ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label အထိမ်းအမှတ်. Show all posts
Showing posts with label အထိမ်းအမှတ်. Show all posts

ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖောက်ခွဲဖျက်ဆီးမှု တရားခံ ဘယ်သူလဲ...

7th July မမေ့နိုင်

Photobucket

ဒီဇိုင်း ကိုဖိုးထောင်

၁၉၆၂ခုနှစ် ဇူလိုင်၇ရက် ကျောင်းသားအရေးအခင်း နှစ်(၅၀)မြောက် ရွှေရတု အထိမ်းအမှတ် ဆောင်းပါး
ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖောက်ခွဲဖျက်ဆီးမှု တရားခံ ဘယ်သူလဲ...
(ဆောင်းပါးရှင် ဘိုးသိမ်း)

သမိုင်းမြို့မကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် ကိုမင်းကိုနိုင် (၄၉)နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များတက်ရောက်... (ဓာတ်ပုံ၊ သတင်း)

ယနေ့ ၁၈ ရက်၊ အောက်တိုဘာလ၊ ၂၀၁၁ ခုနှစ်၊ တနင်္လာနေ့ မနက် ၈ နာရီက ကျိုင်းတုံထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံနေရသော ကိုမင်းကိုနိုင် (၄၉)နှစ်ပြည့် မွေးနေ့အခမ်းအနားအား သမိုင်းမြို့မကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင် နှင့် အကြီးအကဲများ၊ ၈၈ မျိုးဆက်ကျောင်းသား/သူ များ၊ ဂီတအနု ပညာရှင်များ၊


အောက်တိုဘာလ ၁၆ရက်နေ့က ကျင်းပတဲ့ BG သွေးကူညီပေးရေးအဖွဲ့၏ ကိုမင်းကိုနိုင် (၄၉နှစ်ပြည့်) မွေးနေ့အကြို အခမ်းအနား (သတင်း၊ ဓာတ်ပုံ)

 ၁၆ ရက်နေ့ အောက်တိုဘာလ ၂၀၁၁ တနင်္ဂနွေနေ့က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပိဋကတ်သုံးပုံ နိကာယ်ပရိယတ္တိ စာသင်တိုက် ခန်းမဆောင်၌ ကိုမင်းကိုနိုင်၏ (၄၉)နှစ်ပြည့်မွေးနေ့ မင်္ဂလာပွဲအား နေ့လည်(၁၂း၀၀)က BG သွေးအကူအညီပေးရေးနှင့် ပညာဒါနမှကျင်းပ ပြုလုပ်ခဲ့ပါသည်။

ရွှေဝါရောင် လေးနှစ်ပြည့် အထိမ်းအမှတ် (ရုပ်သံ၊ သီချင်း၊ဓာတ်ပုံ)

အကြမ်းမဖက် ငြိမ်းချမ်းစွာ ပြည်သူ့ ဆန္ဒထုတ်ဖော် ပြသခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး အာဏာရှင်တွေရဲ့ အကြမ်းဖက် ဖြိုခွင်းခံရတာ ယနေ့မှာဆိုရင် လေးနှစ်တင်းတင်း ပြည့်မြောက်ခဲ့ပါပြီ....။ လူမဆန်တဲ့ ကိုယ့်ဘာသာ၊ သာသနာကို စော်ကားတဲ့ အာဏာရှင်တွေ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့  ဖြစ်ရပ်တွေကို ယနေ့ထက်တိုင် မေ့မရနိုင်သေးပါ..။  ယနေ့တိုင် ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ရဟန်း ရှင်လူ၊ ကျောင်းသားအပေါင်းတို့လည်း အာဏာရှင်ရဲ့ အကျဉ်းထောင်အသီးသီးမှာ ဆက်လက် မတရားဖမ်းဆီး အကျဉ်းကျခံနေရဆဲပါ..။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်မြောက် အမှတ်တရအခမ်းအနား (သတင်း၊ ဓာတ်ပုံ)

ဒီကနေ့ ကျရောက်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ (၄၇)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအား စမ်းချောင်းမြို့နယ်၊ ကျွန်းတော ဘုန်းကြီးကျောင်း၌  ဆရာကြီးသခင်ကိုယ်တော်မှိုင်း မိသားစုဝင်များမှ ဦးစီးကျင်းပခဲ့ပါတယ်...။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်ပတ်လည်နေ့  အထိမ်းအမှတ် အခမ်းအနားအား နံနက်ပိုင်းမှာ သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှူဒါန်းပြီး၊ ဒီမိုကရေစီ အင်အားစုများအား အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံပါတယ်။ ထိုဧည့်ခံနေချိန်မှာပင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အခမ်းအနားကို အကျဉ်းရုံးကျင်းပရာ အခမ်းအနား ဦးဆောင်ကျင်းပသူများမှ အထိမ်းအမှတ်ပွဲ ကျင်းပရခြင်း အကြောင်းအား ရှင်းလင်းပြောပြပြီး၊ ဆရာကြီး၏ စာပေနဲ့ကဗျာများအား ကဗျာဆရာများမှ တစ်ဦးဆီ ဖတ်ကြားကြပါတယ်။ ထို့အတူ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းအမှတ်တရ ဓါတ်ပုံ ပို့စကဒ်များဝေငှကြပါသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ (၂၃နှစ်ပြည့် ကိုဖုန်းမော် ကျဆုံးခြင်း နှစ်ပတ်လည်) တံတားနီနေ့ အထိမ်းအမှတ်..

ဓာတ်ပုံ ကိုအောင်ကျော်သူအား ကျေးဇူးတင်ပါသည်...

ကိုမင်းကိုနိုင်၏ (၄၈)နှစ်ပြည့်မွေးနေ့တွင် ဒီမိုကရေစီအရေးလှုပ်ရှားသူ (၄၈)ဦးက နအဖအခွန်ရုံးရှေ့တွင် လွတ်မြောက်ရေးအတွက်တောင်းဆို..


ဓာတ်ပုံ အကိုကြီး ကိုသန်းဝင်း

ကိုမင်းကိုနိုင်၏ (၄၈)နှစ်ပြည့်မွေးနေ့တွင် ဒီမိုကရေစီအရေးလှုပ်ရှားသူ (၄၈)ဦးက နအဖအခွန်ရုံးရှေ့တွင် လွတ်မြောက်ရေးအတွက်တောင်းဆို
တိုကျို၊ အောက်တိုဘာ(၁၈)

ရေးသားသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)

မဆလတစ်ပါတီအာဏာရှင်ကို ဖြုတ်ချပစ်နိုင်ခဲ့သည့် ၈၈ အရေးတော်ပုံတွင်ထင်ရှားကျော်ကြားခဲ့သည့် အကျဉ်းကျခံ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ အောက်တိုဘာ(၁၈)ရက်တွင် ကျရောက်သည့် ၄၈ နှစ်ပြည့်မွေးနေ့တွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဂျပန်တွင်လှုပ်ရှားနေသည့် တက်ကြွသူမြန်မာနိုင်ငံသား (၄၈)ဦးက အကျဉ်းကျခံနေရမှုမှ မင်းကိုနိုင်၏ လွတ်မြောက်ရေးအတွက် တိုကျိုရှိမြန်မာအခွန်ရုံး(သံရုံး)ရှေ့တွင် သွားရောက်စုပေါင်း ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ကျိုင်းတုံအကျဉ်းထောင်တွင် လူတစ်ဦး၏တန်ဖိုးရှိသော ငယ်ရွယ်သည့်အချိန်များကို တိုင်ပြည်အတွက် ပေးဆပ်ရင်း ဒီမိုကရေစီရရှိရေးအတွက် ယနေ့ထိတိုင် နအဖစစ်အာဏာရှင်များကို တိုင်ပွဲဝင်နေသာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၈နှစ်ပြည့်မွေးနေ့ပွဲကို ဂုဏ်ပြုရင်း ကိုမင်းကိုနိုင် လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြရခြင်း ဖြစ်သည်ဟု အခန်းအနားမှူးဖြစ်သည့် ကိုမြတ်သူမှ ပြောဆိုသည်။
``မင်းကိုနိုင်ဆိုတာက ပြည်သူတွေကို မတရားဖိနှိပ်ချုပ်ချယ်အုပ်စိုးနေတဲ့ မင်းဆိုးတွေကိုနိုင်တဲ့သူ မင်းကိုနိုင်ဖြစ်ပါတယ်။ မင်းကိုနိုင်ဟာ ပြည်သူတွေနဲ့တသားတည်းရှိနေတဲ့အတွက် ဘယ်တော့မှမသေပါဘူး၊ အကယ်၍ မင်းကိုနိုင်သေသွားခဲ့ရင်တောင် မင်းကိုနိုင်ရဲ့နေရာမှာ အခြားသော မင်းကိုနိုင်တွေက ထပ်ပြီးတော့ အစားထိုးလာပါလိမ့်မယ်´´ဟုကိုမြတ်သူမှ မင်းကိုနိုင်သည် ပြည်သူတို့၏ ပြယုဂ်၊ ကျောင်းသားထု၏ ပုံရိပ်ဖြစ်ကြောင်းကို ရှင်းလင်းပြောဆိုသွားသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ရန်ကုန်တက္ကသိုလ်တွင် ၁၉၈၀ ခုနှစ်မှစ၍ သတ္တဗေဒအထူးပြုဖြင့် လေ့လာဆည်းပူးရင် နိုင်ငံရေးကို စိတ်ပါဝင်စားသည့် ကျောင်းသားတစ်ဦး ဖြစ်သည့်အလျှောက် ၁၉၈၅ ခုနှစ်နောက်ပိုင်း မဆလအာဏာရှင်နေ၀င်းအစိုးရမှ ၁၉၈၅ ခုနှစ်၌ ပြည်သူအများလက်ဝယ်တွင် သုံးစွဲနေသည့် ၁၀၀ ကျပ်တန်များ ရုတ်တရက် သိမ်းလိုက်သည့်အတွက် ယင်းကဲ့သို့ ပိတ်သိမ်းမူ့ကြောင့်ဖြစ်ပေါ်လာသည့် လူထုလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားကာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို ဖွဲ့စည်း၍ ၈၈ အရေးတော်ကာလတွင် ပြည်သူများကို ဦးဆောင်ခဲ့သည့် ထင်းရှားသောကျောင်းသားခေါင်းဆောင်တဦးဖြစ်ခဲ့သည်။

၈၈ အရေးတော်ပုံတွင် ပါဝင်လှုပ်ရှားရင်း ယနေ့အချိန်တွင် ဂျပန်နိုင်ငံသို့ရောက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ဂျပန်တာဝန်ခံအဖြစ် ဆောင်ရွက်နေသည့် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဖုန်းမြင့်ထွန်းက မင်းကိုနိုင်အား အမြဲအမှတ်ရစေသောအရာမှာ သာမန်ကျောင်းသားတဦး၏ ပုံစံမျိုးရှိသော မင်းကိုနိုင်သည် ၈၈ အရေးတော်ပုံကာလတွင် ဆန္ဒပြတောင်းဆိုနေသော ကျောင်းသားပြည်သူထုနှင့် သေနတ်ကိုင်ဆောင်ထားသော စစ်သားများအကြားတွင် အများအတွက် မားမားမတ်မတ် ၀င်ရောက် ရပ်တည်ပေးခဲ့သော ရဲဘော်ရဲဘက်နှင့်ခေါင်းဆောင်ကောင်း စိတ်ဓါတ်ပင် ဖြစ်ကြောင်းပြောပြသည်။

၎င်းက``ကိုမင်းကိုနိုင်ပြောခဲ့တဲ့စကားတခု ရင်ထဲမှာစွဲနေတာရှိပါတယ်၊ ကျောင်းသားထုနဲ့ စစ်တပ်ထိပ်တိုက်တွေ့ခဲ့တဲ့ ကုန်သွယ်ရေးရုံးနဲ့စစ်ရုံးကြီးကို ၀ိုင်းထားတဲ့အချိန်မှာ သူက ကျောင်းသားနဲ့ စစ်သားတွေရဲ့ကြားကနေ ကျောင်းသားနဲ့စစ်တပ်ဟာ ရန်သူမဟုတ်ဘူး၊ ကျောင်းသားနဲ့ စစ်တပ်ဟာ ပြည်သူလူထုကို အလုပ်အကျွေးပြုနေတဲ့ သူတွေပဲဖြစ်တယ်၊ ဒီတော့ဒီကျောင်းသားနဲ့ စစ်တပ်ဟာ ဘယ်တော့မှ ရန်ဖြစ်စရာမလိုဘူးလို့ ကျောင်းသားထုကို ပြောခဲ့တယ်၊ အဲ့လိုပဲ စစ်တပ်ဖက်ကိုလည်း ခွပ်ဒေါင်းဆိုတဲ့ စိတ်ဓါတ်ဟာ တိုက်ရင်အနိုင်တိုက်တယ်၊ သေတာနဲ့အနိုင်ပဲရှိတယ်၊ အရှုံးဆိုတာမရှိဘူးလို့ရဲရဲတောက်မိန့်ခွန်းပြောခဲ့တယ်´´ဟု ပြောပြသည်။

၂၀၀၇ ခုနှစ်တွင် အခြား ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်(၁၃)ဦးနှင့်အတူ လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ခြင်းကြောင့် တတိယအကြိမ်အဖြစ် နအဖ၏ အကျဉ်းချခြင်းကို ထပ်မံခံနေရသည့်အတွက် မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးပါသော ခေါင်းဆောင်တဦး လွတ်မြောက်ဖို့ရန် ဂျပန်ရှိဒီမိုကရေစီအင်အားစုများက မကြာခဏတောင်းဆိုခဲ့ကြသလို ကိုမင်းကိုနိုင်၏ ၄၈နှစ်ပြည့် မွေးနေ့တွင်လည်း လူပေါင်း ၄၈ ဦးက တညီတညွတ်တည်း စုစည်းဆန္ဒပြ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။



အလုံမြို့နယ် အဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ် နေအိမ်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား..

ဓာတ်ပုံ ကိုလူမော်လတ်
၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ် နေအိမ်တွင်ကျင်းပရာ NLD ပါတီ (ဒု)ဥက္ကဌ ဘဘဦးတင်ဦး ကြွရောက် ချီးမြှင့်အားပေး...

ယနေ့ စက်တင်ဘာလ ၂၁ ရက် - အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အမှတ် (၁၄) နွယ်နီလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်ရှိ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်၏ နေအိမ်တွင် ဒီမိုကရေစီအင်အားစုများစွာဖြင့် ကျင်းပခဲ့ပါသည်။

နံနက် (၁၀) နာရီအချိန်တွင် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော် အရှင်သူမြတ် (၅) ပါးမှ (၅) ပါးသီလပေးပြီး၊ မေတ္တာသုတ်နှင့် ဗောဇ္ဈင်သုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူ ခဲ့ကြပါသည်။၊ ထို့နောက် ဆရာတော်အရှင်သူမြတ်များကို ကိုလူမော်လတ်၊ မ၀င်းမော်ဦး (၈၈ကျဆုံး) ၏ အဖွားဒေါ်နီနှင့် NLD ပါတီဝင်များက လှုဖွယ်ဝတ္ထုနှင့် သင်္ကန်းများကို ဆက်ကပ်လှုဒါန်းခဲ့ပါသည်။

ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားကြကုန်သော ရဟန်းရှင်လူ၊ကျောင်းသား/သူအပေါင်းကို အမျှပေးဝေပြီး၊ မြန်မာနိုင်ငံတ၀ှမ်းရှိ အကျဉ်းထောင်များ၌ မတရားဖမ်းဆီး အကျဉ်းချထားခြင်းခံနေရသော ရဟန်းသံဃာတော်များ၊ နိုင်ငံရေးသမားများနှင့် ကျောင်းသားလူငယ် မျိုးဆက်သစ်များကို အမြန်လွတ်ငြိမ်း ချမ်းသာရပါစေခြင်းငှာ ဆုတောင်း မေတ္တာပို့သခဲ့ကြပါသည်။ ထို့နောက် သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်း ဆက်ကပ်လှုဒါန်းခဲ့ကြပါသည်။ ကြွရောက်လာကြသော ဒီမိုကရေစီအင်အားစု ဧည့်ပရိတ်သတ်များအား ကြက်သား၊ ၀က်သား၊ ငါးဟင်း၊ အသီးအရွက် အစိမ်းကြော်များ၊ ငါးပိကြော်၊ တို့စရာမျိုးစုံတို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။

အဆိုပါကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ဆွမ်းကျွေးကပ်လှုပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌ ဘဘဦးတင်ဦး၊ ဒေါက်တာမျိုးအောင်(NLD ရန်ကုန်တိုင်းစည်းရုံးရေးမှုး)၊ ရဲရဲတောက် ဦးသိန်းအောင် (ရွှေပြည်သာ)၊ ဦးအေး၊ ကဗျာဆရာ ဦးသူရဇ္ဈာန်၊ ကဗျာဆရာ ဦးဘုန်းကျော်နှင့် NLD ပါတီ (အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ဝင်)များ၊ မ၀င်းမော်ဦး (၈၈ ကျဆုံး) ၏ အဖွား ဒေါ်နီနှင့် သူမ၏ မိသားစုဝင်များ၊ လှိုင်သာယာမြို့နယ် NLD ပါတီဝင်များ၊ ရှေ့နေကြီး ဘဘ ဦးအုန်းမောင်၊ မမာမာဦး NLDပါတီဝင် (ဗန်းမော်အကျဉ်းထောင်၌ ထောင်ကျနေသူ) ၏ ဖခင်ဦးသိန်းမောင်၊ ဒေါ်ရှု NLD၊ ကျောက်တန်းမြို့နယ် NLD ပါတီဥက္ကဌနှင့် ပါတီဝင်များ၊ စမ်းချောင်းမြို့နယ် NLD ပါတီဥက္ကဌ ဦးသက်ဝေနှင့် ပါတီဝင်များ၊ ရှေ့နေလေး ကိုဖိုးဖြူ (အလုပ်သမားအကျိုးဆောင်)၊ ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်များ၊ ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့များနှင့် အခြားသော ဒီမိုကရေစီအင်အားစုများက တက်ရောက်ချီးမြှင့်အားပေးခဲ့ကြပါသည်။

ထို့နောက် အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်မှ တစ်ကမ္ဘာလုံး၊ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းပါစေခြင်းအတွက် ဂျိုးငှက်လေးများကို အဆုံးအဆမဲ့ ကောင်းကင်ထက်သို့ လွှတ်ပေးခဲ့ပါသည်။ ယင်းအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ပွဲတွင် ရဲရဲတောက် ဦးသိန်းအောင် (ရွှေပြည်သာ) က (ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး) အမည်ရှိ ကဗျာကိုလည်းကောင်း၊ ကဗျာဆရာ ဦးသူရဇ္ဈာန်က (ငြိမ်းချမ်းရေးတမန်တော်) အမည်ရကဗျာကိုလည်းကောင်း၊ ကဗျာဆရာ ဘုန်းကျော်မှ (ပြည်သူတွေကို ညှာတာပါ) အမည်ရ ကဗျာ (၃) ပုဒ် ရွတ်ဖတ်ပြီး ဂုဏ်ပြုခဲ့ပါသည်။
ဓာတ်ပုံ ဘားမားပါပါရာဇီ
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ကျင်းပရခြင်းအကြောင်းနှင့် ပတ်သက်ပြီး ၄င်းပွဲကို ဦးစီးကျင်းပပြုလုပ်သူ ကိုလူမော်လတ်ကို အနည်းငယ် မေးမြန်းခဲ့ပါတယ်။

BP ။ ။ ကိုလူမော်လတ်ခင်ဗျား၊ စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းနေ့ အထိမ်းအမှတ်ပွဲကို ဘယ်လိုရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်ဆိုတာလေး သိပါရစေ။

ကိုလူမော် ။ ။ ဟုတ်ကဲ့ ကျွန်တော် ဒီ ငြိမ်းချမ်းရေးပွဲလေးကို အကြောင်းမဲ့၊ ရည်ရွယ်ချက်မရှိပဲ လုပ်တာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေ၊ မြန်မာပြည်အတွင်းမှာ ရှိနေကြတဲ့ ပြည်သူပြည်သားတွေ၊ နောက်ပြီးတော့ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေ၊ နောက် ကျွန်တော်တို့အားလုံးရဲ့ အမေလို့ သတ်မှတ်ပြီး၊ ဒီမိုကရေစီလမ်းပြကြယ်လို့ နှလုံးသားထဲမှာ စွဲမြဲနေတဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း အကျဉ်းချ ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွတ်မြောက်ငြိမ်းချမ်းစေချင်တဲ့ဆန္ဒနဲ့ သံဃာတော်တွေကို ပင့်ဖိတ်ဆွမ်းကပ်လှုပြီး မေတ္တာပို့သ အမျှပေးဝေချင်လို့ပါ။

ကျွန်တော့်အဖေလည်း ခု ဗန်းမော်ထောင်မှာ အနှစ်(၂၀) အကျဉ်းချခံထားရပါတယ်။ ကျွန်တော့်အဖေက အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဘမြင့်ပါ။ ခုဒီပွဲကို ကျွန်တော် မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့အတွက် ကျွန်တော့်အဖေဆီတောင် ထောင်ဝင်စာ သွားမတွေ့ရသေးပါဘူး။ ကျွန်တော်ပြောချင်တာက ခုလက်ရှိအုပ်ချုပ်နေတဲ့ နိုင်ငံတော်လူကြီးများကို အန်တီဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးပါလို့ တောင်းဆိုပါတယ်။ သူတို့တွေက အကြမ်းဖက်သမားတွေလည်း မဟုတ်၊နိုင်ငံတော်ကို လုပ်ကြံကြတဲ့သူတွေလည်း မဟုတ်ဘူး၊ သူပုန်သူကန်တွေလည်း မဟုတ်ပါဘူး။ ကျွန်တော့်ဆန္ဒက ထောင်ချထားခံရတဲ့သူတွေ အမြန်ဆုံးပြန်လွတ်ပြီး မိသားစုတွေနဲ့ နွေးထွေးစွာ ပြန်လည်တွေ့ဆုံစေဆန္ဒပါ။ ကျွန်တော်တို့ မိသားစုလည်း တကွဲတပြား ဖြစ်နေတော့ ကျွန်တော်ကိုယ်တိုင် ခံစားနေရတာကို စာနာပြီး သူတို့တွေအတွက်၊ အားလုံးအတွက် ရည်ရွယ်ပြီး ကျင်းပခဲ့တာပါဗျာ။

(ကိုလူမော်လတ်ဟာ သူရေစက်ချနေစဉ် ဘဘဦးတင်ဦးရောက်လာချိန်မှာ မျက်ရည်တွေ တွေတွေကျခဲ့သလို၊ ကျွန်တော် အင်တာဗျူးနေစဉ်မှာလည်း မျက်ရည်များ ကျခဲ့ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အမြန် ငြိမ်းချမ်းမှုရပါစေလို့ ကျွန်တော် ဒီနေရာကပဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။)

လေးစားဦးညွှတ်လျှက် -

ဘားမားပါပါရာဇီ။


ကဗျာရွတ်ဆိုတဲ့ ဗီဒီယို ဖိုင်အား ဆက်လက် ဖော်ပြပေးပါမည်။
ဓာတ်ပုံများ ပေးပို့ပေးတဲ့ ကိုလူမော်လတ်၊ ဘားမားပါပါရာဇီနဲ့ မိတ်ဆွေများအား ကျေးဇူးတင်ပါသည်။

၁၉ရက် စက်တင်ဘာ ၁၉၈၈က စစ်အာဏာရှင်တွေ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ မဝင်းမော်ဦးရဲ့ (၂၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ဓာတ်ပုံမှတ်တမ်း..

မဝင်းမော်ဦး.. တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်ပုံပါ.. ဗိုလ်ချုပ်ပုံကို ကိုင်ထားရင်း ကျည်ဆံ ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်..
ပင်နီနှင့်အဘွားမှာ မ၀င်းမော်ဦး၏ အဘွားဒေါ်နီ အသက်၈၈နှစ်ဖြစ်ပါတယ်။ ၂၀၀၇ခုနှစ် စက်တင်ဘာသံဃာ့ အရေးအခင်းမှာ သံဃာတော်တွေနဲ့ အတူ ၃ ရက်တိုင်တိုင် လမ်းလျှောက်ခဲ့သူဖြစ်သည်။ ၂၆ရက်နေ့ အကြမ်းဖက်ဖြိုခွဲမှု အရှေ့ဘက်မုဒ်တွင် သံဃာတော်တပါးမှ တိုက်ပေါ်သို့ ပွေ့ချီ တက်ပြေးခဲ့ရသည်။ (ပုံမှာ ၀င်းမော်ဦး အဖေ ဦးဝင်းကြု၊ အဘွားဒေါ်နီနှင့် အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူ ကိုလူမော်လတ်)ပါ..။
မဝင်းမော်ဦး မိဘတွေ အိမ်မှာချိတ်ဆွဲထားတဲ့.. မဝင်းမော်ဦးရဲ့ သမိုင်းဝင်ဓာတ်ပုံပါ...
ပေးပို့ပေးလာတဲ့ ကိုလူမော်နဲ့ ရွှေကျောင်းသားတို့ အားကျေးဇူးတင်ပါသည်...။

ဆန္ဒ..

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (စက်တင်ဘာလ-၂၁ရက်နေ့) အတွက် စိတ်ထဲပေါ်လာသမျှကို ချရေး, ချဆွဲလိုက်တဲ့ ကျွန်တော်၏ အတွင်းစိတ် ကဗျာပန်းချီကား တစ်ချပ်ပါခင်ဗျား။

လေးစားစွာဖြင့်
ကျော်သူ
ပေးပို့ပေးတဲ့ အကိုကြီး ကိုကျော်သူ၊ ကိုနစ်တို့အား ကျေးဇူးတင်ပါသည်။

၃ နှစ်ပြည့် ပိတ်ဆို့မှု၏ ထွက်ပေါက်...


၃ နှစ်ပြည့် ပိတ်ဆို့မှု၏ ထွက်ပေါက်
၎.၉.၂၀၁၀ (စနေနေ့)
အနုပညာနှင့် ပတ်သက်သည့် လုပ်ငန်းမှန်သမျှကို ပိတ်ပင်တားဆီးမှုများ ပြုလုပ်ခြင်း ခံခဲ့ရသည်မှာ (၃) နှစ်တာ ကာလအတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုအပေါ် (၃) နှစ်တာ ကာလအတွင်း လူမှုရေးလုပ်ငန်းများဖြင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကိုယ်ဖိရင်ဖိ လုပ်ကိုင်ပေးဆပ်ရင်းနှင့် နှလုံးသားမှ ပေါ်ထွက်လာသော အဖြူထည် အနုပညာ ခံစားမှုများကို မိမိ၏ အနုပညာ ထွက်ပေါက်အဖြစ် ရေးဆွဲမိတော့သည်။

ယင်း အဖြူထည်ခံစားမှု ရေးချက်တို့မှ “အဖြူထည်မိခင်” တည်း ဟူသော ပန်းချီကားချပ် တစ်ချပ် ထွက်ပေါ်လာတော့သည်။ ထိုတစ်ခုတည်းသော “အဖြူထည်မိခင်” ပန်းချီကားချပ်ကို Morekha Art Gallery တွင် အများပြည်သူတို့အား ပြသခွင့် ရရှိခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှ ၂၀၁၀ ခုနှစ် စက်တင်ဘာလအထိ အများပြည်သူ အနုပညာ ပရိတ်သတ်၏ မိမိ၏ အနုပညာကို အသိအမှတ်ပြုခြင်း၊ အားပေးခြင်း ကင်းမဲ့ခဲ့သော ကျွန်တော်၏ အနုပညာတင်ပြမှု ပေးဆပ်မှု ချပြမှုများသည် ယခု (၃) နှစ်ပြည့်သော နေ့ရက်တွင် အများပြည်သူ ပရိတ်သတ်ထဲမှ အနုပညာမြတ်နိုးသော တစ်စုံတစ်ယောက်က အသိအမှတ်ပြုစွာဖြင့် ၀ယ်ယူအားပေး ခြင်းကို ခံယူခဲ့ရသည့်အတွက် လွန်စွာဝမ်းမြောက်ပီတိ ကျေးဇူးအထူးတင်ရှိပါကြောင်း . . . .

ယခု (၃) နှစ်ပြည့်သော နေ့ရက်တွင် မိမိ၏ အနုပညာပစ္စည်းတစ်ခုကို တစ်စုံတစ်ယောက်အား အဖိုးထိုက်တန်စွာနှင့် ပေးအပ်လိုက် ခြင်းသည် မိမိ၏ ရင်သွေးငယ်တစ်ဦးအား ထို တစ်စုံတစ်ယောက် ထံသို့ ပေးအပ်လိုက်ရသလို ခံစားမိ သော်လည်း ထို တစ်စုံတစ်ယောက်၏ ၀ယ်ယူအားပေးမှုသည် မိမိအတွက် လူမှုရေးကိစ္စတင်မက အနုပညာဖန်တီးမှုအတွက် အဖိုးမဖြတ်နိုင်သော အားဆေး တစ်ခွက်ကို သောက်လိုက်ရသကဲ့သို့ ခံစားရပြန်သည်။

(ထို တစ်စုံတစ်ယောက်သော သူ၏ ရုပ်ပုံလွှာကို မဖော်ပြခြင်းအား နားလည်ခွင့်လွှတ်လိမ့်မည်ဟု မျှော်လင့်ပါသည်။)

လေးစားမှုများစွာ ပေးဆပ်မှုများစွာဖြင့်
့်
ကျော်သူ

အ၀ါရောင်ကိုက်ခဲမှု (ရွှေဝါရောင် နှစ်ပတ်လည် အထိမ်းအမှတ် ကိုသော်ကြီး ခံစားတင်ပြသည်)


ရှစ်လေးလုံး ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံ အထိမ်း အမှတ် ပို့(စ်)ကဒ်

8888

ပြည်ထောင်စု အမျိုးသား ကောင်စီ (မြန်မာနိုင်ငံ) မှ ၈ . ၈ . ၂၀၁၀ ရက် နေ့တွင် ကျရောက်သော (၂၂) နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံ အထိမ်း အမှတ် အဖြစ် ထုတ်ဝေသော ပို့(စ်)ကဒ် အား ပေးပို့ အပ်ပါသည်။

ပြည်ထောင်စု အမျိုးသား ကောင်စီ (မြန်မာနိုင်ငံ)

www.ncum.info


၈၈၈၈ အရေးအခင်း အောက်မေ့ ၀မ်းနည်းဖွယ် အထိမ်းအမှတ်..

8888
၈၈၈၈ အရေးအခင်းအောက်မေ့ဝမ်းနည်းဖွယ်အထိမ်းအမှတ်

၈.၈.၂၀၁၀ နေ့မှာဖြင့် ၈၈၈၈ သမိုင်းဝင်ခေတ်ပြောင်းတော်လှန်ရေးကြီးသည် (၂၂) နှစ်တိတိ ပြည့်မြောက်ခဲ့ပါပြီ။
တစ်ပါတီအာဏာရှင်စနစ်ကို တော်လှန်ဖြုတ်ချကာ ဒီမိုကရေစီစနစ်သစ်ကို ပြောင်းလဲ တည်ဆောက်ရေး အတွက် အသက်သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ခဲ့ကြရပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့အတွက် တစ်ပါတီ အာဏာရှင်စနစ်ဟာ အဆုံးသတ်သွား ခဲ့ရပါတယ်။ မြောက်များစွာသော ကျောင်းသားလူငယ်တွေ၊ ရဟန်းသံဃာတော်တွေ၊ ပြည်သူလူထုတွေ ရဲ့ ခံယူချက်ပြင်းပြတဲ့ သံမဏိစိတ်ဓါတ်တွေနဲ့ ဦးနေ၀င်းရဲ့  တစ်ပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ပေမဲ့ ပိုမိုဆိုးဝါးတဲ့ စစ်အာဏာရှင်စနစ်ဟာ ပေါ်ပေါက်လို့လာပါတယ်။ ယနေ့ဗမာပြည်မှာ ချုပ်ကိုင်စိုးမိုးကြီးစိုးနေတဲ့ စစ်အာဏာရှင်တွေသည် မဆလတစ်ပါတီခေါင်းဆောင် ဦးနေ၀င်း မွေးထုတ်ပေးခဲ့တဲ့ ခေတ်သစ်ဖက်ဆစ် အာဏာရှင်များသာ ဖြစ်ကြပါသည်။ ဗမာပြည်၏ ဖြစ်စဉ်သမိုင်းကို ပြန်လည် စစ်ဆေးကြည့်သည့်အခါ ဆရာပြီးလျှင်တပည့်၊ အဖေပြီးရင် သား၊ အကိုပြီးရင် ညီဆိုတဲ့ အစဉ်အလာဟာ ရှေးဘုရင်မင်းများ လက်ထက်မှ စတင်ကာ ယနေ့အထိ အရိုးစွဲအတ္တကြီးစွာ လက်ကိုင် ထားနေကြဆဲပင်ဖြစ်သည်။ ကျွန်တော်တို့ တစ်တိုင်းပြည်လုံးရှိ ပြည်သူပြည်သား ၊ရဟန်းရှင်၊ ကျောင်းသားများ အနေဖြင့် တစ်စုတစ်ဝေးတည်း စည်းလုံးညီညွတ်စွာဖြင့် လက်ရှိမတရားသဖြင့် အုပ်စိုးနေသော နအဖစစ်အာဏာရှင် လက်တစ်ဆုပ်စာ လူစုကိုကျူပင်ခုတ် ၊ကျူငုတ်ပါ မကျန်အောင် တိုက်ထုတ်ကြပါရန် ကျွန်တော်တိုက်တွန်း ပြောကြားလိုပါတယ်။ ဗမာပြည်အတွင်းမှာ လှုပ်ရှားနေကြတဲ့ လူမှုရေးလုပ်နေကြသူတွေ၊ နိုင်ငံရေးလုပ်နေကြသူ တွေအနေနဲ့ ပိုမို၍ သတိကြီးမားစွာထားပြီး ပြည်သူ့အကျိုးအတွက်၊ ဘာသာသသနာ အကျိုးအတွက် တကယ်သာဆောင်ရွက် လုပ်ကိုင်ကြပါရန်လည်း မေတ္တာရပ်ခံပါသည်။ လူမှုရေးလိုလို၊ နိုင်ငံရေးလိုလို၊ ဟိုလိုလို၊ ဒီဒီလိုလိုနဲ့မလုပ်ကြပဲ မိမိတို့ရည်ရွယ် ဦးတည်သည့် လမ်းကြောင်းကိုသာ မည်သူ့ကိုမှမတွန်းမတိုက်၊ မတိုက်မခိုက်ပဲ ဖြောင့်တန်းစွာ လျှောက်လှမ်းကြပါရန်လည်း လေးစားစွာဖြင့် ဤစာမျက်နှာထက်မှ မေတ္တာရပ်ခံ နှိုးဆော်လိုက်ပါတယ်။ ဗမာနိုင်ငံ ပြည်သူပြည်သားများ အတွက် လိုအပ်ခဲ့ပါရင် ကျွန်တော်၏အသက်ကို ပေးဆပ်ရန်အတွက် များစွာ ၀န်လေးမှု မရှိပါကြောင်းကိုလည်း မြေ၀သုန္ဒရီ ကိုသက်သေအမှုတည်၍ ထပ်လောင်း ပြောဆိုလိုက်ပါသည်။ ၈.၈.၈၈ ခုနှစ်နေ့၌ ကျဆုံးခဲ့ကြသော အဌမတန်းကျောင်းသူလေး မ၀င်းမော်ဦးနှင့်တကွ ရဟန်းရှင်လူကျောင်း သားပြည်သူအပေါင်းတို့အား ကျွန်တော်ပြုခဲ့သော ကုသိုလ် ကံကောင်းမှုတို့ဖြင့် အမျှပေးဝေပါ၏။
အားလုံးကြားကြားသမျှ… အမျှ…..အမျှ…..အမျှ………………..
လေးစားဦးညွှတ်လျှက်
BP

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိန့် ခွန်းပြောမှု ဖြစ်ပါတယ်။

8888


8888

ပေးပို့ပေးတဲ့ အကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်။

၈.၈.၂၀၁၀ တွင်ကျင်းပမည့် "အဖြူထည်တို့ရဲ့ပွဲ"....

U KYAW THU

U kyaw Thu
မိတ်ဆွေများခင်ဗျား.....

မလာနိုင်မှန်း သိသော်ငြားလည်း မုဒိတာ ပွားနိုင်ရန်အတွက် လေးစားစွာဖြင့် ဖိတ်ကြားလိုက်ပါသည် ခင်ဗျား ။
လေးစားစွာဖြင့်....
ကျော်သူ


၁၉၉၀ အာဇာနည်နေ့တိုက်ပွဲနဲ့ “တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ”

martyr day
ဓာတ်ပုံ အာလူးလေး...

၁၉၉၀ အာဇာနည်နေ့တိုက်ပွဲနဲ့

“တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ”

မောင်ကျောင်းသား

(၁)

၁၉၈၈ခုနှစ် ၊ ဒီမိုကရေစီတောင်းဆိုမှုအရေးတော်ပုံကြီးက ပြည်သူတွေကိုနိုင်ငံရေးနိုးကြားမှု ဖြစ်စေခဲ့သလို အထူးသဖြင့် ကျောင်းသားတွေရဲ့ရင်ဘတ်ထဲ ကျောင်းသားသမဂ္ဂနဲ့ခွပ်ဒေါင်း စိတ်ဓါတ် ရှင်သန်ခိုင်မြဲစေခဲ့ပါတယ် ။

၁၉၆၂ ဇူလိုင်လ (၇) ရက်နဲ့ (၈) ရက်မှာ နေ၀င်းနဲ့စစ်ဝါဒီတွေရဲ့ဖျက်ဆီးမှုခံရပြီးကထဲက တိုးတိုးတိတ်တိတ်ပဲဖွဲ့စည်းရပ်တည်ခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်(ဗကသ)ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ခိုင်ခိုင်မာမာ ပြန်လည်ဖွဲ့စည်း ပေါ်ထွက် လာခဲ့ပါတယ် ။

ကျောင်းသားအများစုက နိုင်ငံရေးဆိုတာလဲ ကောင်းကောင်းနားမလည်ကြသေးပဲ မဆလ လက်ကိုင်ဒုတ် လုံထိန်းရဲတွေနဲ့ စစ်တပ်ရဲ့မတရားမှုကို မြင်တွေ့ခံစားရမှုကနေ ပါဝင်လာကြ တာသာဖြစ်တဲ့အလျောက် တစ်ဦးနဲ့တစ်ဦး ထင်ပေါ်ကျော်ကြားလိုမှုတွေ အားပြိုင်ကြရင်း စစ်တပ်ကအာဏာသိမ်းပြီးချိန်မှာ ကျောင်းသား အဖွဲ့စည်းမျိုးစုံဖြစ်သွားပါတယ် ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(မကသ) ၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ) ၊ အခြေခံ ပညာကျောင်းသားများသမဂ္ဂ(အကသ) စတဲ့ကျောင်းသားသမဂ္ဂတွေနဲ့ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) ၊ မျိုးဆက်သစ်အားမာန် လူငယ့်တပ်ဦး စတဲ့ပါတီဝင်တွေအဖြစ် အဖွဲ့စည်း အမျိုးမျိုးပေါ်လာတာပါ ။ တောခိုဖြစ်သွားတဲ့ ကျောင်းသားတွေကတော့ ကျောင်းသားတပ်မတော်(ABSDF) လို့ ဖွဲ့စည်း နိုင်ခဲ့ပါတယ် ။

မောင်ကျောင်းသားတို့ အခြေခံပညာကျောင်းသား (အကသ)တွေလဲ နှစ်ဖွဲ့သုံးဖွဲ့ဖြစ်ခဲ့ပါတယ် ၊ ပထမပိုင်း အကသ/ရန်ကုန်တိုင်း နဲ့ အကသ/ရန်ကုန်ခရိုင် ဆိုပြီးနှစ်ဖွဲ့ကွဲပါတယ် ၊ နေလင်း အကသနဲ့ မင်းဇင်/သီဟအကသဆိုပြီးခေါ်ကြပါတယ် ၊ ၁၉၉၀ ကျတော့ ကိုယ်ဘာသာပဲ ဦးဆောင်ချင်တဲ့ မောင်ကျောင်းသားတို့က အဲဒီနှစ်ဖွဲ့လုံးက ခွဲထွက်လာတဲ့သူတွေစုပြီး ဗမာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗခသ) ကိုထပ်ဖွဲ့ပါတယ် ၊ ဒါပေမဲ့ အကသတွေ ဘယ်နှစ်ဖွဲ့ကွဲကွဲ ဗကသ ဦးဆောင်မှုနဲ့ ခွပ်ဒေါင်းအလံတော်အောက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေ အတူညှိနှိုင်း လုပ်နိုင်ခဲ့ပါတယ် ။

အဲဒီတုန်းက ခေါင်းဆောင်လုလုပ်ကြတယ်ဆိုတာ ကိုယ်ကျိုးစီးပွားမပါတဲ့ ထောင်ကျမဲ့အလုပ် တွေကိုလုလုပ်ကြတာပါ ၊ သေမဲ့လမ်း ကိုလုလျှောက်ကြတာပါ ၊ ဆယ့်ငါးနှစ်ဆယ့်ခြောက်နှစ် ကလေးတွေက မိဘတွေပေးတဲ့မုန့်ဘိုးလေးတွေ လမ်းစရိတ်လုပ် ၊ ကိုယ့်ပုဆိုးအင်္ကျီရောင်း ပေါင် ၊ တချို့လဲမိသားစုပစ္စည်းထုခွဲပြီး ရတဲ့ငွေလေးရန်ပုံငွေလုပ် ၊ စာထုတ် အခန်းအနား လုပ်,လုပ်ကြ ရတာပါ ။ ပြည်သူတွေတီးတဲ့လက်ခုတ်သံတွေကြားမှာ သူရဲကောင်းကြီးတွေလို ခပ်ကြွားကြွားရပ်တည်ချင်စိတ်တွေနဲ့ ဒုက္ခတရားရဲ့ပဉ္စလက်တောအုပ်မှန်း သိသိနဲ့ လုတိုးဝင်ကြတာပါ ။

အဲဒီတုန်းက ကျောင်းသားသမဂ္ဂတွေဟာ (မကသ ကလွဲရင်)တရားမ၀င်အသင်းအဖွဲ့ဖြစ် တာကြောင့် ကိုယ်ပိုင်ရုံးနေရာ မရှိပါဘူး ၊ လူ့ဘောင်သစ်ရုံး ၊ NLDရုံး ၊ ဖဆပလ ရုံး ၊ စတဲ့ နေရာခွင့်ပြုပေးတဲ့ပါတီရုံးတွေမှာပဲ အဆင်ပြေသလိုရုံးလုပ်ရတာပါ ၊ မောင်ကျောင်းသားတို့ကို တော့ ရွှေဂုံတိုင်က ဘိုးဘွားရိပ်သာမျက်စောင်း ထိုး(အခုရန်ရှင်းအိမ်ယာမြောက်ဘက်) ကမ္ဘာ အေးဘုရားလမ်းမကြီးပေါ် “အနာဂတ်ကိုငါတို့ပိုင်ထားသည်”လို့ ဆိုင်းဘုတ်ကြီးထူထားတဲ့ မျိုးဆက်သစ်အားမာန် လူငယ့်တပ်ဦးက နေရာပေးထားပါတယ် ။

မောင်ကျောင်းသားတို့ရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာအခြေခံပညာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗခသ) ဖွဲ့စည်းတဲ့အခန်းအနားကို ၁၉၉၀ခု ဇွန်(၉)ရက်နေ့က မျိုးဆက်သစ်အားမာန်လူငယ့် တပ်ဦးရုံးမှာပဲ ကျင်းပခဲ့တာပါ ၊ တက်လာတဲ့ကျောင်းသားတွေရဲ့မဲပေးမှုနဲ့ သိန်းထွန်းကျော် (ဥက္ကဌ) ၊ ဗဟိန်း(အထွေထွေအတွင်းရေးမှုး) ၊ တရုပ်ဇေယျာဝင်း(တွဲဘက်အတွင်းရေးမှုး) ၊ နိုင်အောင် ၊ ၀င်းနိုင် (တရုပ်လေး) နဲ့ စန္ဒာအေးသွင်(စည်းရုံး/၀ါဒဖြန့်) ၊ ထွန်းဇော်မိုး(ခေါင်းကြီး) နဲ့မောင်ကျောင်းသား(သတင်း/ပြန် ဆက်)၊ တရုပ်ကြီးနဲ့ကိုစိုးကြီး(လုံ/စည်း) တာဝန်တွေကို ထမ်းဆောင်ခဲ့ကြပါတယ် ။ နာမည်ကျန်ခဲ့သူများ သည်းခံကြပါကုန် ။

အဲဒီကာလက ရွေးကောက်ပွဲအပြီး NLD အနိုင်ရပြီးကာလဖြစ်တာကြောင့် ပြည်သူတွေကလဲ နိုင်ငံရေးအပေါ်စိတ်ဝင်စားမျှော်လင့်နေကြတာပါ ၊ မောင်ကျောင်းသားတို့ အင်အားသုံးယောက် လောက်ဆို တရားဟောပွဲတစ်ပွဲဖြစ်ပါတယ် ။ ကားဂိတ် ,ဈေး, ပလက်ဖေါင်းပေါ်က လဘက်ရည်ဆိုင်တွေနဲ့ လူစည်ကားရာနေရာတွေမှာ တွေ့ရာခုံတလုံးကောက်ဆွဲ တက်ရပ်ပြီး အတူသွားသူတွေလက်ခုတ်ဝိုင်းတီး ၊ လူတွေအာရုံစိုက်တဲ့အခါ တရားဟော, နည်းကိုသုံး ကြပါတယ်၊ ဖမ်းရအောင်လာနေပြီဆိုရင်လဲ ပြေးကြပါတယ် ၊ စစ်တန်းလျားပြန်မှာပါဆိုတဲ့ ဗိုလ်ချုပ်မှုးကြီးစောမောင်နဲ့ဗိုလ်ချုပ်ခင်ညွန့်တို့ အာဏာလွှဲမပေးခဲ့ရင် မိမိတို့ပေးခဲ့တဲ့ ဆန္ဒမဲ တွေအတွက် တိုက်ပွဲဝင်ကြဘို့ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ကိုမင်းကိုနိုင်နဲ့ ဖမ်းထားတဲ့ ကျောင်းသားတွေကိုမလွှတ်ရင် စစ်တပ်ကို ယုံကြည်လို့ရမှာမဟုတ်ဘူးဆိုတာတွေ ပြည်သူ ကြားမှာလိုက်ပြီးဟောပြောကြပါတယ် ၊ ကြေငြာချက်/လှုံ့စော်စာတွေကို ချရေးပြီး အားလုံး သဘောတူပြီးရင် တစ်ယောက်တစ်စောင်ကူးရေးရပါတယ် ၊ အိမ်အလုပ်အဖြစ် လူတစ် ယောက်ကို အနည်းဆုံးဆယ်စောင်စီလက်ရေးမူနဲ့ကူးခဲ့ပါဆိုတာမျိုး ကိုယ်စီတာဝန်ယူကြတဲ့ အခါ နောက်နေ့မှာ ရာနဲ့ချီတဲ့ ကြေငြာချက်/လှုံ့ စော်စာတွေ ရရှိဖြန့်ဝေနိုင်ကြပါတယ် ၊ လူထုကြားမှာ သတင်းစကားအပြန့်လွယ်ဆုံးနေရာကို ဈေးလို့ နားလည်သဘော ပေါက်ကြပြီး ဈေးတွေကိုဦးတည်ဖြန့်ဝေပါတယ် ၊ နေ့ခင်း၁၂နာရီကျော်ဈေးနားချိန် ဈေးဘန်းတွေဈေးဆိုင် တွေပေါ် စာရွက်ခေါက်လေးတွေလုပ်ပြီး လိုက်ထားတာမျိုးနည်းနဲ့ စာဝေသူအန္တရာယ်ကို ရှောင် နိုင်ခဲ့ပါတယ် ။ အသက်စွန့်/အဖမ်းခံ/တောထဲရောက်သွားကြတဲ့ ကျောင်းသားတွေကို သစ္စာရှိ သောအားဖြင့်“စစ်အာဏာရှင်ပျက်ပြိုကာအတည်ပြည်သူ့ခေတ်မှတို့တတွေကျောင်းတက်မည်” ဆိုတာကို ခံယူရပ်တည်ခဲ့ကြပါတယ်။ (ဒီအကြောင်းတွေ ပြန်ပြောပြနေတဲ့ ရည်ရွယ်ချက်က ခုလက်ရှိလျှို့လျှို့ဝှက်ဝှက်လုပ်နေကြတဲ့ ကျောင်းသားတွေ စိတ်အားတက်ကြွစေဘို့သာဖြစ် ပါတယ် ။)့

အာဇာနည်နေ့နီးလာတဲ့တရက်မှာ အားလုံးစုတိုင်ပင်ကြပါတယ် ၊ “တော်လှန်ရဲသူ ၊ အောင်ပွဲ ယူသည် ၊ ပြည်သူ့သားကောင်း ၊ တို့ခွပ်ဒေါင်း” ဆိုတဲ့ ကဗျာထဲက စာသားကိုဖြတ်ညှတ်ပြင် လုပ်ပြီး အာဇာနည်နေ့ဆောင်ပုဒ်လုပ်ရအောင် ၊ ပြီးတော့ အာဇာနည်ကုန်းကို ချီတက်ကြ ရအောင် ဆုံးဖြတ်ချက်ချကြပါတယ် ။

ဒီလိုနဲ့ “တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ” ဆိုတဲ့ ဆောင်ပုဒ်တစ်ခုဖြစ်လာခဲ့ပြီး အဲဒီဆောင်ပုဒ်နဲ့ လက်ကမ်းစာစောင်တွေထုတ် ၊ စတစ်ကာတွေလဲလုပ်ခဲ့ ကြပါတယ် ။

(၂)

အဲဒီနေ့(၁၉၉၀ခု၊ဇူလိုင်လ၊၁၉ ရက် အာဇာနည်နေ့) က မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦး ကလူငယ်တွေနဲ့အတူ ရွှေဂုံတိုင်လမ်းဆုံမှာ မနက်ဆယ်နာရီလောက်စုဝေးကြပါတယ်၊ ဖိတ်ခေါ် ထားမှုအရရောက်လာတဲ့ ကျောင်းသားတွေ ၊ တခြားအကသ အဖွဲ့ဝင်တွေ၊၀ိုင်းအုံကြည့်နေကြ တဲ့ပြည်သူတွေ အင်အားအခြေအနေပေါ် မူတည်ပြီး မောင်ကျောင်းသားတို့ ဗခသတွေ စိတ်အားတက်ကြွလာတာနဲ့ ပထမဆုံးဖြတ်ထားတဲ့ သာမန်လမ်းလျှောက်ချီတက်ရုံဆိုတာ ကနေ အလံကိုင်သီချင်းဆို ချီတက်မယ် တိုင်ပင် ကြပါတယ် ။

ပြဿနာက တရားဝင်နိုင်ငံရေးပါတီဖြစ်နေတဲ့ မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးကလူငယ် တွေပါပဲ ၊ သူတို့ပါတီရဲ့ အနီရောင် တူညီဝတ်စုံတွေကလဲဝတ်ထား သေးတော့ ထင်းထင်းကြီး ဖြစ်နေတော့ တချို့ကကန့်ကွက်ကြပါတယ် ၊ ကိုသိန်းထွန်းကျော်နဲ့ ကိုဗဟိန်းတို့ကရှင်းပြစည်း ရုံးပါတယ် ၊“ကျွန်တော်တို့က အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုဘို့သွားမှာ ဖြစ်တယ်၊ အာဏာပိုင်တွေက လူငါးယောက်ထက်ကျော်ပြီိးစီတန်းမလှည့်ဘို့ပြောတယ် ၊ ကျွန်တော်တို့ မကျော်ဘူး ၊ ငါးယောက်စီ တန်းပြီး လျှောက်ကြမယ် ၊ အလံမထောင်ရဘူးပြောထားတယ် ၊ မထောင်ဘူး ကိုင်ပြီးလျှောက်မယ် ၊ ကြွေးကြော်သံမတိုင်ရဘူးပြောထားတယ် ၊ မတိုင်ဘူး သီချင်းဆိုမယ် ၊ဒီလောက်တော့ ကျွန်တော်တို့ရဲရင့်မှဖြစ်မယ် ၊ကျွန်တော်တို့အခွင့်အရေးကို ကျွန်တော်တို့ကိုယ်တိုင်ဆုတ်ကိုင်ရဲမှ ရမှာဖြစ်တယ် ၊ ကျွန်တော်တို့ ဦးဆောင်ပါမယ် ၊ ဖမ်းရင် ပစ်ရင်ထွက်မပြေးပဲ ကျွန်တော်တို့ရှေ့ကနေခံပါမယ်” ဆိုတော့မှ နောက်ကနေလိုက်တန်းစီ ပါလာကြပါတယ်။

အရေးရယ်အကြောင်းရယ်ဆိုတော့ ခွပ်ဒေါင်းအလံကပါမလာကြဘူး ၊ အစီစဉ်ထဲမပါလို့ပဲ ကျန် နေခဲ့တာလား ၊ ဘာကြောင့်လဲ တော့မမှတ်မိတော့ဘူး ၊ တိုက်ပွဲဖေါ်ပါမယ်ဆိုတော့မှ အလံမပါ ဘူးတဲ့ ၊ မောင်ကျောင်းသားနဲ့ဇေယျာဝင်း ၊ နိုင်အောင်တို့ ကောက်ခါငင်ခါစီစဉ်ကြည့်တော့ အဆင်ပြေချင်တော့ အနားဝန်းကျင် (ရွှေဂုံတိုင်လမ်းဆုံ) တ၀ိုက်က အလံလုပ်ရောင်းတဲ့ဆိုင် တွေချည်းပဲလေ ၊ ဒါပေမဲ့ အာဇာနည်နေ့မို့ဆိုင်တွေကပိတ်ထားကြတာ ၊ တမင်ကိုကူညီချင်တဲ့ တဆိုင်က အဖြူရောင်တစ်စတော့ ရှိတယ် ၊ ကိုယ်ဘာသာ လိုသလိုဖြတ်သုံးဆိုပြီးပေးလိုက် တော့ အနေတော်အလံဆိုက်ဖြတ်လိုက်ကြပြီး ဘယ်သူဘယ်ကနေရှာလိုက်မှန်းမသိတဲ့ နှုပ်ခန်းနီတောင့်နဲ့ ပန်းချီတော်တဲ့ (နိုင်အောင်လား/ဇေယျာဝင်းလား) တယောက်က ခွပ်ဒေါင်း ပုံဆွဲလိုက်တာမှာ သမိုင်းတခုရဲ့တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတစ်ခု ဖြစ်သွားတော့တာပါပဲ ။

ဒီလိုနဲ့ မောင်ကျောင်းသားနဲ့ဇေယျာဝင်းက ခွပ်ဒေါင်းအလံကို ပန်းချီကားကိုင်သလို ဖြန့်ကိုင် လိုက်တယ်၊သိန်းထွန်းကျော် ,ဗဟိန်း, တရုပ်ကြီးတို့ကရှေ့ဆုံးကနေ ဦးဆောင်ချီတက်ကြ တယ် ၊ လက်ခုတ်တွေတဖြောင်းဖြောင်းတီး စည်းချက်လိုက်ပြီး ကျောင်းသားသမဂ္ဂသီချင်းကို သံပြိုင်ဆိုလိုက်ကြတယ် ၊ စထွက်ထွက်ခြင်း ပေလေးငါးရာမှမရောက်သေးဘူး ၊ တဘက် ယာဉ်ကြောမှာ စစ်ကားနှစ်စီးလာရပ်ကြည့်နေတယ် ၊ ဟန့်တားတာတော့မလုပ်ပါဘူး ၊ မောင်ကျောင်းသားတို့လဲ ခပ်တည်တည်ပဲ ကိုယ့်လာအား ပေးတဲ့ပြည်သူတွေလိုပဲသဘောထား သီချင်းကိုအားမာန်အပြည့်ဆိုပြီးဆက်ချီတက်ကြတာ ပထမရွံ့တွံ့တွံ့ရှိခဲ့တဲ့ မျိုးဆက်သစ် လူငယ်တွေတောင် တက်တက်ကြွကြွဖြစ်ကုန်ကြပါတယ် ။ စန္ဒာအေးသွင် ,ကိုစိုးကြီး, နိုင်အောင်နဲ့ ဗခသ အဖွဲ့ဝင်တွေက ဘေးက ရပ်ကြည့်အားပေးနေတဲ့ ပြည်သူတွေကို “တော်လှန်ရဲသူအောင်ပွဲယူအာဇာနည်တို့မူ” ဆိုတဲ့ ဆောင်ပုဒ်ပါ လက်ကမ်းစာစောင်ကို ဝေနေကြတယ်။

“ဗမာပြည်ဆိုင်ရာကျောင်းသားသမဂ္ဂတို့သည် ရာဇ၀င်တွင်လောက်ပေသည် ၊ တော်လှန်ရာ တွင် ရှေ့ကပင်ဦးစီးချီ သက်စွန့်ကြိုးပမ်းထမ်းရွက်ခဲ့ပေပြီ”တဲ့ ၊ ဟိန်းထွက်နေတဲ့ကျောင်းသား သမဂ္ဂသီချင်းသံနောက်ကို ပြည်သူတွေပါ တစစလိုက်ပါလာကြ ပါတယ် ၊ အခု M3 စားတော်ဆက်ရှေ့ ၊ အာဇာနည်ကုန်းဘက်ကို ချိုးမကွေ့ခင်နားမှာ ကြိုရောက်နှင့်နေတဲ့ ဗကသ ၊ အကသ ကျောင်းသားတွေ ၊ NLD လူငယ်တွေ အုပ်လိုက်ကြီးတွေ့လိုက်ရပါတယ် ၊ သူတို့ပါ လက်ခုတ်တွေ ၀ိုင်းတီးပြီး ကျောင်းသားသမဂ္ဂ သီချင်းဝိုင်းဆိုလိုက်ကြတာ ၊ အာဇာနည်ကုန်းပေါ်က စောင့်ကြပ်နေတဲ့စစ်သားတွေရင်ထဲတောင် တခုခုနက်နက်ရှိုင်းရှိုင်း ခံစား ရမှာအသေအချာပါပဲ ။

တိုက်ပွဲထဲမှာ အဖွဲ့မကွဲဘူး ၊ ကျောင်းသားတိုင်းညီညွတ်ကြပါတယ် ၊ အာဇာနည်ကုန်းပေါ်ကြည့် လိုက်တော့ အာဇာနည်ကြီးတွေရဲ့မိသားစုတွေ ကန်တော့ပြီး ပြန်ကြပြီ၊ မောင်ကျောင်းသားရဲ့ လက်ထဲကို တယောက်က ဗကသရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံစစ်စစ် ကို ၀ါးလုံးတပ်ပြီးသား လာပေးတယ် ၊ ဖျင်းကနဲဆူတက် သွားတဲ့စိတ်က မျက်စေ့ထဲဘာမှမမြင်တော့ပဲ အာဇာနည် ကုန်း အနီရောင်ကြီးသာပေါ်နေသလိုပါပဲ ၊အလံကိုဝှေ့ရမ်းပြီး အာဇာနည်ကုန်းပေါ်အပြေး တပိုင်းတက်ချသွားတော့ ကျောင်းသားအုပ်ကြီးလဲ သီချင်းသံပြိုင်ဆိုလိုက်ပါလာတာ ဘယ် အာဏာရှင်မှမတားပါဘူး ၊ တားတား,ပစ်ပစ် အာဇာနည်ကြီးတွေရဲ့ခြေရင်းမှာ အာဇာနည် အသစ်လေးတွေအဖြစ် ရဲရဲရင့်ရင့် အသေခံကြမယ်လို့ဆုံးဖြတ်ထားကြတာပါပဲ။

အေးစက်မာကျောတဲ့ မျက်နှာသေလုံခြုံရေးတွေရဲ့ရှေ့မှာ ၊ တဖျတ်ဖျတ်ရိုက်နေတဲ့ သတင်း ဌာနတွေနဲ့စစ်ထောက်လှမ်းရေးတွေ ရဲ့ကင်မရာတွေအောက်မှာ ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်အာဇာနည်ကြီးတွေရဲ့ခြေရင်းမှာ အားလုံးနေရာယူလိုက်ကြတယ်၊ မောင်ကျောင်းသားလက်ထဲက ခွပ်ဒေါင်းအလံကို တရုပ်ကြီးကလှမ်းယူလိုက်တယ် ၊ သူ့လက် ထဲက အော်လံကို လှမ်းပေးတယ် ၊ (ဗခသနဲ့ မျိုးဆက်သစ်လူငယ့်အားမာန်လူငယ့်တပ်ဦး ပေါင်းလုပ်ခဲ့တဲ့ June 21 မြေနီကုန်း အရေးတော်ပုံ၂နှစ်ပြည့်အခန်းအနားနဲ့ 7July (၂၈)နှစ် ပြည့် အခန်းအနားတွေမှာ မောင်ကျောင်းသားပဲ အသံအောင်အောင်အခန်းနားမှုးလုပ်ခဲ့တော့ ထန်းတက် လက်မှတ်ရတာထင်ပါရဲ့။)

ရင်ထဲမှာကျေနပ်နေတယ်၊ဒါ ကျောင်းသားသတ္တိကိုပြရတဲ့ တိုက်ပွဲတစ်ပွဲပဲ ၊ မင်းတို့ကို ငါတို့ မကြောက်ဘူးဆိုတာ တွေ့ပြီလားလို့ ကြည့်နေတဲ့ စစ်အာဏာရှင်တွေရဲ့ ခိုင်းဖတ်တွေကိုပြနေ ရတာ ၊ မင်းတို့ဘာတားနိုင်မှာလဲ ငါတို့ရဲ့ပြင်းပြတဲ့စိတ်ဆန္ဒတွေကို ။

တွေးရင်း ကျောင်းသားအုပ်ဘက်လှည့် တချက်အော်လိုက်တယ် ၊ “ကျောင်းသားကျောင်းသူ မိဘပြည်သူအပေါင်းတို့ ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေကို အလေးပြုဘို့ ကျေးဇူးပြုပြီးငြိမ်ပေးကြပါ ၊”

သွေးစွန်းနေသော အမိမြန်မာနိုင်ငံတော်အား……အလေး….ပြု ။


တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အား အလေး……ပြု ။


ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအတွင်းကျဆုံးခဲ့သော အာဇာနည်အပေါင်းတို့အား…. အလေး…..ပြု။


ဒီမိုကရေစီရေးတိုက်ပွဲများအတွင်းကျဆုံးခဲ့ရသော ရဟန်းရှင်လူသူရဲကောင်းအပေါင်းတို့အား…..အလေး…ပြု ။


ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေရှေ့မှောက်မှာ သစ္စာအဓိဌာန်ဆိုမယ် ၊ အားလုံးလိုက်ဆိုပါ …။

ကျွန်ုပ်တို့သည် မွေးရာပါအခွင့်အရေးများဖြစ်သော ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးများအ တွက် အာဏာရှင်တို့၏ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း အသက်စွန့်သွားကြ သော ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့၏ လေးစားဖွယ်ရာစွန့်လွှတ်မှုများအပေါ် ဂုဏ်ပြုဦးညွှတ်ပါ၏ ။

အာဇာနည်သူရဲကောင်းအပေါင်းတို့၏ အစဉ်အလာကြီးမြတ်မှုကို ဆက်လက်စောင့်ထိမ်းသော အားဖြင့် ကျွန်ုပ်တို့သည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ ခံစားရရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခိုင်မာစွာအဓိဌာန်ပြုပါ၏….. ။ခိုင်မာစွာအဓိဌာန်ပြုပါ၏ ……..။ ခိုင်မာစွာအဓိဌာန်ပြုပါ၏ ………။

အားလုံး…ခေတ်သစ်ကမ္ဘာမကြေ သီချင်း..စဆို …။

ကမ္ဘာမကြေဘူး…ငါတို့သွေးနဲ့ရေးခဲ့ရတဲ့မော်ကွန်းတွေ…တော်လှန်ရေး..ဒီမိုကရေစီတိုက်ပွဲ အတွင်းမှာကျဆုံးသော…….

သြော်..သူရဲကောင်းတို့ရေ…အာဇာနည်တွေနေတဲ့တိုင်းပြည့်………ရဲရဲတောက် တို့ဗမာပြည်..။

ကိုယ်တော်မှိုင်း…ရာဇ၀င်တွေလဲရိုင်းခဲ့ရပြီအဖိုးရေ့……သ္ခင်အောင်ဆန်း…..

နိုင်ငံတော်လဲသွေးစွန်းခဲ့ပြီအဖရေ့……သြော်..လုပ်ရက်ကြပေ……. . ပေတရာပေါ်မှာပြည်သူအလောင်းတွေ့ ….အတုန်းရုန်းထပ်လဲပြိုကာနေ…..,။

မောင်ကျောင်းသားသီချင်းဆိုရင်းအံကြိတ်မိတယ် ၊ လက်သီးကျစ်ကျစ်ပါအောင်ဆုတ်ထား မိတယ် ၊အသားတွေတဆတ်ဆတ်တုန်နေပြီး တစ်ကိုယ်လုံးကြက်သီး ဖြန်းဖြန်းထနေတယ် ၊ မောင်ကျောင်းသား သိတယ် ၊ တချို့သီိချင်းအော်ဆိုရင်းမျက်ရည်တွေကျနေကြတယ် ၊ ခုတောင်..ဒီစာကိုရေးနေရင်းပြန်သတိရပြီး ရင်ထဲမှာစို့လာရင်း မျက်ရည်ဝဲမိပါတယ် ။

အာဇာနည်ကုန်းပေါ်ကနေ ကျောင်းသားသမဂ္ဂသီိချင်းပဲ ပြန်ဆိုဆင်းခဲ့ကြတယ် ၊ ပြီးတော့ ရွှေဂုံတိုင်ဘက်ကိုပြန်လျှောက်ပြီး ရွှေဂုံတိုင်လမ်းဆုံမှာ လူစုခွဲလိုက်ကြပါတယ် ၊ တချို့လဲ ဆက်လျှောက်သွားပြီး တာမွေအ၀ိုင်းထိပ်ဘက်ရောက်မှ လူစုခွဲဖြစ်ကြတယ်ပြောပါတယ် ။

အဲဒီနောက်မှာ ဗခသ အဖွဲ့ဝင်တွေအတော်များများအဖမ်းခံရပါတယ် ၊ ဂန္ဒီမှာ NLD ကိုဝန်းရံ ရေးဆိုပြီး ဆော်သြလှုံ့စော်မှုတွေ ၊ဆန္ဒပြပွဲငယ်တွေ ၊စာဝေစာဖြန့် လှုပ်ရှားမှုတွေလုပ်ကြပြီး နောက်ပိုင်း ဗခသအဖွဲ့ဝင်တွေသာမက တိုက်ပွဲဝင်အခြေခံပညာကျောင်းသားထုတစ်ရပ်လုံး ရော ၊ ဗကသ ကျောင်းသားတွေပါ တဖြည်း ဖြည်းအဖမ်းခံကြရပြီး ကျောင်းသားလှုပ်ရှားမှု တွေအားပျော့သွားခဲ့ရပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားခေါင်းဆောင် အာဏာရှင် ကိုလှရွှေပြောခဲ့သလိုပါပဲ။

“အမိမြေလွတ်မြောက်ဘို့အတွက် အရိုးတွေတောင်လိုပုံမှရမယ်ဆို ငါတို့ကျောင်းသားအရိုးတွေက အောက်ဆုံးအလွှာကရှိစေရမယ်……။”

(၃)

အဲဒီဖြတ်သန်းခဲ့ဘူးတဲ့အတွေ့အကြုံလေးတွေကို ပြန်စဉ်းစားရင်း မောင်ကျောင်းသားတို့ သတိ ပြုမိတာလေးတွေ ၊ လက်ရှိခေတ်နဲ့ဆက်စပ်စဉ်းစားမိတာလေးတွေ ရှိပါတယ် ၊ အဲဒါကတော့ ကနဦးတိုက်ပွဲကို ကျောင်းသားကပဲအစပြုတယ်ဆိုတာပါ ၊ ကျောင်းသားတွေက စုစည်းလွယ် ပါတယ် ၊ နောက်ဖြစ်ထက် လတ်တလော ကိစ္စကိုသာ သွေးဆူဖြေရှင်းကြသော ဖိရင်ကြွ ထိရင်ချတတ်သော ငယ်ရွယ်သူများဖြစ်သည့်အလျောက် နိုင်ငံရေးနားလည်သည်ဖြစ်စေ ၊ နားမလည်သည်ဖြစ်စေ မတရားမှုမြင်တွေ့ရာကနေ တွန်းလှန်အံတုမှာကျောင်းသားတွေသာ ဖြစ်ပါတယ် ။

ဒီကနေ့လိုနေတာက ဦးဆောင်မှုပါပဲ ၊ လူတွေကို တရိတ္ဆာန်တွေလို လက်နက်ပြခြိမ်းခြောက် အုပ်ချုပ်ထားတော့ ကျောင်းသားပဲဖြစ်ဖြစ် ၊ပြည်သူပဲဖြစ်ဖြစ် ၀တ်ကျေ တန်းကျေတော့ ကြောက်ပြကြရတာပါပဲ ၊ ရင်ထဲတွေမှာတော့ မခံချင်စိတ်တွေရှိနေတာ အသေအချာပါ ၊ အဲဒါကို ဖြည်ထုတ်နိုင်တာက ပြတ်သားရဲရင့်တဲ့ ဦးဆောင်မှုပါပဲ ၊ ဗမာပြည်သူပြည်သားတွေက တကယ်တမ်းအကြောက်ကြီးသူတွေမဟုတ်ပါဘူး ၊ ရှေ့ကအစလေးပဲလိုနေတာပါ ။ ကျောင်းသားကဖြစ်ဖြစ် ၊ သံဃာကဖြစ်ဖြစ် သတ်သတ်ရိုက်ရိုက်ဖမ်းဖမ်း(ရေကုန်ရေခန်း) ငါတို့ရှေ့ကခံမယ် ၊ ဒီမတရားတဲ့ရွေးကောက်ပွဲကို ရအောင်ဖျက်ကြမယ်ဆိုတာမျိုး ဦးဆောင် ပြရင် လူထုတိုက်ပွဲတွေပေါ်ပေါက်လာမှာပါ ။

ခေတ်အခြေအနေတွေပြောင်းတယ်ဆိုပေမဲ့ တကယ်တမ်းက လွန်ခဲ့တဲ့နှစ်၂၀နဲ့အတူတူပါပဲ ၊ သဏ္ဍာန်အားဖြင့် မူကွဲသွားတာတွေကလွဲရင် ဖိနှိပ်ခံဘ၀ကဖိနှိပ်ခံ ဘ၀တွေသာပါပဲ ၊ပြည်သူ တွေဆင်းရဲမွဲတေမှု ၊တိုင်းပြည်ချွတ်ခြုံကျမှုက ပိုဆိုးလာတာပဲ ရှိပါတယ် ၊ ဒါကြောင့်ပြည်သူ တွေရဲ့ စစ်အာဏာရှင်တွေအပေါ် မကျေနပ်စိတ်က လျော့ကျသွားတာတော့ မဟုတ်ပါဘူး ၊ ကြံ့ဖွတ် ,စွမ်းအားရှင် ,မီးသတ် ,ရဲ နဲ့ လုံထိန်းအင်အားပိုသုံးထားပြီး ကြောက်လောက်အောင် နှိပ်ကွပ်ပြနေလို့သာ ငြိမ်နေရမယ် ၊ ထဆန့်ကျင်တဲ့ကျောင်းသားကိုတော့ လက်ခုတ်တီး အား ပေးမှာပါပဲ ၊ ဘေးမဖြစ်အောင် ကူပေးကာပေးကြမှာပါပဲ၊လက်ရေးမူနဲ့ ၀ိုင်းရေးဝိုင်းဖြန့်နည်း တွေ၊ လူထုအားကိုးပြီး ကြံ့ဖွတ်/ရဲ အခြေအနေကြည့်ပြီး စည်းရုံးလှုံ့စော်တဲ့နည်းတွေ ဟာ ခုထိလုပ်လို့ရနေတဲ့နည်းတွေဖြစ်ပါတယ်။

ခေါင်းဆောင်မှုမှာ ငယ်တာကြီးတာ ပြဿနာမဟုတ်ပါဘူး ၊ ရဲဝံ့မှုနဲ့ရိုးသားမှုသာအဓိက ဖြစ်ပါတယ် ၊မောင်ကျောင်းသားတို့ခေတ်မှာ အတွေ့အကြုံနည်းပါးမှုတွေ ကြောင့် အခက်အခဲနဲ့ ပြဿနာအနည်းအကျင်းရှိခဲ့ပေမဲ့ ဗကသ လိုကျောင်းသားကြီးတွေက နေရာပေး လုပ်ပိုင်ခွင့် ပေးပြီးဝိုင်းထိမ်းသွားတဲ့အခါ ဖေါ်ပြခဲ့သလို အောင်မြင်မှုကို ရရှိခဲ့တာပါပဲ ။

့အာဏာရှင်တွေကတော့ သူတို့အာဏာတည်မြဲရေးအတွက် အမိန့်တွေ သူတို့ဘာသာဥပဒေ သတ်မှတ်တာတွေ အမျိုးမျိုးထုတ်ပြန်မှာပါပဲ၊ အချုပ်အချယ်တွေနဲ့ တုပ်နှောင်မခံရအောင် တရစ်ရတရစ်ရုန်းရမှာက လွတ်မြောက်လိုသူတွေရဲ့တာဝန်သာဖြစ်ပါတယ်၊ ဖြစ်ပါ့မလားတွေးပူ နေရင် ဒုံရင်းဒုံရင်းပဲရှိမှာပါ ၊ အာဇာနည် စိတ်ဓါတ်နဲ့ တွန်းလှန်ရဲသူသာ အောင်ပွဲရမှာမို့ ၁၉၉၀အာဇာနည်နေ့တိုက်ပွဲနဲ့ “တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ” ဆောင်ပုဒ်ကို အမှတ်ရ ပြန်တင်ပြလိုက် ရပါတယ် ။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ

မောင်ကျောင်းသား

ပေးပို့လာသူအား ကျေးဇူးတင်ပါသည်။