ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

"ဗိုလ်တစ်ထောင်မှ ဗလီမီးလောင်မှု ကောလဟာလ သတင်းစာရှင်းလင်း"

"ဗိုလ်တစ်ထောင်မှ ဗလီမီးလောင်မှု ကောလဟာလ သတင်းစာရှင်းလင်း"
တံခါးသော့ကို cutter ဖြင့်ဖျက်နေကြစဉ်
  
ရန်ကုန်၊ဧပြီ ၂

ဗိုလ်တစ်ထောင်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှု နှင့် ပတ်သက်၍ ကောလဟာလ သတင်းများထွက်ပေါ်နေမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ယနေ့ညနေ ၅ နာရီ ၃၀ ခန့်တွင် ဒုတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲပြုလုပ်လိုက်သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်နှင့် ရဲတပ်ဖွဲ့မှုးတို့မှ အခင်းဖြစ်ပွားရာတွင် ဗလီဆရာဦးဇေယျာဖြိုးမှ လုပ်ကြံဖန်တီးထွက်ဆိုမှုကြောင့်  ကောလဟာလသတင်းများ ထွက်ရှိခဲ့ကြောင်း ၊ယခုအခါ စစ်ဆေးချက်များအရ အဖြစ်မှန်ကို သိရှိနေရပြီဖြစ်ကြောင်း ပြောကြားကြသည်။

"တကယ်တမ်းစပြီးတော့ မီးအားမြင့်စက် အသံမြည်တယ်။ ခလေးတွေက နိုး တယ် နောက်တော့ ဗလီဆရာကို နိုးတော့ မနိုးဘူးလို့ သိရတယ်။

မီးပြတ်ရင် စက်ရှိတယ် တဲ့။ တရုတ်နီ ၂၅ ကောင်အား ဒီဇယ်သုံးတာပါ။ လှေခါးရဲ့

 အောက်မီအားမြင့်စက်အောက်မှာ ဒီဇယ်ပုံးရှိပါတယ်။

ဒီဇယ်ဆွတ်ထားတဲ့ စောင်ကို  ဖြန့်ပြီးပစ်မလား၊ ထွက်ဆိုချက်တွေ လွဲနေပြီ ဆိုတော့ မှ ၀န်ခံပါတယ်။
ခလေးတွေ ကပြောတယ်။ လှေကားအောက် မီးအားမြင့်စက်နားမှာ ဒီဇယ်ပုံး ထားတာပါ။
၅ ဂါလံပုံးက ဒီအထဲကိုရောက်နေမလား။
သူ့ကြောင့် ခလေးတွေ ဆုံးတာကို တမင် လွဲပြောထားတာ။

၁၈၈ ထုတ်ထားတာ ကြောင့် လူတွေဟာ မထွက်ကြပါဘူး၊တပ်က ကင်းလှည့် ။ ရဲက ကင်းလှည့် ဘယ်သူကလာရဲမှာလဲ။၁၀ နာရီနောက်ပိုင်းမှာ သိပ်ကို မထွက်ကြပါဘူး " ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေကပြောသည်။

AH(NYK)

ပေါ်ပြူလာဂျာနယ်..

တာချီလိတ်မြို့မှ တပ်မတော် အငြိမ်းစားတဦး၏ နေအိမ်အား လက်နက်ကိုင်ဆောင် အကြိမ်းဖက်ဖျက်ဆီးခံရမှုအား တိုင်ကြားစာ..


သို့

ဒီမိုဝေယံ

 တာချီလိတ်မြို့တွင် တပ်မတော်အငြိမ်းစားတစ်ဦးမှ ၁၉၉၇ ခုနှစ်တွင် မိမိကိုယ်ပိုင် အရင်းအနှီးစိုက်ထုတ်၍ အလျား(၂၇၀)ပေ x အနံ(၁၇၀)ပေရှိ အောင်ပင်လယ်ရေကူးကန်နှင့် ဒေသစာ စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချခဲ့ပြီး၊ ကန်နှင့်ကပ်လျှက်ရှိ အမှတ်(တ.က.တ)၃၅၉ ဟုခေါ်တွင်သော (၁)ထပ်တိုက် အိမ်/ခြံလက်ငုတ် လက်ရင်းအား (၂-၁၁-၂၀၁၁)နေ့တွင် ဟုတ်ပန်းကုမ္ပဏီဟောင်းမှ လောဆန်ဆိုသူသည် လူ(၁၄)ယောက်ခန့်အား ဦးဆောင်၍ တရားမ၀င်သေနတ်ကိုင်ဆောင်ပြီး အမှတ်(တ.က.တ) ၃၅၉ အိမ်တွင် နေထိုင်သူအား လက်နက်အင်အား၊ လူအင်အားသုံး၍ ဆဲဆို၊ ကြိမ်းမောင်းခြိမ်းခြောက်ပြီး အိမ်အပြင်ထွက်ခိုင်းကာ နေအိမ်တစ်ခုလုံး လူနေမရအောင် ဖျက်ဆီးခဲ့သဖြင့် တရားစွဲဆွဲခဲ့ပါသည်...။

 တာချီလိတ်မြို့နယ် တရားရုံးမှ ပြစ်မှုကြီးအမှတ်၊၃/၂၀၁၂ဖြင့် ၄၄၇/၄၂၇-၅၁၂ဖြင့် ဖမ်းဝရမ်းထုတ်ထားသော လောဆန်၊ အားချန်၊ ပအို့ ၎င်း(၃)ဦးအထဲမှ လောဆန်ဆိုသူသည် (၁၀-၂-၂၀၁၃)နေ့တွင် ထပ်မံ၍  တရားမ၀င် ပြောင်းရှည် သေနတ်ကိုင်ဆောင်ကာ အောင်ပင်လယ်ရေကူးကန်ဘောင်ပေါ်ရှိ တိုက်အိမ်တွင် နေထိုင်ကြသော မိသားစုအား သေနတ်ဖြင့် ချိန်ရွယ်ကာ ခြိမ်းခြောက် မောင်းထုတ်သည့်တိုင်အောင် အကြမ်းဖက်လုယူရန် ကြိုးစားခြင်းခံခဲ့ရပါသည်။

ထိုသို့ တရားမ၀င်သေနတ်ကိုင်ဆောင်ကာ အကြိမ်ကြိမ်အကြမ်းဖက် လုပ်ရပ်များလုပ်နေသော ၀ရမ်းပြေးလောဆန်သည် တရုတ်နှစ်သစ်ကူးချိန်တွင် တာချီလိတ် စစ်ဗျူဟာထဲသို့ အန်ဘောင်းပေးခြင်းကို အကြောင်းပြကာ ရဲတင်းစွာဝင်/ထွက်နေခြင်း၊ ၎င်းနေထိုင်ရာ ပါလျှံ(၁)ရပ်ကွက်၊ ဈေးဒေါင့်၊ စာသင်ကျောင်းအနီးနေအိမ်တွင် နေထိုင်လျှက်ရှိပြီး၊ တာချီလိတ်မြို့ပေါ်တွင်လည်း သာမန်လူတစ်ဦးကဲ့သို့ပင် သွားလာနေထိုင်ကြောင်းနှင့် ၎င်းတို့အဖွဲ့သည် အိုးအိမ်၊ခြံမြေယာများအား နည်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ပူးပေါင်းကြံစည်ကြပြီး လုယူရန် ကြိုးစားနေကြကြောင်းသိရှိရပါသည်။

သို့ပါ၍ ဤသို့ တရားမဝင် လက်နက်ကိုင်ဆောင် အကြမ်းဖက်မှုအား သက်ဆိုင်ရာ အာဏာပိုင်များမှ အရေးယူ ဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါသည်..။

 တိုင်ကြားသူ ဦးစောပိုင် ၁၄/ဒဒရ(နိုင်)၀၇၇၄၃၉
အဖအမည် - ဦးအောင်စိန် အမှတ်(တ.က.တ-၃၅၉)၊ တော်ကော့အတွင်း
 အောင်ပင်လယ်ရွာ၊ ဖောင်လိတ်အုပ်စု၊ တာချီလိတ်မြို့ ဖုန်း - ၀၉၄၂၈၂၁၄၀၉၄

ယနေ့နံက်ပိုင်းကဖြစ်ပွားခဲ့သော ၄၈ လမ်း မီးလောင်မှုတွင် ဗလီဆရာနှစ်ယောက် သော့မဖွင့်ပေး၍ အပြစ်မဲ့ ကလေးငယ်များ သေဆုံးရဟုဆို..

ရန်ကုန်၊ ဧပြီ ၂


                               ၄၈ လမ်းမီးလောင်မှု အတွင်းပိုင်းမြင်ကွင်းဓာတ်ပုံများ
                                    ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့
ယနေ့နံက်ပိုင်းကဖြစ်ပွားခဲ့သော ၄၈ လမ်း မီးလောင်မှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့၊ နံနက် ၁၁ နာရီ ခန့်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာရှင်းပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက

"မီးသတ်သမားတွေ အထဲဝင်ဖို့လုပ်နေတုန်းမှာ အထဲမှာ ဗလီဆရာနှစ်ယောက်ရှိတယ်။ သူတို့ကသော့ကိုဖွင့်မပေးကြဘူး။ သော့နှစ်လုံးခတ်ထားတာကို ဖျက်ပြီးဝင်ကြရတယ်။ အထဲကကလေးတွေ မီးခိုးမွှန်ပြီးသေဆုံးကြတာ။ အမှန်ဆိုရရင် သူတို့လေးတွေ မသေသင့်ပဲသေကြရတာပါ။ ဗလီဆရာနှစ်ယောက်ရဲ့ မှားယွင်းစွာဆုံးဖြတ်ချက်ကြောင့်။ သူတို့သော့ဖွင့်ပေးကြမယ်ဆိုရင် ကလေးတွေကိုကယ်နိုင်မှာပါ။ အဲဒီ နှစ်ဦးကို ကျွန်တော်တို့ အရေးယူပါ့မယ်"ဟုပြောခဲ့သည်။

ပြင်ပတွင်ထွက်ပေါ်နေသော ကောလာဟလများကဲ့သို့မဟုတ်ပဲ အတွင်းရှိ မီးအားမြှင့်စက်အပူရှိန်လွန်ကဲရာမှ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း ဦးမြင့်ဆွေကပြောပါသည်။

MTA


Source Popular Myanmar News Journal

၄၈ လမ်းရှိ မီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် ကောလာဟလများ ထွက်ပေါ်ခြင်း မရှိစေရန် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေး ရယူထား..

48Balifire-april2
၄၈ လမ်းရှိ မီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်
ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၈ လမ်းရှိ မီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် ကောလာဟလများ ထွက်ပေါ်ခြင်း မရှိစေရန် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေး ရယူထားကြောင်း ဧပြီ ၂ ရက်နေ့ နေ့လည်ပိုင်းက  ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးမြင့်အေးက ပြောသည်။
"ကောလာဟလတွေ၊ မသမာတဲ့ သူတွေရဲ့ သတင်းအမှားတွေ မပေးနိုင်အောင် လုံခြုံရေးကို အပြည့်အ၀ ရယူထားပါတယ်။ စောင့်ရှောက်ပေးထားပါတယ်။ ဆက်လက်ပြီးတော့ စုံစမ်းစစ်ဆေးရေးတွေ လုပ်နေပါတယ်" ဟု ၄င်းက ပြောသည်။

ယင်းမီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ရှိ မြို့နယ် ၆ မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်အင်အား ၁၂၀ နှင့် ရဲတပ်ရင်းမှ ရဲအင်အား ၃၀ တို့က လုံခြုံရေး ရယူထားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာ ဗလီသို့ ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးမြအေးလည်း လာရောက်ကြည့်ရှုခဲ့ပြီး "အစ္စလာမ်ဘာသာဝင်တွေကို ပြောချင်ပါတယ်။ ကျွန်တော်လည်း မွတ်စ်လင်ပါပဲ။ အားလုံးဟာ ဥပဒေရဲ့ အဆုံးအမအောက်မှာပဲ တန်းတူဖြစ်စေရပါမယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် စိတ်ခံစားမှုတွေကို ရှေ့တန်းတင်ပြီး မရှင်းကြဖို့ လိုပါတယ်" ဟု ပြောကြားခဲ့သည်။

၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက်ဒဏ်ရာ မရရှိဘဲ ပြန်လည်တွေ့ရှိ၊ ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

4.2.1

၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက်ဒဏ်ရာ မရရှိဘဲ ပြန်လည်တွေ့ရှိ၊ ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန် ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက်ဒဏ်ရာ မရရှိဘဲ ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံ ဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာနက ဧပြီလ ၂ ရက် နံနက် ၈ နာရီသတင်း အစီအစဉ်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

သတင်းထုတ်ပြန်ချက်တွင် ''ဧပြီလ ၂ ရက်နေ့ ယနေ့နံနက် ၃ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၊ ၁၀ ရပ်ကွက်၊ ၄၈ လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော်ဗလီတွင် မီးလောင်မှု ဖြစ်ပွားကြောင်း၊ သတင်းအရ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်း တပ်ဆင်ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း” ဟု ဖော်ပြခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်သို့ အမှတ် (၂) တိုင်းမီးသတ် ဦးစီးမှူးနှင့် အဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား (၇၀) ဦး ရှိသည့်အနက်၊ (၁၃)ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးနေကြောင်း သတင်းကြေညာချက်တွင် ပါဝင်သည်။

မီးလောင်မှု ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသည့် စာသင်ကျောင်းသား ၄ ဦးကို ထိခိုက်ဒဏ်ရာ မရရှိဘဲ နံနက် ၇ နာရီကျော်တွင် ပြန်လည်တွေ့ခဲ့ကြောင်း ရဲချုပ်ရုံးမှ တစ်ဆင့် သိရှိရသည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါဗလီသည် စာသင်ကျောင်းနှင့် တွဲဖက်ထားရှိကြောင်းနှင့် အခင်းဖြစ် အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ် ၀န်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်းရရှိပါသည်ဟု သတင်းကြေညာချက်တွင် ပါဝင်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံဖြစ်ပေါ်လာတဲ့ ကောလာဟလများကို မယုံကြည်ရန်နှင့် မြန်မာ့ရုပ်မြင်သံကြာမှ ဖြစ်စဉ်အမှန်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

Eleven Media Group

စင်ကာပူရှိ ပင်နင်ဆူလာ ပလာဇာတတိယထပ်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွား ..

စင်ကာပူရှိ ပင်နင်ဆူလာ ပလာဇာတတိယထပ်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွား
Monday, April 1, 2013

 စင်ကာပူနိုင်ငံရှိ မြန်မာများ အများဆုံး သွားရောက်လေ့ရှိပြီး မြန်မာစား သောက်ဆိုင်နှင့် မြန်မာလူသုံးကုန်ု ပစ္စည်းဆိုင် အများအပြားရှိရာ ပင်နင် ဆူလာ ပလာဇာတတိယထပ်၌ ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 အဆိုပါ မီးလောင်ကျွမ်းမှုသည် မြန်မာအစားအသောက်များ ရောင်းချသည့် ဆိုင်တစ်ဆိုင်၌ ဓာတ်ငွေ့မီးဖို ပေါက်ကွဲမှုကြောင့် စတင်လောင်ကျွမ်းခြင်း ဖြစ်သည်ဟု ယူဆရကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် အသက်နှစ် ဆယ်ကျော်ခန့် အရွယ်ရှိ အမျိုးသားတစ်ဦး ခြေထောက်၌ မီးလောင်ဒဏ်ရာ များ ရရှိကာ ဆေးရုံသို့ ပို့ခဲ့ရကြောင်း The Straits Times သတင်းဋ္ဌာနက ဖော်ပြသည်။

 စင်ကာပူ မြို့ပြကာကွယ်ရေးအဖွဲ့က ၎င်းတို့ မရောက်ရှိမီ အချိန်က တည်းက ယင်းအဆောက်အဦမှ လူများသည် မိမိတို့ဘာသာ ထွက် ခွာခဲ့ပြီးဖြစ်ကြောင်းနှင့် ယင်းအဆောက်အဦ အတွင်းရှိ အလိုအ လျောက် မီးငြှိမ်းသတ်သည့် စနစ်က မီးကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းမှုသည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၀ မိ နစ် ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး The Straits Times သတင်းဋ္ဌာနမှ သတင်းထောက်များ ရောက်ရှိချိန်တွင် ဝန်ထမ်းများနှင့် အခြား သူစုစုပေါင်း ၁၀၀ ခန့်သည် မီးလောင်မှု ဖြစ်ပွားရာ အဆောက် အဦ အပြင်ဘက်၌ ဝိုင်းအုံနေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

 Ref:The Straits Times
Eleven Media Group

Michael Learns To Rock အဖွဲ့ရဲ့ ပထမဆုံးမြန်မာပြည် ဖျော်ဖြေပွဲ..

Michael Learns To Rock အဖွဲ့ရဲ့ ပထမဆုံးမြန်မာပြည် ဖျော်ဖြေပွဲကို သီချင်းပုဒ်ရေ ၂၀ ကျော်ခန့်နဲ့ အားပါးတရသီဆိုခဲ့ပြီး ပွဲအပြီးမှာတော့ ပရိတ်သတ်များ၏ ထပ်မံတောင်းဆိုမှုများကြောင့် သီချင်း ၃ ပုဒ်ခန့် ဆက်လက်သီဆိုပေးခဲ့ပြီး ပရိတ်သက်များ စိတ်ကျေနပ်သည်အထိ ဖျော်ဖြေပေးခဲ့သည်။

ပေါ်ပြူလာဂျာနယ်...

အစိုးရဝန်ထမ်း လစာနှုန်းနှင့် ပင်စင်လစာနှုန်းများ တိုးမြှင့်သတ်မှတ်...

ဧပြီလတရက်နေ့မှာ တိုးမြှင့်သတ်မှတ်ပေးလိုက်သည့် အစိုးရ၀န်ထမ်းများ၏ လစာ၊ ပင်စင်လစာနှင့် လုပ်ခများ..

၂၀၁၃ ဧပြီ ( ၁ ) ရက်နေ့ တွင်ကျရောက်မည့် ကြားဖြတ်ရွေးကောက်ပွဲ တစ်နှစ်ပြည့် ဂုဏ်ပြုအစီအစဉ် - အပိုင်း ၃၊ ၄၊ ၅

၂၀၁၃ ဧပြီ ( ၁ ) ရက်နေ့ တွင်ကျရောက်မည့် ကြားဖြတ်ရွေးကောက်ပွဲ တစ်နှစ်ပြည့် ဂုဏ်ပြုအစီအစဉ် - အပိုင်း ၃၊ ၄၊ ၅ ကိုမျိုး (မြန်မာစာ) ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ဂုဏ်ပြု စီစဉ်တည်းဖြတ်သည်..။ လင့်ခ်http://www.youtube.com/watch?v=-TwIjVrgXCk

ညွန်ကြားရေးမှူးချုပ် အပါအဝင် အရာရှိအချို့အား တာဝန်မှရပ်စဲခြင်း၊ အနားပေးခြင်း၊ ဌာနပြောင်းခြင်းများပြုလုပ်၊ တပ်မတော် အရာရှိများ အစားထိုး ဝင်ရောက်မည်ကို ဝန်ထမ်းများ စိုးရိမ်..

 ဓာတ်ပုံ http://flashpackatforty.com
ဝန်ကြီးဌာနအချို့မှ ညွှန်ကြားရေးမှူး အဆင့်မှစ၍ ညွှန်ကြားရေးမှူးချုပ် အဆင့်အထိရှိသော တာဝန်ထမ်းဆောင်နေသူ အချို့အား ရာထူးမှ အနားပေးခြင်း၊ ဌာနပြောင်းရွှေ့ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု သတင်းရရှိပါသည်။

ယခုပြောင်းရွှေ့ခြင်း၊ အနားပေးခြင်း ပြုလုပ်သည့် ၀န်ကြီးဌာနများထဲတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန အများစုတွင် တာဝန်ထမ်းဆောင်နေသည့် ညွှန်ကြားရေးမှူးချုပ် အချို့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် အချို့နှင့် ညွန်ကြားရေးမှူးအချို့ ပါဝင်သည်ဟု သိရသည်။
လက်ရှိအချိန်တွင် ပြောင်းရွှေ့ရမည့် အရာရှိများ၊ အနားယူရမည့် အရာရှိများထံသို့ ညွှန်ကြားချက်များ ပေးပို့ထားကြောင်း၊ မည်သည့်အတွက် ပြောင်းရွှေ့ခြင်း၊ အနားပေးခြင်း ပြုလုပ်သည်ကို မသိရှိရသေးကြောင်း သိရသည်။

"ညွှန်ချုပ်၊ ဒုချုပ်နဲ့ ညွှန်မှူးတွေပါတယ်။ ပြောင်းတဲ့သူပြောင်း အနားပေးတဲ့သူ ပေးပေါ့။ အခု အမိန့်စာတွေတော့ ရထားတယ်။ မကြာခင်မှာ ထုတ်ပြန်မယ်လို့ သိရတယ်။ ဘာကြောင့်လဲဆိုတာတော့ အတိအကျ မသိရပေမယ့် အခု အနားပေးခံရတဲ့ အပြောင်းခံရတဲ့ အထဲမှာပါတဲ့ တချို့ကတော့ အတိုင်ခံဖူးတာတို့၊ လာဘ်ပေးလာဘ်ယူမှုနဲ့ ဆက်စပ်ခဲ့တာတို့ ရှိတယ်လို့ ပြောတယ်။ တချို့ကတော့ ဘာလို့ ပြောင်းမှန်း အနားပေးမှန်း မသိသေးဘူး။ ပြောင်းတယ်ဆိုတာမှာ ဟိုဘက်ဝန်ကြီးဌာနနဲ့ ဒီဘက်ဝန်ကြီးဌာန ဒဲ့ပြောင်းတာ ရှိသလို လစ်လပ်နေတဲ့ နေရာတွေကို ပြောင်းပြီး တာဝန်ထမ်းရတာမျိုးလည်း ပါတယ်။ စီးပွားကူးသန်းက ခြောက်ဦး၊ ခုနစ်ဦးလောက်တောင် ပါတယ်လို့ သိရတယ်" ဟု ၀န်ကြီးဌာနတစ်ခု၏ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။အတည်မပြုနိုင်သေးသည့် သတင်းအရ တာဝန်မှ ရပ်စဲခြင်း၊ ရွှေ့ပြောင်းခြင်း၊ အနားပေးခြင်းခံရသည့် ၀န်ထမ်းဦးရေမှာ ၅၀ ကျော်အထိ ရှိနိုင်သည်ဟု သိရသည်။

ဒီအပြောင်းအလဲဟာ ဘယ် Criteria ပေါ်မှာ ဆုံးဖြတ်သလဲဆိုတာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ၀န်ထမ်းလောကမှာတော့ အကြောက်တရား လွှမ်းမိုးသွားပြီ. . . . 
အပြောင်းအလဲ ပြုရာတွင် လစ်လပ်သွားသည့် နေရာများသို့ တပ်ဘက်မှ အရာရှိများ အစားထိုး ၀င်ရောက်မည်ကို ၀န်ထမ်းအချို့က စိုးရိမ်လျက် ရှိသည်ဟု သိရသည်။
"အခုအချိန်က ပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့အတွက် အရင်ကထက် အလုပ်ကို ၁၀ ဆလောက် ပိုလုပ်နေရတယ်။ တစ်သက်လုံး မလုပ်လာတာတွေကို ပြန်လုပ်နေရတာ။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ ဌာနတွေဆို ပိုဆိုးတယ်။ တပ်ကအရာရှိတွေ အစားထိုး ၀င်ရောက်လာရင် အစကနေ ပြန်သင်ပေးရတယ်။ အလုပ်မတွင်ဘူး။ ပြန်ရှင်းပြလို့လည်း မရဘူး။ ဥပဒေနဲ့ ပတ်သက်တဲ့ ဌာနတွေဆို ပိုဆိုးတယ်။ အချိန် အရမ်းယူရတယ်။ အရပ်ဖက် ၀န်ထမ်းထဲက ထူးချွန်တဲ့သူတွေကိုပဲ ရာထူးတိုးပေးသင့်တယ်။ ဒါမှ အများပြည်သူနဲ့ ဆက်ဆံရတဲ့အခါမှာ ရုံးလုပ်ငန်းတွေ မြန်ဆန်မှာ ဖြစ်သလို ပြောင်းလဲမှုတွေ ပြုလုပ်တဲ့အခါ အချိန်ယူစရာ မလိုတော့ဘူး" ဟု နေပြည်တော်ရှိ ၀န်ကြီးဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြောပြခဲ့သည်။

"ဒီတစ်ခါ အပြောင်းအလဲ လုပ်တာက လုပ်ငန်းအောင်မြင်တာ၊ မအောင်မြင်တာနဲ့ သိပ်မဆိုင်ဘူးလို့ ထင်တယ်။ တချို့ လုပ်ငန်းအောင်မြင်တဲ့သူတွေ အပြောင်းခံရတဲ့အထဲပါပြီး လာဘ်ပေးလာဘ်ယူများတယ်လို့ အများထင်မြင်သူတွေတော့ ဘာမှမဖြစ်ဘူး။ ကျွန်တော့်အမြင် ပြောရရင် သမ္မတရုံးရဲ့ ဗဟိုချုပ်ကိုင်မှုကို ပိုပီပြင်အောင် လုပ်တယ်လို့ ယူဆပါတယ်။ ဗဟိုဦးစီးစနစ်နဲ့ ဗျူရိုကရေစီ ယန္တရားကို ပိုမိုပီပြင်အောင် လုပ်လိုက်တဲ့သဘော ဖြစ်နေတယ်။ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ၊ ၀န်ကြီးဌာနတွေမှာ လုပ်ပိုင်ခွင့် ထင်သလောက် မရဘဲ အရင်အစိုးရရဲ့ အုပ်ချုပ်မှုပုံစံနဲ့ ဘာမှမကွာဘူး ဖြစ်နေတယ်။ အရေးကြီးတဲ့ ပညာရေးဝန်ကြီးဌာနမှာပဲ လူသစ်တွေ ထည့်လိုက်တာက အနာဂတ် ပညာရေးအတွက် ရင်လေးစရာပါ။ အရင်က အစိုးရသမ္မတရုံး ညွှန်ချုပ်တွေကိုလည်း အဲဒီကိုပဲ ရွှေ့ခဲ့တာ။ အခုလည်း စစစ ညွှန်ချုပ်ကို အဲဒီကိုပဲ ရွှေ့တယ်လို့ သိရတယ်။

 ဘာမှ ဆက်စပ်မှု မရှိတဲ့နေရာ၊ မဆိုင်တဲ့နေရာတွေကို ပို့တာဟာ mismanagement ပါပဲ။ သမ္မတကတော့ လုပ်ငန်းအားလုံး ပွင့်လင်းမြင်သာမှု ရှိရမယ်လို့ ပြောတယ်။ ဒါပေမယ့် ဆက်သွယ်ရေးဝန်ကြီး ထုတ်ပယ်မှုကအစ ပွင့်လင်းမြင်သာမှု မရှိဘူး။ ကျွန်တော် နားလည်သလောက်တော့ ညွှန်ချုပ်နဲ့ ညွှန်ကြားရေးမှူး level မှာ အရည်အသွေးနဲ့ အရည်အချင်းက သိပ်မကွာဘူး။ အစိုးရရဲ့ အဓိကပြဿနာက အရင်အစိုးရလိုပဲ ဗဟိုချုပ်ကိုင်မှု များလွန်းတဲ့အတွက် အစိုးရရဲ့ ယန္တရားက မသွက်လက်ဘူး ဖြစ်နေတာပါ။ ဒီအပြောင်းအလဲဟာ ဘယ် Criteria ပေါ်မှာ ဆုံးဖြတ်သလဲဆိုတာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ၀န်ထမ်းလောကမှာတော့ အကြောက်တရား လွှမ်းမိုးသွားပြီ" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

  Eleven Media Group