ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

“ဗိုလ်ကျော်ဇောနှင့် နောက်ဆုံးအင်တာဗျူး” (သတင်း ဆောင်းပါးရှင် ကိုမျိုးမြန်မာစာ)


“ဗိုလ်ကျော်ဇောနှင့် နောက်ဆုံးအင်တာဗျူး”

(သတင်း ဆောင်းပါးရှင် ကိုမျိုးမြန်မာစာ)
လက်ရှိ ကျွန်တော်သိထား သမျှတော့ ဒါနောက်ဆုံး အင်တာဗျူးခွင့်ရသူပါပဲ။ ဒါထက် နောက်ဆုံးရှိသေးရင်လည်း ဝမ်းသာ ကြည်နူး ဂုဏ်ယူစရာပါပဲ။
***
နံနက်စောစောမှာပဲ DVBမှ မကြည် (ခင်မင်းဇော်)က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူး ချုပ်ဟောင်းအဘဗိုလ်ကျော်ဇောဆုံးပြီဟု အွန်လိုင်းမှာသတင်းပေးသည်။ ''နံနက် ၃နာရီ ကျော်လောက်ကတော့ကြားတယ်။ သတင်းတော့ မထုတ်ပြန်သေးဘူး''ဟု ဆိုသလို ''မိသားစုကိုမေးပြီးမှရေးနော်''ဟုလည်း သတိ ပေးသည်။ ချက်ချင်းဆိုသလို စာနယ်ဇင်း ညီအစ်ကိုမောင်နှမတွေကို ဦးအောင်ကျော်ဇောနှင့် အဆက်အသွယ်ရဖို့ တိုက်တွန်းဖြစ် သွား၏။

အခြားဂျာနယ်တိုက်ရောက်နေတဲ့ ညီ၊ညီမတွေကလည်း လှမ်းမေးကြည့်သည်။ များမကြာမီ ဗိုလ်ကျော်ဇောကွယ်လွန်တိမ်း ပါးသွားပြီဆိုသည့် သတင်းတွေ အွန်လိုင်းကို လွှမ်းမိုးသွားသည်။
ကျွန်တော်လည်း ဝမ်းနည်းကြောင်းကို ''သက်ရှိရာဇဝင်ကြီး ပြည်တော်ပြန်ခရီးနှင့် ရွှေတိဂုံစေတီတော် ဖူးခွင့်မကြုံတော့ပြီ'' ဟု ရေးဖြစ်သွား၏။ အခြားနိုင်ငံခြားရေဒီယိုတွေ ကလည်း တစ်ဦးတည်းသာ ကျန်တော့သည့် ရဲဘော်သုံးကျိပ်ဝင် အဘဗိုလ်ရဲထွဋ်နေအိမ် ဖုန်းနံပါတ်ကို မေးလာကြသည်။ ကျွန်တော်က အဘရဲဘော်ဘခက် ဖုန်းနံပါတ်သာ ပေးလိုက် နိုင်၏။

အဘရဲဘော်ဘခက်ကျေးဇူးနှင့် အဘ ကတစ်ဆင့်သာ ကျွန်တော့်ဆက်သွယ်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ကျွန်တော် တို့ ကံမကုန်လျှင် ပြန်ဆုံစေချင်သည့် ဆန္ဒပြု ကာ ဆုံဆည်းစေချင်သော မြန်မာ့လွတ်လပ် ရေးတပ်မတော်ဖခင် ရဲဘော်သုံးကျိပ်ဝင် နောက်ဆုံးလက်ကျန် စစ်သားဟောင်းကြီး နှစ် ဦးဆုံတွေ့ခွင့် မရတော့ခြင်းအတွက် ဝမ်း နည်းရ၊ ရွှေတိဂုံစေတီတော် ဖူးချင်သော ကွယ်လွန်သူ၏ ဆန္ဒမပြည့်ဝ ခြင်းအတွက်ကြေကွဲရ သလို ရဲဘော်သုံးကျိပ် ဝင်ထဲတွင် အသက် အငယ်ဆုံးဖြစ်သော၊ တစ်ဦးတည်းသာ ကျန် ရှိတော့သည့် အဘ ဗိုလ်ရဲထွဋ်ကို အထူး အမှတ်ရကာသမိုင်းဝင် ဂုဏ်ယူအားထားစရာ အဖိုးတန်ပုဂ္ဂိုလ်ကြီး ၏ ဆန္ဒမပြည့်သွားရ ရှာမှာကိုလည်း စိုးရိမ် မိသည်။ စစ်ပွဲများစွာ ဆင်နွှဲခဲ့သော၊ တိုင်း ပြည်ကို ချစ်သော၊ အသက် အရွယ်အိုမင်း နေပြီဖြစ်သော ပြည်ချစ် စစ်သားဟောင်းကြီး တို့ ရင်ထဲမှာအရှိဆုံး ဆန္ဒက 'စစ်ပွဲတွေ ရပ်စေလိုခြင်း' ဟု ကျွန် တော်ယူဆမိသလို အဘဗိုလ်ကျော်ဇောရော၊ အဘဗိုလ်ရဲထွဋ်ပါ အဲဒီဆန္ဒ အမှန်ရှိနေကြခဲ့ မည်မှာ သေချာသည်ဟုဆိုချင်ပါသည်။
***
RFA ရုပ်သံသတင်းမှာ 'ဗိုလ်ကျော်ဇော နှင့် အင်တာဗျူး'ကို အမှတ်တရထုတ်လွှင့်ပြ သသည်ဖြစ်၍ ကျေးဇူးတင်ရှိပါသည်။ စော စောပိုင်းကတော့ ကိုလွဏ်းဆွေ ဘလော့ဂ်မှာ အဘဗိုလ်ကျော်ဇော၏ အလွမ်းပြေ အပိုင်း (၁)၊ အပိုင်း(၂)ကို ကြည့်ဖြစ်သေး၏။ ယခုကတော့ ဦးခင်မောင်စိုးလက်ရာ တင် ဆက်မှုဖြစ်ပြီး ယမန်နှစ်ကမှ မေးမြန်းထား ခြင်းဖြစ်၍ ကျန်းမာရေးအခြေအနေ မဆိုးရွား မီ နောက်ဆုံးအင်တာဗျူးလည်း ဖြစ်နိုင် ကောင်းသည်ဟု ကျွန်တော်ယူဆမိသည်။ တန်ဖိုးကြီးမားသော အင်တာဗျူးပင်။

''အစ်ကို ဒီအင်တာဗျူး အတွက်ဘယ်လိုကြိုးစား ခဲ့ရတာလဲ။ ဒီလိုပုဂ္ဂိုလ် ကြီးကို လူတွေ့မေးဖို့ ဆိုတာတော်တော် လွယ် တဲ့ ကိစ္စမဟုတ်ဘူးလေ'' ဟု ကျွန်တော်မေးတော့ ဦးခင်မောင်စိုးကလည်း ဂုဏ်ယူစွာဖြင့် သူ့ အား ထုတ်မှုကိုစိတ်ရှည်လက် ရှည်ပြောပြ ဖြစ်သည်။

ဦးခင်မောင်စိုး- ''ကျွန် တော့် KIO စခန်းကို အရင်သွားတာဗျ။ အဲဒီ ကမှ ကြယ်ခေါင်ဘက် မှာဦးအောင်ကျော် ဇော နဲ့တွေ့တာ။ ဦးအောင် ကျော်ဇောနဲ့ ဒေါက် တာလှကျော်ဇောတို့ ကျေးဇူးနဲ့ပဲ ဗိုလ်ချုပ် (ဗိုလ်ကျော်ဇော)ကိုတွေ့ဖို့အခွင့်အရေးရခဲ့တာ။ သူတို့ မောင်နှမနှစ်ယောက်စလုံးက တိုင်း ပြည်ကို ချစ်ကြတာချင်းတော့တူတယ်။

တစ် ယောက်တစ်မျိုးစီတော့တိုင်းပြည်အတွက်လုပ် နေကြတာပဲလေ။ကျွန်တော်ဗိုလ်ချုပ်ကို သွား တွေ့ဖို့ ကူမင်းကို သွားရတယ်။ ဗိုလ်ချုပ်တို့ ကို တရုတ်အစိုးရကကူမင်းကအပါ့မန့်တစ်ခု မှာသေသေချာချာနေရာပေးထား၊ စောင့် ရှောက်ပေးထားတာပဲဗျာ''
ကျွန်တော်-''မနှစ်ကဆိုတော့အဘဗိုလ်ကျော်ဇောကအသက်၉၂နှစ်မှာပေါ့ဟုတ်လားအစ်ကို။ အသံတွေ၊ မာန်တွေကတော့ အင်တာဗျူးထဲမှာ တွေ့တာတက်ကြွကမှုအပြည့် ပဲနော်''

ဦးခင်မောင်စိုး- ''ဟုတ်တယ်။ ဗိုလ်ချုပ် (ဗိုလ်ကျော်ဇော)တို့ NLDက ဗိုလ်ချုပ်တင်ဦး တို့ ဆိုတာ အသက်သာကြီးတာ အသံတွေ၊ မာန်တွေကတော့ စစ်သားဟောင်းကြီးတွေဆို တော့ ပြတ်သားကြည်လင်နေတာပဲ။ ပြီးတော့ ဗိုလ်ချုပ်(ဗိုလ်ကျော်ဇော)က၉၃နှစ်ထိ အသက် ရှည်ရှည်နေသွားရတာမှာ သူ့သမီးဒေါက်တာ လှကျော်ဇောက အချိန်ပြည့်စောင့်ရှောက်မှု လည်း အဓိကကျပါတယ်။ ကျွန်တော့်အင်တာ ဗျူးအဖွင့်မှာတောင်အဲ့ဒါပါတယ်။ ''ကျွန်တော် အသက်၉၂နှစ်ထိနေရတာ တော်တော်ကျေ နပ်ဖို့ကောင်းပါပြီ။ ဗိုလ်ချုပ် အောင်ဆန်းခမျာ အသက် ၃ဝကျော်လေးနဲ့ကွယ်လွန်ရတာ။ ဒါ နဲ့စာရင် ကျွန်တော်တို့ အများကြီး ကုသိုလ်ကံ ကောင်းပါတယ်''လို့ ဖြေခဲ့တယ်။

ကျွန်တော်-''ဒါနဲ့ အစ်ကိုတို့ဆုံကြတော့အင်တာ ဗျူးတာအချိန်တော်တော်ရလိုက်လား''
ဦးခင်မောင်စိုး- ''ရပါတယ်။ တော်တော်ရ လိုက်တယ်။ ဗိုလ်ချုပ်က ကျွန်တော်တို့ RFA နဲ့ ဖုန်းအင်တာဗျူးတွေလုပ်ခဲ့ဖူးတော့ ကျေး ဇူးတင်စကားလည်း ပြောတယ်။ များသော အားဖြင့်တော့ လူကြီးကိုမေးတာဆို တော့ အင်တာဗျူး တော်တော်များများကို တော့ အစ်မဒေါက်တာလှကျော်ဇောကပဲ သတင်း ဌာနက မေးချင်တာကို ဗျူးပေးတာတို့၊ တပ် မတော်နေ့တို့၊ လွတ်လပ်ရေးနေ့တို့ နေ့ထူး နေ့မြတ်တွေမှာ ဗိုလ်ချုပ်အသံကို ဗျူးပေးပြီးမှ သတင်းဌာနတွေကို ပြန်ဖြန့်ပေးတာတို့ လုပ် လေ့ရှိခဲ့တာ။ ကျွန်တော်က လူကိုယ်တိုင် တွေ့ခွင့်ရတာ ဦးအောင်ကျော်ဇောနဲ့ ဒေါက်တာလှကျော်ဇောတို့ ကျေးဇူးပဲ။ ကျွန်တော် ရန်ကုန်မှာ နေ တုန်းကတောင်ဗိုလ်ရဲထွဋ်ကို တွေ့ဆုံခဲ့ဖူး တာ မဟုတ်ဘူးလေ။ အခုတော့ ရဲ ဘော်သုံး ကျိပ်ဝင်ထဲမှာ ဗိုလ်ရဲထွဋ်ပဲရှိတော့တယ်။

ကျွန်တော် -''အစ်ကိုတို့ဗျူးထားတာ အနည်းဆုံးတစ်နှစ်နဲ့ သုံးလလောက်တောင်ရှိတော့မှာ။ ဘာကြောင့် အဲဒီရှားပါး တန်ဖိုးရှိတဲ့အင်တာဗျူးကိုမထုတ်လွှင့်ဖြစ်ရသေးတာလဲ''
ဦးခင်မောင်စိုး - ကျွန်တော်ပြောလို့ ရတာတစ်ခုကတော့ ကျွန်တော် အဲဒီအချိန်ကဗျူးခဲ့တဲ့ ကင်မရာက Fully HD ပဲ။ ဒါပေမဲ့ တိတ်နဲ့ခင်ဗျ။ RFA မှာ အခုသုံးနေတာက တိတ်မဟုတ်ဘဲ ကတ်ဆိုတော့ ပြန်ကူးနေတာ တွေရှိတာ ပေါ့။

ရိုက်ကူးရေးစံနစ် မတူတာအဲဒါက တစ်ပိုင်းပေါ့။ပြီး တော့ သေသေချာချာ တည်းဖြတ်တာတွေလည်း လုပ်ချင် သေးတော့ ကြာသွားတာပါ။ ဒါပေမဲ့ အခုလို ကျန်းမာရေးစိုးရိမ်စရာရှိနေချိန်မှာ ကျွန်တော်တို့ဒေါက်တာလှကျော် ဇောနဲ့ဖုန်းရပါတယ်။ ဆေးရုံတက်ရတဲ့ စောစောပိုင်းအထိ ပြောပါတယ်။
နောက်ဆုံး တစ်ခေါက်ဆက်တော့ လွန်ခဲ့တဲ့နှစ် ရက်လောက်ကပဲ ဝန်ကြီးဦးအောင်မင်းဖုန်းဆက်ကြောင်း ကျန်းမာရေးကိစ္စမှာ ဘာတွေဆောင်ရွက်ပေးဖို့လိုမလဲ မေး တယ်လို့ လည်းသိရတယ်။ သမ္မတခွင့်ပြုချက်နဲ့ နိုင်ငံကို ပြန်နိုင်ကြောင်း သတင်းတွေ ကြားရ ပေမယ့် ကျန်းမာရေးကြောင့် မပြန်နိုင်တဲ့ အခြေအနေ အပေါ်မှာ အားလုံးစိတ်မကောင်းဖြစ်ကြရမှာပဲ''
(ကွယ်လွန်တော့ ဝန်ကြီးဦးအောင်မင်းက ဝမ်းနည်းကြောင်းပို့ခဲ့ပါတယ်။ - အယ်ဒီတာ)
* * *
RFAရုပ်သံသတင်းမှာ ဦးခင်မောင်စိုး၏ တင်ဆက်မှု အစမှာ''တရုတ်နိုင်ငံယူနန်ပြည်နယ်ကူမင်းမြို့စစ်ဆေးရုံ မှာကွယ်လွန်သွားခဲ့ ပြီဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇောကို ပြီးခဲ့တဲ့ ၂ဝ၁၁ခုနှစ်ဇွန်လ ဒုတိယပတ်မှာ ကျွန်တော်တို့ RFAက သူနေ ထိုင်ရာ ကူမင်းမြို့ တိုက်ခန်းမှာ တွေ့ဆုံမေးမြန်း ခွင့်ရခဲ့ပါတယ်။ အဲဒီကာလက အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက သူ့ရဲ့ လက်ရှိဘဝနဲ့ပတ်သက်ပြီး အသက်ငယ်ငယ်နဲ့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နှိုင်းယှဉ်မယ် ဆိုရင် မိမိဟာ ဒီလောကမှာ အများကြီး ကံကောင်းသူ တစ်ဦးဖြစ်တယ်လို့ ပြောခဲ့ပါတယ်''ဟုပျိုးပြီးဗိုလ်ကျော်ဇော ၏ အရုပ်နှင့်အသံကိုရှုမြင် နားဆင်လိုက်ကြရပါသည်။

''ကျွန်တော်အသက် ၉၂နှစ်ထိ နေရတာ တော်တော် ကျေနပ်ဖို့ကောင်းပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း ခမျာ အသက် ၃ဝကျော်လေးနဲ့ ကွယ်လွန်ရတာ။ ဒါနဲ့စာရင် ကျွန်တော်တို့ အများကြီး ကုသိုလ်ကံ ကောင်းပါတယ်။''

ဤသို့ အဘဗိုလ်ကျော်ဇောက သူ၏ရဲဘော်ရဲဘက် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို နှမြောတသဖြစ်စွာနှင့် အမှတ်တရပြောကြားသလို တပ် မတော်အကြောင်း၊ ကွယ်လွန်သူ ရဲဘော်သုံးကျိပ်ဝင် လည်းဖြစ် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးလည်းဖြစ်၊ သမ္မတ(ငြိမ်း)လည်းဖြစ်၊ မြန်မာ့ဆိုရှယ် လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌနှင့် နာယကလည်းဖြစ်ခဲ့သူ ဦးနေဝင်း အကြောင်း၊ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးအကြောင်းတို့ကို သူ့ရင်ထဲ ရှိသလို ပြောဆိုသွားသံအပြီး မေးမြန်းတင်ဆက်သူ ဦးခင်မောင်စိုး၏''ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ဘဝမှာ ဘာတွေ များမှတ်မှတ်ရရ ရှိပါသလဲ ခင်ဗျာ။''ဆိုသည့်စကားသံအဆုံး အဘဗိုလ်ကျော်ဇောထံက''အမှတ်တရဖြစ်တာကတော့ ရန်ကြီးအောင် စစ်ဆင်ရေး ကျွန်တော် တိုက်ခဲ့တာ။ နောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်တာတွေ၊ တွဲပြီးတော့ ဆရာကြီးသခင်ကိုယ် တော်မှိုင်းက အကျင့်စာရိတ္တအလွန်ကောင်းတဲ့ ပုဂ္ဂိုလ်ပါ။ ဘာမှ သူ့မှာအပြစ်အနာအဆာမရှိဘူး။ ဒါက သူ့ရဲ့ထူး ခြားချက်ပဲ။ နောက် ပြည်သူလူထုကို ချစ်ပြီး ပြည်သူ့ အကျိုးအတွက် အမြဲရပ်တည်သွားတယ်။''ဆိုသည့်စကားသံဖြင့် မြန်မာ့လွတ်လပ်ရေးရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်ကြီးလည်းဖြစ်၊ မြန်မာသာမက ကမ္ဘာကပါ သိမှတ်ထားသော ငြိမ်းချမ်းရေးသမားကြီးဆရာကြီးသခင်ကိုယ်တော် မှိုင်း အကြောင်းကိုလည်း အလေးအမြတ် ပြုပြောဆိုသွားသည်မှာ သမိုင်း မှတ်တမ်းတန်ဖိုးကြီး မြတ်လွန်းလှသည့်အတွက် လေးမိနစ်တာမျှ အင်တာဗျူးကို အားမလို အားမရရှိရ သည်။

မည်သို့ဆိုစေ 'ပြောမှသိ၊ ထိမှ နာ၊သာမှ နေ၊ သေမှ ခင်၊ ဤလေးအင် လူတွင်မကျင့်အပ်' ဆိုသလို သေဆုံးခါမှ နှမြောတမ်းတ လွမ်းဆွတ်နောင်တရမှုမျိုး မဟုတ်ဘဲ သမိုင်း ဝင်ပုဂ္ဂိုလ်ကြီးများ အသက်ထင်ရှားရှိစဉ် တွေ့ဆုံမှတ်တမ်း တင်ထားနိုင်လိုက်မှုအတွက်ကိုဖြင့် ဤတွေ့ဆုံခန်း
 အင်တာဗျူးအတွက် ဂုဏ်ယူမိသည်။

အသက် ၉၃ တိုင်အောင် သက်ရှိထင်ရှားနေသွား ခဲ့သည့် မြန်မာ့လွတ်လပ်ရေးသမိုင်းရာဇဝင်ထဲက ပုဂ္ဂိုလ် ကြီးတစ်ဦးဖြစ်သူ ရဲဘော်သုံးကျိပ်ဝင် အဘဗိုလ်ကျော်ဇော မှာ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် ပေးဆပ်ခဲ့သူမို့ 'တစ် ဘဝစံစိတ်ထားနှင့် လူ့ရွာမှာ လာ လမ်းသလားသွားခဲ့သူ'လို့ နှောင်း လူတို့ အပြစ်ဆိုမှာ မဟုတ်သည် က သေချာပါ၏။

ကိုမျိုး(မြန်မာစာ)
ပေါ်ပြူလာ ဂျာနယ် အယ်ဒီတာချုပ်..
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က  သမိုင်းဝင် သမိုင်းတွင်တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ဘဘကျော်ဇော  ကွယ်လွန်အနိစ္စ ရောက်ခဲ့တဲ့အတွက် နှမျောတသ အထူးဝမ်းနည်းမှုနဲ့အတူ လေးစားဦးညွတ် အပ်ပါသည်..။
သမိုင်းဝင် ပုဂ္ဂိုလ်ကြီး ဘဘကျော်ဇော ကောင်းရာသုဂတိလားပါစေ..။

ဆောင်းပါးဖော်ပြမှု နောက်ကျခဲ့တဲ့ အတွက် ကိုမျိုး(မြန်မာစာ)အား ဒီမိုဝေယံမှ အထူးတောင်းပန် အပ်ပါသည်..။