ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label နာရေး. Show all posts
Showing posts with label နာရေး. Show all posts

ကမ္ဘာက စောင့်ကြည့်နေကြတဲ့ ဈာပနအခမ်းအနားကြီး...


ကမ္ဘာက စောင့်ကြည့်နေကြတဲ့ ဈာပနအခမ်းအနားကြီး...

ပြောကိုမပြောချင်ဘူး။ လူတွေအယူသည်းတတ်ပုံများဗျာ။ ကျော်သူတို့ လင်မယားရယ် ဆရာမရယ် ကို နာမကျန်းဖြစ်နေတဲ့သူကို နေအိမ်၊ ဆေးရုံများမှာ လူနာသတင်းမေးသွားရင် နှာခေါင်းရှုံ့ကြခြင်း၊ အ တင်းပြောကြခြင်း၊ မေးငေါ့ကြခြင်း စသည့် မလိုလားသော အရိပ်သဏ္ဍာန်များဖြင့် ဆီးကြိုတတ်ကြသည်။ တချို့ဆိုလျှင် "ဟာ…. ဟင်…. ဟယ်…. အို… ရပါတယ်၊ နေကောင်းပါတယ်။ ကျန်းမာလာပါပြီ ဒီတော့ မ လာပါနဲ့။ မလိုပါဘူး။ ကျေးဇူးတင်ပါတယ်" ဟူ၍ ဆီးကြိုကာပိတ်ပင်မှု၊ တားဆီးမှုတို့ဖြင့် ဦးစွာကိုယ်တိုင် ကြုံတွေ့ခဲ့ရပြန်သည်။

ထိုကဲ့သို့ ပြောဆိုကြသော အယူသည်းတတ်သော လူများသည် အကယ်၍များ ထိုမကျန်းမာသော လူနာသည် ဘဝတစ်ပါးသို့ ပြောင်းသွားပြီဆိုပါက “အကို… ညီလေး… ဦး… အဘ ကယ်ပါဦး… တစ်ခါမှ အတွေ့အကြုံမရှိလို့ပါ။ နာရေးကိစ္စတွေ မလုပ်တတ်လို့ပါ။ သင်္ဂြိုဟ်ပေးပါဦး။ စရိတ် မတတ်နိုင်လို့ပါ။ စည်စည်ကားကားလေး ဖြစ်အောင်လုပ်ပေးပါ။ ကားအကောင်းစားကြီးနဲ့ လုပ်ပေးပါ။ အ လှူငွေတွေ အများကြီး လာရောက်လှူဒါန်းပါဦးမယ်" စသည့် စကားများကိုလည်း ပြောတတ်သေးသည်။ ဈာပနအခမ်းအနား ပြီးဆုံးသွားသောအခါ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားစွာ နိဗ္ဗာန်ယာဉ် အကောင်းစားကြီး အား တောင်းဆိုခဲ့သူတစ်ချို့တို့သည် ငွေအများကြီး လှူဒါန်းဖို့နေနေသာသာ ပျောက်ခြင်းမလှ ပျောက်သွား ကြသူများ၊ ကိုယ်ယောင်ဖျောက်သွားကြသူများ၊ ကိုယ်ပျောက်ပညာစွမ်း တတ်မြောက်ထားကြသည့်အလား ပျောက်ခြင်းမလှ ပျောက်ဆုံးသွားကြသည်ကိုလည်း အကြိမ်ကြိမ် အဖန်ဖန် ကြုံတွေ့ခဲ့ရဘူးသည်။ ဤသည် တို့ကား သဘာဝတရားတစ်ခုလို့ပင် ဆိုရမလို ဖြစ်နေတော့သည်။

ထိုကဲ့သို့ အယူသည်းသောသူများ၊ အုပ်စုများထဲတွင် ယနေ့ ၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၆း၃ဝ) နာရီအချိန်ခန့်က ဘဝတစ်ပါးသို့ ပြောင်းလဲသွားရရှာသော ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင် ၏ မိသားစုအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ အပေါင်းအသင်း၊ မိတ်ဆွေသင်္ဂဟများ၊ လက်တွဲဖော်/ဖက်များ မပါ ဝင်ခဲ့သည်ကို ကျွန်တော်လက်တွေ့ သိရှိခဲ့ရသည်။ အကြောင်းမှာ ဘဘဦးဝင်းတင် ထောင်မှ လွတ်လာ သည့်အချိန်မှစ၍ ထောင်ဝတ်စုံ အပြာနုရောင်ကို စဉ်ဆက်မပြတ် ဝတ်ဆင်ထားမှု၊ ဘဘဦးဝင်းတင် ၏ မ ပြောင်းလဲသော ခံယူချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များအပြင် အကြောက်တရား လုံးဝမရှိသော သံမဏိ လူသားတစ်ယောက်အဖြစ်၎င်း၊ ဘဘ၏ အစဉ်အမြဲ ပြုံးယောင်သမ်းနေသောနှုတ်ခမ်း၊ အကြင်နာ တရားလွမ်းခြုံနေသော မျက်ဝန်းတို့ကြောင့်၎င်း ကျွန်တော်ပြင်ပတွင် လူချင်းမဆုံဆည်း ခဲ့စဉ်ကတည်းက လေးစားမိသည်။ ချစ်ခင်မိသည်။ ဂုဏ်ယူမိသည်။ အားကျမိသည်။

ထိုကဲ့သို့ ကျွန်တော် လေးစားဂုဏ်ယူ အားကျခဲ့သော သံမဏိလူသား သူရဲကောင်းကြီးအား ကျွန်တော်နောက်ပိုင်းတွင် လူချင်းဆုံတွေ့ခွင့် ရရှိ သော သာရေး/နာရေး အခမ်းအနားများတွင် ထိုသံမဏိလူသားကြီးသည် ကျွန်တော်သူ့အား လေးစား ဂုဏ်ယူ ချစ်ခင်သကဲ့သို့ ကျွန်တော့်အားလည်း သူသည် လေးစားဂုဏ်ယူ ချစ်ခင်ခဲ့သူဖြစ်ကြောင်း ကျွန် တော်သိရှိခဲ့ရသည်။ တစ်ဦးကစေတနာ၊ တစ်ဦးကမေတ္တာ ဆိုသလို မေတ္တာတရားများ ရောင်ပြန်ဟပ်ခြင်း ပင် ဖြစ်တော့သည်။

ထိုသံမဏိလူသားကြီးသည် ကျွန်တော့်အား တွေ့တိုင်း မြင်တိုင်း စိတ်ဓာတ်မကျရန် ကိုယ့်အလုပ် ကိုယ်လုပ်ရန်၊ အစဉ်အမြဲ သတိပေးစကား၊ အားပေးစကား၊ ချီးကျူးစကားများကို ပြောတတ် သေးသည်။ ကျွန်တော်ရေးသားခဲ့သော "ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင်" စာအုပ်မိတ်ဆက်ပွဲတွင်လည်း နေထိုင်မကောင်းသည့်ကြားမှ တက်ရောက်ခဲ့ကာ သံမဏိလူသားကြီးသည် "သမ္မတဖြစ်ချင်တယ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ယှဉ်ပါတယ်။ ကိုကျော်သူက သူသမ္မတဖြစ်ခဲ့ရင်လို့ဆိုတာ၊ ဖြစ်ချင်တာ မဟုတ်ပါဘူး။ သူဖြစ်ခဲ့ရင် တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေကို ဘယ်လိုဖြည့်ဆည်းပေးမယ်လို့ ဆိုလိုတာပါ။ သူသာသမ္မတဖြစ်ခဲ့ရင် ဆိုတာကတော့ မေတ္တာ၊ မုဒိတာ၊ ဂရု ဏာနဲ့ယှဉ်ပါတယ်။ ဒီလိုဆိုရင်တော့ အဲဒီကိစ္စဟာ အင်မတန်ကောင်းမြတ်တဲ့ ရည်ရွယ်ချက်ပါလို့ ကျွန် တော် ရဲရဲကြီး ဆိုလိုချင်ပါတယ်" ဟု အသိပေးစကား ဂုဏ်ပြုစကားများ ပြောကြားခဲ့ဘူးသည်။

၂ဝ၁၄ ခုနှစ် မဟာသင်္ကြန်မတိုင်ခင် ကာလအချိန်တွင် ဘဘဦးဝင်းတင် ကျန်းမာရေးဆိုးဝါးလာ၍ ဆေးရုံတက်ရကြောင်း ကျွန်တော်တို့သိရှိခဲ့သည်။ ဆေးရုံတစ်ရုံပြီး တစ်ရုံပြောင်းနေရကြောင်းလည်း ကျွန် တော်တို့သိရသည်။ နည်းနည်းနေကောင်းလာလိုက်၊ နေပြန်ဆိုးဝါးလိုက် စသည့် နေ့စဉ်ဖြစ်ပေါ်နေသော ကျန်းမာရေးဖြစ်စဉ်များကိုလည်း ကျွန်တော်တို့ သိရှိနေရသည်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး ထိုဖြစ်ရပ်များ၊ ထိုဖြစ်စဉ်များ အားလုံးကိုသိရှိ ကြားသိနေရသော်လည်း ကျွန်တော်တို့၏ ခံစားမှုများ၊ ဝမ်း နည်းမှုများ၊ စိုးရိမ်မှုများအား ရင်တွင်း၌ မြိုသိပ်ကာ ဘဘဦးဝင်းတင် ထံသို့သွားရောက် သတင်းမေးချင် သည့် ခြေလှမ်းများကို ထိမ်းချုပ်ထားရတော့သည်။ အဘယ့်ကြောင့်ဆိုသော် အထက်တွင် ဖော်ပြရေးသား ခံစားခဲ့ရသော အယူသည်းမှု လူသားများအား စိတ်ဆင်းရဲခြင်း ဒုက္ခမပေးလိုခြင်းကြောင့်ပင်ဖြစ်သည်။

ထို့ ကြောင့် ကျွန်တော့်ဇနီး ရွှေဇီးကွက်မှ သူမ၏ Facebook စာမျက်နှာပေါ်တွင် သူ၏ခံစားချက်အား "ကျွန်မ တို့က နာရေးကူညီမှုအသင်း လုပ်ဆောင်နေသူတွေဖြစ်လို့ နေမကောင်းတော်တော်ဖြစ်နေတဲ့ ဘဘ ဦးဝင်းတင်ကို သိပ်ပြီးသွားမေးချင်ပေမယ့် မမေးရဲ၊ မမေးရက်ဘူးဖြစ်နေတာပါ။ ဘာပဲဖြစ်ဖြစ် ဘဘကို ကတိ တစ်ခု ပေးနိုင်တာကတော့ ဘဘချစ်တဲ့ မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေကို ဘဘရဲ့ သံမဏိစိတ်ဓာတ်မျိုးနဲ့ ဘဘလိုပဲ ရာသက်ပန် သယ်ပိုးသွားမယ်ဆိုတာကို ဘဘကို ချစ်မြတ်နိုး ရိုသေစွာ ကတိပေးလိုက်ပါတယ်။ ကျော်သူ+ရွှေဇီးကွက်" ဟု ရေးသားခဲ့သည်။

ထိုအခါ သူမ၏ Facebook စာမျက်နှာပေါ်တွင် Comments များ ချက်ချင်းတက်လာတော့သည်။ Like လုပ်သူများလည်း များစွာပေါ်လာသည်။ Comments များထဲ တွင် ဆေးရုံသို့သွားရန်၊ ဘဘကျန်းမာရေးအား မေးမြန်းရန် စသည့် တွန်းအားများ များစွာပါလာခဲ့သည်။ ထိုတွန်းအားများထဲတွင် ဘဘဦးဝင်းတင်၏ ဆွေမျိုးများမှလည်း ဆေးရုံသို့ လာရောက်မေးမြန်းရန် ရေး သား ထားမှုများ ပါဝင်လာသည်။ ထို့အပြင် တယ်လီဖုန်းများဖြင့် ကျွန်တော့်ဇနီး ထံသို့၎င်း၊ ကျွန်တော့်ထံသို့ ၄င်း ဆက်သွယ်၍ ဆေးရုံသို့သွားရောက်ရန် တိုက်တွန်းနှိုးဆော်မှုများလည်း ရှိခဲ့သည်။ ထို့အပြင် လူကြုံနှင့် လည်း ပြောကြားသည်ကိုလည်း ကြုံတွေ့ခဲ့ရသည်။

ထိုကဲ့သို့သော တွန်းအားများကြားထဲတွင် ကျွန်တော် တို့သည် ဘဘထံသို့ သွားရေး၊ မသွားရေး လွန်ဆွဲနေချိန် HIV လူနာများအား ကူညီစောင့်ရှောက်မှု ဂေဟာ ဖွင့်လှစ်ထားသော NLD မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းမှ ကျွန်တော့်ထံသို့ ဖုန်းဆက်ကာ "ကိုကျော်သူ ဘဘဆီကို မလာဘူးလား။ ဘဘက သတိရတိုင်း ကိုကျော်သူကို မေးမေး နေတယ်" ဟူသော စကားအား ကြားသိလိုက်ချိန် ကျွန်တော့်၏ ဇနီးရွေဇီးကွက်နှင့် ဆရာမသန်းမြင့်အောင် တို့ကလည်း ဆေးရုံကိုသွားပြီး ဘဘကို သွားကြည့်ပါစို့ ဟု လာရောက်ပြောကြားမှုကြောင့် ကျွန်တော် အား တင်း၍ ဆေးရုံသို့ရောက်ရှိ သွားခဲ့တော့သည်။

ကျွန်တော်တို့ ဇနီးမောင်နှံနှင့် ဆရာမတို့ (၃) ဦး ဆေးရုံသို့ ရောက်ရှိသောအခါ ဘဘ ဦးဝင်းတင်၏ ဆွေမျိုးများနှင့် ဆေးရုံတွင်ရောက်ရှိနေကြသော ဘဘ၏ မိတ်ဆွေ များက ကျွန်တော်တို့အား နားလည်မှုပြည့်ဝစွာဖြင့် ကြိုဆိုကြကာ ဘဘအား ထားရှိရာ ICU ခန်းမထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် ဘဘ၏ကုတင်ဘေးသို့ အနီးကပ်သွားရောက် အားပေးမှုပြုရန်အတွက် တစ်ဦးချင်း၊ တစ်လှည့်စီ၊ ပိုးသတ်ထားသော ဝတ်စုံအားဝတ်ဆင်၍ ဝင်ရောက်တွေ့ဆုံခဲ့ရသည်။ ကျွန်တော် တို့ (၃) ဦးစလုံး ဘဘဦးဝင်းတင်အား ဂါရဝပြု ကန်တော့ခဲ့ကြသည်။ ထိုစဉ်က ဘဘ၏မျက်လုံးများသည် လည်နေခြင်း၊ အားစိုက်၍ စူးစိုက်ကြည့်ရှုခြင်း၊ စကားများပြောသော်လည်း ပြောမထွက်လာခြင်း စသည့် ဝေဒနာများ ခံစားနေရသည်ကို စိတ်မကောင်းစွာ တွေ့မြင်ခဲ့ရသည်။

ကျွန်တော်တို့၏ ဝမ်းနည်း၊ ပူဆွေးမှု သောကများအား ဟန်ဆောင်မျက်နှာဖုံးများတပ်၍ ဆေးရုံမှ ပြန်လည်ထွက်ခွာခဲ့ရတော့သည်။
ယခု ဘဘဦးဝင်းတင် ဆုံးပါးသွားပြီ။ ဘဝတစ်ပါးသို့ ပြောင်းသွားပြီ။ သံမဏိလူသားကြီး တစ်ခြား ဂြိုလ်ကမ္ဘာသို့ ရောက်ရှိသွားပြီဖြစ်သည်။ ၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၇းဝဝ) နာရီမထိုးခင် ကျွန်တော် အင်တာနက်ကြည့်ရှုစဉ် ဘဘဦးဝင်းတင် ဆုံးသွားပြီဟူသော စာပေါ်လာသည်။

ကျွန်တော် မယုံကြည်နိုင်၊ ထို့ကြောင့် မဖြူဖြူသင်းထံသို့ ဖုန်းဆက်ကြည့်ရာ ကိုရာဇာမှ ငိုသံပါကြီးနှင့် ဘဘဦးဝင်းတင် ဆုံးသွားပြီ ဟူ၍ အတည်ပြုချက် ရခဲ့သည်။ ရှေ့ဆင့်နောက်ဆင့် ဆိုသလို တယ်လီဖုန်းများ ဝင်လာတော့သည်။ ဘဘ ၏ ရုပ်ခန္ဓာအား ချက်ချင်း ရေဝေးအအေးခန်းသို့ ပို့ဆောင်ပေးရန်အတွက် ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ နိဗ္ဗ္ဗာန်ယာဉ်ကြီးအား အမြန်ထွက်ခွာရန် ပြောကြားခဲ့ပြီး အသင်းသို့ နံနက်အစောပိုင်း ရောက်ရှိနေကြသော အသင်းသား/သူများစုစည်း၍ ရန်ကုန်ဆေးရုံကြီးသို့ ချီ တက်ခဲ့တော့သည်။

ဆေးရုံကြီးအအေးခန်းသို့အရောက် အအေးခန်းပတ်ဝန်းကျင် တစ်ခုလုံးတိတ်ဆိတ်နေ သည်။ ကျွန်တော့်ထံသို့ ဖုန်းဝင်လာသည်။ “ဘဘဦးတင်ဦးတို့အဖွဲ့တွေ ရန်ကုန်ဆေးရုံကြီး ၅/၆ အဆောင် အပေါ်ထပ်တွင် အစည်းအဝေးလုပ်နေတယ်။ ဘဘဦးတင်ဦးက ကိုကျော်သူ ခေါ်ခိုင်းတယ်။” ဟူ၍ ပြော ကြားသောကြောင့် ကားတစ်စီးဖြင့် ချက်ခြင်းလိုက်သွားတော့သည်။ အစည်းအဝေး ပြုလုပ်နေသော အခန်း ထဲတွင် ဘဘဦးတင်ဦး၊ ဦးအေးသာအောင်၊ ဦးမိုးသူ၊ ဦးစိုးဝင်း၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ စသည့် နိုင်ငံရေးအဖွဲ့အစည်းမှ သူတစ်ချို့နှင့် ဘဘ၏ ဆွေမျိုးသားချင်းတို့အား တွေ့ဆုံကာ ဈာပနအခမ်းအနား ကိစ္စရပ်အသီးသီးတို့အား ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

ကွယ်လွန်သူ ဘဘဦးဝင်းတင်၏ ကျန်ရစ်သော ရုပ်ခန္ဓာအား ၂၃.၄.၂ဝ၁၄ မွန်းတည့် (၁၂းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအချိန်အထိ ရေဝေးသုဿန်ခန်းမ (၁/က) တွင်ထားရှိပြီး နိုင်ငံရေး အဖွဲ့ အစည်းများ၊ ပြည်သူလူထုများ၊ ကျောင်းသားလူငယ်များ လာရောက်၍ နောက်ဆုံးဂါရဝပြု ဦးညွှတ်ကြရန် စီစဉ်ထားရှိပြီး ညနေ (၅းဝဝ) နာရီအချိန်တွင် ဘဘဦးဝင်းတင်၏ ရုပ်ခန္ဓာအား နိဗ္ဗ္ဗာန်ယာဉ်ပေါ်သို့ သယ် ဆောင်၍ ဂူသွင်းသင်္ဂြိုဟ်မည့် နေရာသို့ သယ်ယူပို့ဆောင်မည်ဖြစ်သည်။

ထိုနေ့သည်ကား မြန်မာပြည်သူ/သားများ၊ နိုင်ငံရေးအဖွဲ့အစည်းများအတွက် အလွန်အရေးကြီး သော နေ့ရက်ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယခင်ကာလများတွင် ကျွန်တော်တို့ ကြုံတွေ့ခဲ့ရ သော နိုင်ငံ၏ အထင်ကရပုဂ္ဂိုလ်ကြီးများ၊ သာသနာပြု ဆရာတော်ကြီးများ၏ ဈာပနအခမ်းအနားများတွင် ကျန်ရစ်သောသူတစ်ချို့၊ ဈာပနအခမ်းအနားတွင် လိုက်လံပို့ဆောင်ကြသော ပြည်သူလူထုတစ်ချို့၏ စည်း ကမ်းမဲ့၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများ၊ ပူဆွေးသောကဒဏ်ကို မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး အခေါင်းအား လက်သီးဖြင့်ထုခြင်း၊ လိုက်လံပို့ဆောင်သော နိဗ္ဗ္ဗာန်ယာဉ်အား လက်သီးဖြင့်ထိုးခြင်း၊ အလောင်းထည့်ထား သောအခေါင်းအား လုယူကြခြင်း၊ လူမြင်မကောင်းအောင် အော်ဟစ်ငိုကြွေးကြခြင်း စသည့် အကျည်းတန် စေသည့်ကိစ္စရပ်များ မလုပ်သင့်သော လုပ်ရပ်များ ကြုံတွေ့ခဲ့ရဘူးသည်။

ထို့အပြင် သေဆုံးသွားသူအား အသုံးချကာ အမြတ်ထုတ်ခြင်း၊ နာမည်ကြီးအောင် ခုတုံးလုပ်ခြင်း၊ ဆူပူမှုများဖြစ်အောင် လှုံ့ဆော်ခြင်း၊ သွေးထိုးမြှောက်ပင့်ခြင်းတို့နှင့် အချို့နာရေးပို့ဆောင်သူများထဲတွင် အရက်သောက်စားခြင်း၊ မူးယစ်ဆေး သောက်သုံးထားခြင်း တို့ကိုလည်း မြင်တွေ့ခဲ့ရဘူးသည်။ ထို့ကြောင့် ဘဘဦးဝင်းတင်၏ နောက်ဆုံးခရီး အား ပို့ဆောင်ကြသော နိုင်ငံရေးသမားများ၊ အနုပညာရှင်များ၊ ကျောင်းသားလူငယ်များ၏ ဆန္ဒအရ စာ တမ်းဖတ်ကြားခြင်း၊ အမှတ်တရစကားများ ပြောဆိုခြင်း၊ ကဗျာရွတ်ဖတ်ခြင်းတို့အား ပြုလုပ်လိုပါက ရန်ကုန်မြို့၊ ပြည်လမ်း၊ မာလာဆောင်ရှေ့ ယုဒဿန်ရိပ်သာတွင် ဘဘဦးဝင်းတင် အမှတ်တရ ဂုဏ်ပြု အ ခမ်းအနား ပြုလုပ်ထားရှိပြီး ယင်းယုဒဿန်တွင် သွားရောက်ကာ ဂုဏ်ပြုဂါရဝပြုနိုင်ရန် စီစဉ်ထားရှိသည်။

အချုပ်ဆိုရသော် သံမဏိလူသားကြီး၏ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခြင်း အခမ်းအနားအား ကမ္ဘာ့ နိုင်ငံအသီးသီးမှ စောင့်ကြည့်နေကြသည်။ ဒီမိုကရေစီလိုလားသော၊ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင် နေသော မြန်မာနိုင်ငံရှိ လူများသည် ဒီမိုကရေစီနှင့် တန်/မတန်ကို ကြည့်ရှုနေကြသည်။ ထို့ကြောင့် ထိုနေ့၊ ထိုအချိန်၊ ထိုနေရာတွင် ကျင်းပမည်ဖြစ်သော ဝမ်းနည်းဖွယ်ရာ၊ ဆုံးရှုံးမှုတစ်ရပ်ဖြစ်သော သံမဏိလူသား ကြီး၏ နောက်ဆုံးနှုတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ကြမည့် ပြည်သူလူထုများ၊ ကျောင်းသားလူ ငယ်များ၊ နိုင်ငံရေးအသင်းအဖွဲ့များအနေဖြင့် လူ့စည်းကမ်း၊ လူ့ယဉ်ကျေးမှု၊ လူ့ကျင့်ဝတ်များကို တစ်ဦးချင်း တစ်ယောက်ချင်း မိမိကိုယ်မိမိ စောင့်ထိန်းကြဖို့ အရေးကြီးဆုံးအချက်ပင် ဖြစ်တော့သည်။

အကယ်၍များ ထိုအခမ်းအနားတွင် လှုံ့ဆော်မှုများ၊ သွေးထိုးမှုများ၊ မြှောက်ပင့်မှုများ၊ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပါက လည်း အားလုံးစည်းလုံးညီညွတ်စွာ ဝိုင်းဝန်းငြိမ်သက်အောင် ထိန်းသိမ်းကြဖို့လည်း လိုအပ်လှသည်။
ဗြဟ္မစိုရ်တရားလေးပါး လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ နောက်ဆုံးနှုတ်ဆက်ပွဲ အဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။

ငြိမ်းချမ်း၊ ငြိမ်သက်၊ နွေးထွေးသော အကြင်နာတရား လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ ဝမ်း နည်းဖွယ်ရာ ဈာပနအခမ်းအနားအဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။
အေးချမ်း၊ တိတ်ဆိတ်ပြီး ဂရုဏာတရားများ လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ အနိစ္စတရား ကို ဖော်ကျူးသော ဈာပနအခမ်းအနားအဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။
စည်းကမ်းရှိသော ဒီမိုကရေစီလွှမ်းခြုံထားသော ပြည်သူလူထုအားလုံး ပို့ဆောင်ကြသည့် သံမဏိ လူသားကြီး၏ ဂြိုလ်ကမ္ဘာတစ်ခုသို့ ထွက်ခွာသွားသော အခမ်းအနားတစ်ခုအဖြစ်သာ မြင်တွေ့လိုလှပေ တော့သည်။

(ကျော်သူ)

သံမဏိလူသား ဘဘဦးဝင်းတင်အတွက် ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့ရဲ့ ဝမ်းနည်းမှတ်တမ်းများ..

သံမဏိလူသား ဘဘဦးဝင်းတင်အတွက် ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့ရဲ့ ဝမ်းနည်းမှတ်တမ်းများ..



ဘဘဦးဝင်းတင် ကောင်းရာ သုဂတိလားပါစေ။

ဘဘဦးဝင်းတင် ကောင်းရာ သုဂတိလားပါစေ..

ယနေ့ မနက် သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းရတဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာ ကုသိုလ်အပေါင်းအား ယနေ့မနက်ပိုင်းက ကွယ်လွန်သွားတဲ့ ဒီမိုကရေစီသူရဲကောင်း သံမဏိလူသား ဘဘဦးဝင်းတင် အတွက် အမျှပေးဝေပါတယ်။

ဘဘဦးဝင်းတင် ကောင်းရာ သုဂတိလားပါစေ။

ဘဘလူသာသေပေမယ့် ဘဘနာမည် မသေပါ။

မကြောက်တရားတွေ ရှေ့ဆောင်လမ်းပြ ပြသရင်း နောက်ဆုံးအထိ တိုက်ပွဲဝင်သွားတဲ့ ဘဘဦးဝင်းတင်အား

ဦးညွတ် အလေးပြုအပ်ပါတယ် ဘဘ။

ဒီမိုဝေယံ


မြန်မာပြည်၏ ဝေါ့ဒစ္စနေးရဲ့ နောက်ဆုံးခရီး
(ဆရာကြီး ကာတွန်းအောင်ရှိန် ကောင်းရာသုဂတိလားပါစေ)

၃ဝ.၁ဝ.၂ဝ၁၃ ရက်နေ့ မွန်းလွဲ (၁၂း၂ဝ) နာရီအချိန်တွင် မြန်မာပြည်၏ ဝေါ့ဒစ္စနေးဟုတင်စားခြင်းခံရအောင် နာမည်ကြီးကာတွန်းဇာတ်ကောင်များဖြစ်ကြသည့် ဦးရှံစားနဲ့ ဦးဒိန်းဒေါင်၊ သူဌေးကြီးဦးကပ်စီးနဲ့ ခင်မောင်သိန်းထွန်းဝင်း၊ ဦးစိတ်တိုနဲ့ မျောက်ညို၊ ကြာဇံ၊ နမူနာပါဘဲ “ခင်”၊ ဗိုလ်ပုချို၊ တီထွင်မှုပါရဂူဦးဆိတ်ဖြူ၊ ဘဲကောင်း - ဆန်ပြုတ် - အီကြာကွေးအစရှိသည့် ဇာတ်ကောင်များဖန်တီး၍ ကာတွန်းရုပ်ပြတစ်ခေတ်အားဦးဆောင်ခဲ့သူကာတွန်းဆရာကြီးဦးအောင်ရှိန် အသက် (၈၆) နှစ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်းသည် မြန်မာ့ကာတွန်းလောကအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။

၃၁.၁ဝ.၂ဝ၁၃ ရက်နေ့ နံနက် (၁၁း၃ဝ) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆရာကြီး၏သက်မဲ့ရုပ်ခန္ဓာအားနာရေးကူညီမှုအသင်း(ရန်ကုန်)မှရေဝေးသုဿန်အအေးခန်းသို့ ကူညီဖေးမပို့ဆောင်ပေးခဲ့သည်။

ဆရာကြီးသည် နာမည်ကျော်ကာတွန်းဆရာကြီးဦးဘဂျမ်းနှင့် ဦးဟိန်စွန်းတို့၏ ကာတွန်းလက်ရာများတို့အား မြင်ဆရာအဖြစ်လေ့လာဆည်းပူးခဲ့သူဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် သူငယ်ချင်းဖြစ်သူကာတွန်းဖေသိန်း၏ အားပေးကူညီမှုဖြင့် မြန်မာ့အလင်းသတင်းစာ၌ ကာတွန်းများရေးဆွဲခဲ့ပြီးနောက်ပိုင်းတွင် ပေါ်ပြူလာကော့မစ်ကာတွန်းလုံးချင်းကိုစတင်ရေးဆွဲခဲ့သည်။ ထိုမှအစပြု၍ ကာတွန်းဇာတ်ကောင်များစွာမွေးဖွားဖန်တီး၍ ရုပ်ပြကာတွန်းစာအုပ် အမြောက်အမြားရေးဆွဲခဲ့သည်။

မြန်မာရုပ်ပြကာတွန်းစာအုပ် လောကတွင် အအောင်မြင်ဆုံးကာတွန်းဆရာကြီးလည်းဖြစ်သည်။ အထင်ရှားဆုံးဖြစ်သည့် ဦးရှံစားနဲ့ ဦးဒိန်းဒေါင် ဇာတ်ကောင်ဖြင့်ရေးဆွဲသော ရုပ်ပြကာတွန်းစာအုပ်များသည် ရုပ်ရှင်၊ ဗီဒီယိုအဖြစ် ရိုက်ကူးအောင်မြင်ခဲ့သည်။


၁.၁၁.၂ဝ၁၃ ရက်နေ့ ညနေ (၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌ မြန်မာ့ကာတွန်းလောကအတွက် အစားထိုးမရနိုင်တော့သူကာတွန်းဆရာကြီးဦးအောင်ရှိန်၏ဈာပနအခမ်းအနားအားနာရေးကူညီမှုအသင်း (ရန်ကုန်)မှ စီစဉ်ဆောင်ရွက် ကူညီပေးခဲ့ရာဆရာကြီးအားလေးစားချစ်ခင်ကြသောကာတွန်းရေးဆွဲသူများ၊ ကာတွန်းချစ်သူ၊ ကာတွန်းချစ်ပရိသတ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့် ဆရာကြီး၏မိသားစုဝင်များတို့ဖြင့် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပခဲ့သည်။

လူသားတို့ လိုလားတောင့်တခြင်းများစွာသော စိတ်ဆန္ဒအားအနိစ္စတရားသည် ကျော်ဖြတ်၍ အနိုင်ယူစမြဲပင်။ ဆရာကြီးရေးဆွဲခဲ့သည့် ပရိသတ်အချစ်တော် သက်ရှိထင်ရှားနာမည်ကျော်ဇာတ်ကောင် ပုံရိပ်များအား နောင်လူနောက်သားများ၊ ကာတွန်းချစ်ပရိသတ်များ၊ ကာတွန်းချစ်သူ၊ ကာတွန်းရေးဆွဲသူများအတွက် “ဒါ .. ကာတွန်းဆရာကြီးဦးအောင်ရှိန်” ၏ ကာတွန်းလက်ရာများအဖြစ် ဂုဏ်ယူဝင့်ကြွား ပြ သနိုင်လောက်သည့် ဖန်တီးမှုများနှင့် ထိုက်တန်သည့် ခံစားမှုမျိုးအားဆရာကြီးမရရှိခဲ့ပါသည်။ အအောင် မြင်ဆုံး ရုပ်စုံ၊ ရုပ်ပြကာတွန်းဆရာကြီးတစ်ဦးဖြစ်ခဲ့ပြီးလက်ရှိအချိန်တွင် တစ်ဦးတည်းကျန်ရစ်ခဲ့သည့် သက်တော်ရှည် ဆရာကြီးကွယ်လွန်မှုကြောင့် ကာတွန်းဆရာများသာမကကာတွန်းချစ်ပရိသတ်များအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုကြီး ဖြစ်ခဲ့တော့သည်။


(ဆရာကြီးဦးအောင်ရှိန်ရောက်ရာအရပ်တွင် ပြည်သူ့အတွက် ကာတွန်းများဆက်လက်ရေးဆွဲနိုင်ပါစေ။)

နာရေးကူညီမှုအသင်း(ရန်ကုန်)

လူထုထဲက . . . သံမဏိကလောင်တစ်ချောင်းကြွေလွင့်..

လူထုထဲက . . . သံမဏိကလောင်တစ်ချောင်းကြွေလွင့်

၁၇.၆.၂ဝ၁၂ (တနင်္ဂနွေနေ့) ည (၁၁း၃ဝ) နာရီအချိန်တွင် မြန်မာနိုင်ငံ၌ လူသိများထင်ရှားသော ထွန်းလင်း တောက်ပသည့် ကြယ်တစ်ပွင့် (သို့) သံမဏိကလောင်တစ်ချောင်း ဖြစ်သူသတင်း စာဆရာလူထုစိန်ဝင်း အသက် (၇၂)နှစ်သည် SSC ဆေးရုံ၌နာတာရှည် အဆုတ်ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်။ ဆရာ၏ဈာပနအား ၁၉.၆.၂ဝ၁၂ (အင်္ဂါနေ့) နေ့လည် (၂းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ ဦးရဲလွင်(မဇ္ဈိမလှိုင်း)နှင့် ကိုဆောင်းဦးလှိုင်တို့နှင့် အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
ဈာပနအခမ်းအနားတွင် သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ)နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့မှ ဆရာလူထုစိန်ဝင်းအား အမှတ်တရစကားများဖြင့် ဂုဏ်ပြု ပြောကြားခဲ့ကြသည်။ စာပေလောကသားများ၊ ရွှေညဝါဆရာတော်နှင့် ရဟန်းသံဃာတော်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ကျောင်းသားသမဂ္ဂများ၊ မြန်မာ့နိုင်ငံရေးနယ်ပယ်နှင့် မြန်မာ့လူမှုရေးနယ်ပယ် အသီးသီး မှ ပညာရှင်များနှင့် ဆရာလူထုစိန်ဝင်းအားလေးစားချစ်ခင် ကြည်ညိုကြသည့် ဧည့်ပရိသတ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆရာလူထုစိန်ဝင်းသည် မျက်မှောက်ခေတ် မြန်မာ့စာပေ လောကတွင် စာအရေးနိုင်ဆုံး ပုဂ္ဂိုလ် တစ်ဦးအဖြစ် ထင်ရှားသူဖြစ်သည်။ ဆရာသည် ပုံမှန်အားဖြင့် တစ်ရက်လျှင် ဆောင်းပါးနှစ်ပုဒ်နှုန်းဖြင့် ဆောင်းပါးများနေ့စဉ်ရေးသားခဲ့သည့် ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သည်။
ဆရာလူထုစိန်ဝင်း၏ -

“အာဏာပိုင်ဆိုတဲ့ စကားလုံးကြောင့် ပြည်သူ့ဝန်ထမ်းတွေက သူတို့ကိုယ်သူတို့ ရုံးတစ်လုံး၊ ဓါးတစ်စင်းနဲ့ အာဏာပိုင်စိုးတဲ့ အရှင်သခင်အဖြစ် မှတ်ယူသွားတတ်ကြတယ်။ သူတို့ကို လစာရိက္ခာပေးထားကြတဲ့ တိုင်းသူပြည်သားများကို ကျေးတော်မျိုး ကျွန်တော်မျိုးအဖြစ် သဘောထားပြီး အာဏာပါဝါပြ ဟိန်းကြဟောက်ကြတယ်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သနားကြင်နာရမယ်ဆိုတဲ့ အပြောအဆို အသုံးအနှုန်းမျိုးကိုလည်း ပျောက်အောင် လုပ်ရပါမယ်။ အစိုးရက မိဘမဟုတ်ဘူး။ ပြည်သူကသာ မိဘဖြစ်တယ်ဆိုတဲ့ စကားကို နားထဲစွဲအောင် လုပ်ပေးဖို့လည်း အထူးလိုအပ်ပါတယ်။ ဒါမှ ဒီမိုကရေစီနဲ့ လိုက်လျောညီထွေဖြစ်မှာပါ။” ဆိုသည့် အရေးအသားသည် ပြည်သူများအတွက် အသိဉာဏ်တံခါးကို ပွင့်စေခဲ့သည့် စကားရပ်တစ်ခုဖြစ်သည်။

ဆရာလူထုစိန်ဝင်းသည် နိုင်ငံရေး၊ လူမှုရေးနယ်ပယ်များတွင် မှားယွင်း လွဲချော်နေသည်များအား ရဲဝံ့ပြတ်သားစွာ ဖော်ထုတ်ရေးသား ပြောဆိုပြီးအစဉ် အမြဲအမှန်တရားဘက်မှ ရပ်တည်ခဲ့ပြီး စာပေနယ် တွင် သံယောဇဉ်ကြီးစွာဖြင့် မပြတ်တမ်း ဆုံးမသွန်သင်ရင်း ဇရာနှင့် ဘယာဝင်ရောက်ပြီး ဇွဲသတ္တိမလျော့ တမ်းနောက်ဆုံး ထွက်သက် အသက်ငင်ငင်ရှိသည့် အထိကိုယ်တိုင် ရေးသမိုင်းမှတ်တိုင် တစ်ခုတာဝန် ကျေပွန်ခဲ့သူ အစဉ်အမြဲ အမှန်တရားဘက်မှ ရပ်တည်ခဲ့သောမြန်မာနိုင်ငံ၏ သံမဏိကလောင် တစ်ချောင်းအဖြစ် လူထုအတွက်၊ အမှန်တရားအတွက်၊ ကောင်းရာလုပ်တဲ့သူ၊ မှန်တဲ့ အလုပ်လုပ်တဲ့သူ လူထုထဲက လူထုလမ်းပြကြယ်တစ်စင်း ကြွေလွင့်သွားခြင်းအတွက် ကောင်းသောလားခြင်းဖြင့် ကောင်းရာ သုဂတိလားပါစေဟု ဆုမွန်တောင်းရင်း …. ရိုသေစွာဖြင့် ဂုဏ်ပြု ဦးညွတ်လိုက် ရပါတော့သည်။

စ၊ လယ်၊ ဆုံးပေးဆပ်မှုများ (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်) မနီလာသိန်း၏ဖခင် ဈာပနနှင့် အလှူငွေ ပေးအပ်ပွဲ..

စ၊ လယ်၊ ဆုံးပေးဆပ်မှုများ

၂၈.၃.၂၀၁၂ (ဗုဒ္ဓဟူးနေ့) ညနေ(၄း၀၀)နာရီချိန်တွင် (၈၈ကျောင်းသားခေါင်းဆောင်)များ ဖြစ်ကြသော ကိုဂျင်မီနှင့် မနီလာသိန်းတို့ မိသားစုဝင်များ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရောက်ရှိလာကာ အလှူငွေကျပ်(၅သိန်း)နှင့် အဝေးထိန်းခလုတ်ပါ လူနာကုတင်၊ အိမ်သာပါ လူနာသုံးထိုင်ခုံ၊ ရေမြုပ်မွေ့ယာတို့ကို လာရောက် လှူဒါန်းခဲ့သည်။ ကွယ်လွန်သွားရှာပြီ ဖြစ်သော မနီလာသိန်း၏ဖခင် ဦးသိန်း(ခ)ဦးကန့်ခိန့်ဘန် ရတနာပုံဆန်စက်(ဖျာပုံ) အသက်(၈၁)နှစ်အားရည်စူး၍ လာရောက်လှူဒါန်းခြင်း ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ် ဆေးခန်းသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့ကို (အခမဲ့)ကူညီကုသပေးလျှက်ရှိရာနေ့စဉ် လူနာဦးရေ (၂၀၀) ကျော်တို့အားကုသိုလ်ဖြစ် ဆရာဝန်ပေါင်း (၅၀)ခန့်တို့သည် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ အကြင်နာတရားများပွားများကာလူသားချင်းစာနာစိတ်နှင့် ကုသပေးလျှက်ရှိသည်။

၂၁.၃.၂၀၁၂ (ဗုဒ္ဓဟူးနေ့) နံနက်စောစောပိုင်း၌် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်သို့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်း ၏ဖခင်ဖြစ်သူ ဦးသိန်း(ခ)ဦးကန့်ခိန့်ဘန်သည် ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးတွင် အစာအိမ်သွေးကြောပေါက် ဝေဒနာခံစားနေရသဖြင့် ရန်ကုန်မြို့ရှိဆေးရုံတွင် ဆေးကုသခံရန် လူနာအားဖျာပုံမြို့မှ ရန်ကုန်မြို့သို့ပို့ဆောင်ရန် အခက်အခဲများစွာ ရှိနေသည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သုခကုသိုလ်ဖြစ် ဆေးခန်းရှိ အရေးပေါ် လူနာတင်ယာဉ်ဖြင့် သယ်ဆောင်ရန် တယ်လီဖုန်းဖြင့် ဆက်သွယ် အကူအညီတောင်းခံခဲ့ပါသည်။
စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် စွန့်လွှတ်၊ စွန့်စားမှုများစွာဖြင့် ကြိုးပမ်းနေကြသော (၈၈မျိုးဆက်ကျောင်းသားများ)တို့၏ ဖခင်ဖြစ်သောကြောင့် အထူးအစီအစဉ် အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ တာဝန်ရှိသူများသည် နံနက်(၁၀း၀၀)နာရီအချိန်တွင် ဖျာပုံမြို့သို့ သယ်ဆောင်ရန် သွားခဲ့ကြသည်။ ယင်းကုသိုလ်ရေးသည် ရပ်ဝေးသို့ ပထမဦးဆုံး အကြိမ်ဖြစ်ပြီး ယခင်က ရန်ကုန်မြို့တွင်း၌သာ ကူညီမှုပြုခဲ့သော်လည်း ယခုအခါတွင် အများပြည်သူအတွက် ပေးဆပ်ခဲ့သော (၈၈မျိုးဆက်ကျောင်းသူ) မနီလာသိန်း၏ ဖခင်ဖြစ်သောကြောင့် အထူးအစီအစဉ်အဖြစ် ဖျာပုံမြို့သို့ သွားရောက် ကူညီခဲ့ခြင်းဖြစ်သည်။ နေ့လည်(၁၂း၃၀) အချိန်တွင် ဖျာပုံမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူများသည် (၁၂း၄၀)အချိန်တွင် ဦးသိန်း(ခ)ကန့်ခိန့်ဘန်အား အရေးပေါ်လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်ကာ ဖျာပုံမြို့မှ ပြန်လည် ထွက်ခွာခဲ့ပါသည်။ ဖျာပုံမြို့နှင့်ဒေးဒရဲသည် (၁၆)မိုင်သာရှိသော လမ်းခရီးအား တစ်နာရီကြာ ခက်ခက်ခဲခဲ မောင်းနှင်ခဲ့ရာ အသွားခရီးတွင် (၂း၃၀)နာရီခန့်သာ ကြာမြင့်ခဲ့သော်လည်း အပြန်ခရီးတွင် (၄း၀၀)နာရီခန့် ကြာမြင့်ခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် လမ်းခရီးသည် ကြမ်းတမ်းသည့်အတွက် လူနာအားထိခိုက်နာကျင်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်သဖြင့် ဖြေးညှင်းစွာမောင်းနှင်ခဲ့ရာ ညနေ (၄း၁၀)နာရီအချိန်မှသာ ရန်ကုန်မြို့ရှိ (ဗဟိုစည် အထူးကုဆေးခန်း)သို့ ရောက်ရှိခဲ့ကြသည်။

သို့ရာတွင် ၂၅.၃.၂၀၁၂ (တနင်္ဂနွေနေ့)၌ ဦးသိန်း(ခ)ကန့်ခိန့်ဘန်သည် အစာအိမ်ဝေဒနာမှာ ပြင်းထန်လွန်း၍ နံနက်(၅း၅၅)နာရီတွင် (ဗဟိုစည် အထူးကုဆေးခန်း)၌ ကွယ်လွန် အနိစ္စရောက်ရှိ သွားပါသဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ နာရေးပို့ဆောင်ရေးယာဉ်ဖြင့် သွားရောက်၍ ကျန်ရစ်ခဲ့သော ဦးသိန်း(ခ)ဦးကန့်ခိန့်ဘန် အသက်(၈၁)နှစ်၏ ရုပ်ကလာပ်အား ရေဝေးသုဿန် အအေးခန်းရှိရာသို့ ပို့ဆောင်ခြင်းကို ပြုလုပ်ပေးခဲ့သည်။
၂၇.၃.၂၀၁၂နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် ကွယ်လွန်သူ၏ တရုတ်ထုံးတမ်း အစဉ်အလာအရ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။ ကွယ်လွန်သူဦးသိန်း(ခ)ဦးကန့်ခိန့်ဘန်အား ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများနှင့် ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့မှ စည်ကားသိုက်မြိုက်စွာ လိုက်လံပို့ဆောင် သင်္ဂြိုလ် ပေးခဲ့ကြပါသည်။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် လူသားတို့၏ နောက်ဆုံးခရီးအား ကာယကံရှင် မိသားစုတို့၏ ဆန္ဒအတိုင်း ပြုလုပ်ပေးဆပ်နေရသလို၊ နာမကျန်းသော လူနာများအတွက်ပါ အသက်သာဆုံး ကူညီဖေးမမှုများကို ပြုလုပ်ပေးဆပ်ခဲ့ရသည့်အပြင် လူ့လောကသို့ ရောက်ရှိကာ ပညာသင်ကြားရမည့် အရွယ်တွင် ပညာရေးအားလည်း မလစ်ဟင်းစေရန် တဖက်တလမ်းမှ ပံ့ပိုးကူညီ သင်ကြားပေးခြင်းများ၊ ဘွဲ့ရရှိပြီး အလုပ်အကိုင် မရရှိသေးသော လူရွယ်လူငယ်များအားအလုပ်အကိုင် ရရှိရန်အတွက် အခြေခံသင်တန်းများ ဖြစ်သော ကွန်ပျူတာပညာရပ်၊ စာရင်းကိုင် ပညာရပ်၊ ဟိုတယ်နှင့်ခရီးသွား ပညာရပ်၊ ဒီဇိုင်နာပညာရပ်၊ အင်္ဂလိပ်စာအရေးအဖတ် အပြောသင်တန်းများ အခမဲ့ပို့ချ သင်ကြားပေးခဲ့ရသောကြောင့် လူ့ဘ၀တွင် စ၊ လယ်၊ ဆုံးကူညီဖေးမ ပေးဆပ်ခွင့်ရရှိမှုများ အပေါ်ကျေနပ်ပီတိ ဖြစ်ရကာအများပြည်သူတို့အား မိမိတို့လုပ်ဆောင်မှုများ၊ ပေးဆပ်ခဲ့မှုများအပေါ်အမျှ … အမျှ … အမျှဟူ၍ ပေးဝေငှ လိုက်ပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)
၂၅ရက်နေ့က ကွယ်လွန်သွားတဲ့ ၈၈ကျောင်းသားခေါင်းဆောင် မနီလာသိန်း၏ ဖခင် ကွယ်လွန်အနိစ္စ ရောက်သွားသည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်..

မတရားဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးနဲ့ အကျဉ်းထောင်အတွင်းမှရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်များကြောင့် ကျဆုံးခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ ဈာပနအခမ်းအနား..

မတရားဖမ်းဆီး အကျဉ်းချမခံရမှီ ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ ဓာတ်ပုံ
မတရားသဖြင့် လူမဆန်စွာ နှိပ်စက်ညှင်းပန်း ထောင်သွင်း အကျဉ်းချခံရပြီး ကျဆုံးချိန်မှာ မြင်တွေ့ရတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူ
 ပြီးခဲ့တဲ့ ၂၀၀၂ခုနှစ် ထိုစဉ်က ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့  ထောက်လှမ်းရေး (၁၆)မှ ကိုသက်နွယ်(ခ)ကိုညိမ်းလူနဲ့ အမဖြစ်သူအား လက်နက်မှုနဲ့ မတရားဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ကိုသက်နွယ်(ခ)ကိုညိမ်းလူအား စစ်ကြောရေးမှ လူမဆန်စွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခြင်း ခံခဲ့ရပါတယ်..။

ပြီးခဲ့တဲ့ ၁၃ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ်(ခ)ကိုညိမ်းလူဟာ စစ်ကြောရေးအတွင်း ထောက်လှမ်းရေးများရဲ့ လူမဆန်စွာ စစ်ဆေးနှိပ်စက်မှုများနဲ့ ထောင်သွင်းမှရရှိလာတဲ့ အသဲရောဂါကြောင့် ထောင်မှ လွတ်မြောက်ပြီး ကိုးရက်အကြာမှာ ဝေဒနာကို အပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်..။ ဒီကနေ့ ၂၄ရက်နေ့မှာတော့ ကိုသက်နွယ်(ခ)ညိမ်းလူရဲ့ ရုပ်ကလပ်အား ရေဝေးသုသာန်မှာ သဂြိုလ်ခဲ့ပါတယ်။

မတရားဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးနဲ့ အကျဉ်းထောင်အတွင်းမှ ရရှိခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်များကြောင့်  ထောင်မှ ပြန်လည်လွတ်မြောက်ပြီး ကိုးရက်အကြာမှာ ကျဆုံးခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုညိမ်းလူရဲ့ ဈာပနအခမ်းအနားသို့ ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ..၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မျိုးဆက်သစ် ဗကသ ဥက္ကဋ္ဌကိုကျော်ကိုကိုနဲ့ ကျောင်းသားခေါင်းဆောင်များ၊ ဒေါ်နော်အုံးလှနဲ့ အဂါင်္ဆုတောင်း အဖွဲ့ဝင်များနဲ့ ပြည်သူလူထုမှ တက်ရောက်ဂုဏ်ပြု လိုက်ပါပို့ဆောင် ခဲ့ကြပါတယ်..။
 ကိုသက်နွယ်(ခ)ကိုညိမ်းလူအတွက် မထက်ထက်ဦးဝေ(ရွှေပြည်သာမြို့နယ်) အမျိုးသမီးအဖွဲ့ရဲ့ ကဗျာ..
 ခွပ်ဒေါင်းအလံတင်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်..
 ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနဲ့  မျိုးဆက်သစ် ဗကသကျောင်းသား ခေါင်းဆောင်များမှ ဂုဏ်ပြုခဲ့ကြပါတယ်..။
၂၀၀၂ခုနှစ်က မိမိကိုယ်တိုင် ကျူးလွန်ခြင်းမရှိပဲ မတရားဖမ်းဆီး၊ လူမဆန်စွာ အနှိပ်စက်ခံရပြီး ထောင်တွင်းမှ ရရှိခဲ့တဲ့ ဒဏ်ရာ၊ ဒဏ်ချက်တွေနဲ့ ကျဆုံးခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုညိမ်းလူ ကောင်းရာ သုဂတိလားပါစေ..။
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ..။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ခမိခဆဲ..