ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဟတ္ထိပါဒ ဝစန (ဆင်ခြေရာ စကား)

ဟတ္ထိပါဒ ဝစန (ဆင်ခြေရာ စကား)
(ကဗျာရှင် နေရဲနီ)

အပ္ပမာဒေန သမ္ဗာဒေထ
မြတ်ဗုဒ္ဓ၏ နောက်ဆုံးအမှာစကား
တရားအဆီအနှစ်တို့ဖြင့် ပြည့်ဝလွန်းသောကြောင့်
ဟတ္ထိပါဒ ဝစန
ဆင်ခြေရာစကား ဟူ၍
ပညာရှိ သူတော်သူမြတ်တို့
တင်စားပြောဆိုကြ၏။

သတ္တဝါအားလုံးတို့၏ ခြေရာတို့တွင်
ဆင်ခြေရာသည် အကျယ်ဝန်းဆုံး
အနက်ရှိုင်းဆုံးဖြစ်၏။
ဆင်ခြေရာပေါ်သို့နင်းလိုက်သော
မည်သည့်သတ္တဝါ၏ခြေရာမဆို
ဆင်ခြေရာထက် မကျော်လွန်နိုင်ချေ။

အပ္ပမာဒေန သမ္ဗာဒေထ
(မမေ့မလျော့သော သတိဖြင့်နေရစ်ကြ)
မြတ်ဗုဒ္ဓ၏နောက်ဆုံးအမှာစကား
လေးဆယ့်ငါးဝါပတ်လုံး ဟောကြားတော်မူခဲ့သော
တရားအဆီအနှစ်တို့ စုဝေးရာ
သုတ် ဝိနည်း အဘိဓမ္မာ
ပိဋကတ် သုံးပုံဆုံဆည်းရာ
မည်သည့်တရားတော်မဆို
အပ္ပမာဒ တရားတော်ကို
မကျော်လွန်နိုင်ချေ။

ဒေါ်အောင်ဆန်းစုကြည်သည်
ရခိုင်ပြည်နယ်အရေးအခင်းတွင်
ဆိတ်ဆိတ်နေဘိ၏ ဟူ၍
ပြည်ပရောက် ခြုံအတွင်းမှ ဂျိုသွေးကြကုန်သောသူတို့က
ဓားခုတ်ရာ လက်ဝင်လျှိုစေလိုသောသဘောနှင့်
ဆရာကြီးလေသံဖြင့်
အပြစ်ဖို့ကြ၏။


ဒေါ်အောင်ဆန်းစုကြည်သည်
ရခိုင်ပြည်နယ်အရေးကို
ဝင်ရောက်ဖြေရှင်းသင့်သည် ဟူ၍
ပြည်တွင်းမှ သူတပါးလက်နှင့် ကျားပါးစပ်နှိုက်လိုသူတို့က
မြှောက်ပင့်၍ အကြံပြုကြ၏။


ဒေါ်အောင်ဆန်းစုကြည်သည်
နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် မထိုက်တန် ဟူ၍
ခိုးဝင်လာသူတို့က နိုင်ငံသားဖြစ်ခွင့်မရ၍
မချိသွားဖြဲ မျက်စောင်းခဲကြ၏။


ရခိုင်အရေးကို ဝင်ရောက်ဖြေရှင်းပေးရန်
အမေစုမှာ အာဏာမရှိ။
ရဲနှင့်စစ်တပ်ကို အမိန့်ပေးပိုင်ခွင့်မရှိ။

သို့သော်ငြားလည်း
ရခိုင်အရေးနှင့်ပတ်သက်၍
ဆင်ခြေရာကဲ့သို့ ကျယ်ဝန်းနက်ရှိုင်းသော စကားတစ်ခွန်းကို
ရှေးဦးမဆွကပင်
အမေစု ဆိုခဲ့၏။
အမေစု ပြောခဲ့၏။
အမေစု သတိပေးခဲ့၏။
ထိုစကားကို မြန်မာပြည်တွင်းမှာ သာမက
ကမ္ဘာသိအောင် အမေရိက မှာလည်းပြောခဲ့၏။
လူလူချင်း
သာတူညီမျှ တန်းတူမှုရှိရေး
လူ့အခွင့်အရေး
ဒီမိုကရေစီရေး
လွတ်လပ်မှုရှိရေး
စည်းလုံးညီညွတ်ရေး
အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး
အစရှိသော လူ့အခြေခံသဘောတရားများ ပါဝင်သော
လူသားအားလုံးနှင့် သက်ဆိုင်သော

အမေစု ဆိုခဲ့သောစကားမှာ
တရားဥပဒေ စိုးမိုးရေး ပင် ဖြစ်သည်။

နေရဲနီ