ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အလုံမြို့နယ်က လာတဲ့စာ...

ဓာတ်ပုံ ဧရာဝီဘလော့(ဂ်)

အလုံမြို့နယ်သားတစ်ဦးရဲ့စာ..

ကြံ့ဖွတ်ပါတီရဲ့ မသမာမှုများ...

ကိုဒီမိုရေ ဒီနေ့ အလုံ EPC ရုံးချုပ်မှာ မနက်ထဲက.. ၀န်ထမ်းတွေကို ဖုန်းဆက်ခေါ်ပြီး ကြံ့ဖွတ်ကို မဲထည့်ခိုင်းတယ်... ၀န်ထမ်းတွေမကျေနပ်ဘူး ..EPC ရုံးချုပ်မှာပါ ..ကြိုတင်မဲဆိုပြီး ရုံးမှာခေါ်ပေးခိုင်းတယ်.. မလာတဲ့သူတွေ..အိမ်မှာလာကောက်တယ်... အီးပီစီက သူငယ်ချင်းတွေက ပြန်ပြောပြပါတယ်.. ။ မဲမပေးရင် အလုပ်ဖြုတ်ခံရ လိမ့်မယ်လို့ ခြိမ်းခြောက် ပြောဆိုပါတယ်...။

နောက်တခု အလုံကြံ့ဖွတ် ကိုယ်စားလှယ်... ဦးအုန်းမြင့် ဓါတုဗေဒ ကျူရှင်ဆရာ.. လွှတ်တော်ကိုယ်စားလှယ် ဝင်အရွေးခံတာ..။ သူကဂျပန်က ပြန်လာတာ... ၁၀နှစ်မပြည့်သေးဘူး..။ မယကတွေပါ ပေါင်းပြီး ဖုံးထားတာ ပြန်လာတာ ၇နှစ်ကျော်ပဲရှိသေးတယ်။ သူတို့ ဥပဒေမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ယောက်ဟာ အနည်းလေး ၁၀နှစ်ပြည့် အခြေချနေထိုင်မှ ဥပဒေက.. ပြဌာန်းထားတယ်။ အခုဝင်အရွေးခံနေတယ်...။ (ဂျပန်မှာနေထိုင်သူများ ဦးအုန်းမြင့် အကြောင်း သိရှိတဲ့ သူများရှိပါက အကြောင်းကြား ပေးစေလိုပါတယ်)..။

ကြံ့ဖွတ်ပါတီ တာမွေမြို့နယ် မဲဆွယ်ပွဲတစ်ခု ဓာတ်ပုံ AP

အလုံ မြို့နယ်က NDF (ခမောက်တုပါတီ)နဲ့ ခွေးခြင်္သေ့ ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်များ ဆေးမှုတ်ပြီး ခဲနဲ့ထုတဲ့ လူငယ်လေးဦး အဖမ်းဆီးခံရ..

ပြီးခဲ့တဲ့ (၃)ရက်နေ့ည ၂နာရီက အလုံမြို့နယ်က NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ခမောက်ပါတီက ဦးခိုင်မောင်ရီ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းရဲ့ ဆိုင်းဘုတ်ကို လူငယ်(၅)ဦးမှ မှုတ်ဆေးများဖြင့် ပက်ဖြန်းပြီး.. ဆက်လက်၍ ကြံ့ဖွံ့ ပါတီကိုယ်စာလှယ်လောင်း ၅ဦးပုံပါတဲ့ ဆိုင်းဘုတ်အား ဖြုတ်ယူသွားပြီး အလုံဆင်မင်းလမ်းနဲ့ ကမ်းနားလမ်းဆုံမှာ.. ဆိုင်းဘုတ်ကို လမ်းပေါ်မှာ ချထားပြီး... ခဲတွေနဲ့ထုပါတယ်.. ဘေးနားမှာ ရဲကင်းရှိတယ်... ကင်းသမားတွေ အထောင်းခံရတယ်... လုပ်တဲ့လူငယ်တွေ အဖမ်းခံရပြီး ၅ယောက် ထဲက တစ်ယောက်ကတော့ လွတ်သွားတယ်...။ ဒီလူငယ်တွေကို မူးယစ်ရမ်းကားမှုနဲ့ ဖမ်းထားပါတယ်.. တစ်ရက်ပဲ အချုပ်ထဲနေရမှာကို အင်းစိန်တန်းပို့လိုက်လို့ လေးရက်နေရပါမယ်..။

သူတို့ ဖြုတ်ယူသွားပြီး ခဲနဲ့ထုတဲ့ဆိုင်းဘုတ်မှာ ပါဝင်တဲ့ကြံ့ဖွတ် ကိုယ်စားလှယ်လောင်းတွေကတော့ ဦးအုန်းမြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ဂျပန်မှ ပြန်လာသူ..) ဦးကျော်ရတိုင်းဒေသလွှတ်တော်(၂).. ဦးမိုးဝင်းကျော် တိုင်းဒေသလွှတ်တော်(၁) ( အဆိုပါ မိုးဝင်းကျော်ဆိုသူသည်.. ၁၉၉၆ နိုဝင်ဘာ ၉ ရက်နေ့က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၂ဝဝ ခန့်က ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ဝိုင်းဝန်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ယာဉ်မောင်းသူများက တိုက်ခိုက်မှုကြားမှ မောင်းထွက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်သွားခဲ့ပါတယ်။ အဆိုပါအကြမ်းဖက်ရာတွင် ခေါင်းဆောင်ပါဝင်ခဲ့သည့် မြို့နယ် ကြံ့ဖွတ်ခေါင်းဆောင်.) (မှတ်ချက်... အဆိုပါ လူမိုက်များမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး ဝင်ရောက် အရွေးခံစရာမလိုသည့် လက်နက်ကိုင် လူမိုက် ၂၅ရာခိုင်နှုန်းလည်း ပါဝင်မည်ဖြစ်သည့် အတွက် ထွက်ပေါ်လာမည့် အစိုးရတစ်ရပ်ရဲ့ အခြေအနေမှာ စဉ်းစားစရာပင် ဖြစ်ပေတော့သည်...တိုင်းပြည်အတွက် အင်မတန်မှ အန္တရယ်ကြီးမားလှပါတယ်..) နောက်အမျိုးသားလွှတ်တော်က ဒေါက်တာမျိုးသန့်တင်နဲ့ ဦးကျော်သူရ ၅ဦးပုံပါတဲ့ ကြံ့ဖွတ်ဆိုင်းဘုတ်အား ဖြုတ်ပြီး အလုံဆင်မင်းလမ်းနဲ့ ကမ်းနားလမ်းဆုံမှာ.. ဆိုင်းဘုတ်ကို ချထားပြီး...ခဲနဲ့ထုတာဖြစ်ပါတယ်...။ ဆေးမှုတ်ပြီး ခဲနဲ့ထုတဲ့ ကလေးတွေကို အချုပ် ၅ရက် အမိန့်ချတယ် .. အဆိုပါသတင်းအား မေးမြန်းစုံစမ်းလိုလျှင် အလုံရဲစခန်း ဖုန်းနံပါတ် 220793သို့ တိုက်ရိုက် ဆက်သွယ် စုံစမ်းနိုင်ပါကြောင်း ရေးသားပေးပို့လာပါတယ်...။

ရဲဝံ့စွာ လုပ်ဆောင်ခဲ့သည့် အဆိုပါ ရဲရဲတောက် လူငယ်များအား မှတ်တမ်းတင်ပါသည်..။


နအဖ ဝါဒဖြန့် အွန်လိုင်း သတင်းစာ. ကြေးမုံအွန်လုံး အင်တာနက် စာမျက်နှာပေါ်မှ ခွပ်ဒေါင်းအလံ..

Liar
Mirror
စစ်အာဏာရှင်တွေရဲ့ ကြေးမုံ ခေါ်(Mirror) မိလ္လာသတင်းစာ အင်တာနက် စာမျက်နှာပေါ်မှ ခွပ်ဒေါင်းအလံနဲ့ လူထုတိုက်ပွဲ ကော်မတီရဲ့ ကြေငြာချက်ပါ.. ဖော်ပြပါရှိပါတယ်..။ နအဖလက်ကိုင်တုတ်များမှ www.kyaymon.info မှ ခွပ်ဒေါင်းပုံအား ပြန်ဖျက်ရန် ကြိုးစားသော်လည်း ခွပ်ဒေါင်းပုံနှင့် "နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ" စာတမ်းမှာ ပြန်လည်ပေါ်ပေါက်နေဆဲ ဖြစ်ပါသည်။ အဆိုပါစာမျက်နှာပေါ်မှ စာများကတော့ ..

(နအဖရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်သည့်အနေဖြင့် နအဖ၏ ၀ါဒဖြန့်ချီရေး အင်တာနက် စာမျက်နှာများအား ၄င်းတို့ ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ကြည့်ရှူ မရစေရန်အတွက် တားမြစ်ပိတ်ပင် ပြောင်းလဲပြစ်လိုက်ပါသည်။

နအဖ ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်သည့်အနေဖြင့် နအဖ၏ ၀ါဒဖြန့်ချီရေး အင်တာနက်စာမျက်နှာများအား ပိတ်ဆို့ပြောင်းလိုက်ပြီး ခွပ်ဒေါင်းအလံတင်ကာ "နအဖ ၂၀၁၀ ရွေးကောက်ပွဲအား အလိုမရှိ" စာသားများ ထည့်သွင်းလိုက်ပါသည်။


နအဖရဲ့ ရွေးချယ်ထားပြီးသားသူများနဲ့ ကောက်ကျစ်စွာ ကျင်းပတဲ့ စီစဉ်ကျင်းပသည့် နအဖ ၂၀၁၀ ရွေးကောက်ပွဲအား ပြည်သူလူထုမှ သပိတ်မှောက်ရန် တိုက်တွန်းလိုက်ပါသည်။)

နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။

နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။

နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။


ဤ အွန်လိုင်းမှနေ၍ နအဖရွေးကောက်ပွဲဆန့်ကျင်ရေး သပိတ်မှောက်လုပ်ဆောင်မှုအား (လူထုတိုက်ပွဲကော်မတီ ၂၀၁၀ - People Action Committee) နှင့် မျိုးချစ်ပြည်သူများမှ ပြုလုပ်ခြင်း ဖြစ်သည်။

နအဖ ၂၀၁၀ ရွေးကောက်ပွဲအား ဆန့် ကျင်သပိတ်မှောက်သည့်အနေဖြင့် ဆန့်ကျင်သပိတ်မှောက်ခံရသည့် ပထမဦးဆုံး နအဖ၏ ၀ါဒဖြန့်ချီရေး အင်တာနက်စာမျက်နှာမှာ http://yadanarpon.com.mn ဖြစ်ကြောင်း သိရှိရပါသည်။ ကြေးမုံ မှာ www.kyaymon.info ဒုတိယ ဖြစ်ပါသည်။

မျိုးချစ်မြန်မာပြည်သူများ။

မနက်ဖြန်အတွက် တိုက်ပွဲခေါ်သံ..

လေးစားရပါသော တိုက်ပွဲဝင် ညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား

အတုအယောင် ရွေးကောက်ပွဲကြီးကို ကျနော်တို့ ဆန်ကျင်သပိတ်မှောက်ကြမယ်။ ဒီမိုကရေစီနဲ့ လူ အခွင့်အရေးတွေနဲ့  တိုးတက်နဲ့ နိင်ငံတော်သစ်ကို တည်ဆောက်ကြမယ်။ လူမှုအထွေထွေ ရင်ဆိုင် နေရတဲ့ ကျနော်တို့ ဘ၀တွေကို တော်လှန်ပြောင်းလဲပြစ်ပြီး မျော်လင့်ချက်ရှိတဲ့ ဘ၀သစ်တွေကို တည်ဆောက်မယ်။ အမှောင်ခေတ်ကိုခွင်းပြီး အလင်းခေတ်ကို အသစ်ကို တည်ဆောက်ကြမယ်။ အတုအယောင် ရွေးကောက်ပွဲကြီးကို ဆန်ကျင်တဲ့ နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီးကို ကိုယ့် ပြည်နယ်အသီးသီးမှာ နိုဝင်ဘာ ၇ ရက်နေ့က စတင်ပြီး လုပ်ဆောင်ဖို့အတွက် ပန်ကြားပါတယ်။ ရန်ကုန်မြို့က အထွေထွေသပိတ်ကြီး အစီအစဉ်ကိုတော့ အောက်ဖေါ်ပြပါ အစီအစဉ်အတိုင်း လုပ် ဆောင်သွာမယ်။ မပျက်မကွက် လာခဲ့ကြပါဖို့ ပန်ကြားလိုပါတယ်။

ဘယ်နေ့ လဲ - နိုဝင်ဘာ ၇ရက်
ဘယ်အချိန်လဲ - နံနက် ၁၀ နာရီ
ဘယ်နေရာမှာလဲ - တာမွေအ၀ိုင်း
ဘာတွေလုပ်မလဲ - လှုံ့ဆော်မယ်။ ချီတက်မယ်။ ကန်ကွက် ဆန္ဒပြမယ်။
ဘာတွေယူရမလဲ - အလံ။ ပိုစတာ၊ ဒေါ်စုပုံ။ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ၊ နဖူးစီးတွေ ယူခဲ့ရမယ်။
(လူတယောက်အလံတခု လုပ်နိုင်ရင်ကောင်းတယ်။ အလံကိုင် ဒုတ်ကို သေသေချာချာလုပ်ပါ။)

(လူထုတိုက်ပွဲကော်မတီ ၂၀၁၀ - People Action Committee)”

သွားကြည့်ချင်ရင်..www.kyaymon.info

ရင်ထဲကဆန္ဒမှန်တွေကို ဖော်ထုတ်ပြသခဲ့တဲ့ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲကို တန်ဖိုးထား လေးစားတဲ့ အနေနဲ့ ၂၀၁၀ရွေးကောက်ပွဲကို သပိတ်မှောက်ကြပါစို့..


ကျွန်တော်တို့ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ ဆန္ဒတွေ ဖော်ထုတ်ပြသခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲကြီးကို လေးစားတန်ဖိုးထားတဲ့ အနေနဲ့ စစ်အာဏာရှင်တွေကို အသက်ဆက်ပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြပါစို့..။



" ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း (၆) ” (မောင်မောင်ဝမ်း)

" ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း (၆) ” (မောင်မောင်ဝမ်း)

"တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ထောက်ခံမှု့နဲ့ အုပ်ချုပ်တာပဲ ဖြစ်ရမယ်။ လက်နှက်အားကိုးနဲ့ အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူးဆိုတာကို မွေးကတည်းက ကျမကိုသင်ထားလို့ သိခဲ့တဲ့ သင်ခန်းစာပါပဲ။ "

အန်တီပြောခဲ့တဲ့ စကားလေးပါ၊

တနေ့ အန်တီနဲ့တွေ့ကြလို့ ပြောခဲ့တဲ့စကားတွေကိုလည်း နားထဲကြားယောင်နေဆဲပါပဲ။ ---- “ အန်တီ စဉ်းစားကြည့်မိတယ်… အန်တီတို့လူမျိုးတွေက အာဏာနဲ့သိပ် အယဉ်ပါးမခံနိုင်ဘူး ..။ နိုင်ငံတော်အာဏာက စလို့ .. သေးသေးငယ်ငယ် အဆင့်ထိ အာဏာနဲ့ထိတွေ့မိပြီဆို ပျက်စီးသွားကြတာများတယ်..။ ဥပမာ လူတစ်ယောက် ဒုတ်ကိုင်ထားတယ်ဆိုရင်တောင်.. သူက ဒုတ်ရှိတဲ့အာဏာနဲ့ ယစ်မူးသွားချင်တာ.. လူတွေတွေ့ရင်ရိုက်ပစ်၊ နှက်ပစ်လိုက်ချင်တာ…အဲဒါတွေကို ပြုပြင်နိုင်ရမယ်၊

အဲဒီလိုပြောတော့ ကျနော်က အဖြစ်အပျက်တွေကို သွားသတိရမိတယ်။ ကျနော်တို့ကျောင်းသားတွေက အန်တီ့အိမ်ကို အ၀င်အထွက် အရမ်းများတော့ အန်တီ့ အိမ်ရှေ့မှာ တားဆီးစစ်ဆေးတဲ့ ထောက်လှမ်းရေးတွေက တော်ရုံဆို သိပ် မစစ်ဆေး မမေးမြန်းတော့ပါဘူး။ ဒါကလည်း တာဝန်အရကိုး။

အန်တီကိုယ်တိုင်က နေအိမ်အကျယ်ချုပ်က လွတ်လာတော့ သူ့လုံခြုံရေးအတွက် ခွင့်ပြုထားတာဆိုတော့ သူတို့မှာတာဝန်ရှိတယ်။ အန်တီ့ အိမ်ကို ၀င်လာသူမှန်သမျှ အစစ်ဆေးခံရတယ်။ ဓါတ်ပုံရိုက်ယူတယ်။ (တနည်းအားဖြင့် ထောက်လှမ်းရေးက အန်တီနဲ့ဆက်စပ်သူ မှန်သမျှ မှတ်တမ်း အသေအချာယူတာလည်း ပါမှာပါ -။ လုံခြုံရေးအရ ဆိုတော့လည်း ဘယ်သူပြောသာမှာလဲ)။

တနေ့ အဲသလိုပဲ ကျနော်တို့ထဲက ကျောင်းသားတစ်ယောက်ကို စစ်ဆေး၊ ဓါတ်ပုံရိုက်တော့ သူက ဒေါသူပုန်ထပါလေရော……။

“ ကျုပ်တို့က အန်တီက ခွင့်ပြုထားလို့ လာကြတာဗျ ၊ ချစ်လို့ လေးစားလို့ အလုပ်တွေ အတူတူတွဲလုပ်ဖို့လာကြတာ။ သတ်ဖို့ လာတာမဟုတ်ဘူး ” ဆိုတော့ လုံခြုံရေးတာဝန်ရှိသူက---

“ ခင်ဗျား ..ဒေါ်အောင်ဆန်းစုကြည်ကို မလုပ်ကြံပါဘူးလို့ ဘယ်လိုအထောက်အထားနဲ့.. ယုံကြည်ရမလဲ.. ။တခုခုဖြစ်သွားရင် ကျုပ်တို့က ဘ၀နဲ့ရင်းရမှာ..။ တာဝန်အရ စစ်ဆေးမှု့ကို မခံနိုင်ရင်.. မ၀င်ပါနဲ့”

စကားလုံး လှလှလေးနဲ့ ဟန့်တားလိုက်ခြင်းပါ။ ကျနော်ကပဲ ကြားက၀င်ပြီး ..........အမောင် ကျောင်းသားကို မေတ္တာရပ်ခံရတော့တယ်။ ကျနော်တို့ထဲက ကျောင်းသားကလည်း .. မလိုအပ်ဘဲနဲ့ မပြောပ လောက်တဲ့ ပါဝါကို ထုတ်သုံးချင်တယ်။ (သူ့ကို ယုံယုံကြည်ကြည် ၀င်ခွင့်ပေးထားတဲ့ ပါဝါပေါ့)။ တဘက်ကလည်း စောစောကပြောတဲ့ စကားတွေကို တဘက်သား လက်ခံချင်လာအောင် မပြောဘဲ ၊ အထက်အရာရှိက အောက်လက်ငယ်သားကို ငေါက်တဲ့လေသံနဲ့ပြောတော့ ..မလိုအပ်တဲ့ပြဿနာကို ရှင်းရတော့တာပါပဲ။ အသေးစား ကိစ္စလေးဆိုတော့ အာဏာလို့ မမြင်ကြဘူး။တကယ်တော့ အာဏာဆိုတာ လုပ်ပိုင်ခွင့်ပဲ ။ အင်္ဂလိပ်လိုမှာတော့ ( power )ပေါ့။ အဲဒါကို သွားသတိရမိတယ်။ အန်တီ့ခြံရှေ့ အ၀င်တံခါးနဲ့ ကပ်လျှက်နားမှာ အဆောက်အဦး ငယ်လေးတစ်လုံးကို လုံခြုံရေးအရဆိုပြီး ထောက်လှမ်းရေးက တာဝန်ပေးထားတဲ့ သူတွေနေဖို့ အန်တီက ခွင့်ပြုထားတယ် ။ အဲဒီဘေးဘက်နားမှာတော့ လက်နှက်ကိုင် အစောင့်အရှောက် ရဲဘော်တချို့ နေကြတယ် ။

သူတို့ကိုတော့ မြင်ကွင်းမှာ မနေဘို့ အန်တီက မေတ္တာရပ်ခံထား သလားမသိဘူး ။လူမြင်ကွင်းရှေ့မှာ သိပ်မနေကြဘူး။ အဲဒီထဲမှာတောင်မှ သဘောထား ပျော့ပြောင်းသူတွေ ပါသလို တင်းမာသူတွေလည်း ပါကြတယ်။ တခါတရံ အန်တီ့ဆီလာကြတဲ့သူတွေကို (လုံခြုံရေးဘန်းပြပြီး) တော်တော် မဖွယ်မရာပြုမှု ဆက်ဆံတာတွေနဲ့ဆုံရပါတယ်။ အဲဒီလိုပြဿနာက ခဏခဏ ဆိုသလိုဖြစ်တာ ။

နောက်တော့ အန်တီက လုံခြုံရေးတာဝန်ခံ ဗိုလ်မှုးသူရ ( သူကလည်းထောက်လှမ်းရေးက အရာရှိတဦးပါပဲ။ ) နဲ့ညှိနှိုင်းလိုက်မှ နောက်ပိုင်း တော်တော်အဆင်ပြေသွားတော့တယ်။ အန်တီက ခရီးစဉ်တခုသွားတော့မယ်ဆို ပထမဦးဆုံး-- စောစောကပြောတဲ့ ထောက်လှမ်းရေးမှုး (သို့်)လုံခြုံရေးအရာရှိပေါ့ ။ သူ့ကိုပြောရတယ် ။ သူက လမ်းကြောင်းစီစဉ် လုံခြုံရေးပေးပေါ့ ။ (ကျနော်မြင်သလောက်ပြောရရင် အဲဒီအချိန်က အန်တီ အနေထားက ပုံသဏ္ဍာန် (၂)မျိုးလိုဖြစ်နေတယ်) တမျိုးက ဘယ်သွားသွား- အကျယ်ချုပ်ပုံစံနဲ့ သွားလာရတာမျိုးဖြစ်ပြီး၊ နောက်ပုံသဏ္ဍာန်တမျိုးက လက်ရှိအာဏာရ နိုင်ငံအကြီးအကဲပုံစံမျိုး ၊ အန်တီနဲ့ သွားလေရာ ပါသွားတတ်တဲ့ လူငယ်အချို့ ပြောပြတာကတော့ အန်တီခရီးစဉ်သွားပြီဆို လမ်းကြောင်းရှင်းထားတာမျိုး ၊ မီးပွိုင့်တွေနီ ထားတာမျိုးတွေ လုပ်တယ်။

ဒါပေမယ့် အန်တီဟာ ဘယ်တော့မှ ဘယ်သူ့ကိုမှ မောက်မောက်မာမာ အထက်စီးကနေ ဆက်ဆံတယ်ဆိုတာတော့ ကျနော်တို့ မကြုံဘူးဘူး ။ သူ့ခြံထဲမှာ လာနေတဲ့ စစ်သားတွေ၊ ရဲတွေကိုတောင်မှ လေးလေးစားစား ဆက်ဆံတတ်တယ်။ နောက်တစ်ခုက အန်တီဟောပြောပွဲမှာ ပြောတဲ့စကားတွေကို တော်တော်များများ ဌာနဆိုင်ရာ အကြီးအကဲတွေဆို ရင်တုန်စွာ နားစွင့်နေကြရတာ ။ (ဥပမာ) နေရာတခု၊ ဌာနတခုရဲ့မမှန်မကန်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို လူထုက တင်ပြမေးခွန်းမေးလို့ အန်တီက ထင်မြင်ချက်ပေး ပြန်ဖြေမိပြီဆို ၊ အဲဒီ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ အနိမ့်ဆုံး စစ်ဆေးမေးမြန်းခံရမယ် ၊ တချို့ဆို အရေးယူခံရတာတွေတောင် ရှိတယ်ဆိုတာ ပြန်သိရပါတယ်။

ဒါပေမယ့် အန်တီစုဟာ အဲဒါတွေအပေါ်မှာ ကျေနပ်နေတာ (လုပ်ခွင့်သာတုန်း ဖိထောင်းလိုက်မယ်ဆိုတာမျိုး) ဘယ်တော့မှ မရှိခဲ့ဘူး။ အဲဒီသဘောကို ကြည့်ရင်တောင်မှ ပါဝါရဲ့သဘောကို ခံနိုင်ရည်ရှိသူနဲ့ မရှိသူရဲ့ ခြားနားမှုကို သိနိုင်ပါတယ်။ ဒါကတော့ အန်တီစုရဲ့နှလုံးသားပုံရိပ် တစ်စိတ်တဒေသကို လေ့လာနိုင်ဖို့ တင်ပြပေးတာပါ။

ဒီလိုနဲ့ အန်တီစုရဲ့ခြံဝန်းအတွင်းမှာ အခမ်းအနားလုပ်ဖို့ အဆောက်အဦကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ လူငယ်များ စုပေါင်းဆောက်လုပ်လိုက်တာ အကောင်ထည် ပေါ်သွားပါတယ်။ သူတို့ခမျာ တော်တော် ပင်ပန်းရှာပါတယ်။ မြေကြီးတွေ ရှင်းရတာကို တော်တော်ခက်ခက်ခဲခဲ လုပ်ခဲ့ရပါတယ်။ စိတ်ဓါတ်ကြောင့်သာ လာလုပ်အားပေးကြတာပါ။ တော်ယုံဆို သိပ်မလွယ်လောက်ပါဘူး။ အဲဒီအချိန်ကာလက အန်တီစုကို ၀န်းရံပေးခဲ့တဲ့ လူငယ်အင်အားစုတွေထဲမှာ ကျနော်တို့ တကသ အပါအ၀င် - ကျောင်းသားတွေနဲ့ NLD လူငယ်အဖွဲ့ အင်အားက အတိုင်းတာတခုထိ အင်အားကောင်းခဲ့ပါတယ်။

ကျနော်တို့ ကျောင်းသားများ အနေနဲ့ကတော့ မူလကစီစဉ်ထားတဲ့အတိုင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးလမ်းကြောင်းကို အထောက်အပံ့ ဖြစ်စေနိုင်မယ့် ဆောင်ရွက်ချက်များကို ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျနော်တို့ ဟာ ၀ါရင့်နိုင်ငံရေးသမားကြီးများ အပါဝင်၊ တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ၊ တသီးပုဂ္ဂလ နိုင်ငံရေးခေါင်းဆောင်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းချက်တွေကို အဆက်မပြတ် လုပ်ဆောင်ခဲ့ပါတယ်။

တိုင်းရင်းသားပါတီခေါင်းဆောင်ထဲကဆိုရင် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးခွန်ထွန်းဦး ၊ ဦးစိုင်းညွန့်လွင် တို့အပါဝင် မြေပေါ် နိုင်ငံရေးပါတီ ခေါင်းဆောင်လူကြီးများနဲ့တွေ့ပြီး သဘောတူညီချက်တွေ ရယူနိုင်ခဲ့ပါတယ်။ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်( SNLD )ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် တော်တော်များများ အနိုင်ရခဲ့တဲ့ပါတီ တစ်ခုလည်းဖြစ်ပါတယ်။ ကျနော်တို့ ဦးခွန်ထွန်းဦးရယ်၊ ဦးစိုင်းညွန့်လွင်ရယ်ကို တနေ့မှာတော့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်က သူတို့ကလည်း သူတို့ရင်ထဲမှာရှိနေတဲ့ မကျေနပ်ချက်တွေ၊ မွန်းကြပ်မှုတွေကို အတိုင်းတာတခုထိ ဖွင့်ချခဲ့တယ်။ ဦးခွန်းထွန်းဦးဆိုရင် အဲဒီအချိန်က အမျိုးသားညီလာခံ တက်ရောက်နေသူတစ်ဦးပါ ၊ သူတို့ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လူထုခေါင်းဆောင်တယောက်မို့ သူတို့လည်း လေးစားမှုရှိပါတယ် ။ ဒါပေမယ့် NLDပါတီအပေါ် မှာတော့ ၁၉၉၀ ပြည့်နှစ်ရွှေးကောက်ပွဲကာလက ကြုံခဲ့ရတဲ့ အထစ်အငေါ့လေးတွေကြောင့် စိတ်ထဲမှာတော့ ဖုတုတုပါပဲ။ ကျနော်တို့ကို ပြောတဲ့ အခါတိုင်းမှာလည်း ဗမာတွေက ဗမာတွေက ဆိုတဲ့ အသုံးကို ခဏခဏသုံးတော့ ကျနော်တို့ထဲက ကျောင်းသားတယောက်က………………

အန်ကယ်.. တကယ်တော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို.. ဖိနှိပ်တာ၊ အခွင့်ရေးတွေကို ကန့်သတ်တာ၊ တန်းတူညီမျှရေး မရှိတာ.. အဲဒါတွေကိုလုပ်တာ ကျနော်တို့ ဗမာပြည်သူတွေ မဟုတ်ပါဘူး… စစ်အာဏာရှင် အစိုးရအဆက်ဆက်က လုပ်တာပါ……။ ကျနော်တို့အမြင်အရပြောရရင်.. ဗမာလူမျိုးအများစုဟာ.. ဘယ်တိုင်းရင်းသား လူမျိုးနွယ်စုကိုမှ အဲဒီလိုလုပ်တာ ရှိမယ် မထင်ပါဘူး.. ရှိခဲ့ရင်လည်း အနည်းစုပဲ ဖြစ်ပါလိမ့်မယ်။”…

ဒီစကားရပ်အပေါ်မှာတော့ ဦးခွန်ထွန်းဦးက ဘာ ဝေဖန်ကောက်ချက်မှ မပေးခဲ့ဘူး၊ ဦးစိုင်းညွန့်လွင်က ရုတ်တရက်ကြားကနေ စကားကို ၀င်ထောက်လိုက်တယ်…….။

“ မဟာဗမာလူမျိုးကြီးဝါဒ ကတော့ တော်တော်စက်ဆုတ်စရာ ကောင်းတယ်ဗျ.. ။ အနည်းစု တိုင်းရင်းသားလူမျိုးစုတွေအပေါ် ကျင့်သုံးတဲ့ .. မဟာဗမာလူမျိုးကြီးဝါဒကိုတော့ ကျနော်တို့ ဆန့်ကျင်ရလိမ့်မယ်။”

ကျနော် သောက်လက်စ ကော်ဖီခွက်လေးကို စားပွဲပေါ် အသာတင်လိုက်ရင်းက…..
“ မဟာဗမာ လူမျိုးကြီးဝါဒမှ မဟုတ်ပါဘူး…။ မဟာကရင်၊ မဟာရှမ်း၊ မွန်၊ ရခိုင်၊ ကချင်၊ ကယား၊ ချင်း စတဲ့ ဘယ်မဟာ လူမျိုးကြီးဝါဒ မဆို ကျနော်တို့ကတော့ ဆန့်ကျင်သွားမယ်……..။”

အိမ်ရဲ့ပြင်ပက တိုက်ခတ်နေတဲ့လေသံတွေကိုကြားနေရတယ်၊ နံရံပေါ်ကတိုင်ကပ်နာရီရဲ့စက်သံမှ တပါး….. ဦးခွန်ထွန်းဦးကတော့ မျက်လုံးလေးကိုမှေးပြီး၊ တခုခုကိုပြောဖို့ စဉ်းစားနေပုံရတယ်။ ကျနော်တို့ထဲက ကျောင်းသားတယောက်ရဲ့ဝင်ရောက်ပြောဆိုမှု့က ငြိမ်သက်ခြင်းကို ဖြိုခွင်းပစ်လိုက်တယ်………။

“ ငါ့လူမျိုးသာလျှင်မြင့်မြတ်တယ်၊ ငါ့လူမျိုးသာလျှင် အရာရာကို လွှမ်းမိုးရမယ်၊ချုပ်ကိုင်ရမယ်...ဆိုတဲ့ မဟာလူမျိုးကြီးဝါဒ ဟာ ၂၁ ရာစု ဒီနေ့ကမ္ဘာကြီးမှ ခေတ်မမှီတော့ပါဘူး..။ တကယ်တော့မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးတွေဆိုတာ ရာနဲ့ချီရှိနေတာပဲ…..။ အားလုံးတန်းတူအခွင့်အရေးရှိဖို့ ကို ကျနော်တို့လည်း ထောက်ခံတယ်..။ ”

ဆိုဖာခုံပေါ်မှာ အားရပါးရ မှီထိုင်နေရင်းက ဦးခွန်ထွန်းက ရုန်းထလိုက်ပြီး….

အမျိုးသားညီလာခံမှာလည်း - တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အဲဒီတန်းတူအခွင့်ရေးအတွက် ကျနော်တို့တင်သွင်းခဲ့တာပဲ.. ။ ဒါပေမယ့် မလွယ်ပါဘူးဗျာ..။ လက်ရှိ နအဖက သူ့သဘောထားတွေကိုပဲ ဇွတ်အတင်း အားထုတ်ကြိုးစားနေတာ.. တွေ့ရတော့ .. အမျိုးသားညီလာခံကိုလည်း အားကိုးလို့ မရပါဘူး။”…

ဦးခွန်ထွန်းဦးရဲ့စကားလုံးတွေက သူ့ရင်ထဲမှာရှိနေတဲ့ ခံစားချက် အကုန်အစင် မဟုတ်သေးဘူးဆိုတာ ကျနော်နားလည်လိုက်တယ်။

“ အန်ကယ်ရာ… အမျိုးသားညီလာခံဆိုတာ.. အစစ်အမှန်မှ မဟုတ်တာပဲ..။ အတုအယောင်ပဲ .. ။ ဒါကိုအားလုံး သိပါတယ်..။ တကမ္ဘာလုံးလည်းသိပါတယ် ..။ ကျနော်တို့လိုချင်တာ.. ဒီနေ့အချိန်မှာ ..အမျိုးသားပြန်လည်သင့်မြတ်ရေးပါပဲ။ ”

“ မှန်တာပေါ့ဗျာ.. ။ သိပ်လိုအပ်တာပေါ့…။ ခက်တာက နအဖဘက်ကကျတော့ သူတို့ပြောထားတယ် မဟုတ်လား.. ။ တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလိုရှိတယ်ဆိုရင်.. ညီလာခံထဲ ၀င်လာခဲ့ပါ...ဆိုတာလေ.. ။ အမျိုးသားညီလာခံမှာ ဆွေးနွေးပါ ဆိုတာလေ”

“ တကယ်ရော.. အမျိုးသားညီလာခံကနေ .. အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို လုပ်ဆောင်နိုင်ပါတယ်ဆိုတာကို .. အန်ကယ် ယုံရဲ့လား”

ဦးခွန်းထွန်းဦးက မျက်မှောင်တစ်ချက်ကျုံ့သွားတယ်။ ပြီးမှဖျော့တော့တော့အပြုံးတချက်နဲ့ ခေါင်းကို လေးတွဲ့စွာ ရမ်းလိုက်ရင်း…….အပြင်ကိုတချက်ကြည့်လိုက်တော့ တော်တော်တောင် မှောင်နေပြီ။
အန်ကယ် .... အခု အန်တီ နေအိမ် အကျယ်ချုပ်က လွတ်လာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစွမ်းကုန် လုပ်ဆောင်နေတာကို တွေ့ရပါတယ်.. အဲဒါ အန်ကယ် သဘောထားကို သိပရစေ ” ဆိုတော့ ဦးခွန်ထွန်းဦးရဲ့ မျက်နှာပြင်ဟာ အပြုံးတွေနဲ့ဝင်းလက်သွားတယ်……..။ “ ကြိုဆိုရမှာပေါ့ဗျာ… ကျနော်တို့ထောက်ခံတယ်…. လက်တွဲလုပ်မယ်”

ကျနော်တို့ ကျောင်းသားများနဲ့ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD ) ရဲ့တာဝန်ရှိသူ ၂ ဦးနဲ့ အနာဂတ်နိုင်ငံရေးအတွက် ဆွေးနွေးတိုင်ပင်တဲ့ကိစ္စပြီးလို့ အလွတ်သဘောပြောဆိုတဲ့ အခါမတော့ အားပါလှတဲ့ ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့ရဲ့ တိုင်းရင်းသားရေးရာ ခံစားချက်တွေကလည်း ကျနော်တို့ရဲ့နှလုံးသားထဲကို စူးစူးရှရှ ဖြစ်စေခဲ့တာအမှန်ပါ။

နောက်မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဦးခွန်ထွန်းဦး တို့ SNLD နဲ့ အန်တီစု အပါဝင် NLD ခေါင်းဆောင်ပိုင်းတွေနဲ့တွေ့ဆုံခဲ့ကြောင်းကို သိရပါတယ်။

ဟင့်အင်းကိုကျော်ဖြတ်ခြင်းဆိုတဲ့ထဲက စာသားလေးတစ်ခုကို သွားသတိရမိပါတယ်။
““ညှိနှိုင်းဆွေးနွေးခြင်းဆိုသည်မှာ နေ့စဉ်ရင်ဆိုင်ကြရသည့်ကိစ္စဖြစ်သည် ”

ပြဿနာအရပ်ရပ် ရှိမယ်ဆိုရင်တောင်မှ ညှိနှိုင်းဆွေးနွေး အဖြေရှာမယ်ဆိုရင် … ဆုံးရှုံးနစ်နာမှု့အား ပိုမသက်သာလာနိုင်ဘူးလား......” ဆိုတဲ့ အသိက ရင်ထဲမှာစွဲနစ်လျှက်…….။

ကျနော်တို့ တတွေ တနေ့မှာတော့ ဦးနေ၀င်း ( ဗိုလ်ချုပ်ကြီးဟောင်းနေ၀င်း- မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဥက္ကဌ ဟောင်း - ယခု ကွယ်လွန် ) ဆီ သွားရောက်ကမ်းလှမ်းခဲ့တယ်။ လူချင်းတော့ မတွေ့ဆုံခဲ့ပါဘူး။ ဒါပေမယ့် အကြောင်း ပြန်ကြားချက်တော့ ရခဲ့တယ်။

”ကျောင်းသားတွေ ခုလိုလာရောက်ကမ်းလှမ်းတာကို ကြိုဆိုတဲ့အကြောင်း၊၀မ်းသာတဲ့အကြောင်း၊ ဒါပေမယ့် သူ့ရဲ့ကျန်းမာရေးအရ မလာရောက်နိုင်တာကို နားလည်ပေးဖို့ ” စသဖြင့် အကြောင်းပြန်ခဲ့ပါတယ်။ အခုလို ကျနော်တို့သွားရောက်ကမ်းလှမ်းတာကို နိုင်ငံရေးအင်အားစု တချို့ကသိသွားတဲ့အခါ ကျနော်တို့ကို ၀ိုင်းဆော်ပလော် တီးကြတော့တာပဲ ။ ကျနော်တို့ ဒီအလုပ်ကို ခိုးကြောင်ခိုးဝှက်လုပ်ခဲ့တာ မဟုတ်လေတော့ (ဆော်ပလော်ဝိုင်းတီးလည်း ခံဖို့ကလွဲလို့ ဘာတတ်နိုင်မှာလဲ)။ အန်တီကျနော်တို့ကို ပြောကြားခဲ့တဲ့ .. “ ရည်ရွှယ်ချက်နဲ့စေတနာမှန်ရင် နားလည်လာကြမှာပါ ” ဆိုတဲ့ စကားကို နားထဲကြားရင်း… ရင်ထဲမှာတော့ကျိတ်မျိုခဲ့ရပါတယ်။

နောက် တစည ပါတီ ( တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ) ဆီကို သွားတော့ ကျနော်တို့ကို ပထမတော့ ခပ်စိမ်းစိမ်း၊ ခပ်တွန့်တွန့်ပဲ ဆက်ဆံခဲ့တယ်။ ကျနော်တို့ရဲ့လုပ်ရပ်နဲ့သဘောထားအမှန်ကို နားလည်သွားတဲ့ အခါမတော့ သက်ဆိုင်ရာတာဝန်ရှိသူက နွေးနွေးထွေးထွေး ပြောဆိုဆွေးနွေးခဲ့ပါတယ်။” သူတို့ ဆွေးနွေးပြီး အကြောင်းပြန်ကြားပေးပါမယ်......”ဆိုတဲ့စကားကို ရရှိခဲ့ပါတယ်။

တဖက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အန်တီစုအပါဝင် ပါတီခေါင်းဆောင်တွေ ကျနော်တို့ကျောင်းသားလူငယ်တွေဟာ အသည်းအသန် ကြိုးစားနေပေမယ့် တဘက်က နှိပ်ကွပ်မှု့တွေကတော့ လျှော့မသွားပါဘူး၊ အထူးသဖြင့် အန်တီစုဆီကို လာရောက်တွေ့ဆုံတဲ့သူတွေကို ဒုက္ခမျိုးစုံပေးတာ ခံရပါတယ်။ ပါတီဝင်နဲ့ နိုင်ငံရေး အသိုင်းဝိုင်းက လူတွေကို အဓိက ပစ်မှတ်မထားဘဲ ၊ သာမန်ပြည်သူထဲကပြည်သူတွေကို နည်းပေါင်းစုံနဲ့ ဖိနှိပ်လာတယ်။

ဥပမာ- သာမန်ပြည်သူတစ်ယောက်က အန်တီ့ဆီ လာတွေ့ပြီးတာနဲ့ နောက်ပိုင်းဂယက်တွေက ရိုက်တော့တာပဲ။ စီးပွားပျက်အောင်လုပ်တာတို့၊ အသိုင်းဝိုင်းအပြင်ဘက် ရောက်သွားအောင်လုပ်တာတို့ပေါ့၊ အဲဒီကိစ္စတွေက တော်တော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ (အဲဒီထဲက နာမည်ကျော် အဆိုတော် ကိုတင်လှိုင်တို့ ၊ စီးပွားရေးလုပ်ငန်းရှင်ထဲကဆို ဦးသိန်းရွှေ (စာရေးဆရာမ မမေငြိမ်းဖခင်) တို့ အပါအ၀င် တော်တော်များများခံရတယ်။)

ကျနော်ကိုယ်တိုင်တောင် ရန်ကုန်မြို့ကြီးမှာ နေစရာနေရာတွေ အများကြီးရှိပါရဲ့နဲ့ နေလို့မရလောက်အောင်ကို ဖြစ်ခဲ့ရတယ်။ ကျနော်နေတဲ့ အိမ်တိုင်းကို ညစဉ်ဧည့်စာရင်းစစ်တယ်။ ဘာရယ်လည်းမဟုတ်ဘူး၊ ပြီးပြန်သွားတယ်။ အဲဒါမျိုးနေ့စဉ်လုပ်တော့ ကျနော်နေတဲ့ အိမ်တွေက ကြောက်လာကြတယ်။ (ကျနော့်ညီမ အရင်းခေါက်ခေါက် အပါအ၀င်ပေါ့။)

နောက် ကျောင်းအဆောင်မှာ သွားနေတော့ အဆောင်ပိုင်ရှင်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဖိအားပေးလာပြန်ရော။ နေလို့ မရပြန်ဘူး၊ ဒီလိုနဲ့ပဲ ၊ ဟိုရွှေ့လိုက်-ဒီရွှေ့လိုက် နေရာပေါင်းများစွာ ပြောင်းနေခဲ့ရတာပါ။ ဒီကြားထဲမှာ ကိုယ့်ဒီမိုကရေစီဘက်တော်သားများရဲ့ ဖိအားပေးမှု့၊ ဆန့်ကျင်ရှုတ်ချမှု့၊ ကလိမ်ကျမှု့တွေနဲ့ ရင်ဆိုင်ရတဲ့ အခါမတော့ နိုင်ငံရေးကို အတော်ကို စိတ်ကုန်ခမ်းမတတ် ဖြစ်ခဲ့ပါတယ်။

တနေ့ အန်တီနဲ့ဆုံတဲ့အခါ ကျနော့်ရင်ထဲမှာမွန်းကြပ်နေတာတွေ စိတ်ပျက်၊စိတ်ကုန်ခန်းမတတ် ဖြစ်နေတာတွေကို ဖွင့်ဟပြောပြတော့……….အန်တီက -

နိုင်ငံရေးဆိုတာ ဒီလိုပဲ သားရဲ့..။ ကိုယ်က ဘယ်လောက်ပဲ မှန်တာလုပ်လုပ်…။ အမှန်တရားဆိုတာ မပေါ်ပေါက်သေးသရွေ့.. ခါးစည်းခံရတာပဲ..။ အဲဒါကို စိတ်ပျက်၊ စိတ်ကုန်လို့ မရဘူး….။ ကိုယ့်ရည်မှန်းချက် ပန်းတိုင်က ရှိသေးတယ် မဟုတ်လား ” “ ဖေဖေ့တုန်းကဆို.. သားတို့စဉ်းစားကြည့်လိုက်ပါ… ။အောင်ဆန်းအက်တလီစာချုပ်နဲ့ လွတ်လပ်ရေးအရယူဖို့ လက်တကမ်းအလို … အင်္ဂလန်က ခေါ်လို့ ဖေဖေတို့ သွားကြတယ်..။ ဟိုရောက်မှ .. ပါသွားတဲ့သူတွေထဲက လက်မှတ်မထိုးကြလို့.. (ဗိုလ်ချုပ်အား လုပ်ကြံသတ်ဖြတ်သူ ဦးစောနဲ့ ကျန်တယောက်က သခင်ဘစိန် ကို ရည်ညွှန်းခြင်းဖြစ်သည်။) အရမ်းကို ဗျာများခဲ့ရတာ.. ဘယ်လောက်စိတ်သောက ရောက်လိုက်မလဲ.. ။ ခံစားကြည့်လိုက်ပါ…။ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်လာတဲ့ လွတ်လပ်ရေးကို .. လက်တကမ်းအလိုကျမှ .. ဒီလိုဖြစ်တယ်ဆိုတော့.. ။ ဒါပေမယ့်လည်း အဆုံးမတော့.. အောင်မြင်သွားပါတယ်။ ” အန်တီရဲ့ စကားသံတွေထဲမှာ.. သံဝေဂသံတွေ ရောနှောပါနေတယ်ဆိုတာကို ကျနော်တို့ သတိထားမိလိုက်ကြတယ်။ ကျနော်တို့ ကိုယ်ချင်းစာနိုင်ပါတယ်။ “ အန်တီမှတ်မိသေးတယ်.. ။ ဖေဖေ .. အင်္ဂလန်က ပြန်လာတော့.. အိမ်မှာ.. စာတန်းတခု ထပ်ကပ်ထားတယ်.. ။ ” လှေခွက်ချည်းဆန် အလံမလှဲ ..” တဲ့…..။ ဒီလိုပါပဲ ..။ အန်တီ အပါအ၀င် အန်တီတို့ပါတီဆိုလည်း သားတို့သိတဲ့ အတိုင်း ဘက်ပေါင်းစုံက တိုက်လိုက်ကြတာ.. မားမားမတ်မတ် ရပ်ခံရတာပဲ.. ။ အဲ့ဒါကို စိတ်ပျက်အားလျှော့နောက်ဆုတ်သွားလိုက်မယ်ဆိုရင်.. ဘာဖြစ်မလဲ….စဉ်စားကြည့်ကြပေါ့….”

အန်တီရဲ့အားပေး စကားတွေက ကျနော့်အဖို့ အားတက်စေခဲ့တာ အမှန်ပါ။ ကုန်ခမ်းသွားတဲ့စိတ်ဓါတ်တွေ အသစ်ပြန်မွေးဖွားလာစေခဲ့တယ်။ ခွန်အားသစ်တွေဖြစ်လာတယ်။ အကယ်လို့ အဲဒီတုန်းက အန်တီသာ ခုလို အားပေးစကား မပြောခဲ့ဘူးဆိုရင်.. ကျနော် ရန်ကုန်ကနေ ဇာတိမြို့မှာပဲ ပြန်ပြီး အေးအေးဆေးဆေး သွားနေဖို့  ဆုံးဖြတ်ချက် ချလုနီးပါးဖြစ်နေပါပြီ။ (ခံနိုင်ရည် နည်းတယ်ပြောလည်း ခံရမှာပါပဲ။)၊ ဒါမျိုးဖြစ်စဉ်များကို ဦးဆောင်လုပ်တဲ့ ကျောင်းသား တော်တော်များများ ခံခဲ့ရဖူးပါတယ်။

တဆက်တည်း တင်ပြလိုတာက ယနေ့ ဒီမိုကရေစီလွတ်မြောက်ရေး တိုက်ပွဲအတွက် ကြိုးစားဆောင်ရွက်နေတဲ့ ကျောင်းသားလူငယ်များကို ကျနော်တို့ အတွေ့အကြုံတွေထဲက အရေးကြီးတဲ့ အချို့ကို ကောက်နှုတ်တင်ပြပါရစေ၊

လုပ်ရပ်တခုအတွက် အကောင်ထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ အဲဒီလုပ်ရပ်ဟာ အောင်မြင်မှု့ရောင်ခြည်တွေ မြင်လာရပြီဆို ကြီးစွာသော အနှောက်အယှက်၊ အဟန့်အတားတွေ၊ တိုက်ခိုက်မှု့တွေ ၀င်လာမှာ မလွဲဘူး....ဆိုတာ မှတ်ထားစေလိုပါတယ်။

သိပ်ဆန်းပြားတဲ့ ဖြစ်ရပ်တွေ မဟုတ်ပေမယ့် ယနေ့အထိတော့ အသုံးတွင်နေဆဲပါ၊ ဘာဖြစ်လို့လည်းဆိုတော့ စစ်အာဏာရှင်များရဲ့လက်ကိုင်ဒုတ် ထောက်လှမ်းရေးဌာနအသီးသီးရဲ့ စိတ်ဓါတ်ရေးရာ စစ်ဆင်မှု့ကို အလူးအလဲ ခံရပါလိမ့်မယ်။ ပြည်ပနိုင်ငံရေးလှုပ်ရှားမှု့ရော- ပြည်တွင်းမှာပါ အတော်ကို အရေးပါ ခရီးရောက်လှပါတယ် ။

ထောက်လှမ်းရေး အင်အားစုတွေဆိုတာ နိုင်ငံတော် ဘဏ္ဍာကို ရေလို သုံးလုပ်နေတဲ့ အဖွဲ့အစည်းတွေဆိုတော့ စိတ်ဓါတ်နဲ့လုပ်နေတဲ့ ကျနော်တို့ ဒီမိုကရက်တစ်အင်အားစုတွေ အလူးလူးအလိမ့်လိမ့်၊ အပြိုပြို အကွဲကွဲဖြစ်အောင် လုပ်နိုင်ခဲ့တာအမှန်ပါ၊

ကျနော့် အတွေ့အကြုံအရပြောရရင်… ပထမ ဦးဆောင်လုပ်တဲ့သူတွေကို သမိုင်းအညွှန့်ကျိုးအောင် အရင်ချိုးပါတယ်။ဒါမှလည်း ကျန်တဲ့သူတွေက ဦးဆောင်နေတဲ့သူတွေကို အယုံကြည် ကင်းမဲ့သွားစေတာကိုး။ ဒါကိုလည်း သူတို့မွေးထားတဲ့ သတင်းပေးတွေကတဆင့် တွင်တွင်ကျယ်ကျယ်ဖြစ်အောင် စီမံချက်ချ လုပ်ကြတာပါ။

ဒီလိုလူမျိုးတွေက အန်တီစုလိုလူမျိုးကို သူတို့လောက် မချစ်ဘူးလို့ ထင်ရလောက်အောင် ဟန်ဆောင်မှု့တွေနဲ့ စိမ့်ဝင်လာကြ တယ်။ လက်သီးလက်မောင်းကို သူများတွေထက် ပိုတန်းတယ်။ ကြွေးကြော်သံကို သူများတွေထက် ပိုကျယ်လောင်စေတယ်။ ဒီလို အယုံသွင်းပြီးပြီဆိုကာမှ သူတို့ရဲ့စီမံချက်တွေကို တစ်ဆင့်ချင်း အကောင်ထည်ဖော်တော့တာပါပဲ။

မိမိ ဒီမိုကရက်တစ်အင်အားစုတွေ ဖြစ်လင့်ကစား ကိုယ်နဲ့အဆင်မပြေတဲ့ အင်အားစုတွေဆီကို သူတို့ထဲက သတင်းပေးများက ချဉ်းကပ်မယ်။ မိမိအင်အားစုထဲမှာလည်း သတင်းပေးများကို ထည့်သွင်းထားမယ်။ သတင်းလိုချင်တာထက် ဖြိုခွဲဖို့ ဗျုဟာကို ပိုအသားပေးပါတယ်။ ဦးဆောင်၊ ခေါင်းဆောင်လုပ်နေတဲ့သူတွေ ရဲ့သမိုင်းအညွှန့်တွေကို တစစီချွေတော့တာပဲ။ အဲသလိုဖြစ်ပြီဆို မိမိနဲ့ အဆင်မပြေဖြစ်နေတဲ့ ဒီမိုကရက်အင်အားစုများ ဘက်ကိုလည်း စိမ့်ဝင်သွေးထိုးလိုက်တော့ ..ထောက်လှမ်းရေးရဲ့နည်းစနစ်တွေဟာ တစ်ခုပြီးတစ်ခု အောင်မြင်တော့တာပဲ။

သိပ်ကိုအောင်မြင်ခဲ့ပါတယ်။ အခုလည်း အောင်မြင်ဆဲပါပဲ။ နောင်လည်း ဆက်အောင်မြင်နေဦးမှာပါ၊ (အဲ...ဒါပေမယ့် ခြွင်းချက်တခုတော့ရှိပါတယ်။ ကိုမင်းကိုနိုင်တို့ ၊ ကိုကိုကြီးတို့ ထောင်ထဲကလွတ်လာပြီး၊ ၈၈ မျိုးဆက်ကျောင်းသားများဆိုပြီး လှုပ်ရှားမှု့တွေ လုပ်ကြတော့ သူတို့ဟာ အဲဒီအချိန်မှာ များစွာသော အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ ရနေသူတွေဖြစ်နေကြတော့ ...အဲသလိုလုပ်ဖို့ တော်တော်အခက်တွေ့ပါလိမ့်မယ်။

တချိန်က တဘက်နဲ့တဘက် (ဗကသနဲ့မကသ) အပြင်းအထန် တိုက်ခိုက်လာတဲ့ သူတွေဟာ ခုချိန်မှာ သွေးစည်းညီညွတ်စွာနဲ့လက်တွဲလုပ်ဆောင်နိုင်ခြင်းအပေါ်..ကြားဝင်သပ်လျှို ဖြိုခွဲလို့ မရတဲ့ အဆုံးမှာတော့ ထောင်ထဲဆွဲထည့် ပစ်လိုက်တာပါပဲ။

သွေးကွဲအောင်ဖြိုခွဲခြင်းဖြင့် သမိုင်းအညွှန့်ကျိုးအောင် လုပ်ဆောင်ခြင်းဆိုတဲ့ နအဖ လက်ကိုင်ဒုတ် ထောက်လှမ်းရေးများရဲ့ဗျူဟာ-ဟာသူတို့အဖို့ သိပ်တွက်ခြေ ကိုက်ပါတယ်။ မျောက်အမြည်းနဲ့ မျောက်ကို ချည်ခြင်းပါ၊ ကုန်ကျစရိတ်သက်သာတဲ့အပြင် ဖမ်းဆီးထောင်ချခြင်းကြောင့်ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ -နအဖကို နာမည်ပျက်စေနိုင်မယ့် အမည်းစက်ကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

ဒီလိုနဲ့ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ လွင့်စင်သွားသူတွေ၊ ဘေးရောက်သွားသူတွေဟာ (ဒီမိုကရက်တစ်အင်အားစုများအဖို့ ..) အင်မတန်မှ ၀မ်းနည်းစရာကောင်းလှပါတယ်။ နှမြောစရာကောင်းလှပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးခေတ်အဆက်ဆက်မှာ ဘယ်တော့မှ တိမ်ကော မသွားတဲ့ ၊ ဘယ်တော့မှလည်း ပျောက်မသွားဘဲ ၊ ထပ်ခါထပ်ခါ အသုံးချတိုင်း အောင်မြင်နေတဲ့ ထောက်လှမ်းရေးများရဲ့မာယာကျော့ကွင်းဗျူဟာများဟာ ယနေ့ထက်တိုင် ခေတ်မှီနေဆဲပါ။

ဥပမာပြရရင်- အန်တီစုကို ၀န်းရံနေသော ကျောင်းသားလူငယ်များ၊ပါတီလူငယ်များ၊ လုံခြုံရေးအနီးကပ် တာဝန်ယူနေသူများကို သူတို့သတင်းပေးများမှတဆင့် တီးတိုးဝါဒဖြန့်ပါတယ်။ အဲဒီလူတွေကို ထောက်လှမ်းရေးကပဲ လစာပိုက်ဆံပေးထားသလိုလို၊ အကျိုးစီးပွားတွေ ပုံအောပေးထားသလိုလို၊ အန်တီ့အနီးနားကို ကပ်လာပြီး အဲဒီလူတွေကပဲ နိုင်ငံအကျိုးကို ပျက်စီးအောင်လုပ်တော့မယ့် သူတွေလိုလို ၊ အန်တီကျဆုံးသွားအောင်၊ နာမည်ပျက်သွားအောင် လုပ်တော့မယ့် သူတွေလိုလို ဖြစ်အောင် တီးတိုးလှုံ့ဆော်ဖြန့်ပါတယ်၊

ဒီလူငယ်တွေဟာ တဘက်မှာ မိမိကိုယ်ကျိုးကို စွန့်ပြီးလည်း လုပ်ရသေး၊ လူထုနဲ့ မိမိ ဒီမိုကရက်တစ်အင်အားစုတွေရဲ့ မျက်လုံးစိမ်းတွေ၊ တံတွေးစက်တွေကြားမှာလည်း နေရသေး ဆိုတော့ စိတ်ဓါတ်ရေးရာအတွက် တော်တော့်ကို ကြံ့ကြံ့ခံခဲ့ရပါတယ်။ အန်တီစုနဲ့ လူကြီးများကသာ နားလည်မှု့မပေးနိုင်ဘူးဆိုရင်.. နိုင်ငံရေးကို တသက်လုံး မလုပ်ချင်တော့လောက်အောင် စိတ်ကုန်သွားမှာအမှန်ပါ။

ဒီမိုကရေစီ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မယ့် မျိုးဆက်သစ်လူငယ်များ သင်ခန်းစာယူနိုင်ဖို့လိုပါလိမ့်မယ်။ စာရေးဆရာ- ဆရာအောင်သင်း စကားနဲ့ပြောရရင်.. ”လူလိမ္မာဆိုတာ သူများအမှားပေါ်မှာ သင်ခန်းစာယူနိုင်ရပါ့မယ်။”

ဒီနေရာမှာ ကျနော်ရဲဝံ့စွာ အားမနာတမ်း ပြောနိုင်တာရှိပါတယ်။ အန်တီစုဟာ ဘယ်သောအခါမှ အဲသလို အောက်တန်းကျတဲ့ လုပ်ရပ်များကိုမှ လုပ်ဖို့ နေနေသာသာ စဉ်းတောင် မစဉ်းစားပါဘူး၊ မိမိလိုချင်တဲ့ ပန်းတိုင်ကို ရိုးသားဖြောင့်မတ်စွာ သွားပါတယ်။ ဖြူစင်တဲ့အကျင့်ကိုပဲ ကျင့်ပါတယ်။ ပရိယာယ်လို ၊ မာယာလို နည်းစနစ်တွေ၊ ဗျူဟာတွေကို ဘယ်သောအခါမှ မကျင့်သုံးပါဘူး၊ အပြုံးနဲ့ခုတုံးလုပ် မဆက်ဆံပါဘူး။ ဒါကိုတော့ ရဲရဲကြီးပြောရဲပါတယ်။ တစ်ခါက အန်တီကျနော်တို့ကိုပြောခဲ့ဖူးပါတယ်….။

“ တိုင်းပြည်ခေါင်းဆောင်လုပ်မယ့်သူဆိုတာ .. ရိုးသားဖြောင့်မတ်ဖို့လိုတယ်......တဲ့ ”

ဘယ်သူတွေ ဘယ်လိုပဲ လုပ်လုပ်၊ပြောပြော၊ သွေးခွဲနေပါစေ ။အန်တီစု အပါအ၀င် လူကြီးများရဲ့နားလည်မှု့ ပေးတတ်ခြင်းတွေ အပေါ်မှာတော့ ကျနော့်တသက်မှာ ဘယ်သောအခါမှ မေ့သွားမှာမဟုတ်ပါ၊ ကျနော်တို့တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်တွေထဲမှာတောင်မှ ရင်ဝကို လက်သီးနဲ့ပစ်ထိုးလိုက်သလိုမျိုး ခံစားခဲ့ရတဲ့ဖြစ်စဉ်များလည်း ဆုံတွေ့ခဲ့ဘူးပါတယ်။

ကျနော်တို့ရဲ့အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစဉ်ကို ကြိုးစားဆောင်ရွက်နေစဉ်မှာ တချို့နိုင်ငံရေးသမားကြီးများရဲ့ သင်္ကာမကင်းအကြည့်တွေ၊ ရိသဲ့သဲ့အပြောတွေနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျနော်တို့လုပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အပေါ်မကျေနပ်လို့ ၊ ဒါမှ မဟုတ် အန်တီစုအပေါ် အစာမကြေလို့ တုန့်ပြန်တာမျိုးကို ကိစ္စမရှိပါဘူး။ ခံနိုင်ပါတယ် ။ ဘယ်လိုပုံသဏ္ဍန်မျိုးနဲ့ပဲဖြစ်ဖြစ် အောင်မြင်အောင် ကျော်ဖြတ်ဖို့ ကျနော်တို့မှာဆုံးဖြတ်ထားတာတွေ ရှိပါတယ်။ ဘယ်လိုပဲအောက်ကျ ခံရခံရ ကျနော်တို့လုပ်ဆောင်ပါ့မယ်။ ဒါပေမယ့် အဲသလို မဟုတ်ဘူး..။

ကျနော်တို့ကပဲ နအဖ လက်ကိုင်ဒုတ်ကျောင်းသားတွေလိုလို၊ ထောက်လှမ်းရေးကြိုးဆွဲသမျှ လိုက်လုပ်နေရတဲ့သူတွေလိုလို ဆက်ဆံခံရတဲ့အခါမတော့..ကျနော်တို့ လူငယ်ကျောင်းသားအငယ်တွေကပဲ အောင့်အီးသည်းခံပေးလိုက်ရပါတယ်။

ကျနော်တို့နဲ့ဆွေးနွေးဖို့ စတောင် မစရသေးခင်….
“ ဗိုလ်ခင်ညွှန့်က.. ဘာမှာလိုက်လဲ” ဆိုတာမျိုးဟာ သိပ်ကို ခံရခက်တဲ့စကားတွေပါ။ လူကြီးတွေက သဘောထားအမြင်မကြီးနိုင်ဘဲ ၊ လူငယ်တွေက နားလည်ပေးရတာ အတော် ကသိကအောင့် နိုင်စေခဲ့ပါတယ်။

”အမှန်တရားက ဖိနပ်စီးဖို့ ကျန်နေတုန်း.. မုသားက ကမ္ဘာကို ပတ်ပြီးပြီ ..။” ဆိုတဲ့စကားကို သွားသတိရမိတယ်။ နအဖ လက်ကိုင်ဒုတ် ထောက်လှမ်းရေးတွေရဲ့သွေးခွဲသပ်သျှို ၊ အညွန့်ချိုး နည်းဗျူဟာများဟာ အောင်မြင်ပါပေတယ်။ ဒီမိုကရက်တစ်အင်အားစုတွေ တဖွဲ့နဲ့တဖွဲ့၊ တယောက်နဲ့တယောက်ကြားမှာ သံသယတွေပွားအောင် လုပ်တာလည်း သူတို့လက်ချက်ပါပဲ။ အန်တီစုလို ပုဂ္ဂိုလ်မျိုး အနားမှာ ၀န်းရံသူတွေ ကင်းမဲ့သွားအောင် ၊ အထီးကျန်အောင် အမျိုးမျိုးလုပ်ဆောင်ခဲ့တာလည်း သူတို့လက်ချက်ပါပဲ။

တကယ်တော့ မြန်မာနိုင်ငံစစ်အာဏာရှင်အဆက်ဆက်မှာ စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ဆန့်ကျင်ဘက် အတိုက်အခံလို့ပဲ ခေါ်ခေါ်၊ရန်သူလို့ပဲ သုံးသုံး၊ အဲဒီလူပုဂ္ဂိုလ်တွေ၊ခေါင်းဆောင်တွေ၊အင်အားစုတွေကို ရှုမြင်သုံးသပ်၊လုပ်ဆောင်ရာမှာ စစ်အမြင်၊စစ်ရှုထောင့်ကနေပဲ လုပ်ဆောင်တာများတယ်။ စစ်ပွဲတွေမှာ အကောင်းဆုံးစစ်ပွဲဟာ ဘာလည်းဆိုတော့ မတိုက်ပဲနဲ့ နိုင်တဲ့စစ် ဆိုတဲ့ ဥပဒေသ တခုရှိတယ် ၊ အဲဒီဥပဒေသကို နအဖက မြေပေါ်မြေအောက်ကျင့်သုံးတယ်။

(လောလောဆယ် အဲဒီဥပဒေသနဲ့ပတ်သက်လို့မြင်သာတာကတော့ နယ်ခြားစောင့်တပ် အဖွဲ့ခံလိုက်ရတဲ့ တိုင်းရင်းသားလက်နှက်ကိုင်တွေပါ။) ထို့နည်းတူစွာပါပဲ မြေပေါ်နိုင်ငံရေးအင်အားစုများကိုလည်း ဒီသဘော ကျင့်သုံးတယ်။သူတို့တိုက်စရာမလိုတော့ဘူး ၊ ဖမ်းပြီးထောင်ထဲထည့်စရာမလိုတော့ဘူး။ (အဲသလို လုပ်နေရရင် - သူတို့အဖို့ သိပ်တွက်ချေ မကိုက်ဘူးထင်ပါရဲ့-ပျက်လက်စ နာမည်က ပိုပျက်လာဦးမယ်။) ဒီအဆင့်နဲ့မရမှ ထောင်ထဲထည့်ပေါ့။

အချင်းချင်းတွေ ရန်တိုက်ပေးလိုက်တယ်၊ ဦးဆောင်နေသူတွေ သမိုင်းအညွှန့်ကျိုးအောင် ဖန်တီးပေးလိုက်တယ်၊ နာမည် မပျက်ပျက်အောင် ဗျူဟာတွေ ၊မဟုတ်မမှန် တီးတိုးဝါဒဖြန့်မှု့တွေနဲ့ အများစုကို အယုံသွင်းပြီး အဲဒီသူတွေကို ယုံကြည်တဲ့သူတွေ မရှိအောင် ၊နိုင်ငံရေး၊လူမှု့ရေး၊စီးပွားရေးလောကပါ မကျန် ဘေးရောက်...၊ အားလုံးနဲ့ အထီးကျန်ဖြစ်အောင်တွန်းပို့ပေးလိုက်တယ်၊ အဲသလို အခြေနေတရပ်ကို ရောက်အောင် စစ်အာဏာရှင်လက်ကိုင်တုတ် ထောက်လှမ်းရေးတွေက ရေလာမြောင်းပေး နည်းနည်းလေးလောက် ဖန်တီးပေးလိုက်ရုံဆို လုံလောက်ပါပြီ ။ ကျန်တဲ့အပိုင်းကို မိမိ ဒီမိုကရက်အင်အားစု ဘက်တော်သားများက ဆက်လုပ်ကြတော့တယ်။သူတို့က ကျန်ရှိအပိုင်းကို ဆက်တွန်းကြတယ်။ တချို့ ကိုယ့်အင်အားစုတွေဆို ထောက်လှမ်းရေးက အဲသလိုခင်းပေးလို့ သူတို့ဆက်လျှောက်နေတာတောင် ဆက်လျှောက်မှန်း မသိရလောက်အောင် ထောက်လှမ်းရေးတွေက ပါးနပ်ပါတယ်။ ကျွမ်းကျင်ပါတယ်။

တခါက နပိုလီယံပြောခဲ့တဲ့စကားကို ဖတ်ဖူးမိတယ် ။ “ရန်သူလျှောက်စေချင်တဲ့လမ်းကို လျှောက်မိတာလောက် မှားတဲ့အမှား မရှိဘူး...တဲ့ ”
ဆင်ခြင်နိုင်စရာစကားလေးပါ။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ထင်ရှားနေတဲ့ ကျောင်းသားခေါင်းဆောင် မင်းဇေယျတို့ ၊ ကိုကိုကြီး တို့ဆို ..ဒီလို အောက်တန်းကျတဲ့ ထောက်လှမ်းရေးများရဲ့ ဗျူဟာအောက်မှာ ကာလတခုထိ လူးလိမ့်နေအောင် ခံခဲ့ရပါတယ်။ မိမိ အင်အားစုများရဲ့ အထင်မှားခြင်း၊ ၀ိုင်းကြဉ်ခြင်းကို ခံခဲ့ရပါတယ်။ အမှန်တရား ကမ္ဘာပတ်မှပဲ သက်သာရာရခဲ့တာ မဟုတ်လား၊

ဒါ့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အပြောလွယ်သလောက် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အတော်ခက်ခဲတယ်ဆိုတာကို အတွေ့အကြုံတွေက သက်သေခံနေပါတယ်။

တကယ်လို့သာ အန်တီစု အပါဝင် လူကြီးများရဲ့ အားပေးမှု့မရှိဘူးဆိုရင် ကျနော်တို့ လုပ်ငန်းစဉ်များဟာ တလက်မ တောင် ရွှေ့နိုင်စရာ အကြောင်းမရှိခဲ့ပါဘူး၊

အပိုင်း ( ၇ ) ဆက်ပါဦးမည်။ ( မောင်မောင်ဝမ်း )


နအဖ ဝါဒဖြန့် သတင်းစာပါ... လေကြောင်းလိုင်း မှားယွင်းဖော်ပြချက်

သြစတြေးလျ လေကြောင်းလိုင်းတစ်ခု ဖြစ်တဲ့ Qantas လေကြောင်းလိုင်းမှ Airbus A380 လေယာဉ် ဟာ နိုဝင်ဘာလ ၄ ရက်နေ့က အင်ဂျင်မီးလောင်မှု ဖြစ်တဲ့ အတွက် စင်ကာပူ နိုင်ငံ ချန်ဂီလေဆိပ်မှာ အရေးပေါ် ဆင်းသက်လိုက်ရပါတယ်။

ဓာတ်ပုံ...AP (လေယာဉ်အင်ဂျင်အား မီးငြိမ်းသတ်နေပုံ ပေါက်တူး၊ ဂေါ်ပြားတွေတော့ မပါပါဘူး)

Lair Myanmar

ထူးခြားတာကတော့ နိုဝင်ဘာလ၅ရက် နေ့ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာမှာ ကာတာလေကြောင်းခရီးသည်တင် လေယာဉ်ကြီး စက်ချွတ်ယွင်း၍ အရေးပေါ် ဆင်းသက်ခဲ့ရဆိုပြီး ခပ်တည်တည်နဲ့ လုပ်ချထားပါတယ်.. Qantas ကို ကာတာဆိုပြီး လုပ်ချလိုက်တာပါ..။ ကာတာလေကြောင်းလိုင်း အနေနဲ့ နာမည်ဖျက်မှုနဲ့ မြန်မာသတင်းစာ ၂စောင်ကို တရားစွဲသင့်ပါတယ်..။

(Qantas) ကို ကာတာလို့ ဘာသာပြန်တယ်ဆိုတော့ ..ဒါဆို.. ကြေးမုံ အင်္ဂလိပ်လို The (Mirror) ကိုလည်း မိလ္လာလို့များ ဘာသာပြန်မလားတော့ မပြောတတ်ပါဘူး.. မိလ္လာသတင်းစာပေါ့...

အောက်မှာ ၃ရက်နေ့ထုတ် မိလ္လာသတင်းစာပါ .. သတင်းလေးတစ်ပုဒ်ပါ.... အသွင်သဏ္ဍာန်က စုတ်ပျက်ပြီး အနှစ်သာရသံုံးမရတဲ့ နအဖခေတ် အတင်းစာပါ..
The Mirror

ဂျပန်TBS သတင်းဋ္ဌာန ကထုတ်လွှင့်သွားတဲ့ (၇)ရက်နေ့မှာ ကျင်းပမယ့်.. ရွေးကောက်ပွဲနဲ့ စစ်အစိုးရ အကြောက်ဆုံးလူရဲ့ ထုတ်ဖော်ပြောဆိုချက်... .

Bold
ဒီနေ့ ဂျပန်မှ နာမည်ကျော် TBS သတင်းဋ္ဌာနမှ ထုတ်လွှင့်သွားတဲ့ ၇ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ စစ်အစိုးရ အကြောက်ဆုံးလူရဲ့ ထုတ်ဖော်ပြောဆိုချက် ခေါင်းစဉ်နဲ့ ရန်ကုန်မှာ ထောက်လှမ်းရေးတွေ ပတ်လည်ဝိုင်းနေတဲ့ ဘဘဦးဝင်းတင်နဲ့ အင်တာဗျူးကို ထုတ်လွှင့် ပြသသွားပါတယ်..။

Kogyinyo မှ ပြန်လည်ကူးယူ ဖော်ပြပါသည်..။ မျှဝေပေးတဲ့ Jutta Pflueg အား ကျေးဇူးတင်ပါသည်..။

AlJazeera သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ မြန်မာရွေးကောက်ပွဲနဲ့ မြန်မာပြည်တွင်း လက်ရှိအခြေအနေ (ရုပ်သံ၊ သတင်း)


ယတြာအလံ တိုင်းနိုင်ငံအသီးသီးသို့ ရောက်ရှိစဉ် ကြိုဆိုပွဲ အခမ်းအနား.. ဓာတ်ပုံများ စုစည်းမှု..

အောက်တိုဘာလ (၂၁)ရက်နေ့ နေ့လည် ၃နာရီ၃၃မိနစ်မှာ စတင်ခဲ့တဲ့ ယတြာအလံအား (ဓာတ်ပုံ ဧရာဝတီဘလော့(ဂ်)မှ
မြို့တော်အောင်သိန်းလင်း ဇာတ်အဖွဲ့မှ..
ဤသို့ အိုးစည်ဒိုးပတ်ဝိုင်းများဖြင့် သောင်းသောင်းဖြဖြ သယ်ဆောင်လာပြီး..ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ခေတ္တရပ်နားစဉ်.. မြို့တော်သိန်းစိန်အဖွဲ့ (ဓာတ်ပုံ AP)
ဂျပန်နိုင်ငံသို့ရောက်ရှိလာပြီး...
သိရိလကာင်္နိုင်ငံသို့ ဆက်လက်သယ်ဆောင်ခဲ့ပါတယ်... သီရိလကာင်္နိုင်ငံမှာ မီးရှုးမီးပန်းများဖြင့်ကြိုဆိုနေပုံ (ဓာတ်ပုံ မေမေ့သား)
ဆက်လက်ပြီး အိန္ဒိယနိုင်ငံသို့ ရောက်ရှိကာ..

တို့ ပြည်ထောင်စု အလံတော်သည်..
ငတက်ပြားတို့ ယတြာချေသည်..
ပြည်သူအားလုံး အစာမကြေပြီ...
ဝိုင်းဝန်းမီးရှို့ကြပါသည်...

ဤသို့ အိန္ဒိယနိုင်ငံမှာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်... (ဓာတ်ပုံ AP)
လာမည့်နိုဝင်ဘာလ (၇)ရက်နေ့အတွက်

ကြပ်ပြေး ယတြာအလံစာ..


မြန်မာသက္ကရာဇ်၁၃၇၂ တော်သလင်းလပြည့်ကျော် ၁၃ရက် ခရစ်နှစ် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ရက်နေ့ နေ့လည် ၃နာရီ၃၀ မိနစ်တွင် သရ အမည်ရှိသာ မြေဖုတ်ဘီလူးသည်.. မနပလဆိုသော မြန်မာပြည်၏ အရှေ့တောင် အရပ်မှ ကက အမည်ရှိသော ဥစ္စာစောင့်မိန်းမမှ ခိုးယူလာသည့် အရောင်လေးမျိုးပါသည့် အဝတ်တစ်ခုကို ကိုင်ကာ လဒကိုစီးလျှက် ကြပ်ပြေးဆိုသော အရပ်သို့ ဆင်းလေသည်.. ထိုနေ့ကားနတ်ပြည်၌ ရက်ရာဇာ.. လူ့ပြည်၌ ပြည်သူလူထုအတွက် ရက်ရာဇာ ဖြစ်ပြီး မတရားအုပ်ချုပ်နေသူများ အတွက် ပြဿဒါးနေ့ဖြစ်၏.. ဤကား ယတြာအလံ အကျတည်း။

ထိုမှ မြန်မာ၃နာရီ ၃၃မိနစ်အချိန်တွင် မဟာရန်ကုန်မြို့လယ်ကောင် တည့်တည့်၌ အသလဆိုသော မြို့စောင့် ပြိတ္တာသည် .. ခေါင်း၌ ခေါင်းပေါင်းမပါ.. ပြိတ္တာနှင့် မလိုက်ဖက်သော မည်းသောကိုယ်၌ ဖြူဖွေးသော အဝတ်ကို ဝတ်ဆင်လျှက် ပုဆိုးအကွက် ကိုဆင်မြန်းပြီး ခြေ၌ စင်ကြယ်ဖိနပ်ကို စီးကာ.. ပြိတ္တာ ပရိသာတ် အပေါင်းခြံရံလျှက် မြေဖုတ်ဘီလူး သရယူဆောင်လာသော အရောင်လေးမျိုးပါသော အဝတ်စအား ယတြာတိုင်သို့ လွှင့်လေသည်.. ထိုအချိန်၌ ကဆအမည်ရှိသော မည်းမည်းပုပု အသံစာစာနှင့် မျက်မှန်တပ်ထားသော မှင်စာသည် အောင်ပြီအောင်ပြီဟု သုံးကြိမ်တိုင်တိုင် အော်လေသည်..။ ထိုအချိန်၌ ကြပ်ပြေးဆိုသော အရပ်၌ အရောင်အဆင်းမရှိသော ဆင်တစ်ကောင်အား အချိန်ကိုက်၍ အနောက်အရပ်မှ မြို့သို့ အတင်းဓမ္မ မောင်းသွင်းစေလေသည်။ ဤကား ယတြာအလံအကြတ်တည်း။

ယခုနှစ် ယတြာအလံစာ အရ အသလဆိုသော မြို့စောင့် ပြိတ္တာသည် ဖြူဖွေးသော အဝတ်ကို ဝတ်ဆင်လျှက် ပုဆိုးအကွက် ကိုဆင်မြန်းပြီး ခြေ၌ စင်ကြယ်ဖိနပ်ကို စီးလျှက် အဝီဇိ အရပ်မှ ဝင်ရောက်လာသောကြောင့် ယခုနှစ် အဖြူရောင်နှင့် အစိမ်းရောင် ပုဆိုးကို ဝတ်ဆင်သော တိရိစ္ဆာန်ပုံ ပါသော ခွေးခြင်္သေ့ပါတီ ရွေးကောက်ပွဲ လုပ်ခဲ့သည်ရှိသော်.. ခွက်ခွက်လန်ရှုံးအံ့ ရခိုင်ပုဆိုးနှင့်တူသော အရာကို ဝတ်ဆင်ထားသောကြောင့် ရခိုင်ပြည်နယ်အတွင်း လေဘေးကျအံ့ .. ပြည်သူအချင်းချင်းမှ ဒုက္ခရောက်နေသူများအား ကူညီအံ့.. အသလဆိုသော မြို့စောင့် ပြိတ္တာသည် စင်ကြယ်ဖိနပ်ကို စီးလျှက်တွေ့ရသည့် အတွက် နေပြည်တော်မှ မင်းအစိုးရများ စောက်ကျိုးနည်းအံ့.. ကိုယ့်ရှူးကိုယ်ပတ်အံ့.. စောက်ထိုး ခွေးကျကျအံ့.. ယတြာအလံသည် စင်ပြိုင်အစိုးရတစ်ရပ်၏ အလံဖြစ်နေသည့်အတွက် ထိုနေ့မှစ၍ မကြာသော ကာလ၌ စင်ပြိုင်အစိုးရတစ်ရပ် ပေါ်ပေါက်အံ့.. ယခုနှစ် ယတြာအလံစာသည် အတုအပလုပ်ထားသည့် အတွက် အတုအယောင် ပြုလုပ်ထားသော အလံ တံဆိပ် စသည့် ပါတီ အဖွဲ့အစည်းများ ကိုယ်ကျိုးနည်းအံ့.. ပြည်သူတို့၏ ဆန့်ကျင်ခြင်းကို ခံရအံ့..

ယနေ့မှစ၍ ခုနှစ်ရက်သားသမီးတို့ အတွက် ယတြာကား လာမည့် တန်ဆောင်မုန်းလဆန်း(၁)ရက် နိုဝင်ဘာလ (၇)ရက်နေ့၌ အိမ်ထဲမှ အိမ်ပြင်မထွက်ပဲ နေသူများ ကောင်းကျိုးချမ်းသာများ ဧကန်မုချရရှိအံ့... အကယ်၍ ထိုနေ့ အိမ်တွင်းမှ မထွက်မနေ ထွက်ရပြီး မသွားမဖြစ်သွားရသော အရပ် မဲရုံစသည့် နေရာဋ္ဌာနများသို့ သွားရောက်ကြကုန်သော ခုနှစ်ရက်သားသမီးများအတွက် ယတြာအလို့ငှာ လူပုံများပါသော မဲစာရွက် အပေါ်ရှိ လေးထောင့်ကွက်များ၌ ရှိသမျှ အမှားခြစ်၍သော် လည်းကောင်း ပြုလုပ်ဆောင်ရွက်ပါသော်.. လာမည့် နှစ်၊လ၊ရက်များအတွင်း ကောင်းကျိုးချမ်းသာကို ဧကန်မုချ ရရှိခံစားရပါပေလိမ့်မည်..

ထိုယတြာအလံကား လာမည့် တန်ဆောင်မုန်းလဆန်း(၁)ရက် နိုဝင်ဘာလ (၇)ရက်နေ့၌ သရ မည်သော မြေဖုတ်ဘီလူးသည်.. ခွက်စုတ်ကို ကိုင်ကာ နအဖ ဆိုသော အပေါင်းအပါများနှင့် ကမ္ဘာမြေ၏ အောက်တည့်တည့်ဖြစ်သော အဝီဇိ အရပ်သို့ ပြန်လည်ဆင်းသက်အံ့ ဤကား ယတြာအလံ အပျက်တည်း..။

ဤကား ကြပ်ပြေး ယတြာလံစာ အလိုတည်း...

နအဖနှင့် အပေါင်းအပါများမှ လွှဲ၍ ခုနှစ်ရက် သားသမီးများ ကျန်းမာ ချမ်းသာကြပါစေ..

မြန်မာပြည်မှ ဆရာဝေဒ

ယတြာအလံစာမှာ ပါဝင်သည့် နတ်ဆိုးအမည်များ

သရ ... သန်းရွှေ
ကက... ကြိုင်ကြိုင်
အသလ.. အောင်သိန်းလင်း
ကဆ.... ကျော်ဆန်း
နအဖ... နွားအဖွဲ့

မနပလ... မာနယ်ပလော အရပ်...

ဂီရိမုန်တိုင်း နောက်ဆက်တွဲ ဓာတ်ပုံများနှင့် ရခိုင်ပြည်သူများရဲ့ ခါးသီးတဲ့ဘဝများ... (သတင်း၊ဓာတ်ပုံ)



ရခိုင်ပြည်နယ်မှာ တိုက်ခတ်သွားတဲ့ ဂီရိမုန်တိုင်းကြောင့် ရခိုင်တိုင်းရင်းသားတွေ ယခုအချိန်ထိ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရဆဲပါပဲ.. အသက်တွေ ဆုံးရှုံး. အိုးအိမ်တွေ ပျက်ဆီး.. လတ်တလော နေရေး.. စာရေး အခက်အခဲများစွာနဲ့ ခါးသီးတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတဲ့ အချိန်မှာ အာဏာပိုင်ဆိုသူများထံမှ လုံလောက်တဲ့ အထောက်အပံ့များရရှိခြင်း လည်းမရှိသေးပါဘူး..။ တိုင်းပြည်အကြီးအကဲ ဆိုသူများလာရောက် တွေဆုံအားပေးတယ် ဆိုတာကတော့ ဝေလာဝေးပါပဲ.. မြို့ပေါ်နေရာဒေသအချို့မှာ ဟန်ပြ အကူအညီလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တာကလွဲပြီး ဘာမှထိရောက်တဲ့ အကူအညီတွေ လုပ်ဆောင်ပေးခြင်း မရှိသေးပါဘူး... မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် ဒေသအချို့မှာ ရွေးကောက်ပွဲတွေ ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားပေမယ့် ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြန်ခြင်း မရှိသေးကြောင်း သတင်းများက ဆိုပါတယ်..။

ဒီလို နေထိုင်ရေး.. စားရေး သောက်ရေး အနာဂတ်ရေးတွေ အခက်အခဲဖြစ်နေတဲ့ လက်ရှိအနေအထားတွေမှာ သားသမီးချင်း မိဘချင်း ကိုယ်ချင်းစာပြီး ကိုယ်ကိုယ်တိုင် လက်ရှိအနေအထားမှာ နေထိုင်ရရင်ကော ဆိုတဲ့ ခံစားချက်လေးနဲ့ လူစိတ်လေး နည်းနည်းပါပါး ထားကြည့်ကြပါဦးလို့ အကြံပြုလိုက်ရပါတယ် စစ်အာဏာရှင်ကြီးများ ခင်ဗျား...

ဒီမိုဝေယံ

ဓာတ်ပုံများ ညီငယ် အလင်းဆက်မှ ပေးပို့ပါသည်....

ကျောက်ဖြူရေဘေး လှူချင်ရင်..
ဂျပန်နိုင်ငံမှ လှူဒါန်းလိုသူများ အတွက်..
ကျောက်ဖြူရေဘေးအတွက် ဂျပန်နိုင်ငံရှိ ရခိုင်လူမှုရေးအသင်းမှ ကူညီထောက်ပံမှုများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး လှူဒါန်းလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်..။
ကိုမြတ်သူ... 090-5521-3941 ကိုမောင်မောင်.. 090-4363-5537

ဗိုလ်ချုပ်အောင်ဆန်း ရေးတဲ့ ကျောင်းသား နှင့် ကျောင်းသားသမဂ္ဂ

ပညာစစ်ကိုရရန် လွတ်လပ်စွာတွေးတော ပြောဆို ဆွေးနွေး လုပ်ကိုင်လိုသောစိတ်ဓါတ်ကို မွေးရန်လို၏။ အချက်ကို ပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်များက Academic Freedom ပညာသင်ကြားရေး လွပ်လပ်ခွင့်ဟု ခေါ်ဝေါ်ကြ၏။ ဤအချက်ကား ကမ္ဘာ့ရာဇဝင်ကို တမျိုးတမည် ပြောင်းလွဲစေသည့် ရီနေဆွန့်နှင့် ရီဖော်မေရှင်းခေါ် ခေတ်သစ်ဝါဒ၊ လောကဓါတ်ပညာ ပြန့်ပွားရာ အကြောင်းရင်းတည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလာမသုတ္တန် သဘောအရပင်တည်း။

ထိုလွပ်လပ်စွား တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ရှိရမည် ဆိုရာတွင် ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆို လုပ်ကိုင်ခြင်း မဟုတ်ပေ။ လောကရှိ လူအပေါင်းတို့သည် ရေးတွင်းထဲရှိ ဖားသူငယ်ကဲ့သို့ နေ၍မဖြစ်ပေ။ တဦးနှင့်တဦး ကူးလူးဆက်ဆံရလေသည်။ ယခုခေတ်အခါတွင် ဤသို့ ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ပင် နယ်ကျယ်လာလေသည်။ ယခု အတိုင်းတိုင်းအပြည်ပြည် ကြုံတွေ့နေရသော ရှားပါးခေတ်သည် ထိုဥပဒေကို လွန်ဆန်၍ ကိုယ့်ဘက်၊ ကိုယ့်သဘောကိုသာမြင်သော၊ ဝါဒကြောင့်ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံ ဖြစ်လေသည်။ ထိုသို့ဖြစ်ရာ လူတိုင်း၊ လူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်း သမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသား တို့ကို တွေ့မြင်သိရှိရ၍၊ ပိုမို အမြင်ကျယ်လာနိုင်လေသည်။ သို့အမြင်ကျယ်မှ တဦးကိုတဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆို အနေအထိုင်ပြုပြင်လာခြင်း၊ စသဖြင့် လောကလူလုပ်တတ်သည့် အရည်အချင်းများ ရနိုင်လေသည်။
ထို့ကြောင့် ထိုသို့ ကူးလူးဆက်ဆံ အမြင်သန်အောင်၊ ကျောင်းများ၊ တက္ကလိုလ်များတွင် ကျောင်းအိပ် ကျောင်းစားထားခြင်း၊ အသင်းအပင်းများထောင်ခြင်း စသည်တို့ ပြုကြရသည်။ သို့ရာတွင် အပေါင်းအသင်း သမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာမပြောရ မဆိုရ မလုပ်ရ မဆွေးနွေးရလျှင်၊ မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ ၂ ဘက်၊ ၂ ချက်စုံမှ ပညာရေးအစစ် မည်လေသည်။
တဖန် ယနေ့ဖြစ်သော ကျောင်းသားများသည် နက်ဖြန်ပြည်ကြီးသားများ ဖြစ်ကြ၏ဟု ဆိုရိုးစကား ရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာတို့နှင့် ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေဝပ်နည်း၊ ကိုယ်လက်ကျန်းမာရေး စသဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ ရဲတပ်များ၊ ကစားနည်းများကို ထွင်ကြ၏။ ထိုမျှမက ယခုအခါ တနိုင်ငံနှင့်တနိုင်ငံမှာ ခွဲစပ်၍ မဖြစ်နိုင်။ တရုတ်ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကို လည်းကောင်း၊ ကမ္ဘာ့ယဉ်ကျေးမှုကိုလည်းကောင်း၊ လူသတ္တဝါတို့အားလည်းကောင်း မည်သို့မည်ပုံ ထိခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာ့အခြေကိုလည်း မိမိရရသိရန် လို၏။ ဤသည်တို့ကား အကြမ်းမျှ ကျောင်းသားတို့ပြုလုပ်ရမည့် ဝတ္တရားများ ဖြစ်ကြ၏။
ထို့ကြောင့် ကမ္ဘာရှိကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍၊ စစ်မက်တားမြစ်ရေး၊ အလုပ်လက်မဲ့ ပပျောက်ရေးအကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေအထူးမလှသော စပိန်ပြည်နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်နှင့်အခါအလျှောက်လည်း၊ ကျောင်းသား၏ ဝတ္တရားလည်း ကွဲလာ၏။ ဤပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရား အားလုံးကို သိမြင်သည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွတ်၊ မလုပ်တတ် မကိုင်တတ် မဖြစ်ရအောင်၊ ကျွန်ုပ်တို့သည် ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအသင်းကြီး ကို အထင်အရှား တည်ထောင်ထား၏။ ထိုအသင်းကို ဝင်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသောသူတိုင်း၏ တာဝန်ပင်တည်း။
မြန်မာနိုင်ငံလုံးဆိုင်ရာ သမဂ္ဂအသင်းဥက္ကဋ္ဌ ကိုအောင်ဆန်း ရေးသော “ကျောင်းသားဝတ္တရား” ဆောင်းပါးမှ ကောက်နုတ်ချက်….
ဤဆောင်းပါးကို မန္တလေးသူရိယ (အမျိုးသားနေ့ အထူးစာစောင်)၊ ၁၂၉၉ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ စာ ၁၇-၁၈ တွင်ဖော်ပြခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အားလုံးသော ရဟန်းအာဇာနည်၊ ကျောင်းသားအာဇာနည်၊ လူအာဇာနည် အပေါင်းတို့အား လေးစားသောအားဖြင့် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက်၊ ဘလော့ခ်ဂါ ခမိခဆဲနှင့် ဒီဖိုင်း ကောင်းကောင်းတို့မှ ရှာဖွေတင်ပြခြင်းဖြစ်သည်။
တင်ပြသူများ……….ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက်၊ ဘလော့ခ်ဂါ ခမိခဆဲနှင့် ဒီဖိုင်း ကောင်းကောင်း
၂၆. အောက်တိုဘာလ၊ ၂၀၁၀