ချစ်ကြစမ်းပါဗျာ . . . .
ချစ်ကြစမ်းပါဗျာ . . . .
ကမ္ဘာမြေပြင်ကြီးရှိ ကမ္ဘာ့လူသားများ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်မျိုးနဲ့ တစ်မျိုး၊ ဆင်းရဲ ချမ်းသာ၊ ပညာရှိ / ပညာမဲ့ … စသည့် အလွှာပေါင်းစုံ လူသားများ ချစ်ခင်စေချင်သည်။ လူသားအချင်းချင်း စာနာစိတ်များ မွေးဖွားစေချင်သည်။ ကြင်နာစိတ်၊ ဖေးမစိတ်တို့ မွေးဖွားစေသည်။ ဒါကြောင့် ကျွန်တော်ရဲ့ အပြင်းပြဆုံးသော ဆန္ဒတစ်ခုဖြစ်ပေသည်။
ထိုကဲ့သို့ တစ်ဦးနဲ့တစ်ဦး ချစ်နိုင်ဖို့ … မိမိကိုယ်ကို ချစ်ကြဖို့၊ တန်ဖိုးထားဖို့၊ လေးစားဖို့က အရေးကြီး ဆုံးဖြစ်သည်။ ကိုယ့်ကိုယ်ကို ချစ်နိုင်မှ အများကိုလည်း ချစ်နိုင်မည်ဖြစ်သည်။ အများကိုချစ်နိုင်မှ တိုင်းပြည် ကိုလည်း ချစ်ရာရောက်မည်။ ဒီကနေ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ လူတွေအတွက် အကျပ်အတည်း ဖြစ်စေတဲ့ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေနဲ့အတူ လေထုညစ် ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေဆီသြဇာခမ်းခြောက်မှု၊ သားငှက်တိရစ္ဆာန်မျိုးစိတ်များ ရှားပါးပျောက်ကွယ် လာမှု၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေနှင့် သဘာဝတရားကို ညှဉ်းပန်းအနိုင်ကျင့်မှုများစတာတွေနဲ့ ပြည့် နှက်လို့ လာနေပါပြီ။
ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် “ကိုယ့်အမှိုက် … ကိုယ်ရှင်း” ဆိုပြီး အသင်းရုံးချုပ် တည်နေရာသည် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်ဖြစ်ပါသည်။ ၄၂ ရပ်ကွက်သည် အပိုင်း (၇) ပိုင်း၊ လမ်းပေါင်း (၅၈) လမ်းရှိပြီး အုပ်ချုပ်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်နေ မိဘပြည်သူ အပေါင်းတို့အား ၆.၅.၂ဝ၁၄ ရက်နေ့တွင် “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုံ” ဖြစ် မြောက်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုအား ပြုလုပ်ခဲ့သလို၊ ၁၅.၆.၂ဝ၁၄ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်ရှိ “ပုဗ္ဗဝိဒေဟဓမ္မာရုံ” တွင် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ ဆရာမ ဂျူး၊ ဆရာ ထင်လင်းဦးတို့ ဟောပြောခဲ့ပြီး ၃.၆.၂ဝ၁၄ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက် (တိုးချဲ့)ရှိ “စိတ္တသုခ အရုဏ် ဆွမ်းလောင်းအသင်း” နေရာ၌လည်း ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် ဆရာ ထင်လင်းဦးတို့မှ ထပ်မံဟော ပြောခဲ့ကြသည်။ ၇.၆.၂ဝ၁၄ ရက်နေ့တွင် အသင်းသား/သူများတို့သည် ၄၂ ရပ်ကွက်အတွင်းရှိ မိဘပြည် သူတို့၏ နေအိမ်များသို့ တစ်အိမ်ဝင် တစ်အိမ်ထွက်၍ လက်ကမ်းစာရွက်များဝေငှပြီး အမှိုက်များ စွန့်ပစ် စနစ်တကျ စွန့်ပစ်ကြဖို့ ပြောကြားခဲ့သည်။
၈.၆.၂ဝ၁၄ (တနင်္ဂနွေနေ့) နံနက် (၇း၃ဝ) နာရီတွင် ၄၂ ရပ် ကွက်၊ တိုးချဲ့အပါအဝင် ဇော်ဂျီလမ်းတစ်လျှောက်မှ စတင်ခဲ့ပြီး ၁၅.၆.၂ဝ၁၄ (တနင်္ဂနွေနေ့) နံနက် (၇း၃ဝ) နာရီတွင် ၄၂ တိုးချဲ့ရပ်ကွက်ရှိ အေးသာယာ (၁) (၂) လမ်းရှိ အမှိုက်များအား ရပ်ကွက်တွင်းရှိ “မာဃ လုလင်” နာရေးကူညီမှုအဖွဲ့၊ ရပ်ကွက်ပြည်သူများ၊ ကလေးငယ်များတို့နှင့်လက်တွဲ၍ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့် အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အသင်းသား/သူများနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရန် စိတ်ပါဝင်စားကြသည့် လူမှုရေးအသင်းအဖွဲ့များပါ လာရောက်ပူးပေါင်း၍ ဝိုင်းဝန်းလုပ် ဆောင်ခဲ့ကြသည်။ အမှိုက်များအား လိုက်လံကောက်ယူ သိမ်းဆည်းကြသည့်အပြင် စည်းကမ်းတကျ အ မှိုက်များ စွန့်ပစ်နိုင်ကြရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သတ်မှတ်ထားသည့် အမှိုက်ပုံးများကို ရပ်ကွက်မှ တာဝန်ရှိသူများနှင့် တိုင်ပင်၍ နေရာတကျ စီစဉ်ချမှတ်ခဲ့သည်။
အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်ခြင်းတို့အား သတ်မှတ်ထားရှိသလို အပါတ်စဉ် အင်္ဂါနေ့၊ ကြာသပတေးနေ့များတွင်လည်း မိမိတို့၏ အမှိုက်ပုံးများထဲမှ စနစ်တကျ စွန့်ပစ်ထားရှိသည့် အမှိုက်များတို့အား သိမ်းဆည်း၍ စွန့်ပစ်ရန်လို အပ်သည့် အမှိုက်များတို့အား သတ်မှတ်နေရာများသို့ စနစ်တကျ စွန့်ပစ်စေခဲ့ပြီး ပြန်လည်၍ အသုံးပြုနိုင် သည့် အမှိုက်များတို့အား စနစ်တကျ ခွဲခြမ်းထုတ်ပိုး၍ မိမိတို့နှင့် ချိတ်ဆက်ထားပြီး လာရောက်သယ်ယူ ကြသူများထံသို့ ပေးအပ်ခဲ့သည်။ ရန်ကုန်မြို့တွင် လုပ်ဆောင်နေကြသလို ကျွန်တော် လူမှုရေးဟောပြော ပွဲ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် မန္တလေးဘက်သို့ ရောက်ရှိနေချိန်တွင်လည်း ဦးပိန်တံတား ပတ်ဝန်းကျင်တစ် လျှောက်နှင့် မန္တလေးတောင်တော်ဝန်းကျင်ရှိ အမှိုက်များကို ကျွန်တော်နှင့် လိုက်ပါလာကြသည့် အသင်း သား/သူများတို့သည် မန္တလေးမှ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ လိုက်လံကောက်ယူ သိမ်းဆည်းခဲ့ကြ သည်။
ထိုသို့ လုပ်ဆောင်ခဲ့ရာတွင် ရပ်ကွက်တွင်းရှိ အချို့သောသူများသည် မိမိတို့အသင်းမှ လာရောက် အမှိုက်ကောက်နေကြချိန်တွင် အိမ်တွင်းအမှောင်တစ်နေရာမှ ပုန်းအောင်း၍ ချောင်းမြောင်းနေခြင်း၊ မဆိုင် သလိုနေကြခြင်း၊ အမှိုက်ကောက်ရမည်ကို ရှက်စိတ်များဖြစ်ပေါ်နေခြင်း၊ ကျွန်တော်တို့နှင့်အတူ လိုက်ပါပြီး အမှိုက်ကောက်ရန် မဝံ့မရဲဖြစ်နေကြသော်လည်း ကလေးငယ်အချို့တို့သည် အင်တိုက်အားတိုက် လုပ်ကိုင် နေကြသလို အချို့ကလေးများသည်လည်း ဆော့ကစားနေကြပြီး မိမိတို့နှင့် မဆိုင်သလို နေထိုင်ကြ သည်ကို တွေ့မြင်ခဲ့ရသည်။
ထိုအခါ မိမိတို့အသင်းသို့ လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက် လေ့လာကြသော ဟောင်ကောင်နိုင်ငံရှိ ကျောင်းသူလေးများ၏ ဆန္ဒအလျောက် လိုက်ပါပြီး ကျွန်တော်တို့ အဖွဲ့နှင့် ပူးပေါင်းကာ ပျော်ရွှင်စွာဖြင့် အမှိုက်များကို လိုက်လံကောက်ယူ လုပ်အားပေးမှုများကိုလည်း ပြု လုပ်ခဲ့သည်။ ထို့ကြောင့် ရှက်စိတ်ဖြစ်နေသောသူများ၊ မဝံ့မရဲဖြစ်သောသူများနှင့် မိမိတို့နှင့် မဆိုင်သလို ဖြစ်နေသူများအပြင် မိမိတို့နှင့် ပူးပေါင်း၍ အမှိုက်ကောက်ရန် ဇဝေဇဝါဖြစ်နေသူများတို့အား အတွင်းရေး မှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ “ကိုရီးယားကား ကြိုက်ကြသလား။” ဟု မေးလိုက်သောအခါ “ဟာ .. ကြိုက်တာပေါ့။” ဟု ပြန်လည်ဖြေဆိုကြသည်။ ဆက်လက်၍ “အေး .. ကိုရီးယားနိုင်ငံလို ကမ္ဘာ ပေါ်မှာ အဆင့်အတန်းမြင့်မားပြီး သန့်ရှင်းသာယာလှပတဲ့ ဟောင်ကောင်နိုင်ငံက မိန်းကလေးတွေက တောင် အမှိုက်လာပြီး ကောက်နေကြပြီ၊ ကလေးတို့ကလည်း ဒီအတိုင်းဘဲ ကြည့်နေတော့မှာလား။” ဟု ပြောကြားလိုက်သောအခါ ထို လူငယ်/ရွယ်များနှင့် ကလေးငယ်များပါ မိမိတို့နှင့် ပူးပေါင်း၍ တတ်ကြွစွာ ကောက်ယူသည်ကို ဝမ်းမြောက်စွာဖြင့် တွေ့ရှိခဲ့ရသည်။
ထို့အပြင် ရပ်ကွက်အတွင်းရှိ လမ်းအချို့ မိသားစု များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) မှလည်း ဆီထမင်း၊ ကောက်ညှင်းပေါင်း၊ သာကူ၊ မုန့်လုံးကြီး၊ ကော်ဖီ စသည့် အာဟာရဒါနအဖြစ် လုပ်အားပေးသူများတို့အား ကျွေးမွေးဒါနပြုခဲ့သည်။ EMERALO LION ကုမ္ပဏီမှလည်း REAKTOR Energy Drink များအား လာရောက်တိုက်ကျွေးပြီး ဝိုင်းဝန်းကူညီ လုပ် အားပေးခဲ့သည်ကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုလိုက်မိသည်။
ထို့အပြင် လမ်းတစ်ခုအတွင်း အမှိုက်များကောက်ယူကြစဉ် နေအိမ်ခြံဝန်းထဲရှိ အမှိုက်များကိုပါ အိမ်ရှင်များနှင့် ပူးပေါင်း၍ ကောက်ယူရာတွင် အိမ်အတွင်းသို့ မထင်မှတ်ဘဲ ကြည့်ရှုမိသောအခါ အိမ်တွင်း ၌ ရှုပ်ပွနေသော အမှိုက်များ၊ စားကြွင်းစားကျန်များကို တွေ့ရှိခဲ့ရ၍ အိမ်ရှိကလေးငယ်များအား “သားတို့ သမီးတို့ ညအိပ်တဲ့အခါ ဒီလိုအမှိုက်တွေ အိမ်ထဲမှာရှိနေရင် ကြွက်တွေလာမှာပေါ့” ဟု ဒု-ဥက္ကဋ္ဌ ဒေါ်သန်း မြင့်အောင်မှ ပြောကြားလိုက်သောအခါ ကလေးငယ်များမှ “ဟုတ်တာပေါ့။ သားတို့ သမီးတို့က ကြွက်တွေ နဲ့အတူ ညအိပ်ရတာ” ဟု ရိုးသားစွာ ပြန်လည်ပြောဆိုကြသည်။ ထိုအခါ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ “နေကြထိုင်ကြ စားကြရင် သားတို့ သမီးတို့ ရောဂါတွေထူပြောလာမယ်။ ကျန်းမာရေးတွေ ထိခိုက်လာ မယ်။ စာသင်လည်းပျက်မယ်။ အခုလို ဆော့ကစားနိုင်တော့မှ မဟုတ်ဘူး။ ဒါကြောင့် အဲဒီအမှိုက်တွေကို ရှင်းပစ်ဖို့လိုတယ်” ဟု ပြောကြားလိုက်သောအခါ ကလေးငယ်များနှင့်အတူ အိမ်ရှင်မိသားစုများကပါ ဝင် ရောက် ရှင်းလင်းမှု ပြုလုပ်နေသည်ကိုလည်း တွေ့မြင်ခဲ့ရပြန်သည်။
သို့ရာတွင် အချို့သော လူကြီးများသည် မှောင်ရိပ်မှ ခိုးကြောင်ခိုးဝှက် ကြည့်ရှုနေခြင်း “ဒီအမှိုက် ကောက်တဲ့ အလုပ်ဟာ ငါတို့နဲ့ မသက်ဆိုင်ဘူး။ ငါတို့အလုပ် မဟုတ်ဘူး” ဟု ဆိုကြသော ယူဆချက်များ ဖြင့် ဖာသိဖာသာ နေထိုင်နေခြင်းမျိုးကိုလည်း တွေ့မြင်နေရဆဲဖြစ်သည်။
“ကလေး ကလေး အထင်မသေးနဲ့။
ကလေးကောင်းမှ လူကြီးကောင်းမှာ။
လူကြီးကောင်းမှ အားလုံးကောင်းမှာ။”
ဟူသော စကားအတိုင်း ကလေးငယ်များ၏ အတွင်းသန္ဓေတည် ကောင်းမွန်စေရန်အတွက် လူကြီး များတို့မှ စံပြအဖြစ် ရှေ့ဆောင်ပြောဆို လုပ်ဆောင်မှုများကို ပြုလုပ်ကြရန် အရေးကြီးလှပေသည်။ မိမိတို့ ရပ်ရွာ၊ ရပ်ကွက်၊ မြို့နယ်များသို့ စေတနာဖြင့် လာရောက်သစ်ပင်စိုက်ခြင်း၊ အမှိုက်ကောက်ခြင်း၊ ခြင်ဆေး ဖျန်းပေးခြင်းတို့ကို ပြုလုပ်ပေးနေသော ဗြဟ္မစိုရ်တရားလက်ကိုင်ထားသည့် ပရဟိတသမားများ၊ ပရဟိတ အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပေးရန်အတွက်လည်း အရေးကြီးလှသည်။ အများအကျိုး အတွက် ပူးပေါင်းလုပ်ဆောင်ပေးခြင်းသည် မင်္ဂလာတစ်ပါးပင် ဖြစ်ပေတော့သည်။
ထို့ကြောင့် မိမိကိုယ်ကို ချစ်ဖို့လိုသည်။ ကိုယ့်ကိုယ်ကိုချစ်မှ မိသားစုကိုချစ်မည်။ မိသားစုကိုချစ်မှ ရပ်ကွက်ကိုချစ်မည်။ ရပ်ကွက်ကို ချစ်မှ မြို့နယ်ကိုချစ်မည်။ မြို့နယ်ကိုချစ်မှ နိုင်ငံကိုချစ်မည်။ နိုင်ငံကိုချစ်မှ ကမ္ဘာအလယ် ဝင့်ကြွားနိုင်တော့ မည်ဖြစ်တော့သည်။ “ချစ်သည်” ဟုဆိုရာ၌ လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာ၊ လူ့သီလတို့အား စောင့်ထိန်း လိုက်နာကျင့်သုံးရန် ဖြစ်တော့သည်။ ထို့ကြောင့် “ကိုယ့်ကိုယ်ကို ချစ်ကြစမ်းပါဗျာ” ဟု ကျွန်တော် လှုံ့ဆော် တိုက်တွန်း ရေးသားလိုက်ရပါတော့သည်။
ေေေေေေေ ကျော်သူ