ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြုံး၍လည်း ကန်တော့ပါ。。。

ပြုံး၍လည်း ကန်တော့ပါတယ်..
ရယ်၍လည်း ကန်တော့ပါတယ်..

သမ္မတဦးသိန်းစိန်အနေဖြင့် ပုံပါအတိုင်း မဟာယန တရုတ်ဘုန်းတော်ကြီးများအား ဤသို့ဤနှယ် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့နိုင်သေးလျှင် မိမိလူမျိုး မိမိသာသနာ ဘာသာကို တံတိုင်းသဖွယ် ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ့သမိုင်းတွင် ဆိုးဝါးလှသော လက်ပံတောင်းတောင် သမိုင်းဝင် အကြမ်းဖက်နိှမ်နင်းမှု အရေးတွင် အကြမ်းဖက် နှိမ်နင်းခြင်းခံခဲ့ရသော... ဒဏ်ရာရ ထေရဝါဒဆရာတော်၊ သံဃာတော်များအား အဘယ်ကြောင့် ရှိခိုးပူဇော် တောင်းပန်လျှောက်ထားနိုင်ခြင်း မပြုလုပ်နိုင်ပါသနည်း..။

ယနေ့ လက်ပံတောင်းတောင် အရေးတွင် အကြမ်းဖက်နှိမ်နင်းခံခဲ့ရသော ကြီးစွာသော ဒဏ်ရာ၊ ဒဏ်ချက်များကို ခံစားနေရသည့် သံဃာတော်များသည်...။ တိုင်းတပါးမှ ခိုးဝင်လာသူများလည်း မဟုတ်ကြပါ။ လူဦးရေဖြင့် နယ်မြေနယ်တောင်း ကျူးကျော်နေသူ အကြမ်းဖက် သမားများလည်း မဟုတ်ကြပါ...။ လက်နက်စွဲကိုင် အကြမ်းဖက် တိုက်ခိုက်နေသည့် ပုဂ္ဂိုလ်များလည်း မဟုတ်ကြပါ...။ မေတ္တာလက်နက်ကို စွဲကိုင်ပြီး ပြည်သူလူထုအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သူများသည် သမ္မတဦးသိန်းစိန် ယုံကြည်စွာ ကိုးကွယ် ဆည်းကပ်နေသည့် ထေရဝါဒ ဗုဒ္ဓဘာသာ၏ ခံတပ်ကြီးသဖွယ် ဦးဆောင်ဦးရွက်နေသော ဦးထိပ်ထား စောင့်ရှောက်ရမည့် ဆရာတော် သံဃာတော်များ ဖြစ်ကြပေသည်။

တရုတ် မဟာယန သံဃာတော်များအား ပြုံး၍ကန်တော့နိုင်သကဲ့သို့ မိမိလူမျိုး မြန်မာထေရဝါဒ ဒဏ်ရာရ သံဃာတော်များအား အားပေးစကားပြောကြားကာ ကန်တော့ တောင်းပန်ပေးပါ။

မြန်မာထေရဝါဒ ဒဏ်ရာရ သံဃာတော်များအား အာဏာကို အလွန်အကျွံသုံး ပရမ်းပတာ အကြမ်းဖက် နှိမ်နင်းခဲ့သည့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် နောက်ကွယ်မှ ကြိုးကိုင် နေသူများအား စုံစမ်းဖော်ထုတ် အရေးယူပေးမည်ဖြစ်ကြောင်း ဆရာတော် သံဃာတော်များအား ကတိပေး တောင်းပန်ပေးပါ..။

ထို့အတူ ဒေသခံ ပြည်သူများ၏ ဘဝအာမခံချက် ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် အမှန်တကယ် အပြောင်းအလဲကို လိုလားသူ နိုင်ငံခေါင်းဆောင် တဦးအဖြစ် ကမ္ဘာ့နိုင်ငံများမှ မှတ်ကျောက်တင်နိုင်မည့် ပုဂ္ဂိုလ်တဦးအဖြစ် ပြသပေးဖို့ တောင်းဆိုအပ်ပါသည်။

ဒီမိုဝေယံ