ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အသေ၀နာ စ ဗာလာနံ …..လူမိုက်ကိုမမှီဝဲမပေါင်းသင်းရခြင်း


စာရေးသူရန်ကုန်မှာနေစဉ်က အင်္ဂလိပ်စာသင်တန်းမှာ ဆရာကြီးတစ်ယောက်ရဲ့ ပြောတဲ့စကားလေး ကိုအမှတ်ရလို့ ပြန်လည်ရေးသား တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဆရာကြီးက တကယ်တော်တဲ့ ဆရာကြီးဖြစ်ပါတယ်။ အင်္ဂလိပ်စာပေ၊ ဂျပန်စာပေ၊ တရုပ်စာပေ၊ ပါဠိစာပေတို့ကို ကျွမ်းကျင်ပါတယ်။ စာသင်နည်း စနစ်လည်း တကယ်တော်တဲ့ ဆရာကြီးဖြစ်ပါတယ်။ စာသင်ရင်း အတွေးအခေါ် အယူအဆတွေကို
ပါ သင်ပေးလေ့ရှိပါတယ်။ တစ်နေ့တပည့်တို့တဲ့ တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်းဆိုတဲ့ စာတန်းကိုတွေ့ဘူးကြ လားတဲ့။ တွေ့ဘူးတာပေါ့ မြန်မာတစ်နိုင်လုံး ပြောဆိုနေကြ ရေးနေကြတာပဲ။

သီချင်းတောင်ရှိသေး တာ။ အေးတပည့်တို့တဲ့ တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်းဆိုရင် မြတ်စွာဘုရား ဟောထားတဲ့ အသေ၀နာစ ဗာလာနံ၊ လူမိုက်ကိုမမှီဝဲ မပေါင်းသင်းနဲ့ ဆိုတာကိုဘယ်လိုလုပ်မလဲ။ ဖျက်ပစ်လိုက် ရမှာလားတဲ့…………… ဟုတ်တယ်၊ ကျနော်တို့ နိုင်ငံမှာ ၀မ်းနည်းစရာကောင်းတာက လူမိုက်ကို မပေါင်းသင်းနဲ့လို့မြတ်စွာဘုရား ဟောထားတဲ့ စကားကိုတော့ လျစ်လျူရှု့ထားကြပြီး ဘယ်သူရေးမှန်းမသိတဲ့ တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း ဆိုတာကို တွင်တွင်ကျယ်ကျယ်ကြီး သုံးစွဲနေကြ လက်ခံကျင့်သုံး နေကြတာဟာ လုံးဝကိုမသင့်လျော်ပါဘူး။

ဒါကြောင့်စာရေးသူတို့ နိုင်ငံဟာလူမိုက်တွေ တစ်နေ့တခြား ပိုပိုများများလာ နေခြင်းဖြစ်ပါတယ်။ စာရေးသူသာသနာ့တက္ကသိုလ်(ရန်ကုန်)မှာစာသင်နေစဉ်ကဖြစ်ပါတယ်။ တစ်နေ့ စာရေးသူတို့နေတဲ့ မန္တလေးဆောင်က သူငယ်ချင်းတစ်ပါး အပြင်ကပြန်လာပြီး ကျန်တဲ့သူငယ်ချင်းတွေကို ကြွားနေပါတယ်။ သူစာအုပ်ဈေးပွဲတော်ကို ရောက်ခဲ့ကြောင်း အဲဒီဈေးပွဲတော်မှာ ၀န်ကြီးချုပ်ခင်ညွှန့်နဲ့ အတူတူ ဓါတ်ပုံရိုက်ခဲ့ရကြောင်း ကိုကြွားနေပါတယ်။ ကျန်နားထောင်နေတဲ့ သူတွေကို သူနဲ့ အတူတူမလိုက်ခဲ့လို့ ဒီလိုအခွင့်အရေးမျိုး မကြုံရသလို ပြောနေပါတယ်။ စာရေးသူက အဲဒီသူငယ်ချင်းကို ပြောလိုက်ပါတယ်။ ဟေ့သူငယ်ချင်း မင်းကကွာ တစ်ကမ္ဘာလုံးက သူခိုးဂျပိုးလို့ သတ်မှတ်ထားတယ်၊ ပြီးတော့ ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်ဖျက်ဆီးနေတဲ့ သူခိုးတွေနဲ့ ဓါတ်ပုံရိုက်ခဲ့ရတာကို ဂုဏ်ယူနေတော့ မင်းရင်ထဲမှာ ကိုယ်က သူခိုးစိတ် ရှိနေလို့ပေါ့ကွလို့ ပြောလိုက်ပါတယ်။ တို့ကတော့ အဲဒီလူမိုက် လူယုတ်မာတွေနဲ့ ဓါတ်ပုံရိုက်မဲ့အစား နွားကျောင်းသားနဲ့တွဲဓါတ်ပုံရိုက်ပြီး ဂုဏ်ယူမယ်ကွလို့ ပြောလိုက်ပါတယ်။ သူလဲဆက်မပြောရဲတော့ပဲ ပါးစပ်ပိတ်သွားပါတယ်။ စာရေးသူသာ ၀င်မပြောရင် ဆက်ပြီးကြွားနေအုံးမှာပါ။ ဒါဟာ သူတစ်ယောက်တည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ တော်တော်များများ ဒီအတိုင်းဖြစ်နေကြတာပါ။ ဟီရိဆိုတဲ့ အရှက်တရားမရှိကြ တော့ပါဘူး။ ရှက်ရမှန်း ကြောက်ရမှန်း မသိကြတော့ပါဘူး။

မဟနဆရာတော်ကြီးတွေ ကြည့်ပါလား ကိုယ့်တိုင်းပြည် ကိုယ့်သာသနာကို ဖျက်ဆီးနေတဲ့ လူယုတ်မာ ဗာလဗိုလ်ချုပ်ကြီးတွေကို ပေါင်းသင်းနေရတာကို ကျေနပ်နေကြပါတယ်။ မျက်နှာတွေမှာ ပြုံးပျော်နေ ကြပါတယ်။ ကိုယ်ကိုယ်တိုင် သာသနာ့ခေါင်းဆောင် လုပ်ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ တရားတော် တွေကိုမလိုက်နာပဲ လူမိုက်တွေ ခိုင်းတာမှန်သမျှ လုပ်နေတာဟာ မြတ်စွာဘုရားကို စော်ကားခြင်းပါပဲ။ ပြီးတော့ သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တွေဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတတို့ အဂ္ဂမဟာဂန္ဓ၀ါစကတို့ ဆို့တဲ့ဘွဲ့တံဆိပ်တွေကို ဒီဘာမှမတက်တဲ့သာသနာ ဖျက်တွေဆီမှာ ပိုက်ဆံသိန်းနဲ့ချီပေးပြီး သွားယူနေကြတာဟာ အလွန်ကို အရှက်မရှိရာ ကြပါတယ်။ မြတ်စွာဘုရားရှင်သာ သက်တော်ထင်ရှားရှိနေသေးရင် အဲဒီလိုအရှက်မရှိ ပုဂ္ဂိုလ်တွေကို ပေးနေကြ ဖြစ်တဲ့မောဃပုရိသ အချည်းနှီးသော ပုဂ္ဂိုလ်ဆိုတဲ့ဘွဲ့ကိုတော့ ရကြမှာသေချာပါတယ်။

မြန်မာနိုင်ငံကြီး ဘာလို့ ဒုက္ခတွေရောက်နေတာလဲဆိုရင် မြတ်စွာဘုရားရှင်ရဲ့ စကားတွေကို မလိုက်နာကြလို့ လက်တွေ့ မကျင့်သုံးကြလို့ ဖြစ်ပါတယ်။ အသေ၀နာစ ဗာလာနံဆိုတဲ့ မင်္ဂလာတရားတော်ကို ရွတ်ဆိုရုံပဲ ရွတ်ကြပြီးတော့ လက်တွေ့ မကျင့်သုံးကြပါဘူး။ ဆရာအောင်သင်းပြောသလို အရွတ်ကြီးပဲဆိုတော့ တစ်ဆယ်သား ငါးကျပ်ပဲရတာပေါ့။ တန်ဖိုးမထွက်ဘူးပေါ့။ မင်္ဂလာတရား၃၈ပါးထဲက အခုဆွေးနွေးပြနေတဲ့ အသေ၀နာစဗာလာနံ လူမိုက်ကိုမမှီဝဲမပေါင်းသင်းနဲ့ ဆိုတာကိုလိုက်နာကြည့်ပါ ဒီနေ့ တစ်နိုင်ငံလုံး လိုက်နာကြည့် ဒီနေ့ ဒီမိုကရေစီရပါမယ်။

အားလုံးသိကြတဲ့အတိုင်း ချက်သမ္မတနိုင်ငံဟာ လူမိုက်ကိုမပေါင်းသင်းနဲ့ (အသေ၀နာစဗာလာနံ) ကိုလက်တွေ့ လိုက်နာကြလို့ ဒီမိုကရေစီရသွား တာဖြစ်ပါတယ်။ သူတို့နိုင်ငံမှာစစ်တပ်က အာဏာသိမ်းထားတော့ ဒီလူမိုက်တွေ ခိုင်းတာတော့ ဒို့မလုပ်နိုင်ဘူးသူတို့နဲ့ မပေါင်းဘူးဆိုပြီး ၀န်ထမ်းတွေအကုန်လုံးနီးပါး နှုတ်ထွက်ကြပါတယ်။ အလုပ်တွေမဆင်းကြတော့ပါဘူး။ ရုံးတွေဖွင့်မည့်သူမရှိလို့ ပိတ်ထား လိုက်ရပါတယ်။ ဆရာဝန်တွေကလည်း သူတို့လက်အောက်တော့ မလုပ်ဘူး ....ရရာအလုပ် တံမြက်စည်း လှည်းတာကအစ လုပ်ကြပါတယ်။ ကျောင်းဆရာတွေကလည်း နှုတ်ထွက်ကြပါတယ်။ ပြည်သူတွေဝန်ထမ်းတွေ တက်ညီလက်ညီ ၀ိုင်းတော်လှန်လိုက်ကြလို့ ပြည်သူ့လက်ကို အာဏာပြန်လွဲအပ် ခဲ့ရပါတယ်။ ဒါဟာအသေ၀နာစ ဗာလာနံ လူမိုက်ကို မပေါင်းသင်းနဲ့ဆိုတာကို လက်တွေ့ကျင့်သုံးကြလို့ လက်တွေ့အကျိုးခံစားရခြင်း ဖြစ်ပါတယ်။

စာရေးသူတို့နိုင်ငံဟာ ဗုဒ္ဓဘုရားရှင်ကို ကိုးကွယ်တယ်တာပြောတာ ဒါပေမဲ့ဘုရားရဲ့စကား ကိုမလိုက်နာကြသူတွေ မကျင့်သုံးကြသူတွေများပါတယ်။ မဟနဆရာတော်တွေ ပါမောက္ခ တွေ ဒေါက်တာတွေ ကျောင်းဆရာ၊ဆရာမတွေ တော်တော်များများ အရှက်မရှိကြတော့ပါဘူး။ ဗိုလ်ချုပ် ကြီးတွေခိုင်းတာကို လုပ်ရတာကိုပဲ ဂုဏ်ယူနေကြပါသေးတယ်။ မှတ်မှတ်ရရ စာရေးသူသာသနာ့ တက္ကသိုလ် နေစဉ်ကဖြစ်ပါတယ်။ ဆရာကြီးကနေပြီးပြောပါတယ်။ အရှင်ဘုရားတို့ရဲ့ ခေါင်းဆောင် မဟန ဆရာတော်တွေမှာ အရှက်တရား မရှိကြတော့ဘူးတဲ့။ ဗိုလ်ချုပ်ကြီးတွေ ခိုင်းတာမှန်သမျှအကုန် လိုက်လုပ်ပေးနေကြတယ်။

တပည့်တော်တို့ ရန်ကုန်မန္တလေး တက္ကသိုလ်အစည်းအဝေးမှာ မဟန ဆရာတော်တွေထဲက တစ်ပါးဖြစ်တဲ့ မုံရွာ ဦးစန္ဒိမာကနေပြီး ထပြောတာက အရှင်ဘုရားတို့အခု မူလတန်း၊ ပထမငယ်တန်း၊ ပထမလက်တန်း၊ ပထမကြီးတန်းစာမေးပွဲတွေမှာ မြန်မာစာမသင်ရဆိုပြီး ပြဌာန်းပြီးပါပြီ။ တက္ကသိုလ်မှာလဲ မြန်မာစာမသင်ရ မြန်မာစာပယ်ပေးပါလို့ ထပြောပါတယ်။ တက္ကသိုလ် ပါမောက္ခဆရာတော်တွေ ကထိကတွေ မော်ကွန်းထိန်း တွေ တစ်ပါးမှ မပြောရဲပါဘူး ... ငြိမ်နေကြပါတယ်၊ ကံကောင်းတာက အဲဒီအချိန်မှာ ဆရာကြီးရှိနေလို့ပါ။ ဆရာကြီးကထပြီး အဲဒီကိုယ်တော်ကို မေးလိုက်ပါတယ်။ အရှင်ဘုရားက တက္ကသိုလ်မှာ မြန်မာစာပယ်ပေးပါ၊ မြန်မာစာမသင်ရလို့ ပြောရအောင် မြန်မာစာ ဘယ်လောက်တတ်ပါသလဲ၊ ဘယ်လောက် ကျွမ်းကျင်ပါသလဲလို့ ဆရာကြီးက မေးလိုက်ပါတယ်။ မတတ်ပါဘူး.... ဆရာကြီးလို့ပြောပြီး ပြန်ထိုင်သွားပါတယ်။

ဆရာကြီးကဆက်ပြောပါတယ်၊ တက္ကသိုလ်မှာ သံဃာတော်တွေ ဘီအေ၊အမ်အေဘွဲ့ ယူစာတမ်းတွေရေးနေကြတာ မြန်မာစာနဲ့ ရေးပြီးတင်နေတာ မြန်မာစာမသင်ပဲ ဘယ်လိုရေးကြမှာလဲလို့ ဆရာကြီးပြောတဲ့အခါ ဘာမှပြန်မပြောနိုင်ပါဘူး။ ပြီးတော့ ဆရာကြီးက ကိုယ်မကျွမ်းကျင်တဲ့ အရာကိုမပြောရဘူး၊ ကိုယ်ကိုယ်တိုင် ကျွမ်းကျင်မှဘာကြောင့် ပယ်သင့်တယ် ..ဘာကြောင့်မပယ်သင့်ဘူး ဆိုတာကိုပြောရတယ်... လို့ပြောလိုက်ပါတယ်။

မဟန ဆရာတော်တွေ နအဖ ဗိုလ်ချုပ်ကြီးတွေခိုင်းတာ မှန်သမျှ လုပ်သင့်မလုပ်သင့် ပြောသင့်မပြောသင့် မစဉ်းစားနိုင်ကြတော့ပါဘူး။ ခိုင်းတာမှန်သမျှ အကုန်လိုက် လုပ်နေရတယ်ဆိုတာ ဒါဟာသက်သေ သာသဓက တွေဖြစ်ပါတယ်။မဟန ဆရာတော်တွေဟာ နအဖဗိုလ်ချုပ်ကြီးတွေ ခိုင်းတာမှန်သမျှ လိုက်လုပ်နေရတာကို ရေးပြရင်ကုန်နိုင်ဘွယ် မရှိပါဘူး။ အများကြီးကျန်ပါသေးတယ်။ ဆရာကြီးက စာရေးသူတို့ကို စာချရင်းပြောပါတယ်၊ တပည့်တော်အဲဒီ မဟန ဆရာတော်ကိုမေးစဉ်က မြန်မာစာတတ်ပါတယ်... ပြောရင် မြန်မာစာမေးပြီး လူလယ်ကောင်မှာ အရှက်ခွဲမလို့တဲ့။ ကံကောင်းလို့ မတတ်ဘူးပြောပြီး ပြန်ထိုင်သွားလို့ပါ။ ဆရာကြီးကစာချရင်းဆက်ပြောပါတယ်။

တပည့်တော် စစ်တက္ကသိုလ်မှာ စာသင်ပြပေးဘူးတယ်တဲ့။ တပည့်တော် သင်ပြတဲ့အုပ်စုတွေက ဗိုလ်ချုပ်ထွန်းကြည်တို့ အုပ်စုတွေလို့ပြောပါတယ်။ သူတို့တိုင်းမှူးတွေ ၀န်းကြီးတွေ ဖြစ်နေကြတော့ ဆရာကြီးဆီလာကြတယ်၊... ဆရာကြီးဘာလိုလဲ လိုတာပြောပါ၊ ပြီးတော့ဆရာကြီးကို ဘွဲတံဆိပ်တွေလဲ ချီးမြှင့်ချင်လို့ပါလို့ ပြောတော....့ ဆရာကြီးက ဟာမလုပ်ကြပါနဲ့ ငါဒီအတိုင်းနေတာ ကောင်းပါတယ်။ မင်းတို့ပေးတဲ့ ဘွဲ့ယူလိုက်ရင် ငါ့မှာရှိတဲ့သိက္ခာ တွေကျကုန်ပါအုံးမယ်လို့ ပြောလိုက်ပါတယ်။

ဆရာကြီးက ဆက်ပြောပါတယ် တပည့်တော်က လူပုဂ္ဂိုလ်တဲ့ တပည့်တော်လို လူပုဂ္ဂိုလ်ကတောင် ငြင်းနိုင်သေးရင် အရှင်ဘုရားတို့ရဲ့ ဆရာတော်တွေက ပိုပြီးတော့ငြင်းနိုင်ရမှာပေါ့တဲ့။ အခုတော့အရှက်မရှိ နအဖ ဗိုလ်ချုပ်ကြီးတွေပေးတဲ့ အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ပိုက်ဆံပေးပြီးယူနေကြတာ အံ့သြလို့မဆုံးဘူးတဲ့။ တပည့်မကောင်းဆရာ့ ခေါင်းတာကြားဘူးတာ အခုတော့ ကိုယ့်ဆရာတော်တွေမကောင်းတော့ အရှင်ဘုရားတို့ ဆရာတော်တွေတဲ့ ဆရာမကောင်း တပည့်ခေါင်း လာရောက်နေပါပြီ။ ကိုယ့်ဆရာတော်တွေကလည်း ဆရာကြီးပြောတာကမှ နည်းနေသေးတာဆိုတော့ ဒီလောက်ပြောပြီး ရပ်သွားတာကိုပဲ ကျေးဇူးတင်ရအုံးမှာပါ။ ကိုယ့်ဆရာတော်တွေကြောင့် မျက်နှာငယ်နေရတဲ့ ဘ၀ကနေ ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ရပဲ သာသနာ့ဂုဏ်ရောင် ပြန်လည်ထွန်းတောက် လာစေတာကတော့ (၂၀၀၇)စက်တင်ဘာသံဃာ့ ရွှေဝါရောင်တော်လှန်ရေးပဲ ဖြစ်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးမှာ သာသနာ့ အာဇာနည် သံဃာတွေက ငါတို့တော့ ပြည်သူကိုနှိပ်စက် ပြည်သူဘဏ္ဍတွေ ခိုးစားရောင်းထုတ် သံဃာတော်တွေကို သတ်ဖြတ် သာသနာတော်ကို ဖျက်ဆီးနေတဲ့ လူယုတ်မာ ဗာလဗိုလ်ချုပ်ကြီးတွေနဲ့တော့ မပေါင်းဘူးဟေ့လို့ မြတ်စွာဘုရားရှင်ရဲ့ အသေ၀နာစဗာလာနံ လူမိုက်ကို မမှီဝဲမပေါင်းသင်းခြင်းသည် မင်္ဂလာမည်သည် ဆိုတာကို လက်တွေ့လိုက်နာ ကျင့်သုံးပြလိုက်ခြင်း ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းစောင်းမကျန် ရွှေဝါရောင်တော်လှန်ရေး သာသနာ့အာဇာနည်တွေလို အသေ၀နာစဗာလာနံဆိုတဲ့ မြတ်စွာဘုရားရှင်ရဲ့ စကားတော်ကို ပြည်သူပြည်သားတွေ အားလုံး လက်တွဲညီညီဖြင့် လက်တွေ့ကျင့်သုံး လိုက်နာကြမည်ဆိုလျှင် မြန်မာနိုင်ငံကြီးသည် လူယုတ်မာတွေ ကင်းစင်သော ဒီမိုကရေစီနိုင်ငံကြီး ဖြစ်နိုင်ကြောင်းကို ခံစားတင်ပြရင်း………………………………………………

အသေ၀နာ စ ဗာလာနံ…..လူမိုက်ကိုမမှီဝဲမပေါင်းသင်းခြင်းသည်မင်္ဂလာတစ်ပါးဖြစ်ပါသည်။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ပေးပို့ပေးသူ ဆရာတော်
မင်းသုည(ဗုဒ္ဓတက္ကသိုလ်) အားကျေးဇူးတင်ပါသည်။

တပ်မှုးတပ်သားပြောစကား အပိုင်း(၂) ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး... ..



VOA ကလွှင့်ထုတ်တဲ့ အသံဖိုင်ပါ......

မြန်မာပြည်ကလာတဲ့စာ.....


မြန်မာပြည်က ပြည်သူတစ်ယောက်က ပေးပို့လာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

အကိုရေ လက်ရှိ မြန်မာပြည်အခြေအနေ ကတော့ အဓမ္မဝါဒီတွေက လွှမ်းမိုးနေပါပြီ။ ရပ်ကွက်ထဲမှာက အစစအရာရာ ကြံ့ဖွတ်တွေက ထိန်းချုပ်နေပြီလေ .. အခွင့်အရေး နည်းနည်းပါးပါးပေးတာနဲ့ အလုပ်မရှိ အကိုင်မရှိ ယုံကြည်ချက် ခိုင်ခိုင်မာမာမရှိတဲ့ ၁၀၉/၁၁၀ တွေက ကြံ့ဖွတ်ထဲ ပြေးဝင်ကြတယ်လေ။ ၂၀၀၇ သံဃာ့အရေးအခင်းတုန်းကဆို သတင်းပေးတွေက အပြည့်ပေါ့ ... အဲ့တုန်းက ရပ်ကွက်ထဲက အသိတစ်ယောက်ဆို မကျေနပ်လို့ ထွက်ပြီးဆဲတာ ဆဲတဲ့သူကို စစ်တပ်က သိတောင်မသိပေမယ့်.. နာရီပိုင်းအတွင်းမှာ လာဖမ်းသွားတယ်လေ။ Informer တွေကအပြည့်လေ... အကိုတို့ ၈၈နောက်ပိုင်းနဲ့ တော်တော်လေးကွာသွားပြီ....။

သံဃာ့အရေးခင်းတုန်းက ရပ်ကွက်ထဲက ကြံ့ဖွတ်အတွင်းရေးမှုးတစ်ယောက် ကသံဃာ့တစ်ပါးကို ရိုက်လိုက်တယ်လေ.. အဲ့သံဃာ့ ပုံလျှက်သားလဲကျသွားပြီး ဒီကောင်တွေက ဖမ်းခေါ်သွားတယ်လေ..။ ညကျတော့ သံဃာအပါး(၆၀)လောက်နဲ့ ရပ်ကွက်ကလူတွေက ရိုက်မယ်၊ဘာညာဆိုပြီး အိမ်ကိုဝိုင်းမယ် လုပ်တော့ စစ်ကား(၂)စီးက ကြိုရောက်နေပြီး အကာအကွယ် ပေးထားတယ်လေ။ အဲ့ကြံ့ဖွတ်အတွင်းရေးမှုး သံဃာ့အရေးအခင်း ပြီးတော့ ရပ်ကွက်ထဲ ပြန်ရောက်လာပြီး Hand Phone တလုံးနဲ့ ထောင်ထောင်နဲ့ပေါ့ ... တခြားနေရာတော့ မသိ ကျတော်တို့ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမှာ ဆိုတော်တော်ဆိုးတယ်။ BBCတို့ VOA တို့ နည်းနည်းအသံကျယ်ကျယ် ဖွင့်ရင်တောင် ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ ကကွက်ကြည့်ကွက်ကြည့်နဲ့ ပေါ့ သတင်းပေးချင် ကြတယ်လေ။ ၂၀၀၈ ဖွဲ့စည်းပုံတုန်းက ပိုဆိုးတယ်။ ရပ်ကွက်ထဲမှာ အစမ်းမဲပေးမယ် ဆိုပြီး ရပ်ကွက်ကလူတွေခေါ်ပြီး မဲပေးခိုင်းတယ်လေ။ ရပ်ကွက်ရုံးမှာ ကြံ့ဖွတ်တို့၊ ရဲတို့ထောက်လှမ်းရေးတို့က ကြည့်နေကြတာ။ ဘယ်သူမှ ကန့်ကွက်မဲ မပေးရဲကြတော့ဘူး အဲ့ဒီအစမ်းမဲတွေကို သူတို့က အတည်ယူလိုက်တာလေ။ နောက်သူတို့ ကြံ့ဖွတ်တွေကို သတင်းလွှင့်ခိုင်းတယ်လေ။ ကန့်ကွက်မဲပေးရင် ဖမ်းမယ်တို့ဘာတို့ ညာတို့ပေါ့။ အခုလည်းရွေးကောက်ပွဲကို ဒီပုံစံပဲချိုးမှာပဲ.. ယုံပြီးဝင်တဲ့သူကတော့ အကွဲပဲ...။
အခုရပ်ကွက်ကရုံးတွေမှာ ရဲကင်းပါတွဲဖွင့်ထားတယ်လေ... ရပ်ကွက်ထဲမှာ ဘယ်သူဘာလုပ်တယ်ဆိုတာ အကုန်သိတယ်။ နိုင်ငံရေး မလုပ်ရင် ပြီးရော လောင်းကစား အကုန်ဖွင့်ပေးထားတယ်။ ရပ်ကွက်ထဲမှာ ၂လုံးထီနဲ့ ကင်းတဲ့လူမရှိဘူး လူတွေကို တမင်ဖျက်ဆီးထာတာ. ဘာမှမဟုတ်တဲ့ကောင်တွေ ကြီးဆိုးနေတာပေါ့..။ ကျွန်တော်တို့ မြန်မာပြည်မှာ အဓမ္မဝါဒီတွေ ကြီးစိုးကုန်ပြီ။ နိုင်ငံရေးမှုနဲ့ ဖမ်းခံရတဲ့သူတွေမှာ နိုင်ငံတကာသိတဲ့ သူတွေပဲ သူတို့လက်စမဖျောက်ရဲတာ နာမည်မရှိတဲ့သူတွေ တခြားသူတွေဆို အစပျောက်သွားတာပဲ...။ ကျွန်တော့သူငယ်ချင်းတစ်ယောက်ဆို အခုထိ စုံစမ်းလို့ကို မရတော့ဘူး ရွှေဝါရောင်တော်လှန်ရေး အပြီးမှာလာဖမ်းသွားတာ... သူ့အမေဆို တငိုငိုတရီရီပေါ့ ... ဘယ်မှာမှ စုံစမ်းလို့မရဘူး... ဗေဒင်မေး၊ ဘာမေးနဲ့ အင်းစိန်မှာလိုလို နယ်မှာလိုလိုနဲ့ အစပျောက်သွားတယ်။ ကျွန်တော့ အဖေဆုံးတော့ အိမ်က နာရေးကြော်ငြာသွားထည့်တာ အကိုနာမည်မှာ ခေတ္တဂျပန်ဆိုတော့ သတင်းစာတိုက် ကမေးပါတယ်။ ဂျပန်ဘာသွားလုပ်တာလဲ ဘာဗီဇာနဲ့နေတာလည်းတဲ့။ အလည်သွားတာဆိုတော့ ဗီဇာစာရွက် ကော်ပီတောင်းလို့ တစ်စောင်ပေးလိုက်ရတယ်။ နာရေးကြော်ငြာထည့်တာတောင် မလွယ်တော့ဘူး။ ဂျပန်က နိုင်ငံရေးအရမ်းတက်ကြွှတော့ ဒီကောင်တွေ အရမ်းစိတ်ဝင်စားတယ်လေ။

ကျွန်တော့ သူငယ်ချင်းတစ်ယောက်က ကျောင်းသားခေါင်းဆောင် ကိုကိုကြီး အိမ်နားမှာနေတာလေ။ ကိုကိုကြီး အဖမ်းမခံရခင်တုန်းက ထောက်လှမ်ရေးတွေက အိမ်နားမှာ အပြည့်ပဲ.. ကိုကိုကြီးဘယ်သွားသွား လိုက်တာ. နောက်ဆုံး အမှိုက်သွားပြစ်တာတောင်လိုက်တယ်။ ဒါတောင်ဒီကောင်တွေ ကိုဇာဂနာရုပ်ဖျက်ပြီး ကိုကိုကြီးကိုလာတွေ့တာ မသိလိုက်ဘူး.....။ ကိုကိုကြီးကိုဖမ်းတော့ ကိုကိုကြီးမွေးထားတဲ့ အင်းခွေးကြီးတောင် ဖမ်းသွားတာ။ ခွေးကခေါ်မရလို့ ဒီကောင်တွေတော်တော် ကြိုးစားလိုက်ရတယ်။ ဘေးအိမ်က လူတွေထွက်ကြည့်တော့ ဒီကောင်တွေ တံခါးတွေ ပိတ်ခိုင်းတယ်လေ။ မြန်မာပြည်မှာ ဘယ်သူမှ လွတ်လွတ်လပ်လပ် မနေရပါဘူး။ Informer တွေက အပြည့် အရိုးအရင်းလေးကိုက်ပြီး လူပါးဝနေကြတာ။ ပြည်သူတွေကလည်း မကြိုက်ပေမယ့် ငြိမ်ခံနေရတယ်။ ဒါတောင် ကျတော်တို့ နေတာရန်ကုန် တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနော်.. နယ်တွေမှာဆို စဉ်းစားသာကြည့်။

အခု၂၀၁၀ ရွေးကောက်ပွဲ ကတော့ ဒီကောင်တွေပဲ ရအောင်လုပ်သွားမှာပဲ... ၂၀၀၈လိုမျိုး... ဒီကောင်တွေ ၂၀၁၅ အထိ သန်းရွှေက စီမံကိန်းချထားပြီးသား...။ NLD ရွေးကောက်ပွဲ မဝင်တာကို တော်တော်များများ သဘောတူကြတယ်။ အားလုံးကစိတ်ဓာတ်ရှိတယ်... အကြောက်တရားက လွှမ်းမိုးနေလို့လေ... မကြောက်လို့လဲမရ စားဝတ်နေရေးလည်း ရှိသေးတာကိုး... ဒီတခါလူထုအုံကြွမှု ဖြစ်ရင်တော့ အနုနည်းနဲ့တော့ မရတော့ဘူးအကိုရေ.. အကြမ်းနည်း မပါရင်မရဘူး သူသေကိုယ်သေ ဆော်မှရမယ်။ မဟုတ်ရင် ထပ်အဖြိုခွဲခံရတာနဲ့ ပြီးသွားလိမ့်မယ်...။ ရပ်ကွက်တွေထဲမှာ Informer တွေ ကြံ့ဖွတ်တွေ စာရင်းကို ပြုစုထားမှရမယ်။ ဒီကောင်တွေ နောင်ကျဉ်အောင် အရင်လုပ်ထားမှ ရမှာ... ပွဲမပြတ်ရင်တော့ နောက်အနှစ် ၁၀၀ အထိခံရမယ် အကိုရေ.. အနုနည်းကော အကြမ်းနည်းကော သုံးမှရမယ်။ တကယ်လုပ်မယ့် သူတွေလည်းအသင့်ပဲ .စစ်အစိုးရကို မကြိုက်တာရော.. နောက် ကြံဖွတ်၊စွမ်းအားရှင်တွေကို ခေါင်းငုံခံနေရတာကို မကျေနပ်တဲ့ သူတွေရောပေါ့။ ပြည်ပကလည်း ဖြစ်မှလုပ်ပေးတာထက်စာရင် အခုတည်းကစုစည်းပြီး ချက်ချင်းSupport လုပ်ပေးနိုင်ဖို့ ပြင်ဆင်ပေးထားစေချင်တယ်။ နောက်တစ်ပတ်မှ ကျတော်ဆက်ပို့ပေးပါမယ်။ အဆင်ပြေရင်ဓာတ်ပုံတွေပါ ထည့်ပေးလိုက်မယ်။....
ဒါကတော့ ပြည်တွင်းက ပေးပို့လာတဲ့ စာပါ။

နောက်တခုကတော့ မြန်မာပြည်က ဂျပန်ကို ရောက်လာတာ မကြာသေးတဲ့ ကိုစံရွှေမြင့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဖွဲ့ချုပ်ဝင်တွေရဲ့ သတ္တိကိုပြည်သူတွေက လေးစားကြတဲ့ အကြောင်း ကိုမြန်မာပြည်မှာ သူမြင်တွေ့ကြားသိခဲ့ရတဲ့ အကြောင်းကို ပြောပြသွားပါတယ်။ ကျတော် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ကို ထောက်ခံအားပေးတဲ့ သူတယောက်ပါ။ အခုအဖွဲ့ချုပ် ဖွင့်ထားတဲ့ ရုံးခန်းဟာ ပထမကတော့ အိမ်ပိုင်ရှင် အဘိုးကြီးက ငှားထားတာပါ။ နောက်အဖိုးကြီးက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ အတွက် အဖွဲ့ချုပ်ရှိနေတရွေ့ အသုံးပြုနိုင်ဖို့ တခြမ်းကို အခကြေးငွေ မယူပဲ ပေးလိုက်တယ်လို့သိရပါတယ်။ စစ်အစိုးရက အိမ်ပိုင်ရှင် ကိုအမျိုးမျိုး ဖိအားတွေပေး နှင်ထုတ်ခိုင်းပေမယ့် အိမ်ပိုင်ရှင်က လက်မခံခဲ့ပါဘူး။ အိမ်ပိုင်ရှင် အဘိုးကြီးဆုံးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက်ခဲ့ပါတယ်။ စစ်အစိုးရက အိမ်ပိုင်ရှင် တွေကို အငြိုးအတေးကြီးစွာနဲ့ နိုင်ငံခြားသွားခွင့် ပိတ်ထားပါတယ်။ သူတို့က ဘိလပ်မြေရောင်းဝယ်ရေး လုပ်တယ်လေ။ ငွေကြေးအတန်အသင့်ရှိပေမယ့် အိမ်ပိုင်ရှင်ရဲ့ မိန်းမနဲ့ မြေးတွေကို အခုထိ နိုင်ငံခြားသွားခွင့် ပိတ်ထားပါတယ်။ အခုထိ ပတ်စ်ပို့မထုတ်ပေးဘူးလေ။

အဖွဲ့ချုပ်ရှေ့က လ္ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ကားလေထိုးကျွတ်ဖာဆိုင်တွေက ထောက်လှမ်းရေး တွေဖွင့်ထားတာ။ အဲ့ဒီကနေပြီး သူတို့က အဖွဲ့ချုပ်အခမ်းအနား နေ့တွေဆိုရင် ဗီဒီယိုရိုက်၊ ဓာတ်ပုံရိုက်တွေ လုပ်တာပေါ့။ အခမ်းအနားနေ့တွေ ဆိုရင် ကြံ့ဖွတ်စွမ်းအားရှင်တွေရဲ့ ဆိုင်ကယ်တွေ ဒိုင်နာကားတွေ အပြည့်ရှိတယ်။ စွမ်းအားရှင်တွေ ပါတဲ့ကားတွေက အဖွဲ့ချုပ် အခမ်းအနားရှိရင် အနည်းဆုံး မရှိဘူးဆိုရင် ၆စီးရှိတယ်။ ဒီကောင်တွေ အတွက ထမင်း၊ဒါန်ပေါက်၊ လ္ဘက်ရည်၊ အအေးအစုံလုပ်ပေးတယ်လေ။ ဒီကောင်တွေ အလုပ်က အားရင် ခြင်လုံးခတ်တယ်၊ ကားပေါ်မှာ ဖဲရိုက်တယ်၊ အံစာခေါက်တယ်၊ ဒိုးဇာတ်ကစားတယ်။ ဒီကောင်တွေကို ဘေးမဲ့ ပေးထားတာလေ။ အဖွဲ့ချုပ်က လူငယ်တွေ လ္ဘက်ရည်ဆိုင် ထိုင်တာတို့ ဈေးဝယ်တာတို့ ဆိုရင်ဒီကောင်တွေ အနည်းဆုံး လေး၊ငါးယောက် အမြဲနောက်ကလိုက်တယ်လေ။

ဒီလိုအနှောင့်အယှက်တွေ ရှိပေမယ့်.. အဖွဲ့ချုပ်ဝင်တွေ အဖွဲ့ချုပ်လူငယ်တွေရဲ့ မျက်နှာမှာတော့ စိတ်ပျက်တဲ့ပုံလုံးဝ မရှိဘူး။ ယုံကြည်ချက်အတွက် သတ္တိရှိရှိနဲ့ လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ယှဉ်ကြည့်လိုက်ရင် အကိုရာ မျက်နှာတွေ စိတ်ဓာတ်တွေက ဆန့်ကျင်ဘက်ပဲ ကျတော်က နေ့စဉ်မြင်တွေ့နေရတာလေ။ ဓမ္မနဲ့ အဓမ္မရိုးရိုးလေး အားပြိုင်နေတာလို့ ကျတော်ခံစားမိတယ်။ ပြည်သူတွေရဲ့ စိတ်ထမှာတော့ NLD ဟာသူတို့အတွက် ဒီနေ့အထိ အားကိုးအားထား နေတယ်ဆိုတာ ကျတော်မြန်မာပြည်က ရောက်တာ မကြာသေးတဲ့ သူတယောက်အနေနဲ့ ရဲရဲကြီး ပြောရဲပါတယ်ဟု အဖွဲ့ချုပ်ကို ထောက်ခံအားပေးတဲ့ ကိုစံရွှေမြင့်က သူသိသမျှပြောဆိုသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရဲဝင့်ပြတ်သားသည့် ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုကြောင်း အထူးထုတ်ပြန်ကြေငြာချက်

ABMRC

ကချင်ပြည်နယ်ဖားကန့် ဒေသမှာ ရွာတွေ၊လယ်မြေတွေ အသိမ်းခံရမှုအတွက် အဖွဲ့ချုပ်မှ ILO သို့ စုံစမ်းစစ်ဆေးပေးဖို့ တရားဝင်တောင်းဆို....

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ လွန်ခဲ့တဲ့ (၂)နှစ်ကစပြီး ပလောပီနံစိုက်ပျိုးဖို့ ဆိုပြီးယုဇန ကုမ္ပဏီနဲ့ ဒေသခံအာဏာပိုင်တွေ ပေါင်းပြီး အတင်းအကြပ် ရွာတွေကို ဖယ်ခိုင်းနေတာတွေ မြေတွေကို သိမ်းယူနေတာတွေကို အခုထိလုပ်ဆောင် နေပါတယ်။ ဒီမတရားမှုတွေကို ဖားကန့် ဒေသခံတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုလာရောက် တင်ပြလာတဲ့ အတွက် ကြာသာပတေးနေ့က အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌဦးတင်ဦး လက်မှတ်ဖြင့် ဂျနီဖာရှိ ILO သို့ စုံစမ်းစစ်ဆေးပါရန် တရားဝင် တင်ပြ အကြောင်းကြားလိုက်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" မနေ့က အန်ကယ်တို့ အဖွဲ့ချုပ်ကို ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရွာတွေကို အတင်းအကြပ် ဖယ်ခိုင်းတယ် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာတဲ့ ဘိုးဘွားပိုင်မြေတွေကို ယုဇနကုမ္ပဏီက အာဏာပိုင်တွေနဲ့ပေါင်းပြီး အတင်းအကြပ် သိမ်းယူနေတာတွေကို ကာယကံရှင်တွေ ကိုယ်တိုင်က အကြောင်းကြားလာပြီး အဖွဲ့ချုပ်ကို တင်ပြတောင်းဆိုလာတဲ့အတွက် မနေ့က အဖွဲ့ချုပ်Labor Section က ဒုဥက္ကဋ္ဌဦးတင်ဦးလက်မှတ်နဲ့ ဂျနီဖာမှာရှိတဲ့ ILO ဆီကို ဒါဟာ စုံစမ်းစစ်ဆေးပေးဖို့ လိုအပ်တယ်။ Humanity လူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တဲ့အတွက် စုံစမ်းစစ်ဆေးပေးပါလို့ တရားဝင် တင်ပြ အကြောင်းကြားလိုက်ပါတယ်။

ကာယကံရှင်တွေ ကိုယ်တိုင် အကြောင်းကြားလာတဲ့ စာထဲမှာတော့ တော်တော်စုံစုံပါပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်လောက်ထဲကစပြီး အခုအထိ ပီလောပီနံ စိုက်ဖို့ဆိုပြီး ယုဇနကုပ္မဏီ နဲ့အာဏာပိုင်တွေ ပေါင်းပြီးရွာတွေကို ဖယ်ခိုင်းတယ်၊ ဘာမှလည်း လျော်ကြေးလည်းမရ တောင်းဆိုလို့လည်းမရ ရက်သတ်မှတ်ပြီး ဖယ်ခိုင်းတယ် မဖယ်ရင်လည်း အိမ်တွေကို အတင်းဖျက်တယ်၊ ဒီပြင့်ခြိမ်းခြောက်တာတွေလည်း အများကြီးရှိတယ် ။ ဘိုးစဉ်ဘောင်ဆက် လယ်မြေစိုက်ပျိုးလာတဲ့ ဘိုးဘွားပိုင် လယ်မြေတွေလည်း သိမ်းယူတယ်။ ဧက(၈၀၀)ကျော်လောက်ရှိပြီလို့ ပါရှိပါတယ်။ သူတို့နေပြည်တော်ကို သွားရောက်တင်ပြသေးတယ်။ ဘာမှလုပ်ဆောင် ပေးခြင်းမရှိတဲ့ အတွက် အဖွဲ့ချုပ်ကို လာရောက်တင်ပြလာတာပါ။ ဒါကြောင့် အဖွဲ့ချုပ်က ILOကို တရားဝင်တင်ပြ တောင်းဆိုလိုက်တာပါဟု" အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါသွားပါတယ်။
ယုဇနဦးဋ္ဌေးမြင့်
စစ်အစိုးရနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက် နေတဲ့ ကုပ္မဏီတွေထဲမှာ ယုဇနကုပ္မဏီလည်း အပါအဝင်ဖြစ်ပြီး မြန်မာပြည်မှာ အိမ်ဆောက်လုပ်ငန်း၊ ဟိုတယ်၊ ရေလုပ်ငန်းနဲ့ အခြားလုပ်ငန်းမျိုးစုံကို လုပ်ကိုင် ဆောင်ရွက်နေပါတယ်။

ဂျပန်နိုင်ငံမှာ လာမယ့်မေလမှာ ရုံတင်ပြသမယ့် Burma VJ ကြော်ငြာ...


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဂျပန်လွှတ်တော်အတွင်း မြန်မာ့အရေး ဆွေးနွေးပွဲမှ တောင်းဆိုချက်များ.(မြန်မာ၊ဂျပန်)


ဗုဒ္ဓတရားတော်လာ နိုင်ငံရေး.....

"မင်းကောင်းအစိုးရကောင်းတို့မည်သည်
မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာသိရှိနားလည်မှုရှိရမည်။
ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့် ပြဌာန်းခြင်းမပြုအပ်။
တရားဥပဒေကို ပြဌာန်းရာ၌အကြောင်းယုတ္တိခိုင်လုံမှုရှိပြီး စိတ်နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည်..."

စက္က၀တ္တီသီဟနန္ဒသုတ်

"ယောက်ျားသည် အစွမ်းသတ္တိမရှိ၊ အမျိုးယုတ်၏၊ နည်းသော ပညာရှိ၏၊
ကြီးကျယ်စွာသောမင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသတ်ကို ဖျက်ဆီး၏၊
ထိုသို့ မထိုက်တန်သော မင်းဆိုးမင်းညစ်အား
ပြည်သူတို့က ညှဉ်းဆဲ နှိပ်စက်ရာသည်။ ပြည်သူတို့က အပြစ် ဒဏ်ခတ်ရသည်။
ပြည်သူပြည်သားတို့သည် ဥပဒေနှင့်အညီ မအုပ်ချုပ်သော အုပ်စိုးသူ မင်းတို့ကို အပြစ်ဒဏ် ပေးရမည်။
ထို့အပြင်
မင်းကဲ့သို့မကျင့်၊ ဓားပြကဲ့သို့ကျင့်သော မင်းဆိုးမင်းယုတ်အားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ”

မိလိန္ဒပဥှာ


"အပြစ်မရှိတဲ့ တိုင်းသူပြည်သားတွေကိုသာ အပြစ်ဒဏ်ပေးပြီး တကယ့်လက်သည် တရားခံ ကို တော့ အပြစ်မပေးဘဲ ထားတဲ့မင်းဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မသင့်တဲ့မင်းဖြစ်တယ်..."

မဇ္ဈနိမနိကာယ်

"အင်အားပါဝါကိုအသုံးပြုပြီးလုပ်တဲ့ပြုပြင်ပြောင်းလဲရေးဟာ ခဏပဲခံတယ်။
ဘာကြောင့်လဲဆိုတော့ အဲ့ဒီပြုပြင် ပြောင်းလဲရေးမှာ စွဲစရာအဖြစ်မပါဘူး။
တကယ်တမ်းပြုပြင်ပြောင်းလဲရေြး
ဖစ်ဖို့ကတော့ ပြုပြင်ပြောင်းလဲ လို တဲ့ စိတ်ဓာတ်အမှန် အဆင်သင့်ဖြစ်နေမှသာ ဖြစ်နိုင်မယ်။"

“အောင်နိုင်ခြင်းသည် အမုန်းတရားကိုသာ ပွားစေရာ၏၊
ရှုံးနိမ့်သူကား ဆင်းရဲစွာ နေကြရသည်၊
အနိုင်အရှုံးကို ပယ်သောသူသာလျှင် ပျော်ရွှင်ခြင်းသုခနှင့်ငြိမ်းချမ်းခြင်းကို ရနိုင်သည်”

ဓမ္မပဒ

၁။ အုပ်စိုးသူ အစိုးရကောင်း၊ မင်းကောင်းတို့မည်သည် ဘက်လိုက်ခြင်း၊ အဂတိလိုက်စားခြင်း၊
တိုင်းသူပြည်သား၊ လူအများတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်းသည် တရပ်၊
၂။ အုပ်စိုးသူ မင်းကောင်း အစိုးရကောင်းတို့မည်သည် တိုင်းသူပြည်သားတို့အပေါ်
အမုန်းစိတ်ထား၍ ဆက်ဆံခြင်းမပြုခြင်းသည် တရပ်၊
၃။ အုပ်စိုးသူ မင်းကောင်းအစိုးရကောင်းတို့မည်သည် တရားမျှတမှုရှိသော တရားဥပဒေ
ကို ပြဌာန်းရာ၍ ကြောက်ရွံ့ထိတ်လန့်မှု မရှိခြင်းလည်း တရပ်၊
၎။ မင်းကောင်း၊ အစိုးရကောင်းတို့မည်သည် မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာ
သိနားလည်မှုရှိရမည်။ ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့်
ပြဌာန်းခြင်းမပြုအပ်၊ တရားဥပဒေကို ပြဌာန်းရာ၌ အကြောင်း ယုတ္တိ ခိုင်လုံမှုရှိပြီး စိတ်
နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည်။"

စက္က၀တ္ထီသီဟနန္ဒသုတ်


"ရဟန်းတို့ အကြင်မျှလောက် ကာလပတ်လုံး
အသင်တို့သည်
အစဉ်မပြတ်စည်းရုံးညီညွတ်စွာသံဃာ ကိစ္စကို ပြုလုပ်၍ နေ၏။
အကြင်မျှလောက် ကာလပတ်လုံး
အသင်တို့သည် သံဃာတာဝန် ဟူသမျှကို ဆောင်ရွက်နေ၏။
အကြင်မျှလောက် ကာလပတ်လုံး
သံဃာ၏ စည်းကမ်းဥပဒေ တခုခုကို မကျူးလွန်၊ မဖောက်ဖျက်၊
အကြင်မျှလောက် ကာလပတ်လုံး
အသင်တို့သည် မိမိတို့၏ သီတင်းသုံးဖော်အားလုံး၏ ချမ်းသာရေးကို ကြောင့်ကြ၍နေကြ၏။
ထိုမျှလောက်ကာလပတ်လုံး
အသင်တို့သည် ဆထက်ထမ်းပိုး တိုးတက်မှု ရှိသွားပေလိမ့်မည်။
ဆုတ်ယုတ်မှုရှိတော့မည် မဟုတ်ပေ"

မဟာပရိနိဗ္ဗာနသုတ်


"သင်တို့သည်
မိမိကြိုက်ကိုသာလျှင် မိမိ၏မှီခိုအားထားရာ ပြုပြင်လုပ်ကြလော့။
ဤ သံသရာပင်လယ်၌ မိမိကိုယ်ကိုသာလျှင် ကျွန်းပြုလုပ်ကြလော့။
ဓမ္မကို မိမိ၏ကျွန်းပြုလုပ်ကြလော့။ ဓမ္မကို ကိုးစားကြလော့"

(ဗုဒ္ဓ)

"ငါပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်ွးားပြီးနောက် ငါညွှန်ပြထားခဲ့သည့်
တရားဓမ္မနှင့် ၀ိနည်းအဆုံးအမများသည်
သင်တို့၏ ဆရာပင်ဖြစ်ပေလိမ့်မည် ဟုလည်း တရားဓမ္မနှင့် ၀ိနည်းကို စောင့်ထိန်းအားကိုးကြ"

(ဗုဒ္ဓ)

"၀ဇ္ဇီမင်းတို့သည်
မကြာခဏ အညီအညွတ်စည်းဝေး၍
တိုင်းရေးပြည်မှုကိစ္စများကို ဆောက်ရွက်ကြသည့် နည်းတူ
ရဟန်းတို့သည်
မကြာခဏစည်းဝေး၍ သံဃာကိစ္စများကို
အညီအညွတ်ဆောင်ရွက်နေကြသမျှကာ
လပတ်လုံး
ကြီးပွားတိုးတက်ရန်ရှိ
သည်"

မဟာပရိနိဗ္ဗာနသုတ်

"ပုဏ္ဍားကြီး ငါဘုရားကွယ်လွန်သောအခါ ဤရဟန်း သည် သင်တို့၏ ကိုးကွယ်စရာ ဖြစ်လတ္တံဟု
ဘုရားရှင် ထားအပ်သော တပါးသော ရဟန်းမျှသည် မရှိ "


အရှင်အာနန္ဒာ
"ပုဏ္ဏား… အမျက်ဒေါသထွက်သူ၊ ရန်ငြိုးဖွဲ့သောသူ၊ ဂုဏ်အရည်အချင်းနှင့် ပြည့်စုံသူများကိုအပြစ်ဖို့သူ၊ မှောက်မှားသော အယူကို ယူသောသူ၊ ကလိန်ကျသောသူ သာလျှင်
ဝသလ ( သို့ ) သူယုတ်မာ ဟူ၍ သိအပ်၏။


"တစ်ကြိမ်သာ ဖွားရသောသတ္တ၀ါကိုလည်းကောင်း၊ နှစ်ကြိမ်သာ ဖွားရသောသတ္တ၀ါကိုလည်းကောင်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်တတ်၏။
အကြင်သတ္တ၀ါတို့၌ သနားခြင်းမရှိ၊ ထိုသူကိုသူယုတ် ( သို့ ) လူယုတ်မာ ဟူ၍ သိအပ်၏

"လူမိုက်ဖြစ်ပါလျက် မိမိလူမိုက်ဖြစ်ကြောင်းကိုသိ၏။
ထိုသို့ သိခြင်းကြောင့်ပင် ထိုသူကို ပညာရှိဟုဆိုရ၏။
လူမိုက်ဖြစ်ပါလျက် မိမိကိုယ်ကို ပညာရှိဟုထင်၏။
ထိုသူသည်ဟာ တကယ့် လူမိုက်စစ်စစ်ဖြစ်၏"

ဓမ္မပဒ၊ စာလတ်၊ ဂါထာ ၆၃


အရူးနဲ့တူတဲ့လူ သုံးဦး
- မိမိကိုယ်ကို၊ အလိုရှိရာ၊ ငါပြုနိုင်စွ၊ အစိုးဟု မှတ်ကြသူဝယ် သေမင်းရယ်၏။ - အကယ်မာန်ကိုး၊ မြေနှင့်မိုးလို၊ အုပ်စိုးရသူ၊ ငါလျှင်ဟူ၍၊ မှတ်ယူမင်းဝယ်၊ မြေကြီးရယ်၏။ - သက်လှယ်နုထွား၊ ငါ့မယားက ဖွားသည့်သည်းချာ၊ ငါ့သားသာဟု မှတ်ရှာသူဝယ်၊ မယားရယ်၏။ - ရယ်ဖွယ်အထူး၊ လူသုံးဦးကို၊ အရူးတမျှ၊ နိမိတ်ပြရှင့်။
မယဒေ၀လင်္ကာသစ်၊ ပုတ္တောဝါဒီခန်း



"ကောင်းမြတ်သော သုစရိုက်တရားသော ခေါင်းဆောင်များဦးဆောင်ပါကမြန်မာနိုင်ငံကြီးသည် ဓမ္မပါဒပါဌိတော်၊ အရဟန္တ၀ဂ် ဂါထာ ၉၈ လာအတိုင်း ယနေ့ကမ္ဘာ့နိုင်ငံကြီးများနှင့်ာလျှင်
- ရွာအဆင့်မျှ ဖြစ်ချင်ဖြစ်မည်၊ တောအဆင့်မျှ ဖြစ်ချင်ဖြစ်မည်၊ - ချိုင့်ဝှမ်းအဆင့်မျှ ဖြစ်ချင်ဖြစ်မည်၊ ကြည်ကုန်းအဆင့်မျှ ဖြစ်ချင်ဖြစ်မည်။ သို့ရာတွင် ဒုစရိုက်များ ( သူယုတ်များ ) မှ ကင်းဝေသူတို့နေထိုင်ရာဖြစ်၏။ ထို့ကြောင့် ဤမြေပြင်တွင်မွေ့လျော်ဖွယ် အကောင်းဆုံး ဒေသဖြစ်ပါ၏။


"တရားသောတိုက်ပွဲဆင်နွှဲသူဟာ အမှန်တရားကိုအလွဲသုံးစားမလုပ်ဘူး။"

အလင်းဆက်
၁.ဧပြီလ,၂၀၁၀

Buddha and Politic

ဗိုလ်ချုပ်အောင်ဆန်း၏ အဖိုးထိုက်တန်သော စကားတခု...

Bogyoke Aung San

ကဗျာဆရာကိုစောဝေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် မှကိုမြင့်စိုးတို့ ကြာသာပတေးနေ့ နေ့လည်က ပြန်လည်လွတ်မြောက်လာ..

ဘယ်ဘက်ကမျက်မှန်နဲ့ ကဗျာဆရာ ကိုစောဝေပါ။

၂ဝဝ၈ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က “အာဏာရူးကြီး မှူးကြီး သန်းရွှေ” ကဗျာရေးသားမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံရတဲ့ ကဗျာဆရာကိုစောဝေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့မှ ကိုမြင့်စိုးတို့ ကြာသာပတေးနေ့ နေ့လည်ကပြန်လည်လွတ်မြောက် လာကြောင်းသိရှိရပါတယ်။

ကဗျာဆရာကိုစောဝေဟာ ၂၀၀၈ခုနှစ် က ဇန်နဝါရီလက အချစ်ဂျာနယ်မှာ ချစ်သူများနေ့အထိမ်းအမှတ် ဖေဖော်ဝါရီ ၁၄ကဗျာဖြင့် " အာဏာရှုးကြီးမှုးကြီးသန်းရွှေ "စာသားကို ရေးသားမှုဖြင့် ထောင်ဒဏ်(၂)နှစ် ချမှတ်ခြင်းခံခဲ့ရပြီး ဧပြီလ၁ရက်နေ့က ပြန်လည် လွတ်မြောက်လာပါတယ်။ ကဗျာဆရာကိုစောဝေရဲ့ ကဗျာကို ထည့်သွင်းခွင့်ပြုတဲ့ အချစ်ဂျာနယ်အယ်ဒီတာချုပ် စစ်အစိုးရ အလိုတော်ရိ မီဒီယာကို မီဒီယာဖြင့်တိုက်မယ်ဆိုတဲ့ ဗိုလ်ကျော်ဆန်းရဲ့တပည့် မြတ်ခိုင်ဖြစ်ပြီး၊ ထုတ်ဝေသူကတော့ ဂျပန်ပြန် သာကူး မောင်ပန်းမွှေးဖြစ်ပါတယ်။ ထိုစဉ်ကကိုစောဝေရဲ့ ကဗျာကို မြတ်ခိုင်မှ တာဝန်ယူသည်ဆိုပြီး အချစ်ဂျာနယ်တွင် ထည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ တာဝန်ခံမြတ်ခိုင်နှင့် မောင်ပန်းမွှေးတို့မှာမူ အရေးယူခံရခြင်းမရှိခဲ့ပါဘူး။

Feb14
ကဗျာဆရာကိုစောဝေရဲ့ ဖေဖော်ဝါရီလ ၁၄ကဗျာ

မနေ့က ပြန်လည်လွတ်မြောက်တဲ့ သူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့မှ ကိုမြင့်စိုးလည်း ပါဝင်ကြောင်းသိရှိရပြီး (၂)ဦးလုံး လွတ်ရက်စေ့ပြီးမှ လွတ်မြောက်လာသူတွေ ဖြစ်ကြောင်းသိရှိရပါတယ်။

သတင်း... ဒီမိုဝေယံ