ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ အခမ်းအနား ဓာတ်ပုံ မှတ်တမ်း(၁)။..။



ဓာတ်ပုံပေးပို့လာသူ ဦးသန်းဝင်းအား ကျေးဇူးတင်ပါသည်။။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆရာဝန်ဒေါက်တာတင်မျိုးဝင်းအစား တခြားဆရာဝန်အစားထိုး။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကိုပုံမှန် စစ်ဆေးပေးနေကျ ဆရာဝန်ဒေါက်တာတင်မျိုးဝင်း အစား တခြားအမျိုးသမီးဆရာဝန် တဦးနဲ့အစားထိုး လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့မိမိကို နှစ်ရှည်လများ ပုံမှန်ကျန်းမာရေးကို ကြည့်ရှုစစ်ဆေးပေးခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့ ပြန်လည်ကြည့်ရှု စစ်ဆေးခွင့်ပြုရန် အာဏာပိုင်များထံ တောင်းဆိုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒေါ်စုရဲ့ကျန်းမာရေး စစ်ဆေးတဲ့ ကိစ္စကတော့ ၁၁ရက်နေ့ ဒေါ်စုအိမ်ကိုပြန်ရောက်တဲ့ နေ့ကစပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက နေပြီးဒေါ်စုရဲ့ ကျန်းမာရေးပုံမှန် စစ်ဆေးဖို့ဆိုပြီး အမျိုးသမီး ဆရာဝန်တယောက်ကို ခေါ်လာပါတယ်။ ဒေါ်စုအနေနဲ့ မိမိရဲ့ကျန်းမာရေးကို ပုံမှန်နှစ်ရှည်လများ ကြည့်ရှုပေးလာတဲ့ ဒေါက်တာတင်မျိုးဝင်း ကိုပဲကျန်းမာရေး စစ်ဆေးခွင့်ပြုဖို့ သက်ဆိုင်ရာကို တောင်းဆိုထားပါတယ်။ မိမိကိုကြည့်ရှု့မယ့် ဆရာဝန်ကို မိမိအနေနဲ့ ရွေးချယ်ပိုင်ခွင့် ရှိရပါမယ်။ အခုထိတော့ ဒေါက်တာတင်မျိုးဝင်း သွားကြည့်ခွင့် ရတယ်လို့မကြားမိသေးပါဘူး။ မနေ့က ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့တဲ့အထိတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမပြောတဲ့ အတွက် သွားကြည့်ခွင့် မရသေးပါဘူး။ အန်ကယ်တို့ ရှေ့နေတွေနဲ့ နောက်တကြိမ်တွေ့ဖို့ ဒေါ်စုက တောင်းဆိုထားတယ် ပြောပါတယ်။ အခုထိတော့ တွေ့ခွင့်မရသေးပါဘူး။" ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒေါက်တာတင်မျိုးဝင်းဟာ ဒေါ်အောင်ဆန်းစုကြည် ယခင် နေအိမ်အကျယ်ချုပ် ကျခံရစဉ် တလတကြိမ် ပုံမှန်ကျန်းမာရေး စစ်ဆေးခွင့်ရခဲ့ပြီး အမေရိကန်နိုင်ငံသား မစ္စတာယက်တော ဒေါ်စုနေအိမ်သို့ ဝင်ရာက်ပြီး ဖမ်းဆီးခံရချိန်မှာ အာဏာပိုင်များရဲ့ ခေတ္တခေါ်ယူ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ၂၀၀၈ခုနှစ် ပထမအကြိမ်မစ္စတာယက်တော ဒေါ်စုအိမ်သို့ ဝင်ရောက်လာစဉ်က ဒေါက်တာတင်မျိုးဝင်းမှ တဆင့် အသိပေး အကြောင်းကြားခဲ့သော်လည်း အာဏာပိုင်များမှ အရေးယူဆောင်ရွက်ပေးချင်း မရှိခဲ့ပါဘူး။..။

ဒီမိုဝေယံ


မြတ်သော ယုံကြည်ချက်အတွက် (အရှင်ဂမ္ဘီရသို့ အမှတ်တရ)

ဆောင်းပါးရှင် ဦးလင်းအား ကျေးဇူးတင်ပါသည်။(ဒီမိုဝေယံ)

ဆောင်းပါးရေးသားသူ။ ဦးလင်း
သောကြာနေ့၊ သြဂုတ်လ 21 ရက် 2009 ခုနှစ် 17 နာရီ 49 မိနစ်


"ကျုပ်ဘက်ကတော့ အားလုံးကို အနစ်နာခံ စွန့်လွှတ်ခဲ့ပြီးပါပြီ။ အပြင်မှာရှိနေကြတဲ့ ဒကာတော်ကြီးတွေအနေနဲ့ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်ဘို့ လိုတယ်"
အမတော်နှင့် တဆင့်ပါးလိုက်သည့် အကျဉ်းထောင်ထဲမှ ဆရာတော်အရှင်ဂမ္ဘီရ၏ အမှာစကား ဖြစ်သည်။ တချို့လူတွေ ကြား၏။ တချို့လူတွေ မကြား။ တချို့လူတွေ မကြားချင်။ တချို့ မကြားသယောင် ဟန်ဆောင်နေကြလေ၏။ ရိုးသားစွာ ဝန်ခံရလျှင် ထိုကဲ့သို့ ဟန်ဆောင်နေကြသူများထဲတွင် ကျနော် ထိပ်ဆုံးက ဖြစ်မည်ထင်သည်။

ဆရာတော်၏ အမှာစကားသည် ကျနော့်တသက် အနေရခက်၊ အသေရခက်စေတော့မည်မှာ အမှန်ပင်ဖြစ်သည်။ ကိုယ့်ကိုယ်ကို လိမ်လည်ရန် တကယ်မဖြစ်နိုင်။ ကိုယ်စောင့်နတ်တို့က ခဏခဏ ထုခြေလွှာ တက်နေကြသည်။ သစ္စာရှိမှ မိတ်ဆွေကောင်းဟေ့၊ တာဝန်သိမှ ပြည့်သားကောင်းဟေ့ ဟု တခါတခါ နားဝမှာ ဆန္ဒပြနေကြသည့် အသံများက ပြည့်လျှံနေပြန်၏။

ခက်ပလေကော။ လတ်တလော အခြေအနေတွင် ကျနော့်ဘဝသည် ပစ်ပြီးသည့် ကျည်ဆံခွံတတောင့်လို ဘာမှအသုံးမကျ။ ခြုံကြိုခြုံကြားထဲ မနေချင်သော်လည်း ပျော်စံနေရတာပဲ မဟုတ်ပါလား။ ဇရာကအို ပိုက်ကဆွေး၊ ခွေးကျိုးနဲ့ ယုံလိုက်၊ အမိုက်တရားတွေနဲ့ နိဗ္ဗာန်သွားချင်တဲ့ ကိုယ့်ဘဝကို တွေးရင်းငေးရင်း နှောင်းဖြစ်တွေကို စဉ်းစားနေမိသည်။

ကမ္ဘာကျော်သမိုင်းထဲက ရွှေဝါရောင် ပတ္တနိကုဇ္ဇနကံဆောင်သည့်ပွဲတွင် ကျနော့်ဘဝတသက် မမေ့ရက်နိုင်စရာ နေ့များထဲမှ အားနည်းချက်၊ အားသာချက်များကို ခြုံငုံသုံးသပ်ရင်း အတိတ်မှ မြင်ကွင်းများက အစီအရီ ပေါ်ထွက်ခဲ့ကြပြန်ပါပြီ။

အချိန်ကား ၂ဝဝ၇ ခု စက်တင်ဘာ ရွှေဝါရောင် သံဃလှုပ်ရှားမှုကြီးအပြီး အောက်တိုဘာလ။ မှတ်မှတ်ရရ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါသည်။

ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သည်နှင့် ဆရာတော်က တောတန်းလေးထဲမှ ထွက်လာပါသည်။ တက်ကြွလန်းဆန်းနေသည့် ဆရာတော်၏ အပြုံးများကို ဒကာတော်၏ အောင်မြင်မှုအပြုံးများဖြင့် ဆရာနှင့် ဒကာ မျက်စများ ခင်းလိုက်ကြရင်း နှုတ်ဆက်လိုက်ကြသည်။

ဆူးညောင့်ခလုတ်များသာမက သေနတ်ပြောင်းဝများကြားမှာ အောင်မြင်စွာ ရှောင်တိမ်းလှုပ်ရှားနေချိန်မို့ ဆရာနှင့် ဒကာ၏ အပြုံးများမှာ နူးညံ့သိမ်မွေ့သည်ထက်ပို၍ နက်ရှိင်းနေပါသည်။

နေရာက မန္တလေးမြို့မှအထွက် မေမြို့ကားလမ်းမကြီး၏ အရှေ့ဘက်။ ထုံးဘိုရွာအနီး။ အရှေ့ရိုးမကြီး၏ အစမှတ်တိုင်သဖွယ် တည်ရှိသည့် ထုံးကျောက်တောင်တန်းကြီး တလျှောက်အောက်က တောတန်းလေးတခုတွင် ဖြစ်ပါတယ်။ လူတထိုင်သာသာရှိသော စိုက်ခင်းတခု၏ အလယ်တွင် ဆရာနှင့် ဒကာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပါသည်။

ပတ်ဝန်းကျင်အနေအထားကို ဒကာက အကဲခတ်လိုက်တော့ ဆရာတော်က ‘‘အိုကေ .. ဒကာလင်း‘’ ဟု မိန့်လိုက်သည်။ ဒကာ၏ ညာဘက်ပခုံးမှ နက်ပြာရောင် ကြိုးဆွဲဂျင်းအိပ်လေးကို လျှောချလိုက်ပြီး ဆရာတော်အား ကပ်လှူလိုက်ပါ၏။ အဲဒီနောက် ဒေါနရောင် ဂျာကင်အင်္ကျီ အတွင်းအိပ်ထဲမှ ပစ္စည်းများကို ထုတ်ယူလိုက်ပြီး ဆက်လက်လှူဒါန်းလိုက်သည်နှင့် တပြိုင်နက် ပြင်းပြသည့် အာသီသများ ပြည့်ဝပြီမို့ ဆရာတော်၏ နှုတ်ခမ်းတော်အစုံက ဖုံးမရဖိမရ။ အပြုံးများ ဗလဝ ကြားက ‘‘ကျုပ် မရယ်ရတာ ကြာပြီဗျ။ အခု ဒကာကြီး လာမှပဲ ရယ်ရတေ့တယ်'' ဟု ဆိုကာ ချီးမွမ်းခန်း ဖွင့်ပါတော့သည်။

ပထမတခေါက်တုန်းက ယခုပစ္စည်းလေးများ ပါမလာ၍ ဆရာတော်၏ မျက်နှာတော် ညှိုးသွားသည်ကို ဒကာက စိတ်မကောင်း။ အခု ဒုတိယအခေါက်တွင် စွန့်စားခန်းများ တသီတတန်းကြီးကို ဖြတ်ကျော်၍ အောင်မြင်ခဲ့ပြီမို့ ကျေနပ်ပီတိဖြစ်နေရသည်။

နယ်စပ်မှသည် လမ်းတလျှောက် ထူထပ်လှသည့် ရှာဖွေစစ်ဆေးရေးဂိတ်များကို တခုပြီးတခု ကျော်ဖြတ်နိုင်ရန် homework အိမ်စာတွေကို အပြန်ပြန်အလှန်လှန် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ရပါသည်။ အိနြေ္ဒမပျက်အောင် ဆောက်တည်နေရသည့် သမာဓိအားကို ထိန်းသိမ်းနိုင်ရန် ထွက်လေဝင်လေများကို ဂရုတစိုက် မှတ်သားနေခဲ့ရသလို တခါတလေမှာ ထိုးသုတ်တော့မည့် စွန်ရဲငှက်တအုပ်၏ မျက်စိအောက်က ဖားတကောင်လိုမျိုး ရင်တဖိုဖိုနှင့် အားတင်းနေရသည့် အဖြစ်များကိုလည်း ကြုံခဲ့ရပါသည်။ သို့သော် သဲထိတ်ရင်ဖို စွန့်စားခန်းများကို နေ့စဉ်ရက်ဆက် ဖြတ်သန်းနေခဲ့ရတာနှင့်အမျှ ထုသားပေသား ကျနေတာမျိုးလည်း ရှိပါသည်။

မှောင်ရည်ပျိုးစပြုလာပြီမို့ ဆရာနှင့် ဒကာ စိုက်ခင်းလေးထဲမှ ထွက်လာကြပါသည်။ သီတင်းကျွတ် လပြည့်ည၏ ဗွေဆော်ဦး အလင်းတန်းများကို တောင်တန်းကြီးက ကာဆီးပေးထားတာမို့ ပီတိဖြစ်မိသည်။ ယခုတလော အမှောင်ညများကို ဘဝအဖော်မွန်ပြုနေရသည် မဟုတ်ပါလား။

စိုက်ခင်းလေး ဆုံးသွားပြီးနောက် လှည်းလမ်းလေးကို ကျော်ဖြတ်ရသည်။ မကြာမီမှာပဲ ဆရာနှင့် ဒကာ တောင်ခြေရင်းကို ချဉ်းကပ်မြိကပါပြီ။ ဆရာတော်က ရှေ့ကဦးဆောင်၍ တောင်တက်လမ်းကို စတင်တက်လိုက်သည်။ လူအတက်အဆင်းများသောလမ်း ဖြစ်ဟန်တူ၏။ လမ်းတလျှောက် ကျောက်သားများက အမှောင်ထဲမှာပင် ဖြူဖွေးနေသည်။

ကျောက်စွယ်ကျောက်ငုတ်လေးများကို ခြေကုတ်ယူပြီး တက်နေရသည်မို့ ဟန်ချက်မပျက်အောင် ထိန်းနေရ၏။ စကားလုံးဝမပြောဘဲ ခြေဟန်လက်ဟန်များဖြင့်သာ ဆရာတော်က လမ်းပြပေးပါသည်။ တချို့နေရာများက မတ်စောက်သဖြင့် လေးဘက်ထောက်၍ တက်နေရသည်။ အသက်အရွယ်ကကြီးတော့ ထင်သလောက် ခရီးမပေါက်။ အသက်ရှူသံက ပြင်းလာသည်နှင့်အတူ ဇောချွေးများ စို့ထွက်လာနေ၏။ အတော်လေး ခရီးပေါက်ပြီမို့ လူသုံးလေးယောက်ထိုင်နိုင်သည့် ကျောက်ငူစွန်းတခုကို တွေ့သည်နှင့် ဆရာနှင့် ဒကာ ထိုင်လိုက်ကြပါတော့သည်။

စိတ်မအေးရသည့်ကြားထဲ လက်ယာနံဘေး ခြုံပုတ်ထဲမှ ‘‘ဝူး’‘ ကနဲအသံက ကြက်သီးများ ဖျန်းကနဲ ထသွားစေသည်။ တောဝက်လား၊ မျောက်သံလား မခွဲခြားတတ်။ အသံလာရာဘက်သို့ ဆရာနှင့် ဒကာ အာရုံစိုက်နေစဉ်မှာပင် ပြေးထွက်သွားသော အသံများကို ကြားလိုက်ရသည်။

သက်ပြင်းတချက်စီ ချလိုက်ပြီးနောက် အရှင်ဂမ္ဘီရက စကားစလိုက်သည်။ ‘‘အခုအခြေအနေတွေက ဘယ်လိုလဲ`‘

ဒကာတော်က အသေးစိတ်ရှင်းပြလိုက်သည်။ အရှင်ဘုရား၏ မျက်နှာပုံပန်းသဏ္ဌာန်နှင့် အရပ်အမောင်းကို အသေးစိတ် ဖော်ပြထားသည့် ဖမ်းဝရမ်းစာများသည် နယ်စပ်များအထိ ပြန့်နှံ့ရောက်ရှိနေပြီဖြစ်ကြောင်း။ မန္တလေးမြို့က ဆရာတော် အရှင်ပညာသီရီမှာ မုံရွာမြို့ အင်တာနက်ဆိုင်မှအထွက် အဖမ်းခံရကြောင်း။ သဟာယများက မှာကြားလိုက်သည့် သတင်းစကားများ အကြောင်းနှင့် ဒကာတော်၏ အခက်အခဲများကို ဝေဝေဆာဆာနှင့် ပြောကြားနေလို့ ကောင်းနေစဉ်မှာပင်။

''ဟာ .. ဒကာ ဒကာ ၊ ဟိုမှာ ဘာတွေလဲ၊ ကြည့်စမ်းပါအုံး''

ပြောပြောဆိုဆိုပင် ဆရာတော်၏ လက်ညှိုးညွန်ရာသို့ ကြည့်လိုက်ပါသည်။ တဖြည်းဖြည်းချင်း ရွေ့လျားလာနေသော မီးရောင်များ တသီတတန်းကြီးကို မြင်နေရ၏။ ထုံးဘိုရွာနှင့် မြစ်သားမြို့ကို ဖြတ်ဖောက်ထားသည့် ကားလမ်းမကြီးပေါ်က ဖြစ်သည်။

အပေါ်စီးမှ ကြည့်နေရသည်မို့ မြင်ကွင်းက ထင်ရှားလှပါသည်။ သို့သော် အခြေအနေများကို ဒကာက နားမလည်နိုင်ဖြစ်နေသည်မို့ ဆရာတော်က အသေးစိတ် ရှင်းပြပါသည်။ ဒီအနီးနားတဝိုက်တွင် ဆရာနှင့် ဒကာ ရှိနေသည်ဆိုတာကို နအဖ ထောက်လှမ်းရေးများ သိနေကြသည့်သဘော ရှိပါသည်။

ညပိုင်းအချိန်မတော် သန်းခေါင်းယံမှာ မီးတုတ်များကိုယ်စီ ကိုင်ဆောင်ထားကြသော ရှာဖွေရေး လူ ၅ဝ-၆ဝ ခန့်က တောနင်းပြီး ပိုက်စိတ်တိုက် ရှာဖွေနေကြသည်ဆိုသော သတင်းက ရရှိထားပြီးဖြစ်သည့်အကြောင်း။ သဘောက ထိုမီးတန်းကြီးကို သံသယရှိနေခြင်း ဖြစ်ပါသည်။ ထို့ကြောင့်လည်း မဟာဗျူဟာအရ ဒီတောင်တန်းကြီးအား နေရာယူထားခြင်းဖြစ်ကြောင်း ဒကာက သဘောပေါက်နားလည်လိုက်ပါပြီ။

ဆက်လက်ပြီး မကြာမီက ကြုံတွေ့ခဲ့ရသည့် စွန့်စားခန်းတခုကို ဆရာတော်က ပြောပြပါသည်။ ရှောင်ရင်းတိမ်းရင်း ညှပ်ပူးညှပ်ပိတ် အခြေအနေတခုမှ ဖောက်ထွက်ရင်း မတတ်သာသည့်အဆုံး ဆိုင်ကယ်ကို စွန့်ပစ်တားခဲ့ရသည့် အကြောင်း။

ဆူးခြုံများကိုပင် မရှောင်နိုင်တော့ဘဲ တိုးခွေ့ဖောက်ထွက်ပြီး ကိုယ်လွတ်ရုန်းခဲ့ရသည်မို့ တကိုယ်လုံးမှာ ဆူးငြောင့်ဒဏ်ရာများ ဗလပွ ရရှိခဲ့ကြောင်း။ အဲဒီအချိန်တုန်းက အဆက်မပြတ် ရွာသွန်းနေသည့် မိုးသီးမိုးပေါက်များ ကြားထဲက ယာတလင်းပြင်မှာပဲ တညအိပ်ပြီး နေခဲ့ရကြောင်း။ မငြီးမငြူ၊ မပူမပင် ရွှင်ရွှင်ပြပြ ပြောပြနေသည့် ဆရာတော်၏ အပြုံးပန်းများကို လရောင်အောက်တွင် အထင်အရှား မြင်နေရပါသည်။

ဆရာနှင့် ဒကာ စကားပြောကောင်းနေလိုက်ကြသည်မှာ လမင်းကြီးပင် မွန်းတည့်ပေတော့မည်။

သတိတချက်က နှိုးစက်ချထားသည့်နှယ် ပေါ်လာသည်မို့ ဆရာတော်ထံ ခွင့်ပန်လိုက်ပါသည်။ ‘‘တပည့်တော် ပဋ္ဌာန်းရွတ်ပါအုံးမယ်ဘုရား’’

ဒကာအကြောင်းကို ဆရာတော်က သိပြီးဖြစ်သည်။ ‘‘အိုကေ … အိုကေ။ ကျုပ် အပေါ်ဘက် ဆက်တက်လိုက်အုံးမယ်‘‘ ဟု ဆိုကာ ပြောပြောဆိုဆိုပင် ကြွသွားပါတော့သည်။

ဆောင်းဦးပေါက်စ မြောက်ပြန်လေအေးကို တဝကြီး ရှူရှိုက်လိုက်ပြီးနောက် ဘဝအမေများကို ဖြေလျှော့လိုက်ရင်း အဝေးက မြင်ကွင်းကြီးတခုလုံးကို သတိပြုမိလိုက်သည်။ သန်းကောင်ယံ လပြည့်ညက သဘာဝအလှကို အားဖြည့်ပေးထား၏။ စစ်ကိုင်းတောင်ရိုးကြီးပေါ်မှ လျှပ်စစ်ရောင်စုံမီးများက ပန်းဆိုင်ပန်းခက်များသဖွယ် ကောင်းကင်ယံမှ ကြယ်စင်များနှင့် အလှချင်း ပြိုင်နေကြသည်။ မှုန်ဝါးဝါး ဧရာဝတီမြစ်ရေပြင်ကြီးနှင့်အတူ မန္တလေးမြို့ တခွင်တပြင်မှ ပြည့်လျှံနေသည့် မီးရောင်စုံများက ဆတပိုးအလှတိုးနေသည်။

တိတ်ဆိတ်ငြိမ်သက်လှသည့် လောကဓာတ်ကြီးတခုလုံးအား မေတ္တာဖြင့် လွှမ်းခြုံနိုင်ရန် ကြိုးစားအားထုတ်လိုက်ပြီးနောက် ‘‘ဂုဏ်တော် ၉ ပါးအား အနုလုံ ပဋိလုံ ပွားများလိုက်ပြီး တဆက်တည်း သမန္တာစက္ကဝါဠေသုဖြင့် အစချီကာ စိတ်မှာညွတ်၍ နတ်ဗြဟ္မာအပေါင်းတို့အား ဖိတ်ကြားခြင်း ပြုပါသည်။ ၎င်းနောက် ၂၄ ပစ္စည်း ရွတ်ဆိုပြီး ပဋ္ဌာန်းလတ်ဒေသနာမြတ်အား မပြတ်ရွတ်ဖတ် ပူဇော်ခဲ့ရသည်မှာ ထူးမြတ်လှပါဘိ၏။

ထို့နောက် ပုဗ္ဗာဏှသုတ်တော်။ ၎င်းနောက် မေတ္တာသုတ်နှင့် ဗောဇ္ဈင်င်္ဂသုတ်တို့အား ဆက်တိုက် ရွတ်ဖတ်ပူဇော်ပြီးနောက် ကုသိုလ်အမျှ ပေးဝေငှလိုက်ပါတော့သည်။ မကြာခင်မှာပဲ တောင်ထိပ်ပေါ်ဆီမှ ဆရာတော် ဆင်းလာပြီး ဒကာတော်၏ နံဘေးမှာ ယှဉ်ထိုင်လိုက်သည်။ ၎င်းနောက် ဆက်တယ်လိုက် ဖုန်းပေါ်သို့ သူ၏ လက်ချောင်းများက လှုပ်ရှား၍ နေပါလေတော့၏။ သတင်းဌာနပေါင်းစုံ စုံနေတာပါပဲ။ ပြီးတော့ အမြို့မြို့ အနယ်နယ်က သဟာယတွေကိုလည်း မှာကြားနေလိုက်ပါသေးသည်။ ပြောရင်းပြောရင်း အသံရှိန်များ မြင့်မြင့်လာသည်မို့ လက်တို့ပြီး သတိပေးနေရသည်။ အပြန်အလှန် စကားသံများကို နားထောင်ရင်း အခြေအနေများကို သုံးသပ်လိုက်ပြီးသည့်နောက် ဆုံးဖြတ်ချက်တခု ချလိုက်ကြသည်။

မူလအစီအစဉ်တခုကို ဖျက်လိုက်ရမည်ဖြစ်ပြီး မနက်မလင်းခင် ဒကာတော်ကိုယ်တိုင်ပဲ မဟာရန်ကုန်ကို ချက်ချင်း ပြန်ဆင်းရတော့မည်ဖြစ်သည်။ ထုံးစံအတိုင်း နောက်တခါ ပြန်ဆုံရမည့်နေရာ။ ဆက်သွယ်ရမည့်အချိန်နှင့် သုံးစွဲရမည့် စကားဝှက်များကို ပြန်လည်ပြင်ဆင် သတ်မှတ်ကြပါသည်။ ပိုမိုသေချာစေရန် အပြန်အလှန် အမေးအဖြေ လေ့ကျင့်ခန်းများ လုပ်ရသည်။ ထို့နောက် ရန်ကုန်ရောက်လျှင် ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်တခုကို ဆရာတော်က ပေးလိုက်သည်နှင့် ဒကာက အဆင်သင့်ပါလာသည့် ‘မြတ်ဗုဒ္ဓ၏ ပါဝစနအဘိဓာန်’‘ စာအုပ်၏ စာမျက်နှာ ၉ဝ ၌ တောင်ပေါ်က ဆင်းကြဖို့ ပြင်ဆင်ကြသည်။ အတက်တုန်းက ခက်ခဲသလို အဆင်းကျတော့လည်း သိပ်မလွယ်ကူလှပေ။ တောင်ခြေသို့ ရောက်သည်နှင့် တပြိုင်နက် ဒကာက ဆိုင်ကယ်ပေါ်တက်လိုက်သည်။ တဦးနှင့် တဦး အပြန်အလှန် နှုတ်ဆက်လိုက်ကြပြီးနောက် လက်မနှစ်ချောင်းကို စင်ပြိုင်ထောင်ကာ တချောင်းနှင့် တချောင်း သစ္စာပြုလိုက်ကြပါတော့၏။

မြတ်သော ယုံကြည်ချက်ဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံနေရသည့် အကျဉ်းထောင်အတွင်းမှ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး၏ ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား ဤဆောင်းပါးဖြင့် ဦးညွှတ်ပါ၏။

မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်လျှံမှ
အဓမ္မကို အောင်နိုင်မယ်။
မိစ္ဆာတွေဘေးက ဝေးကြမယ်။


ဒီမိုကရေစီတိုက်ပွဲ။....။



ဒီမိုကရေစီတိုက်ပွဲ

နှစ်လုံးသားကိုတံတားခင်း
အသက်နဲ့ ရင်းရတဲ့ လွတ်လပ်ခြင်းဆိုတဲ့ဂုဏ်
ဒီမိုကရေစီအရေးတော်ပုံမှာ
ကိုယ်ရဲ့အသက်ကိုမငဲ့ နိုင်ပေမယ့်
မြန်မာပြည်သူတွေကိုရင်ခွင်ပိုက်ပြီး
ခေါင်းမငိုက်ဦးမညွတ်
ကိုယ်ကျိုးစွန့်လွတ် တဲ့ခွပ်ဒေါင်းဇာနည်
ဒီမိုကရေစီတိုက်ပွဲဝင်သူတွေရဲ့
တည်ကြည်ရဲရင့်မြင့်မြတ်တဲ့ဂုဏ်ပုဒ်ဟာ
ကမ္ဘာမြေတုန်လောက်ပါတယ်။
အာဇာနည်စိတ်ဓာတ်ကို
မှတ်ကျောက်တင်စမ်းသပ်လိုက်တဲ့
ယုတ်မာသူလူတစ်စုရဲ့ ၊ နှိပ်စက်ကာညှင်းပန်း။
သတ်ဖြတ်ကာရက်စက်ပေမဲ့
နောက်မဆုတ်ဇွဲမာန်ထောင်
တစ်ချိန်မှာ ဧကန်အောင်ရမယ်လို့ 
မြန်ပြည်သူချမ်းသာကြောင်းပေမို့ 
လှေခွက်ချည်းကျန်အလံမလဲပါဘူး
တိုက်ပွဲဝင်ပန်းတိုင်
ဒီမိုကရေစီမဏ္ဍိုင်ကို အနိုင်ရအောင်တိုက်မယ်လို့ 
ရင်ဆိုင်ကာချီတက်သူ မျိုးချစ်ဇာနည်ဖြူတွေကို
တို့ ပြည်သူတွေ နှလုံးသားမှာ
သမိုင်းမှတ်တမ်းဝင်
ကမ္မည်းထိုးတင်ထားပါရဲ့
ကမ္ဘာရှည်သရွေ့တည်နေမယ်။.

မင်းသုည(ကွမ်းခြံကုန်း)
ဗုဒ္ဓတက္ကသိုလ်

Mail ထဲပေးပို့လာတဲ့ ဆရာတော် အရှင်ဣဿရိယ အားကျေးဇူး အထူးတင်ပါသည်။...။


ဒို့တာဝန် အရေးသုံးပါး။(အတို့အထိ)

(အဟမ်း အား အားမအားအား ဒီစာကိုဖတ်ပါ မဖတ်ရင် အရေးယူမယ်)
>
> ဒို့တာဝန် အရေးသုံးပါး။
>
> တရုတ်ပြည်သူ့ သမ္မတ မြန်မာ နိုင်ငံတော် မပြိုကွဲရေး… ဒို့အရေး။
> တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး… ဒို့အရေး။
> ဗိုလ်ချုပ်မှုးကြီး အာဏာ တည်တံ့ခိုင်မြဲရေး… ဒို့အရေး။
>
> ပြည်သူ့သဘောထား။
>
> တရုတ်အားကိုး ပုဆိန်ရိုး အဆိုးမြင် ၀ါဒီများအား ဆန့်ကျင်ကြ။
> နိုင်ငံတော် တည်ငြိမ် မအေးချမ်းမှန်း သိသာစေရန် မေ့လောက်ရှိ။
> ကိုယ့်ဟာကိုယ် ဗုံးထထ ဖောက်သူများအား ဆန့်ကျင်ကြ။
> နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်သော (အနောက်) နိုင်ငံများအား ဆန့်ကျင်ကြ။
>
> နိုင်ငံရေး ဦးတည်ချက် (၄) ရပ်။
>
> နိုင်ငံတော် တည်ငြိမ်ရေး၊ ဧည့်စာရင်း မှန်မှန်တိုင်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး။
> အမျိုးသား ပြန်လည် ငြိမ်ကုပ် ပိပြားရေး။
> နှစ်၅၀ အချိန်ယူ ရေးဆွဲသင့်သော ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဖြစ်ပေါ်လာရေး။
> ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့် အညီ ခေတ်မီ ဖွံ့ထွား
> တုတ်ခိုင်သော နိုင်ငံတော် သစ်တစ်ရပ် တည်ဆောက်ရေး။
>
> စီးပွားရေး ဦးတည်ချက် (၄) ရပ်။
>
> ရှိတာအကုန် ရောင်းစားရေးကို အခြေခံ၍ တပ်မတော်ကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
> (ညဖက်မှ အလုပ်ဖြစ်သည့်) ဇီးကွက် စီးပွားရေးစံနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး။
> ပြည်တွင်း အာရှမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ ကုန်ဈေးနှုန်း ပြန်မကျ ထိုးတက်အောင် တည်ဆောက်ရေး။
> နိုင်ငံတော် စီးပွားရေး တစ်ရပ်လုံးကို ဖန်တီးနိုင်မှု စွမ်းအားသည် တပ်မတော်နှင့် စက်မှု လယ်ယာ ၀န်ကြီးဌာနတို့၏ လက်ဝယ်တွင် ရှိရေး။
>
> လူမှုရေး ဦးတည်ချက် (၄) ရပ်။
>
> တစ်မျိုးသားလုံး၏ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တ မြင့်မားရေး။
> အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး အတွက် နယ်ချဲ့ တော်လှန်ရေး ဗီဒီယို များများရိုက်၍ ယဉ်ကျေးမှု အမွေအနှစ်များ နောင် မပျောက်ပျက်ရန် အခုကတည်းက ထုံးသုတ်ပစ်ရေး။
> မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရန် လူငယ်တိုင်း တပ်မတော်သို့ ၀င်ရေး။
> တစ်မျိုးသားလုံး ပြည်တွင်းဖြစ်ကို အားပေးရင်း ကျန်းမာ ကြံ့ခိုင်ရေးနှင့်
နိုင်ငံခြား ထွက်နိုင်သူများ ပညာရည် မြင့်မားရေး။
>
> အဟီး ကျွန်တော်မပါဘူးနော်။ >
> အဟီး သမီးလည်းမပါဘူး :P

mial ထဲကပါ။ ရေးသူပိုင်ရှင်ရှိလျှင် အကြောင်းကြားပေးပါ။



ပံ့သကူမထေရ်မြတ် ( သို့ ) အဓမ္မမင်းကို တော်လှန်ဝံ့သူ။....။


မြန်မာသမိုင်းတစ်လျှောက်တွင် ရဟန်းသံဃာများသည် နိုင်ငံအရေး၊ နိုင်ငံသားတို့အရေးအတွက် ဟိုးယခင် ပုဂံခေတ်ဦးမှသည် ယခုခေတ် မိစ္ဆာဝါဒီကို လက်ကိုင်ပြုနေသော နအဖစစ် အာဏာရှင်ခေတ်အထိ သူတို့၏အသက်၊ လာဘ်လာဘတွေကို ပေးဆပ်ခဲ့ကြသည်။

ရဟန်း
သံဃာတော်များသည် မြတ်စွာဘုရား၏ လမ်းစဉ်ဖြစ်သော လောကလူသားအပါအ၀င် သတ္တ၀ါအားလုံးငြိမ်းချမ်းပြီး ချစ်ကြည်စွာနေထိုင်ရန် အလို့ဌာ ၎င်းတို့၏ အသိညဏ်ပညာအပါအ၀င် လိုအပ်လျှင် အသက်၊ သွေးပါစတေးပြီး မြင့်မြတ်သော နှလုံးသားပိုင်ရှင်များပီပီ အဓမ္မမှုများ၊ မတရားမှုများကို အများအကျိုးအတွက် ရဲရဲဝင့်ဝင့်ရှေ့ဆောင်နိုင်သူများဖြစ်သည်

မြန်မာ့သမိုင်းတွင် အမျိုးဘာသာ၊ သာသနာနှင့် ပြည်သူပြည်သားများအကျိုးအတွက် မင့်ကျင့်တရားနှင့်မညီသော ရှင်ဘုရင်ကို မိမိ၏အသက်ခန္ဓာ၊ ရာထူး လာဘ်လာဘကို စွန့်ရဲပြီး အမှန်တရားကို မြတ်ဗုဒ္ဓ၏တရားနှင့်အညီ ထုတ်ဖော်၊ ထောက်ပြခဲ့သော သာသနာ့ အာဇာနည်တစ်ပါးရှိခဲ့ဖူးသည်။ အလောင်းစည်သူမင်းလက်ထပ် ရှင်အရဟံမထေရ် ပျံလွန်တော်မူသောအခါ ပုဂံပြည်၏သာသနာ့ဦးဆောင်အဖြစ် ဆက်ခံရသူ ပံ့သကူမထေရ် (ခေါ်)ပံ့သကူငစွယ်ရှင်မထေရ်မြတ်ဖြစ်သည်။

ဆရာတော်သည် အကျင့်သိက္ခာနှင့်ပြည့်စုံပြီး သုသာန်တွင် စွန့်ပစ်ထားသော လူသေကောင်တို့အား ဖုံးလွှမ်းသောအ၀တ်ကိုသာ ကောက်ယူလျှက် သင်္ကန်းအဖြစ် ၀တ်ရုံသူဖြစ်သည်။ ထို့ကြောင့်လဲ ပံ့သကူမထေရ်အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သို့အကျင့်သိက္ခာနှင့်ပြည့်စုံသည်နှင့်အမျှ ပြည်သူတို့ကိုလည်း လွန်စွာချစ်မြတ်နိုးသည်။

မတရားမှု၊ ကောက်ကျင့်စဉ်းလဲမှု၊ ဖိနှိပ်ညှင်းပန်းမှုတို့ကို စိုးစဉ်းမျှ မလိုလား။ ထိုသို့ကြုံလာပါကလည်း တော်လှန်သည်သာဖြစ်သည်။ တစ်ခါသော် အလောင်းစည်သူမင်းသည် သားတော် ၃ ပါးအနက် ရက်စက်ကောက်ကျစ်ယုတ်မာသော သားတော် နရသူက ရွှေကူဘုရားသို့ပို့ကာ မျက်နှာကို အ၀တ်တို့ဖြင့် ဖိသတ်၍ ကံတော်ကုန်ခဲ့သည်။ ခမည်းတော် မရှိပြီကြသော် သားတော်ကြီး မင်းရှင်စောသည် ထီးနန်းကိုယူရန် ပုဂံသို့ အလုံးအရင်းဖြင့် ချီတတ်လာခဲ့သည်။ နောင်တော်၏ အင်အားကို မယှဉ်နိုင်သဖြင့် နရသူသည် အကောက်ကြံတော့သည်။ ပုဂံပြည်၏ သာသနာ့ ဥသျှောင် ဖြစ်သော ပံသကူမထေရ်ထံ ချဉ်းကပ်၍ နောင်တော်ကို နန်းတင်ပါမည်။ နောင်တော်တစ်ယောက်တည်း ကြွရောက်လာရန် မိန့်ခေါ်ပေးပါဟု လျှောက်ထားခဲ့သည်။

ငြိမ်းချမ်းရေးကို လိုလားပြီး စစ်မက်ရေးကြောင့်ဖြစ်လာမည့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုကိုမလိုလားသော ပံ့သကူ အရှင်မြတ်က မင်းဆိုးမင်းယုတ်၏ သစ္စာကို ယုံကြည်လိုက်မိသည်။မင်းရှင်စောသည် ဆရာတော်၏ မိန့်ကြားချက်ကြောင့် ရောက်ရှိလာခဲ့သည်။နရသူကလည်း ကတိအတိုင်းနန်းတင်ခဲ့သည်။ သို့သော် ဘိတ်သိတ်သွန်းပြီးညမှာပင် နောင်တော်ကို အစိပ်ကျွေးသတ်ကာ နန်းကို ယူလိုက်သည်။

ပံ့သကူမထေရ်မြတ်သည် အဓမ္မမင်းနရသူထံကြွရောက်ပြီး ထိုမင်းကို မင်းဆိုးမင်းညစ်ဟူ၍ လည်းကောင်း၊ ဆိုးရွားသူ/ ညစ်ညမ်းသူဟူ၍လည်းကောင်း ခေါ်ခဲ့သည်။ မင်းပျက်တကာတို့တွင် အပျက်ဆုံးသော မင်းပျက်ဖြစ်သည်ဟု၍လည်း ပြစ်တင်ခိုင်းနှိင်းသည်။ ဆရာတော်သည် နှုတ်ရေးဖြင့်တော်လှန်ဆန့်ကျင်ရုံမျှမက မင်းဆိုးမင်းယုတ် နရသူမင်းပြုရာအရပ်ကိုစွန့်ပစ်လျှက် သီဟိုရ်သို့ပြောင်းရွှေ့သတင်းသုံးခြင်းဖြင့်လည်း ဆန္ဒပြတော်လှန်ခဲ့သည်။ ထိုသို့ ရဟန်းမြတ်က မင်းဆိုးမင်းယုတ်အပေါ် နှုတ်ရေးဖြင့် ရဲရဲဝင့်ဝင့် ဆန့်ကျင်ဝေဖန်တော်လှန်ခဲ့ပုံကို ဦးကုလားက မဟာရာဇ၀င်တော်ကြီးတွင် ယခုလို ချယ်မှုန်းထားသည်။

( ဟဲ့.. မင်းဆိုးမင်းညစ်၊ နင်က သံသရာဝယ် ခံရတန့်သော မကောင်းမှုကို မကြောက်။ ဤစည်းစိမ်ကိုသင်ရလျှင် နင်၏ကိုယ်ခန္ဓာသည် မအိုမသေသည်ဟူ၍ မှတ်သည်လော။ လောကတွင် နင့်ထက်ပျက်သော မင်းမည်သည်ကာမရှိ ) …. ဟူ၍မိန့်တော်မူ၏။ အရှင်မြတ်လဲ ( လူ့ပြည်တွင် နင့်ထက်ဆိုးရွားညစ်ညမ်းသောသူမရှိ ) … ဟူ၍ မိန့်တော်မူပြီး သိမ်းခိုကျွန်းသို့ ကျွတော်မူလေ၏ဟု ချယ်မှုန်းထားသည်။ ပံ့သကူမထေရ်မြတ် ဘုရင့်အပေါ် အယုံအကြည်ကင်းပြီး တော်လှန်ကြွသွားပြီးနောက်တိုင်းသူပြည်သားတို့ကလည်း ဘုရင့်အပေါ် အယုံအကြည်ကင်းမဲ့လာသည်။

မကြာမီပင်နရသူသည် ကုလားတို့လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး(ကုလားကျမင်း) ဟူ၍သမိုင်းတွင် နာမည်ဆိုးတွင်ခဲ့သည်။ ပံ့သကူမထေရ်မြတ် သီဟိုရ်ကျွန်းတွင် နှစ်၊ လ အတန်ကြာ သတင်းသုံးနေထိုင်ပြီး နရပတိစည်သူမင်း လက်ထပ်တွင် ပုဂံပြည်သို့ ပြန်လည်ကြွလာခဲ့သည်။ ဆရာတော်၏ ဒုတိယတော်လှန်ရေးသည် အရင်က ပြည်သူတို့ကို အာဏာနှင့် အတင်းအဓမ္မ ဖိနှိပ် ညှင်းပန်းသောကြောင့် ပေါ်ပေါက်ခဲ့ရပြန်သည်။နရပတိစည်သူမင်းသည် စူရာမဏိစေတီတည်ရန် ကြီးမားလှသော ချောက် ( ဂျောက် )ကြီးတစ်ခုကို ပြည်သူတို့အား မြေဖို့ရန် အတင်းအဓမ္မ မင်းမိန့်ဖြင့်စေခိုင်းခဲ့သည်။ ဘုရင်၏ ဖိနှိပ်မှုအောက်မှာ ပြည်သူအများမှာ အလွန်ပင်ပန်းဆင်းရဲပြီး အလုပ်အကိုင်ပြတ်ကြသည်။

သာသနာတော်အတွက်ပြုသော ကုသိုလ်ကောင်းမှုဖြစ်သော်လည်း ဆရာတော်မြတ်ကပြည်သူတို့၏ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဖြစ်စေလျှက် ပြုသောအလှူမျိုးသည် အနှစ်သာရ ကင်းမဲ့သည်ဟု ရဲဝင့်စွာမြင်ပြီး တော်လှန်ခဲ့သည်။ ဆရာတော်သည် မင်းကြီးထံ ကိုယ်တိုင်ကြွပြီး မင်းကြီး၏ အလှူသည် ကောင်းမှုမဟုတ်၊ မကောင်းမှုသာဖြစ်သည်ဟု ဆိုခဲ့လေသည်။ ထိုအနှစ်သာရမဲ့သော အလှူကို နှုတ်ရေးဖြင့် တော်လှန်ရုံမက မင်းကြီးလှူသော ဆွမ်းကို မခံယူပဲ သပိတ်မှောက်ဆန္ဒပြ၍ တော်လှန်ခဲ့သည်။ အာဏာရစ်မူးနေသော နရပတိစည်သူမင်းသည် ပံ့သကူမထေရ်မြတ်ကို ပုဂံပြည်မှ နှင်ထုတ်ခဲ့သည်။

ထိုအခါ ပြည်သူတို့ မခံမရပ်နိုင်ဖြစ်ကာ ဘုရင်ရဲ့မိုက်မဲရိုင်းဆိုင်းသော ပြုမူချက်အပေါ် ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည်။ တိုင်းပြည်ဆူပူမှာကိုကြောက်သော ဘုရင်လည်း အာဏာလက်လွှတ်ရမည်ကို စိုးရိမ်လာကာ အမတ်တို့အား မထေရ်မြတ်ကိုလိုက်၍ ပင့်ခေါ်စေရသည်။ သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ပံ့သကူရဟန်းမြတ်သည် အမတ်တို့ အကြိမ်ကြိမ်လာ ပင့်သော်လည်း မလိုက်ခဲ့ပေ။ နောက်ဆုံး တုရင်္ဂဂပစ္စည်းအမတ်က လှေပေါ်တွင် ဘုရားရုပ်ထုတစ်ဆူ ပင့်ဆောင်ပြီး ညဏ်ဆောင်၍ ပင့်ပြီး ဘုရင်ကိုယ်တိုင် တောင်းပန်ဝင်ချခဲ့ရသည်။

ထိုသို့ အမျိုးဘာသာ သာသနာအတွက် ပြည်သူပြည်သားများအကျိုးအလို့ဌာ ရဲရဲဝင့်ဝင့်ဆောင်ရွက်ပြီး အဓမ္မကို တော်လှန်ရဲသော ဆရာတော်မထေရ်မြတ်များ ယခုအခါတွင်လည်း အများကြီးပေါ်ထွန်းရန် လိုအပ်ပေသည်။ သို့မှသာ ဘာသာ၊ သာသနာ အဆင်း တိုးပွား၍ ငြိမ်းချမ်းသော လူမှုအသိုင်းအ၀ိုင်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ဆရာကြီးမင်းယုဝေ အား ဤဆောင်းပါးဖြင့် ဦးညွတ်လိုက်ပါသည်။

၂၁ . ၈ . ၀၉ ၊ ည ၁၁း ၂၄
အလင်းဆက်

( ဆရာတော် ဦးဣဿရိယ မွေးနေ့မင်္ဂလာအတွက် ရည်ရွယ်ပူဇော်ပါသည်။ )


သံဃာတပ်ပေါင်းစု အဖွဲ့ခွဲများ ဖွဲ့စည်းခြင်း။....။

သံဃာတပ်ပေါင်းစု ရန်ကုန်တိုင်း ဖွဲ့စည်းခြင်း။

သွေးကြောင်ရင်ဘေးရှောင်နေလိုက်။...။


သွေးကြောင်ရင်ဘေးရှောင်နေလိုက်

အာဇာနည်ပီသသည့်သင့်ရဲ့ သွေး
သတ္တိသွေးရဲရဲမွေးလော့
ဒီတခါနွှဲမဲ့သပိတ်
နောက်ဆုံးပိတ်မို့ 
သင့်ရဲ့ သွေး နီမနီ
အာဇာနည် ပီမပီ
ဒို့ သိချင်ပြီ။
သင့်သွေးမနီလို့ အာဇာနည်မပီသရင်
ဝါကျင့်ကျင့်သင့်သွေးရောင်
သွေးကြောင်ရင်
ဘေးရှောင်နေလိုက်
သင်လိုလူမိုက် ဒို့ နဲ့ မလိုက်လဲ
ဒို့ ကတော့
ဒို့ သံဃာတွေအတွက်
ဒို့ ကျောင်းသားတွေအတွက်
ဒို့ ပြည်သူတွေအတွက်
ဒို့ သွေးတွေပေးကာစပ်
ဒို့ အသက်တွေပါ ထွက်ပါစေ
ဒို့ ဘဝကိုပေးကာဝေမည်
အာဇာနည်ပီသသူတို့ ရဲ့ သွေး
ရဲရဲနီသည် ရဲရဲမွေးသည်
လိုက်ရဲတဲ့သူ လိုက်ကြလော့။……..။


မင်းသုည(ကွမ်းခြံကုန်း)


Mail ထဲပေးပို့လာတဲ့ ဆရာတော် အရှင်ဣဿရိယ အားကျေးဇူး အထူးတင်ပါသည်။...။


သူ့အမြင် ကိုယ့်အမြင်။

သူ့အမြင် ကိုယ့်အမြင်။

ဝင်ရောက် ဆွေးနွေးနိုင်ပါသည်။

ပေးပို့လာသူ မမေမင်းဆက်။....။

ကျွန်ဟာကျွန်ပါပဲ(သို့မဟုတ်)ဘယ်ဘက်ဖိနပ် ကြိုက်လား ညာဘက်ဖိနပ်ကြိုက်လား။...။

မြန်မာတွေမှာ အကျင့်ပါနေတာ တစ်ခုရှိပါတယ်။ အဲ့ဒါဘာလဲဆိုရင်ဘယ်လိုခွဲရမလဲ၊ ဘယ်လိုကွဲရမလဲ ဆိုတာဖြစ်ပါတယ်။ ဘယ်လိုညီညွတ်အောင်လုပ်ရမလဲ၊ဘယ်လိုလုပ်ရင် ညီညွတ်နိုင်မလဲဆိုတာကို စဉ်းစား လုပ်ဆောင်ကြတာ နည်းပါတယ်။ ဒါဟာကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။

ရှေးခေတ် လွတ်လပ်ရေးမရခင်မှသည် ယ္ခုခေတ်ထိကို ကွဲလိုခွဲလို့ ကောင်းကြတုန်း ရှိပါသေးတယ်။ အင်္ဂလိပ်ကျွန်ဘဝက လွတ်မြောက်အောင် တော်လှန်ရေှးမှာလည်း ကွဲကြ ၊ပြဲကြ၊ ခွဲကြလို့ ရန်သူအင်္ဂလိပ်တွေ အကြိုက်တွေ့ ခဲ့ပါတယ်။

ဒီနေရာမှာ မှတ်သားစရာ ကောင်းတာလေးတခု သတိရနေပါတယ်။သခင်အစ ဘသောင်းက ဆိုတဲ့အတိုင်း သခင်တွေဖြစ်အောင် စည်းရုံးခဲ့တဲ့ သခင်ဘသောင်းပြောခဲ့တဲ့ စကားလေးပါ။ အင်္ဂလိပ်လက်အောက် အုပ်ချုပ်ရေးမှာ ခွဲရေး-တွဲရေးပေါ်လာတဲ့ပြဿနာပါ။ တချို့ ကအိန္ဒိယနဲ့ တွဲအုပ်ချုပ်တာ သဘောတူတယ်။ တချို့ကသီးသန့် ခွဲအုပ်ချုပ်တာ သဘောတူတယ်။ဒီလိုနဲ့ မြန်မာတွေ အချင်းချင်းငြင်းကြ၊ ခုံကြ၊ ကွဲကြ၊ ပြဲကြ၊ ခွဲကြပါတယ်။ ဒါကို မကြိုက်တဲ့ဆရာကြီးသခင်ဘသောင်းက ဘာပြောလဲဆိုတော့ ခွဲရေးပဲဖြစ်ဖြစ်၊တွဲရေးပဲဖြစ်ဖြစ် အင်္ဂလိပ်အစိုးရက ကျုပ်တို့ရဲ့ ဘယ်ဘက်ခြေထောက် အောက်မှာ နေတာကြိုက်လား၊ ညာဘက် ခြထောက်အောက်မှာ နေတာကြိုက်လားလို့ မေးတာဖြစ်တယ်။ ခွဲရေးပဲဖြစ်ဖြစ်၊ တွဲရေးပဲဖြစ်ဖြစ် အင်္ဂလိပ်စစ်ဖိနပ်အောက်က ကျွန်ဟာ ကျွန်ပါပဲလို့ ပြောခဲ့တာလေးရှိပါတယ်။ လုံးဝလွတ်မြောက်ရေးသည်သာ အရေးကြီးကြောင်းကို ဆရာကြီးက အထူးအလေးပေးပြောကြားခဲ့ပါတယ်။ ပြောတဲ့အတိုင်း တောက်လျှောက် ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။ သခင်ပီသတဲ့ လူတွေရဲ့ အတွေးဟာ ရှင်းတယ်၊ ပြတ်တယ်၊ ဒီအတိုင်းပဲလုပ်ဆောင်တယ်။ ဘယ်တော့မှ အောက်တန်းကျတဲ့ အတွေးမတွေးဘူး။

ဒါပေမဲ့အခုကြည့်။န.အ.ဖ စစ်ကျွန်တွေရဲ့ လှည့်ကွက်အတွင်းထဲမှာ ကျွန်ဇာတ်သွင်း အညံ့ခဲတဲ့ လူတွေမနည်းဘူး ထွက်လာတယ်။ အခုထိလည်း အညံ့ခံကာ ကိုယ့်ကိုယ်ကို ကျွန်ဇာတ်သွင်း နေကြတယ်။ မိမိတင်အားမရသေးသည့်အတွက်သူတပါးကိုပါ ဆွဲပြီးကျွန်ဇာတ်သွင်း နေကြတယ်။ အားလုံးလဲသိမှာပါ။ ယနေ့ န.အ.ဖ၏ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ တချို့က ဝင်ရောက်ရော ပေါင်းသင့်တယ်။ ဒါကမှ အမှန်လို့ တချို့ စာရေးဆရာ နာမည်ကြီးတွေ ရေးနေကြ ပြောနေကြတာ ကြားမှာပါ။ တချို့ကလည်း ဝင်မရောပေမဲ့ စောင့်ကြည့်မယ်။ အခြေနေကြည့်ပြီး ရောသင့်ရောမယ် ။ ခွဲသင့်ခွဲမယ်ဆိုပြီးဖြစ်နေကြပါတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့်ကြပါ။ န.အ.ဖစစ်အစိုးရကအားလုံးကို မေးလိုက်တာပဲဖြစ်ပါတယ်။ သခင်ဘသောင်းစကားနဲ့ ပြောရရင်တော့ကျုပ်တို့ကို န.အ.ဖစစ်မိစ္ဆာတွေက သူတို့ ရဲ့ ဘယ်ဘက် ခြေထောက်အောက် မှာနေတာကြိုက်လား၊ ညာဘက် ခြေထောက်အောက်မှာ နေတာကြိုက်လား လို့ မေးလိုက်တာပဲဖြစ်ပါတယ်။ မဝေဝါးကြပါနဲ့ ဘယ်ခြေထောက် အောက်မှာပဲနေနေ စစ်ကျွန်ဟာ စစ်ကျွန်ပါပဲ။ အပြီးအပိုင် လုံးဝ ဂွင်းလုံးကျွတ် မတော်လှန် နိုင်သေးသ၍ န.အ.ဖ စစ်ဘီလူးမိစ္ဆာတွေရဲ့ ဖိနပ်အောက်မှာ မိမိတို့ ကိုးကွယ်တဲ့ သာသနာနဲ့  တကွ လူမျိုးပါ ပျောက်သွားနိုင်ကြောင်းကို သတိပေးနှိုးဆော်ရင်း။-------------------

စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးဆီသို့ 

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

Mail ထဲပေးပို့လာတဲ့ ဆရာတော် အရှင်ဣဿရိယ အားကျေးဇူး အထူးတင်ပါသည်။...။