ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက်ဒဏ်ရာ မရရှိဘဲ ပြန်လည်တွေ့ရှိ၊ ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

4.2.1

၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက်ဒဏ်ရာ မရရှိဘဲ ပြန်လည်တွေ့ရှိ၊ ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန် ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက်ဒဏ်ရာ မရရှိဘဲ ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံ ဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာနက ဧပြီလ ၂ ရက် နံနက် ၈ နာရီသတင်း အစီအစဉ်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

သတင်းထုတ်ပြန်ချက်တွင် ''ဧပြီလ ၂ ရက်နေ့ ယနေ့နံနက် ၃ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၊ ၁၀ ရပ်ကွက်၊ ၄၈ လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော်ဗလီတွင် မီးလောင်မှု ဖြစ်ပွားကြောင်း၊ သတင်းအရ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်း တပ်ဆင်ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း” ဟု ဖော်ပြခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်သို့ အမှတ် (၂) တိုင်းမီးသတ် ဦးစီးမှူးနှင့် အဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား (၇၀) ဦး ရှိသည့်အနက်၊ (၁၃)ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးနေကြောင်း သတင်းကြေညာချက်တွင် ပါဝင်သည်။

မီးလောင်မှု ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသည့် စာသင်ကျောင်းသား ၄ ဦးကို ထိခိုက်ဒဏ်ရာ မရရှိဘဲ နံနက် ၇ နာရီကျော်တွင် ပြန်လည်တွေ့ခဲ့ကြောင်း ရဲချုပ်ရုံးမှ တစ်ဆင့် သိရှိရသည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါဗလီသည် စာသင်ကျောင်းနှင့် တွဲဖက်ထားရှိကြောင်းနှင့် အခင်းဖြစ် အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ် ၀န်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်းရရှိပါသည်ဟု သတင်းကြေညာချက်တွင် ပါဝင်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံဖြစ်ပေါ်လာတဲ့ ကောလာဟလများကို မယုံကြည်ရန်နှင့် မြန်မာ့ရုပ်မြင်သံကြာမှ ဖြစ်စဉ်အမှန်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

Eleven Media Group