ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကရင်ကျောင်းသာများရိပ်သာ ဖြစ်မြောက်ရေးကော်မတီ (မော်လမြိုင် နည်းပညာတက္ကသိုလ်)

ကရင်ကျောင်းသာများရိပ်သာ ဖြစ်မြောက်ရေး (မော်လမြိုင် နည်းပညာတက္ကသိုလ်)

အနယ်နယ် အရပ်ရပ်မှ မော်လမြိုင် နည်းပညာတက္ကသိုလ် သို့လာရောက် ပညာသင်ကြားကြမည့် ကရင်လူမျိုး ကျောင်းသားလူငယ်များ နေထိုင်စားသောက်၊ ပညာသင်ကြားရေး အဆင်ပြေစေရန် အတွက် ရည်ရွယ်ပြီး ကရင်ကျောင်းသာများရိပ်သာ (မော်လမြိုင် နည်းပညာတက္ကသိုလ်)ကို အောက်ပါ အဖွဲ့အစည်း မှဦးဆောင်၍ ဆောက်လုပ်နေပါသည်။ အဆောက်အဦး ပြီးစီးပြီ ဖြစ်သော်လည်း အတွင်းပရိဘောဂ ကုတင်၊ စားပွဲ၊ ဘီဒို များလိုအပ်နေပါသေးသည်။ စေတနာရှင်များ ပါဝင်လှုဒါန်းနိုင်ပါသည်။
ကရင်ကျောင်းသာများရိပ်သာ ဖြစ်မြောက်ရေးကော်မတီ
မော်လမြိုင် နည်းပညာတက္ကသိုလ်

သမ္မတရဲ့ဘာလီ အင်တာဗျူးကိုသုံးသပ်ကြည့်ခြင်း (အပိုင်း ၁) (ဆောင်းပါးရှင် မောင်သားများ)

ဓာတ်ပုံ AP
သမ္မတရဲ့ ဘာလီအင်တာဗျူးကို သုံးသပ်ကြည့်ခြင်း
(ဆောင်းပါးရှင် မောင်သားများ)

(၁) သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကျဉ်းသားများ ကိစ္စခံယူချက်အပေါ် သုံးသပ်ချက်(၁)

"ယုံကြည်ချက်ကြောင့် ဆိုတာပြောရမှာခက်တယ်၊ ယုံကြည်ချက်ဆိုတာကို ကျုပ်တို့ကလက်မခံဘူး ၊ဥပဒေတစ်ခုခုကို ကျူးလွန်ထားတဲ့ အတွက်ကြောင့် အရေးယူထားခြင်းဖြစ်တယ်။ သူတို့လိုဘဲ ဥပဒေတစ်ခုခုကို ကျူးလွန်ထားတဲ့ သူတွေထောင်ထဲမှာ အများကြီးရှိတယ်။ " (သမ္မတသိန်းစိန် ဘာလီအင်တာဗျူး အဖြေ)

သုံးသပ်ချက်။ ။
ယုံကြည်ချက်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က အာဏာရှင်တွေ အတွက်တော့ ဘုန်းကြီးနဲ့ခေါင်းဘီး၊ မယ်သီလနဲ့ ဆံကုတ်လိုပါဘဲ။ အလင်းကိုကြောက်တဲ့ အမှောင်ထဲမှာ ပျော်မွေ့တဲ့သတ္တ၀ါတွေ အတွက်တော့ ယုံကြည်ချက်ဆိုတာ မရှိနိုင်ပါဘူး၊ လက်ခံနိုင်မှာလည်း မဟုတ်ပါဘူး။ “ယုံကြည်ချက်ဆိုတာ တိုင်းပြည်နဲ့လူမျိုးအပေါ် အုပ်စိုးသူ၊ ဗိုလ်ကျသူ၊ အစိုးရတစ်ရပ်၏ မတရားမှု၊ မမျှတမှု၊ တန်းတူညီမျှ မရှိမှုတို့အတွက် အသက်သေသေ၊ အရိုးကြေကြေ၊ အရေခမ်းခမ်း၊ အမှန်တရားအတွက် အောင်ပွဲမရမခြင်း မိမိ၏ရပ်တည်ချက် (Stance) ကိုလက်နက်၊ ငွေ၊ အာဏာ၊ အစရှိတဲ့ ခြောက်လုံး၊ မြှောက်လုံးတွေဖြစ်တဲ့ နိုင်ငံရေး လောကဓံတွေကြောင့် ပြိုလဲမသွားဘဲ  ခိုင်ခိုင်မာမာ ရပ်တည်မှုရှိသော နိုင်ငံသားကောင်းစစ်စစ်၏
အဓိပတိ တတ်ထားသော စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို နိုင်ငံရေး ယုံကြည်ချက်ဖြစ်တယ်လို့ ကျုပ်တို့ခံယူတယ်။

ကောင်းပြီဒါဆိုရင် သမ္မတကို ကျုပ်မေးမယ်…………..
အခုအကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေဖြစ်တဲ့ ကျောင်းသား၊ ရဟန်း၊ ပြည်သူတွေက (၁)တိုင်းပြည်ရဲ့ဘဏ္ဍာတွေ၊ သံယံဇာတတွေ၊ သဘာဝ အရင်းအမြစ်တွေကိုခိုးယူ၊ သိမ်းပိုက်၊ ရောင်းချထားခဲ့လို့ ပြစ်ဒဏ်တွေက နှစ်၂၀၊၃၀၊ ၆၅နှစ်၊ နှစ်၉၀သတ်မှတ်ထားရသလော….

(၂) မေတ္တာနဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက်၊ ဆုတောင်း၊ မေတ္တာပို့ခဲ့လို့ အကျဉ်းကျနေတဲ့ သံဃာတွေက လူသတ်၊ မုဒိမ်းကျင့်၊ မျိုးဆက်တုန်း သတ်ဖြတ်ခဲ့လေသလား။

(၃)စိတ်ထားနူးညံ့၊ သဒ္ဓါတရားကောင်းတဲ့၊ သနားကြင်နာတတ်တဲ့၊ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေက ဆန္ဒပြရာမှာ အစားအစာ၊ ရေ၊ ဆက်ကပ်လှူဒါန်း၊ ပေးဝေမိခဲ့လို့ ထောင်ချခြင်းဟာ ရဟန်းသံဃာ၊ ကျောင်းသား၊ ပြည်သူတွေကို သတ်ဖြတ်ခဲ့လို့ ရာဇ၀တ်မှုလို့ သတ်မှတ်နိုင်ပါသလား။


(၂) ကြားဖြတ် ရွေးကောက်ပွဲ ( by –election)  အပေါ်သမ္မတဦးသိန်းစိန် စိတ်ဝင်စားမှုရှိမှုအပေါ် သုံးသပ်ချက်(၂)

“ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စကတော့ ဘယ်လ၊ဘယ်ရက်ဆိုတာတော့ သတ်သတ်မှတ်မှတ် မရှိသေးပါဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ညှိနိုင်းကြတာ တိုင်ပင်ဆွေးနွေးကြတာ မလုပ်နိုင်သေးပါဘူး၊ လုပ်တာကတော့ လုပ်ပေးရမှာပေါ့၊ လွတ်နေတဲ့ နေရာလေးတွေက ရှိနေတော့”
(သမ္မတဦးသိန်းစိန် ဘာလီအင်တာဗျူးအဖြေ)

ဒါလည်းနအဖရဲ့ သုံးစွဲနေကြ လေသံပါဘဲ ဒီလိုမရေမရာ၊ မတင်မကျတွေက သူတို့ရဲ့ (နအဖ)လက်သုံး စကားတွေပါဘဲ။ ၀န်ကြီးကျော်ဆန်း ပြောသလိုဘဲ မိုးမကျမှီလည်း ဖြစ်နိုင်သလို၊ မိုးလွန်ပြီးမှလည်း ဖြစ်နိုင်ပါတယ် ဆိုတာမျိုးတွေပေါ့၊ ကြားဖြတ် ရွေးကောက်ပွဲကိုလည်း သူတို့အားလုံး စိတ်ကြိုက်ပြင်ဆင်ပြီးမှ ကြေငြာပေးမယ်ဆိုတဲ့ သဘောပါဘဲ။ နိုင်ငံခေါင်းဆောင်ရဲ့လေသံက အားရစရာမရှိပါဘူး၊ စေတနာပေါ့ဗျာ၊ “လုပ်ပေးရမှာပေါ့ တို့ ရှိနေသေးတော့… လို့ဆိုတဲ့ ပြည်သူကို လေးစားတဲ့ လေသံမျိုးမရှိပါဘူး။“

နိုင်ငံရေးမှာ ရိုးသားလွန်းတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တော့ အမြဲသတိရှိစေချင်တယ်။ ဗိုလ်ချုပ်ရိုးတယ်၊ အများအတွက်ကြည့်တယ်၊ ကိုယ်ဖို့မကြည်ဘူး၊ အာဏာမယူဘူးလို့တောင် ပြောထားတဲ့ ကြားထဲကနေ လုပ်ကြံခံရတယ်။ နိုင်ငံရေးမှာ တရားသဘောနဲ့  နှလုံးသွင်းပြီးပြုမှု ဆောင်ရွက်လို့မရနိုင်ပါဘူး။ Political game ဆိုတာကိုယ်က ရိုးသားလို့ မကစားရင်တောင်မှ သူများကစားတဲ့ အကွက်တော့ ပါးပါးနပ်နပ် စောင့်ကြည့်ပြီးလှုပ်ရှား သင့်ပါတယ်။ 

သုမေဓာရှင်ရသေ့ဘ၀မှာ ကျွတ်တမ်းဝင်နိုင်ရဲ့သားနဲ့ တကိုယ်ကောင်းမဆန်ဘဲနဲ့ သတ္တ၀ါတွေကို ငါဘုရားဖြစ်အောင်ကြိုးစား ပြီးတော့ ကျွတ်တမ်းဝင်အောင် ချွတ်ပြမယ်ဆိုပြီး ကြွေးကြော်ခဲ့ပြီးတော့ လေးအင်္သချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့တဲ့ ဘုရားတောင်မှ ဘုရားဖြစ်တဲ့နေ့မှာ စိတ်ဓါတ် ကျသွားခဲ့ပါသေးတယ်။ ဘာကြောင့်လည်းဆိုတော့ သတ္တ၀ါတွေက သူချွတ်လို့ ကျွတ်မှာမဟုတ်လို့တဲ့။ ဒါပေမဲ့ သဘာဝတရားဆိုတာ တင်းမာလွန်းလာရင် ပေါက်ကွဲတတ်တာ သဘာဝရဲ့နိယာမပါဘဲ။ တော်လှန်ရေးဆိုတာ၊ ကာလ၊ ဒေသ၊ ဥပဓိ၊ ပယောဂကို လိုက်ပြီးတော့မှ ဖြစ်ပေါ်တတ်တာ မဟုတ်ပါဘူး၊ ဘယ်အချိန်မှာဖြစ်မယ်၊ ဘယ်အချိန်တော့ မဖြစ်ရဘူး။ ဆိုတာလည်း သတ်မှတ်ပေးလို့ မရနိုင်ပါဘူး၊ စကြ၀ဠာရဲ့ ပေါက်ကွဲမှု အစတောင်မှ (Big bang) အမှတ်စက်ကလေးတစ်ခုမှ စခဲ့တာပါ။ ဘာဘဲပြောပြော၊ ဘယ်လိုဘဲလုပ်လုပ်၊ နောက်ဆုံးမှာတော့ အဓမ္မကို ဓမ္မကအောင်ပွဲ ဆင်မြဲသာပါဘဲ။

ဆက်လက်ဖော်ပြပါမည်....

ကျားကွဲရင် ခွေးအ ဆွဲမယ် (ဆောင်းပါးရှင် ထွန်းအောင်ကျော်)

ကျားကွဲရင် ခွေးအ ဆွဲမယ်
(ဆောင်းပါးရှင် ထွန်းအောင်ကျော်)

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှတ်ပုံတင်ခြင်းနှင့် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခြင်းအပေါ် ဒီမိုကရေစီအင်အားစုများ အတွင်းသဘောတူ ထောက်ခံသူများနှင့် သဘောမတူသူများ အကြားအငြင်းပွါးလာခဲ့ပြီး စစ်အာဏာရှင်ကို မတိုက်နိုင်တော့ဘဲ အချင်းချင်း ငြင်းခုံကြရင်းဘုံရန်သူ ပျောက်၍ စစ်အာဏာရှင်အကြိုက် တဦးနှင့်တဦး လက်ညှိုးထိုး၊ ရန်တွေ့ရင်း တဝဲလည်လည်သွေး ကွဲကြ ပြန်သည်။ ကျားကွဲတော့ ခွေးအများက ဝိုင်းဆွဲခြင်းကိုခံရ တော့မည့်ကိန်း ယနေ့ဒီမိုကရေစီအင်အား စုများအတွင်း ဆိုက်ရောက်နေသဖြင့် သတိပေးနှိုး ဆော် လိုက်ရပေတော့သည်။

ဒေါ်အောင်ဆန်းစုကြည် နေရာမှ စဉ်းစားကြည့်ခြင်း။

၁။ ဒေါ်စုနေအိမ်အကျယ်ချုပ်ဖြင့် စုစုပေါင်း၁၃နှစ်နေခဲ့စဉ် NLDပါတီသည် ပါတီဝင်သန်းကျော်မှ သောင်းဂဏန်းပင် မရှိသလောက် အဖွဲ့ဝင်ဦးရေ ကျဆင်းခဲ့ရသလို နယ်ပါတီရုံးများသည်လည်း ဆိုင်းဘုတ်ပါမကျန် ဖြုတ်သိမ်းပိတ်ပင်ခြင်း ခံခဲ့ရသည်မှာ အများအသိပင်ဖြစ်သည်။

၂။ ပါတီခေါင်းဆောင်ပိုင်းတွင်လည်း သက်ကြီးရွယ်အိုများက အများစုဖြစ်နေပြီး ပါတီကိုဦး မဆောင်နိုင်ဘဲ ရွှေဝါရောင် သံဃာ့အရေးအခင်းတွင် လူထုနှင့်မပေါင်းစပ်နိုင်ဘဲ ဘေးရှောင် နေခဲ့သည့်အထိ အရုပ်ဆိုး အကျဉ်းတန်ခဲ့သည်။

ထိုအခြေအနေတွင် နေအိမ်အကျယ်ချုပ်မှ လွတ်လာသောဒေါ်စုအနေနှင့် ဘယ်လိုရပ်တည်ရမလဲ? အင်အားချိနဲ့နေသော သူမပါတီကို ဘယ်လို ပြန်လည် တည်ဆောက်ယူမလဲ? နအဖနဲ့ဆက်လက်၍ ထိပ်တိုက်တွေ့ပြီး နေအိမ် အကျယ်ချုပ် ပြန်နေမလား?၊ ဒေါ်စုအနေနဲ့ စဉ်းစားမှာအမှန်ပါ။ ဒီအချိန်မှာ ဦးသိန်းစိန်တို့ကလဲ ဗိုက်နာနေပြီ၊ သူ့ရဲ့စစ်ရုပ်သေး အစိုးရကို အာဆီယံက ထောက်ခံ ပြီးလာမဲ့ အာဆီယံအစည်းအဝေး မှာဥက္ကဌ ရာထူးရဘို့ အရှေ့တောင်အာရှမှာ လူရာဝင်ဘို့ရယ်၊ အနောက်နိုင်ငံ တွေ ကပိတ်ထားတဲ့ စီးပွါးရေးပိတ်ဆို့မှု တွေကို ရုတ်သိမ်းဘို့ ဒေါ်စုကိုချဉ်းကပ်လာခဲ့တယ်၊ မချည်းကပ်လို့ လဲမဖြစ်ဘူး၊ တိုင်းပြည်သံယံဇာ တတွေရောင်းလို့ရတဲ့ ငွေတွေကသန်းရွှေနဲ့ ခိုးသားငါးရာက ဗျောင် ယူထားပြီးပြီ၊ သဘာဝ ဓါတ်ငွေ့ရောင်းရငွေ ဘီလီယံလိုက် သန်းရွှေကယူလိုက်တဲ့အတွက် သိန်းစိန်တို့ အစိုးရနိုင်ငံခြား အကူလိုတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလိုအပ်ချက်ရဲ့ အဖြေဖြစ်တယ်။ နိုင်ငံတကာကအသိ အမှတ်ပြုထားတဲ့ ခေါင်းဆောင်ဒေါ်စုကို စည်းရုံးဘို့ သူ့ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်း ပုံကြီးကို ချိတ်ပြီး တွေ့ဆုံခဲ့တာ အများအသိပါ။

ဒီနေရာမှာဒေါ်စုက NLD ပါတီရပ်တည်ရေး၊ ဗဟိုကော်မီတီကို လူသစ်သွေးသစ်တွေနဲ့ ပြန်လည် ဖွဲ့စည်း နိုင်ဘို့အရေးတွေကို စဉ်းစားပြီး စစ်ရုပ်သေး အစိုးရနဲ့သူတို့ဘက်က စပြီးကမ်းလှန်း လာမှုအပေါ် လက်တွေ့ကျကျ ပေးလာတဲ့ အခြေအနေအရ ဦးသိန်းစိန်တို့ရဲ့ ကစားကွက်ကိုပြန် လှန်ပြီး အောက်ကြေးကနေ ပြန်ကစားတယ်လို့ ယူဆတယ်၊ ဘာကြောင့်လဲဆိုတော့ သန်းရွှေတို့ မလုပ်တဲ့အလုပ်ကို သိန်းစိန်က  ပျော့ပျော့ ပြောင်းပြောင်းလုပ်လာ တော့ဒေါ်စုကလဲနဂို တင်းမာ ရေးကနေ ပြောင်းလဲလာတဲ့ အခြေအနေအရ သူဆက်တိုက် တောင်းလာတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်း ပွင့်လာတဲ့အတွက် သူ့ဘက်ကလဲ အစွမ်းကုန်တဖက်နဲ့ တဖက်ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်လာခဲ့တာ ဖြစ်တယ်လို့မြင်တယ်။ သိန်းစိန်ဟာ တကယ်ပြုပြင်ပြောင်း လဲလိုသူလား၊ ရုပ်ပြလား ဆိုတာဘာလီ အစည်းအဝေးမှာ သူပြောလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ဆိုတာမရှိဘူး၊ ပြစ်မှု တခုခုကို ကျူးလွန်လို့ အကျဉ်းကျနေတဲ့ သူတွေဘဲရှိတယ်လို့ ပြောလိုက်ခြင်းကြောင့် “ဒီပုတ်ထဲ ကဒီပဲ” ဘဲဆိုတာ ထင်ရှားစေခဲ့တယ်။

ဒေါ်စုကလဲ သူ့ကိုယ်သူအစားခံပြီး ကင်းယူဘို့လုပ်တာ ထင်ရှားတယ်၊ ပွင့်လာတဲ့အပေါက်ကလေးကိုချဲ့ပြီး တဖြေးဖြေးဝင်မယ် ဆိုတာသူမနဲ့ NLD ရဲ့သမိုင်းဘဲ၊ သူတို့ရဲ့ကြံရည်ဖန်ရည်၊ ကံဥာဏ် ဝိရိယ အ ပေါ်မှာ မူတည်ပြီး ဒီလမ်းကြောင်းဟာမှန်တယ်၊ မှားတယ်ဆိုတာ သမိုင်းကဆုံးဖြတ် သွားမှာဖြစ်တယ်။ အခုကတည်းက ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုပြီးပက်ပက်စက်စက် ဝေဖန် နေသူတွေထဲမှာ ဆိုက်ဝါးတွေ ကြိမ်းသေပါတယ် သူ့လူကိုယ့်ဘက်သားတွေ အများကြီးဘဲဆိုတာ သတိရှိဘို့လိုတယ်။ အပြတ်သားဆုံး ပြောနိုင်တာက ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်သူမဟုတ်ဘူး ဆိုတာဘဲ၊ ရန်သူရဲ့အဝန်းအဝိုင်းထဲ ကို တိုက်ဘို့ စွန့်ပြီးဝင်သွားတဲ့ သူရဲကောင်း တယောက် လို့မှတ်ယူနိုင်တာက ပိုကောင်းတယ်လို့ မြင်တယ်။ ဒီလိုမြင်တာဟာ အားလုံးအတွက် အကောင်းဆုံးဖြစ်တယ်။ သူအခွင့်အရေးရဘို့၊ သူနံမည်ကျော်ကြားဘို့ လုပ်နေတာ မဟုတ်တာတော့ ကျိန်းသေတယ်၊ ဘာကြောင့်လဲဆိုတော့ သူမဟာ ကမ္ဘာသိကျော်ကြားပြီး သူဖြစ်နေလို့ပါဘဲ။ သူလုပ်နေတာ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက်ဘဲ၊ သူသွားတဲ့လမ်းကို လက်မခံ နိုင်တောင်၊ သူ့စေတနာကို အနည်းဆုံး နားလည်ပေးနိုင်ဘို့ လိုတယ်။

ပြည်ပကနေ ဒေါ်စုကိုဆဲနေသူတွေကို ပြောချင်တာက ဒေါ်စုသာသူတို့လို ပြည်ပကိုထွက်လာရင် ငွေသန်း ချီပုံပေးမဲ့သူတွေ အများကြီးရှိတယ် ဆိုတာပါဘဲ၊ ပြည်ပမှာကောင်းကောင်း ဇိမ်နဲ့နေနိုင် ရဲ့သားနဲ့ ပြည်တွင်းမှာ သားတွေကိုပစ်ပြီး တိုင်းပြည်နဲ့ လူမျိုးကိုငဲ့ပြီး နေနေတာကိုက လေးစား ထိုက်တယ်ဆိုတာပါဘဲ။

ဒါကြောင့်ဒေါ်စုသွားတဲ့ လမ်းကြောင်းကို မကြိုက်ရင်ဘာလုပ်ကြမလဲ?

ဒေါ်စုသွားနေတဲ့လမ်းကို မကြိုက်ရင် ကိုယ့်လမ်းကိုယ်ထွင် ယုံဘဲရှိတယ်၊ အချင်းချင်းပုတ်ခတ် တိုက်ခိုက်နေစရာ မလိုဘူး၊ ရန်သူအားရအောင် လုပ်နေစရာ မလိုအပ်ဘူး။ အခုဖြစ် နေတဲ့ပြသနာက ကိုယ်ကလည်း ဘာမှမလုပ်နိုင် လုပ်နိုင်သလောက် လုပ်နေသူတွေကို တစ်တစ်ခွခွဆဲပြီး ရဲရဲ တောက် သူရဲကောင်းကြီးတွေလို လုပ်နေတာ အတော်အကြည့်ရ ဆိုးပါတယ်၊ နှစ်၂၀ ကျော်ဖြတ် သန်း လာပြီး ရင့်ကျက်လာသူတွေ ဖြစ်မလာကြဘူး၊ ကိုယ်ကဘာတွေ လုပ်နေတယ် ဘာမှမပြောနိုင်ဘဲ ဒေါ်စုကို လက်ညှိုးထိုး ပြောနေကြသူတွေ ကိုယ့်ကိုယ်ကို ဘာလုပ်နိုင်သလဲ၊ ဘာတွေလုပ် ပြီးပြီလဲ မေးကြည့်ကြ ဘို့လိုပြီ။

ကျွန်တော်အနေနဲ့ ကတော့ ဒေါ်စုရွေးတဲ့လမ်းက ရေရှည်ကြာနိုင်တယ်လို့မြင်တယ်၊ မဖြစ်နိုင်ဘူးလို့ တော့မပြောဘူး။

တခုပြောနိုင်တာက အခုလစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာ၄၀ လောက်ကို ဝင် ပြိုင်ခြင်းဖြင့်ရလာမဲ့ လက်တဆုပ်စာအမတ်လောက်နဲ့ ကြံဖွတ်ရဲ့ ၂၀၀၈ နာဂစ်အခြေခံဥပဒေကို ဒီမိုကရေစီနည်းကျ ပြောင်းလဲနိုင်မှာမဟုတ်ဘူးဆိုတာဘဲ။ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ  အားလုံး ပါ ဝင်နိုင်မှုမပေးဘဲ လုပ်မဲ့ကြားဖြတ်ရွေးကောက် ပွဲဟာ NLD ကအားလုံး နေရာရစေအုံး လွှတ်တော် ထဲ မှာ အခြေခံဥပဒေကို ပြင်ဆင် ဘို့တတ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်ရေရှည်မယ်၊ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေ ဟာ ၁၉၉၂ ခုနှစ်လောက်ကစပြီး  စစ်အာဏာအသာစီးရရေးအတွက် နှစ်ပေါင်း ၁၅ နှစ်ကျော် စိမ်ပြေနပြေ ရေးဆွဲထားတဲ့ သူတို့အသက်ပေး စောင့်ရှောက်ရမဲ့ ဥပဒေဖြစ်တယ်။ ဒီဥပဒေ ကိုမပြင်နိုင် အောင်လွှတ်တော်အမတ် ၂၀%က တင်သွင်းရမယ်၊ နောက်လွှတ်တော်အမတ် ၇၅% ကျော် က ထောက်ခံအတည်ပြုရမယ်၊ အတည်ပြုခဲ့ရင်လဲ ပြည်သူ့ဆန္ဒခံယူ အတည်ပြုရအုံးမယ် ဆိုတော့ အတော်ခက်မဲ့ အလုပ်ပါ။

နောက်ပြီး  လွှတ်တော်ထဲမှာ စစ်ဗိုလ်တမတ်သား ရှိနေတော့ကျန်၇၅% က အားလုံးကိုယ့်လူတွေ ဖြစ်နေရမယ်။ အဲဒီ့တမတ်သားထဲက အနည်းဆုံးတယောက် ပါလာရအုံးမယ်။ အဲဒီတော့မှ ပြင်ခွင့်ရမှာ အခုကြံ ဖွတ်ကလွှတ်တော်ထဲမှာ အင်အားအကြီးဆုံးဆိုတော့ ဦးသိန်းစိန်ရဲ့ သက်တမ်း ၅ နှစ်အတွင်း မှာ ဘယ်လိုနည်းနဲ့မှ မပြောင်းလဲနိုင်ဘူး ဒါပေမဲ့ပါတီကို ၄နှစ်လောက် အချိန်ယူပြီး တောင့်တင်းလာအောင် ပြုစုပျိုးထောင်ဖို့ အကျိုးအမြတ်တော့ရမှာပါ။ နောက်သက်တမ်း၂၀၁၅ မှာတော့ NLD အတွက် နိုင်ဘို့လမ်းရှိတယ်၊ မဲလိမ်မဲခိုးမရှိရင်ပေါ့၊ ဒါကြောင့် NLD ရဲ့ရည်မှန်းချက်ဟာ ၂၀၁၅ ဖြစ်ဘို့များတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဟာ အကြွင်း အကျန် ကောက်ယူရတဲ့ ရွေးကောက်ပွဲဖြစ်လို့ ဒေါ်စုတို့လို အမျိုးသားခေါင်းဆောင် နေရာကိုရောက် နေတဲ့သူအနေနဲ့ ဝင်မပြိုင်ဘဲ ပါတီခေါင်းဆောင် နေရာကနေပြီး ၂၀၁၅ အထိစောင့်မယ်ဆိုရင် တော့ဒေါ်စုအတွက်ကော တိုင်းပြည်အတွက်ကော အောင်မြင် မှုပိုရနိုင်မယ်လို့ ခန့်မှန်းမိပါတယ်။

ဒါဖြင့်ရင်တခြားနည်းလမ်းကောမရှိနိုင်တော့ဘူးလား? 
 ဒီမိုကရေစီပန်းတိုင်ရောက်ဘို့ ဘယ်လမ်းကိုရွေးရရွေးရ၊ ရဘို့က အရေးကြီးတယ်လို့ မြင်တယ်၊ ဒါကြောင့် လက်နက်ကိုင် တော်လှန်ရေးကို  သန်တဲ့သူကလဲ လက်နက်ကိုင်လမ်းစဉ်ကို အင်အား ကောင်းလာအောင်လုပ်၊ လူထုလှုပ်ရှားမှုကို ယုံကြည်သူကလဲ၊ လူထုတွင်းဝင်ပြီး စည်းရုံးလူထု လှုပ်ရှားမှုတွေကို တွန်းတင် ယုံကြည်ချက်တူသူတွေကို စုစည်းပြီးလုပ်ကြမယ်ဆိုရင် ဘယ် သူ မှားတယ် ဘယ်သူမှန်တယ် လုပ်စရာမလိုဘဲ ကိုယ့်အလုပ်ကိုယ် လုပ်ကြရင်း ဆုံချက်တခုမှာ တွေ့ကြမှာဘဲ၊ အဲဒီဆုံချက်ကတော့ ဒီမိုကရေစီပန်း တိုင်ဘဲ။

လူထုလှုပ်ရှားမှု အားကောင်းလာတာနဲ့အမျှ လွှတ်တော်အတွင်းရှိ ဒီမိုကရေစီအင်အားစုတွေ အတွက် Leverage power လို့ခေါ်တဲ့ အင်အားချိန်ခွင်လျှာလဲ မြင့်တက်လာမှာ ဖြစ်တဲ့အတွက် တဖွဲ့နဲ့တဖွဲ့ အပြန်အလှန် အကျိုးပြုတယ်ဆိုတာ တွေ့ရမှာပါ၊ လွှတ်တော်တွင်းမှာလဲ လွတ်လပ် သော လူထုလူတန်းစား အဖွဲ့အစည်း (Civil Society) များလွတ်လပ် စွာဖွဲ့စည်းခွင့်ရရှိရေး၊ မိမိ လူတန်းစားများကို ကိုယ်စားပြု လှုပ်ရှားခွင့်ရရှိရေးတို့ကို တောင်းဆိုပေးမယ်၊ ကြိုးစားပြီးရလာ အောင်လုပ်ကြမယ်ဆိုရင် ဒီလိုအဖွဲ့ အစည်းတွေဟာ သူတို့ရဲ့ရပိုင်ခွင့်တွေကို တောင်းဆို တိုက်ပွဲ ဝင်ရင်း လူထုလှုပ်ရှားမှုထဲမှာ ပါလာမှာဖြစ်တယ်၊ အဓိကနားလည်ထားဘို့က လွှတ်တော်ထဲက ဘဲတိုက်တိုက်၊ လူထုလှုပ်ရှားမှုနဲ့ဘဲ တိုက်တိုက်၊ လက်နက်ကိုင်နည်းနဲ့ဘဲ တိုက်တိုက် တခုနဲ့တခုအပြန် အလှန် အကျိုးပြုကြတယ် ဆိုတာပါဘဲ။ သူမှားတယ်ငါမှန်တယ် မရှိပါဘူး၊ ကြိုးစားလုပ် ကြတာချင်း အတူတူ ကံ၊ဥာဏ်၊ဝိရိယ သာတဲ့သူက တက်သွားမှာဘဲ။ နောက်ဆုံး ဘယ်နည်းနဲ့ဘဲ အောင်ပွဲခံခံ အားလုံးလို ချင်တဲ့ပန်းတိုင် ရောက်ဘို့က လိုရင်းဘဲလေ၊ ဘယ်သူအောင်အောင် အားလုံး အကျိုးခံစားကြရမှာဘဲ။

ဦးသိန်းစိန်အစိုးရနေရာမှကြည့်ခြင်း ။

ဦးသိန်းစိန်အစိုးရ ဖွဲ့စည်းပြီးနောက် ကမ္ဘာသိ မဲလိမ်မဲခိုးမှုကြောင့် ဂုဏ်သိက္ခာမရှိခြင်းမှ ဂုဏ်သိက္ခာရှိလာ စေရန်နှင့် တရားမဝင်ခြင်းမှ တရားဝင်ဖြစ်လာစေရန် ဆောင်ရွက်ရာ၌ ပထမဦးစွာ-

(၁) ဒေါ်အောင်ဆန်းစုကြည်နှင့်နေပြည်တော်တွင်တွေ့ဆုံခြင်း။

(၂) မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်တန့်လိုက်ခြင်း။

(၃) စာပေစီစစ်ရေးတင်းကြပ်မှုကို လျော့ချလိုက်ခြင်း။

(၄) အင်တာနက်တင်းကြပ်ထားမှုကို လျော့ချလိုက်ခြင်း။

တို့ကိုပြုလုပ်ပြခဲ့သည့် အတွက် ဇော်ဦး ဦးစီးသည့် ဗဟုအဖွဲ့၊ ဟန်ညောင်ဝေ ဦးစီးသည့် ယူရိုဘားမားရုံး၊ ပြည်တွင်း အင်ဂျီအိုတပိုင်း။ စာနယ်ဇင်းတပိုင်း နံမည်ခံထားသော အီးဂရက်ပိုင်ရှင်နေဝင်းမောင်၊ ပညာရှင်အမည်ခံ ကျော်ရင်လှိုင် တို့မှဘေးတီး၊ ဖျာခင်းခြင်းတို့ဖြင့် ထောက်ခံခဲ့ကြသည်။ ထိုသို့အပြုသဘောဆောင်ကြောင်း အပေါင်းလက္ခဏာ ဖြစ်သည်ဟု သာကူးများ နအဖအလိုတော်ရိများက ပြောနေသည့် အထက်ပါအချက် လေးချက်ကို လေ့လာလျှင်-

၁။ ဒေါ်စုနှင့်တွေ့ဆုံခြင်း အတိမ်အနက်ကို ယနေ့အထိ ထုတ်ဖေါ်ပြောဆိုခြင်း မရှိခြင်း ။

၂။ မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းထားခြင်းသာ ဖြစ်သည်၊ အချိန်မရွေးပြန်စနိုင်သည်။

၃။ စာပေစီစစ်ရေး တင်းကြပ်မှုကို လျော့ချလိုက်သော်လည်း ဆင်ဆာဘုတ်အဖွဲ့သည် ဆက်လက် တည်ရှိနေပြီး လွတ်လပ်စွာရေးသား ထုတ်ဝေခွင့်ကို တားဆီးနေသည့် ယန္တရားအဖြစ် အလုပ်လုပ် နေစဲဖြစ်ခြင်း။

၎။ အင်တာနက်တင်းကြပ်မှုကို လျော့ချလိုက်သော်လည်း၊ ကမ္ဘာ့အနှေးဆုံး အင်တာနက် အဖြစ်လည်းကောင်း၊ ခေတ်နှင့်အညီ တိုးတက်ဖွံ့ဖြိုးသော ချမ်းသာကြွယ်ဝသည့် နိုင်ငံကြီးများထက် စံချိန်တင်လောက်အောင် တလဒေါ်လာ၈၀ခန့် အထိပြည်သူများက ပေးနေရသဖြင့် ဆင်းရဲသော ကျောင်းသားလူငယ်များ မတတ်နိုင်ခြင်း။ (ခေတ်မှီသော အမေရိကန်နိုင်ငံတွင် ၁၉ မှ ၃၀ ဒေါ်လာ အတွင်းသာ အမြန်နှုန်း အလိုက်ပေးရသည်)။

ထိုပြောင်းလဲလာခြင်း အားလုံးသည် အပြည့်အဝပြောင်းလဲခြင်းမျိုး မဟုတ်ဘဲ တဝက်တပျက် တိုးလို့တန်းလန်း ပြောင်းလဲပြထားခြင်းသာ ဖြစ်သည်။ ထိုကဲ့သို့ ဟန်ပြ ပြောင်းလဲခြင်းကြောင့် ရရှိလာသော အကျိုးအမြတ်မှာလည်း ကြီးမားလှသည်။ လူအများက ဒလံများ၊ အလံရှူးများ၏ သမိုင်းတဆစ် ချိုးလာခြင်း၊ ဒီမိုကရေစီလမ်းပေါ်သို့ ပထမခြေလှမ်းစသည်ဖြင့် ပြောစကားများကြောင့် အကောင်းမြင်လာကြပြီး အမှန်တကယ် ပြောင်းတော့မည်ဟု ထင်လာကြသည်။ ထို့ပြင်အကျဉ်းသား တသောင်းကျော် လွှတ်ပေးလိုက်ပြန်သောအခါ နိုင်ငံရေးအကျဉ်းသား အားလုံးကိုမကြာ မှီလွှတ်တော့မယောင် အစိုးရအကြံပေးများက ဘေးတီးပေးကြပြန်သဖြင့် ပြည်တွင်းပြည်ပမှ မယုံတဝက်ယုံတဝက်ဖြင့် မျှော်လင့်ကြီးစွာ စောင့်စားရင်း မိမိတို့လင်၊ သား ၊တူ ၊ညီ ၊ညီမ တို့များ လွှတ်လေ မလားဟု မျှော်ကြပြန်သည်။

အရှေ့တောင်  အာရှနိုင်ငံများမှလည်း သိန်းစိန်လုပ်ရပ်ကို ရွှန်းရွှန်းဝေအောင် ချီးကျူးရင်း ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာပြီဟု ဆိုလာရင်းအာစီယံ၏ ဥက္ကဌ အဖြစ် လွယ်လွယ်ကူကူ လက်ခံလိုက်ကြသည်။

ထိုမှတဆင့်ရွေးကောက်ပွဲ ဥပဒေကို စတိပြင်ဆင်ပေးလိုက်သောအခါ NLD မှတ်ပုံခြင်းနှင့် ဒေါ်စုပါ ရွေး ကောက်ပွဲဝင်တော့မည်အထိ ဗိုလ်သိန်းစိန်တို့က စိတ်ဓါတ်ရေးရာတိုက်ပွဲတွင် ဆရာကြီးဗိုလ် သန်းရွှေ၏ အကွက်ဆင်မှုအောက်မှ နေ၍လှလှပပ ကပြသွားခဲ့သည်။

အမေရိကန်ကလည်း နှစ်ငါးဆယ်အတွင်း အမြင့်ဆုံးသံတမာန် ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို စေလွှတ်လိုက်ပြန်သည်။ မြန်မာအစိုးရ အကြံပေးဦးကိုကိုလှိုင် ကလည်း အစိုးရကလုပ် သင့်သော လုပ်ရပ်ကြီးကို လုပ်ပေးပြီးဖြစ်သဖြင့် အမေရိကန်အစိုးရမှ စီးပွါးရေးပိတ်ဆို့မှုကို ရုပ်သိမ်းတော့မည်ဟု မျှော်လင့်ကြောင်း စကားကြောင်းလာခဲ့သည်။

သမတအကြံပေး ဦးကိုကိုလှိုင်၏ လုပ်သင့်သော လုပ်ရပ်ကြီးလုပ်ပေးပြီးပြီ ဆိုသည်မှာ ဘာလုပ် ရပ်ကိုဆိုလိုပါသလဲ? ကျွန်တော်မြင်သော အဓိက လုပ်သင့် သောလုပ်ရပ်မှာ နိုင်ငံရေးအကျဉ်း သားများအားလုံး လုံးဝလွတ်မြောက်ရေးပင် ဖြစ်သည်။ အမေရိကန်သည် ထိုအချက်ကို ကောင်းစွာ သဘောပေါက်မည်ဟု မျှော်လင့်မိသည်။ ထိုလုပ်ရပ်ကြီးကို မလုပ်သ၍ စီးပွါးရေးပိတ်ဆို့မှုကို ဆက်လက်ထားခြင်းဖြင့် နအဖ၏ လည်ပင်းကို ညစ်ထားပြီး သေဖော်သေဖက် ရဲဘော်များ လွတ်မြောက်ရေးကို မျှော်မှန်းရင်း လူထုအုံကြွမှုကြီးကို မြှင့်တင်ရပေတော့မည်။

ကျွန်တော့်အမြင်အရ အာရပ်အုံကြွမှုကဲ့သို့ အုံကြွမှုမျိုး မြန်မာနိုင်ငံတွင် များစွာဖြစ်နိုင်ချေ ရှိနေပါသည်။ မြန်မာနိုင်ငံသည် တော်လှန်ရေးတခု အဖြစ်ပေါက်ကွဲလာရန် တာစူလျက် ရှိနေပြီဖြစ်သည် သိန်းစိန်အစိုးရ ညစ်ပတ်၍ရွေးကောက်ပွဲ အနိုင်ရသွားခြင်းကို အလွန်ကြိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံလို လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ငြိမ်းချမ်း ရေးစသည်တို့ အဖက်ဖက်မှ ချွတ်ခြုံကျနေသော နိုင်ငံကိုဘယ်လိုနည်းနှင့်မျှ တိုးတက်ဖွံ့ဖြိုးလာစေရန် သိန်းစိန်အစိုးရက မတတ်နိုင်ပါ၊ ထိုကြောင့် သူ့သက်တန်းပြည့် အုပ်ချုပ်ရေးကာလတွင် ပြည် သူ၏ လိုလားထောက်ခံမှုကို ရနိုင်လိမ့်မည်မဟုတ်ပေ။ တိုင်းပြည်စီးပွားရေး ပိုမို၍ကြပ်တည်း လာဘို့သာရှိပါသည်၊ ကြပ်တည်းလာလေ အုံကြွမှုဖြစ်နိုင်ချေ များလေဖြစ်သဖြင့် လူထုကြီးကိုဦး ဆောင်နိုင်သော ခေါင်းဆောင်လူငယ်များကို စံနစ်တကျ လေ့ကျင့်ပေးထားဘို့ သာလိုကြောင်း တင်ပြအပ်ပါသည်။

ထွန်းအောင်ကျော်

နိုဝင်ဘာလ ၂၈ ရက် ၂၀၁၁

တက္ကသိုလ်ဝင်တန်းအတွက် အမေ့အိမ်.....

တက္ကသိုလ်ဝင်တန်းအတွက် အမေ့အိမ်
၂၀၁၂ ပညာသင်နှစ်တွင်( ၁၀ ) တန်းဖြေဆိုကြမည့်ကျောင်းသားများနှင့် မိဘများ ၀မ်းမြောက်ကြစေရန်
ဝါရင့်ဆရာကြီးများ ဖြစ်ကြသော ဦးစိန်ထွန်းကျော်( English) ဦးအေးသောင်း(English) ဦးဝင်းမင်း(Math)
ဦးမြင့်အောင်(Math) တို့ဦးဆောင်သော စေတနာဆရာ၊ ဆရာမ အယောက် (၂၀) ကျော်တို့က ယခုနှစ် (၁၀)တန်း ဖြေဆိုကြမည့် လှိုင်သာယာရှိ ကျောင်းသား၊ ကျောင်းသူ များအား ပညာဒါန ပြုသည့်အနေဖြင့် အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ) တွင် လာမည့် ဒီဇင်္ဘာလ ပထမပတ်မှ စတင်၍ အခမဲ့သင်ကြား ပို့ချ ပေးပါတော့မည်။ သင်ရိုးစာအုပ်များ Assignment များ Exercise Bookများကို ဆရာများမှ အခမဲ့ လှုဒါန်းပေးမည့်အပြင် Guide များပါထားရှိပေးပြီး စာဖတ်ဝိုင်းများ၊ စာဖြေ၀ိုင်းများဖြင့် စံနစ်တကျ လေ့ကျင့်သင်ကြားပေးမည့် အစီအစဉ်ဖြစ်ပါသည်။ ကျောင်းအပ်လက်ခံနေပါပြီ။

တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသူ၊ ကျောင်းသားများအတွက် စာအုပ်နှင့် စာရေး ကရိယာများလည်း လှူဒါန်းနိုင်ပါသည်။
လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀)
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ

ဟင်္သာတရှိ ကုန်စည်ဒိုင် ကားဂိတ်များအား မြို့ပြင်သို့ ပြောင်းရွှေ့ခိုင်းမှုအပေါ် တိုင်ကြားစာ (ရုပ်သံ)

ဟင်္သာတ မြို့ပြင်မှ လယ်သမားများ၏ လယ်မြေများအား မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်များမှ တန်ရာတန်ကြေးမပေးပဲ သိမ်းယူပါတယ်..။ မြို့နယ်အုပ်ချုပ်ရေးများနှင့် ကိုယ်ကျိုးရှာ စီးပွားရေးလုပ်ငန်းများ ပူပေါင်းကာ အဆောက်အဦးများ ဆောက်လုပ်ပြီး.. မြို့တွင်း ကုန်စည်ဒိုင်များ၏ ဂိတ်များအား မြို့ပြင်သို့ ဖိအားပေး ပြောင်းရွှေ့ခိုင်းခြင်းအပေါ် တိုင်ကြားပေးပို့လာတဲ့ စာနဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်...။

ယတြာနှင့်အာဏာ အပိုင်း(၂) (ကဗျာရှင် နေရဲနီ)

ယတြာနှင့်အာဏာ အပိုင်း(၂)
(ကဗျာရှင် နေရဲနီ)

ဂဏန်း ပုတ်သင်
ကိုင်းပင် လိပ်မျိုး
နွားသိုး ခွေးအ
ဤခြောက်ဝ အ နာယကဂုဏ်။

ဂဏန်းသည် တည့်တည့်မသွား။ 
ဘေးတိုက်သွား၏။
ငါတည်းဟူသောမာနနှင့် 
လက်မတထောင်ထောင်ရှိလှ၏။

ပုတ်သင်သည်
ရာသီအလိုက်  အရောင်ပြောင်းတတ်၏။
မှန်သည်မှားသည်။သင့်သည် မသင့်သည်။ မစဉ်းစား။
နေရာတိုင်းမှာ ခေါင်းတညိတ်ညိတ်ရှိ၏။
ကိုင်းပင်သည် မားမားမတ်မတ်မရှိ။
လေယူရာယိမ်း၏။ ဆိတ်ခလောက်နှင့် ဆင်တူ၏။
သို့သော် သူတပါးအပေါ်၌ 
စိုးမိုးအုပ်ချုပ်လိုသော ဆန္ဒအမြဲရှိ၏။

လိပ်သည်
လေးတုန့်နှေးကန်စွာသွားလာတတ်၏။
ယက်လေသမျှဝမ်းဗိုက်အောက်သို့သွင်း၏။
ရလေသမျှငါ့ဥစ္စာချည်းဟုထင်၏။
တစ်ကိုယ်ကောင်းဆန်လွန်းသောကြောင့်
ကိုယ့်ဘက်ကိုယ်ယက်သောလိပ်ဟုပင်စကားပုံပြုကြ၏။

နွားသိုးသည်
ရှူးရှူးရှဲရှဲနှင့် ဒေါသထွက်လွယ်၏။
မြင်သမျှနွား ငါ၏ပြိုင်ဘက်ဟုထင်၏။
မိန်းမမြင်သော် ကြိုးပြတ်အောင် ရုန်းသောကြောင့်
နွားသိုးကြိုးပြတ်ဟု ခိုင်းနှိုင်းပြောဆိုကြ၏။

ခွေးအသည်
သူတပါးအူသံကြားသော်လိုက်၍အူ၏။
အူသော်လည်းဘာမှအရာမထင်။
ကျိုးကြောင်းရှိမရှိကို မစဉ်းစား။
မိမိအူသံဘယ်သို့ ရှိသည်ကိုမသိ။

ဤသို့ဖြင့် အထက်ပါအချက်တို့မှ 
တပါးပါးဖြင့်သော်လည်းကောင်း
အားလုံးဖြင့်သော်လည်းကောင်း ညိစွန်းခဲ့သော်
ဤသူကိုခေါင်းဆောင် မတင်သင့်ဟူ၍
နောင်လာနောက်သား ပြည်သူအများတို့အား
ရှေးမြန်မာပညာရှိတို့ လမ်းညွှန်ပြခဲ့ကြသည်။

မှန်ကင်းထိပ်ဖျား၌လင်းတနားသကဲ့သို့
ငါသည်ယခုအခါ၌ အထွဋ်အထိပ်သို့ရောက်ခဲ့ပြီ
နေရာတိုင်း၌ငါ့လက်ရာထင်စေရမည်ဟူ၍
ဘ၀င်လေပင့်သော် ဦးစွာပထမ ပုဂံမှစ၏။

သမိုင်းအမွေအနှစ်ဟူသည် အလွန်တန်ဘိုးကြီး၏။
ရှေးမူလက်ရာကို မည်သို့မျှမပျက်သင့် ဟူ၍
Tayza Hotel
ကမ္ဘာ့အရပ်ရပ်မှတားဆီး ကန့်ကွက်နေသည့်တိုင် ပုဂံဘုရားများကြားတွင်
ဟင်္သာကြားဗျိုင်းနားသကဲ့သို့ ပုဂံမျှော်စင်ကိုဆောက်၏။
နံရံဆေးရေးပန်းချီတို့ကို ဖျက်၍ ရွှေဆေးသုတ်၏။
ရှေးလက်ရာ စေတီပုထိုးတို့ကိုဖျက်၍
ခေတ်လက်ရာဖြင့်အသစ်တည်၏။

သဘာဝကပေးသော အလှတရားဖြစ်သည့်
ဧရာဝတီမြစ်ဆုံ၏ အလှသည်လည်း ပျက်စီးခဲ့လေပြီ။
မသူတော်တို့က ကိုယ်ကျိုးရှာမြှောက်ပင့်၍
ပေးသောအကြံအစည်ကို
မှားသည်မှန်သည်မစဉ်းစား။

ကျိုးကြောင်းဆီလျော်၏ မဆီလျော်၏သူမသိ။
အရှင်မွေး၍ နေ့ချင်းကြီးဆိုသကဲ့သို့ မြစ်ချောင်းတို့၌
ဆည်တို့ကို အပေါ်ယံသဘောမျှသာ တိုင်းထွာ၍
အလျင်အမြန် ဆောက်လေသောအခါ
မိုးအခါရေများ၍ ဖောက်ချရသဖြင့်
စိုက်ထားသမျှ ပျက်စီးရ၍ လယ်သမားတို့ ဘ၀ပျက်ရ၏။
နွေအခါ ရေမလာသောကြောင့်
စိုက်ထားသမျှ အလဟဿဖြစ်ရ၍ စီးပွားပျက်ကြရ၏။
လယ်သမားတို့ဒုက္ခနှင့် နပန်းလုံးရလေသောကြောင့်
မြို့ရွာတို့၌ ဆန်ရေစပါးရှားပါးကြကုန်၏။

ပြည်သူပြည်သားတို့သည်ဒုက္ခနှင့်နပန်းလုံးနေပါမှ
ငါ၏ကုလားထိုင် ခိုင်မြဲပေလိမ့်မည် ဟူ၍သဘောထားကာ
လုပ်အားပေးကို မလပ်စေရ။
ပေါ်တာကြေး ကင်းကြေးကို တိုး၍ကောက်၏။
တို့လို့တန်းလန်းနှင့် ရှေ့ဆက်မရသော စီမံကိန်း တို့သည်လည်းရှိ၏။
ဒရောသောပါး ခုဆောက်ခုပျက်ရသော
လမ်းတံတားတို့သည်ကား အများအပြား။
ယတြာချေ၍ တည်သောဘုရား၌
ဖား၍ဆောက်သော ၀န်ကြီး၏တန်ဆောင်းအတွက်
ဌာနဆိုင်ရာဝန်ထမ်းတို့က
လစာမှ နုတ်ဖြတ်၍ အလှူငွေထည့်ဝင်ကြရ၏။

စီမံကိန်းတခုကျလျှင် ၀န်ကြီးသည်
ဒေါ်လာရပေတော့မည်ဟုသဘောပိုက်ကာ
ငတ်နေသောသတ္တ၀ါ မစင်ပုံတွေ့သကဲ့သို့
အူမြူးမတတ် ရှိလှ၏။
လက်အောက်ငယ်သား တို့သည်လည်း
အရိုးအရင်း ကိုက်ရပေတော့မည်ဟု
အထင်ရှိကာကြိတ်၍ ပျော်ကြ၏။
ဤသို့ဖြင့်အထက်မှ စ၍အောက်ခြေတိုင်အောင်
ဖင်နုတ်ခေါင်းနုတ်ဖြင့်
တကယ်လုပ်ကြလေသောအခါ
အရည်အသွေး မမှီ၍သော်လည်းကောင်း
အတိုင်းအထွာ မှား၍သော်လည်းကောင်း
အကြောင်းအမျိုးမျိုးပြပြီး
သဲထဲရေသွန် အဖြစ်ရောက်ကာ
ပျက်စီးခြင်းဖြင့် နိဋ္ဌိတံ၍
ပြည်သူ့ဘဏ္ဍာသည်သာ ဆုံးရှုံးရပြီး
ပြည်သူသည်သာဒုက္ခရောက်ကြရ၏။

ဖားရှာသောသူသည် အကောင်ကြီးကြီးကိုတွေ့လျှင်
အသားပေါ၍ အရသာရှိလှသောကြောင့်အလွတ်မပေး။
ကိုယ်ကျိုးရှာအတ္တသမား ဖား၍စားသော သူတို့သည်လည်း
စားကောင်းသော ဖားကြီးကြီးကိုတွေ့သော်
အမှန်တရားကို ပြည်သူ့မျက်နှာထောက်၍
မကြောက်မရွံ့ပြောဆိုရဲသော
အဖွဲ့အစည်းတို့ကို အပြစ်ရှာလက်ညှိုးထိုးကာ
မိမိတို့၏အခွင့်အလမ်းကို ရအောင်ယူ၏။
ထို့ကြောင့်ခေတ်ပျက် သူဌေးတို့ကား
န အ ဖ လက်ထက်တွင် ရိုက်သတ်၍မကုန်။

ကျွန်တော်တို့ ဥက္ကဌကြီးက
တိုင်းပြည်တိုးတက်ရေးကို အမြဲစဉ်းစားနေတာပါ ဟူ၍
မကြာသေးသောကာလက ဘ၀ပြောင်းရလုဆဲဆဲ
ဘောင်းဘီဝတ်တစ်ယောက်၏ ပြောသံကိုကြားလိုက်ရ၏။
မုန်ယိုနေသော ဆင်၏၀မ်းဗိုက်အောက်သို့
ရောက်ခဲ့သော သတ္တ၀ါသည်အနံ့ရ၍ မော့ကြည့်မိသော်
အကယ်၍များ ပြုတ်ကျလာခဲ့လျှင် ဟူသောအတွေးဖြင့်
ဆောင့်ကြောင့် ထိုင်၍လည်ဆန့်ကာ မျှော်လေဘိသကဲ့သို့
အကြီးအကဲ၏ မေတ္တာနှင့်ကြီးမားလှသော ကရုဏာတော် ဟူ၍လည်း
တစ်ယောက်သော အယ်ဒီတာ၏
ကားပါမစ်ကို သော်လည်းကောင်း
G S M ဖုန်းကိုသော်လည်းကောင်း မျှော်ကိုး၍ရေးသော
အော့နှလုံးနာ၍ ရွံရှာဖွယ်ကောင်းသော
ဆောင်းပါးတစ်ပုဒ် အကြောင်းကို
မကြာမြင့်မီကာလက ဖတ်လိုက်ရသေး၏။

အကယ်၍များ အဆိုပါနိုင်ငံတော်အကြီးအကဲ  ဆိုသူအား
တိုင်းသူပြည်သားတို့ မည်၍မည်မျှ ချစ်သည်မုန်းသည်ကို
သိစေရန်အတွက် ခန်းမတစ်ခုအတွင်း၌ စံနေပြီးသကာလ
ချစ်သောသူသည်ပန်းနှင့် ပေါက်၍
မုန်းသောသူသည်တံတွေးနှင့် ထွေးပါဆိုလျှင်
ကျေးဇူးမကင်းသော တပည့်လက်သားတို့ ကြဲဖြန့်သော
ပန်းမွေ့ယာ၌သာ စံနေတော်မူပြီး
မည်သူကမျှ တံတွေးနှင့် ထွေးကြမည် မဟုတ်ပေ။

အကြောင်းသော်ကား အသို့တည်း
ခြေချောင်းတို့ ပျက်ကြွေနေသောကြောင့်
သဲကြိုးမပါသော ဆင်ကြယ်တဖက် မြင်းကြယ်တဖက်တို့ကို
တင်းပုတ်နှင့်တူသော ခြေထောက်အောက်၌
ကြိုးဖြင့်ခြည်နှောင်ပြီး သကာလ
ထော့နင်းထော့နင်းဖြင့် လျှောက်၍လာသော
ရွှဲရွှဲစို၍ ယင်တလောင်းလောင်း ရှိလှသော
သူတောင်းစား အနူတစ်ယောက်သည်
ငါသည်လည်း ပြည်သူပြည်သား တစ်ယောက်ဖြစ်သည်။
ငါ၌လည်းလူ့အခွင့်အရေးအပြည့်အ၀ရှိသည်။
ထို့ကြောင့်ငါ၏ဆန္ဒကို ထုတ်ဖေါ်ပြောဆိုပေအံ့ ဟုကြုံးဝါးကာ
လက်ချောင်းတို့ ကင်းမဲ့လျှက် ငရုတ်ကျည်ပွေ့နှင့် တူသော
သူ၏လက်မောင်းကို ဆန့်တန်းလျှက် လက်ညှိုးထိုးဟန်ပြုကာ
ငါသည်အတိတ်ကံ မကောင်းခဲ့လေသောကြောင့်
ယခုဘ၀၌ သူတောင်းစားဖြစ်ရ၏။
ငါ့အားတတ်နိုင်သမျှ ပေးကမ်းကြကုန်သော
ပြည်သူပြည်သား လူအများတို့သည်
ငါ၏ထမင်းရှင် ကျေးဇူးရှင်များဖြစ်ကြ၏
ထို့ကြောင့်ငါသည် ကျေးဇူးရှင်ဖြစ်သော ပြည်သူတို့အား
ဘယ်သောအခါမှ မပြစ်မှားခဲ့။
ဤသူသည်ကား ထိုသို့မဟုတ်
ပြည်သူနှင့်သံဃာကို သတ်၏။
ကျေးဇူးရှင်အား ကျေးဇူးမဲ့သော စကားကိုဆို၏။
ထို့ကြောင့်ငါ၏ တံတွေးသည် သူနှင့်မတန်ဟုဆိုကာ
အခြားတဖက်သို့ ထွီကနဲထွေးလျှက် ထွက်သွားပေလိမ့်မည်။

ဘန်ကောက်မှပြန်ရောက်ပြီး
အေကိုက်ကာ အိပ်ယာထက်၌
ဘုံးဘုံးလဲနေသော ပြည့်တန်ဆာ လူထွက်သည်
အရိုးပေါ်အရေတင်လျှက် ရှိသောခန္ဓာကိုယ်ကို
ရှိသမျှအားအင်တို့ဖြင့် စုရုံးကာ တောင်ဝှေးကို အဖေါ်ပြု၍
ယိုင်နဲ့ယိုင်နဲ့ဖြင့် တလှမ်းချင်းလျှောက်၍လာပြီး
ခြောက်သွေ့နေသော နှုတ်ခမ်းဖျားမှ
လေသံမျှသောစကားတို့ဖြင့် ဤသို့ဆို၏။
ငါသည်ဤသူအုပ်ချုပ်သော တိုင်းပြည်၌
ကံဆိုးစွာဖြင့် လူလာဖြစ်ရ၏။
အရာရှိကတော်ကို ယုံမိလေသောကြောင့်
တဖက်နိုင်ငံသို့ လူကုန်ကူးခံရပြီး
ပြည့်တန်ဆာထက် ရာထူးမြင့်သော
ကမ္ဘာ့တန်ဆာအဖြစ်သို့ အတင်းအဓမ္မ သွတ်သွင်းခံခဲ့ရ၏။
ငါ၏အသွေးအသားတို့ကို အရင်းတည်၍
သူတပါးထံမှ အခကြေးငွေယူပြီးလျှင်
ဘာပြန်ပေးရမည်ကို ငါ့တာဝန်ငါသိ၏။
ထိုတာဝန်ကို ကျေပွန်စွာထမ်းခဲ့၏။
ငါ၏ကတိကိုဘယ်သောအခါမှမဖျက်ခဲ့၏။
ထိုသူသည်ကားဤသို့မဟုတ်။
လစာတည်းဟူသော ပြည်သူ့ထံမှအခကြေးငွေကိုယူပြိး
ပြည်သူတို့အား အမျိုးမျိုး လိမ်ညာလှည့်ဖျား၏။
အမှန်ကို ပြောဝံ့သောသူတို့အား မတရားညှင်းပန်းနှိပ်စက်၏။
အကြိမ်ကြိမ် ပျက်ခဲ့သောကတိတို့ကို
သူ၏ကိုယ်ခန္ဓာ၌ ထုံးတို့၍မှတ်ချေသော်
သူ၏ကိုယ်ကို ထုံးအိုး၌ နှစ်ရပေလိမ့်မည်။
ထို့ကြောင့်ငါ၏ တံတွေးသည် သူနှင့်မတန်ဟုဆိုကာ
အခြားတဖက်သို့  ထွီကနဲထွေးကာ ထွက်သွားပေလိမ့်မည်။
၅၇သန်းမျှသော ပြည်သူတို့သည်လည်း
ပြည့်တန်ဆာလူထွက်နှင့်သူတောင်းစားတို့၏
ဖြစ်အင်ကိုကြည့်ကာ
ဟင်း ဟူ၍သက်ပြင်းချကာ လှည့်ထွက်သွားပေကြလိမ့်မည်။

ဘုရားရှင်အား အကြိမ်ကြိမ်ပြစ်မှားခဲ့သော ဒေ၀ဒတ်သည်
နောင်တရပြီး ၀န်ချတောင်းပန်ရန် ဇေတ၀န်သို့ပြန်အလာ
လမ်းခုလတ်၌ မြေမြိုခံရ၏။
အဇာတသတ်သည် ဖခင်ကိုသတ်ပြီးနောက်
မိမိမွေးသော သားကမိမိခြေရာ နင်းမည်ကို
စိုးတထိတ်ထိတ်နှင့်ရှိလှသောကြောင့်ရင်ဝ၌ မီးစနှင့်ထိုးသကဲ့သို့
ပူပြင်းလှစွာသော ဝေဒနာကို နေ့ညဥ့်မပြတ် ခံစားရ၏။
ဘုရားရှင်၏ တရားတော်နှင့် တွေ့၍သက်သာရာ ရသော်လည်း
ဝဋ်နှင့်ငရဲမှကား ပြေးမလွတ်။
ပြည်သူကိုလည်း အမျိုးမျိုးနှိပ်စက်
ညှင်းပန်းသတ်ဖြတ်ခဲ့သည်။
မေတ္တာပို့၍ လမ်းလျှောက်လာသော
သံဃာတော်တို့အားလည်း ထိုနည်းနှင်နှင်။
အချင်းချင်းကိုလည်း ဘက်တူလျှင် ဗိုလ်မထားဘဲ ကြိုတင်ပြီး နှိပ်ကွပ်ခဲ့သည်။
တပ်မတော်၏ဖခင် တိုင်းပြည်၏ ကျေးဇူးရှင်ဖြစ်သော
ဗိုလ်ချုပ်အပေါ်၌လည်း ကျေးဇူးမဲ့တို့ကို ပြောဆိုခဲ့ပြုမူခဲ့၏။
အကုသိုလ်တရား  ကြီးမားလေသောအခါ
ညစဉ်အိပ်မပျော်ဘဲ အိပ်မက်ဆိုးတို့ကနှိပ်စက်၏။
ချစ်ကြည်ရေး ခရီးအကြောင်းပြကာ
ဗုဒ္ဓဂါယာသို့ ဘုရားဖူးထွက်၍ တရားထိုင်ကာဘုရားကု ကုကြည့်၏။ မရ။
ထိုမှတဖန်သီဟိုဠ်စူဠာမဏိစေတီသို့ သွားပြန်ရာ
လေယာဉ်ပေါ်မှ  ဆင်းဆင်းချင်းကိုလံဘိုဆေးရုံသို့ တန်းပြေးရ၏။
စေတီသို့အတက်ဇောချွေးတို့ပြန်လေသောကြောင့်လူတွဲ၍တက်ရ၏။
ဗေဒင်ဆရာတို့လည်း ငရဲနှင့်ဝဋ်ကို ကြောက်လေသောကြောင့်
ဗိုလ်တစ်ထောင်ဘုရားမှ စကားမပြောတတ်သော
မြနန်းနွယ်ဟူသော ကျောက်ရုပ်ကို အပြစ်ပုံချ၏။
ယခုတစ်ဖန်တပည့်ဖြစ်သူအား
တရုပ်ပြည်မှ စွယ်တော်ကိုပင့်စေပြီး
ဒေါ်လာ ကျောက်မျက်ရတနာနှင့် တကွဝတ်သော လက်စွပ်ကိုပါလှူပြန်၏။
အကယ်၍များ ထိုပစ္စည်းတို့အား ရောင်းချ၍ ရသောငွေတို့ဖြင့်
ပခုက္ကူရေဘေး၌ လှူဒါန်းခဲ့လေသော်
မရှိသည်နှင့် အသားကျနေသော ခွင့်လွှတ်တတ်သော
မြန်မာပြည်သူပြည်သား အပေါင်းက
အမြင်မှန်ရပေပြီ ဟုအထင်ရှိကာ သာဓုခေါ်ကြပေလိမ့်မည်။
ယခုသော်ကား ထိုသို့မဟုတ်
အနာတခြားဆေးတခြား ဖြစ်ခဲ့ရလေပြီတကား။

နေရဲနီ
ထိမိပြောင်မြောက်တဲ့ ကဗျာများ ပေးပို့ပေးတဲ့ ပင်တိုင်ကဗျာရှင် ဆရာနေရဲနီအား ကျေးဇူး အထူး တင်ရှိပါသည်..။ ဆရာနေရဲနီ၏ ကဗျာများ ပြန်ဖတ်လိုပါက ပိုစ့်အောက်မှ နေရဲနီကဗျာများအား နှိပ်၍ပြန်လည် ဖတ်ရှုနိုင်ပါသည်..။

ပြည်သူဘဏ္ဍာတွေ အလကားဖြုန်းတီးပြီး လယ်သမားတွေရဲ့ လယ်မြေတွေ မတရား သိမ်းခံလိုက်ရတဲ့ ဟင်္သာတ၊ ညောင်တုန်းရထားလမ်းမှ လယ်သမားကြီးများရဲ့ တိုင်ကြားစာ (ရုပ်သံ၊ အသံဖိုင်)

မီးရထားဝန်ကြီး ဗိုလ်ချုပ်အောင်မင်းလက်ထက်က မီးရထားကွန်ယက် (မီးရထားကွန်ယက်တဲ့ဗျာ) လုပ်မယ်ဆိုပြီး ဖောက်လုပ်ခဲ့တဲ့ ဟသာင်္တ၊ ညောင်တုန်း မီးရထားဖောက်လုပ်ရာမှာ လယ်သမားကြီးတွေရဲ့ လယ်မြေတွေကို အဓမ္မသိမ်းယူပြီး ဖောက်လုပ်ခဲ့ပါတယ်...။ တမိုင်ကို မြန်မာငွေ ၁၃၂သန်း အကုန်အကျခံပြီး ၄၉မိုင်ရှည်တယ်လို့ ဆိုပါတယ်..။ (တွက်သာကြည့်ကြပါတော့ အိတ်ထဲရောက်တာ ဘယ်လောက် ရှိမယ်ဆိုတာ)။ ဘုရားစူး မီးရထားလမ်းလို့ မည်ကာမတ္တ (ကစားကွင်းတွေထဲက ကလေးရထားလမ်းသာသာ) ကားရထားသာ သွားနိုင်ပါတယ်..။
 
RP လို့ခေါ်တဲ့ တွဲ(၂)တွဲသာ ပါတဲ့ မနက် ညနေ တရက် နှစ်ကြိမ်သာ ပြေးပြီး စီးမဲ့သူ မရှိတဲ့ ကချော်ကချွတ် တဘက်မြင့် တဘက်နိမ့် ရထားလမ်းလို့ ဆိုပါတယ်..။ ဒီရထားလမ်း ဖောက်လုပ်တဲ့အတွက် မည်သူတွေ အကျိုးဖြစ်ထွန်း သွားပါသလဲ...(စီမံကိန်းပြပြီး ငွေတောင်းတဲ့ အနှီသော ပုဂ္ဂိုလ်များသာ အကျိုးဖြစ်ထွန်းသွားတာပါ) လယ်သမားတွေရဲ့ ကောင်းမွန်တဲ့ လယ်မြေတွေ အဓမ္မအသိမ်းခံလိုက်ရတာပဲ အဖတ်တင်ပါတယ်..။ စီမံကိန်း တွေပြပြီး နိုင်ငံတော် ဘတ်ဂျက် ပြည်သူ့ဘဏ္ဍာတွေသာ ဆုံးရှုံးသွားရတာပါ...။ အဆင့်မြင့်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များမှ ကွင်းဆင်းလေ့လာပြီး ပြန်လည် သုံးသပ်ပေးဘို့ ဟင်္သာတမှ လယ်သမား ဦးကြီးများကိုယ်စား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်..။

ဟင်္သာတ ညောင်တုန်းရထားလမ်း ဖောက်လုပ်ရာမှ လယ်မြေသိမ်းခံရတဲ့ လယ်သမားကြီးများရဲ့ တိုင်ကြားစာ(အသံဖိုင်) by demowaiyan

“၁၂၆ - ပါတော်မူအတွေး” (တေးထပ်) အရူးပါးစပ်နဲ့ နတ်စကား(၃)

အရူးပါးစပ်နဲ့ နတ်စကား အပိုင်း(၃)
“၁၂၆ - ပါတော်မူအတွေး”
(တေးထပ်)
ရေးသားသူ လောကပါလ

ထောင့်နှစ်ရာ လေးခွန်နှစ်

ဝေးလွန်ရစ်ကြာပြီ။

ကျွန်ဖြစ်ခဲ့ ဗမာ(မြန်မာ)ပြည်

စာမရီ အတောင်ကျိုး။

အမိပစ် ဖ ရှောင်သကို

ဘဝမှောင် ပိန်းပိတ်လို့သာညှိုး။

အယူသဲအလွဲမြင်

ပွဲမဝင်ညဉ်ဆိုး။

အထဲချဉ် အပြင်သိုးတွေနဲ့

အစဉ်တိုးနုပ်ခြာ။

ယုတ္ထမာအုပ်ကာ မလပ်သော်ကြောင့်

ချုပ်ခြာငတ် ထုပ္ပတ်ဇမ္ဗူမြေမှာ။

မဟုတ်ဟတ် အမူပွေကာ

ဒီလူတွေ မညီညွတ်နိုင်ဘု

ပြည်တမွတ် ဘုန်းရောင်စင်္ကြာ

ထုံးဆောင်ခက်စွာ။

ကုန်းဘောင်ဆက် ဂီရိမှာကွယ်

ဒီထိပါ မိုက်ရစ်တဲ့အမျိုး။

လောကပါလ...

အောက်ခြေ မှတ်စု၊

ကုန်းဘောင် -  မြန်မာနောက်ဆုံးမင်းဆက်။ မြန်မာနှစ် ၁၂၄၇ ခုနှစ် တန်ဆာင်မုံးလ္ဆုပ် ဂ ရက်၊ ခရာဇ်နှစ် ၁၈၈၅ ခုနှစ် နိုဝင်္ဘာလ ၂၅ ရက် နေ့ နောက်ဆုံးဘုရင် သီပေါမင်း အား နန်းချကာ ဖမ်းဆီးခေါ်ဆောင် ခံရခြင်းဖြင့် မင်းဆက်သုဉ်းသည်။ 
ဂီရိ - ရတနာဂီရိ၊ အိန္ဒိယနိုင်ငံ။ သီပေါဘုရင် နှင့် မိသားစုတို့အား နယ်ချဲ့တို့မှဖမ်းဆီး ပို့ဆောင်ပြီး အကျဉ်းချထားခဲ့ရာ ဒေသ။ သီပေါမင်း ကံတော်ကုန်ရာအရပ်။ မျိုးဆက်များ ယ္ခုတိုင်ရှိသေးကြောင်း ယုံကြည်ရသည်။

အရူးပါးစပ်နဲ့ နတ်စကား အပိုင်း(၃)အား ပေးပို့လာတဲ့ ဆောင်းပါးရှင် လောကပါလရဲ့ ပေးစာအား ဆောင်းပါးရှင်ရဲ့ ခွင့်ပြုချက်ဖြင့် ဖော်ပြပေးလိုက်ပါတယ်...။

ပါတော်မူနေ့ ဆိုတာကို ဒိနေ့ခေတ် လူငယ်တွေ အတော်များများ သိကြတော့မယ် မထင်တော့ပါဘူး။ ဒါလဲ အပြစ်မဆိုသာပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးစံနစ်က အဖတ်ဆယ်မရအောင် ပျက်စီးသွားပြီကိုး။ စီးပွားရေးကလည်း နတ္ထိဆိုတော့ အနည်းဆုံး (ကျွန်တော် အပါအဝင်) မျိုးဆက် ၂ ဆက်စာလောက်ဟာ သားသမီးတွေ၊ တပည့်တွေ၊ အမှားနဲ့ အမှန် အနှစ်နဲ့အကာ တဒင်္ဂနဲ့ ထာဝရ ဝေဖန်ပိုင်းခြားနိုင်စွမ်း နည်းပါးတဲ့ အောက်ကလိအာ တွေဖြစ်ကုန်ကြ ပြီလေ။

ဗမာတွေ စည်းကမ်းဖေါက်၊ ထီးနန်းပျောက် ဖြစ်ပြီ ဆိုတဲ့ အချုပ်တန်း ဆရာဖေ ရဲ့ တေးထပ် ကိုတော့ တိုက်ဆိုင်မှုတွေ တွေ့တိုင်း ရည်ညွှန်းလေ့ ရှိကြတာမို့ အကုန်မဟုတ်ရင် အချို့ အဝက်လောက်တော့ ကြားဘူးကြမှာပါ။ တိုက်ဆိုင်မှု ဆိုတာကလဲ နှစ်ပေါင်း ၁၀၀ ကျော် ဒီနေ့ အထိ ကုန် မကုန်နိုင်တာ အံ့ဘွယ်လို့ ပြောရမလို ဒီနေ့ အဖြစ်တွေ စိတ်မသက်မသာ ကြည့်ရင်း ကျွန်ဖြစ်တာအံ့သြစရာ မရှိ ကျွန်ပြန်ဖြစ် ရင်လဲ အုံသြစရာမရှိလို့ တောင်ခပ်ရွဲ့ရွဲ့ ပြောချင်စိတ် ပေါက်လာတာ ဝန်ခံရမှာပါ။ ခုလဲ သိပ်တော့ မထူးလှပါဘူး။ အုပ်ချုပ်မှုကျွန် မဖြစ်ပေမယ့် စိတ်ဓါတ်ကျွန်၊ စီးပွားရေးကျွန်တော့ မသိမသာရော သိသိသာသာ ပါ ဖြစ်နေကြရဘဲ မဟုတ်လား။ တချို့ဆို ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားခွင့်၊ ထင်ရာလုပ်ပိုင်ခွင့်လေး ရှိတာလောက်နဲ့ ကျွန်ဘဝကို လိုလား မျှော်ခေါ် ပျော်ရွင်နေကြတာများ ကြားကနေ ဝမ်းနည်းစရာ။

အဓိကကတော့ စည်းကမ်းနဲ့ ညီညွတ်မှု ဆုံးရှုံးရတာပါဘဲ။ ပြောသာပြောရတယ် ဆုံးရှုံးတယ်ြေ့ပာရအောင် အစကတည်းက ဘယ်လောက် ညီညွတ် ဘယ်လောက် စည်းလုံးခဲ့ကြလို့လဲလို့ မေးရင်တောင် ဖြေရ ခပ်ခက်ခက်ပါ။ ဒါကြောင့်လည်း ဆရာဖေရဲ့ တေးထပ် ဒီနေ့ထိ Best Quoted စာရင်းဝင် နေတာပေါ့။ သူပြောသလို တွေးမိတိုင်း အရိုးနာတယ် အမျိုးသာဆဲချင်တော့ လေး ဆိုတာမျိုး ခံစားရတာ ဒုနဲ့ဒေး ဖြစ်နေရတာပေါ့။ ခုတလော ကျွန်တော်လဲ အဲသလို ခံစားမိတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ပါတော်မူနေ့ မှန်း အမှတ်မထင် သတိပြု မိသွားတာနဲ့ အချုပ်တန်းဆရာဖေကို အားကျပြီး (တုပလို၍ မဟုတ်) ဒီကဗျာရေးဖြစ်တာပါ။ သူ့ လိုတော့ မဆဲဝံ့ သလို ဆဲလဲ မဆဲလိုပါဘူး။ ဘာမဟုတ်တဲ့ ကောင်က ထဆဲရင် ရွာဆူသွားမှာပေါ့။ သိတယ်မို့လား ဗမာလေ။

ခုခေတ် ဒီကဗျာမျိုး အရသာခံနိုင် ဘို့ မလွယ်မှန်း သိသလို ဝါရင့်ကဗျာသမား မဟုတ်လို့ အားနည်းချက်တွေ အများအပြား ရှိနေမှာပါ။ ဒါပေမဲ့ connection ရှိသင့်သလောက် ရှိ ရသင့်သလောက် ရသွားရင် ကျေနပ်လောက်ပါတယ်။ ကျွန်တော်က အဖြစ်မရှိတဲ့ လူကြီးကျယ်တယောက်မို့ ကဗျာကိုနားလည်ချင်သလို နားလည်နိုင် ခံစားနိုင်ရ အောင် ကြိုပြီး ရှင်းပြတာ စကားဦးသန်းတာ မျိုး မလုပ်လိုက်တော့ပါ။ တခုပြောလိုတာက ကျွန်တော်ဟာ ခေတ်နောက်ပြန်ဆွဲ ပဒေသရာဇ် အတွေးအခေါ် သမားအဖြစ်နဲ့ ဘုရင်စံနစ်ကို လွမ်းဆွေးတသလို့ ဒီကဗျာရေး တာမဟုတ်ဘူး ဆိုတာပါ။

ကျေးဇူးတင်စွာ
လောကပါလ...

သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း...

သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း
ဆောင်းပါးရှင် (သီတလ)

ဒီနေ့ (၂၈၊၁၁၊၂၀၁၁) နေ့ထုတ် မြန်မာ့အလင်းသတင်းစာကို ကောက်ဖတ်လိုက်တော့ မျက်နှာဖုံးမှာ သမ္မတကြီး ဦးသိန်းစိန် ဧရာဝတီတံတား(ညောင်တုန်း) ဖွင့်ပွဲ တက်ရောက်တဲ့ သတင်းကို  တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်း တံတားဖွင့်ပွဲမှာ မိန့်ခွန်းချွေတာ ဖြစ်လို့ ဘာမှ သိပ်မထူးပါဘူး။ အဲ- ထူးတာကတော့ သူ့စကားအဆုံးမှာ တွေ့ရတဲ့ သူ့ဆုတောင်းပါ။ ဒါကတော့-
သြော် ကြေးမှုံ သတင်းစာပါ.. သမ္မတရဲ့ မှတ်သားလောက်ဖွယ် ဧရာဝတီတိုင်းသားတွေ အပေါ်နှိုင်းစရာရှားလို့ ဆင်နဲ့နှိုင်းတဲ့ စကား... သြော်ကောင်းလေစွ... 
(ဆင်ဖြူတော်မှီပြီး လံကြုပ်စကားပေါ့)

ဧရာဝတီတိုင်း ဒေသကြီးအတွင်းက တိုင်းပြည်၏ ရတနာတစ်ပါး ဖြစ်သည့် ဆင်ဖြူတော်တစ်စီး ရှားရှားပါးပါး ပေါ်ပေါက်ခဲ့ပြီးဖြစ်ကြောင်း၊ ဆင်ဖြူတော်ကြီးကဲ့သို့ ဖြူစင်သန့်ရှင်း  မွန်မြတ်သည့် စိတ်ထားများ ထားနိုင်ကြပါစေ၊ ဆင်ဖြူတော်ကြီးကဲ့သို့ အားခွန်ဗလနှင့် ပြည့်စုံပြီး ဒေသအကျိုး တိုင်းပြည်အကျိုးအတွက် စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နိုင်သည့် ဧရာဝတီတိုင်းသားများ ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။” ဆိုတာပါဘဲခင်ဗျား။

ကျွန်တော် ဒါလေး ဖတ်လိုက်ရတဲ့အခါ ပြေးပြီး သတိရတာက- ဆရာကြီးဦးအောင်သင်းနဲ့ ဆရာအော်ပီကျယ်တို့ ပြောသွားကြတဲ့ စကားတွေပါ။ ဆင်ဟာ လူထက် အားခွန်ဗလ ကောင်းပေမဲ့ လူ့လောက် အသိဥာဏ်မရှိလို့ လူက ခိုင်းတာ လုပ်ရတယ်။ မြင်းဟာ လူ့ထက် အပြေးမြန်သော်လဲ အသိဥာဏ်ရှိတဲ့လူက မြင်းကို တက်စီးသွားနိုင်တယ်။ ငါးဟာ ရေနေသတ္တ၀ါဖြစ်လို့ လူထက် ရေကူးတတ်သော်လဲ အသိဥာဏ်ရှိတဲ့လူက ငါးကို ဖမ်းပြီး စားလို့ရတယ်-ဆိုတဲ့ စကားတွေပါဘဲခင်ဗျား။ ကျွန်တော်တို့ သမ္မတကြီးကတော့ လူ့ဘ၀ထက် ကာယအင်အားပိုကောင်းတဲ့ ဆင်ဘ၀ကို ပိုပြီး မြတ်နိုးနေတယ်ထင်ပါ့။ ဒါ့ကြောင့်လဲ ဧရာဝတီသားတွေကို ဆင်ကြီးနဲ့နှိုင်းပြီး ဆုပေးသွားပုံရတယ်။ “လူ့ဘ၀ ရခဲတယ်”ဆိုတဲ့ စကားကို “ဆင်ဖြူတော်ဘ၀ ရခဲတယ်”လို့တောင် ပြင်ရမလို ဖြစ်နေပါပြီ။

နောက်ပြီး “ဆင်ဖြူတော်ကြီးကဲ့သို့ ဖြူစင်သန့်ရှင်း မွန်မြတ်သည့်စိတ်ထားများ ထားနိုင်ကြပါစေ” ဆိုတဲ့ စကားကိုတော့ ကျွန်တော် ကောင်းကောင်း နားမလည်ဘူးခင်ဗျား။ ဥပမာအလင်္ကာအနေနဲ့ ပြောတယ်ဆိုတာလောက်တော့ သိတာပေါ့ဗျာ။ ဒါပေမဲ့ အဒီ ဆင်ဖြူတော်မှာ ဘယ်လိုမျိုး ဖြူစင်သန့်ရှင်း မွန်မြတ်တဲ့ စိတ်ထားတွေ ရှိနေတယ်ဆိုတာကတော့ ကျွန်တော်ဆက်ပြီး လေ့လာရပါအုံးမယ်။ လောလောဆယ်တော့ ကြိုးမချည်ထားတဲ့ ဆင်ဖြူနားကို ကျွန်တော် မကပ်ဝံ့ဘူး ခင်ဗျား။ သမ္မတကြီး ကပ်ဝံ့တယ်၊ နားရွက်တွေ နှာမောင်းတွေကိုလဲ ကိုင်ကြည့်ဝံ့တယ်၊ ဆင်ကြီးရဲ့ ဗိုက်အောက်မှာလဲ စိတ်ချလက်ချ စက်တော်ခေါ်ဝံ့တယ်ဆိုရင်တော့ သမ္မတကြီးစကားကို လက်ခံပေးရမှာပေါ့ဗျာ။

ဧရာဝတီသားတွေအပေါ်မှာ တခြား ဆုတောင်းတွေ မတောင်းဘဲနဲ့ ဆင်ကြီးနဲ့မှ နှိုင်းပြီး ဆုမွန်ကောင်း တောင်းသွားတာကို ကြည့်ရင် ဒီဆုတောင်းရဲ့ နောက်ကွယ်မှာ တခြားတခြားသော ရည်ရွယ်ချက်တွေများ ရှိနေမလားလို့လဲ သံသယ၀င်မိတယ်ခင်ဗျ။ ဆင်စိတ်နဲ့ ဆင်အသိသာရှိပြီး ဆင်လိုအလုပ် လုပ်နိုင်မှ ချွန်းကိုင်ပြီး လိုရာခိုင်းလို့ရမယ်လေ။ ဒါကြောင့်များလားလို့လဲ တွေးမိပါရဲ့။

သီတလ
ဆင်ကြံကြံနေတယ်လို့ မဆိုလိုပါ.. သို့ပါသော်လည်း
ဆင်ဖြူတော်မှီပြီး လံကြုပ်တဲ့လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့ 
တတိယမြောက် ဆင်ဖြူများရှင် သမ္မတကြီးခင်ဗျား...
ဆောင်းပါးရှင် ဆရာသီတလရဲ့ သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း ဆောင်းပါးခေါင်းစဉ် ဖတ်မိတော့ ငယ်ငယ်က နိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင်ရဲ့ လှေငယ်ရှင်ဆုတောင်း သီချင်းခေါင်းစဉ်လေးကို ပြေးသတိရမိပါတယ်... ဆင်ဖြူရှင် ဆုတောင်းပေါ့...။ ချမ်းသာတဲ့ ဂျပန်တို့၊ အမေရိကန်တို့လို နိုင်ငံတွေမှာ ဆင်ဖြူလည်း တကောင်မှ မမြင်ဘူးပါ..။ ရွှေ တို့ စိန်တို့ဆိုတဲ့ အဘိုးတန် သယံဇာတတွေဆိုတာ ရှားပါးပြီး အထွက်နည်းတဲ့ အတွက် ရတနာအဖြစ် သတ်မှတ် ဝတ်ဆင်ကြတာပါ..။ နေရာတကာမှာ ထွက်နေရင်တော့ Value ဆိုတဲ့ တန်ဘိုးဆိုတာ မရှိတော့ပါဘူး..။ ချမ်းသာချင်လို့ မောင်ချမ်းသာ ဆိုတဲ့ နာမည်မှည့်ခေါ်ပေမယ့် မချမ်းသာတဲ့ သူတွေဒုနဲ့ဒေးပါ..။ စိန်၊ ရွှေဆိုတဲ့ တန်ဘိုးရှိတဲ့ ရတနာ နာမည်တပ်ထား ကြပေမယ့် မြင်မြတ်ဘို့ဆိုတာ ထိုသူရဲ့ အကျင့် သိက္ခာ၊ သမာဓိပေါ်မှာ မူတည်ပါတယ်..။ ပညတ်ဆိုတဲ့ အခေါ်အဝေါ်တွေပါ.. ပရမတ်မဟုတ်ပါ...။ ဆင်ဖြူရှိတိုင်း တိုင်းပြည်တိုးတက်၊ သာယာအေးချမ်းမယ်ဆိုရင်တော့ တကမ္ဘာလုံး ဆင်ဖြူဖမ်းပွဲတွေနဲ့ ပြည့်နေမှာပေါ့.. များများချမ်းသာချင်ရင် များများဖမ်းပေါ့။ ယခင် ပထမဦးဆုံး ဆင်ဖြူများရှင် ဗိုလ်ချုပ်ခင်ညွှန့်လည်း ဆင်ဖြူကြောင့် အကျယ်ချုပ်နဲ့ ထောင်နန်း စံနေရလို့  ခေါင်းပါဖြူပြီး ဆေးတောင် မဆိုးနိုင်ပါ..။

၂၁ရာစု IT ခေတ်ကြီးထဲ ရောက်ရှိနေပါပြီ ခေတ်နောက်ပြန် မဆွဲပါနဲ့တော့...။ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ သီရိလင်္ကာနိုင်ငံရဲ့ တောထဲမှာ ဆင်ဖြူတွေ တွေ့ရှိပေမယ့် သဘာဝအတိုင်း လွှတ်ထားတာပါ..။ သေချာတာကတော့ ဆင်ဖြူ မကြာမကြာ တွေ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့်ရှ်ကတော့ သူမသာကိုယ်မသာ ဆင်းရဲနေရတဲ့ အခြေအနေပါ..။ ဒီတိုင်းသာဆိုရင် ဆင်ဖြူတွေရောက်လာမှ ရေတွေကြီး၊ ပြည်သူပြည်သားတွေ ဆင်းရဲကြပ်တည်း၊ နာဂစ်လို မုန်တိုင်းတွေဝင်၊ တိုင်းပြည်မှာ တိုင်းရင်းသားတွေနဲ့ စစ်တလင်းတွေခင်းနေရတဲ့ အခြေအနေတွေ ဖြစ်နေရတယ်လို့ ပြောရင် လက်ခံနိုင်ပါ့မလား။ လူ့ဘုံမှာ လူဖြစ်နေရတဲ့ မြင့်မြတ်တဲ့ ဘုံဘဝကို ရောက်နေတာတောင်.. အကုသိုလ်ကံကြောင့် နိမ့်ကျတဲ့ အပါယ်လေးဘုံက တိရိစ္ဆာန်က လူထက် မြင့်မြတ်၊ မမြင့်မြတ် သာမန်လူတွေတောင် စဉ်းစားနိုင်ပါတယ်..။ ဆရာကြီး ဒေါက်တာသန်းထွန်း စကားနဲ့ဆိုရရင် ဆင်ဟာဖြူဖြူ၊ မဲမဲ တိရစ္ဆာန်ဟာ တိရိစ္ဆာန်ပဲတဲ့.. လူထက် တိရိစ္ဆာန်က ဘာမှမြင့်မြတ်စရာ အကြောင်းမရှိလေ..။ ပြည်သူလူထုကို မှိုင်းမတိုက်ပါနဲ့ ၊လက်နက်နဲ့ ခြောက်လိုက် တိရိစ္ဆာန်နဲ့ မြှောက်လိုက် လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့လို့ တိုက်တွန်းလိုက်ရပါတယ်.. တတိယမြောက် ဆင်ဖြူများရှင် သမ္မတကြီးခင်ဗျား...။

ဆောင်းပါးရှင် သီတလရဲ့ ဆောင်းပါးအောက်မှာ ဖြည့်စွက် ရေးသားလိုက်ရပါတယ်..

 ဒီမိုဝေယံ

"(သမိုင်းကို ငွေနဲ့ ဝယ်လိုသူများ) ဦးခင်ရွှေ မှ စာနယ်ဇင်း သမားများအား စော်ကား ပြောကြားချက် (အသံဖိုင်)"

ဗိုလ်ချုပ်ခင်ညွှန့်အားလည်း ဤသို့ စားဖွယ်၊ သောက်ဖွယ်များဖြင့် ဇေကမ္ဘာဦးခင်ရွှေ.. (ဘယ်စွန်) ပုံ On Asia
(သမိုင်းကို ငွေနဲ့ ဝယ်လိုသူများ) ဦးခင်ရွှေ မှ ဇာနယ်ဇင်း သမားများအား စော်ကား ပြောကြားချက် (အသံဖိုင်) by Demo Waiyen

(သမိုင်းကို ငွေနဲ့ ဝယ်လိုသူများ) ဦးခင်ရွှေ မှ ဇာနယ်ဇင်း သမားများအား စော်ကား ပြောကြားချက် (အသံဖိုင်)
by Demo Waiyen အစပိုင်း အနည်းငယ် သည်းခံ နားထောင်ပေးပါရန်...။
သမိုင်းကို ငွေနဲ့ ဝယ်လိုသူများလို့ပဲ ခေါင်းစဉ်တပ်ပါရစေ...။ ကျွန်တော်တို့ ဗိုလ်ချုပ်တို့လို အာဇာနည် ခေါင်းဆောင် ကြီးတွေ... သမိုင်းကို ငွေနဲ့ ဝယ်ခဲ့ပါသလား...။ စေတနာမှန်ရင် လုပ်ရပ်မှန်ရင် သမိုင်းကို ပြည်သူတွေက မှတ်တမ်းတင်မှာပါ..။ သမိုင်းကွေး သမိုင်းမမှန်သူတွေ အတွက်တော့.. ပြည်သူကပဲ မှတ်တမ်းတင်မှာပါ..။

ပေးပို့လာသည့် ကိုသူလွင်အား ကျေးဇူးတင်ပါသည်။

ဒီမိုဝေယံ

ပခုက္က္ကူမြို့ ရေဘေးသင့် ကျေးရွာများအတွက် စာရေးကိရိယာနှဲ့ သင်ထောက်ကူ ပစ္စ္စည်းများ ထပ်မံလှူဒါန်းနိုင်ရန် အကူအညီတောင်းခံခြင်း

ပခုက္က္ကူမြို့ ရေဘေးသင့် ကျေးရွာများအတွက် စာရေးကိရိယာနှင့် သင်ထောက်ကူ ပစ္စ္စည်းများ  ထပ်မံလှူဒါန်းနိုင်ရန် အကူအညီတောင်းခံခြင်း

ကျွန်ုပ်တို့ BG သွေးအကူအညီပေးရေးသည် (၃၁.၁ဝ.၂ဝ၁၁ ) ရက်နေ့တွင် ရေဘေးသင့် ဒေသ ဖြစ်သော ပခုက္က္ကူမြို့နယ်၊ ဂဝံလေးတိုင်ရွာသို့ အဝတ်အထည်၊ ဆန်၊ ဆီ၊  ဆေး၊ ဆား စသည့်ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။ ယခုထပ်မံ၍ စာရေးကိရိယာများ၊ စာသင်ခုံများနှင့် သင်ထောက်ကူ ပစ္စ္စည်းများ လိုအပ်နေသေးကြောင်း အကူအညီတောင်းခံလာသောကြောင့် နိုဝင်ဘာလကုန်တွင် ၄င်းဒေသရှိ ရေဘေးသင့် (၇၁)ရွာအား သွားရောက် လှူဒါန်းကြမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လှူဒါန်းလိုသူများ ကိုယ်တိုင် ကိုယ်ကျလိုက်ပါ လှူဒါန်းနိုင်ကြောင်းနှင့် ကိုယ်တိုင် မလိုက်ပါနိုင်သူများ အနေဖြင့် အထက်ပါသင်ထောက်ကူပစ္စည်းများအား (၃ဝ.၁၁.၂ဝ၁၁) ရက်နေ့တွင် နောက်ဆုံးထား၍ အမှတ်-၈၃၉(ခ)၊ မြရည်နန္ဒာလမ်း၊ ၁၉-ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သွေးအကူအညီပေးရေးနှင့် ပညာဒါန သင်တန်းကျောင်းနှင့် အောက်ပါ ဖုန်းနံပါတ်များအား ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။

ဆက်သွယ်ရန် –

ကိုညီညီ (တာဝန်ခံ) ဝ၉-၄၉၃၂၈ဝ၅၅
ကိုလင်းထက် ဝ၉-၇၃၁၂၅၈၈၅
ကိုသီဟန် ဝ၉-၄၉၃ဝ၈၄၃၃
ကိုလင်းဆက် ဝ၉-၄၃ဝ၈၅၅၉၂
ဒေါ်သီတာ ဝ၁-၃၉၆၄၇၆
မထိုက် ဝ၉-၇၃၁၇ဝ၁၆၅
မဥမ္မ္မာဝင်း ဝ၉-၇၃ဝ၇၉၇၉၂

မှတ်ချက် ။ ။ မည်သူမဆိုလိုက်ပါလှူဒါန်းကူညီဆောင်ရွက်နိုင်သည်။



စားစရာမရှိ ဝယ်စရာရှိတဲ့ ... အဆင်းရဲဆုံး တိုင်းပြည်မှ အရှေ့တောင် အာရှရဲ့ အင်အား အကြီးမားဆုံး မြန်မာ့လေတပ်...

နိုဝင်ဘာလ ၉ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရပ်နားထားတဲ့ ရုရှားနိုင်ငံမှ An-124-100 
(ဓာတ်ပုံ ဒီမိုဝေယံ)
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉)ရက်နေ့က ရုရှားသတင်း ဝက်ဘ်ဆိုက်များမှာ မြန်မာနဲ့ ချုပ်ဆိုထားတဲ့ ဒေါ်လာ သန်း၅၇၀တန်ဘိုးရှိတဲ့ MIG 29 တိုက်လေယာဉ် အစီး(၂၀)အား မြန်မာနိုင်ငံသို့ လာမည့် ၂၀၁၂ခုနှစ်မှာ ပို့ဆောင် ပေးအပ်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာပါတယ်..။ တိုက်တိုက်ဆိုင်ဆိုင် အဆိုပါနေ့များက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Antonov An-124-100/ 224 လေယာဉ်သို့ ဆိုက်ရောက်လာပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင် သွားပါတယ်..။

မည်သည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သယ်ဆောင် လာတယ်ဆိုတာ မသိရပေမယ့်.. ညဘက်မှာ လုံခြုံရေး တင်းကြပ်စွာနဲ့ ကြီးမားတဲ့ ကုန်တင် ထရပ်ကားကြီးတွေနဲ့ သယ်ဆောင် သွားတယ်လို့ ဆိုပါတယ်...။ (အဆိုပါ ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်တဲ့ An-124-100 လေယာဉ်များဟာ အရှည်၂၂၆ပေရှိကာ အလေးချိန်ပေါင် (508,000 lb) အထိ သယ်ဆောင်နိုင်ပြီး တစ်ကြိမ် ပျံသန်းချိန်မှာ အရှည် ၅၇ပေရှိပြီး ပေါင် (24,250 lb)သာရှိတဲ့ MiG-29 ၃စင်းအထိ သယ်ဆောင် ပျံသန်းနိုင်ပါတယ်..) အောက်မှာ An-124-100လေယာဉ် သယ်ဆောင် ပျံသန်းမယ့် ရေငုပ်သဘောင်္တစီး၊ ယူအေအီးနိုင်ငံသို့ ပို့ဆောင်မယ့် Air Bus A-380 ရဲ့အလယ်ကိုယ်ထည်နဲ့ Mig-29 လေယာဉ်တို့ရဲ့ ပုံကိုယှဉ်ကြည့်နိုင်ပါတယ်..။
 အထက်ပါ ဓာတ်ပုံများကို ကြည့်ရင် မြန်မာပြည်ကို ရောက်ရှိလာတဲ့ An-124-100 ရုရှားလေယာဉ် မည်မျှကြီးမားကြောင်း ခန့်မှန်းနိုင်ပါတယ်...။
ရုရှားနိုင်ငံဟာ ၂၀၀၉ခုနှစ်ကစပြီး မြန်မာပြည်ရဲ့ တိုက်လေယာဉ် ဈေးကွက်ကို ရရှိထားတဲ့ ပြိုင်ဘက် တရုတ်ကို ရိုက်ချိုးပြီး ယခင်တရုတ်ထံမှ ဝယ်ယူထားတဲ့ J 10နဲ့ FC 1တိုက်လေယာဉ်တွေအစား MIG 29ဈေးကွက်ကို ရယူခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ် အောက်တိုဘာလကတည်းက ရုရှားMIG 29 မြန်မာလေတပ်အတွက်  အဆင့်မြင့်တင်ပေးဖို့နဲ့ ပြုပြင်ထိန်းသိမ်းရေး ကိုယ်စားပြုတဲ့ ရုံးခန်းတွေက မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းမှာ ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ပါတယ်..။
 အပေါ်ကတော့ မြန်မာ့လေတပ်ရဲ့ ဧရာဝတီသိမ်းငှက် တရုတ်လုပ်F-7နဲ့ Q-5တို့ဖြစ်ပြီး အောက်ပုံကတော့ ရုရှားလုပ် MiG-29ဖြစ်ပါတယ်..
ရုရှားဟာ မြန်မာလေတပ်အတွက် ဒေါ်လာ ၇၁သန်း တန်ဘိုးရှိတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနဲ့ ၂၀၀၉ခုနှစ်က ဒေါ်လာ သန်း၁၃၀တန်ဘိုးရှိတဲ့ Mig 29 တိုက်လေယာဉ် ၁၂စီးနဲ့ တိုက်ခိုက်ရေး၊ အမောင်းသင် ၂မျိုးသုံးလို့ရတဲ့ တိုက်လေယာဉ် ၂စင်းကို ရောင်းချခဲ့ပြီး ဖြစ်ပါတယ်.။ ဒါအပြင်ရုရှားမှ စစ်တပ်သုံး အမြောက်ကြီးများ၊ ရေဒါ၊ တင့်ကားများ၊ လေကြောင်း ကာကွယ်ရေးစံနစ်နဲ့ တခြားစစ်တပ်ဆိုင်ရာ ပစ္စည်းများအား မြန်မာစစ်တပ်အတွက် ထောက်ပံ့ပေးခဲ့ပါတယ်..။
မြန်မာစစ်တပ်ရဲ့ ယူကရိန်းလုပ် MT-LBMSH တင့်ကား..
 အတွင်းပိုင်း မြင်ကွင်း
ယူကရိန်းလုပ် မြန်မာစစ်တပ်မှာ အသုံးပြုမယ့် MT-LBMSH တင့်ကားများရဲ့ တိုက်ခိုက်ရေး စွမ်းရည် ရုပ်သံ... (ပြည်ပရန်ကာကွယ်ဖို့သာ အသုံးပြုသင့်ပါတယ်..)
ထို့အတူ ယူကရိန်းနိုင်ငံမှလည်း ၂၀၀၇ခုနှစ်က အဆင့်မြှင့်တင် မွန်းမံထားတဲ့ MT-LBMSH တင့်ကား ၁၀စီးနဲ့ ၂၀၀၉ခုနှစ်မှာတော့ ၁၆စီးပေးပို့ခဲ့ပါတယ်..။
မြန်မာလေတပ်မှ K-8 အမောင်းသင်လေယာဉ် အစီး(၅၀) ဝယ်ယူတဲ့ တရုတ်သတင်း ရုပ်သံ
 နောက်ဆုံး အနေနဲ့ တင်ပြလိုတာကတော့ တရုတ်နိုင်ငံရဲ့ မြန်မာ့လေတပ်အပေါ် သုံးသပ်ချက် သတင်းတပုဒ်ပါ..။ ၂၀၁၀ခုနှစ်က တရုတ်နိုင်ငံက ဝယ်ယူခဲ့တဲ့ အမျိုးသမီးတွေပါ အမောင်းသင်လို့ရတဲ့ K-8 အမောင်းသင်လေယာဉ် အစီး ၅၀ကျော် ဝယ်ယူတဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ လေတပ် အင်အားအကြီးဆုံး နိုင်ငံဖြစ်လာပြီလို့ ဆိုပါတယ်..။

တရုတ်က သုံးသပ် လေ့လာထားတဲ့ မြန်မာ့လေတပ်ရဲ့ တိုက်လေယာဉ် စာရင်းကတော့ အစီး ၅၀ကျော်တဲ့ F-7IIK fighter aircraft ၊ အစီးရေ ၃၀ ရှိလာတော့မယ့် ရုရှားလုပ် MiG-29 fighter aircraft ၊ အစီးရေ ၃၀ကျော်တဲ့ Q-5 attack aircraftနဲ့ စီးရေ ၆၀ခန့်ရှိတဲ့ K-8 trainer aircraft တို့ဖြစ်ပြီး အရှေ့တောင် အာရှရဲ့ အင်အားအကြီးဆုံး လေတပ်ကို ပိုင်ဆိုင်ထားကြောင်း ရေးသားထားတာကို တင်ပြလိုက်ရပါတယ်...။
တရုတ်သတင်း.. (http://news.ifeng.com/mil/jsdg/detail_2011_05/18/6467710_9.shtml)
ဤ၍၊ ဤမျှသော ဆင်းရဲတဲ့ နိုင်ငံမှ ဤ၍၊ ဤမျှသော စစ်အသုံးစားရိတ်ဟု မထင်မှတ် ရလောက်တဲ့ စစ်တပ် အသုံးစားရိတ်တွေပါ..။ တိုက်လေယာဉ်တွေကတော့ ပြောင်ပြောင်ရောင်ရောင်ပါ.။ အောက်ခြေက  အကြပ်၊ တပ်သားတွေနဲ့ ပြည်သူတွေကတော့ ဝမ်းခေါင်ခေါင်ပါ..။ တပ်မတော်အင်အားရှိဖို့ အသုံးပြုနေသလို.. ပြည်သူတွေ အင်အားပြည့်ဖို့လည်း အထူးအရေးကြီးလှပါတယ်...။ စာဖတ်သူများ နှိုင်းယှဉ် သုံးသပ်နိုင်ရန်အတွက် ရရှိထားသော. သတင်း၊ ဓာတ်ပုံများနှင့် ရုရှား၊ တရုတ်သတင်းဋ္ဌာနများမှ သတင်းများအား အကြမ်းဖျဉ်း ဘာသာပြန်ဆို တင်ပြလိုက်ရပါတယ်..။

ဒီမိုဝေယံ...

နိုဝင်ဘာလ၂၅ရက်နေ့ က လှိုင်သာယာမှာ ဟောကြားမယ့် ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ တရားပွဲပိတ်ခံရပြီး၊ ဗီနိုင်းကြော်ငြာများအား ဆွဲစုတ်ဖျက်ဆီး၊ ခြိမ်းခြောက်ခြင်းခံရ...


25-11-2011 လှိုင်သာယာ။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ တရားသဘင် ကျင်းပရန်အတွက် အခမ်းအနားပြင်ဆင် ပြီးသွားမှ တိုင်းညွန်ကြားချက်ဖြင့် မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများမှ လာရောက် တားဆီးပိတ်ပင် ဖျက်သိမ်း ခဲ့ပါသည်။ ဟောကြားမည့် ဆရာတော်မှာ ဆရာတော် ဥူးသုမင်္ဂလဖြစ်ပါသည်။ 

အခမ်းအနားကို လုံးဝ ဖျက်သိမ်းပစ်ရပါမည်ဟု အုပ်ချုပ်သူများ လာရောက် ပြောဆိုနေသောအချိန်တွင် မီးသတ်များ၊ နှင့် စွမ်းအားရှင်များသည် နံပါတ်တုတ်(ရာဘာ)များ ကိုင်ဆောင်ထားသည် ကိုလည်း တွေ့ရှိရပါသည်။ ဗွီနိုင်းများကိုလည်း ဆွဲစုတ် ဖျက်ဆီးသွားခဲ့ပါသည်။ တရားဟောရန် လူများပြည့်နှက် နေသည့်အချိန်မှ တရားဟောခွင့် မရှိကြောင်းလာပြောပြီး မီးသတ်ဝတ်စုံ အသစ်များဖြင့် တုတ်များကို လက်ဖြင့်ဆပြီး ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ပါသည်။ ပရိသတ်များ အားလုံးမှာလည်း တရားပွဲရရှိရန် အလွန်ကြိုးစားပြီးမှ အခုလို တရားပွဲ ပျက်သွားရခြင်းအပေါ် အလွန်ဝမ်းနည်း ခံစားရကြောင်း မျက်ရည်များ လည်၍ပင် ပြောကြား ကြပါသည်။

အဆိုပါဖြစ်စဉ်မှာ ဆရာတော်အား သံဃာနာယကအဖွဲ့မှာ ဗုဒ္ဓဟူးနေ့တွင် သတိပေးပြီးနောက် ဖြစ်ခဲ့သည့် ဖြစ်စဉ်လည်းဖြစ်ပါသည်။ ဆရာတော်မှာ တရားဟောပြီး ရရှိသော ဓမ္မပူဇာများဖြင့် ပရဟိတလုပ်ငန်းများကို အကုန်ပြန်လည် လှူဒါန်းနေသော ဆရာတော် တစ်ပါးလည်းဖြစ်ပါသည်။ ထို့ကြောင့် ပရဟိတ လုပ်ငန်းများ အနေဖြင့်လည်း အလွန်နစ်နာသော ဖြစ်ရပ်လည်းဖြစ်ပါသည်။ နိုင်ငံတော်ရှိ သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရာ နေရာများကိုလည်း ဆရာတော်သည် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှလှူဒါန်း ပေးနေသော ဆရာတော် တစ်ပါးလည်း ဖြစ်ပါသည်။ အဆိုပါဆရာတော် တစ်ပါးအား တရားပွဲမဟောရန် တားမြစ်ခြင်းသည် ယခုဖြစ်ပေါ်နေသော အခြေအနေများဖြင့်လည်း အလွန်သွေဖယ်နေသော လုပ်ရပ်လည်း ဖြစ်ပါသည်။

ကောင်းမွန်သော အခြေအနေများကိုလည်း ဖျက်ဆီးပစ်သော ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးရှိ ပရဟိတလုပ်ငန်းများနှင့် ဆရာတော်အား ကြည်ညိုကြသော တရားနာ ပရိတ်သတ်များ သည် အလွန်မကျေမချမ်း ဖြစ်ကာ ၀မ်းနည်း ကြေကွဲနေရပါသည်။ အဆိုပါဖြစ်ရပ်ကြောင့် ယခုလက်ရှိ အုပ်ချုပ်နေသော အစိုးရသည် ဗုဒ္ဓပူဇနိယပွဲတော် အမည်တပ်ကာ စတိတ်ရှိုးများ၊ လောင်းကစားဝိုင်းများ၊ အခြားသော ပျော်ပွဲရွှင်ပွဲများကို ခွင့်ပြုချက်များပေးကာ ယခုလို တရားပွဲ စစ်စစ်များကို ဂုဏ်သိက္ခာမရှိ တားဆီး နှောက်ယှက်မှုများ ပြုလုပ်ခြင်းသည် နိုင်ငံတော်သစ်ဆီသို့ လှမ်းနေသော ခြေလှမ်းများအား ယုံမှားသံသယ ရှိဖွယ်ပင် ဖြစ်ပါတော့သည်။

တရားနာသွားရောက်သူ တဦး..
ပြည်တွင်းက တို့သံဃာတော်တွေကတော့ ဤသို့...
ပြည်တွင်းမှ အမျိုးဘာသာ သာသနာတော်အတွက် ကြိုးပမ်းနေတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ဆရာတော်များအား နှိပ်စက် အနိုင်ကျင့်၊ ပိတ်ပင်မှုများ ပြုလုပ်နေပေမယ့် တရုတ် မဟာဟာန ရဟန်းတော်များအား ဤသို့ ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမျှော်နေခြင်းဟာ တရားပါသလား..
မနှစ်က တရုတ်ပြည် ခရီးစဉ်မှာ ဦးရွှေမန်းတို့ သီဟ၊သူရ တင်အောင်မြင့်ဦးတို့က ကြုံကြုံလေး အနောက်မှာ ဗိုလ်သန်းရွှေရဲ့ သမီးတော်တွေ၊ မြေးတော်တွေက ရှေ့မှာ...
မဟာယန ဘုန်းတော်ကြီးတွေ နိဗ္ဗာန်ရောက်ကြောင်း တရားတော်တွေကို လမ်းညွှန်ပေးနိုင်ပါသလား၊ ဗိုလ်သန်းရွှေတို့ အုပ်စုရည်ညွှန်းတဲ့ ကြည်ညိုထိုက်သော ရဟန်းတော်များဆိုတာ အနှီမဟာယာန ဘုန်းတော်ကြီးတွေကို ရည်ညွှန်းလေသလား...

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ပြည်တွင်း ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေတဲ့ NGO အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့မှုအတွက် ဆရာတော်ဥူးသုမင်္ဂလအား အာဏာပိုင်များမှ အလေးထား စောင့်ကြည့်ခြင်း ခံခဲ့ရပါတယ်..။ အမျိုး၊ ဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ဆရာတော်ဟာ မြစ်ဆုံဆည်မံကိန်း အကြောင်းလေ့လာဘို့ အတွက်.. လွန်ခဲ့တဲ့ ၁နှစ်ခွဲခန့်ကတည်းက ဧရာဝတီမြစ်ဆုံမှ မချမ်းဘောမြို့ထိ တိုင်အောင် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းများအား ဖြတ်ကျော်ကာ သွားရောက်လေ့လာခဲ့ပြီး အများပြည်သူ သိရှိနိုင်ဖို့ တရားပွဲများမှာ ဟောကြားခဲ့ပါတယ်..။

ဒလမြို့ တော်ကြီး စီမံကိန်း ဒုတိယပိုင်း (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ယခုဒလမြို့တော် စီမံကိန်းအား တရုတ်နဲ့ ပူပေါင်းလုပ်ဆောင်မယ်လို့ သတင်းထွက်နေတဲ့ စီမံကိန်းပြပုံစံ..

ဒလမြို့ တော်ကြီး စီမံကိန်း ဒုတိယပိုင်း
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ပထမ အပိုင်းမှာ Essential / Vital ကိုပြောခဲ့ပါတယ်။ အခြေအနေ နေရာဒေသ ကာလကိုလိုက် အမြဲတမ်း ပြောင်းနေပါမယ်။ ဥပမာ လူတစ်ယောက်ဟာ နေကောင်းနေစဉ် အလုပ်တွေ ခိုင်မြဲရေး တိုးတက်ရေးက အရေးကြီးနေသလို သူနေမကောင်းတော့ဘူးဆိုရင် အသက်ရှင်ရေးအတွက် အဲဒီအချိန် မှာ Vital ကိစ္စက မနေ့ကနဲ့ မတူပြောင်းသွားပါပြီ။ အိမ်ရောင်းပြီး ဆေးကုချင်ကုရပါမယ်။ အိမ်က အရေးမကြီးဘူး လူအသက်ရှင်ဖို့က နံပါတ်တစ်။ လူအသက်ရှင်ရင် ပြန်ရှာင်နိုင်တယ်။ အထက်က Essentialမှာ အခုဆို ပစ္စဖိတ်ပင်လယ်က Kiribati ကျွန်းစုံဆိုရင် သူတို့အတွက် သေရေးရှင်ရေးက ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ကျွန်းတခုလုံး ပျောက်ကွယ်ပါတော့မဲ့ အရေးပါဘဲ။ သူတို့အတွက်က တကယ့် သေရေးရှင်ရေးက ကမ္ဘာကြီးပူနွေးမှု ဟန့်တားရေးပါ။ အဲဒီလိုကာလ ဒေသ အချိန်အခါ အလိုက်ပြောင်း နေပါမယ်။ တချိန်ကတော့ သူတို့လဲ တိုးရစ်တွေလာရေးက ပထမပေါ့။

အဲဒီလိုဘဲ ဒလဘက် ပြောင်းတော့ ပင်လယ်ရေ မျက်နာပြင်မြင့်တက်မယ့် အကျိုးဆက် ကို ဒလဘက်ကမ်းမှာ တွက်ချက်ထားရန် လိုနေပါတယ်။ ဒလ မြေအနေအထားက နိမ့်နေတယ်။ ဒါပေမဲ့ ဒါကပြုပြင်ယူလို့ ရပါတယ်။ ဆောက်လုပ်ရေးတွေလုပ်ရင်း ထွက်လာမဲ့မြေတွေ ပင်လယ်ပေါက် သောင်တွေကို ရှင်းရင်ရလာမယ့် သဲတွေ အများကြီး ရှိပါတယ်။ စီမံကိန်းမှာ တွက်ချက်ထားဖို့ လိုတာကိုထောက်ပြတာပါ။ ကြောက်နေစရာမလိုပါဘူး။

ဒီလိုပါဘဲ နိုင်ငံတခုမှာလဲ Vital/ essential ကအချိန်နဲ့အမျှ ပြောင်းနေတာဘဲ။ အခု ဂရိနိုင်ငံမှာ လူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်နေပါတယ်။ ဆူကြပူကြပေါ့။ အစိုးရက ဘတ်ဂျက် အသုံးနည်းဖို့ နံပါတ်တစ် လုပ်နေရပါတယ်။ အကြွေးရှင်တွေ ကိုပြန်ဆပ်နိုင်အောင် စီမံနေရပါတယ်။ အကြွေးရှင်တွေကို ပြန်ဆပ်နိုင်ဘို့က အစိုးရက ဘတ်ဂျက်ပျက်နေတော့ ချေးမဲ့သူကမရှိ။ မချေးရဲကြဘူး။ အဲဒီတော့ ထပ်အကြွေးယူတော့ ချေးသူတွေက စွန့်စားရတော့ အတိုးကများနေပြန်။ ဥရောပသမဂ္ဂက ကူရေးလုပ်နေတာ။ အခြေအနေပေါ် မူတည်နေတာပါ။ အမြဲပြောင်းလဲနေမှာပါ။

ဒီလိုပါဘဲ နံပတ်
(၂) Necessary ကိုသုံးသပ်ပြရရင်.. သူက မရှိရင်သေတဲ့ အထိတော့မဖြစ်ဘူး။ မရှိရင် အခက်အခဲတွေ ရှိနေမယ်။ ပုံမှန်ကတော့ ရှိသင့်တဲ့အရာပေါ့။ လူတစ်ဦးကို ကြည့်ရင် ခြေ/ လက်/ မျက်စေ့/ သွား စတာတွေ မပါဘူးဆိုရင် အသက်သေတဲ့ အထိတော့ မဖြစ်နိုင်ပေမယ့် ကိုယ်ခြေတောက်ပေါ် ကိုယ်ရပ်တည်ဖို့ ခက်သွားပါပြီ။ သူများ အကူအညီ လိုနေပါပြီ။

နိုင်ငံတခုအနေနဲ့ ကြည့်ရင် ပညာရေး ကျန်းမာရေး အခြေခံ လူမှုအဆောက်အအုံ (Infrastructure)  တွေ မီးသတ် ရဲလုံခြုံရေး လမ်းပန်းဆက်သွယ်ရေး (မော်တော်ကား၊ မီးရထား၊ သင်္ဘောလေယာဉ်) မှန်ကန်သင့်မျှတဲ့ ရာသီဥတု။ ဆက်သွယ်ရေး ဖုံး/လျှပ်စစ် (လျှပ်စစ်က မရှိမဖြစ်ထဲကိုလဲ သတ်မှတ်လို့ ရပါသေးတယ်) အမေရိကန်လို နိုင်ငံကြီးတွေမှာ မီးက ပထမအုပ်စုမှာ ပါထားပါတယ်။ ကောင်းမွန်ခိုင်မာတဲ့ စီးပွားရေး အဆောက်အအုံ တကယ်တော့ စီးပွားရေးအဆောက်အအုံက တချို့နိုင်ငံကြီးတွေအတွက် မရှိမဖြစ်ထဲ ထဲ့ထားရပါမယ်။ ဥပမာအမေရိကန် တို့မှာ စီးပွားရေး မခိုင်မာရင် တိုင်းပြည်မှာ သေခြာပေါက် ဒုက္ခရောက်သွားပါမယ်။

မိသားစုတခုမှာ ဆိုရင် စီပွားရေး (အလုပ်အကိုင်နှင့် ၀င်ငွေ)နဲ့ ပညာရေး ကျန်းမာရေး၊ ကား၊ တယ်လီဖုံး စတာတွေဟာ လိုအပ်မှုကြီးသော အရာများဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကောင်း စတာတွေဟာ အရေးကြီးသော အရာများဖြစ်ပါတယ်။

(၃) Useful အသုံးဝင်သော ဟုရေးလိုပါသည်။ ဥပမာ လူတစ်ယာက်တွင် ဥာဏ်ရည်၊ ထက်မြက်ခြင်း ကာယဗလတောင့်တင်းခြင်း၊ ရုပ်ရည်လှပခြင်း၊ အပေါင်းအသင်း မိတ်ဆွေများခြင်း အပြင် ဘာသာတရား အဆုံးအမများ ရရှိနေခြင်း စတာတွေဟာ အသုံးဝင်သောဟု ပြောလို့ရပါသည်။

နိုင်ငံတခုအနေနှင့်တော့ အားကစားလှုပ်ရှားမှုများ NGO ကဲ့သို့ လူမှုအဖွဲ့အစည်းများ၊ ကြက်ခြေနီ စသည်များ။ ဟော်တယ်ကြီးများ မင်္ဂလာခန်းမကြီးများ၊ အာကစားကွင်းများ၊ ဂီတအဖွဲ့အစည်းများ ရုပ်သေးဇာတ်သဘင်များ ပြောမယ်ဆို ဒီကဏ္ဍမှာ အများကြီးရှိပါတယ်။ တခုက ဥပမာ အ၀တ်အစားဆိုရင် ရိုးရိုးအ၀တ်အစားက အပေါ်က နံပါတ်-၂ -မှာ သတ်မှတ် ပေးထားရပါမယ်။ ခေတ်ပေါ် ဖက်ရှင်တွေ ကျတော့ ဒီကဏ္ဍမှာ ထည့်ထားသင့်သည်ဟု ထင်ပါတယ်။

မိသားစုတခုအနေနှင့်တော့ လေးအေးစက်များ အ၀တ်လျှော်စက်များ၊ တီဗွီ၊ ပန်ကာ၊ အလှအပ အ၀တ်အစားများ ရတနာများ အားကစားပစ္စည်းများ ဆိုဖါထိုင်ခံ ကုလားထိုင် အများကြီးဖြစ်ပါတယ်။ ကားကိုအထက်မှာ ဥပမာ ကုန်ကားဆိုရင် Necessary လိုအပ်သောမှာ ထည့်ထားရပါမယ်။ လူစီးကားလဲ ထည့်ထားလို့ ရပါသေးတယ်။ သို့ပေမယ့် လူစီးကားကို Usefulထဲ ထည့်ထားလဲ ဖြစ်နေပြန်တယ်။ သို့သော်ပြိုင်ကားတွေ အလှစီးကားတွေ ကျတော့ Useless ထဲကိုသာ ထည့်ရပါတော့မယ်။ နိုင်ငံတော်အနေနဲ့ကလဲ အဲဒီလိုကားမျိုးကို အပိုသက်သက် ကားမျိုးမို့ အခွန်အကောက် ပိုများများ ကောက်ရပါမယ်။ အခုမြန်မာနိုင်ငံမှာ အဲဒီကားတွေကို အခွန်လျှော့ပေးထားတယ်လို့ ကြားမိနေတော့ ...မ.ဆ.လ ခေတ်လောက်တောင် စိမံကိန်းမရှိတာ ဖေါ်ပြနေတော့တာပါဘဲ။ မရှိတာလား ဗရမ်းဗတာ ဖြစ်နေတာလား မသိတော့ပါဘူး။

(၄) Useless ဒါတော့ မရှိရင်ကို ဖြစ်နေတဲ့ အရာတွေပါ။ သဘောကတော့ အပိုစားသားတွေပါ။ ဥပမာပေးရရင် မော်တော်ကားတစီးမှာ မရှိရင် မဖြစ်တာကတော့ အင်ဂျင်ဘရိတ်၊ ဘီး စတာတွေ အများကြီးပေါ့။ မရှိလို့ကိုမဖြစ်တဲ့ အရာတွေ။ အဲဒီမှာ အပိုတွေဖြစ်တဲ့ အတောင်ပံလိုလို ကားအောက်က အလှအပအကာတွေ စတာတွေဟာ တကယ်တော့ မလိုတဲ့ အပိုသက်သက်တွေပါ။
ကြပ်ပြေးနေပြည်တော်မှ ညဘက်ရေပန်းအလှ ပုံဖော်မှုတခု.. 

နိုင်ငံတခုအနေနဲ့ ကြည့်ရင် ဖျော်ရည်တွေ ညကလပ်တွေ ရေပန်းကြီးတွေ

မိသားစုတစ်ခုအနေနဲ့ ကြည့်ရင် အိမ်မှာ အလှဆင်ထားတာတွေ ဖက်ရှင် ဒီဇိုင်းအ၀တ်တွေ အထက်က ပြောခဲ့သလို ပြိုင်ကားတွေပါဘဲ။ လူတကိုယ်အနေနဲ့ ကြည့်ရင်လဲ ကွမ်းစားတာတွေ ဆေးလိပ် သောက်တာတွေဟာ မလိုအပ်တဲ့ အရာတွေပါ။ တက်တင်း ထိုးတာမျိုးတွေပေါ့လေ။ ဘီယာ အရက် စတာတွေပါဘဲ ။

(၅) Harmful ဒါကတော့ မရှိကိုမရှိသင့်တဲ့ အရာတွေပါ။ ကာကွယ်တားဆီးရမဲ့ အရာတွေပါ။ ဥပမာ အရက်သေစာ၊ ဘီယာ၊ ကွမ်းဆေးလိပ်၊ လောင်းကစား မူးယစ်ဆေးဝါး စတာတွေပါဘဲ။ ပစ္စည်းအပြင် လူတွေရဲ့ စိတ်နေစရိုက်ကို ပျက်စေနိုင်သော ပျော်ပွဲရွှင်ပွဲမျိုးတွေ အနှိပ်ခန်းတွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေ စတာတွေဟာ မရှိသင့်တဲ့ အရာတွေပ။ ဥပမာ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရစ ခေတ်တွေမှာ ဘိန်းခန်းတွေ ကိုလိုင်စင်ပေးခဲ့ ပေမဲ့အခု မပေးတော့တာလိုပါဘဲ။
 ကြပ်ပြေး နေပြည်တော်မှ မြင်ကွင်းတခု
တိုင်းနိုင်ငံအနေနဲ့ ကတော့ အထက်ကနဲ့ တဆက်တစပ်ထဲပါဘဲ။ ဥပမာ အနှိပ်ခန်းတွေ ဆိုတာ အန္တရယ်ပေးမဲ့ အရာတွေပါ။ လူကုန်ကူးမှုနဲ့ ဆက်စပ်နေတဲ့လုပ်ငန်းပါ။ ဒါတွေကို ကြံ့ဖွတ် ကြီးစိုးခဲ့တဲ့ န.အ.ဖ ခေတ်မှာ မှိုပေါ်သလို အများကြီး ပေါ်လာခဲ့တယ်။ အခုကြံ့ဖွတ် အစိုးရရုံးစိုက်ရာ ကြပ်ပြေးက ရာဇဌာနီ လမ်းဆိုရင် သန်းရွှေသားသမီးတွေ ရှစ်ယောက်၊ အိမ်အကြီးကြီး ရှစ်လုံး၊ လူကြီးသားသမီးတွေ ရှိနေကြပြီး မာဆတ်ခန်းတွေက မှိုလိုပေါက်နေလို့ လူတွေက (ရာဇဌာနီလို့ မခေါ်ကြဘဲ မာဆတ်ဌာနီ) လို့ခေါ်နေကြောင်းပါ။

ဒီလိုချိန်ထိုး ကြည့်တတ်တာလေး လေ့ကျင့်ထားကြရင် မိမိအိမ်အရေး မိသားစုအရေး နောက်ဆုံး နိုင်ငံအရေးမှာတောင် ပဓါနနဲ့ သာမည ခွဲခြားတတ်သွားပါမယ်။ နိုင်ငံရေးသမားတွေ ပဓါနနင့် သာမည မခွဲခြားတတ်လို့ သန်းရွှေတို့ သက်ဆိုးရှည်နေတယ်လို့ ပြောရင်နာကြပါမလား။ အဲဒီလိုကို ပြောလို့ ရနေတာတွေ အများကြီးပါ။

အခု ဒလဘက်ဘာလို့ ပြောင်းရမယ်ဆိုတာကို အထက်က ငါးခုနဲ့ ခွဲခြားလိုက်ရင် ဒလ ဘက်ပြောင်းဖို့ ကနေ့ခတ် အခြေအနေနဲ့ ချိန်ထိုးလိုက်ရရင် နံပတ်နှစ်-Necessary အဆင့်ကိုရောက်နေပါပြီ။ နံပါတ် တစ်အဆင့်အထိကို သတ်မှတ်ရင်လဲ ရနေပါပြီ။ ဒါကတော့ ငြင်းလို့ခုန်လို့ ကောင်းကြမှာပေါ့။ နိုင်ငံတော်အမြင်နဲ့ ကြည့်ရင် တစ်မျိုး အဖြေထွက်နေမယ်။ လူတစ်ဦးအနေနဲ့ ကြည့်ရင် တစ်မျိုး အဖြေထွက်နေပါမယ်။

အခုနိုင်ငံတော်မှာ လုံခြုံရေး အမြင်နဲ့ကြည့်ရင် ဒလထက် နေပြည်တော်ခေါ်တဲ့ ကြပ်ပြေးက ပိုအရေးကြီး နေတော့တာပေါ့။ နိုင်ငံတော် စီးပွားရေး တိုးတက်လာဖို့က လတ်တလော အလွန်အရေးကြီးသော အကြောင်းတရား ဖြစ်ပါတယ်။ နိုင်ငံတော်စီးပွားရေးဟာ အခုလိုအတိုင်း နောက်ထပ် ငါးနှစ်လောက် ဆက်သွားနေရင် လူထုအုံကြွမှုကို ရင်ဆိုင်ကြရပါမယ်။ အစိုးရကလုံခြုံရေး ရှုဒေါင့်ကနေ ကြည့်တာက တိုင်းတပါးက ထိုးစစ်ဆင်လာရင်ပေါ့။ အင်းစီးပွားရေး ကြပ်တည်းလို့ တပြည်လုံး အုံကြွလာရင် မြေတွင်းထဲ အောင်းနေလဲ မလွတ်တော့ဘူး။
ကြပ်ပြေးက သန်းရွှေ လုံခြုံရေး (လူတစ်ဦးအရေးကိုဘဲ ကွက်ကွက်ကလေးထဲ့ စဉ်းစားထားတာပါ) ဆိုတော့ အခုအစိုးရသစ်မှာ ဒီအတိုင်းမြို့တော်ကို ကြပ်ပြေးထားပြီး ဆက်သွားနေရင် ကမ္ဘာ့စီးပွားရေးမှာ ဆက်လက် ယှဉ်ပြိုင်နိုင်မှု ကျဆင်းပြီး ဒေ၀ါလီ ခံရသော အစိုးရအဖြစ် ဇါတ်သိမ်းမလှ ဖြစ်သွားပါမယ်။ ဒီအတိုင်းမြို့တော်ကို ကြပ်ပြေးမှာ ဆက်ထားရင် အခုဂရိမှာ ဒေ၀ါလီခံရတာမျိုး မကြာပါဘူးလို့ ပြောရဲပါတယ်။

အထက်က ဒလ ပြောင်းရေးပြန်ဆက်ရရင် ကောင်းပြီ ကျပ်ပြေးမှာ အစိုးရရုံးတွေထိုင်တာ လွဲနေပြီ ။ အခုအိစုးရသစ် ရင်ဆိုင်နေရပြီ။ အခုပင်အချို့ သောရုံးများကိုရန်ကုန်ပြန်ရွေ့ နေရပါပြီ ။ ဒါဟန်လုပ်ပြီး ရွေ့ နေရတာ။ နေပြည်တော်ကြီးမှာ သုတ်ထားတဲ့ ဆေးတွေတောင် မခြောက်သေးဘူး အဆောက်အဦး အများကြီး မပြီးသေးဘူး ဗြုံးစားကြီးရွှေ့ဘို့ အရှက်ပြေလေး လုပ်နေရတာ။ ဘယ်လိုမှ မဟန်တော့ဘူး။

ကဲအဲဒီလိုရွှေ့ကြတော့ ရွေးကောက်ပွဲ မတိုင်ခင်လေး အစိုးရပိုင် အဆောက်အအုံတွေကို လေလံပြစ်ထားတော့ ဘယ်မှာလဲ ရုံးနေရာ။ အသုံးမကျတဲ့အစိုးရတရပ်ဆိုတာ အိမ်တိုင်ပါ ချွတ်ရောင်းစား ထားပြီးပြီ။ ဒီကြားထဲ တရုတ်ကို မြစ်ဆုံဆည်ကြီး သူခိုးဈေးနဲ့ ပေးကမ်းပြီး အကြွေးတွေ ယူထားလိုက်သေးတယ်။ ဟာမင်းကလဲ ဒီသူခိုးစကား တယ်ပြောပါလား လုပ်နေကြပါမယ်။ မင်းကလဲကွာ သူခိုးတိုင်းက ခိုးရောင်းရတာဆိုတော့ သူခိုးဈေးဘဲရမှာပေါ့။ ဟိုကလဲ ခိုးရောင်းတာသိကို သိသိကြီးနဲ့ ၀ယ်တော့ သူခိုးဈေးနဲ့ အိုကေကို ဆိုပြေလို့။ စတားချုပ်ကြီးနဲ့ အစားပုတ်တရုတ်တို့ အပေးအယူ သင့်နေကြတာပေါ့။

ဒီတော့ အစိုးရရုံးတွေ ပြန်ဆောက်ဖို့ ရန်ကုန်မှာ မလွယ်တော့ဘူး။ ရောင်းပြီးသားတွေ ပြန်ဝယ်ရင်လဲ အိမ်ဈေးမြေဈေးက မတရား ထိုးတက်သွားပါမယ်။ ဆောက်ရင်လဲ အခုခေတ် ကြီးမားဖွံ့ ဖြိုးလာတဲ့ စီးပွားရေးပမာဏနဲ့ ရုံးတွေ မနိုင်ဝန်ဖြစ်နေပါပြီ ။ ဒီအစိုးရုံးတွေကို ဒလဘက်ပြောင်းမှသာ ရနိုင်ပါမယ်...။ ဒါကတစ်ချက်ပါ။ နောက် အထက်ကပြောခဲ့တဲ့ ရန်ကုန်မြို့တော်ကြီးဟာ လွန်ခဲံ့တဲ့ နှစ်ပေါင်း ၁၃၀လောက်က စီမံကိန်း လုံးဝ ခေတ်မမှီ တော့ပါဘူး။ ခေါက်ထားဘဲ အလွယ်ဆုံး ပြောရပါမယ် ။

နောက် စီးပွားရေးရှုဒေါင့်ကနေပေါ့။ အခုလှိုင်သာယာ ရွှေပြည်သာတွေမှာ လုပ်ငန်းရှင်တွေဟာ အစိုးရ (အိုးအိမ်က ) တိုက်ရိုက်ချပေးတာကို ရသူကခပ်ရှားရှားပါ။ ရွှေပြည်သာ-၂ -ဘက်မှာဆို ဒေါ်ကြိုင်ကြိုင်က အကွက် -၇၀ - (အကောင်းဆုံးနေရာတွေကို) (တစ်ကွက်ကို ၂ဧကပါ) ယူထားပြီး ကြားက အိုးအိမ်ကလူတချို့က ပွဲစားလုပ် ရောင်းပေးကြရတာပါ။ အစိုးရဈေးက ၂၀၀၄-မှာ သိန်း ၂၄၀- သူတို့ဆီက၀ယ်ရတာ သိန်း၈၀၀-ကျော်တွေ။ အဲဒီလိုတွေက ရှိသေးတယ်။ ဒလဘက်မှာ အဲဒီလို မဖြစ်အောင် သမ္မတကြီးခင်ဗျား သန့်ရှင်းသော ဂါးဘားမင့် ဖြစ်ချင်ရင် အခုလို မဖြစ်ရအောင် လုပ်ငန်းရှင်တွေကို တိုက်ရိုက် တင်ဒါခေါ်စံနစ်နဲ့ လုပ်သင့်ပါတယ်။ အဲဒီလို လုပ်ငန်းတွေကို ဒလဘက်ရွှေ့ နိုင်ရင် ကောင်းကျိုးက ဒလဘက်မှာ ရန်ကုန်ဆိပ်ကမ်းထက်နက်တဲ့ ဆိပ်ကမ်းတွေ အများကြီးရလာပါမယ်။ ပင်လယ်ကူး သဘောင်္တွေအများကြီး တပြိုင်နက်ကပ်နိုင်တဲ့အတွက် သင်္ဘောတွေ ဆိပ်ကမ်းက နေရောက်ပြန်လုပ်နိုင်လေ ၀န်ဆောင်မှု စားရိတ်ကျဆင်းလေပါဘဲ။  သင်္ဘောတွေ ရက်ကြာလေ သင်္ဘောငှားခက တရက်နုံး တက်နေတာပါဘဲ။ သူကခေါက်ရေနဲ့ တွက်တာမဟုတ်ဘူး။

တခါ ဒလဘက်မှာ စက်ရုံတွေကို ကမ်းနားအနီးမှာ (စက်မှုဇုန်တွေကို) ပေးထားလိုက်ရင် လေကလဲ တိုက်တာကောင်းတော့ လေထုညစ်နွမ်းမှု သက်သာမယ်။ ကုန်ပစ္စည်း သယ်ယူမှု စားရိတ်သက်သာမှုကို ၀န်ထမ်းတွေကို ကမ်းစပ် (စက်ရုံများ) နဲ့မဝေးတဲ့နေရာမှာ အစိုးရနဲ့ လုပ်ငန်းရှင်ပူးတွဲပြီး အိမ်ယာတွေ ဆောက်ပေး၊ သွားလာချိန် သက်သာအောင် စီစဉ်ပေးလိုက်ရင် ကျနော်တို့ နိုင်ငံဟာ ထိုင်းနိုင်ငံက နိုင်းံငံခြားရင်းနီ်းမှုတွေ ကျနော်တို့ဆီကို ရွှေ့လာပါတော့မယ် အသေအချာပါ။ ဟထိုင်းနိုင်ငံဘက်မှာ လမ်းပိတ်ဆို့မှုကြောင့် လုပ်ငန်းတွေ စားရိတ်တက်နေတာကို ရေကြီးမှုက ဗူးလေးရာ ဖရုံဆင့် ဖြစ်နေပါပြီ။

ကျနော်တို့ဒလ စိမံကိန်းကို မြန်မြန်အကောင်အထည် ဖေါ်နိုင်လေ သူတို့ဆီက အရင်းအနှီးတွေ အမြန်ဝင်လာလေပါဘဲ။ ဒီဒလစီမံကိန်းလုပ်ဖို့က ဆုံးဖြတ်နေစရာ မလိုတော့ပါဘူး။ မကြိုက်လဲ ဒလ ကြိုက်လဲ ဒလ ရမှာပါဘဲ။ ဆုံးဖြတ်ရမှာက တံတားဘယ်နေရာမှာ ထိုးမယ်။  ဘယ်လောက်အမြင့်ပေါ့။  သွားနိုင်မဲ့ ကားအစိးရေ ရထားလမ်း ပါဝင်နိုင်မှုပေါ့။ အဲဒါအမြန် ဆုံးဖြတ်နိုင်လောက်ပါတယ်။  ဖြစ်နိုင်လျှင် တံတားအပြီးကို မစောင့်ဘဲ လုပ်ငန်းရှင်တွေကို အကွက်အကွင်း ရိုက်ချပေးထား။ လျှပ်စစ်မီိးရရှိရေး စီစဉ်ပေးထားမယ်ဆိုရင် လုပ်ငန်းတွေဟာ တံတားလဲအပြီး ပြိုင်တူပေါ်လာပါမယ်။ တံတားထိုးတော့ ကြည့်မြင်တိုင်ဘက်ကမ်းကို ၀င်/ထွက်နေတဲ့ ပင်လယ်ကူးသင်္ဘောတွေရဲ့ အမြင့်ကို လွတ်အောင် ထဲ့တွက်ရင် တံတားစားရိတ် ပိုမိုကုန်ကျနိုင်သလို တံတားရဲ့ကြံ့ခိုင်မှု အားနည်းစေပါတယ်။  တကယ်တော့ ဒလ ဆိပ်ကမ်းတွေသာ ပေါ်လာရင် လူထုကလဲ ဒလဘက် အများစုရောက်ကုန်ပြီ သင်္ဘော အ၀င်အထွက်ကလဲ ဒလဘက်က ပိုမိုလွယ်ကူမြန်ဆန်တော့ ကြည့်မြင်တိုင်ဘက် လာစရာ မလိုသလောက် ဖြစ်သွားပါမယ်။

တခါ မြို့တော်ဟာ အချိန်တိုတိုလေး အတွင်းမြိုတော့်ကြီး ဖြစ်လာမှာဆိုတော့ စီမံကိန်းကို သေသေချာချာ တွက်ချက်ပြီး စံနစ်ဇယားရှိရှိ လုပ်ထားရပါမယ်။ မြို့တော်ကို နိုင်ငံတကာ ပညာရှင်တွေဆီက အကြံဥာဏ်ရယူပြီး စီမံကိန်းဇယား ချသင့်ပါတယ်။ ဘန်ကောက်လို ပုံစံ ကူးမလား ဆစ်ဒနီလိုပုံစံ ကူးမလား။ တခြားကောင်းမယ်ထင်တဲ့ မြို့တော်တွေကို နမူနာယူကြရမှာပါ။ တကယ်တော့ နိုင်ငံတကာ လေယဉ်ကွင်းကြီးကိုပါ ဒီမှာဘဲ လုပ်ရမှာပါ။

အဲဒီမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေနဲ့အတူ လုပ်ငန်းရှင် နိုင်ငံခြားသားတွေ အများအပြား ပါဝင်လာကြပါမယ်။ ဌာနေနိုင်ငံသားတွေကလဲ တစတစ ချမ်းသာလာကြသူတွေ တိုးပွားလာကြမှာ ဆိုတော့ လူတ်တန်းစား၊ လူဂုဏ်တန်ရပ်ကွက်ကြီးတွေ မြို့နယ်လေးတွေကို အကွက်ရိုက် ဖေါ်ဆောင်ထားရပါမယ်။ လမ်းများကိုလဲ မြို့တွင်းလမ်းအပြင် အထူးအမြန်လမ်းကြီးတွေကို မြို့တွင်းထဲမှာကို ကွန်ယက်လို ထဲ့ရေးဆွဲထားရပါမယ်။ ၀န်ထမ်းအိမ်ရာ လူလတ်တမ်းစားအိမ်ရာ လူဂုဏ်တန် အိမ်မြေကွက်တွေကို နေရာတိုင်းတိုင်းမှာ အစီအစဉ်တကျ ရေးဆွဲထားရပါမယ်။ ရန်ကုန်၊ မန္တလေးလို လမ်းတွေမှာ အိမ်ပြွတ်သိပ်နေအောင် လုပ်ရပါဘူး။ ကြားမှာကွက်လပ်တွေ အများကြီး ထားပေးထားရပါမယ်။ ခေတ်မှီမြို့တော်ကြီးတွေလို တချိန်ချိန်မှာ လူနေမှု လိုအပ်ချက်တွေ ပြောင်းလဲလာတဲ့အခါ မြို့လိုအပ်ချက်ကို ဖြည့်စည်းနိုင်ဖို့ စီစဉ်ထားရပါမယ်။ အခုဟာက ရန်ကုန်မှာ မြေကွက်လပ် ဆယ်ပေလောက် လွတ်တာရှိရင်ကို ရောင်းစားတဲ့အထိ အမျှော်အမြင် နည်းပါးသူတွေက တိုင်းပြည် တက်အုပ်ချုပ်သွားတာ တိုင်းပြည်ဘယ်လောက် နာတယ်ဆိုတာ တွက်ကြည့်ပါ။ အဲဒီလိုရောင်းစာလို့ ဈေးရရင်ကိုဘဲ တယ်ဟုတ် လုပ်နေကြသေးတယ်။

ကျနော် ကြည့်လိုက်ရတဲ့ နိုင်ငံခြားကုမ္မဏီက ရေးဆွဲထားတဲ့ ဒလစီမံကိန်း စာအုပ်ထဲမှာ အင်းယားကန်ထက် ပိုကြီးပြီး ကွေ့ကွေ့ ကောက်ကောက် ရေကန်ကြီး သုံးကန်ပါထားပါတယ်။ ရေတွေကို အထက်ဧရာဝတီမြစ်ကနေ သွယ်ယူပြီး ဖြည့်ထားပါမယ်။ အဲဒီကန်ကရေကို မြို့တော်သုံးလုပ်နေပါမယ်။ သီးသန့်လဲ မြို့တော်သုံးရေတွေ ပါနေပါတယ်။ ကန်ကြီးတွေတူးရာက ထွက်လာတဲ့မြေတွေနဲ့ ဘေးပတ်လည် တပိုင်းကို တောင်ကမူလေးလုပ်ပြီး သူဌေးရပ်ကွက် လုပ်ထားပါတယ်။ ကန်ထဲမှာ ရေလွှာလျှောစီးတာတွေပါ ပန်းချီနဲ့ဆွဲထားပါတယ် ။

တခါမိလ္လာကလည်း နေ့စဉ်အချိန်နဲ့အမျှ မိလ္လာတွေက ပိုက်တွေနဲ့မှုတ်ထုတ် စုရပ်တွေ အများကြီးဆီကို ရောက်သွားပြီး အဲဒီကနေစုရပ်နှစ်ခုမှာ Recycle ပြန်လုပ်တာ ပါပါတယ်..။ တခါသောက်ရေသန့် ရရှိရေး အားကစားကွင်းတွေ အများကြီး ထားပေးရေး ကျောင်းများမှာလဲ အားကစားကွင်းတွေ ထားရှိရေး အပန်းဖြေ ပန်းခြံပေါင်များစွာ ရပ်ကွက်တိုင်း မြို့နယ်တိုင်းမှာ ရှိနေရပါမယ်။ အဲဒီတော့ မြို့တော်ကြီးဟာ ဒီလို ပန်းခြံကြီးတွေ အားကစားကွင်းကြီးတွေ ပါဝင်နေတော့ အလွန်ကျယ်ပြန့် နေပါမယ်။ အဲဒီအတွက် ခရီးသယ်ပို့ဆောင်ရေးကလဲ အခရာကျနေပါမယ်။

အစိုးရအနေနင့် ဒလမြို့တော်ကို အကောင်အထည် ဖေါ်ရာမှာ တောင်သူလယ်သမားတွေ မနစ်နာအောင် ထိုက်သင့်သော လျှော်ကြေးတွေ ပေးရပါမယ်။ ဒီလိုပေးတာကိုပင် အစိုးရက မြတ်နေပါသေးတယ်။ ဥပမာ လယ်တဧကကို ၁၀-သိန်းပေးလိုက်တယ် ထားပါ။ အစိုးရက အိမ်ကွက်ရိုက်လိုက်ရင် အိမ်ကွက်ကနေ သိန်း ရာချီထောင်ချီရနေလို့ပါ။

အားလုံးကို လေးစားလျှက်
လှိုင်မြင့်

ဒလမြို့ တော်ကြီး စီမံကိန်း (Click)

ပထမပိုင်း