ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။
ဝန်းသိုမြို့မှ ပေးစာ...
ဒီမိုဝေယံသို့ ပေးစာ...
သို့ /
ပညာရေးညွှန်ကြားရေးမှူးချုပ်
အမှတ်(၂)အခြေခံပညာဦးစီးဌာန
အထက်မြန်မာပြည်၊ မန္တလေးမြို့ ။
ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာ့ပညာရေးကဏ္ဍကို စိတ်ဝင်စားကြသူများ သုံးသပ်နိုင်ဖို့ ဒီစာကို ရေးသား လိုက်ရပါတယ်။
ကျွန်မကတော့အငြိမ်းစားယူပြီးဖြစ်တဲ့ကျန်းမာရေးဌာနက ၀န်ထမ်းတစ်ဦးပါ။ တစ်နေ့ တော့ကျွန်မအိမ်ကို မိတ်ဆွေတစ်ဦးရောက်လာပါတယ်။ တက္ကသိုလ်ဝင်တန်းတက်နေတဲ့သူ့ မြေးအကြောင်းလာပြောတာပေါ့။
ခေတ်သစ်ပညာရေးကဏ္ဍမှာဘော်ဒါဆောင်တွေကြီးစိုးနေပေမယ့်သူ့ မြေးကိုတော့ဘော်ဒါဆောင်မထားပါ ဘူးတဲ့။အိပ်ချိန်မမှန်၊ စားချိန်မမှန်လောက်အောင်စာဆိုမှ စာရူးမတတ် ကျက်ခိုင်းနေတာကို မကြိုက်လို့ တဲ့လေ။
ဒီတော့ကလေးကိုအိမ်မှာပဲစာလုပ်ခိုင်းတယ်။ ကျောင်းကပေးလိုက်တဲ့စာကိုတစ်နေ့ စာတစ်နေ့ ပုံမှန် လုပ်ခိုင်းတယ်။ နားမလည်တာရှိရင် မှတ်ထားပြီး ကျောင်းရောက်တော့ပြန်မေးပေါ့။ ကလေးကစာတော်ပါတယ်။အခုတော့သူ့ မြေးအတွက်စိုးရိမ်စိတ်နဲ့ အတူ စိတ်မချမ်းသာစရာရှိ နေတဲ့ အကြောင်းကျွန်မကို ပြောပြပါတယ်။ တခြားတော့မဟုတ်ပါဘူး။ ညနေပိုင်းကျောင်းဆင်းပြီးတာတောင်မှ မနားရသေးဘဲနဲ့ အချိန်ပိုဆက်တက်နေရတဲ့အကြောင်းပေါ့။
သူပြောပြီးတော့ကျွန်မခေါင်းထဲမှာတွေးစရာတွေအများကြီးရှိလာတယ်။ ကလေးဆိုတာ သူများကျောင်းဆင်းရင် ဆင်းချင် တာပါပဲ။ ကျောင်းဆင်း ခေါင်းလောင်းထိုး လိုက်တာနဲ့ အိမ်ကိုတဟုန်ထိုး ပြေးလွှားသွားကြတာကို ကြည့်ရင်သိသာ ပါတယ်။ ဟုတ်တယ်လေ။ သူတို့ ခမျာမှာဟိုဆရာဝင်သင်လိုက်၊ ဒီဆရာဝင်သင်လိုက်နဲ့ တစ်နေ့ လုံးအနားမရ ရှာပါဘူး။ ထိုင်နေရတာပဲ။မပင်ပန်းပါဘူးလို့ မထင်လိုက်ပါနဲ့ ။ ကိုယ်တိုင်တစ်နေ့ လုံးထိုင်ကြည့်ပါ။ သူတို့ လေး တွေမှာထိုင်နေရုံ သက်သက်မဟုတ်ပါဘူး။ ဦးဏှောက်ကလည်း အလုပ်လုပ်နေရတာပါ။ ဒါကြောင့်ကလေးတချို့  ရဲ့  ပြောသံကြားဖူးပါတယ်။ သာယာသံဆိုတာ ကျောင်းဆင်းခေါင်းလောင်း ထိုးတဲ့အသံပါတဲ့။
ခုတော့ကျောင်းဆင်း ခေါင်းလောင်းသံကိုကြားရပေမယ့် အောင်ချက်မြင့်မားရေးခေါင်းစဉ်အောက်က  အချိန်ပိုကြောင့် ကျောင်းပေါက်ဝကို
 ငေးကြည့်ပြီးအိမ်ပြန်ခွင့်မရတဲ့ကလေးတွေခမျာအင်မတန်သနားဖို့ ကောင်းပါ တယ်။
ကလေးတစ်ယောက်ရဲ့ မှတ်ဥာဏ်အားဆိုတာအကန့် အသတ်ရှိပါတယ်။ စာကိုချည်း ဆက်တိုက်အသင်ခံနေရတဲ့ ကလေးတစ်ယောက်ကို အချိန်ပိုဆိုပြီး ကျောင်းမဆင်းပေးဘဲ ထပ်သင်နေလို့ ရောရနိုင်မယ်ထင်ပါသလား။
ကြာရင်ကလေးတွေဘာဖြစ်လာမလဲ။ စိတ်ကျတာတွေ၊ စိတ်တို လွယ်တာတွေပဲဖြစ်လာပါလိမ့်မယ်။
သင်တိုင်းသာတတ်မယ်ဆိုရင်တိရစ္ဆာန်လေးတွေတောင်ပညာရှိက၀ိတွေဖြစ်နိုင်ပါလိမ့်မယ်။ စာသင်တဲ့ဆရာ၊ဆရာမတွေကို အပြစ်ဆိုချင်တာမဟုတ်ပေမယ့် ကလေးတွေဖက်ကိုလည်းတွေးပေးဖို့ ပြောချင်တာပါ။ ကလေးဆိုတာကစားချိန်ကစား၊ နားချိန်မှာနား၊ စာကျက်ချိန်စာကျက် အားလုံးမျှမျှတတ ဖစ်မှကောင်းပါတယ်။ စေတနာဆိုတဲ့စကားလုံးကြီးနဲ့ ပစ်ပေါက်ပြီး စာချည်းလှိမ့်သင်နေလို့ ကတော့စာကြောက်ပြီး စိတ်တိုလွယ်တဲ့ ကလေးတွေဖြစ်လာမှာ မလွဲမသွေပါပဲ။ ဒါကကလေးတွေဖက်ကစဉ်းစား
ပေးတာပါ။
ကဲဆရာဆရာမတွေဖက်ကို လှည့်ပြီး စဉ်းစားပေးကြဦးစို့ ။
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ဝန်းသိုမြို့ နယ် ဆိုတာသစ်တောတွေနဲ့ စိမ်းလန်းပြီးနေချင်စ ဖွယ်မြို့ လေးတစ်မြို့ ပါ။ မနက်ဈေးဆို လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေသစ်သီးတွေကိုလည်းဈေးချိုချိုနဲ့  ၀ယ်ယူနိုင်ပါသေးတယ်။ ကျွန်မကတော့မနက်တိုင်း ကိုယ်တိုင်ဈေးသွားလေ့ရှိပါတယ်။ ကြာလာတော့ဈေးသည် တွေနဲ့ ခင်မင်ရင်းနှီးလာပါတော့တယ်။
တိုးပေးလိုက်တဲ့လစာနဲ့ မကာမိအောင်လိုက်တိုးတတ်တဲ့ ခေတ်ကာလကုန်ဈေးနှုန်းရဲ့ ဒဏ်ကိုကြံ့ကြံ့ခံနိုင်ဖို့  ဈေးသည်ဆရာမ လုပ်နေကြရရှာတယ်။ မြို့ နယ်ကခေါင်းစဉ်အမျိုးမျိုးနဲ့ ဖြတ်တောက်ပြီးလို့ ကျန်တဲ့လစာလေး ကိုခြစ်ခြစ်ချုပ်ချုပ်သုံးရင်း အသက်၀၀မရှူနိုင်ခဲ့တာကြာပြီပေါ့ ဆိုတဲ့ ဆရာမတစ်ယောက်ရဲ့ ရင်ဖွင့်သံက ကိုယ်ပါ အသက်ရှူကျပ်မိပါတယ်။ ဆရာမတစ်ယောက်ကတော့ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ ဈေးသည်ဆရာမ လုပ်ရတာမရှက်ပါဘူးတဲ့။
ရိုးရိုးသားသားဈေးရောင်းစားတာကိုရှက်စရာလို့ လဲမမြင်ဘူး။ ပြောင်းရွှေ့ အော်ဒါတစ် စောင်ရွေးခကို ၁၀၀၀၀(တစ်သောင်းကျပ်)၊ ရာထူးတိုးအော်ဒါတစ်စောင်ရွေးခကို ၁၅၀၀၀(တစ်သောင်းခွဲကျပ်) တောင်းစားနေတဲ့ မြို့ နယ်ပညာရေးမှူးဒေါ်မေလွင်ဇင်၊ နေ့ စားလပေးအလုပ်ရချင်ရင် သုံးသိန်းကနေ ခြောက်သိန်းအထိတောင်းစားနေတဲ့ ဒေါ်တင်ဝင်းကြည် တို့  ၊အသေးသုံးချပေးသမျှကို အိပ်ထဲထည့်ပြီး ရွှေဝယ်ဝတ်နေတဲ့ ကျောင်းအုပ်တွေထက်စာရင် လစာနဲ့ မလောက်လို့ မနက်ခင်းဈေး ရောင်းတာသိက္ခာအပြည့်အ၀ရှိတယ်ဆိုပဲ။
အထက်အဆင့်ဆင့်က အလကားပေးလိုက်တဲ့ အော်ဒါတွေက ၀န်းသိုမြို့ နယ်ကိုရောက်မှ ဈေးကြီးပေးဝယ်နေ ရတယ်တဲ့လေ။ ရာထူးတိုးလို့ ပျော်ရမယ်မထင်နဲ့ အော်ဒါရွေးခ မပေးရင်ထုတ်မပေးဘူး။ ဒါတွေကိုအထက်က မသိဘူးလားလို့ မေးတော့ သိလည်း အရေးမှမယူတာ။ ဒါမှမဟုတ်သူတို့ ကိုယ်တိုင်က လုပ်စားခွင့်ပေးထား တာလည်းဖြစ်နိုင်တာပဲ။ သူတို့  ကပြောတယ်။ တိတိကျကျတိုင်ရင် အရေးယူမယ်လေးဘာလေးနဲ့ ။
 သူတို့ သိလည်းဘာမှ မလုပ်ပေးတာ လူတိုင်း သိတယ်။ တိုင်လည်းအလကားပဲ။ သူတို့ ကတိုင်ရင် တိုင်တဲ့သူကို ရိုက်တတ်တယ်လေ။ လို့ ဖြေပါတယ်။
တဆက်တည်းမှာပဲကျောင်းမှာသင်နေတဲ့အချိန်ပိုကိစ္စကိုမေးကြည့်တော့…….
ကျောင်းအုပ်က သင်ဆိုတော့လည်း သင်ရတာပေါ့။ ဒါပေမယ့်အချိန်ပိုကိုကလေးတွေစိတ်ဝင်တစားမရှိလှပါဘူး။ တစ်နေ့ လုံးစာသင်နေရတာဆိုတော့ တော်တော်ပန်းနေပြီပေါ့။ ကလေးတွေလည်းပန်း၊ ဆရာမတွေလည်းပန်း။
နှစ်ဦးနှစ်ဖက်ပင်ပန်းနေတဲ့အချိန်မှာ ခေါင်းထဲကို အတင်းရိုက်ထည့်ခိုင်းနေတော့ ကလေးတွေကို သနားမိတယ်။ မသင်လို့ ကလည်း မဖြစ်ဘူးလေ။ အမိန့် ပေးတာဆိုတော့လုပ်ရတာပေါ့။ တစ်ကယ်ဆိုကလေးတစ်ယောက်ကို အဲ့ဒီလောက်အထိသင်လို့ မရဘူး။ နားချိန်ပေးရမယ်။ ဒါမှကျောင်းက သင်လိုက်တဲ့ စာတွေကိုအိမ်မှာ ပြန်လေ့လာ နိုင်မှာပေါ့။ ဦးဏှောက်ကို အနားပေးချိန်နည်းလွန်းတော့ ကလေးတွေကမပျော်ရွှင်တော့ဘူး။ ကျောင်းကိုကြောက်လာတယ်။ စာကိုကြောက်လာတယ်။
တချို့ ကလေးတွေဆိုစိတ်တိုစိတ်ဆတ်ပြီး ခဏခဏ ရန်ဖြစ်တာမျိုးတွေအထိရှိလာတယ်။ ကျွန်မတို့ ဝန်းသိုမြို့ နယ်က အလွတ်ကျက်ဖြေစံနစ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာစံပြုလောက်ပါရဲ့ ။ ဆရာမတွေလည်းကျောင်းဆင်းလို့ အိမ်မပြန်ရ။ ကျောင်းသားကျောင်းသူတွေလည်း အတန်းထဲမှာတပိန်ပိန်တလိန်လိန်နဲ့ ။ ကျောင်းအုပ်ကတော့သူနာမည်ကောင်းရတော့မယ်ဆိုပြီးတပြုံးပြုံးနဲ့ ပေါ့။ တကယ်က ကလေးတွေရဲ့ ဥာဏ်ရည်ကိုသတ်နေတာဆိုတာသိဖို့ ကောင်းတယ်။ ဦးဏှောက်ဆိုတာစဉ်းစားချိန် မရှိရင်မထက်မြက်နိုင်ဘူးလေ။ နည်းနည်းသင်၊ များများလေ့လာဆိုတဲ့စကားကို ၀န်းသိုမြို့ နယ်ကမေ့နေတာ။ လို့ ပြောပြပါတယ်။
ကျွန်မတို့ ခေတ်မှာလည်း ထူးချွန်ထက်မြက်တဲ့သူတွေအများကြီးပေါ်ထွန်းလာခဲ့ဖူးပါတယ်။
ဒါပေမယ့်ဒီလောက်အထိဆိုးဆိုးရွားရွားစာဆိုမှစာ မလုပ်ခဲ့ရပါဘူး။ စာသုံးလေးမျက်နှာကို ခဏနဲ့ ရတယ်။  ကျောင်းဆင်းတာနဲ့ ကစားနိုင်တယ်။ နားနိုင်တယ်။ ခုခေတ်ပညာရေးဌာနကလူကြီးတွေဆိုတာလည်း ကျွန်မ    နဲ့ တစ်ခေတ်တည်းဖြတ်သန်းလာခဲ့ကြဖူးပါလိမ့်မယ်။ ဒါနဲ့ များတောင်ဘာကြောင့် အနားမပေးပဲစာကိုချည်းသင် မှအောင်မြင်မယ်ဆိုတဲ့ အတွေးအမြင်နဲ့ အမိန့် ပေးစေခိုင်းနေရသလဲဆိုတာမပြောတတ်တော့ပါဘူး။ စာတစ်ခုကလွဲပြီးကျန်တာ ဘာမှမသိတော့အာင်များ တမင်တကာ လုပ်ယူနေလေရော့သလား။ ကျွန်မရဲ့  အယူအဆကတော့ ဘုရားဟောထားသလိုအလယ်အလတ်ကျင့်ပါဆိုသလို စာသင်ချိန်စာသင်၊ နားချိန်မှာနားစေချင်တာပါပဲ။ ကျောင်းဆင်းခေါင်းလောင်းသံကိုကြားရပေမယ့် သူတို့ နဲ့ မသက်ဆိုင်သလို အတန်းထဲမှာငုတ်တုတ်ထိုင်နေရတဲ့ကလေးတွေကိုသနားကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဟော….. ပြောရင်းဆိုရင်း ပင်ပန်းနွမ်းနယ်နေတဲ့ ခြေလှမ်းတွေနဲ့ အစိမ်းအဖြူဝတ်စက်ရုပ်လေးတွေ ကျွန်မအိမ် ရှေ့ ကနေဖြတ်သွားကြလေရဲ့ ။
(မှတ်ချက်။     ။ အခုရေးခဲ့တာတွေ အားလုံးက၀န်းသိုမြို့ နယ်မှာ ဖြစ်နေတဲ့တစ်ကယ့်ဖြစ်ရပ်မှန်တွေပါ။ တခြားတခြားသော ရေးစရာတွေအများကြီး ကျန်ရှိနေပါသေးတယ်။ နောက်များ အလျင်းသင့်ရင် ဆက်ရေးပါဦးမယ်။ ကျွန်မနဲ့  ဘောထားခြင်း တိုက်ဆိုင်သည်ဖြစ်စေ၊  မတိုက်ဆိုင်သည်ဖြစ်စေ စာဖတ်သူယူဆချင်သလို ယူဆနိုင်ပါတယ်။ ဒီစာကိုတင်ပေးတဲ့ Admin ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင့်။)
ဝန်းသိုမီးမောင်း