ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စစ်ကိုင်တိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့မှ တိုင်ကြားစာ..

စစ်ကိုင်တိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့မှ တိုင်ကြားစာ..

စစ်ကိုင်တိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်လေး တစ်ခုပါ။ မတရားဘူးလို့ထင်လို့ ဒီမိုဝေယံသို့ အသိပေးခြင်း သက်သက်ပါဗျာ။

(28-1-2014)ရက်နေ့ ညနေပိုင်းအချိန်လေးမှာ ဟုမ္မလင်းမြို့၊ နော်ဖွတ်မိုရပ်ကွက် အတွင်းမှာ ဖြစ်သွားတဲ့ အဖြစ်လေးပါ။ မဝေ(ခ)နုနုဝေဟာ မိသားစု(3)ယောက်နှင့်အတူ နော်ဖွတ်မိုရပ်ကွက်အတွင်းတွင် သမ္မာအာဇီဝ ကျကျ အရောင်းအ၀ယ်လုပ်ငန်းလုပ်ကိုင်နေထိုင်ပါတယ်။ ဖခင်(တပ်မတော်အငြိမ်းစား)ဟာ ကျန်းမာရေးမကောင်း သောကြောင့် အိပ်ရာထဲတွင် အချိန်ပြည့်နီးပါး လဲနေတဲ့သူဖြစ်ပါတယ်။ ညီမဖြစ်သူမှာ ဖခင်ကို ပြုစုရင်း နေအိမ်မှာ စက်ချုပ်ပြီး မိသားစုကို တစ်ဖက်တစ်လမ်းမှ ကူညီနေသူဖြစ်ပါတယ်။

မိသားစုစားဝတ်နေရေးအတွက် ၀င်ငွေရရှိအောင် လုပ်ငန်းလုပ်ကိုင်နေသူများမှာ အမျိုးသမီးများသာဖြစ်ပြီး ဖခင်မှာ တပ်မတော်(အငြိမ်စား) ဖြစ်သောကြောင့် ဥပဒေနဲ့မလွတ်ကင်းသော လုပ်ငန်းများလုပ်ကိုင်ခြင်းမရှိခဲ့ပါ။ သို့သော် . . . . . .
(28-1-2014) မွန်းလွဲ(2း00)ခန့်အချိန်တွင် အမျိုးသား(6)ဦးခန့်မှာ မဝေ(ခ)နုနုဝေ၏ နေအိမ်သို့ ရောက်ရှိလားပြီး မည်သည့်အကြောင်းအရာ၊ အကြောင်းပြချက်မရှိဘဲ နေအိမ်အတွင်းတွင် ၀င်ရောက် ရှာဖွေခဲ့ပါသည်။ ထိုအချိန်တွင် မဝေ(ခ)မနုနုဝေမှာ ဟုမ္မလင်းမြို့တွင်းသို့ ဈေးဝယ် သွားရောက်နေပါသည်။ ညီမဖြစ်သူ အငယ်လေးအား မည်သည့်အတွက်/မည်သည့်အကြောင်းကြောင့် ဟု ပြောဆိုရှင်းပြခြင်းမရှိဘဲ လက်ထိပ်ခတ်ခဲ့ပါသည်။

ထိုအချိန်မှသာ မိမိအိမ်တွင်ဝင်ရောက်ရှာဖွေသူများမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့(မူးယစ်) အဖွဲ့မှ စိတ်ကြွရူးသွပ်ဆေးပြားများ အရောင်းအ၀ယ်လုပ်သည်ဟု သတင်းရသောကြောင့် ရှာဖွေခြင်းဟု သိရှိရပါသည်။ မအငယ်လေးကိုလည်း အစ်မ မဝေ(ခ)မနုနုဝေ အထင်နှင့် အပြစ်ရှိသူ ဟုတ်/မဟုတ် မည်သည့် အကြောင်းမျှမေးမြန်းခြင်းမရှိဘဲ လက်ထိပ်ခတ်ခဲ့ပါသည်။

မည်သည့်အတွက်ကြောင့် လက်ထိပ်ခတ်သလဲဟု အကြိမ်ကြိမ် မေးမြန်းသောအခါမှသာ မိမိအစ်မဖြစ်သူ မဝေ(ခ)နုနုဝေအား လာရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။ ရှာဖွေသူများတွင်လည်း မိမိရပ်ကွက်ရှိ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူအဖွဲ့ဝင် မည်သူတစ်ဦး တစ်ယောက်မျှ မပါပါ။ နေအိမ်အတွင်း ရှာဖွေသော်လည်း မူယစ်ဆေးဝါးနှင့်သက်ဆိုင်သော မည်သည့်ပစ္စည်းကိုမှ မတွေ့ရှိခဲ့သောကြောင့် အစ်မဖြစ်သူ မဝေပြန်ရောက်သည့်အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့(မူးယစ်)ရုံးသို့ လာရောက်ရန် ပြောဆိုခဲ့ပါသည်။

မဝေ နေအိမ်သို့ ပြန်ရောက်ချိန်တွင် ညီမဖြစ်သူ အငယ်လေးမှ မူးယစ်အဖွဲ့မှ လာရောက်မေးမြန်း ရှာဖွေပြီး ပြန်ရောက်ချိန်တွင် မူးယစ်ရုံးသို့ လာရန် မှာသွားကြောင်းသိရှိသောကြောင့် မူးယစ်ဆေးဝါးနှင့် ပါတ်သက်သော မည်သည့်လုပ်ငန်းကိုမျှလုပ်ကိုင်ခြင်းမရှိသောကြောင့် ရုံးသို့ ညီမဖြစ်သော အငယ်လေးနှင့်အတူ မူးယစ်ရုံးသို့ ချက်ခြင်းသွားရောက်ခဲ့ပါသည်။ ရုံးသို့ရောက်လျှင် မဝေအား မေးမြန်းရန် ရုံးအတွင်းသို့ခေါ်ဆောင် သွားသောကြောင့် ညီမဖြစ်သူမှာ ရုံးအပြင်တွင်စောင့်နေခဲ့ပါသည်။

ရုံးအပြင်တွင် စောင့်နေသောအငယ်လေးမှာလည်း အချိန်အတော်ကြာသည်အထိ မဝေအား မေးမြန်းနေသောကြောင့် အိမ်တွင်ကျန်ရစ်ခဲ့သော ကျန်မာရေးမကောင်းသောဖခင်အား စိတ်မချသောကြောင့် နေအိမ်သို့ ပြန်သွားခဲ့ပါသည်။ သို့သော်လည်း ည အချိန်ထိ မဝေမှာ နေအိမ်သို့ ပြန်မရောက်သေးသောကြောင့် မိမိတို့နှင့်ဆွေမျိုးတော်စပ်သူ တစ်ဦးအား မူးယစ်ရုံးသို့ အကျိုးအကြောင်းမေးမြန်းရန် လိုက်သွားသည့်အခါမှာသာ မဝေအား မူးယစ်ဆေးဝါးရောင်းဝယ်သောကြောင့် သက်ဆိုင်ရာရဲစခန်းတွင် ဖမ်းဆီးထိမ်းသိမ်း ထားလိုက်ကြောင်း သိရှိခဲ့ရပါသည်။

သက်ဆိုင်ရာဖမ်းဆီး ခေါ်ဆောင်သွားသူများမှလည်း ကျန်ရှိသောမိသားစုအား အကြောင်း ကြားခြင်းမရှိခဲ့ပါ။ နောက်တစ်နေ့(29-1-2014)ရက်နေ့တွင် မိသားစုများမှာ ရဲစခန်းသို့သွားရောက်ပြီး အစ်မဖြစ် သူအား မေးမြန်းသည့်အခါမှသာ မူးယစ်ရုံးတွင် မိမိအားစုံးစမ်းမေးမြန်းခြင်းမဟုတ်ဘဲ ကိုယ်ထိလက်ရောက် နိုင်ထက်စီးနင်း ရိုက်နှက်ခဲ့သည့်အပြင် ညီမဖြစ်သူကိုလည်း ဖမ်းဆီးပြီး နေအိမ်ကိုလည်း ချိပ်ပိတ်မည်ဟု ပြောသောကြောင် မိမိစိတ်ကူးမျှမယဉ်ခဲ့ဘူးသော မူးယစ်ဆေးဝါး ရောင်းပါသည် ဟု ၀န်ခံခဲ့ရကြောင်းသိရသည်။

ရဲစခန်းမှ စစ်ဆေးသောအချိန်တွင် မဝေမှာ မူးယစ်ရုံးမဟုတ်ဘဲ ရဲစခန်းတွင် ဖြစ်သောကြောင့် မည်သည့် မူးယစ်ဆေးဝါးကိုမျှ ရောင်းဝယ်းခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပါသည်။

ယခုချိန်ထိတော့ ထိုအမှုမှာ တရားခွင်သို့မရောက်သေးပါ။
မူးယစ်ဆေးဝါး ရောင်းချသည်ဟု မည်သည့်အချိန်ကမျှ ကျော်ကြားမှုမရှိခဲ့ဘူးသော၊ ရောင်းချခြင်းမရှိခဲ့သော၊ ဖခင်လူမမာနှင့် မိသားစုများကို ပြုစုလုပ်ကိုင်ရှာဖွေ ပေးနေသော မဝေ(ခ)နုနုဝေမှာ မသမာသူများ၊ ဥပဒေဘက်တော်သားများဖြစ်သည့် တာဝန်ရှိသူများမှာလည်း အပြစ်မဲ့ပြည်သူများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရမည့်အစား နားမလည်သော ပြည်သူများအား အနိုင်ကျင့် နှိပ်စက်နေသကဲ့သို့ ဖြစ်နေသောကြောင့် အများသိရှိစေရန် ဖေါ်ပြခြင်း ဖြစ်သည်။

အမှန်တကယ် ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံရလျှင် ထိုသူ၏ စိတ်ဓါတ်၊ သိက္ခာ၊ ပျက်စီး နိုင်ပြီး စီးပွားရေး၊ လူမှုရေး စသည်တို့တွင် ထိခိုက်နစ်နာရပါသည်။ ထိုကြောင့် အပြစ်မရှိဘဲ နစ်နာနေသော ပြည်သူများအား ကိုယ်ချင်စာတရား အနည်းငယ်မျှထားပြီး သေချာအောင်စုံးစမ်းမေးမြန်ပြီး အမှန်တကယ် ပြစ်မှုကျူးလွန်သူများကိုသာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သင့်ပါသည်။

မီဒီယာများမှ တဆင့် အမှန်တရားကို သိရှိအောင် ဖော်ပြပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်..။
အဖြစ်မှန် ပေါ်ပေါက်စေလိုသူ.. (ဟုမ္မလင်း အလင်းသစ်)