ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပရဟိတ ကာ/ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ..



ပရဟိတ ကာ/ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ

(နိုင်ငံတော်အစိုးရထုတ် သတင်းစာများတွင် ကြော်ငြာထည့်ခွင့်မရရှိခဲ့သည့် Popular News Journal ၂ဝ၁၄ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ထုတ် ဦးကျော်သူ၏ ဆောင်းပါး)
ကျွန်တော်သည် ပရဟိတလုပ်ငန်းဖြင့် အများပြည်သူတို့အား အတ္တဖြုတ်၍ အနစ်နာခံ ပေးဆပ်ခဲ့ရာ ယခုဆိုလျှင် (၁၃) နှစ်ကျော်ခဲ့ပြီဖြစ်သည်။

(၁၃) နှစ်ပြည့်သော အချိန်ကာလဖြစ်သည့် ၂ဝ၁၄ ခုနှစ် ဇန်နဝါ ရီလ (၁) ရက်နေ့တွင် ကျွန်တော်၏ စိတ်အလျင်တို့သည် သာသနာပြုလိုသောစိတ်၊ သာသနာ ပြန့်ပွားလို သောစိတ်နှင့်အတူ ပရဟိတလောကသားများအတွက် ကမ္ဘာတည်သရွေ့ မှတ်ကျောက်တင်နိုင်ရန် ပရဟိ တစေတီတော် တည်ထားကိုးကွယ်ရန် ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ယခု ၂ဝ၁၄ ခုနှစ် မတ်လတွင် မိမိစိတ် တွင် ဖြစ်ပေါ်လာသော ကောင်းမှုကုသိုလ်တော်ကြီးအား ဆရာတော်ကြီးများနှင့် ဆွေးနွေးတိုင်ပင် အကြံ ဉာဏ်များ တောင်းခံခဲ့ပြီးသည့်နောက် ပြည်မြို့တစ်ဖက်ကမ်းရှိ မြတ်စွာဘုရား သက်ရှိထင်ရှား ရှိစဉ်ကာလ တွင် မြတ်စွာဘုရား ကြွရောက်သာသနာပြုခဲ့သည့် တောင်ကိုးလုံးတွင် ပါဝင်သော ဖိုးဦးတောင်အနီးရှိ ကြခတ်တောင်တော်ပေါ်တွင် "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီ" နှင့်မြတ်စွာဘုရားဆင်းတုတော် ကြီးအား တည်ထားကိုးကွယ်ရန်အတွက် ရည်စူး၍ နတ်မောက်မြို့နယ်အတွင်းရှိ သမိုင်းဝင် နှစ်ပေါင်းတစ် ထောင်ကျော် ရှိပြီဖြစ်သော ပင်းမဟာဗောဓိ ရွှေညောင်တော်နှင့် သပြေညီနောင်တို့ရှိရာ နတ်မောက်မြို့ နယ် ပင်းဂွေးချိုကျေးရွာအုပ်စု၊ ပင်းမြို့ဟောင်းကျေးရွာ၊ ပုဗ္ဗရုံကျောင်းတွင် လာရောက်၍ အဓိဋ္ဌာန်ဝင်ခဲ့ တော့သည်။

ထိုသို့ အေးချမ်းတိတ်ဆိတ် ငြိမ်သက်သောအရပ်ဒေသတွင် အဓိဋ္ဌာန်ဝင်စဉ် ကျွန်တော့်ထံသို့ အထက်ပါခေါင်းစဉ်ဖြင့် အိတ်ဖွင့်ပေးစာတစ်စောင် ရောက်ရှိလာခဲ့တော့သည်။ ထိုစာ၏ အကြောင်းအရာ အချက်အလက်များသည် လောကီကိစ္စရပ်များ ဖြစ်နေသည့်အတွက် ကျွန်တော့အနေဖြင့် လောကုတ္တရာ နယ်ပယ်အတွင်းမှ မည်သို့မျှမစဉ်းစား မဆုံးဖြတ်လိုပေ။ ထို့ကြောင့် လောကီကိစ္စ ပရိဟိတကိစ္စများနှင့် ပတ်သက်နေ၍ အနယ်နယ်အရပ်ရပ်ရှိ ပြည်သူလူထုများ၊ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များ အား သိရှိစေရန် စာပေတိုက်များသို့ ပြန်လည်၍ ပေးပို့သူရေးသားထားသော မူရင်းအတိုင်း တစ်ဆင့်ပေးပို့ လိုက်ခြင်းပင် ဖြစ်တော့သည်။

ရက်စွဲ - ၄ - ၃ -၂၀၁၄
"ပရဟိတကာ/ ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ"

"အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ရင် လူမှုရေးလော က,ကနေ နုတ်ထွက်တော့မည်ဟု နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ" ပြောဆိုပြီး (၂၈-၂-၂၀၁၄) သောကြာနေ့ထုတ် မော်ဒန်ဂျာနယ်မျက်နှာဖုံးမှာ စာလုံးအကြီးကြီးနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူရဲ့ ဓာတ်ပုံအကြီးကြီးကို တွေ့လိုက်ရတော့ ကျွန်ုပ်တို့ တော်တော်လေး တုန် လှုပ် ချောက်ချားသွားမိတယ်။

ဦးကျော်သူကို ကျွန်ုပ်တို့အနေဖြင့် လူမှုရေးအရ ခင်မင်ရင်းနှီးမှု ရှိပါသော် လည်း ယခုကိစ္စကို ကျွန်ုပ်တို့၏နှုတ်မှ ပြောကြားခြင်းထက် "နှုတ်တစ်ရာစာတစ်လုံး" ဆိုသလို လေးလေး စားစား စာရေးသားပေးပို့ဖို့ စိတ်ကူးဖြစ်မိတာပါ။ စာတစ်တန် ပေတစ်တန်နဲ့ ကြီးကြီးကျယ်ကျယ် ရေးသား ပေးပို့တယ်လို့ မယူဆဖို့ ဦးစွာမေတ္တာရပ်ပါရစေ။ ပြီးခဲ့တဲ့ရက် အနည်းငယ်ကတောင် ဦးကျော်သူနဲ့ ကျွန်ုပ် ပုသိမ်မြို့ စာပေဟောပြောပွဲမှာ အတူတကွ သွားတုန်းကတောင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ကြား ချက်နဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဝန်ကြီး (၅) ဦးနဲ့ တွေ့ဆုံတော့ ကျွန်ုပ်အတူပါခဲ့သေး တယ်။ အဲဒီမှာ ဦးကျော်သူကိုတောင် ဝန်ကြီးတွေက လူမှုရေးနဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးဖို့နဲ့ "လူမှုရေး အဖွဲ့တွေကို ကျွန်တော်တို့စကား အခွန်းတစ်ရာပြောတာနဲ့ ဦးကျော်သူစကားတစ်ခွန်းပြောတာ ပိုထိရောက် ကြောင်း" ကို ဝန်ကြီးအဖွဲ့တွေက တကယ့်ကို လေးလေးစားစားနဲ့ ခင်မင်ရင်းနှီးစွာ တွေ့ဆုံခဲ့တာ အမှတ်ရမိ သေးတယ်။

အဲဒီမှာ ဝန်ကြီးတစ်ဦးက အသင်းအဖွဲ့တွေမှာ လိုင်စင်မဲ့ကားကိစ္စတွေ တရားဝင်ဖြစ်ဖို့ အ ကြောင်း ဦးကျော်သူနဲ့ ဆွေးနွေးခဲ့တာ ကျွန်ုပ်မှတ်မိနေပါတယ်။ အဲဒီနောက် ကျွန်ုပ်တို့ မိမိတို့ ကိုယ့်အရပ် ဒေသကို ပြန်ပြီးရောက်ရုံ ရှိသေးတယ်။ မော်ဒန်ဂျာနယ်က ဦးကျော်သူအင်တာဗျူး ဖတ်လိုက်မိတော့ မတုန်လှုပ်ဘဲ ရှိနိုင်ပါ့မလားဗျာ။ အဲဒါနဲ့ ဦးကျော်သူထံ ဖုန်းဆက်ပြီးမေးကြည့်မယ်။ လုပ်ပြန်တော့ မကွေး တိုင်း၊ နတ်မောက်မြို့ကို သွားရောက်ပြီး အဓိဋ္ဌာန် စခန်းဝင်တယ်ဆိုတာ သိရပါတယ်။ အဲဒါကြောင့် အခုလို စာရေးပြီး အိတ်ဖွင့်ပေးစာ ပေးပို့ရတာကို သာသနာပြုအလုပ် သွားရောက်လုပ်ကိုင်နေတဲ့ ဦးကျော်သူ အနေနဲ့ အနှောင့်အယှက်ပေးတယ်လို့ သဘောမထားဘဲ သတိတရ ဖတ်မိပါစေလို့ ဆုတောင်းရင်း ဒီစာကို ရေးပါရစေ။

ဦးကျော်သူခင်ဗျာ ကျွန်ုပ်တို့ မြန်မာတစ်နိုင်ငံလုံးမှာရှိကြတဲ့ လူမှုရေးအသင်းများ အားလုံးနီးပါးဟာ သူတို့ရဲ့ ပရဟိတ ခေါင်းဆောင်ကြီးအဖြစ်၊ ပရဟိတ ဖခင်ကြီးအဖြစ်၊ လူမှုရေးပရဟိတ သူရဲကောင်းကြီး အဖြစ်၊ လူမှုရေးအသင်းအဖွဲ့များ၏ စံပြပုဂ္ဂိုလ်ကြီးအဖြစ်၊ လူမှုရေးအသင်းအဖွဲ့များရှေ့မှာ မားမားမတ်မတ် နှင့် ရပ်တည်ကာကွယ် စောင့်ရှောက်ပေးနေတဲ့ ပရဟိတ ကာ/ချုပ်ကြီးအဖြစ် သတ်မှတ်ထားကြတယ် ဆို တာ ဦးကျော်သူတစ်ယောက် သိစေချင်ပါတယ်။ ဦးကျော်သူအနေနဲ့ ဒီအသင်းအဖွဲ့ ဥပဒေကြမ်းကို လွှတ် တော်က အတည်ပြုလိုက်လို့ ပရဟိတလောက,ကနေ အပြီးနုတ်ထွက် သွားတော့မယ်ဆိုရင် ကျွန်ုပ်တို့ လူမှုရေးလောကကြီးရဲ့ခေါင်းဆောင် သူရဲကောင်းတစ်ယောက် ကျဆုံးသွားသလို ခံစားကြရမှာပါ။ ဒီနေရာ မှာ ကျွန်တော်ဥပဒေကြမ်းနှင့် ပတ်သက်လို့ လေ့လာမိသလောက် (မိချောင်းမင်း ရေခင်းပြတယ်လို့ မထင် ပါနဲ့) နားလည်သလို တင်ပြပါရစေခင်ဗျာ။

ဒီအသင်းအဖွဲ့ဆိုင်ရာဥပဒေကြမ်းကို ကျွန်တော် စတင်လေ့လာမိ သည်မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက (၂၇-၇-၂ဝ၁၃) ရက်စွဲနဲ့ ကြေးမုံသတင်းစာမှာ စတင်ဖော်ပြတဲ့အချိန်မှာ သေသေချာချာ လေ့လာကြည့်မိပါတယ်။ အဲဒီဥပဒေထဲမှာ အဓိက ပြဿနာသည် ယခုတည်ဆဲဥပဒေဖြစ်သော ၆/၈၈ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေထက်မနိမ့်သော ပြစ်မှု/ပြစ်ဒဏ် အခန်း တွေကအစ ပါလာတာ တွေ့ရှိရပါတယ်။ ဦးကျော်သူ အင်တာဗျူးတွေမှာ ပြောနေသလို ကိုယ့်ထမင်း ကိုယ် စားပြီး ကြီးတော်နွားကျောင်းနေရတဲ့ ကျွန်တော်တို့ ပရဟိတသမားတွေဟာ ဥပမာ - ခန္ဓာကိုယ်ထဲက သွေးလည်းဖောက်ပြီး လှူခွင့်ရဖို့ အစိုးရကို မှတ်ပုံတင်ကြေးတင်ဆောင်ပြီးမှ လုပ်ရမယ်ဆိုတာ ဖြစ်သင့် သလား။ နောက်ပြီး မြတ်စွာဘုရားရဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုနေတဲ့ လူမှုရေးသမားတွေကို ဥပဒေတွေနဲ့ ကိုင်ချုပ်နေတာဟာ မြတ်စွာဘုရားကို ဥပဒေနဲ့ထိန်းချုပ်နေသလို မဖြစ်ဖူးလားဆိုပြီး ဦးကျော် သူပြောခဲ့တာကို ကျွန်တော်တို့ လူမှုရေးအသင်းတွေအားလုံး တစ်ညီတစ်ညွှတ်တည်း ထောက်ခံခဲ့ကြပါ တယ်။

နောက်ပြီး ဦးကျော်သူအမြဲတမ်း ပြောပြောနေတဲ့ NGO အဓိပ္ပါယ်ဟာ အစိုးရမဟုတ်သော အဖွဲ့ အစည်းဆိုပြီး ဘာလို့ အစိုးရက ဥပဒေထုတ်ပြီး ထိန်းချုပ်ချင်နေတာလဲဆိုတာကိုလည်း ကျွန်တော်တို့ တော်တော်လေး စဉ်းစားမိပါတယ်။ ထားလိုက်ပါတော့လေ။ အဲဒီ ၂၇.၇.၂ဝ၁၃ ရက်နေ့ထုတ် ကြေးမုံမှာ ပါတဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းကို လူမှုရေးအသင်းအဖွဲ့တွေက လက်မခံနိုင်ကြောင်း အသံတွေ ထွက်လာတော့ ၁၉.၈.၂ဝ၁၃ မှာ ဒုတိယအကြိမ်မူကြမ်းအဖြစ် ပြန်လည်ထွက်ရှိ လာပြန်ပါတယ်။ အဲဒီ ထဲမှာ ပြစ်မှု/ပြစ်ဒဏ်တွေ ပါလာတာ မတွေ့တော့ပြန်ဘူး။

အဲဒီနေရာမှာ ဦးကျော်သူပဲ စဉ်းစားကြည့်ပါဗျာ။ ဒီဥပဒေကြမ်းကို ဘယ်သူတွေရေးဆွဲနေတာလဲ၊ ဘယ်သူတွေက အကြံဉာဏ်တွေ ပေးနေတာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတာပေါ့။ ဒါနဲ့ ဒီဥပဒေကြမ်း ရေးဆွဲနေတဲ့ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို လေ့လာ ကြည့်မိပါတယ်။ ဘာတွေ့ရသလဲဆိုတော့ ဒီအသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ဦးဆောင်ရေးဆွဲနေတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အကြိတ်အနယ် ဆွေး နွေးပြီးမှ ရေးဆွဲနေပါတယ်လို့ ဂျာနယ်တစ်စောင် အင်တာဗျူးတွေကနေ တွေ့မြင်နေရပါတယ်။ ဟုတ်ပါပြီ အဲဒီအရပ်ဘက်အဖွဲ့အစည်းတွေဆိုတာ ဘယ်အရပ် ဘယ်အဖွဲ့အစည်းတွေလဲ ဘယ်တိုင်း ဘယ်မြို့နယ်က အသင်းအဖွဲ့တွေကို ဘယ်လောက်ကိုယ်စားပြုနိုင်တဲ့ မေးခွန်းထုတ်စရာ ဖြစ်မလာဘူးလား။

ကောင်းပြီ ဒီလို အကြိတ်အနယ်ဆွေးနွေးဖို့ နေပြည်တော်သင်္ဂဟဟိုတယ်ကြီးမှာ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့သူ တစ် ယောက်ရဲ့ ရင်ဖွင့်သံကို ဦးကျော်သူကြီးပဲ နားထောင်ပြီး စဉ်းစားကြည့်ပါဦးဗျာ။ သူက ဘာပြောသလဲဆို တော့ သူဟာမန္တလေးမြို့နယ်ထဲက အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ပေါ့။ သူတို့ နေပြည် တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီအသင်းအဖွဲ့ ဥပဒေကြမ်းကိစ္စဆွေးနွေးဖို့ ဖိတ်ကြားခြင်း ခံရ တယ်တဲ့။

(၃) ရက်ကြာတယ်လို့ ပြောပါတယ်။ နေ့တွက်တစ်ရက်ကို ကျပ် (၁ဝဝဝဝိ/-) ပေးတဲ့အပြင် ခရီး စရိတ် အသွား/အပြန်နဲ့ တည်းခိုစရိတ် (နှစ်ယောက်ခန်းကို ၈ဝဝဝဝိ/- လောက်တန်တဲ့ ဟိုတယ်နဲ့) အစား အသောက် အလျှံအပယ် ကျွေးမွေးဧည့်ခံကြောင်း၊ တယ်လီဖုန်းကဒ်တွေပေးပြီး စည်ရုံးပြောဆိုသွားတော့ ကျွန်တော်လည်း ယောင်တောင်တောင်နဲ့ ပါသွားတာပေါ့။

ပထမတော့ ဦးကျော်သူဦးဆောင်တဲ့ အဖွဲ့ဆိုပြီး ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ ထူးခြားမှုရှိမှာပဲလို့ထင်ပြီး လိုက်သွားတာ ဟိုရောက်တော့မှ နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမဟုတ်ဘဲ သူနဲ့နာမည်တူတဲ့ အဲဒီပုဂ္ဂိုလ်ကလည်း ဆံပင်အရှည် နှုတ် ခမ်းမွေးနဲ့ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ NGO အဖွဲ့တစ်ခုက ဦးကျော်သူ ဖြစ်နေတော့ နည်းနည်း ကြောင်သွားတယ်။ ကျွန်တော်တို့လို ဦးကျော်သူမှားပြီး ယောင်တောင်တောင် ပါသွားတဲ့သူတွေ အများကြီး ဆိုတာ ဟိုရောက်မှသိတော့ ကျွန်တော်နည်းနည်း ဖြေသာလိုက်ပါတယ်။ ဒါတင် ဘယ်ကမလဲ နာမည်တူ ကိစ္စ ဂျာနယ်တွေမှာ ဖတ်မိသေးတယ်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံကို မန္တလေး မြို့မှာ ရှိနေတုန်း ဖုန်းဝင်လာတယ်။ "ဦးကျော်သူ ဘယ်ရောက်နေလဲ ကျွန်တော်တို့ တောင်ကြီးကပါ" တဲ့ အဲဒီမှာ ဦးကျော်သူက ကျွန်တော်အခု မန္တလေးမှာလို့ပြောတော့ ဒီနေ့ တောင်ကြီးကိုလာပြီး အသင်းအဖွဲ့ တွေနဲ့ တွေ့ဖို့ရှိတယ်လို့ဆိုပြီးမေးတော့ ဘယ်ကလာရှိရမှာလဲ ကျွန်တော်က အခုရန်ကုန် ပြန်တော့မှာဆို တော့ အဲဒီတောင်ကြီးက လူက ဒီနေ့ဦးကျော်သူတောင်ကြီးက လူမှုရေးအဖွဲ့တွေကို တွေ့မယ်ဆိုတော့ ဒီက အသင်းအဖွဲ့တွေက ဝမ်းသာအားရနဲ့ ဦးကျော်သူကို ကြိုဆိုနေတာ သွားပါပြီဗျာ။ ဘယ်က နာမည်တူက ပေါ်လာပါလိမ့်ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ဖုန်းချသွားတယ်။

အဲဒီမှာဦးကျော်သူကတောင် ပြန်ပြောလိုက် သေးတာ ကျွန်တော်မှတ်မိသေးတယ်။ ခင်ဗျားတို့ ကျော်သူ စစ်/မစစ် သိချင်ရင် "သင်္ချိုင်းကုန်းတစ်ခုကို ခေါ်ပြီး မသာထမ်းသွားခိုင်းလို့ရရင် ကျော်သူစစ်တယ်" လို့ တောင်ပြောတော့ ကျွန်တော်ကိုယ်တိုင် ဖတ် ကြည့်ပြီး သက်ပျင်းအခါခါ ချမိပါသေးတယ်။ ဦးကျော်သူရေ ပုသိမ်ဘက်တုန်းကလည်း ပြောသံကြားလိုက် သေးတယ်။ ပုသိမ်ကို ဦးကျော်သူလာပြီး အသင်းအဖွဲ့တွေနဲ့ တွေ့ဖို့လာမယ်ဆိုတော့ ပုသိမ်မြို့က အာဏာ ပိုင်ကတောင် မင်းသားကျော်သူထင်ပြီး ခွင့်ပြုမိန့်တောင်း လက်မှတ်ထိုးပေးပြီးမှ နာမည်တူတဲ့ ဦးကျော်သူ ဖြစ်နေကြောင်း၊ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးကတောင် ဖုန်းဆက်ပြီး ပြောတယ်ဆိုတော့ ဒီနာမည်တူကိစ္စ အား ကာယကံရှင်တွေ နာမည်တူနေတာ ဘာမှမထူးဆန်းပေမယ့် လူတူမရှား၊ နာမည်တူမရှားဆိုတာ လက်ခံပေမယ့် အခုကိစ္စက ဒီနာမည်တစ်ခုနောက်မှာ ရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့ကတော့ တော်တော်လေး ယောင်တောင်တောင် ဝါးတားတားနဲ့ ဖြစ်သွားကြတာတော့ မကောင်းဘူးပေါ့။

ဦးကျော်သူ (မင်းသားဦးကျော်သူ) ကြီးရေ အဲဒီတော့ မင်းသားဦးကျော်သူနဲ့ အမည်တူ NGO က ကိုကျော်သူကိုလည်း တွေ့ရင်ပြောပေးပါ။ နောက်နောင် နယ်အသင်းအဖွဲ့တွေကို တွေ့တော့မယ်ဆိုရင် ကျွန်တော်ကတော့ ဘယ် အဖွဲ့က၊ ဘယ်သူပါ၊ ဘာအတွက် လာရောက်ဖို့ရှိကြောင်း ရှင်းလင်းစွာ အရင်ပြောဆိုပြီးမှ သွားရောက် တွေ့ဆုံရင် ပိုကောင်းပါလိမ့်မယ်လို့ အကြံပြုပေးချင်ပါတယ်။ တချို့အသင်းအဖွဲ့တွေက ကျော်သူကို နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူပဲ ထင်ထင်နေကြတော့ မိမိအတွက်လည်း မကောင်းကြောင်း အကြံပြုပေးပါခင်ဗျာ။ လူတစ်ယောက်ကို ၃ဝဝဝဝဝိ/- သုံးသိန်း ဝန်းကျင်လောက် အကုန်အကျခံပြီးသုံးပြီး ဒီဥပဒေမူကြမ်း ကိစ္စတိုင်ပင်ဖို့ကို ဘယ်သူက အဲဒီစရိတ် စိုက်ထုတ်သလဲ။

INGO လို့ခေါ်တဲ့ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းကနေ မှတ်ပုံတင်လိုချင်အားကြီးပြီး စိုက်ထုတ်ပေးနေသလား၊ အစိုးရ ဘက်ကပဲ လူမှုရေးအသင်းတွေကို ထိန်းချုပ်ချင်အားကြီးပြီး အကုန်အကျခံသလား စသည်ဖြင့် သို့လော သို့လောတွေ ကျွန်တော်တို့ လူမှုရေးအမည်တွေ ကြားဂယက်ရိုက်သွားတာပေါ့။ ဦးကျော်သူကြီးပဲ စဉ်းစား ကြည့်လေ ကျွန်တော်တို့ လူမှုရေးအဖွဲ့အစည်းဆိုတာ အများပြည်သူ ချွေးနည်းစာထဲကနေ အများပြည်သူ အတွက် သဒ္ဓါတရားထက်သန်စွာနဲ့ လှူဒါန်းပေးတဲ့ ဒီအလှူငွေတွေကို ဒီလိုမလိုအပ်ပဲ အကုန်အကျ အများ ကြီးခံပြီး လုပ်သင့်ပါသလားဗျာ။ သုံးတဲ့သူတွေရော စားတဲ့သူတွေပါ သံရည်ပူတွေ စားမိသလို အပူတွေ တစ်ပွေ့တပိုက်ကြီး ရသွားကြမှာပေါ့။ ဒါနဲ့ သေသေချာချာ အကဲခတ်ကြည့်တော့ အဲဒီအဖွဲ့တွေ အများစုဟာ INGO တွေများနေတာ တွေ့ရပါတယ်။

INGO ဆိုတာ ပြည်ပအထောက်အပံ့နဲ့ ပြည်တွင်းမှာပြန်ပြီး ကူညီ နေကြတာဆိုတော့ သူတို့အနေနဲ့ တရားဝင်မှတ်ပုံတင် ရရှိရေးအတွက် ငွေကြေးပေးဆောင်ဖို့ အခက်အခဲ မရှိသလို (ဒီနေရာမှာ INGO များကို ကျွန်ုပ် မကောင်းပြောနေတာ မဟုတ်ပါ) INGO တွင် လုပ်အားပေး မရှိပါ။ အားလုံး လခစားဝန်ထမ်းများဖြင့် ဆောင်ရွက်နေသော အဖွဲ့အစည်းများ ဖြစ်သည့်အတွက် သူတို့ အိတ်စိုက် ဘယ်သူမှမလုပ်ကြပါဘူး။ NGO ဆိုသော ကျွန်ုပ်တို့ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့တွေ ကျတော့ ပြည်တွင်းရှိ အများပြည်သူများရဲ့ ချွေးနဲစာနဲ့ လှူဒါန်းငွေတွေနဲ့ ရပ်တည်နေရတဲ့ လူမှုရေး ပရဟိတအဖွဲ့တွေ အနေနဲ့ကတော့ ဒီအသင်းအဖွဲ့ ဥပဒေမူကြမ်းဟာ လက်ခံစရာလုံးဝမရှိကြောင်း တွေ့နေ ရပါတယ်။ နိုင်ငံတကာစံနှုန်းနဲ့ လေ့လာပြီးမှ ရေးဆွဲနေတာပါလို့ပြောတဲ့ ပုဂ္ဂိုလ်ကြီးကိုလည်း ဦးကျော်သူ ပြောပေးစမ်းပါဗျာ။ ကိုယ့်ပြည်တွင်းစံနှုန်းနဲ့ ကိုက်ညီအောင်ပဲ အရင်လုပ်ပါ။ နိုင်ငံတကာစံနှုန်းဆိုရင် ထပ်ပြောမယ်။

အခြားနိုင်ငံတွေမှာ ပရဟိတ လူမှုအဖွဲ့အစည်းတွေကို ဒီလိုအခွန်အခကောက်ခံပြီး ဥပဒေနဲ့ ထိန်းချုပ်ဖို့ နေနေသာသာ သူတို့အစိုးရတွေက လူမှုရေးအဖွဲ့အစည်းတွေ လိုအပ်သမျှ ပံ့ပိုးကူညီသလို ၎င်း လူမှုရေးအဖွဲ့အစည်း လှူဒါန်းနေတဲ့ အလှူရှင်တွေရဲ့ စီးပွားရေးဝင်ငွေခွန် (အမြတ်ခွန်) တွေကိုတောင် အဲဒီလိုလှူဒါန်းတဲ့ အလှူငွေပေါ်ကြည့်ပြီး အခွန်လျှော့ချ ပေးတာမျိုးတွေရှိနေတယ်။ ဒီမှာလို ပြည်ပက အလှူငွေတွေကိုတောင် ၁ဝ % အခွန်ဖြတ်တာမျိုးက ဝေးစွ။ အဲဒီလိုနဲ့ ၂-၁၁-၂ဝ၁၃ ကြေးမုံမှာ တတိယ အကြိမ် အသင်းအဖွဲ့မူကြမ်းဆိုပြီး ၂၉-၁-၂ဝ၁၃ ရက်နေ့ထပ်မံပြီး မူကြမ်းထွက်လာပြန်တယ်။

ဒါကိုပဲ ဒီကနေ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုဖို့ လုပ်နေတာဆိုတာ သိရပါတယ်။ မသာ အလောင်းတစ် လောင်းမချဘူးသူ၊ သွေးတစ်လုံးမှ ခန္ဓာကိုယ်က ဖောက်ထုတ်အလှူ လူနာတစ်ယောက်တောင် ကျန်းမာ ရေးစောင့်ရှောက်မပေးရသူ၊ ပရဟိတလူမှုရေး ဘာတစ်ခုမှ အတွေ့အကြုံမရှိသော ပုဂ္ဂိုလ်တွေက တကယ် လူမှုဒုက္ခတွေကို နေ့စဉ်နဲ့အမျှ နဖူးတွေ့ဒူးတွေ့ ကူညီလုပ်ဆောင်ပေးနေသော အနယ်နယ် အရပ်ရပ်က လူမှုရေးသမားတွေလောက် သိပါ့မလား။ လူမှုရေးအဖွဲ့အစည်းတွေမှာ ဘာအခက်အခဲရှိသလဲ၊ နာရေးကိစ္စ တွေမှာ ဘာအခက်အခဲရှိသလဲ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ ဘာတွေလိုအပ်နေသလဲ စသည်ဖြင့် ဘယ်သူတွေက ပိုသိနိုင်မလဲ။

ဦးကျော်သူတို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ချန်လှပ်ရုံတင်မကဘဲ တစ်တိုင်းပြည်လုံးမှာရှိတဲ့ လူမှုရေးဆန္ဒသဘောထားတွေကို လျစ်လျူရှုပြီး ရေးဆွဲမယ်ဆိုရင်တော့ ဒီ အသင်းအဖွဲ့ဥပဒေက ဘယ်လိုမှပြည့်စုံလာမှာ မဟုတ်သလို တစ်ချိန်မှာ ကန့်ကွက်မှုတွေ ကြုံတွေ့လာလိမ့် မယ်ဆိုတာ မလွဲမသွေ ကျွန်တော်ပြောရဲတယ်။ တကယ်တမ်း ပြင်သင့်တာကတော့ ဒီဥပဒေကြမ်းကို ရေးဆွဲတော့မယ်ဆိုရင် အရေးကြီးဆုံးက ဒီဥပဒေသက်ရောက်မည့် အသင်းအဖွဲ့တွေရဲ့ သဘောဆန္ဒတွေ ဟာ အဓိကကျပါတယ်။ ဥပဒေရေးဆွဲမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ နယ်ပေါင်းစုံက အသင်းအဖွဲ့တွေကို တွေ့ဆုံ ဖို့ ခက်ခဲနေမယ်ဆိုရင် ဥပမာ သက်ဆိုင်ရာတိုင်းက တာဝန်ခွဲဝေယူပြီး နောက်ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အဆင့်ဆင့် တာဝန်ခွဲဝေယူပြီး ၎င်းတို့သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာရှိနေတဲ့ လူမှုရေးအသင်းအဖွဲ့တွေ ရဲ့ ဆန္ဒသဘောထားတွေကို တင်ပြပေးဖို့ တောင်းခံမယ်ဗျာ။

ပြီးရင် အသင်းအဖွဲ့တွေက တင်ပြလာတဲ့ သဘောထားတွေကို ဥပဒေကြမ်းရေးဆွဲမယ့် ပုဂ္ဂိုလ်တွေက လေ့လာပြီး ဘုံတူညီတဲ့ သဘောထားလေး တွေ ရွေးချယ်ပြီး သတ်မှတ်ရေးဆွဲမယ်ဗျာ။ ပြီးရင်ပြန်ပြီး အသင်းအဖွဲ့တွေကို ပြန်ပြောမယ်ဗျာ။ လိုအပ်ရင် ပြင်ဆင်ညှိနှိုင်းပြီး သဘောတူညီမှု ရယူပြီး ပြဋ္ဌာန်းမယ် ဆိုရင်တောင် နည်းနည်းခံသာသေးတယ်။

ဧရာဝတီတိုင်း ဝန်ကြီးပြောသလို အသင်းအဖွဲ့တွေက လိုင်စင်မဲ့ကားကိစ္စကို သူတို့ဘက်က တရား ဝင် ဖြစ်ချင်နေကြောင်းပြောတာ ကျွန်တော်ကြားတော့ ကျွန်တော်တို့အသင်းတွေ ကိုယ်တိုင်ကပိုပြီး တရား ဝင် လိုင်စင်ကားကိုပဲ သုံးချင်တာပေါ့ဗျာ။ ဒါပေမယ့် အသင်းတွေရဲ့ ရန်ပုံငွေကြေး မပြည့်စုံလို့သာ အခုလို သင့်တော်တဲ့ လိုင်စင်မဲ့ကားတွေကို သက်ဆိုင်ရာမြို့နယ် က-ည-န တွေမှာ သွားရောက်စာရင်းပေးပြီး အစိုးရဘက်က ဥပမာ-နာရေးကားဆို နိဗ္ဗာန်ယာဉ်နံပါတ်နဲ့ တပ်ဆင်ပြီး ကျန်းမာရေးသုံးကားဆို ကျန်းမာ ရေးနံပါတ်ပေးပြီး တရားဝင်အသိအမှတ်ပြုမယ်ဆို ဘယ်လောက်ကောင်းမလဲ။

ကျွန်တော်တို့အသင်းတွေ က လိုင်စင်မဲ့ကားတွေကို 4/G ၊ 5 /G တွေ ပေးစရာမလိုပါဘူး။ ပြန်လည်ရောင်းချလို့မရ၊ ကိုယ်ပိုင်လည်း စီးခွင့်မရှိအောင် နိဗ္ဗာန်ယာဉ်နံပါတ်၊ ကျန်းမာရေးနံပါတ် စသည်ဖြင့် သတ်မှတ်ပေးမယ်ဆိုရင် မရနိုင်ဘူး လားခင်ဗျာ။ အကယ်၍ အသင်းတွေက ၎င်းကားတွေကို ကိုယ်ကျိုးရှာပြီး အမြတ်ထုတ်တာတွေ့ရင် လိုင်စင် ပြန်လည်ရုတ်သိမ်းပြီး ထိရောက်စွာအရေးယူပါလို့ အကြံပြုပေးပါ ဦးကျော်သူကြီးရေ။

ဦးကျော်သူရေ ဥပဒေဆိုတာထုတ်ပြီးရင်လည်း ပြည်သူလက်မခံရင် ပြန်ပြင်ဆင်ခွင့် ရှိနေတဲ့ခေတ်ဆိုတော့ ဦးကျော်သူ ကြီးအနေနဲ့ ဒီဥပဒေကြောင့်တော့ ပရဟိတလူမှုရေးလောက ကနေ နုတ်ထွက်တာမျိုး လုပ်မဲ့အစား ကျွန်တော်တို့ လူမှုရေးအဖွဲ့အစည်းတွေအားလုံးနဲ့ အတူတကွ ဆက်လက်လက်တွဲဦးဆောင်ပြီး ၎င်းဥပဒေ ကို လက်မခံနိုင်ရင် ပြင်ဆင်ပေးဖို့ လမ်းမပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ် သွားကြတောပေါ့ဗျာ။ တစ်တိုင်းပြည် လုံးမှာရှိကြတဲ့ ပရဟိတအသင်းများအနေနဲ့ မိမိတို့နှင့် တိုက်ရိုက်သက်ဆိုင်သော ၎င်းအသင်းအဖွဲ့ဥပဒေကို လက်ခံနိုင်ခြင်း မရှိခဲ့ရင် ကန့်ကွက်ဆန္ဒဖော်ထုတ်သွားဖို့ ပရဟိတလူမှုရေး သူရဲကောင်းအပေါင်းတို့ဟာ ပရဟိတ ကာ/ချုပ်ကြီး (သို့မဟုတ်) နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူရဲ့ ဦးဆောင်မှု အောက်မှာ အသင့်ရှိနေပါကြောင်းနှင့် ကျွန်ုပ်တို့ဟာ ပရဟိတကိုအသုံးချသော အနုပညာသမားများ ပရ ဟိတကို ခုတုံးလုပ်သော စီးပွားရေးသမားများ၊ ပရဟိတကို နင်းချေတက်လှမ်းဖို့ ကြိုးစားနေသော နိုင်ငံ ရေးသမားများ ၊ ပရဟိတကို ဗန်းပြလုပ်စားနေသော အတ္တသမားများ မဟုတ်သော အများပြည်သူအတွက် ကိုယ်ကျိုးမဖက် ပေးဆပ်နေသော ပရဟိတစစ်စစ် လူမှုရေးသမားများ ဖြစ်ကြပါသည်ဟု သစ္စာဓိဋ္ဌာန် ပြုကြပါကုန်စို့။
ပရဟိတ မျိုးဆက်သစ် ခေါင်းဆောင်များမှ ရေးသားပေးပို့ပါသည်။

ထို့ကြောင့် ယခုပရဟိတ မျိုးဆက်သစ်ခေါင်းဆောင်များ စိုးရိမ်တကြီး ရေးသားပေးပို့လိုက်သော အထက်ပါစာအား ဖတ်ရှုပြီးသူ ပရဟိတ စိတ်ဓာတ်ထက်သန်ကြသော ပရဟိတသမားများ လူသားချင်း စာနာစိတ် မွေးမြူကြသော မြန်မာပြည်သားများအနေဖြင့် မည်သို့ခံစား တွေးတောမိမည်ကိုတော့ ကျွန် တော်မသိ။

ထို့ပြင် ယင်းအရပ်ဘက်လူ့အဖွဲ့အစည်းဥပဒေအား ဗြဟ္မစိုရ်တရားလေးပါးလက်ကိုင်၍ အတည် ပြုသည်ဟုလည်း ကျွန်တော်မသိ။ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသည့်နောက် သမ္မတကြီးမှ လည်း သန်း (၆ဝ) ပြည်သူလူထုတို့ ကိုယ်စားပြုပြီး လက်မှတ်ထိုးမည်လား ဆိုသည်ကိုလည်း ကျွန်တော် မသိ။ ကျွန်တော် အခုအချိန်တွင် အနတ္တနယ်ပယ်အတွင်း ရောက်ရှိနေစဉ်ကာလ အတိုင်းအတာအတွင်း ကျွန်တော်ဘာကိုမှ မသိချင်တော့။

ကျွန်တော် အကောင်အထည်ဖော်တော့မည့် မဟာပဏ္ဍိတပရဟိတ အောင်တော်မူ စေတီတော်ကြီး မြန်မာပြည်တွင်းရှိ ပရဟိတသမားများ၊ ပရဟိတလောကကို ခြေစုံချမည့် သူများအတွက် မရှိမဖြစ် ဦးတိုက်ကိုးကွယ် သစ္စာဆိုနိုင်မည်။ အောင်မြင်တည်ထား ကိုးကွယ်နိုင်ရန်အ တွက်သာ ကျွန်တော်ခေတ္တ ရောက်ရှိနေသော လောကီနယ်ပယ်အတွင်း အဓိဋ္ဌာန်ပြု ကျင့်ကြံပွားများလျှက် ရှိပါတော့သည်။ နောင်တစ်ချိန်ချိန်မှာတော့ လောကီနယ်ပယ်တွင်ကျင်လည်ရင်း ပရဟိတနယ်မြေ အတွင်း ၌ ပြန်လည်ခြေချမိခဲ့ပြီဆိုရင်တော့ ဗြဟ္မစိုရ်ကျည်ဆန်များဖြင့် ပရဟိတစစ်ပွဲများကို မေတ္တာလက်နက်ကြီး များဖြင့် ဆင်နွှဲကြပါစို့ဟု ပရဟိတ လူမှုရေးသမားစစ်စစ်များအား နှိုးဆော်လိုက်ရပါသည်။

ကျော်သူ