ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဘာများ ဖြစ်သွားမှာမို့လို့လဲကွယ် (Written by: မောင်စံပေါ)

ဘာများ ဖြစ်သွားမှာမို့လို့လဲကွယ်

(Written by: မောင်စံပေါ)

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာနေသော မိသားစုဝင်တစ်စုအား ဧပြီလအတွင်းက တွေ့ရစဉ်

(၁) သူငယ်ချင်းနှစ်ယောက် စကားတပြောပြောနဲ့ ကားကလေးတစ်စီးနဲ့ တစ်ယောက်က မောင်း နောက်တစ်ယောက်နံဘေးက ထိုင်လို့ ကားတွေကလည်း ဒီကနေ့ မဟာရန်ကုန်ရဲ့ သရုပ်သကန်ကို အပီအပြင်ဖော်လို့ ကျပ်လို့။

“ဟာ ကျော်သွားပြီ လမ်းကျော်သွားပြီ”

ပြောပြောဆိုဆိုဘဲ ကားကို ဘရိတ်အုတ်“ဂ”ငယ်ကွေ့ပြန်ကွေ့ဖို့ တစ်ဖက်ယာဉ်ကြောကို ခေါင်းတစ်စောင်းထိုးပြီး ရပ်တယ်။ ဘယ်ကွေ့မယ့် အချက်ပြမီးက ဖွင့်လိုက် ပိတ်လိုက်နဲ့။

ရုတ်တရက် ရပ်လိုက်တဲ့နေရာက မျဉ်းသေကြောမှာ ဖြတ်သန်းခွင့်မရှိတဲ့နေရာမှာ နောက်က ကားတွေရပ်ပြီး ဟွန်းတွေတီးကြသလို ရှေ့ကလာတဲ့ ကားတွေလည်း မောင်းမရတော့ပါ။ ကားတစ်စီး စည်းကမ်းမဲ့စွာ ရုတ်တရက်ကိုးလို့ ကန့်လန့် ရပ်လိုက်တာနဲ့ ယာဉ်ကြောလေးကြောမှာ နှစ်ကြော မောင်းမရတော့ဘူးဖြစ်သွားပြီ။

မီးအချက်ပြ အရှိန်လျှော့ပြီး ဖြည်းဖြည်းမောင်းသွား ကားကွေ့လို့ရတဲ့ မျဉ်းပြတ်နေရာကျမှ ကိုယ့်ယာဉ်ကြောထဲမှာ သပ်သပ်ရပ်ရပ်ကလေး ခဏရပ်ပြီးစောင့်ရင် မကောင်းဘူးလား သူငယ်ချင်းရယ်။

အဲဒီလိုလေး စည်းနဲ့ကမ်းနဲ့ တခြားကားတွေကိုလည်း ကိုယ်ချင်းစာစိတ်ကလေး နဲ့မောင်းရင် ဘာများဖြစ်သွားမှာမို့လို့လဲ။

(၂) ဒီရက်ပိုင်းမှာ ဟိုတယ်အခန်းတွေ လူဝင်နည်းတယ်။ ဒီတော့ အခန်းရှင်းရတာ နည်းတယ်။ ၀တ္တရားအရ အခန်းတံခါးကို ခေါက်တယ်။

“အခန်း သန့်ရှင်းရေးလုပ်မလို့ပါရှင်”

ဘာမှ ထူးသံမကြားရဘူး။ အခန်းတံခါးကို ဖွင့်ဝင်လိုက်တယ်။ အခန်းထဲမှာ ကစားစရာတွေရယ်၊ စားစရာတွေရယ်၊ အ၀တ်တွေရယ်၊ စာအုပ်တွေရယ်ပွလို့။ ခြောက်နှစ် ခုနစ်နှစ်အရွယ် ယောက်ျားလေးတစ်ယောက် ရယ်၊ ၁၅၊ ၁၆ အရွယ် မိန်းကလေးတစ်ယောက်ရယ် မောင်နှမနှစ်ယောက် တည်းခိုတဲ့အခန်းလေး။ မနက်ခင်းကတောင် အဲဒီက လေးလေး ဘောလုံးတစ်လုံးနဲ့ ဟိုတယ်နံဘေးမှာ ကစားနေတာ တွေ့သေးတယ်။

မောင်လေးနဲ့ဆို အရွယ်တူလောက်ရှိမှာပေါ့။ စဉ်းစားရင်း ဖတဆိုးမောင်လေးနဲ့ အဖေကို သတိရမိတယ်။ သူတို့ ဒုက္ခသည်စခန်းမှာ ဘယ်လိုများနေကြပါလိမ့်။ အစားအသောက်မှ အဆင်ပြေကြရဲ့လား။ မောင်လေးကော စာသင်ရရဲ့လား။ ဒီအခန်းက ကလေးလေးလို လွတ်လွတ်လပ်လပ်ပျော်ရွှင်စွာ ကစားနိုင်မှာ မဟုတ်တာတော့ သေချာတယ်။ အဖေကတော့ ကောင်းကင်ဘုံမှာ အေးဆေးနေရောပေါ့။ မိုင်းထိတဲ့ဒဏ်ရာက သွေးထွက်လွန်ပြီး အဖေဆုံးခဲ့တာ မောင်လေးတစ်သက် နီးပါးလေ။

ဒီဟိုတယ်မှာ အလုပ်ကလေး အခြေတည်မိသွားရင် အမေတို့ကိုခေါ်မယ်။ တောကြား၊ တောင်ကြားမှာ မြင်မြင်ရာကြောက်နေရတဲ့ ဒုက္ခသည်ဘ၀နဲ့စာရင် ဒီမှာအများကြီးအဆင်ပြေမှာ။ နောက်ပြီး မောင်လေးကိုလည်း ကျောင်းထားပေးရမယ်။

မောင်လေးကို သတိရစွာနဲ့ အခန်းသန့်ရှင်းရေးလုပ်ရင်း ဝေါ့ကင်းရှူးလေး ညစ်ပတ်နေတာတွေ့တယ်။ အို မနက်က ဒီအခန်းက ကလေးလေး ဒီအခန်းက မောင်လေး ဘောလုံးကစားရင်း ပေနေတာနေမှာပေါ့။ ဝေါ့ကင်းရှူးလေးကို တယုတယကိုင်ပြီး သေသေချာချာသန့်ရှင်းရေး လုပ်ပေးလိုက်တယ်။

“ကလင်၊ ကလင်”အခန်းထဲက ဖုန်း မြည်လာတယ်။“သူငယ်ချင်း မပြီးသေးဘူးလား။ အခန်းလည်း ဘာမှမများဘဲနဲ့”

“အေးပါဟယ်၊ ငါ ငါ့မောင်လေးရဲ့ ဝေါ့ကင်းရှူးလေး ညစ်ပတ်နေလို့ သန့်ရှင်းပေးနေတာ” “နင့်မောင်လေးက နင့်အမေနဲ့ တောမှာဆို” “သြော် ဟုတ်တယ်ဟဲ့။ ဒါက ဒီအခန်းမှာ တည်းတဲ့ ကလေးလေးရဲ့ ဖိနပ်ဟ” “ပြီးရော ထမင်းစား နောက်ကျနေဦးမယ်”

ထမင်းစားနောက်ကျတော့ ဘာဖြစ်လဲ နော့။ စေတနာထားပြီး သေသေချာချာလုပ် တာ။ အခန်းရှင်းတဲ့တာဝန်ထဲမှာ မပါတော့ရော ဘာများဖြစ်သွားမှာမို့လို့လဲ။

(၃) “ချောကလက်တောင့်တွေ ကျန်နေသေးတယ်။ သိမ်းလိုက်ဦးမယ်”

ချာ့ကလက်ဘူးကတော့ ဖောက်ပြီးသားပေမယ့် မစားရသေးတဲ့ ချောကလက်တောင့်တွေက အသစ်အတိုင်းရယ်။ သိသားပဲ တမင်တားထားတဲ့ ဟာကို။

“သိမ်းမနေပါနဲ့ မိန်းမရယ်။ ဟိုတယ်က အခန်းရှင်းတဲ့ကလေးတွေ စားကြပါစေ။ နောက်ပြီး အဲဒါတွေ စားပြီးရင် မင်းဂျင် (Gym) ထပ်သွားနေရဦးမယ်။

ဟုတ်တယ်လေး။ နှမြောစိတ်နဲ့ အတင်းစားမှာနဲ့ စာရင် ဒီကကလေးတွေ စားဖို့ထား ပေးခဲ့လိုက်တော့ ဘာများဖြစ်သွားမှာမို့လို့လဲ။

(၄) မူလတန်းကျောင်းကလေးရဲ့ ဆရာ၊ ဆရာမများ နားနေခန်းကနေ အပြင်ကို လှမ်းကြည့်လိုက်တယ်။ နားနေခန်းဆိုပေမဲ့ ခါးလောက်အမြင့် ၀ါးထရံကာထားတာဆိုတော့ စာသင်ခန်းကလေးကို အလွယ်တကူမြင်ရပါတယ်။
အို ဒီကလေး နေ့လယ်ထမင်းစားချိန်မှာ အပြင်မထွက် မုန့်မစားအခန်းထဲမှာ စာဖတ်နေတာများပါ ပကောလား။

စာကြိုးစားတာ လက်ခံနိုင်ပေမဲ့ ထမင်းချိုင့်မပါတာ လက်ခံနိုင်ပေမဲ့ ဒီလိုပဲကြည့်ပြီး အမှတ်တရနဲ့ နေ့ပေါင်းများစွာ ကျော်ဖြတ်ခဲ့တဲ့ ကိုယ့် ကိုယ်ကိုယ်တော့ လက်မခံချင်တော့ပါ ဘူး။

ထမင်းစားတာကို ရပ်လိုက်တယ်။ မ၀သေးပေမဲ့ အဆာတော့ပြေသွားခဲ့ပြီ။ ချိုင့်ထဲမှာ ထမင်းကတစ်ဝက်ရယ်၊ ငါးဆုပ်ကြော်လေးရယ်။ ကန်စွန်းရွက်လေးရယ် ကျန်နေသေးတယ်။ စာသင်ခန်းလေးတွေဆီ ပြန်ခဲ့တယ်။

“သားရေ ရော့ ဆရာမထမင်းချိုင့်၊ အကျန်မဟုတ်ဘူးနော်။ ဆရာမသပ်သပ် စားထားတာ အခန်းတွေ”

ကျောင်းသားလေး ခေါင်းခါတယ်။ သူ့ကို ဘာမှပြောခွင့်မပေးဘဲ ပြောလိုက်တယ်။

“သားစားပြီးရင် ဆရာမတို့ ပန်းကန်ဆေးတဲ့နေရာမှာ ဆပ်ပြာနဲ့သေသေချာချာ ဆေးပေးဟုတ်လား။ ထမင်းလုံးတွေ ပွမနေစေနဲ့”

ကျောင်းသားလေးရဲ့ မျက်လုံးလေးတွေ ၀င်းလက်သွားတယ်။ ဟုတ်တယ်လေ။ စားရမှာ ရဲသွားတယ်။ ဆရာမရဲ့ ထမင်းချိုင့်လေး ပြောင်လက်နေအောင် ဆေးပေးမယ်။

ချမ်းသာတာ ဆင်းရဲတာမဟုတ်ပါဘူးကွယ်။ လိုအပ်တဲ့ သူကို ကိုယ့်မှာရှိတာ မျှဝေကူညီလိုက်လို့ ဘာများဖြစ်သွားမှာမို့လို့လဲ။

(၅) မြို့ကလေးရဲ့ ဘုရားပွဲမှာ လူတွေ စည်ကားလှတယ်။ အပျော်အပါး ရှားပါးတဲ့နေရာ ဆိုတော့ ဘုရားပွဲကို မျှော်ကြ။ ဘုရားပွဲမှာ ပျော်ကြတာ မဆန်းလှပါဘူး။ ဒီဘက်ခေတ်ရောက်လာတော့ ဟိုအရင်ခေတ်က တိုးတိတ်တိတ် ဘုံဆိုင်လေးတွေ ပျောက်သွားပြီး တံဆိပ်ကြီးကြီးနဲ့ ဘီယာဆိုင်တွေပေါ်လာတာ အရက်တွေဖောချင်း သောချင်းရလာတာ။

ဘုရားပွဲမှာ စောင်ထုပ်ကို ညာပခုံးမှာထမ်းပြီး လျှောက်လာတဲ့ လူငယ်တစ်ယောက် နဲ့ တခြားလူရွယ်တစ်ယောက် ပခုံးချင်းတိုက် မိတယ်။

“ဟေ့ကောင် လူတစ်ယောက်လုံး မမြင်ဘူးလား”

“မတော်လို့ဖြစ်တာဗျာ။ ဒီမှာစောင်ထုပ်ကြီးနဲ့ မတွေ့ဘူးလား”

“လူကို တမင်ဝင်တိုက်ပြီးတော့မှများ မင်းက”

“ခင်ဗျားကြီး မူးပြီးလာရမ်းမနေနဲ့”

“ရမ်းတော့ ဘာလုပ်ချင်သလဲ။ ကဲကွာ”

ဘုရားပွဲခန်းမျာ အကျည်းတန်တဲ့ မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့တယ်။

အစ်ကိုရေ မတော်လို့ တိုက်မိတာပါ။ စိတ်မရှိပါနဲ့နော်ဆိုတဲ့ လူငယ်ရဲ့စကားအဆုံး အေးပါကွာ ညီလေးရာ။ မင်းက အလေးအပင်ကြီးနဲ့လာတာ။ ငါကရှောင်ရမှာကွ ဆိုတာမျိုးဆိုရန် ဘယ်လောက်လှမလဲဗျာ။ ပြေပြေလည်လည်နဲ့ နားလည်မှုရှိစွာ ပြောဆိုဆက်ဆံကြတော့ ဘာများဖြစ်သွားမှာ မို့လို့လဲ။

(၆) ကမ္ဘာကျော်ကုန်တိုက်ကြီးတစ်ခုရဲ့ ဂေါက်ပစ္စည်း အရောင်းဆိုင်ကြီး တစ်ခုမှာပါ။ တံဆိပ်တစ်မျိုးတည်းကိုပဲ သီးသန့်ရောင်းတာဖြစ်ပြီး ဂေါက်တုတ်တွေကလည်း ဈေးကြီးလှပါတယ်။

“ဘော့စ် နောက်ဆုံးထွက်တဲ့ မော်ဒယ်တွေရောက်နေပြီ။ Limited Edition နော်”

အရောင်းမန်နေဂျာ မိန်းကလေးက လှိုက်လှဲပျူငှာစွာ ခရီးဦးကြိုပြုတယ်။ ၀ယ်နေ့ကျ ဖောက်သည်ပေကိုး။

“ဒီတုတ်က အရှေ့တောင်အာရှမှာ တစ်စုံပဲရှိတာ”

မိန်းကလေးက သိပ်မပြောရသေးဘူး။ ကိုယ့်ဆရာက ၀ယ်ချင်နေပြီ။ သိတာပေါ့ ဆရာတပည့်ပေါင်းခဲ့တာ နှစ်တွေက မနည်းတော့တာ။ သူဌေးကြီး သားသမီးတွေ တစ်ဖက်၊ အခုမြေးတောင်ရနေပြီလေ။

ဒီတစ်ခေါက် ခရီးမထွက်ခင်ရွာမှာ ဧရာဝတီမြစ်ရေတိုးလို့ ကမ်းပါးပြိုပြီး ရွာဦးကျောင်းနဲ့ စာသင်ကျောင်းရေထဲပါသွားတာ သတိရမိတယ်။ အဲဒီအတွက် ဆရာက ငါးသောင်း လှူခဲ့သေးတယ်။

“ဟေ့ကောင် ငါမေးနေတာမကြားဘူးလား။ ဒေါ်လာငါးသောင်းတဲ့ ဘယ်လိုနေလဲ”

“ခင်ဗျားဒေါ်လာငါးသောင်း၊ သိန်းငါး ရာနီးပါး။ အဲဒါဆိုရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအသစ်ပြန်ဆောက်ဖို့ လောက်တယ်ဆရာ။

“ဟာ ဒီကောင် ငါမေးနေတာ ဒီဂေါက်တုတ် ၀ယ်သွားပြီး ရန်ကုန်မှာ ရိုက်ရင် ကွင်းကလူတွေ ဘယ်လိုအထင်ကြီးမလဲ။ ဘာလဲမေးတာ။ တော်တော် နောက်ဆို မင်းကို နိုင်ငံခြား အဖော်မခေါ်တော့ဘူး”

ဆရာသမား မခေါ်တော့လည်း မလိုက်ရရုံပဲပေါ့ဗျာ။ သူ့အိမ်မှာ စတိုခန်းအပြည့် အကောင်းစားဂေါက်တုတ်တွေရှိတာ အသိဆုံး။ အရမ်းချမ်းသာမှန်း လူတွေသိပြီးသား သူတစ်ယောက်အတွက် ဒါတွေဝယ်သုံးပြီး ချမ်းသာကြောင်းပြဖို့ လိုသေးလို့လား။ ကြွားစရာလိုသေးလို့လား။ အဲဒါတွေ မ၀ယ်ဘဲနဲ့ ရွာကဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအတွက် လှူတော့ရော ဘာများဖြစ်သွားမှာမို့လို့လဲ။

(၇) နေထိုင်စားသောက်ဖို့အတွက်
သင့်မှာ အလုံအလောက်ရှိခဲ့ပြီးရင်လည်း
ပိုလျှံတာနည်းနည်းလောက်တော့
ခွဲဝေမျှခြမ်းပေးကမ်းသင့်ပါတယ် တဲ့

၂၀၀၈ ခုနှစ် နာဂစ်အပြီးမှာ ကြားခဲ့ဖူးတဲ့ မျိုးချစ်မြန်မာရဲ့ သီချင်းသံလေးကြား ယောင်မိလာတယ်။ ဘ၀ရာထောင် သုံးမကုန်အောင် စုဆောင်းသိုမှီးထားတော့ရော တကယ်သုံးရမှာမို့လို့လား။ ဒီဘ၀ပါပဲ။ ဒီတစ်ဘ၀ဆိုတာတောင်မှ အခြေအနေပေးပါမှ။ မကျန်းမာလို့ အိပ်ရာထဲ ပက်လက်ဖြစ်နေချိန်မှာ အာရောဂျံကို ၀ယ်လို့မရဘူးလေ။ စက်တွေ ဆေးတွေအကူအညီနဲ့ အသက်ကို ဆွဲဆန့်လို့ ရတယ်ထား လူသိသူသိ၊ လူမသိသူမသိ ခံစားရတဲ့ ဝေဒနာကို ကိုယ်သာအသိဆုံးလေ။

လောဘတွေ အတ္တတွေလျှော့လိုက်လို့ ဘာများဖြစ်သွားမှာမို့လို့လဲကွယ်။