ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မင်္ဂလာပါ သုခအလင်းမျိုးဆက်သစ်



မင်္ဂလာပါ သုခအလင်းမျိုးဆက်သစ်

“မင်္ဂလာပါ ဆရာမ …”
“မင်္ဂလာပါ .. ဆရာ” ဟူသည့် ဆရာ/မများအား နှုတ်ဆက်ကြိုဆိုနေသည့် အသံများ ဒီနေ့မနက် (၈းဝဝ) နာရီဝန်းကျင်မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ဝန်းအတွင်း၌ ကြားနေရသည်။ ယခင့်ယခင် နှစ်များတွင် သုခအလင်း ပညာရေးမှ ဖွင့်လှစ်သည့် နွေရာသီအင်္ဂလိပ်စာ သင်တန်းများအား တက်ရောက်ခဲ့ ဖူးသည့် ကျောင်းသား/သူများမှ မိမိတို့ကို သင်ကြားပို့ချပေးခဲ့သော အင်္ဂလိပ်စာ ဆရာမများနှင့် ပန်းချီ ဆရာတို့အား နှုတ်ခွန်းဆက်သနေကြခြင်း ဖြစ်သည်။

ဒီနေ့ ၁၇.၃.၂ဝ၁၄ ရက်နေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) “သုခအလင်း ပညာဒါနကျောင်း” ဖွင့်ပွဲအခမ်းအနား မင်္ဂလာရှိသည့် နံနက်ခင်း နေ့ရက်လေးပင် ဖြစ်ပေသည်။ စာသင်ကျောင်းသို့ လျှောက် လှမ်းသွားခဲ့ရာ ကျောင်းဆောင်သစ်၏ လှေခါး၌ “မင်္ဂလာပါ” ဟူသော စာသားလေးသည် ခရီးဦးအဖြစ် ကြိုဆိုလျှက်၍ မျက်နှာခြင်းဘက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)အား မျိုးစေ့ချ၍ ပြုစုပျိုးထောင်ပေး ခဲ့သည့် စာရေးဆရာ၊ ဒါရိုက်တာကြီး ကျေးဇူးရှင် ဘဘဦးသုခ ၏ ရုပ်ပုံကြီးသည် ခန့်ညားစွာ မြင်တွေ့ရပြီး ပထမထပ်သို့ လှေခါးအတိုင်း တက်လှမ်းသွားခဲ့ရာ လှေခါးရှေ့မျက်နှာပြင်ထက်တွင် တွေ့မြင်လိုက်ရသည့် ပုံရိပ်သည် သာမန်လူတစ်ယောက်မဟုတ်သော တောင်အာဖရိကနိုင်ငံ၏ မဟာလူသား။

လူမည်းအမျိုး သားခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား (လူဖြူလူမည်း အသားအရောင်ခွဲခြားရေးဝါဒကို ဆန့်ကျင်တော် လှန်အောင်ပွဲခံဖို့ လူ့ဘဝသို့ ရောက်ရှိလာသူဖြစ်သည်။) ပညာရေးအတွက် “Education is Powerful Weapon, it can change the World.” ဟူ၍ မှတ်ချက်ပြု ပြောကြားခဲ့သည့် စကားရပ်ကိုလည်း တွေ့မြင် ခဲ့ရသည်။ တွေးတောရင်းနဲ့ ဆက်လက်တက်လှမ်းခဲ့ရာ ညာဘက်ခြမ်းတွင် “FUTURE” စာသားအား တွေ့ရချိန်တွင် အနာဂတ်မျိုးဆက်သစ်တို့အတွက် အနာဂတ်ခေါင်းဆောင်မှု အခန်းကဏ္ဍသည် လူငယ်များ တို့၏ လက်ထဲတွင်ရှိနေကြောင်းကို တွေးတောရင်း ဒုတိယထပ်သို့ ဆက်လက်တက်ရောက်ရန် ခြေလှမ်း ပြင်လိုက်ချိန်မှာတော့ “YOU ARE PEACE MAKER” ဟူ၍ ကျွန်တော့်ကို လက်ညှိုးထိုးနေသည့်အလား ပုံရိပ်လွှာပိုင်ရှင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကျေးဇူးရှင် ဘဘဦးသုခ၏ လက်ဆင့်ကမ်းအမွေ အား ယနေ့တိုင် ကိုယ့်ကျိုးစွန့်၍ အများပြည်သူတို့နှင့်အတူ ရင် ဘတ်ခြင်းထပ်တူထပ်မျှ ပေးဆပ်နေသည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ရုပ်ပုံလွှာ ပင်ဖြစ်လို့နေသည်။

ဒုတိယထပ် အပေါ်သို့ လှမ်းမျှော်၍ ကြည့်ရှုလိုက်ချိန်မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးဖခင်ကြီး၏ သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ အပြုံးပန်းဖြင့် ကြိုဆိုနေသယောင်၊ ပညာရေးနှင့် ပတ်သက် ပြီးပြောဆိုထားတဲ့ “တော်တဲ့လူရယ်၊ ညံ့တဲ့လူရယ်လို့မရှိဘူး။ သင်လို့ရတဲ့လူနဲ့၊ သင်လို့မရတဲ့လူပဲရှိတယ်။” အစရှိသည့် လေးစားအတုယူဖွယ် ပညာရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အစရှိသည့် နယ်ပယ်အသီးသီးတို့မှ ထင်ရှားကျော်ကြားသည့် နိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ခေါင်းဆောင်များတို့၏ ရုပ်ပုံလွှာများ၊ ပညာရေးနှင့် ပတ်သက်သည့် အဆိုအမိန့်များဖြင့် လမ်းညွှန်သဖွယ်အဖြစ် အဆောက်အဦးအတွင်း၌ မျိုးဆက်သစ် ကလေးများအပေါ် လွှမ်းမိုးနိုင်ရန် ရည်ရွယ်ပြီး Graffiti Artist Arker Kyaw ၏ အနုပညာဖန်တီးမှု လက် ရာဖြင့်ရေးဆွဲ၍ အသိပညာ ရသမြောက်စွာ ဖော်ကျူးပြီး မြန်မာနိုင်ငံ၏ထူးခြားသည့် ပညာရေး အဆောက် အဦးအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် တွေ့မြင်ရပြီဖြစ်သည်။

ဆက်လက်၍လည်း ဦးသန့်၊ ဗိုလ် ချုပ်အောင်ဆန်း၊ MOTHER TERESA, ALBERT EINSTEIN အစရှိသည့် ကမ္ဘာကျော်တို့၏ ရုပ်ပုံများနှင့် အဆိုအမိန့်များကိုလည်း အာကာကျော်မှ ထပ်မံပြီး ရေးဆွဲသွားမည်ကိုလည်း သိရှိခဲ့ရသည်။

မြန်မာ့ပညာရေးကဏ္ဍအား နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် တစ်ဖက်တစ်လမ်း ဝိုင်းဝန်း သယ်ပိုး၍ အနာဂတ်မျိုးဆက်သစ်တို့၏ ပညာရေးမြှင့်တင်ရန် ရည်ရွယ်၍ အလှူရှင်များ၏ လှူဒါန်းမှု၊ ပံ့ပိုးမှု၊ ကူညီမှုများတို့ဖြင့် တည်ဆောက်ခဲ့ပြီး စာသင်ခန်း (၁ဝ) ခန်း၊ စာကြည့်တိုက်၊ ကျောင်းအုပ်ရုံးခန်း၊ ဆရာ/မ နားနေခန်း၊ သန့်စင်ခန်း (၁ဝ) ခန်းအပြင် သင်ထောက်ကူပြုအနေဖြင့် Audio System, Projector များဖြင့် စည်းစနစ်ကျန၍ စည်းကမ်းပြည့်ဝသည့် သင်ကြားမှုစံနှုန်းများဖြင့် ကျောင်းသား/သူများအား သင်ကြားပို့ချ လျှက်ရှိသည်။

၁၇.၃.၂ဝ၁၄ ရက် နံနက် (၉းဝဝ) နာရီတွင် “သုခအလင်း ပညာဒါနကျောင်း” ဖွင့်ပွဲအခမ်းအနား အား အထူးဧည့်သည်တော်အသင်းသား ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ တေးရေး/ဆို ဆောင်းဦးလှိုင်၊ မြန်မာ့ဂုဏ် ဆောင် အလှမယ်များဖြစ်ကြသော နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ထားထက်ထက်၊ ဂုဏ်ရည်အေးကျော်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်မြင့် မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်လွင် တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးခဲ့ပြီး အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ သုခအလင်း ပညာဒါနကျောင်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ ပညာရေး အကြံပေး ဒေါ်နီလာဘာရာဒွါဂျာ မှ မုဒိတာစကား ပြောကြားခဲ့ပြီးနောက် စာသင်ဆောင်များ အသီးသီးသို့ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှလိုက်လံ၍ တက်ရောက်လာကြသည့် ကျောင်းသား/သူများတို့အား စည်းကမ်းပိုင်းနှင့် ပညာရပ်ဆိုင်ရာများ၊ အားပေးစကားများ ပြောကြား ခဲ့သည်။

ထို့နောက် “သုခအလင်း ပညာဒါနကျောင်း” ၌ ပညာဒါန ဆရာ/မများတို့၏ ကူညီပံ့ပိုးမှုဖြင့် တစ် ပါတ်လျှင် (၆) ရက်၊ တစ်ရက်လျှင် သင်တန်းချိန် (၂) ချိန်၊ တန်းခွဲ (၅) ခုတို့အဖြစ် အင်္ဂလိပ် (4 Skills)၊ ယဉ်ကျေးလိမ္မာ၊ ပန်းချီ၊ Fun and Learn Center မှ LEGO ဘလောက်တုံးများဖြင့် သင်ကြားပို့ချမည့် (သိပံ္ပ၊ နည်းပညာ၊ စက်မှုနှင့် သင်္ချာ) ပေါင်းစပ်မှု လက်တွေ့အသုံးချမှုပညာရပ်များနှင့် ကျောင်းသား/သူ (၄၃ဝ) ဦးတို့အား (အခမဲ့) သင်ကြားပို့ချပေး နေပြီဖြစ်သည်။

အနာဂတ်ကာလတွင် တိုင်းပြည်၏ကိစ္စအဝဝကို ပခုံးပြောင်းတာဝန်ယူရမည့် မျိုးဆက်သစ်များပင် ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း မှ “နိုင်ငံ့အရေးကိုဆောင်ရွက်လိုလျှင် ပညာရေး ကို အလေးပေး ဆောင်ရွက်မှအောင်မြင်မယ်။” ဟု ပြောကြားခဲ့ဖူးသည်။ ထို့ကြောင့် ပညာရေးကို မျိုးဆက် သစ်လူငယ်များတို့ လက်ဆင့်ကမ်းအမွေအဖြစ် သယ်ဆောင်သွားမှသာလျှင် မြန်မာနိုင်ငံတော်ကြီးသည် ပညာရေးဖြင့် ကမ္ဘာ့အလယ်၌ ဂုဏ်ယူဝင့်ကြွားစွာ ပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။

နာရေးကူညီမှု အသင်း(ရန်ကုန်)၏ “သုခအလင်း ပညာဒါနကျောင်း”သည် အနာဂတ်တိုင်းပြည်အတွက် ကောင်းသော ဉာဏ်ပညာ၊ အတွေးအခေါ်နှင့် တရားမျှတသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ထွန်းလင်းတောက်ပသည့် ကြယ်ပွင့်လေးများ ကမ္ဘာ့နယ်ပယ်/ မြန်မာ့နယ်ပယ်အသီးသီး၌ အရည်အချင်းပြည့်ဝသည့် သားကောင်း သမီးရတနာများသည် စာသင်ကျော်အတွင်းရှိ နယ်ဆင်မင်ဒဲလား၊ ဒေါ်အောင်ဆန်းစုကြည်၊ ဘဘ ဦးသုခ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ မာသာထရီဆာ၊ အိုင်းစတိုင်းလ် ကဲ့သို့သော ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့ သည့် ကမ္ဘာ့ကျော်ပုဂ္ဂိုလ်များတို့၏ အငွေ့အသက်များ လွှမ်းခြုံနေမည့် လူသားအကျိုးပြု ပညာရှင်များ မွေး ထုတ်ရာ ကျောင်းတစ်ကျောင်း ဖြစ်ပေတော့မည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)