ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ငြိမ်းချမ်းမှုအတွက် ပျံသန်းခြင်း...

ငြိမ်းချမ်းမှုအတွက် ပျံသန်းခြင်း

“ငါနေထိုင်ရာဘ၀မှာ ကံကြမ္မာရဲ့ ပြောင်းလဲခြင်းနောက် xxx လိုက်ပါလွင့်မျှောရင်း ငါကိုယ်တိုင် ဖန်တီးဘ၀ xxx အရာထင်ခြင်းများလဲမရှိတော့ ငါကျရှုံးနေ … အတိတ်တွေခြောက်လှန့်နေ ညတွေ ရူးသွပ်နေဆဲလား xxx မနေ့က အတိုင်းပဲလား စိုးရွံ့ခြင်းများစွာနောက်နေ့ ” အထက်ပါ သီချင်းစာသားကတော့ လူငယ် တေးရေး/တေးဆို- Japan ၏ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက် ကိုယ်တိုင်ရေးသား၍ သီဆိုပေးထားသော “နိဗ္ဗာန်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

“ မင်းရဲ့ရှေ့မှာ သန်းပေါင်းများစွာ သွားလိုက်ကြ ဒီလမ်းမှာ xxx မင်းလည်းတစ်နေ့မှာ သန်းပေါင်းများစွာ ထဲကတစ်ယောက် ဖြစ်ဦးမှာ ” အထက်ပါ သီချင်းသည်လည်း လူငယ်များဖြစ်ကြသော တေးရေး - ဖိုးလ၊ တေးဆို - Alta တို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ရေးသား သီဆိုပေးထားသော “ခေါင်းလောင်းသံ” အမည်ရှိ တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများကို အများပြည်သူတို့မှ လက်ခံယုံကြည်ကြ သလို အနုပညာလောကအတွင်းမှ စာပေ၊ ပန်းချီ၊ ဂီတ အဖွဲ့ဝင်များကပါ တစ်ထောင့်တစ်နေရာမှ ပါဝင် လှုပ်ရှားမှုများ ပြုလုပ်နေကြပြီ ဖြစ်ပါသည်။ အထူးအားဖြင့် ဂီတလောကမှ ဂီတပညာရှင်ကြီးများ ဖြစ်ကြသော ကိုစိုးပိုင်၊ မေခလာ၊ ကိုနေ၀င်း၊ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ စိုးသိင်္ခ တို့သည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် အတူလက်တွဲ၍ အများပြည်သူအတွက် လူမှုရေးလုပ်ငန်းများကို အထောက်အကူပြု တေးဂီတ သီချင်းများကို မေတ္တာစေတနာဖြင့် ပါဝင်လှုပ်ရှား ဒါနပြု ပေးဆပ်ကြ သလို လူငယ် ဂီတပညာရှင်များမှလည်း စိတ်ဝင်တစား တတပ်တအားဖြင့် အတူလက်တွဲ၍ ကျွန်တော် တို့ ရည်မှန်းထားသော ငြိမ်းချမ်းရေး ပန်းတိုင်သို့ အတူပျံသန်းကြသည်မှာ ကမ္ဘာမြေကြီးအတွက် လူမျိုးအတွက် တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သော အဖြူထည် ပေးဆပ်မှုပင် ဖြစ်တော့သည်။

ဂီတပညာရှင်တို့သည် လူလူချင်း စာနာစိတ်၊ မေတ္တာစိတ်၊ ဂရုဏစိတ်၊ မုဒိတာစိတ်များ ရှိကြသော ငြိမ်းချမ်းရေးသမားများ ဖြစ်ကြသည်။ ထိုငြိမ်းချမ်းရေး ဂီတပညာရှင်များနှင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ပေးဆပ်ရန် အတူလက်တွဲ ပျံသန်းနေကြပြီ ဖြစ်သည်။

အကိုကြီးကိုကျော်သူအား ကျေးဇူးတင်ပါသည်.။

ပြည်တွင်းရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေးအတွက် လက်စွဲ....

ပြည်တွင်းရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေးအတွက် လက်စွဲ....

နအဖစစ်တပ်တွင်း ရာထူးအရွှေ့အပြောင်းများ (လျှို့ဝှက်..)

နအဖစစ်တပ်တွင်း ရာထူးအရွှေ့အပြောင်းများ (လျှို့ဝှက်)

တွေးစရာ စာကိုးများ..

အမြီးကို ခြေထောက်ပါလို့ ခေါ်စေရုံနဲ့ ခြေထောက်ဖြစ်သွားမှာမှ မဟုတ်ဘဲ။

No, calling a tail a leg don't make it a leg.

Abraham Lincoln



ယုံကြည်လက်ခံသွားအောင် လိမ်ညာလိုက်ခြင်းဟာ အလိမ်ပေါ် အလိမ်ဆင့်သွားတာပါဘဲ။ အမှားတခုဟာ အမှန်ဖြစ်သွားပြီဆိုရင် အမှန်တရားထက်တောင် ပိုပြီး ဝန်ထုပ်ဝန်ပိုးကြီးမား သွာဒစေတယ်။

A successful is doubly a lie; an error which has to be corrected is heavier burden than the truth.

Dag Hammarskjold

ပြည်သူလူထုဟာ အတော်ဆုံးဝေဖန်ရေးသမားထက် ပိုပြီး အသိဥာဏ်ရှိပါတယ်။

The public is wiser than the wisest critic.

George Bancroft

ပင်လယ်ပြင်မှာ နစ်မြုပ်တော့မယ့် သင်္ဘောပေါ်မှာ တစ်ဦးနဲ့တစ်သီးပြောတဲ့ သတိပေးစကားလောက် ယုံကြည်စိတ်ချရတဲ့ စကားမျိုး မရှိနိုင်တော့ပါဘူး။

No counsel is more trustworthy than that which is given upon ships that are in peril.

Leonardo Da Vinci

ထိခိုက်နစ်နာစရာတွေရှိနေတဲ အမှန်တရားဟာ အခွင့်အရေးအတွက် လိမ်ညာမှု တက်တော့ ပိုကောင်းပါတယ်။

A harmful truth is better than a useful lie.

Thomas Mann




လူတန်းစားတစ်ရပ်ရဲ့ စိုးရိမ်မှုကို အခြားလူတန်းစားရဲ့ လူမှုအခွင့်အရေးတွေနဲ့သွားပြီး ချိန်ကိုက်တိုင်းတာလို့တော့ မရပါဘူး။

The fears of one class of men are not the measure of the rights of another.

George Bancroft

ကြီးကျယ်ခန်းနားမှုဆိုတာ အင်အားတောင့်တင်းမှုအပေါ်မှာ မူမတည်ပါဘူး။ ဒါပေမယ့် အင်အားကို အမှန်အကန် အသုံးချခြင်းအပေါ်မှာတော့ မူတည်နေပါတယ်။

Greatness lies not in being strong, but in the rights using of strength.

H. W. Beecher




သတ္တိကြောင်တဲ့လူတွေဟာ ပိုပြီးကောက်ကျစ် တတ်ကြတယ်။

The weak in courage is strong in cunning.

William Blake

မြေခွေးရဲ့ အကြံဥာဏ်ကို လက်ခံတဲ့ ခြင်္သေ့ဆိုရင်တော့ ကောက်ကျစ်တော့မှာ အမှန်ဘဲ။

If the Lion was advised by the fox, he would be cunning.

William Blake



တန်ဖိုးရှိတယ်ဆိုတိုင်း အသစ်မဖြစ်သလို၊ အသစ်ဆိုတိုင်းလည်း တန်ဖိုးရှိတာမျိုး မဟုတ်ပါဘူး။

What is valuable is not new, and what is new is not valuable.

Lord Brougham

ဘယ်နိုင်ငံမှာမဆို ပညာတတ်ပေမယ့် အောက်တန်းကျတဲ့လူဟာ တိုင်းပြည်ကို အမြဲတမ်း နှောက်ယှက်အန္တာရာယ်ပေးနေတဲ့ အဓိကလူတန်းစားမျိုး ဖြစ်သွားတတ်တယ်။

An educated proletariat is a constant source of disturbance and danger to any nation.

Nicholas M Butler



ရှေ့မှာ သံကန့်လန့်ကာကို ချလိုက်ပြီဆိုတော့ နောက်မှာ သူတို့ဘာတွေ ဇြစ်နေမယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။

An iron curtain is drawn down upon their front. We do not know what is going on behind.

Winston Churchill

သံဆိုတာ ပူနေတုန်းထုရတယ်။ ထုနေရင်းလည်း ပူအောင်လုပ်နေရမယ်။

Not only strike while the iron is hot, but make it hot by striking.

Oliver Cromwell



ကျွန်တော်တို့ဟာ သမိုင်းကြောင်းကို ဖတ်ရှုလေ့လာနေချိန်မှာ ကျွန်တော်တို့ကိုာ်တိုင် သမိုင်းကို ဖန်တီးနေကြပါပြီ။

While we read history we make history.

George W Curtis

သင့်ရဲ့ တာဝန်၊ ဆုလာဘ် နဲ့ ကံကြမ္မာတွေဟာ ဒီအချိန်မှာ ဒီနေရာကို ရောက်နေပြီလေ။

Your duty, your reward and your destiny- are here and now.

Dag Hammareskjold


donald-kendall-insperational-quotes

ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက် နှင့် ခမိခဆဲ

၂၁. သြဂုတ်လ.၂၀၁၀


တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား....

တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား

ဒီနေ့ကျွန်တော် တို့မြန်မာနိုင်ငံသား တွေ ငါတို့ တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ဆိုတဲ့ အရိုးရှင်းဆုံး မေးခွန်းလေးကို ကို ကိုယ်ဟာကိုယ်ဘဲ ပြန်မေးစေချင်ပါတယ် ။ ပြည်သူလူထုသာ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ဒီနေ့ချိန်ခါဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အပြောင်းအလဲ တစ်ခု ဖြစ်နိုင်တဲ့ အနေအထားပါ ။ အာဏာရှင် စနစ်ဆိုးရဲ့ ယုတ်မာပက်စက်တဲ့ အကြံဆိုးနဲ့ တိုင်းပြည်ကို အမျိုးမျိး ဖျက်စီးနေကြတယ် ဆိုတာ အားလုံးလည်း သိနေကြတာပါဘဲ ။ ပြည်သူလူထု တရပ်လုံးက မကြေနပ်ဘူးဆိုတာ လည်း သိပြီးသားပါ ။

အချို့လူတွေကြတော့လည်း နှစ်ပေါင်းများစွာ ကိုယ်ကြိုးစွှန့် အနစ်နာခံခဲ့သူတွေကို ပြစ်တင်ပြောဆို လာကြတယ် ။ ဒါဟာ မတရားဘူး လို့ကျွန်တော်ယူဆတယ် ၊ သူတို့တွေ လမ်းပြခဲ့ကြတယ် ၊ ရှေ့ဆုံးက ဦးဆောင် ချီတက်ခဲ့ကြတယ် ။ ကျေးဇူးတရားကို မမေ့ကြပါနဲ့ ။ နိုင်ရာတာဝန်တောင် မထမ်းချင်ကြတဲ့ ပြည်သူလူထု အနေနဲ့လည်း တာဝန်ရှိတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါပေမယ့် အာဏာရှင်စနစ်ရဲ့ မကောင်းကြောင်းကို ပါးစပ်ဖျားက ညီးညူ ၊ အချင်းချင်းဆုံရင် ရင်ဖွင့်ပြ နေကြရုံနဲ့တော့ ဘယ်တော့မှ ဒီစနစ်ဆိုးရဲ့ အောက်က လွတ်မြောက်လာမှာ မဟုတ်ပါဘူးဆိုတာ မြဲမြဲ မှတ်ထားပါ ။တိုင်းပြည်ကို တကယ်ချစ်ကြတယ်ဆိုရင် ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ကြရမည့် တာဝန်တွေ အများကြီး ရှိပါတယ် ။ တိုင်းပြည်ကို တကယ်ချစ်တယ် ၊ တိုင်းပြည်အတွက် နိုင်ရာ တာဝန် ထမ်းချင်ကြတယ် ဆိုတဲ့လူတွေ များလာရင် အာဏာရှင်စနစ်ဆိုးအောက်ကနေ မကြာခင်ရုန်းထွက်နိုင်တယ်ဆိုတာ ပြည်သူလူထု အနေနဲ့ စွဲမြဲစွာ ယုံကြည်စေချင်တယ် ။

အဲဒီတော့ ဘယ်လိုတာဝန်တွေ ယူကြရမလဲဆိုတာ ပြည်သူလူထု အနေနဲ့ မေးစရာ ရှိလာတယ် ။
အဲ့ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ငါတို့ဘယ်လို တာဝန်မျိုးထိ ယူနိုင်ကြလဲ ။ ငါတို့ ဘယ်လို တာဝန်မျိုးနဲ့ သင့်တော်လည်း သေချာ စဉ်းစားကြည့်စေချင်တယ် ။ အချို့ အာဏာရှင်တွေကို ဆန့်ကျင်တဲ့ နေရာမှာ အရမ်းစိတ်အား ထက်သန်ကြတယ် ။ အဲဒီလို လူမျိုးတွေက လမ်းပေါ်ကို ချီတက်ဆန္ဒပြကြဖို့တောင် ၀န်မလေးပါဘူး ။ အမှန်တရား အတွက် တိုက်ပွဲဝင်ဖို့ အတွက် အမြဲအသင့်ရှိနေတဲ့သူတွေ ။ သူတို့ကိုတော့ ပြည်တွင်း တက်ကြွ အင်အားစု လို့ သတ်မှတ်ထားကြရမှာပါ ။

ပြည်တွင်းတက်ကြွ အင်အားစုလို ကိုယ်တိုင်စိတ်အား ထက်သန်ပေမယ့် မြန်မာပြည်တွင်းမှာ မဟုတ်တဲ့ အတွက် ပြည်သူလူထုအနဲ့ အတူ ဆန္ဒပြခွင့် မရကြပေမယ့် အခါအခွင့်သင့်တိုင်း နိုင်ငံတကာမှာ လက်ရှိအာဏာ ရှင်စနစ်ဆိုးရဲ့ ဆိုးရွားယုတ်မာမှုကို ထုတ်ဖော် ဆန္ဒပြကြသလို့ တဖက်ကလည်း ပြည်တွင်းအင်အားစု လိုအပ်ချက်တွေကို ကူညီထောက်ပံ့နေတဲ့သူတွေကို ပြည်ပ တက်ကြွ အင်အားစု အဖြစ် သတ်မှတ်ထားကြရမှာပါ ။

အချို့ကကြတော့ စိတ်အားထက်သန်ကြပါတယ် ။ ဒါပေမယ့် ငဲ့ကွက် စရာ အကြောင်းတွေ ရှိတာကြောင့် တက်ကြွအင်အားစုလို ရှေ့တန်းက မလုပ်ပြကြပေမယ့် ကူညီထောက်ပံ့ပေးဖို့ ၀န် မလေး ကြသူတွေ ။ အချို့ကတော့ ကိုယ်တိုင်လည်း လမ်းပေါ်ထွက် ဆန္ဒပြရဲလောက်အောင် အားမသန် ၊ ကူညီထောက်ပံ့ပေးဖို့ကလည်း မတတ်နိုင် တဲ့လူတွေက သတင်းဖြန့်ဖြူးပေး နိုင်ပါတယ် ။အထက်ဖော်ပြပါ လူအုပ်စု သုံးခုကို များများချီးကြူး ပြောဆိုပေးလို့ရသလို အာဏာရှင်စနစ်ရဲ့ ဆိုးရွားယုတ်မာပုံတွေကို အခါအခွင့်သင့်တိုင်း ပြည်သူလူထု ပိုမိုသိရှိနားလည် လာအောင် ပြောဆိုပေးလို့ရပါတယ် ။ အဲဒီ အုပ်စုလေးခု ထဲမှာ ကိုယ်က ဘယ်လို အုပ်စုမျိုးထဲကလူလဲ အရင် ပြန်စမ်းစစ်ကြည့်သင့်ပါတယ် ။ အဲဒီအုပ်စု လေးခုထဲ က တာဝန်မျိုးတွေကို တစ်ခုမှ မယူနိုင်ဘူးဆိုရင်တော့ ငါဟာ အခုချိန် တိုင်းပြည်ကို တကယ်ချစ်တဲ့သူ မဟုတ်ဘူးလို့သာ မှတ်ချက်ချပြီး ကိုယ့်ဟာကို ပြင်နိုင်အောင် အမြန်ဆုံး ကြိုးစားကြပါ လို့ ပထမဦးစွာ တိုက်တွန်းပြောကြားလိုပါတယ်။

တိုင်းပြည်ကို တိုးတက်ထွန်းကားစေချင်သူတွေ ရှိသလို အာဏာရှင်ဝါဒ ဆက်လက်တည်မြဲအောင် ထောက်ပံ့ပေးမယ့်သူတွေလည်း အများကြီးရှိတာပါဘဲ။ ဘယ်လိုလူမျိုးတွေလည်း ဆိုတော့ ........ လက်ရှိမှာ ရာထူးကောင်းကောင်း ရပြီး ဒီစနစ်ကြီးကို ခိုင်မြဲအောင် ကြိုးစားနေကြနေကြတဲ့ အာဏာရှင်လူတစ်စု လက်ရှိအာဏာရှင် တွေနဲ့ပူးပေါင်းကြံစည် ပြီး ကြီးပွားချမ်းသာနေကြတဲ့ လူတွေ နဲ့ ကြီးပွားချမ်းသာ ဖို့ ခွင်ဖန်နေကြတဲ့လူတွေ ပြည်ပမှာ ဒီမိုကရေစီ ကို အကြောင်းပြ ပြည်တွင်းလုပ်ရှားမှုကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာက ထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေ မှန်သမျှကို သူတို့ကိုယ်ကြိုးအတွက် အသုံးချနေကြတဲ့သူတွေ ။
အာဏာရှင်တွေ ပေးကမ်းထောက်ပံ့ကြေး ယူ ၊ ၀မ်းစာအတွက် အခက်အခဲကို အလွယ်တကူ ဖြေရှင်းလို့ ရသမျှ အာဏာရှင်တွေ ကြိုးဆွဲရာ ကကြမယ့် ကြံဖွတ်တို့ စွမ်းအားရှင်တို့လို လူတစ်စု ။ သူတို့တတွေက လည်း အာဏာရှင်စနစ်ဆိုး တည်မြဲစေရေး အတွက် အစွမ်းကုန် ကြိုးစားကြ ပါလိမ့်မယ်။

အဲဒီ အုပ်စု နှစ်ခု ကြားထဲမှာ ကြားနေ၀ါဒလို့ ကိုယ့်ဟာကို ကြွေးကြော်ပြီး ကိုယ်တိုင်ဒုက္ခ မခံစားရသေးသရွှေ့ နေသာသလို နေမယ်ဆိုတဲ့ ပြည်သူလူထုက လည်း ရှိပါသေးတယ် ။ သူတို့တွေလက်သုံးစကားကတော့ ကိုယ်လုပ်မှ ကိုယ်စားရမှာ ၊ နိုင်ငံရေး ကိုဝေးဝေးရှောင်တာ အန္တရယ်ကင်းတယ်ဆိုတဲ့ အတွေးခေါ်ကို သိမ်းပိုက်ထားကြပါတယ် ။ အာဏာရှင်စနစ်ဆိုးကို မဆန့်ကျင်ဘဲ နေတာဟာ သွယ်ဝိုက်သော အားဖြင့် ထောက်ခံအားပေးနေတယ်ဆိုတာ ကို သူတို့တွေ မသိရှိကြပါဘူး ။ အစိုးရ၀န်ထမ်း တွေနဲ့ တပ်မတော်သားတွေ ဆိုတာက အာဏာရှင်ယန္တရားကို လှည့်ပတ်မောင်းနှင်ပေးနေကြတဲ့သူတွေပါ ။ အထက်အမိန့်ဆိုတာ ကို မလွန်ဆန်နိုင်လို့ သာ သည်းခံနေကြရတာပါ ။ သူတို့တွေရဲ့ ဘ၀ဟာ လည်း ပြည်သူလူထုနဲ့ ထူးမခြားနားပါဘဲ ။

အခုလို နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးဝါးယုတ်မာမှု မှန်သမျှကို ရင်စည်းခံနေကြရတာဟာ တိုင်းပြည်ကို တကယ်ချစ်တဲ့လူ အရေအတွက် ထက် ကြားနေ၀ါဒနဲ့ အာဏာရှင်စနစ်ဆိုးကို ဆက်လက်တည်မြဲစေချင်တဲ့ လူအရေအတွက် များနေလို့ပါ ။ အဲဒီတော့ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ကျွန်တော် ပြောခဲ့တိုင်းပြည်ချစ်တဲ့ အုပ်စု လေးခုထဲမှာ ပါဝင်နိုင်အောင် အရင်ကြိုးစားကြည့်ပါ ။ နေရာတကာ ငါသာလျှင် ပဓါန ၊ ငါသာလျှင် အဓိက ၊ ငါ သိ တယ် ငါ တတ်တယ် ဆိုတဲ့ စကားတွေကို လှိုင်လှိုင်သုံး ၊ကိုယ်ကျိုးအတ္တတွေကို ရှေ့တန်းတင် ပြီး ကိုယ့် အမှားကို ဖုံးကွယ်ထားကြတယ် ။ အမှားတွေ အများကြီးလုပ်ခဲ့ကြတယ် ဆိုတာလည်း အားလုံးအသိပါဘဲ အချိ့ကြတော့လည်း မှားနေတာ သိတယ် ။ သိနေလျှက်နဲ့ မပြင်ခဲ့ကြဘူး ။ ပြင်ရမှာ တွန့်ဆုတ်နေကြတယ် ၀န်လေးနေကြတယ် ။ ငါဆိုတဲ့ အတ္တကိုရှေ့တန်း တင် ၊ ဦးထိပ်ထား ခဲ့ကြလို့ စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေးကို မဖော်ဆောင်နိုင်ခဲ့ကြဘူး။
လုပ်ရှားသူတွေ ကြားမှာ လုပ်စားနေသူတွေက များလာတော့ ဒီအဆင့်ကကို မတတ်နိုင်ကြဘူး ။ အပွင့်လင်းဆုံး ပြောပြမယ် နိုင်ငံရေးကို ဗန်းပြ လုပ်စားနေသူတွေ နဲ့ နိုင်ရာတာဝန် မထမ်းနိုင်တဲ့ ပြည်သူလူထုကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးဟာ များစွာ နှောင့်နှေးခဲ့ကြရတယ်။

လူတိုင်းဟာ အမှားမကင်းကြပါဘူး ။ ဒါပေမယ့် မှားနေတယ်ဆိုတာကို သိရင် ပြင်ရဲကြရမယ် ။ ကျွန်တော်ဆိုလိုတာကို နိုင်ငံရေးပညာရှင်များ အနေနဲ့ သိရှိပြီးသားပါ... အဲဒီ အုပ်စု လေးခု ဟန်ချက် ညီညီ လုပ်ရှားနိုင်ရင် ကျိန်းသေပေါက် အာဏာရှင်စနစ်ဆိုး အောက်က လွတ်မြောက်လာပါလိမ့်မယ် ။ အရင်က မှားခဲ့တာတွေကို ပြင်ပြီး အခုချိန်မှာ စစ်မှန်တဲ့ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးကြပါလို့ မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေး ကြိုးပမ်းသူများ အာလုံးကို လေးစားစွာ တိုက်တွန်းပြောဆိုချင်ပါတယ် ။

ကြားနေ၀ါဒ ကျင့်သုံးနေကြတဲ့ ပြည်သူလူထုကို နိုင်ငံအရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်ပါတယ် ။ ယခုလိုကြားနေ၀ါဒ ကို ကျင့်သုံးတယ်ဆိုတာ အာဏာရှင်စနစ်ကို ထောက်ခံနေတယ်ဆိုတာ သူတို့သိအောင် ကျွန်ူပ်တို့ အမြန်ဆုံးကြိုးစား ပြောဆို လမ်းပြမှ ဖြစ်မယ် ။ အမှန်တရားကို သူတို့တွေ သိရှိနားလည်လာရင် တိုင်းပြည်ချစ်တဲ့ အုပ်စုတွေထဲ ပါလာကြလိမ့်မယ်။ နိုင်ငံရေးကို ဗန်းပြ လုပ်ကိုင်စားနေကြတဲ့ သူတွေကိုလည်း အသိတရားရအောင် စည်းရုံးပြောဆိုကြပေါ့ ။ အာဏာရှင် လက်ကိုင်ဒုတ်အဖြစ်အသုံးချနေတဲ့ ကြံ့ဖွတ်တို့ စွမ်းအာရှင်တို့ဆိုတာ က ပြည်သူလူထု ညီညွှတ်မှုကို မြင်တာနဲ့ သူတို့ ဘာလုပ်ရမယ်ဆိုတာ အလိုလို နားလည်လာကြလိမ့်မယ် ။ အဓိက က ပြည်သူလူထု အနေနဲ့ တိုင်းပြည်ချစ်စိတ်ကို လက်တွေ့ကျင့်သုံးပြီး စည်းလုံးညီညွှတ်မှု ကို အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

နေရာတိုင်းမှာ အကောင်းနဲ့ အဆိုးဒွန်တွဲနေတာပါဘဲ ။ နိုင်ငံရေး လုပ်ရှားသူတွေ ကြားမှာ လုပ်စားနေသူတွေ ရှိတာ ကျွန်တော် မငြင်းပါဘူး ။ အဲဒီလိုဘဲ အာဏာရှင်စနစ် ကို လက်ခံကျင့်သုံးနေတဲ့ လူတွေ ကြားမှာလည်း အမှန်တရားကို ချစ်မြတ်နိုးသူတွေ ရှိပါသေးတယ် ။ အဲဒီတော့ တကယ်တိုင်းပြည် ကောင်းကျိုးအတွက် လုပ်ရှားနေသူ တွေရဲ့ မျက်နှာကို ဘဲ ကြည့်ကြပါ ။ လုပ်စားနေသူ အနည်းငယ်ရှိတာ နဲ့ မယုံကြည် ကြဘူုးဆိုရင် ဘ၀ တစ်လျှောက် လုံး ဒီလို စနစ်ဆိုးကြီးရဲ့ အောက်က ရုန်းထွက် လွတ်မြောက်ကြဖို့ လမ်းမမြင်ဘူး ဖြစ်သွားကြလိမ့်မယ်။

ဒီနေ့ နိုင်ငံတကာ က ဘယ်လောက် ဘဲ ဖိအားပေးပေး ပြည်သူလူထုက ငြိမ်ပြနေရင်တော့ ကျွန်တော်တို့ တာဝန်မကျေရာ ရောက်ကြလိမ့်မယ်။ အခါအခွင့်သင့်တာနဲ့ တပြိုင်နက်ထဲ ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ ပြည်သူလူနဲ့ ပူးပေါင်းချင်ကြတဲ့ ၀န်ထမ်းတွေနဲ့ တပ်မတော်သားတွေ လည်း အများကြီးပါ ။ ကျွန်တော်မြန်မာနိုင်ငံ ပြည်သူလူထု အနေနဲ့ တိုင်းပြည်ကို တကယ်ချစ်ကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ် ။
အဲဒီလို ချစ်တဲ့ နေရာမှာ လက်တွေ့ ကြကြ ချစ်ပြနိုင်ဖို့ အတွက် ကိုယ်နိုင်ရာ တာဝန်ကို ထမ်းဆောင်ပေး ကြပါလို့ အလေးအနက် ထပ်မံ တိုက်တွန်းပြောကြား လိုပါတယ် ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး ကြိုးပမ်းနေကြသူများ အားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက တိုင်းပြည်ကို လက်တွေ့ကျကျ ချစ်ပြကြကာ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ
ချီတက်ကြပါစို့ .............................

ခင်မင်လေးစားလျှက်

ဗမာ့သွေး

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများ..

ဂျပန်လူငယ် ဆေးတက္ကသိုလ် ကျောင်းသူ/သား များ
ပန်းချီလေ့လာရေး
သုခ အဟာရ” စားသောက်ဆိုင်

FFSS သို့ လေ့လာခြင်း

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေး အခမဲ့ ပို့ဆောင်မှုများ၊ ဆေးဝါး အခမဲ့ ကုသပေး မှုများ၊ အခမဲ့ ပညာဒါန ပြုလုပ်ပေးမှုများကို ဂျပန်နိုင်ငံတွင်း သတင်းမီဒီယာများမှတဆင့် ကြားသိရ သည့်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိခိုက်တွင် ဂျပန်လူငယ် ဆေးတက္ကသိုလ် ကျောင်းသူ/သား များမှ လာရောက် လေ့လာခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ နာရေးလမ်းကြောင်း ပို့ဆောင်မှုများ၊ ဆေးဝါးကုသပေးမှုများ၊ မျိုးဆက်သစ်ကလေးငယ်များ ပညာသင်ကြားမှုများ၊ သုခအလင်း စာကြည့်တိုက်၊ ဓါတ်မှန်ခန်းတို့ကို အသေးစိတ် မေးမြန်းခဲ့ပြီး အကြံပြုချက်များကိုလည်း မေတ္တာစေတနာ ရှေ့ထား၍ ချစ်ကြည်ရင်းနှီးစွာ ပြောကြားခဲ့ကြသည်။ ဤကဲ့သို့ အခမဲ့ နာရေးပို့ဆောင်မှုလုပ်ငန်းမှာ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင် မှ မမြင်တွေ့မိကြောင်း၊ လူလူချင်း စာနာထောက်ထားမှုကို လေးစားပါကြောင်း ပြောကြားသွားကာ “သုခ အဟာရ” စားသောက်ဆိုင် ဖွင့်ပွဲနှင့် ကြုံကြိုက်သည့်အတွက် မြန်မာထမင်းဟင်းဖြင့် ဧည့်ခံကျွေး မွေးခဲ့ရာ နှစ်ခြိုက်စွာဖြင့် သုံးဆောင်ခဲ့ကြပါသည်။
မိဘမဲ့ HIV ကလေးငယ်များအတွက် ရည်ရွယ်၍

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များထဲမှ ပန်းချီသင်တန်း တက်ရောက်ခဲ့သော မျိုးဆက်သစ်ကလေးငယ်များအား ၂၉.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှိ Morekha Art Gallery တွင် ပြသလျှက်ရှိသော ပန်းချီဆရာကြီး ရာဟုလာ၏ Solo Show ပွဲသို့ သွားရောက်လေ့လာ ပြသခဲ့ပါသည်။

မျိုးဆက်သစ် ကလေးငယ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ ပန်းချီ နည်းပြဆရာ ဦးဝင်းကြည်၊ သင်တန်းအုပ်ချုပ်သူ ဒေါ်ဧရာမောင်မောင်နှင့် ဒေါ်စိုးစန္ဒာတို့မှ ဦးဆောင်၍ ပန်းချီပြခန်းသို့ လိုက်လံပို့သခဲ့ရာ ပန်းချီပြခန်းပိုင်ရှင် ဦးဘိုဘိုဦး၊ ဦးဆန်နီငြိမ်းနှင့် ဆရာကြီး ရာဟုလာ တို့မှ ကြိုဆိုခဲ့သည်။ ဆရာကြီး ရာဟုလာမှ မျိုးဆက်သစ် ကလေးငယ်များအား ဆရာကြီး၏ ပန်းချီ ပညာရပ်ပေါ် ခံစားမှု၊ ရေးဆွဲမှုတို့ကို ကျန်းမာရေး မကောင်းသည့်ကြားမှ အားတက်သရော ရှင်းလင်း ပြောကြားခဲ့သည်။

မိဘမဲ့ HIV ကလေးငယ်များ စောင့်ရှောက်ရေးဂေဟာ (HHHP) ရန်ပုံငွေ အလှူငွေ ရှာဖွေခြင်း အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များ၏ ရန်ပုံငွေ ပန်းချီပြပွဲ ပြုလုပ်ပေးရန်အတွက် ပန်းချီပညာရပ် အသီးသီးတို့ကို လေ့လာရန် ပန်းချီပြခန်းများသို့ ကွင်းဆင်း၍ ပန်းချီဆရာ အသီးသီးတို့၏ ရေးချက် အမျိုးမျိုးတို့ကို သိရှိနားလည် သဘောပေါက်စေရန် နာရေးကူညီ မှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ လိုက်လံပြသ ခဲ့ပါသည်။

သုခအဟာရ ဖွင့်ပြီ

၂၉.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံတွင် လုပ်အားပေး အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ လူနာ/ရှင်များ၊ အလှူရှင်များ သုံးဆောင်ရန်အတွက် “သုခ အဟာရ” စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါသည်။ စားသောက်ဆိုင်တွင် စားသုံးသူတို့ အဆင်ပြေ သုံးဆောင်နိုင်ရန် ချက်ပြုတ်ရေး မီးဖိုခန်းမှအစ ကျန်းမာရေးနှင့် ကိုက်ညီအောင် သန့်ရှင်းစွာဖြင့် ချက်ပြုတ်ခြင်း၊ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်း၊ အရသာကောင်းမွန်စွာဖြင့် အဟာရ ပြည့်ဝ မည့်ဟင်းလျာများ ချက်ပြုတ်ရောင်းချပေးခြင်း၊ ကော်ဖီ၊ အအေးတို့ကိုလည်း သက်သာသော ဈေးနှုန်း ဖြင့် ရောင်းချပေးခြင်းတို့ကို ပြုလုပ်ပေးလျှက်ရှိသည်။
ယနေ့ “သုခ အဟာရ” စားသောက်ဆိုင် ဖွင့်ပွဲတွင် ဖိတ်ကြားထားသော အလှူရှင်များ၊ ဧည့်သည်များ၊ လုပ်အားပေး အသင်းသူ/သားများ၊ မျိုးဆက်သစ် ကလေးသူငယ်များ၊ စာနယ်ဇင်းသ မားများ ကြွရောက်အားပေး ခဲ့ကြသည်။
ထို့ပြင် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ကုသကြသော လူနာများကိုလည်း လာရောက် သုံးဆောင်ရန် ဖိတ်ကြားခဲ့သည်။ ယင်းသို့ “သုခ အဟာရ” စားသောက်ဆိုင်ဖွင့်ပွဲတွင် နေ့လည်စာ ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ သီးစုံပဲဟင်းနှင့် ရေခဲမုန့်တို့ကို “သုခ အဟာရ ” စားသောက်ဆိုင် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးတင်မောင်အေး (မိသားစု)နှင့် အရည်အသွေး စစ်ဆေးရေး အင်ဂျင်နီယာ ဒေါ်သန္တာခိုင်တို့မှ ကျွေးမွေးလှူဒါန်း ခဲ့ပါသည်။

ဗိုလ်မှူးအောင်လင်းထွဋ်ပြောပြတဲ့ ဗိုလ်ချုပ်ကြီးသူရမြင့်အောင် ဗိုလ်ချုပ်ကြီးကိုကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်မှူးကြီးတို့တတွေ အကြောင်း..

ခေါင်းပေါင်းတွေကတော့ ညာချနေတာပါပဲ..



တပ်မှူး တပ်သား ပြောစကား (၀၂၃) (VOA အသံဖိုင်)
ဗိုလ်မှူးအောင်လင်းထွဋ် ပြောပြတဲ့ ဗိုလ်ချုပ်ကြီးသူရမြင့်အောင် ဗိုလ်ချုပ်ကြီးကိုကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့တတွေ ပင်စင်စား လား၊ အရံအင်အားလား

ဦးရော်နီညိမ်း။ ။ ပထမဆုံး ဗိုလ်မှူးကို ကျနော်တို့ မေးချင်တာကပေါ့နော်၊ အခု အခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်ဟာ စစ်တက္ကသိုလ် အပတ်စဉ်(၁၈)က ဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ ဗိုလ်မှူးတို့ စစ်တက္ကသိုလ် အပတ်စဉ်(၂၀) နဲ့ဆိုရင် (၂) နှစ်လောက်ပဲ ကွာတာကို ကျနော်တို့ တွေ့ရတော့ ဒါဟာ ခေတ် ပြိုင်လို့လည်း လှမ်းမြင်ကြည့်လို့ ရပါတယ်။ အဲဒီတော့ ကိုယ်နဲ့ ခေတ်ပြိုင်တစ်ယောက်ပေါ့နော်၊ ကိုယ့်ထက် (၂)နှစ်လောက်ပဲ စီနီယာကျတဲ့လူ အခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့အခါမှာ သူ့ရဲ့ ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းကို ဗိုလ်မှူးသိရှိသလောက် ဝေဖန် အကဲဖြတ် သုံးသပ်ပေးပါ ခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ဟာ မွန်ပြည်နယ် သထုံဇာတိပါခင်ဗျ၊ စစ်တက္ကသိုလ် အပတ်စဉ်(၁၈) တက်တဲ့အချိန်အခါမှာ ‘အောင်ဇေယျ’ တပ်ခွဲက ပါ။ အဲဒီတော့ ကျနော်တို့နဲ့ တပ်ခွဲ တစ်ခွဲတည်း အတူတူဖြစ်ပါတယ်။ သူက တပ်စု(၈)ပါ ခင်ဗျ။ စစ်တက္ကသိုလ် တက်စဉ်အတွင်းမှာတော့ သာမန် ဗိုလ်လောင်းတစ်ယောက် အနေနဲ့ပဲ ကျနော်တို့ သိရပါတယ်ခင်ဗျ။ သူ စစ်တက္ကသိုလ် ဆင်းပြီးတော့ ခမရ (၂)၊ တပ်မ (၄၄) မှာ သူ တပ်ခွဲမှူးဗိုလ်ကြီး ဘ၀နဲ့ပေါ့လေ၊ ၁၉၈၃ - ၈၄ ခုနှစ်က မဲသဝေါ တိုက်ပွဲ မှာ KNU ရဲ့ မဲသဝေါစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ သူ “သူရ”ဘွဲ့ ရပါတယ်။ အဲဒီ “သူရ”ဘွဲ့ ရပြီးတဲ့နောက်ပိုင်းမှာ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးချစ်ဆွေ (ကိုယ်ရေးအထ္တုပ္ပတ္တိ စာအုပ် ရေးခဲ့သူ။ ၈၈၈၈ အချိန် ကစထ ၂ - ကစထမှူး၊ ၁၉၉၇ သစ်တောဝန်ကြီးရာထူးမှ ဖယ်ရှားခံရသူ) ရဲ့ ကစထ မှာ စစ်ဦးစီးမှူး တတိယတန်း G-3 ဖြစ်ပါတယ်။ အဲဒီတော့ နောက် ပိုင်း G-2 ဖြစ်တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ ကစထ ဆိုတာ “ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့” ပေါ့နော်၊ ၁၉၈၈ မတိုင်ခင်က မြန်မာပြည် မြောက်ပိုင်းနဲ့ တောင်ပိုင်း ကို နှစ်ခုထဲ ခွဲထားပြီးတော့ ကစထ (၁)၊ (၂) ဆိုပြီး ရှိခဲ့တဲ့အထဲက ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေ ကိုင်ခဲ့တဲ့ ကစထ (၂) ကိုဆိုလိုတာလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီနောက်ပိုင်း ဗိုလ်မှူးသူရမြင့်အောင်ဟာ ကက(ကြည်း)စစ်ဆင်ရေးဌာနရဲ့ G-2 တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မှာ ကျနော်သိရသလောက်က ခလရ (၃၅)၊ သာယာဝတီမှာ ယာယီတပ်ရင်းမှူး တာဝန်ပေးခံရတာ သိရပါတယ်။ သာယာဝတီ (၃၅) တပ်ရင်းမှူးကနေမှ စစ်တက္ကသိုလ်နည်းပြမှူးချုပ် ရာ ထူးကို သူပြောင်းရွှေ့သွားရပါတယ် ခင်ဗျ။ အဲဒီ နည်းပြမှူးချုပ်ကမှ တဆင့် ဗျူဟာမှူးဖြစ်ပါတယ်။ အဲဒီအချိန်အခါမှာ စကခ တွေ အများကြီး ဖွင့်တဲ့အခါကျတော့ စကခ (၁၃) မှာပဲ သူ ဗျူဟာမှူးကော၊ တပ်မမှူးကော စကခ(၁၃) မှာပဲ ဖြစ်တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ စကခ ဆိုတာ ကျနော်တို့ ခြေမြန်တပ်မတွေနဲ့ အင်အားအညီ နာမည်သာပြောင်းပြီး ဖွဲ့စည်းတဲ့ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်” ၊ သူတို့ စကခ အကြီးအကဲတွေကိုလည်း တပ်မမှူး လို့ပဲခေါ်ကြတဲ့ နာမည်တစ်မျိုးနဲ့ ထပ်ဖွင့်တဲ့ ခြေမြန် တပ်မတွေလား ခင်ဗျား။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ သူ အဲဒီ ဘုတ်ပြင်း ရဲ့ တပ်မမှူးပါ။ ကျနော်ပြောပြောနေတဲ့ "ခရစ္စတီးကျွန်း လူသတ်ပွဲကြီး" ကိစ္စမှာ ဗိုလ်ချုပ်မြင့်အောင်ဟာ အဲဒီ အချိန်တုန်းက တပ်မတော်(ကြည်း)ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဲဒီ ကွပ်ကဲမှုအဖွဲ့မှာ တာဝန်ယူရပါတယ်ခင်ဗျ။ အဲဒီအချိန်တုန်းက ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့တဲ့ (ရေ) က ဗိုလ်ချုပ်ကြည်မင်းတို့ ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မြင့်ဆွေတို့နဲ့ အတူတူပါပဲခင်ဗျ။ ဘာလို့ ကျနော် မှတ်မှတ်ရရ ပြောရသလဲဆိုတော့ အဲဒီ ခရစ္စတီးကျွန်းမှာ လူတွေ ကို သတ်ခိုင်းတုန်းက ကက(ကြည်း)ကနေပြီးတော့မှ ညပိုင်းမှာ အမိန့်လာတဲ့ အချိန်အခါမှာ၊ ကျနော်တို့ အစည်းအဝေးလုပ်ကြတယ်ပေါ့လေ။ ဗိုလ်ချုပ်ကြည်မင်းက အစည်းဝေး လုပ်တဲ့ အချိန်ခါမှာ ဗိုလ်ချုပ်သူရမြင့်အောင် ကနေပြီးတော့မှ “ခင်ဗျားတို့ အနေနဲ့ ဘာမှ ပြန်မေးမနေနဲ့ပေါ့" လေ၊ "အထက်က အမိန့်အတိုင်း သတ်စရာရှိ သတ်ပေါ့၊ သတ်ခိုင်းလိုက်ပေါ့” ဆိုတဲ့ ဟာမျိုးကို ထောက်ခံပြီးတော့ ပြောတဲ့လူမျိုး ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီ အစည်းအဝေးမှာ ဗိုလ်မှူးလည်း တက်ရောက်ခဲ့တာပေါ့။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီ ဇာဒက်ကြီးကျွန်း မှာပါခင်ဗျ၊ အဲဒီအစည်းအဝေးမှာ ကျနော်တို့လည်း ပါပါတယ် ခင်ဗျ။ ကျနော်တောင်မှ တော်တော်လေးကို အံ့သြတဲ့အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမတွေကော၊ ကလေးတွေကော၊ မီးနေသည်ကောပါတဲ့ အရပ်သားတွေ ဗျာ၊ innocent people တွေကို သတ်ခိုင်း တာတွေ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီတော့ ဒီ ဗိုလ်ချုပ်မြင့်အောင်ဟာ စကခ (၁၃) ဘုတ်ပြင်းရဲ့ တပ်မမှူးကနေ နောက်တခါ ကျနော်တို့ ဒီမှာ သူ့ရဲ့ profile ကိုပြန်ကြည့်တော့ မော်လမြိုင်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကို သူ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး ခင်ဗျ၊ စကခ(၁၃) တပ်မမှူးကနေမှ သူ တပ်မ(၂၂) တပ်မမှူး။ ဖားအံမှာ ဖြစ်ပါတယ် ခင်ဗျ။ ဖားအံမှာ တပ်မ(၂၂) တပ်မမှူး ပြီးတဲ့အခါကျမှ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (မော်လမြိုင်)မှာ တိုင်းမှူးပါ။ နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး (မော်လမြိုင်) ကနေမှ အနောက်တောင်တိုင်း စစ်ဌာနချုပ် (ပုသိမ်)ကို တိုင်းမှူး အဖြစ် ပြန်ပြောင်းရပါတယ်။ နောက် အနောက်တောင်တိုင်း တိုင်းမှူး (ပုသိမ်)ကမှ တဆင့် အခု လက်ရှိရာထူး၊ စစ်ရေးချုပ်ရာထူးကို သူရတဲ့ အနေအ ထားမျိုး ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီတော့ အခု တပ်မတော်မှာ ဒုတိယအကြီးဆုံးနဲ့ တတိယအကြီးဆုံး ဖြစ်လာကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်း အောင်လှိုင်တို့ဟာလည်း ဗိုလ်မှူးနဲ့ ဆိုလို့ရှိရင် တစ်နှစ်ပဲ ကွာပါတယ်။ စစ်တက္ကသိုလ် အပတ်စဉ်(၁၉) က ဆင်းတဲ့အခါကျတေ၊့ ခေတ်ပြိုင်လိုပဲ ကျနော်တို့ ကြည့်မြင်လို့ ရပါတယ်။ အဲဒီ အခါကျတော့ သူတို့နဲ့ ပတ်သက်လို့ကော သူတို့ ဖြတ်သန်းမှု၊ သူတို့ ဒီနေရာထိ ရောက်လာတဲ့ ဟာနဲ့ သူတို့ ဒီရှေ့မှာ တပ်ကို ဘယ်လိုဦးဆောင်နိုင်မယ်ဆိုတာ ဗိုလ်မှူး ဘယ်လိုမြင်ပါ သလဲ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ကိုကိုက ကျနော်တို့ တပ်စု(၉)၊ ‘အောင်ဇေယျ’တပ်ခွဲ ကပါ။ ကိုကိုရဲ့ စိတ်နေစိတ်ထားကတော့ ကျနော်တို့ ဗိုလ်လောင်းဘ၀မှာ နေစဉ်တုန်းက တော့ ကိုကိုဟာ လူညစ်တစ်ယောက် မဟုတ်ဘူးခင်ဗျ။ ဒီလူဟာ လူကောင်းတစ်ယောက်ပါ။ ကျနော်တို့ ဗိုလ်လောင်းဘ၀မှာ သူ့ကိုတော့ ကျနော် အကောင်းမြင်ပါတယ်ခင်ဗျ။ သူနဲ့ ကျနော်နဲ့ ပြန်ဆုံတော့ သူ စစ်ရုံးမှာ ကက(ကြည်း)G-1 ဘ၀မှာ ကျနော်တို့ ပြန်ဆုံပါတယ်။ ကိုကိုရဲ့ စိတ်နေစိတ်ထားက ကောင်းပါတယ်။ စိတ်ရင်းစေတနာကောင်းတဲ့ ပုဂ္ဂိုလ်မျိုးပါ။ ကျနော် မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီးတော့ပြောရရင် မင်းအောင်လှိုင်ကတော့ ‘နော်ရထာ’တပ်ခွဲမှာ နေခဲ့တဲ့လူပါ။ ကျောင်းမှာ ကတည်းကိုက ကျနော်တို့က nick name ပေးထား တာပဲလေ၊ “ကြောင်ချီး”ဆိုပြီး ကျနော်တို့ ပေးထားတာပဲ၊ ပျော့ပျော့လေးနဲ့ နံတဲ့ လူ။ သူ့ရဲ့အဆက်အသွယ်က သူ တပ်မ (၈၈) က တဆင့်ပေါ့လေ၊ ဒါ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ connection တောက်လျှောက် ရတဲ့အနေအထား မျိုးပါ။ မင်းအောင်လှိုင်ဟာ တပ်မ (၈၈) born တစ်ယောက်ဗျ၊ ဒါကြောင့်မို့လည်း မြှောက်စားခံရတဲ့ အနေအထားမျိုး ဖြစ်လိမ့်မယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီတော့ ကျနော်တို့ ပြန်ကြည့်ရင် ဦးနေ၀င်းတုန်းက သနက (၄) ပေါ့နော်၊ သူ့လူတွေ ချည့်ပဲ။ “တပ်ရင်း (၄)၊ တပ်ရင်း (၄)” ဆိုပြီးတော့၊ အခု ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း တပ်မ (၈၈) တပ်မမှူး ဖြစ်ခဲ့တော့ သူရဲ့ ခြံပေါက်တွေကြီးပဲ။ သူအနားပေးလိုက်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး (နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဝင် နှင့် ယခုအနားပေးခြင်းခံရသော စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်) ဆိုရင်၊ သူ့ရဲ့ကိုယ်ရေးအရာရှိ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသန်းရွှေ ကတော့ တပ်မ(၈၈) ဆိုလို့ အားလုံးတော့မသိနိုင်ပါဘူး။ ဗိုလ်ချုပ်ကြီးသန်းရွှေအောက်မှာ ခုဏက ကိုရော်နီပြောတဲ့ ဗိုလ်ချုပ် တင်အေးတို့ အရင် ဗိုလ်ချုပ်ကျော်ဝင်း (၂၀၀၄တွင် ရာထူးမှ ဖယ်ရှားခြင်းခံရသူ ဒုတိယတပ်မတော် ထောက်လှမ်းရေးမှူးချုပ်)တို့၊ နောက် အခု ဗိုလ်ချုပ်နေ၀င်း (ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ စစ်ဘက်လက်ထောက်) တို့ပေါ့ဗျာ၊ အစစ တပ်မ (၈၈) ဖွဲ့တဲ့နေရာမှာ ဆင့်ကဲဆင့်ကဲပေါ့ ဗျာ၊ ‘ဒီကောင်လေးကတော့ ကျနော်နဲ့ နေခဲ့တယ်၊ ဒီကောင်မဆိုးပါဘူး” ဆိုပြီး recommendation နဲ့ ဒါမျိုးတွေ ပါလာတဲ့ သဘောမျိုးပါ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗမာ့တပ်မတော်ဟာ တစ်ချိန်တုန်းက ဦးနေ၀င်းကနေ ပြီးတော့မှ မြှောက်စားခဲ့တဲ့ တပ်ရင်း (၄) ကလူတွေ ကြီးပဲ ဖြစ်ခဲ့လို့၊ တပ်ရင်း (၄) ခေတ်ကို ရောက်ခဲ့သလို၊ အခုကော တပ်မ (၈၈) ခေတ်ကို ရောက်သွားတယ်လို့ ပြောလို့ရလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ပြောလို့ ရပါတယ်ခင်ဗျ။ တကယ်လည်း ခုဏက ပြောသလို ဗိုလ်ချုပ်ကြီးသန်းရွှေနားမှ ယခင်ကကော ယခုကော လက်ရှိဝန်းရံနေတဲ့ ပုဂ္ဂိုလ်တွေ အများစုပေါ့လေ၊ ရာထူးကြီးကြီးပိုင်းက ဒီ တပ်မ (၈၈) ရဲ့ အဆက်အသွယ်တွေပါပဲ၊ နည်းနည်းလေး ရာထူးငယ်တဲ့လူတွေသာ အနောက်တောင်တိုင်းတို့ ဘာတို့ အဲဒီလောက်က ဗိုလ်ချုပ်ကြီးသန်းရွှေ တိုင်းမှူး ဘ၀မှာတွေခဲ့တဲ့လူ။ တပ်မ(၈၈) ကတော့ ဗိုလ်ချုပ်ကြီး သန်းရွှေ အနေနဲ့ ခလရ (၁) မှာ အဲဒီမှာ တပ်ရင်းမှူး အဖြစ် တာဝန် ထမ်းခဲ့တယ်။ နောက် တပ်မ (၈၈)မှာပဲ ဗျူဟာမှူး၊ ဒုတပ်မမှူး၊ တပ်မမှူး ဖြစ်ခဲ့တဲ့ အခါကျတော့ သူ့ရဲ့ မိခင်တပ်မလို ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့်မို့ ဘယ်သူပဲ ဖြစ်ဖြစ် တပ်မ (၈၈) ကဆို လက်ခံတဲ့ အနေအထားမျိုး ရှိပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီတော့ အခု စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်ဟာ တပ်မတော်မှာ အကြီးဆုံးပေါ့ နော်။ မြန်မာ့ တပ်မတော်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီ။ သူဟာ အခု အသက်အရွယ်အရ ဆိုရင်လည်း (၅၅) လောက်ပဲ ရှိသေးတယ်။ အဲဒီတော့ နောက်ထပ် (၅)နှစ်ပေါ့နော်၊ အနည်းဆုံးကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆက်ဖြစ်နေဦးမှာပဲ။ နိုင်ငံရေးအပြောင်းအလဲတွေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆင်ထားတဲ့ အတိုင်းပဲ ရှိနေဦးမယ်ဆိုရင်၊ အဲဒီအခါကျတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ကြိုက် ခေါင်းခေါက်ပြီး အခုရွေးလိုက်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ် သူ့နေရာကိုဆက်ခံတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် အနေနဲ့ ၊ တပ်မတော်ကို ဘယ်လိုထိန်းကျောင်းပြီးတော့ စစ်ရေးစစ်ရာမှာရော၊ နောက်တစ်ခါ တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်ကဏ္ဍကနေ ပါဝင်မယ်ဆိုတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ဟာလည်း ပြဌာန်း ထားပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ၊ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင် အနေနဲ့ တိုင်းပြည်ကိုပါ နိုင်ငံရေးအရ ဘယ်လိုများဦးဆောင်မှု ပေးသွားနိုင် မယ်လို့ ဗိုလ်မှူး သုံးသပ် ကြည့်မြင်လို့ ရပါသလဲ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသူရမြင့်အောင် အနေနဲ့တော့ ဒီနိုင်ငံရေးပိုင်းမှာတော့ ဦးဆောင်နိုင်မယ့် အနေအထားမျိုး မရှိပါဘူး။ ခုကလည်း ကိုရော်နီ ခုဏက ပြော သလိုပါပဲ၊ ဗိုလ်ချုပ်ကြီးသန်းရွှေ ရဲ့ ဆင်ထားတဲ့ အကွက်အတိုင်းကို၊ သူတို့က နင်းပေးရ တဲ့ အနေအထားမျိုးပါ။ အဲဒီတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ အနေနဲ့လည်း ပထမ သူ နဲ့ လုပ်ဖေါ် ကိုင်ဖက်တွေ တူတူဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးစိန်အောင် (၈၈၈၈ အချိန် ကစထ(၂) ကစထမှူး၊ ၁၉၉၇ တွင် အမှတ်(၁)စက်မှု ၀န်ကြီးအဖြစ်မှ ဖယ်ရှားခံရသူ၊ ယခု ကွယ်လွန်ပြီး) တို့၊ နောက် ဗိုလ်ချုပ်ကြီး ဖုန်းမြင့် (၈၈၈၈ အချိန် လပခ (တောင်ငူ) တိုင်မှူး၊ ၁၉၉၇တွင် ပြည်ထဲရေးဝန်ကြီး ရာထူးမှ ဖယ်ရှားခံရသူ)၊ တို့ အပါအ၀င်ပေါ့လေ၊ နောက် ဗိုလ်ချုပ်ထွန်းကြည် (မကြာ သေးခင်က ဗိုလ်ထွန်းကြည် (မုံရွာ) အမည်နဲ့ ကိုယ်ရေးအထ္တုပ္ပတ္တိစာအုပ် ရေးခဲ့သူ။ ၈၈၈၈ အချိန် နမခ(မန္တလေး) တိုင်းမှူး၊ ၁၉၉၇တွင် ကုန်သွယ်ရေးဝန်ကြီးရာထူးမှ ဖယ်ရှားခံရ သူ)တို့ ဗိုလ်ချုပ်မြင့်အောင် (၈၈၈၈ အချိန် နတခ တိုင်းမှူး၊ ၁၉၉၇တွင် လယ်/ဆည်ဝန်ကြီး ရာထူးမှ ဖယ်ရှားခံရသူ၊ ယခု ကွယ်လွန်ပြီး)တို့ကို တစ်သုတ် သူရှင်းလိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၉၇ ပေါ့နော်၊ အဲဒီတုန်းက ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။ ရှင်းပြီးတဲ့အခါမှာ အဲဒီနောက်ပိုင်းမှာ ဗိုလ်ချုပ်ဝင်းမြင့် (အတွင်းရေးမှူး -၃ အဖြစ်မှ ၂၀၀၁ တွင် ရာထူးမှ ခယ်ရှားခံရသူ) တို့၊ နောက် ဗိုလ်ချုပ် တင်လှ (တပ်မတော်ရေးရာဝန်ကြီး၊ ဒုဝန်ကြီးချုပ်မှ တို့ ၂၀၀၁ တွင် ရာထူးမှ ခယ်ရှားခံရသူ) ဗိုလ်ချုပ် ခင်ညွန့် တို့ပေါ့လေ။ ပိုပြီးတော့မှ တောက်ပြောင်လာတဲ့ အနေအထားမျိုး ကျနော်တို့ တွေ့ရပါမယ်။ နောက်ပိုင်း ၂၀၀၁ ခုနှစ်လောက်ကျတော့ ဗိုလ်ချုပ် ရွှေမန်းတို့ ကို ပွဲထုတ်လာတဲ့ အနေအထားမျိုးတွေ ကျနော်တို့ တွေ့ရမှာဖြစ်ပါတယ်။ အခုလည်း ဒါ ဗိုလ်ချုပ် ရွှေမန်းတို့ ဟာ အချိန်တွေက ကြာလာတဲ့အခါမှာ စစ်တပ်မှာ သူတို့ အာဏာတည်ဆောက်မယ်ဆိုရင် တည်ဆောက်နိုင်တဲ့ အခြေအနေလည်း ရောက်လာ တယ်။ ဒီ့အပြင်မှာ ၂၀၀၈ ခုနှစ်လောက်က ဗိုလ်ချုပ်ရွှေမန်းသာ တိုင်းပြည်ကိုခေါင်းဆောင်ရင် မဆိုးဘူးဆိုတဲ့ အသံလေးတွေ ထွက်လာတဲ့ အခါမှာ ဗိုလ်ချုပ်ရွှေမန်းဟာ ပထမ ဦးစီးချုပ် ရာထူးကို သူ့ကိုမှန်းထားပေမယ့် ဦးစီးချုပ် မရတော့ဘူးပေါ့ဗျာ။ ဘာဖြစ်မလဲ ဆိုတာကတော့ ဒါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ထဲမှာပဲ ရှိပါတယ်။ ပြန်ကြည့်ရင် ဟိုယခင်ပေါ့လေ ဦးနေ ၀င်းခေတ်တုန်းက ပုံစံ အတိုင်းပါပဲ။ တစ်သုတ်ပြီး တစ်သုတ်သာ လူတွေလဲ သွားပေမယ့် ဦးနေ၀င်းကတော့ ကျန်စမြဲ ဖြစ်သလို အခုဒါ ဗိုလ်ချုပ်ကြီး တွေ ဘယ်လောက်ပဲ ပြောင်းသွား ပြောင်းသွား ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အာဏာကတော့ ဆက်ပြီးတော့မှ ရပ်တည်မယ့် အနေအထားမျိုးပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ဗိုလ်မှူးခင်ဗျ၊ ကျနော်တို့ ပြန်ကြည့်တော့ ဒီအတွဲလိုက်ကြီးပေါ့နော်။ အခု ဒါ ‘နောက်တစ်တွဲ လူလဲ’ ဆိုပြီးတော့ ထားခဲ့တဲ့ဟာမှာ၊ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ဦးဆောင်ပြီးတော့မှ ဒီအတွဲလိုက်ကြီး ဘာဆက်လုပ်မယ်လို့ ထင်သလဲခင်ဗျ။ ဗိုလ်မှူးရဲ့ အတွေ့အကြုံနဲ့ သူတို့ရဲ့ လုပ်လေ့လုပ်ထ ရှိ တဲ့ သဘောတွေကို သိနေတဲ့ အတွက်ကြောင့်မို့ လို့ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ကျနော့်အမြင်ပြောရရင်တော့ အခုဒါ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေ အရပေါ့နော် ၂၅ ရာခိုင်နှုန်းကို တပ်မတော်က အမတ်တွေကို ထည့်ရမယ် ဆို တာ ပါလာတာရှိပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော်က နေပြီးတော့မှ ၂၅ ရာခိုင်နှုန်းသော အမတ်တွေကို တပ်မတော်က ရွေးချယ်ပေးမယ်ဆိုတာကို အားလုံးက နားလည်ထားခဲ့ကြတာက တပ်မ တော်က လက်ရှိတာဝန်ယူထားတဲ့ စစ်ယူနီဖောင်းနဲ့ ပုဂ္ဂိုလ်တွေပဲ ၂၅ ရာခိုင်နှုန်းကို ၀င်မယ်၊ ကျနော်တို့လက်ရှိ ဦးသိန်းစိန် ဦးဆောင်တဲ့ ၀န်ကြီးများ အဖွဲ့ကတော့ သူတို့ က တိုက် ရိုက်ခန့်အပ်တာမဟုတ်ဘူး။ သူတို့က အမတ်ဖြစ်မလား မဖြစ်ဘူးလား ဆိုတာက ရွေးကောက်ပွဲ ရလဒ် ပေါ်မှာမှ ဖြစ်လာမှာ။ ဒါပေမယ့် အခု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ အခု အတွဲလိုက် ကြီးက ဒုတိယဗိုလ်ချုပ်ကြီးတွေ ထွက်ပေးလိုက်တာ အခု ၅၀ ကျော်တန်းတွေကနေ သူ့အထိပေါ့နော် ၇၇ လောက်အထိ သက်တမ်းကိုထွက်ပေးလိုက်တာ ဟာ၊ အခုအတိုင်းဆိုလို့ ရှိရင် တပ်မတော်ကနေ စိတ်ကြိုက်ခန့်အပ်မယ့် ၂၅ ရာခိုင်နှုန်းသော အမတ်ဆိုတာ ယူနီဖောင်းဝတ်ထားသော တပ်မတော် အရာရှိတွေ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် သူကြိုက်တဲ့လူ သူခန့်လို့ ရတယ် ဆိုတဲ့ အနေအထားမျိုး ဖြစ်မနေဘူးလား ခင်ဗျ။ အဲဒီတော့ ဗိုလ်ချုပ်ကြီးသူရမြင့်အောင်ကမှ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၊ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးရွှေမန်း တို့ စသည်ဖြင့် အဲဒီပုဂ္ဂိုလ် တွေနဲ့ အခု အတွဲလိုက်ကြီး ထွက်သွားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစား တွေအကုန်လုံးကို အမတ် အနေနဲ့ ၂၅ ရာခိုင်နှုန်းအနေနဲ့ ခန့်လို့ရတယ် ဆိုတဲ့ အနေအထားမျိုးကို သွားနေတာလား ခင်ဗျား။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ကျနော့်အမြင်ပြောရရင်ပေါ့လေ၊ စစ်ရာထူးခန့် အမိန့် အပေါ်မှာ မူတည်ပါတယ်။ စစ်ရာထူးခန့်ချုပ်ရုံးက ထွက်တဲ့ အမိန့်မှာ ကျနော်တို့ နှစ်ခုပေါ့လေ၊ တစ်ခုက အရံ အင်အားစာရင်း တင်သွင်းတယ်ဆိုတာ ကျနော်တို့ တပ်မတော်မှာ တစ်ခုရှိတယ်။ အနားပေးတာလား ဆိုတဲ့ဟာကိုတော့ ကွဲကွဲပြားပြား ကျနော်တို့ မသိရသေးပါဘူး။ တကယ်လို့ ခုဏက ပြောသလိုပေါ့ လေ။ အရံ အင်အား စာရင်း တင်သွင်းတယ် ဆိုလို့ရှိရင် ကျနော်တို့ စစ်တပ်က လုံးဝထွက်သွားတယ်လို့ ပြောလို့မရပါဘူး။ သူတို့က တပ်မတော်မှာ ရှိတဲ့ တာဝန်တွေကိုသာ သူက ထမ်းဆောင်ရခြင်းမှရှိပေမယ့် အရပ်ဘက်မှာတော့ သူက တွဲဘက် သဘောမျိုးနဲ့ သွားတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အရံ အင်အား စာရင်း တင်သွင်းတယ်ဆိုရင်တော့ ယူနီဖောင်း ချွတ်ချင်မှ ချွတ်ဦးမှာပေါ့။ ဆိုတော့ အဲဒီ အနေအထားမျိုး ဖြစ်ပါလိမ့်မယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ပြည်သူ့လွှတ်တော်မှာ လျာထားတာက အမတ် ၄၄၀ မှာ ၁၁၀ ၊ ၂၅ ရာခိုင်နှုန်းသော အမတ်တွေဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်တဲ့ ပုဂ္ဂိုလ်တွေဆိုတဲ့ဟာမှာ အရပ်သားတွေလည်း ဖြစ်ချင်ဖြစ်မယ်ဆိုတဲ့ သဘောပေါ့။ အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အခု နားယူသွားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ် ကြီးတွေ အကုန်လုံးဟာ အရပ်သားတွေ ဖြစ်သွားကြပြီ။ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က သူတို့ကို ဒီ ၂၅ ရာခိုင်နှုန်းသော ကာကွယ်ရေးဦးစီးချုပ် စိတ်ကြိုက်ခန့်တဲ့ အမတ်တွေ အနေနဲ့ ခန့်လို့ မရဘူးလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ တပ်မတော်က ခန့်မယ့် ၂၅ ရာခိုင်နှုန်း ဆိုတဲ့ နေရာမှာ ခုဏက ကိုရော်နီပြောသလိုပေါ့၊ အားလုံးက ယူနီဖောင်း ၀တ်ရမယ်လို့တော့ မဆိုလိုပါဘူး ခင်ဗျ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပေးတဲ့ စာရင်းအတိုင်းပဲ ဒါ လွှတ်တော်က လက်ခံရမယ့် အနေအထားမျိုး ရှိပါတယ်။ လုံးဝ အငြိမ်းစားယူရင်တော့ ယူနီဖောင်း ချွတ်ရမှာပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ ကာကွယ်ရေး ၀န်ကြီးဌာန တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ စစ်ဦးစီးမှူး ဒုတိယတန်း G-2 တာဝန်ထမ်းဆောင်ခဲ့ဖူးပြီးတော့ ၀ါရှင်တန်ဒီစီ မြို့တော် မြန်မာသံရုံးရဲ့ သံရုံး ယာယီ တာဝန်ခံနဲ့ သံမှူးကြီး တာဝန်တွေကိုပါ ထမ်းဆောင်ခဲ့ဖူး တဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်း အပြောင်းအလဲနဲ့ မြန်မာ့နိုင်ငံရေး ဆက်နွှယ်နေပုံတွေကို သုံးသပ်လေ့လာ တင်ပြသွားတာ ဖြစ်ပါတယ်ခင်ဗျား။ နောက်သီတင်ပတ် စက်တင်ဘာလ (၅) ရက်၊ တနင်္ဂ နွေနေ့ မနက် "တပ်မှူးတပ်သား ပြောစကား" ကဏ္ဍမှာတော့ စစ်တက္ကသိုလ် အပတ်စဉ် (၂၄) ကဆင်းပြီးတော့ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး ကာလမှာ ပြည်သူလူထုဘက် ကို ကူးပြောင်းပါဝင်ခဲ့တဲ့ ဗိုလ်ကြီ;ဟောင်း စိုင်းဝင်းကျော်ရဲ့ မြန်မာ့တပ်မတော် မှာ အခု အသစ် တက်လာကြတဲ့ ဒုတိယတန်း စစ်ခေါင်းဆောင် စစ်တိုင်းမှူးတွေနဲ့ ပတ်သက်ပြီး လေ့လာ သုံးသပ် တင်ပြသွားတာတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ခင်ဗျား။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။ ရင်းမြစ်... http://www.voanews.com/burmese/news/soldier-talk/08_28_10_soldiers_talk023-101709843.html

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရှေ့နေကြီး ဦးဥာဏ်ဝင်းသို့မှာကြားချက်...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရှေ့နေကြီး ဦးဥာဏ်ဝင်းသို့မှာကြားချက် (၉)ချက်

။ NLD မပါလို့ဘယ်သူ့ကိုမဲထည့်ရမလည်းဆိုရင် ကိုယ်ကြိုက်တဲ့ပါတီမပါရင် မဲမထည့်ပဲနေပါ။

။ ပြည်ပသတင်းတွေမှာကော ပြည်တွင်းစာနယ်ဇင်းတွေမှာပါ ပြည်သူတွေနားမလည်တာကို အခွင့်အရေးယူပြီး
လှည့်စားပြောနေတာတွေကို့ ကန့်ကွက်တယ်။

။ ဘီဘီစီ မြန်မာပိုင်းဌာနမှာ ရန်ပုံငွေနည်းနေတဲ့အတွက် ရပ်တည်ရခက်နေတာကို စိတ်မကောင်းကြောင်း။

။ ရွေးကောက်ပွဲ ရက်ကို အချိန်တိုလေ ကပ်ပြီးကြေငြာတာဟာ မကောင်းဘူး။

။ ပြည်သူတွေအနေနဲ့ အခုထွက်နေတဲ့ဥပဒေတွေကို နားလည်ရမယ်။ နားမလည်ပဲနဲ့မဲသွားထည့်ရင် ဘာမှအဓိပ္ပါယ်မရှိဘူး။

။ မဲဆွယ်စည်းရုံးရေးတို့ ရွေးကောက်ပွဲဥပဒေတို့နဲ့ဆန့်ကျင်ပြီး မသမာမှုတွေရှိရင် ပြည်သူတွေအနေနဲ့ တရားစွဲရမယ် ရဲစခန်းကိုတိုင်ရမယ်။

။ ရွေးကောက်ပွဲနဲ့ပက်သက်ပြီး သတင်းရယူခွင့် ၊သတင်းထုပ်ပြန်ခွင့် မရှိဘူး... အဲ့ဒါကိုကန့်ကွက်တယ်။

။ ၂၀၀၈ ဖွဲ့စည်းပုံအရေ၏၂၀၁၀ရွေးကောက်ပွဲကိုလုပ်တယ် အဲ့ဒီကထွက်လာမယ့် သမ္မတကို လွှတ်တော်က
မလွှမ်းမိုးနိုင်ဘူး သမ္မတ ကပဲအားလုံးကို လွှမ်းမိုး ချုပ်ကိုင်သွားမှာ ဖြစ်တယ်။

။ အခုထွက်နေတဲ့ဥပဒေတွေက တရားမျှတမှုမရှိဘူး အဲ့ဒါတွေကိုတောင် မလိုက်နာနိုင်ရင် ဒါဟာမင်းမဲ့စရိုက်ပဲ။

ပေးပို့လာသူ မြတ်လေးငုံ....

ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီး စစ်ရာထူးက အနားယူ....

ရန်ပိုင် Friday, August 27, 2010

ရင်းမြစ်... ဧရာဝတီ။ .. ။ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ တပ်မတော် ရာထူးများမှ အနားယူ လိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်သည်။

၎င်းတို့နေရာတွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ခန့်အပ်လိုက်ကြောင်း နေပြည်တော်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

than400-217

ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရေးပြ တပ်မတော်သားများကို လက်ဝှေ့ယမ်း နှုတ်ဆက် နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ဓာတ်ပုံ - Getty Images)

အဓိက ကျသည့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဖျက်သိမ်းခြင်း ရှိမရှိကိုမူ မသိရသေးပေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ ရွေးကောက်ပွဲ အပြီး တက်လာမည့် သမ္မတကို အာဏာလွှဲအပ်ပြီး ၂၀၁၁ ခုနှစ် မတ်လ ဘတ်ဂျက် အကုန်တွင် အနားယူမည် ဟုလည်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်းလည်း စစ်တပ် ရာထူးမှ အနားယူကြောင်း သတင်း ထွက်ပေါ် နေသည်။ ၎င်းကို လာမည့် အနာဂတ် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရာထားသည်ဟု စစ်တပ် အတွင်း ပြောဆိုနေ ကြသည်။

ထို့အတူ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး နှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ နေပြည်တော်ရှိ မဲဆန္ဒ နယ်များမှ ၀င်ရောက် အရွေးခံမည်ဟု နေပြည်တော်နှင့် နီးစပ်သူက ဆိုသည်။

“သူတို့သုံးယောက် နေပြည်တော်ကနေ ၀င်မယ်၊ အခုပုံစံ အတိုင်းဆို ဗိုလ်ချုပ်ကြီးရွှေမန်းက သမ္မတ ဖြစ်ဖို့ သေချာသလောက်ပဲ”ဟု ၎င်းက ပြောသည်။

နေပြည်တော်ခရိုင်တွင် ဇေယျာ သီရိ၊ ဇမ္မူ သီရိ၊ ဒက္ခိဏ သီရိ၊ ဥတ္တရ သီရိ၊ ပုဗ္ဖသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း စသည့် မြို့နယ် များကို ပြည်ထောင်စု နယ်မြေဟု မကြာသေးမီက ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် စစ်တိုင်းမှူးများကိုလည်း စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ) များနှင့် တခြားသော စစ်ဘက်ရာထူးကြီးများကို ပြောင်းလဲ လိုက်ကြောင်း၊ ကစထ မှူး များမှာ နေရာအပြောင်းအလဲမရှိဘဲ မူလတာဝန်ယူခဲ့သည့် ဒေသများတွင်သာ တာဝန်ယူရမည် ဖြစ် သည်။

ထို့အတူ ဗိုလ်ချုပ်ဝေလွင်သည် စစ်ထောက်ချုပ်၊ စစ်ရေးချုပ် အဖြစ် ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်ချုပ်ဝင်းမြင့်မှာ စစ်ရာထူးခန့်ချုပ် စစ်ဥပဒေချုပ် အဖြစ် ဗိုလ်ချုပ်ရာပြည့် တို့ကို ခန့်အပ်လိုက်ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ(ကြံ့ဖွံ့ပါတီ)၀င် ၀န်ကြီးများကို နေပြည်တော်ရှိ ၎င်းတို့၏ နေအိမ်များမှ ဖယ်ရှား ခိုင်းသည့် အတွက် ယခုအခါ ၀န်ကြီးများ ရန်ကုန်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

ထို့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက ကြားဖြတ်အစိုးရကို ဦးဆောင်မည်ဖြစ်ကြောင်း အတည်မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က စစ်အစိုးရ ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင် အေး၊ ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း အပါအ၀င် ၀န်ကြီးချုပ် ဦးသိန်းစိန် တို့က ဦးဆောင်ပြီး နေပြည်တော်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူခဲ့ရာ ထိုအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူများက ပြောသည်။

ထိုအစည်းအဝေးနှင့် ပတ်သက်၍ အစိုးရ သတင်းစာများတွင်မူ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့၏ (၂/၂၀၁၀) ညှိနှိုင်း အစည်းအဝေးဟု ဖော်ပြထားသည်။

" မြန်မာပြည်နိုင်ငံရေးပါတီ-အဖွဲ့အစည်း-အသင်းအပင်းများအညွှန်း"

မြန်မာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများအညွှန်း.. ပေးပို့ပေးတဲ့ KO P W L အားကျေးဇူးတင်ပါသည်။

ပျံသန်းကြမည့် ဂီတသူရဲကောင်းများ


ပျံသန်းကြမည့် ဂီတသူရဲကောင်းများ

“ လူဆိုသည်မှာ ထင်းပုံကို တည် မီးလိုက်လို့ စား အကြွင်းက ပြာပဲ xxx ခွဲချိန်တန် ခွဲကြရမယ် ဒို့လိုလူတိုင်းပဲ xxx နှုတ်ဆက်ခြင်းရဲ့အစ . . . နှုတ်ဆက်ခြင်းရဲ့အဆုံး xxx တွေ့ဆုံကြုံကွဲ လောကရဲ့ သဘာဝပဲ xxx တွေ့ဆုံကြုံကွဲ လောကရဲ့ သဘာဝပဲ ”

အထက်ပါ သီချင်းစာသားကတော့ တေးရေး - ကိုနေ၀င်း (မောင့်လပြည့်ဝန်း) ၏ နာရေးကူညီ မှုအသင်း(ရန်ကုန်) အတွက် ကိုယ်တိုင်ရေးသား၍ သီဆိုပေးထားသော “အိုးထိန်းစက် သံသရာ” အမည်ရှိ တေးသီချင်းဖြစ်သည်။

“ May all be happy
Share my love, peace and harmony
May all be happy
Share your love, peace and harmony.
Let the world will be free. ”

အထက်ပါ သီချင်းစာသားကတော့ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့မှ Bass ဂီတပညာရှင် ကိုရဲလွင် ကိုယ်တိုင် ရေးစပ်သီဆိုပေးထားသော နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် “SHARE MY LOVE” အမည်ရှိ တေးသီချင်းဖြစ်သည်။

ယင်းသီချင်းများကို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်းကြသော အလှူရှင် များအား မေတ္တာဖြင့် ပြန်လည်ပေးအပ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု DVD အခွေများတွင် ထည့်သွင်းကုသိုလ်ယူကြမည် ဖြစ်သည်။ ယခင်က စိုးသိင်္ခ (ရေး/ဆို)၊ မေခလာ၊ နှင်းဧကရီ၊ ကိုစိုးပိုင်၊ မမေရွက်ဝါ၊ အနဂ္ဃ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊ RT (အာတီ)၊ ဘိုလေးနှင့် ပြည်သာ၊ ဂျီတုန်း၊ သုတ (Cyclone) တို့သည် ကျွန်တော်တို့နှင့်အတူ လက်တွဲပေးဆပ် ခဲ့ကြသော ဂီတပညာရှင် လူမှုရေးသူရဲကောင်းများ ဖြစ်ကြသည်။

အကိုကြီး ကျော်သူအား ကျေးဇူးတင်ပါသည်...။

ယခု ကိုနေ၀င်းနှင့် ကိုရဲလွင်တို့သည်လည်း ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူအတွက် ပေးဆပ်မှုများ၊ လုပ်ဆောင်မှုများ၊ ဖေးမမှုများကို စိတ်ဝင်တစားဖြင့် မိမိတို့ တတ်ကျွမ်းသော ဂီတပညာရပ်ဖြင့် တစ်ဖက်တစ်လမ်း ကျွန်တော်တို့နှင့်အတူ ပူးပေါင်းလက်တွဲ၍ မြတ်ဗုဒ္ဓအလိုကျ လူမှုခရီးသွားကြသူများ ဖြစ်ကြသည်။ အဆိုပိုင်းတွင်မက ဂီတအတီး ပညာရှင်များ ဖြစ်ကြသော မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့မှ ကိုဇော်မျိုးထွဋ်၊ ယူနီဗာဆယ် စတူဒီယိုမှ ကိုဇော်နှင့်အဖွဲ့ အပြင် ကိုရဲလွင်မှလည်း ကိုနေ၀င်း တေးသီချင်းအား ၀င်ရောက်တီးခတ် ပံ့ပိုးကူညီအားဖြည့် ကုသိုလ် ယူခဲ့ကြသည်။

ဂီတပညာရှင် အများစုတို့သည် လူလူချင်း စာနာစိတ်၊ မေတ္တာစိတ်၊ ဂရုဏစိတ်၊ မုဒိတာစိတ် များရှိကြသော ငြိမ်းချမ်းရေးသမားများ ဖြစ်ကြသည်။ ထိုငြိမ်းချမ်းရေး ဂီတပညာရှင်များနှင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ပေးဆပ်ရန် အတူ လက်တွဲ ပျံသန်းနေကြပြီ ဖြစ်သည်။

မိုးရွာရွာ နေပူပူ...

မိုးရွာရွာ နေပူပူ
ယနေ့ တစ်နေကုန် ရွာသွန်းနေသော မိုးရေစက်များကြားမှ ဗဟန်းမြို့နယ် မင်းကွန်းတောရ ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တရာဇိန္ဒ သက်တော် (၆၄) နှစ်၏ ရုပ်ကလပ်တော်အား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသားများသည် စတီးရွှေကရ၀ိတ်ဖောင်မှ တစ်ဆင့် ပင့်ဆောင်၍ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မောင်းနှင်ပို့ဆောင်မည့် နိဗ္ဗာန်ယာဉ်ပေါ်သို့ ပင့်ဆောင်ကာ ရေဝေးသုဿန်တွင် အန္တိမဈာပန အခမ်းအနား ကျင်းပပေးခဲ့သည်။ ဤသို့ ပို့ဆောင်ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်အပြင် ဆရာတော်ကြီး၏ ပုံတော်နှင့် ပန်းခြင်းများ တင်ဆောင်ရန်အတွက် အသင်းမှ မော်တော်ယာဉ်တစ်စီးဖြင့် အသင်းသားများ လိုက်ပါ၍ ရှေ့ပြေးဦးဆောင်ကာ ရေဝေးသုဿန်သို့ ပို့ဆောင်ပေးခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မိုးရွာရွာ၊ နေပူပူ၊ အခါကြီးရက်ကြီး ရုံးပိတ်ရက်များတွင်မက တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ အခမဲ့ ကုသိုလ်ဖြစ် အများပြည်သူတို့အတွက် ထမ်းရွက်ပေးနေရသော၊ ပေးဆပ်ပေးနေရသော ကုသိုလ်ဖြစ် လူမှုရေးအသင်းအဖွဲ့ပင် ဖြစ်တော့သည်။

အကိုကြီး ကျော်သူအား ကျေးဇူးတင်ပါသည်..။