ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
Showing posts with label နာရေးကူညီမှုအသင်း. Show all posts
Showing posts with label နာရေးကူညီမှုအသင်း. Show all posts

အင်းလျားကန်ဘောင်အတွက် ပေးဆပ်မှုများ ..

အင်းလျားကန်ဘောင်အတွက် ပေးဆပ်မှုများ 

အများပြည်သူ အပန်းဖြေလျှက်ရှိကြသည့် အင်းလျားကန်ဘောင်သို့ လာရောက်၍ အပန်းဖြေကြ သော မိဘပြည်သူများတို့အတွက် စည်ပင်သာယာအဖွဲ့မှ အမှိုက်ပုံးများ ထားရှိပေးထားသော်လည်း စည်း ကမ်းမဲ့စွာ အသိတရားမရှိသော၊ နိုင်ငံကြီးသားမပီသ သူတစ်ချို့၏ စွန့်ပစ်ထားသောအမှိုက်များ၊ ပုလင်း များ၊ ရေသန့်ဗူး၊ ကြွပ်ကြွပ်အိတ်များ၊ သံဗူးများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် နှင့် အသင်းသား/သူများအပြင် သဘာဝ ပတ် ဝန်းကျင် သန့်ရှင်းရေးအား စိတ်ပါဝင်စားကြသော ရွှေပြည်သာမြို့နယ် "အာယုသုခ ပရဟိတလူငယ်များ" နာရေးအသင်း၊ မင်္ဂလာဒုံမြို့နယ် "ပုညကာရီ" နာရေးအသင်း၊ အင်းစိန်မြို့နယ် "ဗြဟ္မဝိဟာရ လူငယ် ပရဟိတအဖွဲ့" စုစုပေါင်း ပရဟိတအင်အား (၅ဝ) ဦးခန့်တို့ဖြင့် အင်းလျားကန်ဘောင်ပေါ်ရှိ မြက်ခင်းပြင်၊ အင်းလျားကန်လမ်းတလျှောက်နှင့် စားသောက်ဆိုင် ပတ်ဝန်းကျင်တဝိုက်ရှိ အမှိုက်များအပြင် ပြည်လမ်း အင်းလျားကန်ဘောင်တလျှောက် ရေမြောင်းကြီးများထဲရှိ ချိတ်တွယ်နေသော အမှိုက်များအား နံနက် (၇း၃ဝ) နာရီအချိန်မှ (၁၁းဝဝ) နာရီအထိ သွားရောက်၍ ကောက်ယူရှင်းလင်းပေးခဲ့သည်။

ထို့နောက် "ကိုယ့်အမှိုက် ကိုယ်ရှင်း" ဟူသော သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ရိုက်နှိပ် ထားသော စတေကာများအားလည်း ကန်ဘောင်ပေါ်ရှိအမှိုက်ပုံးများ၊ ဈေးဆိုင်ခန်းများတွင် စနစ်တကျ လိုက်လံ ကပ်ပေးခဲ့ခြင်းနှင့် လက်ကမ်းစာရွက်များ ဝေငှပေးခဲ့သည်။ ရေထဲ၌ အမှိုက်များအား ဆယ်ယူရာ တွင် ရွံနွံ့ထဲ နစ်မြှုပ်နေသော အရက်ပုလင်း၊ ဝိုင်ပုလင်း၊ ဘီယာပုလင်းကွဲများ တွေ့ရှိရ၍ အထူးသတိပြု ကောက်ယူရှင်းလင်းခဲ့ရသည်။ အများပြည်သူ အပန်းဖြေရာနေရာတစ်ခုတွင် ဤကဲ့သို့ အန္တရာယ်ဖြစ်နိုင် သည့်အမှိုက်များ၊ အမြင်မသင့်လျော်သော အမှိုက်များအား လူသားချင်း ကိုယ်ချင်းစာစိတ် မွေးဖွား၍ သတ် မှတ်ထားသော အမှိုက်စွန့်ပစ်ရာ အမှိုက်ပုံများတွင် စည်းကမ်းစနစ်ကျစွာ စွန့်ပစ်ခြင်းဖြင့် နိုင်ငံဂုဏ်အား မြှင့်တင်ကြပါရန် နှိုးဆော်လိုက်ရပါတော့သည်။

နာရေးကူညီမှု အသင်း (ရန်ကုန်)

“ဂျုံးဂျုံးဂျ”အမှာခံ ပရိသတ်တစ်ဦးနှင့် “ဂျုံးဂျုံးကျ” အနုပညာသည်တစ်ဦး...

“ဂျုံးဂျုံးဂျ”အမှာခံ ပရိသတ်တစ်ဦးနှင့် “ဂျုံးဂျုံးကျ” အနုပညာသည်တစ်ဦး... 

“လှေခွက်ချည်းကျန် … အောင်လံမလှဲ” “လေနဲ့မိုးနဲ့ မုန်တိုင်းနဲ့” “ဓါးတောင်ကိုကျော်၍ မီးပင်လယ် ကိုဖြတ်မည်” စသည့် ငယ်စဉ်ဘဝက ဖတ်ခဲ့ဖူးသော ဝတ္ထုခေါင်းစီးလေးများ ကျွန်တော်၏ ဦးနှောက်ထဲ တစ်စစီ တစ်စစီ တိုးဝင်လာခဲ့သည်။

ကျွန်တော်တို့သည် ၁၄.၈.၂ဝ၁၄ ရက်နေ့က အလှူရှင်တစ်ချို့ ပဲခူးမြို့၊ သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး)၊ ဒေသခံ ပရဟိတသမားတစ်ချို့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ရှိ ကင်ပွန်းသာ၊ သိမ်ကုန်း၊ ဂျုံးဂျုံးကျ၊ ဖိုးရင်က လေး၊ မြောက်ကျွန်း၊ အဝိုင်း အစရှိသည့် ကျေးရွာတို့တွင်ရှိသော အိမ်ထောင်စု (၆၃၅) စုနှင့် ဘုန်းတော် ကြီးကျောင်း (၆) ကျောင်းရှိ ရေဘေးသင့်ပြည်သူများ၊ သံဃာတော်များတို့ထံ သွားရောက်၍ ကူညီလှူဒါန်း ဖေးမမှုများ တတိယအကြိမ် ရေဘေးကယ်ဆယ်ရေးအဖြစ် ကူညီမှုများ ပြုလုပ်ခဲ့သည်။ ဤတတိယအကြိမ် မြောက် ရေဘေးကယ်ဆယ်မှုများတွင် ဆန် ၂၄ ပြည် (တစ်တင်းအိတ်) ၁၁၄ အိတ်၊ မုန့်ခြောက် အထုပ် ကြီး (၁၃) ထုပ်၊ ငါးသေတ္တာ (၁၄ဝဝ) ဗူး၊ ခေါက်ဆွဲခြောက် (၂၈၈ဝ) ထုပ်၊ လက်ဖက်အကြော်စုံ (၄၄၄၅) ထုပ်၊ လက်ဖက်အသား (၁၉ဝ၅) ထုပ်၊ သောက်ရေသန့် (၇၂ဝ) တွဲများတို့အား လှူဒါန်းမှုပြုခဲ့သည်။

လှူ ဒါန်းဖွယ် ပစ္စည်းများ၏ အလေးချိန်နှင့် ပစ္စည်းများသည် ကျေးရွာများသို့ သွားရောက်ရာတွင် စက်လှေကြီး (၅) စီးဖြင့် အဖွဲ့နှစ်ဖွဲ့ ခွဲ၍ လူဦးရေ (၅ဝ) ခန့် သွားရောက်မှုပြုခဲ့ရသည်။ ရေဘေးသင့်ကျေးရွာများသို့ ရောက်ရှိသောအခါ စက်လှေကြီးများသည် ကျေးရွာထဲသို့ ဝင်ရောက်မရသည့်အတွက် လှေငယ်များပေါ်သို့ လူဦးရေကန့်သတ်၍ ကယ်ဆယ်ရေး အစားအသောက်များအား ခွဲခြမ်း၍ သယ်ဆောင်လှူဒါန်းမှုကို ပြုခဲ့ရ တော့သည်။

ထိုကယ်ဆယ်ရေးခရီးစဉ်သည် နံနက် (၉းဝဝ) နာရီအချိန်တွင် လှည်းကူးမြို့မှ စက်လှေကြီးများဖြင့် စတင်ထွက်ခွာလာရာ ရာသီဥတုသည် သာယာလှပ အေးချမ်းလျက်ရှိသည်။ ပထမဦးဆုံး အဝိုင်းကျေးရွာ၊ မြောက်ကျွန်းကျေးရွာများတွင် အေးချမ်းစွာ လှူဒါန်းခဲ့ရသော်လည်း ကျန်ရှိသောကျေးရွာများသို့ သွားသည့် ခရီးစဉ်များတွင် ဒေဝါမိုးသည် သည်းထန်စွာရွာသွန်းခြင်း၊ လေပြင်များတိုက်ခတ်ခြင်း၊ ရေစီးများ ပြင်းထန် လာခြင်းကို ကြုံတွေ့ခဲ့ပြီး ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့သားများ အားလုံးတို့သည် မိုးရေများ စိုရွှဲခြင်းကို ခံစားခဲ့ရသည်။

ကျေးရွာများအတွင်းသို့ ဝင်ရောက်ရလမ်းကြောင်းများသည် လှေငယ်လေးများဖြင့် ခြုံပင်၊ ဝါးပင်များအား တိုးဝှေ့ကာ ခက်ခက်ခဲခဲ သွားရောက်ခဲ့ရသည်။ လှေငယ်လေးများ ဆိုက်ကပ်ရသော နေရာ မှ ရေဘေးသင့်ပြည်သူများထံသို့ တစ်မိုင်နီးပါးခန့် လမ်းတလျှောက်သည်လည်း ရွံနွံများ၊ ဗွပ်အိုင်များအား ခြေသလုံးမြှုပ်သည့် နီးပါးခန့် လျှောက်လှမ်းသွားခဲ့ရသည်။ လမ်းတလျှောက်တွင်လည်း ရေဘေးသင့်ပြည် သူများမှ ဝမ်းသာအားရ ဝိုင်းဝန်းနှုတ်ဆက်ကာ မေတ္တာပို့သခဲ့ကြသည်။ စုရပ်နေရာသို့ ရောက်ရှိသောအခါ လှူဒါန်းဖွယ်ပစ္စည်းများအား လှူဒါန်းခဲ့ကာ မိမိတို့ရှေ့ဆက်သွားရမည့် ကျေးရွာများသို့ အားမာန် ဇွဲလုံ့လ တို့ဖြင့် ဆက်လက်ချီတက်ခဲ့ရသည်။

ယခု ကယ်ဆယ်ရေးသတင်းဆောင်းပါးတွင် ကျွန်တော် အဓိက ပြောလိုသည်မှာ ဂျုံးဂျုံးဂျ ကျေးရွာ တွင် ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်ကလေးပင်ဖြစ်သည်။ ယင်းကျေးရွာတွင် အထက်ဖော်ပြသည့်အတိုင်း လမ်း ခရီးတလျှောက် လူတကိုယ်လုံး ရွံနွံ့များ၊ မိုးရေများဖြင့် ရွဲရွဲစို ညစ်ပေနေပြီး လှူဒါန်းမှုပြုလုပ်အပြီး နောက် ဆုံးခရီးစဉ်ဖြစ်သော ကင်ပွန်းချုံကျေးရွာသို့သွားရန် ကျွန်တော်တို့စီးလာသော စက်လှေပေါ်သို့အရောက် စက်လှေထွက်ခွာမည်အပြုတွင် လှေငယ်လေးတစ်စီး မိုးရေထဲတွင် လှော်ခက်လာကာ “ဦးကျော်သူ … ဦး ကျော်သူ ကျွန်မက ဦးကျော်သူရဲ့ ပရိသတ်ပါ” ဟူ၍ စက်လှေအနီးသို့ ဝင်ရောက်ဆိုက်ကပ်လာသည်။

ထို ကဲ့သို့ ကျွန်တော့်အား လှမ်းအော်ခေါ်ပြောသော အမျိုးသမီးကြီးသည် စက်လှေအနီးသို့ ရောက်သောအခါ မိုးရေစက်များကြားမှ သူ၏ ပလပ်စတစ်အိတ်ဖြင့် လုံခြုံစွာထည့်ထားသော ပို့စကဒ်ဓါတ်ပုံ (၂) ခုအား သေ ချာစွာ ထုတ်ယူပြီး ကျွန်တော့်အား လှမ်းပေးလေတော့သည်။ ထို့နောက် စက်လှေပေါ်သို့ ကျွန်တော်မှ လှမ်းခေါ်၍ တက်ရောက်လာခဲ့ကာ မိုးရေစက်များကြားမှ ဝဲရစ်နေသော မျက်ရည်စများနှင့်အတူ “ကျွန်မ ဟိုး… ငယ်ငယ် အပျိုဘဝကတည်းက ဦးကျော်သူကို ကြိုက်ခဲ့တာ .. အားပေးခဲ့တာ” ဟူ၍ မရပ်မနား ပြော လေတော့သည်။

ထိုအခါ ကျွန်တော်က “ဝမ်းသာပါတယ် .. ကျေးဇူးတင်ပါတယ်ဗျာ … အခုရော အမကြီး အိမ်ထောင်ရောကျပြီလား။ ကလေးဘယ်နှစ်ယောက်ရပြီလဲ။” ဟူ၍ မေးသောအခါ ကျွန်တော်တို့ စက်လှေ ပေါ်တွင်ပါလာသော ဒေသခံရွာသားတချို့မှ ရယ်မောလိုက်သောအသံကို ကျွန်တော်ကြားလိုက်ရ၍ ကျွန် တော် ဇဝေဇဝါ ဖြစ်သွားတော့သည်။ ထိုအခါ ယင်းအမျိုးသမီးသည် “ကျွန်မနာမည် မမြင့်ကြည်ပါ။ ကျွန်မ အခုချိန်ထိ အပျိုကြီးဘဝနဲ့ နေထိုင်နေပါတယ်” ဟူ၍ ပြောကြားလေတော့သည်။ ကျွန်တော်သည်လည်း အားတုံ့အားနာ ဖြစ်သွားကာ အမှတ်တရ ကျွန်တော်နှင့် ရွှေဇီးကွက်တို့အတူ ဓါတ်ပုံမှတ်တမ်း ရိုက်ကူးခဲ့ပြီး ကျေးဇူးတင် နှုတ်ဆက်စကားဆို၍ ကျွန်တော်တို့ ရှေ့ဆက်သွားရမည့် ခရီးလမ်းအား ထွက်ခွာရန် စက်လှေ ဆရာအား ပြောကြားလိုက်တော့သည်။ ယင်းအမျိုးသမီး မမြင့်ကြည် သည် ဂျုံးဂျုံးဂျ ကျေးရွာအဝင်ဝ လှေ ငယ်လေးပေါ်တွင် ရွာသူ/သားများနှင့်အတူ ကျန်ရစ်ခဲ့တော့သည်။

ကျွန်တော်လမ်းတလျှောက် ရန်ကုန်ရောက်ခဲ့သည့် ယခုအချိန်အထိ အတွေးခေါင်နေဆဲဖြစ်သည်။ သြော် … လူငယ်ဘဝ ရုပ်ရှင်သရုပ်ဆောင်လုပ်စဉ်က ကျွန်တော်ပြင်ပတွင် တွေ့ရှိခွင့်မရခဲ့ဘဲ ပိတ်ကား ထက်မှာသာ အားပေးခဲ့သည့် ပရိသတ်တစ်ဦးသည် ယခုကျွန်တော် အသက်အရွယ်ကြီးမြင့်ပြီး “ဂျုံးဂျုံးကျ” နေသည့်အချိန်ကြမှ “ဂျုံးဂျုံးဂျ” ကျေးရွာမှာ လူကိုယ်တိုင် ပြင်ပတွင်တွေ့ရှိ စကားပြောဆိုခွင့်ရခဲ့ပါလား။ အဘယ့်ကြောင့် ယခုလို အသက်အရွယ်အားဖြင့် (၅၅) နှစ်ကျော်ကာလအထိ ငယ်စဉ်လူရွယ်ဘဝက ရုပ် ရှင်သရုပ်ဆောင် လုပ်ခဲ့ဖူးသော အနုပညာရှင်တစ်ယောက်ကို ယခုအချိန်အထိ နှစ်နှစ်ကာကာ အားပေးကြ သော ပရိသတ်များ ရှိနေသနည်း။

ဤဖြစ်ရပ်သည် မိမိ၏ အနုပညာစွမ်းအား တစ်ခုတည်းကြောင့်တော့ မဟုတ်ချေ။ ကျွန်တော်၏ ပရဟိတစိတ်ဓါတ်၊ ပရဟိတစွမ်းအားများကြောင့်ပင်ဖြစ်သည်။ ကျွန်တော်တို့ ကယ်ဆယ်ရေး ခရီးစဉ်ထွက်လာခါစတွင် ရာသီဥတုသည် သာယာလှပ အေးချမ်းနေသည်။ နာရီပိုင်းအ တွင်း ရာသီဥတုတို့ ဖောက်ပြန်ဆိုးရွာလာသည်။ ယခင် မော်တော်ကားလမ်း၊ လှည်းလမ်းကြောင်းများ၊ ယာ ခင်းများ၊ လယ်ကွက်များ၊ တဲအိမ်များ၊ စေတီပုထိုးများတို့ဖြင့် နေချင့်စဖွယ် ရွာငယ်လေးသည်လည်း ရက် ပိုင်း၊ လပိုင်းအတွင်း ရေစုန်းစုန်း နစ်မြှုပ်ခဲ့ရသည်။

ယခင် နုပျိုလန်းဆန်း သွက်လက်ခဲ့သော ကျွန်တော်တို့ သည်လည်း အိုမင်းရင့်ရော် နှေးကွေးခဲ့ရပြီ။ ကျွန်တော်တို့အနေဖြင့် အသက်အားဖြင့် (၂ဝ-၂၅) နှစ်ကာလ များမှစ၍ ယခုကဲ့သို့ ပရဟိတလုပ်ငန်းများအား လုပ်ဆောင်ခဲ့မည်ဆိုပါက များစွာအကျိုးရှိလိမ့်မည်ဟု ခံ ယူမိသည်။ ထို့ကြောင့် ကျွန်တော့်၏ အနုပညာလောကမှ ညီငယ်၊ ညီမငယ်များ၊ တပည့်သားချင်းများ အနေဖြင့်လည်း ငယ်ရွယ်စဉ်အချိန်မှစပြီး အနုပညာတာဝန်များအား ထမ်းဆောင်ရင်းဖြင့် အများပြည်သူ အကျိုးတို့အား မျက်ခြေမပြတ် စွန့်လွှတ်အနစ်နာခံ ပေးဆပ်မှုများ ပြုလုပ်သွားမည်ဆိုပါက ထူးမြတ်သော ကောင်းခြင်းမင်္ဂလာတရားနှင့် ပြည့်ဝသော လောကကြီးအား ဖန်တီးတည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည် မိတော့သည်။

ထိုကဲ့သို့ ပေးဆပ်မှုများ အနစ်နာခံ စွန့်လွှတ်ကူညီ ဖေးမမှုများပြုလုပ်ရာတွင်လည်း အခက် အခဲ၊ အနှောက်အယှက်၊ အဖျက်အဆီးများက အဆင်သင့် စောင့်ဆိုင်းနေမည်ကိုလည်း သိရှိသတိထားရ မည်။ ဤကဲ့သို့ ပိတ်ပင် တားဆီး၊ ဟန့်တား နှောက်ယှက်မှုများကို ကြုံတွေ့ပါက အောက်ပါ ရွှေဟင်္သာ ဆရာတော်ကြီး၏ ဆုံးမသြဝါဒစကားကို လက်ကိုင်ပြု၍ ရင်ဆိုင်သွားနိုင်ရန် တိုက်တွန်းလိုက်ရပါသည်။
အများအကျိုး … ရွက်သယ်ပိုးက
ခနိုးခနဲ့ … ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း … ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် … ရှေးရှုနှင်လော့
(ရွှေဟင်္သာဆရာတော်ကြီး)
..... ကျော်သူ

ပရဟိတကုန်းမြေပေါ်သို့ ကျခဲ့သည့်ချွေးစက်များ..


ပရဟိတကုန်းမြေပေါ်သို့ ကျခဲ့သည့်ချွေးစက်များ..

ပရဟိတဆိုရာ၌ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့အတွက် ကိုယ်ကျိုးအတ္တ မပါဘဲ အများ အကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ဒါနသီလ စွမ်းတို့ဖြင့် အနစ်နာခံ ပေးဆပ်မှုပင်ဖြစ်သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးတို့အပြင် သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများအား ပေးဆပ်နေကြသော လူမှုရေးမျိုးဆက်သစ် မောင်မယ်များ၏ အင်အားတို့ဖြင့် ထူထောင်ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။ မြန်မာပြည်သူလူထုတို့၏ လိုအပ်ချက်များအား နိုင်သလောက် ဖြည့်ဆည်းပေးနေသော ပရဟိတအသင်းအဖွဲ့လည်း ဖြစ်ပေသည်။

မြန်မာပြည်တွင်း ဗြဟ္မစိုရ်တရားများ ပြန့်ပွားရေးအတွက်၎င်း၊ ပရဟိတစိတ်ဓါတ်များ မြှင့်တင်နိုင် ရေးအတွက်၎င်း၊ မြန်မာပြည်တွင်းရှိ ပရဟိတအသင်းအဖွဲ့များ ဆုံဆည်းရာနေရာ တစ်ခုအဖြစ်၎င်း၊ သာသ နာတော် အဓွန့်ရှည်ရေးအတွက်၎င်း ရည်ရွယ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ပြည် မြို့ တဖက်ကမ်း ရွှေဘုံသာမုနိဘုရားအလွန် တစ်မိုင်ခန့်အကွာ တောင်ကုန်းပေါ်တွင် “မဟာပဏီတ ပရ ဟိတအောင်တော်မူစေတီတော်မြတ်” အား တည်ထားကိုးကွယ်ရန်အတွက် ပြည်မြို့ ကြည်သာအေးမြ ဆရာတော် ဦးစီးကာ စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

“မဟာပဏီတ ပရဟိတအောင်တော် မူစေတီတော်မြတ်” အား တည်ထားကိုးကွယ်ရန်အတွက် ပြည်တွင်း/ပမှ ဗြဟ္မစိုရ်တရားလက်ကိုင်ပြု ကြ သော အလှူ့ရှင်အပေါင်းတို့၏ ငွေကြေးအလှူ၊ ရတနာရွှေငွေအလှူ၊ ဘုရားတည်ဆောက်ရန်အတွက် စက် ယန္တရားအလှူရှင်များအပြင် လုပ်အားဒါနလာရောက် လှူဒါန်းကြသော ဆောက်လုပ်ရေးအင်ဂျင်နီယာများ၊ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်ပန်းပင်များ လာရောက်၍ လှူဒါန်းစိုက်ပျိုးသည့် အလှူရှင်များတို့အပြင် တည်ဆောက်ရေးတွင် အဓိကကျသော အုတ်၊ သဲ၊ ကျောက်တို့အား သယ်ပိုးပေးခြင်းတို့ဖြင့် ကုသိုလ် ယူကြသော ပရဟိတသမားများ (သို့) ဘုရားချစ်သောသူများတို့၏ စေတနာ၊ မေတ္တာ၊ အသွေးအသားတို့ အားလည်း အထူးကျေးဇူးတင်ရှိကာ သာဓု ခေါ်ဆိုအပ်ပါသည်။

၃.၈.၂ဝ၁၄ (တနင်္လာနေ့) နံနက် (၃းဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့ နာရေးကူညီမှုအသင်း(ရန် ကုန်) ရုံးချုပ်မှ အသင်းသား/သူများ အယောက် (၄ဝ) ဦးတို့သည် ပြည်မြို့ တဖက်ကမ်းရှိ “မဟာပဏီတ ပရဟိတ အောင်တော်မူစေတီတော်မြတ်” သို့ ထွက်ခွာခဲ့ကာ နံနက် (၉းဝဝ) နာရီအချိန်တွင် စတင်၍ စည်း လုံးညီညွတ် ပျော်ရွှင်စွာဖြင့် လုပ်အားဒါနများ ထမ်းရွက်ခဲ့ကြသည်။ ထို့နောက် ပြည်မြို့ “မိုးမေတ္တာ” နာရေး ကူညီမှုအသင်း(ပြည်) ရုံးအနီးရှိ “ယဉ်ပေါင်စာ ဘုန်းတော်ကြီးကျောင်းတိုက်” ၌ ခေတ္တနားနေခဲ့ပြီး ညနေ (၃းဝဝ) နာရီအချိန်တွင် ဒုတိယအကြိမ်မြောက် ပရဟိတချွေး နဖူးမှ ပရဟိတကုန်းမြေသို့ ကျသည်အထိ လုပ်အားဒါန ပေးဆပ်ခဲ့ကြပြန်သည်။

ထိုသို့ ပရဟိတစိတ်ဓါတ်၊ ဗြဟ္မစိုရ်စိတ်ဓါတ်တို့ဖြင့် သာသနာအတွက် ထမ်းရွက်ခဲ့ကြသော မျိုးဆက်သစ် ပရဟိတခေါင်းဆောင်များသည် လူမျိုးဘာသာ အလွှာပေါင်းစုံပါဝင်ခဲ့ သည့်အတွက် များစွာပီတိဖြစ်ခဲ့ရပါသည်။ ကျွန်တော်သည်လည်း တစ်ချိန်က သင်္ကန်းဝတ်ဖြင့် ရခိုင်ပြည် နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်များသို့ အလိုတော်ပြည့်ဆရာတော်ကြီးနှင့် တစ်လတိတိ လိုက်ပါခဲ့ရာ တွင် ဆရာတော်ကြီး၏ တရားရိပ်သာ ဆောက်လုပ်မှုလုပ်ငန်းခွင်တွင် လှူဒါန်းရန်အတွက် ငွေကြေးလုံ လောက်စွာ မပါရှိခဲ့သော်ငြားလည်း စိတ်ဓါတ်မကျဘဲ သင်္ကန်းအား ခါးတောင်ကျိုက်၍ အုတ်များ၊ သဲများ သယ်ဆောင် ကုသိုလ်ယူခဲ့ဖူးသည်။

ထိုကဲ့သို့ ယူခွင့်ရလိုက်သည့် ကုသိုလ်သည် အမြင့်မြတ်ဆုံးကုသိုလ်တ ရားဖြစ်ကြောင်း ဆရာတော်ကြီးမှ မိန့်မှာခဲ့ဖူးသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဘုရားတည် သာသ နာပြုရန်အတွက် လုပ်အားဒါနများ လာရောက်ပေးခဲ့သည့် မျိုးဆက်သစ်မောင်မယ်များသည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည့်အချိန်တွင် သူတို့၏ ချွေးနည်းစာလေးများ၊ မုန့်ဖိုးများအားစုပေါင်း၍ “မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်မြတ်” အတွက် အလှူငွေကျပ် (၁) သိန်းအားလည်း လှူဒါန်းခဲ့ကြသည်။ ထို့ကြောင့် နဖူးမှကျသော ချွေး၊ မြေကျသည်အထိ ပေးဆပ်ခဲ့ကြသော ကျွန်တော့်၏ ပရဟိတမျိုးဆက်သစ် မောင်မယ်များတို့အား သာသနာတော်စောင့် နတ်မင်းကြီးများ၊ ကိုယ်စောင့်နတ်မင်းများ၊ မဟာပထဝီမြေ ကြီးစောင့် နတ်မင်းများနှင့်အတူ ကျွန်တော် နှလုံးသားထဲမှ နှစ်နှစ်ကာကာ သာဓု .. သာဓု .. သာဓု ခေါ်ဆို လိုက်ရပါသည်။

(အနယ်နယ် အရပ်ရပ်ရှိ လုပ်အားဒါနပြုလိုသူများနှင့် အလှူငွေများ လှူဒါန်းလိုသော အလှူရှင်များအား လည်း နွေးထွေးစွာ ကြိုဆိုလျှက်ရှိပါသည်။ လုပ်အားဒါနပြုကြသူများနှင့် အလှူ့ရှင် အလှူ့မများအတွက် မုဒိတာပွားများ သာဓု ခေါ်ဆိုနိုင်ရန်အတွက် “မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်မြတ်”နှင့် နဂါးရုံဘုရား တည်ထားမှုပြီးစီးနေသည့် အခြေအနေပုံရိပ်များအားလည်း ပူးတွဲတင်ပြလိုက်ရပါသည်။)

ချစ်ကြစမ်းပါဗျာ . . . .


ချစ်ကြစမ်းပါဗျာ . . . .

ကမ္ဘာမြေပြင်ကြီးရှိ ကမ္ဘာ့လူသားများ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်မျိုးနဲ့ တစ်မျိုး၊ ဆင်းရဲ ချမ်းသာ၊ ပညာရှိ / ပညာမဲ့ … စသည့် အလွှာပေါင်းစုံ လူသားများ ချစ်ခင်စေချင်သည်။ လူသားအချင်းချင်း စာနာစိတ်များ မွေးဖွားစေချင်သည်။ ကြင်နာစိတ်၊ ဖေးမစိတ်တို့ မွေးဖွားစေသည်။ ဒါကြောင့် ကျွန်တော်ရဲ့ အပြင်းပြဆုံးသော ဆန္ဒတစ်ခုဖြစ်ပေသည်။

ထိုကဲ့သို့ တစ်ဦးနဲ့တစ်ဦး ချစ်နိုင်ဖို့ … မိမိကိုယ်ကို ချစ်ကြဖို့၊ တန်ဖိုးထားဖို့၊ လေးစားဖို့က အရေးကြီး ဆုံးဖြစ်သည်။ ကိုယ့်ကိုယ်ကို ချစ်နိုင်မှ အများကိုလည်း ချစ်နိုင်မည်ဖြစ်သည်။ အများကိုချစ်နိုင်မှ တိုင်းပြည် ကိုလည်း ချစ်ရာရောက်မည်။ ဒီကနေ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ လူတွေအတွက် အကျပ်အတည်း ဖြစ်စေတဲ့ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေနဲ့အတူ လေထုညစ် ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေဆီသြဇာခမ်းခြောက်မှု၊ သားငှက်တိရစ္ဆာန်မျိုးစိတ်များ ရှားပါးပျောက်ကွယ် လာမှု၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေနှင့် သဘာဝတရားကို ညှဉ်းပန်းအနိုင်ကျင့်မှုများစတာတွေနဲ့ ပြည့် နှက်လို့ လာနေပါပြီ။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် “ကိုယ့်အမှိုက် … ကိုယ်ရှင်း” ဆိုပြီး အသင်းရုံးချုပ် တည်နေရာသည် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်ဖြစ်ပါသည်။ ၄၂ ရပ်ကွက်သည် အပိုင်း (၇) ပိုင်း၊ လမ်းပေါင်း (၅၈) လမ်းရှိပြီး အုပ်ချုပ်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်နေ မိဘပြည်သူ အပေါင်းတို့အား ၆.၅.၂ဝ၁၄ ရက်နေ့တွင် “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုံ” ဖြစ် မြောက်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုအား ပြုလုပ်ခဲ့သလို၊ ၁၅.၆.၂ဝ၁၄ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်ရှိ “ပုဗ္ဗဝိဒေဟဓမ္မာရုံ” တွင် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ ဆရာမ ဂျူး၊ ဆရာ ထင်လင်းဦးတို့ ဟောပြောခဲ့ပြီး ၃.၆.၂ဝ၁၄ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက် (တိုးချဲ့)ရှိ “စိတ္တသုခ အရုဏ် ဆွမ်းလောင်းအသင်း” နေရာ၌လည်း ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် ဆရာ ထင်လင်းဦးတို့မှ ထပ်မံဟော ပြောခဲ့ကြသည်။ ၇.၆.၂ဝ၁၄ ရက်နေ့တွင် အသင်းသား/သူများတို့သည် ၄၂ ရပ်ကွက်အတွင်းရှိ မိဘပြည် သူတို့၏ နေအိမ်များသို့ တစ်အိမ်ဝင် တစ်အိမ်ထွက်၍ လက်ကမ်းစာရွက်များဝေငှပြီး အမှိုက်များ စွန့်ပစ် စနစ်တကျ စွန့်ပစ်ကြဖို့ ပြောကြားခဲ့သည်။

၈.၆.၂ဝ၁၄ (တနင်္ဂနွေနေ့) နံနက် (၇း၃ဝ) နာရီတွင် ၄၂ ရပ် ကွက်၊ တိုးချဲ့အပါအဝင် ဇော်ဂျီလမ်းတစ်လျှောက်မှ စတင်ခဲ့ပြီး ၁၅.၆.၂ဝ၁၄ (တနင်္ဂနွေနေ့) နံနက် (၇း၃ဝ) နာရီတွင် ၄၂ တိုးချဲ့ရပ်ကွက်ရှိ အေးသာယာ (၁) (၂) လမ်းရှိ အမှိုက်များအား ရပ်ကွက်တွင်းရှိ “မာဃ လုလင်” နာရေးကူညီမှုအဖွဲ့၊ ရပ်ကွက်ပြည်သူများ၊ ကလေးငယ်များတို့နှင့်လက်တွဲ၍ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့် အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အသင်းသား/သူများနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရန် စိတ်ပါဝင်စားကြသည့် လူမှုရေးအသင်းအဖွဲ့များပါ လာရောက်ပူးပေါင်း၍ ဝိုင်းဝန်းလုပ် ဆောင်ခဲ့ကြသည်။ အမှိုက်များအား လိုက်လံကောက်ယူ သိမ်းဆည်းကြသည့်အပြင် စည်းကမ်းတကျ အ မှိုက်များ စွန့်ပစ်နိုင်ကြရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သတ်မှတ်ထားသည့် အမှိုက်ပုံးများကို ရပ်ကွက်မှ တာဝန်ရှိသူများနှင့် တိုင်ပင်၍ နေရာတကျ စီစဉ်ချမှတ်ခဲ့သည်။

အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်ခြင်းတို့အား သတ်မှတ်ထားရှိသလို အပါတ်စဉ် အင်္ဂါနေ့၊ ကြာသပတေးနေ့များတွင်လည်း မိမိတို့၏ အမှိုက်ပုံးများထဲမှ စနစ်တကျ စွန့်ပစ်ထားရှိသည့် အမှိုက်များတို့အား သိမ်းဆည်း၍ စွန့်ပစ်ရန်လို အပ်သည့် အမှိုက်များတို့အား သတ်မှတ်နေရာများသို့ စနစ်တကျ စွန့်ပစ်စေခဲ့ပြီး ပြန်လည်၍ အသုံးပြုနိုင် သည့် အမှိုက်များတို့အား စနစ်တကျ ခွဲခြမ်းထုတ်ပိုး၍ မိမိတို့နှင့် ချိတ်ဆက်ထားပြီး လာရောက်သယ်ယူ ကြသူများထံသို့ ပေးအပ်ခဲ့သည်။ ရန်ကုန်မြို့တွင် လုပ်ဆောင်နေကြသလို ကျွန်တော် လူမှုရေးဟောပြော ပွဲ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် မန္တလေးဘက်သို့ ရောက်ရှိနေချိန်တွင်လည်း ဦးပိန်တံတား ပတ်ဝန်းကျင်တစ် လျှောက်နှင့် မန္တလေးတောင်တော်ဝန်းကျင်ရှိ အမှိုက်များကို ကျွန်တော်နှင့် လိုက်ပါလာကြသည့် အသင်း သား/သူများတို့သည် မန္တလေးမှ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ လိုက်လံကောက်ယူ သိမ်းဆည်းခဲ့ကြ သည်။

ထိုသို့ လုပ်ဆောင်ခဲ့ရာတွင် ရပ်ကွက်တွင်းရှိ အချို့သောသူများသည် မိမိတို့အသင်းမှ လာရောက် အမှိုက်ကောက်နေကြချိန်တွင် အိမ်တွင်းအမှောင်တစ်နေရာမှ ပုန်းအောင်း၍ ချောင်းမြောင်းနေခြင်း၊ မဆိုင် သလိုနေကြခြင်း၊ အမှိုက်ကောက်ရမည်ကို ရှက်စိတ်များဖြစ်ပေါ်နေခြင်း၊ ကျွန်တော်တို့နှင့်အတူ လိုက်ပါပြီး အမှိုက်ကောက်ရန် မဝံ့မရဲဖြစ်နေကြသော်လည်း ကလေးငယ်အချို့တို့သည် အင်တိုက်အားတိုက် လုပ်ကိုင် နေကြသလို အချို့ကလေးများသည်လည်း ဆော့ကစားနေကြပြီး မိမိတို့နှင့် မဆိုင်သလို နေထိုင်ကြ သည်ကို တွေ့မြင်ခဲ့ရသည်။

ထိုအခါ မိမိတို့အသင်းသို့ လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက် လေ့လာကြသော ဟောင်ကောင်နိုင်ငံရှိ ကျောင်းသူလေးများ၏ ဆန္ဒအလျောက် လိုက်ပါပြီး ကျွန်တော်တို့ အဖွဲ့နှင့် ပူးပေါင်းကာ ပျော်ရွှင်စွာဖြင့် အမှိုက်များကို လိုက်လံကောက်ယူ လုပ်အားပေးမှုများကိုလည်း ပြု လုပ်ခဲ့သည်။ ထို့ကြောင့် ရှက်စိတ်ဖြစ်နေသောသူများ၊ မဝံ့မရဲဖြစ်သောသူများနှင့် မိမိတို့နှင့် မဆိုင်သလို ဖြစ်နေသူများအပြင် မိမိတို့နှင့် ပူးပေါင်း၍ အမှိုက်ကောက်ရန် ဇဝေဇဝါဖြစ်နေသူများတို့အား အတွင်းရေး မှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ “ကိုရီးယားကား ကြိုက်ကြသလား။” ဟု မေးလိုက်သောအခါ “ဟာ .. ကြိုက်တာပေါ့။” ဟု ပြန်လည်ဖြေဆိုကြသည်။ ဆက်လက်၍ “အေး .. ကိုရီးယားနိုင်ငံလို ကမ္ဘာ ပေါ်မှာ အဆင့်အတန်းမြင့်မားပြီး သန့်ရှင်းသာယာလှပတဲ့ ဟောင်ကောင်နိုင်ငံက မိန်းကလေးတွေက တောင် အမှိုက်လာပြီး ကောက်နေကြပြီ၊ ကလေးတို့ကလည်း ဒီအတိုင်းဘဲ ကြည့်နေတော့မှာလား။” ဟု ပြောကြားလိုက်သောအခါ ထို လူငယ်/ရွယ်များနှင့် ကလေးငယ်များပါ မိမိတို့နှင့် ပူးပေါင်း၍ တတ်ကြွစွာ ကောက်ယူသည်ကို ဝမ်းမြောက်စွာဖြင့် တွေ့ရှိခဲ့ရသည်။

ထို့အပြင် ရပ်ကွက်အတွင်းရှိ လမ်းအချို့ မိသားစု များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) မှလည်း ဆီထမင်း၊ ကောက်ညှင်းပေါင်း၊ သာကူ၊ မုန့်လုံးကြီး၊ ကော်ဖီ စသည့် အာဟာရဒါနအဖြစ် လုပ်အားပေးသူများတို့အား ကျွေးမွေးဒါနပြုခဲ့သည်။ EMERALO LION ကုမ္ပဏီမှလည်း REAKTOR Energy Drink များအား လာရောက်တိုက်ကျွေးပြီး ဝိုင်းဝန်းကူညီ လုပ် အားပေးခဲ့သည်ကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုလိုက်မိသည်။

ထို့အပြင် လမ်းတစ်ခုအတွင်း အမှိုက်များကောက်ယူကြစဉ် နေအိမ်ခြံဝန်းထဲရှိ အမှိုက်များကိုပါ အိမ်ရှင်များနှင့် ပူးပေါင်း၍ ကောက်ယူရာတွင် အိမ်အတွင်းသို့ မထင်မှတ်ဘဲ ကြည့်ရှုမိသောအခါ အိမ်တွင်း ၌ ရှုပ်ပွနေသော အမှိုက်များ၊ စားကြွင်းစားကျန်များကို တွေ့ရှိခဲ့ရ၍ အိမ်ရှိကလေးငယ်များအား “သားတို့ သမီးတို့ ညအိပ်တဲ့အခါ ဒီလိုအမှိုက်တွေ အိမ်ထဲမှာရှိနေရင် ကြွက်တွေလာမှာပေါ့” ဟု ဒု-ဥက္ကဋ္ဌ ဒေါ်သန်း မြင့်အောင်မှ ပြောကြားလိုက်သောအခါ ကလေးငယ်များမှ “ဟုတ်တာပေါ့။ သားတို့ သမီးတို့က ကြွက်တွေ နဲ့အတူ ညအိပ်ရတာ” ဟု ရိုးသားစွာ ပြန်လည်ပြောဆိုကြသည်။ ထိုအခါ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ “နေကြထိုင်ကြ စားကြရင် သားတို့ သမီးတို့ ရောဂါတွေထူပြောလာမယ်။ ကျန်းမာရေးတွေ ထိခိုက်လာ မယ်။ စာသင်လည်းပျက်မယ်။ အခုလို ဆော့ကစားနိုင်တော့မှ မဟုတ်ဘူး။ ဒါကြောင့် အဲဒီအမှိုက်တွေကို ရှင်းပစ်ဖို့လိုတယ်” ဟု ပြောကြားလိုက်သောအခါ ကလေးငယ်များနှင့်အတူ အိမ်ရှင်မိသားစုများကပါ ဝင် ရောက် ရှင်းလင်းမှု ပြုလုပ်နေသည်ကိုလည်း တွေ့မြင်ခဲ့ရပြန်သည်။

သို့ရာတွင် အချို့သော လူကြီးများသည် မှောင်ရိပ်မှ ခိုးကြောင်ခိုးဝှက် ကြည့်ရှုနေခြင်း “ဒီအမှိုက် ကောက်တဲ့ အလုပ်ဟာ ငါတို့နဲ့ မသက်ဆိုင်ဘူး။ ငါတို့အလုပ် မဟုတ်ဘူး” ဟု ဆိုကြသော ယူဆချက်များ ဖြင့် ဖာသိဖာသာ နေထိုင်နေခြင်းမျိုးကိုလည်း တွေ့မြင်နေရဆဲဖြစ်သည်။

“ကလေး ကလေး အထင်မသေးနဲ့။
ကလေးကောင်းမှ လူကြီးကောင်းမှာ။
လူကြီးကောင်းမှ အားလုံးကောင်းမှာ။”

ဟူသော စကားအတိုင်း ကလေးငယ်များ၏ အတွင်းသန္ဓေတည် ကောင်းမွန်စေရန်အတွက် လူကြီး များတို့မှ စံပြအဖြစ် ရှေ့ဆောင်ပြောဆို လုပ်ဆောင်မှုများကို ပြုလုပ်ကြရန် အရေးကြီးလှပေသည်။ မိမိတို့ ရပ်ရွာ၊ ရပ်ကွက်၊ မြို့နယ်များသို့ စေတနာဖြင့် လာရောက်သစ်ပင်စိုက်ခြင်း၊ အမှိုက်ကောက်ခြင်း၊ ခြင်ဆေး ဖျန်းပေးခြင်းတို့ကို ပြုလုပ်ပေးနေသော ဗြဟ္မစိုရ်တရားလက်ကိုင်ထားသည့် ပရဟိတသမားများ၊ ပရဟိတ အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပေးရန်အတွက်လည်း အရေးကြီးလှသည်။ အများအကျိုး အတွက် ပူးပေါင်းလုပ်ဆောင်ပေးခြင်းသည် မင်္ဂလာတစ်ပါးပင် ဖြစ်ပေတော့သည်။

ထို့ကြောင့် မိမိကိုယ်ကို ချစ်ဖို့လိုသည်။ ကိုယ့်ကိုယ်ကိုချစ်မှ မိသားစုကိုချစ်မည်။ မိသားစုကိုချစ်မှ ရပ်ကွက်ကိုချစ်မည်။ ရပ်ကွက်ကို ချစ်မှ မြို့နယ်ကိုချစ်မည်။ မြို့နယ်ကိုချစ်မှ နိုင်ငံကိုချစ်မည်။ နိုင်ငံကိုချစ်မှ ကမ္ဘာအလယ် ဝင့်ကြွားနိုင်တော့ မည်ဖြစ်တော့သည်။ “ချစ်သည်” ဟုဆိုရာ၌ လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာ၊ လူ့သီလတို့အား စောင့်ထိန်း လိုက်နာကျင့်သုံးရန် ဖြစ်တော့သည်။ ထို့ကြောင့် “ကိုယ့်ကိုယ်ကို ချစ်ကြစမ်းပါဗျာ” ဟု ကျွန်တော် လှုံ့ဆော် တိုက်တွန်း ရေးသားလိုက်ရပါတော့သည်။

ေေေေေေေ   ကျော်သူ
 

ထူးခြားလှသည့် ပရဟိတ အောင်တော်မူ စေတီတော်ကြီး


 ထူးခြားလှသည့် ပရဟိတ အောင်တော်မူ စေတီတော်ကြီး

ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)အား ဦးစီးဦးဆောင်ပြီး အများပြည်သူလူထု လူ သားအားလုံးတို့ မလွဲမသွေ တွေ့ကြုံခံစားကြသော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး အစရှိ သည့် ဘေးဒုက္ခများကို မိမိ၏အတ္တကိုဖြုတ်၍ အနစ်နာခံပေးဆပ်ခဲ့သည်မှာ (၁၄) နှစ်တာကာလကို ဖြတ် သန်းခဲ့ပြီးဖြစ်သည်။

ထိုသို့ကာလအသီးသီးအား ဖြတ်သန်းခဲ့ရသည်မှာ လွယ်ကူချောမွေ့လှသည် မဟုတ်။ အတိုက်အခိုက်၊ အနှောင့်အယှက်၊ အဟန့်အတား၊ အတားအဆီး၊ အပိတ်အပင် တို့သည်ကား ဘဝတစ်ခု လုံး စုံးစုံးမြုပ်သွားမတတ် ခံစားဖြတ်သန်းလာခဲ့ရသည်။ စာလုံးရေ (၄) လုံးမျှသာရှိသော "ပရဟိတ" တည်း ဟူသော လူသားများအတွက် ကူညီဖေးမ ပေးဆပ်ရသောလုပ်ငန်းသည် လွယ်ကူလှသည်မဟုတ်။

ထို့ ကြောင့် "အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်မျိုးကို အမြင့်မြတ်ဆုံး နှလုံးသားရှိသူများသာ လုပ်ဆောင် နိုင်ကြသည်" ဟူသော စကားဆောင်ပုဒ် ထွက်ပေါ်လာရခြင်းဖြစ်သည်။ တောင်စလင်းတိုက်သစ် ဆရာ တော်ကြီး ဦးတိက္ခ မှမိန့်ကြားခဲ့သည်။ သို့သော် ကျွန်တော်သည် မိမိကိုယ်မိမိ မြင့်မြတ်သောသူ ဖြစ် ကြောင်း လက်မခံပါ။ မြင့်မြတ်သောသူဖြစ်သည်ဟုလည်း မခံယူပါ။ မိမိ ကူညီဖေးမပေးနိုင်သော အတိုင်း အတာတစ်ခုအထိသာ ကူညီပေးနိုင်ရန် စီစဉ်ပေးသော ဦးဆောင်သူတစ်ယောက်သာဖြစ်သည်။ တကယ် တမ်း အနစ်နာခံ အပင်ပန်းခံ၍ ပေးဆပ်နေကြသူများမှာ မိမိတို့ နာရေးကူညီမှုအသင်းရှိ ဝန်ထမ်းများ၊ အသင်းသား/သူများပင်ဖြစ်သည်။

ယခင် (၉) နှစ် ကာလခန့်အထိ မိမိ၏အသက်အရွယ်၊ စွမ်းဆောင်နိုင်မှု စွမ်းအားများကြောင့် ပြည်သူလူထုထံသို့ ထဲထဲဝင်ဝင် ပေးဆပ်ကူညီ ဖေးမမှုများကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်ခဲ့သော်လည်း ယခုကာလ မိမိ၏အသက် (၅၄) နှစ်အရွယ်တွင် မည်သူမျှတားဆီး၍ မရနိုင် သော ဇရာ၏ဖိအားကြောင့် ကျန်းမာသန်စွမ်းမှု ယခင်ကာလများကဲ့သို့ နုပျိုသန်စွမ်းမှု မရှိသောကြောင့် မိမိ ၏အတွေးအခေါ် အသိဉာဏ်စွမ်းအားဖြင့်သာ ပေးဆပ်မှုများကို ဦးဆောင်မှုကို ပြုလုပ်နေရသည်။

ယခုအချိန်ကာလ၌ ကျွန်တော်သည် ငြိမ်းချမ်းမှု အေးချမ်းသာယာစွာ နေထိုင်လိုသော ဆန္ဒပြင်းပြ လျှက်ရှိသည်။ မိမိကဲ့သို့ ပြည်သူ/သားအားလုံး၊ မြန်မာနိုင်ငံသူ/သားအားလုံး၊ တစ်ကမ္ဘာလုံးရှိ သက်ရှိလူ သတ္တဝါအားလုံး ငြိမ်းချမ်းသာယာသော ကမ္ဘာကြီး၊ ငြိမ်းချမ်းသာယာသောဘဝများ ဖြစ်စေချင်သော ဆန္ဒ ပြင်းပြလျှက်ရှိနေသည်။ မိမိဖြတ်သန်းခဲ့သော ပရဟိတနယ်ပယ်တလျှောက် တွေ့ကြုံခံစားခဲ့ရသော အခက် အခဲမှန်သမျှတို့အား ကျော်ဖြတ်နိုင်ခဲ့သည်မှာ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်၊ မြတ်စွာဘုရားရှင် ဟော ကြားခဲ့သော သစ္စာတရား တို့ကြောင့်ပင်ဖြစ်ကြောင်း ရဲရဲကြီး ကျွန်တော်ဝန်ခံပါသည်။ ကျွန်တော်တို့ ဗုဒ္ဓ ဘာသာဝင်များတင်မက အခြားသော ဘာသာဝင်အသီးသီးတို့တွင်လည်း ဘုရားသခင်အသီးသီးတို့၏ မေတ္တာတော် သြဝါဒစကားများအား လိုက်နာကျင့်သုံးကာ အခက်အခဲပေါင်းစုံတို့အား သစ္စာတရားဖြင့် ကျော်လွှားနိုင်ခဲ့သည်မှာ မည်သူမျှ ငြင်းနိုင်မည်မဟုတ်။

ပရဟိတသမားများအဖို့ အခြားသော ဘဝရပ်တည်မှုပြုလုပ်နေကြသော သူများထက် သစ္စာဆိုရာ တွင် ပိုမိုထိရောက်သော အကျိုးခံစားနိုင်သည်ဟု ကျွန်တော်ယုံကြည်သည်။ အဘယ့်ကြောင့်ဆို ပရဟိတ သမားဟူရာ၌ သီလလုံခြုံရခြင်း၊ ဘဝတစ်ခုလုံး အနစ်နာခံ စွန့်လွှတ်စွန့်စားကြရကာ အများပြည်သူ အကျိုး အတွက် မိမိတို့၏ အတ္တများကိုဖြုတ်၍ မြင့်မြတ်လှသော လူသားချင်းစာနာစိတ်၊ ကိုယ်ချင်းစာနာ စိတ်တို့ ဖြင့် လုပ်ကိုင်ပေးနေရသော ဘုရားချစ်သည့် သူများဖြစ်သောကြောင့်ပင် ဖြစ်တော့သည်။

လွန်ခဲ့တဲ့ (၃) နှစ်ခန့်က ကျွန်တော်၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာခဲ့သည်။ ကျွန်တော်တို့ ပရ ဟိတသမားများ၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပရဟိတလုပ်ငန်းအား စိတ်ဝင်စားသူများ၊ ပရဟိတလုပ်ငန်းရပ် အား လုပ်ကိုင်နေကြသောသူများအတွက် တိုင်တည်ဆုတောင်း မေတ္တာပို့ သစ္စာဆိုနိုင်မည့် အထင်ကရ အဖြစ် နေရာဟူ၍ သတ်သတ်မှတ်မှတ် မရှိသေးချေ။

ထိုသို့မေတ္တာဖြန့်ဝေခြင်း၊ သစ္စာဆိုဆုတောင်းခြင်း၊ အဓိဌာန်ပြုနိုင်ခြင်း တည်းဟူသော ရည်ရွယ်ချက်ဖြင့်၎င်း၊ သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက်၎င်း၊ ယဉ်ကျေးလိမ္မာ၍ ဘာသာတရားကိုင်းရှိုင်းသော မျိုးဆက်သစ်လူငယ်/ရွယ်များ ပေါ်ထွန်းလာရေးအတွက် ၄င်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် စံပြနယ်မြေ တစ်ခုဖြစ်လာရေးအတွက်၎င်း၊ ငြိမ်း ချမ်းသာယာ အေးချမ်းကြည်နူးဖွယ် ကမ္ဘာသစ်ကလေးသို့ ရောက်ရှိသွားနိုင်သော နေရာတစ်ခု ပေါ်ပေါက် ရေးအတွက်၎င်း၊ ဗြဟ္မစိုရ်တရားလေးပါး လွှမ်းခြုံထားသော ကြည်နူးဖွယ်၊ နေချင်စဖွ် နေရာသစ်ကလေး တစ်ခုပေါ်ပေါက်လာရေးအတွက်၎င်း၊ ရည်ရွယ်ရည်စူး၍ စေတီတစ်ဆူတည်ထား၍ ဆန္ဒဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်၏ မြင့်မြတ်သောစိတ်ကူးအား အကောင်အထည်ဖော်နိုင်ရန် မြန်မာပြည်အရပ်ဒေသ အသီးသီးသို့ သွားရောက်ကာ ကျွန်တော်စတင် ကြိုးပမ်းခဲ့တော့သည်။

ယခု ၂ဝ၁၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ကျွန်တော်ဆန္ဒ ပထမအဆင့် အောင်မြင်ခဲ့တော့သည်။ မြန်မာ ပြည်အလယ်ပိုင်းဖြစ်သော ပြည်မြို့သို့ ကျွန်တော်လူမှုရေးလုပ်ငန်းများဖြင့် ခရီးသွားစဉ် အောင်မြင်စွာ အ ကောင်အထည်ဖော်ခွင့် ရရှိခဲ့သည်။ ပြည်မြို့တစ်ဖက်ကမ်းသို့ နဝဒေးတံတားကြီးမှ ညာဘက် ကားလမ်းမ အတိုင်း ဆက်လက်မောင်းနှင်သွားပါက ရွှေဘုံသာမုနိဘုရားကြီးကို ဖူးတွေ့နိုင်သည်။ ထိုရွှေဘုံသာမုနိ ဘုရားမှ ရှေ့သို့ချောမွတ်နေသော မြေနီလမ်းမကြီးအတိုင်း မိနစ် (၂ဝ) ခန့် မောင်းနှင်ပါက မြတ်စွာဘုရား သက်ရှိထင်ရှား ရှိစဉ်ကာလ၌ ခြေတော်ချကာ ဖိုးဦးတောင်စေတီတော်မြတ် တည်ရှိသည်။ ရွှေဘုံသာမုနိ ဘုရားနှင့် ဖိုးဦးတောင်စေတီတော်မြတ်အကြား တောင်ကုန်းတစ်ခုအား ကျွန်တော်စိတ်ဝင်စားမိသည်။

ထို့ကြောင့် ထိုတောင်ကုန်းပေါ်တွင် သာသနာပြုဘုရားတည်ရန်အတွက် စုံစမ်းမိသည်။ ထိုအခါ တိုက်ဆိုင် စွာဖြင့် ယင်းတောင်ကုန်းအား ဝယ်ယူထားသော ဦးအောင်ခိုင်နှင့် တွေ့ဆုံမိခဲ့ကာ အကျယ်အဝန်း (၄) ဧက ခန့်ရှိ တောင်ကုန်းအား ကျွန်တော် သာသနာပြုဘုရားတည်ရန်အတွက် လှူဒါန်းပေးခဲ့သည်။ ကျွန်တော် သည် ယခု ၂ဝ၁၄ ခုနှစ်အတွင်း သာသနာပြုလုပ်ငန်းအား အပြီးသတ်လုပ်ကိုင်လိုသော ဆန္ဒရှိသည်နှင့် အညီ ဘုရားတည်ထားရန်အတွက်၎င်း၊ သာသနိကအဆောက်အဦးများ ဆောက်လုပ်ရန်အတွက်၎င်း၊ ဦးစွာ ရေရရှိရေးအတွက် လုံးပမ်းရတော့သည်။ ထိုတောင်ကုန်းပတ်ဝန်းကျင်ရှိ တောင်ကုန်းတောင်တန်း များသည် ခြောက်သွေ့နေသောကြောင့် ရေတူးဖော်ရန်များစွာ အခက်တွေ့နေသည်။

တစ်ရက် ကျွန်တော် သည် ထိုတောင်ကုန်းသို့သွားရောက်စဉ် အသက်အရွယ် (၄/၅) နှစ်ခန့်ရှိသော ကလေးငယ်တစ်ဦး တောင် ပေါ်သို့ တက်ရောက်လာခဲ့ကာ "အဘတို့ဘာလုပ်နေလဲ" ဟု မေးသောကြောင့် ကျွန်တော်မှ ရေတူးဖော်ဖို့ အတွက်လာကြည့်တာ ဟု ပြန်လည်၍ပြောဆို လိုက်သောအခါ "ရေက ဟောဟိုနားမှာရှိတယ်၊ သူ့အလို အလျှောက် မြေကြီးထဲက ထွက်နေတာအများကြီးဘဲ" ဟု ပြောဆိုလိုက်သောကြောင့် သူညွှန်ပြရာ နေရာ သို့ သွားရောက်ကြည့်ရှုစဉ် ရေများကြည်လင်အေးမြစွာ ထွက်နေသည်ကို အံ့သြတကြီး တွေ့မြင်လိုက်ရ တော့သည်။

နောက်ရက်များတွင် ထိုတောင်ကုန်းပေါ်တွင် ရေများအလိုအလျှောက် ထွက်နေသော နေရာ နှစ်နေရာခန့်နှင့် တောင်ကုန်း၏ ဘယ်ဘက်လျှိုထဲတွင် စီးဆင်းနေသော ရေမြောင်းအား ပူပြင်းလှသော နွေရာသီအချိန်ကာလ၌ ထူးခြားစွာ တွေ့မြင်ရတော့သည်။ ကျွန်တော်သည် ထိုသာသနာပြုဘုရားတည် မည့် တောင်ကုန်းတော်အား "ပရဟိတတောင်ကုန်းတော်" ဟု အမည်ပေးလိုက်တော့သည်။

ထို့နောက် ဘုရားတည်ရန်အတွက် ပြည်မြို့၊ ပန်းတောင်းမြို့နယ်များရှိ ဆရာတော်ကြီးများနှင့် တွေ့ဆုံဖူးမျှော်ကာ အကြံဉာဏ်များ၊ ခွင့်ပြုချက်များအား တောင်းဆိုခဲ့ပြီးနောက် ရွှေပေါက်ပင်ဆရာတော်ကြီး(ပြည်)၏ သြဝါဒ အတိုင်း "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်" ဟူ၍ အမည်သတ်မှတ်ခဲ့တော့သည်။

ဒုတိယ ထူးခြားချက်တစ်ရပ်မှာကား "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်" အတွင်း ဗောဓိညောင်ပင် စိုက်ပျိုးလိုသောအချိန်တွင် ပခုက္ကူဆရာတော်ကြီး (အနိစ္စဆရာတော်ကြီး) မပျံလွန်စဉ်က ဆရာတော်ကြီးမှ "ဟို … နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့ လူကြီးကိုသွားပေးလိုက်ပါ" ဟူ၍ ဆရာတော်ကြီး ထံတွင်ရှိနေသော ဗောဓိညောင်ပင်ပေါက်အား ဆရာတော်ကြီး၏ တပည့်များအား မိန့်ကြားခဲ့ဘူးသည်။ ထိုစဉ်အခါက ဆရာတော်ကြီး မမာမကျန်းဖြစ်နေ၍ ကျွန်တော့်ထံသို့ ဗောဓိညောင်ပင် ရောက်ရှိမလာချေ။ ဆရာတော်ကြီး ဘဝနတ်ထံသို့ ပျံလွန်တော်မူချိန်အခါ ကျွန်တော်ကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းနှင် ပေးခဲ့ သည်။ ထိုစဉ်အခါမှ ကျွန်တော်သည် ဆရာတော်ကြီး၏ တပည့်ဒါယိကာများ၏ ပြောကြားချက်ကြောင့် ထို ဗောဓိညောင်ပင်၏သမိုင်းကို သိရှိခဲ့ရသည်။

ယင်းဗောဓိညောင်ပင်ပေါက်အား ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ သွားရောက်စဉ် ယခုလက်ရှိ အိန္ဒိယဝန်ကြီးချုပ် မာန်မိုဟန်ဆင်း မှ အမှတ်တရ ထူးခြား မြင့်မြတ်သော လက်ဆောင်မွန်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဗောဓိညောင်ပင်အား ဒေါ်အောင်ဆန်း စုကြည်မှ ရန်ကုန်မြို့သို့ ပင့်ဆောင်လာခဲ့ပြီး ပခုက္ကူဆရာတော်ကြီးထံ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရ သည်။ ကျေးဇူးရှင်ပခုက္ကူဆရာတော်ကြီးအား ကျွန်တော်သည် လွန်ခဲ့သော (၇) နှစ်ခန့်က နံနက် အာရုံ တက်ချိန်တွင်တစ်ဦးတည်း သွားရောက်ဖူးမျှော်ကာ ပရဟိတလုပ်ငန်းနှင့် ပတ်သက်၍ အခက်အခဲများအား လျှောက်ထားမေးမြန်းခဲ့ဘူးသည်။

ယခု ဆရာတော်ကြီးအနေဖြင့် ကျွန်တော် သံသနာပြုဘုရားတည်မည့် ကိစ္စရပ်အား မည်သို့မည်ပုံသိရှိပြီး ယခုကဲ့သို့ ဆရာတော်ကြီး၏ တပည့်ဒါယကာများအား ကျွန်တော့်ထံသို့ အရောက်ပို့ခိုင်းသည်ကိုတော့ ကျွန်တော်အဖြေရှာ၍မတွေ့။ ဆရာတော်ကြီး၏ မိန့်မှာချက်အတိုင်း ပဉ္စဂံ စာပေတိုက်မှ ဦးအောင်သူ သည် နာရေးကူညီမှုအသင်း(ရန်ကုန်) ကျွန်တော့်ထံသို့ ဗောဓိညောင်ပင်အား ပင့်ဆောင်၍ လာရောက်အပ်နှံခဲ့တော့သည်။ ထိုကဲ့သို့ထူးခြားသော ဗောဓိညောင်ပင်အား ယခုလာမည့် ကဆုန်လပြည့်နေ့ မေလ (၁၃) ရက်နေ့တွင် သာသနာပြုမည့် ပရဟိတတောင်ကုန်းတော်ပေါ်၌ မြေချ စိုက်ပျိုးရန် ကြည်သာအေးမြဆရာတော် (ပြည်) မှ မိန့်ကြားခဲ့တော့သည်။

တတိယ ထူးခြားချက် တစ်ရပ်မှာကား ထိုတောင်ကုန်းတော်ပေါ်သို့ ဘုရားတည်ရန်အတွက်၎င်း၊ သာသနိကအဆောက်အဦးများ ဆောက်လုပ်ရန်အတွက်၎င်း၊ ဘုရားကြီးအောင်မြင် စွာ ပြီးစီးသွားသည့် အချိန်တွင် ဘုရားဖူးများ လွယ်လင့်တကူ တက်ရောက်ဖူးမျှော်နိုင်ရန်အတွက် မော်တော်ကား လမ်းဖောက် လုပ်ရန် ကိစ္စရပ်ပင်ဖြစ်သည်။ ကားလမ်းဖောက်လုပ်ရန် လူအားနှင့် ဖောက်လုပ်မည်ဆိုပါက အချိန်ကုန် လူပင်ပန်း ငွေကြေးကုန်ကျမှုများမည်။ လမ်းဖောက်လုပ်သော မော်တော်ယာဉ်စက်ကြီးများ၊ မြေညှိစက်ကြီး များ လိုအပ်နေတော့သည်။ လိုအပ်နေသော ထိုစက်ယန္တရားကြီးများသည် ပြည်မြို့ရှိ ကြည်သာအေးမြ ဆရာတော်၏ပံ့ပိုးမှုဖြင့် ကျွန်တော်တို့ ပရဟိတတောင်ကုန်းတော် အနီးသို့ရောက်ရှိလာသောကြောင့် အကူ အညီတောင်းခံခဲ့ရာ လွယ်ကူအောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့သည်။ အမှန်စင်စစ် ထိုစက်ယန္တရားများအား လိုအပ်ပါက ခရီးအတော်အတန် ဝေးလံသော ဒေသ မှ မှာယူရမည်ဖြစ်၍ အခက်ကြုံတွေ့ရမည်ဖြစ်သည်။ ယခုမူ လိုအပ်သောအချိန်တွင် အစဉ်သင့် ရောက်ရှိ လာခြင်းသည်လည်း တတိယထူးခြားချက် တစ်ရပ်ပင်ဖြစ်တော့သည်။

သာသနာပြု ဘုရားတည်သည့်ကိစ္စသည် လူအား၊ စိတ်အား၊ သမာဓိအား၊ သီလအစွမ်းတို့အပြင် ငွေကြေးပိုင်းသည်လည်း အရေးပါလှသည်။ ကျွန်တော့်ထံတွင် လက်ရှိ ငွေကြေးအတိုင်းအတာဖြင့် လုံးဝ မဖြစ်နိုင်ချေ။ သို့သော်ကျွန်တော်သည် အဓိဌာန်ဝင် သီလဆောက်တည်ခြင်းနှင့် မိမိ၏ပြုခဲ့သော ကုသိုလ် ကောင်းမှုများအား ယုံကြည်စွာသစ္စာဆို၍ ထိုမြင့်မြတ်သောလုပ်ငန်းကြီးကို စတင်နေပြီဖြစ်သည်။ မြန်မာ နှစ်ဆန်း (၁) ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် ကျွန်တော့်ထံသို့ ကျွန်တော်တို့ အသင်းကြီး၏ အကြံ ပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ကိုအလင်းဆက် (IR) နှင့်ဇနီးတို့ ရောက်ရှိလာခဲ့ပြီး သူတို့ဇနီးမောင်နှံ၏ မင်္ဂလာ ရွှေလက်စွပ်နှစ်ကွင်းအား ထိုသာသနာပြုတည်ထားကိုးကွယ်မည့် "မဟာပဏ္ဍိတပရဟိတအောင်တော်မူ စေတီတော်" ကြီးအတွက် ရည်စူး၍ ပထမဦးဆုံးလှူဒါန်းပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံရှိ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များ အားလုံး ကိုယ်စား တည်ထားကိုးကွယ်မည့် "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်" ကြီးအား နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းထားကြသော အလှူရှင်များ၏ အလှူငွေအား လုံးဝ (လုံးဝ) အသုံးပြု မည်မဟုတ်။ ပရဟိတစိတ်ဓာတ်ရှိသော၊ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကျင့်သုံး နေကြသော အလှူရှင်များ၊ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များမှ သီးခြားလှူဒါန်းသော သာသနာပြု အလှူ ငွေဖြင့်သာ တည်ထားကိုးကွယ်မည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်း မည်သူမျှတည်ထားကိုးကွယ်မှု မရှိခဲ့သေးသော၊ မြန်မာ့သမိုင်းတွင် လုံးဝမရှိခဲ့ဘူးသော ထူးခြားမှုများစွာဖြင့် တွေ့ကြုံခဲ့ရသော “မဟာပဏ္ဍိတ ပရဟိတအောင်တော်မူစေတီ တော်ကြီး” အား ကျွန်တော်မှဦးစီး၍ မြင့်မြတ်သော ရည်ရွယ်ချက်များဖြင့် ဗြဟ္မစိုရ်တရား လေးပါး လက် ကိုင်ပြုကာ စတင်တည်ထားတော့မည် ဖြစ်ပါသောကြောင့် မိဘပြည်သူများ အနေဖြင့်လည်းကောင်း၊ အရပ်ဒေသအသီးသီးရှိ ပရဟိတအသင်းအဖွဲ့များ အနေဖြင့်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း၊ သဒ္ဒါတရားနည်းများမဆို ကုသိုလ်တော်ပါဝင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတော့သည်။

လှူဒါန်းနိုင်သည့် “မဟာပဏ္ဍိတ ပရဟိတအောင်တော်မူစေတီ ”သာသနာပြု အကျိုးတော်ဆောင်များ

၁။ ဦးစိုးမိုးနိုင်
မိုးမေတ္တာ - နာရေးကူညီမှုအသင်း(ပြည်)
ဝ၉ - ၄၂၃ ၆၇၅ ၉၄၅

၂။ ဦးညီညီအောင်
မိုးမေတ္တာ - နာရေးကူညီမှုအသင်း(ပြည်)
ဝ၉ - ၄၂၃ ၆၇ဝ ၁၁၁

၃။ ကိုသူရိန်ဝင်း
သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)
ဝ၉ - ၄၃ဝ ၁၆၁ ၉၇

၎။ ကိုအောင်ဇော်
ဝ၉ - ၅၁၅ ၈၈၉ဝ

၅။ မဝင်းလဲ့ဇင်
ဝ၉ - ၄၂ဝ ဝဝ၈ ၃၄၂

၆။ ကိုမျိုး(မြန်မာစာ) ပေါ်ပြူလာဂျာနယ်
အမှတ် (၁၅ဝ/၁၆ဝ)၊ ၃၅ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဝ၉ - ၅၁ဝ ၃၆၄၆

၇။ ကိုအောင်သူ (ပဉ္စဂံစာပေတိုက်)
အမှတ် (၁၆၇)၊ အေ၊ ၃၅ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဝ၉ - ၂ဝ၂ ၃၇၅၃

၈။ ဦးထွန်းဦး - ထွန်းဦးစာပေ (မန္တလေး)
မန္တလေးမြို့။
ဝ၉ - ၂ဝဝ ၅၈၂၈

၉။ ဒေါက်တာ မောင်မောင်သန်း
အလုံမြို့နယ်၊ ရန်ကုန်မြို့။
ဝ၁ - ၂၂၉ ၆၅၂

၁ဝ။ ကိုညွန့်ဝင်း (ထိပ်တန်းတော်ဝင်စတိုး - နတ်တလင်း)
ဝ၉ - ၄၃ဝ ၂၈၇ ၇၇

“ဗြဟ္မစိုရ်တရား ကမ္ဘာလွှမ်းစေရမည့် မဟာပဏ္ဍိတပရဟိတ အောင်တော်မူစေတီတော်မြတ်ကြီး”

(ကျော်သူ - ပရဟိတသာသနာပြုအဖွဲ့)