ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေ့အိမ်မှကျေးဇူးတင်စကား.....

အမေ့အိမ်မှကျေးဇူးတင်စကား။

သင်္ကြန်အပြီးမှာ ပြင်ဆင်တိုးချဲ့  ဆောက်လုပ်ပြီး အမေ့အိမ်ပညာဒါနကျောင်းကို အားလုံး ၀မ်းသာရအောင် တင်ပေးလိုက်ပါတယ်။ သင်္ကြန်တွင်းမှာ ကျောင်းကော်မတီဝင်တွေ အနားမယူပဲ လုပ်အားပေးခဲ့လို့ အမေ့အိမ်ဟာ အခုဆို တိုးတက်ကျယ်ဝန်း လာခဲ့ပါပြီ။ ပိုပြီး သပ်ရပ်ကျယ်ဝန်းလာတဲ့ အမေအိမ့်မှာ တိုင်းပြည်ရဲ့  ရတနာလေးတွေ အေးချမ်းစွာ ပညာသင်ယူနေကြပါပြီ...။

(၁) ကျောင်းကော်မတီရဲ့  ကြိုးစားအားထုတ်မှု
(၂) အလှူရှင်များရဲ့  စေတနာထက်သန်မှု
(၃) ကျောင်းသားမိဘတွေရဲ့  ၀ိုင်းဝန်းကူညီမှု
(၄) သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများရဲ့ နားလည်လက်ခံပေးမှု

တို့အပေါ်အထူးကျေးဇူးတင်ပါကြောင်း မင်္ဂလာရှိတဲ့ နှစ်သစ်ဦး မှာ အားလုံးရဲ့ ကိုယ်စားပြောပါရစေ။ ကျောင်းကော်မတီဝင်များရဲ့  ပြောကြားချက်အရ Summer Course အားလုံးကို May 29th မှကျောင်းဆင်း လက်မှတ်အပ် နှင်းပွဲနဲ့ ဆရာကန်တော့ပွဲ ကျင်းပမယ်လို့ သိရပါတယ်။ ၂၀၁၁-၁၂ ပညာသင်နှစ် သင်တန်းတွေကိုတော့ 1st June နေ့မှပြန်လည် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ 1st June မှ Computer သင်တန်းကိုလည်း စတင် သင်ကြားပေးနိုင်အောင် ကြိုးစားနေပါတယ်။ လောလောဆယ် Computer သုံးစုံ အလှူခံရရှိထားပါပြီ။ တိုးချဲ့ ထားတဲ့ အဆောင်အနေအထားအရ Computer ရှစ်လုံးလောက်အထိတပ်ဆင်
သင်ကြားပေးနိုင်မှာဖြစ်ပါတယ်။ မိမိတို့မှာ အသုံးမ၀င်ပိုလျှံနေတဲ့ Model နှိမ့် Computer အဟောင်းများကို ပညာဒါနအဖြစ် လှူဒါန်းနိုင်ပါတယ်။ စာကြည့်တိုက်ငယ် တစ်ခုလည်း ဖွင့်လှစ်မှာ ဖြစ်တဲ့အတွက် စာအုပ်စာတမ်း ဂျာနယ်များလည်း လှူဒါန်းနိုင်ပါတယ် ။

အလှူရှင်များ အားလုံး ပညာပါရမီ ပြည့်ဝကြပါစေ။

ကျောင်းလိပ်စာ။..... ။အမှတ် ( ၅၄၈ ) မေခလမ်း (၁၄) ရပ်ကွက် (ပင်လုံဈေးအနီး)
လှိုင်သာယာမြို့နယ်

ကျေးဇူးတင်စွာဖြင့်
ကိုငယ် ( 09 5162060)

"စိုးကြောက်ပါလျှင်"


ထပ် လုပ်ပါပြီ။ ထပ် ဆူပါပြီ။ နောက်တကြိမ် ပြန်ဖမ်းပေါ့... (ဆောင်းပါးရှင် အောင်မျိုးထွန်း)


ဦးဝင်းတင် ပြောဖူးတဲ့စကား မှတ်မိတယ်။ “ ကြယ်ငါးပွင့်အဆင့် ရှိနေပါစေ၊ ထောင်ဆိုတာ လူတစ်ယောက် နေဖို့ သင့်တော်တဲ့အရပ် မဟုတ်ဘူး။ ” စစ်ကြောရေးစခန်းမှာ နေရတာ၊ထောင်ထဲမှာ အချိန်ကုန်ရတာ လူသားတစ်ယောက်ရဲ့ ဘ၀ကို တစ်ဆင့်လျှော့ချ ခံထားရတယ်လို့ ခံစားရပါတယ်။ နေခဲ့ဖူးတဲ့ အကျဉ်းကျနိုင်ငံရေး သမားတွေ ကောင်းကောင်း သိကြပါတယ်။ အိမ်ထဲက အိမ်အပြင်ကို (၁) လ တိတိ မထွက်ဘဲ နေကြည့်ကြပါ။ လွတ်လပ်စွာ သွားလာရှင်သန်ခွင့်ရဲ့ အရသာကို ဝေမျှနားလည် နိုင်ပါလိမ့်မယ်။ ဒါဆိုရင် ထောင်ထဲက နိုင်ငံရေးရဲဘော်တွေရဲ့ ရစ်သမ်တွေ ဘယ်လိုနေကြမလဲဆိုတာ ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။ 

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ရှိပါတယ်။ ဘာပြစ်မှုတွေ သူတို့ ကျူးလွန်ထားကြလို့ နှစ်ရှည်ထောင်ဒဏ်တွေ ခံနေကြရတာလဲလို့ မေးမယ့်အစား သူတို့ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားအပ်တဲ့ စေတနာကို ကြည့်ရပါမယ်။ တည်ဆဲဥပဒေကိစ္စ၊ ဒီမိုကရေစီရေး ဒါတွေနဲ့ “ ကိုင် ” ပြီး စကားပြောနေကြရင်ဖြင့် တစ်ယောက်ခေါင်း တစ်ယောက် ရိုက်ခွဲကြဖို့ ဘဲရှိတော့တယ်။ သူ့ ဘက် ကိုယ့်ဘက် ရှိမှာပေါ့။

“ဆင်စွယ်ရွာလူသတ်မှု” နဲ့ အလံနီသခင်စိုးကြီး ထောင်ထဲမှာ ဘယ်နှစ်နှစ်နေခဲ့ရလို့လဲ။ သေဒဏ်ပေးခဲ့ပေမယ့် ဦးနေ၀င်းက ငဲ့ညှာစွာနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ နေ့ကြီးရက်ကြီး အထိမ်းအမှတ်တို့ ဘာတို့ အကြောင်းပြပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးလို့ လွှတ်ပေးတဲ့အစိုးရကို ၀ိုင်းဆဲမယ့် အတိုက်အခံမရှိပါဘူး။ နတ်လူသာဓုခေါ်ကြမယ့်အလုပ်ပါ။ တစ်တိုင်းပြည်လုံးက သာဓုခေါ်ဖို့ စောင့်နေကြပါတယ်။ အခုအစိုးရသစ်ဆိုတာ ပါတီစုံစနစ်နဲ့ တက်လာတဲ့အစိုးရဆိုရင် ဒီလိုတွေးကြည့်လို့ ရပါသေးတယ်။ ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ တစ်ပါတီစနစ်ကို တိုက်ပွဲဝင်ဖြိုချခဲ့တဲ့၊ ပါတီစုံစနစ်ကို တောင်းဆိုခဲ့တဲ့ ရှစ်ဆယ့်ရှစ် ကျောင်းသားတွေ တထောကြီးပါနေပါတယ်။ သူတို့ကြောင့် ဒီစနစ်ဒီခေတ်ကို တစ်ဆင့် ရောက်လာရတယ်လို့ ကောက်ချက်ချလို့ ဖြစ်ပါတယ်။ ဒီမိုကရေစီ အတု၊ အစစ်ကိစ္စ ခဏ ဖယ်ထားပါ။ လက်ရှိအာဏာရနေတဲ့ ၀န်ကြီးဝန်လေးတွေ သိဖို့က တာဝန်က အနားယူသွားတဲ့ ဗိုလ်ချုပ်မှုးကြီးကြောင့် ဆိုတာထက် အခု မြန်မာပြည်အသီးသီးက အကျဉ်းထောင်တွေထဲမှာ ဒုက္ခမျိုးစုံခံစားနေရတဲ့ နိုင်ငံရေးသမားတွေကြောင့် ဒီပို့စ်  ဒီဘ၀ကို ရောက်နေ၊ ရနေကြတယ် ဆိုတာပါဘဲ။ ထောင်ထဲက ဒီမိုကရေစီရေး လမ်းဖောက်ခဲ့သူတွေကို မမေ့သင့်ဘူး။ တော်လောက်ပါပြီ။ လွတ်လပ်ခွင့်လည်း ပေးသင့်ပါပြီ။

မြန်မာပြည်အနှံ့ လှည်းနေလှေအောင်း မြင်းစောင်းမကျန် မဲပုံးထောင်စရာ မလိုပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးသင့် မသင့် ပြည်သူ့ဆန္ဒ ခံယူနေစရာ မလိုပါဘူး။ ကြိုတင်မဲတွေ ဖွင့်ကြည့်ရင်လည်း လွှတ်ပေးဖို့ ဘဲ ဖြစ်မှာပါဘဲ။ လက်ရှိအာဏာရပါတီ ထိပ်တန်းပုဂ္ဂိုလ် ဦးဌေးဦး ပြောတာ ဖတ်လိုက်ရပါတယ်။ “ အမည်ခံပါတီ မဖြစ်စေရဘူး၊ ပြည်သူ့ ဆန္ဒကို ထင်ဟပ်တဲ့ပါတီ ဖြစ်ရမယ် ” ဆိုလား။

ဟုတ်ပါ့မလား မောင်ကာဋုရေ ဆိုပြီး နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကို ခွဲခြမ်းစိတ်ဖြာ မနေစေချင်ဘူး။ အချိန် ဆွဲ မနေစေချင်ဘူး။ ဘယ်သူ့အမိန့်မှလည်း မျှော်မနေစေချင်ဘူး။ ပါတီ အရေးပေါ် အစည်းအဝေးတစ်ခုခေါ်ပြီး သမ္မတကို ဆုံးဖြတ်ချက် မြန်မြန် ချ စေချင်ပါတယ်။ ကောင်းတဲ့အလုပ် ဖြစ်လို့ ဖင့်နှေးမနေဘဲ မြန်မြန်ထက်ထက် ဖြစ်စေချင်ပါတယ်။ ထောင်ထဲက နိုင်ငံရေးအကျဉ်းသမားတွေက တရုတ်လူမျိုးတွေလား။ ယန်းကီးစပ် အမေရိကန်တွေ လား။ ဖမာဖမာလို့ခေါ်တဲ့ ယိုးဒယားတွေလား။ ဆလန်မာပါကီးတွေလား။ နိုး နိုး မဟုတ်ကြဘူး။ သူတို့တွေဟာ ပြည်ထောင်စုဖွား မြန်မာလူမျိုးတွေပါ။ တရေထဲသောက် တမြေထဲနေတွေ မဟုတ်ဘူးလား။ မြန်မာပြည်ကို ကမ္ဘာ့မြေပုံက ကွယ်ပျောက်သွားအောင် လုပ်မယ့်သူ တစ်ယောက်မှ မပါဘူး။ မြန်မာပြည်ကို ထူးထူးကဲကဲ သိပ်ချစ်ကြတဲ့ မျိုးချစ်သမားတွေလို့ ဧရာဝတီမြစ်ကြီးကို တိုင်တည်နိုင်ပါတယ်။ အခန့်မသင့်လို့ စနိုးစနောင့်ဖြစ်ခဲ့ကြတာကို နှစ်ဘက်စလုံးက ပုဒ်မ ချ သင့်ပြီ။ ဖျားနာနေတာ ကြာလှပြီဖြစ်တဲ့ ဟောဒီမြန်မာပြည်ကို နာလန် ထ အောင် လုပ်နိုင်သူတွေ လုပ်ပေးကြပါ။ သန်းခြောက်ဆယ်လုံး ဆက် မရှုံးချင်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ရင် ဆူပူမှုတွေ၊ မတည်ငြိမ်မှုတွေ ချက်ချင်း ထ ဖြစ်မယ်လို့ ဘယ်သူများ ၀ါဒဖြန့် ထားလို့ လဲ။ ကဲ ..

ဒေါ်အောင်ဆန်းစုကြည် ထွက်လာတာ (၆) လ ပြည့်တော့မယ်။ ဒေါ်စု ဘာတွေပြောလဲ၊ အစိုးရသစ်ကို ဘယ်လိုမှတ်ချက်ပေးသလဲ။ ဟာ.. သူတို့က ဒေါ်စုလို မဟုတ်ဘူး၊ ပြန်ထွက်လာရင် လမ်းပေါ်ထွက် ဆန္ဒပြကြမှာ၊ ရွှေဝါရောင်လိုထပ် ဖြစ်မှာလို့ တွေးကြသူတွေ ရှိနေသလား။ ဒါ US AND THEM ပေါ်က ထိုင် ကြည့်တာဘဲ။ ပြည်သူနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးကို ကျောခိုင်းတာဘဲ။ ထပ်လှုပ်ပါပြီ။ ထပ် ဆူပါပြီ။ နောက်တကြိမ် ပြန်ဖမ်းပေါ့။

သမ္မတသစ်ရဲ့ ချွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ကို ကျွန်တော်တို့ အားလုံး မျှော်နေပါတယ်။


အောင်မျိုးထွန်း
၁၉- ၄- ၂၀၁၁



ခဏလေးတောင် အချိန်လေး မပေးနိုင်ကြတော့ဘူးလားဗျာ...

ဓာတ်ပုံ Asia

ယခုတစ်လော အင်တာနက် စာမျက်နှာ သတင်းတွေမှာ အစိုးရအသစ်အပေါ် အဖွဲ့ချုပ်က ထောက်ခံတယ် ဆိုပြီး ပြောဆိုဝေဖန်မှုတွေ တစ်စထက် တစ်စ များပြားလာသလို မိမိခေါင်းဆောင် အပေါ်မှာလည်း ရန်သူ့အကြိုက် ဝေဖန်ပြောဆိုမှုတွေ တွေ့မြင်လာရပါတယ်...။ ကဲအများဆိုသလို မှားနေတာကို ဒီမိုကရေစီ နည်းလမ်းကျကျ ဝေဖန် ထောက်ပြသင့်တယ် ဆိုရင်တော့ ကျွန်လည်း ကျွန်တော့်အမြင် ကျွန်တော်သိသမျှနဲ့ လေးရေးပြီး ပြောဆိုခွင့် ပြုစေလိုပါတယ်...။

လွန်ခဲ့တဲ့ (၂)ရက်က မိတ်ဆွေတစ်ယောက်နဲ့ ပတ်သက်ပြီး စစ်ဗိုလ်ချုပ်တွေနဲ့ အင်မတန်နီးစပ်တဲ့ အသိုင်းအဝန်းက သူတစ်ယောက်နဲ့ ခေတ္တခဏ စကားပြောဆိုခွင့် ရခဲ့ပါတယ်...။ ကဲသူပြောပြတာတွေထဲက တစ်ချို့ကို ပြောပြရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို မလွတ်ခင်မှာ ယခင် နအဖစစ်အစိုးရက ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်...။ အဆိုပါသတင်းအား စစ်တပ်ထိပ်ပိုင်း ဗိုလ်ချုပ် အသိုင်းအဝန်းမှာ မသိသူမရှိလို့ ဆိုပါတယ်...။ နောက်ဆုံး လက်ရှိ အာဏာရအစိုးရကို နောက်ကွယ်က ကြိုးကိုင်မယ့် နိုင်ငံ့ဥသျှောင်အဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ပြီး ဝိုင်းဝန်းကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့လည်း ဆိုပါတယ်...။ သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါ ကမ်းလှမ်းချက်အား မိမိမှ အာဏာလိုချင်လို့ နိုင်ငံရေးလုပ်တာ မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး ကန့်ကွက်ခြင်းမရှိသလို ငြင်းပယ်ခြင်းလည်း မရှိဟု ဆိုပါတယ်...။ ဒေါ်အောင်ဆန်းစုကြည်မှ စောင့်ကြည့်မယ့် အနေအထားမှာ ရှိကြောင်း သုံးသပ်လို့ရတယ်လို့ အဆိုပါပုဂ္ဂိုလ်မှ ဆိုပါတယ်...။ လက်ရှိ အခြေအနေ၌ အစိုးရရဲ့ လုပ်ဆောင်မှု မှန်သမျှကို ဒေါ်အောင်ဆန်းစုကြည်အား အသိပေးနေကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောဆိုပါတယ်...။

ဒါကတော့ စစ်ဗိုလ်ချုပ်တွေနဲ့ အထူးနီးစပ်သူ တစ်ဦးမှ လက်ရှိအခြေအနေကို ခေတ္တခဏ တွေဆုံရာမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်...။ သူပြောတဲ့ စကားတွေမှာ ရာခိုင်းနှုန်းအပြည့် မှန်နိုင်ပါ့မလားလို့ စာဖတ်သူတွေအနေနဲ့ စောဒက တက်လိုကတက်နိုင်သလို ဘာအထောက်အထားကို ပြနိုင်သလဲလို့ မေးလိုက မေးနိုင်ပါတယ်။ ကျွန်တော်အနေနဲ့ အမည်နာမကို ထုတ်ဖော် မပြောပြနိုင်ပေမယ့် လက်ရှိ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ အဆိုပါပုဂ္ဂိုလ်ရဲ့ အနေအထားနဲ့ ပြောဆိုတာတွေကို ဆက်စပ်ပြီး တော်တော်များများ အချက်တွေကိုတော့ လက်ခံမိပါတယ်..။

ဒါကတစ်ပိုင်းပေါ့ဗျာ... လက်ရှိအခြေအနေမှာ အဖွဲ့ချုပ်က ထွက်ပေါ်လာတဲ့ အစိုးရကို အသိအမှတ်ပြုတာ မဟုတ်ပါဘူး.. သတင်းတွေမှာ အနည်းငယ် ကောက်ချက်ချလွဲနေတာပါ...။ ကိုယ်ကိုယ်တိုင်လည်း စုံစမ်းမေးမြန်းပြီးပါပြီ..။ ဖြစ်ပေါ်လာတဲ့ အစိုးရတစ်ရပ်ကို ရှိနေတာကို လက်ခံတာပါ။ အသိအမှတ် ပြုသေးတာမဟုတ်ပါဘူး...။ ဥပမာ အာဖဂန်နစ္စတန်မှာ တာလီဘန်အစိုးရ ပေါ်ထွက်လာတုန်းက အဆိုပါနိုင်ငံမှာ အစိုးရတစ်ရပ် ဖြစ်တည်နေတာကို နိုင်ငံတကာက လက်ခံခဲ့တာပါ.. ထို့အတူ ဆိုမာလီ ၊ ဆူဒန်တို့မှာလည်း ဒီလိုပါပဲ။ သူပုန်အစိုးရ တက်နေရင် သူပုန်အစိုးရအဖြစ် လက်ခံရတာပါပဲ..။ အသိအမှတ်ပြုတာ မပြုတာက သက်ဆိုင်ရာနိုင်ငံတွေရဲ့ သဘောထားပါ...။ ထို့အတူ မြန်မာနိုင်ငံမှာလည်း ယခင် အာဏာရှင်အစိုးရ (ယခု အာဏာရှင်မဟုတ်ဟု မဆိုလိုပါ..)ကို နိုင်ငံတကာမှ တည်ရှိနေတဲ့ အစိုးရအဖြစ် လက်ခံရတာပါ..။ အစိုးရအဖြစ် လက်ခံတာနဲ့ အသိအမှတ်ပြုတာ စကားအရာအားဖြင့် အများကြီး ကွာခြားပါတယ်...။

လက်ရှိ ကျွန်တော်တို့ ခေါင်းဆောင် နေအိမ်မှာ နှစ်ပေါင်းများစွာ အကျယ်ချုပ်ခံနေရပြီး ပြန်လွတ်လာတာ (၆)လတောင် မပြည့်သေးပါဘူး..။ ပြန်လွတ်လာတဲ့ အချိန်ကနေ ယခုလက်ရှိထိ နေ့ရောညပါ အလုပ်လုပ်နေတာပါ...။ တဘက်မှာ နိုင်ငံတကာက နိုင်ငံခေါင်းဆောင်တွေ သံတမာန်တွေနဲ့ တွေ့ဆုံဆွေးနွေး နေသလို တစ်ဘက်မှာလည်း နှစ်ပေါင်းများစွာ အကြောက်တရားတွေ အောက်မှာ မလူးသာမလွန့်သာနဲ့ ရင်ဆိုင် ဖြတ်သန်းနေရတဲ့  ပြည်သူတွေ၊ လူငယ်တွေကို ပြန်လည် စုစည်းမှုတွေ ပြုလုပ်ပြီး နိုင်ငံရေး ချိန်ခွင်လျှာကို ပြန်ညှိယူနေတာပါပဲ....။ ကျွန်တော်တို့ မသိနိုင်၊ မမြင်နိုင်တဲ့ နိုင်ငံရေး ကစားကွက်တွေ အများကြီး ရှိပါတယ်...။ တစ်ချို့အပိုင်းတွေ ဖွင့်ပြောလို့ မရတာ ချပြလို့မရတာ အများကြီး ရှိမှာပါ...။ ကျွန်တော်တို့ အနေနဲ့ လှမ်းမြင်နေရတဲ့ လူတိုင်းမြင်နိုင် တွေးနိုင်တဲ့ အပေါ်အယံ အပိုင်းလေးကိုသာ ကြည့်ပြီး ဒါမလုပ်ရ ကောင်းမလား ဒီလိုလုပ်လိုက်ရင်ကောင်းမှာပဲ... ငါသာဆိုရင် ဒီလိုလုပ်မှာ ဟိုလိုလုပ်မှာ ဆိုပြီး အားမလို အားမရတွေဖြစ်ပြီး တွေးမိမြင်မိ နေကြတာ အဆန်းမဟုတ်ပါဘူး..။ ပြောင်းလဲလာတဲ့ နိုင်ငံရေး ရေစီးကြောင်းကို ပုံစံတစ်မျိုးနဲ့ နိုင်ငံရေး တိုက်ပွဲဝင်နေတယ် လို့ကော မမြင်မိကြဘူးလားဗျာ...။

တကယ်တန်းကြတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်၊ ယုံကြည်တယ်.. ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် နောက်မှာ မားမားမတ်မတ် တကယ်တန်းကော ရပ်တည်ကြရဲ့လား ဆိုတာ မိမိတို့ကိုယ်ကိုယ် ဝေဖန် ဆန်းစစ်ကြည့်ကြပါဦး..။ တကယ်တန်းအခြေအနေ တစ်ခုခုဖြစ်လာလို့ လိုအပ်လာတဲ့ အခါ ကျွန်တော်တို့တွေဘက်က ဘယ်လိုနည်းနဲ့ ပါဝင်ကြမလဲ ဆိုတာကော ပြင်ဆင်ထားကြ ပါရဲ့လားဗျာ...။ အချိန်လေးတော့ ခဏလေး ပေးကြည့်ကြပါဦး ...။ လောလောဆယ်မှာ ကိုယ်လုပ်နိုင်တာတွေကို လုပ်ပြီး ပြည်တွင်းအတွက် အကူအညီတွေ မပေးနိုင်ကြတောဘူးလားဗျာ...။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် ဒီမိုကရေစီရစေမယ်လို့ အာမခံချက်များ ပေးထားလို့လားဗျာ....။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို မြန်မာပြည် ဒီမိုကရေစီ ရဖို့ဆိုတာ တစ်ယောက်တည်း လုပ်လို့ရတာ မဟုတ်ပါဘူး။ အားလုံးပါဝင်နိုင်ရမှာပါ... လမ်းပေါ်ထွက် ဆန္ဒပြမှ နိုင်ငံရေးတိုက်ကွက် မဟုတ်ပါဘူး..။ ယခုလောလောဆယ် ကျွန်တော်တို့ ခေါင်းဆောင် အပြင်မှာ ရောက်ရှိနေပါပြီ... အရင်ကလို ခေါင်းဆောင် ပျောက်နေတဲ့ အနေအထားမျိုး မဟုတ်တော့ပါဘူး..။ ခေါင်းဆောင်ရဲ့ နောက်မှာ တညီတညွတ်တည်း လိုက်ပြီး ဖြစ်ပေါ်လာမယ့် အခြေအနေ Positive, Negative တွေအတွက် ကျွန်တော်တို့ အဆင်သင့် ပြင်ဆင်ထား ရအောင်လားဗျာ...။ 

ဒီမိုဝေယံ

မြန်မာ့နိုင်ငံ အရေးအပေါ် ကျနော်၏ ကိုယ်ပိုင် အမြင်(၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

မြန်မာ့နိုင်ငံ အရေးအပေါ် ကျနော်၏ ကိုယ်ပိုင် အမြင်(၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

Scribd ဖိုင်နဲ့ စာလုံးတွေ ဖတ်မရဖြစ်နေလို့ Doc နဲ့ ပြောင်းတင်ပေးလိုက်ပါတယ်..။
မြန်မာ့နိုင်ငံ အရေးအပေါ် ကျနော်၏ ကိုယ်ပိုင် အမြင်(၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)ရဲ့ ဆောင်းပါး ဒေါင်းလုပ်လုပ်ချင်ရင်..
http://www.mediafire.com/?vs7w7tlmen4qgrq

စာသားများသာ ဖတ်ရှုလိုသူတွေ အတွက် အောက်မှာဆက်လက် ဖတ်ရှုပါရန်... 
မြန်မာ့နိုင်ငံ အရေးအပေါ် ကျနော်၏ ကိုယ်ပိုင် အမြင်(၂)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

နောက်တော့ အမျိုးသားညီလာခံလုပ်လာတယ်။ အဖွဲ့ ချုပ်အမတ်တွေက ဘာမှလုပ်လို့ ကိုင်လို့မရတာကို ဆက်တက်နေကြတယ်။ ဒေါ်စုသာ လွတ်မလာရင် အပြီးအထိ ဆက်ပါနေကြအုံးမှာ။ ဒေါ်စု လွတ်လာပြီး ထွက်ခဲ့တော့ အဖွဲ့ ချုပ်မပါဘဲ ညီလာခံ ဆက်လုပ်လို့ မရနိုင်ဘူးဆိုတာ သက်သေပြတော့တာဘဲ။ ဒေါ်စုကို ဖမ်းထားလိုက်ရင် NLD ဟာ ခါးကျိုးနေတဲ့မြွေ လိုဖြစ်သွားကော။ ခါးကျိုးနေတဲ့ မြွေကမှ အဆိပ်ရှိသေးတယ်။ ခေါင်းနားကပ်လို့ မရသေးဘူး။ အဲဒီလိုနိုင်ငံရေးက သောင်မတင် ရေမကျ တန်းလန်းကြီး ဖြစ်နေတာ နှစ်တွေ ကြာလာတော့ အလုပ်တွေပျက်လာ ပြည်သူတွေလဲ လုပ်ကိုင်စားစရာဝင်ငွေ မရှိ အလုပ်တွေက တစတစပါးလာတော့ ပြည်သူအများစု အိမ်နီးချင်း နိုင်ငံတွေကို တရားမ၀င် ထွက်လုပ်ကိုင်ကြရ ဒုက္ခရောက် အကြီးအကျယ် ရောက်ကြရလာပါတယ်။ အဖွဲ့ချုပ်ကလဲ စီးပွားရေးပိတ်ဆို့ဖို့ တွန်းအားတင်လာပါတယ်။ အနောက်နိုင်ငံတွေကလဲ ပိတ်ဆို့ချင်နေတာဆိုတော့ ပိတ်ထည့်လိုက်ကြရော။

အဲဒီမှာ ဒေါ်စု ကိုးကားပြတာက တောင်အာဖရိက နိုင်ငံကို စီးပွားရေးပိတ်ဆို့တာ ကိုနမူနာပြပါတယ်။ တောင်အာဖရိကမှာ ဖြစ်ခဲ့တာနဲ့ မြန်မာနိုင်ငံမှာဖြစ်တာက အခြေအနေ (နိုင်ငံရေး) လဲမတူ ပထ၀ီအနေအထားလဲ လုံးဝ မတူတာပါ။ ဟိုမှာက တိုင်းတပါး လူမျိုးခြား(လူဖြူ)တွေက အာဖရိက လူမဲတို့ နိုင်ငံကိုလည်း ကျူးကျော် စိုးမိုးထားရုံ မကသေး ဒေသခံ အာဖရိကလူမျိုးတွေအပေါ် အသားအရောင် ခွဲခြားနှိမ့်ချ ဆက်ဆံတာ။ တခါအသားအရောင် ခွဲခြားရေးက ကမ္ဘာမှာ လက်မခံတော့တဲ့အချိန်။ ပထ၀ီအနေအထားအရ အာဖရိက တတိုက်လုံးက လူမဲတွေဆိုတော့ တောင်အာဖရိက လူမဲတွေ ဘက်မှာ အင်းအားက ထုနဲ့ထည်နဲ့။ ကုန်သွယ်ရေး ပိတ်ဆို့ရုံ မကသေးဘူး အားကစား လူမှုရေးတွေကိုပါ သပိတ်မှောက် ကုန်လာကြတာ။ ဟိုမှာဖြစ်တာက လူမှုရေး ကျူးလွန်မှု ။ လူမျိုးရေးတောင် မဟုတ်တော့ဘူး။ အသားအရောင် အသားညို တွေကိုတောင်နှိမ်ထားတဲ့ အင်မတန် ခေတ်ကာလနဲ့ မကိုက်ညီတော့တဲ့ အသား အရောင်ခွဲခြားမှုပါ။

၁၉၉၄ခုနှစ် အမျိုးသားညီလာခံ၌ ကိုယ်စားလှယ်တော်ကြီးများ ဤသို့ အကြိတ်အနယ် စည်းဝေးနေကြစဉ်
တခါ အဖွဲ့ချုပ်က ၁၉၉၇ နောက်ပိုင်းတွေမှာ န.အ.ဖကို လွှတ်တော် ခေါ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုပါတယ်။ အဲဒီအချိန် မတိုင်မှီကတည်းက ၁၉၉၆ -ခုနှစ်- မေလမှာ အဖွဲ့ချုပ် အမတ်တွေက န.အ.ဖ က ခေတ္တခဏ စစ်တပ် ဧည့်ဂေဟာတွေမှာ (ဖမ်းတာ မဟုတ်သေးဘူးနော်) ခေတ္တခေါ် ထိန်းသိမ်း ထားလိုက်တာနဲ့ တပြုံကြီး နုတ်ထွက်ကုန်ကြတာ။ ကုန်သလောက် ဖြစ်သွားတယ်။ န.အ.ဖ က ကြောက်တတ်သူကို ခြိမ်းခြောက်နည်းသုံးတယ်။ အတ္တကြီးမားသူကို စီးပွားရေး မက်လုံးတွေ ပေးတယ် ... ပြည်ပ ထွက်ပြေးတဲ့ အမတ်ကလဲ ၃၀- ၀န်းကျင်။ ကျန်တဲ့ထဲက သေကြ တာလဲမနည်း... ဂျပန်ထွက်အိုးတိုက် ပုဂံဆေးတာလဲရှိသေး။ 

လွှတ်တော်တရပ် ခေါ်ယူဖို့ဆိုတာ န.အ.ဖ က သဘောတူပါတယ်။ ခေါ်ပါ ခွင့်ပြုပါတယ် ဆိုရင်တောင် မဲဆန္ဒနယ် ( တတိုင်းပြည်လုံး အမတ်နေရာ အကုန် ) ရှိတဲ့အရေအတွက် အကုန် (အမတ်တွေ- လူစုံတက်စုံ) တက်မှ လွှတ်တော်က အထမြောက်တာပါ။ အမတ် ၅၀၀- ခန့်ရှိရမှာ ကို အမတ်ရှိစုမဲ့စု ၇၀/၈၀လောက်နဲ့ လွှတ်တော်မှခေါ်လို့ မရတာ ဒါဘဲထပ်ခါတလည်း အော်နေတယ်။ အဖွဲ့ချုပ်က န.အ.ဖ ကိုတောင်းဆိုရမှာက လစ်လပ်သွားတဲ့ အမတ်နေရာတွေမှာ အစားထိုး ရွေးချယ်တင်မြောက်ပွဲ လုပ်ပေးဖို့ တောင်းဆိုရမှာ။ ဒီလိုတောင်းဆိုလာရင် န.အ.ဖ ဘေးကျပ်နံကျပ်တွေ့ပြီ။ ရွေးကောက်ပွဲဥပဒေမှာ အတိအလင်း ဆိုထားပြီးသား လစ်လပ်သွားရင် အစားထိုးရွေးကောက်ပွဲ လုပ်ပေးရမယ်လို့။ ဒါကိုသူတို့ ငြင်းလို့ မရဘူး။အစားထိုး ရွေးကောက်ပွဲလေးတွေ လုပ်နေရင် (ဘောလုံးစကားနဲ့ ပြောရရင်) နိုင်ငံရေး ခြေစမ်းပွဲလေးတွေ ရှိနေရင် နိုင်ငံရေးလဲ သေမနေတော့ဘူး။ တ.စ.ည တဖြစ်လဲ ပါတီကို အစားထိုးရွေးပွဲတိုင်းမှာ ခြေစွမ်းပြနေရုံပါဘဲ။ န.အ.ဖ လဲ နောက် အသစ်ထပ်အရွေးခံ ၀င်လာမယ့်သူက (၉၀) ခုနှစ်လို အချောင်သမားတွေ လာတော့မှာ မဟုတ်တာသိရင် အမတ်တွေကို ခြိမ်းခြောက်ထွက်ခိုင်းတာ ရပ်ပေးရပါမယ်။

အခုလဲ တကယ်က န.အ.ဖ လုပ်ထားတာ ပြည်သူတွေ အလုပ်ရှိရင်တောင် မသေရုံလစာလေးကို ရနေတာပါ။ အိမ်နီးချင်းနိုင်ငံတွေ နည်းတူ လုပ်အားခ ရလာအောင် ဒေါ်စုက လိုင်းတင်တောင်းပေးနေရင် န.အ.ဖ ဟာ တင်းခံမနေနိုင်ဘဲ လခ/လုပ်အားခ တိုးပေးလာရပါမယ်။ အဲဒီလိုတိုးပေးလာရရင် ဘယ်သူ့ကြောင့် တိုးပေးလာရတယ်ဆိုတာ ပြည်သူတွေက န.အ.ဖ ကိုကျေးဇူးတင်မှာလား ဒေါ်စုကို ကျေးဇူးတင်မှာလား လူတွေမှာ ဥိးဏှောက်ရှိကြပါတယ်။ ပြည်သူတွေက ကျေးဇူးမကန်းတတ်ကြပါဘူး ။


ဂျပန်နှင့် ထိုင်ဝမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ဆူနာမီငလျင်ဘေး ဒုက္ခသည်များအား စုပေါင်းလှူဒါန်းခြင်း အခမ်းအနားနှင့် နှစ်သစ်ဦးအလှူပွဲ အခမ်းအနား...

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ နာဂအီတဘရှိအရပ်တွင် တည်ရှိသော ထေရ၀ါဒ ပရိယတ္တိကျောင်းတော်ကြီး၏ မြန်မာနှစ်သစ်ဦး အလှူပွဲနှင့် ငလျင်၊ ဆူနာမ်ီဘေးဒဏ်ခံ ဒုက္ခသည်များအား စုပေါင်းလှူဒါန်းခြင်း၊ အမျှပေးဝေခြင်း အခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ (၁၇၊ ၄၊ ၂၀၁၁) ရက်၊ တနင်္ဂနွေနေ့က စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

မနက်ပိုင်းတွင် ကျောင်းတော်ကြီး၏ တာဝန်ခံကျောင်းထိုင်ဆရာတော်ဘုရားအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး၊ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များကို နေ့လည်စား ထမင်းဟင်းများဖြင့် တည်ခင်းကျွေးမွေးဧည့်ခံပါသည်။ထို့နောက် မွန်းလွဲ (၁)နာရီအချိန်တွင် အခမ်းအနားအစီအစဉ်ကို စတင်ပါသည်။

အစီအစဉ် (၁) အရ “နမောတဿ” သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားစတင်ဖွင့်လှစ်ပြီး အစီအစဉ် (၂) အရ သြကာသ ကန်တော့ကျိုးဖြင့် ဘုရားကန်တော့၍ ဆရာတော်များထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပါသည်။ အစီအစဉ် (၃) အရ ဆရာတော်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူသော ပရိတ်တရားတော်များကို ရိုသေစွာနာယူကြည်ညိုကြပါသည်။

အစီအစဉ် (၄) အရ ဆူနာမီဒုက္ခသည်များအတွက် ကောက်ခံရရှိထားသော အလှုငွေများကို ကြွရောက်လာသော ဧည့်ပရိတ်သတ်များ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် မည်ကဲ့သို့ လှူဒါန်းသွားမည်ကို ရှင်းလင်းတင်ပြပါသည်။

အစီအစဉ် (၅) အရ ကျောင်းထိုင်ဆရာတော်ဘုရားထံမှ အနုမောဒနာတရား စုပေါင်းနာယူကြပါသည်။ အစီအစဉ် (၆) အရ အားလုံးသောသတ္တဝါများအတွက် ဆုတောင်း မေတ္တာပို့သကြပြီး အစီအစဉ် (၇) အရ ဆူနာမီဘေးဒဏ် ငလျင်ဘေးဒဏ်ကြောင့် သေဆုံးရှာသော ပုဂ္ဂိုလ်အပေါင်းကို ရည်စူး၍ အမျှအတမ်း ပေးဝေကြပါသည်။

အခမ်းအနား အစီအစဉ် (၈) အရ “ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။

ပေးပို့ပေးတဲ့  ၀ိမုတ္တိသုခ အားကျေးဇူးတင်ပါသည်...။
အောက်ပါလင့်များမှာလည်း သွားရောက် ဖတ်ရှုနိုင်ပါသည်...။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၁၀နှစ်ပြည့် အခမ်းအနား...သို့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့.. (ဓာတ်ပုံ)

ယနေ့ ကျင်းပပြုလုပ်တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၁၀နှစ်ပြည့် အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်...။ အဆိုပါအခမ်းအနားအား မနက်(၉)နာရီမှာ စတင်ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ မျက်စိခွဲခန်းအတွက် အမေရိကန်ဒေါ်လာ (၁၆၆၅၀) လှုဒါန်းသွားကြောင်း သိရှိရပါတယ်။

ဓာတ်ပုံ... ဒီမိုဝေယံ

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် လုပ်ဆောင်ချက်များကို အကောင်အထည် ဖော်ပေးပါရန် ပန်ကြားခြင်း... (Signature Campaign)


Signature Campaign

ဘယ်နေရာက ဘာအဆောက်အဦးလဲ?????

ဘယ်နေရာက ဘာအဆောက်အဦးလဲ?
ကျွန်တော်လည်း မသိလို့ မေးတာပါ....။း)
ဒီသတင်းအပြည့်အစုံကို မကြာခင် ဖော်ပြပေးပါမယ်...။

အချိန်အခက်အခဲကြောင့် သတင်းများ မတင်နိုင် ဖြစ်နေသည့်အတွက် ပေးပို့ထားသူများအား အထူး တောင်းပန်အပ်ပါသည်..။ လာမည့် ပိတ်ရက်များအတွင်း ပေးပို့ထားသည့် သတင်း၊ ဆောင်းပါးများအား အပြည့်အစုံ ဖော်ပြပေးပါမည်....။

ကျော်သူထုံး .... ၁၀နှစ်ပြည့် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဂုဏ်ပြုခြင်း...

ကျော်သူထုံး’’
အမေ….. ကျွန်တော် ကျောင်းသွားတော့မယ်…. လွယ်အိတ်ထုံးပေး
အေးပါ …သားရယ်
ကျော်သူထုံးနော်အမေ
ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖြစ်ပါသည်။ ရုပ်ရှင်ကားထဲတွင် ကိုကျော်သူ လွယ်ထားသော လွယ်အိတ်မှာ အထုံးလေးနှင့် ဖြစ်ပါသည်။ ဒါကိုမြင်ပြီး အားကျအတုယူကာ ကျောင်းသွားကြလျှင် ကျော်သူ လွယ်အိတ်ထုံးစတိုင်လ်လေးနှင့် သွားကြသည်။ ကျွန်တော်တို့ ငယ်ငယ်က ‘ကျော်သူထုံး’ဆိုပြီး တစ်ခေတ် ဖြစ်ခဲ့ဖူးသည်။ နောက်တော့ ခေတ်ရေစီးကြောင်း အပြောင်းအလဲကြားမှာ ကျော်သူ လွယ်အိတ်ထုံးသည်လည်း ကွယ်ခဲ့ရသည်။ အနုပညာရပ်ဝန်းမှာ အမည်ကောင်းတစ်ခုနှင့် ကြာရှည်စွာ ရှင်သန်နေဖို့က မဖြစ်နိုင်ပါ။ စန်းထ နေတဲ့အချိန်လေးသာ ဟိုလေးတကျော်ကျော်ဖြစ်ပြီး စန်းကျ သွားပြီ ဆိုရင်တော့ ပျောက်ကွယ်ရသည်ချည်းပင်။ ထို့ထက်ပို တွေးကြည့်မိတော့ မိမိတို့ကျင်လည်ရာ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်မှာပင် အမည်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့မလွယ်ပေ။ ထို့ထက် ပိုတွေးကြည့်ပါက နိုင်ငံတ၀ှမ်းမှာ အမည်ကောင်း တစ်ခုရဖို့ဆိုတာ ပိုလို့ပင်မလွယ်ကူပေ။ ကုန်ပစ္စည်းတစ်ခုရဲ့ ကွာလတီကိုသာ ထိန်းထားဖို့ လွယ်သည်။ အမြဲဖောက်ပြန် ပြောင်းလဲနေသော လူတစ်ယောက်ရဲ့ စိတ်ကွာလတီကိုတော့ ထိန်းထားဖို့ မလွယ်ကူလှချေ။ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့နိုင်ငံ၊ မိမိတို့ကမ္ဘာမှာ အမည်ဆိုးနှင့် ကျော်ကြား သူတွေသာများသည်။ အမည်ကောင်းဖြင့် ကျော်ကြားသူက အင်မတန်ရှားပါးလှသည်။
ဓာတ်ပုံ Reuters
ယနေ့အချိန်တွင် ကိုကျော်သူနှင့် ခေတ်ပြိုင်တစ်ချို့ နှိုင်းယှဉ်ကြည့်သောအခါ အများကြီး ကွာခြားသွားခဲ့လေပြီ။ ဒီလိုပြောခြင်းဟာ တခြားသူတွေကို အပြစ်တင်ရှုတ်ချခြင်း မဟုတ်ပါပေ။ ဘာကြောင့် ကိုကျော်သူရဲ့ အမည်နာမဟာပိုမို တောက်ပြောင် လာရသနည်းဆိုရရင် သူရဲ့ပရဟိတ အများအကျိုး ရွက်သယ်ပိုးလိုတဲ့ စိတ်ကြောင့်လိုသာ ဆိုရပါမည်။ တကယ်လို့ ကိုကျော်သူသာ ပရဟိတလိုင်းဘက် ရောက်မလာခဲ့ပဲ ရုပ်ရှင်လောကမှာသာ ရှိနေခဲ့မည်ဆိုပါက ယခုအချိန်သည် အကျ ဘက်တွင် ရှိနေပါလိမ့်မည်။ ဒီနေရာမှာ လူတစ်ချို့အတွက် ဆင်ခြေတက်စရာ ရှိလာခဲ့သည်။ ဘာလဲဆိုတော့ ’သူကအနုပညာလုပ်ငန်း လုပ်ကိုင်ခွင့် ပိတ်ခံထားရတာကိုး လုပ်နိုင်မှာပေါ့’ဟုဆိုက ဆိုနိုင်ပါသည်။ လူတစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ နှစ်ရှည်လုပ်ကိုင်လာပြီးမှ အလုပ်ပြုတ်သွားသော် ရာထူးမှ ဖယ်ရှားခံလိုက်ရသော် စိတ်ဓါတ် ကျသွားမည်သာ ဖြစ်ပါသည်။

နိုင်ငံရေး အရှုပ်အထွေးတွေကြောင့် သူအပိတ်ခံလိုက်ရတဲ့အခါ သူလဲစိတ်ဓါတ် ကျမည်သာဖြစ်ပါသည်။ သို့သော်သူက ငြိမ်ခံပြီး အကြာကြီးမနေ။ တွန်းလှန်ပစ်သည်။ နိုးထလာခဲ့သည်။ သူ့ဘ၀ကို အလကားလူအဖြစ် အရောက်မခံ။ ပေးဆပ်သူစစ်စစ်အဖြစ် အသွင် ကူးပြောင်းလိုက်သည်။ ဒါဟာလွယ်ကူသည့် ကိစ္စတော့မဟုတ် သို့သော် သူလုပ်ပြနိုင်ခဲ့သည်။ သူနှင့် တခါတုန်းက ခေတ်ပြိုင် လုပ်ဖော်ကိုင်ဖက်တွေ ဟိုတယ်ကြီးတွေမှာ ဇိမ်ခံနေတဲံ့အချိန်၊ နိုင်ငံတကာမှာ ထွက်ပြီး ရှော့ပင်းထွက်နေတဲ့အချိန်မှာ သူဟာဆင်းရဲသား အခြေခံလူတန်းစားတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး ထောက်ပံ့မှု့တွေနှင့် ဆင်းရဲသား အခြေခံ လူတန်းစား မိသားစုဝင်တွေ သေဆုံးတဲ့အခါ လူအများစု မထိချင် မကိုင်ချင်ကြတဲ့ အလောင်းကောင် ပုပ်ပွပွတွေကို ကားနှင့်တင်ပြီး  မီးသဂြိုလ်စက်အထိ အခမဲ့အရောက် ကူညီ ပို့ဆောင်ပေးနေခဲ့သည်။ အခမဲ့ဆိုတာထက် သဂြိုတ်စရိတ် မတတ်နိုင်သူတွေကို ထောက်ပံ့ပေးခြင်း၊
ဆင်းရဲနွမ်းပါးပြီး ကျန်မာရေးချို့တဲ့သော်လည်း ဆေးခန်းလာပြဖို့ ခရီးစရိတ်မတတ်နိုင် တဲ့သူတွေကို ထောက်ပံ့ခြင်း၊ အခြေခံလူတန်းစားတွေရဲ့ ကလေးတွေကို အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်း၊ စိတ်ဓါတ်မြှင့်တင်ပေးခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိသည်။ အလောင်းကောက်ခြင်း(သို့) သယ်ယူပို့ဆောင်ပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ပေးသည်။

အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခြင်းဖြင့် အခြေခံဆင်းရဲသား လူတန်းစား မိသားစုတွေအတွက် ကျန်းမာပျော်ရွှင်သော မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ရန် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးသည်။ အနာဂတ် ကြယ်ပွင့်လေးတွေအတွက် ပညာရေး ထောက်ပံ့ပေးခြင်းဖြင့် တိုင်းပြည်နှင့်လူမျိုးကို အလှဆင်ပေးသည်။ ဒီတခါ ကိုကျော်သူထုံးသည်ကား လွယ်အိတ်မဟုတ်တော့ပေ။ သူ့နှလုံးသား ၊သူ့ဘ၀ကိုတိုင်းပြည်နှင့် လူမျိုးအတွက် စွှန့်လွှတ်ပေးဆပ်ခြင်း စစ်စစ်ဖြင့် ‘ထုံး’ ပြနေခြင်းပင် ဖြစ်သည်။ ဒီတခါရော ကျွန်တော်တို့တစ်တွေ အားကျ အတုယူနိုင်ပါဦးမည်လား………………….။

ကျွန်တော်တို့ တက်ညီလက်ညီ ကြိုးစားကြရပါဦးမည်။

(ဤစာစုလေးဖြင့် ဦးကျော်သူ(နာရေးကူညီမှု့အသင်း) အားဦးညွတ်ပါ၏

(နှစ်သစ်အခါသမယမှသည် အသက်ထက်ဆုံးတိုင် တိုင်းပြည်နှင့် လူမျိုး၏အကျိုးကို ပိုမိုမြင့်မြတ်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း ဆုခြွေတောင်းပါသည်။)

ချစ်ခြင်းမေတ္တာအားဖြင့်

ဇေယျာချော

(ASDO ချစ်ခြင်းမေတ္တာလူမှု့ကူညီ စောင့်ရှောက်ရေးအဖွဲ့)
--
ချစ်ခြင်းမေတ္တာအားဖြင့်........
ဇေယျာမင်း

ပေးပို့လာသူအား ကျေးဇူးတင်ပါသည်...။ ထို့အတူ ကျွန်တော်တို့ လေးစားဂုဏ်ယူရတဲ့ အကိုကြီး ကိုကျော်သူ ဦးစီးလုပ်ဆောင်နေတဲ့   နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ၁၀နှစ်ပြည့် အထိမ်းအမှတ်မှသည် နောင်နှစ်ပေါင်းများစွာအထိ အမြဲအဓွန့်ရှည် တည်တံ့ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...။

ဒီမိုဝေယံ