ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်လာမည့် ကိုမေတ္တာတို့အဖွဲ့ ရန်ကုန်လေဆိပ်တွင်တားဆီးခံရ...

fun
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် လာရောက်ဖျော်ဖြေတင်ဆက်မည့် လူရွင်တော်မေတ္တာဦးဆောင်သော အနုပညာသမားများ ရန်ကုန်လေဆိပ်တွင် တားဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ ကိုမေတ္တာနှင့်အတူ မိုးဒီ၊ မော့်စ်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်တို့ပါ တားဆီးခံရခြင်းလည်းဖြစ်သည်။ ဇန်န၀ါရီလ ၂၂ ရက်(သောကြာ)နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုမေတ္တာနှင့်အတူ မိုးဒီ၊ မော့်စ်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်တို့ပါ ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် တားဆီးခံရခြင်းလည်းဖြစ်သည်။

လေဆိပ်တွင် Dဖောင်ထုတ်ပေးပြီးခါမှ ပြည်ထဲရေးကခွင့်မပြုချက်မရလို့ဟုဆိုကာ ဂျပန်သို့လာမည့် အနုပညာသည်များ၏ ပစ်စပို့စာအုပ်တွေ အသိမ်းခံလိုက်ရကြောင်း၊ ပြည်တွင်းရှိ သတင်းသမားများလည်း လေဆိပ်သို့သွားရောက်၍ အင်တာဗျူးမှုတွေ လုပ်နေကြောင်းလည်း သိရှိရသည်။

ကိုမေတ္တာတို့အဖွဲ့ကို ဂျပန်သို့သွားရောက်ဖျော်ဖြေမည်ဆိုကတည်းက ရုပ်ရှင်နှင့် သဘင်ကောင်စီတို့မှ ခေါ်ယူမေးမြန်းမှုတွေပြုလုပ်ခံရကြောင်း၊ ဂျပန်ဗီဇာကို ထုတ်ပေးပြီးကာမှ ဆိုင်းငံ့အဖြစ် ပြန်လည်ရွေ့ပြောင်းမှုတွေပြုလုပ်ခံရကြောင်း၊ အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့်အနုပညာရှင်များ၏ ဂျပန်ပြည်ဝင်ခွင့်ဗီဇာနှောင့်နှေးကြန့်ကြာ နေသောကြောင့် ပျက်ပြားဖွယ်ရှိကြောင်း အစဦးကတည်းက ကြားသိနေရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကိုမေတ္တာကို ဖုန်းဆက်မေးမြန်းကြည့်ရာ "ကျနော်တို့ကို ရုပ်ရှင်အစည်းအရုံးကခေါ်ပြီး မသွားသင့်ဘူးလို့ ယူဆပြီးတား ထားတယ်ခင်ဗျ။ ဘာ့ကြောင့်လဲတော့ မသိဘူးခင်ဗျ။ ရုပ်ရှင်အစည်းအရုံးကို ကျနော်တို့က စာတင်ရတယ်လေ။ ရုပ်ရှင်အစည်းအရုံးမှာ ပြဇတ်တို့၊ ရုပ်ရှင်တို့ဖျော်ဖြေရိုက်ကူးဖို့အတွက် ပြည်ပကိုသွားရတဲ့အခါ စာတင်ရတယ်လေ။ ခဏစောင့်ပါဦး၊ နေပါဦးလို့ပြောထားတယ်ခင်ဗျ"ဟု ရှင်းပြသည်။
ဆက်လက်၍ ကိုမေတ္တာမှ"ကျနော်တို့ကတော့ ဘာမှမသိဘူးခင်ဗျ၊ ကျနော်တို့ကို ဂျပန်မှာလာဖျော်ဖြေပေးပါလို့ အဲဒီ့မှာရှိတဲ့လူတွေက ဖိတ်လာတဲ့အတွက် ကျနော်တို့အနုပညာကိုဖျော်ဖြေတင်ဆက်ဖို့အတွက်သွားမှာပါ။ ဒါဘဲရှိတာပါ"ဟု ဆက်လက်ပြောဆိုသည်။

ယင်းကိစ္စအတွက် တာဝန်ခံခေါ်ယူပေးသူ ဂျပန်လူမျိုး မစ္စတာခိမိဟိကို ဟိဂုရရှီ(kimihiko higurashi) ပွဲမဖြစ်မြောက်သည့်အတွက် တောင်းပန်ကြောင်းနှင့် ဂျပန်တွင် လာရောက်ဖျော်ဖြေခွင့်ရသည့်အထိ ဆက်လက်ကြိုးစားမည်ဟုလည်း စာထုတ်ပြန်ထားသည်။

ကိုမေတ္တာဦးဆောင်သည့် အငြိမ့်ပွဲကို ”Tokyo Sakuya ပျော်စရာအငြိမ့်”ဟု ခေါင်းစဉ်ပေးထားပြီး၊ ဇန်န၀ါရီလ ၂၄ ရက် (တနင်္ဂနွေနေ့)တွင် တိုကျိုမြို့၊ Ikebukuro အရပ်ရှိ မြန်မာအနုပညာဖျော်ဖြေပွဲများ ကျင်းပလေ့ရှိသည့် ခိုကိုင်းခိုးခန်းမတွင် ညနေ (၄)နာရီမှစတင်၍ ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားပြီးကာမှ ပျက်ပြယ်သွားရခြင်းဖြစ်သည်။ ယခင်က ဂျပန်နိုင်ငံသို့ ဇော်ဝင်းထွဋ်၊ လေးဖြူနှင့် အိုင်စီအဖွဲ့အပြင် နာမည်ကြီး အဆိုတော်များ၊ အနုပညာရှင်များ မကြာခဏလာရောက်ဖျော်ဖြေခဲ့ဖူးပြီး ယခုလိုဗီဇာ အခက်ခဲနှင့် အာဏာပိုင်တို့၏ ခေါ်ယူတားမြစ်ဖူးခြင်းမရှိခဲ့ကြောင်းသိရသည်။

သန့်မျိုးထွေး

မိုးသောက်ကြယ် မှရယူပါသည်။