ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သမ္မတကြီး အလိမ်ခံရတဲ့ပွဲ (ကျော်သူ)

သမ္မတကြီး အလိမ်ခံရတဲ့ပွဲ

(၁၆.၁.၂ဝ၁၄ - ကြာသပတေးနေ့ထုတ် “စံတော်ချိန် နေ့စဉ်သတင်းစာ” တွင် ဘို(ဆင်တလည်)မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းခဲ့သည့် “သမ္မတကြီးအလိမ်ခံရတဲ့ ပွဲကြီးလို့ပဲ ကျွန်တော်မြင်ပါတယ်။ သန်း ၆ဝ ပြည်သူတွေရဲ့ အသက်ကိုကယ်တင်ကြပါ။” ဟူသော ဆောင်းပါးအား တင်ပြခြင်းဖြစ်ပါသည်။)

နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ၂ဝဝ၁ ခုနှစ်
ဇန်နဝါရီ (၁) ရက်နေ့မှာ စာရေးဆရာ၊ ဒါရိုက်တာ ဘဘ ဦးသုခ စတင်တည်ထောင်သည်။ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ကျော်သူက အနုပညာသက်တမ်း (၁၆) နှစ်နီးပါး ဖြတ်သန်းခဲ့သော အချိန်အထိ မိဘပြည်သူပရိသတ်များ ချီးမြှင့်သော အနုပညာငွေများဖြင့် မိသားစုစားဝတ်နေရေးအပြင် သားသမီးတွေကိုလည်း ပညာတတ်များဖြစ်လာအောင် ပြုစုပျိုးထောင် ပေး နိုင်ခဲ့သည့်အတွက် ပရိသတ်များကို ကျေးဇူးဆပ်သည့်အနေဖြင့် သူ၏ကျေးဇူးရှင်ဆရာဖြစ်သော ဘဘ ဦး သုခထံ အလှူငွေများသွားရောက်လှူဒါန်းခဲ့ရာမှစတင်ကာအသင်းတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

၂ဝဝ၈ မှ စတင်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေသော ဦးကျော်သူနှင့် လတ်တ လော မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့် ပရဟိတဆိုင်ရာများနှင့်ပတ်သက်၍ စံတော်ချိန်က မေးမြန်းခဲ့သည် များမှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
မေး- ပရဟိတလုပ်ငန်များ အများအပြား ပေါ်ထွက်လာမှုအပေါ်မှာ မှတ်ချက်စကားပြောပြပေးပါဦး။
ဖြေ- ဒီလိုအသင်းအဖွဲ့တွေ ပေါ်ပေါက်လာတာဟာ တိုင်းပြည်အတွက်ကောင်းတယ်။ မင်္ဂလာလည်းရှိပါ တယ်။ တိုင်းသူပြည်သားတွေအတွက်လည်း အများကြီး အကူအညီရတာပေါ့။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေအတွက်လည်း အင်မတန်မြင့်မြတ်တဲ့ အလုပ်တွေမို့ မင်္ဂလာရှိပါတယ်။ ဒါပေမဲ့ တချို့ အသင်းအဖွဲ့တွေက ပရဟိတဆိုတာကို အကြောင်းပြပြီး မိမိနာမည်ကြီးချင်လို့၊ အကြည်ညိုခံချင် လို့။ ဒီထက်ဆိုးတာက အများအလှူငွေကို မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ပစ်ကြတယ်။ ဒါဟာ အတ္တကြီးချင်းပဲ။ အဲဒီလို အတ္တတွေနဲ့ဆို ပရဟိတလုပ်ငန်းတွေကို မလုပ်ကြပါနဲ့။ အတ္တကြီး တဲ့ ရည်ရွယ်ချက်အဆိုးတွေနဲ့ ပရဟိတလုပ်ငန်းတွေကို မလုပ်ကြတာ အကောင်းဆုံးပဲလို့ ပြောချင် ပါတယ်။

ရပ်ရွာပြည်သူလူထု အများအကျိုးသယ်ပိုးချင်လို့ လုပ်တယ်ဆိုရင်တော့ ဒါဟာအင်မတန် ကောင်းပါတယ်။ အဲဒီလို အများကောင်းကျိုးအတွက်မဟုတ်ဘဲ လူတစ်ယောက်၊ အသင်းအဖွဲ့ ကောင်းစားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပရဟိတဆိုတာကိုအသုံးချပြီး ထူထောင်ကြမယ်ဆိုရင် အမှား ကြီးမှားကြလိမ့်မယ်လို့ သတိပေးပြောချင်ပါတယ်။

မေး- ပရဟိတအများအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသူတွေကို ဘယ်လိုစိတ်ဓာတ်မျိုး ထားရှိသင့် သလဲဆိုတာ ပြောပြပေးပါလား။

ဖြေ- မြတ်စွာဘုရားရှင်ရဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို လက် ကိုင် ကျင့်သုံးရမယ်။

ကိုယ့်မှာရှိနေတဲ့အတ္တတွေကို လုံးဝမရှိတော့အောင် ကြိုးစားရမယ်။ အများ အကျိုးလုပ်ဆောင်တဲ့အခါ ကိုယ့်အတ္တမပါဘဲ လုပ်ဆောင်နိုင်ရမယ်။

အများအကျိုးအတွက်ဆို ကိုယ်ဘယ်လောက်အထိ ပေးဆပ်နိုင်လဲ။ အနစ်နာခံနိုင်လဲ။ ဒီလိုပရဟိတအများအကျိုး လုပ်ကြတဲ့ အခါမှာ အတိုက်အခိုက်တွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်တို့ဆို ဘဝပျက်လောက်အောင် အထိ အတိုက်အခံတွေရှိခဲ့ပါတယ်။ ဒီအခက်အခဲတွေကို သစ္စာတရားနဲ့ကျော်လွှားနိုင်ရမယ်။

ကိုယ့် လုပ်ရပ်အပေါ်လည်း သစ္စာရှိရမယ်။ ပရိဟတအများအကျိုးကို သယ်ပိုးတယ်။ မှန်မှန်ကန်ကန် လုပ် ရမယ်။ သစ္စာတရားဆိုရဲရမယ်။ ကူညီတဲ့နေရာမှာလည်း စေတနာကအရေးကြီးတယ်။ ကိုယ်ချင်း စာစိတ် စာနာစိတ်ရှိရမယ်။ လူမျိုးဘာသာကွဲပြားနေလို့ ငါတို့လူမျိုးပဲကူညီမယ်ဆိုတဲ့ စိတ်ထားမျိုး မရှိရဘူး။ လူမျိုးဘာသာ ဘယ်လိုပဲကွဲပြားပါစေ။ ဆင်းရဲချမ်းသာမရွေး။ မိတ်ဆွေရန်သူ မခွဲခြားဘဲ လူသားအချင်းချင်း ကူညီရမယ်။ ဒုက္ခရောက်နေကြတဲ့ လူသားတိုင်းကို ကူညီရမယ်ဆိုတဲ့ စိတ်ထား မျိုးထားရှိဖို့က အရေးကြီးတယ်။

မေး- မြန်မာနိုင်ငံရဲ့ နေရာဒေသအနှံ့မှာရှိနေကြတဲ့ ပရဟိတအသင်းအဖွဲ့တွေက ပြည်သူလူထုရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။

ဖြေ- လုံလောက်မှုကတော့ မရှိပါဘူး။ အနယ်နယ်အရပ်ရပ်က ပရဟိတအသင်းအဖွဲ့တွေဆိုရင် အသင်း အဖွဲ့ထူထောင်ကြဖို့အတွက် အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေရတယ်။ အလှူငွေကြေး အခက် အခဲကအစ သွားလာရေး လွယ်ကူနိုင်အောင် မော်တော်ကားတွေလိုအပ်မယ်။ နိဗ္ဗာန်ယာဉ် လူနာ တင်ကားတွေပြည့်စုံမှ အများပြည်သူလူထုကို ထိထိရောက်ရောက်ကူညီနိုင်ကြမှာ။ ဒီလို ပြည့်စုံဖို့ ကလည်း အဓိကလိုအပ်ချက်က အစိုးရဘက်က ပံ့ပိုးကူညီမှုတွေလိုအပ်ပါတယ်။ မပံ့ပိုးပေးတဲ့ အပြင် အစိုးရဘက်က တားမြစ်တာတို့ နှောင့်နှေးကြန့်ကြာအောင်လုပ်တာတွေ၊ ပိတ်ဆို့တာတွေ လုပ်နေရင် ပရဟိတအသင်းအဖွဲ့တွေ ဘယ်လောက်ပဲများများ ပြည်သူတွေအတွက် ထိရောက် အောင် ကူညီနိုင်မှာမဟုတ်ပါဘူး။ အစိုးရအနေနဲ့ ပရဟိတအသင်းအဖွဲ့တွေပေါ်မှာ နားလည်မှုရှိရ မယ်။

ပရဟိတအဖွဲ့ဆိုတာက နိုင်ငံရေးလုပ်တဲ့အဖွဲ့အစည်း၊ ပါတီထောင်တာမဟုတ်ဘူး။ အများ အကျိုးအတွက် ကိုယ့်ကျိုးစွန့်ပြီး လုပ်နေကြတဲ့သူတွေပါ။ ပရဟိတလူမှုကူညီရေး သက်သက်လုပ် နေကြတဲ့အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ဒီလိုအဖွဲ့အစည်းတွေကို အစိုးရအနေနဲ့ လျော့သင့် တာ လျော့ပေးသင့်ပါတယ်။

ပရဟိတအဖွဲ့အစည်းဆိုတာလည်း နှစ်မျိုးရှိပါတယ်။ ပြည်တွင်းက အလှူငွေနဲ့ ရပ်တည်နေကြတဲ့ လူမှုရေးအဖွဲ့တွေရှိကြသလို၊ ပြည်ပက နိုင်ငံခြားရေးထောက်ပံ့ငွေနဲ့ ရပ်တည်နေကြတဲ့ INGO နှင့် NGO အဖွဲ့အစည်းတွေလည်း ရှိကြပါတယ်။ ပြည်ပနိုင်ငံခြား ထောက်ပံ့ငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေကိုတော့ အစိုးရကစည်း မျဉ်းစည်းကမ်း အ တိုင်း လုပ်သင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့လို မြန်မာပြည်ကလှူတဲ့ အလှူငွေတွေနဲ့ ရပ် တည်နေကြတဲ့ လူမှုရေးပရဟိတအဖွဲ့အစည်းတွေကို ငွေကြေးရှင်းတမ်း အတိအကျအမှန်ရှိနေရင် အစိုးရအနေနဲ့ စည်းကမ်းပိုင်းဆိုင်ရာ တားမြစ်တာတွေ ဘာမှလုပ်စရာမလိုတော့ဘူး။ မမှန်မကန် လုပ်ပြီး လူမှုရေးဖောက်ပြန်ခဲ့ရင်လည်း တရားဥပဒေရှိတယ်။ ဥပဒေအတိုင်း စီရင်သွားလိမ့်မယ်။

ဒီလိုပြည်ပကထောက်ပံ့နေတဲ့ ဒေါ်လာငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေကို ကျွန်တော် တစ်ခုလောက် မေးကြည့်ချင်ပါတယ်။ ဥပမာပြောရရင် ပြည်သူက ဒေါ်လာငွေတစ်သိန်း ထောက်ပံ့ အလှူငွေရတယ်ဆိုပါတော့။ ပြည်သူလူထုအကျိုးအတွက်ကို ဒေါ်လာငွေ ဘယ်နှစ်သောင်း၊ ဘယ် နှစ်ထောင်လောက်များ အသုံးချပြီးပြီလဲလို့ မေးချင်ပါတယ်။ ကိုယ့်အိတ်ထဲတာ ဒေါ်လာ ဘယ် လောက်ရှိနေပြီလဲဆိုတာ ပြန်ပြီးသုံးသပ်ဖို့တော့လိုနေပြီ။

ကျွန်တော်တို့အသင်းကိုလည်း ဟိုတ လောက ပြည်ပက အထူးကုဆရာဝန်ကြီးတွေလာတယ်။ သူတို့က ဧရာဝတီတိုင်းဘက်က ပြည်သူ လူထုတွေကို အခမဲ့ ဆေးလာရောက်ကုသပေးတဲ့အဖွဲ့ဖြစ်တယ်။ သူတို့ပြန်ခါနီး ကျွန်တော်တို့ အ သင်းကိုလာပြီး သူတို့အသုံးပြုခဲ့ပြီး ပိုလျှံနေတဲ့ ဆေးဝါးတွေကို ကျွန်တော်တို့အသင်းကို လာလှူ တယ်။ အဲဒီအလှူနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့က လူကြီးတစ်ယောက်က ကျွန်တော်တို့အသင်းကို ဒီလိုဆေးဝါးတွေ သွားလှူတယ်ဆိုရင် နောက်တစ်ကြိမ် ခင်ဗျားတို့ မြန်မာပြည်ကိုလာဖို့ အခက်တွေ့ သွားမယ်ဆိုပြီး ခြိမ်းခြောက်သလို ပြောတယ်လို့ ကျွန်တော်သိခဲ့ရတယ်။ ဒါတွေဟာ လူသားချင်း စာနာစိတ် ကင်းမဲ့တဲ့လုပ်ရပ်တွေပဲ။

အဲဒီတော့ အစိုးရက တရားဝင်ဆိုင်းဘုတ်တပ်ပြီး ကြေငြာထား တဲ့ “နိုင်ငံခြားခရီးသွား ဧည့်သည်များကိုကူညီပါ။” ဆိုတဲ့ စာသားကို ဘယ်မှာသွားထားတော့မှာလဲ။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ တကယ်ကို ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ် နေကြတဲ့ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းတွေ ပေါင်းစုံအစည်းအဝေးလုပ်တဲ့အခါမှာ ကျွန်တော်တို့ တစ်တွေမှာ တန်ဖိုးကြီးဟိုတယ်တွေငှားပြီး အစည်းအဝေးလုပ်နိုင်ကြတဲ့ အဆင့်မရှိဘူး။ မလုပ်ဘူး ဆိုတာကလည်း ပြည်သူလူထုက အများအကျိုးအသုံးပြုဖို့ လှူဒါန်းထားကြတဲ့ငွေတွေကို အလဟ သ ဟိုတယ်တွေကိုပေးသုံးပြီး လုပ်ရတဲ့ အနေအထားမျိုးကို ကျွန်တော်တို့က ဘယ်တော့မှ မလုပ် ပါဘူး။ ကိုယ့်အသင်းမှာ လုပ်ချင်လုပ် မယ်။ ဒါမှမဟုတ် ကျောင်းမှာလုပ်ချင်လုပ်မယ်။

မေး- အစိုးရဖွဲ့စည်းတဲ့ လူမှုရေးအသင်းတွေနဲ့ ပုဂ္ဂလိက
အရပ်ဖက်လူမှုရေးအသင်းတွေကြားမှာ ကွာခြား ချက်တွေ ရှိပါသလား။

ဖြေ- ကွာခြားချက်ရှိပါတယ်။ အစိုးရဘက်အဖွဲ့အစည်းဆိုရင် ကြံ့ခိုင်ရေးက ထူထောင်ထားတဲ့ အဖွဲ့တွေရှိ တယ်။ သူတို့ဘာတွေ ဘယ်လိုလုပ်တယ်ဆိုတာ ဘယ်အဖွဲ့က ပြည်သူလူထုအပေါ်မှာ ထိထိ ရောက်ရောက်ကူညီနေသလဲဆိုတာ ပြည်သူလူထုကသာ အသိဆုံးပါ။

ဘယ်အဖွဲ့အစည်းကတော့ ဟန်ဆောင်လုပ်နေတယ်ဆိုတာကအစ ဒါဟာ ကိုယ့်အတွက်လုပ်နေတာလား။ အများကောင်းကျိုး အတွက် လုပ်နေတာလားဆိုတာကို ပြည်သူလူထုကပဲ ဆုံးဖြတ်ပေးလိမ့်မယ်။ ကျွန်တော်ကတော့မ ပြောချင်ပါဘူး။ ဒါကြောင့် ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့လိုတယ်ဆိုတာ အဲဒါကိုပြောတာ။ လူမှုရေး သစ္စာဆိုရဲဖို့ အရေးကြီးတယ်။

မေး- အစိုးရအဖွဲ့က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို ဘယ်လိုကူညီမှုတွေ ပေးသင့်သလဲ။

ဖြေ- လူမှုရေးအဖွဲ့အစည်းတွေကို ကျွန်တော်တို့လို မြန်မာပြည်သူလူထုကလှူဒါန်းကြတဲ့ အလှူငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းကိုတစ်မျိုး၊ ပြည်ပက နိုင်ငံခြားဝင်ငွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့ အစည်းတွေကိုတစ်မျိုး၊ နှစ်မျိုးခွဲခြားမြင်သင့်တယ်။ အမှန်တော့ ကျွန်တော်တို့ အဖွဲ့အစည်းတွေက အစိုးရမဟုတ်သော အရပ်ဖက်လူမှုအဖွဲ့အစည်းတွေပါ။ အစိုးရချုပ်ကိုင်မှု မရှိသင့်တော့ပါဘူး။

ကျွန် တော်တို့ကို ချုပ်ကိုင်ချင်တယ်ဆိုရင် ဒီပြည်ပနိုင်ငံခြားဒေါ်လာ ထောက်ပံ့လှူဒါန်းငွေတွေနဲ့ ရပ် တည်နေကြတဲ့ အဖွဲ့အစည်းတွေကို ပြည်ထဲရေးလက်အောက်မှာ ထားသင့်တယ်။ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေဘက်ကို ထားဖို့မလိုအပ်ဘူး။ ကျွန်တော်တို့အဖွဲ့တွေက မြတ်စွာဘုရားရဲ့ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ကျင့်သုံးနေကြတဲ့အဖွဲ့တွေပါ။ မြတ်စွာရဲ့တရားကိုကျင့်သုံး နေ ကြတဲ့ ဒီအဖွဲ့တွေကို စည်းမျဉ်းစည်းကမ်းတွေ ဘောင်တွေနဲ့လာ ပြီးချုပ်ကိုင်နေမယ်ဆိုရင် ပုဂံပြည် က မနူဟာဘုရားလို မြတ်စွာဘုရား အကျဉ်းချထားသလိုဖြစ်လိမ့်မယ်။ ကျွန်တော်တို့လူမှုရေး လုပ်တယ်ဆိုတာ အလှူငွေတွေကို စနစ်တကျသုံးပြီးတော့ စာရင်းစစ်နဲ့လုပ်ကြပြီး အတွင်းစာရင်း စစ်၊ အပြင်စာရင်းစစ်တွေနဲ့ လုပ်ထားတဲ့ ငွေစာရင်းရှင်းတမ်းတွေကို လစဉ်တိုင်းတိုင်း၊ မြို့နယ်၊ ရပ် ကွက်အကုန်လုံး အာဏာပိုင်အဖွဲ့အစည်းတွေဆီ ပို့ပေးနေရတယ်။

ဒီလိုပို့ပေးနေရတာကကျွန်တော် တို့ကို အမြင်ရှင်းဖို့လိုတယ်။ ကျွန်တော်တို့အဖွဲ့က နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ ပြည်သူကို တစ်ဖက်တစ်လမ်းက ကူညီနေတာ။ အမြင်မရှင်းဘဲနဲ့ ကျွန်တော့်နောက်ကို S.B ထောက်လှမ်း ရေး တွေလိုက်တယ်။ လိုက်ပြီးတော့ ဘာတွေလုပ်လဲဆိုတော့ အမြဲတမ်း ဘယ်သွားသွားလိုက် နေ တယ်။ လိုက်နေတယ်ဆိုကတည်းက ဒါအမြင်မရှင်းလို့ဘဲ။ ကျော်သူလုပ်တဲ့ အလုပ်က မသာချတဲ့ အလုပ်ပဲလုပ်တာ။ ကျော်သူနောက်လိုက်တယ်ဆိုရင်တော့ သင်္ချိုင်းကုန်းနဲ့ ဘုန်းကြီးကျောင်းပဲ ရောက်မယ်။ ဒီဟာတွေကို အမြင်ရှင်းဖို့လိုပြီ။ ဘယ်အစိုးရတက်တက် ကျော်သူက မသာချနေမှာပဲ။ ဒါကို အတန်တန်ပြောထားပြီးပြီ။ ပြောထားရက်နဲ့ ဒီလိုမျိုး နောက်ကလိုက်တယ်။ စည်းကမ်းတွေ တင်းကြပ်တယ်။ ချုပ်ကိုင်တယ်။ ကယ်ဆယ်ရေးလုပ်တယ်ဆိုရင်ဗျာ။

ဥပမာ အရေးပေါ်ကယ်ဆယ် ရေး ပခုက္ကူရေဘေးဒုက္ခသည် ကယ်ဆယ်ရေးတုန်းကဆိုရင်သွားကယ်ဖို့ လှေတွေငှားထားပြီးပြီ။ ကျွန်တော်တို့အဖွဲ့တွေ ပစ္စည်းဝယ်ပြန်လာလို့ လှေပေါ်တက်မယ်ဆိုပြီး ကမ်းစပ်ရောက်တော့ လှေ တွေကတစ်စင်းမှ မရှိကြတော့ဘူး။ ကျော်သူတို့အဖွဲ့ကငှားရင် လှေမငှားရဘူးဆိုတဲ့ မြို့နယ်က အမိန့်ထုတ်ထားလို့ဆိုပြီး လှေပိုင်ရှင်တွေကကြောက်ပြီး ထွက်ပြေးကြတယ်။ အဲဒီတော့ ကယ်ဆယ် ရေး ဘယ်လို ထိရောက်တော့မလဲ။ ဒီလိုအချိန်တွေ၊ ကွာဟမှုတွေကြားထဲမှာ လူတွေ၊ အသက်တွေ ဘယ်လောက်တောင် ဆုံးရှုံးကြရမလဲ။

ဒါကို ထည့်တွက်ရမယ်။ ကျွန်တော်တို့က အချိန်နဲ့တပြေးညီ ကယ်ဆယ်ရေးလုပ်ရတယ်။ ကျွန်တော်တို့လို အဖွဲ့အစည်းမရှိဘူးဆိုရင် အစိုးရကရော လုပ်နိုင် သ လား။ ဒါကို မေးချင်တယ်။ အစိုးရပိုင်းက ထိထိရောက်ရောက်လုပ်နိုင်ရင် ကျွန်တော်တို့လို လူမှုရေး အဖွဲ့တွေ ရှိနေစရာမလိုဘူး။ ပြည်သူလူထုက ဒီလူမှုရေးပရဟိတအဖွဲ့တွေကိုပဲ အားကိုးနေရတာ ပါ။ ဒါကို ချုပ်ကိုင်ဟန့်တားနေကြမယ်ဆိုရင် ပြည်သူလူထုကလည်း အစိုးရကို ငြိုငြင်လာလိမ့်မယ်။ ပြည်သူလူထုငြိုငြင်လာရင် သူတို့အတွက် အစိုးရအနေနဲ့ အလားအလာမကောင်းတော့ဘူး။ ဒါကို သိထားသင့်တယ်။

မေး- သမ္မတဦးသိန်းစိန်အနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို တွေ့ဆုံတာနဲ့ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။

ဖြေ- ပထမအကြိမ်နေပြည်တော်မှာ အရပ်ဖက်လူမှုရေး အဖွဲ့အစည်းတွေ့ဆုံမှုမှာ လူမှုရေးအသင်းအဖွဲ့ တွေသိပ်မပါဘူး။

ကျွန်တော်တို့အဖွဲ့ပဲပါတယ်။ နောက်ဆုံးတွေ့ဆုံတာကတော့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ တွေ့ဆုံခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့အဖွဲ့ ဖိတ်စာမရဘူး။ မြန်မာနိုင်ငံမှာ အကြီးဆုံးလူမှုအဖွဲ့အစည်းလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်းကို ဖိတ်စာ မပေးဘူး။

လုပ်တဲ့သူတွေကလည်း စောစောက ကျွန်တော်ပြောခဲ့တယ်။ နိုင်ငံခြားထောက်ပံ့ လှူ ဒါန်းမှု ဒေါ်လာငွေတွေနဲ့ ရပ်တည်နေကြတဲ့ ဒေါ်လာစားအဖွဲ့တွေ၊ သူတို့ ဖိတ်သင့်တဲ့သူတွေကို တော့ ဖိတ်တယ်။ အဲဒီမှာ စကားပြောခွင့် (၁၁) ဖွဲ့ကို တစ်ဖွဲ့ချင်းစီအမည် ကြေညာတော့ နာရေး ကူညီမှုအသင်းမပါဘူး။ အဲဒီအဖွဲ့တွေထဲမှာ ဟန်ဆောင်လုပ်နေကြတဲ့အဖွဲ့တွေ အများကြီးပါတယ်။ ပစ္စည်းကြေညာတာတွေ လုပ်ကြတယ်။ ကျွန်တော်၊ ကျွန်မတို့အဖွဲ့က ဘယ်လိုရန်ပုံငွေရအောင် ဘာကိုရောင်းပါတယ်ဆိုပြီး ပစ္စည်းကြေညာပွဲကြီး ဖြစ်သွားတယ်။

ဒီဟာတွေက သမ္မတကြီးအနေနဲ့ တိတိကျကျမသိဘူး။ အဲဒါကြောင့် “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” ဆိုတဲ့စာအုပ်ကို ထုတ် တာ။ အားအားယားယားထုတ်တာ မဟုတ်ပါဘူး။ ဒီစာအုပ်ထုတ်တာ သမ္မတကြီးအနေနဲ့ ပြည်သူ လူထုအတွက် ဘာလုပ်သင့်တယ်။ အောက်ခြေက လူထုဒုက္ခတွေ ဘယ်လိုဖြစ်နေလဲဆိုတာ သိ အောင် ဒီလူမှုရေးအဖွဲ့အစည်းတွေကို (၅) မိနစ်၊ (၁ဝ) မိနစ်စာလောက်လာတွေ့ကြည့်ပါ။

ဒါမှ အား လုံးသိသွားမယ်။ အဲဒီအတွက် ကျွန်တော်ဒီစာအုပ်ကိုရေးတာ။ အခုဟာက သမ္မတကြီးကို လိမ်နေ ကြတယ်။ ဝိုင်းပြီးလိမ်နေကြတာလို့ မြင်မိတယ်။ လူမှုရေးအဖွဲ့အစည်းတွေ တွေ့ဆုံပွဲဆိုတာ သမ္မတ ကြီး ဦးသိန်းစိန်ကို ဝိုင်းလိမ်တဲ့ပွဲကြီး၊ သမ္မတကြီးအလိမ်ခံရတဲ့ပွဲကြီးလို့ပဲ ကျွန်တော်မြင်ပါတယ်။

မေး- ဒီနေ့ခေတ်လူငယ်တွေ ပရဟိတအပေါ်မှာ စိတ်ဝင်စားမှုမြှင့်တက်လာခြင်းအပေါ် မှတ်ချက်စကား လေး ပြောပေးပါဦး။

ဖြေ- အခုလိုပရဟိတစိတ်ဓာတ်တွေ မွေးဖွားလာကြတာဟာ တိုင်းပြည်အတွက်ကောင်းပါတယ်။ လူငယ် တွေ ကိုယ်ထူကိုယ်ထစိတ်ဓာတ်တွေ ပေါ်ပေါက်လာကြတာ အင်မတန်ကောင်းပါတယ်။ ဒီလိုပေါ် ပေါက်လာကြတဲ့ ပရဟိတလူမှုရေးအဖွဲ့အစည်းတွေ စိတ်ပျက်သွားစေမယ့် ကိစ္စမျိုး ဥပမာ မှတ်ပုံမ တင်ဘူးဆိုရင် ထောင်ဒဏ်ဘယ်လောက်တို့ဆိုတာ အစိုးရအနေနဲ့ မလုပ်သင့်ပါဘူး။ မှတ်ပုံတင် ကြေးဆိုတာလည်း မရှိသင့်တော့ပါဘူး။

မြို့နယ်အာဏာပိုင်ကခွင့်ပြုရင် မှတ်ပုံတင်စရာ မလိုဘူး ဆိုတဲ့ ဥပဒေမူကြမ်းမှာပါလာတယ်။ ဥပမာ မြောက်ဥက္ကလာပမြို့နယ်ကနေ ရန်ကုန်ဆေးရုံကြီးကို သွားချင်တယ်ဆိုပါတော့။ ဒီမြို့နယ်ဖြတ်ကျော်ခွင့် မြို့နယ်အာဏာပိုင်ခွင့်ပြုချက်ရမှ သွားခွင့်ရမယ် ဆိုရင် အရေးပေါ်လူနာတွေဆို အဲဒီခွင့်ပြုမိန့်ကို စောင့်နေရင်းနဲ့သေသွားလိမ့်မယ်။ သန်း (၆ဝ) ပြည်သူလူထုတွေရဲ့အသက်တွေကို ကယ်တင်ကြပါ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးတွေကို ကယ် တင်နိုင်တဲ့ ဥပဒေမျိုးကိုသာလုပ်ကြပါ။ INGO အဖွဲ့ပြည်ပထောက်ပံ့ငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့ကလုပ်တဲ့ ဥပဒေကြမ်းကျတော့ လွှတ်တော်မှာသွားဆွေးနွေးမယ့် အဆင့်ရောက်နေကြပြီ။

ကျွန်တော်တို့အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ မြန်မာပြည်မှာရှိနေကြတဲ့ ပရဟိတ လူမှုရေးအသင်း အဖွဲ့အစည်းပေါင်း (၅ဝဝ) ကျော်စုပေါင်းပြီးတော့ အစည်းအဝေးလုပ်ကာ ဘုံသဘောထားကို ကြေ ညာပြီး လွှတ်တော်ကိုတင်ထားတယ်။ ဒါကျတော့ လွှတ်တော်မှာ မဆွေးနွေးကြဘူး။ ပြီးတော့ ဝန်ကြီးအမတ်တစ်ယောက်ကလည်း ပြောလိုက်သေးတယ်။ ဒါနိုင်ငံတကာစံနှုန်းနဲ့ ညီပါတယ်တဲ့။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ညီစရာမလိုပါဘူး။ ပြည်တွင်းမှာလူမှုရေးလုပ်တယ်ဆိုတာ ပြည်တွင်းမှာပဲ ပြည်သူလူထုတွေ အဆင်ပြေဖို့ အရေးကြီးပါတယ်။

မေး- ဒီနေ့ခေတ် ကိုယ်ထူကိုယ်ထစနစ်နဲ့ ကြိုးစားလုပ်ဆောင်နေကြတဲ့ ပရဟိတလူမှုရေး အဖွဲ့အစည်း တွေပေါ်မှာ အမှတ်တရစကားလေးပြောပေးပါဦး။

ဖြေ- ကျွန်တော့်အနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းဥပဒေဆိုတာကို အစိုးရအနေနဲ့ လွှတ်တော်မှာဆွေး နွေးကြမယ့်အပိုင်းကို အတတ်နိုင်ဆုံး ကန့်ကွက်နေပါတယ်။ ဒီလိုကန့်ကွက်မှုတွေလုပ်နေတယ် ဆို တာ ကျွန်တော်တို့ ရန်ကုန်နာရေးကူညီမှုအသင်းအဖွဲ့အတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ ကတော့ မှတ်ပုံတင်ကြေး ငါးသိန်း၊ ဆယ်သိန်း၊ သိန်းငါးဆယ် ဆိုလည်းရတယ်။ ဒါပေမဲ့ တကယ့် ကိုကိုယ်ထူကိုယ်ထစနစ်နဲ့အားကိုးပြီး ရပ်တည်နေကြရတဲ့ ပရဟိတလူမှုရေးအဖွဲ့အစည်းတွေ၊ နယ် မှာရှိနေတဲ့ အသင်းအဖွဲ့ပေါင်းများစွာအတွက် မှတ်ပုံတင်ကြေးတို့၊ ပိတ်ဆို့တာတို့ ဒီလိုချုပ်ကိုင်မှု တွေ ဒဏ်တွေကိုခံနိုင်ရည် မရှိကြတော့ဘူး။ မရှိတော့ ကျွန်တော်တို့က မြန်မာပြည်မှာ ရှိနေကြတဲ့ ပရဟိတလူမှုရေးအဖွဲ့အစည်းတွေ အားလုံးကိုယ်စား ထပ်တူခံစားပြီးတော့ ရှေ့ဆုံးက ရပ်တည် ပေးပြီး လုပ်ပေးနေပါတယ်။

အားလုံးဒီအချိန်မှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပရဟိတ စိတ် ဓာတ်တွေနဲ့ အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ကြပါ။ လူသား ချင်းစာနာ ထောက်ထားစိတ်တွေ မွေးဖွားကြပါ။ ဘယ်လိုအခက်အခဲတွေကြုံခဲ့ပါစေ သစ္စာရှိကြပါ။ တကယ့်ကို လူမှုရေးသစ္စာဆိုရဲလောက်အောင် လုပ်ကြပါ။ တစ်ချိန်တုန်းက နာရေးကူညီမှုအသင်း(ရန်ကုန်) စ လုပ်တုန်းက အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါကြောင့် စိတ်ဓာတ်မကျဘဲ အများ ကောင်းကျိုးလုပ်တာပဲ။ လုပ်စရာရှိတာ ဆက်လုပ်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။

(စံတော်ချိန် နေ့စဉ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းသူ ဘို - ဆင်တလည် အား အထူးကျေးဇူးတင် ရှိပါသည်။)
ကျော်သူ

တီထွင်ကြံဆတတ်တဲ့ အလေ့အကျင့်များ ပေါ်ထွန်းလာရေး.. အပိုင်း(၂) ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)


တီထွင်ကြံဆတတ်တဲ့ အလေ့အကျင့်များ ပေါ်ထွန်းလာရေး.. အပိုင်း(၂)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
အပိုင်း(၁) လင့်ခ် http://www.demowaiyan.org/2014/01/blog-post_9.html

(၈) ထောင်တွင်း ပလပ်စတစ်အိပ် (ကျွတ်ကျွတ်အိတ်)နှင့် ချက်စားနည်း..

တကယ်တော့ ပလပ်စတစ်အိတ်က ချက်စားလျင် အဆိပ်အတောက် ရှိပါတယ်။ ထောင်မှာတော့ ရှောင်မနေနိုင်တော့ဘူး။ ပလပ်စတစ်အိတ်ကို မီးဇာလုပ်တယ်။ နို့ ဆီဘူးခွံနဲ့  ခိုးချက်ကြတယ်။ နို့ ဆီဘူးအခွံတွေ သိမ်းသွားတော့ ပလပ်စတစ်အိတ်နဲ့  ချက်ရတော့တယ်။ ပလပ်စတစ်က မီးထိရင်ပေါက်တာဘဲ။

ဒီတော့ ပလပ်စတ်အိတ်ကို မီးတိုက်ရိုက်မထိအောင် ရေထဲ့တယ်။ အပြင်က အဝတ်စ ထူထူတခုကို ရေရွှဲရွှဲဆိုအောင် လုပ်တယ်။ အဝတ်စ အပြင်ဘက်ကနေ ခဲစက္ကူနဲ့ ခံထားပြီး ခဲစက္ကူကို မီးတိုက်တယ်။ အဝတ်စကို မကြာမကြာ ရေစွတ်ပေးတယ်။ ရေဆူလာတော့ စားချင်တာထည့် ချက်စားကြတယ်။

(၉) စာတွေ ခိုးထုတ် ခိုးသွင်း..

အများအားဖြင့် ဂျာနယ်တွေ။ မဂ္ဂဇင်းတွေကို ဝန်ထမ်းက ခိုးသွင်းပေးတယ်။ မန်းထောင်ရောက်လို့  ခြောက်လမပြည့်ခင်(၁၉၇၇ -နစ်အကုန်) ကျနော်က ဘော်ဒါတစ်ဦးကနေ စာအုပ်ခိုးသွင်းပြီး ဖတ်နေပြီ။ ကျန်နိုင်ကျဉ်းတွေက ၁၉၉၉ -ကျမှ သွင်းနိုင်ကြတယ်။

ဝန်ထမ်းတချို့ က စာအုပ်ကိုတော့ သွင်းပေးရဲကြတယ်။ အဖွဲ့ ချုပ်ကထွက်တဲ့ စာတွေ၊ နိုင်ငံခြားဂျာနယ်တွေကျတော့ ဝန်ထမ်းကရှောင်တယ်။ မသွင်းရဲဘူး ။
ဒီတော့ ကျနော်က အဖွဲ့ ချုပ်ကလူတွေနဲ့  ဆက်တယ်။ ICRC လာပြီးတဲ့ နောက်ဘာသာရေး စာအုပ်သွင်းခွင့်ပြုတယ်။ ကျနော်ဘော်ဒါတွေကို့ စာအုပ်ကို အဖုံးအုပ်ခိုင်းတယ်။ မိသားစုကသွင်းပေးလာတဲ့ ဘာသာရေးစာအုပ်ကို ထောက်လှမ်းရေးကို နှစ်ပတ် တစ်လ ပို့ ရတယ်။ သူတို့ စီစစ်ပြီးမှ ပြန်ရတယ်။ ဘယ်ရမလဲ။

အဖုံးအညိုကို စက္ကူနှစ်ထပ်လုပ်ခိုင်းတယ်။ စက္ကူနစ်ထပ်ကြားထဲကို စာရေး (သို့) စာရွက်ထဲ့ခိုင်းတယ်။ ပြီးကော်နဲ့ ပြန်ကပ်၊ သေသပ်အောင်ဖိ။ အဖုံးချုပ်ပေါ့ ။ တခါမှာတော့ အဲဒီပါလာတဲ့ စာရွက် (ဒေါ်စုနှင့် မစိုးရိမ်တိုက်အုပ်ဆရာတော် - ရာဇဓမ္မဘိဝံသ)တို့ ဆွေးနွေးထားချက်ကို ထုတ်ယူနေတုံး နိုင်ကျဉ်းတစ်ယောက်က မြင်သွားတယ်။ သူမိသားစုက ထောင်ဝင်စာမလာဘူး။ ကျနော်ကကူနေရတာ။ သူ့ ကိုပါးစပ်ပိတ်ပေမည့် တခြားသူကိုပြောပြတော့ (အာချောင်တာ) ဟိုလူက ထောင်ဝင်စာလာတွေ့ တဲ့ သူ့ အဖေ ကိုထောက်လှမ်းရေးတိုင်ဖို့ အသေးစိတ် ခိုင်းတယ်။

ပြီးကျနော်က မိန်းမနင့် Jail to jail တစ်လတစ်ခါ မိသားစုခြင်း တွေ့ ရတော့မယ် အော်ပြောနေကြတယ်။ ကျနော့်မိန်းမလဲ ထောင်ကျ၊ ကျနော်လဲ ပြစ်ဒါဏ်ထပ်တိုးအောင်ပေါ့။ တော်တော် နို်င်ငံရေးခံယူချက်ပြည့်ဝတဲ့ လူဘဲ။ လူကဆေးသမားဆိုတော့ မဆန်းလှပါဘူး။

ထောင်ဝင်စာမှာက မိသားစုချင်းပြောတာကို ဝန်ထမ်းတွေက အသေးစိတ် လို်က်ရေးနေကြရတာ။ လိုက်ရေး မှတ်တမ်းလုပ်နေရတော့ အဲဒီဝန်ထမ်းက ကျနော့်ကို အကုန်ပြန်ပြောပြတယ်။ နိုင်ကျဉ်းတွေထဲမှာ အဲဒီလိုသစ္စာဖေါက်တွေကလဲ မနည်းဘူး။ သူတို့လဲ မသွင်းနိုင်ဘူး ။ အပြင်ကသတင်းတွေကို သိချင်လို်က်ကြတာလဲ လွန်ရော။ သူတို့ လဲ အရမ်းဖတ်ချင်နေတာ ။ အဲဒါကိုမနာလိုစိတ်သက်သက်နဲ့ တိုင်တာပါဗျာ။ ထောင်ထဲမှာ သတင်းငတ်နေတာကို ကျနော်က ရင်းတာကို ကျေးဇူးမတင်တဲ့အပြင် မိသားစုပါ ထောင်ကျအောင် ရန်ရှာတာ။

ဒီမိုကရေစီဆိုတာ မိမိ၏ရန်သူဖြစ်သူကိုပင် မတရားဖိနိပ်တာ ခံနေရလျင် ဝင်ဟန့် တားရမှာ.. ဒီမိုကရေစီ၏ သဘောတရားကိုပင်မသိသူတွေက နို်င်ကျဉ်းဖြစ်နေကြတာ။ ထောင်ကလွှတ်ခါနီး ထောက်လှမ်းဗိုလ်ကြီးက ကျနော့်စကားကို မကျေနပ်ထားတာရှိတယ်။ ထောင်ကို မမှုဘူးပြောထားတာ။

ဆရာလှိုင်မြင့် ထောင်ကို မမှုသေးဘူးလားမေးတယ်။ ကျနော်ပြန်ဖြေလိုက်တယ်။ မှုရုံမကဘူး လန့် သွားတယ်လို့်။ ခင်ဗျားတို့ ဖမ်းထဲ့ထားသူတွေက နိုင်ငံရေးသမားမစစ်သူတွေ တပုံကြီး။ ဆေးသမားတွေလဲ တပုံကြီး လို့ ပြန်ပြောလိုက်တယ်။

တခြားစာခိုးထုတ် ခိုးသွင်းတာကတော့ ဘောပင်နဲ့လုပ်တာပါ။ Reynold ဘောပင်တွေထဲက ချွတ်လို့ ရတာကို ဝန်ထမ်းတွေ ဆီကဝယ်တယ်။ မြေပဲလိပ်စက္ကူကို စာလုံးသေးသေးနဲ့ ရေးတယ်။ ပြီးတံပျက်စည်းက အုန်းဆံ သေးသေးလေးကိုချိုးတယ်။ စက္ကူကို အဲဒီအုန်းဆံမှာပတ်တယ်။ ဘောပင်က မှင်ချောင်းကိုဖြတ်တယ်။ အုန်းဆံရိုးနင့် ထိုးပြီး မူလဘောပင်လို ပုံစံမပျက်အောင်ပြန်လုပ်တယ်။ ကော်က Nescafe ကော်ဖီမှုန့်ဘဲ။ ပြန်ချွတ်မရတော့ဘူး။ ချိုးထုတ်ယူရတယ်။ ရေနိုးဘော်ပင်ဆိုတော့ ထောင်တံခါးဝက မစစ်တော့ဘူး။ တခြားဘော်ပင်ဆို ဖွင့်စစ်တယ် ။

အထက်က ဘန်ကောက်ကို စာပို့ တဲ့နည်း ရွှေကျီးမှုန့် ကျွတ်အိတ်နဲ့ လဲထုတ်တယ်။ ရွှေကျီးမုန်ကျွတ်အိတ်ပေါ်ရေးနည်းကို ဘော်ဒါဆီ ပြောပြထားတော့ ရွှေကျီးမှုန့် ကျွတ်နဲ့ လဲ စာတွေ (သတင်းတွေ) သွင်းတယ်။
ဘာသာရေးစာအုပ်တွေ ဖတ်ပြီး အိမ်ပြန်ပို့ တော့ ထောင်မှုးက စစ်ပြီးမှပြန်ပို့ ရတော့ ဘာပြောကောင်းမလဲ။ စာတွေထဲ့တာပေါ့။ ထောက်လှမ်းရေးတောင် ဖြတ်ရဲသေးတာ ထောင်မှုးလောက်ကတော့ ရီတာပေါ့။

အထက်ကပြောသလို ဘယ်လိုလုပ်ရတယ် ဆိုတာကို ထောင်မှာ ပြောမပြရဲဘူး။ တိုင်လို်က်လျင် ကိုယ်ဒုက္ခရောက်မှာ။ အဲဒီလို သစ္စာဖေါက်တွေက ရှိတော့ ထောင်မှာ ယုံရသူ မရှိဘူးဘဲ ပြောချင်ပါတယ်။ ပြီးသူတို့ ကဘဲ အုပ်စု အားကောင်းကောင်းနဲ့  ကျနော့်ကို မယုံရဘူး လုပ်ပါသးတယ်။ အဲဒီကျနော့်ကို ပြသနာရှာတဲ့အုပ်စုထဲမှာ ဆေးသမားက ဆယ်ယောက်နီးပါး။

အဲဒီလူတွေ အခုအပြင်ပြန်လွတ်လာတော့လဲ ဆေးချပြီး ရွဲနေကြတုံး။ ဦးဇာဂနာ ဆိုရင် ဘယ်နိုင်ကျဉ်းတွေ ဆေးချနေတာ သိပါတယ်။ တော်လှန်ရေးရဲဘော်တွေ ထဲက ဘယ်သူတွေ ဆေးစွဲနေတယ်ဆိုတာ ဦးဇာဂနာတို့  ပြည်သူလူထုအပေါ် သစ္စာထားလျင် ထုတ်ဖေါ်သင့်ပါတယ်။ ဒီလူတွေက အတည်ပေါက် ဆရာကြီး လုပ်နေကြတာ မသင့်တော်ပါဘူး။

ရီရတာလေးတွေ။ ၁၉၉၉ နစ်အစပိုင်းမှာ အမတ်ကဦးဆောင်ပြီး စာအုပ်သွင်းခ (ခိုးသွင်းတာ) ပေးဖို့  ဆေးလိပ်တွေစုတယ်။ ထောင်ထဲမှာ ဆေးလိပ်က ပိုက်ဆံဘဲ။ ကျနော့်ကို ပထားတယ်။ မယုံရဘူးပေါ့။ ကျနော်က မန်းထောင်ရောက်ပြီး ၆- လအကြာမှာ စာအုပ်ခိုးဖတ်နေပြီ။ ကျနော့်နောက် ၂ - နှစ်နေမှ သူတို့ က သွင်းနိုင်တာ။ နောက်မှလဲလာသေး မောင်ဦးလုပ်ချင်သေး ဆိုတာဒါမျိုးကိုပြောတာ။

သူတို့ သွင်းတဲ့စာအုပ် သူတို့ လက်ထဲမရောက်ခင် ဝန်ထမ်းက ကျနော့်ကို တညပေးဖတ်ထားပြီ။ ဖတ်ခပေးရုံပေါ့။ ကျနော်က စာရွက်တချို့ စုတ်ထားလိုက်တယ်။ ဟိုလူတွေဖတ်တော့ စာတချို့ မစုံဘူး။ ပြီးကျနော်နဲ့ ခင်သူက ဇါတ်လမ်းလာပြောပြတော့ လိုနေတယ်။ ကျနော်က ဖြည့်ပြောပြတော့ အံ့အားသင့်နေကြတယ် ။

တခါ အင်္ဂလိပ်စာလေ့လာချင်ကြတော့ Reader’s Digest ခိုးသွင်းတယ်။ ဖတ်တဲ့အခါ အင်္ဂလိပ်မကျွမ်းတော့ Meaning ကျနော့်လာမေးကြတယ်။ ကျနော်က သူတို့ ဖတ်ထားတဲ့ ဇါတ်ကြောင်း အတိုင်း ဥပမာပေးရှင်းပြတော့ အူလယ်လယ်ဖြစ်ကုန်ကြတယ်။ ဆရာသိထားလားပေါ့။ ဒါတွေက အရင်ကထည်းက ဖတ်ထားဘူးတာတွေပေါ့ ။ အူလယ်လယ် ဖြစ်နေကြတာ။

အဲဒီအမတ်က ကျနော့်ကို ပထုတ်နိုင်အောင် ပိုပြီးကြိုးစားလာတယ်။ နောက်တော့ အမြင်ကပ်ကပ်ဆိုတော့ ကိုယ်စုတ်ဖြဲထားတဲ့ စာရွက်လေးတွေ ထုတ်ပေးလိုက်တယ်။ ဟာ ဆရာဘယ်က ရသလဲမေးကြတယ်။ အေးမင်းတို့  လက်ထဲ အဲဒီစာအုပ်တွေ မရောက်ခင် ငါကအရင်ဖတ်ထားတာ။ မင်းတို့ ကို ညွှန့် ပြီးအရင်ဖတ်ထားတာ ရှင်းပြီလား ပြောထဲ့လိုက်တယ်။ ငါဖတ်ပြီးမှ ဖတ်ရသူတွေက ငါ့ကို ပထုတ်ချင်နေကြသေးတယ် ကောတာပေါ့။

အဲဒီအမတ်က ဗြောင်လိမ်သမား။ ကမ္ဘာ့ကြက်ခြေနီအဖွဲ့  ICRC လာတော့ တိုက်ကိုကိုယ်စားပြုပြီး သူဦးဆောင်ပြီးပြောတယ်။ အဖွဲ့ ရှေ့ မှာ ဗြောင်ဘဲ၊ ICRC ကိုတောင်းဆိုတယ်။ ကျနော့်ကိုစိတ်မချရလို့  ကျနော်ရှေ့ မှာ မပြောနိုင်ဘူးအထိ လုပ်လာတယ်။ အိုင်စီအာစီက လက်မခံဘူး။ မင်းသီးသန့်  ပြောချင်ပြော။ သူက မင်းထက်ပြစ်ဒါဏ်ပိုများတယ်။ မင်းထက်အမှု ပိုများသူ။ နောက်တော့ ကျနော်က ဘာသာပြန် လုပ်ပေးရတာ။ ICRC ရဲ့ ဘာသာပြန်က နှေးနေလို့။

အဲဒီမှာ လိမ်ပါလေရော။ မြန်မာပြည်မိုးဇလ- မှတ်တမ်းမှာ ၁၉၉၆ က ယခု (၂ဝ၁၃)ထက် အအေးပိုတဲ့နှစ်။ နှစ် ၃ဝ အတွင်းအအေးဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်။ ရန်ကုန်မှာကို (၈)ဒီဂရီအထိအေးခဲ့တာ။ မန်းက ( ၅ - ၆ ) ဒီဂရီအထိကျခဲ့တာ။

သူက အိုင်စီအာစီကို တိုင်ပါတယ်။ ထောင်ပိုင်က သူ့ ကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့  ခြုံစရာစောင်မပါဘဲ ၉၆ - ဒီဇင်ဘာလကနေ၊ ၉၇ - မတ်လအထိ (၄လ) တိတိ အကျဉ်းပိတ်ပြစ်ဒါဏ်ပေးတယ်တိုင်တယ်။ ဟိုလူတွေက ကမ္ဘာ့အအေးဆုံး တိုင်းပြည်တခုဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံသားတွေ။ သူတို့ က ၉၆ အအေးဓါတ်နဲ့ဆို ခင်ဗျားမပြောပါနဲ့၊ ကျနော်တို့ တောင် တစ်ညတည်းနဲ့  သေသွားပါမယ်ပြောတာကို မရဘူး။ ငုတ်မိသဲတိုင် ဗြောင်ဆက်လိမ်တော့တာဘဲ။
ဘာအပြစ်ရှိလို့ လဲမေးပြီး ပြစ်ဒါဏ်စာအုပ်နဲ့ စစ်တော့ ဘာပြစ်ဒါဏ်မှ မရှိဘူး ။ အမြင်ကပ်လို့ သက်သက်လုပ်တာလို့ ဖြေတယ်။ ပြစ်ဒါဏ်စာအုပ်ထဲ ထဲ့မထားဘူး ဗြောင်လိမ်တော့တာ။

ICRC ကရှင်းပြတယ်။ ထောင်ပိုင်က ပြစ်ဒါဏ်ပေးလျင် အများဆုံး (၁၄ -ရက်) ဘဲပိတ်ခွင့်ရှိတာပြောလဲ မလျော့တော့ဘူး။ လျော့လို့ က မရတော့ဘူးလေ။ လျော့ရင်လိမ်တာပေါ်ပြီ။ မန်းထောင်မှာ ညွှန်မှုးအဆင့်ရှိတော့ သူကလဲ အများဆုံးမှ တစ်လဘဲ တိုက်ပိတ်ပြစ်ဒါဏ်ပေး ခွင့်ရှိတာ။ လိမ်တာက လွန်သွားတယ်။ ထောင်လက်စွဲ နားမလည်ဘဲ စွတ်လိမ်မိသွားတာ။ ပြင်မရတော့ဘူး။
ညွှန်ချုပ်က ၃ - လအထိ ပိတ်ခွင့်ရှိတယ်။ ဝန်ကြီးက ၆- လအထိပိတ်လို့ ရတယ်။ အခုသူပြောတာက ကိုးလို့ ကန့် လန့် ရောက်နေတယ်။

နောက်တခု မန်းထောင်မှာက နေ့ လည်ဆိုရင်နေ့ စဉ် အခန်းပြောင်းရတာ။ တိုက်ပိတ်ခံထားရသူကတော့ တိုက်ရဲ့ ဒေါင့်ခန်းမှာထားတာ။ ပိတ်တဲ့အခန်းကိုသွား ဒေါင့်ခန်းမှာ၊ တံခါးကိုမဖွင့်တော့ဘူး။ တံခါးကိုမဖွင့်တော့ ပြောင်းစရာမလိုဘူး။

သူက အကျဉ်းပိတ်တယ်လဲပြောသေး၊ ပိတ်တဲ့ရက်တွေမှာ အများနည်းတူပြောင်းနေရတာ။ ရီစရာကြီး။ လိမ်ရင်းပေါ်နေတာကို ဗြောင်ဆက်လိမ်နေတော့ ကြက်ခြေနီအဖွဲ့ က မင်းတို့ မြန်မာတွေက အမတ်လုပ်သူက စလိမ်ရဲတယ်။ ဗြောင်လိမ်ရဲသူတွေလို့  လျို့ ဝှက်မှတ်ချက် ပေးမှာကတော့ အသေအချာ။
ရေးရင်းနဲ့  နို်င်ငံရေးရှင်းလင်းချက်ဘက် ရောက်သွားပြန်တယ်။ ဆော်ရီး ။

တီထွင်မှုအကြောင်းပြန်ဆက်ရလျင်
၂ဝ၁ဝ-ခုနစ်က ဆစ်ဒနီမြို့  ဂျူးလူမျိုးတွေ အများစုနေထိုင်တဲ့ St Ives. မြို့ နယ်က ဂျူးကျောင်းက ၁၁-တန်းကျောင်းသားလေးဟာ ကားပါကင်မှာ သူ့ အိမ်ကကားကိုရှာတာ မတွေ့ လို့  ကားရှာလို့ ရတဲ့ နည်းပညာလေးတီထွင်ပြီး အင်တာနက်ပေါ်ကနေ ရောင်းလိုက်ပါတယ် ။ Down Load တခါလုပ်လျင် ၄ -ဒေါ်လာနှင့် ရောင်းချလို်က်တာ ၆-လအတွင်းမှာ ဒေါ်လာ သန်း ဆယ်ဂဏန်းချီ ပိုင်ဆိုင်သွားပါတယ်။ ကျောင်းမပြီးသေးခင် ကုမ္မဏီကြီးတစ်ခု ပိုင်နေပါပြီ။
ယနေ့  ဖေ့ဘွတ်ဆိုတာလဲ တီထွင်မှုလေးဘဲ။ ကနေ့ ဆို ကျနော်တို့ မြန်မာလူငယ်လေးတွေ ဖေ့ဘွတ်လို ပုံစံတစ်ခုလုပ်နိုင်ပါတယ်။

တီထွင်မှုလေးတွေကို ကျနော်တို့ မြန်မာလူငယ်တွေ လမ်းဖွင့်နိုင်စေချင်ပါပြီ။ ဒီအတွက်နိုင်ငံတော်က လူငယ်တွေကို တကယ်တိုးတက်စေချင်တယ်ဆိုလျင် တီထွင်သူဆုပေးပွဲ။ ဂုဏ်ပြုအခန်းအနားတွေ စီစဉ်သင့်ပါတယ်။ လူငယ်တွေကိုမြေတောင်မြောက်ပေးဖို့  စဉ်းစားသင့်နေပါပြီ။

2013 November လထဲမှာ ကျနော့်ရေစီးလျှပ်စစ်အတွက် မူပိုင်တင်ဖို့  University Technology of Sydney က နည်းပညာမူပိုင်ဌာနက ပါမောက္ခကြီးနင့် ဆွေးနွေးခွင့်ရတုံးက သူပြောပြတာ Australia နိုင်ငံမှာ ၇-ရက်တစ်ပတ်ကို မူပိုင်အသစ် (၁၅ဝဝဝ) ကျော်တင်နေတာဆိုတော့ ကျနော်တို့ လူငယ်တွေ နည်းပညာအသစ်တွေဆိုတာ သိပ်မခက်ပါဘူး။ သူတို့ တင်နေနိုင်လျင် ကျနော်တို့လဲ လုပ်နိုင်ရမှာပေါ့။

တီထွင်သူတွေက တိုင်းပြည်အတွက် မော်ဒယ်တွေထက် ပိုအရေးကြီးသူတွေပါ။ ခရိုနီတွေ မော်ဒယ်တွေကို ဂုဏ်ပြုသလို် တီထွင်သူ လူငယ်တွေကို မြေတောင်မြောက်ပေးတာ လုပ်ကြပါဦး လို့ အထူးပန်ကြားလိုပါတယ်။

ဆရာမကြီးဒေါ်မြင့်မြင့်ခင်(မာမီကြီး)၊ ဒေါ်အောင်ဆန်းစုကြည်တို့  ပညာရေးကို မြန်မြန်ပြောင်းနိုင်အောင် ဝိုင်းဝန်းကူညီကြ ရံပေးကြဖို့ လိုပါပြီ..။
ကျနော်တို့ မြန်မာ လူငယ်တွေ မညံ့ပါဘူး။ စံနစ်ကလွှဲနေလို့ ပါ ။

ဦးအံ့ကြီးရဲ့  သီချင်းများဖြစ်တဲ့ (ယဉ်တစ်ကိုယ်မယ်) သီချင်းဖွင့်ပြီး မော်ဒယ်ပွဲတွေ ကျင်းပ ဂုဏ်ပြုနေကြတာများပါပြီ။
ဦးအံ့ကြီးရဲ့  (လူချွန်လူကောင်း) သီချင်းနဲ့  မြန်မာလူငယ်လေးတွေကို ဂုဏ်ပြုပွဲလုပ်နိုင်တဲ့ တနေ့ ကို မာမီဒေါ်မြင့်မြင့်ခင် မြင်သွားစေချင်ပါတယ် ။ မာမီအသက်ကကြီးနေပါပြီ။ မာမီ့ ဆန္ဒတွေ ပြည့်ဝသွားစေချင်ပါတယ်။

တဆက်ထည်း ယနေ့  Australia မှာလို နည်းပညာအသစ်တွေ တီထွင်နိုင်ဖို့  အင်တာနက်ဈေးတွေ ချပေးဖို့ လိုပါတယ်။ စင်ကာပူမှာ တလကို ဒေါ်လာ ၃ဝ ရင်
Unlimited ရပါတယ်။ သူတို့ ဝင်ငွေက တလကို ဒေါ်လာ ၄ဝဝဝ၊ ၆ဝဝဝ ရကြတာ။ ဂျပန်မှာဆို ဒေါ်လာ ၃၀ဆို မြန်နှုန်းမြင့် Unlimited။ ရပါတယ်။ ဒေါ်လာ ၂၀လောက်ဆိုတောင် တော်တော်မြန်နေပြီ။ အော်စတေးလျမှာ ဒေါ်လာ ၄ဝ ၊၅ဝ ဆို Unlimited ရပြီ။ ဝင်ငွေက စင်ကာပူထက်များတယ်။ ကျနော်တို့ ဆီမှာ တလဝင်ငွေ ဒေါ်လာ - ၁၅ဝ ရသူရှားပါတယ်။ အင်တာနက်ဖို့းက ပြောင်းပြန်ဖြစ်နေတယ်။ ဂရပ် ( ဇယား ) နင့် ယှဉ်ပြရလျင် ရှက်စရာ။ Unlimited ရဖို့  ဒေါ်လာ ၅ဝဝ ဆိုဘဲ။

ဒီလို အင်တာနက် လက်ဝါးကြီးအုပ်ထားသူတွေကြောင့် လူငယ်တွေ ဘဝပျက်နေကြရတာပါ ။ အင်တာနက်ပေါ်ကနေ စီးပွားရှာဖို့ အခွင့်အလမ်းတွေကို အပိတ်ခံထားရပါတယ်။

ဆက်လက်ရေးသား ဖေါ်ပြပါမည်။
အားလုံးကို လေးစားလျက်

လှိုင်မြင့်

ရှက်လွန်လွန်းလို့ (ကျော်သူ)

ရှက်လွန်လွန်းလို့

၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလပိုင်းတွင် ကျွန်တော်နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း သားများသည် ကရင်ပြည်နယ်ရှိ ဘားအံ၊ မြဝတီ၊ ထိုင်းနိုင်ငံ မဲဆောက်မြို့များသို့  ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် ပရဟိတဟောပြောပွဲများအတွက် ခရီးထွက်ခဲ့ကြသည်။ မြဝတီမြို့ရှိ “စေတနာ” နာရေးလူမှုကူညီရေး အသင်းသို့ ရောက်ရှိသောအခါ ထိုအသင်း၏ နာရေးကူညီမှုလုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေးနှင့် လေလွင့်လူငယ်များအား ထိန်းသိမ်းစောင့်ရှောက်ကာ ပရဟိတသမားများဖြစ်လာအောင် ဆောင်ရွက်ပေး နေမှုများအား တွေ့ရှိခဲ့ရသည်။

ထိုကဲ့သို့ “စေတနာ” နာရေးလူမှုကူညီရေးအသင်းနှင့် တွေ့ဆုံခဲ့စဉ် သမီးစု (ခ) စုမြတ်နိုင် (၁၁) နှစ် အရွယ် ပရဟိတသမီးလေးအားလည်း တွေ့ဆုံခဲ့ရသည်။ ထိုကလေးငယ်၏ ပရဟိတစိတ်ဓါတ် ထက်သန် မှုမှာ အလွန်ပင်မွန်မြတ် ထက်မြတ်မှုအကြောင်းကို ကျွန်တော်သည် “စုမျက်ရည်” ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့ဘူးပါသည်။ ထိုကလေးမလေး၏ လူသားချင်းစာနာစိတ်၊ ဖေးမကူညီလိုစိတ်၊ အပူမီးများအား ငြိမ်းပေး လိုသောစိတ်၊ နာရေးရုပ်ကလပ်အား ကိုယ်တိုင်ကိုယ်ကျ ရေချိုးသန့်စင် ပြင်ဆင်ပေးလိုသော မြင့်မြတ် သောစိတ်ဓါတ်တို့သည် အံ့သြ၍မကုန်နိုင်ဖွယ် ဖြစ်ခဲ့တော့သည်။ ထိုအကြောင်းအရာများသည် ကျွန် တော်၏ စိတ်အစဉ်တွင် ယနေ့တိုင် ကိန်းအောင်းနေဆဲဖြစ်သည်။

     မြဝတီမြို့ “စေတနာ” နာရေးလူမှုကူညီရေးအသင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ နာရေးကူညီ မှုအသင်း (ရန်ကုန်)ရှိ အသင်းသား/သူများအား ၁၃.၁.၂ဝ၁၄ ရက်နေ့တွင် နိုင်ငံတကာ အဆင့်မှီ အရေး ပေါ်ကယ်ဆယ်ရေးသင်တန်းအား ကျွန်တော်၏ တိုက်တွန်း အကူအညီတောင်းခံမှုကြောင့် ဥက္ကဋ္ဌ ဦးလှ ထွန်း၊ သင်တန်းနည်းပြ ကိုဇော်ဇော်၊ ဘားအံမြို့ မာဃ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် အဖွဲ့ သား/သူများသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၁၂.၁.၂ဝ၁၄ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာခဲ့သည်။

ထိုအဖွဲ့တွင် သမီး စုမြတ်နိုင် လည်းပါလာခဲ့သည်။ နေ့စဉ် နံနက် (၉းဝဝ - ၅းဝဝ) နာရီအထိ သင်ကြားပို့ချမှုများ လုပ်ဆောင်စဉ် “စေတနာ” နာရေးလူမှုကူညီရေးအသင်း၏ အသင်းသူ ဒေါ်ဥမ္မာ၊ ဒေါ်သန္တာ၊ ဒေါ်နိုင်နိုင်မော်၊ သမီးစုမြတ်နိုင် တို့၏ တောင်းဆိုမှုကြောင့် နာရေးလမ်းကြောင်းအား လိုက်ပါစေခဲ့သည်။ ယင်းလမ်းကြောင်းသည် မြောက်ဒဂုံမြို့နယ်မှ ဦးမြင့်လွင် အသက် (၅၁) နှစ်၏ ရုပ် အလောင်းအား ရေဝေးသုဿန်သို့ မီးသင်္ဂြိုဟ်ပေးရခြင်းဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေ ဖြင့် သေဆုံးသွားသော ရုပ်အလောင်းအား နေအိမ်၊ ဆေးရုံများသို့ သွားရောက် သယ်ဆောင်ပေးကာ သက် ဆိုင်ရာ သုဿန်များတွင် တိုက်ရိုက်သင်္ဂြိုဟ်ခြင်း၊ အအေးခန်းထားရှိခြင်းတို့အား လုပ်ဆောင်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုနာရေးလမ်းကြောင်းအား လိုက်ပါလာသူ သမီး စုမြတ်နိုင်အနေဖြင့် အားမလို အားမရဖြစ်ခဲ့ရသည်။

ထိုနာရေးလမ်းကြောင်းတွင် ကွယ်လွန်သူ၏ နေအိမ်အခန်းကျဉ်းထဲမှ ထုတ်ယူသယ် မကာ နေအိမ်တံတားသေးလေးမှ သယ်ယူပြီး နာရေးနိဗ္ဗာန်ယာဉ်ပေါ်သို့ ပို့ဆောင်ကာ ရေဝေးသုဿန်တွင် မီးသင်္ဂြိုဟ်ခန်းမထဲသို့ ထည့်ပေးရသော ဝန်ဆောင်မှုတွင် သမီးစုသည်လည်း ကိုယ်တိုင်ကိုယ်ကျ လုပ် ဆောင်ပေးခဲ့ရသော်လည်း သမီးစုမှာ မကျေနပ်ခဲ့ပေ။ အားမရခဲ့ပေ။ သူမသည် ကွယ်လွန်သူ၏ ရုပ်အ လောင်းအား ကိုယ်တိုင်ကိုယ်ကျ ရေချိုးပေးခြင်း၊ အဝတ်အစားများ ဝတ်ဆင်ပေးခြင်း စသည်တို့ကို လုပ် ဆောင်ပေးလိုသူဖြစ်သည်။ မီးသင်္ဂြိုဟ်စက် အတွင်းသို့လည်း ကိုယ်တိုင်ပို့ဆောင် ထည့်သွင်းပေးလိုသူ ဖြစ်သည်။

သို့ရာတွင် ကျွန်တော်တို့ ရန်ကုန်မြို့၏ အနေအထားအရ ထိုကဲ့သို့  ရေချိုးသန့်စင်ပေးမှု၊ ဝန်ဆောင်မှုများအား ကာယကံရှင်မိသားစုမှ လုပ်ဆောင်ပေးခြင်း (သို့) စည်ပင်သာယာမှ တာဝန်ယူလုပ် ဆောင်ပေးခြင်းနှင့် မီးသင်္ဂြိုဟ်စက်အတွင်းသို့ ကာယကံရှင်အမျိုးသား (၂) ဦးသာ ဝင်ခွင့်ရှိခြင်းတို့ကြောင့် သူမ၏ဆန္ဒ မပြည့်ဝခဲ့ပေ။ ထို့ကြောင့် သမီးစုထံမှ “ဒီမှာက … ဘာမှလည်း လုပ်မပေးရဘူး” ဟူ၍ အား မလို အားမရပြောဆိုခဲ့သည်။

    ဟုတ်ပါသည်။ ကျွန်တော်တို့ ရန်ကုန်မြို့၏ နယ်မြေအနေအထားအရ ရထားကြိတ်ခြင်း၊ ကားတိုက် ခြင်း၊ ဆွဲကြိုးချခြင်း စသည့် ရဲမှုခင်းဆိုင်ရာကိစ္စများအား သယ်ဆောင်ခြင်းပြုလုပ်ရာတွင် အမျိုးသမီးများ အနေဖြင့် မသင့်လျော်သောကြောင့် အမျိုးသားများသာ လိုက်ပါပို့ဆောင်စေခဲ့သည်။ ထို့ကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် နယ်ပရဟိတအသင်းများ၏ ပေးဆပ်မှုများနှင့် နှိုင်းယှဉ်ပါက ကွာခြားမှု များရှိပေသည်။

    ထို့ကြောင့် ကျွန်တော် ဝန်ခံခဲ့ရတော့သည်။ မြဝတီမြို့ “စေတနာ” နာရေးကူညီမှုအသင်း၏ နိုင်ငံ တကာ အဆင့်မှီ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲတွင် ကျွန်တော်အမှာစကား ပြောကြားရာ၌ “ဒီမှာရှိတဲ့ အသင်းသား/သူအားလုံးကို ကျွန်တော် အသိပေးချင်တယ်။

 ကျွန်တော်တို့ နာရေးကူညီမှု အသင်း မြန်မာပြည်အတွင်းမှာအကြီးဆုံး ပရဟိတအသင်းဖြစ်တယ်ဆိုပြီး မာန်မာနတွေ တက်နေလို့မရ ဘူး။ သူများတွေထက် အောက်ကြို့ပြီး ပေးဆပ်နိုင်မှ ပရဟိတသမားဖြစ်တယ်။ အခု ကျွန်တော်တို့ အသင်း ကြီးက မြန်မာနိုင်ငံတွင်မက ကမ္ဘာကပါ သိရှိတဲ့အသင်းဖြစ်တယ်။ ဒါပေမဲ့ ဒီအသင်းကို ဦးဆောင်နေတဲ့ ကျွန်တော်ကျော်သူရဲ့ လုပ်ဆောင်ပေးဆပ်မှုတွေဟာ ဟောဒီ အခမ်းအနားမှာရှိနေတဲ့ မြဝတီမြို့ စေတနာ နာရေးကူညီမှုအသင်းက ပရဟိတမယ်လေး သမီးစုရဲ့ ခြေမှုန်တောင်မမှီပါဘူး။” ဟု ဝန်ခံပြောကြားခဲ့တော့ သည်။ ကျွန်တော်ပြန်လည်၍ အတန်တန် စဉ်းစားမိသည်။ ကျွန်တော်သည် အသင်းသား/သူများ၊ ဝန်ထမ်း များ၏ အနစ်နာခံပေးဆပ်မှုများ၊ လုပ်ဆောင်မှုများ၊ စိတ်ထားတတ်မှုများ၊ ကိုယ်ချင်းစာနာစိတ် မွေးဖွားမှု များအား လေ့ကျင့်ပျိုးထောင်မှုများ လိုအပ်နေပေသေးသည်။

သည်တစ်ကြိမ် သမီးစုနှင့် တွေ့ဆုံရသည်မှာ ကျွန်တော့်အဖို့ “ရှက်လွန်လွန်းလို့” စိတ်ဓါတ်အင်အား၊ တွေးခေါ်မှု အသိဉာဏ်များနှင့် ကာယဉာဏစွမ်း အားများအား ကျွန်တော်တို့၏ အသင်းသား/သူများကို မြှင့်တင်ပေးရန်မှတစ်ပါး အခြားမရှိတော့ချေ။

ကျော်သူ

ဦးအောင်သောင်းက ၎င်း၏ချမ်းသာမှုသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားဝင်ချမ်းသာခြင်းသာ ဖြစ်သည်ဟု ဦးအောင်သောင်းက The Messenger ၌ ပြောကြားသည်။

ဦးအောင်သောင်းက ၎င်း၏ချမ်းသာမှုသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားဝင်ချမ်းသာခြင်းသာ ဖြစ်သည်ဟု ဦးအောင်သောင်းက The Messenger ၌ ပြောကြားသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်ပြီး ယခင် စက်မှု (၁) ၀န်ကြီးဟောင်းဖြစ်သော ဦးအောင်သောင်း၏ ပြောကြားချက်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ သဘာပတိအဖွဲ့ဝင် ဟံသာဝတီဦးဝင်းတင်က မေးခွန်းထုတ်ပြီး စိန်ခေါ်ခဲ့သည်။

ဇန်န၀ါရီ ၃ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ-၂၊ အမှတ်-၄၃ တွင် ဖော်ပြခဲ့သော အင်တာဗျူး၌ ဦးအောင်သောင်းက NLD ပါတီဝင်များကို ဝေဖန်ပြောကြားခဲ့သည့် စကားကို ဟံသာဝတီဦးဝင်းတင်က ဇန်န၀ါရီ ၁၀ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ-၂၊ အမှတ်-၄၄ တွင် ဖော်ပြသော အင်တာဗျူးမှတစ်ဆင့် မေးခွန်းထုတ် စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

ဇန်န၀ါရီ ၃ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဦးအောင်သောင်းက “တကယ်တော့ လက်ရှိနိုင်ငံရေး အနေအထားအရ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက အင်အားနည်းနည်းတောင့်တင်းတဲ့ သဘောရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲရှိတယ်။ နောက်လိုက်သိပ်မရှိဘူး။ အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကို ဖော်ဆောင်နေတဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီးဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့်အရေးများ ရမလားဆိုပြီးတော့ ၀င်လာတဲ့နိုင်ငံရေးသမား ဖြစ်နေတယ်။ တကယ့်နိုင်ငံရေးကို နားလည်ယုံကြည်ပြီးတော့ NLD ရဲ့ လမ်းစဉ်မူဝါဒတွေ ကောင်းတယ်။ အဲဒါတွေသာ တိုင်းပြည်ကြီး တည်ဆောက်လို့ရတယ်။ အလွန်ကောင်းမှာပဲ။ ချမ်းသာသွားမှာပဲ။ အောင်မြင်သွားမှာပဲ။ ကမ္ဘာကလည်း လက်ခံမှာပဲဆိုတဲ့ ဒီလိုအမြင်နဲ့ကနည်းတယ်” ဟု ပြောကြားခဲ့သည်။

ဦးအောင်သောင်း၏ ပြောကြားချက်ကို ဟံသာဝတီဦးဝင်းတင်က ပြန်လည်တုံ့ပြန်ရာ၌ “ဒီတော့ ဘယ်လိုလူမျိုးကို နိုင်ငံရေးသမား ခေါ်တာလဲ။ ဦးအောင်သောင်းဆိုရင် အရင်တုန်းက သူဘာလုပ်လဲ။ ကျောင်းဆရာလုပ်တယ်။ နောက်စစ်တပ်ထဲဝင်တယ်။ အာဏာသိမ်းတယ်။ ဒါကို အမျိုးသားနိုင်ငံရေးလို့ ခေါ်သလား။ သူ့ကိုယ်သူ အမျိုးသားနိုင်ငံရေးလုပ်တယ်။ နိုင်ငံရေးသမားလို့ ပြောလို့ရလား။ နိုင်ငံရေးသမားဆိုလည်း သူတို့ဟာ ကိုယ်ကျိုးရှာဖို့အတွက် လောဘဇောတိုက်ပြီးတော့ နိုင်ငံရေး လုပ်ကြတာဆိုရင် ဘယ်လိုဖြေမလဲ” ဟု ပြောကြားခဲ့သည်ကို မြန်မာသံတော်ဆင့်တွင် ဖော်ပြထားချက်အရ သိရသည်။

“ဒီတော့ ခင်ဗျားတို့ရော ဘယ်လိုလုပ်ခဲ့သလဲ။ တိုင်းပြည်က ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် ခိုးဖို့၊ ၀ှက်ဖို့လုပ်၊ သိုလှောင်ထားပြီး ချမ်းသာနေတာ မဟုတ်လား။ ခင်ဗျားတို့ ပိုင်ဆိုင်မှုတွေ ထုတ်ပြနိုင်သလား။ အဲသလိုယှဉ်ပြီးမေးရင် သူတို့ဘယ်လိုဖြေမလဲ” ဟု ဦးဝင်းတင်က ဆက်လက်ပြောကြားသည်။

ဦးဝင်းတင်က ထိုသို့တုံ့ပြန် ပြောကြားခဲ့ပြီးနောက် နှစ်ရက်အကြာ ထွက်ရှိခဲ့သည့် The Messenger သတင်းဂျာနယ်၌  ဦးအောင်သောင်း၏ အင်တာဗျူး ထပ်မံပါဝင်လာခဲ့ပြီး ထိုအင်တာဗျူး၌ ၎င်း၏ပြောစကားများနှင့် ပတ်သက်ပြီး “အဲဒါ သံတော်ဆင့်ကလူတွေရေးတာ မှားသွားတာ ဖြစ်ပါတယ်” ဟု ဦးအောင်သောင်းက ထည့်သွင်းပြောကြားခဲ့သည်။

“အခု ဦးဝင်းတင်က ပြောတာရှိပါတယ်။ အဲဒါ သံတော်ဆင့်ကလူတွေရေးတာ မှားသွားတာဖြစ်ပါတယ်။ ကျွန်တော် အဲဒီလိုပြောတာလည်း မဟုတ်ဘူး။ ဆွေးနွေးခန်းလည်း မဟုတ်ဘူး။ အာလာပ သလ္လာပအနေနဲ့ ပြောတာပါ။ ကျွန်တော့်ပါတီကိုလည်း ပြောတာပဲ။ NLD ပါတီတစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ပါတီမှာလည်း ရာထူးရရှိမှု၊ အခွင့်အရေး ရလိုမှုတွေ ပါတယ်ဆိုတာကို သူက NLD လို့ပဲ သွားရေးလိုက်တာ။ ကျွန်တော့် ပါတီကို မထည့်ဘူး။ အမှန်တော့ ကျွန်တော့်ပါတီကိုလည်း ပြောတာပဲ” ဟု ဦးအောင်သောင်းက ဇန်န၀ါရီ ၁၂ ရက်ထုတ် The Messenger သတင်းဂျာနယ် အတွဲ-၄၊ အမှတ်- ၃၄ တွင် ပြောကြားခဲ့သည်။

ဦးအောင်သောင်းက ၎င်း၏ချမ်းသာမှုသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားဝင်ချမ်းသာခြင်းသာ ဖြစ်သည်ဟု ဦးအောင်သောင်းက The Messenger ၌ ပြောကြားသည်။

“ဦးဝင်းတင်ကလည်း Messenger ထဲမှာလည်းပါတယ်။ သူတို့ချမ်းသာနေတဲ့ဟာ ဘာလို့ချမ်းသာနေရသလဲ။ ဘာကြောင့်ချမ်းသာနေရသလဲနဲ့ ပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တရားဝင် ကိုယ့်ဟာကိုယ် ချမ်းသာတာပါ။ ကျွန်တော်တို့မှာ အဲလောက်ကြီးလည်း မရှိပါဘူး။ အထိုက်အလျောက်ပဲ ရှိတာပါ။ ကျွန်တော့်သားက အောင်မြင်တာပေါ့။ စီးပွားရေးမှာ အောင်မြင်တာပေါ့။ တရားဝင်ကိုပဲ အောင်မြင်တာပါ။ သားကအောင်မြင်တော့လည်း ကျွန်တော်ကမိဘပဲ။ ကျွန်တော်တို့လည်း ဆင်းဆင်းရဲရဲနဲ့ ကြိုးစားပြီး ရုန်းကန်ခဲ့ကြရတာပဲ။ ဘ၀ကတော့ကျေတယ် ကျွန်တော်က။ ဒီလို တက်လာတယ် ဆိုတာက သားရဲ့အောင်မြင်မှု အရိပ်အရသာကို ကျွန်တော်တို့က ခံရတာပေါ့” ဟု ဦးအောင်သောင်းကဆိုသည်။

၎င်းတို့အနေဖြင့် (၁၉၈၈ ခုနှစ်၌) အာဏာသိမ်းခြင်းမရှိဘဲ ထိုအချိန်တွင် မည်သည့်အစိုးရမှ မရှိခြင်းကြောင့် အာဏာထိန်းပြီးမှသာ အစိုးရလုပ်ခြင်းဖြစ်ကြောင်း The Messenger သတင်းဂျာနယ်တွင် ဦးအောင်သောင်းကဆိုသည်။

ဦးအောင်သောင်းနှင့် The Messenger သတင်းဂျာနယ် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်၊ စွမ်းအားရှင် အဖွဲ့အစည်းအကြောင်း၊ ဦးအောင်သောင်း တာဝန်ယူခဲ့ဖူးသော စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်မှု၊ သူရဦးရွှေမန်းနှင့် သမ္မတဖြစ်ခွင့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပေါ်အမြင်၊ (ဗိုလ်ချုပ်မှူးကြီး) ဦးသန်းရွှေနှင့် ဆက်ဆံရေး အစရှိသည်တို့လည်း ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်အတွက် အရေးပါသော ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန်မှာ ခက်ခဲမည်ဟု ဦးအောင်သောင်းက The Messenger ၌ ပြောကြားသည်။

“...ပြင်မယ်ဆိုရင်လည်း လွှတ်တော်ထဲမှာ အောင်မြင်ဖို့ အတော်ခဲယဉ်းမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ကြိုးစားလိုတဲ့ဆန္ဒတော့ရှိတယ်။ အောင်မြင်မှုတော့ ရလောက်မှာမဟုတ်ဘူး” ဟု ဦးအောင်သောင်းကဆိုသည်။

၎င်းသည် စွမ်းအားရှင်အဖွဲ့၏ ပဲ့ကိုင်ရှင်မဟုတ်ကြောင်းနှင့် စွမ်းအားရှင်သည် မည်သည့်အဖွဲ့အစည်း ဖြစ်သည်ဆိုခြင်းကို မပြောလိုကြောင်း ဦးအောင်သောင်းက ပြောကြားသည်။

“...ကျွန်တော် သိလည်းမသိဘူး။ ကိုင်လည်းမကိုင်ခဲ့ဖူးဘူး။ ကျွန်တော်လည်းမဟုတ်ဘူး။ အဲဒါ အခြားအဖွဲ့အစည်းတွေပါ။ ရှိတော့ရှိတယ်။ အခြားအဖွဲ့အစည်းတွေ လုပ်နေတာတော့သိတယ်။ အုပ်ချုပ်ခဲ့တာလည်း မရှိခဲ့ဘူး။ ကျွန်တော်စုဆောင်း ပေးခဲ့တာလည်း မရှိခဲ့ဘူး။ မသိခဲ့တာ ကျွန်တော်လုပ်ပိုင်ခွင့်လည်း မရှိခဲ့ဘူး။ အဲဒီအထဲ ကျွန်တော်ဝင်ပါခွင့်လည်း မရှိခဲ့ဘူး။ အဲဒီတော့ ဒါလည်းပဲ ဘယ်အဖွဲ့အစည်းလို့လည်း ကျွန်တော်မပြောလိုတော့ဘူး။ ကျွန်တော်မပါဘူး။ နည်းနည်းမှမပါခဲ့ဘူး” ဟု ဦးအောင်သောင်းက ပြောကြားသည်။

ထို့ပြင် ၎င်းတာဝန်ယူခဲ့စဉ်က စီမံကိန်း ကိစ္စရပ်များတွင် မှားယွင်းမှုများ ရှိနိုင်ကြောင်းနှင့် ထိုမှားယွင်းမှုများကို သက်ဆိုင်ရာ စီမံကိန်းမန်နေဂျာများက ဖြေရှင်းရသည်ဟု ဦးအောင်သောင်းကဆိုသည်။

“...ကျွန်တော်တို့ အပေါ်ပိုင်းကြောင့် မှားယွင်းပြီးဖြစ်တဲ့ဟာ တစ်ခုမှမရှိပါဘူး။ စီမံကိန်းအားလုံးဟာ ဒီအတိုင်းပဲ စနစ်ကျပါတယ်” ဟု ဦးအောင်သောင်းက ပြောကြားသည်။

မိမိအပါအ၀င် အဖွဲ့အားလုံး၏ ဗဟုသုတ၊ အတတ်ပညာ၊ အမြင်နည်းပါးမှုကြောင့် အားနည်းမှုများ ရှိကောင်းရှိနိုင်သော်လည်း (စီမံကိန်းများနှင့် ပတ်သက်၍) မည်သူကမျှ မသမာမှု ပြုလုပ်ခြင်းမရှိကြောင်း ဦးအောင်သောင်းက အခိုင်အမာ ပြောဆိုသည်။

ယခင်အစိုးရ လက်ထက်တွင် စီမံကိန်းတာဝန်ယူခဲ့ပြီး လက်ရှိအချိန်တွင် လွှတ်တော်ထဲ ရောက်နေသူများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ဝေဖန်ပြောကြားချက်များကိုလည်း ဦးအောင်သောင်းက The Messenger မှတစ်ဆင့် တုံ့ပြန်ခဲ့သည်။

“....ဦးရဲထွဋ်ဆိုရင်လည်း ကိုယ့်ဆီကလူပါပဲ။ ပါတီကအနိုင်ရလို့ ဒုဝန်ကြီးအဖြစ် ပါလာတဲ့လူပဲ။ သူတောင်ကျွန်တော်တို့ကို အထင်လွဲတဲ့သဘောရှိတယ်။ ဒါတွေကတော့ သူပြောထားတာတွေ ကျွန်တော်ဖတ်ရတယ်။ ဖတ်ရတော့ သြော်သူက ပြောရေးဆိုခွင့် ရှိတယ်ဆိုပေမယ့် စည်းကျော်ပြီး ပြောတယ်လို့ ယူဆပါတယ်။ သူ့သဘောနဲ့သူ ပြောတာလားတော့ ကျွန်တော်မသိဘူး။ သူကတော့ ဒီလိုပြောတဲ့ လူစားမျိုးတော့ မဟုတ်ဘူး။ တစ်ယောက်ယောက်ရဲ့ တိုက်တွန်းချက်ကြောင့်၊ သူ့ထက်ကြီးတဲ့သူ တစ်ယောက်ယောက်ရဲ့ တိုက်တွန်းချက်ကြောင့် ပြောသလားဆိုတာတော့ သံသယရှိတယ်။ သို့သော် ကျွန်တော်ဘာမှမပြောပါဘူး။ စမ်းကြည့်လို့ ရပါတယ်။ အားလုံးက သူပြောသလိုလည်း မဟုတ်ပါဘူး။ သို့သော် နာမည်ပျက်စေချင်လို့ ပြောတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဦးအောင်သောင်းကဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် သူရဦးရွှေမန်းကို သမ္မတတင်မည်ဟု ဦးအောင်သောင်းက ပြောကြားသည်။

“...ကျွန်တော်တို့ သူရဦးရွှေမန်းကိုပဲ တင်မှာပါ။ ကျွန်တော်တို့ပါတီက တင်မှာပါ။ ပါတီတစ်ခုမှာတော့ များသောအားဖြင့် ဥက္ကဋ္ဌလုပ်နေတဲ့သူကိုပဲ တင်တာများပါတယ်။ သူကလည်းပဲ လုပ်နိုင်တဲ့စွမ်းရည် ရှိပါတယ်။ အရည်အချင်း ရှိပါတယ်။ လုပ်နိုင်တဲ့စွမ်းရည် ရှိသလို အသက်လည်း အနည်းငယ်ရပါတယ်။ သက်တမ်းတစ်ခုအတွက်တော့ လုံလောက်ပါတယ်။ ပါတီကတော့ သူ့ကိုပဲတင်မှာပါ” ဟု ဦးအောင်သောင်းက The Messenger တွင် ပြောကြားခဲ့ပါသည်။


Written by:
နေထွန်းနိုင်

EMG..


ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုအကြောင်း  ပြန်ဖတ်ချင်ရင်..
http://www.demowaiyan.org/2012/03/blog-post_9385.html  (၂၀၁၂ခုနှစ် ဒီမိုဝေယံမှာ တင်ထားတဲ့ပို့စ်)

ဦးအောင်သောင်းရဲ့  စံအိမ်တော်အကြောင်း
http://www.demowaiyan.org/2010/07/generals-and-their-relatives-watchers.html (၂၀၁၀ခုနှစ် ဒီမိုဝေယံမှာ တင်ထားတဲ့ပို့စ်)

ဘင်္ဂလီ ကိုယ်စားပြုပါတီ (၂)ခုရဲ့ ရန်ကုန်မြို့ သတင်းစာ ရှင်းလင်းပွဲက တောင်းဆိုချက် ရုပ်သံဖိုင်..

၂၀၁၀ ရွေးကောက်ပွဲ ခါတော်မှီ White Card ထုတ်ပေးခဲ့တဲ့ သမိုင်းတရားခံတွေ ကိုယ့်အထုတ် ကိုယ်ရှင်းပေတော့..။

ဇန္နဝါရီလ ၁၀ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ရုပ်သံဖိုင်ပါ..။ ဒီရုပ်သံဖိုင်ရဲ့ ၃၉စက္ကန့် အကြာမှာ ပြောဆိုသွားတဲ့ လူဦး၁သန်းကျော် ရှိသော ရိုဟင်ဂျာ လူမျိုးများကို ရောနှောမထားဖို့ ဆိုပြီး (ရိုဟင်ဂျာ လူမျိုးများ)ဟုဆိုကာ ပေါ်ပေါ်ထင်ထင် တောင်းဆိုသွားပါတယ်။

ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားမဟုတ် ဆိုတဲ့ သမ္မတနဲ့ ဝန်ကြီးကို ဂရုမစိုက် ဒါပဲဆိုတဲ့ သဘောလားပဲ..။

ဒီသတင်းစာ ရှင်းလင်းပွဲက ရိုဟင်ဂျာ လူမျိုးဆိုပြီး ပေါ်ပေါ်ထင်ထင် တောင်းဆိုချက်ကို ပြတ်ပြတ်သားသား ပြန်လည်
ဖြေရှင်းပေးဖို့ လ.ဝ.က ဝန်ကြီးအား တောင်းဆိုအပ်သည်..။

...ရိုဟင်ဂျာ ♫♫♫ ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်.. ♫♫♫။
...ဘင်္ဂလီမဟုတ်ဟု ♫♫♫ကျွန်တော်မီးမွှေးမည်..♫♫♫။
...မြန်မာတိုင်းရင်းသားမှာ♫♫♫ မပါသည့်♫♫♫ နိုင်ငံသားအဖြစ်ကို ကျွန်တော်မျှော်မှန်းသည်..♫♫♫။
...ကျွန်တော့် ရည်မှန်းချက် တွေးရင်းနဲ့ ပျော်ပျော်သည်..♫♫♫။ ဆိုရလေမလား White Card ထုတ်ပေးခဲ့သူတွေ သမိုင်းတရားခံတွေ ပြတ်ပြတ်သားသား ရှင်းပါ...။
 

ရေလုပ်ငန်းရှင်တွေ အတွက် ဈေးကွက်ဝင် ငါးနီတူခြောက် ပြုလုပ်နည်း ရေးသားသူ (ဒေါက်တာလှိုင်မြင့်)

ရေလုပ်ငန်းရှင်တွေ အတွက် ဈေးကွက်ဝင် ငါးနီတူခြောက် ပြုလုပ်နည်း
ရေးသားသူ (ဒေါက်တာလှိုင်မြင့်)


မြန်မာပြည်ကို ဆောင်းဝင်လာခဲ့ပြီဆိုတော့ ပင်လယ်ကမ်းခြေဒေသတွေမှာ မြန်မာတိုင်းသိနေသည့် (ငါးနီတူ) ငါးတွေ အမိအရ များလာချိန်ဖြစ်ပါသည်။ ယခု စာတမ်းလေးကို ပင်လယ်ဒေသ လူတွေ ဆီ ဖြန့် ဝေပေးကြပါရန် ပန်ကြားလိုပါသည်။

ငါးနီတူ ကိုကျနော်တို့ ဆီမှာ ငါးခြောက်လုပ်ရုံကလွဲပြီး တခြားနည်းမရှိကြပါ။ ကျနော်အော်ဇီ ရောက်မှ ငါးနီတူ အစို (လတ်လတ်ဆတ်ဆတ်ကို တွေ့ ဖူးတာပါ။ အော်ဇီမှာက ငါးမြှားရန်အတွက်သာ သုံးကြပါသည်။ စားသူရှားပါသည်။ ကျနော်တို့ ဆီမှာ ငါးခြောက်သာလျှင် လုပ်တော့ ငါးခြောက်တစ်ပိသာ ရရန် ငါးနီတူ ၅ ပိဿာ အထက်ကုန်ပြီး ဈေးအလွန်နည်းတော့ တန်ဖိုးပျက်ပါသည်။

(၁) သို့သော်အီတာလျံတွေကတော့ ငါးနီတူကို ဆားနယ်ပြီး ငါးပိကောင်ဆန်ဆန် စားတတ်ကြပါသည်။ ငါးနီတူ ငါးပိကောင်ကို ဆီမြုပ်နေအောင် လုပ်ထားပြီး စည်သွတ်ဘူး။ ပလပ်စတစ်ဘူး။ ဖန်ပလင်းနှင့်ရောင်းသော အီတာလျံ ငါးနီတူမှာ အလွန်ဈေးကြီးပါသည်။ ငါးသီးသန့် သာဝယ်လျင် တစ်ပိဿာကို ဒေါ်လာ ၁၂ဝ ကျော်ပါသည်။ မြန်မာငွေနှင့် ငါးနီတူငါးပိကောင်ကို တစ်သိန်းကျော်ပါသည်။

မြန်မာနိင်ငံမှာလဲ စမ်းသပ်သင့်ပါသည်။ နောက်တမျိုးကတော့ ငါးနီတူကို ငါးချဉ်တည်ပြီးမှ ဆားနယ်ကာ ငါးပိကောင်ပြန်လုပ် အထားခံရန် ဆီမြုပ်နေအောင် ထည့်ထားတာပါဘဲ။

(၂)ကတော့ ငါးနီတူကို ဆီဆမ်းပြီး အထက်မီးနှင့် ကင်ခြင်းဖြစ်ပါသည်။ တရက်တော့ ငါးနီတူကို ကင်စားကြည့်မယ်ဆိုပြီး ဂျင်း ၊ ကြက်သွန်ဖြူ ၊ ဆား ၊ နံနံပင် ကိုရောထောင်းကာ ငါးနီတူအပေါ်အရည်ညစ်ချပြီး ဗန်းကို လှန်ကစားပေးကာ သမအောင်လုပ်ပြီး ၁ဝ - ၁၅ မိနစ် နှပ်ထားပါသည်။

ပြီး ခဲစက္ကူ ( Aluminum foil ) အပေါ်ငါးများကို အတန်းလိုက် ညီညီညာညာ ခင်းပြီး ဆီဆမ်းပါသည်။ အထက်မီးနင့် ကင်ပါသည်။ လိုအပ်သလို ဆီထပ်ဆမ်းပေးပါ။ ငါးအရောင် အနီရောင် အနည်းငယ် သမ်းလာလျင် နောက်ထပ် ခဲစက္ကူပေါ်ကိုငါးများကို ခဲစက္ကူနစ်ခု အပ်ထားပြီး လှန်ချပြီး ပြောင်းယူလိုက်ပါသည်။ အထက်မီးနင့် ထပ်ကင်လိုက်ပါသည်။ ငါးနီလာသည်အထိ ကင်ပါသည်။

ပြီးအအေးခံပြီး စားသုံးနိုင်ပါပြီ။ အကယ်လို့  ခေါင်းဖြုတ်ကင်လျင် ပုရစ်ကျော်လို အရသာနီးစပ်ပါသည်။ ပလပ်စတစ်ဘူးလေးနင့်ထဲ့ပြီး ပင်လယ်ကမ်းခြေဒေသမှ ရန်ကုန် မန္တလေးအထိပို့ ပေးလျင် ဘီယာသမားများအလွန်ကြိုက်သော ဟင်းလျာတခု တိုးလာပါမည်။

ကျော်ပြီးလျင် ရေခဲခန်းမှာသိမ်းထားလျင် အချိန်ကြာကြာထား စားနိုင်ပါမည်။ ပင်လယ်မှလုပ်သားများ ငါးနီတူဈေးကွက်ကောင်းတခု တိုးလာပါမည်။ စမ်းသပ်ရန် အလွန်လွယ်ကူပါသည်။

(၃) အခြောက်လှန်းနည်းတစ်မျိုး

ငါးနီတူကို ရှေးနည်းအတိုင်း ငါးခြောက်လှန်းလျင် ငါးရောင်မှာ အချိန်ကြာလာလေ ဝါလာလေ၊ ပိုကြာလာလျင် ညိုသွားပြီးရောင်းပန်း မလှတော့ပါ။ အော်ဇီမှာ ငါးနီတူဝယ်ပြီး အမျိုးမျိုး စမ်းပါတော့သည်။ ငါးနီတူကို သဘာဝအတိုင်း မလှန်းဘဲ ဆားအသင့်အတင့် ထည့်ထားသောရေကို အပူချိန် - ၆ဝ မှ ၇ဝ-ဒီဂရီ (စင်တီဂရိတ်) ရောက်အောင်လုပ်ပြီး ငါးနီတူကို (စက္ကန့်  ၂ဝ) စိမ်လိုက်ပြီး ၂ဝပြည့်တာနှင့် ရေစစ်ပြစ်လိုက်ပါ။ ငါးများဖြူလာပါသည်။ ကျပ်ငါးကိုလှန်းလျင် ငါးခြောက် အဖြူရောင်ရပါသည်။ ထိုနည်းက ငါးခြောက် ၁-ပိဿာရရန် ငါးအစို ၅-ပိဿာအထက် မလိုပါ။ ၄-ပိသာကျော်ဖြင့် ဖြူနေသော အရသာပိုမိုကောင်းသော ငါးနီတူခြောက်ကို ရစေပါသည်။

အထူးသဖြင့် အသုံးပြုသော ဆားကို နှစ်ချို့ ဆားသုံးနိုင်လျင် အချိန်ကြာလာသည့်နင့်အမျှ ငါးအရောင်ဝါ ၊ ညိုလာမှုဖြစ်ခြင်း သက်သာပါသည်။
သို့မဟုတ် ဆားကို ဒယ်အိုးမှာ မိးပျင်းပျင်းလှော်ပေးလျင် နီညိုရောင် ဘရိုမင်းနှင့် အို်င်အိုဒင်းအငွေ့ များထွက်လာတာမြင်ရပါသည်။ အဝတ်အဖြူ နောက်ခံထားကြည့်လျင် ထိုဓါတ်ငွေ့ များထွက်နေတာ မြင်ရပါသည်။ ထိုဓါတ်ငွေ့ အပေါ်ရှုကြည့်လျင် အလွန်မွှန်ပါသည်။ ထိုဓါတ်ငွေ့ များက ငါးခြောက်ကို ညိုလာစေခြင်း၊ ဆွေးမြေ့စေခြင်းဖြစ်စေပါသည် ။

ပင်လယ်ရေခူ လုပ်သူများ။ အခြားငါးခြောက်လုပ်သူများလဲ ဆားကိုလှော်ပြီးမှ ထဲ့လျင် အရောင်လှသော ငါးခြောက်များရပါမည်။ ငါးခြောက်လဲ အထားတာရှည်ခံပါမည်။

ပင်လယ်ရေလုပ်သားများကို မျှဝေပေးစေလိုပါသည်။ မြန်မာများဝင်ငွေ ပိုမိုတိုးလာမည်ဟုမျှော်လင့်မိပါသည်။ ကျေးဇူးတင်ပါသည်။
အားလုံးကို လေးစားလျှက်

လှိုင်မြင့်

တီထွင်ကြံဆတတ်တဲ့ အလေ့အကျင့်များ ပေါ်ထွန်းလာရေး.. အပိုင်း(၁) ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

တီထွင်ကြံဆတတ်တဲ့ အလေ့အကျင့်များ  ပေါ်ထွန်းလာရေး.. အပိုင်း(၁)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ကျနော်တို့ မြန်မာနိုင်ငံပညာရေးစံနစ်ဟာ ၁၉၆၂ - ဦိးနေဝင်းအာဏာသိမ်းပြီးနောက် ၁၉၆၂ - ဇူလိုင် ၇-ရက်မှာ  ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ   တော်လှန်တာနဲ့ ကြုံရပါတယ်။ ဒီတော့ပညာရေးနင့်  ပညာရှင်များကို ရန်သူလို့ သတ်မှတ်လို်က်ပါတယ်။

ပညာရေးစံနစ်ကို ပထမဦးဆုံး သင်းကွပ် လိုက်ပါတယ်။ ပညာတတ်တွေဟာ အသိအမြင် ကြွယ်ဝသူတွေဖြစ်တော့  အာဏာရှင်ကိုပြန်လှန်တတ်တဲ့ စိတ်ဓါတ်ရှိသူများလို့ မြင်ထားတော့ ပညာတတ်တွေ မပေါ်လာနိုင်အောင်   ပညာရေးစံနစ်ကို  ပညာတတ်အောင်သင်ကြားတဲ့စံနစ်ကနေ  ဘွဲ့ ပေးရုံ သက်သက်စံနစ်ကို ပြောင်းလိုက်ပါတယ်။ အဆုံးသတ်မှာတော့ါ  From Education to  Mere Graduation ဖြစ်လာပါတယ်..။

မကြာဘူး။ လူရည်ချွန်စံနစ်ကို စတင်အကောင်အထည်ဖေါ်ပြီး (လူကောင်း၊ လူတော်) ဆိုတာ စပါတော့တယ်။  ယခင်ကရှိတဲ့ စကားက  လူတော်လူကောင်း၊  ဦးအံ့ကြီးရဲ့သီချင်းကို ပြောင်းပြန်လုပ်တော့တာပါဘဲ။ သူ့ စကားနားထောင်တဲ့ လူတွေကို  လူကောင်း။  ဒီလူကောင်းတွေကို    တော်အောင်သင်ပေးလို့ ရတယ်။  လူတော်တွေက  မကောင်းဘူး  မလိုအပ်ဘူး။ လုပ်တော့တာဘဲ။ ၁၉၉၁  ဗိုလ်သန်းရွှေက  ပညာတတ်တွေ ပြည်ပထွက်ချင်ထွက်  ငါတို့ မှာလူတွေရှိတယ်  မိန့်ခွန်းပေးခဲ့သေးတယ်။

အာဏာရှင်တွေဟာ  ပညာတတ်တွေကို ဘယ်လောက်မုန်းတယ်ဆိုတာ အဲဒီမှာ ပေါ်လွင်နေတော့တာပါဘဲ။  ပညာတတ်ညဉ် ဆိုတဲ့ စွပ်စွဲချက်က အာဏာရှင်တွေရဲ့ လက်စွဲတော် စကား။ အဲဒီနောက် ကျနော်တို့ နိုင်ငံရဲ့  ပညာရေးစံနစ်မှာ အာရှသာမက ကမ္ဘာပါ ကျော်ကြားနေတဲ့ အင်္ဂလိပ်များအုပ်ချုပ်တဲ့ ခရိယာန်ကျောင်းများကိုပြည်သူပိုင်သိမ်း၊  ခရိယာန် မာသာတွေ။ ဖါသာ (Mothers, nuns & Fathers) တွေကိုကန်ထုတ်တော့တာပါဘဲ။

ပညာရေးစံနစ်ကိုလဲ  ကြက်တူရွေး  နုတ်တိုက်သင်ပညာရေးဖြစ်သွားပြီး  လူတွေမှာ စဉ်းစားတတ်တဲ့အလေ့အကျင့်  သင်းကွပ်တာခံလိုက်ရပါတော့တယ် ။  စဉ်းစားတတ်တာရဲ့ နောက်ဆက်ဖြစ်တဲ့   တီထွင်ကြံဆမှု အလေ့အကျင့်တွေ ပါ ပျောက်ကုန်ပါတော့တယ်။

ယခုပညာရေးစံနစ်ကို ဆရာမကြီးပါမောက္ခ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်အောင်ဆန်းစုကြည်တို့  အပူတပြင်းပြင်ဆင်လိုတာက  ဒါပါဘဲ။  ဒေါ်မြင့်မြင့်ခင်ဟာ  နုတ်တိုက်ရွတ်ပြလျင်  အလွန်စိတ်ပျက် တတ်သူဖြစ်ပါတယ်။  သူစာမေးလို့ အဖြေမှန်ပြောပြီးတာနင့် မပြီးပါ။ WHY & HOW & What Happen next လာတော့တာ။  တကယ်သုံးသပ်တတ်  နားလည်မှ သူကကျေနပ်တာ။  အဖြေမှန်လေးပေးရုံနင့်  ရပါလိမ့်မယ်။  အဲဒီမှာ  ဦးနေဝင်းရဲ့   ကြက်တူရွေး  နုတ်တိုက်ရွတ်တာနဲ့  ဆရာမကြီးနဲ့  ထိပ်တိုက်တွေ့ စိတ်ပျက်ဘဲ။

ကျနော်ဟာ  မိမိကိုယ်ကိုတော်တယ်လို့ မပြောလိုပါဘူး။ ဒါပေမည့် စာကိုအလွတ် လုံးဝမကျက်တတ်သူပါ။  ကျနော်အကြောက်ဆုံးက  ကဗျာဘဲ။   နောက်တခုက သင်္ချာအလီ။ သီချင်းတောင် အလွတ်မရဘူး။  ကျိုးကြောင်းနင့်အမြဲသုံးသပ်တတ်သူ။  ကျနော်ငယ်ငယ်က အင်္ဂလိပ်ကျောင်းတွေကို ၄-တန်းအထိ နေလို်က်ရတဲ့ ကျေးဇူးနင့် ဖခင်ရဲ့ သုံးသပ်တတ်အောင် လေ့ကျင့်သင်ကြားပေးမှု ကျေးဇူးတွေပါ။

ဖေဖေက ကျနော်တို့ ငယ်ငယ်လေးကတည်းက  ဒီဇင်ဘာလ လယ်လောက်ကစပြီး  နေ့ စဉ် ၈းဝဝ  နာရီထိုးတာနဲ့  ပြတင်းပေါက်ကနေ   နေရောင်ဝင်လာတဲ့ နေရိပ် (အိမ်ကြမ်းပြင်ပေါ်ကို ကျနေတဲ့   တံခါးဘောင်ဒေါင့်ကွေးက အရိပ်လေးကို)  ခဲတံနဲ့ မှတ်ထားပေးတယ်။  နေ့ စဉ်မှတ်ပေးတာ။ နေရိပ်ဒေါင့်ကွေးလေးတွေဟာ  တရွေ့ ရွေ့ ရွေ့ ပြောင်းနေတယ်။ ဒီဇင်ဘာ ၁၈ -ရက်နေ့  နောက်ပိုင်းဆို   နေရိပ်လေးတွေပြန်ဆုတ်လာတာ ကိုပြတယ်။ ပြီးနေလမ်းကြောင်း ပြောင်းတာကို ရှင်းပြတယ်။  ကမ္ဘာနဲ့နေ  ဆက်နွှယ်နေတာကို ရှင်းပြတယ်။

အဲဒီိမှာ ကျနော်ရဲ့စူးစမ်းလိုစိတ်ကို ဆွပေးလိုက်တော့တာဘဲ။  ကျနော်တို့ ညီအကိုတွေကို စစ်သားတွေက ရှောင်တတ်ကြတယ်။  မေးခွန်းတွေ တခုပြီးတခု ဆက်တို်က်မေးတတ်လို့  ။  ကျနော်တို့ ကို ပေါ့ပေါ့ဖြေလို့ မရဘူးသိတော့ ရှောင်ကြတာ။  ရှောင်တာမှ ထပြေးကြတာ။  လာပြီလာပြီ   ဟိုညီအကိုတွေဆိုပြီး ပြေးတော့တာ။

ကျနော် ၇ - တန်းရောက်တော့ အဖေက စုံထောက်ဦးစံရှားဝထ္ထုတွေကို  အင်္ဂလိပ်နဲ့ မြန်မာ  နှစ်မျိုး  ရှာပေးတယ်။  စုံထောက်ဦးစံရှားက  တရားခံကို  အချက်အလက်တွေနဲ့ သုံးသပ်ဖေါ်ထုတ် ယူတာဆိုတော့  ကျနော့် သိပ်ကြိုက်သွားတယ်။  ယနေ့ ခေတ်လူငယ်လေးများ   နည်းပညာများကို စူးစမ်းတတ်အောင်  စုံထောက်ဦးစံရှား ဝထ္ထုတွေကို ပေးဖတ်ဖို့ တိုက်တွန်းလိုပါတယ်။ ကိုယ်တိုင်လဲ ဖတ်ကြည့်ကြပါ။  ဦးစံရှားဝထ္ထုတချို့ ကို ကျောင်းတွေမှာကို သင်ရိုးညွှန်းတမ်းထဲအထိ ထည့်သင်သင့်ပါတယ်။

တခါဆေးကျောင်းရောက်တော့  သားဖွားမီးယပ် ပါမောက္ခဦးစိုးမြင့် (သခင်ဗသိန်းတင်၏ ညီအရင်း) နဲ့ ဒေါ်မြင့်မြင့်ခင်တို့ ၏ သုသေသန ပြုလုပ်မှုတွေမှာ ပါဝင်ခွင့်ရ၊ လေ့လာခွင့်ရခဲ့တော့ ကျနော့်ခေါင်းက  ဆေးကုတာ ဝါသနာမပါဘဲ  သုသေသန ကိုအာရုံများလာတော့ပါတယ်။
ဆရာဝန်ဖြစ်ပြီး ဆေးခန်းဖွင့်ရင်း  သုသေသနတွေ စလုပ်တော့တာပါဘဲ။ ဒီလိုနဲ့ ၁၉၇၈ - မှာဆရာဝန်ဖြစ်ပြီး ၁၉၈၅ - မှာ မြန်မာနိင်ငံဆရာဝန်များညီလာခံမှာ  ( မုံရွာမြို့ - သမဝါ နေ့ကလေးထိန်းကျောင်း) ၃-ခု မှာ ကလေးငယ်များတွင် ကလေးတီဘီဖြစ်ပွားမှုနုန်း ၈၂ - % အထိဖြစ်နေတာကို သုသေသနလုပ်ထားတဲ့ ဇယားတွေနင့်  စာတမ်းဖတ်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆရာဝန်များညီလာခံမှာ   ပြင်ပဆေးကုခန်းဆရာဝန်ထဲက  စာတမ်းဖတ်ကြားသူ ကျနော်တစ်ဦးဘဲ ရှိပါတယ်။ စာတမ်းဖတ်လျှင် ပါမောက္ခကြီးတွေ၊ အထူးကုဆရာဝန်ကြီးတွေဆီမှ  မေးခွန်းများစွာ တက်လာတတ်တော့ ဘယ်သူမှ မဖတ်ရဲကြပါဘူး။

၁၉၈၆ -ခုနစ်မှာ  ခွဲစိပ်အထူးကု ဆရာဝန်ကြီးများ ညီလာခံမှာလဲ  ဆေးထိုးအကြိတ်နာနင့် သွေးစုနာ ခွဲစိတ်ကုသနည်း အသစ်ကိုဖတ်ကြားခဲ့ပါသည်။ လူနာအတွက်  နာကျင်တာသက်သာပြီး   အနာအကျက်မြန်ကာ  အနာရွတ်ပင် မထင်သောနည်းဖြစ်ပါတယ်။

ထိုနောက်အရေးအခင်း  ကြုံလာပြီး   နိုင်ငံရေးထဲ ပါလာပါတော့တယ်။ ၁၉၉၅ - မှာ စာတမ်းတစ်ခုတင်ပေမည့်  ဖတ်ကြားခွင့် မပေးတော့ပါ။ ၂ဝဝ၅ - မှာ တစ်ကြိမ် (စာတမ်းနှစ်စောင်) တင်တာလည်း ဖတ်ကြားခွင့်မပေးတော့ပါ။

န.ဝ.တ. ခေတ်မှာ နိုင်ငံရေးလှုပ်ရှားမှု လုပ်ရင်း ၁၉၉၂ နောက်ပိုင်း  ထိုင်းအခြေစိုက် CRDB (Committee for Restoration of Democracy in Burma) ရဲ့ ဥက္ကဌ ဦးတင်မောင်ဝင်း။ Bangkok Post သတင်းစာ အယ်ဒီတာ  Ralph BaCho။  Nation သတင်းစာမှ Yindee  တို့နဲ့ ချိတ်ဆက်မိကာ  ကျနော်သတင်းတွေပို့ ပါတယ်။  စူးစမ်းတီထွင်တတ်တဲ့ ညဉ်ကြောင့် ထောက်လှမ်းရေးက  ကျနော်သတင်းတွေပို့။ သတင်းတွေပြန်သွင်း  ဖြန့် နေတာ သံသယရှိနေပေမည့် ဖမ်းမရပါ။

ထိုခေတ်က မြန်မာ့လေကြောင်းမှ လေယဉ်မယ်တွေက   ဗိုလ်မှုးကြီးတွေရဲ့ သမီိးတွေ။  သူတို့ နင့် ပစ္စည်းသွင်း ထုတ်လုပ်နေသူ မိတ်ဆွေကနေတဆင့်၊  ကျနော့်လူတွေဆီ မုန့် ကျွတ်နင့် အခြားပစ္စည်း  ပို့ တတ်ပါတယ်။ ကြားမှာ လူနှစ်ဆင့် ခံထားပါတယ်။
ရွှေကျီးမုန့် ကျွတ်အိတ်ကိုဖေါက်၊ မုန့် ကိုထုတ်၊ အိတ်ထဲ့ကို ကဒ်ထူထဲ့။ အပေါ်က စာရွက်ပါးပါးတရွက်ကိုတင်၊ ဘောပင် ချွန်ချွန်နင့်  သတင်းကို ဖိဖိလေးရေးပါတယ် ။  အိတ်မျက်နှာပြင်  နစ်ဘက်ရေးတယ်။ ပြီးမုန့် ကိုပြန်ထဲ့ ၊ မီးပိတ်။

မိတ်ဆွေက  မုန့် ကိုစား။ အိတ်ကို စားအုံးဆီနဲ့ လိမ်းတယ်။  နှစ် - နာရီလောက်နေတော့ အိတ်ကို ဝါဂွမ်းစလေးနင့်ပွတ်လိုက်လျင်  ဆေးတွေ ဖယ်သွားပြီး အရာလေးတွေ ပေါ်လာပါတယ်။ အဲဒါကို  ကလေးအရောင်ဆိုးဆေးနဲ့ ပွတ်လို်က်လျင် စာဖတ်လို့ ရသွားပါပြီ။

ငထောက်တွေကို  တပတ်ရိုက်ရတာ၊   တာဝန်ရှိရှိ သတင်းတွေပို့ ရတာ၊   မြဝတီ တီဗွီဌာနမှုးတွေဆီကနေ  သတင်းနိုက်ရတာ   အလွန်ရင်ခုန်ရသလို  အလွန်အရသာရှိတဲ့ အလုပ်ဘဲ။  တကယ်ကို် ပီတီရှိတဲ့အလုပ်။   ပုံပြောကောင်းတဲ့ ဦးဦးမျိုးညွှန့် ပြောတဲ့  (ပီတိကိုစား  အားရှိ) ဆိုတာ ကျနော့်ကိုပြောသလားလို့ ။

တခါတလေ  ပစ္စည်းထုပ်တဲ့  (ယခုခေတ် ကုန်တိုက် စက္ကူအိတ်တွေ) ကို  ရေစို မျက်နာသုတ်ပုဝါနင့် ဖိထား။  ရေစိုလာ  နူးလာတော့ နှစ်ခြမ်းခွာ။  စာရေး ၊ ဖယောင်းပွတ်၊ သို့ မဟုတ် စက္ကူပါးပါးနင့် ရေးထားတဲ့စာကိုထဲ့(ဖယောင်းသုတ်ထား)။ ပြန်ပိတ်။  ကော်ကပ် ၊  အိတ်အနေနဲ့ ဘဲ  ပစ္စည်းထဲ့  ပါးလိုက်တာလဲလုပ်တယ်။  ငထောက်တွေကို တစ်ပတ်ရီုက်ရတာ  အလွန်အရာသာရှိတာဘဲ။

နောက်တော့ နိုင်ငံရေးမှုနဲ့ ထောင်ကျတယ်။  အချုပ်ကာလ  သီးသန့် ထောင်မှာနေရတယ်။  တီထွင်တတ်တဲ့  ဝါသနာကပါတော့  ဘာလုပ်ရင်ရမလဲ တွေးနေရတာကိုက ထောင်ကျမှန်းတောင် မသိတော့ဘူး။  ရှာတယ်၊ ကြည့်တယ်  ၊  စူးစမ်းတယ်။  စဉ်းစားတယ်။ သူဟာသူအချိန်တွေ ကုန်ဆုံးနေတာ။

အချုပ်ကျစဉ်မှာ  နိုင်ကျဉ်းတွေက  ထောင်ဝင်စာမရဘူး။  ဘယ်သူမှ ဆက်သွယ်လို့ မရဘူး။ အသားဟင်းက  တပတ်မှာမှ  ကြာသပတေးတရက်  တစ်နပ်။  ကျန်တဲ့ ၆- ရက်က ဆား၊ ငါးပိအပုပ်၊(နံဆော်နေလို့   မထိရဲဘူး)။  နံနံက်ပိုင်း ထောပတ်ပဲပြုတ်၊ အရည်ပါတယ်  ။

(၁) ပဲ ရေစိမ်သိမ်းထားခြင်း ။

ပဲလုံး  ကညနေအထိအထား မခံဘူး။ ချဉ်သွားတယ်။ ဘယ်ရမလဲ ။  မနက်ကို ကျေနေတဲ့ပဲနင့်  အရည်ကိုစားတယ်။  ပဲအကောင်းကို ရေစိမ်ထားတယ်။ ရေမကြာမကြာလဲ ပေးတယ်။  ညနေ ဆားဖြူးစားတယ်။ ထောင်မှုးက သိသွားတယ်။ ဒီလူတွေ  ထွင်တတ်တယ် မှတ်ချက်ပြုတယ်။  ဒါအထူးစဉ်းစားနေရတာ မဟုတ်ပါဘူး။  ပဲပြားလုပ်တဲ့သူတွေ ပဲပြားကို ရေနာနာလဲပေးနေတာကို  ကြည့်လုပ်တာ။  အတုခိုးတာပါဘဲ ။

(၂)  ငါးကိုမီးကင်ခြင်း  

အသားက  ငါးကြော်။  လက်ညိုးလောက်အထူ၊  အကွင်းလေး။ သူကလည်း တထိုင်ထဲစား။ မစားရင် မနက်ဆိုပုပ်သွားပီ။  ဘယ်ရမလဲ။  ဖျာအခင်းက  ဝါးကျောမာမာ ၂ ခုထုတ်။ ထောင်တွင်းဖြစ် ပလပ်စတစ်ကြိုးနင့်  ဝါးကိုတောင့်အောင် ပူးတယ်။ ငါးကို တပ်င်္ပြီး ညမီးလာချိန် ငါးကိုမီိးလုံးမှာ ကင်တယ်။  ခြောက်သွားတော့ အထားခံတယ်။ နောက်နေ့ တွေ အရသာခံ စားရတယ် ။

အရသာခံ စားတယ် ဆိုတာကို  ရှင်းပြပါမယ်။  ထမင်းက ဆန်လုံးတီး၊ နီနီ။ ထမင်းဝေတာနင့် ထမင်းကို ပူနွေးနေအောင် စောင်နဲ့ ထုပ်ထားတယ်။  စားခါနီးမှာ လက်ဖဝါးနဲ့  နာနာခြေတယ်။  ပြီးထမင်းကို  တစ်လုပ်စာ  အလုံးလေးတွေလုပ်တယ်၊   ဆားဖြူးထား။  ခုန ငါးကင်ကို သေးသေးလေးမွှာ။  ပြီးလျှာကိုအသာလေးပွတ်။ အရသာလေးရှိနေတုံး   ထမင်း နစ်လုံး သုံးကိုကြိုးစားမြို။   ငါးကင်က  အရသာကုန်မှ အသာလေးဝါး၊  ဝါးရုံ  ဝါးတာ။  ပြီးပြန်ထုတ်။  ထမင်းလုံးလေးတွေ လွှေး။ နောက်တော့ ငါးကင်လေးကိုပါ ရောဝါးမြိုချပေါ့။

ထမင်းစားပြီးချိန်   နိုင်ကျဉ်း အချင်းချင်း မေးမြန်းကြပေါ့။  အားပေးကြတဲ့ထုံးစံ ။ စားကောင်းလား၊ အဆင်ပြေရဲ့ လား။  ကျနော်က ငါးကင်လေးနဲ့  လွှေးတယ်ဆိုတော့ အံ့သြနေကြတာ။ နောက်သူတို့ ကိုပါ ရှင်းပြ၊  သူတို့ ငါးလေးတွေကိုလဲ ကင်ပေးရတယ်။  နောက်ထောင်မှုးသိပြန်  ဒီလူတော်တော် ကြံကြံဖန်ဖန်   လုပ်တတ်တာဘဲ ပြောပြန်။

 (၃)   ငါးပိဖုတ်ခြင်း

ငါးပိအပုပ်ကိုလဲ  သွားတိုက်ဆေးဘူး အခွံကိုခွဲပြီး  ငါးပိကိုထဲ့။   ညဘက်မီးလုံးမှာ  မီးကင်တယ်။  ညဘက်ဝန်ထမ်းက ငပိဖုတ်တဲ့အနံ့ ရတယ်ပေါ့။  ပြန်လိမ်တာပေါ့ ။  မီး-ဆိုလို့  ဆေးလိပ်တောင် သောက်စရာမရှိဘူး။  မင်းတို့ နာခေါင်းအနံ့ မှားနေတယ်ပေါ့။  တော်ကြာလာပြန်  ဒီအခန်းနားက  ငါးပိဖုတ်နံ့ ရတယ်ပေါ့။

(၄) ငြုပ်သီးခြောက်

  ငြုပ်သီးခြောက်ကို   တန်းစီးက  ခိုးသွင်းပေးလာတာ။  မိလို့ ကတော့ မချောင်ဘူး။  ငြုပ်သီးခြောက်လေးတောင့်။ မစားရက်ဘူး။  ရှာဖွေရေးလာရင်  မမိအောင် သိမ်းရတယ်။ သိမ်းစရာမရှိတော့  ငြုပ်သီးကိုခွဲ။ မီးကြိုးကိုပတ်ထားတယ်။ တစ်ခုကို စားခါးနီး မှာ အထက်ကလိုဘဲ   ကုန်မသွားအောင် လျှာကိုပွတ်၊  လျှာပူစပ်နေတုံး  ထမင်းလုံးလေးတွေ လွှေးရတယ်။  တန်းစီးကျေးဇူးမမေ့ဘူး။ ပြန်တွေ့ လျင်ကျေးဇူးဆပ်ချင်တာ ။  ပြန်တွေ့ ချင်တယ် ။  သူပေးတဲ့ ငြုပ်သီးလေးတောင့်က  ဟော်တယ်က  ညစာထက်ပိုတန်ဖိုးကြီးတယ်။  ထမင်းအနပ်ပေါင်း များစွာကို ကျော်ဖြတ်နိုင်ခဲ့တယ်။

(၅) ပလပ်စတစ်နဲ့ စာရေးခြင်း။

ထောင်မှာ  နံရံကိုထုံးရှိတဲ့နေရာမှာ  ပလပ်စတစ်ကို သံအချွန်နဲ့ ခြစ်ရေးတော့ ထုံးတွေ ပလပ်စတစ်မှာ ထင်ကျန်တာနဲ့ စာရေးကြ၊  ဒီနည်းနဲ့ ဆက်သွယ်ကြတာကြာပြီ။ ဒါပေမည့် ရေးရတာအဆင်မပြေဘူး။ ထောင်မကြီးဘက်ရောက်တော့  ဘောပင်မှင်တံလေးရတယ်။ အတိုဖြတ်လိုက်တယ်။ အရှည်ကို တနေရာ သိမ်းထားတယ် ။  အတိုကိုသုံးတယ်။

 ပလပ်စတစ်အဖြူအိတ်ကို  ထမင်းဇလုံပေါ်  ဇာထိုးပန်းထိုးလုပ်တဲ့အခါ
လို တင်းတင်းဆွဲထားပြီ်း  ဘောပင်နှင့်ရေးလျင်  စာရွက်အပေါ် ရေးသလို အားလုံးထင်နေတယ်။  အဲဒါနှင့် အပြင်ကိုဆက်သွယ်တယ်။
ထောက်လှမ်းက  သတင်းရလို့  ကျနော့်အခန်းကို နစ်ကြိမ်၊ သူတို့ ကိုယ်တိုင် အထူး ရှာဖွေရေးလုပ်တယ်။  အခန်းက (၈ x ၁၂ ပေအခန်း)။ ရှေ့  မှာက မြေကွက်လပ် (၁၈ x ၈ -ပေအကျယ်)။

ကျနော်မရောက်ခင်တုံးက  တံခါးသော့ကတစ်ခုတည်း၊  တနေ့ တစ်ခါ ရေချိုးချချိန်  အခန်းက သော့ခလောက်ကို ရှေမြေကွက်လပ်က တံခါးကို ခတ်ထားလိုက်တယ် ။  တနေ့ မှာ မိနစ် ၃ဝ- လောက် ရေချိုးချပေးတယ်။ ဒါဘဲ။

ကျနော်တို့    နိုင်ကျဉ်းအားလုံးကို  တနေ့ ထည်းမှာ  ရုံးထုတ်အမိန့် ချပြီး  ၊ ညနေ ၄း၃ဝ  မှာ ထောင်မကြီးဘက်ကိုရွှေ့ ပါတယ်။ ယခုဒေါ်စုလုံခြုံရေး  ကိုယ်ရေးအရာရှိ ဦိးဝင်းထိန်  အပါအဝင်အားလုံး  လူဆယ်ယောက်ကျော် ပြောင်းပါတယ်။  ကျနော့်ကို ညကျမှပြောင်းတယ်။  တစ်ဦးတည်း ထောင်ကပိတ်ဖို့ လူစစ်ပြီးပြီ။ ဂလိုင် - မချသေးဘူး (ထောင်ပိတ် သံချောင်း မခေါက်သေးဘဲ) မှောင်မှ ရွှေ့ ပါတယ်။  လက်နှစ်ဖက်ကို လက်ထိပ်တစ်ခုစီခတ်။ ကျန်တဖက်စီကို  ဝန်ထမ်းနှစ်ယောက်ရဲ့ လက်တဖက်စီ ခတ်ထားပြီးမှရွှေ့ ပါတယ်။
ရီချင်စရာကြီး။ အရေးကြီးပုဂ္ဂိုလ်တဲ့။  သူတို့ ဟာသူတို့  ကြီးနေကြတာ။  ကိုယ်က ဘာကောင်မှ  မဟုတ်ဘူး။

ထောင်မကြီးရောက်ပြီး နှစ် - ရက်နေတော့  ဦးဝင်းထိန်ကိုထားတဲ့ ၃-တိုက်နင့် ကျနော့်ကိုထားတဲ့ - ၁-တိုက်ကို နောက်ထပ် သော့တစ်ခုစီ  အပြင် မြေကွက်လပ်တံခါးကိုပါ ထပ်ခတ်ပါတယ်။ ကျန်အကျဉ်းသားတွေကို တောင်းပန်ရပါတယ် ။ ကျနော့်ရောက်လာလို့  ပိုကြပ်သွားတဲ့ကိစ္စ။ နို်င်ကျဉ်းအားလုံးက ဝမ်းသာလို့။ ဒေါက်တာဇော်မြင့်မောင်က  ဘီဘီ  ကိုယ်တို့ က  တကယ်လုပ်လာတဲ့လူ ရောက်လာတာ ပိုဝမ်းသာတယ်။  အိယောင်ဝါးတွေ မလိုချင်ဘူးတဲ့။

အပြင်ကိုဆက်သွယ်တာ  ထောက်လှမ်းက  သံသယရှိပုံရတယ်။ နှစ်ကြိမ် ကျနော့်အခန်းကို အထူးရှာဖွေရေး လုပ်တယ်။  အခန်းရှေ့ ကွက်လပ်မြေကို  အကျဉ်းသားတွေကို ပေါက်တူးနဲ့ တူးဆွခိုင်းပြီး  ဝါးဇကောနဲ့  ဇကာချရှာတယ်။  ဘယ်တွေ့ မှာလဲ။  ဘောပင်ကို တံခါးဘောင်အောင်မှာ ကပ်ထားတာ။  ကော်ဖီမှုန့် (အစစ်)က အကောင်းစားကော်။  တွေ့ သွားလဲ မသိဘူးပေါ့  ကိုယ့်လက်ထဲမိတာမှ မဟုတ်တာ။  မိရင်တိုက်ပိတ်၊  ပြစ်ဒါဏ်ထပ်တိုး။  အပြင်ကဆက်သွယ်တဲ့သူပါ ထောင်ချဖို့ ရှိတယ်။

(၆) အမဲသား(အရွတ်တုံး) ကိုစားခြင်း

ထောင်မကြီးရောက်တော့ ငါးကြော်ကဈေးမကိုက်တော့လို့ အမဲသားကျွေးပါတယ်။  အမဲသားက  အရွတ်မှ  အရွတ်သက်သက်။ ခွေးတောင်မကိုက်နိုင်ဘူး။  ဘယ်သူမှ  မယူဘူး။  ဘယ်ရမလဲ။  ဘေးအခန်းက ကိုစိုးထိုက် (စိန်ဥ-မုန့် ဟင်းခါး)၊ ကျောင်းဆရာကိုစိုးမြင့် (ဗုံးမိတဲ့အမှု) နဲ့ ကိုအောင်သိန်း (ဗိုလ်တစ်ထောင်ဘုရားအနီး) တို့ ရှိတယ်။ သူတို့ ကိုအမဲသားအရွတ်ကို များများယူခိုင်းတယ်။  ပြီးထမင်းပူပူနဲ့ ပလပ်စတစ်အိတ်ထဲထဲ့ထုပ်၊ သီးနှံ စိုက်ခင်းထဲ  သဲရှိတဲ့နေရာမှာ   မြုပ်ခိုင်းထားတယ်။ ၄ - ရက်လောက်နေတော့    ထမင်းကချဉ်လာတော့  အချဉ်ဓါတ်နဲ့ (Lactic  acid) အမဲရွတ်က နှူးအိနေတာကို ခိုးချက်ကြတယ်။

 ညကျတော့ ကိုစိုးထိုက်က  အောင်ပြီဟေ့  အောင်ပြီဟေ့ အော်ပါလေရော ။  ဝန်ထမ်းတွေက ဘာဖြစ်သလဲ လန့် ကုန်ကြတယ်။ မနက်ကျမှ  အမဲရွတ်စားလို့ ရတာသိသွားတယ်။

ထောင်မှုးက ထောင်မှာ အမဲရွတ်ကျွေးလာတာ ကြာလှပြီ။  ဒီဆရာဝန်လာမှ ကြံကြံဖန်ဖန်လုပ်တယ်။  ထောက်လှမ်းရေးတွေကသူ့ ကို   လန့် တာလဲ  မလွန်ဘူးပြောလာတယ်။

(၇) ထောင်ပုန်းရည်ကြီး

မန္တလေးထောင်ရောက်တော့ ပဲပြုပ်ကို အချဉ်တည်တယ်။  အရည်ညစ်တယ်။ အရည်ကို  ထောင်ကဖိုကြီး (မီးဖို)မှာ ညဘက်အိုးထဲ ထဲ့ခိုင်းထားတော့၊ မနက်ကျတော့  ပြစ်ခဲနေတဲ့ ပုန်းရည်ကြီးရတယ်။ နောက်တော့ ထောင်မှူးသိသွားပြီး လုပ်ခွင့်မပေးတော့ဘူး။  တကယ်တော့ လုပ်နေကြသေးတယ်။  ကျနော်တို့ ဘက်ကိုယူမလာရဲကြတော့တာ။

(၈) ပလပ်စတစ်အိပ် (ကျွတ်ကျွတ်အိတ်)နှင့် ချက်စားနည်း




ဆက်လက်ဖော်ပြပါမည်..

အားလုံးကို  လေးစားလျက်

လှိုင်မြင့်

The Ideal Beauty (TIB) မှရွေးချယ်တဲ့ 2013 Best National Costume ဆန်ကာတင် (၁၀)ဦးစာရင်းတွင် ဂုဏ်ရည်အေးကျော်ရဲ့ ပြိုင်ပွဲဝင် ကချင်ဝတ်စုံ ရွေးချယ်ခံရ...



 The Ideal Beauty (TIB) မှရွေးချယ်တဲ့ 2013 Best National Costume ဆန်ကာတင် (၁၀)ဦးစာရင်းတွင် ဂုဏ်ရည်အေးကျော်ရဲ့ ပြိုင်ပွဲဝင် ကချင်ဝတ်စုံ ရွေးချယ်ခံရ... 


နှစ်စဉ် ကမ္ဘာ့အလှဆုံး ကမ္ဘာကျော် အလှမယ်များအား ရွေးချယ် ဖော်ပြလေ့ရှိတဲ့ နာမည်ကျော် The Ideal Beauty (TIB) မှရွေးချယ်တဲ့ 2013 Best National Costume (နိုင်ငံ့ကိုယ်စားပြု အမျိုးသားဝတ်စုံ) စာရင်းမှာ Miss Myanmar International 2013 မြန်မာအလှမယ် ဂုဏ်ရည်အေးကျော် အား ဆန်ကာတင် (၁၀)ဦးစာရင်းမှာ ဖော်ပြပါရှိပါတယ်..။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက တိုကျိုမှာ ကျင်းပခဲ့တဲ့ Miss International 2013 ပြိုင်ပွဲရဲ့ National Costumeပြိုင်ပွဲမှာ
ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကချင်တိုင်းရင်းသူ ဝတ်စုံဖြင့် Miss Myanmar International 2013 ဂုဏ်ရည်အေးကျော်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်..။

The Ideal Beauty အင်္ဂလိပ် Alphabet အစဉ်အလိုက် ဖော်ပြထားတဲ့ အဆိုပါ Best National Costume စာရင်းမှာ 2013 Miss Universe ပြိုင်ပွဲဝင် 7ဦး,Miss Earth ပြိုင်ပွဲဝင် ၁ဦး, Miss Worldပြိုင်ပွဲဝင် ၁ဦး, နှင့်အတူ Miss International 2013မှ ဂုဏ်ရည်အေးကျော် တဦးတည်းသာ အဆိုပါ National Costume ဆန်ကာတင် ၁၀ဦးစာရင်းမှာ ဖော်ပြပါရှိခြင်း ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ Miss International 2013 ပြိုင်ပွဲမှာ မြန်မာပြည်သူတွေအတွက် Missosology ရဲ့ (People's Choice Award)ဆုကို ဂုဏ်ယူအေးကျော်မှ ရရှိခဲ့ပါတယ်..။ အဆိုပါပြိုင်ပွဲရဲ့ Best National Costume ဆုအား Arubaနိုင်ငံမယ် Erialda Croes ဆုရရှိခဲ့ပေမယ့်လည်း ယခု နာမည်ကျော် The Ideal Beauty ရဲ့ အကောင်းဆုံး Best National Costume ဝတ်စုံရှင် ၁၀ဦး စာရင်းမှာတော့ ဂုဏ်ရည်အေးကျော်ကို ရွေးချယ်ခဲ့ပါတယ်..။

ယခုလို ဆန်ကာတင် ၁၀ဦးစာရင်းမှာ ကချင်တိုင်းရင်းသူ ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Miss Myanmar International 2013 ဂုဏ်ရည်အေးကျော် ရွေးချယ်ခံရခြင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေးအတွက် အထောက်အကူ ပြယုဂ်တခု ဖြစ်စေသလို
မြန်မာပြည်သူတွေနဲ့ ကချင်တိုင်းရင်းသားတွေ အတွက် ဝမ်းမြောက်ဂုဏ်ယူ ဖွယ်ရာဖြစ်ပါတယ်..။



ဒီမိုဝေယံ

The Ideal Beauty Website ရဲ့ 2013 Best National Costume (၁၀)ဦး စာရင်း လင့်ခ်ကို ဝင်ရောက်ကြည့်ရှုချင်ရင်တော့..

http://www.theidealbeauty.eu/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်..။



လွတ်လပ်ရေးဖခင် ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

လွတ်လပ်ရေးဖခင်
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

မြန်မာပြည်သူတွေရဲ့ဘဝ
တရားမျှတ လွတ်လပ်ရေးရ အေးချမ်းကြဖို့
အစာငတ်ခံ ဒုက္ခတွေအတန်တန်နဲ့
အသက်ကိုပေး ဘ၀ကိုစတေးရင်း
မျက်နှာဖြူနယ်ချဲ့စစ်
ဖက်စစ်ဂျပန်ညစ်တွေရဲ့
နှိပ်စက်ကာညှင်းပန်း
သတ်ဖြတ်ကာရက်စက်မှုတွေရဲ့ဒဏ်
ဒို့ပြည်သူတွေ လုံးဝမခံစေရ
အမှန်မုချ လွတ်စေရမယ်
ကျွန်စင်စစ်ဘ၀ကနေ
သခင်ဘ၀ပြန်ဖြစ်စေရမယ်
ကမ္ဘာ့အလယ် မျက်နှာမငယ်ပဲ
ကမ္ဘာမှာ မြန်မာဟေ့လို့
ထွန်းတောက်ကျော်ကြားရမယ်
ကြုံးဝါးမှုတွေ အတန်တန်
ဇွဲအားမာန်တွေနဲ့
တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို
အသက်ပေးပြီးရယူပေးခဲ့သူ
ဘယ်သူရှိလိမ့်ဦးမလဲ
လွတ်လပ်ရေးရဲ့ဖခင်
သခင်ဗိုလ်ချုပ်အောင်ဆန်းပေါ့
မြန်မာပြည်ရဲ့ သမိုင်းစာမျက်နှာမှာ
ဗိုလ်ချုပ်သာမပါရင်
ဟာတာတာနဲ့
ဗလာနတ္ထိ အရသာရှိဘူး
ဒို့ပြည်သူတွေရဲ့ကျေးဇူးရှင်
လွတ်လပ်ရေးဖခင်
သခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့
တည်ကြည်ရဲရင့် မြင့်မြတ်တဲ့ဂုဏ်ပုဒ်ကို
ဒို့ပြည်သူတွေ နှလုံးသားရင်ပြင်မှာ
သမိုင်းမှတ်တမ်းဝင်
ကမ္ဗည်းထိုးတင်ထားပါရဲ့
ကမ္ဘာရှည်သရွေ့ တည်နေမယ်။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

လွတ်လပ်ရေးနေ့ အမှတ်တရ ရုပ်သံဖိုင်..

  
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆို အပ်ပါသည်...။

ယနေ့ မနက်ပိုင်းက ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား..

ဓာတ်ပုံ Reuters (Soe Zeya Tun)

လွတ်လပ်ရေးနေ့ အမှတ်တရ ရုပ်သံဖိုင်..

(၁)27 Jan 1947က ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ အမှတ်(၁၀)ဒေါင်းနင်းလမ်းသို့ ရောက်ရှိစဉ်..
(၂) ၁၉၄၈ခုနှစ် လွတ်လပ်ရေးနေ့ အခါသမယ
(၃)23 Oct 1947 နု၊အက်တလီ စာချုပ်ချုပ်ဆိုစဉ်
(၄)8 Jan 1948 လန်ဒန်မြို့ မြန်မာသံရုံး လွတ်လပ်ရေးနေ့ အခမ်းအနား။
(၅)05 Apr 1948 လော့(ဒ်) မောင့်ဘက်တန် မြန်မာပြည်ခရီးစဉ် အတွင်း အာဇာနည် ခေါင်းဆောင်ကြီးများအား သွားရောက် အလေးပြုစဉ်..။

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုစည်းတင်ပြပါသည်..။

ဒီမိုဝေယံ

ရပ်ကွက်အုပ်ချုပ်ရေးမှူး ကင်းမဲ့ဇုန် ထဲကျရောက်နေသော ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆေး / ငြိမ်း ရပ်ကွက်၊

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ဆေး/ ငြိမ်းရပ်ကွက် အုပ်ချုပ်သူ ကင်းမဲ့နေခြင်းအား (တိုင်ကြားစာ)
ရပ်ကွက်အုပ်ချုပ်ရေးမှူး ကင်းမဲ့ဇုန် ထဲကျရောက်နေသော
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆေး / ငြိမ်း ရပ်ကွက်၊

ဖြစ်ပုံကဒီလိုပါ၊ လက်ရှိရပ်ကွက် အုပ်ချုပ်ရေးမှူးသည် မြို့နယ်မှ ငွေချေးငှားခြင်း အရှုပ်
တော်ပုံ၊ ခွင့်ပြုချက်မဲ့ တရားပွဲကျင်းပခြင်း အရှုပ်တော်ပုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဖိအားပေး အကျပ်ကိုင်ခြင်းကြောင့် ရုတ်တရက် နုတ်ထွက်ခဲ့ရပါသည်။

ထိုသူနုတ်ထွက်
သွားခြင်းကြောင့်မြို့နယ်မှ နောက်ထပ်မဲ အများဆုံးရသူ တစ်ယောက်ကို ယာယီခန့်ထား
လိုက်ပါသည်၊ ထိုသူသည်လည်း ခွင့်ပြုချက်မဲ့
တရားပွဲကျင်းပခြင်း၊ မြို့နယ်မှ ရပ်ကွက်
အုပ်ချုပ်ရေးမှူးကို တရားစွဲခိုင်းခြင်းကြောင့် ခန့်ထားပြီး နောက်တစ်ရက်အကြာတွင်
နုတ်ထွက်သွားခဲ့ပါသည်၊ သို့သော်လည်းကြည့်မြင်တိုင်မြို့နယ် အုပ်ချုပ်ရေးမှူးသည်
အားမလျော့သေးဘဲ သူ့ရဲ့လက်ခုပ်ထဲက မြို့နယ်စာရေး (
ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်) အား ယာယီ အုပ်ချုပ်ရေးမှူး
ခန့်၍ ဆက်လက် တရားစွဲစေခဲ့ပါသည်။

ဒီနေရာတွင်ဥပဒေ ပညာရှင်များ သုံးသပ်ကြည့်ပါ၊ တရားလိုဖြစ်သူ ရပ်ကွက်
အုပ်ချုပ်ရေးမှူးများကို တစ်ယောက်ပြီး တစ်ယောက်ပြောင်းပြီး တရားစွဲဆိုခိုင်းခွင့် ရှိပါလား၊
ကျွန်တော်တို့ ရွေးကောက် တင်မြှောက်ထားသူများကို ဘယ်က ပေါ်ပေါက်လာမှန်းမသိတဲ့
အုပ်ကြားမြက်ပေါက် မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုသူများက အမိန့်ပေးနေသည်မှာ
သင့်တော်ပါရဲ့လား ၊ ပြည်သူများစဉ်းစားကြည့်ပါ၊

မည်သို့ပင်ဆိုစေ
ကြည့်မြင်တိုင်မြို့နယ် အုပ်ချုပ်ရေးမှူး၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့်
တစ်လကျော်ကြာသည့်အထိ ရပ်ကွက် အတွက်အုပ်ချုပ်သူ ကင်းမဲ့နေပါသည်။ တရားဥပဒေ
စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းခြင်းများ ပျက်ပြားကာ ရပ်ကွက်အတွင်း လူမှုရေးကိစ္စများ
မကြီးသင့်ဘဲ ကြီးလေးလာသည့် ဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့ပါသည်။

ထိုဖြစ်ရပ်များစွာသည် ( မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး )
နွားနှစ်ကောင်ဝှေ့သည့်ကြား မြေစာပင် မခံနိုင်သည့်ဖြစ်ရပ်နှင့်တူပါသည်၊

ထိုဆေး/ ငြိမ်းရပ်ကွက်ထဲရှိ
ဖြစ်ရပ်များစွာထဲတွင် လူတိုင်းပြောနေတဲ့ ဖြစ်ရပ်တစ်ခုမှာ မိခင်အိုကြီးနှင့် အတူနေထိုင်
သည့် သား နှင့်သမီး ရှိသည့်အခန်းကိုသား အကြီးလုပ်သူက
အိမ်ထဲကို အတင်းသော့များ၊
တံခါးများကို ရိုက်ဖျက်ဝင်ရောက်ကာ အိမ်ရှေ့သံတံခါးနှင့် အနောက် သံတံခါးများကိုသော့ဖြင့်
ခတ်ထားသည့် ဖြစ်ရပ် ဖြစ်သည်။

၎င်းသော့ခတ်သည့် သားအကြီးဖြစ်သူ အပြင်သွားသည့်အခါ သော့များ ခတ်သွားလေ့ရှိကြောင်း သိရပါသည်၊ ကျန်ခဲ့တဲ့သားနှင့်သမီးက အပြင်ထွက်လိုသည့် အခါအပေါ်ထပ်ခိုးမှသာ အပြင်ကို
ထွက်နေရကြောင်း သိရပါသည်၊ ထိုကိစ္စကို မိခင်လုပ်သူမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို
၁.၁၂.၂၀၁၃ တွင် တိုင်ကြားထားသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရုတ်တရက်
နုတ်ထွက်သွား၍ မြို့နယ်အုပ်ချုပ်ရေးမှူးထံ မိခင်လုပ်သူ(အမေအို) ကြီးကထပ်မံ
တိုင်ကြားထားသော်လည်း မြို့နယ်မှ မည်သို့မှ အကြောင်းကြား အရေးယူဆောင်ပေးခြင်း
မရှိကြောင်းသိရပါသည်၊

ထို့ကြောင့်အမေအိုကြီးရဲ့စေခိုင်းမှုကြောင့်သားငယ်သည်
မြို့နယ် ရဲစခန်းကို တိုင်ကြားထားသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး မရှိခြင်းကြောင့်
အမိမဲ့ သားရေနည်းငါးပမာ အကြောင်းအမျိုးပြကာ နေ့ရွေ့ညရွေ့ တစ်လကျော်ကြာသည်
အထိ သော့ပိတ်ထားခြင်းကို အရေးယူပေးခြင်း မရှိသေးကြောင်း သိရပါသည်။ ထိုကြောင့်
အမေအိုကြီးသည် အိမ်သို့ဘုန်းကြီးများပင့်၍ ဆွမ်းလောင်းလှူခြင်း မပြုလုပ်နိုင်ခြင်း၊
အပတ်စဉ်သံဃာတော်များကြွနေကျဖြစ်သောတန်းဆွမ်းများကိုလောင်းလှူ
နိုင်ခြင်းမရှိခြင်း၊ ဖျားနာသည့်အခါ ဆေးခန်းသို့ သွားလာမရခြင်း၊ အရေးပေါ်ကိစ္စများ ကြုံလာပါက မည်သို့ဖြစ်မည်နည်း၊ ထိုကိစ္စများဖြစ်နေသည်ကို ဘာကြောင့် အမြန်ဆုံးအရေးယူ
ဆောင်ရွက်ပေးခြင်း မရှိရသလဲ၊ ဆောင်ရွက်ခွင့်မရှိလို့လား၊ ဥပဒေပညာရှင်များ ဝေဖန်ပေး
ပါအုံး၊ မြို့နယ်ရှိ အာဏာပိုင်အဖွဲ့ အစည်းများ ဘာလုပ်နေပါသလဲလို့ မေးချင်ပါသည်။

ပြည်သူများ ဘဝလုံခြုံရေးကို အမြန်ဆုံး ကာကွယ်ပေးဖို့ ဘယ်သူ့တွေမှာတာဝန်ရှိပါသလဲ၊
မေးချင်ပါတယ်၊ ထိုဖြစ်ရပ်သည် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့ပေါ်ရပ်ကွက်ကြီးတွင် ဖြစ်နေ
ခြင်းဖြစ်ပါသည်၊ ထိုကြောင့် ဥပဒေပညာရှင်များနှင့် ရန်ကုန်တိုင်းဒေသ ဝန်ကြီးချုပ်နှင့်
သမ္မတကြီးပင် သိသင့်သည်ထင်၍ ကြည့်မြင်တိုင်မြို့နယ် ဆေး / ငြိမ်း ရပ်ကွက်သား
တစ်ယောက်အနေဖြင့် တင်ပြလိုက်ပါသည်။

ကြည့်မြင်တိုင်မြို့နယ် ဆေး/ ငြိမ်းရပ်ကွက်သား

နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ.. မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ..

ရက်တွေမှ လတွေပြောင်း
လတွေမှ နှစ်တွေပြောင်းလို့
ရာစုနှစ်တွေလည်းပြောင်းခဲ့ပြီ။
ဟိုးကမ္ဘာဦးအစ
ကျောက်ခေတ်မှ ကြေးခေတ် သံခေတ်
သိပ္ပံခေတ်ကိုပြောင်း ပြောင်းလည်းမှုတွေလည်းများလှပြီ။

ရာစုနှစ်တွေဘယ်လိုပြောင်းပြောင်
ခေတ်တွေကဘယ်လိုပြောင်းပြောင်း
မပြောင်းလဲပဲကျန်ခဲ့တာက ဒို့နိုင်ငံ
ဒို့တတွေ မတွန်းလှန်ဘူးဆိုလျှင်
ခေတ်ဟောင်း၊ စံနစ်ဟောင်း၊ အကျင့်ဟောင်း
ဒီလူဟောင်းတွေက ဘယ်တော့မှမပြောင်းကြ
သူတို့တွေမပြောင်းသမျှ ဒို့တတွေအမြဲခံနေရမှာမို့
နှစ်သစ်တိုင်းမှာ ပြည်သူတွေ ပြုံးပျော်ရွင်ဖို့အရေး
အနာဂါတ်ကိုမျော်ကာတွေး
ခေတ်ဟောင်း၊ စံနစ်ဟောင်း၊ အကျင့်ဟောင်း
ဒီလူဟောင်းတွေကို ၀ိုင်းဝန်းပြောင်းလဲပစ်ကြပါစို့……..

                                       မင်းသုည(ဗုဒ္ဓတက္ကသိုလ်)