ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label ဗိုလ်ချုပ်အမှတ်တရ. Show all posts
Showing posts with label ဗိုလ်ချုပ်အမှတ်တရ. Show all posts

ဗိုလ်ချုပ် နှစ်တရာပြည့် အတွက် Caricature နဲ့ ပုံဖော်ဂုဏ်ပြုထုတ်လုပ်လိုက်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆို အမိန့်များ(အင်္ဂလိပ်-မြန်မာ)

ဗိုလ်ချုပ် နှစ်တရာပြည့် အတွက် Caricature နဲ့ ပုံဖော်ဂုဏ်ပြုထုတ်လုပ်လိုက်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆို အမိန့်များ(အင်္ဂလိပ်-မြန်မာ)

လာမယ့် ၂၀၁၅ခုနှစ်ဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်(၁၀၀)ပြည့်ဖြစ်သလို... မြန်မာနိုင်ငံရေး အချိုးအကွေ့ရဲ့ အရေးပါတဲ့ နှစ်လည်း ဖြစ်ပါတယ်..။ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်(၁၀၀)ပြည့်ကို ဂုဏ်ပြုတဲ့ အနေနဲ့   ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မှတ်သားဖွယ် အဆိုအမိန့်တွေကို စာရေးဆရာ အလင်းဆက် (IR)မှ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဘာသာပြန်ဆို ဂုဏ်ပြုစုစည်း ဖော်ပြလိုက်ပြီး ဗိုလ်ချုပ်ရဲ့ Caricature နဲ့  တမူထူးခြားတဲ့ အသွင်သဏ္ဍာန်ပုံတွေကိုတော့  ကာတွန်းဆရာ ဆရာကနောင်မှ ဂုဏ်ပြုရေးဆွဲပြီး ထုတ်ဝေလိုက်ပါပြီ..။

အပြည့်အစုံ ဖတ်ချင်ရင်တော့ ဒီမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်..။
http://www.mediafire.com/view/312vevnvktaxouk/General_Aung_San.pdf 

ဒီမိုဝေယံ

 


ဖေဖော်ဝါရီ ဆယ့်သုံး ဗိုလ်ချုပ်ရဲ့မွေးနေ့ကို အမှတ်တရ အောက်မေ့ဂုဏ်ပြု ဦးညွှတ်အလေးပြုလိုက်ပါသည်...။

ဖေဖော်ဝါရီ ဆယ့်သုံး ဗိုလ်ချုပ်ရဲ့မွေးနေ့ကို အမှတ်တရ အောက်မေ့ဂုဏ်ပြု
ဦးညွှတ် အလေးပြုလိုက်ပါသည်...။


ဖေဖော်ဝါရီ ဆယ့်သုံး ဗိုလ်ချုပ်ရဲ့မွေးနေ့ အမှတ်တရ
By Heinn FiveStrings
နတ်မောက်...
မင်းဘာမှ ထပ်မလုပ်နဲ့
ထိန်လင်းကို ငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက် တာဝန်ကျေပြီ...။

ခင်ကြည်...
ညည်းယောကျာင်္းကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေး တစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား
နိုင်ငံခေါင်းဆောင် ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့...။

ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာ မထားတတ်အောင်ရှက်နေရှာဦးမယ်..။

ဆရာတော်ဦးသောဘိတ....
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား...။

ဦးဘ၀င်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ...။

ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာ ကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး....။

ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့...
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ....။

ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင် တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာ တစ်ကောင်မှမရှိဘူး...။

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက် ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား....။

ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်... ခွင့်လွှတ်လို့တော့ မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့...
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်...။

မစ္စတာနေရူး...
ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ...။

ပဲခူးဆောင်...
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်း မထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ...။

ညိုညိုစိန်....
ညည်းတစ်သက်လုံး မင်းသမီးလုပ်လာတာ အနယ်နယ်အရပ်ရပ်
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား... တွေ့ဖူးရဲ့လား..
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့..
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား....။

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့...
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း....။

ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ...
..
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ....
နှလုံးသားမရှိတာမဟုတ်ပါဘူး...
နှလုံးသားရှိလွန်းလို့ပါ....။

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက် လှည့်မထားပါနဲ့...
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့...။

ရဲဘော်ကလေးတွေ......
စိတ်မကောင်းမဖြစ်နဲ့..
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား...
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ....။

ပြည်ထဲရေးဝန်ကြီးဦးမြ...
ခင်ဗျား...မှားတယ်...
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ....
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့...။

ကိုကျော့မောင်....။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေမပါဘူး...။

မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့...
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ......။

By Heinn FiveStrings
ပေးပို့သူ... (ကောင်းဆုလင်း)....
မူလ စာရေးသူက တစ်ပိုဒ်စီ ရေးတင်ထားတာ ဖြစ်ပါတယ် ... တစ်ပိုဒ် စီ share
လို့ ရနိုင်ပေမယ့် တစ်စုတစ်စည်းတည်း ဖတ်စေချင်လို့ (ဖတ်ချင်လို့)
copy & paste လုပ်ပြီး credit ပေးပါတယ်...။ ဒီမှာ နောက်ဆုံးပိုဒ်ကို
မူလစာရေးသူက နောက်ဆုံးမှာ မထားပေမဲ့ ကျနော် နောက်ဆုံးကို
ရွှေ့ထားဖြစ်ပါတယ်...။ ကျနော်လေးစားတဲ့ ဗိုလ်ချူပ် (ဦးအောင်ဆန်း) ရဲ့
မွေးနေ့မှာ သူ့ကို အောက်မေ့တဲ့ အထိမ်းအမှတ်နဲ့ တင်ဖြစ်စေတဲ့
မူလစာရေးသူကို ကျေးဇူးတင်ပါတယ်....။
By Heinn FiveStrings FACEBOOK မှ ကူးယူဖော်ပြပါသည်။

(၉၆)နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့.. အမှတ်တရ.. (ဓာတ်ပုံ၊ ဆောင်းပါး၊ သီချင်း၊ ရုပ်သံ)



ငါတို့ဗိုလ်ချုပ်

၂၀၁၁ ခု ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ တွင်ကျရောက်သော 
ဗိုလ်ချုပ်အောင်ဆန်း ၉၆နှစ်ပြည့် မွေးနေ့ အမှတ်တရ ။

“ဖေဖေါ်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ၊

တစ်ထောင်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖာသား ၊

ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင် ၊

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား၊ မိခင်ဒေါ်စုသား ။

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန် ပြောင်းကြွတမလွန် ၊

မျက်ရည်ဖြိုင်လို့

ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး ၊

ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင် ၊

ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ။’’

ပြည်ထောင်စုရေး ကြိုးပမ်းဆောင်

ပြည်ချစ်ဒို့ ခေါင်းဆောင် ၊

ဒီမိုကရေစီလမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား ။

ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ်က ဗိုလ်ချုပ်မွေးနေ့ စာစီစာကုံး ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ မဲဆောက် SAW အထက်တန်းကျောင်းမှ မောင်ဇော်သက်အောင်ရဲ့ ရေးသားချက်လေးကို ဗိုလ်ချုပ် (၉၆)မွေးနေ့ အမှတ်တရ အဖြစ် ပြန်လည် ဖော်ပြလိုက်ပါတယ်..။

ငါတို့ဗိုလ်ချုပ်သာ သက်ရှိ ထင်ရှားရှိမယ်ဆို ၊ ခု ၂၀၁၁ ဖေဖေါ်ဝါရီလ ၁၃ရက်နေ့မှာ အသက် ၉၆နှစ်ရှိပြီပေါ့….. ၊ ငါတို့ဗိုလ်ချုပ်ဆိုတာလား…? အေးပေါ့…… ငါတို့ရွယ်တူ ဒါမှမဟုတ် ငါတို့ထက်ငယ်တဲ့ တချို့တချို့သူတွေ ဘယ်သိနိုင်ပါ့မလဲ ၊ ဗမာပြည်ရဲ့ စစ်အာဏာရှင်တွေက ငါတို့ဗိုလ်ချုပ်ကို မှေးမှိန်အောင် ဖျောက်ဖျက် ဖုံးကွယ်ထားကြတာကိုး ...

ငါတို့ဗိုလ်ချုပ်ဆိုတာ ဗမာပြည်နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းမှာ အထင်ကရ ဖြစ်ခဲ့တဲ့ ဗိုလ်လရောင်ခေါ် ဗိုလ်မင်းရောင်ရဲ့မြေး ၊ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ရဲ့ ခင်ပွန်း ဒီနေ့ခေတ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်၊ ဗမာ့တပ်မတော်ကို ဖက်စစ်လက်အောက်က လွတ်မြောက်ဘို့ စွမ်းစွမ်းတမံ ဦးဆောင်ကြိုးပမ်းခဲ့သူပေါ့ ။

ငါတို့ဗိုလ်ချုပ်ကို “အောင်ဆန်းဇာနည်“ ဆိုတဲ့ကဗျာထဲကလို ၊မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သဲချောင်းကြီး အနောက်ဖက်ကမ်းတောင်ကုန်းပေါ်က ၊ အိမ်ခြေ ၂၀၀လောက်ရှိတဲ့ရွာလေးမှာ ၊ ၁၉၁၅ ခု ဖေဖေါ်ဝါရီလ (၁၃) ရက် ၊ ဗမာလို ၁၂၇၆ ခု တပေါင်းလဆန်း (၁) ရက် ၊ စနေနေ့မှာ မွေးခဲ့တယ်။ မွေးဇာတာမှာ စနေသားမို့ “ထိန်လင်း “ လို့ရေးပေမဲ့ ၊ အထက်အကို အောင်သန်း နဲ့လိုက်အောင် အောင်ဆန်း လို့ပဲခေါ်ခဲ့ကြတယ်။ မိဘတွေက ဆွံ့အနေလား ထင်ရလောက်အောင် စကားပြော နောက်ကျခဲ့သလို ညီအကို လေးယောက်မှာ အငယ်ဆုံးမို့ အလိုလိုက်ထားတော့ ၊ အသက်(၇)နှစ်ကျော် (၈)နှစ်အထိ ကျောင်းမတက်ရသေးဘူး၊ အကို ကိုအောင်သန်းကိုရှင်ပြုပေးလို့ “ရှင်လောင်းလုပ်ချင်တယ်” ပူဆာတာမှာ အမေဒေါ်စုက “ရှင်လောင်းဆိုတာ စာတတ်မှလုပ်လို့ရတာ” ပြောမှ၊ “ကျောင်းနေပါတော့မယ်” ပြောပြီး ကတိပေး ကျောင်းတက်ဖြစ်တာ။

နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်းမှာ ကျောင်းစတက်ပြီး ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်းမှာ အထက်တန်း အောင်ခဲ့တယ် ။ အင်္ဂလိပ်မြန်မာ သတ္တမတန်းစာမေးပွဲမှာ နဝမအဆင့်ရလို့ ဦးရွှေရိုးဆုနဲ့စကောလားရှစ်ဆု ရခဲ့တယ ၊ ရန်ကုန်တက္ကသိုလ် တက်နေတဲ့အချိန်မှာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) ရဲ့ဒုဥက္ကဌ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ရဲ့ ဥက္ကဌ ၊ “ အိုးဝေ ” မဂ္ဂဇင်း အယ်ဒီတာ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။

၁၉၃၆ ခု ထုတ် အိုးဝေမဂ္ဂဇင်း ၊ အတွဲ ၆ အမှတ် ၁ မှာ ဝီလီယမ် အားနက်စ်ဟင်နလီ William Ernest Henley ရဲ့ “ Invictus ” ကဗျာကို “ အနိုင်မခံ ” လို့ ဘာသာပြန် ထုတ်ဝေခဲ့တယ်။ "ငါ့အား ဖုံးလွှမ်းထားသော လ ကွယ်သန်းခေါင် ၊ ဤ အမှောင်တွင်းမှနေ၍ အနိုင်မခံ အရုံးမပေးတတ်သော ငါ၏ စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။ လောကဓံ တရားတို့၏ ရက်စက်ကြမ်းကြုပ်သော လက်ခုပ်အတွင်းသို့ ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် ၊ မငိုကြွေး ၊ ကံတရား၏ ရိုက်ပုပ်ခြင်း ဒါဏ်ချက်တို့ကြောင့် ၊ ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ၊ ညွှတ်ကားမညွှတ် ၊ ဤလောဘ ဒေါသ တို့ကြီးစိုးရာ ဌာန၏ အခြားမဲ့ကား ၊ သေခြင်းတရားသည် ငံ့လင့်လျှက် ရှိ၏။ သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ၊ သုဂတိသို့ သွားရာတံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ ၊ ယမမင်း၏ ခွေးရေပုရပိုဒ်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သား ထားသည်ဖြစ်စေ ၊ ငါ့ကား ဂရုမပြု ၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင် ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း ” …………။

အိုးဝေမဂ္ဂဇင်းမှာ ငရဲခွေးကြီးလွှတ်နေသည် ဆိုတဲ့ ဆောင်းပါးရေးတဲ့သူကို ထုတ်ဖော်မပြောလို့ ကျောင်းထုတ်ခံခဲ့ ရတာမှာ သမိုင်းတွင်မဲ့ ဒုတိယ ကျောင်းသားသပိတ် ဖြစ်စေတဲ့အထိ ဖြစ်ခဲ့တယ်။ စိတ်သန်ရာ နိုင်ငံရေးကို လိုက်စားခဲ့တာကြောင့် ရန်ကုန်တက္ကသိုလ်မှာ ခြောက်နှစ်ခွဲပဲ နေခဲ့ပြီး ၊ နိုင်ငံရေးထဲ ခြေစုံပြစ်ဝင်၊ သခင်ကိုယ် တော်မှိုင်း ဦးဆောင်တဲ့ ဒို့ဗမာအစည်းအရုံးမှာ ၊ “သခင်အောင်ဆန်း” ဖြစ်လာခဲ့တယ် ။

ငါတို့ဗိုလ်ချုပ်က ထောင်လည်းကျဘူးတယ် ၊ ၁၉၃၉ ဇန်နဝါရီလမှာ ရန်ကုန်အရေး တကြီး အက်ဥပဒေနဲ့  (၁၅)ရက် ဖမ်းဆီးထောင်ချခံရတယ် ၊ ဗမာပြည် ကွန်မြူနစ်ပါတီ ဖွဲ့တော့လဲ အထွေထွေ အတွင်းရေးမှုးတာဝန် ယူခဲ့တယ် ၊ နယ်ချဲ့ဆန့်ကျင်ရေးအတွက် မြေအောက်တော်လှန်ရေး ဗဟိုအဖွဲ့ကို တည်ထောင်တော့ ငါတို့ဗိုလ်ချုပ်ကို ပြည်ပခေါင်းဆောင်အဖြစ် တင်မြှောက်ကြတယ်။

ဟသာင်္တခရိုင် ရာဇဝတ်ဝန် မစ္စတာ ဇေးဗီးယားက ဇလွန်မှာ ချင်းတောင်းအ ကြောင်း ဟောပြောမှုနဲ့ ငါတို့ဗိုလ်ချုပ်ကို ဖမ်းဘို့ ငါးကျပ်တန်ဝရမ်းကို ထုတ်ခဲ့တယ် ၊ ၁၉၄၀ ခု သြဂုတ်လ (၈) ရက်နေ့မှာ သခင်လှမြိုင်နဲ့အတူ ဟိုင်လီဆိုတဲ့ သဘောင်္နဲ့ တရုတ်ပြည်ကို လျှို့ဝှက်သွားခဲ့တာဟာ ငါတို့ဗိုလ်ချုပ်ရဲ့ ၊ ဗမာပြည်လွှတ်လပ်ရေးရဲ့ ၊ ဒီနေ့ခေတ် ဗမာတပ်မတော် ဖြစ်လာဘို့ရဲ့ ၊ သမိုင်းဝင် ခရီးစဉ် ဖြစ်လာခဲ့တယ်။

`တရုတ်ပြည် အမွိုင်ကနေ ဂျပန်ပြည်တိုကျိုကို ဆက်သွားပြီး စစ်ပညာသင်ဘို့ ဆွေးနွေးခဲ့တယ်၊ ရဲဘော်သုံးကျိပ်ထဲက ပထမအသုတ် လူငယ်တချို့ကို ကိုယ်တိုင် ပြန်ခေါ်ခဲ့သေးတယ် ၊ ဂျပန်ပြည်မှာ ကိုးလ စစ်ပညာသင်ပြီး ( ၁၉၄၁ ) ခု ဒီဇင်ဘာလ ၂၇ ရက် စနေနေ့ ညတစ်နာရီမှာ ၊ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့က မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ နေအိမ်မှာ ၊ လက်မောင်းသွေး ဖောက်သောက် သစ္စာပြုရင်း BIA ခေါ် ဗမာလွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ကြတယ်။ အဲ့ဒီတုံးက ငါတို့ဗိုလ်ချုပ်က ဗိုလ်တေဇ လို့ အမည်ခံတယ် ။

ငါတို့ ဗိုလ်ချုပ်ကို အင်္ဂလိပ်အစိုးရက ၁၉၄၂ ခု ဇန်နဝါရီလ (၁) ၇က် နေ့မှာ ဘားမားလစ် ( Burma List) ခေါ် အင်္ဂလိပ်အစိုးရရဲ့ ရန်သူတော်စာရင်းမှာ အမှတ်စဉ် ၅ အဖြစ် ကြေငြာခဲ့သေးတယ်။ BIA ခေါ် ဗမာလွှတ်လပ်ရေးတပ်မတော် ကနေ BDA ခေါ် ဗမာ့ကာကွယ်ရေး တပ်မတော် ကိုပြောင်းတော့ ငါတို့ဗိုလ်ချုပ်က ဗိုလ်မှုးကြီးရာထူးနဲ့ သေနာပတိ ဖြစ်လာတယ်။ ၁၉၄၂ခု စက်တင်ဘာလ ခြောက်ရက်နေ့မှာ ဒေါ်ခင်ကြည်နဲ့ လက်ထပ်တယ်။ ၁၉၄၃ခု မတ်လမှ ဗိုလ်ချုပ်ရာထူး၊ တိုးမြင့်ခြင်းခံရတယ်။

၁၉၄၄ ခု သြဂုတ်လ (၄) ရက် နေ့မှာ ပဲခူးမြို့ ဗမာ့တပ်မတော် တိုင်း ၄ စခန်းမှာ ဖက်စစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး ( ဖတပလ ) ကို ငါတို့ ဗိုလ်ချုပ် ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းခဲ့တာ ဖြစ်တယ် ၊ သြဂုတ်လ နှစ်ဆယ့်သုံးရက် ဗုဒွဟုးနေ့မှာ ဗမာပြည် ကွန်မြူနစ်ပါတီ ၊ ပြည်သူ့ အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော် ပေါင်းပြီး ဖက်စစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ်ကို ပြန်ဖွဲ့စည်းတော့လဲ ငါတို့ဗိုလ်ချုပ်အိမ်မှာပဲ။

၁၉၄၅ ခု မတ်လ ၂၇ ရက်နေ့ (စစ်တပ်က သူ့တို့ဘာသူ့တို့ တပ်မတော်နေ့လို့ ဇွတ်သတ်မှတ်တဲ့ တော်လှန်ရေးနေ့ ဖြစ်လာမဲ့နေ့)မှာ ဖက်စစ်ဂျပန်တွေကို ငါတို့ဗိုလ်ချုပ် ဦးဆောင် တွန်းလှန်တိုက်ပွဲဝင်ခဲ့တယ်။ ၁၉၄၇ ခု ဖေဖော်ဝါရီလ (၁၂) ရက်က ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ပင်လုံ စာချုပ် လတ်မှတ်ရေးထိုးခဲ့တာကို ကြည့်ရင် ငါတို့ဗိုလ်ချုပ်ဟာ မြန်မာလူမျိုးတွေသာမက တိုင်းရင်းသားတွေကပါ လက်ခံတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတာ ပေါ်လွှင် ထင်ရှားခဲ့တယ်။

၁၉၄၇ ခု ဇူလိုင်လ (၁၉) ရက် စနေနေ့မနက် (၁၀ နာရီ ၃၇ မိနစ်) မနက်ဟာ ငါတို့ဗိုလ်ချုပ် ကံဆိုးမိုးမှောင်ကျတဲ့နေ့ ၊ ငါတို့ ဗမာပြည်ရဲ့ အနာဂတ် ကံဆိုးမိုးမှောင်ကျ တဲ့အချိန်ပေါ့ ၊ အမျိုးသားသစ္စာဖောက် မသမာသူ တစ်စုရဲ့ လုပ်ကြံမှုနဲ့ ငါတို့ဗိုလ်ချုပ် ကျဆုံးခဲ့တယ် ၊ ငါတို့ဗိုလ်ချုပ်သာ အဲ့ဒီတုံးက အဲ့ဒီလို လုပ်ကြံမခံခဲ့ရရင် တပ်မတော်မှာ ဒီနေ့လို ခေါင်းဆောင်ဆိုးတွေ အုပ်ချုပ်လို့ရပါ့မလား ၊ ဘာသာကို စော်ကား ၊ ပြည်သူကို အနိုင်ကျင့် ၊ တိုင်းရင်းသားတွေကို လူမျိုးတုန်းသတ် လုပ်လို့ရပါ့မလား ၊ အခုလို သူများ နိုင်ငံမှာ မျှော်လင့်ချက်မဲ့ မိတကွဲ ဖတကွဲ ငါတို့နေရပါ့မလား ။

ဘယ်သူတွေ ဘယ်လိုပဲလုပ်ကြံခဲ့လုပ်ကြံခဲ့ ၊ ဘယ်သူတွေ ဘယ်လိုပဲ ဖျောက်ဖျက် ဖုံးဖုံး ၊ ငါတို့ ရင်ထဲမှာ ငါတို့ဗိုလ်ချုပ်မသေ ၊ ငါတို့ပြည်သူတွေ ရင်ထဲမှာ ငါတို့ဗိုလ်ချုပ် ရှိနေမှာပဲ ၊ ငါတို့ဗိုလ်ချုပ်က အောင်ဆန်းတွေအများကြီး မွေးထုတ်ပေးခဲ့တာပဲ၊ အဖေ့မျက် နှာဖျက် လောဘတက်တဲ့ ဦးအောင်ဆန်းဦးလို သားမျိုး မွေးခဲ့မိပေမဲ့ ၊ ဗမာရော ကမ္ဘာကပါ ချစ်ခင်လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လို အဖေ့စိတ်ဓာတ် ၊ အဖေ့ သတ္တိ ၊ အဖေ့ အမွေခံ သမီးမျိုး ၊ ကိုမင်းကိုနိုင် ၊ ကိုကိုကြီး တို့လို မျိုးဆက်မျိုး ၊ ငါတို့ဗိုလ်ချုပ်ရဲ့သွေးတွေ ၊ ငါတို့ပြည်သူတွေအတွက် ခေတ်တိုင်းမှာ ရှိနေဦးမှာပဲ ။

ဆရာ ဒဂုဏ်တာရာရဲ့ ရုပ်ပုံလွှာမှာ ငါတို့ဗိုလ်ချုပ်ကို အောင်ဆန်း သို့မဟုတ် အရိုင်းလို့ ချစ်စနိုးနဲ့ ခိုင်းနှိုင်းပြီး တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ မဲ၍လုပ်တတ်သော နိုင်ငံရေးသတ္တဝါတဲ့ ငါတို့ဗိုလ်ချုပ်က ရိုင်းတယ် ၊ ကြမ်းတမ်းတယ် ၊ လူမှုရေးမရှိ ၊ ဟန်ဆောင်ယဉ်ကျေးမှုတွေမလုပ် ၊ ဒါပေမဲ့ ငါတို့ဗိုလ်ချုပ်က ဖြူဖြောင့်တယ်၊ တည်ကြည်တယ် ၊ ရိုးသားတယ် ၊ ပြည်သူ့အတွက်ပဲ စဉ်စားတယ် ၊ ငါတို့ကို ရှေ့ဆောင် လမ်းပြနိုင်ခဲ့တယ် ၊ ငါတို့အတွက် ရဲရင့်ခြင်းအမွေတွေ ထားခဲ့တယ် ၊ “ ဟေ့ သေလည်း ဗမာပီပီ ဇာတိမာန်နဲ့ သေကြပါ ၊ ရန်သူက မိရင် လက်အားရင် လက်နဲ့ထိုး ၊ ခြေအားရင် ခြေနဲ့ကန် ၊ နောက်ဆုံး ပါးစပ်အားနေရင် ပါးစပ်နဲ့ကိုက်ပြီးမှ ရဲရဲသာ သေပြလိုက်တာပေါ့ ” လို့ ငါတို့ဗိုလ်ချုပ် ပြောခဲ့တဲ့စကား ငါတို့အားလုံး လက်ကိုင်ထားရမယ်။

“ ငါတို့ဗမာပြည်ဝယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို့ သူရဲကောင်းတွေ မွေးရမယ် ” တဲ့ ၊ ငါတို့ဗိုလ်ချုပ်ဟာ ငါတို့ရဲ့ သူရဲကောင်းဖြစ်တယ် ၊ ငါတို့ဗိုလ်ချုပ်ဟာ ငါတို့ရဲ့ အာဇာနည် အစစ်ဖြစ်တယ်။
ငါတို့ဗိုလ်ချုပ်ကို ငါတို့ ချစ်တယ် ။

ဇော်သက်အောင်
ဒဿမတန်း
S A W High SchoolMaesot
ဝန်ခံချက်။ ...အချက်အလက်များနှင့် ရေးသားပုံရေးသားနည်းအား ဆရာသူရဇော် သင်ပေးခြင်းဖြစ်ပါသည်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ DVB ရုပ်သံ..

ဗိုလ်ချုပ်အောင်ဆန်း ရေးတဲ့ ကျောင်းသား နှင့် ကျောင်းသားသမဂ္ဂ

ပညာစစ်ကိုရရန် လွတ်လပ်စွာတွေးတော ပြောဆို ဆွေးနွေး လုပ်ကိုင်လိုသောစိတ်ဓါတ်ကို မွေးရန်လို၏။ အချက်ကို ပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်များက Academic Freedom ပညာသင်ကြားရေး လွပ်လပ်ခွင့်ဟု ခေါ်ဝေါ်ကြ၏။ ဤအချက်ကား ကမ္ဘာ့ရာဇဝင်ကို တမျိုးတမည် ပြောင်းလွဲစေသည့် ရီနေဆွန့်နှင့် ရီဖော်မေရှင်းခေါ် ခေတ်သစ်ဝါဒ၊ လောကဓါတ်ပညာ ပြန့်ပွားရာ အကြောင်းရင်းတည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလာမသုတ္တန် သဘောအရပင်တည်း။

ထိုလွပ်လပ်စွား တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ရှိရမည် ဆိုရာတွင် ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆို လုပ်ကိုင်ခြင်း မဟုတ်ပေ။ လောကရှိ လူအပေါင်းတို့သည် ရေးတွင်းထဲရှိ ဖားသူငယ်ကဲ့သို့ နေ၍မဖြစ်ပေ။ တဦးနှင့်တဦး ကူးလူးဆက်ဆံရလေသည်။ ယခုခေတ်အခါတွင် ဤသို့ ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ပင် နယ်ကျယ်လာလေသည်။ ယခု အတိုင်းတိုင်းအပြည်ပြည် ကြုံတွေ့နေရသော ရှားပါးခေတ်သည် ထိုဥပဒေကို လွန်ဆန်၍ ကိုယ့်ဘက်၊ ကိုယ့်သဘောကိုသာမြင်သော၊ ဝါဒကြောင့်ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံ ဖြစ်လေသည်။ ထိုသို့ဖြစ်ရာ လူတိုင်း၊ လူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်း သမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသား တို့ကို တွေ့မြင်သိရှိရ၍၊ ပိုမို အမြင်ကျယ်လာနိုင်လေသည်။ သို့အမြင်ကျယ်မှ တဦးကိုတဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆို အနေအထိုင်ပြုပြင်လာခြင်း၊ စသဖြင့် လောကလူလုပ်တတ်သည့် အရည်အချင်းများ ရနိုင်လေသည်။
ထို့ကြောင့် ထိုသို့ ကူးလူးဆက်ဆံ အမြင်သန်အောင်၊ ကျောင်းများ၊ တက္ကလိုလ်များတွင် ကျောင်းအိပ် ကျောင်းစားထားခြင်း၊ အသင်းအပင်းများထောင်ခြင်း စသည်တို့ ပြုကြရသည်။ သို့ရာတွင် အပေါင်းအသင်း သမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာမပြောရ မဆိုရ မလုပ်ရ မဆွေးနွေးရလျှင်၊ မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ ၂ ဘက်၊ ၂ ချက်စုံမှ ပညာရေးအစစ် မည်လေသည်။
တဖန် ယနေ့ဖြစ်သော ကျောင်းသားများသည် နက်ဖြန်ပြည်ကြီးသားများ ဖြစ်ကြ၏ဟု ဆိုရိုးစကား ရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာတို့နှင့် ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေဝပ်နည်း၊ ကိုယ်လက်ကျန်းမာရေး စသဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ ရဲတပ်များ၊ ကစားနည်းများကို ထွင်ကြ၏။ ထိုမျှမက ယခုအခါ တနိုင်ငံနှင့်တနိုင်ငံမှာ ခွဲစပ်၍ မဖြစ်နိုင်။ တရုတ်ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကို လည်းကောင်း၊ ကမ္ဘာ့ယဉ်ကျေးမှုကိုလည်းကောင်း၊ လူသတ္တဝါတို့အားလည်းကောင်း မည်သို့မည်ပုံ ထိခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာ့အခြေကိုလည်း မိမိရရသိရန် လို၏။ ဤသည်တို့ကား အကြမ်းမျှ ကျောင်းသားတို့ပြုလုပ်ရမည့် ဝတ္တရားများ ဖြစ်ကြ၏။
ထို့ကြောင့် ကမ္ဘာရှိကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍၊ စစ်မက်တားမြစ်ရေး၊ အလုပ်လက်မဲ့ ပပျောက်ရေးအကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေအထူးမလှသော စပိန်ပြည်နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်နှင့်အခါအလျှောက်လည်း၊ ကျောင်းသား၏ ဝတ္တရားလည်း ကွဲလာ၏။ ဤပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရား အားလုံးကို သိမြင်သည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွတ်၊ မလုပ်တတ် မကိုင်တတ် မဖြစ်ရအောင်၊ ကျွန်ုပ်တို့သည် ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအသင်းကြီး ကို အထင်အရှား တည်ထောင်ထား၏။ ထိုအသင်းကို ဝင်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသောသူတိုင်း၏ တာဝန်ပင်တည်း။
မြန်မာနိုင်ငံလုံးဆိုင်ရာ သမဂ္ဂအသင်းဥက္ကဋ္ဌ ကိုအောင်ဆန်း ရေးသော “ကျောင်းသားဝတ္တရား” ဆောင်းပါးမှ ကောက်နုတ်ချက်….
ဤဆောင်းပါးကို မန္တလေးသူရိယ (အမျိုးသားနေ့ အထူးစာစောင်)၊ ၁၂၉၉ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ စာ ၁၇-၁၈ တွင်ဖော်ပြခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အားလုံးသော ရဟန်းအာဇာနည်၊ ကျောင်းသားအာဇာနည်၊ လူအာဇာနည် အပေါင်းတို့အား လေးစားသောအားဖြင့် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက်၊ ဘလော့ခ်ဂါ ခမိခဆဲနှင့် ဒီဖိုင်း ကောင်းကောင်းတို့မှ ရှာဖွေတင်ပြခြင်းဖြစ်သည်။
တင်ပြသူများ……….ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက်၊ ဘလော့ခ်ဂါ ခမိခဆဲနှင့် ဒီဖိုင်း ကောင်းကောင်း
၂၆. အောက်တိုဘာလ၊ ၂၀၁၀

သခင်အောင်ဆန်း ပြောပြတဲ့ ချင်းအမျိုးသားခေါင်းဆောင် သခင်ဝမ်းသူမောင် အကြောင်း..


သခင်အောင်ဆန်း ပြောပြတဲ့ ချင်းအမျိုးသားခေါင်းဆောင် သခင်ဝမ်းသူမောင် အကြောင်း..

၁၉၄၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ဟင်္သာတ ခရိုင်၊ တို့ဗမာအစည်းအရုံး ညီလာခံကို ဇလွန်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလေသည်။ ဋ္ဌာနချုပ် တို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်အောင်ဆန်းသည် တရားဟောစင်မြင့်ပေါ်သို့ တက်လာလေသည်။ သခင်အောင်ဆန်းက ပမာဏစကား ပြောကြားနေစဉ် တရားဟောစဉ်မြင့် ဝန်းကျင်၌ ဝန်းရံနေသော ပုလိပ်စုံထောက်များထဲမှ စုံထောက်တဦးက၊ တရားဟောစင်မြင့်မှ သခင်အောင်ဆန်းထံ စာတစောင် ပေးလိုက်သည်။

သခင်အောင်ဆန်းက စာကိုဖတ်ပြီး ပြုံးလိုက်သည်။ စာက ဟင်္သာတခရိုင် ရာဇဝတ်ဝန် မစ္စတာ ဇေဗီးယားထံမှ ပေးပို့လိုက်သောစာဖြစ်သည်။ သခင်အောင်ဆန်းသည် စာကိုဖတ်ပြီး ပြည်သူ့လူထုထံ မျက်နှာမူလျှက် ပြောလိုက်သည်။

သခင်အောင်ဆန်း။ ။" ဟောဒီမှာ ဟသာင်္တ ရာဇဝတ်ဝန် မစ္စတာ ဇေဗီးယားထံက ဖိတ်စာတစောင်ပေးလိုက်ပါတယ်။ သူ့စာမှာ ဖော်ပြထားတာကတော့ ချင်းတောင်မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စကို ယခုဟောပြောရာမှာ ထည့်သွင်းဟောပြောခြင်း မပြုရဘူးလို့ ပိတ်ပင်တားမြစ်ထားတာပါပဲ။ အတော်ပဲဗျာ။ အစကတော့ ဒီချင်းတောင်ကိစ္စပြောဖို့ ကျုပ်မေ့နေတယ်။ ခု ဟင်္သာတရာဇဝတ်ဝန်က သတိပေးမှပဲ ကျုပ်သတိရတော့တယ်၊ ကဲ ပရိသတ်ကြီးကို မေးရအုံးမယ်၊ ချင်းတောင်ကိစ္စ ကြားချင်ကြသလား။

" ပရိသတ်ကြီး။ ။ " ကြားချင်ပါတယ် "

သခင်အောင်ဆန်း။ ။ " ကဲ......ကြားချင်ကြတယ်ဆိုရင်တော့.. ပြောပြချင်နေတာနဲ့ အတော်ပါဘဲ။ ချင်းတောင်ကိစ္စကတော့ ဒီလိုပါ။ ချင်းတောင်မှာ ဗြိတိသျှအစိုးရက ပြည်သူလူထုကို ရက်ရက်စက်စက် နှိပ်ကွပ်နေတယ်။ ချင်းအမျိုးသား ခေါင်းတောင်၊ တို့ဗမာအစည်းအရုံးက သခင်ဝမ်းသူမောင်ကို ဘယ်လိုနှိပ်စက်တယ် ထင်ကြသလဲ။ သခင်ဝမ်းသူမောင်ကို ကိုယ်မှာကြိုးကွင်းစွပ်ပြီး ဖမ်းဆီး ခေါ်ဆောင်လာတယ်။ နောက်တော့ ချည်ထားတဲ့ကြိုးကို ရှေ့ကနေ မြင်းနဲ့ဆွဲသွားပြီး သခင်ခေါင်းဆောင်ကို မြေပြင်မှာ ဒရွတ်တိုက်ဆွဲသွားတယ်။ ချင်းအမျိုးသားတွေက ဗြိတိသျှအစိုးရက မဆန့်ကျင်ရဲအောင် လက်တွေ့ရက်စက်ပြလိုက်တာပဲ။ ဗြိတိသျှအစိုးရဟာ ချင်းတောင်မှာ ပြည်သူတွေအပေါ် အဲဒီလောက် ဆိုးဆိုးရွားရွား ဝိဒူရလက်သစ် ဇတ်ခင်းခဲ့တယ်။

ကဲ........အဲဒါ ဗြိတိသျှနယ်ချဲ့ အစိုးရရဲ့ ဒီကနေ့လုပ်နေပုံပါဘဲ။ "

သခင်အောင်ဆန်း ဟောပြောတာကိုကြားပြီးသောအခါ နားဆင်ရသော ပရိသတ်ကြီးမှာ ဒေါသမီးဟုန်းဟုန်း တောက်ကြသည်။ အံတကြိတ်ကြိတ်ခံစားကြရသည်။

ဟင်္သာတရာဇဝတ်ဝန် ဇေဗီးယားက သခင်အောင်ဆန်းကို ချင်းတောင်ကိစ္စ ဟောပြောမှုဖြင့် ချက်ချင်းဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့သည်။

အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မတရားသော အမိန့်အာဏာ ကိုဖီဆန်ရဲသော သတ္တိနှင့် အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ပြောပေးသော စိတ်ဓါတ်ကား လေးစားအားကျဖွယ်ပင် ဖြစ်တော့သည်။

၃. နိုဝင်ဘာလ. ၂၀၁၀

ညီငယ်အလင်းဆက် ရေးသားပေးပို့သည်..။

ဗိုလ်ချုပ်ရဲ့ မတရားသော အမိန့်အာဏာ ကိုဖီဆန်ရဲတဲ့ သတ္တိကို ဖတ်မိရင်းက... ပြည်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြတ်ပြတ်သားသား ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး မဲမပေးရေး လှုပ်ရှားမှုတွေ ပြုလုပ်တာနဲ့ ပတ်သတ်ပြီး စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ နိုင်ငံရေးပါတီ တော်တော်များများက လေလှိုင်းသံတွေထဲကနေ ဆူညံဆူညံနဲ့ ပြောဆိုဝေဖန်သံတွေ ကြားလိုက်မိပေမယ့်.... မတရားတဲ့ လုပ်ရပ်တွေနဲ့ ကြံ့ဖွတ်ပါတီရဲ့ နိုင်ငံပိုင် ဘဏ္ဍာငွေတွေနဲ့ မတရားမဲဆွယ်မှုတွေ .. အဓမ္မလုပ်ဆောင်ချက် တွေကိုတော့ ဝေဖန်သံတွေ ကြားတစ်ချက် မကြားတစ်ချက်နဲ့ နှာစေးနေကြပါတယ်. ..

ကျွန်တော်တို့ ဗိုလ်ချုပ်ပြောသလို ချင်းတောင်ကိစ္စ ကြားချင်သလားဟေ့လို့ ပရိသာတ် ဖြစ်တဲ့ ပြည်သူလူထုကို ပြောရဲသလို.. အမတ်ဖြစ်ရင် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်.. ဆိုတဲ့ အလံတု၊ ဒေါင်းတု၊ ခမောက်တု ပါတီတွေကများ ကြံ့ဖွတ်ပါတီရဲ့ မတရားလုပ်ဆောင်ချက်တွေ ဥပဒေမဲ့လုပ်ရပ်တွေကို ပရိသာတ်ကြီးရေ ကြားချင်သလားဟေ့လို့ ပြောဆိုတဲ့ အသံများ ရှိခဲ့မယ် ဆိုရင်တော့ စစ်အာဏာရှင်ရဲ့ မတရားတဲ့ ရွေးကောက်ပွဲဟာ အခြေအနေတစ်ခုသို့ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါရဲ့လို့ တွေးတောနေမိပါတော့တယ်။

ဒီမိုဝေယံ

ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ လူ့ဘဝတန်ဖိုး...

လူမှာ အရေးအကြီးဆုံး နှစ်ခုပဲရှိတယ်။

အဲဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှု (Love of truth) ရယ် ဒါပဲဖြစ်တယ်။

ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်း ပြောရဲရမယ်။ ပြောခဲ့တဲ့ သတ္တိလဲရှိရမယ်။

ဗိုလ်ချုပ်အောင်ဆန်း

နိုင်ငံရေးဆိုတာ ခဏတဖြုတ်လုပ်ရတဲ့ဟာမျိုး မဟုတ်ဘူး။ အမြဲတမ်းလုပ်ရမယ်။ အမြဲတမ်းရှိနေတယ်။ နိုင်ငံရေးဆိုတာ တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူတွေကပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ မိမိတို့ဆိုင်ရာ ဆိုင်ရာ၊ အကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်းကိစ္စ၊ ဒီတော့ကာ အားလုံးလူတွေရဲ့ အကျိုးကိစ္စ၊ လူတွေရဲ့ နီုင်ငံရေး၊ ဒီတော့ အဲဒီလိုဖြစ်အောင်လုပ်နိုင်ဖို့ ဆိုတော့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေက ကြည့်ပြီး ထိန်းထားမှသာ လူတွေလည်း အမြဲတမ်း နိုင်ငံရေးမှာ စိတ်ဝင်စားပြီးတော့ တတိုင်း တပြည်လုံးပေါ်မှာရှိတဲ့ လူတွေဟာ နိုင်ငံရေးသမား ဖြစ်လာအောင်၊ နိုင်ငံရေး စိတ်ဝင်စား လာအောင် ဒီလိုအဖွဲ့တွေရှိရမယ်။

ဗိုလ်ချုပ်အောင်ဆန်း

(၂၃.၁.၁၉၄၆) ရွှေတိဂုံဘုရား အလယ်ပစ္စယံ (ပထမ ပြည်လုံးကျွတ် ညီလာခံ)

ဘလော့ခ်ဂါ အလင်းဆက်

(၂၂.သြဂုတ်လ.၂၀၁၀)

ညီငယ် အလင်းဆက်မှ တင်ပြပါသည်....။

မဟတ္တမ ဂန္ဒီ၊ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ နိုင်ငံရေး ဒဿန ကိုလေ့လာခြင်း...

မဟတ္တမ ဂန္ဒီ၊ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ နိုင်ငံရေး ဒဿန ကိုလေ့လာခြင်း

၁၉၈၈ မတိုင်မီ အစောပိုင်းကာလက အသက် ၃၅ နှစ်ဝန်းကျင်ရှိ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တည်ငြိမ်တဲ့ ဘ၀နေ့ရက်လေးတွေပေါ့။ သူမဟာ မိခင်တစ်ယောက်ဖြစ်တယ်။ ကမ္ဘာကျော် အောက်စဖို့ဒ် (Oxford) တက္ကသိုလ်ကြီး ရဲ့ အရှေ့တိုင်းပညာရှင် မိုက်ကယ်လ် အဲရစ် (Michael Aris) ရဲ့ ဇနီးကောင်းဖြစ်သလို လန်ဒန် တက္ကသိုလ်ကြီးမှာ ဗမာ့စာပေနဲ့ ဒေါက်တာဘွဲ့အတွက် သုတေသနကျမ်းပြုစုနေတဲ့ ဘွဲ့ရ ကျောင်းသူ တစ်ဦး လည်း ဖြစ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် မတ်လမှ သူမရဲ့ မိခင်ကြီး ပြင်းထန်တဲ့ လေဖြတ်ရောဂါ ခံစားရတယ်လို့ ဖုန်းဆက်ပြောတာ ကြားကြားချင်း ရန်ကုန်ကို ပြန်သွား ခဲ့ပါတယ်။အဲဒီ အချိန်က ရန်ကုန်မှာ ဗိုလ်ချုပ်နေ၀င်း အစိုးရကို ကျောင်းသားတွေရဲ့ ဆန့်ကျင်မှု အရှိန်ပြင်းနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

နေ၀င်းအစိုးရဟာ ၁၉၆၂ စစ်အာဏာသိမ်းပြီးကတည်းက ကမ္ဘာပေါ်မှာ အဖိနှိပ်ဆုံး အစိုးရ အဖြစ် နာမည်ဆိုး နေတာပါ။ ဗမာပြည် လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အအောင်မြင်ဆုံး ဖြစ်ပြီး စစ်ရေးနှင့် နိုင်ငံရေး ခေါင်းဆောင်ကြီး ကတော့ ဗိုလ်ချုပ် အောင်ဆန်းပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ၁၉၈၈ သြဂုတ်လမှာ စစ်အာဏာ သိမ်းအစိုးရကို စိန်ခေါ်ဖို့ ရွေးချယ်လိုက်ပါတော့တယ်။ အမျိုးသားလွတ်လပ်ရေး အတွက် ဒုတိယတိုက်ပွဲ (Second Struggle for National Independent) အဖြစ် ခေါ်လိုက်ပါတယ်။

၁၉၈၈ သြဂုတ်လ (၂၆) ရက်နေ့ ရွှေတိဂုံဘုရားမှာ ကျင်းပခဲ့တဲ့ သူမရဲ့ ပထမဆုံး လူထုအတွက် မိန့်ခွန်း မှာတော့ လူ ၅ သိန်းကျော် တက်ရောက်ခဲ့ပါတယ်။ ယင်းနှစ် စက်တင်ဘာလမှာပဲ သူမဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (national League for Democracy - NLD) ဆိုတဲ့ နိုင်ငံရေးပါတီသစ်တစ်ခု တည်ထောင်ရာမှာ ဦးဆောင် ပါဝင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရကို အကြမ်းမဖက် ဆန့်ကျင်ဖို့ အစပျိုးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ အင်အားစုတွေကို သူမခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့ အကြမ်းမဖက်ခြင်း လူ့အခွင့်အရေးနှင့် ပါတီစုံ ဒီမိုကရေစီ (Multi-Party Democracy) သဘောတရားတွေကို သွတ်သွင်းခဲ့ပါတယ်။

၁၉၈၈ သြဂုတ်လကနေ ၁၉၈၉ ဇူလိုင်လအထိ သူမဟာ နိုင်ငံရေး မိန့်ခွန်းပွဲပေါင်း ၁၀၀၀ ကျော် ဟောပြောခဲ့ပါ တယ်။ အဲဒီကာလတွေဟာ နေ၀င်းစစ်အစိုးရကို အစားထိုးထားတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့ State Law and Order Restoration Council - SLORC) က နိုင်ငံရေး လှုပ်ရှားမှု အားလုံးကို မတရားသင်း ကြေငြာထားတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ၁၉၈၉ ဧပြီလ ဓနုဖြူ ခရီးစဉ်တစ်ခုမှာဆိုရင် စစ်ဗိုလ်တစ်ဦးက ၎င်းတို့ တားဆီးထားတဲ့နေရာကို ဒေါ်အောင်ဆန်းစုကြည် ဖြတ်လျှောက် ရင် ပစ်ရမယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။ သူမရဲ့ နောက်လိုက်တွေကို နောက်မှာနေလို့ ပြောပြီး သူမဟာ တည်ငြိမ်စွာနဲ့ ရှေ့ဆက် လှမ်းခဲ့ပါတယ်။ ဗိုလ်ကြီးတစ်ယောက်က မပစ်ဖို့ သူ့စစ်သားတွေကို ကြားဝင်ပြီး အမိန့်ပေးခဲ့ရတယ်။

၁၉၅၉ ဇူလိုင်လမှာတော့ သူမရဲ့ စစ်အာဏာရှင်တွေကို စိန်ခေါ်မှုတွေဟာ ထိရောက်တဲ့ အတွက် န၀တ အစိုးရဟာ သူမကို ပထမဆုံးအကြိမ် နေအိမ် အကျယ်ချုပ် ပေးခဲ့ပါတယ်။ ရုံးကိုသွားခွင့်မရ၊ နေအိမ်ကနေ ထွက်ခွာခွင့်မရခဲ့ပေမယ့် ၁၉၉၀ မေ ၂၇ မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD အနေနဲ့ အပြတ်အသတ် အနိုင်ရခဲ့တာဟာ သူမရဲ့ အခန်းကဏ္ဍ အခရာ ကျခဲ့တယ်ဆိုတာ ပြခဲ့တယ်။ ဒါပေမယ့် န၀တကတော့ NLD ရဲ့ အောင်မြင်မှုကို မထီမဲ့မြင် ပြုပြီး ဆက်လက်ပြီး ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ခဲ့ပါတယ်။

အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ဇူလိုင်လမှာ လွတ်လပ်စွာ တွေးခေါ်ခွင့် (Freedom of Thought) အတွက် Sakharov ဆုကို ရရှိခဲ့ပြီး ယင်းနှစ် အောက်တိုဘာလမှာပင် ငြိမ်းချမ်းရေး နိုဗယ်လ်ဆု (Nobel Peace Prize) ဆုကြီးကို ရရှိခဲ့ပါတယ်။

၁၉၉၅ ဇူလိုင်လမှာတော့ န၀တဟာ နိုင်ငံတကာ ဖိအားတွေ၊ စီးပွားရေးဖိအားတွေနဲ့ ယိုင်နဲ့နေတဲ့ စီးပွားရေးကို တိုးတက်စေလိုတဲ့ မျှော်လင့်ချက်တွေကြောင့် အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့ပါတယ်။ သို့သော်လည်း အောင်ဆန်းစုကြည်ဟာ ဗမာပြည်မှာ ဒီမိုကရေစီ မကျင့်သုံးခိုင်းမချင်း ဗမာ့စီးပွားရေးကို မထောက်ပံ့ကြပါနဲ့ လို့ ကမ္ဘာ့ ခေါင်းဆောင်အများကို တိုက်တွန်းနိုင်ခဲ့ပါတယ်။ သူမကို လွှတ်ပေးပေမယ့် သူတို့ မျှော်မှန်း သလောက် အကျိုးတရား မရခဲ့လို့ သူမကို ၁၉၉၆ နှောင်းပိုင်းမှာ ဒုတိယအကြိမ် ဖမ်းဆီး ခဲ့ပါတော့တယ်။ ၁၉၉၈ မှာတော့ သူမဟာ ကမ္ဘာ့ အကျော်ကြားဆုံး နိုင်ငံရေးအကျဉ်းသား (The World’s most famous political prisoner) တစ်ဦး ဖြစ်နေပါပြီ။

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက “ဗမာပြည်သူတွေရဲ့ အကြီးမားဆုံး အရာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက်ကြွထက်သန်တဲ့ ဦးဆောင်မှုပါပဲ။ သူမရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ထားတဲ့ မတုန်လှုပ်သော ခံနိုင်ရည်နဲ့ သူမဟာ ငြိမ်းချမ်းရေးကို ရှာဖွေဖို့ အားပေးနေပါတယ်။ ထို့ပြင် မတရား ဖိနှိပ်ထားတဲ့ လတ်တလော ပတ်ဝန်းကျင်ကနေ လွတ်မြောက်ဖို့ လွတ်လပ်ခွင့်၊ အမှန်တရားနှင့် ဒီမိုကရေစီရေးရဲ့ အင်အားစုများအတွက် အကြမ်းမဖက်သော နည်းလမ်းကို ရှာဖွေဖို့လည်း အားပေးနေပါတယ်။ ဒလိုင်းလားမားရဲ့ အမြင်ကို အများစုကလည်း သဘောတူကြပါတယ်။

မိသားစုရေးနဲ့ အော့စဖို့ဒ် (Oxford) တက္ကသိုလ်မှာ ပညာရေးကိုသာ အာရုံစိုက်နေခဲ့တဲ့ အောင်ဆန်းစုကြည် ဟာ အချိန်တိုအတွင်းမှာပင် ဗမာ့ဒီမိုကရေစီ ပြန်လည် ရှင်သန်ရေး အတွက် သူမဘ၀ကို အသွင်ပြောင်းနိုင်ခဲ့တာ ဘယ်လိုအကြောင်းကြောင့်ပါသလဲ။

ဗမာ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်ခြင်းဟာ နိုင်ငံတွင်းနဲ့ နိုင်ငံတကာစင်မြင့်မှာ ဂုဏ်ရည်တင့်စွာ ပေါ်လွင်နိုင်ဖို့ အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။

“ဗမာ့နိုင်ငံရေးမှာ ကျွန်မဟာ ကျွန်မအဖေလို ကျေးဇူးမဆပ်ရသေးဘူးဆိုတာ ကျွန်မ၀န်ခံပါတယ်။ ကျွန်မအဖေ့ ကြောင့်လည်း ဒီနိုင်ငံရေးကို လုပ်နေတာပါ။ ဗမာပြည်သူတွေ က ကျွန်မကို ဖေဖေရဲ့သမီးလို့ မြင်ကြလို့ ကျွန်မအတိုင်းမသိ ၀မ်းသာပါတယ်။ ကျွန်မရဲ့ တစ်ခုတည်း သော အလေးထားချက်ကတော့ သူရဲ့ (ဗိုလ်ချုပ်အောင်ဆန်း) ကြီးမြတ်မှုကို သက်သေပြဖို့ပါပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ပါတယ်။

ဒါပေမယ့် သူမဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာကြောင့်လည်း ဒီလှုပ်ရှားမှုတွေ မှာ ဦးဆောင်သူ အဖြစ် ဆက်လက်ပါဝင်လို့ မရနိုင်ခဲ့ပါဘူး။ သူမဟာ ကြီးမားတဲ့ ပါရမီတွေ ဆောင်ကြဉ်းနေတယ် ဆိုတာ အချိန်က သက်သေပြနေပါတယ်။ သူမဟာ သူမရှေ့က ကြီးကျယ်မြင့်မြတ်တဲ့ ခေါင်းဆောင်ကောင်းတွေ ဆီက လေ့လာ နေတယ် ဆိုတာကို မကြာခဏ ထုတ်ဖော်ပြောဆိုနေတယ်။ အရေးပါဆုံး နှစ်ယောက်ကတော့ သူမရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း နှင့် မဟတ္တမဂန္ဒီ တို့ပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမကိုယ်တိုင် သူတို့ရဲ့ သမိုင်းအပေါ် လေ့လာခြင်းမှာ နှစ်နှစ်ခြိုက်ခြိုက် လုပ်ခဲ့ပါတယ်။ ထို့ပြင် သူမရဲ့ ကိုယ်ပိုင်ဘ၀မှာလည်း ယင်း ပုဂ္ဂိုလ်နှစ်ဦးရဲ့ အရေးပါတဲ့ သဘောထားနဲ့ မူဝါဒတွေကို တသားတည်းကျအောင် ကျင့်သုံးနေပါတယ်။

သူမနှစ်နှစ်သမီးအရွယ် ၁၉၄၇ မှာကတည်းက ဗိုလ်ချုပ်အောင်ဆန်းဟာ လုပ်ကြံခံခဲ့ရလို့ သူမဟာ သူ့ကို တိုက်ရိုက်မမှတ်မိခဲ့ပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းဟာ သူမမိသားစုနဲ့ ဗမာပြည်သူတွေကြားမှာပါ လေးစား ထိုက်ခြင်းဟာ သူမအပေါ် ခိုင်ခိုင်မာမာ လွှမ်းမိုးမှု ရှိနေပါသည်။

အောင်ဆန်းစုကြည် ကြီးပြင်းခဲ့ရာ လစဉ်တိုင်းမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ ဦးဆောင်မှုနဲ့ သူမရဲ့ အမေဟာ သူ့ဖခင်အတွက် သူတို့အိမ်မှာ အမှတ်တရပွဲတွေ ကျင်းပခဲ့ကြပါတယ်။

သူမရဲ့ “ဗမာ့အောင်ဆန်း” (Aung San of Burma) စာအုပ်လေးဟာ သူမအဖေရဲ့ “ဗမာပြည် လွတ်မြောက်ရေး အတွက် လုပ်ဆောင်ချက်တွေကို ဖော်ပြချင်လို့ ကြိုးစားချက် တစ်ခု ဖြစ်ပါတယ်။ သူမ အဖေ ၁၉၄၀ ကနေ ၁၉၄၁ ကာလ ဂျပန်စစ်တပ်တွေနဲ့ ဘယ်လိုလုပ်ကိုင်ခဲ့တယ်ဆိုတာကို ထပ်လောင်းလေ့လာနိုင်ဖို့ သူမဟာ ဂျပန်ပြည်မှာ ပညာဆည်းပူးခဲ့သလို ဂျပန်စာကိုလည်း သင်ယူခဲ့တယ်။

သူမရဲ့ ကိုလိုနီလက်အောက် ပညာတတ်ဘ၀အသွင်အပြင်များ (Burma and India: Some Aspects of Intellectual Life under Colonialism) သုတေသနစာတမ်းဟာ မဟတ္တမဂန္ဒီနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ သူတို့နိုင်ငံတွေမှာ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အကြောင်းကို လေ့လာပြသထားတာဖြစ်တယ်။ သူမရဲ့ “ဗိုလ် အဓိပ္ပာယ် အစစ်အမှန်” (The True Meaning of “Boh”) အက်ဆေးမှာဆိုရင် သူမအဖေအပေါ် နက်နက်ရှိုင်းရှိုင်း အဓိပ္ပာယ်ဖွဲ့ဆို ပြထားတာ တွေ့ရတယ်။

အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဟတ္တမဂန္ဒီအပေါ် လေ့လာခြင်းကို သူမ ဆယ်ကျော်သက် အရွယ် ကတည်းက စတင်ခဲ့ပါတယ်။ ၁၉၆၀ မှာ သူမရဲ့ မိခင်ကြီး ဒေါ်ခင်ကြည် အိန္ဒိယဆိုင်ရာ သံအမတ်ကြီး အနေနဲ့ ခန့်အပ်ခံရတော့ သူမအမေနဲ့အတူ အိန္ဒိယကို သွားခဲ့ပါတယ်။ အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံရေးနဲ့ သမိုင်း ကို အထက်တန်း ကျောင်းသူဘ၀ကတည်းက လေ့လာခဲ့ပါတယ်။ သူမဟာ ဂျဝါလဟာ နေရူးရဲ့ မြေး အန္ဒီယာဂန္ဒီ ရဲ့သား ရာဂျစ်ဂန္ဒီ (Rajiv Gandhi) တို့လို ထင်ရှားတဲ့လူငယ်နဲ့အတူ ကျောင်းတက်ခဲ့တာပါ။ ရာဂျစ်ဂန္ဒီဟာ နောက်ပိုင်းမှာ ၀န်ကြီးချုပ် တောင်ဖြင်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက သူမဟာ မဟတ္တမဂန္ဒီရဲ့ လုပ်ရပ်တွေကို ဖတ်ခဲ့ပြီး အကြမ်းမဖက်နည်း (non-violence) ကို နက်နက်နဲနဲ ယုံကြည်ခဲ့ပါတယ်။ ဒီယုံကြည်ချက်ဟာ သူမကို သူ့ဖခင် လုပ်ကြံခံရတဲ့ ကလေးဘ၀ကတည်းက ကိန်းအောင်းခဲ့တာပါ။

သူမရဲ့ အကြမ်းမဖက်မှုအပေါ် လက်တွေ့ပိုင်းနဲ့ အသိစိတ်ပိုင်းအရ စွဲလန်းမှုတွေဟာ သူမရဲ့ စိတ်ဝိညာဉ်ထဲ မှာ နက်နက်ရှိုင်းရှိုင်းအဖြစ် တွယ်နေခဲ့ပါတယ်။ သူမ သက်ဝင်ယုံကြည် တဲ့ ဗုဒ္ဓဘာသာ (Buddhism) ဘာသာဟာလည်း ကမ္ဘာပေါ်မှာ အကြမ်မဖက်မှုရဲ့ အကြီးမားဆုံး ရင်းမြစ်တွေထဲက တစ်ခုဖြစ်ပါတယ်။

သူမရေးတဲ့ ကြောက်ရွံ့ခြင်းက ကင်းဝေခြင်း (Freedom From Fear) စာအုပ်ထဲက ဆောင်းပါးတစ်ခုအတွက် Philip Kreager က အောင်ဆန်းစုကြည်အပေါ် ဂန္ဒီရဲ့ လွှမ်းမိုးမှုရှိမှု အပေါ် ခိုင်မာတဲ့ အကြောင်းတစ်ကို ထုတ်ခဲ့ပါတယ်။ သူက “သူမ ချမှတ် ကျင့်သုံးနေတဲ့ မူဝါဒတွေဟာ သူမရဲ့ ဂန္ဒီကြီးရဲ့ အတွေးအခေါ်နှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လုပ်ဆောင်ချက် (Civil Disobedience) များ အပေါ် လေ့လာမှုများမှ ဆင်းသက်လာသည်ဟု ဆိုသည်။

၁၉၈၉ သြဂုတ်လတွင် ကမ္ဘာကျော် လန်ဒန်တိုင်း(စ်) London Times သတင်းကြီးက သူမကို “ဗမာပြည်ရဲ့ ဂန္ဒီကြီး” (Burma’s Gandhi) အဖြစ် တင်စားခဲ့သည်။

ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂန္ဒီကြီးရဲ့ လွှမ်းမိုးမှု ခံခဲ့ရလိမ့်မယ်ဆိုတဲ့ ထင်မြင်ချက်ကို လေ့လာခဲ့သည်။ ယင်း ထင်မြင်ချက်ကို သူမရဲ့ အရေးအသားများနှင့် စာတမ်း များက အခိုင်အမာ ထောက်ခံ နေသည်။ သူမရဲ့ နိုင်ငံရေး သီအိုရီနှင့် လုပ်ဆောင်ချက် ကို ဆန်းစစ်လေ့လာဖို့ ဆုံးဖြတ်ချက်သည် ကျွန်ုပ်၏ ဂန္ဒီ၏ စိတ်ပိုင်းဆိုင်ရာ နိုင်ငံရေး လေ့လာ ဆန်းစစ်ချက်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထို့ပြင် ဂန္ဒီဝါဒကို လက်ခံကျင့်သုံးသူများ က ဂန္ဒီကြီး၏ မူဝါဒများကို နိုင်ငံရေးအခင်းအကျင်းထဲ မည်သို့သွတ်သွင်းကောင်းကို လေ့လာခြင်း အပိုင်းတစ်ခုလည်း ဖြစ်သည်။

အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးကို စိတ်ဝိညာဉ်ပြုခြင်း (Spiritualize the political) ကြိုးပမ်းမှုတွင် ဦးဆောင်မှု အခန်းမှ ပါဝင်နေသည်။ ကျွန်တော်အနေနဲ့ သူမရဲ့ ဖခင်က သူမအပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိနေသည်ကို တွေ့ရသော အခါ အံ့အားသင့်ခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်ခေါင်းဆောင် တစ်ဦးဖြစ်သည့်အပြင် ဘာသာရေးနှင့် နိုင်ငံရေး ခြားနားမှုကို ရှင်းရှင်းလင်းလင်း ယုံကြည်သော ဆိုရှယ်လစ်ဝါဒီ တစ်ဦးဖြစ်သည်။

ဂန္ဒီကြီးက “ကျွန်ုပ်၏ အမြင်များသည် နိုင်ငံရေးအသွင် ဆောင်သော်လည်း ၎င်းတို့၏ ဇစ်မြစ်မှာ စိတ်ဝိညာဉ်ဖြစ်သည်။ ကျွန်ုပ်၏ နိုင်ငံရေးသည် ကိုယ်ကျင့်တရား (Morality) ၊ စိတ်ဝိညာဉ် (Spirituality) ၊ ဘာသာရေး (religion) တို့မှ ခွဲထွက်ခြင်းမရှိသည်ကို လူတွေ သိလောက်ပါတယ်” ဟု ဆိုခဲ့ဖူးသည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း “နိုင်ငံရေးဆိုတာ လောကီသိပ္ပံပညာရပ် (a secular science) ဖြစ်သည်ဟု ပြတ်ပြတ်သားသား ပြောခဲ့ ဖော်ပြ ခဲ့သည်။

ဒီနှစ်ဦး (ဂန္ဒီကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်း) ရဲ့ ဘာသာရေးနှင့် နိုင်ငံရေးကြား ဆက်ဆံရေးတွင် သိသာ ခြားနားတဲ့ တူညီတဲ့ အချက်တွေ ရှိပါသလား။ ကျွန်တော် ဖတ်ဖူးသမျှ အောင်ဆန်းစုကြည်ရဲ့ အမြင်တွေအရ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂန္ဒီကြီးကြား ယှဉ်ပြီး ဆွေးနွေး ထားတာ မတွေ့ဖူးပါ။ သို့သော် သူမရဲ့ ရေးသားချက်တွေ အရတော့ သူတို့ရဲ့ စရိုက် လက္ခဏာ နဲ့ မူဝါဒတွေဟာ ယေဘုယျထင်မြင်ချက်တွေထက် ပိုပါတယ်။ သူတို့ရဲ့ အမြင်တွေဟာ တစ်ခုနဲ့ တစ်ခု တူညီနေတာ တွေကို တွေ့နေရပါတယ်။

ဒီခေါင်းဆောင်နှစ်ဦးကြား အဓိက ခြားနားချက်ကို တင်ပြပြီးနောက် ကျွန်တော်အနေနဲ့ သူတို့နှစ်ဦးကြား အရေးပါတဲ့ ကိုက်ညီမှုများ (correspondences) နှင့် ယင်းကိုက်ညီမှုများဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသီအိုရီနဲ့ လုပ်ဆောင်ချက်တွေအပေါ် အလွန်အမင်း လွှမ်းမိုးမှု ရှိနေသည့် အကြောင်းကို တင်ပြပါမယ်။

ဂန္ဒီကြီးနဲ့ အောင်ဆန်းကြား အဓိက ခြားနားနေတဲ့ နယ်ပယ်ကြီး သုံးခု ရှိပါတယ်။ အဲဒါတွေကတော့

(၁) နိုင်ငံရေး ဒဿန (political philosophy)

(၂) သူတို့တွေရဲ့ တိုင်းပြည် (their homeland)

(၃) သူတို့မွေးဖွားရာ ခေတ်နှင့် အသက်ရှင်ခဲ့သည့် အချိန်ကာလ အပိုင်းအခြား


(၁) နိုင်ငံရေး ဒဿန (political philosophy)

မဟတ္တမ ဂန္ဒီနဲ့ အောင်ဆန်း၏ အဓိက ခြားနားချက်ကတော့ သူတို့တွေရဲ့ နိုင်ငံရေး ဒဿနပဲဖြစ်ပါတယ်။

ဂန္ဒီက သိစိတ် (conscious) ကို ယုံကြည်ပြီး သစ္စာတရားနဲ့ ချစ်ခြင်းမေတ္တာ (Truth and love) ဟာ ဆန့်ကျင်ဘက် လူရဲ့ စိတ်နှလုံးကို ပျော်ဝင်စေမယ်လို့ တထစ်ချ ယုံကြည်ပါတယ်။ သူဟာ သူ့ရဲ့ အကြမ်းမဖက် သီအိုရီနဲ့ လုပ်ဆောင်ချက် တွေကို သစ္စဂရဟ (Satyagrahis) လို့ ခေါ်ပါတယ်။ ယင်းအဓိပ္ပာယ်ဟာ သစ္စာတန်ခိုး (Divine Truth) နဲ့ ဆက်နွယ်နေပါတယ်။

သစ္စဂရဟ (Satyagrahis) ၀ါဒီများဟာ ဘုရားသခင် (God) နဲ့ ဆုံစည်းပေးမယ့် သစ္စာတရားနဲ့ ချစ်ခြင်းမေတ္တာ (Truth and Love) ကို ဘ၀ရဲ့ အန္တိမပန်းတိုင်အဖြစ် သေတပန် သက်တဆုံး လုပ်ဆောင်ရမယ်။ ဒီလှုပ်ရှားမှုရဲ့ အခြားဖြစ်စဉ် တစ်ခုကတော့ အကြမ်းမဖက်ဘဲ လူမှုဘ၀ ပြောင်းလဲရေး (nonviolent social change) ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘဂ၀ဂီတ (Bhagavagita) ကိုဖတ်ပြီး ဂန္ဒီကြီးက စစ်မှန်တဲ့ သစ္စဂရဟ (Satyagrahis) ဟာ လုပ်ဆောင်ချက်ရဲ့ ဖြစ်ထွန်းမှု (The Fruits of Action) ကို ဆုံးဖြတ်တာ မဟုတ်ဘဲ နောက်ဆုံးရလာဒ် (The end result) ကိုသာ ကြည့်ရမည်ဟု ယုံကြည်သည်။ သို့သော် သန့်ရှင်းစစ်မှန်တဲ့ နည်းလမ်းတော့ ရှိရမည်ဟု ဆိုသည်။ မှန်ကန်တဲ့ နည်းလမ်းဟာ ကောင်းကျိုးတွေနဲ့ အဆုံးသတ်မှာဖြစ်ပြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့ ဘုရားသခင်သာလျှင် သိနိုင်သည်။

အောင်ဆန်းကတော့ လက်နက်ကိုင်တော်လှန်ခြင်း (armed Struggle) သည်သာ ဗမာ့အမျိုးသား လွတ်မြောက်ရေးအတွက် မှန်ကန်သော လုပ်ရပ်ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ အောင်ဆန်းဟာ တိုက်ခိုက် ခဲ့တယ်။ ကောင်းကောင်း တိုက်ပွဲဝင်ခဲ့တယ်။ ပထမ ဗမာပြည်ကနေ အင်္ဂလိပ်ကို မောင်းထုတ်ဖို့ ဂျပန်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တယ်။ နောက် ဂျပန်ဟာ အင်္ဂလိပ်ထက်ပိုပြီး ဖိနှိပ်သူတွေဖြစ်တယ်ဆိုတာကို ပြန်တိုက်ထုတ်ခဲ့တယ်။ သို့သော် သူ့ပန်းတိုင်ကတော့ ဗမာပြည်လွတ်လပ်ရေးနဲ့ ညီညွတ်ရေးပါပဲ။ ဒီအတွက် သူမည်သည့် နည်းမဆို သုံးမည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက် သူဟာ နိုင်ငံရေးသမားတဖြစ်လဲ ဗိုလ်ချုပ်ဘ၀ကို တုံ့တုံ့ဆိုင်းဆိုင်နဲ့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဗမာပြည်ဟာ ငြိမ်းချမ်းသော နိုင်ငံရေးနည်းလမ်းနဲ့ ဗြိတိသျှအုပ်ချုပ်ရေးကနေ လွတ်လပ်ရေးရမည်လို့ ယုံကြည်ခဲ့သည်။ ၁၉၄၆ ဇန်န၀ါရီလတွင် လန်ဒန်၌ ဗြိတိန်ဝန်ကြီးချုပ် ကဲလ်မွန့် အက်တလီ (Clement Attlee) နဲ့တွေ့ရန် သွားရာ အိန္ဒိယ၌ အောင်ဆန်းကို မေးခွန်းထုတ်ကြသည်။

“ရန်ကုန်က မထွက်ခွာခင် သင့်ရဲ့ တောင်းဆိုးချက်တွေ မရရင် လွတ်လပ်ရေးအတွက် တော်လှန်ရေး ဆင်နွှဲရမယ်လို့ သင်က ဖော်ပြခဲ့တယ်နော်။ အကြမ်းဖက်နည်းလား၊ အကြမ်းမဖက်နည်းလား၊ ဒါမှမဟုတ် နှစ်မျိုးစလုံးလား ဆိုတာ တွေးဆ” လို့မေးပါတယ်။

ထိုအခါ ဗိုလ်ချုပ်က “ကျွန်တော်တို့ဟာ နည်းလမ်းမရွေးပါဘူး” (We have no inhibitions of any kind) ဟု ပြန်ဖြေခဲ့သည်။

အမှန်မှာတော့ လန်ဒန်ဆွေးနွေးပွဲဟာ လွတ်လပ်ရေးကို ဦးမတည်လျှင် စစ်ရေးအတွက် ပြင်ဆင်စရာ ရှိတာများကို ပြင်ဆင်ခဲ့သည်။ ဒီဆွေးနွေးပွဲဟာ အောင်မြင်ခဲ့ပါတယ်။ သူဟာ လက်နက်ကိုင် တော်လှန်ရေးထက် ငြိမ်းချမ်းရေးကို ပိုလိုလားခဲ့ပါတယ်။ အောင်ဆန်းဟာ အခြေအနေကိုမူတည်ပြီး အကြမ်းဖက်တော်လှန်မှုနဲ့ ငြိမ်းချမ်းသော တွေ့ဆုံညှိနှိုင်းမှု တွေကို လုပ်ခဲ့တယ်။

(၂) သူတို့တွေရဲ့ တိုင်းပြည် (their homeland)

“ကိုလိုနီလက်အောက် ဗမာပြည်နဲ့ အိန္ဒိယပြည်ရှိ ပညာတတ်ဘ၀” စာတမ်းတွင် အောင်ဆန်းစုကြည်သည် Philip Woodreeffs ပြောခဲ့သည့် “ဗမာသည် အိန္ဒိယနှင့် အရင်းမူလကိုက ကွဲပြားပြားနားသည်။ radically different from India ကိုကိုးကားပြထားသည်။ အိန္ဒိယလူမျိုးများသည် ဗြိတိသျှအုပ်ချုပ်သူများနှင့် အမျိုးမျိုးသော ထင်မြင်ယူဆချက်များတွင် တူညီမှု ရှိနေတတ်ကြသည်။ သို့သော် ဗမာလူမျိုးများသည် တိုင်းတစ်ပါး လွှမ်းမိုးမှုကို ဘယ်သောအခါမှ သည်းခံခဲ့သည်မဟုတ်ပေ။ ထို့ကြောင့်သာ အိန္ဒိယသားများ သည် အရှေ့နဲ့အနောက်ပေါင်းစပ်ရာတွင် ဗမာများထက် ဖန်တီးမှုနည်းလမ်းများ အတော်ရှေ့ရောက်နေခြင်း လည်းဖြစ်သည်။ ထို့ပြင် သာတူညီမျှသော ဗုဒ္ဓဘာသာ ပညာရပ်စနစ် (egalitarian Buddhist education) ကြောင့်လည်း ဗမာများသည် အိန္ဒိယထက် ဗြိတိသျှတို့၏ အဆင့်အတန်းခွဲခြားသော စနစ်ကို လက်ခံနှစ်သက်ဖို့ မလွယ်ကြောင်းကို အောင်ဆန်းစုကြည်က ထောက်ပြထားသည်။

ဗမာလူမျိုးများဟာ နှစ်ပေါင်းတစ်ထောင်ကျော် ကိုယ့်မင်းကိုယ်ချင်းနဲ့ နေခဲ့ကြသည်။ ထို့ပြင် ဗမာတို့သည် စစ်အောင်နိုင်ခြင်းဖြင့် သူတို့ရဲ့ နယ်မြေအင်ပါယာကို ချဲ့ထွင်ခြင်း၊ စည်းလုံးအောင် ဆောင်ရွက်နိုင်ခဲ့ကြဖူးသည်။ သို့သော် အိန္ဒိယသမိုင်းတစ်လျှောက် ၎င်းတို့၏ စစ်ရေးအခန်း သည် ဦးဆောင်ရာ အခန်းက မပါဝင်ခဲ့ဖူးပေ။

ထို့ပြင် နှစ်နိုင်ငံစလုံးတွင် မတူကွဲပြားသော ဘာသာရေးအယူဝါဒများကြောင့် ပဋိပက္ခတွေ ရှိသော်လည်း အိန္ဒိယနိုင်ငံရှိ ဟိန္ဒူ-မွတ်စလင် ပြဿနာသည် ဗမာပြည်ကြုံနေရသော ဘာသာရေး ပဋိပက္ခများထက် ပို၍ ကြီးမားသော စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ စည်းလုံးညီညွတ်ရေးကိုပါ ထိခိုက်စေသည်။ ဗမာပြည်တွင် လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။

အိန္ဒိယတွင် ဟိန္ဒူ-မွန်စလင် အဓိကရုဏ်း (Hindu-Muslim riots) အစုလိုက် အပြုံလိုက် နေရာသစ်ရှာခြင်း (Massive Relocations) နှင့် မျိုးတုန်းသတ်ဖြတ်ခြင်း (Genocide) ကဲ့သို့သော ဖြစ်ရပ်ကြီးများဖြစ်ခဲ့သည်။ ဗမာပြည်တွင် အလားတူအဖြစ်မျိုး မရှိပေ။ သို့သော် လွတ်လပ်သော ဗမာပြည်တွင် ဗမာလူမျိုးမဟုတ်သူများ (Non-Burmese) အရေးအတွက် စိုးရိမ်ရသော အခက်အခဲများ ရှိနေဆဲပင်ဖြစ်သည်။

သူတို့ရဲ့ အသီးသီးသော ပြည်သူများနှင့် အရင်မူလကွဲပြားခြားနားသော တိုင်းပြည်အနေအထားများကြောင့် မဟတ္တမ ဂန္ဒီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့သည်လည်း ကွဲပြားခြားနားသော နည်းလမ်းတွေနဲ့အတူ ထင်ပေါ် လာကြရသည်။ ဂန္ဒီက အကြမ်းမဖက်ရေး (Nonviolence) သည် အိန္ဒိယ၏ ထူးခြားတဲ့စရိုက်လက္ခဏာ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အောင်ဆန်းက ဗမာလူမျိုးတွေရဲ့ စစ်ရေးဆိုင်ရာ ဓလေ့ထုံးများ (Martial traditions) ကို ထင်ဟပ်စေခဲ့သည်။

ခေတ် (The Age)

ဂန္ဒီဟာ ဗစ်တိုရီယ ခေတ်ကာလ (Victorian Age) မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး အောင်ဆန်းသည် ပထမ ကမ္ဘာစစ်ကာလအတွင်းတွင် မွေးဖွားခဲ့သည်။ ဗြိတိသျှတို့၏ ကိုလိုနီပါဝါနှင့် တုန့်ပြန်ချက်များသည် နှစ်ဆယ်ရာစု အလယ်စပိုင်းနှင့် ၁၉ ရာစု နှောင်းပိုင်းကာလများတွင် အတော်အတန် ခြားနားမှုများ ရှိခဲ့သည်။ ဂန္ဒီသည် ဗြိတိသျှတို့၏ လောကီပါဝါကို အန်တုခဲ့သော စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုပေါင်းများစွာကို ကြုံတွေ့ခဲ့ရသည်။ ထိုအချိန်က ဗြိတိသျှတို့သည် ဗြိတိန်အပါအ၀င် ၎င်းတို့၏ ကိုလိုနီနိုင်ငံများတွင် လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ သတ်သတ်လွှတ်စားခြင်းဝါဒများ (Ethical/ Religious Vegetarianism) သီအိုဆိုဖီ (Theosophy) ပရိုတက်စတင့်ဂိုဏ်းသစ်များ စသည်ဖြင့် ပေါ်ပေါက်ခဲ့သည်။

အောင်ဆန်းကြီးပြင်းရာ ခေတ်ကာလတွင် ဗြိတိသျှတို့၏ နယ်ချဲ့ဝါဒ (Imperialism) ကို အဓိက စိန်ခေါ်နေသော ဖတ်ဆစ်ဝါဒ (Fascism) နှင့် ဆိုရှယ်လစ်ဝါ၀ (Socialism) များ အားကောင်းနေသည်။ ယင်းဝါဒများသည် လောကီလှုပ်ရှားမှု များသာဖြစ်သည်။ ထို့ပြင် ဂန္ဒီရဲ့ (Satyagraha) သည် လူမှု-နိုင်ငံရေးမှု လုပ်ဆောင်ချက်အဖြစ် နှစ် ၅၀ ကျော် ဖွံ့ဖြိုးတိုးတက်နေချိန်တွင် အောင်ဆန်းမှာ နိုင်ငံခေါင်းဆောင် သက်တမ်း (၃) နှစ်အရွယ်တွင် လုပ်ကြံခံခဲ့ရသည်။

ယင်းကဲ့သို့ မတူညီချက်များရှိနေသလို သူတို့၏ သီအိုရီနှင့် လုပ်ဆောင်ချက်များတွင် တူညီသော အကြောင်းတရား ၄ မျိုးလည်း ရှိနေသည်။ ယင်းအချက် ၄ ချက်သည် မဟတ္တမဂန္ဒီနှင့် အောင်ဆန်းတို့၏ အောင်ဆန်းစုကြည်အပေါ် ခိုင်ခိုင်မာမာ လွှမ်းမိုးနေသည်။ ယင်းတို့မှာ

(၁) သူတို့သည် အရှေ့တိုင်း မဟုတ်သော ဘ၀နေနည်း ဒဿနများကိုလည်း နားလည်နိုင်ခဲ့သည်။

(၂) သူတို့သည် လုပ်ဖော်ကိုင်ဖက်များ၊ နောက်လိုက်များ ပူးပေါင်းချင်လာအောင်နှင့် စံပြပုဂ္ဂိုလ်ကြီး (high ideals) များ အဖြစ် တင်စားလောက်အောင် စရိုက်နှင့် မူဝါဒများ ရှိကြသည်။

(၃) သူတို့ဟာ အရှေ့တိုင်းနဲ့ အနောက်တိုင်းအတွေးအခေါ်များကို သမူဟ (Synthesis) ပြုနိုင်သူများဖြစ်သည်။

(၄) သူတို့သည် သူတို့ရဲ့ နိုင်ငံများကို အလုံးစုံသော လွတ်လပ်ရေးကို ဆောင်ကြဉ်းနိုင်ခဲ့သည်။ ကွဲပြားခြားနားသော ပြည်သူတွေကို တပေါင်းတစည်းတည်းဖြစ်အောင် ဦးဆောင်နိုင်ခဲ့သည်။


(ဆက်လက်ဖော်ပြပါမည်)


(ပါမောက္ခ ဒေါက်တာ ရစ်ချက် ဂျွန်ဆင် (Richard L. Johnson) ပြုစုထားတဲ့ (Pilgrims in Quest of Truth and Perfection: Aung San Suu Kyi and her Forefathers, Mahatma Gandhi and Aung San) သုတေသန စာတမ်းလေးကို ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။

ပါမောက္ခ ဒေါက်တာ ရစ်ချက် ဂျွန်ဆင် (Richard L. Johnson) ဟာ Indiana တက္ကသိုလ်က ငြိမ်းချမ်းရေး နှင့် ပဋ္ဋိပက္ခ လေ့လာရေး ဋ္ဌာန၏ ဒါရိုက်တာဖြစ်ပါတယ်။ သူဟာ မဟတ္တမ ဂန္ဒီ နဲ့ အကြမ်းမဖက်ရေး အကြောင်းနဲ့ ပတ်သတ်ပြီး သင်ကြားပို့ချခြင်း၊ သုတေသန ပြုခြင်းများကို လုပ်နေသူပါ။ သူဟာ ဥရောပ၊ အာရှ နိုင်ငံများရှိ ပြည်တွင်း အကြမ်းဖက်မှု များနှင့် လှုပ်ရျားမှု များကို ဆန်းသစ်သော ရှုထောင့်ကနေ ချဉ်းကပ်နေသူပါ။

ကျွန်တော်လေးစားကြည်ညိုရသော မဟတ္တမ ဂန္ဒီ၊ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ဘဝ ဒဿန နဲ့ နိုင်ငံရေး ခံယူချက် အကြောင်း တတ်နိုင်သမျှ ကြိုးစားတင်ပြခြင်း ဖြစ်ပါသည်။ ဘာသာပြန်ရာတွင် လွဲချော်မှုများရှိပါက ကျွန်တော်၏ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါသည်။

မြန်မာဒုက္ခသည်များ အစည်းအရုံး (Burma Refugee Organization (Malaysia) ဝက်စ်ဆိုက်မှ အပိုင်းလိုက်ဖော်ပြမည်ဟု သိရပါသည်။

ဘာသာပြန်သူ….ဘလော့ခ်ဂါ အလင်းဆက် အကြံပေးသူများ….ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ ခမိခဆဲ


အာဇာနည်သား (၂)ဦး၏ မိခင်ကြီးအမေစု၏ ရင်တွင်းစကားနှင့် မဟတ္တမဂန္ဒီ၏ သုံးသပ်ချက်....

တစ်ပြိုင်နက် သားနှစ်ယောက်ဆုံးရသူ၏ ရင်တွင်းစကား (ဗိုလ်ချုပ်မိခင် အမေစု)

‘ ကျုပ်သားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဒီလို သတ္တိကြောင်တဲ့ အမှုမျိုးကို ငယ်ငယ်ရွယ်ရွယ်ကလေးကပင် ရှုတ်ချခဲ့တဲ့ လူဖြစ်ပါတယ်။ ဟိုတုန်းက ဗိုလ်ချုပ်ဟာ နယ်လှည့်ရင်း ကျုပ်ထံဝင်ပြီး ကန်တော့သွားတယ်။ အဲဒီတုန်းက ကျုပ်က စိုးရိမ်လွန်းလို့ ‘သားရယ် လူဆိုတာ အထက်ရောက်နေရင် သူတစ်ပါးက မနာလိုလို့ မကောင်းကြံစည်တာမျိုး ခံရတတ်တယ်။ အစစအရာရာ သတိထားပါသားရယ်’ လို့ပြောမိပါတယ်။ ဒီတော့ ကျုပ်သားကဗျာ – ဒါကတော့ ဘုရားတောင်မှ အတိုက်ခံရှိသေးတာပဲ။ ကိုယ်ကသာ လမ်းမှန်ကနေပြီး မှန်တဲ့အလုပ်ကို လက်ကိုင်ထားရင် ဘာမှ ကြောက်စရာ မလိုပါဘူးအမေရယ်၊ မစိုးရိမ်ပါနဲ့။ စစ်တိုက်နေတုန်းကတောင် မသေခဲ့သေးတာ။ ယခုတိုင်းပြည်နဲ့လူထုဟာ အရင်လိုမဟုတ်တော့ပါဘူး။ အကောင်းအဆိုး ဝေဖန်တတ်ပါပြီလို့ အားရပါးရ ရယ်ရယ်မောမောနဲ့ ပြောသွားခဲ့ပါတယ်။

ယခုတော့ကျုပ်သား ကိုအောင်ဆန်းဟာသူ အလွန်မုန်းတီးရွံရှာတဲ့ လုပ်ကြံနည်းကြောင့် ကွယ်လွန်သွား ရရှာပြီ။ ကျုပ်မှာချင်တာကတော့ သူ့ကိုလေးစားကြသလို ခေါင်းဆောင်များရဲ့ ညွှန်ကြားချက်ကို ပြည်သူလူထုက ယုံယုံကြည်ကြည် လေးလေးစားစားနဲ့ လိုက်နာပြီး မိမိတို့လိုလားတဲ့ ခရီးကိုရောက်အောင် ဆောင်ရွက်ကြဖို့ပါပဲ။ အဲဒီလိုဆောင်ရွက်လို့ ရည်ရွယ်ချက်ကို ရောက်ပြီဆိုရင် အဒေါ့်မှာ ခံစားရတဲ့ သားနှစ်ယောက်ဆုံးရှုံးရတဲ့ အပူမီးဟာ ငြိမ်းတန်သလောက် ငြိမ်းပါလိမ့်မယ်။

ဤစကားကား ဗိုလ်ချုပ်အောင်ဆန်း အစ်ကိုဖြစ်သူ ၀န်ကြီး ဦးဘ၀င်းနှင့် အခြားဝန်ကြီးများ လုပ်ကြံသတ်ဖြတ်ခံရစဉ်က သားနှစ်ယောက် တစ်ပြိုင်နက်ဆုံးခဲ့ရသော အမေစု၏ စကားများပင် ဖြစ်သည်။ ဗိုလ်ချုပ်တို့ ကျဆုံးသည်ဟု ကြားရသည်နှင့် အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီကလည်း ယခုလို သုံးသပ်ပြောကြားခဲ့သည်။
မြန်မာ့လွတ်လပ်ရေးကို တိုက်ပြီးလျှင် – မြန်မာ့လွတ်လပ်ရေးကို အိမ်တိုင်ယာရောက် ပို့ပေးခဲ့သော အာဇာနည် ပုဂ္ဂိုလ်များကို ယခုကဲ့သို့ သွေးအေးအေးနှင့် လုပ်ကြံသတ်ဖြတ်ခြင်းဆိုသည်မှာ ယုံကြည်စရာပင်မရှိချေ။ ကျွန်ုပ်သည် လွန်လေပြီးသော ခေါင်းဆောင်များ၏ ဆွေမျိုးဥာတိများကိုလည်းကောင်း၊ မြန်မာနိုင်ငံ အစိုးရကို လည်းကောင်း ကရုဏာသက်ပါ၏။ ယခုဖြစ်ရသည်မှာ သာမညလူသတ်မှု မဟုတ်ချေ။ ဤအမှု၏နောက်တွင် နိုင်ငံရေးလောဘဇော ရှိနေလိမ့်မည်။

ယခုအခါ ကမ္ဘာအရပ်ရပ်၌ နိုင်ငံရေးပြိုင်ဆိုင်မှုတို့တွင် ဤလောဘဇော ထကြွနေသော အချက်မျိုးကို တွေ့မြင်နေရသည်။ ဤအချက်သည် မနုဿလူသားတို့၏ နောင်ရေးအတွက် အတိတ်နိမိတ်ကောင်း မဟုတ်ချေ။ ထို့ကြောင့် ဤ၀မ်းနည်းဖွယ်ရာ အပျက်ကိုမူတည်၍ အိန္ဒိယနိုင်ငံသည် သင်ခန်းစာယူရမည်။ ဤအဖြစ်သည် မြန်မာနိုင်ငံအတွက်သာလျှင် ၀မ်းနည်းကြေကွဲဖွယ်ရာ မဟုတ်။ အာရှ အတွက်လည်း ၀မ်းနည်းကြေကွဲစရာဖြစ်သည်။ ကမ္ဘာတစ်ခုလုံးအတွက်လည်း ၀မ်းနည်းကြေကွဲစရာဖြစ်သည်။

(မဟတ္တမဂန္ဒီ)

(သန်းဝင်းလှိုင်ပြုစုသော ဂဠုန်ဦးစော၏နောက်ဆုံးနေ့များ စာအုပ် နှာ / ၂၄-၂၆)


ပေးပို့ပေးသူအား ကျေးဇူးတင်ပါသည်။

(၆၃)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ.... မိန့်ခွန်း... ဓာတ်ပုံ....

ဒီဇိုင်း Thein H (Hlaingbwe)


ကျွန်တော်တို့ လွပ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသံဖိုင် .. ဓာတ်ပုံ .. ရုပ်သံတွေပါ... နားထောင်ကြည့်ကြပါ.... NLD(LA)JB Youth




" အလေးပြုပါတယ် "
ဒေါ်မေလှမြိုင်သီချင်းပါ ... ကိုသော်ကြီး စီစဉ်ပါသည်....


" အလေးပြုပါကြပါစို့ "

အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အလေးပြုနိုင်ကြဖို့ Burma Campaign Japan မှ ဥသြဆွဲသံကို ထုတ်လွှင့်ပေးပါမယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံ သတ်ဖြတ်ခံရတဲ့အချိန် မနက် ၁ဝ နာရီ ၃၇ မိနစ် (မြန်မာစံတော်ချိန်) အတိုင်း ဂျပန်စံတော်ချိန်နဲ့ဆိုရင် မနက်ဖြန် (၁၉-၇-၂ဝ၁ဝ) နေ့လည် ၁ နာရီ ၇ မိနစ်မှာ ဥသြဆွဲသံကို တိုက်ရိုက် အသံလွှင့်ပါမယ်။ ထိုင်းနိုင်ငံကနေ နားထောင်မယ်ဆိုရင် မနက် ၁၁ နာရီ ၇ မိနစ် ဖြစ်ပါတယ်။ နိုင်ငံတကာ တိုင်းပြည်တွေသာမက မြန်မာနိုင်ငံကလည်း အဲဒီအချိန်မှာ တိုက်ရိုက် နားထောင်နိုင် ပါမယ်။

http://www.burmacampaign.net မှာ သွားကြည့်နိုင်ပါတယ်။

အာဇာနည်ဗိမာန် ....

အာဇာနည်ဗိမာန်


သြော် … အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့်နှော

အခေါင်မမြန်းခင်က အောင်စာတမ်း ချို့စေဘို့ အောင်ပန်းညှို့ရရှာတဲ့

တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်

အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်

သောင်းမြန် မရဏာ စမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်

ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်။



သြော် … တပည့်အရင်းတွေမို့ ကဝိမတင်းနိုင်ဘုကွဲ့၊

သတိကင်းကာ မျက်ရည်ကျကျပြီး၊

ခက်ကပြီ လက်ဆည်မရနိုင်ဘု၊

သောက ဘလောင်ဆူတော့ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊

ယခေါင်မူ ယမန်သနစ်တွေပေါ့၊

ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်း ဒီဇမ္ဗူရမ်းနေကြ၊

ကျန်ရစ်တဲ့ မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်၊

လူကြမ်း ဓပြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊

ဘေးအပေါင်းကြီးစွာ ဝေဒနာ အစုံနဲ့၊

သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်၊

ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊

သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊

သားရင်း ရှင်တရုပ်ကယ်က၊

ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်၊

ဒဝယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊

ဟိုအရင်ယမန် နန်းတော်စီးစဉ်က၊

အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေဆုံးပုံနဲ့၊

တထုံး နောက်တနဲမှာတော့၊

မင်းရဲရန္တမိတ်ခမြာမှာ ညီသနင်းပေပေါ့၊

ပြည်မင်းဂုဏ်ခံလို့၊

မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊

တလိုင်းနယ် ရွေပြည်တခွင်မတော့၊

ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက၊

လက်ရုံးရည် တသိန်လျှမ်းပေတဲ့၊

သမိန်ဘရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊

မဟုတ်တရုတ် အကောင် တေလေတစ္ဆေကိုက်တာနဲ့၊

သြော်…..ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊

မရေမရာ သေရွာဆိုက်သလိုပါ့၊

အခိုက်အခါတူလို့မို့၊

ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊

ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်၊

မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်၊

ငါတလူ ငါသရမ်းရော့မဟဲ့လို့

သာခန်း ပလ္လင်ညွှန်းပြီး၊

မြင်ကွန်းပိုင် သူပုန်ထစဉ်က၊

ကြုံရသူ မသာတော်နှင့်၊

ပမာသော် တူတယ်လို့နှိုင်းမိတယ်၊

ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်၊

စကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့၊

မှိုင်းရဲ့စိတ်ထင်။



မင်းစိတ် မင်းမာန် အကြံအဖန်တင်းလိုက်ပုံက၊

အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊

ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊

ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊

တကောင်းရာဇဝင်ကိုတဲ့ ဆက်ချင်သကော။


နန်းမြို့တည်ရန်၊

မှန်းလို့ရည်ကာသန်တဲ့ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊

ထိုထိုလူခပဲကို မကြည်ညိုတဲ့၊

ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့၊

တနွေးနွေး မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက၊

သြော် ... အမှောင်စရိုက်ကယ်နှင့်၊

ပြောင်ပြောင်ဘဲ မိုက်မပေါ့လို့၊

ပြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့၊

ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့၊

ဖြေမကြည် နေရီတော့လွမ်းစေဘို့၊

မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊

အစွမ်းကုန် သည်တခါဖြင့်၊

ပြည်ရွာ ညီညာဘို့အလုပ်ပေပေါ့၊

သုဿန် တံခွန်စောင်းရရှာတဲ့၊

ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်၊

အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊

အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်၊

ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်၊

ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊


မြန်မာမတော့ ပူစရာဘို့၊

တဗျူဟာ အောင်ခမန်းတွင်မှ၊

လူမသမာ အမှောင်သန်းချိန်မို့၊

သောင်ကမ်းမို့မို့ဆီက၊

ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊

သြော် … တောင်နန်း မြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့၊

အခေါင်မမြန်းရခင်က အောင်ပန်းညှို့ ရရှာတဲ့၊

အောင်ဆန်းတို့ သေပုံနှမြော။ ။

‎(သခင် ကိုယ်တော်မှိုင်း)‎



ကျွန်တော်တို့ဟာ ဒီနေရာ၊ ဒီမြေပြင်ကို ပိုမိုကျယ်ပြန်တဲ့ သဘောနည်းနာ အရတော့ မြင့်မြတ်တဲ့ နယ်မြေအဖြစ် မသမုတ်နိုင်ပါဘူး။ ဒီမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းများ (ကျဆုံးသူများရော အသက်ရှင်နေ သူများပါ)၊ အဲဒီသူရဲကောင်းများက ကျွန်တော်တို့ရဲ့ နုံနဲ့လှတဲ့ အာဏာနဲ့ ထပ်ဖြည့်ဖို့၊ နှုတ်ယူဖို့ မလိုအောင် ဒီနေရာကို မြင့်မြတ်တဲ့ နယ်မြေအဖြစ် သမုတ်ခဲ့ပြီးဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီမှာပြောခဲ့တဲ့ စကားတွေကို ကမ္ဘာက ကြာရှည်လေးမြင့် မှတ်မှတ်ရရ ဖြစ်မှာမဟုတ်ပေမဲ့ အဲဒီ သူရဲကောင်းတွေရဲ့ လုပ်ရပ်ကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အသက်ရှင်နေတဲ့ ကျွန်တော်တို့ရဲ့ တာဝန်က ဒီမှာ တိုက်ပွဲဝင်ခဲ့ကြသူများ ရှေ့က စွမ်းစွမ်းတမံ လုပ်ပြသွားတဲ့ မပြီးသေးတဲ့ လုပ်ငန်းတွေမှာ ဘ၀ကိုမြှုပ်နှံ လုပ်ကိုင်ကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရှေ့မှာ ကြီးမားမြင့်မြတ်တဲ့ လုပ်ငန်းတွေ ရှိပါတယ်။


အမေရိကန်သမ္မတ လင်ကွန်းရဲ့ ကမ္ဘာကျော် ဂက်တီးစဘက်မိန့်ခွန်းမှ




စုဆောင်းတင်ပြသူ ဘလော့ဂါ အလင်းဆက်
(၁၇. ဇူလိုင်လ.၂၀၁၀)

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစား ကြည်ညိုသောအားဖြင့်ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ၏ စည်းရုံးရေးစွမ်းရည်....

ဗိုလ်ချုပ်အောင်ဆန်း ၏ စည်းရုံးရေးစွမ်းရည်

မြန်မာ့ လွပ်လပ်ရေးသမိုင်းကို မှတ်တန်းတင်ရေးသားသည်ရှိသော် ၁၉၄၇-ခုနှစ်ဆန်းက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာ့လွတ်လပ်ရေးကိစ္စအရေးဆိုရန် ရန်ကုန်မြို့မှ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်ကိုလည်းကောင်း၊ ဗိုလ်ချုပ်တို့ အဖွဲ့နှင့် ဗြိတိသျှနန်းရင်းဝန် (၀န်ကြီးချုပ်) မစ္စတာအက်တလီဦးဆောင်သည့် ဗြိတိသျှကိုယ်စာလှယ်အဖွဲ့တို့ ၁၉၄၇-ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့မှစ၍ လန်ဒန်မြို့ရှိ ကမ္ဘာကျော် လိပ်စာတစ်ခုဖြစ်သော အမှတ် ၁၀၊ ဒေါင်းနင်းလမ်း (No. 10, Downing Street)တွင် စတင်ဆွေးနွေးခဲ့သည်ကို လည်းကောင်း ချန်လှပ်ထားလိုက်ပါက ပြီးပြည့်စုံမည် မဟုတ်ချေ။


ထိုနှစ်ဆန်းက သမိုင်းတွင်ကျန်ရစ်မည့် ရက်စွဲတစ်ခုကား ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ရက်နေ့ပင် ဖြစ်သည်။ အကြောင်းမူကား ထိုနေ့တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လုံးဝလွပ်လပ်ရေး ပေးပါတော့မည်ဟု အာမခံချက်ပေးသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကိုအောင်မြင်ချောမောစွာ လက်မှတ်ရေးထိုး လိုက်ကြသောကြောင့်ပင်တည်း။

‘လုံးဝလွတ်လပ်ရေး’ ဆိုသည်မှာလည်း မြန်မာပြည်မနှင့်တကွ တောင်တန်းဒေသရှိ လူမျိုးစုများနေထိုင်ရာဒေသ (ပြည်နယ်) များ အပါအ၀င် UNION ‘ယူနီယံ’ ခေါ် ‘ပြည်ထောင်စု’ ပုံစံအဖြစ် လွတ်လပ်ရေးပေးခြင်းကို ဆိုလိုပေသည်။


(မှတ်ချက်။ ။ ၂၇-၁-၄၇ နေ့တွင် ‘အောင်ဆန်း-အက်တလီစာချုပ်’ လက်မှတ်ရေးထိုးပြီးနောက် ၁၉-၇-၄၇ နေ့တွင် ဗိုလ်ချုပ်နှင့် တကွ အပေါင်းအပါ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ ကျဆုံးသွားလင့်ကစား ဗိုလ်ချုပ်၏ ဦးဆောင်မှုဖြင့် ဆွေးနွေးတောင်းဆိုရာမှ ရရှိခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’သည် ပျက်ပြယ်မသွားခဲ့ပါချေ။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းနေရာ ဆက်ခံရန်၊ တာဝန်ဆက်လက်ယူရန် ဗြိတိသျှဘုရင်ခံက ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သခင်နု (ဦးနု)ကို ဖိတ်ခေါ်ခန့်ထားပြီးနောက် မကြာမီ ဦးနု ကိုယ်တိုင် ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြို့သို့ သွားရောက်၍ လွတ်လပ်ရေးအပြီးသတ် အစီအစဉ်အဖြစ် ‘နု-အက်တလီစာချုပ်’ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။)


မည်သို့ပင်ဖြစ်စေ ‘တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးပေးပါမည်’ ဟု ဗြိတိသျှ အစိုးရက အာမခံချက်ပေးခဲ့သည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ အရ မြန်မာနိုင်ငံသည် ၁၉၄၈-ခု၊ ဇန်န၀ါရီ ၄ ရက်နေ့၊ နံနက် ၄နာရီ မိနစ်၂၀ မှစ၍ ‘ပြည်ထောင်စုသမ္မတနိုင်ငံ’ အဖြစ် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သောကြောင့် ယင်းသို့ တကယ်လွတ်လပ်ရေးရချိန်၌ သူ အသက်ထင်ရှား မရှိတော့လင့်ကစား သူ၏ဦးဆောင်ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရခဲ့ခြင်းဖြစ်လေရာ ဗိုလ်ချုပ်အောင်ဆန်းအား ‘လွတ်လပ်ရေးဗိသုကာ’ ဟု ဂုဏ်ပြုတင်စား ခေါ်ဝေါ်နေကြခြင်းဖြစ်သည်။

ယနေ့လူငယ်များ အထူး သိရှိမှတ်သားကြစေချင်သည်ကား လွတ်လပ်ရေး အတွက် ၂၇-၁-၄၇ နေ့က လန်ဒန်မြို့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’ကို ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အခက်အခဲမရှိ လွယ်ကူချောမောစွာ ချုပ်ဆိုနိုင်ခဲ့ခြင်း မဟုတ်ဟူသော အချက်ပင်တည်း။

ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်မြို့သို့ရောက်ပြီး ၀န်ကြီးချုပ် မစ္စတာအက်တလီ ခေါင်းဆောင်သော ဗြိတိသျှအစိုးရအဖွဲ့နှင့် စတင်ဆွေးနွေးကြသည့် ၁၉၄၇-ခု၊ ဇန်န၀ါရီလ ၁၃ ရက်နေ့ကပင် သူ၏လိုလားချက်ကို ဘွင်းဘွင်းနှင့် ပြတ်သားစွာပင် တောင်းဆိုခဲ့သည်။ သူ့အနေဖြင့် မြန်မာနိုင်ငံ ပြည်မအတွက်သာမက တောင်တန်ဒေသရှိ တိုင်းရင်းသားလူမျိုးစုအတွက်ပါ ကိုယ်စားပြု၍ လာရောက်ခြင်းဖြစ်ကြောင်း၊ လိုချင်သည့် လွတ်လပ်ရေးပုံစံကလည်း ပြည်မနှင့် တောင်တန်းဒေသနေ လူမျိုးစုများ၏ ဒေသနယ်ပယ် (ပြည်နယ်) များ စုပေါင်းဖွဲ့စည်းအပ်သည့် UNION ‘ပြည်ထောင်စု’ အသွင်မျိုးဖြစ်ကြောင်းကို ရဲဝံ့ပြတ်သားစွာ ပြောခဲ့ခြင်းဖြစ်သည်။


ယင်းသို့ ဆွေးနွေးပွဲတွင် စတင်အရေးဆိုနေဆဲမှာပင် အနှောက်အယှက်၊ အထစ်အငေါ့တစ်ခု ပေါ်လာပါတော့သည်။



ယင်းကား ဗြိတိသျှ အစိုးရထံသို့ မြန်မာနိုင်ငံမှ ကြေးနန်းတစ်စောင် ရောက်လာခြင်းဖြစ်သည်။ ကြေးနန်းစာတွင် ယခု လန်ဒန်ရောက်နေသူ အောင်ဆန်းသည် တောင်တန်ဒေသ တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားမပြု၊ အထူးသဖြင့် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသူမဟုတ်၊ မြန်မာပြည်မ၏ ကိုယ်စားလှယ်သာဖြစ်ကြောင်း ပါရှိလာပြီး ကြေးနန်းစာ၏ အောက်တွင် ရှမ်းစော်ဘွားနှစ်ဦး၏ အမည် ပါလာသည်။

ဤတွင် ဗြိတိသျှ အစိုးရက အဆိုပါ ကြေနန်းစာကိုပြပြီး ဗိုလ်ချုပ်အောင်ဆန်းအား ‘မင်းပြောသလို တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြု အရေးဆိုပိုင်ခွင့်မရှိ’ဟု ပြောပါသည်။

ကြေးနန်းစာကြောင့် သခင်မြစသော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် အထူးစိုးရိမ် တုန်လှုပ်သွားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကမှု ယခုကြေနန်းရိုက်သူ စော်ဘွားနှစ်ဦးသည် လူနည်းစုသာဖြစ်ကြောင်းသိသဖြင့် ဣနြေ္ဒမပျက်ချေ။

ရှမ်းစော်ဘွားနှစ်ဦးက ဗြိတိသျှအစိုရထံ ကြေးနန်းရိုက်လိုက်ကြောင်းကို ရန်ကုန်မြို့ရှိ ဖဆပလဋ္ဌာနချုပ်မှ တာဝန်ရှိလူကြီးများက ကြားသိရလေရာ ချက်ချင်းပင် တန်ပြန်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ကြပါသည်။

ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးတင်အေး (နောက်ပိုင်း နိုင်ငံတော် ကောင်စီဝင်)၊ ဦးထွန်းမြင့် (တောင်ကြီး) တို့နှင့်တိုင်ပင်၍ ဗိုလ်ချုပ်အောင်ဆန်းအား အလေးအနက် ထောက်ခံသည့် လူထုစည်းဝေးပွဲတစ်ရပ် ပြုလုပ်ရန် ဗိုလ်မှုးအောင် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) နှင့် ဦးဖေခင် (နောက်ပိုင်းသံအမတ်ကြီး၊ အငြိမ်းစား) တို့အား တောင်ကြီးမြို့သို့ စေလွှတ်လိုက်ပါသည်။

ဦးတင်အေးနှင့် ဦးထွန်းမြင့် (တောင်ကြီး) တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွှင်းမဲ့ လက်ခံ ယုံကြည်သူများဖြစ်သည့်ပြင် အလွန်တက်ကြွသော လူငယ်များဖြစ်သည့်အလျောက် သူတို့ခေါင်းဆောင်သည့် ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ် သည် ရှမ်းပြည်နယ်တွင် အထူးသြဇာညောင်းပြီး လူငယ်ထုအား စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် ဦးတင်အေး အမှုးပြုသော အဖွဲ့ချုပ်ခေါင်းဆောင်များက ပြည်နယ်အတွင်းရှိ မြို့နယ်အဖွဲ့ခွဲများအား စော်ဘွားနှစ်ဦး ဘိလပ်သို့ ကြေးနန်းရိုက်ခြင်းကို ကန့်ကွက်ရှုတ်ချသည့် အစည်းအဝေးများ ပြုလုပ်၍ ဆန္ဒ ပြကြရန် ညွှန်ကြားလိုက်သည်။ ထို့ပြင် တောင်ကြီးမြို့နယ်တွင် လူတန်းစား အလွှာအသီးသီးပါဝင် သည့် လူထုစည်းဝေးပွဲကြီးတစ်ရပ် ကျင်းပရန် စီစဉ်လိုက်သည်။ ယင်းလူထုစည်းဝေးပွဲသို့ တက်ရောက်သူလူဦးရေမှာ နှစ်ထောင်ကျော်ရှိရာ မြန်မာပြည်မတွင်ဆိုလျှင် ပရိတ်သတ် မများလှဟုဆိုနိုင်သော်လည်း ရှမ်းပြည်နယ်အဖို့မှာမူ မကြုံစဖူး ထူးကဲစွာ အင်အားပြလိုက်သော ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ခဲ့သည်။ ယင်းအစည်းအဝေးကြီးက ရှမ်းပြည်နယ်အနေဖြင့် မြန်မာပြည်မနှင့်အတူ တစ်ပြိုင်တည်း လုံးဝလွတ်လပ်ရေး တောင်းဆိုကြောင်းနှင့် ပြည်မနှင့်အတူ တောင်တန်းဒေသ ပြည်နယ်များ စုပေါင်းဖွဲ့စည်းအပ်သော ‘ပြည်ထောင်စု’ အသွင်ဖြင့် လုံးဝလွတ်လပ်ရေးရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ တောင်းဆိုချက်ကို အကြွင်းမဲ့ထောင်ခံပါကြောင်း တခဲနက် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အစည်းအဝေးကို ကြွေးကြော်သံများဖြင့် ရုတ်သိမ်း၍ စနစ်တကျ တန်းစီလှည့်လည်ကာ ဗြိတိသျှအစိုရ တောင်တန်ဒေသ အုပ်ချုပ်ရေးရုံးရှေ့သို့သွားပြီး ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်ကြွေးကြော် ဆန္ဒပြခဲ့ကြသေးသည်။ ဤကား ရှမ်းပြည်နယ် သမိုင်းတွင် ပထမဆုံးအကြိမ် ပြည်သူလူထု၏ နိုင်ငံရေး ဆန္ဒပြမှုကြီးပင် ဖြစ်တော့သည်။


ထိုနေ့မှာပင် ဦးတင်အေး၊ ဦးဖေခင်တို့ အဖွဲ့က ရန်ကုန် ဖဆပလ ဋ္ဌာနချုပ်နှင့် လန်ဒန်မြို့ရောက် ဗိုလ်ချုပ်အောင်ဆန်းတို့ထံသို့ လူထုစည်းဝေးပွဲကြီး၏ ဆုံးဖြတ်ချက်ကို အမြန်ကြေးနန်းရိုက် အကြောင်းကြားလိုက်ကြသည်။

ဗိုလ်ချုပ်ကလည်း ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီအား တောင်ကြီးမြို့ လူထုအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက်ကို ထုတ်ပြလိုက်သောအခါ ‘အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု’ ဟူသော စော်ဘွားနှစ်ဦး၏ ကြေးနန်းသည် အလိုအလျောက် ပျက်ပြယ်သွားလေတော့သည်။

သို့နှင့်ပင် ဗိုလ်ချုပ်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှ အစိုရတို့ ညှိနှိုင်း ဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်ခဲ့ရာ နောက်ဆုံး၌ ဗြိတိသျှတို့သည် မတတ်သာတော့ဘဲ မြန်မာနိုင်ငံအား ‘ပြည်ထောင်စု’ ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၂၇-၁-၄၇ နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။

သို့ရာတွင် မစ္စတာ အက်တလီဦးဆောင်သော ဗြိတိသျှအစိုးရသည် ၀န်ကြီးချုပ်ဟောင်း ‘ချာချီ’ ဦးဆောင်သည့် ‘ကွန်ဆာဗေးတစ်’ ပါတီ၏ ဖိအားပေးမှုကြောင့် ‘အောင်ဆန်း-အက်တလီစာချုပ်’ တွင် မသိမသာ လှည့်ကွက်သဖွယ် ‘၀ှက်ဖဲ’ တစ်ခု ထည့်သွင်းရေးသားထားလေသည်။ ယင်း ‘၀ှက်ဖဲ’ ကတော့ ဤသို့ဖြစ်သည်။

‘အောင်ဆန်း-အက်တလီစာချုပ်’ ၏ အပိုဒ် ၃(ဂ) တွင် -

‘တောင်တန်းဒေသ ပြည်နယ်များအတွက်မူ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များကိုယ်တိုင်က မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ ‘ယူနီယံ’ ခေါ် ပြည်ထောင်စုပုံစံဖြင့် နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုးပေးကြရမည်’ ဟု ထည့်သွင်းထားခြင်းပင်ဖြစ်သည်။

ဤကား တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ပြည်နယ်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းအား ‘စိန်ခေါ်’ လိုက်ခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်ကလည်း ယင်းစိန်ခေါ်ချက်ကို ရဲဝံစွာပင် လက်ခံကာ ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ အရောက် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။


ထိုအချိန်၌ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များ၏ စုံညီအစည်းအဝေးကို ရှမ်းပြည်နယ် ပင်လုံမြို့၌ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီးဖြစ်ရာ ဗြိတိသျှတို့က ဗိုလ်ချုပ်အောင်ဆန်းအား အဆိုပါ ‘ပင်လုံအစည်းအဝေး၌ လူမျိုးစု ခေါင်းဆောင်များ၏ သဘောတူ လက်ခံကြောင်းစာချုပ် လက်မှတ်ရေးထိုးအောင် တတ်နိုင်လျှင် လုပ်ပြပါလော့’ ဟုစိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

ဗိုလ်ချုပ်တို့ ဗြိတိန်နိုင်ငံရောက်နေချိန်တွင် မြန်မာပြည်ရှိ ဗြိတိသျှအစိုရ တောင်တန်းဒေသ အုပ်ချုပ်ရေးဋ္ဌာနမှ ‘စတီဗင်ဆင်’ဆိုသူ ဦးဆောင်သော နယ်ချဲ့လက်ပါးစေများသည် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် သွေးခွဲနေခဲ့ကြသည်။

‘အောင်ဆန်းတို့ကို မယုံကြနဲ့၊ သူနဲ့ပေါင်းရင် ခင်ဗျားတို့ ဒုက္ခရောက်မှာပဲ၊ ဗြိတိသျှအုပ်စိုးမှု အောက်မှာပဲနေမှ ခင်ဗျားတို့သက်သာမယ်’ စသည်ဖြင့် ခြေထိုးသွေးခွဲသလို တစ်ဖက်ကလည်း နိုင်ငံခြားမှ အကောင်းဆုံး အရက်ယမကာများ၊ စားကောင်းသောက်ဖွယ်များဖြင့် ဖြားယောင်းစည်းရုံးမှုကြောင့် လူမျိုးစုခေါင်းဆောင်အချို့သည် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် လက်မှတ်ထိုးသင့်၊ မထိုးသင့် စဉ်းစားရာ၌ တွေဝေလျက် ရှိကြသည်။

ထို့ကြောင့်လည်း ဗိုလ်ချုပ်သည် လန်ဒန်မြို့၌ တစ်လလုံးလုံး အလွန်ပင်ပန်းစွာ အလုပ် လုပ်ခဲ့ရပြီးနောက် ရန်ကုန်ပြန်ရောက်သောအခါ အနားယူ အပန်းဖြေရန်ပင် စိတ်မကူးတော့ဘဲ ပင်လုံသို့ ဖေဖေါ်ဝါရီလ ၈ ရက်နေ့အရောက် ခရီးထွက်ခဲ့ပါသည်။


ဗိုလ်ချုပ် ပင်လုံသို့ရောက်သွားချိန်၌ အခြေအနေမှာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကျင်းပမည့် ပင်လုံညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာဖြင့် လက်မှတ်ရေးထိုးကြပါ့မလား ဟုစိုးရိမ်ဖွယ် ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်ပါသည်။

ယင်းအခြေအနေကို ကောင်းစွာသိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ယုံကြည်ထောက်ခံသူ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနောင်၊ မိုင်းပွန်စော်ဘွားကြီး (အာဇာနည်ခေါင်းဆောင်) နှင့်တကွ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့မှ ဦးတင်အေး၊ ဦးထွန်းမြင့် (တောင်ကြီး)၊ အိုင်စီအက်စ် ဦးတင်ထွဋ်၊ ဦးဖေခင် စသောပုဂ္ဂိုလ်များက ပင်လုံရောက် ကိုယ်စာလှယ်များအား အလျင်အမြန် စည်းရုံးလှုပ်ရှားမှုဖြင့် နှစ်နာရီ အတွင်း ကိုယ်စားလှယ်ပေါင်းစုံပါဝင်သော အစည်းအဝေးတစ်ခု ဖြစ်မြောက်သွားပါတော့သည်။

ယင်းအစည်းအဝေးသို့ ဗိုလ်ချုပ်ကိုယ်တိုင်တက်ရောက်ပြီး ‘ယူနီယံ’ ခေါ် ပြည်ထောင်စု အသွင်ဖြင့် ပြည်နယ်များနှင့် ပြည်မတို့ ပူးပေါင်းဖွဲ့လျက် လွတ်လပ်ရေး ရယူခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း အချက်အလက် စုံလင်စွာဖြင့် ရှင်းလင်းပြောပြရာ အားလုံးက နားလည်သဘောပေါက်သွားပြီး လက်ခံသဘောတူညီသွားကြလေသည်။

ထိုနေ့ကား ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ပင်ဖြစ်သည်။

တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ (ဖေဖေါ်ဝါရီလ ၁၂) ဖြစ်ပေါ်လာစေသည့် ပင်လုံညီညွတ်ရေး စာချုပ်ကြီး ဖြစ်မြောက်အောင်မြင်ရန် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေကျမှပင် သေချာသွားခဲ့ပါသည်။


ထိုအချိန်၌ ‘စတီဗင်ဆင်’ ဦးဆောင်သော ဗြိတိသျှနယ်ချဲ့လက်ပါးစေအုပ်စုကတော့ နောက်ဆုံးအခြေအနေကို မသိကြသေး။ သူတို့သွေးခွဲ ခြေထိုးထားသည့်အတိုင်း ပင်လုံစာချုပ် မည်သို့မှ ဖြစ်မြောက်နိုင်မည် မဟုတ်ဟု တထစ်ချ ထင်နေကြဆဲပင် ဖြစ်သည်။

တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့်တကွ ကချင်ဒူဝါများ၊ ရှမ်ပြည်နယ်မှ နယ်ရှင်စော်ဘွားများသည် ဗိုလ်ချုပ်၏ နှလုံးသားအတွင်း အခိုင်အမာ ကိန်းအောင်းနေသည့် ‘ပြည်ထောင်စုစိတ်ဓါတ်’ အကြောင်း ကောင်းစွာသိမြင် သဘောပေါက်သွားကြပြီ ဖြစ်လေသည်။

ထို့ကြောင်ပင် နောက်တစ်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှုးပြုသော ကိုယ်စာလှယ် ၂၂ဦး တို့သည် သမိုင်းဝင် ‘ပင်လုံညီညွတ်ရေး စာချုပ်ကြီး’ ကို တစ်ယောက်ပြီးတယောက် ဆက်တိုက် လက်မှတ်ရေးထိုးလိုက်ကြသည်။

ဤကား ၁၉၄၂-ခုနှစ် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ခေတ်မှစ၍ ဗိုလ်ချုပ်အနေဖြင့် အထူးကြိုးစာ တည်ဆောက်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်ပြီးခေတ် ဖဆပလ အဖွဲ့ချုပ် သို့မဟုတ် အမျိုးသားတပ်ဦးကြီး၏ ဥက္ကဋ္ဌအဖြစ် တိုင်းရင်းသားလူမျိုးစု များအား တရင်းတနှီး စည်းရုံးခဲ့ခြင်း၊ (၂၆-၉-၄၆) နေ့တွင် အစိုးရ အာဏာရရှိပြီး နောက်တွင်လည်း တောင်တန်းဒေသများသို့ ကိုယ်တိုင်သွားရောက်လျက် သွေးချင်းလူမျိုးစုများအား အပင်ပန်းခံ စည်းရုံးခဲ့ခြင်းတို့၏ ရလဒ်ပင်တည်း။


တစ်နည်းအားဖြင့် ဗိုလ်ချုပ်သည် သူ၏ စည်းရုံးရေးစွမ်းရည်ဖြင့် ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်’ ဟူသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့မြေပုံပေါ်တွင် ထင်ရှား ပေါ်လွင်စွာ ရေးဆွဲဖန်တီးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသတည်း။

တက္ကသိုလ်နေဝင်း
စတိုင်သစ်မဂ္ဂဇင်း (ဖေဖေါ်ဝါရီ-၁၉၉၅)



စုဆောင်းထုတ်နုတ်တင်ပြသူ...ဘလော့ခ်ဂါ အလင်းဆက်

၁၇.ဇူလိုင်လ. ၂၀၁၀

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည် သူရဲကောင်း များကို လေးစား ကြည်ညိုသောအားဖြင့် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။


သမိုင်းဆိုတာ သမိုင်းကောင်းတဲ့ သူတွေအတွက် ကောင်းတဲ့ မှတ်တမ်းတွေ ဖြစ်လာသလို သမိုင်းမကောင်းတဲ့ သူတွေအတွက်လည်း ဆိုးတဲ့ မှတ်တမ်းတွေ ရှိလာတာပါ။ သမိုင်းကို ဖျောက်ဖျက်လို့မရသလို လုပ်ကြံဖန်တီးလို့ မရပါဘူး။ မိမိအာဏာရှိစဉ် တန်ခိုးထွားချိန်မှာ သမိုင်းကို လိမ်လည် လှည့်ဖျားဖျောက်ဖျက် ရေးသားပေမယ့်လည်း တစ်ချိန်မှာ သမိုင်းမှန်ဆိုတာ ပေါ်လာစမြဲပါ။ ကိုယ့်သမိုင်းကိုယ်ရေးပါတယ်... မိမိသမိုင်းကြောင်း ကောင်းဆိုးကို သားစဉ်မြေးဆက် ကောင်းတာကိုလည်းခံရသလို ဆိုးတာကိုလည်း ခံရစမြဲပါ...

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လုပ်ကြံခဲ့တဲ့ ဂဠုန်ဦးစောရဲ့ သမိုင်းဆိုးမွေကို ကျန်ရစ်တဲ့ မိသားစု သားသမီးတွေက ခေါင်းမဖော်နိုင်အောင် ခံနေရဆဲပါ။ ဆိုခဲ့သလို သမိုင်းအလှည့် အပြောင်းကြောင့် ကောင်းမွန်တဲ့ ခေတ်သစ် စံနစ်သစ်တစ်ခုကို ရောက်ခဲ့ပြန်ရင်လည်း မိမိပြုလုပ်ခဲ့တဲ့ သမိုင်းဆိုးမွေတွေကို သားစဉ်မျိုးဆက် ခံရနိုင်တယ်ဆိုတာ လက်ရှိ စစ်ခေါင်းဆောင်တွေ ဂဠုန်ဦးစောရဲ့ ကျန်ရစ်သူ မိသားစုကို ကြည့်ပြီး နားလည်သင့်ပါတယ်.... နောက်ဆုံး မိမိအာဏာရှိစဉ် အခိုက်အတန့်မှာ သမိုင်းဆိုးကို အကောင်းနဲ့ ပြုပြင်ပြောင်းလဲနိုင်ဖို့ အချိန်မှီပါသေးကြောင်း တင်ပြလိုက်ရပါတယ်။

DMWY