ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label ဝမ်းနည်းမှတ်တမ်း. Show all posts
Showing posts with label ဝမ်းနည်းမှတ်တမ်း. Show all posts

သြဂုတ်လ(၂၆)ရက်နေ့က ကွယ်လွန်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံကိုဘမောင်၏ နိုင်ငံရေးလုပ်ဆောင်ချက်များ..

သြဂုတ်လ (၂၆)ရက်နေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံကိုဘမောင် အားဇွန်လ(၆)ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရန်ကုန်ဆေးရုံကြီး၌ သွားရောက် အားပေးစဉ်က မြင်တွေ့ရစဉ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ ကိုဘမောင် ကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်း... ဝမ်းနည်း မှတ်တမ်း တင်အပ်ပါသည်...။

မိတ်ကောင်းဆွေကောင်းနဲ့ ခရီးသွားခဲ့တဲ့ (စာရေးဆရာကြီး နန္ဒာသိန်းဇံ ကွယ်လွန်...)

မြန်မာနိုင်ငံရဲ့ အတွေးအမြင် စာရေးဆရာတွေထဲမှာ ထင်ရှား ကျော်ကြားတဲ့ စာရေးဆရာကြီး နန္ဒာသိန်းဇံ အသက်(၆၅)နှစ်ဟာ ယနေ့ညနေပိုင်းက ရန်ကုန်မြို့မှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့ကြောင်း သိရှိရပါတယ်...။ ဆရာကြီးကွယ်လွန်သွားတာဟာ မြန်မာ့စာပေလောကအတွက် အင်မတန်မှ ဆုံးရှုံးနစ်နာမှုဖြစ်ပါတယ်...။ ဆရာကြီးကောင်းရာ သုဂတိလားပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်..။

နန္ဒာသိန်းဇံ (၁၉၄၇-၂၀၁၁)
၁၉၄၇ - ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်၊ သောကြာနေ့၌ ပဲခူးတိုင်း ပေါင်းတည်မြို့တွင် အဖ-ဦးညီကွန်း၊ အမိ-ဒေါ်ဟန်တင်တို့မှ မွေးဖွားပြီး မွေးချင်း(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အမည်ရင်းမှာ မောင်သိန်းဇံဖြစ် သည်။

၁၉၅၃ - ၁၉၆၂ - ပေါင်းတည်မြို့ အ.ထ.က(၁)တွင် မူလတန်းမှ အထက်တန်းအထိ ပညာသင်ယူခဲ့။

၁၉၆၂-ခုနှစ်တွင် အထက်တန်းစာမေးပွဲကို ပဲခူးတိုင်းတစ်တိုင်းလုံး၌ ပထမအဆင့်ဖြင့် အောင်မြင်ခဲ့။

၁၉၆၃ - ''သိန်းဇံ'' ဟူသော ကလောင်အမည်ဖြင့် စာပေနယ်သို့ဝင်ခဲ့သည်။ ပထမဦးဆုံး ဆောင်းပါးအနေဖြင့် ''မှတ်ဥာဏ်နှင့် အတွေးအခေါ်'' (၁၉၆၃-နိုဝင်ဘာ-တွဲ-၁၁၊ အမှတ်-၄-သင့်ဘ၀)ကို စတင်ရေးခဲ့။ နောက်ပိုင်း သိန်းဇံ အမည်တူရှိသဖြင့် ''နန္ဒသိန်းဇံ''အမည်သို့ ပြောင်းလဲရေးသားခဲ့။

၁၉၆၃ - ၆၆ - ဒဿနိကဗေဒ ၀ိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့။

၁၉၆၇ - ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာနထုတ် ဒဿနမဂ္ဂဇင်းနှင့် ရတနာမွန်အပါအ၀င် အခြားစာနယ် ဇင်းအမျိုးပေါင်း(၄)ခုတွင် ဘာသာရေး၊ လူမှုရေးဒဿနနှင့် ဆိုင်သော ဆောင်းပါးများကို ရေးသားခဲ့။

၁၉၆၇ - ၆၈ - ဒဿနိကဗေဒ-မဟာဝိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့။

၁၉၆၉ - ပထမဆုံးလုံးချင်းစာအုပ်မှာ မဟာဝိဇ္ဇာဘွဲ့ယူစဉ်က တင်သွင်းခဲ့သော ကျမ်းတစ်စောင်ဖြစ်သည့်'' ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာ'' ဖြစ်သည်။

၁၉၇၀ - မေလ(၂၆)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာန၌ နည်းပြဆရာအဖြစ် စတင်တာဝန် ထမ်းဆောင်။

၁၉၇၀ - ၇၂ - (၂၄ရက် သြဂုတ် ၁၉၇၀မှ ၆ရက် စက်တင်ဘာ ၁၉၇၂အထိ) မော်လမြိုင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် အမှုထမ်းခဲ့။

၁၉၇၂- ၇၉ - (၇ ရက် စက်တင်ဘာ ၁၉၇၂မှ ၁၄ရက် ဖေဖော်ဝါရီ ၁၉၇၉ အထိ) ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ်အမှုထမ်းခဲ့။

၁၉၇၉ - (၁၉ရက် သြဂုတ် ၁၉၇၈)ရက်နေ့ လုပ်သားများကောလိပ်ဒဿနိကဗေဒအသင်း ''ဘ၀ခရီးအတွက် အတွေးအမြင်များ'' ဟောပြောချက်မှ စာအုပ်အဖြစ်ထုတ်ဝေသော ''ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း'' စာအုပ်သည် ထင်ရှား လူကြိုက်များ။

၁၉၇၉ - ၈၀ - (၁၅ရက် ဖေဖော်ဝါရီ ၁၉၇၉မှ ၇ရက် ဖေဖော်ဝါရီ ၁၉၈၀ထိ) ထားဝယ်ကောလိပ်ဌာနမှုး။

၁၉၈၀ - သြဂုတ် (၂)ရက်မှ အောက်တိုဘာ(၁၀)ရက်ထိ ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာ။

၁၉၈၀ - ၈၆ - (၁၁ရက် အောက်တိုဘာ ၁၉၈၀မှ ၂ရက် ဧပြီ ၁၉၈၆ထိ) ရန်ကုန်တက္ကသိုလ်တွင် လက်ထောက် ကထိက။

၁၉၈၆ - ၈၈ - (၃ရက် ဧပြီ ၁၉၈၆မှ ၂၅ရက်ဇွန် ၁၉၈၈ထိ) ပုသိမ်ဒီဂရီကောလိပ်တွင် ကထိကဌာနမှုး။

၁၉၈၈ - ၉၆ - (၂၆ရက် ဇွန် ၁၉၈၈မှ ၃၁ရက် ဇန်န၀ါရီ ၁၉၉၆ထိ) ရန်ကုန်တက္ကသိုလ်တွင် ကထိကအဖြစ် အမှုထမ်း။

၁၉၉၆ - ၁၉၉၇ - (၁ရက် ဖေဖေါ်ဝါရီ ၁၉၉၆မှ ၁၆ရက် ဇူလိုင် ၁၉၉၇ထိ) မော်လမြိုင်တက္ကသိုလ်တွင် ကထိက အဖြစ် အမှုထမ်း။

၁၉၉၇ - ၂၀၀၃ - (၂၃ရက် ဇူလိုင် ၁၉၉၇မှ ၁ရက်ဇူလိုင် ၂၀၀၃ထိ) ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် တွဲဖက်ပါမောက္ခ။ (၁၈ရက် ဧပြီ ၂၀၀၃)မှစ၍ ပါမောက္ခအဖြစ်အမှုထမ်း။

၁၉၉၈ - ဒီဇင်ဘာလတွင် သာသနာတော်ထွန်းကားပြန့်ပွားရေးဌာန၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် ရင်း ထေရ၀ါဒဗုဒ္ဓဘာသာ-ပထမနှစ်ကို ယုတ္တိဗေဒ၊ အိန္ဒိယဒဿနနှင့်ဗုဒ္ဓဘာသာ-သာသနာပြန့်ပွားရေးနှင့် ဆိုင်သော သာသနာပြုရေးဘာသာရပ်များ၊ မဟာဝိဇ္ဇာ-ပထမနှစ်တွင် တရုတ်ဒဿန၊ မဟာယာနဗုဒ္ဓဘာသာ၏ စွပ်စွဲချက်များကို ထေရ၀ါဒဗုဒ္ဓဘာသာမှ ပြန်လည်ချေပချက်များနှင့် စိန်ခေါ်မှုကို တုန့်ပြန်သော ဘာသာရပ်များ မဟာဝိဇ္ဇာ-ဒုတိယနှစ်တွင် မျက်မှောက် အနောက်တိုင်းဒဿန အဓိကအကြောင်းရပ်များဖြစ်သော ဒဿနပြဿနာ ထေရ၀ါဒ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စာတမ်းများ စသည့်ပညာရပ်များကို ယခုတိုင် အချိန်ပိုင်း ကြီးကြပ်သင်ကြား ရင်းတာဝန်ထမ်းဆောင်လျက်ရှိ။

၂၀၀၄ - ဧပြီ(၁)ရက်နေ့တွင် နိုင်ငံတော်မှ မဟာသဒ္ဓမဇောတိကဓဇဘွဲ့ ချီးမြှင့်ခြင်းခံရ။

၂၀၀၅ - ဒီဇင်ဘာ(၂၆)ရက်မှစ၍ ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် ပါမောက္ခ၊ ဌာနမှုးအဖြစ် တာဝန်ထမ်း ဆောင်ရင်း မဟာဝိဇ္ဇာပထမနှစ်နှင့် ဒုတိယနှစ်များကို ဂျပန်နှင့်တရုတ်ဒဿနဘာသာရပ်။ မဟာဝိဇ္ဇာနောက်ဆုံး နှစ်ကို မြန်မာ့အတွေးအခေါ်နှင့် မူရင်းကျမ်းများနှင့်ဆိုင်သော ပညာရပ်များ။ ပါရဂူဘွဲ့ကြိုသင်တန်းကို Philosophy of Culture တွင်ပါဝင်သော Art and Culture ပညာရပ်များ။ ပါရဂူတန်းအတွက် ရေးသားပြုစုသော Dissertation များကို ကြာသပတေးနေ့တိုင်း ကြီးကြပ်လမ်းညွှန် သင်ကြားပေးလျက်ရှိ။ ယခုအချိန်အထိ စာနယ်ဇင်းများတွင် ပါ ၀င်ရေးသားလျက်ရှိ။

''ရေးသားထုတ်ဝေခဲ့ပြီးစာအုပ်များ''
၁။ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ
၂။ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင့်ခရီးစဉ်
၃။စိတ်အဆင့်ဆင့်မြင့်တက်ခြင်းသဘာဝ
၎။အတွေးအခေါ်တို့ လွင့်မျောခြင်းနှင့် လူ၏ဆောက်တည်ရာ
၅။စီးပွားရေးနှင့် စစ်ရေးဗျူဟာ
၆။ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
၇။မှန်သောစကားကိုဆိုခြင်းနှင့် ပတ်သက်သောမှတ်ချက်များ
၈။မြန်မာ့ယဉ်ကျေးမှု သင်္ကေတ''ကြာ''
၉။ဖြေဆည်ရာ
၁၀။ထေရ၀ါဒနှင့်ပတ်သက်သောမှတ်ချက်များ
၁၁။နက္ခတ်ဗေဒင်နှင့်မြန်မာ့အတွေးအမြင်အစဉ်အလာ
၁၂။မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း
၁၃။အသွင်သဏ္ဍာန်တို့ နောက်ကွယ်၌
၁၄။အရိမဒ္ဒ္ဒနမှ တွေးမြင်ရနံတို့ ဝေ့ပျံနေဆဲ
၁၅။မနက်ဖြန်များကို ဖြတ်သန်းနေသောစိတ်ကူးများ
၁၆။တွေးချိန်ချင့်စရာ
၁၇။Through Life's Perils
၁၈။ပြောရင်းပြောနေမည့်ချစ်ခြင်းမေတ္တာ

ဆရာ့အတ္တုပ္ပတ္တိအား
http://www.myanmarbookshop.com/Authors/Biography.aspx?intAuthorID=304 မှ ရယူပါသည်...။

နိုင်ငံရေးအကျဉ်းသားဟောင်း အလုပ်သမားခေါင်းဆောင် ဦးအေးကြည် ဈာပန အခမ်းအနား ဓာတ်ပုံ/ ရုပ်သံ....


ဓာတ်ပုံပေးပို့လာသူအား ကျေးဇူးတင်ပါသည်။

မဇ္ဈိမရုပ်သံ

၈၈ မျိုးဆက်အဖွဲ့မှ မမာမာဦး၏ ဖခင်ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ပြည်တွင်းက ပေးပို့ လာတာလေးကို တင်ပြလိုက်ပါတယ်...

၂၁ရက်နေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ နောက်ဆုံးတွေ့ရတဲ့ မမာမာဦးရဲ့ ဖခင် ဦးအုန်းမောင်
၈၈မျိုးဆက် ကျောင်းသူမမာမာဦး
ဗန်းမော်ထောင်မှာ နှစ်၇၀ ထောင်ကျခံနေရတဲ့ ၈၈ မျိုးဆက်အဖွဲ့မှ မမာမာဦး ဖခင် ယနေ့တွင် ကွယ်လွန်ကြောင်းသိရပါတယ်။ မူလထောင်ဒဏ် ၆၅နှစ် မတရားချခံနေရတဲ့ မမာမာဦးဟာ ၂ဝဝ၅မှာ လွှတ်ပေးစဉ်က ကျန်ခဲ့တဲ့ ပြစ်ဒဏ်ကြွေး၅ နှစ်ကိုပါ တိုးပြီး စုစုပေါင်း ထောင်ဒဏ် နှစ် ၇ဝနဲ့ ဗန်းမော်ထောင်မှာ အကျဉ်းကျခံ နေရပါတယ်။

၂၀၁၀ မတ်လ ၃၀ရက်နေ့က နောက်ဆုံး ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ မမာမာဦး ဖခင်ဦးအုန်းမောင်အား သျှမ်းသံတော်ဆင့်ရဲ့ ဆက်သွယ်မေးမြန်းချက်မှာတော့

ယခုထောင်ဝင်စာတွေ့စဉ် အဖေတစ်ခု သမီးတစ်ခုဖြစ်သည့် သူမအနေဖြင့် ပြင်ပလောကသို့ ထွေထွေထူးထူး မှာကြား ခြင်းမရှိပဲ “အဖေ ကျန်းမာအောင် နေပါ အဖေ မသေနဲ့အုံး အဖေသေရင် ကျမထောင်ဝင်စာ မရတော့ဘူး” ဟု သာ ဖခင်အား မှာကြားခဲ့ကြောင်း သိရသည်။

အသက် ၇၃နှစ် ကျော်အရွယ်ရှိ ဦးအုန်းမောင်သည် ရန်ကုန်မှ ဗန်းမော်အထိ အဆင့်ဆင့်ခရီးဆက်ခဲ့ရသဖြင့်ဒယီးဒယိုင် ဖြစ်လျှက်ရှိကာ မောပန်းနွမ်းနယ်နေကြောင်း သိရသည်။

ဖခင် မေတ္တာကြီးမားတဲ့ အဘဦးအုန်းမောင်

ကျွန်တော်ကိုလူမော်ပါ ...... မမာမာဦးဖခင် ဦးအုန်းမောင်ဟာ နှလုံးရောဂါ အခံရှိပါတယ်။ မမာမာဦးကို ကျွန်တော် မမြင်ဘူးပါဘူး။ သူကအခု ကျွန်တော့်အဖေ ထောင်ကျရာ ဗန်းမော်မှာပါ။ ကိုယ်ချင်းစာပါတယ်။ မိဘမေတ္တာလေ ဗန်းမော်ထိ ဦးအုန်းမောင်က သွားမယ်ဆိုတော့ ကျွန်တော်လန့်သွားတယ်။ ဖြစ်ပါ့မလားပေါ့ ။ ရတယ်တဲ့။ ရအောင်သွားတယ်။ သွားဖို့ လမ်းစာရိတ်ကို အိုင်စီအာစီကပေးတယ်။ ဒါပေမယ့် အလုပ်အကိုင်မရှိတဲ့ အဘကြီး ။ ထမင်းတောင်နပ်မှန်မှု မရှိတဲ့ အဘက ဘယ်လိုသူ့သမီးအတွက် ပစ္စည်းတွေ ယူသွားမှာလဲ။ သမီးကိုတွေ့ပြီး ပြန်လာမှာလား။ မိဘမေတ္တာကတော့ အပြည့်ပြုံးနေတာပဲ။ ရယ်နေတာပါပဲ။ ဒါပေမယ့် စားစရာတောင် အနိုင် နိုင် ကျွန်တော်သိတယ်။ သူ့မိတ်ဆွေတွေက ပြောတယ် သိထားပြီးပြီး ထမင်းလေး100ဖိုး၊ ဟင်းလေး150ဖိုးနဲ့စားရတယ်။ ဒါတောင်နပ်မှန်အောင် မစားနိုင်ဘူး။ သူ့သမီးအတွက် သွားရင်ပါသွားဖို့ မုန်လေးတွေ၊ ပစ္စည်းလေးတွေ ၀ယ်စုထားတယ်တဲ့။ ဒါသူများပြောတာ။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ဆိုင်လေးမှာ ထမင်းကျွေးတယ် ဟင်းလေးနဲနဲပဲစားတယ် ..။ ထမင်စားလဲနည်းတယ် တော်ပြီတဲ့ ၊ စားပါအဘရဲ့ ကိုယ့်မိသားစုတွေလိုပေါ့။ ဒီလိုပဲ ကျွန်တော်လဲရှိတုန်း ကျွေးနိုင်တာ။ စားပါ အဘနေကောင်းမှ ဖြစ်မှာပေါ့လို့ ။ ဒါနဲ့ ပြန်တော့ ငွေ၃ထောင်ပေးလိုက်တယ် လမ်းစားရိတ်။ မမာမာဦးဆီသွားမယ့် နေ့လာခဲ့ပေါ့လို့ ပြောလိုက်တယ်။ ငိုက်စိုက်ငိုက်စိုက်နဲ့ ကျွန်တော် လိုက်ပို့လိုက်တယ် ကားမှတ်တိုင်ကို အလုံကနေ ကားစီးလေရဲ့။

နောက် မမာမာဦးဆီသွားကာနီး ရောက်လာပါတယ် ၁သောင်းပေးလိုက်တယ်။ ဘာတွေ ၀ယ်မှာလဲမေးတော့။ ဟိုနေ့က ပေးတဲ့သုံးထောင်နဲ့ ၀ယ်ထားတာလေးတွေ ရှိတယ်တဲ့။ အဘစားဖို့ ကျွန်တော် သက်သက်ပေးတာပါ။ အခုပေးတာမမာမာဦး အတွက်လို့ ။ ဘာတွေဝယ်ထားလည်း မေးတော့ ခေါက်ဆွဲခြောက်ထုတ်တွေ။ ကွေကာအုပ်တွေတဲ့။ ကြိုစုထားတာ အဘသွားတိုင် ဘာမှမပါသွားတော့ သုံးရင်းစွဲရင်း ပါသွားလို့ သမီးအတွက် အဖတ်တင်အောင် ကြိုဝယ်ထားလိုက်တာတဲ့။ ဒါဆိုလဲ အဘကြည့်ကောင်းသလိုလုပ်ပါလို့ပြောလိုက်တယ်။ အဘ ပြန်လာရင် ကျွန်တော့်ကို အင်္ဂလိပ်စာသင်ပေး ကျွန်တော် တလ 3သောင်းပေးမယ်ပေါ့။ ကလေးတွေကိုရော အဘကလဲ ပျင်းနေတာ ၊ဘယ်တော့သင်မလဲဘာလဲနဲ့။ တချက်ခုတ်နှစ်ချက်ပြတ် ကျွန်တော်စီစဉ်တာ။ ချို့တဲ့သူမို့ပါ။ ဒါပေမယ့် မအောင်မြင်ပါဘူး။ ကျွန်တော်ဆီ သူရေရှည် မလာနိုင်ဘူး။ ကျန်မာရေးလည်း မကောင်းဘူး။ ဘယ်လို လုပ်ပေးရမှန်း မသိဖြစ်ရတယ်။ လုပ်နိုင်တာလုပ်ပေးတယ်။ မာမာဦးဆီသွားမယ်ဆို တစ်သောင်းပေးတယ်။ NLD ရုံးရောက်တိုင်း ဒေါ်ရှု့ကိုမေးရတယ်... သူဘယ်လို ရပ်တည်နေလဲပေါ့။ သူ့အကြောင်း ခေါင်ထဲထည့်ထားတယ်။ ခေါင်းထဲ ထည့်ထားရတာတွေကလဲ များတယ်လေ။

တခါတလေ ရုံးမှာတွေ့တယ် မှိုင်နေတာပဲ။ စကား ကျွန်တော်သွားပြောတယ်။ အဘ လို့ဆိုတော့ အေးတဲ့။ စကားတွေဘာတွေ ပြောလိုက်သေးတယ်။ နောက်တော့ မသင်္ကာတာနဲ့ အဘကျွန်တော် လူမော်လေလို့ ပြောတော့ ဟုတ်လားတဲ့ အေးအေး ဘယ်သူမှန်းမသိလို့တဲ့ နေကောင်းလားတဲ့. အဘမျက်လုံး ကောင်းကောင်း မမြင်ဘူး အရင်ကနဲ့မတူဘူးတဲ့။ အဘ မမာမာဦးဆီသွားမလို့တဲ့။ ဟုတ်ကဲ့ နီးရင်ပြောဆိုပြီး ပြောခဲ့တယ်။ အဲဒါနဲ့ပြန်လာတယ်။ နောက်တော့ ကျွန်တော်လဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လုပ်ဖို့ တာဝန်ယူထားတော့ တာစူနေတာ သတိမထားဖြစ်ဘူး။ အန်တီရူ.ဆီကဖုန်းဝင်လာတယ် ဦးအုန်းမောင်နှလုံး ရောဂါနဲ့ဆေးရုံမှာတဲ့။ သူ့အတွက်အကူပေးဖို့ မိတ်ဆွေတစ်ယောက်ဆီ အကူအညီတောင်း ထားတယ်။ မကြာပါဘူး ပြန်ဆင်းလာပြီတဲ့။ ကျွန်တော်လဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးရေးနေ့ ကျင်းပတဲ့နေ့ ...အဘဦးအုန်းမောင် ရောက်လာတယ်။ အဘ မောနေလား ဘာလို့လာတာလဲ။ လာရမှာပေါ့ကွာတဲ့ ...မင်းပွဲကိုးတဲ့။ နေကောင်းလို့လားလို့ မေးလိုက်တော့။ လမ်းမှာ ၇ခါတောင် နားပြီးမှာလာတာမို့လို့ ခုချိန်မှရောက်တာတဲ့။ အော်လူငယ်တစ်ယောက်ပေါ်မှာ နိုင်တာလေးနဲ့ တုံပြန်တဲ့ လူကြီးတစ်ယောက်ပါပဲ ။ ပြန်တော့ စိတ်မကောင်းဘူး ကျွန်တော်လည်း လူတွေဧည့်ခံနေရင်းက အဘ မသွားနဲ့ဦးနော် ဆိုပြီး စိုက်ကြည့်ပြီး ပြောလိုက်တယ်။ အေးတဲ့။ တော်ကြာတော့ ပျောက်သွားတယ်။ အဘဘယ်ထွက်သွားတာ လဲမေးတော့။ မသိကြဘူး။ ကျွန်တော် ကဗျာကယာနဲ့ အောက်ထပ် ပြေးဆင်းသွားတော့ သူတိုက်အောက်မှာ ထိုင်နေတယ်။ အံဒါနဲ့ ငွေ တစ်သာင်း တက်ယူပြီး အဘကိုကန်တော့လိုက်တယ်။ အဘနေကောင်းအောင် နေနော်လို့ မှာလိုက်မိတယ်။

ဒီနေ့ည ဒီဗွီဘီမှာ ကြားလိုက်တယ်။ အဘဆုံးပြီတဲ့။ ကျွန်တော် အခုစာရိုက်ရင်း အဘကို ဆုတောင်းပေးပါတယ် မိဘ မေတ္တာအပြည့်ရှိခဲ့လို့ တူသောအကျိုးပေးပြီး နောက်နောင် ဘ၀တွေ မိဘ မေတ္တာအပြည့် ရသော သားသမီးဖြစ်ရပါစေလို၏။ လူတွေရဲ့ မေတ္တာကို ရပါစေလို၏၊။ မင်းတွေရဲ့ မေတ္တာရရပါစေလို၏ပေါ့ (အခုသူနာရေး ရက်လည်လေး လုပ်ဖို့ ငွေမရှိဘူးလို့ အန်တီရူ့က အကြောင်းကြားတယ် ကျွန်တော့်မှာ တာဝန်ရှိပါတယ် မိဘမေတ္တာကြီးမားတဲ့ သူအတွက် ကျွန်တော်မမာမာဦး ကိုယ်စား သားသမီးသဖွယ် တာဝန်ယူ ပေးပါမယ်)

ကျွန်တော် လူမော်လတ်
အလုံ NLD လူငယ်နဲ့ (၂၀၀၇ စက်တင်ဘာ) အကြမ်းမဖက်အမျိုးသားလှုပ်ရှားခဲ့သူပါ

သမီးဖြစ်သူ မမာမာဦးကတော့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် ဗန်းမော်ထောင်မှာ မတရားဖမ်းဆီး အကျဉ်းကျခံနေရပြီး ဖခင်ဖြစ်သူကတော့ ကြည့်ရှု မယ့်သူမရှိ.. ဘာမရှိနဲ့ ဘဝရဲ့နေဝင်ချိန်ကို တစ်ဦးတည်း ဖြတ်သန်းရင်း သမီးဖြစ်သူကို တွေ့ခွင့်မရ သမီးပြန်လွတ်လာချိန်ကို စောင့်ရင်း ကွယ်လွန်သွားခဲ့ပါပြီ။ ကျွန်တော်တို့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူတွေရဲ့ မိသားစုတွေရဲ့ ဘဝအခြေတွေကို ကိုယ်ချင်းစာကြည့် ကြပါဗျာ.. ပြည်ပမှာ ရောက်နေတဲ့သူတွေ အနေနဲ့ ကိုယ်တတ်နိုင်တဲ့ ဘက်က တတ်အားသရွေ့ ပြည်တွင်းက အသက်စွန့်ခံ၊ ထောင်ကျခံ လုပ်ဆောင်ပေးနေသူတွေကို ကူညီထောက်ပံ့ ပေးသင့်ပါတယ်။ ဘာမလုပ်ဘူးလား ညာမလုပ်ဘူးလား ဆိုတာထက် ကိုယ်ဘာလုပ်ပေးနိုင်တယ် ဆိုတာကို အရင် စဉ်းစားပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက် ရပါတယ်။

ဒီမိုဝေယံ

ထင်ရှားကျော်ကြားသော ကြယ်တစ်ပွင့် လွင့်ကြွေခဲ့ပြီ (ဘဘ သခင်အုန်းမြင့်နာရေး)


ထင်ရှားကျော်ကြားသော ကြယ်တစ်ပွင့် လွင့်ကြွေခဲ့ပြီ
ယနေ့ ၁၇.၉.၂၀၁၀ (သောကြာ) နေ့ နံနက် (၄း၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ် နေအိမ်၌ ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့် အသက် (၉၃) နှစ် သည် ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါသည်။
မြန်မာ့စာနယ်ဇင်းလောက၊ နိုင်ငံရေးလောက၊ ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် နီးစပ်သူတဦးဖြစ်ပြီး အကျဉ်းကျနေသူများ၏ မိသားစု ၀င်များကိုလည်း အားပေးကူညီသူများကြားတွင် သခင်အုန်းမြင့်သည် အထင်ရှားဆုံး တစ်ဦး ဖြစ်ခဲ့သည်။ ထိုသို့သော ကောင်းသတင်းများဖြင့် ထင်ရှားကျော်ကြားခဲ့သော ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုလည်း နှစ်စဉ်နှစ်တိုင်း မွေးနေ့တိုင်းတွင် အလှူငွေများ လှူဒါန်းလျှက်ရှိသူ တစ်ဦးလည်း ဖြစ်သည်။
ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့်၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် တွဲဖက်အတွင်းရေးမှူးတို့မှ ရန်ကင်းမြို့နယ် နေအိမ်သို့ သွားရောက်သယ်ဆောင်ကာ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဈာပန အခမ်းအနားကို ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း . . . .

အကိုကြီးကျော်သူအား ကျေးဇူးတင်ပါသည်။


(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကျဆုံးသွားတဲ့ မဝင်းမော်ဦး မိသားစုရဲ့ လက်ရှိအခြေအနေနဲ့ အာဇာနည်မဝင်းမော်ဦး အတ္တုပတ္တိ...

မဝင်းမော်ဦး.. တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်ပုံပါ.. ဗိုလ်ချုပ်ပုံကို ကိုင်ထားရင်း ကျည်ဆံ ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်..
လက်ရှိ လှိုင်သာယာက မဝင်းမော်ဦးရဲ့ မိဘတွေရဲ့ နေအိမ်ပါ....
မဝင်းမော်ဦးရဲ့ ကျောင်းသားကဒ်လေးပါ..


မ၀င်းမော်ဦး (၂၁)နှစ်ပြည့် အထိမ်းအမှတ်
၁၉.၉.၂၀၀၉ မှာဝေငှတဲ့
အာဇာနည် မ၀င်းမော်ဦး၏ အတ္တုပတ္တိအကျဉ်း
------------------------------------------

အာဇာနည်''မ၀င်းမော်ဦး" ကို အဖ ဦးဝင်းကြု၊အမိ ဒေါ်ခင်ဌေးဝင်း တို့မှ ၁၉၇၂- ခုနှစ်၊နိုဝင်ဘာ( ၁၉ )ရက် ၊ ဗုဒ္ဓဟူးနေ.တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၆ယောက်တွင် သမိး အကြီးဆုံးဖြစ်သည်။ သူမ၏ ဇာတိမှာ ကြည့်မြင်တိုင်မြို.နယ် ၊ ပန်းပင်ကြီးလမ်းတွင် နေထိုင်ခဲ့ပြီး၊ အမှတ်(၄) အလယ်တန်းကျောင်း။ ကြည့်မြင်တိုင်မြို.နယ်တွင် (၈)တန်း ပညာသင်ကြားရင်း ၁၉၈၈ ဒီမိုကရေစီ တိုက်ပွဲကာလ အတွင်းမှာ ဖွဲ့စည်းသည့် ကျောင်းသားသမဂ္ဂ တွင်တက်ကြွ စွာပါဝင်ခဲ့ပြီး ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် ၊စက်တင်ဘာလ ၁၉ရက်နေ. ဒီမိုကရေစီတိုက်ပွဲဝင် ကျောင်းသားထုနှင့်အတူ မိမိကျောင်း၏ ကျောင်းသားသမဂ္ဂ ဆိုင်းဘုတ်အောက်တွင် ''ဗိုလ်ချုပ်အောင်ဆန်း" ဓါတ်ပုံ ကိုင်ဆောင်ပြီး စိတ်ဓါတ်တက်ကြွစွာ ချီတက်ဆန္ဒပြ ခဲ.သည်။

ထိုအချိန် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် အရောက် အဏာပိုင် တို့၏ ပြစ်ခတ်မှုကြောင့် သူမ၏ခြေသလုံး(ဘယ်)၊ ပေါင်(ဘယ်)တို့ ကျည်ဆန်မှန်ခဲ့သည်။ ထိုအချိန် ကျောင်းနေဘက်တို့မှ ၀င်းမော်ဦး အား ၀ပ်နေရန် လှမ်းအော်သည့်အခါ ၊ဗိုလ်ချုပ်ပုံကိုင်ဆောင် ပြီး ဒူးထောက်နေသော ၀င်းမော်ဦးက ''မ၀ပ်ဘူး ငါဝပ်လိုက် ရင် ဗိုလ်ချုပ်ပုံ မြေခလိမ့်မယ်၊ ဗိုလ်ချုပ်ပုံမြေခရင် ငါတို့ ရှုံးတာပဲ''ဟု ပြန်အော်ခဲ့သေးသည်။ ထို့နောက်အာဏာပိုင်တို့၏ ဆက်လက် ပစ်ခတ်မှု တို့ကြောင့် ကြိုးစား ဒူးထောက်နေသော မ၀င်းမော်ဦး ၏ ညာဘက် လက်မောင်းဘေးမှ ဖေါက်ပြီး ခန္ဓာကိုယ်အတွင်းထိ ကျည်ဆန်ဝင်ခဲ့သည်။ ၄င်းနေရာတွင်ပုန်းခိုနေရာမှ ကယ်ဆယ်ရေး ဆရာဝန်( ၂ )ဦး မှာနေ.လည် ၁၂း၃၀ နာရီ နှင့် ၀၁း၀၀ နာရီ လောက်မှ ကယ်ဆယ်ခွင့်ရခဲ့သည်။ ၄င်းကယ်ဆယ်ခဲ့သူ ခေါင်းဖက်မှမသူ ဒေါက်တာမင်းသိန်း အား "သမီးကို ကယ်ပါ" သူ.နှုတ်ခမ်းမှ ပြောဆိုသည့်စကားကို ကိုမင်းသိန်းမှ ပြောမှ သိခဲ့ရပါသည်။ ခြေရင်းမှမတာ ဒေါက်တာစောလွင် ဟုလည်းပြောပါသည်။

သူမဆေးရုံရောက်သည်အထိ ၊မိဘများထံ တယ်လီဖုန်းဆက်ရန်၊ ဖုန်းနံပါတ် ကိုလည်း သူမ ကိုယ်တိုင်ပေးခဲ့သည်။ မိဘ၊ ဦးလေး၊ ဘကြီးတို့ ဆေးရုံသို့ လိုက်သွားသည့် ၃း၀၀ နာရီလောက်တွင် အရေးပေါ်ဌာန၌ စုံစမ်းခဲ့ရာ (၃+၄) အခန်းသို့ တင်လိုက်ကြောင်း ပြောသဖြင့် လိုက်ရှာခဲ့ပါသည် မတွေ့ရပါ။ သမီးဇောနှင့်ဆေးရုံတခုလုံး လိုက်ရှာသော်လည်းမတွေ.ပါ။ အရေးပေါ်ဌာနသို့ ပြန်စုံစမ်း ကြည့်မှ သူမအား ကိုယ်တိုင်ခွဲစိတ်ကုသပေးခဲ့သော ''ဆရာဝန်ကြီး ဦးညွန့်ဝင်းမြင့်" နှင့်တွေ့ဆုံမှ (၃+၄)အခန်းက အသည်းအသန်ခန်းတွင် ရှိကြောင်းပြောသဖြင့် သွားကြည့်မှတွေ့ခဲ့ရပါသည်။ သူမအား အနီးကပ် စောင့်ရှောက်ပေးနေသော သူနာပြုဆရာမ အားဝင်ရောက်မေးမြန်းရာ မ၀င်းမော်ဦး ဖြစ်ကြောင်း သူနာပြုဆရာမက သူမ၏ ဆေးမှတ်တမ်းအား ထုတ်ပြခဲ့ပါသည်။ သို့ပေမယ်. မိဘများရောက်လာသည်အထိ မေ့ဆေးမပြယ် သေးသဖြင့် သတိမရသေးပါ။ သူမမေ့နေချိန်၌ လူခွဲပြီး အိမ်ကို သူမအခြေအနေပြောရန် လူလွတ်ရပါသည်။ အချိန်မကြာပါ သူနာပြုဆရာမ မှခေါ်ပြီး သူမတွင် အသက်မရှိတော့ကြောင်း ပြောပါသည်။

"မ၀င်းမော်ဦး" သည် ၁၉.၉.၁၉၈၈ -ခုနှစ် ညနေ ၅း၃၅ နာရီတွင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးလှူခဲ့ပါသည်။

(နိုင်ငံသူနိုင်ငံသားအချင်းချင်း ၊ ကမ္ဘာသူကမ္ဘာသားအချင်းချင်း ၊ သက်ရှိအချင်းချင်း မေတ္တာထား ဆက်ဆံခြင်းဖြင့် ကမ္ဘာမြေတ၀ှမ်း အကြားမလပ် ငြိမ်းချမ်းသာယာကြပါစေ)

ပေးပို့ပေးသူအား အထူးကျေးဇူးတင်ပါသည်...။


မီးမသဂြိုလ်ခင်မှာ နောက်ဆုံး တွေ့ရတဲ့ အာဇာနည် မဝင်းမော်ဦးရဲ့ နောက်ဆုံးပုံပါ...

ဓာတ်ပုံ ပေးပို့သူ BP နှင့် blue.peaceforu အားကျေးဇူးတင်ပါသည်...။

(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်မှ ကျဆုံးသွားခဲ့ရတဲ့.. မ၀င်းမော်ဦး နှစ်ပတ်လည်များအား အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။ မ၀င်းမော်ဦးမိသားစုသည် တချိန်က ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်ခဲ့ပြီး အာဏာပိုင်တို့၏ အနှောက်အယှက် ပေးခဲ့မှုကြောင့် မိသားစုများ ဒုက္ခရောက်ပြီး မိသားစုလိုက် လှိုင်သာယာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ မဝင်းမော်ဦး မိသားစုအား လေ့လာချက်အရ အထက်ပါ.. အိမ်ကလေးတွင် လူအမြောက်အများ ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရပါသည်။ ထိုကြောင့် မ၀င်းမော်ဦး နှစ်ပတ်လည် ကျင်းပရန်လဲ ခက်ခဲခဲ့ပါသည်။ နောက်ပိုင်းနှစ်များအား ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှား သူများမှ ဖိတ်စာမှစပြီး တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ မ၀င်းမော်ဦး၏ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံခဲ့မှုအား အသိအမှတ် ပြုသူများအနေဖြင့် အာဇာနည် ကျောင်းသူ မ၀င်းမော်ဦး၏ နှစ်ပတ်လည် နှစ်စဉ်နှစ်တိုင်း ဖြစ်မြောက်ရေးအား ၀ိုင်းဝန်းကူညီကြပါရန် ... ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။ blue.peaceforu@gmail.com , babagyi67@gmail.com skype-shwekyaungtharr 0044-07915157660 begin_of_the_skype_highlighting 0044-07915157660 end_of_the_skype_highlighting begin_of_the_skype_highlighting 0044-07915157660 end_of_the_skype_highlighting begin_of_the_skype_highlighting 0044-07915157660 end_of_the_skype_highlighting shwekyaungtharr@gmail.com သို့ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများ
(မြန်မာနိုင်ငံ)
Ma Win Maw Oo
(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်မှ စစ်အာဏာ ပါးကွက်သားတွေရဲ့လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့.. မောင်တင်ထွန်း. မဝင်းမော်ဦးနှင့် မောင်သန်းဋ္ဌေး

အင်မတန်ကြေကွဲဖွယ် ကောင်းတဲ့ အဖြစ်အပျက်ပါ.. ခံစားချက်များစွာနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပြန်ပြောင်းသတိရရင်း အာဇာနည် မ၀င်းမော်ဦးရဲ့ အတ္တုပတ္တိကို ဖတ်လိုက်ရပါတယ်။ နှစ်စဉ်နှစ်တိုင်း စစ်အာဏာရှင် စံနစ်အောက် ထပ်မံကျရောက် ခဲ့ရသည့်.... စစ်အာဏာသိမ်း ပြီးနောက်တစ်နေ့၌ ကျဆုံးခဲ့ရတဲ့ (၁၉)ရက် (၉)လ ရောက်တိုင်း မဝင်းမော်ဦး အတွက် ဆွမ်းသွပ်တရားနာပွဲ နှစ်စဉ် မိသားစုမှကျင်းပ ပြုလုပ်ခဲ့ကြပါတယ်...။ မဝင်းမော်ဦး မသေဆုံးခင် ပြောသွားခဲ့တဲ့ မြန်မာပြည်မှာ ဒီမိုကရေစီရမှ သူ့အတွက် အမျှဝေပေးပါလို့ ရင်နင့်ဖွယ် မှာကြားသွားခဲ့တဲ့အတွက်.. ယခုအချိန်အထိ မဝင်းမော်ဦးအတွက် အမျှမပေးနိုင်သေးတာ (၂၂)နှစ်ရှိနေပါပြီ.... အာဇာနည်မဝင်းမော်ဦးကို အမျှပေးဝေနိုင်ဖို့ ကျွန်တော်တို့ အားလုံး မစွမ်းဆောင်နိုင်သေးပါဘူး.. မဝင်းမော်ဦး ကောင်းရာ သုဂတိလားပါစေ...။

ဒီမိုဝေယံ...



၈၈၈၈ လူထုအရေးတော်ပုံကြီးအတွင်း အာဏာရူးတွေ လက်ချက်ကြောင့် အသက်ပေးခဲ့ကြရသူများ...

Ma Win Maw OoMa Win Maw Oo

ကြည့်မြင်တိုင်မြို့နယ်လုံးဆိုင်ရာ ဒီမိုကရေစီအရေး တိုက်ပွဲကော်မတီရဲ့ ၁၉၈၈ စက်တင်ဘာလ ၁၉ရက်နေ့ ကြေငြာချက်ပါ။..

အသက်ပေးဆပ်ခဲ့ရသူတွေကတော့ အဲ့ဒီအချိန်က လူမမယ်လေးတွေပါ... ၈၈၈၈ ကိုဘယ်တော့မှ မမေ့ကြပါနဲ့။

ရွှေကျောင်းသားအား ကျေးဇူးတင်ပါသည်။

“ကျောင်းသားတွေ၊ လူငယ်တွေကိုပြောပြချင်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးအကြောင်း”
မောင်ကျောင်းသား
(၁)

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့တာ ၂၂နှစ်ရှိပါပြီ ။ ဗမာပြည်မှာက ပြည်သူကိုအနိုင်အထက်ပြုအုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေက သမိုင်းတွေကိုဖျောက်ဖျက် ပစ်တာ၊ သမိုင်းမှားတွေ လုပ်ပစ်တာမျိုးတွေ ရှိနေတဲ့အတွက် ဒီ၂၂နှစ်တာကာလမှာမှ မွေးဖွားခဲ့တဲ့သူတွေနဲ့ အဲဒီအချိန်က မူလတန်းအောက်မှာပဲရှိဦးမယ့် လူငယ်တွေ ၊ ကျောင်းသားတွေ အများစုဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ သမိုင်းဖြစ်ရပ်မှန်တွေကို မသိကြရပါဘူး ။

အာဏာရှင်တွေက ဒီလောက်၂၂နှစ်တာကာလမဆိုထားနဲ့ နေ့စဉ်ဖြစ်နေတဲ့အခြေအနေတွေကိုတောင် ပြည်သူတွေ သတင်းမှန်ဖြစ်ရပ်မှန်မသိအောင် ဖျောက် ဖျက်လိမ်ညာ ဖုံးကွယ်နေတာပါ၊ အားလုံးလက်လှမ်းတမှီရှိမဲ့ ရွှေဝါရောင်တော်လှန်ရေးလို့တင်စားကြတဲ့ ၊ ၂၀၀၇ စက်တင်ဘာက သံဃာတော်တွေ မေတ္တာပို့ စီတန်းလမ်းလျှောက်ပွဲကိုတောင် သံဃာအတုအယောင်တွေကလုပ်တာပါ ဆိုတာမျိုး ဒီသုံးနှစ်နီးပါးသာ ရှိသေးတဲ့ ကာလတိုလေးက ဖြစ်စဉ်ကိုတောင် လိမ်ညာဖျက်ဆီးနေတာပါ ။

ဘာဖြစ်လို့လဲ ! သူတို့ သမိုင်းတွေကို ဘာကြောင့်ဖျက်ဆီးချင် ထိမ်ချန်ဖုံးကွယ်ချင် လိမ်ညာချင်နေရတာလဲ ! ရှစ်လေးလုံး အရေးတော်ပုံကြီး အပါအ၀င် သမိုင်းဖြစ် စဉ်တွေထဲမှာ ကြက်သီးမွှေးညှင်း ထလောက်အောင် စိတ်ဓါတ်တက်ကြွ အားကျအတုယူစရာကောင်းတဲ့ ကျောင်းသားတွေပြည်သူတွေရဲ့ ရဲရင့်မှုတွေ ၊ တောက်ခေါက် ဒေါသထွက် မချိတင်ကဲဖြစ် ၊ ခံပြင်း နာကျည်းသွားစေမဲ့ အာဏာပိုင်တွေရဲ့ ရက်စက်ယုတ်မာမှုတွေ ၊ အပြစ်မဲ့လက်နက်မဲ့ ကျောင်းသားပြည်သူတွေ ရဟန်းသံဃာတွေကို စစ်မြေပြင်တခုလို နံပါတ်တုတ်တွေနဲ့ရိုက် ၊ ဘက်နက်နဲ့ထိုး ၊ သေနတ်နဲ့ပစ်၊ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ ရက်ရက် စက်စက် ညှင်းပန်းနှိပ်စက်လုပ်နေတဲ့ ကြေကွဲဝမ်းနည်းစရာ သွေးအလိမ်းလိမ်းမြင်ကွင်းတွေ ရှိနေပြီး သူတို့ကို အစဉ်သဖြင့်စိတ်ခြောက်ခြားနေစေလို့ပါ ။ သမိုင်း တွေကို ပြည်သူတွေပြန်အမှတ်ရနေရင် ၊ နောင်လာနောက်သားတွေသိရင် မတရားသဖြင့်အနိုင်ကျင့်ရယူထားတဲ့ သူတို့အာဏာကုလားထိုင်ကို ကိုင်လှုတ်လာနိုင် တယ်လို့ အမြဲတမ်း တွေးကြောက်နေတာကြောင့် သမိုင်းတွေကို ဖျောက်ဖျက်လိမ်ညာ ထိမ်ချန်ဖုံးကွယ်နေတာပါ ။

ကဗျာလေးတပုဒ်ရှိပါတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က န၀တ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)အမည်ခံအာဏာသိမ်းအပြီး ၊ သူတို့ကိုးကွယ်တဲ့ ဗေဒင်ဆရာ ညွှန်ကြားချက်အတိုင်း သွေးညှီနံ့လွှမ်းနေတဲ့ အတိတ်ဆိုးတွေအတွက် မြို့တိုင်းလမ်းမကြီးတိုင်းက ခြံစည်းရိုးတွေကိုထုံးသုတ်ဘို့ အမိန့် ထုတ်တဲ့အချိန်ထွက်လာတဲ့ “သွေးမော်ကွန်း”ဆိုတဲ့ ကဗျာလေးပါ ၊ ဘယ်သူရေးမှန်းမမှတ်မိတော့ပါဘူး ၊ “သမိုင်းသစ်ရေး…၊ ငါတို့သွေးကို….၊ ထုံးဖြူဆေးသုံး…၊ ဖျောက်ဖျက်ဖုံးလဲ……..၊ မဆုံးကမ္ဘာတည်လိမ့်မည်……”တဲ့ ။ ကနေ့ထိ ရင်ဘတ်ထဲစွဲကျန်နေတဲ့ အဲဒီကဗျာလေးလိုပါပဲ ၊ သမိုင်းတွေကို ဘယ်လိုနည်းလမ်းတွေနဲ့မှ ဖျောက်ဖျက်ဖုံးကွယ်လို့မရဘူးဆိုတာ အာဏာရှင်တွေ သိနေလောက်ပါပြီ် ။

(၂)

ရှစ်လေးလုံးအရေးတော်ပုံကြီးကို စကားလုံးအရအမျိုးမျိုးပြောကြပါတယ် ၊ ရှစ်ဆယ့်ရှစ်အရေးအခင်း ၊ ၁၃၅၀ပြည့်အရေးတော်ပုံ ၊ ရှစ်လေးလုံးအရေးတော်ပုံ ၊ ရှစ်ဆယ့်ရှစ်သပိတ်တိုက်ပွဲ စသဖြင့်ပြောကြပြီး ၊ နောက်ပိုင်းမှာ အရေးအခင်းဆိုတဲ့စကားလုံးက န၀တလို စစ်အာဏာရှင်တွေက တန်ဘိုးပေါ့သွားအောင်သုံးတာ ၊ သာမန်ဆန်တယ် ၊ အရေးတော်ပုံဆိုတာက အကြောင်းရာကြီးဖြစ်တယ်နဲ့ပြောကြရင်း နောက်ပိုင်းတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးလို့ပဲ အားလုံးကအသိ အမှတ်ပြု သုံးနှုန်းခဲ့ကြပါတယ် ။

ဘယ်လိုပဲပြောပြော ဗမာ့သမိုင်းရောကမ္ဘာ့သမိုင်းမှာပါ အံ့သြ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘာသာစုံ ၊ လူမျိုးစုံ ၊ အလွှာစုံ ၊ လူထုအုံကြွမှုကြီး ၁၉၈၈ခုနှစ်မှာ ဗမာ နိုင်ငံနေရာအနှံ့ဖြစ်ပေါ်ခဲ့တယ်ဆိုတာနဲ့ အဲဒီအုံကြွမှုကြီးကို ကျောင်းသားတွေ အသေခံ ဦးဆောင်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းဖြစ်ရပ်တွေကို နောင်လာနောက်သားတွေ အမှန်အတိုင်း သိရှိကြဘို့က အဓိကဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပေါ်လာစေတဲ့ ဆင့်ကဲဖြစ်စဉ်တွေမှာ အဓိက, က အဲဒီအချိန်မှာ နှစ်၄၀သက်တမ်း ရှိနေပြီဖြစ်တဲ့ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီး ထဲကဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်မီးပဲဖြစ်ပါတယ် ။ ဦးနုနဲ့ဦးနေ၀င်းအပါအ၀င် တိုင်းပြည်အုပ်ချုပ်ခဲ့သူတွေက ပြည်သူတွေအပေါ်စေတနာမမှန်ခဲ့ဘူး ၊ လက်နက်ကိုင် ပုန်ကန်ကြတဲ့ တိုင်းရင်းသားတွေ ၊ အဖွဲ့စည်းတွေကို မျှမျှတတဆွေးနွေး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရမဲ့အစား စစ်ပွဲတွေကိုပဲဖန်တီးမွေးမြူပြီး နိုင်ငံ့ဘဏ္ဍာငွေတွေကို စစ်သုံးစရိတ်ခေါင်းစဉ်တွေပြ ၊ ကိုယ့်မိသားစု ကြွယ်ဝချမ်းသာရေးတွေပဲလုပ်ခဲ့ကြလို့ ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် လို့ဖြစ်လာတဲ့အထိ ပြည်သူတွေ ဖွတ်ဖွတ်ညက်ညက် ကျေမွဲတေစေခဲ့တာကြောင့်နဲ့ ၊ နိုင်ငံ့ခေါင်းဆောင်ပိုင်းက ကိုယ်ကျိုးစီးပွားရှာအဂတိလိုက်စားမှုရဲ့နောက်ဆက်တွဲ ဥပဒေမဲ့မှု ၊ မတရားအနိုင်ကျင့်မှုတွေ အောက်ခြေအဆင့်အာဏာပိုင်တွေအထိ အဆင့်ဆင့်ကျူးလွန်လာခဲ့ကြတာကြောင့် ပြည်သူတွေမျိုသိပ်ခံစားခဲ့ရတဲ့ နာကျည်းမှုတွေက ရှစ်လေးလုံးအရေးတော်ပုံကြီးအဖြစ် ပေါက်ကွဲထွက်ခဲ့တာပဲဖြစ်ပါတယ် ။

ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ) ၊ KNU ၊ KIA ၊ SSA ၊ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မျိုးစုံနဲ့ ပြည်တွင်းစစ်မီးအရှိန်ကိုမြင့်စေခဲ့တာက အဲဒီပြည်တွင်းစစ်နဲ့ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေတွေကို အကြောင်းပြပြီး (၁၉၆၂ ခု မတ်လ ၂ ရက်)နေ့မှာ တော်လှန်ရေးကောင်စီအနေနဲ့အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့ စစ်ဝါဒီတွေကြောင့်ပဲဖြစ်ပါတယ် ၊ အယောင်ဆောင်ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီး ပြည်တွင်းစစ်အဟုန်မြင့် တက်ခဲ့သလို စစ်တပ်သြဇာထူထောင်လိုမှု တွေကြောင့် ၁၉၆၂ -7JULY ကျောင်းသားသတ်ပွဲနဲ့ကျောင်းသားသမဂ္ဂအဆောက်အဦဖြိုဖျက်တာ ၊ ၁၉၇၄ ဇွန်အလုပ်သမားအရေးအခင်းကို ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၄ ဒီဇင်ဘာမှာ ဦးသန့်ဈာပနစီစဉ်သူ ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၆ မတ်လ၂၃ ရက်နေ့ သခင်ကိုယ်တော်မှိုင်း ရာပြည့်ပွဲမှာ ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နှင်းတာ စတဲ့ ပြည်သူတွေကျောင်းသားတွေအပေါ် လက်နက်အားကိုးအကြမ်းဖက်ဖြေရှင်းမှုတွေကို ကျူးလွန်ခဲ့ပါတယ် ။

အဲဒီဖြစ်စဉ်တွေမှာ အံကြိတ်ခံခဲ့ရတဲ့ ကျောင်းသားတွေပြည်သူတွေရဲ့လက်ဆင့်ကမ်းနှိုးဆော်မှုတွေက ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာဘို့ အကြောင်းချက် တွေ ဖြစ်ပါတယ် ၊ အနီးစပ်ဆုံးအကြောင်းအရာကတော့ ပြည်တွင်းစစ်ကြောင့် စစ်သုံးစရိတ်တွေများခဲ့သလို ကိုယ်ကျိုးစီးပွားရှာမှုတွေကြောင့် စီးပွားရေးချွတ်ခြုံကျ၊ ငွေကြေးမတည်မငြိမ်ဖြစ်လာတဲ့အပေါ် တစ်ရာတန် ၊ နှစ်ဆယ့်ငါးကျပ်တန် ၊ သုံးဆယ့်ငါးကျပ်တန် ၊ ခွန်နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူတွေကို တရားမ၀င်တော့ ကြောင်း (၁၉၈၇ စက်တင်ဘာလ ၅ ရက်နေ့မှာ)ကြေငြာလိုက်တာပါပဲ ။ အဲဒီအချိန်ထိုးတက်သွားတဲ့ ကုန်ဈေးနှုန်းအခြေအနေနဲ့ လက်ထဲငွေမရှိတော့မှု ဆိုတဲ့ပြဿနာက ပြည်သူတွေအတွက် အဆိုးရွားဆုံး ဆင်းရဲမွဲတေမှုဖြစ်လာပြီး နာကျည်းမှုတွေ ပေါက်ကွဲပွင့်အံထွက်ဘို့ အခြေပြုလာပါတယ် ။

အာဏာပိုင်တွေရဲ့ မတရားသဖြင့်ဥပဒေတွေ ၊ အမိန့်အာဏာတွေတိုင်းကို ရှေ့ကနေဦးဆောင်ဆန့်ကျင်တာ ကျောင်းသားတွေပဲဖြစ်ပါတယ်၊ ဒါ့ကြောင့် တော်လှန် ရေးကောင်စီကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)အမည်ခံအုပ်စိုးခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့စစ်ဝါဒီတွေရဲ့ ရန်ဘက်သဖွယ်အညှိုးထားတာခံရပါတယ် ။ ငွေစက္ကူတွေတရားမ၀င်ကြောင်းကြေငြာချိန် မာစဒါဂျစ်ကားမီးရှို့ဆန္ဒပြခဲ့တဲ့ စက်မှုတက္ကသိုလ်(RIT)ကျောင်းသားတွေကိုအညှိုးထားမှုကနေ ကျောင်းသားနဲ့အရပ် သားဖြစ်တဲ့ရန်ပွဲအကြောင်းပြပြီး (၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ည) ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ကျောင်းဝန်းထဲ လုံထိန်းရဲတွေနဲ့ စစ်မြေပြင်တခုလိုပစ်ခတ်ခဲ့တဲ့ အတွက် RIT ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့သေဆုံးပြီး ကျောင်းသားအများအပြားထိခိုက်ဒါဏ်ရာရခဲ့ကြပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် “ဒါး ဒါးချင်း လှံ လှံချင်းယှဉ်ယုံပဲ”လို့ ပြည်သူတွေကို စိန်ခေါ်ခဲ့တဲ့ ၊ “ဆူဆူပူပူလုပ်ရင်တော့ စစ်တပ်ကိုသုံးရင် မသက်သာဘူးသာ မှတ်ကြပေတော့ ၊ စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး ” လို့ ခြိမ်းခြောက်ခဲ့တဲ့ စစ်အာဏာရှင်တွေအပေါ် ကျောင်းသားတွေရဲ့ဆန့်ကျင်အုံကြွမှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ် ။ ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ကနေ ၊ လှိုင်တက္ကသိုလ်(RC2)၊ ရန်ကုန်တက္ကသိုလ်(Main) ၊ ဆေးတက္ကသိုလ် စတဲ့ကျောင်းတွေ
ကို ချက်ခြင်းကူးစက်သွားပြီး “ဖမ်းဆီးကျောင်းသားပြန်လွတ်ရေး ၊ သေဆုံးမှုဖြစ်စဉ်အမှန်ကြေငြာရေး ” ဆိုတဲ့တောင်းဆိုမှုတွေနဲ့ ဆန္ဒပြပွဲတွေဖြစ်လာပါ တော့တယ် ။

စစ်အာဏာရူးအရိုင်းတွေကတော့ လူသတ်ပွဲတွေဆက်လက်ကျူးလွန်ခြင်းနဲ့သာ တုန့်ပြန်လိုက်ပါတယ်၊ မတ်လ ၁၆ ရက် အင်းလျားကန်(တံတားဖြူ)မှာ ဆန္ဒပြ ကျောင်းသားတွေကို ဘက်နက်နဲ့ထိုး ၊ နံပါတ်တုတ်တွေနဲ့ရိုက် ၊ စစ်ဖိနပ်နဲ့နင်းတာတွေကြောင့် တံတားနီလို့ ပြောင်းလဲတင်စားခေါ်ရလောက်အောင် သွေးချင်းချင်း နီခဲ့ရပါတယ် ၊ အဲဒီနေရာမှာ အသက်တွေစတေးခဲ့ရသလို မဆန့်မပြဲကြပ်သိပ်နေအောင်ဖမ်းတင်သွားတဲ့ အချုပ်ကားပြာကြီးတွေပေါ် အသက်ရှူကြပ်မွန်းသေသွား သူတွေ ရှိလာခဲ့ပါတယ် ။ အဲဒီအတွက် ကျောင်းသားတွေကလဲ အသတ်ခံ ၊ အဖမ်းခံပြီး ဆန္ဒပြပွဲတွေ ရဲရဲရင့်ရင့် ဆက်လုပ်ခဲ့တာကြောင့် ဇွန်လ အထက်တန်း ကျောင်းတွေဖွင့်တဲ့အချိန်မှာ အခြေခံပညာကျောင်းသားတွေပါဝင်လာကြတဲ့အထိ ကူးစက်ခဲ့ပါတော့တယ် ။

ရန်ကုန်တက္ကသိုလ်ထဲမှာ နေ့စဉ်လိုတရားဟောပွဲတွေရှိလာပြီး ကျောင်းသားတွေကြားထဲ ကျောင်းသားသမဂ္ဂရှိခဲ့ဘူးတယ် ၊ ကျောင်းသားသမဂ္ဂဖျက်ဆီးခံခဲ့ရတာ ကြောင့် ကျောင်းသားအခွင့်အရေးတွေ ဆုံးရှုံးနေရတာဖြစ်တယ်ဆိုတာမျိုး ခံစားသိရှိလာကြပါတယ် ၊ “ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး-ဒို့အရေး ၊ ဖမ်းဆီး ကျောင်းသားပြန်လွတ်ရေး -ဒို့အရေး” ဆိုတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြချီတက်လာတဲ့ကျောင်းသားအုပ်(အများစုအထက်တန်းကျောင်းသားတွေ)နဲ့ လုံထိန်း တွေရဲ့ရိုက်ပွဲ (ဇွန်၂၁ မြေနီကုန်း)ဟာ ပြည်သူတွေပါ ပါဝင်လာစေတဲ့ ကျောင်းသားအရေးအခင်းကနေ လုထုအရေးအခင်းကို ကူးပြောင်းသွားတဲ့ ပွဲဖြစ်ပါတယ်။

အဲဒီလိုကျောင်းသားထု လှုပ်ရှားမှုတွေနဲ့ ဆင့်ကဲဖြစ်စဉ်တွေကနေ ရှစ်ဂဏန်းလေးလုံးစုံတဲ့နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူထုလူတန်းစားအသီးသီးက မဆလ (တစ်ပါတီအာဏာရှင်စနစ်)ကိုဖြုတ်ချကြရအောင်ဆိုတဲ့ ကြေငြာချက်တွေ ၊လှုံ့စော်စာတွေ ပေါ်ထွက်လာပြီးတဲ့နောက် ရှစ်လေးလုံး အရေးတော်ပုံကြီးလို့ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ် ။

(၃)

သပိတ်…သပိတ် - မှောက် …မှောက်
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး - ဒို့အရေး …ဒို့အရေး
ဖမ်းဆီး ကျောင်းသားပြန်လွတ်ရေး - ဒို့အရေး …ဒို့အရေး
ကုန်ဈေးနှန်းကျဆင်းရေး - ဒို့အရေး …ဒို့အရေး
တပါတီစနစ် - အလိုမရှိ ..အလိုမရှိ
အရေးတော်ပုံ - အောင်ရမည် …အောင်ရမည် ..။

အဲဒီလိုကြွေးကြော်သံတွေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စခဲ့တာပါ ။ ရန်ကုန်အနေနဲ့ကတော့ သြဂုတ်လ ၈ရက်(ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်)မှ စတာမဟုတ် ပါဘူး ၊ မတ်လကစတဲ့ ကျောင်းသားလှုပ်ရှားမှုတွေကနေ ၊ ဇွန် ၊ ဇူလိုင် ၊ သြဂုတ် ဆက်တိုက်ဖြစ်လာခဲ့တာပါ ၊ ဇွန်လနဲ့ ဇူလိုင်လတွေမှာဆိုရင် အထူးသဖြင့် အထက်တန်းကျောင်းတွေမှာ ဆန္ဒပြမှုတွေဆက်တိုက်လိုဖြစ်နေခဲ့တာပါ ။ ဟိုမြို့နယ် ဒီမြို့နယ် ဟိုကျောင်း ဒီကျောင်း ဟိုနေရာ ဒီနေရာ စသဖြင့် နေရာ ကွက်ကြားဆန္ဒပြပွဲတွေ ဖြစ်နေပြီး ပြည်သူတွေပါ (ရန်ကုန်တမြို့လုံးလို)ပါလာတာက ၃.၈.၈၈ နေ့ပါ ။

အဲဒီနေ့က ကန်တော်ကြီးပန်းခြံဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ မနက်ရှစ်နာရီကျော်လောက်ကျောင်းသားတွေစုရုံးကြပြီး နတ်မောက်ကျောင်း(စက်မှုလက်မှုအထက်တန်း ကျောင်း)ရှေ့ကနေ ကားတွေတားချောဆွဲ ဆူးလေကိုမောင်းခိုင်းကြပါတယ် ၊ မြို့တော်ခန်းမရှေ့ကားတွေရပ်ပြီး သပိတ်…သပိတ် - မှောက် …မှောက် လို့ ပြေးဆင်းကြွေးကြော်လိုက်တဲ့အချိန် လူတွေ ..ပျားအုံကြီးကိုတုတ်နဲ့ဆွလိုက်သလို ၀ိုင်းအုံလာလိုက်တာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမကြုံဘူးတဲ့အဖြစ်ပါပဲ ၊ ကုန်ဈေးနှန်း ကျဆင်းရေး - ဒို့အရေး …ဒို့အရေး လို့ကြွေးကြော်ရင်း ကျွန်တော်တို့ပြည်သူတွေအတွက် တိုက်ပွဲဝင်နေပါပြီ ၊ လက်ခုတ်တီးပြီးအားပေးကြပါ အော်တော့ တီးလိုက်ကြတဲ့လက်ခုတ်သံတွေ ၂၆ နှစ်အောင့်ထားမျိုသိပ်ထားခဲ့ရသမျှ ဖွင့်ဟအားပေးလိုက်ကြတာ..၊ ဓါတ်ပုံရိုက်ရင်ကာဘို့ ၊ မျက်ရည်ယိုဗုံးနဲ့ ပစ်ရင်ကာဘို့ ၊ လက်ကိုင်ပုဝါလေးတွေပေးကြပါတောင်းတော့ တိုက်တွေပေါ်ကနေတောင်ပစ်ချပေးကြတာ ။ လေထဲမှာ လက်ကိုင်ပုဝါလေးတွေဝဲလို့ ၊ ပြည်သူတွေရဲ့တခဲနက် အားပေးမှုက ပြန်တွေးတိုင်း ၊ ကြက်သီးမွှေးညှင်းထရလောက်အောင်ပါပဲ ။

မတရားမှုတွေများလွန်းလို့ ဆင်းရဲမွဲတေလွန်းလို့သာ ဆန္ဒပြအုံကြွခဲ့ကြတာဖြစ်ပြီး ပြည်သူတွေနဲ့ကျောင်းသားတွေ(အများစု)က နိုင်ငံရေးနားလည်လို့မဟုတ်ပါဘူး၊ ဘာတွေတောင်းဆိုရမလဲတောင် မသိကြပါဘူး ၊ နေ၀င်းနဲ့ မဆလအစိုးရ ပြုတ်ကျဘို့ပဲ သိကြတာပါ ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်စိန်လွင်(1962 ၊ 7 July ကျောင်းသား သတ်တပ်ရဲ့တပ်ရင်းမှုး)သမတဖြစ်နေတော့ “ဆန်တပြည်၁၅ကျပ် စိန်လွင် ခေါင်းကိုဖြတ် ” “ဆန်တပြည်၁၅ပြား နေ၀င်းသေမှစား” “စိန်လွင် ခြောက်တန်း တစောက်ကန်း စောက်ရမ်းမလုပ်နဲ့” ဆိုတာမျိုးတွေလဲ အော်ကြပါတယ် ။ တပါတီစနစ် - အလိုမရှိ ..အလိုမရှိ အော်နေကြပေမဲ့ တပါတီစနစ်ကပဲမကောင်းတာလား ၊ အာဏာရှင်စနစ်ကပဲမကောင်းတာလား ၊ ဒီမိုကရေစီဆိုတာဘာလဲ မသိကြသေးပါဘူး ။

“အဲဒီနေ့က မုန်တိုင်းဆင်မဲ့ကောင်းကင်ပြင်တခုလိုပဲ ၊ လူလှိုင်းတွေတလိမ့်လိမ့် ၊ ဟစ်ကြွေးသံတွေတချိမ့်ချိမ့်နဲ့ မြေမိုးပွက်လျံသိမ့်သိမ့်ညံခဲ့ ၊ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် တဲ့ ၊ ခေတ်တခေတ်ကို ထုဆစ်ပေတော့မည် ” မုန်တိုင်း၈၈ ဆိုတဲ့ကဗျာအစပိုဒ်လေးလိုပါပဲ ၊ ရှစ်လေးလုံးနေ့မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အုံကြွဆန္ဒပြခဲ့ကြပါတယ် ၊ ရန်ကုန်မှာတော့ ကမ္ဘာအေးဘုရားလမ်းမကြီးပေါ် ၊ ခုဆီဒိုးနားနဲ့ က္ကိုင်းလမ်းဆုံကြား ကားလမ်းတခြမ်း စစ်ကားတန်း လက်နက်မျိုးစုံနဲ့စောင့်နေတာကို စတင်တွေ့ရပြီး ပြည်သူတွေက “ပြည်သူ့စစ်သား ဒို့စစ်သား ၊ ပြည်သူ့တပ်မတော် ဒို့တပ်မတော်” လို့ ဟစ်အော်ကြပါတယ် ၊ တချို့ကျောင်းသားငယ်တွေက ထိုင်ကန်တော့ကြပါတယ် ။ ညဆယ့်တစ်နာရီခွဲဝန်းကျင်မှာတော့ မြို့တော်ခန်းမရှေ့မှာ ရန်ကုန်မြို့မီး အမှောင်ချပြီး ပစ်ခတ်သတ်ဖြတ်တဲ့ပွဲကြီး စပါတော့တယ် ၊ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကိုင်ထားတဲ့ ဆယ့်လေးငါးနှစ်လောက်ကျောင်းသူလေးရဲ့ခေါင်း ဂျီ3မောင်း ပြန်ပြင်းအားကြောင့် ပွင့်ထွက်သွားပြီး လက်နက်မဲ့လူအုပ်ကြီး သွေးသံအရဲရဲ အလဲလဲအပြိုပြိုဖြစ်ကုန်ပါတော့တယ် ။

အစွမ်းကုန်ရက်စက်ပြပစ်ခတ်သတ်ဖြတ်ပြလိုက်လို့ ကျောင်းသားတွေနဲ့လူထုကြီးရဲ့ ဆန္ဒပြသပိတ်မှောက်အုံကြွမှုတွေ ရပ်မသွားပါဘူး ၊ စစ်တပ်ကလဲ ထပ်ထွက် ထပ်ပစ်တာပါပဲ ၊ မခံမရပ်နိုင်ပေါက်ကွဲလာတဲ့ လူထုကြီးကတော့ တောင်ဥက္ကလာနဲ့မြောက်ဥက္ကလာတွေမှာ ရဲတွေကိုခေါင်းဖြတ်သတ်တာမျိုး ပြန်ခံချကြပါတယ် ၊ ၉ရက် ၁၀ ရက် ၁၁ ရက် ၁၂ ရက်နေ့တွေတောက်လျှောက်ပစ်လိုက်တာ ရန်ကုန်ဆေးရုံကြီးဝန်းထဲတောင်မချန်ပစ်ထဲ့လို့ ဆရာဝန်တွေပါသေဆုံးခဲ့ကြရပါတယ်။ တနေရာထဲမှာ အစုလိုက်အပြုံလိုက်ပစ်သတ်ခံရမှုမှာ ကျောင်းသား ၊ ရဟန်း ၊ ယောက်ကျား ၊ မိန်းမ ၊ ကလေး အားလုံးလူသုံးရာကျော် အလောင်းချင်းထပ် နေအောင်ပစ်သတ်ခံခဲ့ကြရတဲ့ စစ်ကိုင်းမြို့ကအဆိုးဆုံးလို့ပြောကြပါတယ် ။

ဘယ်လောက်ပစ်ပစ် အသေခံတိုက်မယ်ဆိုတဲ့ ကျောင်းသားတွေနဲ့လူထုကြီးရဲ့စိတ်ဓါတ်ကို စစ်ဝါဒီတွေအရှုံးပေး နည်းဗျူဟာပြောင်းရပါတော့တယ် ၊ ၁၂ ရက်နေ့ ည မှာ စိန်လွင်အနားယူပြီဖြစ်ကြောင်း ကြေငြာပြီးသေနတ်သံတွေရပ်သွားပါတော့တယ် ။ နိုင်ငံတော်သမတအဖြစ် ဒေါက်တာမောင်မောင်တက်လာပေမဲ့ မြို့တိုင်း မှာ သပိတ်စခန်းတွေဖွင့်ပြီး ကိုယ့်အုပ်ချုပ်ရေးနဲ့ကိုယ် လုပ်ကြပါတယ် ၊ ကိုယ့်ဘာသာတရားစီရင်ကြပါတယ် ၊ ဆန္ဒပြသူတွေသောက်မဲ့ရေအိုးကိုအဆိပ်ခတ်တာ ၊ အသိပျောက်စေတဲ့ထုံဆေးမူးယစ်ဆေးတွေထိုးပေးပြီး သံဃာတွေကျောင်းသားတွေကိုသတ်ခိုင်းတာမျိုးတွေ ရှိတဲ့အတွက် မိတဲ့သူတွေကို ခေါင်းဖြတ်သတ်တာတွေ ရှိလာပါတယ် ၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မင်းမဲ့စရိုက်ဖြစ်စဉ်တွေလို့ သုံးနှုန်းပြီး ပြည်သူတွေကြောက်ရွံ့ထိတ်လန့်စေမဲ့ရက်စက်မှုမျိုးတွေကိုသာ ကွက်ဖေါ်ပြခဲ့ပါတယ် ၊ ဘာကြောင့်ဖြစ်ရတယ် ၊ ဘယ်လိုလူတွေအသတ်ခံရတာဆိုတာတွေမပြပဲ ပြည်သူတွေ ရမ်းရမ်းကားကားလူသတ်တယ်ဆိုတာမျိုးဖြစ်အောင် ဖုန်းကွယ်လိုက်ပါတယ်။

ဟုတ်ပါတယ် ။ ပြည်သူတွေရဲ့ လက်စားချေတဲ့လူသတ်ပွဲတွေ ၊ တန်ပြန်သပိတ်ဆိုပြီး ဆန္ဒပြသူတွေကိုလုပ်ကြံသတ်ဖြတ်လာသူတွေကို ပြည်သူတွေကိုယ်တိုင် တရားစီရင်တဲ့ လူသတ်ပွဲတွေ တကယ်ဖြစ်ခဲ့ပါတယ် ၊ ဘာကြောင့်ဖြစ်ရတာလဲဆိုတာတော့ ထည့်ပြောရမှာပါ ။ မင်းရှိနေလျက်နဲ့အားကိုးမရလို့ ၊ မင်းကိုယ်တိုင်က မင်းဆိုးမင်းညစ်ဖြစ်နေလို့ ကိုယ့်တရားကိုယ်စီရင်ဖြစ်လာရတာတွေပါ ၊ လွတ်လပ်ရေးရပြီးတာတောင် လွတ်လပ်ရေးအရသာမခံစားရပဲ အမျိုးသားချင်းကျွန်လို ပြန် အုပ်ချုပ်ခံလာရတဲ့ နှစ်ပေါင်းများစွာမျိုသိပ်ခံစားလာရတဲ့ ၊ လက်နက်မဲ့ဆန္ဒပြမှုကို ဗလာချီပစ်သတ်ခံထားရတဲ့ လူတွေရဲ့မခံမရပ်နိုင်ပေါက်ကွဲမှုတွေပဲဖြစ်ပါတယ် ။

မြို့တိုင်းမှာ သပိတ်စခန်းတွေဖွင့်ကြပြီး နေရာအများစုမှာ သံဃာတော်တွေဦးဆောင်လို့ ကိုယ့်မြို့နယ်/ရပ်ရွာတွေကို ကိုယ့်ဘာသာအုပ်ချုပ်ကြပါတယ် ၊ ဓါး ၊ လှံ ၊ လောက်လေး ၊ ဂျင်ကလိတွေနဲ့ ရပ်ကွက်အဆင့်ထိ ကိုယ့်ဒေသလုံခြုံရေးကိုယ်တာဝန်ယူကြပါတယ် ၊ ရန်ကုန်ဆေးရုံကြီးကတော့ ရန်ကုန်တိုင်းသပိတ်စခန်း အဖြစ်ရှိခဲ့ပြီး တရားဟောပွဲတွေတောက်လျှောက်ကျင်းပခဲ့ပါတယ် ၊ ကိုဇာဂနာလို ရယ်စရာဟာသတွေ ပုံနှိုင်းပြောပြဟောပြောတဲ့သူရှိသလို ၊ မင်းသိင်္ခလို ခပ်ကြမ်းကြမ်းတွေပြောပြီး ဆဲပြီးဟောပြောတဲ့သူတွေလဲရှိပါတယ် ၊ ရှေ့နေတွေ ၊ စာရေးဆရာတွေ ၊ ဂီတနဲ့အနုပညာရှင်တွေ၊ အသိုင်းဝိုင်းစုံကလာရောက် ဟောပြောကြပြီး ဒီမိုကရေစီ ၊ လူ့အခွင့်အရေး စတဲ့ နိုင်ငံရေးဝေါဟာရတွေခေတ်စားလာသလို ကြွေးကြော်သံလည်းပြောင်းသွားခဲ့ပါတယ် ။

“ဒီမိုကရေစီရရှိရေး - ဒို့အရေး … ဒို့အရေး …၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး - ဒို့အရေး … ဒို့အရေး ” တဲ့။

ရဟန်းပျိုများသမဂ္ဂ ၊ သံဃာ့သမဂ္ဂီ ၊ သီလရှင်များသမဂ္ဂ ၊ အိမ်ထောင်ရှင်မများသမဂ္ဂ ၊ တောင်သူလယ်သမားများသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ ၊ စသဖြင့် အလွှာစုံ အသင်းအဖွဲ့တွေဖွဲ့ဆန္ဒပြကြသလို ၀န်ထမ်းတွေကလဲ သက်ဆိုင်ရာဌာနတွေအလိုက် စုဖွဲ့ဆန္ဒပြကြပါတယ် ၊ ရဲ ၊ လေတပ်နဲ့ ရေတပ် တပ်ဖွဲ့ဝင်အချို့လဲ တဖြည်းဖြည်းပါဝင်လာကြပါတယ် ၊ မိန်းမလျှာတွေကတောင် အလှဖန်တီးရှင်များသမဂ္ဂလို့ ဆန္ဒပြခဲ့ကြပါတယ် ။

လူတိုင်းလူတိုင်းဟာ သက်ဆိုင်ရာအဖွဲ့အစည်းတံဆိပ်နဲ့ နဘူးစီးအနီတွေ ၊ လက်ပါတ်အနီတွေပါတ်ပြီး ထိုင်သပိတ် ၊ အစာငတ်ခံဆန္ဒပြပွဲ ၊ လမ်းလျှောက် ကြွေးကြော်ချီတက်ပွဲ ၊ မဆလ အသက်၂၆နှစ် ရေးထားတဲ့အခေါင်းကိုမီးရှီု့ပွဲ ၊ ခွေးလည်ပင်းမှာ နေ၀င်း , စိန်လွင်ရေးပြီးလွှတ်ပွဲ စသဖြင့်အသွင်သဏ္ဍာန်မျိုးစုံနဲ့ တစ်နိုင်ငံလုံးမှာ အုံးအုံးကြွက်ကြွက် ဆန္ဒထုတ်ဖေါ်ပြသခဲ့ကြပါတယ် ။

နိုင်ငံတော်သမတ ဒေါက်တာမောင်မောင်က “ဆန္ဒတွေ မစောကြပါနဲ့ ၊ တစ်ပါတီစနစ်ကိုပဲ ကြိုက်ကြိုက် ပါတီစုံကိုပဲကြိုက်ကြိုက် ရွေးကောက်ပွဲကြီး လုပ်ပြီးဆုံးဖြတ်ကြတာပေါ့ ၊ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကိုလဲ ပျော်ပျော်ကြီး အုတ်မြစ်ချကြတာပေါ့လို့ ” နတ်ကတော်တွေထက် ချွဲပျစ်တဲ့လေသံနဲ့ ညတိုင်းလို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေတောင်းပန်ပြော ပြောနေပေမဲ့ ၊ နောက်ကွယ်မှာတော့ ပြည်သူတွေကိုသတ်ဖြတ်နှိမ်နှင်းဘို့ ကောက်ကျစ်စဉ်းလဲစွာ အကြံထုတ်ပြင်ဆင်နေခဲ့ပါတယ် ။

လူထုအုံကြွမှုကြီး တစ်နိုင်ငံလုံးအတိုင်းတာနဲ့လေးဆယ့်နှစ်ရက်အကြာ ၁၉၈၈ခုနှစ် ၊ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေမှာ ရာထောင်ချီတဲ့စစ်သားတွေက မြို့ကြီး တွေကို ပစ်ခတ်စီနင်းပြီး စစ်တပ်အနေနဲ့အာဏာပြန်သိမ်းလိုက်ကြောင်း ကြေငြာပါတော့တယ် ။ ဗမာပြည်စစ်တပ်အတွက်မဆန်းတော့တဲ့ အပြစ်မဲ့ပြည်သူကို သတ်ပွဲတွေထဲမှာ အရက်စက်အပြင်းထန်ဆုံးသတ်ပွဲကြီးဖြစ်ပါတယ် ၊ G-3 , G-4 မောင်းပြန်ရိုင်ဖယ်တွေအပြင် စက်လတ်လိုအမျိုးအစားတွေနဲ့ပါ အတွဲလိုက် ပစ်ခတ်ခဲ့ကြပါတယ် ၊ ပြည်သူတွေက စစ်ကားတွေဝင်မလာရအောင် သစ်ပင်တွေခုတ်လှဲ လမ်းတွေပေါ်ကန့်လန့်စီချပိတ်ဆို့ ၊ လက်ထဲရှိ လောက်လေးတွေ ၊ ဂျင်ကလိတွေနဲ့ခံချ လုပ်ကြသေးပေမဲ့ အဆမတန်ရက်စက်မှုရဲ့ဒါဏ်ကို မခံနိုင်ကြတော့ပါဘူး ၊ အားမတန်မာန်လျှော့ပေးခဲ့ကြတဲ့နောက်မှာ စောမောင်နဲ့ခင်ညွန့် ဦးစီးတဲ့ စစ်တပ်က န၀တ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)ဆိုပြီး စစ်တပ်အစိုးရအမည်ခံအုပ်ချုပ်ခဲ့ပါတော့တယ်။

(၄)

စိတ်ဓါတ်..။ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ ကျောင်းသားပြည်သူတွေရင်ထဲထည့်ပေးလိုက်တာကတော့ အသက်အပါအ၀င် ကိုယ်ကျိုးစီးပွားအားလုံးစွန့်လွှတ် တိုက်ပွဲဝင်မယ် ၊ မတရားမှုကိုရဲရဲအံတုမယ်ဆိုတဲ့ စိတ်ဓါတ်ပါပဲ ၊ စစ်အာဏာရှင်တွေက လက်နက်မျိုးစုံ ၊ ယုတ်မာကောက်ကျစ်မှုမျိုးစုံ ၊ မတရားမှုမျိုးစုံနဲ့ အဲဒီ စိတ်ဓါတ်ကိုချိုးနှိမ်ဘို့ကြိုးစားခဲ့ပေမဲ့ ကနေ့ထိ ခိုင်ခိုင်မြဲမြဲ တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ် ။

အထက်မှာပြောပြခဲ့သလို ပြည်သူတွေနဲ့ကျောင်းသားတွေ(အများစု)က နိုင်ငံရေးနားလည်လို့မဟုတ်ပဲ မတရားမှုတွေများလွန်းလို့ ဆင်းရဲမွဲတေလွန်းလို့သာ ဆန္ဒပြ အုံကြွခဲ့ကြတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေကတော့အများကြီးရှိခဲ့ပါတယ် ၊ ခေါင်းဆောင်တွေစုစည်းပြီး ကြားဖြတ်အစိုးရမဖွဲ့နိုင်ခဲ့တာ ၊ တောတွင်း လက်နက်ကိုင်အင်အားစုတွေနဲ့ပေါင်းစည်းပြီး နိုင်ငံတော်အာဏာကိုအရမယူနိုင်ခဲ့တာ ၊ စနစ်တကျမဟုတ်တဲ့စုဖွဲ့မှုတွေနဲ့ အသေချာပြင်ဆင်စီစဉ်မှုတွေမရှိပဲ လျှပ်တပြက်ဆုံးဖြတ်လုပ်ဖြစ်ခဲ့ကြတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေသင်ခန်းစာယူရမှာတွေဖြစ်ပါတယ် ။

မဆလအမည်ခံ နေ၀င်း ၊ စန်းယု ၊ စိန်လွင် အစိုးရတွေကိုဖြုတ်ချနိုင်ခဲ့တာ ၊ ပြည်သူတွေကျောင်းသားလူငယ်တွေကို နိုင်ငံရေးနားမျက်စေ့ပွင့်စေခဲ့တာ ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)နဲ့အတူ မင်းကိုနိုင် ၊ ကိုကိုကြီး တို့လို ကျောင်းသားခေါင်းဆောင်တွေ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး တို့လို လူထုခေါင်းဆောင်တွေပေါ်ထွက်လာခဲ့တာ ၊ လက်နက်ကိုလက်နက်ချင်းပြန်ချနိုင်မှသာရမယ်လို့ ယုံကြည်ချက်တွေနဲ့ ကျောင်းသားတပ်မတော် (ABSDF)ဖွဲ့စည်းပေါ်ပေါက်ခဲ့တာ ၊ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးပေါ်ပေါက်ခဲ့တာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေရရှိခဲ့တဲ့ အောင်မြင်မှု တွေဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီး ၊ လူထုအုံကြွမှုပုံစံကနေ ရပ်ဆိုင်းလိုက်တာဟာ စစ်တပ်ကပစ်သတ်နှိမ်နှင်းလို့ဆိုတာထက် တောင်းဆိုဆန္ဒပြနေတဲ့လိုအပ်ချက်ကို စစ်တပ်ကလုပ်ပေးမယ်ဆိုတဲ့မြှူဆွယ်မှုကြောင့် ရပ်ဆိုင်းလိုက်တာလို့ထင်ပါတယ် ၊ “တပ်မတော်က နိုင်ငံတော်အာဏာကိုချုပ်ကိုင်လိုက်ပါပြီ ၊ ဆန္ဒပြပွဲ တွေရပ်ကြပါ ၊ နိုင်ငံရေးပါတီတွေထောင်ခွင့်ပေးပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးလုပ်ပေးပါ့မယ် ၊ ပြီးရင် အနိုင်ရပါတီကိုအာဏာလွှဲပေးပြီး စစ်တပ်က စစ်တန်းလျား ပြန်မှာပါ ”ဆိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကတိစကားကို ယုံစားမိခဲ့ကြလို့ လို့ထင်ပါတယ် ။

၁၉၈၉ မှာ ကိုမင်းကိုနိုင်နဲ့ ကျောင်းသားခေါင်းဆောင်တွေဖမ်း ၊ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းလုပ်ပြီး မဆလကနေအမည်ပြောင်း တစည (တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ)အနိုင်ရအောင်နည်းမျိုးစုံကြိုးစားခဲ့ပေမဲ့ ပြည်သူတွေရဲ့နိုင်ငံရေးနိုးကြားမှုက ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ ထူးထူးကဲကဲမဲပေးခဲ့ကြပါတယ် ။ ပြည်သူတွေဆန္ဒမဲပေးခဲ့ကြတဲ့ အနိုင်ရပါတီကိုအာဏာလွှဲမပေးပဲ ကတိတွေကိုချိုးဖေါက်ပြီး စစ်အာဏာရှင်တွေက လူပြောင်းနာမည်ပြောင်း ကနေ့ထိဆက်အုပ်ချုပ်နေဆဲဖြစ်ပါတယ် ။ ရှစ်လေးလုံးအရေးတော်ပုံကြီးကိုအာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး စောမောင်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ကိုဖယ်ရှားပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေက န၀တအမည်ကနေ နအဖ(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွင့်ဖြိုးရေးကောင်စီ)လို့ ပြောင်းလဲအုပ်ချုပ်နေခဲ့ပါတယ် ။

၁၉၉၆ ကျောင်းသားအရေးအခင်း ၊ ၉၉၉၉ အရေးအခင်း ၊ ၂၀၀၇ သြဂုတ်လ လောင်စာဆီဈေးမြင့်တက်မှုလမ်းလျှောက်ပွဲ ၊ တစ်ကိုယ်တော်ဆန္ဒပြပွဲများစွာနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဆိုတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့နောက်ဆက်တွဲ အရှိန်အဟုန်တွေဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံဆိုတာ ဒဏ္ဍာရီမဟုတ် ၊ ရာဇ၀င်ဖြစ်တယ် ။ ကျောင်းသားတွေ ၊ ဗမာပြည်သူတွေရဲ့ အထင်ကရသမိုင်းကြီးဖြစ်တယ် ။ သေချာနားစွင့် ကြည့်ပါ ၊ နှလုံးသားနဲ့နားထောင်ကြည့်ပါ ၊ “ လွတ်တပ်မှအမျှဝေပါ ” ဆိုတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာကျဆုံးခဲ့တဲ့ဝိဥာဉ်တွေရဲ့ ဒို့အရေးဒို့အရေး ကြွေးကြော်သံတွေနဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါလို့ မှာကြားနေသံတွေ ကြားရပါလိမ့်မယ် ။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ

မောင်ကျောင်းသား ။

အမြဲပေးပို့ပေးနေတဲ 26Sann အားကျေးဇူးတင်ပါသည်။



ကိုမော်မင်းလွင် (ခ) ကိုမော်ကြီး၏ ဖခင် ဗိုလ်မှုးမင်းလွင် ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်း။

ကိုမော်ကြီးနဲ့ ကိုအောင်အောင်တို့ရဲ့ ဖခင် (ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတော် ဗိုလ်မင်းလွင် လက်ယာဘက် ယာအစွန်) (ဓာတ်ပုံ Burma Today)
၁၉၈၉ခုနှစ် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုရေးတာဝန်ယူခဲ့တဲ့ ကိုမော်ကြီး(ညာ)နှင့် ကိုအောင်အောင် တို့ ညီအကို (၂)ဦး
(ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတော် ဗိုလ်မှုးမင်းလွင် ဈာပနအခမ်းအနား ဓာတ်ပုံ)


ဝမ်းနည်းခြင်း...

ကိုမော်မင်းလွင် (ခ) ကိုမော်ကြီးနှင့် ကိုအောင်အောင် တို့၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတော် ဗိုလ်မှုးမင်းလွင် ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်း။


ဒီမိုဝေယံ

ကိုငြိမ်း ဆိုတဲ့ ကဗျာဆရာကိုငြိမ်းလူရဲ့ နောက်ဆုံးခရီး ဈာပန ပုံရိပ် မှတ်တမ်း....



ကဗျာဆရာကိုငြိမ်းလူရဲ့ နောက်ဆုံးကဗျာလေးပါ.....

ပြောင်းခင်းထဲက နေ(သို့) ရင့်မှည့်စေသောစာမျက်နှာ

ထားခဲ့ညနဲ့
သွားမဲ့ည
မှောင်တာတူတာပဲလား

ဖနှောင့်မှာ
မနှုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား

ထိတာနဲ့
ရုန်းဖို့လား
အနီလားအစိမ်းလာ

ကမ်းပါးကိုမထိတဲ့ လှိုင်းဆိုတာကော
ရှိလား

ညကိုလမ်းလျှောက်
တောင်မြောက်ကို ကြည်ခွင့်မရတာ
အပြစ်လား

ဖုန်းဆိုးတောင်ယာ
တသီတတန်း
ဒီလမ်းကိုတော့ ကဗျာမဖွဲ့နဲ့
တို့မှာ
တောင်တန်း
ကမ်းပါး
လမ်းသွားတွေရှိပါလျှက်
ဖြစ်ရရင်လေ
ရက်ရက်စက်စက်

အရည်ပြားပေါ်မှာ
ထင်ကျန်နေတဲ့
အမဲ့စက်တစက်အတွက်
ခရီးမထွက်နဲ့လို့
ပြောပြသူတွေအတွက်
ခရီးမထွက်နဲ့လို့
ပြောပြသူတွေအတွက်တော့
မနက်ဖြန်မှာ
လ္ဘက်ရည်ဖန်ဖန်လေး
တခွက်...
တိုက်လိုက်ပါ

ဒါပြီးရင်လေ
သူတို့က
ပါရီကနံရံတွေအကြောင်း
ဇီမာလမ်းဆုံအကြောင်း
ခင်ဗျာကို ကောင်းကောင်း ပြောပြလိမ့်မယ်

ဆေးရေးနှုတ်သွင်း
ချစ်ခြင်းသီဖွဲ့
ပင်းနစ်ရဲ့ ပန်းခင်းလှေတွေအကြောင်း
မညောင်းတမ်းပေါ့

မြင်းတစီး
ဓားတလက်နဲ့
ဇောရိုးရဲ့ ရုပ်ရှင်ကို
မကြည့်ရစကောင်းလားလို့
စောင်းပါးရိပ်ခြေ
ပြောလေအုံးမယ်

ပြီးတော့ စစ်တွေနဲ့ ညှပ်ထားတဲ့
ပါမုန့်တချပ်လက်ဆောင်
စကပ်တိုတိုပေါင်ပေါ် တင်ပေးလိုက်မယ်

အဲဒီအချိန်မှာပဲ
အသံမကြားအောင်
ကြေရေသုတ် ပန်းကန်တချပ်ကွဲ
ဟန်ဆောင်ပြီးထွက်ခွာသွားမြဲ........။

ခင်ဗျားတို့ လေ့လာနေကြ
ကဗျာထဲက
နာရီမဲ့တဲ့ အိုကိုးရဲ့ ဘဝထဲမှာ......
ကျနော်မွေးတုန်းကလည်း
လင်းကြက်တွန်စဲ
တောင်ယာပေါ်ချိန်ပဲနော်......။

ဆရာမောင်သစ်ဆင်းအား ဦးခိုက်စွာဖြင့်
ငြိမ်းလူ

Australian Burmese Community Journal အတွဲ(၁) အမှတ်(၁၀)မေလထုတ်အတွက်
ကိုငြိမ်း(ကဗျာဆရာ ငြိမ်းလူ) ရေးပေးခဲ့တဲ့ ကဗျာပါ။

ပေးပို့လာသူ မြတ်လေးငုံ