ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အိမ်ရယ်လို့ အမည်သာရှိတဲ့ ဆင်းရဲတဲ့ မြန်မာပြည်သူတွေရဲ့ နေထိုင်နေရတဲ့ဘဝတွေပါ။


လူသားချင်းစာနာထောက်ထားခြင်း

သို့

သူငယ်ချင်းတို့ရေ

တို့တတွေကတော့ မိုးလုံ လေလုံ အဆောက်အအုံထဲမှာ နေထိုင်စားသောက်လျက်၊ ပညာသင်ကြားလျက်၊ အိပ်မောကြလျက်၊ ရုပ်မြင်သံကြား ကြည့်လျက်၊……………….

သို့ပေမယ့် ဒလမြို့နယ်အတွင်း တချို့နေရာ တချို့လူတွေအတွက် မိုးရွာရင် အစို နေပူရင်အခြောက် ဆိုသလို မိုးမလုံ လေမလုံ အမိုးအကာမရှိတဲ့ နေရာမှာ နေထိုင် စားသောက်လို့ အသက်ရှင်သန်ဖို့အရေး ကြိုးစားရုန်းကန်နေရဆဲပါ ပညာမသင်နိုင်လို့ စာမတက်…စာမဖတ်နိုင်တော့ ဗဟုသုတနည်း…ဗဟုသုတနည်းတော့ ……ဆင်ခြင်ဥာဏ်မွဲ……….၀င်ငွေနည်း………...ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု……………..ကလေးတွေကများ….…………….ဒီလိုနဲ့ဘဲ ဆင်းရဲသံသရာထဲ ၀ဲနေကြရပါတော့တယ်…….ဒါကြောင့် ကျွန်တော်တို့ တက်စွမ်းသ၍ ကူညီဖေးမလို့ လူမပီသတဲ့ သူတို့ရဲ့ လူ့ဘ၀တွေကို လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် မြှင့်တင်ပေးကြပါစို့လားဗျာ…………….

လိုအပ်ချက်များ

၁။ပညာသင်စရိတ် ထောက်ပံ့ပေးခြင်း

၂။လူနေအိမ်များ ဆောက်လုပ်ပေးခြင်း

၃။အသက်မွေးဝမ်းကြောင်း ပညာများ သင်ကြားပေးခြင်း…စသည်တို့ လိုအပ်လျက်ရှိပါတယ်…

လေးစားစွာဖြင့်
ခင်ဇော်ဝင်း
လူသားအကျိုးပြု လူမှုရေးလုပ်ငန်းအဖွဲ့
ဆက်သွယ်လှုဒါန်းလိုပါက

ဖုန်း - ၂၆၉၅၅၆ (ရုံး)
အီးမေးလ် - khinzawww@gmail.com


ကစားပွဲ အသစ်ဖန်တီးကျဖို့

ကစားပွဲ အသစ်ဖန်တီးကျဖို့(အောင်ဒင်)
ပေးပို့လာသူ ကိုစိုင်းအားကျေးဇူးတင်ပါသည်။

နေပြည်တော်တွင် ကြွက်များ ထောင်နှင့်ချီ ရွှေ့ပြောင်း...

နေပြည်တော် - ရန်ကုန် လမ်းမသစ် ကြီးပေါ်တွင် နေပြည်တော် ဘက်မှ အုပ်စုလိုက် ရွှေ့ပြောင်း နေကြသည့် ထောင်နှင့်ချီသော ကြွက်အုပ်များကို ယခု ရက်အတွင်း တွေ့ရကြောင်း ခရီးသွားများက ပြောသည်။

နေပြည်တော်-ရန်ကုန် လမ်းမပေါ်တွင် ကားကြိတ်မိထားသော ကြွက်များ (ဓာတ်ပုံ - blog.nyilynnseck.com)

မိုင်တိုင် ၄၇ တလျှောက်တွင် ဧရာမ ကြွက်အုပ်ကြီး ရွှေ့လျား နေသည်ကို တွေ့ရကြောင်း၊ ကားများက နင်းကြိတ်မိ သဖြင့် အမြားအပြား သေနေကြသည် များလည်း ရှိကြောင်း ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်မှ ရန်ကုန်သို့ ပြန်လာသည့် ခရီး သည်တဦးက ပြောသည်။

တခြားသော ခရီးသွား တဦးကလည်း သူတွေ့ရှိ ချိန်တွင် မိုင်တိုင် ၄၅ ဘက်သို့ ရောက်ရှိနေပြီး ပဲခူးဘက်သို့ ဦးတည် နေကြောင်း ပြောဆိုသည်။

“ကားတွေဆိုတာ ရပ်တောင် မရပ်ရဲကြဘူး။ ကြွက်တွေ ကလည်း လားမီးတွေထိုး၊ ကားတွေ တရကြမ်း ဖြတ်နေတာတောင် မကြောက်ကြဘူး။ ကားတက်ကြိတ်လို့ တဗျိဗျိ မြည်နေသံတွေက ကြောက်ဖို့တောင် ကောင်းတယ်။ လမ်းတွေဆိုတာ ကြွက် သွေးတွေနဲ့ ရဲရဲတောက်လို့။ ကြွက်သေ တွေကို ကြွက်ရှင် တွေက စားသောက်နေ လိုက်ကြတာ မြင်မကောင်းဘူး” ဟု ဇွန်လ ၂၈ ရက်နေ့ညက ကိုယ်တွေ့ကြုံခဲ့သည့် ဘလော့ဂါ ညီလင်းဆက်ကလည်း သူ၏ ဘလော့ဂ် (http://blog.nyilynnseck.com/2010/06/blog-post.html) တွင် ရေးသားထားသည်။

လမ်းမပေါ်တွင် သေနေသော ကြွက်တကောင် (ဓာတ်ပုံ - blog.nyilynnseck.com)

ထိုသို့ ကြွက်များ ပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုမှုများလည်း ပေါ်ထွက်နေသည်။ တချို့က ငလျင်ကဲ့သို့သော သဘာဝဘေးဒဏ်၏ ရှေ့ပြေးနိမိတ်ဟု ယူဆလျက်ရှိကြောင်း၊ တချို့ကမူ ကြွက်နှင့် ပတ်သက်ပြီး ဖြစ်ပေါ်တတ်သည့် ပလိပ် ရောဂါ ကဲ့သို့သော ရောဂါမျိုး ဖြစ်ပွားမည်ကို ထိတ်လန့်လျက်ရှိကြောင်း သိရသည်။ တချို့က ပဲခူရိုးမတွင် ဝါးများပွင့်ခြင်း ကြောင့် ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံတွင်၂၀၀၈ ခုနှစ် စီချွမ် ငလျင် မတိုင်ခင်ကလည်းကောင်း၊ ယခုနှစ် မေလကုန်ပိုင်းကလည်း ဂရိတွင်လည်းကောင်း ထောင်ပေါင်းများစွာသော ဖားများ လမ်းပေါ်ထွက်လာပြီး အစုလိုက် အပြုံလိုက် ပြောင်းရွှေ့မှု ဖြစ်ပေါ်ဖူးသည်။


ရင်းမြစ်.. http://www.irrawaddy.org/bur/index.php/news/1-news/3492-2010-06-29-06-02-59

ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ...

Peace Walk for Burma in Berlin 2010 from MettaTV on Vimeo.

အရှင်သောပါကနှင့် ညီငယ် အလင်းဆက်အား ကျေးဇူးတင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ နှင့် ပညာရေး အမြင်

ညာဆိုသည်မှာ စာအုပ်စာတန်းဘတ်၍ စာသိမှုကို ပညာဟု မဆိုပေ၊ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်၊ ကမ္ဘာရှိ စာအုပ်အားလုံး ပင်လျှင် ပညာ အားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး ၌ ကျွနုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲ ရောက်သည်အထိ ပညာ သင်သားများ ဖြစ်နေ ကြစေသည်။

ပညာ သင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ၊ ပညာတတ်သူသည် လောကရှိအရာရာကို အခွင့် အလမ်းလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို၎င်း မိမိဥာဏ် အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓါတ် တို့ကို၎င်း (Emotion of the Education) ပြုပြင် ပြုစု စီမံ ထားခဲ့သူသာလျှင် ဖြစ်သည်။

ပညာသည် စာအုပ်များထဲတွင်သာ ရှိသည်မဟုတ် စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ဥာဏ်ကိုသာ ပြုပြင် တိုးချဲ့ရုံသာမဟုတ် လူ၏ စိတ်နေ စိတ်ထား အယူ အဆများ ကိုလည်း တိုးတက်စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို နူးညွတ် စေရမည်။

ရာဇဝင်သိရုံသာ မဟုတ် ရာဇဝင်ကို ဖန်တီး နိုင်စေရမည်။ လောကဓါတ် ပညာကို သိရုံသာ မဟုတ်၊ လောကဓါတ် ပညာကို တိုးချဲ့နိုင်စေရမည်။ ပဋ္ဌမ ပညာကို သိရုံမျှသာ မဟုတ်၊ မြေသစ် ရေသစ် တော တောင် တို့ကို ရှာဖွေ စုံစမ်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ် အကျဉ်းမျှပင်တည်း။

ပညာသည် ကာလ ဒေသ ပရောဂ နှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည့် ပညာတွင် သညာ လည်း ပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်၊ ဥာဏ်ချည်းသာ တိုးတက်၍ သညာ မရှိပါမူလည်း ဤမျှ ပိုမို ဆန်းကြယ် အပြောကျယ် လှသော ခေတ်သစ် အကြောင်းကို နားမလည်နိုင်ပေ၊ လောကဓါတ် ပညာကို မတတ် မသိဘဲ လောကဓါတ် ပညာဥာဏ် ကိုသာရလျှင် လောကဓါတ် ပညာ၏ တန်ဘိုးကို ဒင်ပြည့် မသုံးနိုင်ပေ။

တိုင်ပြည် အခြေအနေ ပြဿနာ၊ ခေတ်၏ အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည် ထောင်ခြင်း ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။

လူတယောက်၏ သက်တမ်းတွင် အစ ပဋ္ဌမက သိမြင်လာသော စိတ်နေ စိတ်ထား ဝါဒ တို့သည် အမှန်ချည်း မဟုတ် ပြုပြင် ပြောင်းလဲ ရမည်သာတည်း။

လူတဦး၏ တဘဝတွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖေါက်လွဲ ဖေါက်ပြန် ဖြစ်ခြင်း ပေတည်း။ ဝါဒ ပြောင်းလဲ မှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်း မဟုတ်ပေ။ တနည်း တိုးတက်ခြင်း ပေတည်း။

သမာဓိဆိုသည်မှာ လောက၏ အကောင်း အဆိုး အကျိုးအဖြစ် သနစ်စုံကို ပိုင်းခြား ထင်ထင် သိမြင်၍ ဆင်းရဲလည်း ဝမ်းမနည်း ချမ်းသာလည်း ဝမ်းမသာ ပကတိ စိတ်ထား ဥာဏ် အမြင်အရ လူချီးမွမ်း လူကဲ့ရဲ့မှု ဘေးဒုက္ခ အန္တရာယ်ကို မထိတ် မလန့် တသမတ်တည်း တည်ညိမ်စွာ ရှိခြင်းကို ဆိုလေသည်။

လှေနံဓါးထစ်ဆိုသော အလုပ်။ အပြော၊ အတွေးတို့မှာ ပညာ၏အဓိပ္ပါယ် ဆန့်ကျင်ဘက်ပေတည်း။

ဗိုလ်ချုပ်အောင်ဆန်း လူငယ်ကျောင်းသားဘဝက ကိုယ်တိုင်ရေးခဲ့သော အလွန်လေးနက်သော လောကအမြင်။ ပညာရေး အမြင် တစိတ်တဒေသ ဖြစ်သည်။

စုဆောင်းသူ ဘလော့ခ်ဂါ အလင်းဆက်

၂၈. ဇွန်လ. ၂၀၁၀

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစားကြည်ညိုသော အားဖြင့်ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။။


၂၆.၆.၂၀၁၀ နေ့တွင် ဆင်ဖြူတော်တစ်စီး ဖမ်းဆီး ရရှိခြင်း (ရုပ်သံ)

ရင်းမြစ် (ရုပ်သံ)http://www.htwd.info/2009/12/founding-white-elephant.html
ဆင်ဆိုတာ ဖြူဖြူ မဲမဲ တိရိစ္ဆာန်ဟာ တိရိစ္ဆာန်ပါပဲ။ လူထက် တိရိစ္ဆာန်ဟာ မြင့်မြတ်စရာ အကြောင်းမရှိဘူးလို့ ကွယ်လွန်သူ သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်းက ပြောခဲ့ဘူးပါတယ်။ ကျွန်တော်တော့ ဆရာကြီးရဲ့ အဆိုကို အပြည့်အဝ ထောက်ခံပါတယ်။ ဗုဒ္ဓဘုရားရှင်က (၃၁)ဘုံမှာ လူဘုံက အမြတ်ဆုံးလို့ ဆိုပါတယ်။ လောကမှာ လူသာအမြတ်ဆုံးပါ။ တိရိစ္ဆာန်ဘုံဆိုတာ အပယ်လေးဘုံမှာပါတဲ့ ဘုံတစ်ဘုံပါ... အကုသိုလ်ကံကြောင့် တိရိစ္ဆာန်ဘုံမှာ လာဖြစ်ရတာပါ။ ဒီတော့လူထက် ပိုပြီးမြင့်မြတ်နိုင်မလား စဉ်းစားကြည့်ကြပါ။ တိရိစ္ဆာန်ထက်နိမ့်ကျတယ့် ပြိတ္တာဘုံသားတွေ.. ငရဲဘုံသားတွေက အရိုအသေပေး နေရင်တော့ မပြောတတ်ဘူး။

ဒီဆင်လည်း ကံဆိုးစွာ အဖြူရောင် (ဖြူတယ်လို့ ဆိုတာပါပဲ) ဖြစ်ရတဲ့ အတွက် တိရိစ္ဆာန်ဘဝမှာတောင် လွတ်လွတ်လပ်လပ် မနေနိုင် မပျော်ပါးနိုင်ပဲ... အသက်(၃၈)နှစ်မှ အဖမ်းခံရတော့တယ် (ဖြူတဲ့အမှုကြောင့်)။ . အဖမ်းအဆီးများတဲ့ နိုင်ငံမှာ တိရိစ္ဆာန် လာဖြစ်ရတာလေ။ ဒီဆင်ဖြူတော်ကြောင့် မီးတွေလာ၊ ရေတွေရ၊ လမ်းတွေကောင်း ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ... ဒါမှမဟုတ်လို့ကတော့ အရင်ဗိုလ်ချုပ်ခင်ညွန့်လက်ထက်မှာ ဆင်ဖြူတွေရောက်လာပြီး မကြာခင်မှာပဲ ဆင်ဖြူတော် တန်ခိုးနဲ့ ဗိုလ်ချုပ်ခင်ညွန့်လည်း ဆံပင်တွေဖြူပြီး ဆင်ဖြူတွေဖမ်းထားတဲ့ အတွက် တူသောအကျိုးပေး ခံခဲ့ရတာပါပဲ။ အခုဒီဆင်ဖြူထပ်ပြီး ဖမ်းတယ်ဆိုတော့ .. ဒီတစ်ခါ ဘယ်သူ့ အလှည့်လည်းဆိုတာ... စောင့်ကြည့်ရဦးမှာ ဖြစ်ပါကြောင်း.......

ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ဆင်ဖြူတော်တွေ အကြောင်း ပြန်ဖတ်ချင်ရင်....(နှိပ်ပါ)

ယိုးဒယားနိုင်ငံမှ ဆင်ဖြူတော်..
ဆင်ဖြူတော်၏ ကြန်အင်လက္ခဏာ

1. မျက်လုံးသည် ပုလဲရောင် ရှိရမည်။
2. ခွာသည် အဖြူရောင် ရှိရမည်။
3. ဆင်၏ကျောကုန်းသည် ငှက်ပျောကုန်း သဏ္ဍာန် ရှိရမည်။
4. အမွေးရောင်သည် ကျွဲဖြူလို ရှိရမည်။
5. အစွယ် စုံရှိရမည်။
6. အမြီးသည် တံခါးလက်ဝါးပုံစံဖြစ်ရမည်။
7. နားရွက်သည် သာမန် ဆင်တွေထက် ကြီးရမည်။
8. သာမန်ဆင်များနှင့် မတူဘဲ က္ကုနြေ္ဒသိက္ခာရှိပြီး တည်ငြိမ်နေရမည်။
ဆင်ဖြူ (၁၂)မျိုး

* ၁။ “ရတနာဆင်၊ ဒွါရတင်ကား ငွေစဉ်ဦးကင်း၊ ဖြူဝင်းသည်မှာ ရတနာသရဘူ”

ရတနာမျိုးထဲမှာပါသော ဆင်(၁၂)မျိုးရှိတဲ့အနက်က ငွေရောင်၊ ငွေသွေးကဲ့သို့၊ ဦးကင်းများ ဖြူနေလို့ရှိရင် တစ်ကိုယ်လုံးဖြူတာမဟုတ်ဘူးနော်။ ဦးကင်းမှာဖြူတာ။ အဲဒါကို “ရတနာသရဘူ” လို့ခေါ်ပါတယ်။ ရတနာသရဘူ၊ ဖူနေရာမှာ *(ဘ)နဲ့ရေးတယ်။ ရှေးက ရတနာသရဘူ။ ဒါက ပထမဆင်ဖြူ။

* ၂။ “ဖြူသည် မင်းနေ၊ မှတ်တွေသင်္ညာ၊ ရတနာပလ္လင်”

မင်းနေ (သို့) မင်းထိုင်၊ အဲဒီနေရာ၊ ရှင်ဘုရင်နေတဲ့နေရာ၊ ရှင်ဘုရင်ထိုင်တဲ့နေရာ။ အဲဒီနေရာမှာ ဖြူလာခဲ့လို့ရှိရင် အဲဒီဆင်ကို “ရတနာပလ္လင်” လို့ ခေါ်ပါတယ်။

* ၃။ “ကခွင်ဖွေးစွာ ရတနာကတင်”

ဆင် “ကတင်” ရမယ့်နေရာမှာ ဖြူဖွေးလာလို့ရှိရင် “ရတနာ ကတင်”လို့ခေါ်ပါတယ်။

* ၄။ “ကိုယ်ပြင်ဝဲယာ ဖြူဖွေးစွာလျှင် ရတနာကကျည်း”

ကိုယ်ရဲ့အပြင် လက်ဝဲ၊ လက်ယာ ဖြူလာလို့ရှိရင် “ရတနာကကျည်း” ဆင်ဖြူပါ။

* ၅။ “ကိုယ်မှီး၊ ကပြီး၊ လှည်းဘီး၊ ခန့်မျှ နံ၏ပြင်ပ၊ ပါဒလေးဘက်၊ ဖြူချက်သန့်စွာ၊ ရတနာထောက်ရှည်”

ဒါက တစ်ကိုယ်လုံး မဲနေစေကာမူ လှည်းဘီးခန့်မျှလောက် နံ၏အပြင်ပ၌၊ ပြီးတော့ ခြေထောက်လေးချောင်း ဖြူနေလို့ရှိရင် “ရတနာထောက်ရှည်” လို့ ခေါ်ရမယ်။

* ၆။ “ဖြူသည်ကုန်းမှာ ရတနာပြဿဒ်”

ကျောတည့်တည့်အလည်ခေါင်ကုန်း အဲဒီကဖြူလာလို့ရှိရင် “ရတနာပြဿဒ်” လို့ခေါ်ပါတယ်။

* ၇။ “ဖြူဆွတ်ပေါက်လျှံ၊ မြီးဆံ၊ သရက်စေ့၊ ငွေ့အတိမှာ၊ ရတနာပိန်း”

သရက်စေ့ဆိုတာက ဆင်အမြီး၊ အရင်းကစပြီးတော့ နွားမြီး၊ ကျွဲမြီးများလိုပေါ့ဗျာ၊ နွားမြီး၊ ကျွဲမြီးနဲ့ ခြားနားသွားတာက အဖျားကျတော့ သရက်စေ့ပုံသဏ္ဍာန်ရှိပြီး ပိုပြီးတော့ ကြီးသွားသေးတယ်။ အဲဒါကို သရက်စေ့လို့ခေါ်တယ်။ အဲဒီ သရက်စေ့ပေါ်ကမှ တစ်ခါ ဖွာပြီးတော့ အမြီးဆံအမြီးမျှင်ပေါက်တာ။ အဲဒီအမြီးမျှင်နှင့်တကွ သရက်စေ့ဖြူလို့ရှိရင် “ရတနာပိန်းဆင်” လို့ ခေါ်ပါတယ်။

* ၈။ “ခေါ်ထိမ်းမှတ်ရိုး မေးဆုံးဖြူစွာ ရတနာမုံ”

ဆင်မေးစေ့မှာ ဖြူသောအမွေးတွေ ပေါက်ပြီးတော့ မေးဖြူလာလို့ရှိရင်၊ အမွေးဖြူ အသားဖြူလာလို့ရှိရင် “ရတနာမုံ” လို့ခေါ်ပါတယ်။

* ၉။ “နှာယုံ၊ နှာဖျား၊ ဆူထွားလှစွာ၊ ရတနာဆုပ်”

ရတနာဆုပ်ဆိုတာ (ဆ) တစ်ချောင်းငင် ပသတ်နဲ့ရေးတယ်။ နှာယုံ၊ နှာဖျား ဆိုတာက နှာအရင်းကနေ အဖျားထိအောင်ပေါ့။ အဲဒီအမွေးရော ဖြူသောသဘောရှိလို့ရှိရင် အဲဒီဆင်မျိုးကို “ရတနာဆုပ်”ဆင်ဖြူတော်လို့ ခေါ်ပါတယ်။

* ၁၀။ “သစ်ချုပ် ဟိုး ဟိုး ၀မ်းရိုးအတွင်း၊ လမင်းရောင်ဝါ ရတနာကြံဆင်”

အဲဒါ ၀မ်းဗိုက်ဖြူတယ်ဆိုပါတော့ဗျာ။ ၀မ်းဗိုက်ဖြူတဲ့ဆင်ကို “ရတနာကြံဆင်” လို့ ခေါ်ပါတယ်။

* ၁၁။ “နှုံးတွင်းပါးစပ် နားနချပ်တွင်၊ ဖြူသန့်လှစွာ ငွေပမာကို ရတနာယပ်”

နားရွက်နှစ်ဘက်ဖြူလို့ရှိရင် “ရတနာယပ်” လို့ခေါ်ပါတယ်။ နာရွက်တင်ဖြူနေတယ်။

* ၁၂။ “စေ့စပ်သေချာ (၁၁)ဖြာတည်း များစွာဤတွင် စုံလင်သည်မှာ ရတနာကြန်စုံ”

ပြောခဲ့တဲ့အစိတ်အပိုင်းတွေ အကုန်ဖြူလာလို့ရှိရင် အဲဒါကို “ရတနာကြန်စုံ” လို့ခေါ်ပါတယ်။

“ဆင်အပုံတို့၊ ၀န်းရုံရံခ
ရှိဦးသသို ဂဇဖုန်းစည်၊
မျိုးဇာနည်တည့် ပြည့်သာဂရ
မတ္တတည်းဟူ သိကြောင်းကိုလော့
ဆင်ဖြူ ခေါ်သင့် ခေါ်စဉ်တည်း။”
http://wikimyanmar.co.cc/wiki/index.php?title=%E1%80%86%E1%80%84%E1%80%B9%E1%80%BB%E1%80%96%E1%80%B4%E1%80%B1%E1%80%90%E1%80%AC%E1%80%B9

မတရားအကျဉ်းချခံထားနေရတဲ့ ဘလော့ဂါ နေဘုန်းလတ်ရဲ့  ယနေ့  ကျရောက်သော မွေးနေ့ အမှတ်တရ။

၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ( ၂၉) ရက်နေ့ မှာ နအဖအာဏာရူးတွေရဲ့  မတရားအကျဉ်းချခံထားနေရတဲ့ နေဘုန်းလတ်ရဲ့ ယနေ့ ကျရောက်သော မွေးနေ့ မှတ်တရအနေနဲ့  နေဘုန်းလတ် ရေးသားခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ပြန်လည်တင်ပြရင်း ဘလော့ဂါ နေဘုန်းလတ်တစ်ယောက် လွတ်လပ်သော ဘ၀များပိုင်ဆိုင်ပြီး လွတ်လပ်သော ရေးသားမှုများနဲ့မွေးနေ့ဆက်တိုင်း လွတ်လပ်ပျော်ရွှင်ပါစေလို့ ဆုတောင်းအပ်ပါတယ်ဗျာ။
ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ (ရေးသားသူ - နေဘုန်းလတ်)။

ဆရာက ကျောင်းသားတစ်ယောက်ကို သူ့ရဲ့စားပွဲရှေ့မှာထိုင်ခိုင်းပြီး ငါ့ကို 'က' တစ်လုံးရေးပြလို့ ပြောပါတယ်။ ကျောင်းသားကလည်း သူ့ရှေ့ကစာရွက်အလွတ်ထဲမှာ 'က' အကြီးအကြီးတစ်လုံးရေးပြီး ဆရာ့ရှေ့ကို ထိုးပေးလိုက် ပါတယ်။ ဆရာက သူ့အဖြေကို လက်မခံပါဘူး။ ဆရာ့ဘက်က ကြည့်တော့ သူ့ရဲ့အဖြေက 'ယ' ဖြစ်နေတာကိုး။
နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ယူပါတယ်။ ခုနကအတိုင်းပဲ 'က' ရေးခိုင်းပါတယ်။ ကျောင်းသား ကလည်း စာရွက်ပေါ်မှာ 'က' လို့ရေးပြီး စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်။ ဆရာက သူ့အဖြေကို သဘောကျ လက်ခံပါတယ်။

ဒီအဖြစ်အပျက်လေးမှာ ကျွန်တော်တို့ ဘာကို သွားတွေ့ရသလဲဆိုရင် ကိစ္စရပ်တိုင်းမှာ Angle of Vision လို့ခေါ် တဲ့ ရှု့ထောင့်အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ။ ဒီအဖြစ်အပျက်လေးမှာဆိုရင် ကျောင်းသားနှစ်ယောက်လုံးက မှန် နေတာပါပဲ။ ဒါပေမယ့် ဆရာက ပထမကျောင်းသားရဲ့ အဖြေကို ဘာကြောင့်လက်မခံရတာလဲ။ တစ်ခုတည်း ကွာ သွားတာပါ။ ပထမကျောင်းသားက သူ့ဘက်ကအမြင်အတိုင်း ဆရာ့ကိုသွားပြတာကိုး။ ဒုတိယကျောင်းသားက တော့ ဆရာ့ရဲ့ရှုထောင့်ကနေ အမှန်မြင်နိုင်အောင် စာရွက်ကို လှည့်ပြလိုက်တာကိုး။ ဒီနေရာမှာ သတိထားရမှာ တစ်ခုက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်ကို 'က' မြင်ရအောင် သူက 'ယ' လို့အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး။ သူလဲအမှန်ပဲရေးလိုက်ပြီး ဆရာ့ဘက်ကလည်း အမှန်ပဲ မြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေ မယ့် အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ။

အဲဒီကျောင်းသားလေးကိုနမူနာယူပြီး -

ကျွန်တော်တို့လည်း အချို့သောကိစ္စရပ်တွေမှာ သူ့ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလဲလို့ စဉ်းစား တွေးခေါ် ချင့်ချိန်ပြီး သူ့ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊ ဆွေးနွေးပြဖို့လိုပါလိမ့်မယ်။ အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကို သူနားလည် လက်ခံလာနိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ ကိုယ်မှန်တယ်ဆိုတာကို ကိုယ့်ဘက်က အမြင်တစ်ခုထဲနဲ့ ကြည့်ပြီး ဇွတ်အတင်း ငြင်းခုံနေမယ်ဆိုရင်တော့ လိုလားအပ်တဲ့ အခြေအနေတစ်ခုကို ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး။

ဘလောဂ်ဂါ ကိုနေဘုန်းလတ်ရဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။

နေဘုန်းလတ်အတွက် မှတ်တမ်းတင်ထားတဲ့ အင်တာနက်စာမျက်နှာလေးဖြစ်တဲ့ http://freenpl.blogspot.com/ ကိုလည်း သွားရောက်ဖတ်ရှူကြပါလို့  လမ်းညွှန်အပ်ပါတယ်။

ဘလော့ဂါ နေဘုန်းလတ်တစ်ယောက် လွတ်လပ်သော ဘ၀များပိုင်ဆိုင်ပြီး လွတ်လပ်သော ရေးသားမှုများနဲ့ မွေးနေ့ ဆက်တိုင်း လွတ်လပ်ပျော်ရွှင်ပါစေလို့  ဆုတောင်းအပ်ပါတယ်ဗျာ။
(နစ်နေမန်း)။

ဘလော့ဂါ ကိုနေဘုန်းလတ် မွေးနေ့အားဂုဏ်ပြုပြီး ပြန်လည် မျှဝေပေးပို့ ပေးတဲ့ ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများ.....

သမိုင်းမော်ကွန်းဝင် သစ်ပင်ကြီးများ

ယနေ့ ၂၈.၆.၂၀၁၀ (တနင်္လာ)နေ့တွင် MONSOON Nursery & landscape Group မှ အုပ်ချုပ်သူ ဦးကြည်စိုးနှင့် ပန်းဥယျာဉ် ဒီဇိုင်းအင်ဂျင်နီရာ ဦးသိမ်းဦး တို့မှ နာရေးကူညီမှုအသင်း (ရန်ကုန်) မြောက်ဒဂုံမြို့နယ် ရုံးချုပ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း အဆောက်အဦးရှေ့ မြေကွက်လပ်တွင် မြက်ခင်းနှင့် အလှပင်များကို လာရောက် ကုသိုလ်ဖြစ် လှူဒါန်းစိုက်ပျိုး ပေးခဲ့ပါသည်။

ကုသိုလ်ဖြစ် လာရောက်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက် ငွေလှူဒါန်းကြသော အလှူရှင်များ၊ အခမဲ့ ဆေးဝါး လာရောက်ကုသကြသော လူနာများ၊ နာရေးကိစ္စလာရောက် အကူအညီတောင်းခံကြသော (၇)ရက် သားသမီးအပေါင်းအား နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ခြံဝင်းထဲသို့ ၀င်ရောက်လာသည်နှင့် စိတ်ကြည်နူး ရွှင်လန်း ငြိမ်းချမ်း သွားစေလိုသော ဆန္ဒနှင့် မိမိတို့တွင် တွယ်ငြိလာသော အပူများ၊ သောကများ လျော့ပါး ကင်းဝေး သွားစေရန် ရည်ရွယ်ပါသည်။

ဆက်လက်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) ဈာပန ရုံးခန်း အဆောက်အဦး တည်ဆောက်မည့် မြေကွက်လပ် အလွတ်များတွင်လည်း မြန်မာနိုင်ငံရှိ အထင်ကရ ပုဂ္ဂိုလ်ကျော်များ၏ အမည်နာမများနှင့် ကိုက်ညီမည့် သမိုင်း မော်ကွန်းဝင် အထိမ်းအမှတ် အရိပ်ရသစ်ပင်ကြီးများကိုလည်း စိုက်ပျိုးသွားမည်ဟု ဥက္ကဌ ဦးကျော်သူမှ MONSOON Nursery & landscape Group အုပ်ချုပ်သူ ဦးကြည်စိုး၊ ပန်းဥယျာဉ် ဒီဇိုင်းအင်ဂျင်နီရာ ဦးသိမ်းဦးတို့နှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။

ထိုကြောင့် အနာဂတ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ကြွရောက်လာကြမည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ လူနာများ၊ နာရေးရှင်များ၊ မျိုးဆက်သစ် ကလေးငယ်များနှင့် လေ့လာသူ အပေါင်းတို့အတွက် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သည် အေးချမ်း သာယာ စိုပြေသည့် ငြိမ်းချမ်းသော ကမ္ဘာသစ်ကလေးတစ်ခု ဖြစ်ပေတော့မည်။

မြန်မာပြည်မှာ လူဖြစ်ရမှာကြောက်တဲ့ ရင်သွေးငယ်များ

လူ့ဘ၀ရဲ့ ၀ဋ်ဒုက္ခများကို ကြောက်ရွံ့၍၄င်း၊ ၀ဋ်ကြွေးကံကြမ္မာ ပါလာ၍၄င်း၊ မိခင်၏ ၀မ်းတွင်းမှ လူ့လောကဆီသို့ ရောက်ရှိမလာမီ ဘ၀ပြောင်းသွားရှာသော ဘေဘီ မကြည်ကြည်စန်း (ကျား / ကိုယ်ဝန်ဆောင် ၆ လ) အရွယ်နှင့် ဘေဘီ မအိအိအောင် (ကျား / ကိုယ်ဝန်ဆောင် ၄ လ) အရွယ်ရှိ ရင်သွေးငယ် (၂) ဦး၏ ရုပ်အလောင်းများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ Baby Only ဟု ခေါ်ဆိုသော ကလေးနိဗ္ဗာန်ယာဉ်ဖြင့် ဂန္ဓီဆေးရုံမှ ယနေ့ ၂၈.၆.၂၀၁၀ (တနင်္လာ) နေ့တွင် အသင်းလုပ်အားပေးများနှင့် ရေဝေးသုဿန်သို့ ပို့ဆောင် မီးသင်္ဂြိုလ်ပေးခဲ့ပါသည်။

ဘေဘီ မကြည်ကြည်စန်း (ဒလမြို့နယ်) နှင့် ဘေဘီ မအိအိအောင် (သာကေတမြို့နယ်) တို့၏ ဆွေမျိုးသားချင်းတို့အား ကလေးနိဗ္ဗာန်ယာဉ်ဖြင့် မသယ်ဆောင်မီ အသင်းမှ လုပ်ဆောင်ပေးမှု၊ အခမဲ့ ၀န်ဆောင်ပေးမှုတို့ကို သိရှိအောင် နွေးထွေးစွာ ရှင်းလင်းပြောကြားပြီး ယင်း ကလေး နိဗ္ဗာန်ယာဉ်ဖြင့် ကလေး၏ ရုပ်အလောင်းနှင့်အတူ ရေဝေးသုဿန်သို့ လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

ယင်းကဲ့သို့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တို့သည် စီးပွားရေးချို့တဲ့၍ ဆင်းရဲဒုက္ခကြားမှာ ရုန်းကန်နေ ရသော လောကဓံ၏ ရိုက်ခတ်မှုကြောင့် မိခင်ဖြစ်သူမှာ အဟာရချို့တဲ့ခြင်း၊ အသွားအလာ အနေအထိုင် မဆင်ခြင်ခြင်းတို့ကြောင့် ရေတွင်းတွင် ရေခပ်စဉ် ချော်လဲ၍၄င်း၊ ပျက်စီး ယိုယွင်းနေသော လမ်းခရီးများကြောင့် ကိုယ်ဝန်ပျက်ကျရခြင်း စသည် စသည်တို့ကြောင့် ရင်သွေးငယ်များ ဆုံးပါးခဲ့ရခြင်းဖြစ်သည်။ ထိုကြောင့် မိခင်တို့အနေနှင့် ကိုယ်ဝန်ဆောင် အချိန်ကာလ အတွင်း အသွားအလာ၊ အနေအထိုင်၊ အစားအသောက်မှ အစ လူ့လောကထဲသို့ ၀င်ရောက်လာမည့် မိမိ၏ မျိုးဆက်သစ် ရင်သွေးငယ်များ၊ တိုင်းပြည်၏ မျိုးဆက်သစ် ကလေးငယ်များ အတွက် အထူးဂရုစိုက်ရန် အရေးကြီးပေသည်။

အချုပ်ဆိုရသော် . . . မြန်မာပြည်တွင် လူဖြစ်ရမှာကြောက်တဲ့ ရင်သွေးငယ်များပင် ဖြစ်တော့သည်။


အာဏာရှင်တွေနေတဲ့ တိုင်းပြည်....

မြန်မာပြည်မှာ စစ်အာဏာရှင် စံနစ်သက်ဆိုးရှည်နေတာ ဘာကြောင့်ပါလဲ... အာဏာကို လက်မလွတ်နိုင်ပဲ... ဗုဒ္ဓဘာသာကိုးကွယ် သူတွေလို့ အမည်နာမ တပ်ထားတဲ့ ဘာသာမဲ့ သူတွေလို့ ကင်ပွန်းတပ်ဆို ခေါ်နိုင်ပါတယ်...။ ကံနှင့်ကံ၏ အကျိုးပေးဆိုတာထက် မြဲတယ်ဆိုတဲ့ အတ္တဝါဒကို အမြဲနှလုံးသွင်းနေပြီး ဗေဒင်ယတြာတွေနဲ့ နေ့စဉ်နပန်းလုံးနေသူတွေပါ။ ဒီတစ်ပါတ်မှာတော့ နအဖစစ်ဗိုလ်ချုပ်တွေရဲ့ အခွင့်ထူးခံ ဘဝနဲ့ သူတို့တွရဲ့ မိသားစု အတွင်းရေး တစ်ချို့ကို (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ) အတွင်းသိ ပေးပို့လာတာကို တင်ပြလိုက်ပါတယ်။

စစ်တပ်အတွင်းမှာ ဗိုလ်ကြီးအဆင့်ရဲ့ အောက်ပိုင်းက အခြားအဆင့်တော်တော်များများဟာ စားဝတ်နေရေး ကြပ်တည်းကြပါတယ်။ အဲဒါပေမယ့် ဗိုလ်မှုးကြီးအဆင့် ဆိုရင် တိုက်ခန်းစရပါပြီ ...အိုးအိမ်နဲ့ ပေါင်းဆောက်ထားတဲ့ တိုက်ခန်းတခန်းကို ရပါတယ်။ ဗိုလ်မှူးချူပ်အဆင့် ကြတော့နောက်ထပ် ကားတစီးနဲ့ တိုက်ခန်း ကွန်ဒိုမိနီယံအဆင့် ထပ်ရပါတယ် (အောင်ဆန်းကွင်း စီးတီးမတ်နားက မြန်မာ့ဂုဏ်ရည်အိမ်ယာ ကွန်ဒို ဆို သူတို့ချည်းပဲ အရင်ရပါတယ်။ သူ့တိုက အင်မတန်သက်သာတဲ့ ဈေးနဲ့ရပြီးမှ ပြန်ရောင်းစားကြပါတယ်) ကျန်တဲ့ပြည်သူဘဏ္ဍာငွေတွေ အလကားရရှိတာတွေ အများကြီးရှိပါသေးတယ်။

ဒုဝန်ကြီးအဆင့် လောက်ဆို ကားက(၃)စီး အနည်းဆုံး ဌာနကပေးထားရတယ် ဆီကတလကို ကားတစီး (၅၆) ဂါလံလောက်က အနည်းဆုံးရတယ်...။ အောက်ခြေ ၀န်ထမ်းတွေက ဖယ်ရီပျက်လို့ လမ်းတ၀က်မှာ ရပ်နေကြတာတွေ အများကြီး နောက်ြပီး .... ဗိုလ်ချူပ်အဆင့်ကြတော့ တိုင်းမှုးဆိုရင်လည်း သူ့တိုင်းမှာ အ၀အပြဲ စားထားတာတွေ ထားလိုက်ဦး... ရန်ကုန်မှာထက်ပြီးတော့ ဗိုလ်ချူပ်အဆင့်နဲ့ လျှော်ညီအောင်လို့ ဆိုပြီး နောက်ထပ် လုံးချင်းအိမ်ရာတွေကို ကိုဈေးသက်သာစွာနဲ့ ထပ်ရပြန်ပါတယ်။ ပြည်သူတွေအတွက် မရောင်းခင်မှာ သူတို့ကို အကုန်အရင်ပြရပါတယ်။ ပြီးတော့စီးဖို့ ကားတစီးထပ်ရပါတယ် အဲ့ဒါကလည်း အနည်းဆုံး သိန်း၁၈၀၀လောက် တန်ပါတယ်။ သက်သာတဲ့ဈေးနဲ့ ငွေကိုသွင်းရပါတယ်...။
Thein Sein
ဝန်ကြီးချုပ်ဦးသိန်းစိန်၊ ဇေကမ္ဘာဦးခင်ရွှေ၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်.. နှင့် ဂျပန်ဧည့်သည်များ
နောက်စက်မှု့ဇုံက ကားတွေ ဈေးကောင်းတုန်းရလို့ ကတော့ ဗိုလ်ချူပ်တွေအကုန်လုံး ကားထုတ်ရရေးကို သူ့ ထက် ငါအလုအယက်နော်... ဈေးကွက်တွေပျက် ကားဈေးတွေ မကောင်းတော့မှ သူတို့မထုတ်ချင်တော့မှ ပြည် သူတွေရတာ ... တလောကစစ်ဝန်ကြီးတွေ ဘဝကနေ အမတ်ရွေးခံဖို့ လူဝတ်လဲခိုင်းလိုက်တဲ့ ဗိုလ်သိန်းစိန်တို့ အဖွဲ့လည်း .... နောက်ထပ် လင့်ခရုဇာစာကား တစ်ယောက်တစ်စီးစီ ထပ်ရပြန်ပါတယ်။ ဒါက ဗိုလ်ချုပ်အဆင့်တွေအထိ လောက်ပဲမြင်လောက်အောင် ရေးပြထားတာပါ... ။ အဲ့ထက်ကြီးတဲ့အဆင့် သရဲကြီးတော့ သဘက်ဖြစ်နေတဲ့ အဆင့်တွေဆိုရင် ဘယ်လောက်ထိတောင် ပြည်သူ့ဘဏ္ဍာတွေကို အသုံးချနေမယ်...ဆိုတာတွေကို တွက်ကြည့် လို့ တောင်မရပါဘူး။

စားစရာ အလျှံအပယ် ပေးမယ့်သူ မတရားငွေအလျှံအပယ်နဲ့ ဒီဗိုလ်ချုပ်တွေကပဲ စစ်တပ်ထဲက တပ်သားကိုပဲ အိမ်မှာ ကားမောင်းခိုင်းပါတယ်။ ခြံသန့်ရှင်းရေး လုပ်ခိုင်း ... အဲ့ဒီ့လို အလျှံအပယ်ရနေတဲ့ သူတို့ မိသားစုတွေကပဲ အိမ်အကူကို သေသေချာချာ လုပ်တတ်ကိုင်တတ်တဲ့ အရွယ်ရောက် မိန်းကလေးတွေကို အပြင် ကပေါက်ဈေးအတိုင်း ပေးပြီးမခိုင်းပါဘူး...။ အလကားရရင် ရသလိုခိုင်းတာ ထမင်းစား ကျွန်ခံပေါ့။ ဒါတွေက သူတို့အတွက် ဒါတွေက တကယ့် အသေးအမွှားလေးတွေပါ။ ငါးထောင်ကျပ်တန်တွေ ထုတ်တာလည်း ပြည်သူတွေ အတွက် ဆိုတာထက် သူတို့မတရားရထားတဲ့ မသထာရေစာ ရထားတဲ့ ငွေတွေကို ဝန်ထုပ်ကျဉ်းကျဉ်းနဲ့ ထားနိုင်အောင်ပါ။ နောက် သူတို့ချမ်းသာပုံတွေမှာ ဆည်မြောင်းဝန်ကြီး (ကြံ့ဖွတ်အတွင်းရေးမှုး) ဗိုလ်ချုပ်ဌေးဦး အိမ်ဆို ရန်ကုန်(၉) မိုင် ဂေါက်ကွင်းထဲ ကနေတောင် မြင်နေရတယ် အကျယ်ကြီး... အကြီးကြီးပဲ။

အပျော်အပါးတွေနဲ့ အချိန်ကုန်နေတဲ့ ဖိုးလပြည့်
ဓာတ်ပုံ ကိုဘတိုးနှင့် ကိုနစ်နေမန်းမှ

တကယ်တော့ အဲ့လောက်တွေက ထည့်တွက်စရာ မလိုပါဘူး ကျွန်တော်တို့ အကိုတို့တကယ် ပစ်မှတ်ထားရမှာက ခေါင်ပိုင်းတွေနဲ့ သူ့မြေးတော်သူ ဆိုတာတွေကိုပါ။ အဲ့ဒီ့ဖိုးလပြည့်(ခ) နေရွှေသွေးအောင် ငယ်ငယ်က မန္တလေးနန်းတွင်းထဲ ကိုသွားလည်တယ်လေ... အဲဒီမှာ နန်းတွင်းက မှန်တွေကို ကျောက်ခဲ တွေနဲ့ ပစ်တော့ ဘယ်သူမှ မပြောရဲဘူးပေါ့ ။ တခွမ်းခွမ်းနဲ့ကွဲရောလေ အဲ့ဒီမှာလူကြီးကတော် ဒုတိုင်းမှုးကတော်ကြီးက ဟယ် သားက တော်လိုက်တာ လက်တည့် လိုက်တာဆိုပြီး လက်ခုပ် တီးပေးရတယ်တဲ့။ အဲ့လောက်ထိ ကပ်ဖားရပ်ဖားနေကြတာလေ ... ။

မနှစ်က လေးလပိုင်းက ချင်ချောင်းခြံရှေ့မှာ တင်အောင်မြင့်ဦးသား က ဦးဆောင်ပြီးဖွင် ဖွင့်တဲ့ 7Luckerဆိုင်... ဆိုင်ကုန်ကျစရိတ် သိန်း၂၀၀၀နီးပါးရှိတယ်။ ဆိုင်ထဲကလည်း ခမ်းနားသလို အစားအသောက်ကလည်း ကောင်းပါတယ်နာမည်ရပီး စားစရာလည်းကောင်းတော့ တတ်နိုင်တဲ့ မိသားစုတွေနဲ့ ပြည့်စုံတဲ့ ကလေးတွေကြားမှာဆိုင် ကနာမည်ရလာပါတယ်။ လှလှပပ၀တ်စားပီးလာတဲ့ သူများတော့ ဖိုးလပြည့် တို့လည်း ဆိုင်ကိုမျက်စိကြမှာပေါ့။ နောက်ဆိုင်ကို စဆောက်တော့ ခုချိန်ကျမှ ဒီနေရာမှာ ဆောက်တာ ဘယ်သူလည်း ဘာညာဆိုပြီး မျက်စိကျတဲ့ သူတွေရှိနေတော့ ဆိုင်က တရားဝင်ဖွင့်လို့မရသေးဘူး သူ့သားထက် ငါသားတွေကြီးတဲ့ ခေတ်ဖြစ်နေတာလေ...။

အဲ့လိုနဲ့  ဆိုင်ကို အဲဒီ့မျောက်လာပြီး ဈေးအကြီးဆုံး ဘီယာ ရှိလား ဆိုတာကနေ စပြီးပြသနာ တက်ကြတယ်။ နောက်ဆုံးအဲ့ဒီဆိုင်မှာတင် ပြသနာဖြစ်တော့  မျောက်က သူ့ အဘွားကို ချက်ခြင်းဖုန်းဆက်တယ်လေ အဲ့မှာတင် အနီးဆုံးရှိတဲ့ နေရာက ဘူဒိုဇာနဲ့ ဆိုင်ကို ထိုးခိုင်းတာ။ ညတွင်းချင်း သိန်း၂၀၀၀တန် ဆိုင်က အုပ်ဖိနပ်ပဲကျန်တယ်။ နောက်သီဟသူရတင်အောင်မြင့်ဦး ကတော်ကို အဘွားကြီးက ခေါ်ပြီး ပါးရိုက်တယ်။ ဆိုင်ရှင်ကို တင်အောင်မြင့်ဦး သားက ဦးဆောင်ြပီးဖွင့်တာကိုး။ နောက် တယောက်ကလည်း ဗိုလ်ချုပ်သားပဲ သူ့ကိုလည်း ခြေထောက်နဲ့ ကန်တယ်တဲ့ .. အတွင်းသိတွေကြားထဲမှာ နာမည်ကို ကြီးရော..အခုတော့ဒီကလေး လူကြီးဖြစ်လာတော့ ကြားရသိရတာတွေက အားလုံးသိကြတဲ့ အတိုင်းပဲလေ။ ငယ်ငယ်က ဆိုးသွမ်းခဲ့တဲ့ ဗီဇနဲ့ မြှောက်ထိုး ပင့်ကော်တွေကြောင့် ဖြစ်ချင်တိုင်းဖြစ်နေပါပြီ။လေးလပတ် အစည်းအဝေးတွေတိုင်းမှာ ဒေါ်ကြိုင်ကြိုင်က တိုင်းမှုးကတော်တွေကို ပြောတာက သားသမီးတွေကို ကိုဘာသာခြားနဲ့ မပေးစားရဘူး.. ကိုယ့်စစ်တပ် အသိုင်းအဝိုင်း အချင်းချင်းပဲ ပြန်ပြီးပေးစားရမယ် ပြောပါတယ်။ ဒါပေမယ့်တကယ့် စစ်တပ်မှာ မနေချင်တော့ဘူးလို့ ပြောတဲ့သူတွေတော်တော်များ နေပါပြီ။ ဘာလို့လည်းလို့ဆိုတော့ ကိုယ်လောက်မှ မရိုးသားတဲ့သူတွေ နောက်အဲ့ဒီသူတွေရဲ့ မိန်းမဖြစ်သူတွေကလည်း ကိုယ့်လောက်မှ အရည်အချင်းမရှိသလို တချို့ဆို တကယ်ကို ကလပ်က မိန်းကလေးတွေနဲ့ ကြိုက်ပြီး .. လိုက်လာလို့ ယူလိုက်ရတာတွေ တစ်ပုံကြီး ... တစ်ချို့အမျိုးသမီးတွေဆို အတန်းပညာတောင် ကောင်းကောင်းမရှိကြဘူး။ .တကယ်ကို ပစ်စလက်ခတ်တွေ စရိုက်တွေ အဲ့လိုမျိုးလူတွေ ရာထူးတွေ တက်သွားတော့ ...တချို့ ပညာတတ် အမျိုးသမီးတွေက သူတို့ယောကျာင်္းတွေ ရာထူးမတက်တော့ မနေချင်တော့ဘူး ကိုယ့်လောက်မှ အဆင့်မရှိ ၊ အတွေးအခေါ်မရှိ၊ ပညာမရှိတဲ့ သူတွေကို မမ မခေါ်နိုင်ဘူး သူတို့ ခိုင်းတာမလုပ်နိုင်ဘူး... သူတို့က နားလည်လို မဟုတ်ဘူး အရှုးဘုံ မြောက်ထားတာလို့တောင် ပြောကြတာလေ...။

နောက်ပိုင်းတွေမှာ စစ်တပ်အတွင်းက ဗုဒ္ဓဘာသာတရားထက် ဘိုးတော် ၊ဗေဒင် ၊ယတြာတွေ ကိုးကွယ်မှု ... ဗိုလ်ချုပ်တွေရဲ့ မသမာမှုတွေကို ဆက်လက်ဖော်ပြသွားပါမယ်။အာဏာကလွဲပြီး ဘာကိုမှ မမြင်တော့တဲ့ ဗိုလ်ချုပ်မှုးကြီး

ပြည်တွင်းမှာ ဖွဲ့စည်းထားတဲ့ GRW မှအတွင်းသိ တစ်ဦးမှ ပေးပို့လာတာကို ဖော်ပြလိုက်ရပါတယ်။ ကြီးနိုင်ငယ်ညှင်း ဗိုလ်ကျစိတ်ဓာတ်တွေနဲ့ ဘာသာတရားတွေ ရှိမှ ရှိသေးရဲ့လားလို့ စဉ်းစားရတဲ့ အထိပါပဲ။ ဒီလို အထက်အောက် ကြီးနိုင်ငယ်ညှင်း စိတ်ဓာတ်တွေကြောင့် အောက်ဆုံးက ပြည်သူတွေ အဖို့မှာတော့ နင်းပြားခံ ဘဝတွေပါ... သူတို့ ဓနအင်ပါယာ၊ စည်းစိမ် အာဏာတွေကို အဆုံးရှုံးခံပြီး ဘယ်တော့မှလည်း နေရာကနေ ဖယ်ရှားပေးဖို့ စိတ်ကူးမရှိပါဘူး.. (၂၀၁၀)ရွေးကောက်ပွဲကို ယှဉ်ပြိုင်မယ်ဆိုတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအနေနဲ့ လေးလေးနက်နက် စဉ်းစားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဒီမိုဝေယံ


ယနေ့ ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံးတွင် စစ်အစိုးရအား တရားစွဲဆိုမှု တရားရုံးအတွင်း မြင်ကွင်းဓာတ်ပုံများ...

ဓာတ်ပုံ သန်းမျိုးထွေး၊ ဒီမိုဝေယံ

နအဖစစ်အစိုးရမှ လူသားမဆန်စွာ အမျိုးသမီးများအပေါ်ကျူးလွန်ထားသည့် ပြစ်မှုများကို တိုကျိုတွင်ရုံးတင်စစ်ဆေး

တိုကျို၊ ဇွန်(၂၇)

သတင်း-သန့်မျိုးထွေး

နအဖစစ်အစိုးရမှ စစ်တပ်အာဏာကိုအသုံးပြု၍ မြန်မာနှင့်တိုင်းရင်းသားအမျိုးသမီးများအပေါ် လူသားမဆန်စွာ ပြုမှုကျူးလွန်ထားမှုများကို စုံစမ်းဖော်ထုတ်ရန်အတွက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) နှင့် Human Rights Now (HRN) တို့မှတာဝန်ယူ၍ နိုင်ငံတကာပြည်သူ့ခုံရုံး(International Tribunal - Japan)ကိုဖွဲ့စည်း၍ ကြားနာစစ်ဆေးမှုကို တိုကျိုမြို့တွင် ပြုလုပ်ခဲ့ကြသည်။ Crime Against Huminity Act၏ ပုဒ်မ(၇)အရ လူသားမဆန်စွာ အမျိုးသမီးများအပေါ် နှိပ်စက်ညှင်းပန်းသည်ဆိုသော ဆွဲဆိုချက်ဖြင့် နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အဓိကတရားခံအဖြစ် တရားဆွဲဆိုသည့် စုံစမ်းကြားနာမှုအတွက် ချီးဘားတက္ကသိုလ်မှ ဥပဒေပါမောက္ခ ဂိုတို ဟိတိုကို(Goto Hitoko)အပါအ၀င် ဂျပန်တရားရုံးချုပ်တရားသူကြီးများ၊ ရှေ့နေများအသင်းဥက္ကဋ္ဌဟောင်းနှင့် ပြည်သူ့တရားသူကြီးအဖွဲ့ဝင်များစသည့် စုစုပေါင်း(၅)ဦးပါဝင်သည့် ခုံရုံးတရားသူကြီးများဖြင့် တရားဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက်ရှေ့နေရှေ့ရပ်များကိုအသုံးပြုကာ အပြန်အလှန်ချေပ ရင်ဆိုင်ကြားနားခဲ့ကြသည်။

တရားရုံးကျင်းပ၍ စစ်ဆေးနိုင်ရန် ဦးဆောင်လှုပ်ဆော်ခဲ့သူ မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်)၏ ဥက္ကဋ္ဌဒေါ်ချိုချိုအေးက" ဒါမျိုးလုပ်လိုက်လို့ နအဖ ချက်ချင်းကြီးပြုတ်ကျသွားမယ်လို့ မဆိုလိုဘူး။ နအဖ ပြုတ်ကျသွားနိုင်လောက် အထိလဲဖြစ်ချင်မှဖြစ်မယ်၊ မဖြစ်ချင်လဲမဖြစ်ဘူး၊ ဘာတွေ အကျိုးကျေးဇူးရှိမလဲဆိုတော့ ကျမတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေက ပါးစပ်နဲ့ဘဲပြောလို့ရတယ်၊ နအဖမကောင်းကြောင်းကို တကမ္ဘာလုံးကသိတယ်၊ သိပေမဲ့ ဒီလိုအထောက်အထား အချက်အလက်နဲ့ မပြောနိုင်တဲ့အခါမှာ ပြောရင်းပြောရင်းနဲ့ လေထဲမှာဘဲ ပျောက်သွားတယ်၊ ဒီတော့ ဒီလိုအထောက်အထားနဲ့ပြောနိုင်မယ်ဆိုရင် ဒီမှတ်တမ်းမှတ်ရာတွေဟာ သမိုင်းဝင်အဖြစ်လဲကျန်ခဲ့မယ်၊ ဒီကနေချက်ခြင်းအကျိုးသက်ရောက်မှုမရှိတောင် သမိုင်းမှာဒါတွေဟာ ဖျောက်ဖျက်လို့မရနိုင်ဘူး"ဟု အကျိုးသက်ရောက်မှုရှိနိုင်ပုံနှင့် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းပြသည်။

တရားလိုလည်းဖြစ်၊ အကြမ်းဖက်နှိပ်စက်မှုဒဏ်ကို ကိုယ်တိုင်ခံစားခဲ့ရသည့် အမျိုးသမီး(၃)ဦးက တရားရုံးတော်ရှေ့တွင် ကိုယ်တိုင်ထွက်ဆို အစစ်ဆေးခံခဲ့ကြပြီး တရားလိုများဖက်မှ မြန်မာ့အရေးကို အစဉ်တစိုက် ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေကြီး ရှိုဂိုဝါတာနာဘဲနှင့်ယုကိဒါ ဂျူရိအပါအ၀င် ရှေ့နေ(၈)ဦးမှ သက်သေများကို စစ်ဆေးမေးမြန်း၍ စွဲချက်ကို တင်ပြ လျှောက်ထားခဲ့ကြသည်။

``ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လူသားမဆန်တဲ့ စစ်တပ်က လူသတ်မုဒိမ်းကျင့်မှု၊ ဖမ်းဆီးမှု၊ ရှေ့နေလိုက်ပါ ဆောင်ရွက်ခွင့်မရတဲ့ တဖက်သတ် တရားစွဲဆိုမှုတွေကို လုပ်ခဲ့တဲ့ အဓိကတာဝန်ရှိသူဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာက နားလည်လက်ခံထားတဲ့ လူသားဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်ပါတယ်။ ဒီနေ့ရုံးတော်မှာ လာရောက်ထွက်ဆိုတဲ့ အမျိုးသမီးတွေရဲ့ထွက်ဆိုချက်ကို နားထောင်ကြည့်မယ်ဆိုရင် ဘယ်လောက် ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်ဆိုတာ သိနိုင်ပါတယ်´´ ဟု စသဖြင့် တရာလိုရှေ့နေများက လျှောက်လဲတင်ပြခဲ့ကြသည်။

တရားခံဖက်မှရှေ့နေများက စစ်တပ်အနေနှင့် မြန်မာအမျိုးသမီးများ အပေါ်ကျူးလွန်မှုမှာ သိသာထင်ရှား ပေါ်လွင်သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား တိုက်ရိုက်အမိန့်ချပြောဆိုနိုင်ရန်မှာ သက်သေ မလုံလောက်ကြောင်းစသဖြင့် လျှောက်လဲချက်တင်ပြပြောဆိုပြီး တရားသူကြီးများက စီရင်ချက်ချရန် မိနစ်နှစ်ဆယ်ခန့် အချိန်ယူစဉ်းစားချိန်တွင် ဂျပန်အမျိုးသမီးအောက်လွတ်တော်အမတ်တဦးနှင့် Social Democtratic Party၏ဥက္ကဋ္ဌ မစ္စမိဇူဟို ဖူကူရှီးမားတို့က အမျိုးသမီးများအခွင့်အရေးအတွက် ကျင်းပသော အဆိုပါတရားခွင်အတွက် ထောက်ခံအားပေးစကားနှင့် သ၀ဏ်လွှာကို အသီးသီးပေးပို့ပြောဆိုပေးခဲ့ကြသည်။

တိုကျိုမြို့၊ အအိုးရာမတက္ကသိုလ်ဝင်းအတွင်း နေ့လယ်(၁)နာရီမှစတင်ကြားနာစစ်ဆေးသော တရားရုံးတွင် ထူးခြားချက်တခုအနေနှင့် တရားခွင်သို့ ဂျပန်လူမျိုးများစွာ လာရောက်လေ့လာ နားထောင်ခဲ့ကြခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ၌ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်လှုပ်ရှားနေသည့် မြန်မာနိုင်ငံသားများအပါအ၀င် လူဦးရေ ၁၀၀ကျော်ခန့် တက်ရောက် နားထောင်ခဲ့ကြ၍ တရားခွင်ဘာသာပြန်အဖြစ် ဆရာဦးရွှေဘမှပင် ဆောင်ရွက်ပေးခဲ့သည်။

တရားရုံး၏အမိန့်အဖြစ် စီရင်ချက်အစား လူ့အခွင့်အရေးပြသနာဖြစ်သည့်အတွက် တရားရုံး၏သဘောထားနှင့် အချက်(၈)ချက်ပါသည့် အကြံပြုချက်ကိုသာ ထုတ်ပြန်ခဲ့ပြီး စစ်တပ်မှ အမျိုးသမီးများအပေါ် အဓမ္မမုဒိမ်းကျင့်မတရားပြုကျင့်မှု၊ အကြမ်းဖက်မှုများ၏ အဓိကတာဝန်ရှိသူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသာဖြစ်ကြောင်း၊ နိုင်ငံတကာမှထုတ်ဝေသော လူ့အခွင့်အရေးကြေငြာချက်များနှင့် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အမှန်တကယ်ရှိနေသည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိကြောင်းနှင့် ဂျပန်နိုင်ငံအပါအ၀င် ကုလသမဂ္ဂ၊ နိုင်ငံတကာအနေနှင့် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုက်ဖျက်ရန် တာဝန်ဝတ္တရား အမှန်တကယ်ရှိပါကြောင်း တရားခွင်၏ တရားသူကြီးချုပ် အဖြစ်ဆောင်ရွက်သည့် ဥပဒေပါမောက္ခ ဂိုတို ဟိတိုကို(Goto Hitoko)က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။