ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာ့နိုင်ငံ အရေးအပေါ် ကျနော်၏ ကိုယ်ပိုင် အမြင်(၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

မြန်မာ့နိုင်ငံ အရေးအပေါ် ကျနော်၏ ကိုယ်ပိုင် အမြင်(၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

Scribd ဖိုင်နဲ့ စာလုံးတွေ ဖတ်မရဖြစ်နေလို့ Doc နဲ့ ပြောင်းတင်ပေးလိုက်ပါတယ်..။
မြန်မာ့နိုင်ငံ အရေးအပေါ် ကျနော်၏ ကိုယ်ပိုင် အမြင်(၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)ရဲ့ ဆောင်းပါး ဒေါင်းလုပ်လုပ်ချင်ရင်..
http://www.mediafire.com/?vs7w7tlmen4qgrq

စာသားများသာ ဖတ်ရှုလိုသူတွေ အတွက် အောက်မှာဆက်လက် ဖတ်ရှုပါရန်... 
မြန်မာ့နိုင်ငံ အရေးအပေါ် ကျနော်၏ ကိုယ်ပိုင် အမြင်(၂)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

နောက်တော့ အမျိုးသားညီလာခံလုပ်လာတယ်။ အဖွဲ့ ချုပ်အမတ်တွေက ဘာမှလုပ်လို့ ကိုင်လို့မရတာကို ဆက်တက်နေကြတယ်။ ဒေါ်စုသာ လွတ်မလာရင် အပြီးအထိ ဆက်ပါနေကြအုံးမှာ။ ဒေါ်စု လွတ်လာပြီး ထွက်ခဲ့တော့ အဖွဲ့ ချုပ်မပါဘဲ ညီလာခံ ဆက်လုပ်လို့ မရနိုင်ဘူးဆိုတာ သက်သေပြတော့တာဘဲ။ ဒေါ်စုကို ဖမ်းထားလိုက်ရင် NLD ဟာ ခါးကျိုးနေတဲ့မြွေ လိုဖြစ်သွားကော။ ခါးကျိုးနေတဲ့ မြွေကမှ အဆိပ်ရှိသေးတယ်။ ခေါင်းနားကပ်လို့ မရသေးဘူး။ အဲဒီလိုနိုင်ငံရေးက သောင်မတင် ရေမကျ တန်းလန်းကြီး ဖြစ်နေတာ နှစ်တွေ ကြာလာတော့ အလုပ်တွေပျက်လာ ပြည်သူတွေလဲ လုပ်ကိုင်စားစရာဝင်ငွေ မရှိ အလုပ်တွေက တစတစပါးလာတော့ ပြည်သူအများစု အိမ်နီးချင်း နိုင်ငံတွေကို တရားမ၀င် ထွက်လုပ်ကိုင်ကြရ ဒုက္ခရောက် အကြီးအကျယ် ရောက်ကြရလာပါတယ်။ အဖွဲ့ချုပ်ကလဲ စီးပွားရေးပိတ်ဆို့ဖို့ တွန်းအားတင်လာပါတယ်။ အနောက်နိုင်ငံတွေကလဲ ပိတ်ဆို့ချင်နေတာဆိုတော့ ပိတ်ထည့်လိုက်ကြရော။

အဲဒီမှာ ဒေါ်စု ကိုးကားပြတာက တောင်အာဖရိက နိုင်ငံကို စီးပွားရေးပိတ်ဆို့တာ ကိုနမူနာပြပါတယ်။ တောင်အာဖရိကမှာ ဖြစ်ခဲ့တာနဲ့ မြန်မာနိုင်ငံမှာဖြစ်တာက အခြေအနေ (နိုင်ငံရေး) လဲမတူ ပထ၀ီအနေအထားလဲ လုံးဝ မတူတာပါ။ ဟိုမှာက တိုင်းတပါး လူမျိုးခြား(လူဖြူ)တွေက အာဖရိက လူမဲတို့ နိုင်ငံကိုလည်း ကျူးကျော် စိုးမိုးထားရုံ မကသေး ဒေသခံ အာဖရိကလူမျိုးတွေအပေါ် အသားအရောင် ခွဲခြားနှိမ့်ချ ဆက်ဆံတာ။ တခါအသားအရောင် ခွဲခြားရေးက ကမ္ဘာမှာ လက်မခံတော့တဲ့အချိန်။ ပထ၀ီအနေအထားအရ အာဖရိက တတိုက်လုံးက လူမဲတွေဆိုတော့ တောင်အာဖရိက လူမဲတွေ ဘက်မှာ အင်းအားက ထုနဲ့ထည်နဲ့။ ကုန်သွယ်ရေး ပိတ်ဆို့ရုံ မကသေးဘူး အားကစား လူမှုရေးတွေကိုပါ သပိတ်မှောက် ကုန်လာကြတာ။ ဟိုမှာဖြစ်တာက လူမှုရေး ကျူးလွန်မှု ။ လူမျိုးရေးတောင် မဟုတ်တော့ဘူး။ အသားအရောင် အသားညို တွေကိုတောင်နှိမ်ထားတဲ့ အင်မတန် ခေတ်ကာလနဲ့ မကိုက်ညီတော့တဲ့ အသား အရောင်ခွဲခြားမှုပါ။

၁၉၉၄ခုနှစ် အမျိုးသားညီလာခံ၌ ကိုယ်စားလှယ်တော်ကြီးများ ဤသို့ အကြိတ်အနယ် စည်းဝေးနေကြစဉ်
တခါ အဖွဲ့ချုပ်က ၁၉၉၇ နောက်ပိုင်းတွေမှာ န.အ.ဖကို လွှတ်တော် ခေါ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုပါတယ်။ အဲဒီအချိန် မတိုင်မှီကတည်းက ၁၉၉၆ -ခုနှစ်- မေလမှာ အဖွဲ့ချုပ် အမတ်တွေက န.အ.ဖ က ခေတ္တခဏ စစ်တပ် ဧည့်ဂေဟာတွေမှာ (ဖမ်းတာ မဟုတ်သေးဘူးနော်) ခေတ္တခေါ် ထိန်းသိမ်း ထားလိုက်တာနဲ့ တပြုံကြီး နုတ်ထွက်ကုန်ကြတာ။ ကုန်သလောက် ဖြစ်သွားတယ်။ န.အ.ဖ က ကြောက်တတ်သူကို ခြိမ်းခြောက်နည်းသုံးတယ်။ အတ္တကြီးမားသူကို စီးပွားရေး မက်လုံးတွေ ပေးတယ် ... ပြည်ပ ထွက်ပြေးတဲ့ အမတ်ကလဲ ၃၀- ၀န်းကျင်။ ကျန်တဲ့ထဲက သေကြ တာလဲမနည်း... ဂျပန်ထွက်အိုးတိုက် ပုဂံဆေးတာလဲရှိသေး။ 

လွှတ်တော်တရပ် ခေါ်ယူဖို့ဆိုတာ န.အ.ဖ က သဘောတူပါတယ်။ ခေါ်ပါ ခွင့်ပြုပါတယ် ဆိုရင်တောင် မဲဆန္ဒနယ် ( တတိုင်းပြည်လုံး အမတ်နေရာ အကုန် ) ရှိတဲ့အရေအတွက် အကုန် (အမတ်တွေ- လူစုံတက်စုံ) တက်မှ လွှတ်တော်က အထမြောက်တာပါ။ အမတ် ၅၀၀- ခန့်ရှိရမှာ ကို အမတ်ရှိစုမဲ့စု ၇၀/၈၀လောက်နဲ့ လွှတ်တော်မှခေါ်လို့ မရတာ ဒါဘဲထပ်ခါတလည်း အော်နေတယ်။ အဖွဲ့ချုပ်က န.အ.ဖ ကိုတောင်းဆိုရမှာက လစ်လပ်သွားတဲ့ အမတ်နေရာတွေမှာ အစားထိုး ရွေးချယ်တင်မြောက်ပွဲ လုပ်ပေးဖို့ တောင်းဆိုရမှာ။ ဒီလိုတောင်းဆိုလာရင် န.အ.ဖ ဘေးကျပ်နံကျပ်တွေ့ပြီ။ ရွေးကောက်ပွဲဥပဒေမှာ အတိအလင်း ဆိုထားပြီးသား လစ်လပ်သွားရင် အစားထိုးရွေးကောက်ပွဲ လုပ်ပေးရမယ်လို့။ ဒါကိုသူတို့ ငြင်းလို့ မရဘူး။အစားထိုး ရွေးကောက်ပွဲလေးတွေ လုပ်နေရင် (ဘောလုံးစကားနဲ့ ပြောရရင်) နိုင်ငံရေး ခြေစမ်းပွဲလေးတွေ ရှိနေရင် နိုင်ငံရေးလဲ သေမနေတော့ဘူး။ တ.စ.ည တဖြစ်လဲ ပါတီကို အစားထိုးရွေးပွဲတိုင်းမှာ ခြေစွမ်းပြနေရုံပါဘဲ။ န.အ.ဖ လဲ နောက် အသစ်ထပ်အရွေးခံ ၀င်လာမယ့်သူက (၉၀) ခုနှစ်လို အချောင်သမားတွေ လာတော့မှာ မဟုတ်တာသိရင် အမတ်တွေကို ခြိမ်းခြောက်ထွက်ခိုင်းတာ ရပ်ပေးရပါမယ်။

အခုလဲ တကယ်က န.အ.ဖ လုပ်ထားတာ ပြည်သူတွေ အလုပ်ရှိရင်တောင် မသေရုံလစာလေးကို ရနေတာပါ။ အိမ်နီးချင်းနိုင်ငံတွေ နည်းတူ လုပ်အားခ ရလာအောင် ဒေါ်စုက လိုင်းတင်တောင်းပေးနေရင် န.အ.ဖ ဟာ တင်းခံမနေနိုင်ဘဲ လခ/လုပ်အားခ တိုးပေးလာရပါမယ်။ အဲဒီလိုတိုးပေးလာရရင် ဘယ်သူ့ကြောင့် တိုးပေးလာရတယ်ဆိုတာ ပြည်သူတွေက န.အ.ဖ ကိုကျေးဇူးတင်မှာလား ဒေါ်စုကို ကျေးဇူးတင်မှာလား လူတွေမှာ ဥိးဏှောက်ရှိကြပါတယ်။ ပြည်သူတွေက ကျေးဇူးမကန်းတတ်ကြပါဘူး ။


အဲဒီလိုတိုးပေးလာရဖို့ န.အ.ဖ မှာ သူတို့ ဝါးနေတဲ့ဂွင်တွေ အချောင်နိုက် နေတာတွေ လျှော့ချပေးလာရရင် အစိုးရဘတ်ဂျက်လဲ ထိခိုက်လာမယ် ပြည်သူတွေ လဲပိုမိုချောင်လည်လာရင် နိုင်ငံအရေးဖက် ပိုမိုပါဝင်လာ ကြပါမယ်။ ၀န်ထမ်းတွေ လစာတိုးပေးလာရရင် န.အ.ဖ ဘတ်ဂျက် ကြပ်လာပါမယ်။ ပိုဆိုးလာမှာက အင်အား ငါးသိန်းလောက်ရှိတဲ့ စစ်သားတွေ လစာတိုးပေးရရင် အခုလိုစစ်သား အများကြီးခန့်ဖို့ ကလေးစစ်သား စုဆောင်းနေတာပါ ကာကွယ်ပြီးသား ဖြစ်သွားပါမယ်။ စစ်သားတွေ လစာတိုးပေးဖို့ ထိုင်း၊ကမ်ပူးချား စစ်သားလစာနည်းတူပေးဖို့ ၀န်ထမ်းလစာတိုးပေးဖို့ နေ့စား အလုပ်သမားနေ့စားခ တိုးပေးဖို့ လိုအပ်ရင် ဒေါ်စုကိုယ်တိုင် အလံကိုင်ပြီး ရှေ့ဆုံးကနေ ချီတက်ကြည့်ပါ တတိုင်းတပြည်လုံး ပါမလာရင် လည်ပင်းတောင် အဖြတ်ခံရဲပါတယ်။

န.အ.ဖ ဟာ အဖွဲ့ချုပ်နဲ့ ဒီမိုကရေစီလိုလားသူတွေကို ပြည်ပအားကိုးဆိုပြီး လုပ်နေတာကြာပါပြီ။ ပြည်သူလူထုက သူ့ဘက်မှာ ရှိနေသယောင် လိမ်နေတာ ကြာပါပြီ။ ပြည်သူလူထုကို စားဝတ်နေရေး ချောင်လည်အောင် လုပ်မပေးချင်တာ ဘယ်သူလဲဆိုတာကို အခုပြည်သူတွေ ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ဒေါ်စု ဦးဆောင်လိုက်ပါ။ ပြည်သူရဲ့ ရန်သူဟာ ဘယ်သူဆိုတာ မြင်လာအောင် သာလုပ်ပေးလိုက်ပါ။ အာရပ်ကမ္ဘာလို ထ မတော်လှန်ကြဘူး ဆိုရင်ပြောပါ။ နအဖ အတည်ပေါက် လိမ်နေတာကို ဖော်ထုတ် လိုက်ရုံလေးသာ လုပ်ပါ။ ထထကြ၊ဆူကြပါ ဘာမှမတိုက်တွန်းပါနဲ့ တိုက်တွန်းနေစရာကို မလိုပါဘူး။ မဆူကြပါနဲ့တောင် ပန်ကြားလို့ မရအောင်ဖြစ်လာပါမယ်…။

ဘယ်သူဟာ တိုင်းသူပြည်သားတွေ နှိမ့်သထက် နှိမ့်အောင် လုပ်နေတယ်ဆိုတာကိုသာ ကွက်ကွက်ကွင်းကွင်း ပေါ်လာအောင် အခုပြည်သူလူထု ချောင်လည်ရေးအတွက် ဆွေးနွေးဖို့တောင်းဆိုပါ။ မပေးရင် သူတို့ဘာဆိုတာ ပြည်သူတွေကိုပြောပြ ရှင်းပြနေစရာ မလိုပါဘူး။ ပြည်သူတွေကို အခု တောင်းဆိုချက်တွေ မလိုက်လျှော အရေး မလုပ်တာက သက်သေပြပါလိမ့်မယ်။ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုခဲ့ရင်လဲ သန်းရွှေကိုတောင်းတုံးကလို အချိန် ဘောင်မပါဘဲ အချိန်တွေ ပွန်းအစားခံရတဲ့ ပုံစံဟောင်းဆိုရင်တော့လဲ တိုင်းသူပြည်သားတွေကို လမ်းဆုံးနေတဲ့ ဂူပိတ်ကြိးထဲ တ၀ဲလည်လည် ခေါ်သွင်းသလို ဖြစ်နေပါမယ်။ အချိန်တခု ယတိပြတ်ဖြတ်ဖို့ လိုပါတယ်။ တလျှောက်လုံး နှစ်ပေါင်း ၂၃ နှစ်မက တောင်းဆိုခဲ့ပြီးပြီ။ အခု အချိန်ခပ်တိုတိုဘဲ ထားသင့်ပါပြီ။ လူလို စကားပြောဖို့ နားမလည်ရင် သူတို့နားလည်မယ့် ပုံစံကို ဖေါ်ပေးရပါတော့မယ်။ ဘာမှ ငဲ့နေစရာမလိုတော့ပါ။

ဒီမိုကရေစီနည်းနဲ့ ဆန့်ကျင်ဘက်ဖြစ်မှာတွေ နောက်ထား။ လူလိုမသိတတ်ရင် လူလို ဆက်ဆံစရာ မလိုတော့ဘူး။ အာဏာပြန်သိမ်းရဲလား စမ်းကြည့်ပေါ့။ သိပ်တွေးမနေစေချင်ဘူး သန်းခေါင်ထက် မှောင်မည်းခဲ့ရတဲ့ ညတွေရာကျော်နေပြီ။ သေချာကတော့ ပြည်သူလူထုဘ၀ တိုးတက်ရေးကို တောင်းဆိုတဲ့ တိုက်ပွဲကို သာတင်ပေးလာပါ။ သန်းရွှေ ဖင်မတုန်ရင် ကြိုက်သလို လာပြောပါ။ 

၁၉၉၁-ခု နှစ်ကုန်ပိုင်းမှာ မြို့တော်ဝန်ဦးကိုလေးက... ကမ္ဘာအေး ရေကူးမှာရှိတဲ့ ဂျိုးဖြူ ရေမှုတ်စက်တွေ ပျက်သွားတော့ ပြင်သစ်ကို အရေးပေါ်မှာတယ်။ ပြီးလေယာဉ် နှစ်စီးနဲ့ အမြန်ပို့ခိုင်းတော့ လေယာဉ်ခတင် ဒေါ်လာ ၅-သိန်းလောက် အပိုကုန်သွားတယ်။ အဲဒီမှာ သန်းရွှေက မအေ-နှမတွေ ကိုင်တုတ်ပြီး ဒေါ်လာတွေ အလွယ်ဖြုန်းရသလားပေါ့။

ရေမပေးနိုင်ရင် ကားနဲ့ ဝေလို့ရတယ်။ တခြားနည်းတွေရှိတယ်။ ရေမရလို့ ဆူလာရင် ငါကိုယ်တိုင် တင့်ကားနဲ့ (မပစ်ဘူး) ကြိတ်သတ်ပြမယ်။ လူထု ငတ်လာဖို့ ပိုအရေးကြီးတယ်။ နိုင်ငံရေးသမားတွေက ခပ်တုံးတုံးတွေမို့ ဒို့တတွေ ချောင်နေတာ။ လူလည်ကျပြီး မိန်းမတွေကို ကလေးချီခိုင်း ထမင်းအိုးရွက်ပြီး တောင်းဆိုပွဲလုပ် ချီတက်ခိုင်းရင် ဒို့စစ်သားတွေပစ်ခိုင်းရင် ကလေးတွေမပစ်ဘဲ ငါ့တို့ပြန်ပစ်မှာ သိလား.. လို့သန်းရွှေကိုယ်တိုင် ပြောဆိုခဲ့တာပါ…။

(ဒီစကားကို ၁၉၉၅ ခုနှစ်- ဒေါ်စု လွတ်လာတုံးက ကျနော်စာရေးပြီး (ကွန်ပျူတာလှုတုံးက) သူ့ဆီပေးခဲ့ပါတယ်။ စားဝတ်နေရေး စစ်မျက်နှာဖွင့်ဖို့ တိုက်တွန်းခဲ့ပါတယ်)။ အခု တတိုင်းတပြည်လုံး ကုန်းကောက်စရာ မရှိအောင် ကြပ်နေပါပြီ။ အဲဒါယမ်းအိုးကြီးပါ။ ယမ်းတွေ ပိုစုလာအောင် စားဝတ်နေရေးအတွက် စစ်သားလစာ အိမ်နီးချင်းနိုင်ငံ (ကမ်ပူးချား) ထိုင်းနိုင်ငံက စစ်သားလစာနှုံး တိုးတောင်းပေးပါ။ ၀န်ထမ်းလစာ တိုးတောင်းပေးပါ။ အလုပ်သမားတွေ တနေ့အတွက် အနိမ့်ဆုံး နေ့တွက်..(၄-ဒေါ်လာ)လောက် တိုးတောင်းဆိုပေးပါ။ လွှတ်တော်မှာလဲ အမတ်တွေက တိုးပေးဖို့တောင်းပါ။ အလုပ်သမားတွေကို လက်မှတ်ထိုးခိုင်းပါ။ ၀န်ထမ်းတွေကို လက်မှတ်ထိုးခိုင်းပါ။ စစ်သားတွေကို လက်မှတ်ထိုးခိုင်းပါ။

လမ်းပေါ် ထွက်စရာကိုမလိုဘူး။ ထွက်လာအောင် လှုံ့ဆော်လာရင် အဲဒါ န.အ.ဖ လူလို့သာ အပြတ် ကြေငြာထားပါ။ ဥပဒေကို ဥပဒေနဲ့ဘဲ တိုက်ပါ။ ၈၈၈၈- လုံးမှာ ဂိုဒေါင်တွေ သူတို့က အရင်စဖေါက် အခွန်ကို ချန်ထားပြီး ပြည်သူကို တရားခံလုပ်ခဲ့တာ သင်္ခန်းစာယူရပါမယ်။ တချိန်ထဲမှာ မြို့နယ် အသီးသီးက အမတ်တွေကို ယခုလိုလစာ လုပ်အားခ တိုးတောင်းတာ ထောက်ခံပါသလား လူကိုယ်တိုင်တွေ မေးမြန်းကြပါ။ လူငယ်တွေက မေးပေးကြပါ။ ပြီးလက်မှတ်ထိုးခိုင်းပါ။ မထိုးသူကို ၀ိုင်းကန့်ကွက်စာ (အမတ်အဖြစ်က ဖြုတ်ပေးဖို့ ကန့်ကွက်စာ) ကို ၀ိုင်းလက်မှတ် ထိုးတင်ရင် ဖြုတ်လို့ရပါတယ်။ (ဒါရွေးကောက်ပွဲ ဥပဒေပါ အခွင့်အရေးပါ)။

နောက်တခုက သမ္မတကြီးက လာဘ်စားမှု တိုက်ဖျက်ပါမယ်ဆိုထားတော့ ၀န်ထမ်းတွေလစာကို လုံလောက်အောင် မပေးဘဲ ဒါမလုပ်သင့်ပါဘူး။ ၀န်ထမ်း စစ်သားမိသားစုတွေရဲ့ တလ တလ ၀င်ငွေထွက်ငွေ (အချွေတာဆုံး နှုန်းထားနဲ့) ၀င်ငွေထွက်ငွေ စစ်တမ်းကောက်ယူပြီး လစာတိုးပေးရေး တောင်းဆိုရပါမယ် ဒီလိုလုပ်တာ သူ့မိန့်ခွန်းကို မြန်မြန် ဖေါ်ဆောင်နိုင်အောင် ကူညီတာပါဘဲ။ နိုင်ငံရေးကစားတာ မဟုတ်ပါဘူး။ ဒီလိုမကောက်ရင် ၀န်ထမ်း စစ်သားမိသားစုတွေကို အလေးမထားတာပါဘဲ။ ကိုယ့်ဝန်ထမ်း မိသားစုကိုတောင် အလေးထား မစဉ်းစားသူကို ဘာမှ မျှော်လင့်နေစရာ ထောက်ထား နေစရာမလိုတော့ပါဘူး။ မျှော်လင့် ယုံစားနေစရာ မလိုတော့ပါဘူး။

ဒီလာဘ်စားမှုမှာ ၀န်ကြီးတွေ လာဘ်စားတာက ကြောက်ခမန်းလိလိ စားကြတာပါ။ ယခင်က (န.၀.တ နဲ့  န.အ.ဖ) လက်ထက် သန်းရွှေ ကိုယ်တိုင်ဖမ်းဆီး အရေးယူခဲ့ရတဲ့ ၀န်ကြီးတွေ အားလုံး သန်းရွှေကိုယ်တိုင် စွပ်စွဲထားပါတယ်။ (န.၀.တ အဖွဲ့ဝင် ၂၁-ဦးမှာ ..၁၉-ဦးကို လာဘ်စားမှုနဲ့ အရေးယူခဲ့ရတော့.. ၉၅-% ဟာ လာဘ်စားထားတာ သန်းရွှေကိုယ်တိုင် အတည်ပြုထားပြီးသားပါ) (ဒါတောင် ကျန်နှစ်ဦးက မဟာ့မဟာ ဆူပါ ချမ်းသာကြီးတွေပါ ..မန်ချက်စတာ ယူနိုက်တက်အသင်းကို တောင်ဝယ်နိုင်သေးတာဘဲ) အဲဒီတော့ ၀န်ကြီးတွေ လာဘ်မစားနိုင်အောင်... သမ္မတကြီးက ဦးဆောင်ပြီး မိမိရဲ့ တရားဝင်ပိုင်ဆိုင်မှု နဲ့ကိုယ်ပိုင်ဝင်ငွေတွေကို ကြေငြာခြင်းလုပ်မှသာ မိန့်ခွန်းနဲ့ လုပ်ရပ် ကိုက်ညီမှာပါ ပိုင်ဆိုင်မှုမကြေငြာဘဲ လာဘ်စားမှု တိုက်ဖျက်မယ်ပြောတာဟာ (အလံနီ-သခင်စိုးကြီးစကား ငှားသုံးရရင်) ဖါခေါင်းတွေက ပြည်တန်ဆာပပျောက်ရေး ပြောနေတာနဲ့ ဘာမှမထူးပါဘူး။ လိမ်ညာမှု သက်သက်ဘဲဖြစ်နေပါမယ်။ ယုံရင် ယုံတဲ့သူ ဦးဏှောက် နည်းလို့ဘဲ။

သမ္မတကြီးသာ လာဘ်စားမှု တိုက်ဖျက်မယ်ဆိုတာနဲ့ ထင်တလုံးနဲ့ အာပုတ်ကျင်းထားတဲ့ ရေကို ရေမွှေးထင်နေသူတွေ ကိုသတိပေးတာပါ။ အပြောနဲ့ လုပ်ရပ် ချိန်ကြည့်ကြပါ။ အမတ်မင်းတို့ ခင်ဗျား သိပ်အသားလွတ်ကြီး ယုံမနေကြပါနဲ့ ။ အမတ်ဖြစ်မှတော့ ချင့်ချိန်တတ်နိုင် လောက်ပါမယ်။

အဖွဲ့ချုပ်က ဒါတွေလုပ်ပေးမယ်ဆိုရင် အဖွဲ့ချုပ်ကိုဘာနဲ့ အရေးယူနိုင်မှာလဲ။ တိုင်းပြည်ကောင်းအောင် တိုးတက်အောင် လုပ်နေတာဘဲလေ။ လူတွေထုနဲ့ထည်နဲ့ ပါလာတာ နိုင်ငံသားတွေ နိုးကြားလာတာ ကောင်းတဲ့လက္ခဏာ ဘဲလေ။ ဘာမှ နိုင်ငံရေးကစားတာ မဟုတ်ပါဘူး။ တကယ်တိုင်းပြည်မှာ ဖြစ်သင့်တဲ့ တိုင်းပြည်ဂုဏ်သိက္ခာ ကိုမြှင့်တင်ပေးတဲ့ ကိစ္စပါ။

အချုပ်အနေနဲ့ 
(၁) အဖွဲ့ချုပ်ဟာ အခုအစိုးရသစ်ကို အသိအမှတ်ပြုတယ်ဆိုတာ ဘယ်လိုဆိုတာကို ပြည်သူလူထုကို ရှင်းရင်းလင်းလင်း အသိပေး ကြေငြာပေးစေချင်ပါတယ်။ အစိုးရတရပ် ရှိတယ်ဆိုတဲ့ စကားဟာ သောင်မတင် ရေမကျစကားကြီး သက်သက်ပါဘဲ။ ဒီအစိုးရကို တရားဝင်အစိုးရအဖြစ် လက်ခံမယ် / လက်မခံဘူး YES / NO ပေါ့။ အခုယတိပြတ် ဖြေရပါမယ်။ အိယောင်ဝါးလုပ်ရင် ဟိုက(အစိုးရက) နဂိုလ်ကမှ ဂျစ်ကပ်ကပ် လုပ်နေသူကို ကိုယ်ကလဲ ကမ်းလှမ်းသေးတယ် (မပြောတော့ပါဘူး)။

(၂) အစိုးရကို တွဲမှာလား / တိုက်မှာလား (နှစ်လမ်း) တခုခု ဆုံးဖြတ်ရပါမယ်။ တွဲသင့်တယ် တိုက်ရမယ် ကျနော်မပြောလိုပါ။ အဖွဲ့ချုပ်က အစိုးရနဲ့ တိုက်ရိုက်ထိတွေ့ နေရသူ ပိုပြီးတီးမိခေါက်မိ ရှိပါတယ်။ တွဲဖို့ ဖြစ်လာနိုင်တယ် မလာနိုင်ဘူး အဖွဲ့ ချုပ်ပိုပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ ယခင်လို အချိန်ဘောင်မပါ ဘဲမလုပ်ပါနဲ့။
တွဲမယ်ဆိုရင်လဲ မထိတထိ ကလိတာတွေကို ရှောင်ပါ။ စီးပွားရေးပိတ်ဆို့တာကို ထောက်ခံတယ်ဆိုတဲ့ အပြောမျိုး တောင်းဆိုတာမျိုး။ လုပ်ချင်လုပ်ပါ။ သိုသိုသိပ်သိပ်ပေါ့။ အသံမထုတ်ပါနဲ့။ တိုက်မယ်ဆိုရင်လဲ လမ်းပေါ်မထွက်ရတဲ့ တိုက်ကွက်တွေကို ဦးစားပေးစဉ်းစားပါ။ န.အ.ဖ ဟာ မတရား လွန်လွန်မင်းမင်း ပြည်သူတွေ မွဲတေ ဒုက္ခရောက်အောင် လုပ်ထားတော့ တိုက်ကွက်မှန်ရင် အသာလေး ထိုးချလို့ရပါတယ်။ အားတောင်စိုက်စရာ မလိုပါဘူး။ ခြေစွယ်ငုတ် ခြေမအနာ ဖြစ်နေသူကို ခြေမနေရာကို အသာလေး နင်းလိုက်တာနဲ့  (အမလေး) အော်စေရပါမယ်။

(၃) ပြည်သူလူထု ၀န်ထမ်းလစာ စစ်သားလစာနဲ့ အလုပ်သမားနေ့စားခ --တိုးပေးရေးကို ဇောင်းပေးလိုက်တာနဲ့ သမ္မတကြီးဦးသိန်းစိန် တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ် ရောက်လာစေရပါမယ်။ စာရေးနေရုံနဲ့ ဖြစ်မလာပါဘူး။ (လယ်သမားတွေ လယ်ယာမြေပိုင်ဆိုင်ရေးပါ ထပ်ထည့်ကြည့်ပါ) ကြံ့ဖွတ် မျက်လုံးပြူး သွားစေရပါမယ်။ ဥပဒေ ဘောင်ထဲမှာဘဲ လုပ်ပါ။ လူထုကိုပါ ပါဝင်လက်မှတ် ထိုးခိုင်းလာရင် သမ္မတကြီး မျက်ကွယ် မပြုနိုင်စေရပါဘူး။ 

(၁၉၈၄- လောက်မှာ အမေရိကန်သမ္မတကြိး ရော်နယ်ရီဂင် (RONALD REGAN)ဟာ ဆိုဗိယက်နိုင်ငံနဲ့ မဟာဗျူဟာ လက်နက်ကြိးများ ကန့်သတ်လျှော့ချရေး ဆွေးနွေးပွဲတွေလုပ်နေတယ်။ မဟာဗျူဟာမြောက် တိုက်ချင်းပစ် အနုမြူထိပ်ဖူးတွေ လျှော့ချရေး ကန့်သတ်ရေးတွေ ဆွေးနွေးနေတဲ့ကာလမှာ စစ်အသုံးစရိတ်ကို ၄၀-% လောက်တိုးသုံးတယ်။ ကြယ်တာရာစစ်ပွဲ (STAR WAR) စီမံကိန်းကို စတင် အကောင်အထည် ဖေါ်တာတွေ လုပ်လာတော့ အတိုက်အခံ ဒီမိုကရက်တွေက ဝေဖန်လာကြတော့ သမ္မတကြီးက စကားတခွန်း တိုတိုလေးဘဲ ပြန်လိုက်ပါတယ်။ TO HAVE A NICE TALK , CARRY A BIG STICK စကားဝိုင်းကောင်းကောင်းဖြစ်ဖို့ တုတ်ကြီးကြီးဆောင်သွားပါ တဲ့ ။ ဒေါ်စုခင်ဗျာ စစ်ဗိုလ်တွေက ပြည်သူလူထုဆိုတဲ့ တုတ်ကို နားလည်ပါတယ်။ အခုဆို R2P စတင် ကျင့်သုံးနေပြီဆိုတော့)။

တဆက်တည်း ကျနော်တို့ရဲ့ ဒီမိုကရေစီ အာဂသတ္တိရှင်ကြီး ကိုဇာဂနာရဲ့ စတားဝါး ဟာသလေးကို လူငယ်လေးတွေ အတွက် ပါးလိုပါတယ်။ ၁၉၈၄ ခုနှစ်မှာ သမတရီဂင်က စတားဝါး စီမံကိန်းကို စတင် အကောင်အထည် ဖေါ်လာပါတယ်။ အဲဒီတော့ ဟာသဥာဏ်ထက်လှတဲ့ ကိုဇာဂနာကြီးက ထုံးစံအတိုင်းပေါ့။ အမေရိကန်သမ္မတကြီးက စတားဝါး ကိုသူ စတည်ထွင်တယ်နဲ့ ကြွားနေတယ်ကွာ။ ငါတို့ဆီက ခိုးချထားတာပါ။ ငါတို့ ဆီမှာ စတားတွေ ၀ါးလာတာ သူ့ထက် အနှစ်နှစ်ဆယ် စောတယ်ကွ။ (၁၉၆၂ - ကထဲက STAR တင်ထားတဲ့ စစ်ဗိုလ်တွေဝါးနေတာ)တဲ့..။

(၄) ဒေါ်စု အနေနဲ့ အမေရိကန်သမ္မတကြီးနဲ့ အနောက်ခေါင်းဆောင်တွေ မစ္စတာဘန်ကီမွန်း တို့ဆီ အခု အာရပ်ကမ္ဘာမှာ တော်လှန်နေရတာနဲ့ သူတို့ ပါဝင်ကူ တိုက်ပေး နေရတာတွေဟာ အာဏာရှင်ကြီးတွေက တဖက်သတ် မမျှမတ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ကုလသမဂ္ဂက အသိအမှတ်ပြုပေးခဲ့လို့ ဖြစ်လာရတာပါ။ အဲဒီလိုမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ လိုပါတယ်ဆိုတာကို ကုလသမဂ္ဂမှာ ဆုံးဖြတ်ချက်ချပြီး နိုင်ငံတိုင်းရဲ အခြေခံဥပဒေတွေကို ပြန်လည် သုံးသပ်ပေးဖို့ တောင်းဆိုပေးစေချင်ပါတယ်။
သို့မဟုတ်က ကုလသမဂ္ဂဟာ မိမိလက်ခံထားတဲ့ နိုင်ငံတခုရဲ့ အခြေခံဥပဒေကို ပြန်တိုက်နေရာ ရောက်နေပါတယ်။ အခု နာဂစ်ဥပဒေကို တရားမျှတ မှုရှိတယ် မမျှတပါဘူးဆိုတာ ယူအင်မှာ (ကုလသမဂ္ဂမှာ) မဲခွဲပြီးမှ အတည်ပြုပေးဖို့ တောင်းဆိုပေးပါလို့ တောင်းဆိုပါတယ်။ ထောက်ခံတဲ့ နိုင်ငံကလဲ ဘယ်အပိုဒ်ကတော့ တခြားနိုင်ငံတွေ နမူနာတောင် ယူသင့်တယ်ဆိုတာပါ ထောက်ပြဖို့။ သူတို့နိုင်ငံမှာ သုံးနိုင်မလား စတာတွေ အမေးအဖြေတွေ လုပ်ဖို့  တောင်းဆိုပေးပါရန်။

ဒေါ်စုက ကျနော်တင်ပြတာထက် သူက ပိုကောင်းအောင် ပြေပြေပြစ်ပြစ် ပြည့်ပြည့်စုံစုံကျိုးကြောင်း ဆီလျှော်အောင် ရေးနိုင်ပါမယ်။ ဒေါ်စုက ကုလသမဂ္ဂ မှာလုပ်ခဲ့သူပါ။ အဲဒီအတွေ့အကြုံတွေ အသိစွမ်းအားတွေဟာ အခု သိပ်လိုအပ်နေပါတယ်။ အားကိုးပါတယ်ဗျာ။

အချုပ်အနေဖြင့် ဒေါ်စုကို အထူးပန်ကြားလိုတာပါ။ ဒေါ်စုဟာ freedom from fear ကိုရေးသားပြီး စာပေအဆင့်ရှိ စာအုပ် တစ်အုပ်ထက် ကမ္ဘာကျော် စာတမ်း တစ်စောင်အဖြစ် ရောက်ခဲ့တာပါ။ အဖွဲ့ချုပ် အနေနဲ့ န.အ.ဖတုန်းက နာအောင် ထိအောင် မထိုးခဲ့နိုင်ပါဘူး။ ခံရဲတဲ့သတ္တိရှိပေမဲ့ တိုက်ရဲတဲ့သတ္တိ မပြနိုင်ခဲ့ပါဘူး။ ဘောလုံးစကားဘဲ ပြန်သုံးရရင် ကမ္ဘာကျော် နည်းပြကြီး မော်ရင်ဟိုဟာ... ချယ်ဆီးအသင်းကို ကိုင်တုံးက တိုက်စစ်ဖွင့်ကစားပြီး အနိုင်ယူခဲ့ပါတယ်။ အင်တာမီလန်ကို ကိုင်တော့ ခံစစ်ကို အားထားပြိး အနိုင်ယူခဲ့တာပါ။ ပြိုင်ဘက်အသင်း အနေအထား ကိုချင့်ချိန်ပြိး ကစားကွက်တွေ ချမှတ်ခဲ့တာပါ။

အခု ရာသီဥတုကလဲ ပြောင်းလာပြီ။ လွှတ်တော်ပေါ်လာပြီ။ သမ္မတကြီးကလဲ စိတ်ထားကောင်းသူပါ။ သူတို့ အတော်လေး စိတ်ထားကောင်းသူပါ။ ဆင်ခြင်တုံတရားလဲ ရှိသူပါ။ ကမ္ဘာမှာလဲ အာရပ်ရေကြောင်းကြီးနဲ့ R2P ကိုလဲ လက်တွေ့သုံးခဲ့ပြီ။ ဒီလိုအခြေအနေမှာ ဒေါ်စုကို အထူးပန်ကြားလိုပါတယ်။ ခံစစ်မကစားဘဲ တိုက်စစ်ဖွင့် ကစားပါလို့။ သူတို့မှာ နောက်တန်းက (မုသား) ကိုအားပြုထားပြီး တဖက်သတ် အနိုင်ယူရေး ညစ်ပတ်အနိုင်ယူရေး အကြံအစည်နဲ့ ကွင်းထဲ ၀င်လာတာပါ။ ပွဲမစခင်လေးတင် ဒိုင်လူကြီးက အပြတ်လုပ်ဖို့ သူတို့ ဘက်မလိုက်ဖို့ပါ ခရာမှုတ်ထားပြီ။
ပြည်သူလူထုကိုလဲ အထူးပန်ကြားလိုပါတယ်။ မကြောက်ကြပါနဲ့။ ကိုယ့်ရပိုင်ခွင့်တွေကို တရားနည်းလမ်းကျကျ ဥပဒေဘောင်ထဲကနေ တောင်းတာကို ရဲရဲဝံ့ဝံ့ ပါဝင်ပူးပေါင်းကြပါ။ ဒေါ်စု နောက်က ရဲရဲဝ့ဝံ့ရပ်ပေးကြပါ။ ဒီလို ဥပဒေဘောင်ထဲက တောင်းတာ မပါခဲ့ရင် မအောင်မြင်ခဲ့ရင် ကျနော်တို့က ဥပဒေပြင်ပကနေ နောက်ထပ် လုပ်လာဖို့ရှိပါတယ်။ လုပ်ဖို့ အစီအစဉ်ရှိထား ဆွဲထားပြီးသားပါ။ ပြည်သူတွေကော တိုင်းပြည်ပါ နာပါမယ်။ မလုပ်ဘဲတော့ ငြိမ်တော့မနေပါဘူး။ လုပ်ကိုလုပ်မှာ။

အကြောက်တရား ကိစ္စလေးတင်ပြချင်ပါတယ်။ ကျနော်ကိုယ်ရေးကို ထုတ်ကြွားတာ မဟုတ်ပါဘူး။ အဓိပါယ်ရှိရှိ ချင့်ချိန်ပြီး ကြောက်ကြပါလို့ ပြောပြချင်လို့ပါ။ ကျနော့် ကိုယ်ရေးကိုယ်တာပါလာတာ နားလည်ပေးကြပါ။ ကျနော်တို့ ဆေးကျောင်းသား ခေတ်က ပါမောက္ခကြီး ဒေါ်မြင့်မြင့်ခင် ဆိုရင် အားလုံးက တုန်နေအောင် ကြောက်ကြရတာပါ။ အခုဝန်ကြီးလုပ်သွားတဲ့ ဦးကျော်မြင့်နဲ့ အခုနာမည်ကြီး ပါမောက္ခ ဒေါက်တာဦးခင်မောင်ဝင်းတို့ဆို ဆေးကျောင်းသားဘ၀က (မာမီကြီးလို့ခေါ်ကြပါတယ်) အိမ်ကိုသွားဖို့ နေနေသာသာ လမ်းထဲတောင် မသွားရဲကြပါဘူး။ သူက သိပ်အော်ငေါက်တော့ သေလုမတတ် ကြောက်ကြရတာ။ သူငယ်ချင်းဆရာဝန်ကြီးတွေ အသက်..၅၀-ကျော်လာပြီး နောက်ကို ပါမောက္ခတွေ ဌာနမှုးကြီးတွေ ဖြစ်မှ ကျနော်က မာမီကြီးကို သွားကန်တော့ကြရအောင် ဆိုတော့ ...ဘီလီရယ် ငါတို့ အခုထိကြောက်တုံး ကန်တော့တာထည့်ပါမယ် မလိုက်ပါရစေနဲ့ ဆိုပြီး ပြောရင်းဆိုရင်း လက်ဖျားတွေ အေးစက်သွားရှာကြတာ။

ကျနော်ကိုလည်း အော်ငေါက်ဖူးတာပေါ့။ တရက် မာမီကြီး မေးလာတယ်... ကျောင်းသားတွေအားလုံးက ငါ့တွေ့ရင် ပုန်းကြတယ်။ နင်က မပုန်းပါလား မေးပါတယ်။ မာမီက စာတတ်စေချင်လို့ စေတနာလွန်ပြီး ဟောက်တာ ကြောက်စရာမှ မဟုတ်တာဘဲ ဖြေလိုက်ပါတယ်။ နောက်ပိုင်း ခင်လာတော့ မာမီ့အိမ်ကို လာလည်လို့ ရမလားမေးတာပေါ့ လာပါဆိုတော့ သွားလည်တယ်။ တအိမ်လုံးနဲ့ မိသားစုလို ခင်သွားပြီး သူ့အိမ်မှာ ဟင်းအကောင်းစားတွေနဲ့ စားလဲစားတယ်။ ဟင်းကောင်းတွေကို အဆောင်စားဖို့လည်း သယ်တယ်။ ပုဆိုးတွေတောင်းပြီး မခဲ့သေးတယ်။ သူ့မှာ မွေးစားသမီးတွေကလည်း ကျနော့်ကို အကိုလိုခင်ပြီး အဆောင်မှာစားဖို့ အခြောက်အချမ်းလေးတွေ ကြော်လှော်ပေးကြတယ်။

မာမီက အသက်- ၈၀-ကျော်လာတော့ တခါပြောဘူးတယ် ..(ဘီလီ..မင်းတခါက အိမ်လာရင်း မယ်လမင်းခွက်ကလေး (BAMBI သမင်အရုပ်လေးနဲ့) ခွက်ကို ကိုင်လိုက် ကြည့်လိုက်လုပ်နေတာ ငါသိလိုက်ပြိ မင်းသိပ်ကြိုက်နေပြီဆိုတာ..မင်းလိုချင်နေတာ ယူသွားပါပြောတော့ မင်းမျက်လုံးကို အရောင်တောက်သွားတာ ငါမျက်စေ့ထဲက အခုထိ မထွက်ပါဘူးမောင် တဲ့)။ အသက် ၈၀ ကျော်တာကို သူကမှတ်မိတုန်း။ ကျနော်က မာမီကြီးကို အမေလို ချစ်တာ သူ့ပါးလေးကို နမ်းချင်နေတာ။ ကျန်လူတွေကတော့ သေအောင်ကြောက်။ စဉ်းစာကြည့်ကြလေ။ မာမီကြီးက ကြောက်စရာကြီးလား မိခင်တယောက်လိုကို ချစ်စရာလားဆိုတာ။ နောက်တခုက တချို့ကစာကို ကျက်ကြတယ် တော်တယ်။ မာမီကြီးက မေးလိုက်ရင် ကြောက်စိတ်ဝင်နေတာနဲ့ အမှန်ကို သံသယဖြစ်ပြီး မဖြေရဲတော့ဘူး။ အဲဒါ မလိုအပ်ဘဲ အပိုကြောက်စိတ်ရဲ့ ဆိုးကျိုးတွေပါ။ ကြောက်စိတ်က ဆိုးကျိုး (အနုတ်လက္ခဏာ ဘဲပေးပါတယ်)။

ဆိုလိုတာကတော့ လူတွေက ကြောက်စရာမဟုတ်တာကို အသက်-၅၀-ကျော်အထိ ကြောက်နေကြတာ။ ကျနော်က မာမီအိမ်တင် မဟုတ်ဘူး တခြားဆရာဝန်ကြိးတွေအိမ် အားလုံးနီးပါး ကျနော်က အလည်သွား စားသောက်နေတာ ဘာမှကြောက်နေစရာမလိုဘူး။ ဒုဆေးရုံအုပ်ကြီးဦးကျော် ကဆိုရင် ကျနော့်ကို သူ့တူပါပြောပြီး စောင့်ရှောက် ပေးရှာပါတယ်။ အခုလဲ ကိုယ့်ရပိုင်ခွင့်တွေကို သန်းရွှေနဲ့ ဦးနေ၀င်းတို့ ခိုးနိုက် ယူထားတာ။ ကြောက်ချင်း ကြောက်ရရင် သူတို့ ကြောက်နေရမှာ။ မကြောက်ကြပါနဲ့။ ဘာမှ ကြောက်စရာမလိုပါဘူး။ အခုကျနော်တင်ပြတာလဲ လမ်းပေါ်ထွက်တိုက်ဖို့ ခေါ်တာမဟုတ်ပါဘူး။ ဘောင်ထဲကပါဘဲ။
အားလုံးကို ပန်ကြားပါတယ်။ ယခုကျနော် တင်ပြတာတွေကို အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ က ကျေနပ်ကြ လက်ခံသဘောတူကြမယ် မတူကြဘူးတော့ မပြောနိုင်ပါဘူး။ ဆရာကြီးလုပ်လိုစိတ် ကျနော့်မှာ လုံးဝမရှိပါဘူး။ အမြင်တူလို့ အဖွဲ့ ချုပ်က တခုခု လုပ်ဆောင်လာရင် သန်းရွှေ ဆိုတာ ခေါက်ထားလိုက်တော့။ သမ္မတကြီးဦးသိန်းစိန် ဟာ လူရမ်းကား မဟုတ်တာတော့ သေချာပါတယ်။

သတ္တိရှိရှိနဲ့ ကိုယ်ကလဲ သူ့ကိုယ် လေးလေးစားစား တင်ပြကြပါ။ သူကလျှော့ပေးလာလို့ တထွာကနေ တလန် တိုးတောင်းတာမျိုးတော့ မလုပ်မကြဖို့ပါ။ အပြောင်းအလဲဆိုတာ တဖြေးဖြေးချင်း ပြောင်းရတာ အသက်သာဆုံးပါ။ မော်တော်ကားဘရိတ်ကို ဆောင့်အုပ်လိုက်ရင် ဂျွမ်းပြန်ကန်သလို သဘောထားပြီး တစတစ ပြောင်းလာတာကို လှမ်းစေချင်ပါတယ်။

တခုတော့ရှိတယ်။ အထူး အထူး သတိပေးလိုပါတယ်။ ကျနော်တို့ ထောင်ထဲမှာတုန်းက တကယ့် လူတွေပါ အတုန်းအရုံး သေတဲ့အထိ ဖြစ်စေတဲ့ ရှမ်းဆန် (ဆန်-အအောက်တွေ) ကျွေးတုန်းက ကျနော်တယောက်ထဲ တိုက်ခဲ့ရတာပါ။ တယောက်ဆို တယောက်မှ မပါရဲ ကြပါဘူး။ အဲနောက်ပိုင်း ထောင်ပိုင်က လျှော့လဲ ပေးလာရော ထောင်ပိုင်ကို (ခွေး) ကိုငေါက်သလိုမျိုး ငေါက်ပြောဆိုတာမှ ဟီးရိုးကြီးတွေ ဆိုပြီး ချီးမွှမ်းထောပနာပြုကြ။ ထောင်ကလွန်လာလို့ ထုတ်လဲရိုက်ရော ပြန်ငြိမ် သွားကြတာမျိုး မလုပ်ကြပါနဲ့လို့။ အဲဒါရန်သူက ကိုယ့်ကို မယုံကြည်တော့ဘူး။ လျှော့ပေးရင် လည်တက်လှီးမယ် မြင်လာရော ...။ ယုံကြည်မှုက ပျက်သွားရော။ အဲဒီလိုမလုပ်မိကြဖို့ပါ။ ရန်သူရဲ့ယုံကြည်မှုကို မတည်ဆောက်နိုင်ရင် အသက်တွေ ရင်းကြရပါမယ် ။ တိုင်းပြည်နာပါမယ်။

အာလုံးကို လေးစားလျှက်
လှိုင်မြင့်
ယခင်ဆောင်းပါးများ ပြန်ဖတ်ရှုလိုလျှင် ဒေါက်တာလှိုင်မြင့် ဆောင်းပါးများအား နှိပ်၍ဖတ်ရှုနိုင်ပါသည်...။