ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၈၈၈၈ (၂၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ဖိတ်ကြားလွှာ.. (ကျောင်းသားတပ်မတော် မြောက်ပိုင်း)

 

ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ တတိယအကြိမ်မြောက် အညတရသူရဲကောင်း ဂုဏ်ပြုပွဲ အခမ်းအနား..

 မြန်မာပြည်ရဲ့ သမိုင်းခေတ် အဆက်ဆက်မှာ ဖိနှိပ်သူ အာဏာရှင်တွေ ရှိနေသ၍ အဖိနှိပ်ခံ ပြည်သူတွေနဲ့ အမှန်တရားဘက်မှ ရပ်တည်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ အညတရသူ ရဲကောင်းတွေ အမြဲမပြတ် ပေါ်ပေါက်နေမှာ ပေါ်ထွန်းနေမှာ ဖြစ်ပါတယ်..။ အများပြည်သူတွေ ဘက်မှ ရပ်တည်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ပြည်သူဘက်က ရပ်တည်ခဲ့ပြီး နှစ်ပေါင်းများစွာ အကျဉ်းကျခံ၊ ပေးဆပ်ခဲ့ကြရပြီး အမည်နာမ ထင်ရှားကျော်ကြားခြင်း မရှိတဲ့ ပြည်တွင်းမှ အညတရ သူရဲကောင်းတွေ အတွက် ဆုချီးမြှင့် ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်မှာ ယနေ့ဆိုရင် တတိယအကြိမ်သို့ တိုင်ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်..။ 

ပြီးခဲ့တဲ့ ဇွန်လက တတိယအကြိမ်မြောက် အညတရသူရဲကောင်း ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဇွန်လ(၁၉)ရက်နေ့က မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အခမ်းအနားနဲ့ အတူ အညတရ သူရဲကောင်းဆုချီးမြှင့်ပွဲ အခမ်းအနားအားလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်..။ ထိုသို့ ပြည်တွင်းမှ အညတရသူရဲကောင်းများအတွက် ကွက်လပ်ကလေးကို ဝင်ဖြည့်လှူဒါန်း ပံ့ပိုးခဲ့ကြတဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား ဂျပန်နိုင်ငံရှိ အညတရသူရဲကောင်း ဆုချီးမြှင့်ရေး ကော်မတီမှ ပြီးခဲ့တဲ့ သြဂုတ်လ ၅ရက် တနင်္ဂနွေနေ့က ဂုဏ်ပြုပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါတယ်..။

အခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနဲ့ AAPP-Bမှ သဝဏ်လွှာများ ပေးပို့ခဲ့ပြီး.. အခမ်းအနားအား အဆို၊ အတီး၊ ကဗျာ၊ ဂုဏ်ပြုသဝဏ်လွှာများ၊  အလှူငွေများ ပေးအပ်ပွဲနဲ့ ရှမ်းတိုင်းရင်းသား ရိုးရာအကများ အပါအဝင် စုံစုံလင်လင် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်..။

ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ အညတရသူရဲကောင်း ဂုဏ်ပြုပွဲ အခမ်းအနားသို့ အကျဉ်းထောင်အတွင်းမှာ ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်တဲ့ တတိယအကြိမ်မြောက် အညတရ သူရဲကောင်းဆုရှင် ကိုလကျာင်္ထွန်း အတွက် ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် (ကိုမျိုး မြန်မာစာ) ပေးပို့တဲ့ ဂုဏ်ပြုကဗျာ..

“သူရဲကောင်းသူငယ်ချင်း”

အညတရ သူရဲကောင်းတဲ့လား၊
ဂုဏ်ပြုခြင်းဟာ
မင်းနဲ့ ထိုက်ပေမယ့်
 မင်းရောက်နေရရှာတဲ့ နေရာက
မင်းနဲ့ မတန်တာသေချာတယ်သူငယ်ချင်း။ ...
အကြမ်းဖက်သမားတဲ့လား..။

အကျဉ်းကျနေတဲ့ဘ၀နဲ့ တောင်
ခါးဝတ်ပုဆိုးမကမြဲတဲ့ ကံငါးပါးဆောင်
အဓိဋ္ဌာန်ရက်ရှည်ကုသိုလ်ပြုနိုင်တာတွေက
သက်သေသက္ကာယမဖြစ်လည်း
စိတ်မပျက်နဲ့ သူငယ်ချင်း။

ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေတဲ့တိုင်
အင်္ဂလိပ်စာ၊ ပြင်သစ်စာ၊ အဘိဓမ္မာ
ဆည်းပူးထားတဲ့ပညာတွေပေးဝေနိုင်တာ
မင်းရဲ့ စိတ်စေတနာ
ကွန်နက်ရှင်ကောင်းလွန်းလို့ ဆိုတာလည်း
ငါသေချာပြောရဲတယ်သူငယ်ချင်း။

အတိတ်ကံလို့ ပဲဆိုဆို
ပြုသော်လည်းမရ၊
မပြုသော်လည်းရ၊
ဘ၀အကျဉ်းထောင်ထဲက
လူသားတိုင်းလည်းအတူတူပါပဲ။

ကံ၊စိတ်၊ဥတု၊ အဟာရ ဒီလေးခုမှာမှ
ကိုယ်ပိုင်နိုင်တာစိတ်တစ်ခုတည်းပါကွာ..။

အဲ့ဒီ
ကိုယ့်ပိုင်နက်နယ်မြေမှာ
အချုပ်အခြာအာဏာတည်အောင်
လုပ်ဆောင်နိုင်သူသာ
လောကဓမ္မသူရဲကောင်းစင်စစ်လို့ ဆိုနိုင်တာမို့ 
တကယ်ဆိုသူငယ်ချင်း....
မင်းဟာ
“အညတရသူရဲကောင်း”
ဆုမပေးနှင့်ခင်ကတည်းက
သူရဲကောင်းဖြစ်နှင့်နေပြီ။

(သူငယ်ချင်းလကျာင်္ထွန်းသို့ )
ကိုမျိုး(မြန်မာစာ)
ဝါဆိုလပြည့်နေ့ ၁၃၇၄ခု
တတိယအကြိမ်မြောက် အညတရသူရဲကောင်း ဂုဏ်ပြုပွဲ အခမ်းအနား.. ရုပ်သံ (ဇေယျာ)

၂၄နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည် အခမ်းအနား ဖိတ်ကြားစာ.. (ရန်ကုန်၊ မန္တလေး)


မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရှမ်းပြည်နယ်တောင်ပိုင်း) အောင်မြင်စွာ ဖွဲ့ စည်း...

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရှမ်းပြည်နယ်တောင်ပိုင်း) အောင်မြင်စွာ ဖွဲ့ စည်းနိုင်


၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်


မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရှမ်းပြည်နယ်တောင်ပိုင်း) ကို ရှမ်းပြည်နယ် တောင်ကြီးမြို့ တွင် (၁၅) ဦး ပါဝင်သည့် အလုပ်အမှုဆောင်အဖွဲ့ ဖြင့် ယနေ့ အောင်မြင်စွာ ဖွဲ့ စည်းနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရှမ်းပြည်နယ်တောင်ပိုင်း) ကို ရှမ်းပြည်နယ် ဒေသခံ တိုင်းရင်းသား သတင်းစာ ဆရာများနှင့် သတင်းစာ စာပေ စိတ်ဝင်စားသူ မျိုးဆက်သစ်လူငယ်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အလုပ် အမှုဆောင်အဖွဲ့တွင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၄ ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။ အလုပ် အမှုဆောင်အဖွဲ့  ဖွဲ့ စည်းပုံတွင် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ၊ အတွင်းရေးမှူး။ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်မှူး၊ သတင်းနှင့် ပြန်ကြားရေးမှူး၊ စည်းရုံးရေးမှူး၊ ပညာရေးမှူး၊ ရံပုံငွေရှာဖွေရေးမှူး တို့ ပါဝင် ဖွဲ့ စည်း ခဲ့သည်။

သတင်း, ဓာတ်ပုံ,  ကိုညီဇော် ပေးပို့သည်..

စာရေးဆရာ တာရာမင်းဝေ၏ (၅) နှစ်ပြည့် နှစ်ပါတ်လည်...

ငြိမ်းချမ်းပါစေ တာရာမင်းဝေ
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁.၁.၂ဝဝ၁ ခုနှစ်မှ စတင်၍ နေ့စဉ်နှင့်အမျှ အများပြည်သူတို့၏ နာရေးကိစ္စ အဝဝ တို့ကို (အခမဲ့) ကူညီမှုပြုလာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၁၁) နှစ် တိုင်ရောက်ရှိလာခဲ့ပါသည်။ ထို့အတူ နာရေးကူညီမှု အသင်း(ရန်ကုန်)သည် ဘဝနတ်ထံသို့ ပျံလွန်တော်မှုသွားသော ဆရာတော်ကြီးများ၊   ဘဝတစ်ပါးသို့ပြောင်းလဲ သွားကြသော နာမည်ကျော်စာရေးဆရာကြီးများ၊ ပြည်သူချစ်သော အနုပညာရှင်များ စသဖြင့် ၄င်းတို့၏ နှစ်ပါတ်လည်နေ့များသည်လည်း အကြိမ်ကြိမ် တိုင်ခဲ့ပါပြီ။ ထိုသူများထဲမှ ၂ဝဝ၇ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့သော ပြည်သူ့ ဘက်မှ ရပ်တည်ခဲ့သော အနုပညာရှင် စာရေးဆရာ တာရာမင်းဝေ တစ်ဦးသည်လည်း အပါအဝင်ပင်ဖြစ်သည်။

၂ဝ၁၂ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ချစ်ညီညီ (ခ) ရွှေဘုန်းလူ (ခ) စာရေးဆရာ တာရာမင်းဝေ၏ (၅) နှစ်ပြည့် နှစ်ပါတ်လည်အတွက် ဆွမ်းကပ်လှူပူဇော်ခြင်းကို အမှတ် (၃၆၄)၊ ပီမိုးနင်း(၁)လမ်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ ကျင်းပခဲ့သည်။ ယင်းအလှူပွဲသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းမှ တာဝန်ရှိသူများတို့ သွားရောက်ခဲ့ကြသည်။ စာရေးဆရာ တာရာမင်းဝေ၏ ရုပ်အလောင်းအား ၂ဝဝ၇ခုနှစ်၊ သြဂုတ် (၈) ရက်နေ့၌ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန် ယာဉ်အား မောင်းနှင်၍ ရေဝေးအအေးခန်းသို့ ပို့ဆောင်ပေးခဲ့ဖူးပါသည်။ ယင်း (၅) နှစ်ပြည့် အောက်မေ့ဘွယ် အခမ်းအနားတွင် ကျန်ရစ်သူမိသားစုနှင့်အတူ တာရာမင်းဝေ၏ ရဲဘော်ရဲဘက်များ၊ မိတ်ဆွေများ၊ စာပေလောကမှ မိတ်ဆွေများ၊ (၈၈) ကျောင်းသားများ၊ နိုင်ငံရေးလောကမှ နိုင်ငံရေးသမားများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

ယခုကဲ့သို့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ စတင်ခြေလှမ်းနေစဉ်အချိန်တွင် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အသက် ပေးခဲ့သော၊ ကျဆုံးခဲ့ကြသော သူရဲကောင်းများကို အစဉ်အမှတ်ရကြကာ သူရဲကောင်းများ၏ စွန့်လွှတ်အနစ်နာခံမှု၊ သူရဲကောင်း တို့၏ စေတနာ၊ မေတ္တာ၊ သူရဲကောင်းတို့၏ ကျေးဇူးတရားများကို ပြန်လည်၍ ကျေးဇူးဆပ်သည့်အနေဖြင့် ပြည်သူ/သားအားလုံး စည်းလုံးညီညွတ် စည်းကမ်းရှိစွာဖြင့် အတ္တများကိုဖြုတ်ပြီး ငြိမ်းချမ်းမှုကွန်ယက်များကို လက်ဆင့်ကမ်း သယ်ဆောင်ကြဖို့ အရေးကြီးပါပေသည်။ မြန်မာပြည်ငြိမ်းချမ်းပါစေဟု ဆုတောင်းမေတ္တာပို့သ ကဗျာဖွဲ့သီခဲ့သော တာရာမင်းဝေ(ခ) ရွှေဘုန်းလူ (ခ) ချစ်ညီညီတစ်ယောက် ကျန်ရစ်သူမိသားစု၏ ကောင်းမှုအစုစုတို့ကြောင့် ငြိမ်းချမ်းရာအစစ်ဖြစ်သော အရပ်ဒေသသို့ ရောက်ရှိစံစား နိုင်ပါစေဟု မေတ္တာပို့သလိုက်ရပါသည်။

“မြန်မာပြည် ငြိမ်းချမ်းပါစေ”
သွေးစတွေ စိုလူး
အလံဦးမှာ
ကိုယ့်နာမည်ချိတ်လို့
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့
တိုက်ပွဲဝင်နေပါတယ်။
(ချစ်ညီညီ(ခ)ရွှေဘုန်းလူ(ခ)တာရာမင်းဝေ)

၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ"...

၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" ကို ယနေ့ညနေ ၃း၀၀နာရီက ကျင်းပရာ "မစ္စတာ ကွင်တာနား ပြောကြားခဲ့သော နိုင်ငံသားဥပဒေ ပြင်ဆင်ရေးကို ၈၈ အနေဖြင့် မည်သို့မြင်ပါသနည်း"ဟု အလင်းတန်းဂျာနယ်မှ မေးမြန်းရာ မင်းကိုနိုင်က " နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသော ဥပဒေကို အမျိုးသားအကျိုးစီးပွားအတွက် ရည်ရွယ်ပြီး ပြဌာန်းသင့်သည် " ဟု ဖြေကြားခဲ့သည်။
၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" တွင် News Watch ဂျာနယ်မှ မေးမြန်းရာ "ရခိုင်ရောက်သည့်အခါ ဘင်္ဂါလီများထံသို့ ရောက်ခဲ့ပါသေးသလား"ဟု ဆိုသည့်အမေးကို ကိုကိုကြီးမှ "၎င်းတို့အနေဖြင့် ရောက်ရှိခဲ့ကြောင်း၊ မောင်တောတွင် ၉၇%မှာ ဘင်္ဂါလီများဖြစ်ကြပြီး၊ ဘူးသီးတောင်တွင် နေထိုင်သော ၉၅%မှာ ဘင်္ဂါလီများဖြစ်ကြောင်း" ပြောကြားသည်။

ဘူးသီးတောင် မောင်တောရှိ ဒုက္ခသည်များမှာ ရခိုင်များဖြစ်ကြောင်း၊ စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းများနှင့် မွတ်စလင်ဒုက္ခသည် စခန်းများသို့လည်း သွားရောက်ခဲ့ကြောင်း၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာရှိ ကမန်တိုင်းရင်းသားများ၊ ကမန်မဟုတ်သော မွတ်စလင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊​ အမှတ် ၆ ရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒုက္ခသည်များနှင့်လည်း တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
၈၈မျိုးဆက်ကျောင်းသားများ ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" ကို ယနေ့ (သြဂုတ်လ၊ ၅ ရက်) ညနေ ၃း၀၀ နာရီတွင် ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်း၌ ကျင်းပရာ မမီးမီးမှ ခရီးစဉ်အတွေ့အကြုံများကို ရှင်းလင်းပြောပြစဉ်။
၈၈မျိုးဆက်ကျောင်းသားများ ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" တွင် ဗီးနပ်စ် ဂျာနယ်မှ " ရိုဟင်ဂျာကိစ္စသည် နိုင်ငံတကာတွင် လူ့အခွင့်အရေး ကိစ္စဖြစ်နေကြောင်း၊ ၈၈အနေဖြင့် လူ့အခွင့်အရေး ရှုထောင့်မှ မည်သို့မြင်ပါသနည်း" ဆိုသည့်အမေးကို မင်းကိုနိုင်က ပြန်လည်ဖြေကြားရာတွင် "ကျွန်တော်တို့ ကိုယ်တိုင်လည်း လူ့အခွင့်အရေးအတွက် အမြဲတိုက်ပွဲဝင် နေရဆဲဖြစ်ကြောင်း၊ ရခိုင်ဒေသကိစ္စမှာ လူ့အခွင့်အရေး ရှုထောင့်တခုတည်းမှ ကြည့်၍ မပြည့်စုံကြောင်း၊ သမိုင်းကြောင်းနှင့် ချီ၍ ရှင်းရမည့်ကိစ္စများ၊ ပြည်ပမှ ကျူးကျော်ဝင်ရောက်နေထိုင်မှုများအပါအ၀င် အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရမည့် စဉ်းစားစရာများရှိကြောင်း၊ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းဆန်ဆန် ဖန်တီး၍ နောက်ကွယ်မှ အကြံအစည်များ ရှိနေသလို ၀ါဒဖြန့်ချီမှုများလည်း ရှိနေသည်ကို ဂရုပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံသားအခွင့်အရေး တိုင်းရင်းသား အခွင့်အရေးများနှင့် အခြားရှုထောင့်များကလည်း ကြည့်ကြရမည် ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည် ထိုမေးခွန်းကို ကိုကိုကြီးက ဖြည့်စွက် ဖြေကြားရာတွင် လူသားချင်းစာနာသည့် ရှုထောင့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်၊ နိုင်ငံသားဖြစ်မှု ဆိုင်ရာရှုထောင့် တို့မှလည်း ကြည့်ရမည်ဖြစ်ကြောင်း ဖြေကြားသွားပါသည်။



ပြည်တွင်း မီဒီယာအသီးသီးမှ သတင်းသမားများ၏ “မီဒီယာဖိနှိပ်မှု.... ရပ်” လှုပ်ရှားမှု..

 “မီဒီယာဖိနှိပ်မှု.... ရပ်” လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ..
 ပြည်တွင်း မီဒီယာအသီးသီးမှ သတင်းသမားများ“မီဒီယာဖိနှိပ်မှု.... ရပ်” လှုပ်ရှားမှု..

" ဓာတ်ပုံ AP, သတင်း 7Day News Journal"
“မီဒီယာဖိနှိပ်မှု.... ရပ်” ဟူသည့် အနက်ရောင်တီရှပ်ဝတ် လှုပ်ရှားမှုတစ်ရပ်ကို မီဒီယာပေါင်းစုံမှ သတင်းသမားများ စုပေါင်းကာ ယနေ့(သြဂုတ်၎ရက်) နံနက်၁၁နာရီတွင် စတင်ပြုလုပ်ခဲ့သည်။ 

ဆူးလေရှိ The Voice ရုံးခန်းနှင့် မြေနီကုန်းရှိ Envoy ဂျာနယ်ရုံးခန်းတို့ သို့သွားရောက် အားပေးကာ မီဒီယာဖိနှိပ်မှုကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် သတင်းသမားများ၏ လက်မှတ်များကိုလည်း စုဆောင်းခဲ့ပြီး ထိုလက်မှတ်များနှင့် စာများကို နိုင်ငံတော်သမ္မတနှင့် လွှတ်တော်နှစ်ရပ်တို့ထံ ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။

ထူးဆန်းထွေလာ ဟင်္သာတမြို့မှ ဆက်သွယ်ရေးဋ္ဌာန အကြောင်း (တိုင်ကြားစာ)

ဟင်္သာတမြို့  မှာ GSM နှင့် CDMA ဖုန်းများ စကားပြောလျှင် ပြုတ်ကျသွားပြီး အိမ်တွင်း ပြန်ခေါ်တာတောင် ဆက်သွယ်မှု ပြင်ပရောက်နေကြောင်း ဖြေကြားနေခြင်းကိစ္စတွေကို ဟင်္သာတဆက်သွယ်ရေးက မဖြေရှင်းနိုင် ဖြစ်နေပါတယ်..။

ဟင်္သာတမြို့မှ ရဲတွေကိစ္စ၊ သစ်ကိစ္စ၊ ဖဲဝိုင်းကိစ္စ စသည့်တိုင်းတန်းချက်များ အင်တာနက်ပေါ်ပါလာပြီး နောက်နေ့များတွင် ဟင်္သာတမြို့ ပေါ်ရှိ GSMနှင့် CDMA ဖုန်းလိုင်းများမှာ တုံးအပြည့် မိနေပါလျှက်နှင့်  စကားပြောနေရင်းနဲ့ လိုင်းကျကျသွားတဲ့ အဖြစ်များ ကြုံတွေ့နေရပါတယ်..။ ကျွန်တော်တို့လို ဝန်ထမ်းတွေ အနေနဲ့ (မသိရင် အထက်လူကြီးနဲ့ ပြောတဲ့ ၀န်ထမ်းအချို့ အတွက် ရင်လေးစရာပါ) မပြောချင်လို့ ချတယ်ထင်မှီရင် မလွယ်လှပါ..။

တာဝါတိုင်မှာက လိုင်းကောင်းတယ်လေ တာဝါတိုင်ကို ဟင်္သာတမအူပင်လမ်း စရဖ ၀န်းထဲမှာ တစ်တိုင်၊ လယ်တော်ဝန်း ထဲမှာ တစ်တိုင် ခလရ (၁၈)မှာ တစ်တိုင်အသီးသီး ထောင်ထားသော်လည်း စကား တစ်ခါပြောဖို့ အတွက် သုံးခါလေးခါလောက် ပြန်ပြန်ခေါ်ရပါတယ်။ ဟင်္သာတ ဆက်သွယ်ရေး ကြိုးဖုန်းတွေကလည်း တစ်ခါပျက်ပြင်လျှင် ၁၅၀၀နှင့်၂၀၀၀ ကြားပေးရပြီး တစ်လကို ပုံမှန်တစ်ခါတော့ အချိန်မှန်ရင် ပြတ်သွားပါတယ်။ လိုင်းမင်းတွေကလည်း တိုင်းဆက်သွယ်ရေးဌာနက ဗိုလ်မှူးတွေကိုခန့် ထားပါတယ်။ (ဗိုလ်မှူးဆိုတာ စစ်တပ်က ၀န်ထမ်းမဟုတ်ပါဘူး) မနက်မိုးလင်း လိုင်းလိုက်ကတည်းက စမူးနေလို့ပါ ၀န်းထမ်းတွေကို အရက်သောက်ခွင့် ပေးတဲ့ဌာနက ဟင်္သာတ ဆက်သွယ်ရေးဌာန တစ်ခုသာရှိပါတယ်) တစ်ချို့ဖုန်းတွေဆိုရင် အိမ်မှာ တနေ့လုံးလည်း ရှိမနေဘဲ  တစ်လနှစ်လတာ  ခရိးထွက်နေပါလျှက်နဲ့ အဲဒီ့ခရီးထွက်တဲ့ ကာလအတွက် ဖုန်းဘေထွက်လာရင် လူမရှိပဲ ၄သောင်း လောက် ကျနေတတ်ပါတယ်..။

ဖုန်းရုံးကို သွားပြောရင်လည်း ဖုန်းဘေတော့ အခုဆောင်လိုက်ပါ.. AE ကိုပြောပေးမယ် အ၀င်ပိတ်မလား။ အထွက်ပိတ်မလား ပိတ်ရင်အနည်းဆုံး (၆)လပိတ်ရမယ် ဖုန်းဝယ်ထားပြီး ဖုန်းပိတ်ရမယ့် အဖြစ်မျိုးနဲ့ ကြုံနေပါတယ်။ ကွန်ပလိန်းတက်ရင်လည်း စာရွက်ထွက်လာပါတယ်။ အိမ်တခါးတောင် ပိတ်ပြီး ခရီးထွက်နေပါတယ်ဆိုမှ တစ်မိနစ်ခြား၊ နှစ်မိနစ်ခြား ခေါ်ထားတဲ့ နံပါတ်တွေနဲ့ ဖုန်းဘေနဲ့  ကွက်တိကျအောင် ထွက်လာပါတယ်။

ဖုန်းဘေတွက်တဲ့ ကွန်ပျူတာဘဲ ပျက်နေသလား ဘေကိုင်တဲ့ ဌာနကဘဲ လုပ်စားနေသလား ဘယ်လိုဘဲပြောပြော ကွန်ပြူတာ စက်ဘဲထိုးချမှုများ ဟသာင်္တမှာ ဖြစ်ပေါ်နေမှု များဟာ ဧကန်မလွဲ ကြိမ်းသေပါတဲ့ ဆိုတဲ့ အကြောင်းကို ဆက်သွယ်ရေးဝန်ကြီး သိစေရန် ဒီမိုဝေယံမှတဆင့် တင်ပြအပ်ပါတယ်။

ဟင်္သာတနှင်းမောင်...

ထားဝယ်မြို့၌ (၂၄)နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားအား ကျင်းပပြုလုပ်မည်..

ထားဝယ်မြို့၌ (၂၄)နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားအား  ကျင်းပပြုလုပ်မည်

(၂၄)နှစ်ပြည့် ၈၈၈၈ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားအဖြစ် ဝါဆို သင်္ကန်းကပ်လှူခြင်းနှင့် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံအတွင်း ထားဝယ်မြို့တွင် ကျဆုံးခဲ့ရသော 'ဆရာဦးပန်းကျော်၊  ဆရာဦးချမ်းလှ၊  ဦးတင်ရှိန်၊ မမူမူအေးနှင့် တနိုင်ငံလုံးတွင် ကျဆုံး အသက်စတေး ခဲ့ရသော သူရဲကောင်းတို့အား  ဂုဏ်ပြုအောက်မေ့သော အားဖြင့် အလှူဒါနပြု ရေစက်ချအမျှဝေခြင်း အခမ်အနားအား ထားဝယ်မြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

ထားဝယ်မြို့မှာ ကျင်းပပြုလုပ်မည့် ၈၈၈၈လုံး နှစ်ပတ်လည် အခမ်းအနားသို့ ရန်ကုန်မြို့မှ ရောက်ရှိလာမည့် (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဒေသခံပြည်သူလူထုတို့ တွေ့ဆုံ နှုတ်ဆက်မည့် အခမ်းအနားအား ထားဝယ်မြို့  ဇေယျဝတီကျောင်းတိုက်၊ ဓမ္မဘေရီဓမ္မာရုံတွင် (၈.၈.၂ဝ၁၂) ဗုဒ္ဓဟူးနေ့ နံနက်(၇းဝဝ)နာရီ၌ ကျင်းပပြုလုပ်မည်  ဖြစ်ပါသည်။

ထားဝယ်မြို့ ၈၈၈၈လုံး အခမ်းအနားသို့ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့ ဗကသအဖွဲ့မှ  ကိုမင်းဇေယျာ၊ ကိုချစ်ကိုလင်း၊ ကိုသော်ဇင်ထွန်း၊ မသက်သက်အောင်၊ ကိုစည်သူမောင်နှင့် ကိုငွေစိုးလင်း တို့လာရောက်မည် ဖြစ်ပါကြောင်း ထားဝယ်သူ၊ ထားဝယ်သားများအား အသိပေးအကြောင်းကြား အပ်ပါသည်..။

ထားဝယ် ၈၈

ယနေ့ ရန်ကုန်မြို့ ပြည်လမ်းရှိ (UNHCR) ရုံးရှေ့မှာ ပြုလုပ်တဲ့ သမ္မတဦးသိန်းစိန်၏ ရိုဟင်ဂျာဘင်္ဂါလီအပေါ် ထားတဲ့သဘောထားအား ထောက်ခံပွဲနှင့် ရိုဟင်ဂျာသည် တိုင်းရင်းသား မဟုတ်ကြောင်း ကန့်ကွက်ဆန္ဒပြထုတ်ဖော်ပွဲ..

ယနေ့ ရန်ကုန်မြို့ ပြည်လမ်းရှိ (UNHCR) ရုံးရှေ့မှာ ပြုလုပ်တဲ့ အွန်လိုင်းဖေ့စ်ဘွတ်ပေါ်မှာ စုစည်းမိတဲ့ မျိုးချစ်မြန်မာများရဲ့ သမ္မတဦးသိန်းစိန်၏ ရိုဟင်ဂျာဘင်္ဂါလီအပေါ် ထားတဲ့သဘောထားအား ထောက်ခံပွဲနှင့် ရိုဟင်ဂျာသည် တိုင်းရင်းသား မဟုတ်ကြောင်း ကန့်ကွက်ဆန္ဒပြထုတ်ဖော်ပွဲ..။
ဓာတ်ပုံ AP
(ဆန္ဒထုတ်ဖော်ပွဲသို့ စမ်းချောင်းမြို့နယ်.. ရဲစခန်းမှ တာဝန်ရှိသူများမှ လာရောက်တားမြစ်စဉ်..။ ဆန္ဒပြပွဲအတွက် ကြိုတင်ခွင့်ပြုချက် တောင်းခံချိန် ၅ရက်မပြည့်ခင် ခွင့်ပြုချက်မကျမှီ လာရောက် ဆန္ဒပြတဲ့အတွက် လာရောက်တားမြစ်ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်..။ ဆန္ဒပြဲပွဲအား ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြပါတယ်..)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးနှင့်ပတ်သက်သည့် သဘောထားအား ထောက်ခံသည့် အနေဖြင့် ရန်ကုန်မြို့၊ မြေနီကုန်းမှတ်တိုင်အနီးရှိ UNHCR မဟာမင်းကြီးရုံးရှေ့တွင် လူငယ် ၂၀ ခန့်က ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ရခြင်း အကြောင်းရင်းမှာ သမ္မတကြီး ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေး ပြောကြားသော မိန့်ခွန်းအား ထောက်ခံခြင်း၊ UNHCR မဟာမင်းကြီး ပြောကြားသော ရိုဟင်ဂျာများနှင့် အတူယှဉ်တွဲ နေထိုင်မည့် အကြောင်းအား ကန့်ကွက်ရှုတ်ရှခြင်း၊ ရိုဟင်ဂျာများအား မြန်မာတိုင်းရင်းသားဟု ဖိအားပေးပြောဆိုနေကြသော ပြည်ပမီဒီယာများ၊ အဖွဲ့အစည်းများ နိုင်ငံများအား ရှုတ်ချ ဆန့်ကျင်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ မြန်မာပြည်သူ တိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများ အားလုံးက ရိုဟင်ဂျာအရေးကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် ညီညီညွှတ်ညွတ် လုပ်ဆောင် ပေးကြပါရန် ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။ 

ထို့နောက် ““ရိုဟင်ဂျာအရေးပြောကြားသော သမ္မတကြီးအား ထောက်ခံပါသည်။ ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်။ ရိုဟင်ဂျာသည် မြန်မာလူမျိုးမဟုတ်။ လိမ်ညာဝါဒဖြန့် မီဒီယာများ ချက်ချင်းရပ်။ ရိုဟင်ဂျာကိုတိုင်းရင်းသားဟု ပြောသူများ အလိုမရှိ””ဟူ၍ ကြွေးကြော်ခဲ့ကြပြီး နိုင်ငံတော်သီချင်းသီဆိုကာ ဆန္ဒဖော်ထုတ်မှုကို ရုပ်သိမ်းခဲ့ကြသည်။ ၎င်းတို့မှာ မည်သည့်အဖွဲ့အစည်းလက်အောက်ခံမှမဟုတ်ဘဲ အွန်လိုင်းပေါ်တွင် စုစည်းမိသော လူငယ်များဖြစ်ကြောင်း သိရသည်။

သတင်း 7Day News Journal