ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကူညီပါရစေ (ကျော်သူ)..

 
ကူညီပါရစေ (ကျော်သူ)

တန်ဆောင်မုန်းလပြည့်နေ့ ဆေးပေါင်းခတဲ့ညတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ် စခန်းအား ဖြိုခွဲနှိမ်နင်းမှုတွင် လယ်တီဆရာတော်ကြီး၏ သမိုင်းဝ
င်သိမ်တော်ကြီးအား ကာကွယ်စောင့် ရှောက်ခဲ့သော ဘုရား၏သားတော် ရဟန်းသံဃာတော်များအနက် ထိခိုက်ဒဏ်ရာရရှိ မီးလောင်ကျွမ်းခဲ့ သော သံဃာတော်များအား လိုအပ်သောဆေးဝါးများ ကူညီထောက်ပံ့နိုင်ရန်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ဦးဆောင်သောအဖွဲ့သည် ၃ဝ.၁၁.၂ဝ၁၂ ရက်နေ့ တွင်ထွက်ခွာခဲ့ရာ မန္တလေးမြို့သို့ နံနက် (၉း၃ဝ) နာရီအချိန်တွင် ရောက်ရှိခဲ့သည်။ ကြိုတင်ရောက်ရှိနေသော နာရေးကူညီမှု အသင်း(ရန်ကုန်) အဖွဲ့သားများနှင့် ပြည်မြို့ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)ရှိ မိုးမေတ္တာ ပရဟိတ လူငယ် သွေးလှူအဖွဲ့တို့သည် လေဆိပ်သို့လာရောက် ကြိုဆိုခဲ့ကြပြီး မုံရွာမြို့သို့ ထွက်ခွာခဲ့ရာ နေ့လည် (၁၁းဝဝ) နာရီအချိန်တွင် မုံရွာမြို့သို့ ရောက်ရှိခဲ့ကြသည်။ 
မုံရွာမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူနေကြသော ရဟန်း သံဃာတော်များအတွက် ဆေးဝါးများလှူဒါန်းနိုင်ရန် ကြိုးစားခဲ့ကြသော်လည်း အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဟန်းသံဃာတော်များအား မုံရွာပြည်သူ့ဆေးရုံ ကြီးတွင် သွားရောက်၍ အားပေးစကားပြောကြားပြီး သံဃာတော်တစ်ပါးလျှင် ၃ဝဝဝဝိ/- (သုံးသောင်း) ကျပ်နှုန်းဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော သံဃာတော် (၃၇) ပါးတို့အား ဆေးဝါးကုသရန်အတွက် ဝတ္ထုငွေများ လှူဒါန်းခဲ့ကြသည်။
 

ထို့နောက် မိုးမေတ္တာပရဟိတ သွေးလှူရှင်များအဖွဲ့မှလည်း ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့သားများနှင့် အတူ ရဟန်းသံဃာတော်များနှင့် မီးလောင်ဒဏ်ရာရရှိခဲ့သော ပြည်သူ/သားများအတွက် ဆေးဝါးများအား ထပ်မံလှူဒါန်းမှုကို ပြုလုပ်ခဲ့သည်။ အဆိုပါဆေးရုံကြီးတွင် လက်ပံတောင်းတောင်အရေးတွင် ပါဝင်ခဲ့သော မဖြူဖြူဝင်း၊ မသွဲ့သွဲ့ဝင်း၊ မအေးနက်တို့နှင့် တွေ့ဆုံခဲ့ကြပြီး ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သော မဖြူဖြူဝင်းမှ ယခုကဲ့သို့ လာရောက်လှူဒါန်း အားပေးစကားပြောကြားသည့်အတွက် ကျေးဇူးအထူးတင်ရှိ ပါကြောင်း၊ ၄င်းတို့အတွက်လည်း အားတစ်ခုပင်ဖြစ်ပါကြောင်းနှင့် ဖြစ်ပွားခဲ့ပုံ အဆင့်ဆင့်တို့အား ၄င်းတို့ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ဦးကျော်သူအား ရင်နင့်ဖွယ် ပြောကြားခဲ့သည်။
 ထို့နောက် မုံရွာမြို့ ဒေသခံများ ပြောကြားချက်အရ မုံရွာမြို့တွင်ရှိသော ဘုန်းကြီးကျောင်းများနှင့် လက်ပံတောင်းတောင် တစ်ဝိုက်ရှိ ကျေးရွာများတွင်လည်း မီးလောင်ဒဏ်ရာရရှိခဲ့သော ရဟန်းသံဃာတော်များ၊ ကျေးလက် တောသူတောင်သားများ များစွာကျန်ရှိနေပြီး ဆေးရုံသို့လာရောက်ကုသခြင်း မခံယူကြဘဲ မိမိတို့ သိကျွမ်း သလောက် ဆေးမြီးတိုများဖြင့် ကြိတ်၍ကုသနေကြောင်းရင်နင့်ဖွယ် သိရှိခဲ့ရပြန်သည်။ ထို့ကြောင့် မုံရွာမြို့ရှိ ဘုန်းကြီး ကျောင်း (၄) ကျောင်းအား သွားရောက်စုံစမ်းရာတွင်ဘုန်းတော်ကြီး ကျောင်း (၃) ကျောင်းမှ ဒဏ်ရာရရှိခဲ့သူ ရဟန်းသံဃာတော်များ မရှိကြောင်းကို စိုးရိမ်တကြီးဖြင့် ပြန်လည်ဖြေကြား ကြခြင်းကို ကြုံတွေ့ခဲ့ရသည်။
 ကျန်ရှိသော ဇောတိကာရာမကျောင်းတိုက်တွင် ကိုရင်ငယ်များ၊ ရဟန်းငယ် များ စုစုပေါင်းအပါး (၆ဝ) ကျော်ခန့်အား မျက်မြင်တွေ့ရှိခဲ့၍ ဆရာတော်ကြီးထံ ခွင့်ပန်ကာ ရဟန်းသံဃာ ကိုရင်များအတွက် လိုအပ်သည့် ဆေးဝါးများအား မေတ္တာစေတနာ အရင်းခံ၍ ကုသပေးနေသော ဆရာဝန်များ၏ အကူအညီဖြင့် ငွေကျပ် (၃) သိန်းခန့်အား ဆေးဝါးပစ္စည်းများဝယ်ယူခဲ့ပြီး စေတနာ ဆရာဝန်များထံ ချိတ်ဆက်၍ ယင်းဘုန်းကြီးကျောင်း၌ လှူဒါန်းပေးအပ်ခဲ့သည်။ ထို့နောက် ဦးကျော်သူနှင့် အဖွဲ့သည် ညနေ (၆းဝဝ) နာရီခန့်တွင် မုံရွာမြို့မှ ပြန်လည်ထွက်ခွာခဲ့ပြီး မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ဆက်လက်သွားရောက်ခဲ့ရာ ည (၈း၃ဝ) နာရီအချိန်တွင် ရောက်ရှိခဲ့သည်။ မန္တလေး ဆေးရုံကြီး၌ သပိတ်စခန်းဖြိုခွဲမှုတွင် ဒဏ်ရာရရှိခဲ့သော ရဟန်းသံဃာတော်များအား ဝတ္ထုငွေများ ဆက် လက်လှူဒါန်းကာ အားပေးစကားပြောကြားခဲ့သည်။ ထို့နောက် မန္တလေးမြို့ရှိ တောင်စလင်းတိုက်သစ် ကျောင်း၌ ညအိပ်ရပ်နားပြီး နံနက် (၁၁းဝဝ) နာရီအချိန် တွင် မန္တလေးမြို့မှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာခဲ့သည်။

ဤအကြောင်းအရာများမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း (သို့) လယ်တီ ဆရာတော်ကြီး၏ သမိုင်းဝင်သိမ်တော်ကြီးအား ကာကွယ်စောင့်ရှောက်ခြင်း (သို့) သာသနာတော်အား ထိန်းသိမ်းကာကွယ်ခြင်းတို့တွင် မျက်ရည်ယိုဗုံးကြောင့် ဟုဆိုသော ဗုံးဒဏ်ကြောင့် အံ့သြဖွယ်ရာ ကြောက်မက်ဖွယ်ကောင်းသော မီးလောင်ကျွမ်းခြင်းကို ခံခဲ့ရသော ဗုဒ္ဓ၏သားတော် ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင် ပြည်သူ/သားတို့အား သွားရောက်ကူညီဖေးမ လှူဒါန်းခဲ့သော ဖြစ်စဉ်အကျဉ်းဖြစ်သည်။ 
 
 ဤနေရာတွင် ကျွန်တော်အဓိက ပြောလိုသည်မှာ သာမန်မီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာရသည့် သာမန်ဒဏ်ရာမျိုးမဟုတ်သော အင်မတန် ကြောက်မက်ဖွယ် ကောင်းလှသည့် လူညွန့်တုံးစေသည့် ဝေဒနာခံခဲ့ရသော ရဟန်းရှင်လူအပေါင်းတို့အား လူသားချင်း စာနာစိတ်မွေးဖွားကာ မြန်မာပြည်သူ/သား အပေါင်းတို့မှ ဝိုင်းဝန်းကူညီ ဂရုစိုက်ကုသပေးကြရန်နှင့် အမှန်တစ်ကယ် ဒုက္ခဆိုးများ ခံစားနေရသော သေရာပါမည့် ဒဏ်ရာများရခဲ့ကြသည့် ရဟန်းရှင်လူများ ရှိပါလျက်နှင့် အကြောက်တရားများ လွှမ်းခြုံမှု ကြောင့် မရှိပါဟု ငြင်းဆိုမှုများ မပြုလုပ်ကြပါရန် အလွန် အရေးကြီးလှသည်။ 
အမှန်စင်စစ် မီးလောင် ကျွမ်းခြင်းကို ရက်စက်စွာခံခဲ့ရသော ရဟန်းသံဃာတော်များမှာ ငယ်ရွယ်နုပျိုလှသည့် အပြစ်မဲ့ သံဃာ တော်များနှင့် ကိုရင်ငယ်လေးများမှာ အများစုဖြစ်သည်။ သူတို့သည် နိုင်ငံရေးလှုပ်ရှားမှု၊ နိုင်ငံတော် မငြိမ်သက်အောင် လုပ်မည့်သူများ မဟုတ်သလို (နိုင်ငံရေး) ဟူသောစကားကိုပင် သိရှိမည့်သူများ မဟုတ်ကြချေ။ သူတို့ ၏နှလုံးသားထဲတွင် သာသနာတော်ကို ကာကွယ်စောင့်ရှောက်ရမည့် မြင့်မြတ် လှသော ခံစားချက်ပင် ရှိလိမ့်မည်မှာ မှန်ကန်လှသည်။
 ထိုသို့ ဝိုင်းဝန်းကူညီ လှူဒါန်းမှုများကိုလည်း ဆေးရုံများမှ ပိတ်ပင်တားဆီးခြင်း၊ လက်မခံခြင်းများနှင့် ကုသပေးနေ ဆေးရုံကြီးများတွင်လည်း အသုံးပြု နေရသော (သုံးရေ) ပြတ်တောက်နေမှုများသည် မသင့်တော်၊ လူမြင်၍မကောင်းလှပေ။ လူသားချင်း စာနာထောက်ထားစိတ်များ၊ ကိုယ်ချင်းစာနာစိတ်များ မွေးဖွားကြရန် အရေးကြီးလှပေသည်။ ထို့အပြင် တက်ရောက်ကုသနေကြသော ရဟန်းရှင်လူအပေါင်းတို့မှာ ရာဇဝတ်သားများလည်း မဟုတ်ချေ။ ကာယကံ ရှင် လူနာများ၏ ဆန္ဒအလျောက် ပြင်ပဆေးရုံများတွင် ကုသလိုပါကလည်း အဆင်ပြေချောမွတ်စွာဖြင့် သက်ဆိုင်ရာဆေးရုံကြီးများမှ လွယ်ကူစွာဆင်းခွင့်ပြုရန်လည်း အရေးကြီးလှသည်။
 ကမ္ဘာ့အလယ်တွင် မျက်နှာပျက်စရာဖြစ်ခဲ့သော ဗုဒ္ဓဘာသာဝင်များမှ ဗုဒ္ဓဘာသာဝင်များ အချင်းချင်း ရက်စက်မှု သမိုင်းတွင် သွားခဲ့ပြီ ဖြစ်တော့သည်။ ယင်းသမိုင်း အမဲစက်အား မည်သို့ပြန်လည်၍ အဖတ်ဆယ်မည်နည်း။ မည်သို့ ပြန်လည်၍ ကယ်တင်ကြမည်နည်း။ လူသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် စာနာထောက်ထား ကြကာ ကူညီရိုင်းပင်းမှုမှလွဲ၍ အခြားမရှိတော့ချေ။ မည်သို့ဆိုစေ ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)သည် မြတ်စွာဘုရားဟောကြားခဲ့သော “ဂီလာန ရဟန်းသံဃာတို့အား ပြုစုစောင့်ရှောက်ခြင်း သည် ငါဘုရားအား ပြုစုစောင့်ရှောက်ခြင်း မည်ပေ၏” ဟူသော ဗုဒ္ဒမြတ်စွာဘုရား၏ဆိုဆုံးမစကားအား လက်ကိုင်ပြုကာ ဒုက္ခရောက်သူတို့အား အမှန်တကယ် (အစစ်အမှန်) ကူညီပါရစေဟု ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောကြား လိုက်ပါတော့သည်။

(ယင်းကဲ့သို့ အရေးပေါ်လှူဒါန်းမှုအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးစီး၍ အများပြည်သူတို့ လှူဒါန်းထားသော အလှူငွေကျပ် သိန်းနှစ်ဆယ်နှင့်အတူ ပေါ်ပြူလာဂျာနယ်၌ ပင်တိုင်ရေးသားနေကြ သည့် ဆောင်းပါးရှင်များ ဖြစ်ကြသော ဆရာမခက်မာ၊ အကြည်တော်၊ မိုက်တီး၊ ခင်မင်းဇော်(DVB)၊ သီတာ(DVB)၊ ကျော်သူ၊ ကိုမျိုး (မြန်မာစာ)နှင့် ပန်းချီမင်းကျော်ခိုင် (USA)တို့၏ ဉာဏ်ပူဇော်ခ ငွေကျပ် ၁၅ဝဝဝဝိ/- (တစ်သိန်းငါးသောင်း)ကျပ်တို့ဖြင့် ပထမအကြိမ်စုပေါင်း လှူဒါန်းမှုဖြစ်ပါကြောင်း မှတ်တမ်း တင်လိုက်ရပါသည်။)

(ကျော်သူ)