ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ နည်းမျိုးစုံဖြင့် ဖြေရှင်းနေသည့်ကြားမှ ပိုမိုဆိုးရွားလာပြီး နယ်ပယ်အသီးသီးရှိ လူမှုဘ၀များကိုပါ ထိခိုက်လာ..

7.14.4
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့ နေသည်ကို ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်

လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို မဖြေရှင်းနိုင် သေးသဖြင့် နယ်ပယ်အသီးသီးရှိ လူမှုဘ၀များကိုပါ ထိခိုက်မှုရှိလာကြောင်း ပြည်သူများထံမှ သိရသည်။
ကားများတင်သွင်းခွင့် ပိုမိုလွတ်လပ် လာပြီးနောက် ကားအများအပြား တင်သွင်းလာခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို နည်းမျိုးစုံဖြင့် ဖြေရှင်းနေသည့်ကြားက ပိုမိုဆိုးရွား လာခြင်းဖြစ်ပြီး အလွှာစုံ နယ်ပယ်အသီးသီးရှိ လူမှုဘ၀များကို ထိခိုက်မှု ရှိလာခဲ့ခြင်း ဖြစ်သည်။

''မြို့ထဲက တိုက်ခန်းတွေ ဈေးမြောက်ပြီး မငှားနိုင်လို့ ဒဂုံဆိပ်ကမ်းကို ရွှေ့လာရတယ်။ မနက်ဆို ရုံးချိန်မီအောင် အစောကြီး အိပ်ရာ ထရတယ်။ တစ်နေ့တစ်နေ့ ကားပေါ်မှာ သုံးလေးနာရီ အချိန်ကုန်ရတယ်။ တစ်နေ့လုံး ကားပေါ်မှာ အချိန်ကုန်ရတာများတော့ အလုပ်ထဲလည်း ကောင်းကောင်း အာရုံမစိုက်နိုင်။ တစ်နေကုန် ပင်ပန်းတော့ အိမ်ကျတော့ မိသားစုဘ၀ဆိုတာ မရှိတော့ဘူး။ စင်ကာပူလို ဖြစ်ချင်တဲ့ သမ္မတကြီးနဲ့ ခုံးကျော်တံတားတွေ လေးလနဲ့ဆောက်မယ့် ၀န်ကြီးတွေကို ကားကျပ်ကျပ်တွေ အကြာကြီး စီးနေရတဲ့ အချိန်တွေမှာ သတိရတယ်လို့ ပြောပေးပါဗျာ'' ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူ ကိုကျော်ကျော်က ပြောပါသည်။

ယာဉ်များ တင်သွင်းခွင့် လွတ်လပ်လာသဖြင့် ကားဈေးကွက် အတွင်း ကားဈေးနှုန်းများလည်း ခေါက်ချိုးကျော်သည်အထိ ထိုးကျခဲ့သော်လည်း ယင်း၏ အကျိုးသက်ရောက်မှုသည် ယခင်ကားဝယ် မစီးနိုင်သေးသည့် လူလတ်တန်းစား အများစုကို ကားဝယ်စီးနိုင်သည့် လူတန်းစားအဖြစ် လူနေမှု အဆင့်အတန်းကို မြှင့်တင်မပေး နိုင်သည်ကို တွေ့ရသည်။

မူလက ကားဈေးနှုန်းများ မကျသေးခင်က ကားဝယ်စီးနိုင်သူ လူတန်းစား တစ်ရပ်သာ ယခင်ကားတစ်စီး ပိုင်သူများက သုံးလေးစီး ၀ယ်စီးနိုင်ခဲ့သည့် ပြောင်းလဲမှု တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
သို့သော်လည်း ရန်ကုန်မြို့အတွင်း ကားအစီးရေ များပြားလာ ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု များက ကားဝယ်စီးနိုင်သူများ သာမက ကားဝယ်မစီး နိုင်သေးသည့် လူလတ်တန်းစား၊ အောက်ခြေ လူတန်းစားများ၏ လူနေမှုဘ၀များကို ထိခိုက်လာခဲ့သည်ဟု ပြည်သူအများစုက မှတ်ချက်ပြုခဲ့ကြသည်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် နယ်ပယ်အသီးသီးရှိ လူမှုဘ၀များကို ထိခိုက်မှု ရှိလာသည် ဆိုရာတွင် နေ့လုပ်နေ့စားများ၊ အစိုးရနှင့် ကုမ္ပဏီ ၀န်ထမ်းများ၊ တက္ကစီ ယာဉ်မောင်းများ၊ ဘတ်စ်ကား စပယ်ယာများ၊ ဘတ်စ်ကား ယာဉ်မောင်းများ၊ နေ့စဉ် ဘတ်စ်ကားစီး ခရီးသည်များနှင့် လုပ်ငန်းရှင်များအထိ ဖြစ်ကြောင်း ယာဉ်ကြော ပိတ်ဆို့မှုကြောင့် လူမှုဘ၀ ထိခိုက်နေရသူများက ပြောကြားသည်။


တစ်နေ့လုံး ကားပေါ်မှာ အချိန်ကုန်ရတာများတော့ အလုပ်ထဲလည်း ကောင်းကောင်း အာရုံမစိုက်နိုင်။ တစ်နေကုန် ပင်ပန်းတော့ အိမ်ကျတော့ မိသားစုဘ၀ဆိုတာ မရှိတော့ဘူး။ စင်ကာပူလို ဖြစ်ချင်တဲ့ သမ္မတကြီးနဲ့ ခုံးကျော်တံတားတွေ လေးလနဲ့ဆောက်မယ့် ၀န်ကြီးတွေကို ကားကျပ်ကျပ်တွေ အကြာကြီး စီးနေရတဲ့ အချိန်တွေမှာ သတိရတယ်လို့ ပြောပေးပါဗျာ...


အထူးသဖြင့် ယာဉ်ကြော ပိတ်ဆို့မှုကြောင့် မြို့သစ်များတွင် နေထိုင်သူများ၏ ကိုယ်ပိုင် အားလပ်ချိန်များသည် ဘတ်စ်ကားများပေါ်တွင် ကုန်ဆုံးနေရကြောင်း မြို့သစ်နေသူများက ဆိုသည်။
''ကျွန်မက ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေပါတယ်။ ရုံးဆင်းချိန်က ညနေ ၅ နာရီ။ ဘတ်စ်ကားစောင့် ရတာက နာရီဝက်။ ကျပ်ကျပ်သိပ်သိပ်နဲ့ ကားပေါ်မှာ စီးရတဲ့ကြားထဲ လမ်းပိတ်ကားပိတ်လို့ အစောဆုံး အိမ်ပြန်ရောက်ချိန်က ၈ နာရီခွဲ ၉ နာရီပဲ။ မနက်ဆို ရုံးချိန်ထက် ၂ နာရီ ၃ နာရီ အိမ်က စောထွက်ရပါတယ်။ ဒါကြောင့် မိသားစု အချိန်မပေးနိုင်လို့ မိသားစုဘ၀ကို မခံစားနိုင်ဘူး'' ဟု ဒဂုံမြို့သစ်၌နေသော ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူ မသိန်းသိန်းက ဆိုပါသည်။

အလားတူ နေ့လုပ်နေ့စားများ အနေဖြင့်လည်း ယာဉ်ကြောပိတ်ဆို့ မှုကြောင့် လူမှုဘ၀ ထိခိုက်နေရခြင်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ပန်းရံအလုပ်သမား အဖြစ် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်သော ကိုစိုးထွန်းက ''နေ့လုပ်နေ့စား အများစုက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်လို နေရာတွေကနေ လာပြီး မြို့ထဲမှာလာ အလုပ်လုပ် ကြရတာပါ။ ကားပိတ်လို့ လုပ်ငန်းခွင် အချိန်မီ မရောက်ရင် အလုပ်ပြုတ်မှာစိုးလို့ မနက် ၄၊ ၅ နာရီလောက် ကတည်းက အိမ်က ထွက်ရတယ်။ ကားပိတ်လို့ နေ့တိုင်းမိုးချုပ်မှ အိမ်ပြန်ရောက်တယ်။ တစ်နေ့လုပ်မှ တစ်နေ့စားဆိုတော့ အချို့နေ့တွေမှာ ကိုယ့်ဆီက ပိုက်ဆံရမှ ချက်ပြုတ်ရမှာ ဆိုတော့ ကိုယ်နောက်ကျလို့ မိသားစုက ကိုယ့်ကိုစောင့်ပြီး ထမင်းစားရတာတွေ ရှိတယ်'' ဟု ရင်ဖွင့်ခဲ့သည်။

ကားပိတ်မည် စိုးသဖြင့် လမ်းကြော ရှောင်မောင်းရသဖြင့် အချိန်ပိုကုန်သဖြင့် အကြောင်းရေများများ မဆွဲနိုင်သည့်အပြင် ဒီဇယ်၊ ဓာတ်ဆီ၊ ဂက်စ်ပိုကုန်သဖြင့် ၀င်ငွေကို များစွာ ထိခိုက်နေရကြောင်းလည်း တက္ကစီယာဉ်မောင်း များထံမှ သိရသည်။
ထို့ပြင် ယာဉ်ရပ်နားရာ နေရာများ ရှားပါးမှုကြောင့် ရန်ကုန်မြို့ရှိ လမ်းဘေးဝဲယာ တစ်လျှောက် ကားများ ဦးရာလူစနစ်ဖြင့် ယာဉ်ရပ်နားလျက်ရှိပြီး ယာဉ်နှစ်ထပ်၊ သုံးထပ် ရပ်နားမှုများကလည်း ယာဉ်ကြော ပိတ်ဆို့မှုကို ပိုမိုဆိုးရွားစေခဲ့သည်။ အချက်အချာကျရာ နေရာများတွင် ယာဉ်ရပ်နားရန် နေရာရှားပါးမှုကြောင့် သွားလာရန် ပိုမိုခက်ခဲလာခဲ့ပြီး သက်ရောက်မှု အနေဖြင့် အဆိုပါ နေရာများရှိ အရောင်းဆိုင်ခန်းများတွင် လူဝင်ရောက်မှု လျော့နည်းလာခဲ့ကာ ဈေးရောင်း ဈေးဝယ် လူတန်းစားများ၏ လူမှုဘ၀များကိုပါ ထိခိုက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ရန်ကုန်မြို့တွင် ဆိုးရွားစွာ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် လမ်းပေါ်တွင်သာ အချိန်ကုန် နေရသဖြင့် လုပ်ငန်းရှင်များ အပါအ၀င် နယ်ပယ်အသီးသီးမှ ပြည်သူများ၏ လုပ်ငန်းပိုင်းဆိုင်ရာ ကြန့်ကြာမှုများလည်း ရှိနေကြောင်း သိရသည်။ စီးပွားရေး ပညာရှင် ပါမောက္ဓ ဒေါ်ရီရီမြင့်က ''နောက်ဆက်တွဲ ဖြစ်လာနိုင်ခြေတွေကို စဉ်းစားတာ အားနည်းလို့ ခုလိုဖြစ်နေတာပါ။ အရင်ထက် ကားဈေးကျလို့ ကားစီး နိုင်တာတွေ များလာတယ်။ လမ်းတွေကို ကြိုပြီးပြင်ဆင် မထားတော့ လမ်းတွေပိတ်ကုန် ကျပ်ကုန်တယ်။ ကားတွေများလာတယ် ဆိုပေမယ့် လူတွေ အဆင်မပြေကြဘူး။ အခုထိ ကားတွယ်စီးနေကြတာ။ ကားဂိတ်မှာ လူတွေစုပြုံတိုးဝှေ့ပြီး စီးနေရတာ မြင်ရတာ စိတ်မကောင်းဘူး။ မြန်မာပြည်က ဘာမှအဆင်သင့် မဖြစ်ဘူး။ လတ်တလော အဆင်မပြေတာ နားလည်ပေးလို့ ရပေမယ့် အ စိုးရက အမြန်ဆုံး ဖြေရှင်းဖို့လိုတယ်။ ကားဝယ်စီးတာက ပြည်သူတွေရဲ့ အခွင့်အရေးပဲ။ အစိုးရက လမ်းတွေ၊ တံတားတွေ ဖောက်ပေးဖို့ လုံလောက်အောင် ပြင်ဆင်ဖို့ တာဝန် ရှိတယ်'' ဟု ထင်မြင်ချက် ပေးပါသည်။

ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာသည် ၂၀၁၁ ခုနှစ်မှ စတင်ကာ သိသာလာခဲ့ခြင်း ဖြစ်ပြီး အစိုးရမှ ခုံးကျော်တံတားများနှင့် လမ်းများပြုပြင် တိုးချဲ့ခြင်းများ ဆောင်ရွက်နေသည့် လမ်းပိတ်ဆို့မှုသည် ပိုမိုဆိုးရွားလာခြင်း ဖြစ်သည်။
7.14.5
မဟာဗန္ဓုလ လမ်းပေါ်တွင် ယာဉ်ကြောကျပ်နေမှုကို ဇူလိုင် ၁၃ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ-ကောင်းသန့်)

ယာဉ်ကြောပိတ်ဆို့မှု ပြဿနာသည် နေ့စဉ်သွားလာ လှုပ်ရှားနေသည့် အများပြည်သူများ အကြားသာမက ရန်ကုန်မြို့တော်သို့ လာရောက်ကြသော နိုင်ငံခြား ခရီးသွားများ၊ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များပါ ရိုက်ခတ်မှု ရှိလာခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့၏ အဓိက ၀င်ပေါက်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြို့တွင်းသို့ ၀င်ရောက်သည့် အဓိက လမ်းမကြီးများ ဖြစ်သည့် ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းများတွင်ပါ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွား လာခြင်းကြောင့် နိုင်ငံခြား ခရီးသွားများအကြား ရန်ကုန် မြို့၏ ယာဉ်ပိတ်ဆို့မှုသည် ပြောစမှတ်တွင်စ ပြုလာခဲ့သည်။

တစ်ချိန်က အာရှတိုက်၏ နာမည်ကျော် မြို့ကြီးတစ်မြို့၏ အလှအပနှင့် ခမ်းနားထည်ဝါမှု အငွေ့အသက်တို့ကို တွေ့မြင်လို၍ လာရောက် လေ့လာကြသည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များသည်လည်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို စတင်ခံစားကြရပြီး ခင်းလက်စလမ်းများ၊ ပြုပြင်ဆဲလမ်းများ၊ ချိုင့်ခွက်များကြားမှ တရွေ့ရွေ့ မောင်းနှင်သော ကားပေါ်တွင်သာ တစ်နေ့တာ အချိန်များစွာကို ကုန်ဆုံးလျက် ရှိသည်။

ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ ခုံးကျော်တံတား လုပ်ငန်းခွင်အနီး ပတ်ဝန်းကျင်များနှင့် လမ်းခင်းကျင်း ချဲ့ထွင်နေသည့်နေရာ ပတ်ဝန်းကျင်များတွင် ယာဉ်ကြောပိတ်ဆို့မှု အပြင် တည်ဆောက်ပြီး ခုံးကျော်တံတား ပတ်ဝန်းကျင်၌လည်း ယာဉ်ကြောပိတ်ဆို့မှုများ ရှိနေဆဲပင် ဖြစ်သည်။ မိုးတွင်းကာလ ဖြစ်သဖြင့် လမ်းများပေါ်တွင် ရေကြီးရေလျှံကာ ယာဉ်ကြော ပိတ်ဆို့မှုကို ပိုမိုဖြစ်ပေါ်စေကြောင်း ရန်ကုန်မြို့တွင်း နေ့စဉ်သွားလာနေသူ၏ ပြောကြားချက်များအရ သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အဓိက လမ်းဆုံနေရာများတွင် ခုံးကျော်တံတားများ ဆောက်လုပ်ရန် ၂၀၁၁ ခု နှစ်ကုန်ပိုင်းတွင် စတင်စီစဉ်ခဲ့ကာ လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေ ငါးလမ်းဆုံ မီးပွိုင့်များတွင် ခုံးကျော်တံတားများကို လေးလအတွင်း အပြီးတည်ဆောက်မည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် လှည်းတန်း ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှသာ ပန္နက်တင်ကာ စတင် တည်ဆောက်နိုင်ခဲ့ပြီး ဘုရင့်နောင် ခုံးကျော်တံတား၊ ရွှေဂုံတိုင် ခုံးကျော်တံတားများကို ဆက်လက် တည်ဆောက်ဆဲဖြစ်ကာ တာမွေငါးလမ်းဆုံ ခုံးကျော်တံတားမှာမူ မဆောက်လုပ် ဖြစ်တော့ဟုလည်း ထုတ်ပြန်ခဲ့သည်။

ခုံးကျော်တံတား ဆောက်လုပ်သည့် နေရာများမှာ ရန်ကုန်မြို့ရှိ အဓိက ခြောက်လမ်းသွားများ ဖြစ်သည့် ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်းနှင့် ဘုရင့်နောင် လမ်းမများပေါ်တွင် ဖြစ်သောကြောင့် ခုံးကျော်တံတား ဆောက်လုပ်နေစဉ် ကာလများအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ လှည်တန်း ခုံးကျော်တံတားကို တည်ဆောက်ချိန် တစ်နှစ်ကျော်ကြာသည့် ၂၀၁၃ ခုနှစ် ဧပြီလတွင် စတင်အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။ လှည်းတန်းခုံးကျော် တံတားပြီးစီးကာ အသုံးပြုခွင့်ရ၍ လှည်းတန်း အနီးတစ်ဝိုက် ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ် သက်သာသွားသော်လည်း ခုံးကျော်တံတားအဆင်း စိုက်ပျိုးရေး မှတ်တိုက်အနီးမှ စတင်၍ ဟံသာဝတီလမ်း တောက်လျှောက် ယာဉ်ကြောများ ပိတ်ဆို့လာပြီး မိုးရွာသည့် အချိန်များတွင် ပိုမိုဆိုးရွား နေသည်ဟု သိရသည်။

သို့ဖြစ်ရာ ခုံးကျော်တံတား ဆောက်လိုက်သော်လည်း ယာဉ်ကြော ပိတ်ဆို့မှုကို အနည်းငယ်သာ ဖြေရှင်းနိုင်သည့် အတွက် ထပ်မံ ဆောက်လုပ်နေသည့် ခုံးကျော်တံတား နှစ်စင်းမှာလည်း ယာဉ်ကြော ပိတ်ဆို့မှုများကို အများအပြား ဖြေရှင်းနိုင်ခြင်း ရှိမရှိမှာ မသေချာသည့် အနေအထားပင် ဖြစ်နေကြောင်း သုံးသပ်နေကြသည်။

ထို့နောက် တိုးပွားသည့် ယာဉ်အစီးရေနှင့်အတူ လိုက်လျောညီထွေဖြစ်မည့် လမ်းချဲ့ထွင်မှုများကို စဉ်းစားခဲ့ကြကြောင်း၊ သို့သော် လမ်းချဲ့ထွင်မှု များမှာလည်း အကန့်အသတ်ဖြင့်သာ ချဲ့ထွင်၍ရပြီး အများအပြား ပြုလုပ်၍ မရနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ထို့အတွက် လမ်းပေါ်တွင် ယာဉ်များ ရပ်တန့်၍ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်စေရန်အတွက် လမ်းသားများအား ချဲ့ထွင်၍ အခမဲ့ ကားပါကင်များ ပြုလုပ်ပေး၍လည်း ဖြေရှင်းခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင် ဘုရားလမ်း၊ ရေကျော်အနီး၊ အထက်ကြည့်မြင်တိုင် လမ်းများရှိ နေရာအချို့တွင် အခမဲ့ ယာဉ်ရပ်နားနိုင်သည့် နေရာများ ပြုလုပ်ပေးခဲ့ကြောင်း သို့သော် ယာဉ်ရပ်နားသည့် နေရာများတွင် ဈေးသည်အချို့ ဈေးရောင်းချခြင်းနှင့်အတူ ဓာတ်တိုင်များ ခံနေခြင်း စသည့်တို့ကြောင့် အချို့ယာဉ်များ မရပ်ဘဲ လမ်းပေါ်တွင်သာ ရပ်နေခြင်းကြောင့် ယာဉ်ကြောများ ပိတ်ဆို့နေဆဲပင် ဖြစ်ကြောင်း သိရသည်။


နောက်ဆက်တွဲ ဖြစ်လာနိုင်ခြေတွေကို စဉ်းစားတာ အားနည်းလို့ ခုလိုဖြစ်နေတာပါ။ အရင်ထက် ကားဈေးကျလို့ ကားစီး နိုင်တာတွေ များလာတယ်။ လမ်းတွေကို ကြိုပြီးပြင်ဆင် မထားတော့ လမ်းတွေပိတ်ကုန် ကျပ်ကုန်တယ်။ ကားတွေများလာတယ် ဆိုပေမယ့် လူတွေ အဆင်မပြေကြဘူး။ အခုထိ ကားတွယ်စီးနေကြတာ။ ကားဂိတ်မှာ လူတွေစုပြုံတိုးဝှေ့ပြီး စီးနေရတာ မြင်ရတာ စိတ်မကောင်းဘူး။ မြန်မာပြည်က ဘာမှအဆင်သင့် မဖြစ်ဘူး...



ယင်းအပြင် ယာဉ်ရပ်နား စခန်းများဖြင့် ယာဉ်ကြောပိတ်ဆို့မှု ဖြေ ရှင်းရန် စဉ်းစားခဲ့ကြပြီး လက်ရှိဗိုလ်ချုပ်ဈေး လဟာပြင်မြေကွက် နေရာရှိ ယာဉ်ရပ်နား စခန်းအပြင် သူနာပြု တက္ကသိုလ်ရှေ့တွင် ယာဉ်ရပ်နား စခန်းတစ်ခုနှင့် ဗိုလ်တထောင် အမှတ်(၆) သစ်စက်ဝင်း အတွင်း ကွန်တိန်နာ ယာဉ်ရပ်နားစခန်း တစ်ခုကိုလည်း အကောင်အထည် ဖော်ခဲ့ကြောင်း၊ သို့သော် သူနာပြု တက္ကသိုလ်ရှေ့ရှိ ယာဉ်ရပ်နားစခန်းမှာ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရး စခန်းမှ ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းများ ပြောင်းရွှေခဲ့သောကြောင့် အသုံးပြုနိုင်ခြင်း မရှိကြောင်း သိရသည်။

သို့ဖြစ်၍ လမ်းများချဲ့ထွင်မှုများကို ပြုလုပ်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုမှာ လျော့ကျသွားခြင်း မရှိသေးဘဲ ပိုဆိုးရွားပြီး ယာဉ်ကြောပိတ်ဆို့မှု များကြောင့် ခရီးသွား ပြည်သူများ လမ်းပေါ်တွင်သာ အချိန်များ ကုန်ဆုံးနေရကြောင်း၊ ရန်ကုန်မြို့ရှိ လမ်းများချဲ့ထွင်စရာ ကုန်သွားပါက ရန်ကုန်မြို့တွင်း သွားလာ ၀င်ထွက်သည့် ကားအရေအတွက်ကို ကန့်သတ်သွားမည့် အစီအစဉ်ကို ပြုလုပ်ပေးရမည် ဖြစ်ကြောင်း ဇွန် ၁၂ ရက်က ရန်ကုန်မြို့တော် ခန်းမတွင် ပြုလုပ်ခဲ့သော ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး လျင်မြန်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်းရှိ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရာတွင် လေးထပ်နှင့် အထက်ဆိုပါက ယာဉ်ရပ်နားရန်နေရာ (ကားပါကင်)ကို တစ်ခန်းလျှင် တစ်စီးစာ မဖြစ်မနေ ထည့်သွင်းရန် ညွှန်ကြားထားကြောင်း သိရသည်။ သို့သော် ရန်ကုန် မြို့တွင်း အဆောက်အအုံများတွင် ကားပါကင် မလုံလောက်သည့် အခြေအနေများကြောင့် ယာဉ်ကြောများ ပိတ်ဆို့နေ၍ အထပ်မြင့် အဆောက်အအုံကြီးများ ဆောက်လုပ်မည် ဆိုပါက ကားပါကင် အလုံအလောက် ထားရှိရန် တင်ပြလာမှသာ ဆောက်လုပ်ခွင့် ပြုသင့်ကြောင်းလည်း ရန်ကုန်မြို့တွင် သယ်ယူပို့ဆောင်ရေး ဆိုင်ရာများကို လေ့လာခဲ့သော JICA အဖွဲ့မှ သုံးသပ်ခဲ့ပြီး ဂျပန်နိုင်ငံတွင် ကိုယ်ပိုင်ကား ရပ်နားရန် နေရာရှိမှသာ ကားဝယ်ယူခွင့် ရှိကြောင်းလည်း သိရသည်။

ထပ်မံ၍ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရည်ရွယ်၍ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် ရန်ကုန်မြို့တွင်းရှိ အနော်ရထာလမ်း၊ ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ စသည့်လမ်းများပေါ်တွင် အခမဲ့ ယာဉ်ရပ်နားနိုင်သည့် နေရာများ ထပ်မံတိုးချဲခြင်းနှင့် အတူ ဝေဇယန္တာလမ်း၊ ဦးချစ်မောင်လမ်း စသည့်များတွင် ပြုလုပ်လျက် ရှိသည်။

လက်ရှိအချိန်တွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန် နည်းလမ်းအမျိုးမျိုး သုံးခဲ့ကြသော်လည်း ထိရောက်သည့် အကျိုးသက်ရောက်မှု ရှိသည်ကို မတွေ့ရကြောင်း ထို့ကြောင့် ကားတင်သွင်းခွင့်နှင့် ပတ်သက်၍ ပြန်လည်စိစစ် ထိန်းသိမ်းပေးရတော့မည် ဖြစ်ကြောင်း ထိုသို့ ကားတင်သွင်းခွင့် ဆိုင်ရာ မူဝါဒ အပြောင်းအလဲများ ပြုလုပ်မည် ဆိုပါကလည်း ပြည်သူလူထုသို့ လုံလောက်သည့် အချိန်သတ်မှတ်ကာ ကြိုတင် အသိပေးသင့်ကြောင်း မော်တော်ယာဉ်ဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြုခဲ့ကြသည်။
ထိုသို့ ကားတင်သွင်းခွင့်နှင့် ပတ်သက်၍ အဓိက ထိန်းသိမ်းစိစစ် ပေးသင့်သည့် အချက်မှာ အသုံးပြုပြီး ကားများဖြစ်သည့် (Used car) များ တင်သွင်းမှုကို ကန့်သတ်ကာ ကားသစ်များကိုသာ တင်သွင်းခွင့် ပြုသင့်ကြောင်း၊ လက်ယာ ကပ်မောင်းရသည့် လမ်းစည်းကမ်းနှင့် စတီယာရင် ညာမောင်း ဖြစ်နေမှု လိုက်လျောညီထွေမှု မရှိ၍ ဖြစ်ပွားခဲ့ရသည့် မတော်တဆမှုများ ရှိခဲ့သောကြောင့် ကားသစ်များ တင်သွင်းခွင့် ပြုရာတွင်လည်း ဘယ်မောင်းများကိုသာ တင်သွင်းခွင့် ပြုသင့်ကြောင်း မော်တော်ယာဉ်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက အကြံပြုခဲ့ပါသည်။

''ကားနဲ့ပတ်သက်တဲ့ Trade Policy က တိတိကျကျ မရှိဘူး။ Infrastructure နဲ့ ချိန်ဆမထားဘူး။ Public Transport နဲ့ ပတ်သက်လို့လည်း စီမံချက်မရှိဘူး။ ဒီ တစ်နှစ်၊ နှစ်နှစ်အတွင်း အစိုးရရဲ့ လုပ်ဆောင်ချက် တချို့ဟာ အမှတ်ရရင်ပြီးရော အလွယ်လုပ်တဲ့ Policy မျိုးတွေ ဖြစ်နေတယ်။ အခုလို ကားကျပ်ပြီး လူတန်းစားပေါင်းစုံ ဒုက္ခရောက်ရတာဟာ ကားတင်သွင်းမှုနဲ့ အခြေခံ အဆောက်အအုံကို ချိန်ဆ မထားနိုင်တဲ့ ပြဿနာပါ'' ဟု အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားခဲ့သည်။

ယခင်ကာလများက နိုင်ငံ၏ ကန့်သတ် ချုပ်ချယ်မှုများကြားမှ ပြန်လည်လွတ်လပ်စွာ တင်သွင်းခွင့် ပြုရသည့် အခြေအနေဖြစ်၍ (Used car) များ အများအပြား တင်သွင်းခွင့် ပြုခဲ့ခြင်းမှာ သင့်တော်သော်လည်း လက်ရှိနိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသည့် အထိုက်အလျောက် ပွင့်လင်းလာသော အခြေအနေတွင် ကားသစ်များသာ တင်သွင်းခွင့် ပြုရတော့မည် ဖြစ်ကြောင်း သုံးသပ်သူများလည်း ရှိနေသည်။

နိုင်ငံတွင်းသို့ (Used car) များသာ တင်သွင်းနေပါက ကားသစ်များထက် ကြံ့ခိုင်မှုပိုင်းတွင် ပိုမိုလျင်မြန်စွာ ကျဆင်းနိုင်သဖြင့် ယခင်ကားဟောင်းဈေးကွက် သံသရာသို့ ပြန်လည်ရောက်ရှိပြီး ကားများမှ ထွက်သည့် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုထောင့်အရ ကြည့်မည်ဆိုပါက ကားသစ်များကိုသာ တင်သွင်းခွင့် ပြုသင့်ကြောင်း၊ ကားသစ်များ တင်သွင်းမှုကို မူဝါဒများနှင့် စနစ်တကျ ထိန်းချုပ်တင်သွင်းခြင်းဖြင့် (Used car) များ ဖောဖောသီသီ မ၀င်ရောက် နိုင်တော့သဖြင့် ကားအရေအတွက်များပြီး ယာဉ်ကြော ပိတ်ဆို့နေမှုကို နည်းလမ်း တစ်မျိုးဖြင့် ဖြေရှင်းရာ ရောက်မည် ဖြစ်ကြောင်းလည်း ကားတင်သွင်းမှုနှင့် ပတ်သက်၍ စောင့်ကြည့် နေသူများက သုံးသပ်ပါသည်။
7.14.6
ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ဘုရင့်နောင်လမ်းဆုံ တံတားစီမံကိန်းအနီး ယဉ်ကြောကျပ်နေမှုများ ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် စသည့် နိုင်ငံများတွင် (Used car) များကို လုံးဝတင်သွင်းခွင့် မပြုကြောင်း လက်ရှိမလေးရှား နိုင်ငံတွင် (Used car) များ တင်သွင်းမှုကို ခွင့်ပြုထားသော်လည်း ၂၀၁၅ ခု နှစ်တွင် (Used) များကို တင်သွင်းခွင့် ပြုတော့မည် မဟုတ်ကြောင်း စင်ကာပူနိုင်ငံတွင် ၃ နှစ် သက်တမ်း အောက် ကားဟောင်းများကိုသာ တင်သွင်းခွင့်ပြုပြီး ကားဟောင်း၏ သက်တမ်းကို နိုင်ငံခြားတွင် မှတ်ပုံတင်သည့်နေ့မှ စတင် သတ်မှတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲလာသည့် ကားဈေးကွက် အခြေအနေရ နိုင်ငံတကာ ကားကုမ္ပဏီများ တရားဝင် စတင်ဝင်ရောက်မှုများ ရှိလာပြီး လက်ရှိအချိန်တွင် အမေရိကန် အခြေစိုက် Ford၊ Chevrolet ဂျာမနီအခြေစိုက် Mercedes၊ တောင်ကိုရီးယား အခြေစိုက် Hyundai၊ KIA တို့ မြန်မာဈေးကွက်သို့ ၀င်ရောက်လာပြီ ဖြစ်သည်။

ယခုနှစ် မေလကုန်ပိုင်းတွင် KIA ကုမ္ပဏီ၏ ပထမဦးဆုံး ကားအရောင်းပြခန်း စတင်ဖွင့်လှစ်ခဲ့ပြီး လာမည့် သြဂုတ်လတွင် Ford၊ နှစ်ကုန်ပိုင်းတွင် Mercedes နှင့် Chevrolet ကုမ္ပဏီတို့က ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာများကို အပြိုင်အဆိုင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။ ထို့ပြင် ဂျပန်ကား ကုမ္ပဏီများဖြစ်သော Toyota၊ Nissan၊ Honda၊ Suzuki၊ Mitsubishi ကားကုမ္ပဏီ များကလည်း ၀န်ဆောင်မှု စင်တာများ တိုးချဲ့ ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။

မြန်မာဈေးကွက်သို့ တရားဝင် စတင်ဝင်ရောက်သည့် နိုင်ငံတကာ ကားကုမ္ပဏီများသည် ကားအသစ် များကိုသာ တင်သွင်းရောင်းချ သွားမည်ဖြစ်ပြီး ကမ္ဘာ့အဆင့် ၀န်ဆောင်မှုများ ပေးအပ်မည် ဖြစ်ခြင်းကြောင့် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အသုံးပြုပြီး ကားဟောင်း ဈေးကွက်ကို တဖြည်းဖြည်း ကျော်လွန်နိုင်မည်ဟု နိုင်ငံခြား ကားကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိခဲ့သည့် တာဝန်ရှိသူများက ဆိုပါသည်။

KIA ကားကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် SSS မှ ဒါရိုက်တာ ဦးကျော်သူရကလည်း ''ကျွန်တော်တို့ ကားသစ် ဘယ်မောင်းတွေကိုပဲ တင်သွင်းရောင်းချနေတာ ဖြစ်ပါတယ်။ လက်ရှိဈေးကွက်မှာ ကားဟောင်းတွေ ပိုအ၀ယ်လိုက် နေပေမယ့် နောက်ပိုင်း ပြောင်းလဲလာမယ့် လူနေမှု အဆင့်အတန်း အခြေအနေတွေနဲ့ အညီ ကားသစ်တွေနဲ့ ရရှိမယ့် ၀န်ဆောင်မှုတွေကို လူကြိုက်များလာမှာပါ'' ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဇွန် ၂၁ ရက် အထိ သွင်းကုန်ပါမစ်ဖြင့် မော်တော်ယာဉ် ၂၀၉၆၂ စီး တင်သွင်းခွင့် ပြုခဲ့ပြီး ဇွန်လအတွင်း က.ည.န မှ အစားထိုးယာဉ် ပါမစ်ထုတ်ပေးမှု အစီးရေ ၉၇၀၀၀ ကျော် ရှိလာပြီ ဖြစ်သည်။ လူပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် မော်တော်ယာဉ် သွင်းကုန်ပါမစ်များကို ၂၀၁၂ခုနှစ် သြဂုတ်တွင် စတင်ခွင့်ပြု ခဲ့ခြင်းဖြစ်ပြီး ယာဉ်အို၊ ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ခုနှစ် ဇွန် ၂၀ ရက်အထိ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုစီးရေ ၈၄၈၆၅ စီးဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှု မှာ ၈၇ ဒသမ ၁၇ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
တိုးပွားလာသည့် ကားစီးရေများနှင့်အတူ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာသည် ပိုမို ဆိုးရွားလျက်ရှိပြီး အစိုးရကလည်း ကာလတို ဖြေရှင်းနည်း များစွာကို အသုံးပြု ဖြေရှင်းနေသော်လည်း လိုအပ်နေသည့် အခြေခံ အဆောက်အဦများနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး အစီအစဉ် ဖြည့်ဆည်းမှုများ အားနည်းနေသေးကြောင်း သိရသည်။

ရန်ကုန်မြို့၏ မြိုပြတည်ဆောက်မှုပုံစံ၊ အဓိက အခြေခံ အဆောက်အဦဖြစ်သော လမ်းများ၏ အခြေအနေကို အဓိကထည့်သွင်း မစဉ်းစားဘဲ လူဦးရေနှင့် တွက်၍ ကားစီးရေ များပြားရေးကိုသာ အဓိက ဦးတည်ခဲ့ခြင်းကြောင့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ ပိုမိုဆိုးရွား လာခြင်းဖြစ်ကြောင်း ပညာရှင်များက ထင်မြင် သုံးသပ်ခဲ့သည်။

EMG

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ ဇေယျာသီရိကျောင်းမှာ ကျင်းပတဲ့ မြန်မာမိသားစုများရဲ့ ရဟန်းခံ၊ရှင်ပြုပွဲသို့ ရွှေညဝါဆရာတော်ကြီး ကြွရောက်ချီးမြှင့်..

ဇူလိုင်လ ၁၃ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ ဇေယျာသီရိကျောင်းမှာ ကျင်းပတဲ့ မြန်မာမိသားစုများရဲ့ ရဟန်းခံရှင်ပြုပွဲသို့ ရွှေညဝါဆရာတော်ကြီးနှင့် လက်ထောက် ဆရာတော် အရှင်သူရိယတို့ ကြွရောက်ချီးမြှင့်..

 ရွှေညဝါဆရာတော်ကြီးနဲ့ လက်ထောက် ဆရာတော် အရှင်သူရိယတို့ဟာ ဇွန်လ(၁၁)ရက်နေ့ ရန်ကုန်မြို့မှ ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဇွန်လ(၁၇)ရက်နေ့အထိ နေထိုင် သီတင်းသုံးခဲ့ပြီး လက်ရှိ မြန်မာပြည်တွင်း အခြေအနေများအား ရှင်းလင်းပောာပြောခဲ့ပါတယ်..။ ထို့မှ ဥရောပနိုင်ငံများ ဖြစ်တဲ့ ဂျာမဏီနိုင်ငံနဲ့ နော်ဝေနိုင်ငံသို့ ရောက်ရှိသတင်းသုံးခဲ့ပြီး..  ဇူလိုင်လ(၃)ရက်နေ့က အမေရိကန်နိုင်ငံ သို့ရောက်ရှိခဲ့ပါတယ်...။ လက်ရှိအမေရိကန် နိုင်ငံမှာ နေထိုင်စဉ်အတွင်း မြန်မာပြည်တွင်း အခြေအနေများနဲ့ တရားဓမ္မများ ဟောကြားချီးမြှင့်မှာ ဖြစ်ပါတယ်..။ 

ရွှေညဝါဆရာတော်ရဲ့ အမေရိကန်နိုင်ငံမှ အပြန်ခရီးမှာတော့ ထိုင်းနိုင်ငံသို့ ဝင်ရောက်မှာ ဖြစ်ပြီး သြဂုတ်လဆန်းပိုင်းမှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်..။

သတင်း ဓာတ်ပုံ.. ဦးသူရိယ။ 
ဒီမိုဝေယံ၊

အတုနဲ့ အစစ်... (မတူရင် မတုနဲ့)..

သရုပ်ဆောင် မင်းမင်းထွန်းရဲ့ ကြော်ငြာရိုက်ကွင်း (ရုပ်သံ)
https://www.facebook.com/photo.php?v=596309743741888&set=vb.100000886031003&type=3&theater

မြို့လယ်ကောင်မှ  ယာဉ်ထိန်းရဲ (၂)ဦးရဲ့ရုပ်သံ..
https://www.facebook.com/photo.php?v=652207974794229&set=vb.100000150984325&type=2&theater


(ခွင့်ပြုချက်ရှိပြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအား ဝတ်ဆင်ကာ လူမြင်ကွင်းတွင် တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် တရားမဝင်ငွေ ကောက်ခံသူများအားလည်း ထိထိရောက်ရောက် အရေးယူပေးသင့်သည်..) (ထို့အတူ ကြော်ငြာရိုက်ကူးသူ သရုပ်ဆောင် တဦးအား ယခုကဲ့သို့ အရေးယူနိုင်သေးသည် ဆိုလျှင် ယခင်ယာဉ်ထိန်းရဲတဦးအား ကိုယ်ထိလက်ရောက် စော်ကားခဲ့ပြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခဲ့သည့်
အသိုင်းအဝန်းတခုမှ ရေပေါ်ဆီ တဦးအားလည်း ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးသင့်သည်..)

မနေ့က ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြန့်နှံ့ခဲ့တဲ့ သရုပ်ဆောင် မင်းမင်းထွန်းရဲ့ ကြော်ငြာရိုက်ကွင်း သရုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ပြောင်မြောက်လွန်းလို့ မြို့ပြလူထုရဲ့ စိတ်အမေတွေ ပြေစေခတဲ့အတွက် ကိုယ်ကိုယ်တိုင် ကောင်းတဲ့ ဘက်ကကြည့်မိပြီး တကယ့်ယာဉ်ထိန်းရဲ မှတ်ကာ ရှယ်လိုက်မိသေးတယ်...။

ဒီရုပ်သံလေး ကြည့်မိပြီး နိုင်ငံတကာမှာ မရိုးနိုင်တဲ့ ယာဉ်ထိန်းရဲတွေရဲ့ လုပ်ဆောင်ချက်ကို မကြာခဏ မြင်မိနေတော့ တကယ်လုပ်ဆောင်ခဲ့ရင် ယာဉ်ထိန်းရဲနဲ့ ပြည်သူ ချစ်ကြည်ဖြူ အများပြည်သူအတွက်လည်း စိတ်ပြေပျောက်.. မြို့ပြပြည်သူတွေရဲ့ မွန်းကြပ်မှုကိုလည်း ဖြေဖျောက်နိုင်တဲ့ အတွက်.. ကောင်းမွန်တဲ့ ရလာဒ်တွေ ရနိုင်လေရဲ့လို့ တွေးမိနေလေရဲ့..။

သို့ပေတည့် နေ့ညမဆိုင်း ဒီနေရာမှာ တခြားနေရာတွေနဲ့မတူ ရဲတပ်ဖွဲ့ရဲ့ အရေးယူတာ မြန်ချက်ကတော့ သရုပ်ဆောင် မင်းမင်းထွန်းနှင့် အဖွဲ့အား ရန်ကုန်မြို့လယ်ရှိ လူအများ စည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်း အောင်ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ ဆိုတဲ့ခေါင်းစဉ်တပ်ကာ အရေးယူခဲ့လေရဲ့..။

မိမိအမြင်ကတော့ ရဲနဲ့ပြည်သူ ချစ်ကြည်ဖြူစေတဲ့ ဆောင်ရွက်ချက်လို့သာ မြင်မိပါတယ်...။ ဒီလိုပြောကြေးဆိုရင် ပြီးခဲ့တဲ့ ၂၀၁၂က အောက်တိုဘာလက အွန်လိုင်းတွေနဲ့ နိုင်ငံတကာ သတင်းဋ္ဌာနတွေမှာ ပြန့်နှံခဲ့တဲ့ မြို့လယ်ကောင်က ဆက်ကြေးကောက်နေတဲ့ ယာဉ်ထိန်းရဲ (၂)ဦးရဲ့ လုပ်ရပ်ဟာလည်း (လူအများ စည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်း စေတဲ့ ဖြစ်ရပ်မှန်) (ကြော်ငြာ ရိုက်ကူးတာ မဟုတ်) အမှန်တကယ် ဂုဏ်သိက္ခာကျဆင်း စေတဲ့ လုပ်ရပ် မဟုတ်ပေဘူးလား..။

ဒီကိစ္စကိုတော့ ဘယ်လို အရေးယူခဲ့ပါသလဲ...။ မေးပါရစေ...
(ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအားဝတ်ဆင်ပြီး တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်း အောင် ပြုလုပ်ခဲ့သူများအား အရေးယူ) ဟုဆိုလျှင် ဆိုစေခဲမြဲစေ တရားမျှတရအောင် အထက်က ရုပ်သံပါ (ခွင့်ပြုချက်ရှိပြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအား ဝတ်ဆင်ကာ လူမြင်ကွင်းတွင်) တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် တရားမဝင်ငွေ ကောက်ခံသူများအားလည်း ထိထိရောက်ရောက် အရေးယူပေးပါရန် အပြုသဘော ရေးသား တောင်းဆိုအပ်သည်..။

(ထို့အတူ ကြော်ငြာရိုက်ကူးသူ သရုပ်ဆောင် တဦးအား ယခုကဲ့သို့ အရေးယူနိုင်သေးသည် ဆိုလျှင် ယခင်ယာဉ်ထိန်းရဲတဦးအား ကိုယ်ထိလက်ရောက် စော်ကားခဲ့ပြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခဲ့သည့်
အသိုင်းအဝန်းတခုမှ ရေပေါ်ဆီ တဦးအားလည်း ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးသင့်သည်..)

နိုင်ငံတာမှ ယာဉ်ထိန်းရဲများမှ မြို့ပြ ပြည်သူတွေရဲ့ မွန်းကြပ်မှုကို ဖြေဖျောက်ပေးတဲ့ လုပ်ဆောင်ချက်တွေကိုလည်း လေ့လာ သင့်ပါကြောင်း..
ရေးသားတင်ပြအပ်ပါသည်..။

ဒီမိုဝေယံ

နိုင်ငံတကာက Traffic Police တွေရဲ့ ပြည်သူနဲ့ တသားတည်း တာဝန်ချိန်မှ အများပြည်သူ စိတ်ပြေပျောက်အောင် လုပ်ဆောင်ချက် မြင်ကွင်းရုပ်သံတွေကို ဒီအောက်ကလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ (http://www.youtube.com/results?search_query=traffic+police+dancing&oq=traffic+pol&gs_l=youtube.1.0.0l10.200.8871.0.14225.16.10.2.4.4.0.221.1111.6j3j1.10.0...0.0...1ac.1.11.youtube.CZ_ILYVAkdg)

သရုပ်ဆောင် မင်းမင်းထွန်းရဲ့ ကြော်ငြာရိုက်ကွင်း (ရုပ်သံ) https://www.facebook.com/photo.php?v=596309743741888
ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအားဝတ်ဆင်ပြီး တပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်း အောင် ပြုလုပ်ခဲ့သူများအား အရေးယူ

ရန်ကုန်၊ ဇူလိုင် ၁၃

၁၃.၇.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် ရဲမှူးသာဌေး၊ အမှတ်(၆)ဒုတပ်ခွဲမှူး(ရန်ကုန်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့သည်
facebook တွင် ယာဉ်ထိန်းရဲ၏ ကကွက်ဆန်းခေါင်းစဉ်ဖြင့်
ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံမီးပွိုင့်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်၍ လမ်းလယ်တွင် ယာဉ်ထိန်းရဲလမ်းရှင်းအချက်ပြနေပုံအား ဒန်ဆာအကဖြင့်
သရုပ်ပျက်ကခုန် လက်ပြနေသည် ကိုတွေ့ရှိရသဖြင့်စုံစမ်းရာ...

အဆိုပါသူမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲ သရုပ်ဆောင် မင်းမင်းထွန်းဆိုသူဖြစ်ပြီး (Mango)ကုမ္မဏီ၏ ဗီတာမင်(စီ)
ကြော်ငြာအတွက် ဒါရိုက်တာဇော်ကိုကိုမှ စီစဉ်ရိုက်ကူးကြောင်း၊ သရုပ်ဆောင်မင်းမင်းထွန်းဝတ်ဆင်ရိုက်ကူးခဲ့သည့်ယာဉ်ထိန်း
ရဲတပ်ဖွဲ့ ၀တ်စုံအား ၎င်းတို့အစီအစဉ်ဖြင့် မင်္ဂလာဒုံဈေးမှ ချုပ်လုပ်ဝယ်ယူခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝတ်စုံအားခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲယာဉ်ထိန်း
ရဲတပ်ဖွဲ့ဝင် တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ လူအများ စည်ကားရာနေရာတွင်..


ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်းအောင်
ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ သူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဒေါ်ခင်သက်ခိုင်၊ ဒါရိုက်တာဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍ ကျောက်တံတား ရဲစခန်း(ပ)၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀၀/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။




လှိုင်သာယာမှ ရှယ်ကျူရှင်အကြောင်း (တိုင်ကြားစာ)

တနိုင်ငံလုံး ရှယ်မှမှကောင်း ၊ရှယ်မှရှယ်.. ကလေးမီးဖွားတာတောင် ရှယ်မွေးတဲ့... ကျူရှင်တောင် ရှယ်ကျူရှင်တဲ့ နေရာတကာမှာ ရှယ်မပါရင် မပြီးတဲ့ ခေတ်ကြီးမှ သမ္မတနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိအောင်.. လုပ်ဆောင်ပေးနိုင်အောင် ရှယ်တိုင်လို့ ရမရ.. ရှယ်အရေးယူပေး မပေး သိရအောင် ရှယ်ကျောင်းအုပ်ဆရာကြီးရဲ့ ရှယ်ကျူရှင်အကြောင်း ဒီမိုဝေယံသို့ တိုင်ကြားစာကို ရှယ်လိုက်ပါတယ်..။
တိုင်ချင်တဲ့ နေရာတိုင် ရှယ်တိုင်တာ မပါကြေး...

ဒီကျောင်းက ကလေးတွေရဲ့ ရှေ့ဆက် အများကြီး ဖြတ်သန်းရမယ့် ပညာရေး အတွက် စိုးရိမ်သောကြောင့် တင်ပြလိုက်ပါတယ် ရှင့်၊ ကျွန်မတို့ ကတိုင်ကြားရုံပဲ
ရမှာပါ။ မီဒီယာ မဟုတ်တာကြောင့်တစ်ကြောင်း။

တရားဝင် ဂျာနယ်တိုက်၏ တရားဝင်
သတင်းထောက် မဟုတ်တာကြောင့် တစ်ကြောင်း သွားရောက်ကူညီ ပေးလို့မရပါ
ဘူးရှင့်။ ဒီကျောင်းက ကလေးတွေ ကိစ္စ ကို ပညာရေးဝန်ကြီး အနေနဲ့ သေချာကူညီ ဖြေရှင်း ပေးနိုင်တဲ့ သူများသိစေရန် ရှယ်ပေး ကျပါရန် အနူးအညွတ် တောင်းပန်ပါတယ်။

သောကြာနေ့မနက်က ရန်ကုန်တိုင်းဒေသကြီး။ လှိုင်သာယာ မြို့နယ် ၁/၁၃ ရပ်ကွက်
ကျောင်းအုပ်ဆရာကြီး ဦးဘသိန်း အုပ်ချုပ်သော အ.လ.က(၅) ကျောင်းရှေ့ တွင်
ကျောင်းသား မိဘ များစုရုံးပြီး စောင့်နေကြတာကို မေးကြည့်တော့ သူတို့ကလေး
တွေ အဆင့်(၁၀) တွင်းဝင်တယ်လို့ ဆရာမက ပထမ နေ့ကပြောပါတယ်..။ နောက် နေ့ကျတော့
အဆင့်(၂၀) ကျော်ဖြစ်သွားတယ်။

ဆရာမတွေ ကိုယ်တိုင် အတန်းထဲ မှာ နင်တို့ကမှ
ရှယ်ကျူရှင် မတက်တာ ရှယ်ကျူရှင် တက်တဲ့ ခလေး တွေက ၂၀ ကျော်ကနေ အဆင့်၁၀ ထဲဝင်သွားတယ်လို့ကျောင်းသားမိဘတစ်ဦး ကကျွန်မကိုပြောပါတယ်။ အခုကျွန်မတို့သမီးရဲ့အဖြေလွှာ ကို ကြည့်ချင်လို့ လာတောင်းနေတာ ကျောင်းအုပ်ကြီးက
တိုင်ချင်တဲ့ နေရာသွားတိုင် အဖြေလွှာထုတ် မပေးနိုင်ဘူး။ ၀တ္တရား
နှောက်ယှက်မှုနဲ့တောင် တရားစွဲ မယ်လို့ ပြောနေတယ်။ အဆင့် ၁၀ ထဲရရ မရရ
ကအရေးမကြီးဘူး။ ခလေးတွေ စိတ်ထဲမှာ ရှယ်ကျူ ရှင်တက်မှ အဆင့်ဝင်မယ်။ ဆရာ
မတွေနဲ့ အဆင်ပြေမယ် တွေးထင်စရာ ဖြစ်လာပါမယ်..။

ရှယ်ကျူရှင် မတတ်နိုင်တဲ့ ကလေးတွေ ကျောင်းတက်ရတာ မပျော် နိုင်တဲ့ အခြေအနေအထိ
ရောက်နိုင်ပါတယ်။ အဲဒီကျောင်းမှာ (၅) တန်းကနေ (၈) တန်းအထိ
ကျူရှင်မထားနိုင်တဲ့ ခလေးတွေ အားလုံးရဲ့ စာမေးပွဲ ရလာဒ် ဟာ ပင်ကို
ဘယ်လောက်တော်တော် အဆင့်(၂၀) ကျော်မှာတွေဘဲ။ ကျောင်းသား/ သူတွေ ရဲ့
အုပ်ထိန်းသူ တွေ စုပေါင်းလက်မှတ်ထိုး ပြီး တင်မယ်လို့
လည်းပြောပါတယ်။ ကျောင်း အုပ်ကြီး ဦးဘသိန်းနဲ့ ရှယ်ကျူ ရှင်သင် မှ
ရမယ်လို့ ပြောနေတဲ့ ဆရာ ဆရာမ များကို ထိထိ ရောက်ရောက် အရေးယူ ပေးပါရန်
ဒီမိုဝေယံမှ တဆင့်တင်ပြအပ်ပါတယ်..။

လှိုင်သာယာမှ ရှယ်တိုင်ကြားစာ..

သမိုင်းရိုင်းခဲ့ရတဲ့ ဒီဇူလိုင်လ .. ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

သမိုင်းရိုင်းခဲ့ရတဲ့ ဒီဇူလိုင်လ 
ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

 ဇူလိုင်တစ်ဆယ့်ကိုး 
 ဆယ့်ကိုးဇူလိုင် မမေ့နိုင်မို့
 မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရ 
ဒီဇူလိုင်လပေါ့..
 အာဇာနည်ခေါင်းဆောင်တွေက
 တနိုင်ငံလုံးရဲ့ကောင်းစားရေး 
အသက်ပေးဆွေးနွေးနေကြ 
ဒီဇူလိုင်လမှာ 
ယုတ်မာသူ ဂဠုန်စော 
မဟုတ်တာတွေသူပြောပြီး 
အကြံပက်စက် သူ့ရဲ့စနက်ကြောင့် 
ဗိုလ်ချုပ်နှင့်တကွ အာဇာနည်တွေရဲ့သွေး 
 မြေမှာခခဲ့ကြရ သမိုင်းရိုင်းခဲ့ရ
 ဒီဇူလိုင်လပေါ့ 
ကျနေရတဲ့ ပြည်သူ့မျက်ရည် 
ထက်ဝေစေဖို့အကြောင်းဖန်
 ဗိုလ်နေ၀င်းအကြံ ယုတ်မာပြန်တော့
 မိုးပေါ်ထောင်မပစ် တဲ့တဲ့ပစ်လို့ 
ဒို့ကျောင်းသားတွေရဲ့သွေး 
 မြေမှာခခဲ့ကြရ 
သမိုင်းရိုင်းခဲ့ရ ဒီဇူလိုင်လပေါ့။ 

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ကြိုးရှိအသံမဲ့ တယ်လီဖုန်း သုံးစွဲနေရသူ ပြည်သူများ.. (ပေးစာ)

 
ကြိုးရှိအသံမဲ့ တယ်လီဖုန်း သုံးစွဲနေရသူ ပြည်သူများ..

ဆက်သွယ်မရဖြစ်နေတဲ့ ၀မ်းတွင်းမြို့လျှော်ပင်/ဇချမ်းကုန်း (တောင်)ရပ်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အကြောင်း (ပေးစာ)

 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့န် မြို့ပေါ်(၁၀)ရပ် ကွက်မှာ ဒီဂျစ်တယ် အော်တိုအိပ်ချိန်း(၂)ခု ရှိနေပါတယ်။ အသေးစား/ အလတ်စား အိမ်တွင်းစက်မှုလုပ်ငန်း များဖြစ်သော တစ်နိုင်ငံလုံး အမျိုးသား/သမီးဝတ် ချည်ချောလုံချည် စက်ယက္ကန်းလုပ်ငန်းဖြင့် အများအားဖြင့် အသက်မွေး ၀မ်းကျောင်းပြုကြပါတယ်။ အိပ်ချိန်းနှစ်ခုခွဲရင် ဆက်သွယ်ရ ပိုကောင်းမယ်ဆိုလို့ လျှော်ပင် ဇချမ်းကုန်း(တောင်)မှာ ဒီဂျစ်တယ် အော်တိုအိပ်ချိန်း နောက်ထပ် တစ်ခုခွဲခဲ့ပါတယ်။

၎င်းအိပ်ချိန်းကနေ လျှော်ပင်ရပ်၊ ဇချမ်းကုန်း (တောင်)ရပ်၊ ရွာသစ်ရပ်၊ တမာကုန်းရပ်။ ပဲခင်းကျော်ရပ်။ ဂုဏ်ကွေ့ ရွာတန်း စတဲ့ ရပ်ကွက်တွေကို     ကိုယ်ထူကိုယ်ထစနစ်နဲ့ ၂၀၁၁ခုနှစ်မှာ  စတင်ဖွင့်လှစ်ပြီး   ကြိုးတယ်လီဖုန်းသုံးခဲ့ပါတယ်။                               
                                      
ဒီဂျစ်တယ် တယ်လီဖုန်းတစ်လုံးကို ခုနှစ်သိန်းကျော် မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းကိုပေးသွင်းခဲ့ရပါတယ်။ ရပ်မိရပ်ဖအကျိုးဆောင် အနေနဲ့ ဦးမောင်မောင်ခ(၀၉-၂၁၆၅၁၄၆)။
ဦးသောင်းအေး (၀၉-၂၁၆၅၀၅၅)တမာကုန်းရပ်။
ဦးမောင်ညွှန့်-ရွာတန်းရပ်။
ဦးမောင်မြင့် (၀၉-၂၁၆၅၀၆၉) လျှော်ပင်ရပ်။
ဦးနေလင်း(၀၉-၂၁၆၅၆၇၈/၀၉-၄၇၁၀၉၆၉၆) ဇချမ်းကုန်း(တောင်)။
ဦးလှဘူး(၀၉-၂၂၀၀၂၃၃) ဇချမ်းကုန်း(တောင်)တို့မှာ တယ်လီဖုန်း ဆက်သွယ်ရေး မကောင်းမွန်တာကြောင့် တယ်လီဖုန်းပိုင်ရှင်တွေရဲ့
ငြိုငြင်မှု တွေ နေ့စဉ်ခံနေရပါတယ်။

ဒီဂျစ်တယ်  တယ်လီဖုန်း ဆက်သွယ်မရသလို GSM တယ်လီဖုန်းလိုင်းက  မမိတဲ့ နေရာတွေများနေပါတယ်။ လူမှုရေး ရောင်းဝယ်ရေးစတဲ့ လုပ်ငန်းသုံး မရလေတော့ ဖုန်းပိုင်ရှင်တွေမှာ ဒုက္ခတစ်ခုလို ဖြစ်နေပါတယ်။ ဆက်သွယ်မရပါဖူးလို့ မြန်မာဆက်သွယ်ရေးလုပ်ငန်း ၀မ်းတွင်းမြို့ကို အကြောင်းကြား တင်ပြရတာအခါခါပါ ရုံးချုပ်ကို တင်ပြထားပါတယ် ပြောတာလည်း နှစ်နဲ့ ချီကြာနေပါပြီ အစိုးရရဲ့ဆက်သွယ်ရေး အခွန်အခနစ်နာ နေပါတယ်။

ဖုန်းဖိုးကုန်ပြီး ဆက်မရတဲ့ အခွန်ထမ်း ပြည်သူတွေမှာလည်း နစ်နာနေရပြီး အကျိုးဆောင်လုပ်ခဲ့  မိတဲ့ ရပ်မိရပ်ဖတွေလည်း ရပ်ထဲရွာထဲ မျက်နှာမလှနစ်နာနေရတဲ့ နစ်နာမှုတွေ များနေရတယ်လို့ သတင်းရ
ရှိပါတယ်။

အမြန်ဆုံးကူညီ ဆောင်ရွက်ပေးစေရန်လည်း မျှော်လင့် နေကြကြောင်း ဒီမိုဝေယံမှ တဆင့် တင်ပြလိုက်ပါတယ်...

ကြိုးရှိအသံမဲ့ တယ်လီဖုန်း သုံးစွဲနေရသူ ပြည်သူများ..

လှည်တန်း လမ်းဆုံက လမ်းလျှောက်ဖို့ လမ်းပျောက်နေသူ.. လုပ်သားပြည်သူတဦး..... (ပေးစာ)

လှည်တန်း လမ်းဆုံက လမ်းလျှောက်ဖို့ လမ်းပျောက်နေသူ.. လုပ်သားပြည်သူတဦး..
 ယုံချင်ယုံ မယုံချင်နေ လှည်းတန်းလမ်းစုံက အဖြစ်အပျက်လေး... (ပေးစာ)
၇ - ၇ - ၂ဝ၁၃  နေ့ ထုတ်  မြန်မာ့အလင်းသတင်းစာ  စာမျက်နာ ၂ - မှာ  လှည်းတန်းလမ်း  လူသွားလူလာများတဲ့  လမ်းမကြီးမှာ  ပလက်ဖေါင်းတွေ  (လုံးဝ) မရှိတော့တာကို  ပလက်ဖေါင်းတွေ  မရှိတော့  လူတွေ ကားတွေ ကျပ်ညှပ်နေတဲ့ လ်မးမပေါ်ကနေ  လျှောက်နေကြရတယ်။  ကားတစ်စီး ဘရိတ်ပေါက်  တခုခုချို့ ယွင်းလို့ လူတွေကိုတိုက်မိလဲရင်  သည်းထိတ် ရင်ဖို ဖြစ်ရမယ် ရေးထားပါတယ်။
ဓါတ်ပုံကိုတော့  စာမျက်နာအခက်အခဲကြောင့် မတင်ထားလေသလားတော့ မသိဘူး။ စာရေးသူ  ဒီလောက်အထိ တင်ပြခွင့်ရတာ  ကျေးဇူးတင်မိပါတယ်။

တကယ်ကတော့  ရေးလာတဲ့နေ ကလည်း ( ၇ / ၇ / ၆၂)  တက္ကသိုလ်ကျောင်းသားတွေ အသတ်ခံရတဲ့  နစ်- ၅ဝ ရွှေရတုနေ့ မှာ  တက္ကသိုလ်ကြီးရဲ့   ပြည်လမ်းခြားထားတဲ့ အခြားတဖက်ခြမ်း  အကြောင်း ရေးလာတာလေး တိုက်ဆိုင်နေတာမို့   အထူးသတိထားမိလိုက်ပါတယ်။
စာရေးသူ တင်ပြလာတာကို  ကမ္ဘာမှာ မြန်မာဟေ့ဆိုပြီး ဒီမိုဝေယံက တဆင့်  ဓါတ်ပုံနဲ့ သက်သေထူလိုက်ပါတယ်။  စာရေးသူ  ပြောလာတဲ့ လမ်းပေါ်လူတွေလျှောက်နေရတာကို  တိတိကျကျ  ကွက်ကွက်ကွင်းကွင်းလေး  မျက်စေ့ထဲ  မြင်လာအောင်  ပြောရလျှင်  ပလက်ဖေါင်းတွေကို  ဆိုင်ရှင်တွေက  အခိုင်အမာ  ကိုယ်ပိုင်မြေလို့ ကို  ခြံခတ်သူကခတ်  ဆိုင်နဲ့ ပလက်ဖေါင်းအဆုံးအထိ  ခင်းသူကခင်း။  အလှုရှင်ကလဲ မဏ္ဍပ်တိုင်တက် သက်သေပြလိုက်တာ    ပလက်ဖေါင်းကိုကျော်ပြီး  လမ်းပေါ်အထိပင် ရောက်နေပါသည်။
မကြာခင် ရန်ကုန်တက္ကသိုလ်ကြီး ပြန်ဖွင့်လာပါတော့မည်။  တက္ကသီလာကြီးမှာ  ကျောင်းသားတွေနဲ့   အထူးစည်ကားပါတော့မည်။ တက္ကသိုလ်ကျောင်းသားအများစု  သွားကြမှာကတော့  လှည်းတန်း။  စာရေးသူပြောတဲ့  လမ်းပေါ်က  လူကိုတိုက်မိလျှင်  အဲဒီလူဟာ  တက္ကသိုလ်ကျောင်းသား   ကျောင်းသားအုပ်စုဆိုရင်   ဘရိတ်တချက်ပေါက်လိုက်တာနဲ့   မီးဟုန်းဟုန်းတောက်  သွားပါမည်။

လှည်းတန်းက (ကမာရွတ်မြို့ နယ်)   လူကြီးတွေ  ပါတီတွေ  အမတ်တွေ  ဒီလောက်တော့ ကြိုမြင်သင့်ပါတယ်။  ပြောပြန်ရင်လဲ  အောင်းမင်းလိမ်တယ် (အဲ  ယောင်လို့  လွန်တယ်)  ဖြစ်ဦးမယ်။
လှည်းတန်းက  လူတန်းကြီး   ပလက်ဖေါင်းဆိုတာ  အဘိဓါန်ဖွင်ြ့ပီး  စာရိုက်မိတ္တူကူး  လမ်းထဲကလူတွေ  ဖြန့် ကြပါဦး။  ပြီးတော့  မြန်မာစာဌာန ကို   အဘိဓါန်ထဲက  (ပလက်ဖေါင်းဆိုတာ  ဆိုင်ခင်းဖို့   စည်ပင်ကအပိုင်ရောင်းစားထားတဲ့    ယခင်လူသွားလမ်းလို့) ဘာသာပြန်ကိုပြင်ဆင်ခိုင်းဖို့   ကမ်ပိန်းလုပ်ကြဖို့  လိုနေပြီ။

လမ်းဆုံက  ဂျမ်းဗုံ  တို့ ရော  ပြောကြပါဦး။  မတရားတာတွေ  ဘဲမမြင်ပါနဲ့ ဦး   ဖြစ်လာမဲ့  ဘေးလဲ  မြင်ပါဦး  မမဂျမ်း။  ဂျမ်းဗုံလေသံနဲ့ ပြောလိုက်ရလျှင်  မကောင်းတော့ဘူး။  တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့  ဟိုအဝှါ  ဒီအဝှါ  ဟိုအမတ်မင်း  ဒီကိုယ်ဆားလဲ  ဟိုကိုယ်သကြားလဲ   ဆိုလားဘားလား   သိပါဘူးအေ  အဲဒီလူကြီးတွေ  ခေါင်းဆောင်လုပ်နေပြီး  ဗိုလ်ချုပမိန့် ခွန်းလေးတောင်  မကြားဖူးကြလေသလားမသိဘူး  ။


ဟိုဘာတဲ့   ကျုပ်တို့ ရဲ့ ဗိုလ်ချုပ်က  အမျှော်အမြင်က ကြီးကြီးဆိုတော့ ..ဒီလိုပြောရတော့  သူတို့ ကိုထိခိုက်နေပြန်ရော။  င်္ဟသတဘက်မှာ  လွတ်လပ်ရေးရပြီဆိုပြီး   လမ်းမပေါ် ဆေးရိုးတက်လှန်းတာ  နမူနာပေးပြောထားတာ ရှိလေလျက်သားနဲ့   နိုင်ငံရေး  မှာ ပရောဟိတ်ကြီးတွေလို  ဟိုလူဒီလူတွေကို ဆရာလုပ်နေကြတဲ့  ယခုခေတ်  ဆားလဲ  သကြားလဲတဲ့ လူကြီးတွေများ   ပြောပြောချင်ပေါင်တော်။  ဟိုကဆေးရိုးလှန်းတာ  ကားသွားလို့  လူသွားလို့ ရပါသေးတယ်အေ။  အခုဟာက  ပလက်ဖေါင်းပေါ်တက်လှမ်း    အခိုင်အမာ ပိတ်ပြစ်လိုက်တာ။  ဆားလဲတို့  သကြားလဲတို့ ရေ    သကြားလဲတာ  လူမမိပေနဲ့   ပလက်ဖေါင်းကြီးတခုလုံးကို  လဲတာကတော့အေ  ပေါ်တင်ကြီးပါ။ 

ဘယ်လောက်နဲ့ အလဲအထပ်နဲ့ လဲတယ်သာ မသိနိင်နေမယ်။  လဲထားတာကတော့အေ  ရှင်းရှင်းကြီးပါ။   လယ်ပြင်မှာ  ဆင်သွားသလို   ဖင်ကြားမှာ  ဆင်ဖြူတော်ကြီးတွေ  ညှပ်ထားတာ  မြင်နေရပါတယ်။  အဲလေ ယောင်လို့   ဘောင်းလဘီ    နောက်ဖင်ကအိတ်ထဲမှာ  ဆင်ဖြူတော်တွေမှ  အထပ်လိုက်အထပ်လိုက်  မြင်နေရပါတယ်တော်။ ဟဲ့ကောင်  နင်က ဂျမ်းဗုံ  ကိုလိုက်တုနေ  ဟိုကလိုက်ချရင်  ပြေးပေါက်မှားနေမယ်   မကြောက်ဖူးလား။  အမယ်  သူက  အမေရိကားမှာ    ဘော်လီဘောပုတ်လို့ ရလောက်အောင်အထိကျယ်တဲ့  ပလက်ဖေါင်းပေါ် မှာမှ သွားတတ်တဲ့သူပါ။  လှည်းတန်းလို ကားတွေကြား လမ်းလျောက်ရတဲ့ နေရာမျိုးမှာ ငါ့ကိုလိုက်လို့ ကတော့   အမေရိမကားရဘဲ  လှည်းတန်းမှာ  ကားသွားမှာ  မကြောက်ပေါင်တော် လို့ဆိုရလေမလားပဲ။

 တော်ရှာပါပေတယ်ဟေ့ တော်ဟေ့လို့ ဆိုရမလောက်အောင် လှည်းတန်းလမ်းပေါ်က အဖြစ်အပျက်တွေကို လာရောက်ကြည့်ရှုလှည့်ပါ.. မမြင်ချင် ယောင်ဆောင်နေတဲ့  အခွန်ရရင် အကုန်ရှောင် စည်ပင်ဝန်ထမ်းများခင်ဗျား..

လှည်တန်း လမ်းဆုံက လမ်းလျှောက်ဖို့ လမ်းပျောက်နေသူ.. လုပ်သားပြည်သူတဦး..

တည်ဆောက်ဆဲ ဘုရင့်နောင်တံတား တိုင်ပြိုကျမှုဖြစ်ပွား..

တည်ဆောက်ဆဲ ဘုရင့်နောင်တံတားတိုင်ပြိုကျမှုဖြစ်ပွား
By Popular Myanmar News Journal
ရန်ကုန်-ဇူလိုင်၈

မရမ်းကုန်းမြို.နယ် (၁)ရပ်ကွက် ဘုရင့်နောင်လမ်းနှင့်သမိုင်းလမ်း ထောင့်ရှိ ဘုရင်နောင်ဂုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်အတွင်း တံတားတိုင်အမှတ်(၂)ပြိုကျမှု ယနေ့ညနေ လေးနာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲသည်။ ထိုသို့ပြိုကျမှုဖြစ်ပွားရသည့် အကြောင်းအရင်းမှာ တံတားတိုင်အား သံချောင်းများ အသုံြး့ပု ၍ အခြားတံတားတိုင်တစ်ခုဖြစ်သော တိုင်အမှတ်(၃)နှင့် ချိတ်ဆက်ရန်ဆောင်ရွက်စဉ် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း တံတားတည်ဆောက်ရေး အင်ဂျင်နီယာတစ်ဦးကပြောသည်။

 တံတားပြိုကျမှုဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးဖြစ်သော မိဘဂုဏ်အပေါင်ဆိုင်မှ ပိုင်ရှင်ဖြစ်သူက ညနေလေးနာရီခွဲလောက်မှာ တံတားတိုင်က တအိအိပြိုကျလာတာပဲ။ စပြိုတဲ.အချိန်မှာကားတွေနဲ့ လူသွားလူလာရှင်းနေလို. ထိခိုက်ဒဏ်ရာရ တာတော့မရှိဘူး။

ဒါပေမဲ.တံတားတည်ဆောက်နေတဲ. ဆောက်လုပ်ရေး အလုပ်သမားနှစ်ယောက်ကတော့ ပြိုကျတဲ. သံတိုင်တွေနဲ့ အတူတွဲလောင်ကြီးဖြစ်နေပြီး တစ်ယောက်ခြေထောက်ကို ထိသွားတယ်။ နောက်တစ်ယောက်ကတော့ လက်နဲ.ခြေထောက်မှာ ပွန်းပဲ.ဒဏ်ရာတွေရသွားတယ်ဟု ပြောသည်။

ယနေ့ ညနေ(၅)နာရီက ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော်ဝင်းအတွင်းမှ ငြိမ်းချမ်းရေး ဆုတောင်းမေတ္တာပို့သပွဲ... (ဓာတ်ပုံ)

ယနေ့ ညနေ(၅)နာရီက ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော်ဝင်းအတွင်းမှ ငြိမ်းချမ်းရေး ဆုတောင်းမေတ္တာပို့သပွဲ... (ဓာတ်ပုံ)
ယနေ့ ညနေ(၅)နာရီက ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော်ဝင်းအတွင်းမှ ငြိမ်းချမ်းရေး ဆုတောင်းမေတ္တာပို့သပွဲ... (ဓာတ်ပုံ) ယနေ့ အိန္ဒိယစံတော်ချိန် ညနေ၅နာရီက ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်ဝင်းအတွင်း မြန်မာ၊ သိရိလင်္ကာ၊ ထိုင်း၊နီပေါ၊ ဗီယက်နမ်၊ တရုတ်၊ တိဘက်၊ ဂျပန်၊အိန္ဒိယစသည့် နိုင်ငံများမှ ရဟန်း၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ် ၂၅၀ခန့်မှ ငြိမ်းချမ်းစွာ ဆုတောင်းမေတ္တာပို့ခဲ့ကြသည်။ 

 ဓာတ်ပုံ အရှင်နန္ဒာစရိယ
သတင်း ဒီမိုဝေယံ
မနေ့က ဖြစ်ပွားခဲ့သော ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲ၌ မြန်မာနှင့် တိဘက်ဘုန်းတော်ကြီး (၂)ပါး အပါအဝင် လူ(၅)ဦးခန့် ဒဏ်ရာရရှိခဲ့သည်..။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ယနေ့ ဗုဒ္ဓဂါယာအနီးရှိ လမ်းအချို့အား ပိတ်ထားဆဲ ဖြစ်ပြီး အိန္ဒိယစစ်တပ်မှ လာရောက် စောင့်ကြပ်လျှက်ရှိသည်..။ အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတနိုင်ငံ ဖြစ်သည့် သီရိလင်္ကာသမ္မတမှ အိန္ဒိယနိုင်ငံ၏ လုံခြုံရေး ညံ့ဖျင်းမှုအား ဝေဖန်ပြောဆိုခဲ့သည်..။ 

ယနေ့ မနက်ပိုင်းကလည်း Magadh Universityမှာ တက်ရောက် သင်ကြားနေတဲ့  နိုင်ငံတကာ စာသင်သညး ရဟန်းတော်များနှင့် အိန္ဒိယနိုင်ငံသားများမှ ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲမှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲအား  အိန္ဒိယစံတော်ချိန် မနက်(၉)မှ စတင်ကာ  ၁၁နာရီထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်..။
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ Magadh Universityမှ ရွှေဝါရောင်ဆရာတော် အရှင်နန္ဒာစရိယ..

 ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီး စတင်ချိန် စက်တင်ဘာလ ၁၈ရက်နေ့က ရှေ့ဆုံးက သာသနာ့အလံကို ကိုင်ဆောင် ချီတက်ပြခဲ့တဲ့ ရဟန်းတော် တပါးကို အားလုံး အင်တာနက် စာမျက်နှာတွေပေါ်မှာ မြင်ဘူး၊ တွေ့ဘူးကြမှာပါ..။ 
 ယနေ့ ဒီမိုဝေယံသို့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှ သတင်း၊ ဓာတ်ပုံများ ပေးပို့နေတဲ့ အရှင်နန္ဒာစရိယဟာ အဆိုပါ စက်တင်ဘာ၁၈ရက်နေ့ တပ်ဦးက အလံတော်ကို ကိုင်ဆောင်ခဲ့တဲ့ သံဃာတော် ဖြစ်ပါတယ်...။ ယနေ့လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ Magadh University မှာ ပညာတက်ရောက် သင်ကြားနေပါတယ်..။ ယနေ့ ဗုဒ္ဓဂါယာသတင်းများနဲ့ ပတ်သက်ပြီး အရှင်နန္ဒာစရိယအား ဆက်သွယ်မေးမြန်း စုံစမ်းလိုသူများ ဖုန်းနံပါတ်... +၉၁၇၇၈၃၈၉၈၃၂၉သို့ စုံစမ်းမေးမြန်း နိုင်ပါကြောင်း... Viberနဲ့လည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်..။ 

အရှင်နန္ဒာစရိယ ဖေ့စ်ဘွတ်ခ် https://www.facebook.com/nan.darsariya?fref=ts

ဇူလိုင်လ(၇)ရက်နေ့က အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာစေတီဝင်းအတွင်း ဗုံးပေါက်ကွဲခံရမှု ရုပ်သံနှင့် သံသယရှိသူတဦးအား ဖမ်းဆီးခေါ်ဆောင်လာစဉ် (အိန္ဒိယရုပ်သံ)

ဇူလိုင်လ(၇)ရက်နေ့က အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာစေတီဝင်းအတွင်း ဗုံးပေါက်ကွဲခံရမှု ရုပ်သံနှင့် သံသယရှိသူတဦးအား ဖမ်းဆီးခေါ်ဆောင်လာစဉ် (အိန္ဒိယရုပ်သံ)