ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံးတွင် စစ်အစိုးရအား တရားစွဲဆိုမှု တရားရုံးအတွင်း မြင်ကွင်းဓာတ်ပုံများ...

ဓာတ်ပုံ သန်းမျိုးထွေး၊ ဒီမိုဝေယံ

နအဖစစ်အစိုးရမှ လူသားမဆန်စွာ အမျိုးသမီးများအပေါ်ကျူးလွန်ထားသည့် ပြစ်မှုများကို တိုကျိုတွင်ရုံးတင်စစ်ဆေး

တိုကျို၊ ဇွန်(၂၇)

သတင်း-သန့်မျိုးထွေး

နအဖစစ်အစိုးရမှ စစ်တပ်အာဏာကိုအသုံးပြု၍ မြန်မာနှင့်တိုင်းရင်းသားအမျိုးသမီးများအပေါ် လူသားမဆန်စွာ ပြုမှုကျူးလွန်ထားမှုများကို စုံစမ်းဖော်ထုတ်ရန်အတွက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) နှင့် Human Rights Now (HRN) တို့မှတာဝန်ယူ၍ နိုင်ငံတကာပြည်သူ့ခုံရုံး(International Tribunal - Japan)ကိုဖွဲ့စည်း၍ ကြားနာစစ်ဆေးမှုကို တိုကျိုမြို့တွင် ပြုလုပ်ခဲ့ကြသည်။ Crime Against Huminity Act၏ ပုဒ်မ(၇)အရ လူသားမဆန်စွာ အမျိုးသမီးများအပေါ် နှိပ်စက်ညှင်းပန်းသည်ဆိုသော ဆွဲဆိုချက်ဖြင့် နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အဓိကတရားခံအဖြစ် တရားဆွဲဆိုသည့် စုံစမ်းကြားနာမှုအတွက် ချီးဘားတက္ကသိုလ်မှ ဥပဒေပါမောက္ခ ဂိုတို ဟိတိုကို(Goto Hitoko)အပါအ၀င် ဂျပန်တရားရုံးချုပ်တရားသူကြီးများ၊ ရှေ့နေများအသင်းဥက္ကဋ္ဌဟောင်းနှင့် ပြည်သူ့တရားသူကြီးအဖွဲ့ဝင်များစသည့် စုစုပေါင်း(၅)ဦးပါဝင်သည့် ခုံရုံးတရားသူကြီးများဖြင့် တရားဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက်ရှေ့နေရှေ့ရပ်များကိုအသုံးပြုကာ အပြန်အလှန်ချေပ ရင်ဆိုင်ကြားနားခဲ့ကြသည်။

တရားရုံးကျင်းပ၍ စစ်ဆေးနိုင်ရန် ဦးဆောင်လှုပ်ဆော်ခဲ့သူ မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်)၏ ဥက္ကဋ္ဌဒေါ်ချိုချိုအေးက" ဒါမျိုးလုပ်လိုက်လို့ နအဖ ချက်ချင်းကြီးပြုတ်ကျသွားမယ်လို့ မဆိုလိုဘူး။ နအဖ ပြုတ်ကျသွားနိုင်လောက် အထိလဲဖြစ်ချင်မှဖြစ်မယ်၊ မဖြစ်ချင်လဲမဖြစ်ဘူး၊ ဘာတွေ အကျိုးကျေးဇူးရှိမလဲဆိုတော့ ကျမတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေက ပါးစပ်နဲ့ဘဲပြောလို့ရတယ်၊ နအဖမကောင်းကြောင်းကို တကမ္ဘာလုံးကသိတယ်၊ သိပေမဲ့ ဒီလိုအထောက်အထား အချက်အလက်နဲ့ မပြောနိုင်တဲ့အခါမှာ ပြောရင်းပြောရင်းနဲ့ လေထဲမှာဘဲ ပျောက်သွားတယ်၊ ဒီတော့ ဒီလိုအထောက်အထားနဲ့ပြောနိုင်မယ်ဆိုရင် ဒီမှတ်တမ်းမှတ်ရာတွေဟာ သမိုင်းဝင်အဖြစ်လဲကျန်ခဲ့မယ်၊ ဒီကနေချက်ခြင်းအကျိုးသက်ရောက်မှုမရှိတောင် သမိုင်းမှာဒါတွေဟာ ဖျောက်ဖျက်လို့မရနိုင်ဘူး"ဟု အကျိုးသက်ရောက်မှုရှိနိုင်ပုံနှင့် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းပြသည်။

တရားလိုလည်းဖြစ်၊ အကြမ်းဖက်နှိပ်စက်မှုဒဏ်ကို ကိုယ်တိုင်ခံစားခဲ့ရသည့် အမျိုးသမီး(၃)ဦးက တရားရုံးတော်ရှေ့တွင် ကိုယ်တိုင်ထွက်ဆို အစစ်ဆေးခံခဲ့ကြပြီး တရားလိုများဖက်မှ မြန်မာ့အရေးကို အစဉ်တစိုက် ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေကြီး ရှိုဂိုဝါတာနာဘဲနှင့်ယုကိဒါ ဂျူရိအပါအ၀င် ရှေ့နေ(၈)ဦးမှ သက်သေများကို စစ်ဆေးမေးမြန်း၍ စွဲချက်ကို တင်ပြ လျှောက်ထားခဲ့ကြသည်။

``ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လူသားမဆန်တဲ့ စစ်တပ်က လူသတ်မုဒိမ်းကျင့်မှု၊ ဖမ်းဆီးမှု၊ ရှေ့နေလိုက်ပါ ဆောင်ရွက်ခွင့်မရတဲ့ တဖက်သတ် တရားစွဲဆိုမှုတွေကို လုပ်ခဲ့တဲ့ အဓိကတာဝန်ရှိသူဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာက နားလည်လက်ခံထားတဲ့ လူသားဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်ပါတယ်။ ဒီနေ့ရုံးတော်မှာ လာရောက်ထွက်ဆိုတဲ့ အမျိုးသမီးတွေရဲ့ထွက်ဆိုချက်ကို နားထောင်ကြည့်မယ်ဆိုရင် ဘယ်လောက် ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်ဆိုတာ သိနိုင်ပါတယ်´´ ဟု စသဖြင့် တရာလိုရှေ့နေများက လျှောက်လဲတင်ပြခဲ့ကြသည်။

တရားခံဖက်မှရှေ့နေများက စစ်တပ်အနေနှင့် မြန်မာအမျိုးသမီးများ အပေါ်ကျူးလွန်မှုမှာ သိသာထင်ရှား ပေါ်လွင်သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား တိုက်ရိုက်အမိန့်ချပြောဆိုနိုင်ရန်မှာ သက်သေ မလုံလောက်ကြောင်းစသဖြင့် လျှောက်လဲချက်တင်ပြပြောဆိုပြီး တရားသူကြီးများက စီရင်ချက်ချရန် မိနစ်နှစ်ဆယ်ခန့် အချိန်ယူစဉ်းစားချိန်တွင် ဂျပန်အမျိုးသမီးအောက်လွတ်တော်အမတ်တဦးနှင့် Social Democtratic Party၏ဥက္ကဋ္ဌ မစ္စမိဇူဟို ဖူကူရှီးမားတို့က အမျိုးသမီးများအခွင့်အရေးအတွက် ကျင်းပသော အဆိုပါတရားခွင်အတွက် ထောက်ခံအားပေးစကားနှင့် သ၀ဏ်လွှာကို အသီးသီးပေးပို့ပြောဆိုပေးခဲ့ကြသည်။

တိုကျိုမြို့၊ အအိုးရာမတက္ကသိုလ်ဝင်းအတွင်း နေ့လယ်(၁)နာရီမှစတင်ကြားနာစစ်ဆေးသော တရားရုံးတွင် ထူးခြားချက်တခုအနေနှင့် တရားခွင်သို့ ဂျပန်လူမျိုးများစွာ လာရောက်လေ့လာ နားထောင်ခဲ့ကြခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ၌ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်လှုပ်ရှားနေသည့် မြန်မာနိုင်ငံသားများအပါအ၀င် လူဦးရေ ၁၀၀ကျော်ခန့် တက်ရောက် နားထောင်ခဲ့ကြ၍ တရားခွင်ဘာသာပြန်အဖြစ် ဆရာဦးရွှေဘမှပင် ဆောင်ရွက်ပေးခဲ့သည်။

တရားရုံး၏အမိန့်အဖြစ် စီရင်ချက်အစား လူ့အခွင့်အရေးပြသနာဖြစ်သည့်အတွက် တရားရုံး၏သဘောထားနှင့် အချက်(၈)ချက်ပါသည့် အကြံပြုချက်ကိုသာ ထုတ်ပြန်ခဲ့ပြီး စစ်တပ်မှ အမျိုးသမီးများအပေါ် အဓမ္မမုဒိမ်းကျင့်မတရားပြုကျင့်မှု၊ အကြမ်းဖက်မှုများ၏ အဓိကတာဝန်ရှိသူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသာဖြစ်ကြောင်း၊ နိုင်ငံတကာမှထုတ်ဝေသော လူ့အခွင့်အရေးကြေငြာချက်များနှင့် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အမှန်တကယ်ရှိနေသည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိကြောင်းနှင့် ဂျပန်နိုင်ငံအပါအ၀င် ကုလသမဂ္ဂ၊ နိုင်ငံတကာအနေနှင့် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုက်ဖျက်ရန် တာဝန်ဝတ္တရား အမှန်တကယ်ရှိပါကြောင်း တရားခွင်၏ တရားသူကြီးချုပ် အဖြစ်ဆောင်ရွက်သည့် ဥပဒေပါမောက္ခ ဂိုတို ဟိတိုကို(Goto Hitoko)က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။