ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လုပ်ရက်ပါပေ့ မမရယ် (ကဗျာရှင် နေရဲနီ)

ဗိုလ်ခင်ညွန့်နှင့် Hot News အယ်ဒီတာချုပ် မမ

လုပ်ရက်ပါပေ့ မမရယ်
(ကဗျာရှင် နေရဲနီ)

လုပ်ရက်ပါပေ့ မမရယ်။
မနှိုင်းကောင်းမနှိုင်းရာ
အမဲရိုးနှယ် ဟင်းအိုးမှအားမနာ
အမေစုနဲ့ ဒီလူကိုများ နှိုင်းရက်ပါပေ့။

မနှိုင်းသင့် မနှိုင်းထိုက်
စလေဦးပုညစကားနဲ့များ အငှားယူပြီးပြောရရင်
နတ်သုဒ္ဓာနဲ့ မစင်ဘင်ပုပ်
သာသနာကို အရှိန်အ၀ါနဲ့ ဟန်လုပ်ပြီးကြည်ညိုခဲ့တဲ့ပုဂ္ဂိုလ်
သီတဂူဆရာတော်ကြီးကိုပင် မဟာပါသာဏလိုဏ်ဂူမှာ
ကုလားထိုင်ပေါ်ကနေ ၀တ်ကျေတန်းကျေ ဂါရ၀ပြုခဲ့တဲ့သူ။

မနှိုင်းအပ်မနှိုင်းရာ
အတိုင်းထက်အလွန် အမေစုနဲ့ ဒီလူဆိုတာ
တံခွန်နဲ့ မြေဇာပင်
(ကျော်စောခြင်းအရာ)
မိုးကြိုးနဲ့ အီးသံ
(ကမ္ဘာ့အလယ် ထည်ဝါခြင်းအရာ)
သူရိန်နေမင်းနဲ့ မီးကျီးခဲ
( ပညာအရာ)
ဟင်္သာနှင့် လင်းတ
(တင့်တယ်ခြင်းအရာ)
ဇာမဏီဥဒေါင်းနှင့် ကျီးကန်း
( သတ္တိအရာ)
စာမရီသားမင်းနှင့် ၀ံပုလွေ
(ကိုယ်ကျင့် သီလအရာ)
ကေသရာခြင်္သေ့မင်းနှင့် တောခွေး
(လုံ့လအရာ)
နံ့သာဆီနဲ့ အီး
(ပြည်သူ့မေတ္တာကို ခံယူသည့်အရာ)
အရာရာမှာ ကွာခြားပါသည်။

တူညီသောမေတ္တာ အပြုံးပန်းများ ရယ်လို့
ပြောရက်ပါပေ့ မမရယ်
အပေါ်ယံကြည့်ရင် ပြုံးတာချင်းတူရင် တူမယ်
ပြုံးရတဲ့ အကြောင်းရင်းချင်း မတူနိုင်ပါဘူး။
အရှိန်အ၀ါ တန်ခိုးထွားစဉ်က
တိုင်းပြည်နဲ့ ပြည်သူကို ဦးထိပ်မထားဘဲ
ကိုယ့်မွေးရာ ကိုယ့်ရပ် ကိုယ့်ရွာလောက်ကိုဘဲ
ဒေသစွဲနဲ့အကျိုးပြုခဲ့လို့
အဲဒီဒေသက လူတွေကလည်း သူတို့ရပ်ရွာ
သူ့ကြောင့် ကောင်းစားခဲ့လို့
နှစ်ဦးနှစ်ဘက် အတ္တကိုယ်စီနဲ့ ပြုံးနေကြတာ။

အမေစုနဲ့ ပြည်သူတွေရဲ့အပြုံး
အမေစုမှာပြည်သူကလွဲပြီး
ဒေသစွဲ ၀ါဒစွဲ ပုဂ္ဂိုလ်စွဲ ဘာအစွဲမှမရှိ အားလုံးအသိ
ပြည်သူနဲ့အမေစု
အမေစုနဲ့ပြည်သူ အစဉ်ထာဝရ တပြေးညီ
ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးစေချင်တဲ့
အမေစုရဲ့မေတ္တာကရုဏာ အပြုံး
ပြည်သူကလည်း အမေစုအပေါ်မှာ တန်ပြန်ထားတဲ့ မေတ္တာအပြုံး
အဲဒီအပြုံးတွေက ဖြူစင်တယ်
သန့်ရှင်းတယ် အပြစ်ကင်းတယ်။

Hot News ဂျာနယ်ပါ မမရဲ့ဆောင်းပါးကို
ယထာဘူတကျကျ ပရမတ္ထအမြင်နဲ့
အတ္တကင်းစွာ ဖတ်ပါသော်လည်း
တချိန်တခါက အဖေတူသားတွေ
ကျေးဇူးခံ ကျေးဇူးစားရှိခဲ့လို့
ခုချိန်မှာ သတင်းသမား တစ်ယောက်အနေနဲ့
အမေစု အရိပ်ကိုမှီခိုပြီး
အဆိပ်ကုန် အစွယ်ကျိုးနေတဲ့ မြွေပွေးကို
လူရှေ့သူရှေ့ အတင်းများ တွန်းပို့ နေတာလား။
ဗိုလ်ခင်ညွန့်ခေတ်ကောင်းစဉ်က ဇေကမ္ဘာခင်ရွှေမှ ဤသို့..

ဟိုအရင်က အမြင့်စံရစဉ်
အာဏာနဲ့ အရှိန်အ၀ါကို အလွဲသုံးစားပြုပြီး
လက်သင့်ရာ ဆွမ်းလောင်းခဲ့လို့
သူ့ကြောင့်ကောင်းစားခဲ့တဲ့ အတ္တသမားတွေ
ရွှေထီးဆောင်းခဲ့တဲ့ ခေတ်ကိုစားမြုံ့ပြန်ပြီး
သူ့အပေါ်မှာ ပြန်မျှော်လင့်နေကြသလို
သူ့ကြောင့်ဘဝပျက်ပြီး ဒုက္ခရောက်ခဲ့ကြတဲ့ ပြည်သူတွေကလည်း
အမုန်းတရားနဲ့ မတန်လို့
သူ့အကြောင်းပြောဖို့ရာ
ပါးစပ်ပင် မဟချင်။

နိုင်ငံရေးမှာ ရန်သူမရှိ မိတ်ဆွေသာရှိ၏။
သူနဲ့ ပတ်သက်သမျှ အရာရာကို
ဥပေက္ခာပြုဖို့ ကြိုးစားနေတဲ့အချိန်
အနာတွေက မကျက်သေး
ဒဏ်ရာတွေက နာကောင်းတုန်း
ပြန်စဉ်းစားရင် အဖြစ်တွေကမနေ့ တနေ့ကလိုဘဲ။
ဒီလိုပြောခဲ့တာမှ မကြာသေး။

မေတ္တာသုတ်တော်ကို အကြိမ်ကြိမ် အခါခါရွတ်
ဒီဃာဝုသုတ္တန်လာ ရန်ကိုရန်ချင်း မတုံ့နှင်းနဲ့
တရားဒေသနာကို အဖန်ဖန် အထပ်ထပ် ဘာဝနာပွား
အနန္တသူရိယအမတ်ရဲ့ အမျက်ဖြေ လင်္ကာထုံးကိုနှလုံးမူ၍
ဒီလူ့ မျက်နှာကို စေ့စေ့ကြည်ပါသော်လည်း
အမေစုနှင့် နှိုင်းယှဉ်ချက်က
ပြည်သူ့မေတ္တာ အလေးချိန်ခွင် မညီညာ၍
ကျက်သရေတုံး လိုက်ပုံများ
စကြာဝဠာအနန္တ ကမ္ဘာအနန္တပါဘဲ။

နေရဲနီ

ဆရာတော် ဝီရသူ ရေးသားခဲ့တဲ့ (အကျဉ်းစံ အရှုံးသမား၏ အညှင်းခံ နှလုံးသားနှင့် သမိုင်း၏တရားခံ စာမူများ..)

ပြီးခဲ့တဲ့ ၁၃ရက်နေ့က ပြန်လည် လွတ်မြောက်လာတဲ့  အညတရသူရဲကောင်းဆုရှင် ဆရာတော်ဝီရသူအား မစိုးရိမ်တိုက်သစ်မှ ကြိုဆိုသူ သံဃာတော်များနှင့် အတူတွေ့ရစဉ်...(ဓာတ်ပုံ ဝိုင်ကေကေ)
သမိုင်း၏တရားခံ (ရေးသားသူ ဆရာတော် ဝီရသူ)

အကျဉ်းစံ အရှုံးသမား၏ အညှင်းခံ နှလုံးသား (ရေးသားသူ ဆရာတော် ဝီရသူ)

ကော့မှူး အမေ့အလင်းရောင် ပညာဒါနကျောင်းဆောင်သစ်...

 ကော့မှူး အမေ့အလင်းရောင် ပညာဒါနကျောင်းဆောင်သစ် တည်ဆောက်နေပါပြီ။

ပညာရေးကွန်ယက်မှ မတည်ငွေနှင့် စေတနာရှင်များမှ ထည့်ဝင်လှူဒါန်းငွေများဖြင့် ( 14' x 52' ) အကျယ် စာသင်ကျောင်းဆောင်သစ်ကို စတင်ဆောက်လုပ် နေပါပြီ။ အမေ့အလင်းရောင် ပညာဒါန ကျောင်းလေးမှာ သူငယ်တန်းမှ ဆဋ္ဌမတန်းအထိ ကလေးငယ် (၁၃၀) ယောက်အား စေတနာဆရာ၊ဆရာမ (၇) ဦးတို့က ပညာသင်ကြား ပေးလျှက် ရှိပါတယ်၊

အဆောက်အဦးအတွက် အလှူငွေ လုံလောက်ပြီး ဖြစ်သော်လည်း စာသင်ခုံ၊ စားပွဲ၊ ကုလားထိုင်များ လိုအပ်လျှက် ရှိနေပါသေးတယ်။ စေတနာရှင်များ ပါဝင်လှူဒါန်းနိုင်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ

မြင်ကွင်းက ရှင်းနေပါသည်.. (ကဗျာရှင် တက္ကသိုလ်ဘုန်းကြွယ်)

ဓာတ်ပုံ Getty Images
ယခုကဗျာရှင်ကတော့ လွန်ခဲ့တဲ့ အနှစ်(၂၅)ခန့်က မြန်မာပြည်တွင်းမှာ ဘာသာပြန် သိုင်းဝတ္ထုတွေ ရေးပြီး နာမည် ကျော်ကြားခဲ့တဲ့ တက္ကသိုလ်ဘုန်းကြွယ် ဖြစ်ပါတယ်။။

သာကေတ ဇိနမာရ်အောင် ဘုရားမြေအကြောင်း တိုင်ကြားစာ...


ဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ(ဝီရသူ ဆရာတော်ဘုရား)ရဲ့ ဆောင်းပါးကို ဖတ်လိုက်ရတော့၊ သာကေတမြို့နယ်မှာ ယခုလက်ရှိဖြစ်ပျက်နေတဲ့၊ ဇိနမာရ်အောင်ဘုရားကြီးရဲ့ အဖြစ်အပျက်ကိုလည်း သာကေတသား တယောက်အနေနဲ့ အမှန်ကို သိသင့်တယ်ထင်လို့ တင်ပြလိုက်ရပါတယ်။

န.ဝ.တ စစ်အစိုးရလက်ထက်က တရားဝင်ချထားပေးတဲ့ ဘုရားမြေကို ဘုရားနဲ့ ကပ်လျက် (ကျောက်ချောင်းကျောင်း)မှ ဆရာတော်က မြို့နယ်သံဃာ့နာယက၊ တိုင်းသံဃနာယက၊ နိုင်ငံတော် သံဃာ့မဟာနာယကတို့ကို လာဘ်ထိုးပြီး ဘုရားမြေကို မပေးလိုတဲ့ မူလဂေါပကကို ပြောင်းသွားစေခဲ့ပါတယ်။ ဘုရားမြေကို လူသာမန်ဖြစ်သော ဂေါပကများက စောင့်ရှောက်ကြပြီး ဘုရားသားတော် ရဟန်းက မတရားရယူထားပါတယ်။ ယခုဘုရားမြေကို ကျောင်းကမြေခိုးယူကာ လမ်းဖေါက်ရန် စီစဉ်နေကြပါတယ်။

ဂေါပကအဖွဲ့ ဟောင်းများကလည်း သူတို့နဲ့မဆိုင်၍ ထင်ပါရဲ့ ဘယ်သူမှ ပြောဆိုတားမြစ်မဲ့သူ မရှိဘဲဖြစ်နေပါတယ်။ မြို့လူထုက ဘယ်တိုင်ရမှန်း မသိဖြစ်နေချိန်မှာ ဆရာတော်ဝီရသူရေးတဲ့  စာကို ဖတ်ကြည့်လိုက်မှ နိုင်ငံတော်မှာ တာဝန်ရှိတဲ့ လူကြီးမင်းများ ကိုယ်တိုင်နဲ့ မဟနဆရာတော်ကြီများရဲ့ သာသနာအပေါ် လေးစားမှုကို သိရှိရပါတယ်။ ယခုလဲသာကေတမြို့နယ်မှ ဇိနမာရ်အောင် ဘုရားမြေကို ဘယ်လိုဆောင်ရွက်နေကြတယ်ဆိုတာဆင်းကြည့်စေချင်ပါတယ်။ အမှန်အတိုင်း ဖြစ်သင့်တယ်လို့ အားလုံးပြည်သူများကို သိစေချင်လို့ တင်ပြပေးတာပါ။

အများတည်ထားတဲ့ ဘုရားဆိုတော့ မြို့သူမြို့သားတိုင်း တာဝန်ရှိတယ်လို့ ယုံကြည်မိတဲ့အတွက် တင်ပြလိုက်ပါတယ်။ ဘယ်ဟာ အမှန်တရားလည်းဆိုတာတော့ စစ်ဆေးကြည့်ရင် အမှန်ကို သိနိုင်ပါတယ်။ မီတာရုံးကိုသွားတိုင်း စိတ်မကောင်း ဖြစ်မိပါတယ်။ ဘုရားမြေကို ဘုရားသားတော် သံဃာကခိုးယူတာကို ဘုရားသားတော် မဟနများက လာဘ်လာဘယူပြီး ကာကွယ်ပေးလိုက်ခြင်းဟာ အင်မတန် အရုပ်ဆိုးပါတယ်။ သံဃာတော်အားလုံးနဲ့ ဆိုင်ပါတယ်။ ဘုရားသားတော်မှန်ရင် ကြည့်မနေသင့်ပါဘူး။ ဘုရားတပည့်တော်ဟာ အစိုးရ၀န်ထမ်းတဦးပါ။ အမှန်အတိုင်းဖြစ်အောင် စုံစမ်းပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ဆရာတော်ဝီရသူကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ ဆရာတော်ရဲ့ အမှန်ကိုပြောရဲတဲ့ သတ္တိကြောင့် တပည့်တော် စာရေးလိုက်တာပါ။ ဆရာတော်တရားလည်း နားထောင်ချင်ပါတယ်။ 

ဝန်ထမ်းတဦး။ ။

ပြည်သူ့အတွက် အမေ ပင်ပန်းမှုတွေ ပြေပျောက်ပါစေ... အသက်ရာကျော် ရှည်ပါစေ..

 "ဓာတ်ပုံ Reuters"
ပြည်သူ့အတွက် အမေ ပင်ပန်းမှုတွေ ပြေပျောက်ပါစေ... အသက်ရာကျော် ရှည်ပါစေ..
(ဒီမိုဝေယံ)
ဒီနေတော့ တနေကုန်တနေခန်း အမေစုရဲ့ ထားဝယ်ခရီးစဉ် ဓာတ်ပုံလေးတွေ ဖေ့စ်ဘွတ်မှာ တင်ရင်း ပုံတွေကြည့်လိုက် ထားဝယ်သူ၊ ထားဝယ်သားတွေရဲ့ အုတ်အော်သောင်းနင်း ကြိုဆိုကြပုံတွေကို မြင်ကြည့်ပြီး လွန်ခဲ့တဲ့ ကိုးနှစ်လောက်က အမေစုရဲ့ ကချင်ပြည်နယ် ခရီးစဉ်နဲ့ ဒီပဲယင်း အဖြစ်အပျက် မှတ်တမ်းတွေကို သွားသတိယနေမိတယ်...။

ထိုစဉ်က နအဖထောက်လှမ်းရေး ဗိုလ်ခင်ညွန့်တို့ရဲ့ သမိုင်းစာမျက်နှာ ဖွင့်လှစ်လိုက်ပြီ ဆိုပြီး.. ခွင့်ပြုချက်နဲ့ တရားဝင် သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ယနေ့ခရီးစဉ် ကွာဟချက်တွေပါ...။ ၂၀၀၃ခုနှစ် ဒီပဲယင်း ဖြစ်စဉ်တုန်းကတော့ ဒီလိုအင်တာနက်ခေတ်ကြီး မဟုတ်တော့ နေ့စဉ်သတင်းတွေကို ရေဒီယိုကနားထောင် နေရင်းနဲ့ စိတ်တထင့်ထင့် နားထောင်ခဲ့ရတာပါ..။ ဒီလို မီဒီယာတွေလည်း အားမကောင်းသေး၊ တနေ့တနေ့ အကြောက်တရားတွေ ကြားထဲက လူထုရဲ့ တနေ့တခြား ထောက်ခံလာမှုတွေကို ထိုစဉ်က ကြံ့ဖွတ်၊ စွမ်းအားရှင်နဲ့ နအဖစစ်အုပ်က အကွက်ကျကျနဲ့ လူမဆန်စွာ ခြေမှုန်းချင်း ခံလိုက်ရတာပါ..။

ဒီနေ့ဒီအချိန် ထူးခြားချက်ကတော့ IT ခေတ်ကြီးမှာ သတင်းတွေ မြန်မြန်ဆန်ဆန်နဲ့ အင်တာနက်ပေါ်မှာ ချက်ချင်း ဆိုသလို မြင်တွေ့နေရတာပါ...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုကလည်း အရင်ကအတိုင်း အပြောင်းအလဲ မရှိပဲ ပိုလို့တောင် တိုးလာသလို ပါတီတရားဝင် ရပ်တည်ခွင့် ရရှိနေတဲ့ အနေအထားမှာ ထားဝယ်လူထု ထောက်ခံကြိုဆိုမှု ကတော့ အတိုင်းထက် အလွန် တံခွန်နဲ့ ကုက္ကားပါ..။  တအိမ်တယောက် မထွက်မနေရ အတင်းအကြပ် ဆင့်ခေါ်ထားခြင်းလည်းမရှိသလို ဆီပေးမယ်၊ ဆန်ပေးမယ်၊ လမ်းခင်းပေးမယ်..၊ ဆင်ဖမ်းပေးမယ်၊ မြင်းဖမ်းပေးမယ်.. ဇလီဖာတုံး သွားကြားထိုးပေးမယ်စတဲ့ အကျိုးလိုလို့ ညောင်ရေသွန်းတဲ့ အပြောအဆိုတွေ အပေးအယူတွေနဲ့ စည်းရုံးထားတာတွေ မပါပဲ များပြားလှတဲ့ လူပင်လယ်ကြီးကြားမှာ အမေစုကို ကြိုဆိုနေကြတာ မြင်တွေ့နေရတာပါ...။
 ထားဝယ်ဒေသခံလူထုရဲ့ ထောက်ခံမှု ဓာတ်ပုံလေးတွေကို ပီတိဖြစ်ကြည်နှူးစွာ တပုံပြီးတပုံ ဖေ့စ်ဘွတ်မှာ တင်ပေးနေရင်းက ထားဝယ်ကနေ ရေဖြူ၊ လောင်းလုံ စတဲ့ခရီးစဉ်တွေ သွားရောက်ခဲ့ပြီး မောင်းမကန် အမေစုရဲ့နွမ်းလှ ပင်ပန်းနေတဲ့ကြားထဲက လူထုကို မိန့်ခွန်းပြောနေတဲ့ ပုံကိုတွေ့လိုက်ရတော့ ရင်ဆို့မတက် ခံစားလိုက်ရသလို အမေစု ကျန်းမာရေး၊ လုံခြုရေး အတွက်လည်း အင်မတန်မှ စိုးရိမ်စိတ် ဖြစ်ခဲ့ရပါတယ်..။ ယခုရက်ပိုင်းအတွင်း များပြားလှတဲ့ နိုင်ငံတကာမှ ဧည့်သည်တော်များနဲ့ တွေ့ဆုံရ၊ ပါတီရုံးခန်းဖွင့်ပွဲများ၊ အခမ်းအနားမျိုးစုံ၊ အစည်းအဝေးမျိုးစုံကြားထဲက ပြည်သူတွေထံ ကိုယ်တိုင် မရောက်အရောက်သွားပြီး ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အခင်းအကျင်းတွေ အတွက်ပင်ပင်ပန်းပန်း လုပ်ဆောင်ပေးနေရတာပါ..။ နှစ်ပေါင်းများစွာ အကျဉ်းကျခံရ..၊ သားတွေနဲ့ခွဲခွာ နှစ်ပေါင်းများစွာ စတေးခံပြီး တိုင်းပြည်အရေးအတွက် လွတ်မြောက်လာပြီး ကတည်းက နေ့မအား၊ ညမအား လုပ်ဆောင်ပေးနေရတာပါ..။ အမေစုကို အပြစ်ပြောလိုသူတွေ လွတ်လပ်စွာ အမြင်ကွဲပြားခွင့်ရှိပေမယ့်... ယခုဖြစ်ပေါ်လာတဲ့ တိုင်းပြည်မှာ တကြိမ်တခါမှ မြင်တွေ့ရဘူးခြင်း မရှိတဲ့ နိုင်ငံရေး အခင်းအကျင်းတွေဟာ သူ့ဘာသာသူ မိုးပေါ်က ကျလာတာမဟုတ်သလို လက်ရှိအစိုးရရဲ့ စေတနာတွေ ကောင်းမှုကြောင့်လည်း မဟုတ်ပါဘူး။

အပေးအယူနဲ့ တွေ့ဆုံဆွေးနွေးမှုတွေက ထွက်ပေါ်လာတဲ့ ရလာဒ်ကောင်းတွေပါ..။ တခြားအကြောင်းတွေ တခုမှ ပြန်လည် ဖြေရှင်းချက် မပေးလိုပေမယ့် အဖွဲ့ချုပ်မှတ်ပုံတင်တာ၊ ရွေးကောက်ပွဲ ဝင်တာကို အမြင်မကြည်လင်သူတွေ  အနေနဲ့ အဖွဲ့ချုပ်သာ ပါတီမှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ မဆုံးဖြတ်ခဲ့ဘူးဆိုရင် ယခုမြင်တွေ့နေရတဲ့ ပြည်သူလူထုရဲ့ မြင်ကွင်းတွေ အိပ်မက်တောင် မမက်နိုင်သလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆိုတာဟာလည်း ရွှေပြည်တော် မျှော်လေတိုင်းဝေး ဖြစ်နေဦးမှာ...။ ယခုဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခင်းအကျင်းတွေဟာ အနိမ့်ဆုံးအနေနဲ့ တရားဝင်ပါတီတခု ဖြစ်လာပြီ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုအနေနဲ့လည်း အဖွဲ့ချုပ် အဖွဲ့ဝင်တွေအပေါ် ပေါ်ပေါ်ထင်ထင် ထောက်ခံနိုင်သလို လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို လူမြင်ကွင်းမှာ ပေါ်ပေါ်ထင်ထင် ရောင်းချ၊ ဝန့်ဝန့်ကြွားကြွား ချိတ်ဆွဲ၊ သွားလာနိုင်ခွင့်တွေ ရရှိဖို့ ဆိုတာ ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး..။ ဖိနှိပ်ချုပ်ချယ်မှုတွေ အောက်မှာ ပြည်သူတွေအကြား နိုင်ငံရေး နိုးကြားတက်ကြွမှု ဆိုတဲ့ ရလာဒ်ကောင်းတွေ ထွက်ပေါ်လာတာဟာလည်း အထက်ပါ အချက်တွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်..။

လက်ရှိမြန်မာ့သမိုင်းမှာ မကြုံစဘူးရှိလည်း မရှိဘူးတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ နေ့စဉ်ရက်ဆက် တရားဝင် လာရောက်အလည်ပတ် ရောက်ရှိပြီး မြန်မာ့အရေး အဖြေရှာနေတာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်သလို လက်ရှိ အစိုးအရအနေနဲ့လည်း ကတိကဝက်တွေပေးပြီး နောက်ကြောင်း ပြန်မလှည့်ဘို့ လုပ်ဆောင်နေကြရတာလည်း ကျွန်တော်တို့ ခေါင်းဆောင်ကြောင့်ပါ..။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာ့နိုင်ငံရေးကို ကမ္ဘာကအဆက်မပြတ် မီးမှောင်းထိုး စောင့်ကြည့်နေရတာလို့ ဆိုရင်လွန်အံ့မထင်ပါ...။ ဒေါ်အောင်ဆန်းစုကြည်သာ မရှိရင်ဆိုတဲ့ အနေအထားလေးကို နည်းနည်းလောက် စဉ်းစားကြည့်ကြပါဗျာ..။ သားတကွဲ၊ ခင်ပွန်းတကွဲ.. နှစ်ပေါင်းများစွာ အကျဉ်းကျခံ၊ အသက်အန္တရာယ်က လုပ်ကြံ့ခံရပြီး သီသီလေး လွတ်မြောက်လာရတဲ့ မုဆိုးမတစ်ဦးရဲ့ ဘဝကို အပြစ်ပြောလိုသူတွေ နည်းနည်းလေး ကိုယ်ချင်းစာကြည့်ကြပါဗျာ...။
ဓာတ်ပုံ Getty Images
အပေါ်က ပင်ပန်းနွမ်းနယ်နေတဲ့ အမေစုရဲ့ ဓာတ်ပုံကို ကြည့်ပြီး ခံစားချက်နဲ့ ရေးမိတာပါ..။ အမေစု ကိုယ့်အတွက် ကိုယ့်ကိုယ်ကျိုးအတွက် လုပ်နေတာ မဟုတ်ပါဘူး တိုင်းပြည်အတွက် အများပြည်သူ ကောင်းစားရေးအတွက် လုပ်နေတာပါ..။ အများပြည်သူအတွက် နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံ တိုက်ပွဲဝင်နေတဲ့ အမေစုကို အရင်ကလည်း ထောက်ခံသလို၊ ယခုလည်း ထောက်ခံပါတယ်.. နောင်လည်း ထောက်ခံမှာပါ..။ ဒီလိုထောက်ခံမှုအတွက် တစုံတခုသော အကြောင်းကြောင်းကြောင့် မှားယွင်း ခဲ့ရင်တောင် ကျွန်တော်အနေနဲ့ ကိုယ့်ယုံကြည်ချက်၊ ဆုံးဖြတ်ချက်အတွက် မည်သည့်အခါမှ နောင်တရမှာ မဟုတ်ပါဘူး..။ 

အထက်က ပင်ပန်းနွမ်းနယ်နေတဲ့ ပြည်သူကြားက အမေစုရဲ့ ဓာတ်ပုံလေးတွေကို စိတ်မကောင်းစွာ ခံစားမိရင်းက ပြည်သူ့အတွက် အမေ ပင်ပန်းတာတွေ ပြေပျောက်ပါစေ..။ အသက်ရာကျော် ရှည်ပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ် အမေ..။


ဒီမိုဝေယံ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ခရီးစဉ်မှာ ဒေသခံ ပြည်သူလူထုမှ ဤသို့ ထောက်ခံကြိုဆိုခဲ့ကြပါတယ်... (ရုပ်သံ)

မောင်းမကန်မှာ ပင်ပန်းနွမ်းနယ်မှုတွေကြားက အမေစု..
ပြည်သူအတွက်အမေ ပင်ပန်းမှုတွေ ပြေပျောက်ပါစေ..
လူထုကြားက အမေစု...
ထားဝယ်ခရီးစဉ်မှာ ဒေသခံ ပြည်သူလူထုမှ ဤသို့ ထောက်ခံကြိုဆိုခဲ့ကြပါတယ်... (ရုပ်သံ Reuters)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ခရီးစဉ် ပြောကြားခဲ့တဲ့ မိန့်ခွန်းကောက်နှုတ်ချက်များ... (သတင်း၊ ဓာတ်ပုံ)

မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာ ထိပ်တန်း ခေါင်းဆောင်များနှင့် သူ(မ)၏ အင်းလျားကန်စောင်းရှိ အိမ်ဂေဟာတွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တောင်တန်း တစ်ဝက်၊ ပင်လယ်တစ်ဝက် အကြား၊ ရော်ဘာတောများ အကြား၊ ဆီအုန်းတောများ အကြားတွင် ပြည်သူလူထုနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်အတွင်း ဒေသခံ သိန်းချီ ကြိုဆိုခဲ့သည်။ ချစ်ရမည့်သူ ငတ်နေသော လူထုအတွက် ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထု စုစည်းမှု ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုကြသည်။ အချို့က မျက်ရည်လည်သည်။ မချိတင်ကဲ ရေရွတ်သည်။ ထားဝယ်၊ လောင်းလုံ၊ မောင်းမကန် လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည်မိန့်ခြွေခဲ့သော ပြောစကား ကောက်နှုတ်ချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။

" ထားဝယ်သူ၊ ထားဝယ်သားတွေက တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ပိုနားလည်နိုင်မှာပါ "

(နံနက် ၈ နာရီခွဲခန့်၊ ထားဝယ်NLD ရုံး)" ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို နောက်တစ်ခါ မဲမပေးနဲ့။ ကျွန်မတို့ NLD က လည်း ထပ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး "

" NLD ဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်သလား မခံနိုင်ဘူးလား သိချင်ရင်တော့ မဲထည့်လိုက်ပါ "

" တနင်္သာရီက ပြည်သူတွေရဲ့ သတ္တိပြောင်မြောက်တဲ့ အားပေးထောက်ခံမှုကို ကြည့်ပြီး တခြားနေရာတွေ ကလည်း ထောက်ခံကြမယ် "

" ကျွန်မတို့ဟာ မှော်ဆရာလည်း မဟုတ်တော့ အုံဖွ အားလုံးဖြစ်စေ ဆိုပြီး မလုပ်နိုင်ပါဘူး။ ကတိပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေကို ဘယ်တော့မှညာမှာ မဟုတ်ဘူး "

" ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ပြည်သူက မထောက်ခံခဲ့ရင် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး "

" ကျွန်မတို့ လုပ်နိုင်တာ ရှိရင် လုပ်နိုင်တယ်လို့ ပြောမယ်။ မလုပ်နိုင်တာ ရှိရင် မလုပ်နိုင်ဘူးလို့ ပြောမယ်။ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စဆိုရင် ဖြစ်အောင်ကို လုပ်ရမှာပဲ "

" ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို မဲထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး။ ထိန်းထားနိုင်ဖို့လည်း လိုတယ် "
အစိုးရတိုင်းကို ပြည်သူတွေက ထိန်းထားနိုင်မှ တကယ့် ဒီမိုကရေစီ ရပြီလို့ ကျွန်မတို့ ပြောနိုင်မှာပါ "

(ညနေ လေးနာရီခန့်၊ ဘေဘီစတိုး၊ ဗိုလ်ချုပ်လမ်း)

" ပထမဦးဆုံး စည်းရုံးရေးခရီး တနင်္သာရီကို ဆင်းတာ မှန်သွားပြီ "

" ပြည်သူ့အသံကို နားထောင်ရမယ်။ နားထောင်ရုံ နဲ့လည်း မပြီးဘူး။ လုပ်ချင်တဲ့ ဆန္ဒ ရှိရမယ်။ ဆန္ဒရှိရုံနဲ့လည်း မပြီးသေးဘူး ။ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ရှိရမယ် "

" တနင်္သာရီ ဒေသဟာ သဘာဝ အလှတွေနဲ့ အရမ်းကို ပြည့်စုံနေတဲ့ နေရာပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကောင်းပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်ရမယ် "


(နေ့လည် သုံးနာရီခန့်၊ မောင်းမကန် ကမ်းခြေ)

သတင်းရင်းမြစ်..

by The Voice Weekly

- ဟန်ထက် ပေးပို့သည်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ခရီးစဉ် မြင်ကွင်းများ...
 ထားဝယ်လေဆိပ်မှ အထွက်... ကြိုဆိုသူ ပရိသတ်များ..
 ရေဖြူ မြို့မှ ပြည်သူလူထု မြင်ကွင်းများ..
တအိမ်တယောက် မတက်မနေရလည်း မပြောဆိုရပါ..။ နေရာမရမှာစိုးလို့ အစောကြီးကတည်းက လာစောင့်နေကြတဲ့ အမေစုအား မေတ္တာပေးမယ့် လူထုပရိသတ်များ...
မယ်ဝယ်သားဂူလောင်း အမေစုကို ရှစ်တယ်...

ထားဝယ်သားပြည်သူများအား လေးစားဂုဏ်ယူပါသည်...။

နေခြည်မှာ ရွှေရည်လောင်း အမေစုနဲ့ ထားဝယ်ပြည်သူအပေါင်း...
ဓာတ်ပုံ ... Reuters,Getty Images

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့ကို ရောက်ပြီ..


ဒီကနေ့ မနက်ပိုင်းက ကျွန်တော်တို့ အမေစု ထားဝယ်မြို့ကို ရောက်ရှိလာပါတယ်..။ ဒီလို သောင်းသောင်းဖြဖြ လူထုက ကြိုဆိုကြပါတယ်..
Getty Images
 ကြိတ်ကြိတ်တိုးစည်ကားနေသော ထားဝယ်ကားလမ်းတနေရာ
The Voice Weekly

ထားဝယ်ပြည်သူလူထု သိန်းချီ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြသည်။ ထားဝယ်မြို့ခံအချို့က ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို လက်ပြရင်း မျက်ရည်များ ကျကာ အော်ဟစ် ငိုကြွေးနေကြသည်။ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းတွင် ယာဉ်စီးရေ စုစုပေါင်း ၆၀ ကျော် လိုက်ပါနေပြီး ဆိုင်ကယ် အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလှသည်။ လူတိုင်း၏ လက်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခွပ်ဒေါင်းအလံငယ်များ ကိုင်ဆောင် ဝှေ့ယမ်းနေကြသည်။

(၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်၏ အိမ်အပြန်ခရီးအား နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များမှ ကြိုဆိုပို့ဆောင် ပေးခဲ့ပါတယ်...

၂၀၀၆ခုနှစ်   လောင်စာဆီဈေးနှုန်း ကျဆင်းရေးလှုပ်ရှားမှုနဲ့ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကြီးအတွင်း ဦးဆောင်ပါဝင်ခဲ့ပြီး တိမ်းရှောင် လှုပ်ရှားခဲ့တဲ့ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်အား လုပ်ဖော်ကိုင်ဘက် ကိုမင်းကိုနိုင်နဲ့ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်များနဲ့ မျိုးဆက်သစ် ဗကသ ခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ အဖွဲ့ဝင်များမှ ယနေ့ နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်..။
၂၀၀၆ခုနှစ် သြဂုတ်လကတည်းက အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုတွေကြားက ထွက်ပြေး တိမ်းရှောင်နေခဲ့ရပြီး (၈၈)မျိုးဆက် ကျောင်းသားများ ကိုယ်စား မီဒီယာမှာ မကြာခဏ ပေါ်ထွက်လာလေ့ရှိတဲ့ ကိုထွန်းမြင့်အောင်ဟာ ၆နှစ်ကြာ ခွဲခွါခဲ့ရတဲ့ မိဘနှစ်ပါးနဲ့ ယနေ့ ပြန်လည် တွေ့ဆုံခဲ့ရပါတယ်..။
သတင်း.. ဓာတ်ပုံ၊ ဒီမိုဝေယံ၊ ခမိခဆဲ

ပြီးခဲ့တဲ့ ၂၂ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ်(ခ)ကိုငြိမ်းလူ ဈာပနအတွက် ဂျပန်နိုင်ငံရောက် စေတနာရှင် (၃)ဦးရဲ့အလှူ...

 ပြီးခဲ့တဲ့ ၁၃ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပြီး ၉ရက်အကြာ မှာကျဆုံးသွားခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ ဈာပနအတွက် ဂျပန်နိုင်ငံရောက် စေတနာရှင်(၃)ဦးမှ ဈာပန အကူငွေ ငွေကျပ်(၂)သိန်းအား ကိုငြိမ်းလူ၏ အမဖြစ်သူ ဒေါ်မာလာနွယ်အား မနေ့က ပေးအပ်လှူဒါန်းခဲ့ပါတယ်..
မတရားဖမ်းဆီး အကျဉ်းချမခံရမှီ ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ ဓာတ်ပုံ
မတရားသဖြင့် လူမဆန်စွာ နှိပ်စက်ညှင်းပန်း ထောင်သွင်း အကျဉ်းချခံရပြီး ကျဆုံးချိန်မှာ မြင်တွေ့ရတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူ
ကိုသက်နွယ်(ခ)ကိုငြိမ်းလူဈာပနမှ အမဖြစ်သူ ဒေါ်မာလာနွယ် ပြောတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူအကြောင်း....(Burma VJ ရုပ်သံ)
 ပြီးခဲ့တဲ့ ၂၀၀၂ခုနှစ် ထိုစဉ်က ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့  ထောက်လှမ်းရေး (၁၆)မှ ကိုသက်နွယ်(ခ)ကိုညိမ်းလူနဲ့ အမဖြစ်သူအား လက်နက်မှုနဲ့ မတရားဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ကိုသက်နွယ်(ခ)ကိုညိမ်းလူအား စစ်ကြောရေးမှ လူမဆန်စွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခြင်း ခံခဲ့ရပါတယ်..။

ပြီးခဲ့တဲ့ ၁၃ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ်(ခ)ကိုညိမ်းလူဟာ စစ်ကြောရေးအတွင်း ထောက်လှမ်းရေးများရဲ့ လူမဆန်စွာ စစ်ဆေးနှိပ်စက်မှုများနဲ့ ထောင်သွင်းမှရရှိလာတဲ့ အသဲရောဂါကြောင့် ထောင်မှ လွတ်မြောက်ပြီး ကိုးရက်အကြာမှာ ဝေဒနာကို အပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်..။ ဒီကနေ့ ၂၄ရက်နေ့မှာတော့ ကိုသက်နွယ်(ခ)ညိမ်းလူရဲ့ ရုပ်ကလပ်အား ရေဝေးသုသာန်မှာ သဂြိုလ်ခဲ့ပါတယ်။
ကိုသက်နွယ်(ခ)ကိုငြိမ်းလူ၏ ၁၃ရက်နေ့က လွတ်ဝရမ်း သာမန်လွတ်ရက် ၂၀၉၃ခုနှစ်ထိ ချမှတ်ခဲ့ပြီး ရောဂါကျွမ်းချိန်မှာ ပြန်လွတ်ပေးခဲ့ပါတယ်...။

ကိုသက်နွယ်(ခ)ကိုငြိမ်းလူအား စစ်ကြောရေးမှ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့ပုံအကြောင်း.
(ကိုငယ်ရဲ့ ကွန်မာန့်ပါ)
ကိုသက်နွယ်(ခ)ညိမ်းလူ အနှိပ်စက်ခံခဲ့ရတဲ့နည်းတွေထဲက တခုကိုတော့ ကျွန်တော်ပြောပြချင်တယ်၊ ရိုင်းသွာရင်ခွင့်လွှတ်ပါ၊ အမှန်တရားကို သိစေချင်တာကြောင့်ပါ၊ ဗုံးခွဲတယ်ဆိုပြီးစွပ်စွဲပြီးတော့ လူ့ရဲ့မစင်ကိုအတင်းအကြပ် ကျွေးပါတယ်၊ မစားလို့စေ့ထားတဲ့ သွားကိုရိုက်ချိုးပြီး လူ့မစင်ကိုပါးစပ်ထဲ အဓမ္မ သိပ်ထည့်ပြီး မျိုချခိုင်းပါတယ်၊ နောက်ထပ်အလုပ်မခံချင်ရင် ပြစ်မှုကိုကျူးလွန် မိခဲ့ပါတယ်ဆိုပြီး မမှန်မကန်တဲ့ဖြောင့်ချက်ကိုယူဘို့ ချိန်းခြောက်ပါတယ်၊ အစပိုင်း တော့အဲဒီလို အမှန်အတိုင်း မလုပ်ဘူးကြီး ဖြေနေလိုက်တာ လေးခါလောက်လဲ စစ်လိုက်ရော ပါးစပ်မှာ အံသွားလောက်ဘဲကျန်တဲ့ အခြေအနေ ဖြစ်သွားပါတယ်၊ နောက်ဆုံး စစ်ဆေးရေးအလိုကျ ပြောပါ့မယ်လို့ ကတိပေးမှ ယဉ်ကျေးသိမ်မွေ့စွာ စစ်ဆေးတဲ့ပုံစံကို ဗီဒီယိုရိုက်ထားပါတယ်၊ ထုံးစံအတိုင်း ဘယ်သူ့ချိန်းခြောက်မှုမှ မပါဘဲ မိမိသဘောအတိုင်း အဖြစ်မှန်ကို ထွက်ဆိုခဲ့တဲ့ ပုံစံဖြစ်အောင် သက်သေအဖြစ် မှတ်တမ်းတင်ထားပါတယ်၊ နောက်ဆုံးတော့ ဝန်ခံဖြောင်ချက်ပေးတဲ့အတွက် သေဒါဏ်အစား ထောင်ဒါဏ် တသက်တကျွန်း တံခါးပိတ် အမိန့်ချလိုက်တယ်။ သွားမရှိတဲ့ သူကိုတိုက်ပိတ်ပြီး ထ္မင်းထဲမှာ ဂဲထည့်ကျွေးမှတော့ သွားဖုံးတွေ စုတ်ပြတ်သတ်ပြီး ပါးစပ်ထဲမှာ အနာဖြစ်ပါလေရော၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာကြီးဘဲ စားသောက် နေရတော့အသဲကို ဒုက္ခပေးတော့တာပေါ့။ ပြုသူအသစ်ဖြစ်သူ အဟောင်းလို့ဘဲ သဘောထားကြပါလို့ ဘေးလူတွေက တရားချကြပေမဲ့ ဒီမိုကရေစီမြေဇာပင်တွေ ရဲ့ဘဝမှာ ကိုယ်ကိုယ်တိုင် စိတ်ကူးနဲ့တင် ကိုယ်ချင်းစာ စဉ်းစားကြည့်တော့ သွေးတွေ ဆူလာပါတယ်ဗျာ။ ဒီထက်ဆိုးတာတွေ အများကြီး ရှိပါသေးတယ်ဗျာ။ ပြောရင်းနဲ့ စိတ်ထိခိုက်လို့ ယောကျာင်္းတန်မဲ့ မျက်ရည်ကျမိပါတယ်။