲ့ကြရသည်။

File:Romanian Revlution 1989 3.jpg

သုံးသပ်ချက်

အာဏာရှင်ကြီး ချောင်ဆက်စကူး နဲ့ ဇနီးတို့ အကြောင်းကို ဖတ်ပြီး အာဏာရှင်တို့ရဲ့ စရိုက် နဲ့ သဘောထားကို သိနိုင်ပါတယ်။ တကယ်တော့ ချောင်ရှက်စကူးဟာ ငယ်ရွယ်နုပျိုချိန်ကတော့ အလွန်ကြိုးစားပြီး တိုင်းပြည်အတွက် ပေးဆပ်လိုစိတ်၊ မတရားမှုကို တွန်းလှန်လိုသော စိတ်တွေနဲ့ လုပ်ကိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ငယ်ငယ်ရွယ်ရွယ် နဲ့ နေရာကောင်းတွေ၊ ရာထူးကြီးတွေ ရခဲ့တာပါ။ ဒါပေမယ့် အာဏာကို တပ်မက်လာပြီး ငါတကောကောတဲ့ အာဏာရှင်ကြီးတို့ရဲ့ မာန်မာန အတိုင်း လုပ်ခဲ့လို့ ပြည်သူတွေရဲ့ ရွံ့ရှာမုန်းတီးမှု ကိုသာရပြီး ဘဝနိဂုံး မကောင်းဖြစ်ခဲ့ရပါတယ်။

သူကျရှုးံခြင်း နဲ့ ရိုမေးနီးယားနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကြောင်းကို ဖတ်ရှုလေ့လာပြီး ဗမာ့နိုင်ငံရေး အခြေအနေ နဲ့ နှိုင်းယှဉ်မိပါတော့တယ်။

ရိုမေးနီးယားနိုင်ငံကို နှစ်၃၀ နီးပါးအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ကြီး ချောင်ဆက်စကူး ဟာ ပြည်သူ့မေတ္ထာမရခဲ့လို့ ရက်သတ္တပတ် တစ်ပတ် ကာလတိုလေး ထဲမှာ အာဏာစွန့်ရတဲ့ အပြင် အဆုံးစီရင်ခြင်းကို ခံခဲ့ရတာပါ။

သူဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် မည်မျှပင်လုပ်စေကာမူ ပြည်သူပြည်သားတွေ မြတ်နိုးတန်ဖိုးထားတဲ့ ဘာသာရေး၊ သမိုင်းဝင် အဆောက်အဦး စတာတွေကို ဖြိုဖျက်ခဲ့၊ စော်ကားခဲ့မိလို့ ပြည်သူတွေရဲ့ မုန်းတီးရွံ့ရှာခြင်း ခံခဲ့ရတာပါ။

အာဏာရှင်ကြီး ချောင်ဆက်စကူး ဟာနိုင်ငံရေး သဘောထားတွေ၊ ကမ္ဘာ့နိုင်ငံရေး ကောက်ကြောင်းနဲ့ ရာသီဥတု ကို ကောင်းကောင်းနားလည် အသုံးချ ကစားနိုင်ခဲ့သူပါ။ ဒါကြောင့် စစ်အေးကာလ စနစ်ကြီးနှစ်ခုကြားမှာ ပါးနပ်နပ်နေနိုင်ခဲ့သူပါ။ ဒါပေမယ့် ပြည်သူရဲ့ အသံ နဲ့ သက်ပြင်းချသံတွေကို နားမလည်လို့ စက်တိုင်တက်ခဲ့ရတာပါ။

အာဏာရှင် ပီပီသူနှစ်သက်တဲ့ ဂီတ ကိုဝါဒ အဖြစ်သာလက်ခံပြီး အမျိုးသားရေး သမိုင်းဝင် သီချင်း နဲ့ သမိုင်းစစ်စစ်တွေကို တားဆီးပိတ်ပင်ခြင်း၊ ဖျောက်ဖျက်ပစ်ခြင်း စတာတွေဟာလည်း သူ့ရဲ့ မဟာအမှားတွေပါ။

တိုင်းပြည်ရဲ့ အရေးအကြီးဆုံး အင်အားစုတွေ ဖြစ်တဲ့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား စတဲ့ လူတန်းစားတွေရဲ့ ဘဝနဲ့ ဒုက္ခကို ဂရုမထား၊ အလေးမထားဘဲ လူမြင်ကောင်းအောင် နှင့် မိမိအင်အား ပါဝါကြီးကြောင်း ကြွားဝါချင်စိတ်နဲ့ ခမ်းနားပြီး ငွေကုန်ကြေးကျ များသော အဆောက်အဦးသစ်၊ မြို့တော်သစ် ဆောက်လုပ်ခြင်းဟာလည်း အာဏာရှင်များကို ကြမ္မာဆိုးတွေ ကျရောက်စေသည်။

မိမိ မိသားစု၊ ဆွေမျိုး၊ အသိုင်းအဝိုင်း နှင့် လက်တစ်ဆုပ်စာ လူတန်းစား ကောင်းစားရေးကိုသာ လုပ်တဲ့ အာဏာရှင်တွေနဲ့ နောက်လိုက်တွေဟာ အချိန်မီ မပြင်ဆင်ရင် ဒီလိုဘဲ ဘဝဆိုးတွေနဲ့ အဆုံးသတ်ကြရမှာပါ။

အာဏာရှင်တွေရဲ့ ဇနီး၊ သားသမီးများ နိုင်ငံရေး နားမလည်ဘဲ တိုင်းပြည်အရေးမှာ ဝင်ရောက်ချယ်လှယ်ခြင်းဟာ အားလုံးအတွက် ထိခိုက်နစ်နာစေပြီး အာဏာရှင်စနစ်ရဲ့ အဆိုးဆုံးတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

“ရန်သူစခန်းဆီကရလာတဲ့ ဆန်အိတ်တအိတ်ဟာ မိမိမှာပါလာတဲ့ ဆန်အိတ် နှစ်ဆယ်ထက် ပိုပြီး တန်ဖိုးကြီး အသုံးဝင်တယ်” လို့ စစ်ပါရဂူကြီး ဆွန်ဆူး ပြောခဲ့ဖူးပါတယ်။ နိုင်ငံရေး နဲ့ စီးပွားရေး မှာလည်း “သူ့လူကိုယ့်ဘက်သား” (Whistle Blowers) တွေ၊ ဘက်ပြောင်း လာချင်သူ တွေ ဟာလည်း အလွန်အရေးကြီးပါတယ်။ သူတို့ရဲ့ မှန်ကန်တဲ့ အချက်အလက် တွေ၊ အသိညာဏ်တွေ ဟာ အာဏာရှင် ရဲ့ပေါ်လစီကို လေ့လာရာမှာဘဲ ဖြစ်ဖြစ်၊ မိမိဗျုဟာ ခင်းကျင်းရာမှာဘဲ ဖြစ်ဖြစ် အရေးပါပါတယ်။ တခါတလေ Zero-Sun game လို့ တောင်ဆိုနိုင်ပါတယ်။ သူ့တို့အတွက် လမ်းတွေ ဖွင့်ပေးထားနိုင်ရပါမယ်။ လုံခြုံရေး နှင့် ဘဝအတွက် စိတ်ချရအောင် လုပ်ပေးနိုင်ဖို့လိုပါတယ်။ သူတို့ကလည်း အများသိနိုင်အောင် ရေးသား ထုတ်ဖော်ပြောကြားခြင်း၊ အသေးစိတ် ရေးသားပြုစုပြီး စာတမ်း၊ စာအုပ် ထုတ်နိုင်ရင် ပိုကောင်းပါတယ်။

“အာဏာရှင်ဆိုတာ အဆင်းရဲဆုံးနိုင်ငံက အချမ်းသာဆုံးလူ” ဖြစ်သွားကြပါတယ်။ တိုင်းပြည် နဲ့ အာဏာရှင်တွေဆီမှာ ငွေဘယ်လောက်ရှိရှိ ပြည်သူတွေ ဆင်းရဲရင်၊ တိုင်းပြည်အရေးမှာ ပါဝင်ခွင့် မရရင် အကောင်အထည် ဖော်ဆောင်ရာမှာ အောင်မြင်မှာမဟုတ်ပါဘူး။ ပြည်သူ့မေတ္တာ ကိုတိုက်ယူ၊ ဝယ်ယူလို့ မရပါဘူး။

ပြည်သူဆိုတာ တဦးတယောက်ချင်းဆီမှာတောင် အစွမ်းသတ္တိ ရှိနေကြပါတယ်။ အင်အားစုဖြစ်ဖို့ နှစ်ယောက်ကနေစပြီး ပေါင်းစည်းရင်တောင် ဖြစ်ပါတယ်။ “အကျင့်တူမှု နဲ့ အမြင်တူမှု” ဘဲလိုပါတယ်။

အမျိုးသားရေး ကဗျာ၊ သီချင်း၊ စာသားကောင်း စတာတွေကို အာဏာရှင်တွေက ခြိမ်းခြောက် တားမြစ်စေကာမှု ပြည်သူ့ မျိုးဆက် အဆက်ဆက်ရဲ့ ရင်ထဲ နှလုံးသားထဲမှာ ထာဝရ ကိန်းနေပြီး လိုအပ်တဲ့ အချိန် ဖွင့်အန်ထွက်လာမယ် ဆိုတာ အမှန်ပါ။ လူတွေအတွက် အသုံးဝင်လို့ နံမည်အမှည့် ခံထားရတဲ့ ကြယ်ကလေးတွေ ဘယ်တော့မှ မကြွေကြပါဘူး။

အာဏာရှင် စနစ်ဆိုးကြောင့် ပြည်သူတွေခံစားနေရတဲ့ ဒုက္ခဝေဒနာတွေ ကင်းပျောက်ဖို့ အတွက် အသက်သွေးတောင် ပေးဆပ်အနစ်နာ ခံရဲတဲ့ အာဇာနည် သူရဲကောင်းတွေ လူ့အလွှာ အသီးသီး၊ အသက်အရွယ်ရွယ် အမျိုးမျိုးမှာ ရှိနေကြပါတယ်။

အာဏာရှင်အစိုးရ မီဒီယာတွေဟာ သူတို့ဝါဒရေးရာ ကလွဲပြီး သတင်းအမှန်၊ စာရင်းအမှန်တွေကို ထုတ်လေ့မရှိပါဘူး။ ဒါပေမယ့် လွတ်လပ်တဲ့ သတင်းဋ္ဌာန တွေ၊ သမာသမတ်ရှိတဲ့ သတင်းသမားတွေ ထုတ်ဖော် ပေးခြင်းဖြင့် အာဏာရှင်ကို တိုက်ရာ ရောက်ပါတယ်။ အနည်းဆုံး နီးစပ်ရာလူတွေကို ပြောပြသင့်ပါတယ်။ နေ၊ လ၊ အမှန်တရား ဆိုတဲ့ အရာ သုံးခုကို တာရှည်စွာ ဖုံးကွယ်ထားလို့ မရပါဘူး။

အာဏာရှင်တွေဟာ အာဏာမှိုင်းတွေ၊ အမိုက်မှောင်တွေ ဖုံးနေလို့ အဖြစ်မှန်တွေကို မသိနိုင်ပါဘူး။ အထူးသဖြင့် သူတို့ဘေးနားက ကပ်ဖားရပ်ဖား လုပ်သူတွေကြောင့် ပိုဆိုးပါတယ်။ ပြည်သူတွေရဲ့ အသံတွေကို နားမထောင်ဘဲ လျစ်လျူရှုတာဟာ အကြီးမားဆုံး အမှားတစ်ခုပါ။ လူယုံတွေရဲ့ မြှောက်ပင့်စကား တွေ၊ သတင်းမှားတွေကို ယုံမိလို့ ခေါင်းဖြတ်ခံခဲ့ရတဲ့ ဘုရင်တွေ၊ ကြိုးစင် တက်ခဲ့ရတဲ့ အာဏာရှင်တွေ အများကြီးပါ။ ဗမာပြည်က အာဏာရှင်ကြီး ဗိုလ်သန်ရွှေ ဆိုရင် ငရဲပြည် တောင်သွားမလို့ အားလုံးပြင်ဆင်ပြီးပါပြီ။

အာဏာရှင်တွေဟာ အပူရုပ်ကို ဟန်လုပ်ပြုံးပြ တဲ့နေရာမှာ အလွန် ကျွမ်းကျင်ပါတယ်။ ပြည်သူကို စိတ်ဓါတ် စစ်ဆင်ရေး (Psywar) တွေလုပ်ပြီး ထိန်းထားတာပါ။ “ပြည်တင်းက မင်း မခံနိုင်” ဆိုတဲ့ စကားပုံ အတိုင်း ပြည်သူတွေက မလျှော့ဘဲ အင်တိုက်အားတိုက် လုပ်ဖို့ဘဲလိုပါတယ်။

အာဏာရှင် နဲ့ သူ့ဘက်သားတွေက နည်းလမ်းပေါင်းစုံ၊ ပရိယာယ် ပေါင်းစုံ၊ မက်လုံးပေါင်းစုံ နဲ့ သိမ်းသွင်းခြင်း၊ ခြိမ်းခြောက် အကြပ်ကိုင်ခြင်းတွေ၊ အခွင့်အရေး ပေးခြင်းတွေ လုပ်လာနိုင်တယ် ဆိုတာ ကြိုတင် သိထားရပါမယ်။ မိမိရဲ့ အကျင့်သီလကို ဖျက်ပြီး သူတို့ရဲ့ ခွင် ထဲမရောက်သွားဖို့ လိုပါတယ်။ အပြစ်မဲ့ ပြည်သူတွေကို သနားကြင်နာစိတ် ထားနိုင် ကြပါစေ။

ကိုယ်ကျင့်သိက္ခာကောင်းပြီး အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်ကောင်းတွေကို အာဏာရှင်တွေက အဓိကရန်သူ အဖြစ်မြင်ကြပါတယ်။ ဒီလို လူထု ခေါင်းဆောင်ကောင်း တွေကို ပြည်သူတွေက လေးစားအားကျ အတုယူဖို့လိုပါတယ်။ ဝိုင်းရံပေးဖို့လိုပါတယ်။ ဗမာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်လို၊ ဘဘဦးဝင်းတင်လို၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်တို့လို ခေါင်းဆောင်ကောင်းတွေ ရှိနေပါတယ်။ ၂၄၀၀ လောက်နီးပါးလောက်ရှိတဲ့ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေ အကျဉ်းထောင်တွေထဲမှာရှိနေတုန်းပါဘဲ။ ၁၄၀ ကျော်လောက်ဟာ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ ကျဆုံးခဲ့ရတယ် ဆိုတာ မမေ့ကြပါနဲ့။ သွေးစွန်းလက်တွေနဲ့ အာဏာရှင်တွေဟာ အဲဒီထောင်တံခါးသော့ တွေကို ဖျောက်ပစ် လိုက်ကြပါပြီ။ ပြည်သူ့အားနဲ့ ရိုက်ချိုးပြီး သူရဲကောင်းတွေကို ကယ်တင်ရပါမယ်။

အာဏာရှင်တွေလည်း ပုံပြင်လှလှလေးတွေ ပြောတတ်တယ်ဆိုတာ မမေ့ကြပါနဲ့။

အာဏာရှင် တော်လှန်ရေး အချိန်ကြာလာသည်နှင့် အမျှ လူထုရဲ့ တော်လှန်ရေးစိတ်ဓါတ် ဟာလည်း အားပျော့သွားနိုင်ပါတယ်။ အပြောင်းအလဲ ဆိုတာ ရုတ်တရက်ကြီးလည်း ဖြစ်တတ်တယ်ဆိုတာ သိထားသင့်ပါတယ်။

စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း၊ နေ့တိုင်း တိုက်ပွဲဝင်နေတယ်လို့ သဘောထားရပါမယ်။ ပြောင်းလဲမှုရဲ့ လမ်းစဟာ ဘုရားရင်ပြင်ကလည်း ဖြစ်နိုင်တယ်။ လက်ဖက်ရည်ဆိုင်ကလည်း ဖြစ်နိုင်တယ်။ စာသင်ကျောင်း ကလည်း ဖြစ်နိုင်တယ်။ ဈေးထဲကလည်း ဖြစ်လာနိုင်တယ်။ နေရာတိုင်း၊ အဖြစ်အပျက်တိုင်း ကနေလူထု လှုပ်ရှားမှုကြီး ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ် ရှိကြရင် အာဏာရှင် မပြောနဲ့ တန်ခိုးရှင်တွေတောင် မနေနိုင်ပါဘူး။ လူထုအားဘဲ လိုတာပါ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြပါ။

***မှတ်ချက်….ရိုမေးနီးယား ဘာသာစကား မတတ်ကျွမ်းသောကြောင့် နံမည်စလုံးပေါင်း အသံထွက် လွဲချော်မှုများ ရှိနိုင်၍ နားလည်ပေးကြပါ။

ရေးသားသူ ….ဘလော့ခ်ဂါ အလင်းဆက်

အကြံပြုသူများ….ဘလော့ဂါ ဒီမိုဝေယံ၊ ခမိခဆဲ နှင့် ရွှေကျောင်းသား

၂၇. ဇူလိုင်လ.၂၀၁၀


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ချွေးမနှင့်မြေးတစု တောင်ကိုရီးယားနိုင်ငံသို့ အပန်းဖြေဆေးကုသရန်ရောက်ရှိ...


100730 Bty Bur Than Shwe[1]
ပေးပို့ပေးသူ Flying Peacock အားကျေးဇူးတင်ပါသည်။

အင်းစိန်ထောင်မှ အကျင့်ပျက် ထောင်မှုးများ....

Insein Prison
ကိုစိုင်းအား ကျေးဇူးတင်ပါသည်။

၈၈၈၈ လူထုအရေးတော်ပုံကြီးအတွင်း အာဏာရူးတွေ လက်ချက်ကြောင့် အသက်ပေးခဲ့ကြရသူများ...

Ma Win Maw OoMa Win Maw Oo

ကြည့်မြင်တိုင်မြို့နယ်လုံးဆိုင်ရာ ဒီမိုကရေစီအရေး တိုက်ပွဲကော်မတီရဲ့ ၁၉၈၈ စက်တင်ဘာလ ၁၉ရက်နေ့ ကြေငြာချက်ပါ။..

အသက်ပေးဆပ်ခဲ့ရသူတွေကတော့ အဲ့ဒီအချိန်က လူမမယ်လေးတွေပါ... ၈၈၈၈ ကိုဘယ်တော့မှ မမေ့ကြပါနဲ့။

ရွှေကျောင်းသားအား ကျေးဇူးတင်ပါသည်။

“ကျောင်းသားတွေ၊ လူငယ်တွေကိုပြောပြချင်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးအကြောင်း”
မောင်ကျောင်းသား
(၁)

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့တာ ၂၂နှစ်ရှိပါပြီ ။ ဗမာပြည်မှာက ပြည်သူကိုအနိုင်အထက်ပြုအုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေက သမိုင်းတွေကိုဖျောက်ဖျက် ပစ်တာ၊ သမိုင်းမှားတွေ လုပ်ပစ်တာမျိုးတွေ ရှိနေတဲ့အတွက် ဒီ၂၂နှစ်တာကာလမှာမှ မွေးဖွားခဲ့တဲ့သူတွေနဲ့ အဲဒီအချိန်က မူလတန်းအောက်မှာပဲရှိဦးမယ့် လူငယ်တွေ ၊ ကျောင်းသားတွေ အများစုဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ သမိုင်းဖြစ်ရပ်မှန်တွေကို မသိကြရပါဘူး ။

အာဏာရှင်တွေက ဒီလောက်၂၂နှစ်တာကာလမဆိုထားနဲ့ နေ့စဉ်ဖြစ်နေတဲ့အခြေအနေတွေကိုတောင် ပြည်သူတွေ သတင်းမှန်ဖြစ်ရပ်မှန်မသိအောင် ဖျောက် ဖျက်လိမ်ညာ ဖုံးကွယ်နေတာပါ၊ အားလုံးလက်လှမ်းတမှီရှိမဲ့ ရွှေဝါရောင်တော်လှန်ရေးလို့တင်စားကြတဲ့ ၊ ၂၀၀၇ စက်တင်ဘာက သံဃာတော်တွေ မေတ္တာပို့ စီတန်းလမ်းလျှောက်ပွဲကိုတောင် သံဃာအတုအယောင်တွေကလုပ်တာပါ ဆိုတာမျိုး ဒီသုံးနှစ်နီးပါးသာ ရှိသေးတဲ့ ကာလတိုလေးက ဖြစ်စဉ်ကိုတောင် လိမ်ညာဖျက်ဆီးနေတာပါ ။

ဘာဖြစ်လို့လဲ ! သူတို့ သမိုင်းတွေကို ဘာကြောင့်ဖျက်ဆီးချင် ထိမ်ချန်ဖုံးကွယ်ချင် လိမ်ညာချင်နေရတာလဲ ! ရှစ်လေးလုံး အရေးတော်ပုံကြီး အပါအ၀င် သမိုင်းဖြစ် စဉ်တွေထဲမှာ ကြက်သီးမွှေးညှင်း ထလောက်အောင် စိတ်ဓါတ်တက်ကြွ အားကျအတုယူစရာကောင်းတဲ့ ကျောင်းသားတွေပြည်သူတွေရဲ့ ရဲရင့်မှုတွေ ၊ တောက်ခေါက် ဒေါသထွက် မချိတင်ကဲဖြစ် ၊ ခံပြင်း နာကျည်းသွားစေမဲ့ အာဏာပိုင်တွေရဲ့ ရက်စက်ယုတ်မာမှုတွေ ၊ အပြစ်မဲ့လက်နက်မဲ့ ကျောင်းသားပြည်သူတွေ ရဟန်းသံဃာတွေကို စစ်မြေပြင်တခုလို နံပါတ်တုတ်တွေနဲ့ရိုက် ၊ ဘက်နက်နဲ့ထိုး ၊ သေနတ်နဲ့ပစ်၊ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ ရက်ရက် စက်စက် ညှင်းပန်းနှိပ်စက်လုပ်နေတဲ့ ကြေကွဲဝမ်းနည်းစရာ သွေးအလိမ်းလိမ်းမြင်ကွင်းတွေ ရှိနေပြီး သူတို့ကို အစဉ်သဖြင့်စိတ်ခြောက်ခြားနေစေလို့ပါ ။ သမိုင်း တွေကို ပြည်သူတွေပြန်အမှတ်ရနေရင် ၊ နောင်လာနောက်သားတွေသိရင် မတရားသဖြင့်အနိုင်ကျင့်ရယူထားတဲ့ သူတို့အာဏာကုလားထိုင်ကို ကိုင်လှုတ်လာနိုင် တယ်လို့ အမြဲတမ်း တွေးကြောက်နေတာကြောင့် သမိုင်းတွေကို ဖျောက်ဖျက်လိမ်ညာ ထိမ်ချန်ဖုံးကွယ်နေတာပါ ။

ကဗျာလေးတပုဒ်ရှိပါတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က န၀တ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)အမည်ခံအာဏာသိမ်းအပြီး ၊ သူတို့ကိုးကွယ်တဲ့ ဗေဒင်ဆရာ ညွှန်ကြားချက်အတိုင်း သွေးညှီနံ့လွှမ်းနေတဲ့ အတိတ်ဆိုးတွေအတွက် မြို့တိုင်းလမ်းမကြီးတိုင်းက ခြံစည်းရိုးတွေကိုထုံးသုတ်ဘို့ အမိန့် ထုတ်တဲ့အချိန်ထွက်လာတဲ့ “သွေးမော်ကွန်း”ဆိုတဲ့ ကဗျာလေးပါ ၊ ဘယ်သူရေးမှန်းမမှတ်မိတော့ပါဘူး ၊ “သမိုင်းသစ်ရေး…၊ ငါတို့သွေးကို….၊ ထုံးဖြူဆေးသုံး…၊ ဖျောက်ဖျက်ဖုံးလဲ……..၊ မဆုံးကမ္ဘာတည်လိမ့်မည်……”တဲ့ ။ ကနေ့ထိ ရင်ဘတ်ထဲစွဲကျန်နေတဲ့ အဲဒီကဗျာလေးလိုပါပဲ ၊ သမိုင်းတွေကို ဘယ်လိုနည်းလမ်းတွေနဲ့မှ ဖျောက်ဖျက်ဖုံးကွယ်လို့မရဘူးဆိုတာ အာဏာရှင်တွေ သိနေလောက်ပါပြီ် ။

(၂)

ရှစ်လေးလုံးအရေးတော်ပုံကြီးကို စကားလုံးအရအမျိုးမျိုးပြောကြပါတယ် ၊ ရှစ်ဆယ့်ရှစ်အရေးအခင်း ၊ ၁၃၅၀ပြည့်အရေးတော်ပုံ ၊ ရှစ်လေးလုံးအရေးတော်ပုံ ၊ ရှစ်ဆယ့်ရှစ်သပိတ်တိုက်ပွဲ စသဖြင့်ပြောကြပြီး ၊ နောက်ပိုင်းမှာ အရေးအခင်းဆိုတဲ့စကားလုံးက န၀တလို စစ်အာဏာရှင်တွေက တန်ဘိုးပေါ့သွားအောင်သုံးတာ ၊ သာမန်ဆန်တယ် ၊ အရေးတော်ပုံဆိုတာက အကြောင်းရာကြီးဖြစ်တယ်နဲ့ပြောကြရင်း နောက်ပိုင်းတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးလို့ပဲ အားလုံးကအသိ အမှတ်ပြု သုံးနှုန်းခဲ့ကြပါတယ် ။

ဘယ်လိုပဲပြောပြော ဗမာ့သမိုင်းရောကမ္ဘာ့သမိုင်းမှာပါ အံ့သြ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘာသာစုံ ၊ လူမျိုးစုံ ၊ အလွှာစုံ ၊ လူထုအုံကြွမှုကြီး ၁၉၈၈ခုနှစ်မှာ ဗမာ နိုင်ငံနေရာအနှံ့ဖြစ်ပေါ်ခဲ့တယ်ဆိုတာနဲ့ အဲဒီအုံကြွမှုကြီးကို ကျောင်းသားတွေ အသေခံ ဦးဆောင်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းဖြစ်ရပ်တွေကို နောင်လာနောက်သားတွေ အမှန်အတိုင်း သိရှိကြဘို့က အဓိကဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပေါ်လာစေတဲ့ ဆင့်ကဲဖြစ်စဉ်တွေမှာ အဓိက, က အဲဒီအချိန်မှာ နှစ်၄၀သက်တမ်း ရှိနေပြီဖြစ်တဲ့ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီး ထဲကဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်မီးပဲဖြစ်ပါတယ် ။ ဦးနုနဲ့ဦးနေ၀င်းအပါအ၀င် တိုင်းပြည်အုပ်ချုပ်ခဲ့သူတွေက ပြည်သူတွေအပေါ်စေတနာမမှန်ခဲ့ဘူး ၊ လက်နက်ကိုင် ပုန်ကန်ကြတဲ့ တိုင်းရင်းသားတွေ ၊ အဖွဲ့စည်းတွေကို မျှမျှတတဆွေးနွေး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရမဲ့အစား စစ်ပွဲတွေကိုပဲဖန်တီးမွေးမြူပြီး နိုင်ငံ့ဘဏ္ဍာငွေတွေကို စစ်သုံးစရိတ်ခေါင်းစဉ်တွေပြ ၊ ကိုယ့်မိသားစု ကြွယ်ဝချမ်းသာရေးတွေပဲလုပ်ခဲ့ကြလို့ ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် လို့ဖြစ်လာတဲ့အထိ ပြည်သူတွေ ဖွတ်ဖွတ်ညက်ညက် ကျေမွဲတေစေခဲ့တာကြောင့်နဲ့ ၊ နိုင်ငံ့ခေါင်းဆောင်ပိုင်းက ကိုယ်ကျိုးစီးပွားရှာအဂတိလိုက်စားမှုရဲ့နောက်ဆက်တွဲ ဥပဒေမဲ့မှု ၊ မတရားအနိုင်ကျင့်မှုတွေ အောက်ခြေအဆင့်အာဏာပိုင်တွေအထိ အဆင့်ဆင့်ကျူးလွန်လာခဲ့ကြတာကြောင့် ပြည်သူတွေမျိုသိပ်ခံစားခဲ့ရတဲ့ နာကျည်းမှုတွေက ရှစ်လေးလုံးအရေးတော်ပုံကြီးအဖြစ် ပေါက်ကွဲထွက်ခဲ့တာပဲဖြစ်ပါတယ် ။

ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ) ၊ KNU ၊ KIA ၊ SSA ၊ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မျိုးစုံနဲ့ ပြည်တွင်းစစ်မီးအရှိန်ကိုမြင့်စေခဲ့တာက အဲဒီပြည်တွင်းစစ်နဲ့ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေတွေကို အကြောင်းပြပြီး (၁၉၆၂ ခု မတ်လ ၂ ရက်)နေ့မှာ တော်လှန်ရေးကောင်စီအနေနဲ့အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့ စစ်ဝါဒီတွေကြောင့်ပဲဖြစ်ပါတယ် ၊ အယောင်ဆောင်ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီး ပြည်တွင်းစစ်အဟုန်မြင့် တက်ခဲ့သလို စစ်တပ်သြဇာထူထောင်လိုမှု တွေကြောင့် ၁၉၆၂ -7JULY ကျောင်းသားသတ်ပွဲနဲ့ကျောင်းသားသမဂ္ဂအဆောက်အဦဖြိုဖျက်တာ ၊ ၁၉၇၄ ဇွန်အလုပ်သမားအရေးအခင်းကို ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၄ ဒီဇင်ဘာမှာ ဦးသန့်ဈာပနစီစဉ်သူ ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၆ မတ်လ၂၃ ရက်နေ့ သခင်ကိုယ်တော်မှိုင်း ရာပြည့်ပွဲမှာ ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နှင်းတာ စတဲ့ ပြည်သူတွေကျောင်းသားတွေအပေါ် လက်နက်အားကိုးအကြမ်းဖက်ဖြေရှင်းမှုတွေကို ကျူးလွန်ခဲ့ပါတယ် ။

အဲဒီဖြစ်စဉ်တွေမှာ အံကြိတ်ခံခဲ့ရတဲ့ ကျောင်းသားတွေပြည်သူတွေရဲ့လက်ဆင့်ကမ်းနှိုးဆော်မှုတွေက ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာဘို့ အကြောင်းချက် တွေ ဖြစ်ပါတယ် ၊ အနီးစပ်ဆုံးအကြောင်းအရာကတော့ ပြည်တွင်းစစ်ကြောင့် စစ်သုံးစရိတ်တွေများခဲ့သလို ကိုယ်ကျိုးစီးပွားရှာမှုတွေကြောင့် စီးပွားရေးချွတ်ခြုံကျ၊ ငွေကြေးမတည်မငြိမ်ဖြစ်လာတဲ့အပေါ် တစ်ရာတန် ၊ နှစ်ဆယ့်ငါးကျပ်တန် ၊ သုံးဆယ့်ငါးကျပ်တန် ၊ ခွန်နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူတွေကို တရားမ၀င်တော့ ကြောင်း (၁၉၈၇ စက်တင်ဘာလ ၅ ရက်နေ့မှာ)ကြေငြာလိုက်တာပါပဲ ။ အဲဒီအချိန်ထိုးတက်သွားတဲ့ ကုန်ဈေးနှုန်းအခြေအနေနဲ့ လက်ထဲငွေမရှိတော့မှု ဆိုတဲ့ပြဿနာက ပြည်သူတွေအတွက် အဆိုးရွားဆုံး ဆင်းရဲမွဲတေမှုဖြစ်လာပြီး နာကျည်းမှုတွေ ပေါက်ကွဲပွင့်အံထွက်ဘို့ အခြေပြုလာပါတယ် ။

အာဏာပိုင်တွေရဲ့ မတရားသဖြင့်ဥပဒေတွေ ၊ အမိန့်အာဏာတွေတိုင်းကို ရှေ့ကနေဦးဆောင်ဆန့်ကျင်တာ ကျောင်းသားတွေပဲဖြစ်ပါတယ်၊ ဒါ့ကြောင့် တော်လှန် ရေးကောင်စီကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)အမည်ခံအုပ်စိုးခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့စစ်ဝါဒီတွေရဲ့ ရန်ဘက်သဖွယ်အညှိုးထားတာခံရပါတယ် ။ ငွေစက္ကူတွေတရားမ၀င်ကြောင်းကြေငြာချိန် မာစဒါဂျစ်ကားမီးရှို့ဆန္ဒပြခဲ့တဲ့ စက်မှုတက္ကသိုလ်(RIT)ကျောင်းသားတွေကိုအညှိုးထားမှုကနေ ကျောင်းသားနဲ့အရပ် သားဖြစ်တဲ့ရန်ပွဲအကြောင်းပြပြီး (၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ည) ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ကျောင်းဝန်းထဲ လုံထိန်းရဲတွေနဲ့ စစ်မြေပြင်တခုလိုပစ်ခတ်ခဲ့တဲ့ အတွက် RIT ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့သေဆုံးပြီး ကျောင်းသားအများအပြားထိခိုက်ဒါဏ်ရာရခဲ့ကြပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် “ဒါး ဒါးချင်း လှံ လှံချင်းယှဉ်ယုံပဲ”လို့ ပြည်သူတွေကို စိန်ခေါ်ခဲ့တဲ့ ၊ “ဆူဆူပူပူလုပ်ရင်တော့ စစ်တပ်ကိုသုံးရင် မသက်သာဘူးသာ မှတ်ကြပေတော့ ၊ စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး ” လို့ ခြိမ်းခြောက်ခဲ့တဲ့ စစ်အာဏာရှင်တွေအပေါ် ကျောင်းသားတွေရဲ့ဆန့်ကျင်အုံကြွမှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ် ။ ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ကနေ ၊ လှိုင်တက္ကသိုလ်(RC2)၊ ရန်ကုန်တက္ကသိုလ်(Main) ၊ ဆေးတက္ကသိုလ် စတဲ့ကျောင်းတွေ
ကို ချက်ခြင်းကူးစက်သွားပြီး “ဖမ်းဆီးကျောင်းသားပြန်လွတ်ရေး ၊ သေဆုံးမှုဖြစ်စဉ်အမှန်ကြေငြာရေး ” ဆိုတဲ့တောင်းဆိုမှုတွေနဲ့ ဆန္ဒပြပွဲတွေဖြစ်လာပါ တော့တယ် ။

စစ်အာဏာရူးအရိုင်းတွေကတော့ လူသတ်ပွဲတွေဆက်လက်ကျူးလွန်ခြင်းနဲ့သာ တုန့်ပြန်လိုက်ပါတယ်၊ မတ်လ ၁၆ ရက် အင်းလျားကန်(တံတားဖြူ)မှာ ဆန္ဒပြ ကျောင်းသားတွေကို ဘက်နက်နဲ့ထိုး ၊ နံပါတ်တုတ်တွေနဲ့ရိုက် ၊ စစ်ဖိနပ်နဲ့နင်းတာတွေကြောင့် တံတားနီလို့ ပြောင်းလဲတင်စားခေါ်ရလောက်အောင် သွေးချင်းချင်း နီခဲ့ရပါတယ် ၊ အဲဒီနေရာမှာ အသက်တွေစတေးခဲ့ရသလို မဆန့်မပြဲကြပ်သိပ်နေအောင်ဖမ်းတင်သွားတဲ့ အချုပ်ကားပြာကြီးတွေပေါ် အသက်ရှူကြပ်မွန်းသေသွား သူတွေ ရှိလာခဲ့ပါတယ် ။ အဲဒီအတွက် ကျောင်းသားတွေကလဲ အသတ်ခံ ၊ အဖမ်းခံပြီး ဆန္ဒပြပွဲတွေ ရဲရဲရင့်ရင့် ဆက်လုပ်ခဲ့တာကြောင့် ဇွန်လ အထက်တန်း ကျောင်းတွေဖွင့်တဲ့အချိန်မှာ အခြေခံပညာကျောင်းသားတွေပါဝင်လာကြတဲ့အထိ ကူးစက်ခဲ့ပါတော့တယ် ။

ရန်ကုန်တက္ကသိုလ်ထဲမှာ နေ့စဉ်လိုတရားဟောပွဲတွေရှိလာပြီး ကျောင်းသားတွေကြားထဲ ကျောင်းသားသမဂ္ဂရှိခဲ့ဘူးတယ် ၊ ကျောင်းသားသမဂ္ဂဖျက်ဆီးခံခဲ့ရတာ ကြောင့် ကျောင်းသားအခွင့်အရေးတွေ ဆုံးရှုံးနေရတာဖြစ်တယ်ဆိုတာမျိုး ခံစားသိရှိလာကြပါတယ် ၊ “ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး-ဒို့အရေး ၊ ဖမ်းဆီး ကျောင်းသားပြန်လွတ်ရေး -ဒို့အရေး” ဆိုတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြချီတက်လာတဲ့ကျောင်းသားအုပ်(အများစုအထက်တန်းကျောင်းသားတွေ)နဲ့ လုံထိန်း တွေရဲ့ရိုက်ပွဲ (ဇွန်၂၁ မြေနီကုန်း)ဟာ ပြည်သူတွေပါ ပါဝင်လာစေတဲ့ ကျောင်းသားအရေးအခင်းကနေ လုထုအရေးအခင်းကို ကူးပြောင်းသွားတဲ့ ပွဲဖြစ်ပါတယ်။

အဲဒီလိုကျောင်းသားထု လှုပ်ရှားမှုတွေနဲ့ ဆင့်ကဲဖြစ်စဉ်တွေကနေ ရှစ်ဂဏန်းလေးလုံးစုံတဲ့နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူထုလူတန်းစားအသီးသီးက မဆလ (တစ်ပါတီအာဏာရှင်စနစ်)ကိုဖြုတ်ချကြရအောင်ဆိုတဲ့ ကြေငြာချက်တွေ ၊လှုံ့စော်စာတွေ ပေါ်ထွက်လာပြီးတဲ့နောက် ရှစ်လေးလုံး အရေးတော်ပုံကြီးလို့ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ် ။

(၃)

သပိတ်…သပိတ် - မှောက် …မှောက်
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး - ဒို့အရေး …ဒို့အရေး
ဖမ်းဆီး ကျောင်းသားပြန်လွတ်ရေး - ဒို့အရေး …ဒို့အရေး
ကုန်ဈေးနှန်းကျဆင်းရေး - ဒို့အရေး …ဒို့အရေး
တပါတီစနစ် - အလိုမရှိ ..အလိုမရှိ
အရေးတော်ပုံ - အောင်ရမည် …အောင်ရမည် ..။

အဲဒီလိုကြွေးကြော်သံတွေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စခဲ့တာပါ ။ ရန်ကုန်အနေနဲ့ကတော့ သြဂုတ်လ ၈ရက်(ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်)မှ စတာမဟုတ် ပါဘူး ၊ မတ်လကစတဲ့ ကျောင်းသားလှုပ်ရှားမှုတွေကနေ ၊ ဇွန် ၊ ဇူလိုင် ၊ သြဂုတ် ဆက်တိုက်ဖြစ်လာခဲ့တာပါ ၊ ဇွန်လနဲ့ ဇူလိုင်လတွေမှာဆိုရင် အထူးသဖြင့် အထက်တန်းကျောင်းတွေမှာ ဆန္ဒပြမှုတွေဆက်တိုက်လိုဖြစ်နေခဲ့တာပါ ။ ဟိုမြို့နယ် ဒီမြို့နယ် ဟိုကျောင်း ဒီကျောင်း ဟိုနေရာ ဒီနေရာ စသဖြင့် နေရာ ကွက်ကြားဆန္ဒပြပွဲတွေ ဖြစ်နေပြီး ပြည်သူတွေပါ (ရန်ကုန်တမြို့လုံးလို)ပါလာတာက ၃.၈.၈၈ နေ့ပါ ။

အဲဒီနေ့က ကန်တော်ကြီးပန်းခြံဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ မနက်ရှစ်နာရီကျော်လောက်ကျောင်းသားတွေစုရုံးကြပြီး နတ်မောက်ကျောင်း(စက်မှုလက်မှုအထက်တန်း ကျောင်း)ရှေ့ကနေ ကားတွေတားချောဆွဲ ဆူးလေကိုမောင်းခိုင်းကြပါတယ် ၊ မြို့တော်ခန်းမရှေ့ကားတွေရပ်ပြီး သပိတ်…သပိတ် - မှောက် …မှောက် လို့ ပြေးဆင်းကြွေးကြော်လိုက်တဲ့အချိန် လူတွေ ..ပျားအုံကြီးကိုတုတ်နဲ့ဆွလိုက်သလို ၀ိုင်းအုံလာလိုက်တာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမကြုံဘူးတဲ့အဖြစ်ပါပဲ ၊ ကုန်ဈေးနှန်း ကျဆင်းရေး - ဒို့အရေး …ဒို့အရေး လို့ကြွေးကြော်ရင်း ကျွန်တော်တို့ပြည်သူတွေအတွက် တိုက်ပွဲဝင်နေပါပြီ ၊ လက်ခုတ်တီးပြီးအားပေးကြပါ အော်တော့ တီးလိုက်ကြတဲ့လက်ခုတ်သံတွေ ၂၆ နှစ်အောင့်ထားမျိုသိပ်ထားခဲ့ရသမျှ ဖွင့်ဟအားပေးလိုက်ကြတာ..၊ ဓါတ်ပုံရိုက်ရင်ကာဘို့ ၊ မျက်ရည်ယိုဗုံးနဲ့ ပစ်ရင်ကာဘို့ ၊ လက်ကိုင်ပုဝါလေးတွေပေးကြပါတောင်းတော့ တိုက်တွေပေါ်ကနေတောင်ပစ်ချပေးကြတာ ။ လေထဲမှာ လက်ကိုင်ပုဝါလေးတွေဝဲလို့ ၊ ပြည်သူတွေရဲ့တခဲနက် အားပေးမှုက ပြန်တွေးတိုင်း ၊ ကြက်သီးမွှေးညှင်းထရလောက်အောင်ပါပဲ ။

မတရားမှုတွေများလွန်းလို့ ဆင်းရဲမွဲတေလွန်းလို့သာ ဆန္ဒပြအုံကြွခဲ့ကြတာဖြစ်ပြီး ပြည်သူတွေနဲ့ကျောင်းသားတွေ(အများစု)က နိုင်ငံရေးနားလည်လို့မဟုတ်ပါဘူး၊ ဘာတွေတောင်းဆိုရမလဲတောင် မသိကြပါဘူး ၊ နေ၀င်းနဲ့ မဆလအစိုးရ ပြုတ်ကျဘို့ပဲ သိကြတာပါ ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်စိန်လွင်(1962 ၊ 7 July ကျောင်းသား သတ်တပ်ရဲ့တပ်ရင်းမှုး)သမတဖြစ်နေတော့ “ဆန်တပြည်၁၅ကျပ် စိန်လွင် ခေါင်းကိုဖြတ် ” “ဆန်တပြည်၁၅ပြား နေ၀င်းသေမှစား” “စိန်လွင် ခြောက်တန်း တစောက်ကန်း စောက်ရမ်းမလုပ်နဲ့” ဆိုတာမျိုးတွေလဲ အော်ကြပါတယ် ။ တပါတီစနစ် - အလိုမရှိ ..အလိုမရှိ အော်နေကြပေမဲ့ တပါတီစနစ်ကပဲမကောင်းတာလား ၊ အာဏာရှင်စနစ်ကပဲမကောင်းတာလား ၊ ဒီမိုကရေစီဆိုတာဘာလဲ မသိကြသေးပါဘူး ။

“အဲဒီနေ့က မုန်တိုင်းဆင်မဲ့ကောင်းကင်ပြင်တခုလိုပဲ ၊ လူလှိုင်းတွေတလိမ့်လိမ့် ၊ ဟစ်ကြွေးသံတွေတချိမ့်ချိမ့်နဲ့ မြေမိုးပွက်လျံသိမ့်သိမ့်ညံခဲ့ ၊ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် တဲ့ ၊ ခေတ်တခေတ်ကို ထုဆစ်ပေတော့မည် ” မုန်တိုင်း၈၈ ဆိုတဲ့ကဗျာအစပိုဒ်လေးလိုပါပဲ ၊ ရှစ်လေးလုံးနေ့မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အုံကြွဆန္ဒပြခဲ့ကြပါတယ် ၊ ရန်ကုန်မှာတော့ ကမ္ဘာအေးဘုရားလမ်းမကြီးပေါ် ၊ ခုဆီဒိုးနားနဲ့ က္ကိုင်းလမ်းဆုံကြား ကားလမ်းတခြမ်း စစ်ကားတန်း လက်နက်မျိုးစုံနဲ့စောင့်နေတာကို စတင်တွေ့ရပြီး ပြည်သူတွေက “ပြည်သူ့စစ်သား ဒို့စစ်သား ၊ ပြည်သူ့တပ်မတော် ဒို့တပ်မတော်” လို့ ဟစ်အော်ကြပါတယ် ၊ တချို့ကျောင်းသားငယ်တွေက ထိုင်ကန်တော့ကြပါတယ် ။ ညဆယ့်တစ်နာရီခွဲဝန်းကျင်မှာတော့ မြို့တော်ခန်းမရှေ့မှာ ရန်ကုန်မြို့မီး အမှောင်ချပြီး ပစ်ခတ်သတ်ဖြတ်တဲ့ပွဲကြီး စပါတော့တယ် ၊ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကိုင်ထားတဲ့ ဆယ့်လေးငါးနှစ်လောက်ကျောင်းသူလေးရဲ့ခေါင်း ဂျီ3မောင်း ပြန်ပြင်းအားကြောင့် ပွင့်ထွက်သွားပြီး လက်နက်မဲ့လူအုပ်ကြီး သွေးသံအရဲရဲ အလဲလဲအပြိုပြိုဖြစ်ကုန်ပါတော့တယ် ။

အစွမ်းကုန်ရက်စက်ပြပစ်ခတ်သတ်ဖြတ်ပြလိုက်လို့ ကျောင်းသားတွေနဲ့လူထုကြီးရဲ့ ဆန္ဒပြသပိတ်မှောက်အုံကြွမှုတွေ ရပ်မသွားပါဘူး ၊ စစ်တပ်ကလဲ ထပ်ထွက် ထပ်ပစ်တာပါပဲ ၊ မခံမရပ်နိုင်ပေါက်ကွဲလာတဲ့ လူထုကြီးကတော့ တောင်ဥက္ကလာနဲ့မြောက်ဥက္ကလာတွေမှာ ရဲတွေကိုခေါင်းဖြတ်သတ်တာမျိုး ပြန်ခံချကြပါတယ် ၊ ၉ရက် ၁၀ ရက် ၁၁ ရက် ၁၂ ရက်နေ့တွေတောက်လျှောက်ပစ်လိုက်တာ ရန်ကုန်ဆေးရုံကြီးဝန်းထဲတောင်မချန်ပစ်ထဲ့လို့ ဆရာဝန်တွေပါသေဆုံးခဲ့ကြရပါတယ်။ တနေရာထဲမှာ အစုလိုက်အပြုံလိုက်ပစ်သတ်ခံရမှုမှာ ကျောင်းသား ၊ ရဟန်း ၊ ယောက်ကျား ၊ မိန်းမ ၊ ကလေး အားလုံးလူသုံးရာကျော် အလောင်းချင်းထပ် နေအောင်ပစ်သတ်ခံခဲ့ကြရတဲ့ စစ်ကိုင်းမြို့ကအဆိုးဆုံးလို့ပြောကြပါတယ် ။

ဘယ်လောက်ပစ်ပစ် အသေခံတိုက်မယ်ဆိုတဲ့ ကျောင်းသားတွေနဲ့လူထုကြီးရဲ့စိတ်ဓါတ်ကို စစ်ဝါဒီတွေအရှုံးပေး နည်းဗျူဟာပြောင်းရပါတော့တယ် ၊ ၁၂ ရက်နေ့ ည မှာ စိန်လွင်အနားယူပြီဖြစ်ကြောင်း ကြေငြာပြီးသေနတ်သံတွေရပ်သွားပါတော့တယ် ။ နိုင်ငံတော်သမတအဖြစ် ဒေါက်တာမောင်မောင်တက်လာပေမဲ့ မြို့တိုင်း မှာ သပိတ်စခန်းတွေဖွင့်ပြီး ကိုယ့်အုပ်ချုပ်ရေးနဲ့ကိုယ် လုပ်ကြပါတယ် ၊ ကိုယ့်ဘာသာတရားစီရင်ကြပါတယ် ၊ ဆန္ဒပြသူတွေသောက်မဲ့ရေအိုးကိုအဆိပ်ခတ်တာ ၊ အသိပျောက်စေတဲ့ထုံဆေးမူးယစ်ဆေးတွေထိုးပေးပြီး သံဃာတွေကျောင်းသားတွေကိုသတ်ခိုင်းတာမျိုးတွေ ရှိတဲ့အတွက် မိတဲ့သူတွေကို ခေါင်းဖြတ်သတ်တာတွေ ရှိလာပါတယ် ၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မင်းမဲ့စရိုက်ဖြစ်စဉ်တွေလို့ သုံးနှုန်းပြီး ပြည်သူတွေကြောက်ရွံ့ထိတ်လန့်စေမဲ့ရက်စက်မှုမျိုးတွေကိုသာ ကွက်ဖေါ်ပြခဲ့ပါတယ် ၊ ဘာကြောင့်ဖြစ်ရတယ် ၊ ဘယ်လိုလူတွေအသတ်ခံရတာဆိုတာတွေမပြပဲ ပြည်သူတွေ ရမ်းရမ်းကားကားလူသတ်တယ်ဆိုတာမျိုးဖြစ်အောင် ဖုန်းကွယ်လိုက်ပါတယ်။

ဟုတ်ပါတယ် ။ ပြည်သူတွေရဲ့ လက်စားချေတဲ့လူသတ်ပွဲတွေ ၊ တန်ပြန်သပိတ်ဆိုပြီး ဆန္ဒပြသူတွေကိုလုပ်ကြံသတ်ဖြတ်လာသူတွေကို ပြည်သူတွေကိုယ်တိုင် တရားစီရင်တဲ့ လူသတ်ပွဲတွေ တကယ်ဖြစ်ခဲ့ပါတယ် ၊ ဘာကြောင့်ဖြစ်ရတာလဲဆိုတာတော့ ထည့်ပြောရမှာပါ ။ မင်းရှိနေလျက်နဲ့အားကိုးမရလို့ ၊ မင်းကိုယ်တိုင်က မင်းဆိုးမင်းညစ်ဖြစ်နေလို့ ကိုယ့်တရားကိုယ်စီရင်ဖြစ်လာရတာတွေပါ ၊ လွတ်လပ်ရေးရပြီးတာတောင် လွတ်လပ်ရေးအရသာမခံစားရပဲ အမျိုးသားချင်းကျွန်လို ပြန် အုပ်ချုပ်ခံလာရတဲ့ နှစ်ပေါင်းများစွာမျိုသိပ်ခံစားလာရတဲ့ ၊ လက်နက်မဲ့ဆန္ဒပြမှုကို ဗလာချီပစ်သတ်ခံထားရတဲ့ လူတွေရဲ့မခံမရပ်နိုင်ပေါက်ကွဲမှုတွေပဲဖြစ်ပါတယ် ။

မြို့တိုင်းမှာ သပိတ်စခန်းတွေဖွင့်ကြပြီး နေရာအများစုမှာ သံဃာတော်တွေဦးဆောင်လို့ ကိုယ့်မြို့နယ်/ရပ်ရွာတွေကို ကိုယ့်ဘာသာအုပ်ချုပ်ကြပါတယ် ၊ ဓါး ၊ လှံ ၊ လောက်လေး ၊ ဂျင်ကလိတွေနဲ့ ရပ်ကွက်အဆင့်ထိ ကိုယ့်ဒေသလုံခြုံရေးကိုယ်တာဝန်ယူကြပါတယ် ၊ ရန်ကုန်ဆေးရုံကြီးကတော့ ရန်ကုန်တိုင်းသပိတ်စခန်း အဖြစ်ရှိခဲ့ပြီး တရားဟောပွဲတွေတောက်လျှောက်ကျင်းပခဲ့ပါတယ် ၊ ကိုဇာဂနာလို ရယ်စရာဟာသတွေ ပုံနှိုင်းပြောပြဟောပြောတဲ့သူရှိသလို ၊ မင်းသိင်္ခလို ခပ်ကြမ်းကြမ်းတွေပြောပြီး ဆဲပြီးဟောပြောတဲ့သူတွေလဲရှိပါတယ် ၊ ရှေ့နေတွေ ၊ စာရေးဆရာတွေ ၊ ဂီတနဲ့အနုပညာရှင်တွေ၊ အသိုင်းဝိုင်းစုံကလာရောက် ဟောပြောကြပြီး ဒီမိုကရေစီ ၊ လူ့အခွင့်အရေး စတဲ့ နိုင်ငံရေးဝေါဟာရတွေခေတ်စားလာသလို ကြွေးကြော်သံလည်းပြောင်းသွားခဲ့ပါတယ် ။

“ဒီမိုကရေစီရရှိရေး - ဒို့အရေး … ဒို့အရေး …၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး - ဒို့အရေး … ဒို့အရေး ” တဲ့။

ရဟန်းပျိုများသမဂ္ဂ ၊ သံဃာ့သမဂ္ဂီ ၊ သီလရှင်များသမဂ္ဂ ၊ အိမ်ထောင်ရှင်မများသမဂ္ဂ ၊ တောင်သူလယ်သမားများသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ ၊ စသဖြင့် အလွှာစုံ အသင်းအဖွဲ့တွေဖွဲ့ဆန္ဒပြကြသလို ၀န်ထမ်းတွေကလဲ သက်ဆိုင်ရာဌာနတွေအလိုက် စုဖွဲ့ဆန္ဒပြကြပါတယ် ၊ ရဲ ၊ လေတပ်နဲ့ ရေတပ် တပ်ဖွဲ့ဝင်အချို့လဲ တဖြည်းဖြည်းပါဝင်လာကြပါတယ် ၊ မိန်းမလျှာတွေကတောင် အလှဖန်တီးရှင်များသမဂ္ဂလို့ ဆန္ဒပြခဲ့ကြပါတယ် ။

လူတိုင်းလူတိုင်းဟာ သက်ဆိုင်ရာအဖွဲ့အစည်းတံဆိပ်နဲ့ နဘူးစီးအနီတွေ ၊ လက်ပါတ်အနီတွေပါတ်ပြီး ထိုင်သပိတ် ၊ အစာငတ်ခံဆန္ဒပြပွဲ ၊ လမ်းလျှောက် ကြွေးကြော်ချီတက်ပွဲ ၊ မဆလ အသက်၂၆နှစ် ရေးထားတဲ့အခေါင်းကိုမီးရှီု့ပွဲ ၊ ခွေးလည်ပင်းမှာ နေ၀င်း , စိန်လွင်ရေးပြီးလွှတ်ပွဲ စသဖြင့်အသွင်သဏ္ဍာန်မျိုးစုံနဲ့ တစ်နိုင်ငံလုံးမှာ အုံးအုံးကြွက်ကြွက် ဆန္ဒထုတ်ဖေါ်ပြသခဲ့ကြပါတယ် ။

နိုင်ငံတော်သမတ ဒေါက်တာမောင်မောင်က “ဆန္ဒတွေ မစောကြပါနဲ့ ၊ တစ်ပါတီစနစ်ကိုပဲ ကြိုက်ကြိုက် ပါတီစုံကိုပဲကြိုက်ကြိုက် ရွေးကောက်ပွဲကြီး လုပ်ပြီးဆုံးဖြတ်ကြတာပေါ့ ၊ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကိုလဲ ပျော်ပျော်ကြီး အုတ်မြစ်ချကြတာပေါ့လို့ ” နတ်ကတော်တွေထက် ချွဲပျစ်တဲ့လေသံနဲ့ ညတိုင်းလို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေတောင်းပန်ပြော ပြောနေပေမဲ့ ၊ နောက်ကွယ်မှာတော့ ပြည်သူတွေကိုသတ်ဖြတ်နှိမ်နှင်းဘို့ ကောက်ကျစ်စဉ်းလဲစွာ အကြံထုတ်ပြင်ဆင်နေခဲ့ပါတယ် ။

လူထုအုံကြွမှုကြီး တစ်နိုင်ငံလုံးအတိုင်းတာနဲ့လေးဆယ့်နှစ်ရက်အကြာ ၁၉၈၈ခုနှစ် ၊ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေမှာ ရာထောင်ချီတဲ့စစ်သားတွေက မြို့ကြီး တွေကို ပစ်ခတ်စီနင်းပြီး စစ်တပ်အနေနဲ့အာဏာပြန်သိမ်းလိုက်ကြောင်း ကြေငြာပါတော့တယ် ။ ဗမာပြည်စစ်တပ်အတွက်မဆန်းတော့တဲ့ အပြစ်မဲ့ပြည်သူကို သတ်ပွဲတွေထဲမှာ အရက်စက်အပြင်းထန်ဆုံးသတ်ပွဲကြီးဖြစ်ပါတယ် ၊ G-3 , G-4 မောင်းပြန်ရိုင်ဖယ်တွေအပြင် စက်လတ်လိုအမျိုးအစားတွေနဲ့ပါ အတွဲလိုက် ပစ်ခတ်ခဲ့ကြပါတယ် ၊ ပြည်သူတွေက စစ်ကားတွေဝင်မလာရအောင် သစ်ပင်တွေခုတ်လှဲ လမ်းတွေပေါ်ကန့်လန့်စီချပိတ်ဆို့ ၊ လက်ထဲရှိ လောက်လေးတွေ ၊ ဂျင်ကလိတွေနဲ့ခံချ လုပ်ကြသေးပေမဲ့ အဆမတန်ရက်စက်မှုရဲ့ဒါဏ်ကို မခံနိုင်ကြတော့ပါဘူး ၊ အားမတန်မာန်လျှော့ပေးခဲ့ကြတဲ့နောက်မှာ စောမောင်နဲ့ခင်ညွန့် ဦးစီးတဲ့ စစ်တပ်က န၀တ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)ဆိုပြီး စစ်တပ်အစိုးရအမည်ခံအုပ်ချုပ်ခဲ့ပါတော့တယ်။

(၄)

စိတ်ဓါတ်..။ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ ကျောင်းသားပြည်သူတွေရင်ထဲထည့်ပေးလိုက်တာကတော့ အသက်အပါအ၀င် ကိုယ်ကျိုးစီးပွားအားလုံးစွန့်လွှတ် တိုက်ပွဲဝင်မယ် ၊ မတရားမှုကိုရဲရဲအံတုမယ်ဆိုတဲ့ စိတ်ဓါတ်ပါပဲ ၊ စစ်အာဏာရှင်တွေက လက်နက်မျိုးစုံ ၊ ယုတ်မာကောက်ကျစ်မှုမျိုးစုံ ၊ မတရားမှုမျိုးစုံနဲ့ အဲဒီ စိတ်ဓါတ်ကိုချိုးနှိမ်ဘို့ကြိုးစားခဲ့ပေမဲ့ ကနေ့ထိ ခိုင်ခိုင်မြဲမြဲ တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ် ။

အထက်မှာပြောပြခဲ့သလို ပြည်သူတွေနဲ့ကျောင်းသားတွေ(အများစု)က နိုင်ငံရေးနားလည်လို့မဟုတ်ပဲ မတရားမှုတွေများလွန်းလို့ ဆင်းရဲမွဲတေလွန်းလို့သာ ဆန္ဒပြ အုံကြွခဲ့ကြတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေကတော့အများကြီးရှိခဲ့ပါတယ် ၊ ခေါင်းဆောင်တွေစုစည်းပြီး ကြားဖြတ်အစိုးရမဖွဲ့နိုင်ခဲ့တာ ၊ တောတွင်း လက်နက်ကိုင်အင်အားစုတွေနဲ့ပေါင်းစည်းပြီး နိုင်ငံတော်အာဏာကိုအရမယူနိုင်ခဲ့တာ ၊ စနစ်တကျမဟုတ်တဲ့စုဖွဲ့မှုတွေနဲ့ အသေချာပြင်ဆင်စီစဉ်မှုတွေမရှိပဲ လျှပ်တပြက်ဆုံးဖြတ်လုပ်ဖြစ်ခဲ့ကြတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေသင်ခန်းစာယူရမှာတွေဖြစ်ပါတယ် ။

မဆလအမည်ခံ နေ၀င်း ၊ စန်းယု ၊ စိန်လွင် အစိုးရတွေကိုဖြုတ်ချနိုင်ခဲ့တာ ၊ ပြည်သူတွေကျောင်းသားလူငယ်တွေကို နိုင်ငံရေးနားမျက်စေ့ပွင့်စေခဲ့တာ ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)နဲ့အတူ မင်းကိုနိုင် ၊ ကိုကိုကြီး တို့လို ကျောင်းသားခေါင်းဆောင်တွေ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး တို့လို လူထုခေါင်းဆောင်တွေပေါ်ထွက်လာခဲ့တာ ၊ လက်နက်ကိုလက်နက်ချင်းပြန်ချနိုင်မှသာရမယ်လို့ ယုံကြည်ချက်တွေနဲ့ ကျောင်းသားတပ်မတော် (ABSDF)ဖွဲ့စည်းပေါ်ပေါက်ခဲ့တာ ၊ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးပေါ်ပေါက်ခဲ့တာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေရရှိခဲ့တဲ့ အောင်မြင်မှု တွေဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီး ၊ လူထုအုံကြွမှုပုံစံကနေ ရပ်ဆိုင်းလိုက်တာဟာ စစ်တပ်ကပစ်သတ်နှိမ်နှင်းလို့ဆိုတာထက် တောင်းဆိုဆန္ဒပြနေတဲ့လိုအပ်ချက်ကို စစ်တပ်ကလုပ်ပေးမယ်ဆိုတဲ့မြှူဆွယ်မှုကြောင့် ရပ်ဆိုင်းလိုက်တာလို့ထင်ပါတယ် ၊ “တပ်မတော်က နိုင်ငံတော်အာဏာကိုချုပ်ကိုင်လိုက်ပါပြီ ၊ ဆန္ဒပြပွဲ တွေရပ်ကြပါ ၊ နိုင်ငံရေးပါတီတွေထောင်ခွင့်ပေးပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးလုပ်ပေးပါ့မယ် ၊ ပြီးရင် အနိုင်ရပါတီကိုအာဏာလွှဲပေးပြီး စစ်တပ်က စစ်တန်းလျား ပြန်မှာပါ ”ဆိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကတိစကားကို ယုံစားမိခဲ့ကြလို့ လို့ထင်ပါတယ် ။

၁၉၈၉ မှာ ကိုမင်းကိုနိုင်နဲ့ ကျောင်းသားခေါင်းဆောင်တွေဖမ်း ၊ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းလုပ်ပြီး မဆလကနေအမည်ပြောင်း တစည (တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ)အနိုင်ရအောင်နည်းမျိုးစုံကြိုးစားခဲ့ပေမဲ့ ပြည်သူတွေရဲ့နိုင်ငံရေးနိုးကြားမှုက ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ ထူးထူးကဲကဲမဲပေးခဲ့ကြပါတယ် ။ ပြည်သူတွေဆန္ဒမဲပေးခဲ့ကြတဲ့ အနိုင်ရပါတီကိုအာဏာလွှဲမပေးပဲ ကတိတွေကိုချိုးဖေါက်ပြီး စစ်အာဏာရှင်တွေက လူပြောင်းနာမည်ပြောင်း ကနေ့ထိဆက်အုပ်ချုပ်နေဆဲဖြစ်ပါတယ် ။ ရှစ်လေးလုံးအရေးတော်ပုံကြီးကိုအာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး စောမောင်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ကိုဖယ်ရှားပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေက န၀တအမည်ကနေ နအဖ(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွင့်ဖြိုးရေးကောင်စီ)လို့ ပြောင်းလဲအုပ်ချုပ်နေခဲ့ပါတယ် ။

၁၉၉၆ ကျောင်းသားအရေးအခင်း ၊ ၉၉၉၉ အရေးအခင်း ၊ ၂၀၀၇ သြဂုတ်လ လောင်စာဆီဈေးမြင့်တက်မှုလမ်းလျှောက်ပွဲ ၊ တစ်ကိုယ်တော်ဆန္ဒပြပွဲများစွာနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဆိုတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့နောက်ဆက်တွဲ အရှိန်အဟုန်တွေဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံဆိုတာ ဒဏ္ဍာရီမဟုတ် ၊ ရာဇ၀င်ဖြစ်တယ် ။ ကျောင်းသားတွေ ၊ ဗမာပြည်သူတွေရဲ့ အထင်ကရသမိုင်းကြီးဖြစ်တယ် ။ သေချာနားစွင့် ကြည့်ပါ ၊ နှလုံးသားနဲ့နားထောင်ကြည့်ပါ ၊ “ လွတ်တပ်မှအမျှဝေပါ ” ဆိုတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာကျဆုံးခဲ့တဲ့ဝိဥာဉ်တွေရဲ့ ဒို့အရေးဒို့အရေး ကြွေးကြော်သံတွေနဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါလို့ မှာကြားနေသံတွေ ကြားရပါလိမ့်မယ် ။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ

မောင်ကျောင်းသား ။

အမြဲပေးပို့ပေးနေတဲ 26Sann အားကျေးဇူးတင်ပါသည်။



မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေ့ချွန်း ဗိုလ်ချုပ်သန်းရွှေရဲ့ ကျောက်စိမ်း ဆင်းတုတော်အား သွားရောက်ကြည်ညို..

N Korea
အင်း.... တစ်ယောက်ယောက်နဲ့ တူနေသလိုလို (ဓာတ်ပုံ daylife.com)

ရန်ကုန်မြို့ကို ယနေ့ရောက်ရှိလာတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေ့ချွန်းဟာ ဒီကနေ့ ရွှေတိဂုံဘုရားကို သွားရောက် ဖူးမြော်ခဲ့ပါတယ်။ ထိုသို့ သွားရောက်ဖူးမြော်ရာမှာ ဗိုလ်ချုပ်သန်းရွှေပုံနဲ့ တူအောင် ထုလုပ်ထားတယ်ဆိုတဲ့ ကျောက်စိမ်းဆင်းတုတော်ကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ အဆိုပါကျောက်စိမ်း ဆင်းတုတော်ဟာ ဗိုလ်ချုပ်သန်းရွှေ မျက်နှာနဲ့ တူအောင် ထုလုပ်ထားတာ ဆိုပြီး ပြည်တွင်း၊ ပြည်ပနဲ့ ရန်ကုန်မြိုနေ ပြည်သူလူထုကြားမှာ ပြောဆိုနေကြပါတယ်။ ယခင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းနဲ့ မြန်မာ့နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ တို့လာရောက်ခဲ့စဉ်မှာ အဆိုပါ ကျောက်စိမ်းဆင်းတုတော်ကို သွားရောက် ဖူးမြော်ခဲ့ပါတယ်။

Than Shwe Image
ယခင် မစ္စတာဘန်ကီမွန်းနှင့် မစ္စတာဂမ်ဘာရီတို့ ရောက်ရှိစဉ်..

ထိုစဉ်က မြန်မာ့အရေးအတွက် ဆင်ဖမ်းမယ်၊ မြင်းဖမ်းမယ် ဆိုပြီး ဒေါင်းတင်၊ မောင်းတင် လာရောက်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီတို့ဟာ မိမိတို့ ပြောလိုသော စကားများ အရာမထင်ပဲ စစ်အာဏာရှင်များရဲ့ စကားကိုသာ နားထောင်ပြီး လက်ချည်းဗလာ ပြန်သွားခဲ့ရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ ထွက်ပေါ်လာသော သတင်းများအရ နိုင်ငံတကာသံတမာန် အထူးပုဂ္ဂိုလ်များ လာတိုင်း နအဖ စစ်ဗိုလ်ချုပ်များအား မတွေ့ဆုံခင် အဆိုပါ ကျောက်စိမ်းဆင်းတုတော်အား သွားရောက်ဖူးမြော်စေကြောင်း သိရှိရပါတယ်။ ရန်ကုန်မြို့ခံများနဲ့ ဝေဒပညာရှင်များ ပြောဆိုချက်အရ လာရောက် လည်ပတ်သော နိုင်ငံတကာမှ ပုဂ္ဂိုလ်များအား ဗိုလ်သန်းရွှေနှင့် တူသော ကျောက်စိမ်းဆင်းတုတော်အား ဖူးမြော်စေခြင်းဖြင့် တမင် ယတြာချေ နံနှိမ်ထားခြင်း ဖြစ်ကြောင်း ပြောဆိုကြပါတယ်။

ယခုတစ်ဖန် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအား သွားရောက်ဖူးမြော်စေပါတယ်။ သို့ပါသော်လည်း ယခုမြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးမှ ယခင် မစ္စတာဘန်ကီမွန်းနှင့် မစ္စတာဂမ်ဘာရီတို့ကဲ့သို့ တလေးတစား ဖူးမြော်ချင်း မဟုတ်ပဲ စိတ်ဝင်စားဟန်မပြ ကြည့်ရုံသာ ကြည့်နေတဲ့ အတွက် နအဖရဲ့ မြောက်ကိုးရီးယားအပေါ် နာမ်နှိမ် ဖျံကျမည့် အစီအစဉ်များ အောင်မြင်နိုင်ပါ့မလား မသူတော်ချင်းချင်း မိစ္ဆာအချင်းချင်း မြွေမြွေချင်း ချေမြင်နေကြသလားဆိုတာ ကိုစောင့်ကြည့်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရင်း....

မိစ္ဆာအာဏာရှင် မင်းမိုက်တွေရဲ့ မြောက်တွေနဲ့ ပေါင်းပြီး မျောက်ဇာတ်ခင်းနေတဲ့ အကြောင်းကို ကိုရင်နော်ရဲ့ မျောက်မင်းမိုက် ကဗျာလေးနဲ့ ပြန်လည် တင်ပြလိုက်ပါတယ်။

မျောက်မင်းမိုက်

မြင့်မိုရ်မည် မျောက်မြို့မှာ
မောက်မာ မာန်မဲ မျောက်မိုက် မင်းမူ
မျောက်မူးမတ်၊ မျောက်မောင်းမ၊
မျောက်မြေး၊ မျောက်မြစ်၊
မျောက်မျိုးများ မြောက်မြောက်များ..။

မျောက်မင်းမိုက် မြော်မြင်မှုမဲ့
မည်းမည်းမြင် မိုက်မာန်မဲ
မောက်မောက်မာ မိန့်မှတ်
မှားမှားမှန် မူးမူးမိုက်
မျောက်မွဲများ မုန်းမာန်မြင့်မား..။

မျောက်များမှာ မျှော်မှန်း
မျောက်မင်းမြတ် မင်းမူမှ
မျောက်များ မြန်မြန် မြင့်
မျောက်မျိုး မြန်မြန် မြတ်
မျောက်မိမြေ မိုးမျှော်မည်..။

မျောက်မွဲများ မုန်းမာန်
မျောက်မင်းမိုက် မူးမေ့
မီးမွှေး မျောက် မီးမွှေး
မီးမှုတ် မျောက် မီးမှုတ်
မီးမြှိုက် မျောက် မီးမြှိုက်
မျောက်များမာန် မာန်များမြောက်
မင်းမိုက် မီးမျို..။

(ကိုရင်နော်)
http://www.koyinnawkhinlaynge.com/2009/03/blog-post_09.html
DMWY

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ရောက်ရှိ.... (သတင်း၊ဓာတ်ပုံ)

ဓာတ်ပုံ ဘားမားပါပါရာဇီအား ကျေးဇူးတင်ပါသည်။

ဆရာဟိန်းလတ်ပြုစုတဲ့ (ကင်ဂျုံအီ (သို့) မြောက်ကိုရီးယား၏ ချစ်လှစွာသော ခေါင်းဆောင်ကြီး) စာအုပ်များ ဖျက်ဆီးခံရ

ဆရာဟိန်းလတ်ရဲ့ စာအုပ် (daylife.com)မှ
North Korea
ခေါင်းစဉ်က (ကင်ဂျုံအီ (သို့) မြောက်ကိုရီးယား၏ ချစ်လှစွာသောခေါင်းဆောင်ကြီး) အစား (ကင်ဂျုံအီ (သို့) ဗိုလ်သန်းရွှေ၏ ချစ်လှစွာသော ဖခင်ကြီး) လို့ ပြောင်းရေးရင် အဖျက်ဆီး မခံရနိုင်ပါ...
N Korea
သတင်း၊ဓာတ်ပုံ မာဃ၀ိဇ္ဇာ

ရန်ကုန်မြို့တော်တွင် မကြာသေးခင်ကမှ ထုတ်ဝေခွင့်ရခဲ့သော ဆရာဟိန်းလတ်ရေးသားတဲ့ (ကင်ဂျုံအီ (သို့) မြောက်ကိုရီးယား၏ ချစ်လှစွာသောခေါင်းဆောင်ကြီး) စာအုပ်ကို စာအုပ်အရောင်းဆိုင်များတွင် တရားဝင် ရောင်းချခွင့်ပြုခဲ့ပါသည်။ အဲ့ဒီနောက်မှာတော့ စာအုပ်အတွင်းပါ ဆရာဟိန်းလတ် ရေးသားသောအချို့ အကြောင်းအရာများသည် မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီအား ထိခိုက် စော်ကား ရေးသားထားသည်ဟု မြောက်ကိုရီးယားမှ စွပ်စွဲပြောဆို ခဲ့သည်။ ၄င်းစာအုပ်များကို စာအုပ်အရောင်းဆိုင်များမှ မြောက်ကိုရီးယား၏ ညွှန်ကြားချက်ဖြင့် နအဖစစ်အစိုးရ ခါးပိုက်ဆောင်တပ်ဖြစ်သော(စအဖ) စစ်ထောက်လှမ်းရေးနှင့် နအဖဖော်လံဖား စာပေစိစစ်ရေးမှ စားဖားကြီးများက လိုက်လံသိမ်းဆည်းကာ ၄င်းစာအုပ်များကိုထုတ်ဝေသူနှင့် ရေးသားသူ ဆရာဟိန်းလတ်တို့ရှေ့မှာပင် စာပေစိစစ်ရေးရုံးရှိ ဓါးစက်ထဲသို့ထည့်သွင်းကာ ဖျက်ဆီးပစ်လိုက်ကြပါသည်။ ရန်ကုန်တစ်မြို့လုံးရှိ စာအုပ်ဆိုင်(၆၀)ကျော်မှ စာအုပ်ရေပေါင်း (၄၀၀)ကျော်ကို ပြန်လည် သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။ ကာလတန်ဖိုးအားဖြင့် ဗမာကျပ် ငွေသိန်း(၂၅)နီးပါးခန့်ရှိပါသည်။ ဆရာဟိန်းလတ်ရေးသားသော စာအုပ်အတွင်းပါ အကြောင်းအရာမှာ မြောက်ကိုရီးယား ခေါင်းဆောင်ကြီးကင်ဂျုံအီသည် စားကောင်းသောက်ဖွယ်ရာများကိုသာ နှစ်သက်ြပီး ၀န်ကြီးများနှင့် စားသည့် ညစာစားပွဲတွင်တော့ ဂျုံနှင့်ပြုလုပ်သည့် မုန့်ကြမ်းများကိုသာ ဟန်ဆောင်ပန်ဆောင် စားပြသည်ဟု အဓိပ္ပါယ်သက်ရောက်သည့် သဘောရေးသားထားခြင်း ဖြစ်ကြောင်း ယင်းစာအုပ်ကို ဖတ်ရှုပြီးသော စာပေ၀ါသနာရှင်တစ်ဦးမှ ပြောကြားခဲ့ပါသည်ဟု .... သတင်းရရှိပါသည်။

လေးစားဦးညွှတ်လျှက်
မာဃ၀ိဇ္ဇာ

မာဃ၀ိဇ္ဇာ အားကျေးဇူးတင်ပါသည်။

အာဏာရှင်ကြီး ဗိုလ်ချုပ်သန်းရွှေ၏ အိန္ဒိယနိုင်ငံ ခရီးစဉ် စတုတ္ထနေ့ ကန့်ကွက်ဆန္ဒပြပွဲ မြင်ကွင်း ဓာတ်ပုံများ..

နည်းနည်းလောက် ပေးပါဦး......Before After Than Shwe
မဟတ္တမ ဂန္ဒီပုံပေးတုန်းက ဒီမျက်နှာ မဟုတ်ဘူး...
(ဆေးမစားမှီ)
TS&KK
ဆေးစားပြီး


ဓာတ်ပုံများအတွက် အရှင်ထာဝရအား ကျေးဇူးတင်ပါသည်...

အာဇာနည်သား (၂)ဦး၏ မိခင်ကြီးအမေစု၏ ရင်တွင်းစကားနှင့် မဟတ္တမဂန္ဒီ၏ သုံးသပ်ချက်....

တစ်ပြိုင်နက် သားနှစ်ယောက်ဆုံးရသူ၏ ရင်တွင်းစကား (ဗိုလ်ချုပ်မိခင် အမေစု)

‘ ကျုပ်သားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဒီလို သတ္တိကြောင်တဲ့ အမှုမျိုးကို ငယ်ငယ်ရွယ်ရွယ်ကလေးကပင် ရှုတ်ချခဲ့တဲ့ လူဖြစ်ပါတယ်။ ဟိုတုန်းက ဗိုလ်ချုပ်ဟာ နယ်လှည့်ရင်း ကျုပ်ထံဝင်ပြီး ကန်တော့သွားတယ်။ အဲဒီတုန်းက ကျုပ်က စိုးရိမ်လွန်းလို့ ‘သားရယ် လူဆိုတာ အထက်ရောက်နေရင် သူတစ်ပါးက မနာလိုလို့ မကောင်းကြံစည်တာမျိုး ခံရတတ်တယ်။ အစစအရာရာ သတိထားပါသားရယ်’ လို့ပြောမိပါတယ်။ ဒီတော့ ကျုပ်သားကဗျာ – ဒါကတော့ ဘုရားတောင်မှ အတိုက်ခံရှိသေးတာပဲ။ ကိုယ်ကသာ လမ်းမှန်ကနေပြီး မှန်တဲ့အလုပ်ကို လက်ကိုင်ထားရင် ဘာမှ ကြောက်စရာ မလိုပါဘူးအမေရယ်၊ မစိုးရိမ်ပါနဲ့။ စစ်တိုက်နေတုန်းကတောင် မသေခဲ့သေးတာ။ ယခုတိုင်းပြည်နဲ့လူထုဟာ အရင်လိုမဟုတ်တော့ပါဘူး။ အကောင်းအဆိုး ဝေဖန်တတ်ပါပြီလို့ အားရပါးရ ရယ်ရယ်မောမောနဲ့ ပြောသွားခဲ့ပါတယ်။

ယခုတော့ကျုပ်သား ကိုအောင်ဆန်းဟာသူ အလွန်မုန်းတီးရွံရှာတဲ့ လုပ်ကြံနည်းကြောင့် ကွယ်လွန်သွား ရရှာပြီ။ ကျုပ်မှာချင်တာကတော့ သူ့ကိုလေးစားကြသလို ခေါင်းဆောင်များရဲ့ ညွှန်ကြားချက်ကို ပြည်သူလူထုက ယုံယုံကြည်ကြည် လေးလေးစားစားနဲ့ လိုက်နာပြီး မိမိတို့လိုလားတဲ့ ခရီးကိုရောက်အောင် ဆောင်ရွက်ကြဖို့ပါပဲ။ အဲဒီလိုဆောင်ရွက်လို့ ရည်ရွယ်ချက်ကို ရောက်ပြီဆိုရင် အဒေါ့်မှာ ခံစားရတဲ့ သားနှစ်ယောက်ဆုံးရှုံးရတဲ့ အပူမီးဟာ ငြိမ်းတန်သလောက် ငြိမ်းပါလိမ့်မယ်။

ဤစကားကား ဗိုလ်ချုပ်အောင်ဆန်း အစ်ကိုဖြစ်သူ ၀န်ကြီး ဦးဘ၀င်းနှင့် အခြားဝန်ကြီးများ လုပ်ကြံသတ်ဖြတ်ခံရစဉ်က သားနှစ်ယောက် တစ်ပြိုင်နက်ဆုံးခဲ့ရသော အမေစု၏ စကားများပင် ဖြစ်သည်။ ဗိုလ်ချုပ်တို့ ကျဆုံးသည်ဟု ကြားရသည်နှင့် အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီကလည်း ယခုလို သုံးသပ်ပြောကြားခဲ့သည်။
မြန်မာ့လွတ်လပ်ရေးကို တိုက်ပြီးလျှင် – မြန်မာ့လွတ်လပ်ရေးကို အိမ်တိုင်ယာရောက် ပို့ပေးခဲ့သော အာဇာနည် ပုဂ္ဂိုလ်များကို ယခုကဲ့သို့ သွေးအေးအေးနှင့် လုပ်ကြံသတ်ဖြတ်ခြင်းဆိုသည်မှာ ယုံကြည်စရာပင်မရှိချေ။ ကျွန်ုပ်သည် လွန်လေပြီးသော ခေါင်းဆောင်များ၏ ဆွေမျိုးဥာတိများကိုလည်းကောင်း၊ မြန်မာနိုင်ငံ အစိုးရကို လည်းကောင်း ကရုဏာသက်ပါ၏။ ယခုဖြစ်ရသည်မှာ သာမညလူသတ်မှု မဟုတ်ချေ။ ဤအမှု၏နောက်တွင် နိုင်ငံရေးလောဘဇော ရှိနေလိမ့်မည်။

ယခုအခါ ကမ္ဘာအရပ်ရပ်၌ နိုင်ငံရေးပြိုင်ဆိုင်မှုတို့တွင် ဤလောဘဇော ထကြွနေသော အချက်မျိုးကို တွေ့မြင်နေရသည်။ ဤအချက်သည် မနုဿလူသားတို့၏ နောင်ရေးအတွက် အတိတ်နိမိတ်ကောင်း မဟုတ်ချေ။ ထို့ကြောင့် ဤ၀မ်းနည်းဖွယ်ရာ အပျက်ကိုမူတည်၍ အိန္ဒိယနိုင်ငံသည် သင်ခန်းစာယူရမည်။ ဤအဖြစ်သည် မြန်မာနိုင်ငံအတွက်သာလျှင် ၀မ်းနည်းကြေကွဲဖွယ်ရာ မဟုတ်။ အာရှ အတွက်လည်း ၀မ်းနည်းကြေကွဲစရာဖြစ်သည်။ ကမ္ဘာတစ်ခုလုံးအတွက်လည်း ၀မ်းနည်းကြေကွဲစရာဖြစ်သည်။

(မဟတ္တမဂန္ဒီ)

(သန်းဝင်းလှိုင်ပြုစုသော ဂဠုန်ဦးစော၏နောက်ဆုံးနေ့များ စာအုပ် နှာ / ၂၄-၂၆)


ပေးပို့ပေးသူအား ကျေးဇူးတင်ပါသည်။

အာဏာရှင်ကြီး ဗိုလ်ချုပ်သန်းရွှေ၏ အိန္ဒိယနိုင်ငံသို့ နောက်ဆုံးရောက်ရှိခြင်း တတိယနေ့ ခရီးစဉ်နှင့် ကန့်ကွက်ဆန္ဒပြပွဲ မြင်ကွင်း ဓာတ်ပုံများ..

အပေါ်ကိုမော့ကြည့်တော့ ... သံဃာတွေသတ်တဲ့ အမှုအတွက် ...... ကံကြီးးထိုက်တော့မှာလား ဆိုပြီးမော့ကြည့်နေတာပါ...
ပန်းတွေနဲ့ဝေ ရဦးမှာ မကြာခင်
Ghost?????
ရုပ်ပျက် ဆင်းပျက်ဆိုတာ ဒါကိုခေါ်တာလားမသိ... ကြည့်ရတာ မမြင်အပ်တဲ့ အရာတွေ မြင်နေရပြီထင်တယ်။

မဟတ္တမဂန္ဒီရဲ့ ရုပ်တုကို ပေးတယ်ဆိုကတည်းက အကြမ်းမဖက်တဲ့ လမ်းစဉ်ဆိုတာ သဘောပေါက်ပေါ့ မြန်မာပြည်မှာ အဲ့ဒီလမ်းစဉ်ကို ကျင့်သုံးနေတဲ့ ခေါင်းဆောင်ဟာ ဘယ်သူဆိုတာသိမှာပါ...

TS&KK
မှိုရတဲ့ မျက်နှာတော့ မဟုတ်ပဲ စိတ်ပျက်တဲ့ မျက်နှာအတိုင်းသား ပေါ်လွင်နေပါတယ်....

အိန္ဒိယနိုင်ငံရဲ့  ခေါင်းဆောင်ကြီး အကြမ်းမဘက် ငြိမ်းချမ်းရေးဗိသုကာကြီး မဟတ္တမဂန္ဒီရဲ့ထင်ရှားကျော်ကြားတဲ့ “"Seven Social Sins" လူ့ လောကအတွက် အကျိုးမရစေသော ပြစ်မှု (၇) ရပ် - ဆိုတဲ့ စာသား (၇) ခုက အောက်ဖေါ်ပြပါအတိုင်း ဖြစ်ပါတယ်။
သင့်လျှော်မှန်ကန်သော အခြေခံနိယာမ သဘောတရား ဥပဒေသတွေ မပါတဲ့ နိုင်ငံရေး၊

မှန်ကန်သော အလုပ် အားထုတ်ဆောင်ရွက်မှု မရှိတဲ့ ချမ်းသာကြွယ်ဝမှု၊

မှန်ကန်မှုတရား မရှိတဲ့ သာယာပြည့်စုံမှု၊

ဂုဏ်အဂ်ါလက္ခဏာ ထူးခြားခြင်း မရှိတဲ့ သိရှိမှု၊

အကျင့်သိက္ခာတရားနဲ့  မပြည့်စုံသော လူမှုဆက်ဆံမှု၊

လူသားမျိုးနွယ်ရေးရာ အခြေခံ မပါဝင်သော ခေတ်မှီင်္တိုးတက်မှု၊

စွန့် လွှတ်အနစ်နာခံပေးဆပ်မှု မပါရှိသော ကိုးကွယ်ယုံကြည်ရယူမှု - ဆိုတဲ့ အချက်ကြီး (၇) ချက် ဖြစ်ပါတယ်။

အကြမ်းမဘက် ငြိမ်းချမ်းရေးဗိသုကာကြီး မဟတ္တမဂန္ဒီရဲ့ ဒီထင်ရှားကျော်ကြားတဲ့ စာသားလက်ဆောင်ကို အကြမ်းဘက်သမားကြီး ငြိမ်းချမ်းရေးဖျက်ဆီးသူကြီး သန်းရွှေနဲ့ ကြိုင်ကြိုင်တို့က ရရှိတယ်ဆိုတော့ လက်ဆောင်ပေးအပ်တဲ့သူက ပညာသားပါပါနဲ့ နှိပ်ကွပ်သင်ခန်းစာပေးလိုက်တာဘဲ ဖြစ်ပါတော့တယ်။ (စာသားတွေကတော့ ကြိုက်တာ ယူသုံးခွင့်ပေးထားတဲ့ ကိုနစ်နေမန်းဆီကပါ)

ယနေ့ အိန္ဒိယနိုင်ငံမှ အာဏာရှင် ဗိုလ်သန်းရွှေတို့ အုပ်စုအား ဆန္ဒပြပွဲ (၃)ရက်မြောက်နေ့ ဓာတ်ပုံမှတ်တမ်းပါ...။ အရှင်ထာဝရအား ကျေးဇူးတင်ပါသည်။





အာဏာရှင်ကြီး ဗိုလ်ချုပ်သန်းရွှေ၏ အိန္ဒိယနိုင်ငံ ဒုတိယနေ့ ခရီးစဉ်နှင့် ကန့်ကွက်ဆန္ဒပြပွဲ မြင်ကွင်း ဓာတ်ပုံများ..

မြင်တယ်.. မြင်တယ် ၂၀၀၇ သံဃာတွေ သတ်တာ
မိတ်ဆက်ပေးပါရစေ သူကတော့ ကမ္ဘာ့အာဏာရှင် နံပါတ်(၃)ပါ
တို့လည်းလိုက်မယ် ချန်မထားနဲ့
အယူတိမ်းလို့ နတ်စိမ်းဖြစ်ရပါတယ်...
ဓာတ်ပုံများပေးပို့တဲ့ အရှင်ထာဝရအား ကျေးဇူးတင်ပါသည်...

Made in Foreign နာရေးကူညီမှုအသင်း(ရန်ကုန်)


Made in Foreign

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စများကို အခမဲ့ ဖေးမကူညီ ပံ့ပိုးမှုများ ပြုလုပ် ပေးရာ၌ အအေးခန်းထားရှိပေးခြင်း၊ မီးသင်္ဂြိုလ်ပေးခြင်းများကို ပိတ်ရက် နားရက်မရှိ နေ့စဉ် ထမ်းဆောင် ပေးလျှက်ရှိပါသည်။ ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှ စတင်၍ ၂၀၁၀ ခုနှစ် ဇူလိုင် (၂၅) ရက်နေ့အထိ နာရေးကူညီမှုပေါင်း (၉၀၆၀၂) ဦး အခမဲ့ ကူညီပေးခဲ့ပြီး ဖြစ်ပါသည်။
မီးသင်္ဂြိုလ်ပေးရာ၌ (၁) ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ (၂) သစ်တောမပြုန်းတီးရေး၊ (၃) ငွေကြေးကုန်ကျမှု လျော့ချရေး တို့အတွက် ရည်ရွယ်၍၄င်း နာရေးရှင်များ စိတ်ချမ်းသာမှု ရရှိရန် အဓိကထား၍ သစ်သားအခေါင်းများအစား မှန်ခေါင်း၊ အလူမီနီယံခေါင်းတို့ဖြင့် အသုံးပြုကာ မီးသင်္ဂြိုလ် စက်ခန်းအတွင်းသို့ ရုပ်အလောင်းရောက်ရှိမှသာ စက်ခန်းတံခါးပိတ်ပြီး ရုပ်အလောင်းအား အသင်းမှ ပြုလုပ်ထားသော သစ်သားကဒ်ပေါ် ရုပ်အလောင်းကို ပြောင်းရွှေ့၍ မီးသင်္ဂြိုလ်စက်ထဲသို့ ထည့်ကာ မီးသင်္ဂြိုလ်မှုကို ပြုလုပ်ဆောင်ရွက် ပေးပါသည်။
အချို့သော နာရေးကိစ္စရပ်များတွင် နာရေးရှင်တို့သည် ဂူသွင်းသင်္ဂြိုလ်ခြင်းများကို ပြုလုပ်လျက်ရှိသည်။ ထိုသို့ ဂူသွင်းသင်္ဂြိုလ်ရာ၌ သစ်သားအခေါင်းများကို အသုံးပြုကြရသည်။ ထိုအခါ သစ်သားအခေါင်းများ၏ တန်ဖိုးစရိတ်မှာ ( ၅ သိန်း၊ ၁၀ သိန်း၊ ၅၀ သိန်း ) စသဖြင့် ဈေးနှုန်းများ အသီးသီး ရှိသည်။ ထိုသို့သောအခါတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးရှင်တို့ အဆင်ပြေစွာဖြင့် ဂူသွင်းသင်္ဂြိုလ်နိုင်ရန် အသင်းတွင်ရှိသော အသင့်လုပ်ပြီးသား နိုင်ငံခြားဖြစ် အခေါင်း များဖြင့် အခမဲ့ အကူအညီ ပေးလျှက်ရှိပါသည်။ ထို နိုင်ငံခြားဖြစ် အခေါင်းများသည် သစ်သားအခေါင်း၊ ဖိုက်ဘာအခေါင်းများ၊ အလူမီနီယံအခေါင်းများ ဖြစ်ကြသည်။ နိုင်ငံရပ်ခြားတွင် ဆုံးပါးသွားကြသော မြန်မာလူမျိုးများကို အမိမြန်မာပြည်သို့ သယ်ဆောင်သင်္ဂြိုလ်ပေးခြင်းများ ပြုလုပ်ရာတွင် နိုင်ငံရပ်ခြားမှ လေယာဉ်ဖြင့် သယ်ဆောင်လာသော ရုပ်အလောင်းများအား နိုင်ငံခြားဖြစ် အခေါင်းများဖြင့် ရုပ်အလောင်းအား ထည့်သွင်းသယ်ဆောင်ကာ မီးသင်္ဂြိုလ်ရာတွင် ယင်းအခေါင်းများအား ထည့်သွင်း မီးသင်္ဂြိုလ်ခြင်း မပြုဘဲ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် သစ်သားကဒ်များဖြင့် မီးသင်္ဂြိုလ်ပေးပြီး ကျန်ရစ်သော နိုင်ငံခြားဖြစ် အခေါင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပေးလှူ ထားခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ လှူဒါန်းမှုများ မြောက်များစွာရှိသည့်အနက် ယနေ့ ၂၆.၇.၂၀၁၀ (၀ါဆိုလပြည့်) နေ့တွင် ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံခြားဖြစ် အခေါင်း လှူဒါန်းသော အလှူရှင် (၂) ဦး ရှိခဲ့ပါသည်။
Easten Honesty ကယ်မီကယ်လ် ဓါတုပစ္စည်းများ တင်ဆောင်သော ပင်လယ်ကူးသဘောင်္ သည် ၁၂.၇.၂၀၁၀ ရက်နေ့၌ တောင်တရုတ်ပင်လယ်တွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့ရာ မြန်မာနိုင်ငံသား သဘောင်္သား (၃) ဦး ဒဏ်ရာ အကြီးအကျယ် ရရှိခဲ့သည့်အနက် ဦးထွန်းထွန်းဝင်း အသက် (၃၉) နှစ်သည် မလေးရှား နိုင်ငံ ဆေးရုံမှ အရေးပေါ် စင်ကာပူဆေးရုံသို့ လွဲပြောင်းကုသခဲ့ရာ ၂၂.၇.၂၀၁၀ နေ့တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။ သေဆုံးသူ၏ ရုပ်အလောင်းအား ကာယကံရှင် တို့၏ ဆန္ဒအရ မြန်မာပြည်သို့ ပြန်လည် သယ်ဆောင်သင်္ဂြိုလ်ပေးခြင်း ပြုလုပ်ခဲ့ရာ လေယာဉ်ဖြင့် ရုပ်အလောင်း သယ်ဆောင်လာသော ဖိုက်ဘာအခေါင်းအား ၂၆.၇.၂၀၁၀ ရက်နေ့တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုလ်ခြင်း အခမ်းအနား ပြီးဆုံးသွားချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်း ပေးအပ်ခဲ့ပါသည်။
နောက်တစ်ဦးဖြစ်သော ဦးဇေယျာစိုး အသက် (၃၇) နှစ်သည် မလေးရှားနိုင်ငံ ဂျို့ဟိုးဆိပ်ကမ်း တွင် အလုပ်လုပ်စဉ် နှလုံးသွေးကြောပိတ်ရောဂါဖြင့် ဂျို့ဟိုးဆေးရုံတွင် ၁၈.၇.၂၀၁၀ နေ့ရက်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။ ရန်ကုန်သို့ ကာယကံရှင်တို့၏ ဆန္ဒအရ ၂၃.၇.၂၀၁၀ နေ့ရက်တွင် ပြန်လည်သယ်ဆောင်လာပြီး ထိန်ပင်သုဿန် အအေးခန်းတွင် ထားရှိကာ ၂၆.၇.၂၀၁၀ ရက်နေ့တွင် ထိန်ပင်သုဿန်၌ပင် မီးသင်္ဂြိုလ်ခဲ့ပြီးနောက် ကျန်ရစ်သူမိသားစုမှ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ မလေးရှားနိုင်ငံလုပ် ဖိုင်ဘာအခေါင်းအား လှူဒါန်းပေးအပ် ခဲ့ပါသည်။
ဤကဲ့သို့ နာရေးကူညီမှုများ အကူအညီပေးရာတွင် အချို့သော နာရေးရှင်များသည် ရုပ်အလောင်းအား သယ်ဆောင်ရာတွင် မော်တော်ယာဉ်၊ နိဗ္ဗာန်ယာဉ် အကောင်းစား၊ ဂျပန်နိုင်ငံတွင် အသုံးပြုသော နိဗ္ဗာန်ယာဉ် အကောင်းစားတို့ဖြင့် အကူအညီပေးရန် တောင်းဆိုကြသည်။ အမှန်စင်စစ် မည်သည့် နိဗ္ဗာယာဉ်ဖြင့် သယ်သယ်၊ မည်သည့် အခေါင်းဖြင့် သင်္ဂြိုလ် သင်္ဂြိုလ် နောက်ဆုံးတော့ မီးခိုး နဲ့ပြာ ဖြစ်မှာမလွဲပင်။ သေဆုံးသွားသူနှင့် ပါသွားမည်ကား ကုသိုလ် အကုသိုလ် သီလတို့ပင် ဖြစ်တော့သည်။
ထို့ကြောင့် … ယင်းကဲ့သို့ လှူဒါန်းဒါန ပြုခဲ့ကြသော ဦးထွန်းထွန်းဝင်းနှင့် ဦးဇေယျာစိုး တို့အား ရောက်ရာ ဘုံဌာနမှ သာဓု ခေါ်ဆိုနိုင်ရန် အမျှ … အမျှ … အမျှ ပေးဝေငှ လိုက်ပါ၏။