ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

Voice Of Burma စာစောင်...

VOB759KK

ယနေ့ထုတ် ကြေးမုံသတင်းစာမှ ထူးခြားဓာတ်ပုံများ...

kyaymon

ဒီနေ့ထုတ်ဝေတဲ့ ကြေးမုံ(ခ) ကြေးမှုန်သတင်းစာ မှာမြင်ရတဲ့ အတိုင်း ပုံတွေ တစောင်းတွေနဲ့ ထပ်ပါလာပြန်ပါတယ်။ (နောက်တစ်ခုကတော့ ဝိုင်းဝန်းဖယ်ရှား နားမယောင်လေနဲ့ သတိထားတဲ့) ပုံကူးယူရင်းနဲ့ အပေါ်က စာပါလာတာလေ.... စာနဲ့ပုံနဲ့က ကွက်တိပဲ (Size ကိုပြောတာပါး) ) အတည့်ပြောတာမယုံနဲ့ ပြောင်းပြန်ပြောတာကို ယုံတဲ့.... (စာမျက်နှာ ၈နဲ့၉ ပုံတွေက စောင်းနေတာ ပြောတာပါ) အခါကြီးရက်ကြီးဆိုတော့ မပြောရဲပါဘူးခင်ဗျာ.. ဟုတ်မဟုတ် မှန်မမှန် ကြေးမုံသတင်းစာ ယနေ့ထုတ်ကို သွားကြည့်နိုင်ပါတယ်။ သွားကြည့်ချင်ရင်တော့... ကြေးမှုန်နှိပ်ပါ..Click.

Mirror

ဒေါ်အောင်ဆန်းစုကြည်က ထိုင်းကို မဝေဖန်ဟုဆို...


ဧရာဝတီ Monday, April 26, 2010

ဒေါ်အောင်ဆန်းစုကြည် စနေနေ့က ပြောကြားသည့် ထိုင်း နိုင်ငံရေး ဆိုင်ရာ သုံးသပ်ချက်များနှင့် ပတ်သက်ပြီး ဝေဖန် ပြောဆိုနေကြခြင်းမှာ နားလည်မှုလွဲခြင်းသာ ဖြစ်သည်ဟု သူ၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က ထိုင်းအစိုးရကိုလည်း မဝေဖန်ဘူး၊ ဒီမိုကရေစီကိုလည်း မဝေဖန်ဘူး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တပ်မတော်က ရေးရင် တည်ငြိမ်တဲ့ အစိုးရတွေ ဖြစ်ဖို့ ခဲယဉ်းတယ်၊ ဒါပဲပြောတာ” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ယနေ့ ညနေပိုင်းတွင် ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် AFP သတင်းတွင် ရေးထားသကဲ့သို့ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ဟု ဆိုသည်။

AFP သတင်းတွင် “သက်ဆင်က ရွေးကောက်ခံထားရတဲ့သူဖြစ်တယ်၊ ရွေးကောက်ခံထားရသူဆီက အာဏာကို စစ်တပ်က သိမ်းတယ်။ အခြေခံဥပဒေကို စစ်တပ်က ဆွဲထားတယ်” ဟု မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ရေးသားထားသည်။
ထိန်းသိမ်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ထံ တခါတရံ သွားရောက် တွေ့ဆုံခွင့်ရသူ ရှေ့နေ ဦးဉာဏ်ဝင်းကို ကိုးကားပြီး AFP သတင်းက ထိုသို့ ရေးသားထားခြင်း ဖြစ်သည်။

AFP သတင်းတွင် ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံရေး ဆိုင်ရာ သုံးသပ်ချက်ကြောင့် နိုင်ငံ တကာအမြင်တွင် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ထိုင်းအထက် လွှတ်တော်အမတ် Prasong Nu luckက ဝေဖန်လိုက်ကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည့် မတ်တိချွန်း(Matichon) အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

ဘလော့ဂ် နှင့် လူမှုကွန်ရက် အင်တာနက်စာမျက်နှာ တချို့တွင်လည်း ထိုသတင်း၌ ပါရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ချက်ကို မေးခွန်း ထုတ်နေကြသည်။

ထိုင်းနိုင်ငံသည် ဤနှစ်ပိုင်းအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်။ ဤအတောအတွင်း ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ကို ထောက်ခံသူများက ဘန်ကောက်မြို့တွင် လနှင့်ချီ ဆန္ဒပြလျက်ရှိသည်။ လွှတ်တော် ဖျက်သိမ်းပေးရန် ၎င်းတို့၏ တောင်းဆိုချက်ကိုလည်း ထိုင်းအစိုးရက ပယ်ချထားသည်။

ရင်းမြစ်...http://www.irrawaddy.org/bur/index.php/news/1-news/3050-2010-04-26-13-36-30

နွားဝါဒ....


နွားဝါဒီများအား သတိထားကြလော့ …..

အိုးဝေမဂ္ဂဇင်းဟူသော အမည်ကို မြန်မာ့နိုင်ငံရေး နှင့် သမိုင်းကို လေ့လာသူတိုင်း သိကြသည်။ မူလ ရန်ကုန် တ က္ကသိုလ်သမဂ္ဂ မှ အမည်ပြောင်းခဲ့သော အိုးဝေမဂ္ဂဇင်းသည် ဒုတိယတက္ကသိုလ်သပိတ်ကို ဖြစ်ပေါ်စေခဲ့ဖူးသည်။ ငရဲခွေးကြီးလွတ်နေပြီ ( Hell Hound at Large ) ဟူသော ဆောင်းပါး အိုးဝေမဂ္ဂဇင်း၌ ပါလာသောအခါ တက္က သိုလ်အာဏာပိုင်များ ဆတ်ဆတ်ခါသွားပြီး အယ်ဒီတာ ကိုအောင်ဆန်း ( ဗိုလ်ချုပ်အောင်ဆန်း ) စတင် အရေး ယူရာမှ ဒုတိယကျောင်းသားသပိတ်ကြီး ဖြစ်ပေါ်လာခဲ့သည်။

ထို ငရဲခွေးကြီးလွတ်နေပြီ ဆောင်းပါးရှင်မှာ ညိုမြ ဖြစ်သည် ဟု နောင်အခါ သိကြရသည်။ ညိုမြ၏ ကလောင် စွမ်းသည် လောင်မြိုက်သောမီး၏ အစဖြစ်သော မီးပွား နှင့် တူလှသည်။ ပြောင်မြောက်ထိမိသော ညိုမြ၏ ဆောင်းပါးများတွင် နွားနှင့် သပိတ် ဟူသော ဆောင်းပါးလည်း အပါအ၀င်ဖြစ်သည်။ ၁၉၇၁ တွင် ထုတ်ဝေသော အိုးဝေ ရွှေရတုသဘင်လက်ရွေးစဉ်ဆောင်းပါးများစာအုပ်၌ ရေးသူမောင်ညိုမြအမည်ဖြင့် နွားနှင့်သပိတ် ဆောင်း ပါးကို ပြန်လည် ဖော်ပြထားသည်။

အာဏာပိုင်များကို ဆတ်ဆတ်ခါစေသော ဆောင်းပါးများသာမက သူနှင့်ခေတ်ပြိုင်လူအများကို ဆတ်ဆတ်ခါ စေသော ဆောင်းပါးအဖြစ် နွားနှင့်သပိတ် ကို ညွှန်းကြရသည်။ ထိုခေတ်က မြန်မာနိုင်ငံသားအများ မျိုးချစ်စိတ် ရှိကြပုံမှာ ပါးစပ်ဖျားတွင်သာ ဖြစ်ပြီး တကယ်တမ်း လူမြင်ကောင်းရုံ မျိုးချစ်စိတ်သာဖြစ်ကြောင်းကို အောက်ပါ အတိုင်း နွားနှင့်သပိတ် ၌ ဖော်ပြထားသည်။

လူတို့သည် တိုင်းရေးပြည်ရေးအကြောင်းကို ပြောဆိုကြ၏။ နစ်နာချက်များကို ကြွေးကြော်ကြ၏။ မျိုးချစ်စိတ်ရှိ အပ်ကြောင်း ဟစ်ကြ၏။ ညီညာမှ ပြည်သာမည်ဟု အော်ကြ၏။ ထိုသို့ပြောဆို ကြွေးကြော် အော်ဟစ်ကြသူတို့ အား တကယ်မြင့်မြတ်သည့် မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေဟု ထင်စရာအကြောင်းရှိသော်လည်း အများအားဖြင့် စဖြီး များသာ ဖြစ်ကုန်သည်။ သူတို့သည် လူစည်စည်ရှိသောအရပ်များတွင် စင်မြင့်သို့တက်၍ စွာလောင်စွာလောင် လုပ်ကြ၏။ ဟုမ္မရူး၊ ဒိုင်အာကီ၊ နောင်လာမည့် အုပ်ချုပ်ရေးစဖြင့် လျှာအရိုးမရှိသည့် ဖိုးပြောချင်၊ ဖိုးအော်ချင်ကြီး များပင်။ သို့သော် မိမိအပေါင်းအဖော်များနှင့် ရိုးရိုးနေသောအခါများတွင်ကား တိုင်းပြည်ကို အလျင်းသတိမရကြ ကုန်။ ကိုယ့်နှမ လင်နေကြောင်းနှင့် သူ့နှမသားမွေးကြောင်း ဖရုဿဝါစာ အတင်းအဖျင်းတို့ကိုသာ ပွားများကြ လေသည်။ မျိုးချစ်စိတ်အမှန် ထက်သန်၍ ဤဖြစ်ကတတ်ဆန်း တပါးကျွန်ဘ၀ကို တကယ်နာကြည်းသူဖြစ်က ထိုသို့ မနေနိုင်ရာ မျိုးချစ်စိတ်အမှန်မှာ စားလျှင်လည်း အမိမြန်မာပြည်၊ အိပ်လျှင်လည်း မြန်မာပြည်အမိ၊ လမ်းလျှောက်လျှင်လည်း မြန်မာအမိပြည်၊ စာရေးလျှင်လည်း အမိမြန်မာပြည် ဟူ၍ သို့သာလျှင် ဖြစ်စေရမည်။ အနှီသို့သော ပုဂ္ဂိုလ်ကိုသာ မျိုးချစ်ဟု သမုတ်ကာ ရွှေပန်းကုံး၊ ငွေပန်းကုံးများ စွပ်သင့်ကြပေသည် ဟု မီးမောင်းထိုးပြခဲ့သည်။

တက္ကသိုလ်ကျောင်းသားသပိတ် ( ဒုတိယကျောင်းသားသပိတ် ) ကို အစိုးရကျွန်များ မှတပါး ချီးကျူးထောက်ပံ့ ကြသူချည်းဖြစ်ကြောင်း၊ သောတာပန်ရွာတွင်လည်း လွန်လေပြီးသောအခါက ရွှေတောင်ကြားပါတီဝင် မင်းတိုင် ပင်တစ်ဦး ဖြစ်လာသူ တီ ပီ အက်စ် ဖေဖေမှတပါး သပိတ်ကို အားရကြသူချည်းဟု ဆိုသည်။ အစိုးရကျွန် နှင့် အစိုးရကျွန်ဟောင်းများသည် သပိတ်ကို လန့်ကြသည်ချည်းဖြစ်သည်။ အတိတ်၌သာမဟုတ်သေး၊ ယခုလက်ရှိ အခြေအနေတွင်လည်း အစိုးရကျွန်သစ်၊ ကျွန်ဟောင်းများက ဆရာညိုမြခေတ်မှာလိုပင် အရေးတော်ပုံကိုလန့် ကြ၊ ကပျက်ကယက်လုပ်ကြကြောင်း တွေ့မြင်နိုင်ပါသည်။

အညာတခွင် သပိတ်စည်းရုံးရေးဆင်းရင်း နွားကျားကြီးအား ဆရာညိုမြက ဤသို့ပြောဆိုလိုက်သည်။ အခု ကျ နော်တို့ ရွှေတိဂုံပေါ်မှာ သပိတ်မှောက်နေကြတယ် သိလား။ ကျောင်းသားတွေကို အလကားနေရင်း ကျောင်း ထုတ်ခံရလွန်းလို့ …

နွားကြီးကား မြက်ကို စားမြဲစားနေ၏။ ကိုစိုးမြင့်ကို ဆာ မထူးလို့ ကျောင်းထုတ်သတဲ့။ ထုတ်ပစ်ပုံကလည်း ရှင်း ရှင်းလင်းလင်းမဟုတ်ဘူး။ ပြန်သွင်းမလိုလို ဘာလိုလိုနဲ့ လေးငါးလလောက် ကျောင်းတက်ခွင့်မပေးဘဲ ငြင်းထား တယ်။ ကုန်ကုန်ပြောကြစို့ အခု ကိုစိုးမြင့် တံတားကလေးကို ရောက်နေပြီလေ။ ကျနော်တို့ အရိုအသေပေးပြီး တင်မြှောက်ထားတဲ့ သမဂ္ဂဥက္ကဌ ကိုနု ကို ကျောင်းထုတ်တာကတော့ ဘာဖြစ်လို့ ထုတ်ထုတ် ကျနော်တို့ကိုပါ စော်ကားတာနဲ့အတူတူပေါ့ ဟုတ်ကဲ့ မှုတ်လား နွားကြီးသည် ရှေ့သို့ ခြေတစ်လှမ်းတိုး၍ မြက်များကို ဆက် လက်စားနေ၏။

ဆရာညိုမြ၏ အရေးအသားမှာ ပညာသားပါလှသည်။ နိုင်ငံရေးဒီရေ တိုးတက်နေချိန်တွင် ဘာကိုမှ စိတ်မ၀င် စားဘဲ မြက်ကိုသာ တွင်တွင်စားနေသော နွားအကြောင်းမှာ ယနေ့ခေတ်အထိ ကွင်းကွင်းကွက်ကွက် မြင်နိုင် သော ပြောင်မြောက်သည့် ဥပမာတင်စားချက်ဖြစ်သည်။ ကိုအောင်ဆန်း မတရားသဖြင့် ကျောင်းထုတ်ခံရပုံ၊ ထို သို့ ကျောင်းထုတ်ရန် သတင်းစာက လှုံဆော်ပုံ၊ မတရားသဖြင့် ကျောင်းထုတ်ခြင်းဖြစ်၍ မိန်းကလေးများပင် မ ကျေနပ်ကြပုံ၊ တက္ကသိုလ်မှ အင်္ဂလိပ်လူမျိုးဆရာများက ကျောင်းထုတ်ခြင်းကို ထောက်ခံကြပုံတို့ကို နွားကြီးအား ပြောပြမိသည်။ နွားကြီးကား နားရွက်တခတ်ခတ်နှင့် တဖြုတ်ဖြုတ်စားလျက် မြိန်လျက်ပင်။

ရုတ်တရက် နွားကြီးသည် နောက်ချေးများ ယိုချလိုက်သဖြင့် ဆရာက နှစ်မိနစ်ခန့် စကားကို ရပ်တန့်ထားရ သည်။ ထို့နောက်မှ အိုင်ယာလန်တို့၏ နိုင်ငံရေးလှုပ်ရှားမှုကို အင်္ဂလိပ်လူမျိုး ဆစ်တနီစမစ် ရေးသားထားသော စာကို ကိုးကား၍ ရွတ်ဆိုပြသည်။

အိုင်ယာလန်သည် အဘယ့်ကြောင့် ဤမျှဆူပူနေသနည်း။ အကြောင်းရင်း ဇစ်မြစ်ကိုကား တိမ်မြှုပ်၍ သင်တို့ သည် ချော်တောငေါ့ကာ ထင်ရာပြောဖို့သာ တတ်ကြ၏။ သင်တို့ ဖိစီးနှိပ်ကွပ်သည်ကို မခံနိုင်ခြင်းကြောင့်သာ မဟုတ်ပါလော။ သင်သည် မြင်းတစ်ကောင်ကို တံခါးဝတွင် ကြိုးနှင့်တုတ်၍ ရက်ရက်စက်စက် ရိုက်နှက်လျှင် ထို မြင်း သင့်ကို ပြန်ကန်ကြောက်က မြင်းကို အဆိုးဆိုမည်လော။ ခွေးတကောင်ကို နှစ်ရှည်လများ ညှင်းဆဲနှိပ်စက် ခဲ့ပြီးလျှင် ထိုခွေး သင့်ကို မြင်တိုင်း ဟောင်သောကြောင့် ခွေးကို ရူးသည်ဆိုအံ့လော။ အိုင်ယာလန်တိုင်းသားတို့ သည် ပဋိသန္ဓေအားဖြင့် ယုတ်ညံ့သောသဘောရှိကြ၍ အလွန် ဆူဆူပူပူလုပ်တတ်သည်ဟု သင်က မစွပ်စွဲမီ သင်သည် သူတို့အား တန်းတူမိတ်ဆွေ လူလူချင်းဟု သဘောထားဘူးပါသလား မေးချင်၏။ သင်သည် သူတို့၏ ကူးသန်းရောင်းဝယ်ရေးတွင် သူတို့အကျိုးကို ကြည့်ရှုကာကွယ်ခဲ့ဖူးပါ၏လော၊ သင်သည် သူတို့၏ အမျိုးဘာ သာ၊ သာသနာကို လေးစားခဲ့ပါ၏လော။ သူတို့၏ လွတ်လပ်ရေးကို သင်၏ လွတ်လပ်ရေးကဲ့သို့ ခင်မင်လိုလားခဲ့ ၏လော၊ အမှန်အားဖြင့် သင်သည် ဤသည်တို့ကို ဘာမျှ ဂရုမစိုက်ခဲ့။ သင်သည်ကား သူတို့မြေယာများကို သိမ်းခဲ့၏။ သူတို့ကို သတ်ပစ်ခဲ့၏၊ တကျွန်းပို့ခဲ့၏။ သူတို့နှင့် ထိုက်တန်သော အခွင့်အရေးများကို မပေးခဲ့။ သို့စဉ် လျက် အိုင်ယာလန်တိုင်းသားများ ဆူပူ၍ သင်တို့ကို မုန်းသောအခါ ထိုမုန်းတီးခြင်းမှာ ၎င်းတို့၏ ပင်ကိုယ်သ ဘောထားယုတ်ညံ့သောကြောင့် ဟူ၍လည်းကောင်း၊ အမျိုးကိုကပင် ခေတ်မမီနိုင်အောင် ရိုင်းစိုင်းလျက် ယဉ် ကျေးသိမ်မွေ့ခြင်းဌာ လုံးလုံး မစွမ်းနိုင်ကြသူများ ဖြစ်သည်ဟု သင်ဆိုရက်လေသည် …

နွားတို့ကား မည်မျှ အသိတရားရအောင် ဟောပြောသော်လည်း နားမ၀င်ပေ။ နွားနှင့်တူသော လူများမှာ မိမိတို့ အပေါ် မတရားအုပ်ချုပ်နေသည့် အစိုးရထက် မိမိမြက်စားရရေးကိုသာ အလေးဂရုပြုကြလေသည်။ မြက်စားရုံ တင်သာမဟုတ်သေး…..

စိတ်ပါ လက်ပါ ထိုဆစ်တနီစမစ် ၏ စာကို ရွက်လေပြီးသည်၏ အဆုံး၌ ကြည့်လိုက်ရာ သရက်ပင်များကြားတွင် နွားနီမကဘေးတစ်ကောင်နောက်သို့ သုတ်ခြေတင်၍ သွားလေသော နွားကြီးကို မြင်လိုက်ရပါသည်။

မှန်လိုက်တာ ဆရာရယ်၊ မှန်လိုက်တာ ဆရာရယ် ဟု အကြိမ်ကြိမ်အော်မိလောက်သည်။ မြန်မာ့နိုင်ငံရေး၌ အ တိတ်ရော၊ ပစ္စုပ္ပန်ပါ နွားများစွာ ရှိနေကြဆဲ။ ယနေ့ခေတ်နွားများမှာ မြက်စားရုံ၊ နွားနီမကလေးနောက်လိုက်ရုံ သာမဟုတ်၊ မတရားမှုကို တွန်းလှန်နေသူများအား လိုက်၍ဝှေ့သော ဓလေ့တစ်ခု တိုးတက်နေကြပြီ။ နိုင်ငံရေး၌ နွားကိစ္စကို သပိတ်တရားဖြင့်ရှင်းလျှင် အဝှေ့ခံကြရုံရှိတော့မည်။ ထိုနွားများအား မည်သို့ သုတ်သင်ပစ်ရမည်ကို ဆက်လက် အဖြေရှာဖို့ လိုလာပြီ။ မသုတ်သင်နိုင်ခင် ဆရာညိုမြ ညည်းငြူသလို ညည်းငြူရတော့မည်။

ဂရုစိုက်ပုံလည်းမပေါ်၊ နားလည်ဟန်လည်းမရှိ၊ ဟောရပြောရသူတွင်ကား မောလှ။ အို … နွားတွေ … နွားတွေ … နွားတို့သည်ကား အဟိတ်တိရစ္ဆာန် အန္တများသာ ဖြစ်ကုန်၏။ သပိတ်ကိုလည်း နားမလည်၊ တရားကိုလည်း နားမ၀င်၊ ၎င်းတို့၏၀ါဒနှင့်လုပ်ငန်းအား သံသရာတစ်လျှောက်လုံး မြက်စား၍ နောက်ချေးယိုပြီးလျှင် နွားမနောက် လိုက်ရန်သာ တတ်ကြလေတော့သည်တကား။

( မောင်ညိုမြရေး နွားနှင့်သပိတ် ကို ဆက်လက်ဖတ်ရှုပါ။ )

အလင်းဆက် ( ANO )


ဂုဏ်ယူပါတယ် ပြည်သူ့ဂုဏ်ရည်...

Photobucket
Photobucketပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကို ပထမဦးဆုံး ရရှိခဲ့သော အပိတ်ဆို့ ၊ အတားမြစ်ခံ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီကျော်သူတဖြစ်လဲ နွမ်းပါးသူပြည်သူများကို စာနာကူညီ ဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူအား ဂုဏ်ပြုရေးသားထားသော ကဗျာလေးဖြစ်ပါတယ်။ ဒီကဗျာလေးကို ဖတ်ရှုခြင်းအားဖြင့် ဦးကျော်သူရဲ့ လူမှုရေးကူညီမှုလုပ်ငန်းများကို အမှန်တကယ် ပြုလုပ်ပေးနေကြောင်း၊ ယခုချီးမြှင့်သော ပြည်သူ့ ဂုဏ်ရည်ဆုနှင့်လည်း အမှန်တကယ် ထိုက်တန်ကြောင်း ပြည်သူအများ သိရှိကြရမှာ ဖြစ်ပါတယ်။

ဖတ်ရှုအားပေးသူပြည်သူအများကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။

လေးစားဦးညွှတ်လျှက်

Burma Paparazi

VOA ဧပြီလ နောက်ဆုံးပတ် တီဗွီမဂ္ဂဇင်း အစီအစဉ်.....

အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်အစိုးရနဲ့ လက်တွေ့ကျဆက်ဆံရေးမူကို ရုတ်ချည်း ပြောင်းလဲမှာမဟုတ်ကြောင်း ရှင်းလင်းပြောဆိုချက်။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မလေးရှား နဲ့ ဂျပန် အစိုးရတို့က မြန်မာစစ်အစိုးရကို တိုက်တွန်းပြောဆိုချက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဘယ်လို) ဆက်လျှက်ရပ်တည် လှုပ်ရှားမှုအကြောင်း ပါတီခေါင်းဆောင်များရဲ့ ထုတ်ဖော်ပြောဆိုမှု။ ကချင်ပြည်နယ် မြစ်ဆုံရေကာတာဒေသ ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲ အခြေအနေ။ ECHO - European Commission Humanitarian Aid အဖွဲ့ရဲ့ နာဂစ်လေဘေး ပြန်လည်ထူထောင်ရေး ကူညီရေးလုပ်ဆောင်နေမှုဆိုင်ရာ သိကောင်းစရာ။ ထိုင်းဆန္ဒပြပွဲ ဗုံးပေါက်ကွဲမှုသတင်း။ အိုင်စ်လန် (Iceland) နိုင်ငံ အေရဖရတ်လရိကွက်(Eyjafjallajoekull) မီးတောင်ပေါက်ကွဲမှုနဲ့ ဥရောပလေကြောင်း သွားလာရေးဆိုင်ရာသတင်း။

သင်္ကြန်ဗုံးပေါက်ကွဲပြီးနောက်ပိုင်း ခြောက်ကပ်ကပ်ဖြစ်နေတဲ့ ရန်ကုန်မြို့ နဲ့ ကျီးလန့်စာစား စိုးရိမ်ဖြစ်နေတဲ့ ရန်ကုန်မြို့သူ မြို့သားများ အခြေအနေအကြောင်းစုံကို တင်ပြထားတဲ့ ကိုကျော်ကျော်သိန်းရဲ့ သတင်းဆောင်းပါး။ အပိုင်း ၃ အပိုင်း၎ အောက်မှာ ဆက်ကြည့်ရှုနိုင်ပါတယ်။
ဒီတပတ် တွေ့ဆုံမေးမြန်းခန်းကဏ္ဍမှာ သင်္ကြန်ဗုံးပေါက်ကွဲမှုနဲ့ စစ်အစိုးရ စွပ်စွဲပြောဆိုနေမှုအပေါ် ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ညွှန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma - NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းရဲ့  တုံ့ပြန်ပြောဆိုချက် နဲ့ သဘောထားအမြင်။

ကိုသိန်းထိုက်ဦး တင်ပြထားတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်ခေါင်းဆောင်တွေရဲ့  မြန်မာစစ်အစိုးရကို တုံ့ပြန်ပြောဆိုချက် နဲ့ ကချင်တပ်မတော်ဆိုင်ရာ သိကောင်းစရာ သတင်းဆောင်းပါး။

ရက်ရှည်ဆန္ဒပြပွဲများကြောင့် ထိုင်းနိုင်ငံ စီးပွားရေး အကြီးအကျယ်ထိခိုက်နေမှုနဲ့ နောက်ဆက်တွဲအခြေအနေများကို ဘန်ကောက်မြို့ကနေ သတင်းပေးပို့ တင်ပြထားတဲ့ ကိုသားညွန့်ဦးရဲ့  သတင်းဆောင်းပါး။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသား ဒုက္ခသည်များရဲ့ အခြေအနေ နဲ့ ကုလသမဂ္ဂဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့ (UNHCR) ရဲ့ကူညီလုပ်ဆောင်နေမှုအကြောင်း တင်ပြထားတဲ့ ကိုဇော်ဝင်းလှိုင်ရဲ့  သတင်းဆောင်းပါး။

ဒေါ်ခင်စိုးဝင်း တင်ပြထားတဲ့ New York ပြည်နယ် Buffalo မြို့ရောက် မြန်မာနိုင်ငံသားများအကြောင်း သတင်းဆောင်းပါးစတဲ့ မြန်မာနဲ့ နိုင်ငံတကာ သတင်းဆောင်းပါးများကို ဒီတပတ် ဗွီအိုအေမြန်မာ တီဗွီမဂ္ဂဇင်း အစီအစဉ်မှာ တင်ပြထားပါတယ်။

အလင်းအိမ်မဂ္ဂဇင်း..

အလင်းအိမ်မဂ္ဂဇင်း

နဝမအကြိမ်မြောက် နိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ဂျပန်) နှစ်ပတ်လည် အထွေထွေညီလာခံ အခမ်းအနား (ဓာတ်ပုံ)


http://picasaweb.google.com/uthanwin2006/9thGeneralMeetingOfFWUBCJapanInTokyo2010April25th?feat=email









သခင်အောင်ဆန်း ဝေဖန်ခဲ့တဲ့ ဝန်ကြီး ....

“နိုင်ငံရေးဆိုတာ ကုသိုလ်တပဲငရဲတပိသာ” ဆိုတဲ့ စကားလုံးကိုငယ်ငယ်ကတည်းကကြားဖူးတာပါ။ မြန်မာ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရေးတဲ့ စာမှာလည်း ဒီစကားလုံးကို တွေ့ရတော့ ပိုပြီးစိတ်ဝင်စားမိခဲ့ပါတယ်။ နိုင်ငံရေးလောကထဲ ဒီစကားလုံး ဘယ်သူတင်သွင်းခဲ့သလဲ၊ ဘာကြောင့်လည်း၊ ပြောသူကိုယ် တကယ်ယုံကြည် ကျင့်သုံးခဲ့သလား။

ဗိုလ်ချုပ်အခေါ် ဦးသိမ်းမောင်ကြီးဆိုသူမှာ ၁၉၀၆ တွင်တည်ထောင်ခဲ့သော ဝိုင်အမ်ဘီအေ (ခေါ်) ဗုဒ္ဒကလျာဏယုဝအသင်းကြီး (့Young Men’s Buddhist Association) ကိုအစပျိုးခဲ့သူများတွင်ပါဝင်ခဲ့သူဖြစ်သည်။ ဦးသိမ်းမောင်ရဲ့ ပညာထူးချွန်မှုကတော့ ချီးကျူးလောက်ပါတယ်။ ၁၉၀၆ တက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံး၌ ပထမရရှိကာ အောင်မြင်ခဲ့သည်။ အဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ် နှင့် လင်ကွန်းအင်းတို့မှ ဥပဒေဘွဲ့ နှင့် မဟာဝိဇ္ဇာဘွဲ့များကိုလည်း ရရှိခဲ့သည်။ ထိုပြင်ထိုခေတ် ပညာထွန်းချွန်သူများကို သုံးနှစ်တကြိမ် ချီးမြှင့်လေ့ရှိသော ဘီဂန်းဒက် ရွှေတံဆိပ်ဆု ကိုလည်းရရှိခဲ့သည်။

ဦးသိမ်းမောင်သည် ပြည်ရွှေဆံတော် ဘုရားရှိ “ဗြိတိသျှလူမျိုးများ နှင့် ဥရောပ လူမျိုးများမှ အပ မည်သူမျှ ဖိနပ်မစီးရ“ ဟူသော ဆိုင်းဘုတ်ကို ပယ်ဖျက်၍ ”မည်သူမျှ ဖိနပ်မစီးရ“ ဟူသော ဆိုင်းဘုတ်အသစ်ကို ဦးဆောင်စိုက်ထူသည်။ ဦးသိမ်းမောင်သည် ထိုဖိနပ် ကိစ္စကို ၁၉၁၇ ခုနှစ်၊ ပျဉ်းမနားမြို့တွင် ကျင်းပသော ပဉ္စမမြောက် ပြည်လုံးကျွတ် ညီလာခံသို့တင်ပြခဲ့သည်။

၁၉၁၇ ခုနှစ်တွင် ပဲခူးမြို့ ရွှေမောဓေါ စေတီပေါ်သို့ ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက် ဖိနပ်စီး၍ တက်ရောက်ခြင်း အပေါ်ပြည်သူတို့ မကျေမနပ်ဖြစ်ခဲ့သည်။ ၁၉၁၈ ခုနှစ် မေလ ၁၉ ရက်တွင် ရန်ကုန်မြို့ ဂျုဗလီဟော၌ လူထူအစည်းအဝေး ပြုလုပ်ခဲ့သည်။ ဦးသိမ်းမောင်ကြီးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။နောက်ပိုင်း အင်္ဂလိပ် အစိုးရက ဘုရား၊ ကျောင်းကန်များ တွင် ”မည်သူမျှ ဖိနပ်မစီးရ“ အမိန့်ကို ၁၉၁၉ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ပေးခဲ့ရသည်။

ထိုအချိန်ကစ၍ ဝတ်လုံတော်ရ ဦးသိမ်းမောင် အားပြည်သူများက ”ဖိနပ်သိမ်းမောင်” ဟုချီးကျုးဂုဏ်ပြုကြသည်။ ဒါပေမယ့် ဝတ်လုံတော်ရ ဦးသိမ်းမောင်ကြီး အာဏာ နဲ့ ငွေကြောင့်ပြည်သူ့ သြဘာ ပျောက်ခဲ့ရပါတယ်။မြန်မာ့သမိုင်းတလျှောက် ခေါင်းဆောင်တွေဟာ အာဏာ၊ ငွေ ကြောင့် သမိုင်းမလှ ဖြစ်ကြရပါတယ်။ ဦးနု ရဲ့ ပြည်ထောင်စု ပန်းတိုင် စာအုပ်တွင်လည်း အမျိုးသားကောင်းတွေကို လမ်းမှားစေသော အဓိကအချက်မှာ မိန်းမ၊ ငွေ၊ အာဏာ ဖြစ်သည်ဟု ရေးခဲ့သည်ကိုသတိရမိပါတယ်။

၁၉၂၂ မှာ အဂလိပ် အစိုးရက ချကစားလိုက်သော ဒိုင်အာခီ(Dyarchy) (၁၉၂၃-၁၉၃၇) ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာ့အသင်းချုပ်ကြီး (GCBA) ခေါင်းဆောင်များ အချင်းချင်း သဘောကွဲခဲ့ရသည်။ အဖွဲ့ကြီး ကွဲခဲ့ရသည်။ ခေတ်ပညာတတ်ကြီးအများစုပါသော ၂၁ ဦးအဖွဲ့တွင် ဦးသိမ်းမောင် ပါဝင်ခဲ့သည်။ ထိုအဖွဲ့သည် ဒိုင်အာခီ(Dyarchy) ကိုလက်ခံပြီး လူအများဆန္ဒ နှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။ ဦးသိမ်းမောင်ကြီး ရာထူးယူရေးလမ်းစဉ် ကိုလိုက်တော့သည်။

ထိုခေတ်ပညာတတ်ကြီးအများစုပါသော ၂၁ ဦးအဖွဲ့သည် ဒိုင်အာခီ(Dyarchy) ရွေးကောက်ပွဲတွင် နေရှင်နယ်လစ် ပါတီ (Nationalist) အမည်ဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့ရာ အမတ်နေရာ ၂၈ နေရာရခဲ့သည်။ သို့သော် ဘုရင်ခံ ၏ မျက်နှာသာပေးခြင်း မရခံပါ။ ၁၉၂၅ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဂျုဗလီဟော ၌မြန်မာပြည် သရာဇပါတီ ကကြီးမှုး၍ ရွေးကောက်ပွဲ ဝင်သော်လည်း ကောင်စီတွင် လစာမယူရေး ဆွေးနွေးရာ လခ ယူလိုသော ၂၁ ဦးအဖွဲ့ဝင်တို့က အစည်းအဝေးကို ဖျက်လိုဖျက်ဆီးလုပ်လာခဲ့သည်။အထူးသဖြင့် အဆိုးဆုံးမှာ အများက သမာဓိ ရှိသည်ဟုယူဆသော ရွှေတိဂုံဂေါပက အဖွဲ့ဝင် ၂၁ ဦးပါတီမှ ဝတ်လုံ ဦးသိမ်းမောင်ကြီး ဖြစ်သည်။

နောက်ဆုံး ဦးသိမ်းမောင် ၏ ဖျက်လိုဖျက်ဆီး စကားကို သံဃာထုက မခံမရပ် နိုင်ဖြစ်ကာ ပုဇွန်တောင် ညောင်တုန်းကျောင်းတိုက်နေ ဦးရေဝတ ကထိုင်ရာမှ ထ၍ ကုလားထိုင် ဖြင့် ပေါက်လေတော့သည်။ ဦးသိမ်းမောင် လဲကျ၍ အိမ်သို့ပြန်ပို့ လိုက်ရသည်။ ၁၉၃၂ ခုနှစ် နိုဝင်ဘာလ တွင်မြန်မာနိုင်ငံ အား အိန္ဒိယနိုင်ငံ နှင့် ခွဲရေးတွဲရေး အတွက် ပြည်သှူ့ဆန္ဒခံယူ ပွဲကျင်းပခဲ့သည်။ ဦးသိမ်းမောင် တို့ ၂၁ ဦးအဖွဲ့သည် ခွဲရေးဘက်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ခွဲရေးဘက်တွင် အလင်္ဂလိပ် အလိုတော်ရိ ဖြစ်သော ဆာဂျေ အေမောင်ကြီး၏ ရွှေတောင်ကြား ပါတီ (ခေါ်) အင်ဒီပင်းဒင့် ပါတီ လည်းပါသည်။ ဆင်ခြင်တွေးယူကြပါ။

ထိုခေတ် ခွဲရေးတွဲရေး ရွေးကောက်ပွဲ အခြေအနေ ကို သခင်ဘသောင်းရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ္ဂ တွင်ပြောကြားခဲ့သော စကားအရ ခန့်မှန်းသိနိုင်သည်။ သခင်ဘသောင်းက..

``ခွဲရေးဖြစ်စေ တွဲရေးဖြစ်စေ အင်္ဂလိပ် နယ်ချဲ့သမား လက်အောက်ခံချည်း ဖြစ်တယ်။ ကျွန် နဲ့ ဒါသ စကားလုံး ခြားနားသော်လည်း တမျိုးတည်း ဖြစ်သလို ကျွန်ဟာ ကျွန်ပဲ ဖြစ်တယ်။ဒီ ခွဲရေး တွဲရေး ပြဿနာရဲ့ အဓိပ္ပာယ်ကတော့ အင်္ဂလိပ် နယ်ချဲ့ အစိုးရက သူ့ရဲ့ ဘယ်ဖက် ဖိနပ်အောက်မှာ နေမလား၊ ညာဖက် ဖိနပ်အောက်မှာ နေမလားလို့ မေးတဲ့ သဘောပဲ။ဒါကြောင့် ကျုပ်တို့ သခင်တွေသဘောကို ပြောရရင် ခွဲရေးလည်း မကြိုက်, တွဲရေးလည်း မကြိုက် အင်္ဂလိပ်နယ်ချဲ့သမား လက်အောက်က လုံးဝ လွတ်လပ်ရေးသာကြိုက်ပါတယ်။´´

အဘိုး သခင်ကိုယ်တော်မှိုင်း ကလည်း ”ကျောင်းသားများထံသို့” ဟူသော စာတွင်လည်း "ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မတန်တူတယ်။လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ဒီကောင်တွေ-ခိုင်းတာ လုပ်နေကြရတာဘဲ။ ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလည်တာတော့ စားကျက်လုနေတာ တွေ့ရတာဘဲ။ ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။ သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြုလွှတ်တော် အစည်းအဝေး အပျော် လာကြတာဘဲ…" ဟု ဆိုထားသည်ကို သတိရမိပါတယ်။

အာဏာမမက်သော အတွေးရှင်း၊ အမြင်ရှင်းသော ပြတ်သားသည့် သခင်တို့၏ စိတ်ဓါတ်ကား လေးစား အားကျဖွယ်ပင်။ ယခုခေတ် မှာလည်း အာဏာရှင် တွေက ရွေးကောက်ပွဲ လို့ အသံပေး၊ အနံ့ပေး ရုံရှိသေး အာဏာပိုး စွဲကပ်နေသူများ အမြီးတနှံ့နှံ့ ဖြစ်လာကြသည်။ သခင်စိတ်ကြိုက် ဝိုင်းအူ ပေးကြရသည်။

အာဏာရှင်တို့ အတွက် သူတို့ တတ်သိသော စကားဆန်း၊ မာယာဆန်း ကလေးများကို သီအိုရီဆန်ဆန်၊ ဗျုဟာဟန် ဆင် ခင်းကျင်းကပြကြသည်။ အခွင့်အရေး မျှော်သူများ ကလည်း ပါးစပ်ဆိုင်းတီးပေးကြသည်။ ကျောကွဲ ဝမ်းပိန် ပြည်သူတွေ ရဲ့တကယ့် ဝေဒနာ၊ အသံတွေကို လျစ်လျုကြသည်။

ဒီနေရာမှာ အမေရိကန်လူမျိုး ပညာရေးပါရဂူ ဘတ်တလာ ရဲ့စကား ကိုဖော်ပြပါရစေ။ သူက တဲ့။အလေးထား ဆင်ခြင်စရာပါ။"ပညာတတ်ပေမယ့် အောက်တန်းကျတဲ့ လူတွေဟာ တိုင်းပြည် နဲ့ လူမျီုး ကို အမြဲတမ်း နှောက်ယှက် အန္တ္တရာယ်ပေးမယ့် လူတန်းစားမျိုးဖြစ်သွားတတ်တယ်.."

၁၉၃၆ နိုဝင်ဘာလ တွင် ၉၁ ဋ္ဌာန အုပ်ချုပ်ရေး အတွက် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဦးသိမ်းမောင် တို့ ၂၁ ဦးအဖွဲ့သည်အခြားအဖွဲ့များနှင့် ပူးပေါင်း၍ ဦးသိမ်းမောင် အမည်

ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ တွင်အနိုင်ရခဲ့သည်။ ဦးသိမ်းမောင် လည်း ပညာရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၅၀၀၀ စားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဘဘေ ခေါင်းဆောင်သော ငါးပွင့်ဆိုင်အဖွဲ့ ရာထူးအဝေ မတည့်သောကြောင့် သတ်မှတ်ချိန် အတွင်း အစိုးရမဖွဲ့နိုင်၍ အယုံအကြည် မရှိ အဆိုတင်သွင်း ခံရကာ ပြုတ်ကျ ခဲ့ပါတော့ တယ်။

ဦးသိမ်းမောင် က “ ဥပဒေပြုအဖွဲ့ တွင် ကျွန်တော် နှင့် ဦးဘဘေ ၏ အပေါ်တွင် အယုံအကြည် မရှိဟူသော အဆိုအောင်မြင်၍ ကျွန်တော်များ ရာထူးမှ နှုတ်ထွတ်ခဲ့ကြရပါသည်။အင်မတန်မှ စေတနာ၊ မေတ္တာ နှင့် နိုင်ငံအကျိုး ကိုဆောင်ရွတ်မည်ဟု လာသော သူကို ရင်ဘတ်မှာ ခြေဖြင့် စုံကန်လိုက်သကဲ့သို့ ခံစားရပါသည်။ ဆက်လက်၍ ဆောင်ရွက် ပြန်လျှင်လည်း ”ကုသိုလ်တစ်ပဲ၊ ငရဲတပိသာ” ဆိုသလိုဖြစ်မည့် အကြောင်းလက္ခဏာများ ပေါ်ပေါက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်များ သံဝေဂ ရပြီးလျှင် ဥပဒေပြုအဖွဲ့ ၏ အပြင်အပ မှပင် နိုင်ငံ အကျိုးကို ဆောင်ရွက်ပါတော့မည်” ဟုပြောဆိုခဲ့သည်။

ရွှေတိဂုံ ဘုရားဂေါပကလူကြီး လည်းဖြစ်၊ သမာဓိ ရှိသော ဝတ်လုံတော်ရ ဦးသိမ်းမောင်ကြီး အပြော နဲ့ အလုပ်ညီခဲ့ပါသလား။ ပြောပြီး နောက် ဒေါက်တာဘမော် ခေါင်းဆောင်တဲ့ ညွှန့်ပေါင်းအစိုးရ ကမ်းလှမ်းလာ သည့် လစာ၂၀၀၀ ကျပ်စား ရာထူး ခန့်ထားရေးဝန် အဖြစ်ဆောင်ရွက်သည်။ ထိုနောက် အစိုးရ ရှေ့နေချုပ်ရာထူးကို ဆက်လက်ယူပါသည်။

ဒါကြောင့်လည်း ဦးသိမ်းမောင်ကြီး အပြောကို တို့ဗမာ အစည်းအရုံး မှ အသက် ၂၅ အရွယ် မှ သခင် အောင်ဆန်း ကရေးသား ဝေဖန်ခဲ့သည်။

၁၉၄၀ ဖေဖေါ်ဝါရီလ ထုတ် ဒဂုန်မဂ္ဂဇင်း အမှတ် ၂၃၄ မှာ သခင် အောင်ဆန်း က ”…နိုင်ငံရေး သဘောတရားကို ဖော်ပြရာ၌ ဦးဘဘေကြီး ပြောသလို ”ညစ်ပတ်တဲ့ အလုပ်လားဆို့သည့်” မေးခွန်းကိုဖြေလို၏။ ဦးသိမ်းမောင်ကြီး ကတော့ ဝန်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့။ သူကတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်းသား အားကျလို့ထင်၏။ အခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေး သည်လောကီရေးပင် ဖြစ်သည်။ နိုင်ငံရေးမှာ နိဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်းလောကုတ် ရှိနိုင်၏။ လောကုတ်ရှိမှ လည်း လောကီတည် နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။…

ဦးသိမ်းမောင်ကြီး တို့လို ပညာတတ်ကြီးများသည် အာဏာနှင့် ငွေကို မမက်ဘဲ ပြည်သူ့ဆန္ဒ ကိုအလေးထားခဲ့ပါက မျိုးချစ်လူငယ်များ၏ ဝေဖန်ခြင်းခံရမည် မဟုတ်ပေ။

နိုင်ငံရေး ပရိယာယ်ကြွယ်ဝသော၊ ကောင်းကောင်း ကစားတတ်သော ဦးသိမ်းမောင်ကြီး ၏ ဗျုဟာဆန်း များမှ နှောင်းလူတို့ သတိပြု ဆင်ခြင်စရာများ လည်းတွေ့ရသည်။ ၁၉၃၆ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ၉၁ ဋ္ဌာန အုပ်ချုပ်ရေး ရွေးကောက်ပွဲ တွင် အနိုင်ရစေရန် ဦးသိမ်းမောင်ကြီး သည် မြန်မာမင်းမျိုးနွယ် ဖြစ်သော မင်းသားကြီး ထိပ်တင်ဝကို သူပူးပေါင်းပါဝင်သော ငါးပွင့်ဆိုင်အဖွဲ့ ၏ ဥက္ကဋ္ဌ အဖြစ်တင်မြောက်ခဲ့သည်။

”သခင်မျိုးဟေ့ ဒို့ဗမာ“ ဟုကြွေးကြော် ဆန့်ကျင်နေသော တို့ဗမာအစည်းအရုံးကြီး ကို တုန်ပြန်လိုသော သဘောဖြစ်သည်။ ထိုပြင် မြန်မာ တမျိုးသားလုံး လေးစားကြည်ညို ရသော ဆရာတော်ဦးဥတ္တမ ကို ဦးသိမ်းမောင်ကြီး ကိုယ်တိုင် အိန္ဒိယ သို့သွားရောက်ပြီး လေယာဉ်ပျံ ဖြင့်ပင့်ဆောင်ပြီး တရားဟောစေခဲ့သည်။ သူ၏ လုပ်ရပ်များကြောင့် ဆရာတော် ဦးဥတ္တမ ကို သခင်များက အထင်လွှဲပြီး ဆရာတော် သိက္ခာပါ ထိခိုက်ခဲ့ရသည်။ နိုင်ငံရေး သင်ခန်းစာ ယူစရာပါ။

တကယ်တော့ ပညာတတ်များဟာ တရားကို စကားနဲ့လည်း ကာတတ်ပါတယ်။ ဒါကြောင့် ရွှေပေါ်ကျွန်းဆရာတော်ကြီးက ”တရားကို စကားနဲ့မကာပါနဲ့။ တရားက အတည့်သွား၍၊ စကားက လှည့်စား တတ်ပါသည်” ဟုဆံုးမခဲ့ပါတယ်။

ဦးသိမ်းမောင်ကြီး သည် ဂျပန်ခေတ် တွင်ဦးဆောင်သော မြန်မာ အစိုးရ အဖွဲ့တွင်လည်း တရားရေး ဝန်ကြီးအဖြစ် ဆောင်ရွတ်ခဲ့သည်။စစ်ပြီးချိန် ၁၉၄၅ သြဂုတ်လ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင် ၃၆ ဦးတွင်လည်း ပါဝင်ခဲ့သည်။ သို့သော် ဘုရင်ခံ ဆာဒေါ်မန် စမစ် ပြန်ရောက်၍ စက္ကူဖြူစာတမ်း အုပ်ချုပ်ရေး စီမံကိန်း စတင်သောအခါ ဦးသိမ်းမောင်ကြီး သည် ဖဆပလ ဗဟိုဦးစီးအဖွဲ့မှ နုတ်ထွတ်ပြီး ဘုရင်ခံ ခန့်အပ်သော ဟိုက်ကုတ် တရားဝန်ကြီး ရာထူးကို လက်ခံ ခဲ့သည်။

၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ ဦးသိမ်းမောင်ကြီး သည် လွှတ်တော်တရားရေး ဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၅၇ တွင် နိုင်ငံတော် ဝန်ကြီးချုပ် ရာထူးမှ အငြိမ်းစား ယူပါသည်။ ထိုအချိန်တွင် ဦးသိမ်းမောင်ကြီး ၏ အသက်မှာ ၆၇ နှစ်ရှိပြီဖြစ်၏။ တရားရေး ဋ္ဌာန မှဆက်လက် အမှုထမ်းစေလိုသော်လည်း ဦးသိမ်းမောင်ကြီး ကိုယ်တိုင်က ”မိုးညှင်းဆရာတော် ဘုရားကြီး ဆုံးမသကဲ့သို့ ခါးတောင်းကျိုက်မဖြုတ်ဘဲ ခေါင်းထဲဝင်မည့်သူ မဖြစ်ပါရစေနှင့်ဟု” မေတ္တာရပ်ခံ ကာအငြိမ်းစားယူခဲ့ခြင်းဖြစ်ပါတယ်။

သို့သော် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ တက်လာ၍ ဦးသိမ်းမောင်ကြီး အား ဒုတိယ ဝန်ကြီးချုပ် ၊သာသနာရေး ဝန်ကြီး နှင့် ကျန်းမာရေး ဝန်ကြီး တာဝန်များပေးအပ်သော အခါ ပြန်လည်ထမ်းဆောင်ပြန်သည်။ အာဏာပါဝါ ဆိုသည်မှာ အာဏာပါဝါ ကိုခံစားဖူးသောသူများ၊ ခံစားလိုသောသူများ လူတချို့ အတွက် ဘဝ နောက်ဆုံးအချိန်ထိ တမ်းတတုန်း၊ မက်မောမျှော်မှန်း တုန်းပါလားလို့တွေးလျှက်…………။

ရည်ညွှန်း…….

၁။ တိုက်စိုး၊ဂျုဗလီဟော မြင်ကွင်း

၂။မြဟန်၊ ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓါန်

၃။မောင်ဇေယျာ၊စာပေသမိုင်း၊ပုဂ္ဂိုလ်ရေး အတွေးအမြင်များ

၎။ရွှေဥသြ၊ တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ

၅။ဦးသိန်းမောင် (နိုင်ငံခြားငွေ)၊မဟာလူသားပြောစကား (ဒုတိယ တွဲ)

၆။အလင်းဆက်၊ တို့ခေတ်မှ ညံ့ကြတော့မှာလား

ကျောင်းသားတစ်ဦး

၂၅.ဧပြီလ.၂၀၁၀

ပေးပို့ပေးသူ အလင်းဆက်...


ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ဆုရရှိသွားသော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းခြင်း...

Ko K T
ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ပြည်ပရောက် မြန်မာနိုင်ငံသားများ စုစည်း၍ မြန်မာနိုင်ငံအတွင်း လူမှုရေးလုပ်ငန်းများ၊ ထူးထူးချွန်ချွန် ဆောင်ရွက်နေကြသူများအား ကျေးဇူးတင် ဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို လော့စ်အိန်ဂျယ်လိစ်မြို့၊ အမေရိကန်ပြည်ထောင်စုတွင် ၂၄.၄.၂၀၁၀ (စနေနေ့) ညနေ (၅း၀၀)နာရီမှ (၇း၀၀)နာရီအတွင်း ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်ရဲ့ Citizen of Burma ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ရရှိသွားခဲ့ပါသည်။

ဆုရရှိမှုနှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူအား သွားရောက်ပြီး မေးမြန်းခဲ့ရာ ဦးကျော်သူမှ အောက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခဲ့ပါသည်။

Burma : မင်္ဂလာပါ ဦးကျော်သူ ။ အခု Citizen of Burma အဖွဲ့အစည်းက ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိသွားတယ်လို့ ကျွန်တော်တို့ သတင်းကြားသိရပါတယ်။ အဲဒီ သတင်းက မှန်ပါသလား ခင်ဗျာ။

ကျော် : သတင်းမှန် မမှန်တော့ ကျွန်တော်လည်း မသိသေးဘူး။ ခုနကတော့ မူဆယ် နာရေးကူညီမှုအသင်း ကနေပြီးတော့ ကျွန်တော်ကို ဖုန်းဆက်အကြောင်းကြားတယ်။ အင်တာနက်မှာ ပါနေပြီလို့ ပြောတယ်။ ကိုကျော်သူ ၀မ်းသာပါတယ်ဆိုပြီးတော့ အကြောင်းကြားတယ်။ အိမ်ရောက်တော့ အိမ်မှာပြန်ကြည့်တော့ ကျွန်တော် အီးမေးလ်ထဲမှာ ဘယ်သူဆီကမှ ဘာမှ မရောက်သေးပါဘူး။ ဒါပေမယ့် Citizen of Burma ဆိုဒ်ကို ကျွန်တော် ဖွင့်ကြည့်လိုက်တော့ အဲဒီမှာ “ ကျော်သူဆုရတယ် ” ဆိုပြီးတော့ စာတစ်ကြောင်းပဲ တွေ့တယ်။

Burma : ဆုရတယ်လို့ အဲဒီ စာကြောင်းလေး တွေ့လိုက်ရတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဘယ်လိုခံစားရပါသလဲ။

ကျော် : ဘယ်လိုခံစားရသလဲဆိုတော့ ကျွန်တော် ပိုပြီးတော့ တာဝန်ရှိသွားပြီ။ ပိုပြီးတော့ ဒီထက်မက အများကြီး ပြည်သူတွေကို ပေးဆပ်ဖို့ တာဝန်တွေ ပိုလာပြီလို့ ကျွန်တော် သတ်မှတ်ပါတယ်။

Burma : အရင်တုန်းကလည်း ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုကို ဦးကျော်သူ ရခဲ့သေးတယ်နော်။ အဲဒီိဆုကို ဘယ်ခုနှစ်က၊ ဘယ်ဌာနကနေ ပေးတယ်ဆိုတာကို မှတ်မိပါသေးလား။

ကျော် : ပြည်သူ့ဘက်သား အနုပညာသမားက ၂၀၀၉ ခုနှစ်က ပေးတာပါ။ အင်္ဂလန်ရောက် မြန်မာပြည်သူတွေ ပြည်သားတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ကနေပြီးတော့ ချီးမြှင့်တာပါ။ အဲဒါ သူတို့ သင်္ကြန်ပွဲလုပ်ရင်းနဲ့ အဲမှာ ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုရွေးချယ်မယ်ဆိုပြီးတော့ ကျွန်တော်ကို ချီးမြှင့်လိုက်တာပါ။

Burma : အရင်တုန်းက ဦးကျော်သူက ရုပ်ရှင်သရုပ်ဆောင် အနုပညာသမားတစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီ ရုပ်ရှင်သရုပ်ဆောင် အနုပညာသမား ဖြစ်ခဲ့တဲ့အချိန်မှာ အကယ်ဒမီဆုတွေလည်း ရရှိခဲ့တယ်။ ဒါရိုက်တာဆုတွေလည်း ရရှိခဲ့တယ်။ အဲဒီ အကယ်ဒမီဆုတွေရလို့ ပျော်ရွှင်မှုနဲ့ အခု လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်လို့ ရရှိတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရတဲ့အခါမှာ ဘယ်လို ကွာခြားသလဲ။ ခံစားချက်ပေါ်မှာပေါ့။
ကျော် : ရုပ်ရှင်အကယ်ဒမီဆု ဆိုတာကတော့ ကျွန်တော် ရုပ်ရှင်ကား တစ်ကားရိုက်တယ်ဆိုရင် သရုပ်ဆောင်မှုကို ပီပြင်အောင် သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်ရပါတယ်။ အဓိက ကတော့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်တယ်ဆိုတာ အကယ်ဒမီဆုဆိုတာကြီးကို ရည်မှန်းပြီး သရုပ်ဆောင်ကြတာများတယ်။ ဒီ ဆုရရှိရေးအတွက် သရုပ်ဆောင်ကြတာများတယ်။ ဒီ အခု လူမှုရေးဆုဆိုတာကတော့ ဒါဟာ ကျွန်တော်တို့ ဘယ်လိုမှ ရည်မှန်းလို့ မရပါဘူး။ ရည်မှန်းလို့ မရဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့တယ်။ ကိုယ့်တာဝန် ကိုယ်ကျေခဲ့တယ်။ အဲဒီအတွက် ပြည်သူကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ဒီ မဲစနစ်နဲ့ ရွေးချယ်ခံရတာ။ အဲဒီတော့ ဒီ ပြည်သူ့ဂုဏ်ရည်ဆုကတော့ မြန်မာရုပ်ရှင် အကယ်ဒမီဆုနဲ့ အရမ်းကို ကွာဟလွန်းပါတယ်။ အကယ်ဒမီဆုနဲ့လည်း မနှိုင်းယှဉ်အပ်ဘူး။ ဒီ ပြည်သူ့ဂုဏ်ရည် ဆုဆိုတာ အင်မတန်ကို အမြတ်တနိုး၊ ကိုယ့်ဘ၀ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် အမြတ်တနိုး ထားရှိရမယ့် ဆုလို့ ကျွန်တော်မြင်တယ်။ ပြီးတော့ အခုပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုဆိုတာ နိုင်ငံတကာ အော်စကာဆုပေးပွဲလို အဲလို ပုံစံမျိုးနဲ့ ပေးတာကို ကျွန်တော် သဘောကျတယ်။ ဥပမာ - ဒီ ပထမဦးဆုံး စာရင်းအရ (၂၄)ဦးပေါ့လေ။ အသင်းအဖွဲ့အစည်းရော၊ လူပုဂ္ဂိုလ်တွေရော၊ ရဟန်းသံဃာတွေရော (၂၄) ဦးကို ရွေးထားတယ်.။ နောက်ဆုံး ဆန်ကာတင် (၅)ဦးကို ထပ်ရွေးချယ်တယ်။ ဒီ ဆန်ကာတင် (၅) ဦးကိုမှ အခမ်းအနားနေ့မှာ ဆုပေးရမယ့် သူကို ဆန္ဒမဲပေးပြီး ဆုံးဖြတ်လိုက်တယ်။ ဒါက အော်စကာဆုပေးတဲ့ ပုံစံမျိုး၊ အော်စကာဆုဆိုတာကလည်း ဆန်ကာတင် ဇာတ်ကား (၅) ကား ရွေးတယ်။ ဘယ်ကား ဘယ်ကားတွေပါလဲ။ ဒါ မျှော်လင့်ချက် ပေးလိုက်ပြီ။ အဲဒီ မျှော်လင့်ချက်တွေထဲမှာ ဒီကားကတော့ ဟိုကားထက် ဘယ်လိုသာလို့ ဓါတ်ပုံတော်လို့ သရုပ်ဆောင် တော်လို့ဆိုပြီးတော့ ပေးလိုက်တာ။ ဒါကတော့ အင်မတန် မြင့်မြတ်တဲ့ ဆုပေးခြင်း ရွေးကောက်တယ်လို့ ကျွန်တော်မြင်ပါတယ်။

Burma : အခု Citizen of Burma ကပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဒီလူမှုရေး လုပ်ငန်းဆိုတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်တယ်လို့ ထင်ပါသလား။

ကျော် : ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာ ကျွန်တော်တစ်ဦးတည်း လုပ်တာလည်း မဟုတ်ဘူး။ ကျွန်တော်အနောက်မှာ ရှိတဲ့ အသင်းသူ အသင်းသားတွေ၊ အလုပ်အမှုဆောင်တွေအားလုံး တက်တက်ကြွကြွ လုပ်ကြတယ်။ အလှူရှင်တွေကလည်း တကယ့်ကို နှစ်နှစ်ကာကာနဲ့ လှူဒါန်းကြတယ်။ လှူဒါန်းကြတဲ့ အတွက်လည်း ကျွန်တော်တို့ လုပ်ငန်းဟာ အောင်မြင်လာတယ်။ အောင်မြင်တဲ့ အတိုင်းအတာမှာ ကျွန်တော်တို့ကလည်း ထိထိမိမိနဲ့ နာရေးရှင်တွေ ဥပမာ - သုခကုသိုလ်ဖြစ်ဆေးခန်းဆိုရင် ရောဂါဝေဒနာရှိတဲ့ ဝေဒနာရှင်တွေ နောက်အခုဆိုရင် သုခအလင်းစာကြည့်တိုက် စာကြည့်ခန်းတွေ ဖွင့်ထားတယ်။ နောက် ကလေးစာသင်တန်း အင်္ဂလိပ်စာသင်တန်းတွေက အင်မတန်ကို အားတတ်စရာကောင်းပါတယ်။ ကလေးတွေအတွက် အင်္ဂလိပ်စာ သင်တန်းဆိုတာကလည်း ကျွန်တော်က ၁၉၅၉ ခုနှစ်မှာ မွေးလာတယ်။ ၁၉၆၂ ခုနှစ် ဦးနေ၀င်း အစိုးရလက်ထက်မှာ ကျွန်တော်တို့က ကြီးပြင်းလာတယ်။ ကျွန်တော် အင်္ဂလိပ်စာကို အတော်လေး အားနည်းတယ်။ ကျွန်တော် မိဘ အဖေ၊ အမေတို့က အင်္ဂလိပ်စာ ဆရာ ဆရာမကြီးတွေ ဖြစ်တယ်။ ကျွန်တော် ညီဆိုလည်း အခု အမေရိကားရောက်နေတယ်။ ကျွန်တော် အမဆိုလည်း ဆရာဝန်မကြီးပါ။ နောက်မျိုးဆက်သစ်ကလေးတွေ အင်္ဂလိပ်စာ တတ်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော် ဒီအင်္ဂလိပ်စာ အခြေခံနွေရာသီ သင်တန်းလေးကို ကျွန်တော် အမျိုးသမီး ရွှေဇီးကွက်ကနေပြီးတော့ ဖွင့်လှစ်ပေးခဲ့တာကို ကျွန်တော်က တဖက်တလမ်းကနေ အားပေးမှုတွေ ကျွန်တော် လုပ်ပေးနိုင်ခဲ့ပါတယ်။

Burma : ဦးကျော်သူအနေနဲ့ ဒီ နာရေးကူညီမှုလုပ်ငန်းရယ်၊ သုခကုသိုလ်ဖြစ်ဆေးခန်းရယ်၊ သုခအလင်း စာကြည့်တိုက်တို့အပြင် နောက်ထပ် ဘယ်လိုလူမှုရေး ၀န်ဆောင်မှုလုပ်ငန်းတွေ ထပ်ပြီးတော့ လုပ်ဆောင်သွားမလဲ ဆိုတာလေး သိပါရစေ။

ကျော် : လူမှုရေး ၀န်ဆောင်မှုဆိုတာ မြန်မာပြည်မှာ လိုအပ်တာတော့ အများကြီးပါပဲ။ ဒါ အတိုင်းအတာ တစ်ခုအရ ခွင့်ပြုချက်ရှိမှ ကျွန်တော်တို့လည်း လုပ်ဆောင်နိုင်တယ်။ အခု နာရေးကိစ္စတို့၊ ဆေးခန်းကိစ္စတို့၊ ကလေးတွေ ပညာသင်တဲ့ သင်တန်းကိစ္စတွေဆိုလည်း သက်ဆိုင်ရာကနေပြီးတော့ အမြဲတမ်း လာပြီးတော့ စစ်ဆေးတာတွေ ဘာတွေရှိတယ်။ ဒါတွေက ကျွန်တော်တို့က ထိထိမိမိ လွတ်လွတ်လပ်လပ် ပံပိုးမှု မရနိုင်ဘူး။ မရနိုင်တဲ့ အတိုင်းအတာမှာ ရတဲ့ အခွင့်အရေးတိုင်း ထိထိမိမိ အကျိုးရှိအောင် ဆုံးဖြတ်ပြီးတော့ လုပ်ဆောင်ပေး အုံးမှာပဲ။ နောက်ထပ် ဖွင့်လှစ်မယ့် သင်တန်းတွေ ဆိုတာတော့ ကျွန်တော်လည်း လောလောဆယ် မပြောနိုင်သေးဘူး။

Burma : အခု ဦးကျော်သူ လက်ရှိလုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို ရုပ်ရှင်မင်းသား ဘ၀မှာရော၊ အခုလက်ရှိ ရုပ်ရှင်ရိုက် နားထားတဲ့ ဘ၀မှာရော လုပ်ဆောင်လာနိုင်တာက အချိန်ပိုပေးနိုင်တဲ့ အတွက်လား။ အစကတည်းက လူမှုရေးလုပ်ငန်းကို လုပ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိခဲ့လို့ အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနိုင်တာ လား ဆိုတာလေး ပြောပြပေးပါအုံး။

ကျော် : ကျွန်တော် ၂၀၀၁ ခုနှစ်ကတည်းက ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်ပေါ့လေ။ အဲဒီ အချိန်ကတည်းက ဒီ နာရေးကူညီမှုအသင်းဆိုတာကို စတင်ခဲ့တယ်။ အဲတော့ ဒီ အနုပညာကို ရှင်းရှင်းပြောရရင် ကျွန်တော်အခုဆိုရင် ဒီ အနုပညာကို ခုတုံးလုပ်ပြီးတော့ အနုပညာနဲ့ အောင်မြင်ခဲ့တဲ့ “ကျော်သူ” ဆိုတာကြီးကို ကျွန်တော် ပြန်အသုံးချပြီး ပြည်သူတွေအတွက် ကျွန်တော် ပေးဆပ်နေခဲ့ပါတယ်။ အဲဒီလို ပေးဆပ်နေတယ် ဆိုတာကလည်း ကျွန်တော်ကို ဆရာတော်ကြီးတွေက “ ကျော်သူ မင်း .. ဒီဟာကို လုပ်ရမယ်။ ငါတို့ ဘုန်းကြီးတွေလည်း စာအောင်ဘွဲ့တွေ ရတယ်။ ဒီ ဘွဲ့တွေ ရပြီဆိုရင် သာသနာပြုတာ ပိုပြီး ထိရောက်တဲ့အတွက် မောင်ကျော်သူ မင်းကလည်း ဒီဟာကို လုပ်ပါ ” ဆိုပြီး ဆရာတော်ကြီးတွေကလည်း ကျွန်တော်ကို အားပေးပါတယ်။ ဘဘ ဦးသုခကလည်း ကျွန်တော်ကို အမြဲတမ်း တိုက်တွန်းတယ်။ “ မင်း .. ပြင်သစ်ဝန်ကြီးချုပ်ကို သိလား။ မသိပါဘူး။ အီတလီ သမ္မတကို သိလား။ မသိပါဘူး။ ချာလီချာပလင်ကို သိလား။ သိပါတယ်။ အေး .. ဒါပဲ။ အနုပညာသမားဆိုတာ ဘယ်လုပ်ငန်းပဲလုပ်လုပ် အောင်မြင်တယ်။ ဒါပေမယ့် လုပ်တဲ့လုပ်ငန်းက လူသားအကျိုးပြု လုပ်ငန်းဖြစ်ဖို့က အရေးကြီးတယ် ” ဆိုတဲ့ ဘဘရဲ့ ဆုံးမ သြ၀ါဒကို ကျွန်တော် အခုထက်ထိ လက်ဆုပ်လက်ကိုင်ပြုပြီးတော့ လုပ်ဆောင်နေခဲ့ပါတယ်။

Burma : ဦးကျော်သူက ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှာ ရုပ်ရှင်ရိုက်တာ အပိတ်ခံထားရတယ်။ တကယ်လို့များ လက်ရှိအခြေအနေမှာ နိုင်ငံရဲ့ ပေါ်လစီအပြောင်းအလဲကြောင့် ဦးကျော်သူ ရုပ်ရှင်ရိုက်ခွင့် ပြန်ရခဲ့လို့ရှိရင် ရုပ်ရှင် ပြန်ရိုက်အုံးမှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ဆောင် သွားမှာလား ဆိုတာလေး သိပါရစေ။

ကျော် : အခုချိန်မှာ ကျွန်တော်ကို ရိုက်ခွင့်ပေးတယ် ဆိုရင်လည်း မရိုက်တော့ဘူး။ ကျွန်တော် မရိုက်ဘူးဆိုတာ အခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်နေတဲ့ ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွေ ပရိတ်သတ်ကို ချပြနေတဲ့ ဇာတ်လမ်းတွေက ပရိတ်သတ်အတွက် ဘာ အကျိုးပြုတာမှ မရှိဘူး။ ပရိတ်သတ်အတွက် အကျိုးရှိမယ့် ဥပမာ - အတ္ထုပတ္တိဇာတ်လမ်းမျိုး၊ သမိုင်းကြောင်းအမှန် ဇာတ်လမ်းမျိုးတွေတော့ အချိန်ပေးပြီး ရိုက်ပေးနိုင်ရင် ကျွန်တော် ရိုက်ချင်ပါတယ်။ ၂၀၀၇ ခုနှစ်က စပြီးတော့ အခုချိန်ထိဆိုရင် (၃) နှစ်ရှိပြီပေါ့။ အဲလို ပိတ်လိုက်တဲ့အတွက်လည်း ကျွန်တော်ကို ပိတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ (ဦးကျော်သူမှ နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံးပြီး) ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ကျွန်တော်ကို ဒီလို ပိတ်ပင်လိုက်တဲ့အတွက် လူမှုရေး လုပ်ငန်းတွေ ပိုပြီးတော့ ဇောက်ချပြီး လုပ်နိုင်ခဲ့တယ်။ အဲဒီအတွက် ကျေးဇူးအများကြီး တင်ပါတယ်။

Burma : ဦးကျော်သူရဲ့ နာမည်နဲ့ Facebook မှာ kyaw thu`s fans ဆိုပြီးတော့ ဆိုဒ်တစ်ခုဖွင့်ထားတာကို တွေ့ရပါတယ်။ အဲဒီ ဆိုဒ်ဟာ ဦးကျော်သူတို့ ပြုလုပ်ခဲ့သမျှ၊ လူတွေကို ကူညီပေးခဲ့တဲ့ လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက် အားလုံးကို ပြည်သူအားလုံး သိရှိအောင်၊ ကမ္ဘာနဲ့ အ၀န်းကို ရောက်ရှိနေတဲ့ မြန်မာပြည်သူ ပြည်သားတွေကိုရော၊ ကမ္ဘာလူသားတွေကိုရော တင်ပြပေးထားတဲ့ အဲဒီ Fans ဆိုဒ်ကိုလည်း အပိတ်ခံ ထားရတယ်လို့ ကြားပါတယ်။ အဲဒါရော ဟုတ်ပါသလား။

ကျော် : ဟုတ်ပါတယ်။ ပိတ်ထားပါတယ်။ ပိတ်ထားတာကလည်း ဘယ်လိုရည်ရွယ်ချက်နဲ့ ပိတ်လည်းတော့ မသိဘူး။ ဒါ ကျွန်တော် Facebook ပေါ်မှာ တင်တဲ့ကိစ္စတွေက နာရေးအခမဲ့ ကူညီပေးခြင်း၊ အခမဲ့ ဆေးကုသ ပေးခြင်း၊ အခမဲ့ ပညာသင်ကြားပေးခြင်း ဒီကိစ္စရပ်တွေပဲ ကျွန်တော် တင်ထားတာပါ။ ကျွန်တော်တို့ လုပ်ငန်း သဘောအရ လုပ်ငန်းမှာ တွေ့ထိတဲ့ အတိုင်းအတာ ကိစ္စတွေကို ကျွန်တော်တင်တာပါ။ နိုင်ငံရေး လှုံ့ဆော်မှု တွေလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီလို အလကား အခမဲ့ လုပ်ပေးနေရတဲ့ ကိစ္စကို အဲလို ပိတ်ဆို့မှု ဟန့်တားမှုတွေ လုပ်တာတော့ တော်တော်ကို ကျက်သရေ တုံးတဲ့ကိစ္စပါ။ ဒါကလည်း ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမှာပါ။

Burma : ဦးကျော်သူ အခု ပြည်သူ့ဂုဏ်ရည်ဆုကို ရသွားပါပြီ။ Citizen of Burma ဆိုတဲ့ အဖွဲ့အစည်း ဖြစ်မြောက်လာအောင် ၀ိုင်းပြီးတော့ ထူထောင်ပေးကြတဲ့၊ လှုံ့ဆော်ပေးကြတဲ့ နိုင်ငံရပ်ခြားကို ရောက်နေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေနဲ့ ဦးကျော်သူကို အားပေးနေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေရော၊ အလှူရှင်တွေ ရော၊ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ စေတနာ့ဝန်ထမ်း ကူညီလုပ်အားပေးနေကြတဲ့ အသင်းသူ အသင်းသားတွေရော သက်ဆိုင်သူ အားလုံးကို ဦးကျော်သူအနေနဲ့ ဘယ်လိုစကားမျိုးနဲ့ ကျေးဇူးတုံ့ပြန် ချင်ပါသလဲ။

ကျော် : ဒါက ကျွန်တော် လေးလေးနက်နက် ပြောရမယ့် ကိစ္စပါ။ ကျေးဇူးတင်ရမယ့် လူတွေကတော့ အများကြီးပဲ။ အခုလို ပြည်ပကနေပြီးတော့ ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ ဒီလို ပြည်သူလူထုအတွက် လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ လူတွေကို အခုလို ဆုချီးမြှင့်ခြင်း ပြုလုပ်ပေးနေတာလဲ။ အင်မတန်ကို တန်ဖိုးထားရတဲ့ ကိစ္စပါ။ မြန်မာလူမျိုးအတွက် မြန်မာပီသတဲ့ အလုပ်တစ်ခုလို့ ကျွန်တော် ထင်တယ်။ ဒါ ကိုယ့်လူမျိုးအတွက် အခုလို အဖက်ဖက်ကနေပြီးတော့ ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ဆောင်ရွက် ပေးနေတဲ့ လူမှုရေးသမားတွေလည်း အများကြီးရှိပါသေးတယ်။ အခြေအနေ အမျိုးမျိုးနဲ့ ပြည်ပရောက် မြန်မာလူမျိုးများက ပြည်တွင်းမှာ ရှိနေတဲ့ မြန်မာလူမျိုးများကို မြန်မာ ပီသစွာဖြင့် မျိုးချစ်စိတ်ဓါတ် ထက်သန်စွာ လေးလေးနက်နက် အသိအမှတ်ပြုခြင်းကို များစွာကျေးဇူးတင် လေးစားဦးညွှတ်လိုက်ပါတယ်။ ကျွန်တော် ဆိုလည်း ကျွန်တော်ရဲ့ သားနဲ့ သမီးကို ဒီ ၂၀၀၇ ခုနှစ်က စပြီးတော့ တွေ့ခွင့်မရတော့ဘူး။ ကျွန်တော်တို့ ပက်စပို့စ်တွေလည်း အပိတ်ခံထားရတယ်။ သားရော သမီးရော ဒီကို ပြန်မလာရဲကြဘူး။ ကျွန်တော်တို့ကလည်း မလာခိုင်းတော့ဘူး။ အဲတော့ မိသားစုကလည်း တစ်ကွဲတစ်ပြား ကိုယ့် အနုပညာလုပ်ငန်းကလည်း လုပ်ခွင့်မရ၊ အဲဒီတော့ နေ့စဉ်နဲ့ အမျှ မိုးလင်းတာနဲ့ ကိုယ့် ပိုက်ဆံနဲ့ ကိုယ် ဓါတ်ဆီထည့် ပြီးတော့ အသင်းကိုလာ။ အသင်းမှာ နာရေးကိစ္စတွေ ကူညီပြီးလုပ်ပေး။ ကိုယ့် ထမင်းကို ကိုယ့်ပိုက်ဆံနဲ့ ပေးဝယ်စား။ အဲလို လုပ်နေရပါတယ်။ အဖက်ဖက်က အခက်အခဲတွေ ကြားကနေပြီးတော့ လုပ်ဆောင်နေကြတဲ့အထဲမှာ အခုလို ပြည်သူ့ဂုဏ်ရည်ဆု ဆိုတဲ့ ဆုကြီးကို ဖန်တီးပေးခဲ့တဲ့ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတွေ အားလုံး၊ ဆန္ဒမဲပေးကြတဲ့ ပုဂ္ဂိုလ်အသီးသီး၊ ကျွန်တော်တို့ မျိုးရိုးထဲမှာလဲ သုဘရာဇာဆိုတဲ့ မျိုးရိုးလည်း မပါ ပါဘူး။ ဒီကမ္ဘာမြေပြင်ပေါ်ကို ကျွန်တော်ကို ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ ကျွန်တော်ရဲ့ ဖခင် ဦးစိန်တင်နှင့် ကျွန်တော်ရဲ့ မိခင် ဒေါ်မြသန်း မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်အသီးသီး ကျွန်တော်ရဲ့ ဘ၀မှာ အခုလို (၃) နှစ် (၃) မိုး ၀င်ငွေမရှိပဲ လူမှုရေး လုပ်ငန်းကို သစ္စာရှိရှိ သီလလုံခြုံစွာ ထမ်းရွက်ပေးမှုကို တဖက်တလမ်းမှ အားပေးကူညီ ခဲ့တဲ့ ကျွန်တော်ရဲ့ မဟေသီ ရွှေဇီးကွက်နဲ့ ဘာသာရေးနယ်ပယ်မှ တစ်ဆင့် လူမှုရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လမ်းကြောင်းပေးခဲ့သော ကျွန်တော်ရဲ့ သား ပြည်သိမ်းကျော် (U.S.A)၊ သမီး မြင့်မိုရ်ဦး (Austrilia) တို့ကိုလည်း ရင်ထဲမှာ နှစ်နှစ်ကာကာ အထူးကျေးဇူးတင် ဦးညွှတ်မိပါတယ်။ (၃) နှစ် (၃) မိုး ၀င်ငွေ မရှိပဲနဲ့ ဘယ်လို ရပ်တည်နိုင်သလဲလို့ မေးရင် (၂၅) နှစ် အနှစ် (၃၀) ကြိုးစားခဲ့ရတဲ့ အနုပညာလောကမှ ပြည်သူပေးခဲ့တဲ့ သရုပ်ဆောင်ကြေးများကို စနစ်တကျ သိမ်းဆည်း တိုးပွားအောင် လုပ်ပေးခဲ့တဲ့ ကျွန်တော် ဇနီး ရွှေဇီးကွက်ကိုပဲ ထပ်မံပြီး ကျေးဇူးတင်ရမှာပါ။ မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ လုပ်ကိုင်ရင်း ကျွန်တော် မသေမီ အချိန်ထိ ဒါမှမဟုတ် လူသားတွေ ဘယ်တော့မှ မသေနိုင်တော့မယ့် အချိန်ထိ ကျွန်တော်ကတော့ ဒီ နာရေးကူညီမှု လုပ်ငန်းကို ဆက်လက်လုပ်သွားမှာပါ။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ (၃၁) ဘုံမှာ ဘယ်ဘုံမှာမှ မရနိုင်တဲ့ ကုသိုလ်ကောင်းမှုကြီး ဖြစ်နေလို့ပါပဲ။ ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ၄င်း၏ ရင်တွင်းမှ စကားသံများကို လှိုက်လှိုက်လှဲလှဲ ပြောကြားသွားခဲ့ပါသည်။

ပေးပို့လာသူကတော့ အခုတလော သတင်းမှန်တွေနဲ့ ရေပန်းစားနေတဲ့
ပြည်သူ့အတွက် သတင်းအမှန် တင်ပြပေးမည် ဆိုတဲ့ဆောင်ပုဒ်နဲ့ သတင်းတွေရေးနေတဲ့...ရဲရဲတောက် ဘားမားပါပါရာဇီ ဖြစ်ပါတယ်။