ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ဘယ်သူပြောလဲ...

နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ဘယ်သူပြောလဲ

Photobucket

စစ်အစိုးရက နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ အကြိမ်ကြိမ် ဗြောင်လိမ်ခဲ့သည်။ ဗြောင်လိမ်နေသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းဇယားအရ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၂၀၀ ကျော်ရှိနေသည်။

ထိုကဲ့သို့ နိုင်ငံရေး ယုံကြည်ချက်၊ လူမှုအကျိုးဆောင်ရွက်မှုမျာှး ကြောင့် မတရားဖမ်းဆီး အကျဉ်းကျခံနေရသူများတွင် ဗိုလ်ချုပ် ဆေထင် (ထောင်ဒဏ် ၁၀၆ နှစ်)၊ ဘိုမင်းယုကို (ထောင်ဒဏ် ၁၀၄ နှစ်) ၊ ဦးခွန်ထွန်းဦး (ထောင်ဒဏ် ၉၃ နှစ်)၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင် စသော ကျောင်းသားခေါင်းဆောင်များ အနည်းဆုံး ထောင်ဒဏ် ၆၅ နှစ်စီ မတရားချမှတ် ထားသည်ကိုတွေ့ရသည်။ ထိုပြင် မတရား ချမှတ်ထားသော ပြစ်ဒဏ်ရက် ပြည့်နေပေမယ့်လည်း လွှတ်ပေး မခံရသေးသူတွေ၊ တခြားပုဒ်မများ တပ်၍ ဆက်လက် ဖမ်းဆီး ထားခြင်းများရှိနေသည်။ လူမဆန်သော ထောင်တွင်းညှင်းပမ်း နှိပ်စက်မှု များကြောင့် ထောင်တွင်းပင် အသက် ဆုံးပါးခဲ့ရသူများ လည်းရှိခဲ့ရာ ၂၀၁၀ မေလ ၁၉ ရက်နေ့တွင် မြင်းခြံထောင်တွင်း ကွယ်လွန်ခဲ့ရသော ကိုကျော်စိုး (အသက် ၃၉ နှစ်)မှာ ၁၄၄ ဦး မြောက်ဖြစ်ကြောင်း AAPP ကထုတ်ပြန် ထားသည်။

နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သတ်၍ အသေးစိတ် လေ့လာလိုလျှင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ ဝက်စ်ဆိုက် http://www.aappb.org တွင်ဖတ်နိုင်သည်။ မြန်မာ့ နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံရေး အကျဉ်းသားများ၏ အခန်းသည် အထူးအရေးပါသည်ကို မည်သူမှ မငြင်းနိုင်ပေ။ ဒါကြောင့်သာ စစ်အာဏာရှင်များ အနေနဲ့ နိုင်ငံရေး အကျဉ်းသား မရှိဟု ဗြောင်လိမ်ညာ နေကြခြင်းဖြစ်သည်။ သို့သော် နေ၊ လ နှင့် အမှန်တရား ကိုကြာရှည်စွာ ဖုံးကွယ်လို့ မရဘူးဆိုတာကို အဝိဇာ အမှောင်ဖုံးနေသော စစ်အာဏာရှင်များ သိဖို့ကောင်းသည်။

နိုင်ငံရေး အကျဉ်းသား နှင့်ပတ်သတ်၍ ၈၈ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ပြောကြားခဲ့သော စကားလေး ကို အလေးထားစရာ ကောင်း၍ ပြန်လည်တင်ပြလိုက်ရပါသည်။ နိုင်ငံရေး အကျဉ်းသားနှင့် ပတ်သတ်၍ စစ်အာဏာရှင်တွေကိုယ်တိုင် ထုတ်ပြန်ခဲ့သော နဝတ ကြေငြာချက် အမှတ် ၁၁/၉၂ ကိုလည်ုးပြန်လည်ဖော်ပြလိုက်ရပါသည်။

နဝတ ကြေငြာချက် အမှတ် ၁၁/၉၂ ၏ စိတ်ဝင်စားဖွယ် အချက်များမှာ စစ်အစိုးရ သည် ၁၉၉၂ ဧပြီလ ၂၃ ရက်နေ့တွင် နဝတ ကြေငြာချက် အမှတ် ၈/၉၂ ကိုထုတ်ပြန်ပြီး နဝတ ဥက္ကဋ္ဌ ဗိုည်ချုပ်မှုးကြီး စောမောင် အားတာဝန်မှ ရပ်စဲခဲ့သည်။

နောက်နေ့ ဧပြီလ ၂၄ တွင် နဝတ ကြေငြာချက် အမှတ် ၁၁/၉၂ ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြစ်ဒဏ်ကျခံနေသူများ အနက်မှ နိုင်ငံတော် လုံခြုံရေးအား ထိခိုက်ဖွယ်မရှိသူများအား ပြန်လွှတ်ပေးမည် (Of the persons arrested and detained politically, those for whom there are no reasons to endanger the security of the State, will be released promptly) ဟု ဖော်ပြထားသည်။

စစ်အာဏာရှင်တို့၏ အာဏာအတွက် အချင်းချင်း သစ္စာမရှိမှု နှင့် အပြစ်ပုံချတတ်ခြင်း သဘောကို အထင်သားတွေ့နိုင်သည်။ ထိုပြင် နိုင်ငံတော် လုံခြုံရေး ဆိုသော စကားလုံးကို တသွင်သွင်သုံးပြီး အမှန်တရား အတွက်ပေးဆပ် လုပ်ကိုင်နေသူ တွေကို မတရား ဖမ်းဆီး ထောင်ချနေသည်။ သူခိုးက လူဟစ် သဘောဖြစ်နေသည်။

နဝတ ကြေငြာချက် အမှတ် ၁၁/၉၂ အရ အမျိုးသမီး ၅၉ ဦး အပါအဝင် ၁၂၂၇ ဦး ပြန်လွှတ်ပေးခဲ့ကြောင်း ၁၁.၅.၁၉၉၂ နေ့ထုတ် သတင်းစာများတွင်ပါသည်။ လွှတ်ပေး သူများတွင် နိုင်ငံရေး အကျဉ်းသား တချို့ ပါဝင်သော်လည်း အများစုမှာ ကရင် ပြည်နယ် ထိုးစစ်ကြီးများတွင် ပေါ်တာအထမ်းသမား အဖြစ် ခိုင်းစေခံခဲ့ရသော ရာဇဝတ်မှု ဆိုင်ရာ အကျဉ်းသားများဖြစ်ကြသည်ဟု ABSDF မှပြုစုသော မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ထူးခြားမှု ရက်စွဲမှတ်တမ်းများ (၁၉၈၈-၂၀၀၂) စာအုပ်တွင်တွေ့ရသည်။

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နှင့် အမှန်တရား အတွက် အသက်၊ အိုးအိမ်၊ စည်စိမ်တွေ မိသားစုဘဝ တွေကို ပေးဆပ်ခဲ့သော၊ ပေးဆပ်နေသော အာဇာနည် သူရဲကောင်းများနှင့် ယုံကြည်ချက်အတွက် မတရား အကျဉ်းကျခံနေရသူ အားလုံးကို ဂုဏ်ယူ လေးစားသော အားဖြင့် ရေးသားလိုက်ခြင်းဖြစ်သည်။

အမှန်တကယ်ပေးဆပ် အနစ်နာခံသူများ အားလုံး လွတ်လပ်ငြိမ်းချမ်းပြီး၊ လူ့ဂုဏ်သိက္ခာ နှင့်ပြည်စုံသော ဘဝတွေကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေ။

ကျောင်းသားတစ်ဦး

၂၅.ဇွန်လ.၂၀၁၀

Photobucket

နိုင်ငံရေးအကျဉ်းသား

“နိုင်ငံရေးအကျဉ်းသားများခြွင်းချက်မရှိလွှတ်ပေးရေး” “နိုင်ငံရေးအကျဉ်းသား အခွင့်အရေး” “နိုင်ငံရေးအကျဉ်းသားမရှိ” စတဲ့ငြင်းခုံမှုတွေကြားမှာ နိုင်ငံရေးအကျဉ်းသား ဆိုတာဘာလဲ ဆိုတဲ့မေးခွန်းကစရပါလိမ့်မယ်။နိုင်ငံရေး ယုံကြည်မှုတစ်ခုခုဖြင့် လှုပ်ရှားမှုတစ်ခုခုကြောင့် ဖမ်းဆီး ထိမ်းသိမ်းခံနေရသူ လိုပြောနိုင်မယ်ထင်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ (prisoners of conscience ) လို့လဲ သတ်မှတ်ပါတယ်။ ဘယ်သူ တွေက သတ်မှတ်သလဲ၊ ဖမ်းဆီးသလဲ ဆိုရင်တော့ အဲဒီဒေသ၊ နိုင်ငံက အဲဒီကာလမှာ အုပ်ချုပ်တဲ့ သူတွေကလို့ ပြောရမှာပေါ့ ။

ဒီနေရာမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိမှတ်ပြု မပြုဆိုတာက အရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၈၈ လူထုအုံကြွမှု ပြီးကတည်းက အုပ်ချုပ်လာတဲ့ တပ်မတော် အစိုးရက နိုင်ငံရေးအရ ဖမ်းဆီး ထိမ်းသိမ်းထားသူ မရှိဘူး၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်လို့ ဖမ်းထားတာပဲရှိတယ်။ လုံခြုံရေးအရ ဖမ်းထားတာဘဲရှိတယ်လို့ တစ်စိုက်မတ်မတ် ငြင်းဆိုနေခဲ့ပါတယ်။

ဒါပေမဲ့ နဝတရဲ့ အမိန့်ကြေငြာချက်အမှတ် ( ၁၁/၉၂ ) ကို ၁၉၉၂ ဧပြီလ (၂၄) ရက်နေ့ ထုတ်ပြန်ခဲ့ရာမှာတော့ “နိုင်ငံရေးအရ ဖမ်းဆီးထိမ်းသိမ်း ထားသူများအနက် နိုင်ငံတော် လုံခြုံရေးအားထိပါးနှောက်ယှက်စေနိုင်သူများမှအပ အမြန်လွှတ်မည်”လို့ ဆိုပါတယ်။ အဲဒီကြေငြာချက်ပါ “နိုင်ငံရေးအရ ဖမ်းဆီးထိမ်းသိမ်းထားသူများ” ဆိုတဲ့အပိုဒ်ဟာ နိုင်ငံရေး အကျဉ်းသားများ ရှိနေကြောင်း လူသိရှင်ကြား တရားဝင်ဝန်ခံကြေငြာခဲ့ခြင်းပါ။

ဤအမိန့် ကြေငြာချက်အား ဖျက်သိမ်း ပယ်ဖျက်ခြင်းမရှိတာကြောင့် အသက်ဝင်ဆဲ၊ တရားဝင်ဆဲ ဖြစ်တာသေချာပါတယ်။မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ နိုင်ငံတွင်းမှာရော၊ နိုင်ငံတကာ အတိုင်းအတာနဲ့ပါ အားသွန်ခွန်စိုက်ကြိုးပမ်းနေချိန်မှာ နိုင်ငံရေးသမား၊ နိုင်ငံရေးအကျဉ်းသားဆိုတာကို လေးလေးနက်နက် အသိအမှတ်ပြုဖို့ ( နဝတ၊ နယက အနေနဲ့) လိုပါတယ်။ အခုကာလမှာရော၊ နောက် နောင် အနာဂါတ် မြန်မာနိုင်ငံ အတွက်ပါ နိင်ငံရေးအင်အားစု အခိုင်အမာ ဖွဲ့စည်းဖြစ်ပေါ်လာဖို့ဟာ နိုင်ငံရဲ့ အမျိုးသားရေး ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဆူပူလိုသူများ၊ အဖျက်အမှောက် အင်အားစုများလို့ ပုတ်ခတ်ပြောဆို နေခြင်းဟာ ပါတီစုံဒီမိုကရေစီကို ဖော်ဆောင်ပေးနေပါတယ်ဆိုတဲ့ နဝတ/နယက ရဲ့ သဘောထားနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။

အရင်ကလဲ အခုလို ထူးခြားတဲ့အခြေအနေမျိုးကြုံဘူးပါတယ်။ အမိန့်ကြေငြာချက် အမှတ် ( ၂/၈ဝ ) နိုင်ငံ တော်လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာစဉ်ကလဲ နိုင်ငံရေးအကျဉ်းသားများ ဆိုတာနဲ့ပတ်သက်ပြီး သီးခြားအမိန့် ဥပဒေတစ်ရပ် ကြေငြာ ပေးခဲ့ရပါတယ်။ ဘယ်ပုဒ်မ၊ ဘယ်ပုဒ်မတွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပုဒ်မများအဖြစ် ကြေငြာပြီး၊ ယင်းပုဒ်မများဖြင့် ကျခံနေရသူများကို နိုင်ငံရေးအကျဉ်းသားများ အဖြစ် သတ်မှတ် ပေးခဲ့ပါတယ်။ အဲဒီကာလက တစ်ပါတီအာဏာရှင်စ နစ်ကျင့်သုံးတဲ့ကာလပါ။ အဲဒီတုန်းကတောင် နိုင်ငံရေးအကျဉ်းသား အဖြစ် သတ်မှတ်ခဲ့ခြင်း ရှိတာကြောင့် အခုလို ပါတီစုံဒီမို ကရေစီစနစ် ဖော်ဆောင်နေတဲ့ အချိန်မှာ ပိုလို့တောင်လိုအပ်ပါတယ်။

၈၈ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ပြောကြားခဲ့သော စကား

Photobucket

State Law and Order Restoration Council Declaration No. 11/92 of 24 April 1992. Convening of the National Convention, reads:

1. It is hereby declared that the State Law and Order Restoration Council , depending on the general situation of the country, will presently carry out the following measures:

(a) Of the persons arrested and detained politically, those for whom there are no reasons to endanger the security of the State, will be released promptly;

(b) It accordance with the State Law and Order Restoration Council Declaration No 1/90, dated the 27th July 1990, the State Law and Order Restoration Council will, in respect of the convening of the National Convention, meet and co-ordinate, within two months, with the leaders of the Hluttaw Representatives of political parties existing lawfully and individual Hluttaw Representatives;

(c) The State Law and Order Restoration Council will convene the National Convention within six months in order to lay down the basic principles for the drafting of a firm and stable Constitution, after meeting and co-ordinating as mentioned in sub-clause (b) above;

2. The State Law and Order Restoration Council will declare further future programmes in accordance with the basic principles laid down at the National Convention.

By Order,
(Sd) Khin Nyunt,
Secretary (1),
The State Law and Order Restoration Council

Photobucket

ဘလော့ခ်ဂါ အလင်းဆက် မှ ခွပ်ဒေါင်းမျိုးဆက်သစ် ညီအကိုများသို့


ကျောင်းသို့ သွားပါမနီ

ဒီပို့စ်လေးကို လက်ဆင့်ကမ်းဖြန့်ဝေရင်း မနီလေးကို ကျောင်းပို့ပေးကြရအောင်...... ရိုသေလေးစားစွာဖြင့် ဗုဒ္ဓ ဓမ္မ သံဃ လောက အသင်းကြီး LOTUS FOUNDATION

ဒီခရေပင်ကြီးလည်း...

ဒီခရေပင်ကြီးလည်း…….

ခရေနှင့် ကျွန်တော် အကျွမ်းတဝင် ရှိလှသည်။ ခရေပန်း၊ ခရေပင်။ ခရေလမ်း၊ ခရေရိပ်၊ ခရေပန်းခြောက်၊ ခရေပန်းကုံး စုံလို့ပါဘဲ။ ခရေ ခရေ မြေမှာခြွေ၊ ခရေ ခရေ ပင်ယံထက်မှာဝေ၊ ခရေ ခရေ ခြောက်နေသော်လည်း မွှေးနေ ဆဲမို့ ခရေလေးကိုဘဲ ချစ်တယ်…. ဆိုတဲ့ စကားလုံးလေးကို ဟိုးယခင်အချိန်တွေက အခေါက်ခေါက် အခါအခါ ရေရွတ် ဖူးခဲ့တယ်။

ကျွန်တော်အိမ်ရှေ့မှာလည်း လုံးပတ် ၁၆ လက်မလောက်ရှိတဲ့ စိမ်းစိုမြတဲ့ ခရေပင်ကြီး တစ်ပင်ရှိတယ်။ ဒီခရေပင်ကြီး သက်တမ်းက နှစ်လေးဆယ်လောက်ရှိပြီ။ မဆလ အာဏာရှင်ခေတ် ကနေ နအဖ အာဏာရှင်ခေတ် အထိ ရှင်သန်နေဆဲဘဲ။ ကျွန်တော့် အဖွားစိုက်ထားတာလေ။ သူက အခုဆို အသက် ၈၅ နှစ်ကျော် အပျိုကြီး။ ဒီ ခရေပင်ကြီး အကြောင်း သူအသိဆုံးပေါ့။ သူက ဒေါ်အောင်ဆန်းစုကြည် ကိုချစ်တယ်။ အားပေးတယ်။ ဒီ ခရေပင်ကြီး ကိုသူစိုက်ခဲ့သလို၊ ကျွန်တော်တို့ အိမ်မှာ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို သူဘဲ သွတ်သွင်းခဲ့တာ။ ဘာဘဲဖြစ်ဖြစ် ခရေပင်ကြီး ကို သူစိုက်ခဲ့လို့ သူ့ကို ကျေးဇူးတင်တယ်။ ဟုတ်တယ်။ ဒီ ခရေပင်ကြီ်း အရိပ်မှာ ဆွမ်းခံဘုန်းကြီးတွေ အရိပ်ခိုကြတယ်။ ခရီးသွားတွေ အပန်းဖြေကြတယ်။ အဖွားက ဒီခရေပင်ကြီး ကို ရေမြောင်း ဘေးကပ်စိုက်ထားတယ်။ ဒါကြောင့် အမြစ်တဝက်က ရေမှာပေါ်လို့။ လေတိုက်ရင် ပြိုလဲတောမဲ့ အတိုင်း။ အဖွားက ခရေပင်ကြီးအောက်မှာ အုတ်ခုံလေး နှစ်လုံးကို ဆောက်ထားသေးတယ်။

ဒီအုတ်ခုံပေါ်မှာ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကုန်ဈေးနှုန်း အကြောင်းစုံ ငြင်းခုံ ပြောဆို ခဲ့ကြတယ်။ အဲဒီ ခုံပေါ်မှာ ဘုန်းကြီးတွေလည်းထိုင်ခဲ့တယ်။ သီလရှင်တွေ လည်းထိုင်ခဲ့တယ်။ အစိုးရ သတင်းပေးလို့ အထင်ခံရတဲ့ ဘယာကြော် ကုလားလည်းထိုင်တယ်။ ဆံပင် စုတ်ဖွားဖွား အိုးတိုက်ဖွဲပြာသည် ကလေးမလေးလည်း ထိုင်ခဲ့တယ်။ အဲဒီမှာ လင်မယားတွေ စကား လာများကြတယ်။ အုတ်ခုံပေါ် ချိုင့်ခွက် ကလေးတစ်ခု ဖြစ်နေတာကို သဘောကျပြီး သြဇာစေ့ လာတောက်တဲ့ ကလေးလေး တွေလည်း ရှိတယ်။ ယတြာ ချေဖို့ ခရေညွန့် ခူးခွင့် လာလာတောင်း တာလည်းရှိတယ်။ အများအားဖြင့် ခရေညွန့် ၁၅ ညွန့် ခူးကြတာများတယ်။ တနင်္လာဂြိုလ် သက်က ၁၅ နှစ်ဖြစ်လို့လေ။

ဒီခရေပင်ကြီး အထက်မှာ ပျားတွေ၊ ပတူကောင်တွေ အုံဖွဲ့ခဲ့ကြတယ်။ ငှက်ကလေးတွေ အသိုက်ဖွဲ့ခဲ့ကြတယ်။ ဒီခရေပင်ကြီးဟာ ရွက်ဟောင်းကြွေလည်းလှတယ်။ ရွက်သစ်ဝေလည်း လှတယ်။ ဆောင်းမှာလညှ်း တင့်တယ်။ နွေမှာလည်း ဝင့်တယ်။ မိုးမှာလည်း သင်းတယ်။

ကျွန်တော်လည်း ခရေပင်ကြီးအောက်က အဲဒီခုံလေးပေါ်မှာ ငေးခဲ့တယ်၊ ငိုင်ခဲ့တယ်၊ ရေးခဲ့တယ်၊ တွေးခဲ့တယ်။ စိတ်ကလေးကို စွန်လွှတ်ခဲ့တယ်။ အတွေးတွေ ရွတ်လွှင့်ခဲ့တယ်။ ညနေစောင်းရင် ကြွေကျတဲ့ ခရေပန်း အပွင့်ကားကားလေးတွေကို ရွရွလေးကောက်တယ်။ ခရေပန်းကို စံပယ်ပန်းလို အပ်ချည်ကြိုးနဲ့ မသီဘဲ နှီးပြားလေးကို နန်းကြိုးမျှင်ကလေးတွေ အဖြစ်ဆွဲပြီး ဖွဖွကလေး သီရတာကိုက အရသာတစ်မျိုး။ ကျွန်တော်ဆို ဒီလို သီကုံးပြီး ချစ်သူကို ပေးရတာ သိပ်ကြည်နူးစရာ။ သူကလည်း ပျော်လို့လေ။ မနက်စောစော ရွှေတိဂုံ ဘုရား သွားဖူးဖြစ်တဲ့ နေ့တွေမှာဆို သိပ်ကြည်နူးစရာကောင်း။ ခရေပန်းကုံးကြိုး အတွက် ကျွန်တော့် ရှေ့သွားတွေနဲ့ နှီးပြားလေးကို ကိုက်ပြီး သေသေချာချာ သီကုံးရတယ်။ ခရေပန်း ရဲ့ ရွှေအိုရောင် အနားကွက်ကလေး တွေက သီကုံးပြီးတဲ့အခါ လှပပေ့၊ ယဉ်ပါပေ့။ မှတ်မိပါသေးတယ် ကျွန်တော့်ချစ်သူ ဘွဲ့ယူတဲ့နေ့က ကောင်မကလေးရဲ့ အမေ နဲ့ အဖွားကို ကျွန်တော့်အိမ်က ခရေပန်းက တခြားအပင်က အပွင့်တွေထက် ကြီးကြောင်း၊ ကားကြောင်း၊ မွှေးကြောင်း ကြွားမိလို့ ပြောပြောပြီး ရယ်ခဲ့ရသေးတယ်။ ခရေပင်ကြီးရယ် မင်းကြာင့် ငါတို့တွေ ပျော်ခဲ့ရတယ်နော်၊ မင်းအကြောင်း ငါတို့ ပြောခဲ့ကြတယ်နော်။

ဒီ ခရေပင်ကြီးအောက်မှာ အကိုအရင်း တစ်ယောက်လို ခင်ရတဲ့ ကဗျာဆရာ တစ်ယောက်နဲ့ ကဗျာတွေ ရွတ်ခဲ့တယ်။ တခုသော ညနေစောင်း အချိန်မှာ အဲဒီ ကဗျာဆရာ သူ့ရွာအလည်သွားရင်း ရေနှစ်သေပြီတဲ့ သတင်းဆိုးကို ဒီခရေပင်ကြီး အောက်မှာ ကျွန်တော်ကြားခဲ့ရတယ်။ မသေခင် နှစ်ရက်က သူနဲ့ ကျွန်တော် ဒီခရေပင်ကြီး အောက်မှာ ကဗျာတွေ ရွတ်ခဲ့ကြတာပေါ့။

ခရေ ပန်းကိုကြိုက်တဲ့ ချစ်သူရယ် ခရေပန်း ဘယ်လို ကောက်ယူ သီကုံးပြီးပေးရပါ့………

အိုမိုဒ မိုချိ (မိုး) (၂၄. ဇွန်လ.၂၀၁၀)


ညီငယ် အလင်းဆက်မှ ပေးပို့ပါသည်။

၈-၆-၂၀၁၀ နေ့ တွင် ကွယ်လွန်သွားတဲ့ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းအား ရေးသားပြုစုခဲ့သူ ဆရာနိုင်ပန်းလှရဲ့အမှတ်တရ ရုပ်သံမှတ်တမ်းများ..

၁၉၉၈ ခုနှစ် အမေလူထုဒေါ်အမာအား ဂုဏ်ပြုပွဲ(အမရပူရ)

မြန်မာ့သမိုင်းတွင်အရေးပါလှသော ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းအား ရေးသားပြုစုခဲ့သူဆရာနိုင်ပန်းလှ (အသက်၈၈နှစ်) ၁၈-၆-၂၀၁၀ နေ့တွင် ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပါသည်။ အမျိုးကို စောင့်သိခြင်းသည်လည်း မင်္ဂလာတစ်ပါး ဆိုသောစကားနှင့်အညီ မွန်ဘာသာစကား ယဉ်ကျေးမှု မပျောက်ပျက်အောင် ကြိုးစားဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် တန်ဘိုးကြီးမားလှသော သမိုင်းပညာရှင် ဆရာနိုင်ပန်းလှအား ဂုဏ်ပြုအပ်ပါသည်။

၁၉၉၇ ခုနှစ် မတ်လ(၁၈)ရက်နေ့တွင် ကျင်းပသော ဆရာကြီးမင်းသုဝဏ် ဂုဏ်ပြုပွဲ
ပေးပို့ပေးတဲ့ အစ်ကိုကြီး ကိုသန်းဝင်းနဲ့ ကိုmaungwto အားကျေးဇူးတင်ပါသည်။

အနာဂတ်အတွက် “မင်းမြတ်” လမ်းဖြောင့်သွားပြီ။ ...

ရေအကျိုး (၁၀)ပါး အပြင် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုထားနိုင်သော အလှူရှင်များ

အများပြည်သူ လှူဒါန်းငွေတို့ဖြင့် အများပြည်သူအတွက် သောက်သုံးရေ ရရှိရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကုသိုလ်ဖြစ် ရေတူးဖော်ရေးလုပ်ငန်းကို ဒေသခံ လူမှုရေးသမား များနှင့် ပူးပေါင်း အကောင်အထည်ဖော် ပေးဆပ်လျှက်ရှိရာ ယခု ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်ရှိ မစိုးရိမ်ကျောင်းဝင်း အတွင်းတွင် အ၀ီစိရေ တူးဖော်ခဲ့ရာ ၁.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် ရေချိုများ ထွက်ရှိ ပြီ ဖြစ်ပါသည်။
ထွက်ရှိလာသော ရေချိုများအား အများပြည်သူ သိုလှောင်သုံးစွဲနိုင်ရန်အတွက် အုတ်ရေကန် တည်ဆောက်ပေးခြင်းကို ၁၂.၆.၂၀၁၀ (စနေ)နေ့တွင် စတင်တည်ဆောက်ခဲ့ရာ ၂၆.၆.၂၀၁၀ (စနေ) နေ့တွင် အပြီးသတ် အောင်မြင်စွာဖြင့် ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူလူထု အပေါင်းတို့အား လက်လွှဲပေးအပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ထို့ကြောင့် အများပြည်သူအတွက် လိုအပ်သော ရေကုသိုလ်အလုပ်မျိုးကို ပြည်တွင်း ပြည်ပ အများပြည်သူ လှူဒါန်းငွေတို့ဖြင့် အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါ၍ ရေအကျိုး (၁၀)ပါး အပြင် ပြည်တွင်းမှ ရေဒုက္ခသည်များအား လူလူချင်း စာနာစိတ်၊ မေတ္တာစိတ်၊ ကရုဏာစိတ်တို့ဖြင့် ဖေးမကူညီခဲ့ခြင်းတို့ကြောင့် ဗြဟ္မစိုရ်တရား လေးပါးကိုပါ အလှူရှင်များအနေနဲ့ လက်ကိုင်ပြု သွားပြီဖြစ်ပါကြောင်း သာဓု .. သာဓု .. သာဓု ခေါ်ဆိုလိုက်ပါသည်။

အနာဂတ်အတွက် “မင်းမြတ်” လမ်းဖြောင့်သွားပြီ။
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လူနာမျိုးစုံတို့လာရောက် အခမဲ့ ဆေးဝါး ကုသပေးလျက်ရှိရာ … မျက်စိ၊ ကလေး၊ နား နှာခေါင်း လည်ချောင်း၊ သွား၊ ခွဲစိတ်၊ အပ်စိုက်၊ သားဖွားနှင့် မီးယပ်၊ အထွေထွေ၊ ဓါတ်မှန်၊ USG၊ ECG၊ ဓါတ်ခွဲခန်းတို့အပြင် အရိုးအကြောရောဂါ ဝေဒနာရှင်များကိုပါ နွေးထွေးစွာ ကုသပေးလျက် ရှိပါသည်။

ထိုသို့ ကုသပေးရာတွင် ၂၇.၆.၂၀၁၀ (တနင်္ဂနွေ)နေ့ နေ့လည် (၁း၀၀) နာရီခန့်က မွေးရာပါ ခြေထောက် နှစ်ဖက်စလုံး ခွင်နေသော မောင်မင်းမြတ်ပြည့်စုံ (၂ နှစ်ခွဲ) ကလေးငယ်ကို အရိုးအကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာ စိုင်းဇော်ဝင်းနိုင်နှင့် သုခကုသိုလ်ြဖစ်ဆေးခန်း သူနာပြုဆရာမ များက ခွင်နေသော ခြေထောက်နှစ်ဖက်အား ပြည်လည်တည့်မတ်သွားစေရန် ကလေးအား ကျောက်ပတ်တီးစီး၍ အထူးဂရုစိုက် ကုသပေးခဲ့ပါသည်။

ထိုကြောင့် … နောင်တစ်ချိန်တွင် မောင်မင်းမြတ်ပြည့်စုံ တစ်ယောက် နိုင်ငံ၏ အနာဂတ် ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် လမ်းဖြောင့်ဖြောင့် သွားနိုင်ပြီ ဖြစ်ပါကြောင်း မုဒိတာပွား နိုင်ရန် တင်ပြအပ်ပါသည်။

အစ်ကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်။...

မြန်မာနိုင်ငံမှ အမျိုးသမီးများအပေါ် အကြမ်းဖက် ကျူးလွန်သော ရာဇ၀တ်မှုများ နှင့် ပတ်သက်သည့် ဟောပြောဆွေးနွေးပွဲ အခမ်းအနား ဓာတ်ပုံမှတ်တမ်း...

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) နှင့် Human Right Now(HRW) တို့မှ တာဝန်ယူကျင်းပသည့် မြန်မာနိုင်ငံမှ အမျိုးသမီးများအပေါ်အကြမ်းဖက် ကျူးလွန်သော ရာဇ၀တ်မှူ့များ နှင့်ပတ်သက်သည့် ဟောပြောဆွေးနွေးပွဲ နှင့် နိုင်ငံတကာပြည့်သူ့ခုံရုံးကို ဂျပန်နိုင်ငံရှိ Aoyama Gakuin University တွင် ပထမဦးဆုံးကျင်းပပြုလုပ်ခဲ့ပါသည်။

သတင်း၊ ဓာတ်ပုံ အကိုကြီး ကိုသန်းဝင်းအား ကျေးဇူးတင်ပါသည်။

လေ့လာ … မှတ်သား … အနာဂတ်ခေါင်းဆောင်များ....

လေ့လာ … မှတ်သား … အနာဂတ်ခေါင်းဆောင်များ

အနာဂတ် တိုင်းပြည်တစ်ပြည်တွင် ဦးဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ် ကလေးငယ် များအတွက် အခြေခံအုတ်မြစ် တစ်ခုဖြစ်သော ပန်းချီပညာရပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂၆.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် စတင်ပြီး ပန်းချီဆရာ ဦးဝင်းကြည် (ကွယ်လွန်သူ ပန်းချီ သန်းမြင့်အောင်၏ ဆရာတစ်ဦး)မှ ပန်းချီရေးဆွဲခြင်း ပညာရပ်ကို သင်ကြားပေးခဲ့ရာ ယနေ့ ၂၇.၆.၂၀၁၀ (စနေ)နေ့တွင် တစ်လ ပြည့်မြောက်ခဲ့ပါသည်။

တစ်လပြည့် အထိမ်းအမှတ်အနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် ကလေးငယ်များအား ပုလဲကွန်ဒို၊ တိုက် (C)၊ Gr.07,09၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ Morekha Art Gallery ပိုင်ရှင် ဦးဘိုဘိုဦး၏ ပန်းချီပြခန်းအတွင်းတွင် ပန်းချီပညာရှင်ကြီး (၅၄) ဦးတို့ ရေးဆွဲထားသော ပန်းချီကားချပ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ပန်းချီဆရာ ဦးဝင်းကြည်၊ အင်္ဂလိပ်စာဆရာမ ဒေါ်ဧရာမောင်မောင်နှင့် လုပ်အားပေး အသင်းသူ/သားများတို့မှ လိုက်လံ ရှင်းလင်း ပြသ လေ့လာခဲ့ကြသည်။

ပန်းချီဟာ လူသားတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေသည်။

ပန်းချီပညာရှင်ဟာ ဘယ်တော့မှ အလှအပကို မဖျက်ဆီးပါ။

ပန်းချီပညာရှင်ဟာ လောကရဲ့အလှကို ရှာဖွေ တည်ဆောက်ပေးတတ်သည်။

ပန်းချီပညာဟာ အမှန်တရားကို မြတ်နိုးတတ်သည်။


ပေးပို့ပေးတဲ့ အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်။

စင်ကာပူက မြန်မာဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနား ဓာတ်ပုံမှတ်တမ်း...

ဘုရားရှင်အား မွေးနေ့အထိမ်းအမှတ် ပန်းဆက်ကပ်လှူဒါန်းပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ချစ်ခင်သူများရဲ့ မွေးနေ့ဆုတောင်းသံဃာတော်များအား မွေးနေ့ အာရုံဆွမ်း ကပ်လှူဆရာတော်မှ တရားဓမ္မဟောကြားပေးစဉ်မွေးနေ့အထိမ်းအမှတ် သွေးအလှူရှင်များ စာရင်းပေးစဉ်ကြွရောက်လာသူများအား နေ့လည်စာဖြင့် ဧည့်ခံစဉ်...
Group Mail မှ ပေးပို့လာသူ ကိုဝဏ္ဏ..

မေတ္တာသည်သာ ….. တခန်းရပ်ပြဇာတ်...

တောင်ကိုရီးယားနိုင်ငံမှ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၆၅နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲတွင် စီစဉ်တင်ဆက်သည့် မေတ္တာသည်သာ ….. တခန်းရပ်ပြဇာတ်
ကိုရန်နိုင်ထွန်းမှ ပေးပို့ပါသည်။

ရှေ့နေကြီးဦးဥာဏ်ဝင်းအား အာဏာပိုင်များမှ ခေါ်ယူသတိပေး ပြောဆိုမှုအပေါ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မကျေနပ်ကြောင်း ပြောဆို....

ပြီးခဲ့တဲ့ ဇွန်လ(၁၁)ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုက မဲဆန္ဒပေးတာလည်း မိမိရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ မိမိရဲ့ အခွင့်အရေးပဲလို့ ပြောဆို ခဲ့တဲ့အပေါ် ရှေ့နေကြီးဦးဥာဏ်ဝင်းမှ မီဒီယာများအား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီနေ့ ၂၅ရက်နေ့ သောကြာနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အထူးအယူခံ အမှုကိစ္စနေ့လည်(၁)နာရီမှာ တွေ့ဆုံခွင့် ခွင့်ပြုချက်ရခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှု မပြုခင် နေ့လည် (၁၂)နာရီမှာ အာဏာပိုင်များက ရှေ့နေကြီး ဦးဥာဏ်ဝင်းအား အဆိုပါ ကိစ္စနဲ့ ပတ်သတ်ပြီး ခေါ်ယူသတိပေးခဲ့ပါတယ်။ ဒီလိုခေါ်ယူသတိပေးတာနဲ့ ပတ်သတ်ပြီး လူထုခေါင်းဆောင်မှ မကျေနပ်ကြောင်း မှန်ကန်မျှတမှုမရှိ တရားမျှတမှု မရှိကြောင်း ပြောဆိုခဲ့ပါတယ်လို့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒီနေ့ နေ့လည်(၁)နာရီကနေ (၃)နာရီအထိ ဆရာဦးကြည်ဝင်းရယ် အန်ကယ်ရယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အထူးအယူခံ အမှုကိစ္စအတွက် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒီနေ့တခြား ထူးထူးခြားခြား မရှိပေမယ့် ဒီနေ့အန်ကယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်မှာ နေ့လည်(၁၂)နာရီမှာ အာဏာပိုင်တွေက အန်ကယ်ကို ခေါ်သတိပေးပါတယ်။ ပြီးခဲတဲ့ တစ်ခေါက်တွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ကပြောတဲ့ ပြည်သူလူထုကို မဲဆန္ဒပေးတာလည်း မိမိရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ မိမိရဲ့ အခွင့်အရေးပဲလို့ ပြောဆို ခဲ့ပါတယ်။ ဒီလိုပြောတာနဲ့ ပတ်သတ်ပြီး မီဒီယာတွေကနေ လွှင့်တော့ ဒီဟာကို အာဏာပိုင်တွေက သဘောမကျဘူး ဒီလို ဆောင်ရွက်လို့ မရဘူး အမှုအတွက်လာရင် အမှုအတွက်ပဲ ပြောဆိုပါလို့ သတိပေးပါတယ်။

ဒီလိုပြောဆိုတာနဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုပြန်လည်ပြောပြတဲ့ အခါ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မကျေနပ်ဘူး မှန်ကန်မျှတမှုမရှိ တရားမျှတမှု မရှိဘူး အဲ့ဒါကြောင့် ဒီဟာနဲ့ ပတ်သတ်ပြီး ဥပဒေအရ အချက်အလက်တွေရှာပြီးတော့ Complain လုပ်ဖို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံအချက်ကတော့ နံပါတ်တစ် အချက်က ရှေ့နေနဲ့ သူနဲ့တွေ့တဲ့အခါမှာ ဘယ်လို ပြောရမယ် ဆိုတာမျိုးကန့်သတ်တာ.. ဥပဒေ ပြဋ္ဌာန်းချက် မရှိဘူး.. နောက်တစ်ခုက အခုဒေါ်စုပြောလိုက်တဲ့ နိုင်ငံသားတစ်ယောက်ရဲ့ မဲပေးခွင့် ရှိမရှိဆိုတဲ့ ကိစ္စ ...ဒါဟာ ဥပဒပညာပေး ကိစ္စ တကယ်တန်းဆိုရင် အစိုးရမှာတောင် ဒီအတွက် တာဝန်တွေ အများကြီးရှိပါတယ်လို့ အဲ့လိုဒေါ်စုကပြောပါတယ်။ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီဝင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

၂၀၀၉ ခုနှစ်က အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်ထော နေအိမ်သို့ ဝင်ရာက်မှုနဲ့ ပတ်သက်ပြီး နေအိမ်အကျယ်ချုပ် မတရားချခံနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အမှုကိစ္စနဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဥပဒေအရ ဆုံးခန်းတိုင်အောင် ဆောင်ရွက်မယ်လို့ ဒီအမှုစဖြစ်တဲ့ အချိန်မှာ ပြောဆိုခဲ့ပါတယ်။ အမှုကိစ္စအတွက် အကျိုးဆောင်ရှေ့နေများနဲ့ တွေ့ခွင့်၊ ဆွေးနွေးခွင့် ပြုခဲ့ပြီး ယခုတစ်ကြိမ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ ပြောကြားချက်နဲ့ ပတ်သတ်ပြီး အာဏာပိုင်များမှ ပထမဦးဆုံးအကြိမ် ရှေ့နေများအား သတိပေး ပြောဆိုမှုဖြစ်ပါတယ်.။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုက မဲဆန္ဒပေးတာလည်း မိမိရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ မိမိရဲ့ အခွင့်အရေးပဲလို့ ပြောဆိုတာ ပြန်ဖတ်ချင်ရင်.... http://www.demowaiyan.co.cc/2010/06/blog-post_9501.html

သတင်း.. ဒီမိုဝေယံ