ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

“ယန်စီပေးသော အတွေးတစ” (ဆောင်းပါးရှင် လောကပါလ)

“ယန်စီပေးသော အတွေးတစ”
 (ဆောင်းပါးရှင် လောကပါလ)

 ၁၉၉၄ ဆောင်းကာလ တရုပ်ပြည်သူ့သမ္မတ နိုင်ငံသို့ လုပ်ငန်းသဘောအရ ခဏတဖြုတ် ရောက်ခဲ့ဘူးသည်။ စီချွမ်ပြည်နယ် ချုံချင်း မြို့တော်နှင့် အနီးအပါး တဝိုက်။ ပြည်နယ် မြို့တော် ချန်ဒူနှင့် ချုံချင်း အကြား ဟီးထနေသော အဝေးပြေးလမ်းမကြီး ပြီးကာစ။ သို့ရာတွင် အများဆုံး သွားလာဖြစ်သည့် နေရာများမှာ တောင်ကြိုတောင်ကြား လမ်းငယ် ကျေးလက်များနှင့် ယန်စီမြစ်ရိုး။ အဆင့်မြင့်ဟိုတယ်၊ မိုးမျှော်ကုန်တိုက်၊ ဆန်းကျယ်ခန်းနားသော မြို့ပြအဆောက်အအုံများနှင့် ခေတ်မှီလမ်းမကြီးများကို လွန်၍ ရှေးရိုးကျောက်စီအိမ်၊ ကျောက်ခင်းလမ်း နှင့် ကျောက်တံတားကြီးများ၊ ကျေးလက်ကုန်စုံဆိုင် နှင့် စိုက်ခင်းများ၊ ထိုမှ ကျောက်ဆောင်ထူထပ် ရေစီးသန်သော ယန်စီမြစ်တွင်းထိ ခရီးဆန့်ဖြစ်ခဲ့သည်။

 ထောင့်မှန်စတုဂံပုံသဏ္ဍန် အရွယ်စုံ ကျောက်တုံးများကို တောင်နံရံများမှ အညီအညာ ဖြတ်တောက် ထမ်းပိုး သယ်ယူနေကြသော ကျေးလက်သားများ၊ သာမန်အားဖြင့် ဟန်ချက်ညီညီ ခြေမြဲမြဲ ချရန်ပင် ခဲယဉ်းမည့် တောင်စောင်းစိုက်ခင်းများအတွင်း ရေလောင်း ပေါင်းသင် လုပ်ငန်းဝင်နေ ကြသော အိမ်ရှင်မများ နှင့် နှင်းမှုံတွေအကြား ကျောက်ဆောင်ပေါ် အငူသားထိုင်ကာ လက်တွင်းမှယက်သဲ့ကို (တာဝန်တရပ်သဘွယ် သဘောထား ဘိသည့်အလား) မြှုပ်ချီ ဖေါ်ချီပြုနေသော တံငါအဖိုးအို စသည့်မြင်ကွင်းတို့မှာ အမှတ်ရစရာ ဖြစ်ခဲ့၏။

 မဆုံးနိုင်သော အတွေးစများနှင့်အတူ မဖြစ်ညစ်ကျယ် ကဗျာသမားတယောက် မထင်မရှား ကဗျာတပုဒ် တရုပ်ပြည်မှာ ရေးဖြစ်ခဲ့ လေသည်။ သို့ရာတွင် (ကဗျာမဆန်နိုင်သော ဘဝထဲမှ) ပွဲပြီးမီးသေသမားတဦးပြီပြီ မှတ်စုစာအုပ်ငယ်နှင့်အတူ ထိုကဗျာကို ချောင်ထိုးထား ခဲ့သည်မှာလည်း ယနေ့တိုင်အောင်ပင်ဖြစ်ပါ၏။

မှတ်မှတ်ရရ လွန်ခဲ့သော ရှစ်နှစ် ကိုးနှစ် (၂၀၀၄-၂၀၀၅) ခန့်က ဆွေမျိုးပေါက်ဖေါ် ဆက်ဆံရေး ဒီရေ အရှိန်အဟုန် မြင့်ချိန်မှာတော့ ကဗျာကို ပြန်ဖတ်ပြီး (ကိုယ့်ငါးချဉ် ကိုယ်ချဉ်စွာဖြင့်) နာမည်ကြီး စာစောင် တစောင် သို့ တကြိမ် ပို့ဖြစ်ခဲ့ပါသည်။ နောက်ထပ် နှစ်နှစ်အကြာ အယ်ဒီတာချုပ် ကွယ်လွန်ပြီး ထိုစာစောင် ရပ်နားသွားသည် အထိ ဖေါ်ပြခြင်းမခံခဲ့ရ (အပယ်ခံရသည် ဟူလို)။ စိန အရေး ရှုပ်ထွေး၍ ရပ်ကျော်ရွာကျော် အုပ်အော်သောင်းတင်းတွေ ကြားသိလာ ရခိုက် ထိုကဗျာကို အမှတ်ရကာ (အခွင့်လည်းသင့်သည်နှင့်) ပြန်လည်တူးဆွပြီး ဒုတိယအကြိမ် ကြိုးပန်းသည့် အနေဖြင့် (ကိုယ့်စာ လူတကာပြလိုသော ကလေးကလား အတ္တကလည်း မစင်သေးသည်မို့) မျှဝေလိုသောစိတ် ဖြစ်ခဲ့ရပြန်ပါသည်။

 သို့နှင့်ပင် (အနည်းငယ်တည်းဖြတ်ပြုပြင်ပြီး ဖြည့်စွက်ဆောင်းပါးနှင့်အတူ) ယ္ခုအချိန်ထိ ကျွန်တော်ရေးသမျှ သည်းခံ အားပေး ဖေါ်ပြလေ့ရှိသော ဒီမိုဝေယံ စာမျက်နှာသို့ ပို့လိုက်ဖြစ်ပါသည်။ နှစ်နှစ်ဆယ်က အမြင် အတွေး အရေးမို့ လွန်လျှင် သည်းခံ မှားလျှင်ခွင့်လွှတ် အပြုသဘော စိတ်ညွှတ်၍ ဖတ်ရှု ဝေဖန် ဆင်ခြင် နိုင်ကြပါစေကုန်။ မူလကဗျာ ခေါင်းစဉ်မှာ
 “ယန်စီအလျဉ် သတိယှဉ်လော့” ဟူ၍ ဖြစ်ပါသည်။

 “ယန်စီအလျဉ် သတိယှဉ်လော့
နီးဟောင်မားပါတဲ့
ဟောင်မား ဟောင်မား
နှင်းမှုံကြားမှ
မြစ်ဖျားယန်စီ ခွန်းဆင့်သည်။
ဒီဇင်္ဘာဆောင်း နှင်းအားကောင်းလှ
တောင်စောင်းတွေရဲ့ အပေါ်
မြစ်ကြောင်းတွေရဲ့ အပေါ်
မော်နေတဲ့နှင်း အေးစိမ့်ခြင်းက
ရိုးတွင်းခြင်ဆီထိလောက်ရဲ့…..

ဒါပေမဲ့
အသာခွေ ဗျာပွေမချဲ့ပါဘု
ဒါတွေဟာ သဘာဝသရုပ်
ကျုပ်တို့ ရဲ့ ထမင်းတစ်ဆုပ်ကို
သူပုတ်လို့ကျနိုင်ရိုးလား။
ရထားယဉ်သာ နေစင်္ကြာ
ရောင်ဝါမထွန်း ချမ်းရှာလွန်းတဲ့ အချိန်
ကျောက်စွန်းပေါ်က ကိုတံငါ
လက်တွင်းမှာ ယက်သဲ့
ကမ်းခိုတက်တဲ့ငါး ပိုက်ဖျားတိုးအဝင်
မိဘို့သာပြင်ပေရော့
မြောက်ပြန်လေ အသော့မှာ။

ကုန်းမော့ကမူ
ကျောက်ငူကျောက်ဆောင် ကျောက်တောင်တွေကြား
ပျားနှယ်ရွရွ လှုပ်ရှားကြသည်
ချိုမြဝတ်ရည် ထုတ်ဘို့မဟုတ်
ကျုပ်တို့အလုပ်
ခုတ်ဘို့ထစ်ဘို့ ဆစ်ဘို့ပိုင်းဘို့
တံတိုင်းတံတား အများသွားကြ
လမ်းမကြီးတွေ အိမ်ခြေတိုက်တာ
လိုရာအစုံ အလုံအလောက်
ဂုဏ်မမြောက်ပေမဲ့
ကျောက်ထုရင်းကျတဲ့ချွေး
ယန်စီမြစ်နွေးလောက်တယ်။

အဝေးကမြင်ကွင်း
ဟိုတောင်ယာခင်းတွေရော
မြေရှင်းခြုံခုတ် ကျုပ်တို့ဘဲလုပ်ကြ
အိမ်ရှင်မတို့
မျိုးချပေါင်းသင် အပင်ရေလောင်း
တောင်စောင်းတောင်ခါးပန်း ချိုင့်ဝှမ်းလျှိုကြား
မြေသားကျန်ရင် ကန်သင်းဖေါက်
နှင်းမစဲမီ အခင်းထဲရောက်
အနောက်ကနေမထွက်ပေမဲ့
ကြာပေါက်တဲ့ တောင်ပေါ်မြင်ကွင်း
ဖန်ဆင်းနိုင်စွမ်းကြတယ်။
စက်ရုံဆီက သားနှင့်သမီး
ကုန်ပစ္စည်းအတွက်
ယက်ကြ ဆင်ကြ ပြင်ကြထုတ်ကြ
တည်ဆောက်ကြတဲ့ မြို့ပြအိုးအိမ်
ထိန်ထိန်ညီးတောက် ကျေးလက်ရောက်အောင်
လမ်းဖေါက်ကြိုးသွယ် အနယ်နယ်မှာ
သယ်ပို့စံနစ် တခန်းလှစ်ခဲ့
ဆန်းသစ်ဗိမာန် ယာဉ်ပျံရထား
သံကြားရုပ်မြင် စွမ်းအင်ဓါတ်ပေါင်း
ကျွမ်းကျင်သလောက် ကောင်းတဲ့ခေတ်
မဆုတ်နစ်ကြဘူး ထူးထူးခြားခြား
ကျုပ်တို့အားရစရာပေပ။
 ဘိုးအေဘွားအေ
အဖေအမေ ကျုပ်တို့တွေခေတ်
စံနစ်တွေ ပုရစ်ဝေသလို
သစ်နေသမျှဟောင်း ညောင်းလေသမျှကြွေ
မြေရှင်ပဒေသရာဇ် အရင်းရှင်ဆိုရှယ်လစ်
ကိုလိုနီလက်သစ် ဖက်ဆစ်
ဖြစ်ပျက်ပျက်ဖြစ် စိတ်တွေညစ်အောင်
တွက်စစ်မနေအား
နားလည်သူတွေလုပ်ဘို့ထားကြ
ဘဝအသိ ကျုပ်တို့အဘိဓမ္မာမှာ
ဝါဒအတွေးထက် အစာဝရေးဟာ အဓိက
အများအောက်မကျရအောင် တရားထောက်ဆရေးဟာ အဓိက
အပြောမရှုပ် အဟုတ်လုပ်သလို
အလုပ်ဟုတ်ရေးဟာ အဓိက.. ဟုတ်စ။
ကာလနှစ်ထောင်း ရှည်ကြာညောင်း
ပြောင်းလဲခြင်းရဲ့မြစ်ယန်စီ
ကျောက်ဆောင်ကျောက်သား သူတိုက်စား
မရပ်နားတဲ့မြစ်ယန်စီ
အတားအဆီး အများနည်း
ခါးမစည်းတဲ့ မြစ်ယန်စီ။
ယန်စီကိုမြင် သတိယှဉ်
အသင်တွေးဆ မိပါစ။
[၁၉၉၄ ဒီဇင်္ဘာလ၊ ချံချင်းမြို့ တရုပ်ပြည်သူ့သမ္မတ နိုင်ငံ]

အောက်ခြေမှတ်စု။
နီးဟောင်မား -  ကျန်းမာပါစ၊ နေကောင်းရဲ့လား
ဟောင်မား - အချင်းချင်းနုတ်ဆက်ရာတွင် အသုံးပြုလေ့ရှိသည့် အာလုပ်စကား

ကဗျာတပုဒ်၏ အကျိုးဖလမှာ ရသ တခု အတွေးတစဟု နားလည်ထားပါသည်။ ဤကဗျာ ကို ဖတ်ပြီးသကာလ “တရုပ်လုပ်အားဒီပနီ” ဟူ၍ (ယ္ခုအချိန်မှာ) မနှစ်မြို့နိုင်သူတွေ ရှိမှာသေချာပါသည်။
 မနှစ်မြို့ခြင်းသည်ပင် ရသတပါးမို့ ရေးသူအဘို့ရာ ကျေနပ်စရာ ဖြစ်ပါသည်။ ယန်စီ၏ စွမ်းပကားကို ဆွေမျိုးပေါက်ဖေါ်ဆက်ဆံရေး မှသည် နေ့ခြင်း ညခြင်း ဆိုသလို မြီရှင်မြီစား ဆက်ဆံရေးသို့ လျှောကျသက်ဆင်းသွားရခြင်းက သက်သေပြပြီး ဖြစ်သည်မှာတော့ အငြင်းပွားဘွယ် မရှိလောက်ပါ။ ကျွန်တော်ကတော့ တဒင်္ဂပဟန် မြင်တွေ့ဘူးသော ယန်စီ အပြင် မမြင်ဘူးသော်လည်း ကြားစပြုလာသည့် ဂင်္ဂါ ရေစီးကြောင်း၊ ထိုမှတဆင့် ဟိုအဝေးမှ တန်ခိုးထွားလှ သော ဟဒ်ဆန် မြစ်ဝှမ်းဆီအထိ စိတ်ကူးဖြင့်ကြည့်ကာ (တခါတခါ) ရင်မောမိသည်မှာ အမှန်ဖြစ်ပါသည်။

တခါတခါ တော့လည်း ဗိုလ်ချုပ် (အောင်ဆန်း) ၏ “အတော့်ကိုြ -ဲ အောင်လုပ်နိုင်မှ တန်ကာကျမယ်” ဆိုသော စကားကို လူစည်ကားရာ လမ်းဆုံလမ်းခွတိုင်းမှာ မော်ဒန် စီးပွားရေးကြော်ငြာများနှင့် အပြိုင် လိုက်၍ ချိတ်လိုသည့် စိတ်ရုးပေါက်မှုမျိုး ဖြစ်မိပါသေးသည်။

အစိုးရကမင်းများကလည်း ဒီမိုကရေစီ၊ အတိုက်အခံတွေကလည်း ဒီမိုကရေစီ၊ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူအပေါင်းကလည်း ဒီမိုကရေစီ သူ့နည်းသူ့ဟန် ဒီမိုကရေစီသံတွေ သောင်းသောင်းညံနေ ကြချိန်မှာ ဦးပေါ်ဦး လျှောက်ထုံးတခုကို (မဆီမဆိုင်) အမှတ်ရမိသည်မှာလည်း အမှန်ပင်ဖြစ်ပါ၏။ ဥတကာဥတွေထဲမှာ ဘယ်ဥအဆိမ့်ဆုံးလဲ.. လိပ်ဥ၊ သူ့ချည့်ဘဲလား..ဆားနဲ့ပါဘုရား ဆိုသော လျှောက်ထုံးဖြစ်ပါသည်။ ဒီမိုကရေစီ ဆေးတော်ကြီး ကို သူ့ချည့်သက်သက်ထက် အလုပ်နှင့် တွဲဘက်သုံးဆောင်ခြင်းက လျှင်မြန်စွမ်းပြည့် ပို၍ အာနိသင်ရှိမည်ဟု

(တချိန်သောအခါက တခုသော   ယန်စီမြစ်ကမ်းပါးမှာ)
 ပေါ်ဦးတွေး တွေးခဲ့ဘူးသမျှ ဖေါ်ပြမိခြင်း ဖြစ်ပါကြောင်း။ 

လောကပါလ..