“ဂျုံးဂျုံးဂျ”အမှာခံ ပရိသတ်တစ်ဦးနှင့် “ဂျုံးဂျုံးကျ” အနုပညာသည်တစ်ဦး...
“ဂျုံးဂျုံးဂျ”အမှာခံ ပရိသတ်တစ်ဦးနှင့် “ဂျုံးဂျုံးကျ” အနုပညာသည်တစ်ဦး...
“လှေခွက်ချည်းကျန် … အောင်လံမလှဲ” “လေနဲ့မိုးနဲ့ မုန်တိုင်းနဲ့” “ဓါးတောင်ကိုကျော်၍ မီးပင်လယ် ကိုဖြတ်မည်” စသည့် ငယ်စဉ်ဘဝက ဖတ်ခဲ့ဖူးသော ဝတ္ထုခေါင်းစီးလေးများ ကျွန်တော်၏ ဦးနှောက်ထဲ တစ်စစီ တစ်စစီ တိုးဝင်လာခဲ့သည်။
ကျွန်တော်တို့သည် ၁၄.၈.၂ဝ၁၄ ရက်နေ့က အလှူရှင်တစ်ချို့ ပဲခူးမြို့၊ သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး)၊ ဒေသခံ ပရဟိတသမားတစ်ချို့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ရှိ ကင်ပွန်းသာ၊ သိမ်ကုန်း၊ ဂျုံးဂျုံးကျ၊ ဖိုးရင်က လေး၊ မြောက်ကျွန်း၊ အဝိုင်း အစရှိသည့် ကျေးရွာတို့တွင်ရှိသော အိမ်ထောင်စု (၆၃၅) စုနှင့် ဘုန်းတော် ကြီးကျောင်း (၆) ကျောင်းရှိ ရေဘေးသင့်ပြည်သူများ၊ သံဃာတော်များတို့ထံ သွားရောက်၍ ကူညီလှူဒါန်း ဖေးမမှုများ တတိယအကြိမ် ရေဘေးကယ်ဆယ်ရေးအဖြစ် ကူညီမှုများ ပြုလုပ်ခဲ့သည်။ ဤတတိယအကြိမ် မြောက် ရေဘေးကယ်ဆယ်မှုများတွင် ဆန် ၂၄ ပြည် (တစ်တင်းအိတ်) ၁၁၄ အိတ်၊ မုန့်ခြောက် အထုပ် ကြီး (၁၃) ထုပ်၊ ငါးသေတ္တာ (၁၄ဝဝ) ဗူး၊ ခေါက်ဆွဲခြောက် (၂၈၈ဝ) ထုပ်၊ လက်ဖက်အကြော်စုံ (၄၄၄၅) ထုပ်၊ လက်ဖက်အသား (၁၉ဝ၅) ထုပ်၊ သောက်ရေသန့် (၇၂ဝ) တွဲများတို့အား လှူဒါန်းမှုပြုခဲ့သည်။
လှူ ဒါန်းဖွယ် ပစ္စည်းများ၏ အလေးချိန်နှင့် ပစ္စည်းများသည် ကျေးရွာများသို့ သွားရောက်ရာတွင် စက်လှေကြီး (၅) စီးဖြင့် အဖွဲ့နှစ်ဖွဲ့ ခွဲ၍ လူဦးရေ (၅ဝ) ခန့် သွားရောက်မှုပြုခဲ့ရသည်။ ရေဘေးသင့်ကျေးရွာများသို့ ရောက်ရှိသောအခါ စက်လှေကြီးများသည် ကျေးရွာထဲသို့ ဝင်ရောက်မရသည့်အတွက် လှေငယ်များပေါ်သို့ လူဦးရေကန့်သတ်၍ ကယ်ဆယ်ရေး အစားအသောက်များအား ခွဲခြမ်း၍ သယ်ဆောင်လှူဒါန်းမှုကို ပြုခဲ့ရ တော့သည်။
ထိုကယ်ဆယ်ရေးခရီးစဉ်သည် နံနက် (၉းဝဝ) နာရီအချိန်တွင် လှည်းကူးမြို့မှ စက်လှေကြီးများဖြင့် စတင်ထွက်ခွာလာရာ ရာသီဥတုသည် သာယာလှပ အေးချမ်းလျက်ရှိသည်။ ပထမဦးဆုံး အဝိုင်းကျေးရွာ၊ မြောက်ကျွန်းကျေးရွာများတွင် အေးချမ်းစွာ လှူဒါန်းခဲ့ရသော်လည်း ကျန်ရှိသောကျေးရွာများသို့ သွားသည့် ခရီးစဉ်များတွင် ဒေဝါမိုးသည် သည်းထန်စွာရွာသွန်းခြင်း၊ လေပြင်များတိုက်ခတ်ခြင်း၊ ရေစီးများ ပြင်းထန် လာခြင်းကို ကြုံတွေ့ခဲ့ပြီး ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့သားများ အားလုံးတို့သည် မိုးရေများ စိုရွှဲခြင်းကို ခံစားခဲ့ရသည်။
ကျေးရွာများအတွင်းသို့ ဝင်ရောက်ရလမ်းကြောင်းများသည် လှေငယ်လေးများဖြင့် ခြုံပင်၊ ဝါးပင်များအား တိုးဝှေ့ကာ ခက်ခက်ခဲခဲ သွားရောက်ခဲ့ရသည်။ လှေငယ်လေးများ ဆိုက်ကပ်ရသော နေရာ မှ ရေဘေးသင့်ပြည်သူများထံသို့ တစ်မိုင်နီးပါးခန့် လမ်းတလျှောက်သည်လည်း ရွံနွံများ၊ ဗွပ်အိုင်များအား ခြေသလုံးမြှုပ်သည့် နီးပါးခန့် လျှောက်လှမ်းသွားခဲ့ရသည်။ လမ်းတလျှောက်တွင်လည်း ရေဘေးသင့်ပြည် သူများမှ ဝမ်းသာအားရ ဝိုင်းဝန်းနှုတ်ဆက်ကာ မေတ္တာပို့သခဲ့ကြသည်။ စုရပ်နေရာသို့ ရောက်ရှိသောအခါ လှူဒါန်းဖွယ်ပစ္စည်းများအား လှူဒါန်းခဲ့ကာ မိမိတို့ရှေ့ဆက်သွားရမည့် ကျေးရွာများသို့ အားမာန် ဇွဲလုံ့လ တို့ဖြင့် ဆက်လက်ချီတက်ခဲ့ရသည်။
ယခု ကယ်ဆယ်ရေးသတင်းဆောင်းပါးတွင် ကျွန်တော် အဓိက ပြောလိုသည်မှာ ဂျုံးဂျုံးဂျ ကျေးရွာ တွင် ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်ကလေးပင်ဖြစ်သည်။ ယင်းကျေးရွာတွင် အထက်ဖော်ပြသည့်အတိုင်း လမ်း ခရီးတလျှောက် လူတကိုယ်လုံး ရွံနွံ့များ၊ မိုးရေများဖြင့် ရွဲရွဲစို ညစ်ပေနေပြီး လှူဒါန်းမှုပြုလုပ်အပြီး နောက် ဆုံးခရီးစဉ်ဖြစ်သော ကင်ပွန်းချုံကျေးရွာသို့သွားရန် ကျွန်တော်တို့စီးလာသော စက်လှေပေါ်သို့အရောက် စက်လှေထွက်ခွာမည်အပြုတွင် လှေငယ်လေးတစ်စီး မိုးရေထဲတွင် လှော်ခက်လာကာ “ဦးကျော်သူ … ဦး ကျော်သူ ကျွန်မက ဦးကျော်သူရဲ့ ပရိသတ်ပါ” ဟူ၍ စက်လှေအနီးသို့ ဝင်ရောက်ဆိုက်ကပ်လာသည်။
ထို ကဲ့သို့ ကျွန်တော့်အား လှမ်းအော်ခေါ်ပြောသော အမျိုးသမီးကြီးသည် စက်လှေအနီးသို့ ရောက်သောအခါ မိုးရေစက်များကြားမှ သူ၏ ပလပ်စတစ်အိတ်ဖြင့် လုံခြုံစွာထည့်ထားသော ပို့စကဒ်ဓါတ်ပုံ (၂) ခုအား သေ ချာစွာ ထုတ်ယူပြီး ကျွန်တော့်အား လှမ်းပေးလေတော့သည်။ ထို့နောက် စက်လှေပေါ်သို့ ကျွန်တော်မှ လှမ်းခေါ်၍ တက်ရောက်လာခဲ့ကာ မိုးရေစက်များကြားမှ ဝဲရစ်နေသော မျက်ရည်စများနှင့်အတူ “ကျွန်မ ဟိုး… ငယ်ငယ် အပျိုဘဝကတည်းက ဦးကျော်သူကို ကြိုက်ခဲ့တာ .. အားပေးခဲ့တာ” ဟူ၍ မရပ်မနား ပြော လေတော့သည်။
ထိုအခါ ကျွန်တော်က “ဝမ်းသာပါတယ် .. ကျေးဇူးတင်ပါတယ်ဗျာ … အခုရော အမကြီး အိမ်ထောင်ရောကျပြီလား။ ကလေးဘယ်နှစ်ယောက်ရပြီလဲ။” ဟူ၍ မေးသောအခါ ကျွန်တော်တို့ စက်လှေ ပေါ်တွင်ပါလာသော ဒေသခံရွာသားတချို့မှ ရယ်မောလိုက်သောအသံကို ကျွန်တော်ကြားလိုက်ရ၍ ကျွန် တော် ဇဝေဇဝါ ဖြစ်သွားတော့သည်။ ထိုအခါ ယင်းအမျိုးသမီးသည် “ကျွန်မနာမည် မမြင့်ကြည်ပါ။ ကျွန်မ အခုချိန်ထိ အပျိုကြီးဘဝနဲ့ နေထိုင်နေပါတယ်” ဟူ၍ ပြောကြားလေတော့သည်။ ကျွန်တော်သည်လည်း အားတုံ့အားနာ ဖြစ်သွားကာ အမှတ်တရ ကျွန်တော်နှင့် ရွှေဇီးကွက်တို့အတူ ဓါတ်ပုံမှတ်တမ်း ရိုက်ကူးခဲ့ပြီး ကျေးဇူးတင် နှုတ်ဆက်စကားဆို၍ ကျွန်တော်တို့ ရှေ့ဆက်သွားရမည့် ခရီးလမ်းအား ထွက်ခွာရန် စက်လှေ ဆရာအား ပြောကြားလိုက်တော့သည်။ ယင်းအမျိုးသမီး မမြင့်ကြည် သည် ဂျုံးဂျုံးဂျ ကျေးရွာအဝင်ဝ လှေ ငယ်လေးပေါ်တွင် ရွာသူ/သားများနှင့်အတူ ကျန်ရစ်ခဲ့တော့သည်။
ကျွန်တော်လမ်းတလျှောက် ရန်ကုန်ရောက်ခဲ့သည့် ယခုအချိန်အထိ အတွေးခေါင်နေဆဲဖြစ်သည်။ သြော် … လူငယ်ဘဝ ရုပ်ရှင်သရုပ်ဆောင်လုပ်စဉ်က ကျွန်တော်ပြင်ပတွင် တွေ့ရှိခွင့်မရခဲ့ဘဲ ပိတ်ကား ထက်မှာသာ အားပေးခဲ့သည့် ပရိသတ်တစ်ဦးသည် ယခုကျွန်တော် အသက်အရွယ်ကြီးမြင့်ပြီး “ဂျုံးဂျုံးကျ” နေသည့်အချိန်ကြမှ “ဂျုံးဂျုံးဂျ” ကျေးရွာမှာ လူကိုယ်တိုင် ပြင်ပတွင်တွေ့ရှိ စကားပြောဆိုခွင့်ရခဲ့ပါလား။ အဘယ့်ကြောင့် ယခုလို အသက်အရွယ်အားဖြင့် (၅၅) နှစ်ကျော်ကာလအထိ ငယ်စဉ်လူရွယ်ဘဝက ရုပ် ရှင်သရုပ်ဆောင် လုပ်ခဲ့ဖူးသော အနုပညာရှင်တစ်ယောက်ကို ယခုအချိန်အထိ နှစ်နှစ်ကာကာ အားပေးကြ သော ပရိသတ်များ ရှိနေသနည်း။
ဤဖြစ်ရပ်သည် မိမိ၏ အနုပညာစွမ်းအား တစ်ခုတည်းကြောင့်တော့ မဟုတ်ချေ။ ကျွန်တော်၏ ပရဟိတစိတ်ဓါတ်၊ ပရဟိတစွမ်းအားများကြောင့်ပင်ဖြစ်သည်။ ကျွန်တော်တို့ ကယ်ဆယ်ရေး ခရီးစဉ်ထွက်လာခါစတွင် ရာသီဥတုသည် သာယာလှပ အေးချမ်းနေသည်။ နာရီပိုင်းအ တွင်း ရာသီဥတုတို့ ဖောက်ပြန်ဆိုးရွာလာသည်။ ယခင် မော်တော်ကားလမ်း၊ လှည်းလမ်းကြောင်းများ၊ ယာ ခင်းများ၊ လယ်ကွက်များ၊ တဲအိမ်များ၊ စေတီပုထိုးများတို့ဖြင့် နေချင့်စဖွယ် ရွာငယ်လေးသည်လည်း ရက် ပိုင်း၊ လပိုင်းအတွင်း ရေစုန်းစုန်း နစ်မြှုပ်ခဲ့ရသည်။
ယခင် နုပျိုလန်းဆန်း သွက်လက်ခဲ့သော ကျွန်တော်တို့ သည်လည်း အိုမင်းရင့်ရော် နှေးကွေးခဲ့ရပြီ။ ကျွန်တော်တို့အနေဖြင့် အသက်အားဖြင့် (၂ဝ-၂၅) နှစ်ကာလ များမှစ၍ ယခုကဲ့သို့ ပရဟိတလုပ်ငန်းများအား လုပ်ဆောင်ခဲ့မည်ဆိုပါက များစွာအကျိုးရှိလိမ့်မည်ဟု ခံ ယူမိသည်။ ထို့ကြောင့် ကျွန်တော့်၏ အနုပညာလောကမှ ညီငယ်၊ ညီမငယ်များ၊ တပည့်သားချင်းများ အနေဖြင့်လည်း ငယ်ရွယ်စဉ်အချိန်မှစပြီး အနုပညာတာဝန်များအား ထမ်းဆောင်ရင်းဖြင့် အများပြည်သူ အကျိုးတို့အား မျက်ခြေမပြတ် စွန့်လွှတ်အနစ်နာခံ ပေးဆပ်မှုများ ပြုလုပ်သွားမည်ဆိုပါက ထူးမြတ်သော ကောင်းခြင်းမင်္ဂလာတရားနှင့် ပြည့်ဝသော လောကကြီးအား ဖန်တီးတည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည် မိတော့သည်။
ထိုကဲ့သို့ ပေးဆပ်မှုများ အနစ်နာခံ စွန့်လွှတ်ကူညီ ဖေးမမှုများပြုလုပ်ရာတွင်လည်း အခက် အခဲ၊ အနှောက်အယှက်၊ အဖျက်အဆီးများက အဆင်သင့် စောင့်ဆိုင်းနေမည်ကိုလည်း သိရှိသတိထားရ မည်။ ဤကဲ့သို့ ပိတ်ပင် တားဆီး၊ ဟန့်တား နှောက်ယှက်မှုများကို ကြုံတွေ့ပါက အောက်ပါ ရွှေဟင်္သာ ဆရာတော်ကြီး၏ ဆုံးမသြဝါဒစကားကို လက်ကိုင်ပြု၍ ရင်ဆိုင်သွားနိုင်ရန် တိုက်တွန်းလိုက်ရပါသည်။
အများအကျိုး … ရွက်သယ်ပိုးက
ခနိုးခနဲ့ … ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း … ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် … ရှေးရှုနှင်လော့
(ရွှေဟင်္သာဆရာတော်ကြီး)
..... ကျော်သူ